← Chapters

အခန်း (၃၆၉-၃၇၀)

Vol. 37 Ch. 369-370

အခန်း (၃၆၉-၃၇၀)

Vol. 37 Ch. 369-370

အခန်း ၃၆၉ - ဗုဒ္ဓဂိုဏ်းဝင်တို့၏ ဝိညာဉ်လက်နက်များနှင့် ရရှိလာသော အကျိုးအမြတ်များ

[ရွှေရောင်သစ်သား ပျံသန်းလှေ - ဝိညာဉ်ဗောဓိသစ်ပင်၏ ပင်စည်ဖြင့် ပြုလုပ်ထားသော အလယ်အလတ်အဆင့် ပျံသန်းသည့် သာမန်လက်နက်တစ်ခု ဖြစ်သည်။]

[အပြည့်အဝ အသက်သွင်းလိုက်သောအခါ ဤလက်နက်သည် အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံသန်းနိုင်သော်လည်း ၎င်း၏ ကာကွယ်နိုင်စွမ်းမှာတော့ သာမန်သာ ဖြစ်သည်။]

[မူလပိုင်ရှင်မှာ သေဆုံးသွားပြီဖြစ်ပြီး ဝိညာဉ်အမှတ်အသားမှာလည်း ပျောက်ကွယ်သွားပြီဖြစ်၍ ပိုင်ရှင်အသစ်မှ သိမ်းပိုက်နိုင်ပြီ ဖြစ်သည်။]

...

"ပျံသန်းတဲ့ လက်နက်တစ်ခုပဲ"

မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီး သေဆုံးသွားပြီးနောက် ရွှေရောင်လှေငယ်လေးမှာ လက်ဖဝါးအရွယ်အစားခန့်အထိ သေးငယ်သွားလေသည်။

လုချင်းက ထိုလှေငယ်လေးကို သူ၏ သဘာဝလွန်စွမ်းအားများဖြင့် စစ်ဆေးကြည့်သောအခါ သူ၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာလေသည်။

အမှန်တကယ်တော့ မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီး လေထဲတွင် မြင့်မားစွာ ပျံသန်းနေသည်ကို မြင်လိုက်ရကတည်းက ဤလက်နက်ကို ရယူလိုစိတ် ပြင်းပြနေခဲ့ခြင်း ဖြစ်သည်။

ပျံသန်းနိုင်သော လက်နက်များဆိုသည်မှာ အမြဲတမ်း ရှားပါးလှပေသည်။

၎င်းတို့သည် ဟင်းလင်းပြင် ဝိညာဉ်လက်နက်များလောက် တန်ဖိုးမကြီးသော်လည်း အတော်အတန် ရှားပါးလှဆဲပင်။

လုချင်းတွင် လီဟော်ဒယ်အိုးနှင့် ကောင်းကင်နှင့်မြေကြီး ချီအိတ်ဟူသော အစွမ်းထက် ဝိညာဉ်လက်နက်နှစ်ခုအပြင် သူ၏ ဘဝနှင့်ဆက်နွှယ်နေသော ဝိညာဉ်လက်နက်ဖြစ်သည့် သဘာဝစွမ်းအင်ငါးပါး ဘူးသီးခြောက်လည်း ရှိနေပြီ ဖြစ်သည်။

ဤလက်နက်များအားလုံးသည် တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း နှစ်ခုစလုံးအတွက် ပြည့်စုံကောင်းမွန်ပြီး ပျံသန်းနိုင်စွမ်းလည်း သဘာဝအတိုင်း ရှိနေကြပေသည်။

သို့သော် ထိုဝိညာဉ်လက်နက်နှစ်ခုနှင့် သဘာဝစွမ်းအင်ငါးပါး ဘူးသီးခြောက်တို့၏ အဆင့်အတန်းမှာ အလွန်မြင့်မားလှပေ၏။ လုချင်း၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် သူ၏စွမ်းအားများကို အကုန်ထုတ်သုံးလျှင်ပင် ၎င်းတို့၏ စွမ်းအားအနည်းငယ်ကိုသာ သူ အသုံးပြုနိုင်စွမ်း ရှိသေးသည်။

၎င်းတို့ကို ပျံသန်းရန် အသုံးပြုမည်ဆိုပါက သူ ထုတ်ပေးနိုင်သည်ထက်များစွာသော ဝိညာဉ်စွမ်းအင်များ လိုအပ်မည်ဖြစ်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များအားလုံးကို ကုန်ခန်းသွားစေလျှင်ပင် သူသည် ခရီးအဝေးကြီး ရောက်နိုင်မည်မဟုတ်ချေ။

သို့သော် ဤရွှေရောင်လှေငယ်လေးမှာတော့ ကွာခြားလေသည်။ ၎င်းသည် အဆင့်နိမ့်ပြီး သာမန်လက်နက်အဆင့်၌သာ ရှိသောကြောင့် လုချင်း၏ လက်ရှိစွမ်းဆောင်ရည်နှင့် အတိအကျကို ကိုက်ညီနေလေသည်။

"သခင်လေး... ဒီလှေကို သန့်စင်ဖို့ ရည်ရွယ်ထားတာလား"

ထိုအချိန်တွင် ယန်၏ ပုံရိပ်က လုချင်း၏ ဘေးတွင် ပေါ်ထွက်လာသည်။

"အင်း... ဒီလှေက ပျံသန်းတဲ့ လက်နက်တစ်ခုပဲ။ ခင်ဗျားနဲ့ ကောင်းကင်နဲ့မြေကြီး ချီအိတ်က အခုအချိန်မှာ ကျွန်တော် ပျံသန်းဖို့ ထိန်းချုပ်နိုင်တာထက် အများကြီး အဆင့်မြင့်နေသေးတယ်လေ။

ဒီလှေက သာမန်လက်နက်တစ်ခုဆိုပေမဲ့ အခုအချိန်မှာ ကျွန်‌တော် အတိအကျကို လိုအပ်နေတဲ့အရာပဲ" လုချင်းက ရှင်းပြလိုက်သည်။

ယန်ကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။

သေချာသည်မှာ ဝိညာဉ်လက်နက်တစ်ခုကို ပျံသန်းရန်အတွက် ထိန်းချုပ်ခြင်းက လွယ်ကူသောအလုပ်တစ်ခု မဟုတ်ပေ။ လိုအပ်သော ဝိညာဉ်စွမ်းအင်ပမာဏမှာ အလွန်များပြားလှမည်သာ။

ထို့အပြင်ကိုမှ ပျံသန်းရာတွင် ဝိညာဉ်လက်နက်တစ်ခု၏ အရှိန်သည် သာမန်ပျံသန်းသည့် လက်နက်တစ်ခုထက် အဆပေါင်းများစွာ သာလွန်နေမည်ပင်။

အသက်တစ်ကြိမ်ရှူသည့် အချိန်အတွင်း မိုင်တစ်ရာခန့် ဖြတ်ကျော်ရန်မှာ လွယ်ကူလှပြီး အစွမ်းကုန် အသုံးပြုပါက မျက်တောင်တစ်ခတ်အတွင်း ကျယ်ပြန့်သော ဒေသများကို ဖြတ်ကျော်နိုင်ပေလိမ့်မည်။

ဝမ်းနည်းစရာမှာ ထိုသို့သော စွမ်းဆောင်ရည်မျိုးမှာ လုချင်းအတွက် လက်လှမ်းမမီနိုင်သေးချေ။

ကျင့်ကြံသူများအတွက် ဝိညာဉ်လက်နက်ကို အသုံးပြု၍ လျင်မြန်စွာ ခရီးသွားလာခြင်းမှာ ချီသန့်စင်ခြင်းအဆင့်ရှိသူများအတွက် မဖြစ်နိုင်သော ကိစ္စတစ်ခုဖြစ်ပြီး အခြေတည်အဆင့်ရှိသူများပင်လျှင် ခက်ခဲစွာ ပြုလုပ်ရမည် ဖြစ်၏။

သူ၏လက်ထဲရှိ ရွှေရောင်လှေငယ်လေးကို အာရုံစိုက်လိုက်ပြီးနောက် လုချင်းသည် ၎င်းကို ပိုင်ဆိုင်ရန် သူ၏ ဝိညာဉ်အမှတ်အသားပေးခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်လေသည်။

မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီး သေဆုံးသွားမှုနှင့်အတူ ရွှေရောင်လှေငယ်လေးမှာ ပိုင်ရှင်မဲ့ဖြစ်သွားလေပြီပင်။ ဝိညာဉ်ကင်းမဲ့နေသော ထိုလက်နက်သည် လုချင်း၏ ဝိညာဉ်အမှတ်အသားကို လွယ်ကူစွာ လက်ခံလိုက်ပြီး ၎င်းကို အပြည့်အဝ သန့်စင်ရန် ခွင့်ပြုပေးလိုက်လေသည်။

သန့်စင်ခြင်းလုပ်ငန်းစဉ် ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် လုချင်းသည် သူ၏စိတ်နှင့် ရွှေရောင်လှေငယ်လေးကြားတွင် ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရပါ၏။

စိတ်ကူးလိုက်ရုံဖြင့် ၎င်းကို ချဲ့ကားနိုင်ပြီး ကောင်းကင်ယံသို့ ပျံတက်သွားနိုင်ပေပြီပင်။

သို့သော် သူ ထိုသို့မပြုလုပ်သေးချေ။ အပြင်ဘက်အခြေအနေမှာ မသေချာသေးပေ။ ယခင်က သူ အာရုံခံမိခဲ့သော၊ ဖြစ်နိုင်ခြေရှိသည့်အန္တရာယ်တစ်ခုအကြောင်းကို သတိပေးနေသော ထိုကြောက်မက်ဖွယ် ရောင်ဝါစွမ်းအင်သည် ပျောက်ကွယ်သွားခြင်း မရှိသေးချေ။

ယခုသာ အပြင်ထွက်သွားပါက ၎င်းနှင့် ထိပ်တိုက်တိုးရန် အလားအလာများနေသဖြင့် လှေငယ်ကို စမ်းသပ်ခြင်းကို ခဏစောင့်ဆိုင်းရဦးမည်ပင်။

ရွှေရောင်လှေငယ်ကို သိမ်းဆည်းပြီးနောက်၌ လုချင်းသည် ကောင်းကင်နှင့်မြေကြီး ချီအိတ်ထဲသို့ လက်နှိုက်လိုက်ပြီး ရွှေရောင်ဖျော့ဖျော့ ပုလဲလုံးလေးတစ်ခု၊ ရွှေရောင်လွန်းပျံတစ်ခုနှင့် ရွှေရောင်အလင်းတန်းတို့ကို ထုတ်ယူလိုက်လေသည်။

မကြာသေးမီက မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးနှင့် ရွှမ်ခုန်းဘုရားကျောင်းမှ အခြားအကြီးအကဲများကို တိုက်ခိုက်ခဲ့သော တိုက်ပွဲများတွင် သူသည် စုစုပေါင်း ရတနာလေးခုကို ရရှိခဲ့သည်။

အခြားအကြီးအကဲများတွင်လည်း ရတနာများ ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့ကို ပြန်ပြီးရယူရန် သူ အခွင့်အရေး မရခဲ့ပေ။

လုချင်းသည် ကျန်ရှိနေသော ရတနာသုံးခုကို သေချာစွာ စစ်ဆေးကြည့်လိုက်လေသည်။

ရွှေရောင်အလင်းတန်းမှာ အလင်းသက်သက်မဟုတ်ပေ။ ၎င်းသည် ရွှေရောင် ပိုးသားကဲ့သို့ ပစ္စည်းတစ်ခုဖြစ်ပြီး ရေလိုနူးညံ့သော်လည်း သူ၏လက်ထဲတွင်တော့ လေးလံနေလေ၏။

လုချင်း ၎င်းကို ဖြန့်ချလိုက်သောအခါ၌ ၎င်းသည် ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာပြီး အမည်မသိပစ္စည်းတစ်ခုဖြင့် ရက်လုပ်ထားကာ ရွှေရောင်သန်းနေသော ဝတ်ရုံတစ်ထည်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ထို့နောက် သူက ရွှေရောင်ဖျော့ဖျော့ ပုလဲလုံးလေးကို ကြည့်လိုက်ရာ ၎င်းသည် ကျောက်စိမ်းကဲ့သို့ ချောမွေ့နေသော်လည်း ၎င်း၏ ပစ္စည်းမှာ သတ္တုလည်းမဟုတ်၊ ကျောက်စိမ်းလည်း မဟုတ်ဘဲ အလွန်ထူးဆန်းနေကြောင်း သတိပြုမိလိုက်သည်။

ရွှေရောင်လွန်းပျံနှင့် ပတ်သက်၍တော့ ၎င်းသည် ထူးခြားသော ကျောက်ဖြစ်တည်မှု လုပ်ငန်းစဉ်ကို ဖြတ်သန်းခဲ့ရသည့် အရိုးတစ်ခုမှ ပြုလုပ်ထားပုံပေါ်လေသည်။

လုချင်းသည် တစ်ခုချင်းစီကို စစ်ဆေးရန် သူ၏နတ်မျက်စိစွမ်းရည်ကို စတင်အသုံးပြုလိုက်တော့၏။

ပုစဉ်းရင်ကွဲတောင်ပံကဲ့သို့ ပါးလွှာသော ရွှေရောင်ဝတ်ရုံကို သူ ဦးစွာ စစ်ဆေးကြည့်လိုက်သည်။

[စိန်ခန္ဓာဝတ်ရုံ - အထက်တန်းအဆင့်ရှိ ဗုဒ္ဓဂိုဏ်း ဝိညာဉ်လက်နက်တစ်ခု ဖြစ်သည်။]

[စိန်ခန္ဓာပိုးကောင်၏ ပိုးမျှင်များဖြင့် ရက်လုပ်ထားပြီး ၎င်းတွင် ဗုဒ္ဓဂိုဏ်း၏ မန္တန်အဆောင်များ ပါဝင်ကာ အံ့မခန်း တိုက်ခိုက်နိုင်စွမ်းနှင့် ကာကွယ်နိုင်စွမ်းများ ရှိသည်။]

[ဗုဒ္ဓဂိုဏ်း ရတနာတစ်ခုဖြစ်သည့်အားလျော်စွာ ၎င်းကို အပြည့်အဝ အသက်သွင်းနိုင်ရန်အတွက် ဗုဒ္ဓဂိုဏ်း၏သိုင်းပညာများ လိုအပ်သည်။]

...

ထို့နောက် လုချင်းသည် ပုလဲလုံးနှင့် ရွှေရောင်လွန်းပျံဆီသို့ လှည့်ကြည့်လိုက်၏။

[စိန်ခန္ဓာဓာတ်တော် - တရားထိုင်ရင်း ပျံလွန်တော်မူခဲ့သော ရွှေရောင်အမြုတေအဆင့်ရှိ ဗုဒ္ဓဂိုဏ်းမှ ကျင့်ကြံသူတစ်ဦး၏ ဓာတ်တော်ဖြင့် ပြုလုပ်ထားသည်။]

[ရွှေရောင်အမြုတေအဆင့်၏ ဗုဒ္ဓဘာသာစွမ်းအားအနည်းငယ် ပါဝင်သည်။ ဗုဒ္ဓဂိုဏ်း၏လျှို့ဝှက်သိုင်းပညာဖြင့် အသက်သွင်းလိုက်သောအခါ၌ ဗုဒ္ဓရိပ်သဏ္ဌာန်တစ်ခုကို ဆင့်ခေါ်နိုင်သည်။]

[ရွှေရောင်အမြုတေအဆင့်နှင့် အထက်ရှိ ဗုဒ္ဓဘာသာ ကျင့်ကြံသူများသာ ဓာတ်တော်များ ဖြစ်တည်နိုင်သည်။]

...

[ရွှေရောင်အရိုးလွန်းပျံ - တရားထိုင်ရင်း ပျံလွန်တော်မူခဲ့သော ရွှေရောင်အမြုတေအဆင့်ရှိ ဗုဒ္ဓဂိုဏ်း ကျင့်ကြံသူတစ်ဦး၏ အရိုးများဖြင့် ပြုလုပ်ထားသည်။]

[ရွှေရောင်အမြုတေအဆင့်၏ ဗုဒ္ဓဘာသာစွမ်းအားအနည်းငယ် ပါဝင်သည်။ ဗုဒ္ဓဂိုဏ်း၏ လျှို့ဝှက်သိုင်းပညာဖြင့် အသက်သွင်းလိုက်သောအခါ ဗုဒ္ဓ၏အမျက်တော်အဖျက်စွမ်းအားများကို ထုတ်လွှတ်နိုင်သည်။]

[ဗုဒ္ဓဂိုဏ်း၏ တိုက်ခိုက်ရေးလက်နက်တစ်ခုဖြစ်ပြီး အမြင့်ဆုံးထိရောက်မှုရှိစေရန် ဗုဒ္ဓဘာသာစွမ်းအား လိုအပ်သည်။]

...

ဤရတနာသုံးခု၏ သတင်းအချက်အလက်များကို ဖတ်ရှုပြီးနောက် လုချင်းသည် အနည်းငယ် စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။

စိန်ခန္ဓာဝတ်ရုံ၊ စိန်ခန္ဓာဓာတ်တော်နှင့် ရွှေရောင်အရိုးလွန်းပျံတို့မှာ အဖိုးတန်ပစ္စည်းများဖြစ်ပြီး ရွှေရောင်လှေငယ်ထက် အဆင့်ပိုမြင့်သည်။

သို့သော် ရွှေရောင်လှေငယ်နှင့် မတူညီသည်မှာ ဤလက်နက်များတွင် အစွမ်းထက်သော ဗုဒ္ဓဘာသာ မန္တန်အဆောင်များ ပါဝင်နေပြီး ၎င်းတို့၏ အမြင့်ဆုံးစွမ်းအားကို ရောက်ရှိရန်အတွက် ဗုဒ္ဓဘာသာ သိုင်းပညာများနှင့် ဗုဒ္ဓဘာသာစွမ်းအားကို ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်လေသည်။

သူ့အတွက် ၎င်းတို့သည် နည်းနည်းတော့အသုံးမဝင်လှချေ။

ထို့ကြောင့် သတင်းအချက်အလက်များကို စုဆောင်းပြီးနောက်၌ ၎င်းတို့သည် နောင်တစ်ချိန်တွင် အသုံးဝင်လာနိုင်မလားဟူသော ရည်ရွယ်ချက်ဖြင့် ကောင်းကင်နှင့်မြေကြီး ချီအိတ်ထဲသို့သာ ပြန်ပြီးသိမ်းဆည်းလိုက်တော့၏။

ရတနာများကို စစ်ဆေးပြီးနောက်တွင် လုချင်းသည် ယနေ့တိုက်ပွဲအပေါ် စတင်၍သုံးသပ်ကြည့်လေသည်။

ရွှမ်ယီနှင့် အခြားသူများကို တိုက်ခိုက်ခဲ့သည့် တိုက်ပွဲမှာ ကိုင်တွယ်ရ လွယ်ကူခဲ့သည်။ လုချင်း၏ လက်ရှိစွမ်းအားဖြင့် မွေးရာပါနယ်ပယ်ကျင့်ကြံသူအနည်းငယ်သာ သူ့ကို ရင်ဆိုင်နိုင်စွမ်း ရှိပေသည်။

သူက ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းကိုပါ ထည့်သွင်းစဉ်းစားပါက သူ၏ လျင်မြန်သောအောင်ပွဲမှာ မျှော်လင့်ထားသလိုပဲပင်။

အမှန်တကယ် စိန်ခေါ်မှုမှာ မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးနှင့် တိုက်ခိုက်ရသည့် တိုက်ပွဲဖြစ်ပြီး ၎င်းသည် လုချင်းအတွက် ကြီးမားသော ထိုးထွင်းသိမြင်မှုများကို ရရှိစေခဲ့ပါ၏။

ထိုဘုန်းကြီးသည် ယခင်က သူ့ကိုယ်သူ ဒဏ်ရာရအောင် ပြုလုပ်ခဲ့ဖူးသော်လည်း သူသည် အခြေတည်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေသော ကျင့်ကြံသူတစ်ဦးဖြစ်ပြီး လုချင်း ယခုအချိန်အထိ ရင်ဆိုင်ခဲ့ရသမျှတွင် အစွမ်းထက်ဆုံး ပြိုင်ဘက် ဖြစ်ပါ၏။

သူ၏ တိုက်ခိုက်မှုနည်းလမ်းများသည် အလွန်အစွမ်းထက်လှပေသည်။

ရွှေရောင်အရိုးလွန်းပျံ၏ တောက်ပသောစွမ်းအားဖြစ်စေ၊ ဗုဒ္ဓ၏ရိပ်သဏ္ဌာန်ဖြစ်စေ၊ သူ၏လက်နက်များဖြင့် စွမ်းအားဖြည့်တင်းထားသော သိုင်းကွက်တိုင်းသည် အံ့မခန်း အဖျက်စွမ်းအားများ ပါဝင်နေလေ၏။

သူ့ခြေအောက်ရှိ ရွှေရောင်ပျံသန်းလှေ၏ ပံ့ပိုးမှုဖြင့် ဘုန်းကြီးသည် ကောင်းကင်ယံတွင် မြင့်မားစွာ ပျံသန်းရင်း အသာစီးရယူထားခဲ့သည်။

အကယ်၍ အထွတ်အထိပ်အဆင့်ရှိ မွေးရာပါနယ်ပယ်မှ အခြားသူတစ်ဦးဦးသာ ထိုဘုန်းကြီးကို ရင်ဆိုင်ခဲ့ရပါက တိုက်ပွဲစတင်သည်နှင့် တစ်ပြိုင်နက် ရှုံးနိမ့်သွားလောက်မည်ပင်။

လုချင်းအတွက်ပင်လျှင် သူ၏ လျှို့ဝှက်ဗျူဟာများစွာကို အသုံးပြုကာ နောက်ဆုံးတွင် ဘုန်းကြီးကို အနီးသို့ ဆွဲခေါ်ပြီးမှသာ အောင်ပွဲကို ရယူနိုင်ခဲ့ခြင်း ဖြစ်၏။

ဤရင်ဆိုင်တွေ့ဆုံမှုက အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းသော သဘာဝကို လုချင်းအား ပြသလိုက်ခြင်းပင်။

"ဒါပေမဲ့ ဒီတိုက်ပွဲက ငါ့ရဲ့ လက်ရှိစွမ်းအား အမြင့်ဆုံး ကန့်သတ်ချက်ကို တွက်ဆနိုင်စေခဲ့တယ်"

သူ၏လက်ဖဝါးကိုကြည့်ရင်း သူ တွေးတောနေမိလေသည်။

မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးနှင့် တိုက်ခိုက်ရာတွင် သူသည် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့သည်။

ဓားသိုင်း၊ မြားပညာ၊ သိုင်းပညာ၊ ပိုင်နက်၊ မြေကမ္ဘာသံလိုက်စွမ်းအင်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု စွမ်းအား။

အခြေခံအားဖြင့် သူသည် မိမိ၏ မွေးရာပါစွမ်းအားနှစ်ခုနှင့် ဝိညာဉ်လက်နက်တို့ကိုသာ ချန်လှပ်ထားပြီး သူတတ်ကျွမ်းသမျှ အရာအားလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းက သူ၏ လက်ရှိစွမ်းအားကို ရှင်းလင်းစွာ သိမြင်စေခဲ့၏။

သူ၏ မွေးရာပါစွမ်းအားနှစ်ခုကို အသုံးမပြုဘဲနှင့်ပင် ရွှေရောင်အမြုတေအဆင့်ရှိ ကျင့်ကြံသူအများစုကို သူ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပေသည်။

သေချာသည်မှာ ဤအားသာချက်ရှိနေလျှင်တောင်မှ လုချင်းသည် မည်သည့်အခြေတည်အဆင့်ကျင့်ကြံသူကိုမျှ အထင်သေးမည် မဟုတ်ပေ။

အကြောင်းမှာ ကျင့်ကြံသူတစ်ဦး၏ စွမ်းအားသည် အမြဲတမ်း ပုံသေမဖြစ်နိုင်သောကြောင့်ပင်။

တူညီသော အဆင့်တစ်ခုတည်းတွင် သိုင်းပညာ၊ လက်နက်များနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု စသည့်အချက်များသည် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားအပေါ် များစွာ လွှမ်းမိုးနိုင်ပေသည်။

ဥပမာအားဖြင့် ပြောရမည်ဆိုလျှင်တော့ မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးထံ၌ ထိုဗုဒ္ဓဂိုဏ်းလက်နက်များသာ မရှိပါက မန္တန်စွမ်းအင်ဖြင့် တိုက်ခိုက်သော ထိုဘုန်းကြီးသည် လုချင်း၏ အမြင်တွင် သာမန် မွေးရာပါနယ်ပယ် သိုင်းပညာရှင်တစ်ဦးထက် ပိုမည်မဟုတ်ဘဲ လက်သီးတစ်ချက်တည်းဖြင့် အလွယ်တကူ အနိုင်ယူနိုင်ပေလိမ့်မည်။

သို့သော် ထိုလက်နက်များကို အသုံးပြုလိုက်သောအခါတွင်တော့ လုချင်းသည် သူ့ကို အနိုင်ယူရန် မိမိတတ်ကျွမ်းသမျှ လှည့်ကွက်အားလုံးကို အသုံးပြုခဲ့ရလေသည်။

ဤတိုက်ပွဲက အစွမ်းထက်လက်နက်များ ပေးစွမ်းနိုင်သော ကြီးမားသည့် အားသာချက်ကို ထင်ရှားစွာ ပြသနေပေသည်။

အစွမ်းထက်လက်နက် ပိုင်ဆိုင်ထားသော ပြိုင်ဘက်တစ်ဦးအား အထင်သေးမှုကြောင့် ကျရှုံးသွားခြင်းမျိုးကို လုချင်း လုံးဝအဖြစ်ခံမည်မဟုတ်ချေ။

တိုက်ပွဲ၏ ရလဒ်များနှင့် ပတ်သက်၍ သူ၏အတွေးများကို စုစည်းပြီးနောက်၌ လုချင်းသည် သူ့ကိုယ်သူ တည်ငြိမ်အောင် ပြုလုပ်လိုက်ပြီး နောက်ထပ်တိုက်ခိုက်မှုအတွက် ပြင်ဆင်ရန် ကျင့်ကြံခြင်းအခြေအနေသို့ ဝင်ရောက်သွားလေသည်။

သူသည် အနောက်ဘက်ပြည်နယ်ဖြစ်သော ရှီးကျိုးသို့ ရောက်လာပြီးနောက်၌ ဤမျှစောစော ပြန်ပြီးထွက်ခွာရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

ရွှမ်ခုန်းဘုရားကျောင်းသည် ဗုဒ္ဓဘာသာ ယုံကြည်မှုအောက်တွင် ရှီးကျိုးတစ်ခွင်ကို စည်းလုံးရန် ကြိုးပမ်းနေသည်။ သူသည် လက်ပိုက်ကြည့်နေပြီး ထိုရည်မှန်းချက်ကို အောင်မြင်ခွင့် ပြုမည်မဟုတ်ချေ။

ရွှမ်ခုန်းဘုရားကျောင်း၏ အိပ်မက်များကို သူကိုယ်တိုင် ချေမှုန်းပစ်ရန် ရည်ရွယ်ထားလေ၏။

....

အခန်း ၃၇၀ - ရှင်းလင်းသုတ်သင်ခြင်းနှင့် ပျံ့နှံ့သွားသော သတင်းများ

ဝုန်း

ရှီးကျိုးပြည်နယ်ရှိ မြို့ကြီးတစ်မြို့တွင် တည်ဆောက်ဆဲ ဧရာမဗုဒ္ဓရုပ်ပွားတော်ကြီး ရုတ်တရက် မြေပြင်ပေါ်သို့ ပြိုကျသွားလေသည်။

လက်မှုပညာသည်တစ်စုက ကောင်းကင်ယံရှိ ပုံရိပ်ကို မော့ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် အံ့ဩထိတ်လန့်မှုများ ပြည့်နှက်နေလေ၏။

ထိုသို့ ကောင်းကင်ယံတွင် ပျံသန်းနိုင်သူတစ်ဦးကို သူတို့ တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။

နတ်ဘုရားတစ်ပါးက လူ့ပြည်သို့ ဆင်းသက်လာခြင်းများလော။

ထိုအချိန်တွင် နတ်ဘုရားများကို ယုံကြည်သော သဒ္ဓါတရားထက်သန်သည့် အရပ်သားအချို့သည် ရိုသေကိုင်းရှိုင်းစွာ ဒူးထောက်လိုက်ကြလေသည်။

မွေးရာပါနယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေသော ဘုန်းကြီးငယ်တစ်ပါးသည် ရွှေရောင်လှေငယ်လေးပေါ်တွင် ရပ်နေကာ သရဲမျက်နှာဖုံးဖြင့် မျက်နှာကို ဖုံးကွယ်ထားသော လုချင်းကို မော့ကြည့်လိုက်လေသည်။ ဘုန်းကြီးငယ်၏ မျက်နှာအမူအရာမှာ လုံးဝတုန်လှုပ်နေလေသည်။

"ချန်ပေ့က ဘယ်လျှို့ဝှက်နယ်မြေကလာပြီး ကျွန်တော်တို့ ရွှမ်ခုန်းဘုရားကျောင်းကို ဒီလို လာပြောင်လှောင်နေရတာလဲဆိုတာ မေးခွင့်ပြုပါ"

"ရွှမ်ခုန်းဘုရားကျောင်းလား... ငါက ရွှမ်ခုန်းဘုရားကျောင်းကို ဖျက်ဆီးပစ်ဖို့ လာတာကွ"

လုချင်း၏ မျက်လုံးများ စူးရှသွားပြီး အလွန်သိပ်သည်းသော ဓားစွမ်းအင်တစ်ခု ကောင်းကင်ယံမှ ကျဆင်းလာကာ ဘုန်းကြီးငယ်ဆီသို့ တည့်တည့်မတ်မတ် ခုတ်ပိုင်းချလိုက်လေသည်။

တိုက်ခိုက်မှု၏ အံ့မခန်း မြန်ဆန်မှုနှင့် စွမ်းအားတို့က ဘုန်းကြီးငယ်၏ နှလုံးသားကို ထိတ်လန့်တုန်လှုပ်သွားစေပါ၏။

သူ ရှောင်တိမ်းချင်သော်လည်း နောက်ကျလွန်းနေပြီပင်။ သူလုပ်နိုင်သမျှမှာ ကြောက်မက်ဖွယ် ဓားစွမ်းအင်ကို ကာကွယ်ရန် အသည်းအသန် ကြိုးပမ်းမှုအဖြစ် သူ၏ ဝိညာဉ်စွမ်းအင်များကို စုစည်းကာ အရှေ့တွင် ဒိုင်းကာတစ်ခု ဖန်တီးလိုက်ခြင်းသာ ဖြစ်လေသည်။

သို့သော် တိုးညှင်းသော အသံတစ်ခုနှင့်အတူ သူ၏ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး သူ၏မျက်လုံးများမှာ တဖြည်းဖြည်း မှေးမှိန်သွားလေသည်။

သူ၏ နဖူးပေါ်မှ သွေးကြောင်းတစ်ခု ပေါ်ထွက်လာပြီး တဖြည်းဖြည်း ပြန့်နှံ့သွားကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး နှစ်ခြမ်းကွဲသွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ ပတ်ဝန်းကျင်ရှိ လူများ၏ ထိတ်လန့်တကြား အော်ဟစ်သံများကို ဖြစ်ပေါ်စေလေတော့၏။

ထိုရွှမ်ခုန်းဘုရားကျောင်းမှ တပည့်ကို သတ်ဖြတ်ပြီးနောက်၌ လုချင်းသည် နောက်သို့ပင် လှည့်မကြည့်တော့ဘဲ ရွှေရောင်လှေငယ်လေးကို ထိန်းချုပ်ကာ အလင်းတန်းတစ်ခုအဖြစ် အဝေးသို့ ပျံသန်းသွားလေသည်။

သို့သော် လမ်းခရီးတွင် လုချင်းသည် တွေးတောလာမိ၏။

မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးအိုနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ နှစ်ရက်ရှိပြီ ဖြစ်သည်။

သူသည် ဂူတစ်ခုထဲတွင် နှစ်ရက်တိုင်တိုင် ကျင့်ကြံနေခဲ့ပြီး သူ၏အစီအစဉ်ကို စတင်ရန် ယနေ့နံနက်မှသာ ထွက်ပေါ်လာကာ ရွှေရောင်လှေငယ်လေးကို မောင်းနှင်လာခဲ့ခြင်း ဖြစ်၏။

သူသည် ရှီးကျိုးပြည်နယ်ရှိ မြို့ကြီးများစွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရွှမ်ခုန်းဘုရားကျောင်း၏ တည်ဆောက်ဆဲ ဘုရားကျောင်းများနှင့် ရုပ်တုများစွာကို ဖျက်ဆီးပစ်ခဲ့သည်။ ခုခံရန် ကြိုးစားသော ရွှမ်ခုန်းဘုရားကျောင်းမှ တပည့်များနှင့် တွေ့ဆုံရသည့် အခါတိုင်း သူသည် မည်သည့်သနားညှာတာမှုမှ မပြဘဲ တွေဝေခြင်းမရှိ ခုတ်ထစ်သတ်ဖြတ်ခဲ့လေသည်။

ယခု ဝင်ရောက်တိုက်ခိုက်ခဲ့သောမြို့မှာတော့ ယနေ့အတွက် လေးမြို့မြောက် ဖြစ်နေပြီပင်။

ပျံသန်းသည့် လက်နက်သည် အမှန်တကယ်ပင် ထူးခြားလှပေ၏။ ရွှေရောင်လှေငယ်ကို သန့်စင်ပြီးနောက်၌ သူ၏ လှုပ်ရှားနိုင်စွမ်းမှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ယခုအခါ သူသည် ရှီးကျိုးပြည်နယ်တစ်ခုလုံးကို တစ်ရက်အတွင်း ဖြတ်သန်းသွားလာနိုင်ပြီပင်ဖြစ်၏။

နံနက်ခင်းတစ်ခုတည်းတွင် သူသည် မြို့ကြီးများရှိ ရွှမ်ခုန်းဘုရားကျောင်း၏ စခန်းများစွာကို ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သည်။

အကယ်၍ ယခင်က သူသာဖြစ်ခဲ့ပါက ထိုသို့ပြုလုပ်နိုင်ဦးမည် ဆိုသော်လည်း သူ၏ ခွန်အားနှင့် ဝိညာဉ်စွမ်းအင်များစွာတော့ ကုန်ဆုံးသွားမည် ဖြစ်သည်။

သို့သော် ယခုအခါ၌ ရွှေရောင်လှေငယ်ကို မောင်းနှင်ရုံဖြင့် ဤအရာများကို အလွယ်တကူ ပြီးမြောက်နိုင်ခဲ့လေ၏။

နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယင်းက သူ့အတွက် များစွာသော ကြိုးစားအားထုတ်မှုနှင့် ပင်ပန်းနွမ်းနယ်မှုတို့ကို သက်သာစေခဲ့သည်။

အရာအားလုံး ချောမွေ့စွာ တိုးတက်နေသဖြင့် လုချင်း ဝမ်းသာသင့်ပေသည်။

သို့သော် သူ၏အလိုအလျောက်သိစိတ်အရ တစ်ခုခု မှားယွင်းနေကြောင်း သူ ခံစားလိုက်ရသည်။

သူတိုက်ခိုက်ခဲ့သော မြို့တိုင်းရှိ ရွှမ်ခုန်းဘုရားကျောင်းမှ တပည့်များသည် သူ့အကြောင်း လုံးဝသတိမထားမိသကဲ့သို့ ဖြစ်နေသည်ကို သူ သတိပြုမိလိုက်၏။

သူတို့သည် သူ၏ ရွှေရောင်လှေငယ်ကို မြင်လိုက်ရချိန်တွင် အံ့ဩသွားရုံမှလွဲ၍ အခြားမည်သည့် တုံ့ပြန်မှုမျှ မပြကြဘဲ သူ မည်သူဖြစ်ကြောင်း လုံးဝမသိကြသည့်အလားပင်။

ဤအချက်က သူ့အတွက် တော်တော်လေးကို ပုံမှန်မဟုတ်သကဲ့သို့ ခံစားရစေသည်။

အမှန်တကယ်တော့ မကြာသေးမီကမှ သူသည် ရွှမ်ယီနှင့် ရွှမ်ခုန်းဘုရားကျောင်း၏ အဆင့်မြင့် အကြီးအကဲများကို သတ်ဖြတ်ခဲ့ပြီး မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးအိုကဲ့သို့ အစွမ်းထက်သော အကြီးအကဲတစ်ဦးကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။

ထိုကဲ့သို့ ကြီးမားလှသော ဖြစ်ရပ်မျိုးသည် ရွှမ်ခုန်းဘုရားကျောင်း တစ်ခုလုံးတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသင့်ပေ၏။

သို့သော် သူတိုက်ခိုက်ခဲ့သော စခန်းများရှိ ရွှမ်ခုန်းဘုရားကျောင်းမှ တပည့်များမှာမူ သူ့အကြောင်း ဘာမှမသိကြသည့်ပုံပင်။

ထင်ရှားသည်မှာ ရွှမ်ခုန်းဘုရားကျောင်းမှ ထိပ်ပိုင်းခေါင်းဆောင်များသည် မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးအို သေဆုံးသွားသည့် ကိစ္စကို ဖုံးကွယ်ထားခဲ့ပြီး အပြင်ဘက်ရှိ သူတို့၏ တပည့်များကို အသိမပေးခဲ့ခြင်း ဖြစ်၏။

သို့သော် ထိုသို့ပြုလုပ်ရခြင်းတွင် ရွှမ်ခုန်းဘုရားကျောင်း၏ ရည်ရွယ်ချက်က အဘယ်နည်း။

သူ့ကဲ့သို့ "လေးစားအပ်သော ချန်ပေ့" တစ်ဦးသည် သာမန်တပည့်များကို အန္တရာယ်ပြုမည်မဟုတ်ဟု သူတို့ ယုံကြည်သောကြောင့် အသိပေးရန် မလိုဟု ထင်နေကြခြင်းများလော။

သို့မဟုတ် ရွှမ်ခုန်းဘုရားကျောင်း၏ ဂုဏ်သိက္ခာကို စိုးရိမ်သောကြောင့် ဖုံးကွယ်ထားရန် ရွေးချယ်ခဲ့ခြင်းများလော။

သို့တည်းမဟုတ် အခြားသော လှည့်ကွက်တစ်ခုခုများ ရှိနေနိုင်သည်များလော။

လုချင်း၏ စိတ်ထဲတွင် အတွေးပေါင်းစုံ လည်ပတ်နေလေသည်။

သို့သော် သူ၏ လှုပ်ရှားမှုများမှာတော့ တုံ့ဆိုင်းသွားခြင်း မရှိပေ။ ယင်းအစား သူက ရွှေရောင်လှေငယ်ကို ပို၍မြန်ဆန်အောင် အရှိန်တင်လိုက်ပြီး သူ၏ မျက်နှာအမူအရာကလည်း ခိုင်မာပြတ်သားနေလေသည်။

ရွှမ်ခုန်းဘုရားကျောင်း၏ ရည်ရွယ်ချက် မည်သို့ပင်ရှိစေကာမူ ဤအချိန်တွင် သူ အလွန်အမင်း သတိထားနေရန် မလိုအပ်တော့ချေ။

အကယ်၍ အရှေ့တွင် သူ့ကို စောင့်ကြိုနေသော အကြံအစည်တစ်ခုခုသာ အမှန်တကယ် ရှိနေပါက သူ၏ လျှို့ဝှက်လက်နက်ကို ထုတ်ဖော်ကာ သူ၏ ဝိညာဉ်လက်နက်ဖြင့် တိုက်ရိုက်ချေမှုန်းပစ်လိုက်ရုံပင်။

အကယ်၍ ထိုအခြေအနေသို့ ရောက်လာပါက ရွှမ်ခုန်းဘုရားကျောင်းသည် ပို၍ကြီးမားသော "အံ့ဩစရာ" နှင့် ရင်ဆိုင်ရလိမ့်မည်ဟု လုချင်း ယုံကြည်ထားပါ၏ယ

ထိုအတွေးများနှင့်အတူ လုချင်းသည် ရွှမ်ခုန်းဘုရားကျောင်း၏ စခန်းများအပေါ် အကြင်နာကင်းမဲ့သော တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်လေတော့သည်။

တည်ဆောက်ဆဲ ဘုရားကျောင်းအသစ် သို့မဟုတ် ရုပ်တုတစ်ခုကို သူ တွေ့လိုက်တိုင်း နှစ်ခါမတွေးဘဲ ဖျက်ဆီးပစ်လိုက်လေသည်။

ခုခံရန် ကြိုးစားသော ရွှမ်ခုန်းဘုရားကျောင်းမှ တပည့်များနှင့် ရင်ဆိုင်ရသောအခါ၌ လုချင်းက မည်သည့် သနားညှာတာမှုမှ မပြဘဲ ချက်ချင်းပင် ခုတ်ထစ်သတ်ဖြတ်လိုက်၏။

ယခုအခါ ရွှမ်ခုန်းဘုရားကျောင်းကို သူ အပြည့်အဝ စစ်ကြေညာပြီးပြီဖြစ်ရာ လုချင်းအနေဖြင့် လုံးဝကိုလက်တွန့်နေမည်မဟုတ်ချေ။

ရန်သူတွေဖြစ်နေမှတော့ သတ်ပစ်လိုက်ရုံပဲပေါ့။

နေ့ရက်ကုန်ဆုံးချိန်တွင် လုချင်းသည် ရှီးကျိုးပြည်နယ်တစ်ခွင်ရှိ ရွှမ်ခုန်းဘုရားကျောင်း၏စခန်းထက်ဝက်နီးပါးကို ရှင်းလင်းသုတ်သင်ပြီးသွားပြီပင်။

ဤကဲ့သို့ ရဲတင်းပြီး ဖျက်ဆီးမှုများသော လုပ်ရပ်များအောက်တွင်မူ...

သတင်းကို ဆက်လက်ဖုံးကွယ်ထား၍ မရနိုင်တော့ချေ။

ထို့ကြောင့် သရဲမျက်နှာဖုံးစွပ်ကာ ရွှေရောင်လှေငယ်လေးကို စီးနင်းပြီး ရွှမ်ခုန်းဘုရားကျောင်း၏ စခန်းများကို ဖျက်ဆီးကာ ၎င်းတို့၏ တပည့်များကို သတ်ဖြတ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးအကြောင်း ကောလာဟလများသည် ရှီးကျိုးပြည်နယ်တစ်ခွင်တွင် ပျံ့နှံ့လာခဲ့ပြီး မကြာမီမှာပင် အခြားသော ဒေသများသို့ပါ ပျံ့နှံ့သွားလေတော့၏။

...

"မင်းပြောတာတွေ အားလုံးက အမှန်ပဲလား"

လင်းတောင်တန်းအတွင်း၌ နီမြန်းသောမျက်နှာရှိသည့် မီးခိုးရောင်သင်္ကန်းဝတ် ဘုန်းကြီးအိုတစ်ပါးက သူ၏ရှေ့ရှိ အနီရောင်သင်္ကန်းဝတ် ဘုန်းကြီး၏ စကားများကို တည်ငြိမ်စွာ နားထောင်နေလေသည်။

"စကားလုံးတိုင်းက အမှန်ပါပဲဗျ အကြီးအကဲချုပ်။ သရဲမျက်နှာဖုံးနဲ့ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူက ကျွန်တော်တို့ ရွှမ်ခုန်းဘုရားကျောင်းက တပည့်တွေကို နေရာအနှံ့မှာ သတ်ဖြတ်နေပါတယ်။

အခုဆိုရင် ကျွန်တော်တို့ စေလွှတ်လိုက်တဲ့ တပည့်အများစု သေဆုံးသွားကြပါပြီ။

ဒီသတင်းက ရှီးကျိုးပြည်နယ်တစ်ခွင်မှာလည်း သတင်းပြန့်နေသလို တခြားဒေသတွေကလည်း အခုလောက်ဆို သိသွားလောက်ပါပြီဗျ"

အနီရောင်သင်္ကန်းဝတ် ဘုန်းကြီးက သတိကြီးစွာဖြင့် သတင်းပို့လိုက်လေသည်။

"နားလည်ပြီ... မင်း သွားလို့ရပြီ"

နီမြန်းသောမျက်နှာရှိသည့် ဘုန်းကြီးအိုက လျစ်လျူရှုထားသည့်ဟန်ဖြင့် တုံ့ပြန်လိုက်လေသည်။

"ဟုတ်ကဲ့ပါ" အနီရောင်သင်္ကန်းဝတ် ဘုန်းကြီးကလည်း ထပ်မပြောရဲတော့ဘဲ သတိကြီးစွာဖြင့် ဆုတ်ခွာသွားတော့၏။

ဘုန်းကြီးအိုသည် အချိန်အတော်ကြာအောင် မလှုပ်မယှက် ရပ်နေပြီးနောက်၌ နောက်ဆုံးတွင် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ သူ၏ ဝိညာဉ်စွမ်းအင်ကို ထည့်သွင်းလိုက်သည်။

ထိုအခါ၌ ကျောက်စိမ်းပြားမှ အလင်းတန်းတစ်ခု တောက်ပလာလေသည်။

ပြီးနောက်၌ ၎င်း၏ အတွင်းမှ ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာ၏။ "အကြီးအကဲ ချီရှင်း... အခြေအနေ ဘယ်လိုလဲ"

"ငါတို့ သံသယဖြစ်ခဲ့တဲ့အတိုင်းပဲ၊ အဲဒီ သရဲမျက်နှာဖုံးရှင်က ငါတို့ ရွှမ်ခုန်းဘုရားကျောင်းကို တမင်ပစ်မှတ်ထားနေတာပဲ။

ဒီနေ့လည်း သူ ထပ်ပေါ်လာပြီး ရှီးကျိုးမှာ အသစ်တည်ထောင်ထားတဲ့ ငါတို့ရဲ့ စခန်းအများကြီးကို ဖျက်ဆီးသွားတယ်လေ။

သာမန်တပည့်တွေကိုတောင် ချန်မထားဘူး၊ အားလုံးကို သတ်ပစ်နေတာလေ"

ဘုန်းကြီးအိုက ပြန်ဖြေလိုက်၏။

"သာမန်တပည့်တွေကိုတောင် မချန်ထားဘူးလား။ အဲဒီလိုဆိုတော့ သူက ရွှမ်ခုန်းဘုရားကျောင်းအပေါ် သေရာပါရန်ငြိုး ရှိနေတာပဲ။ ငါတို့က ဘယ်အချိန်ကများ ဒီလောက်ကြောက်စရာကောင်းတဲ့ ရန်သူမျိုးကို ရန်စမိခဲ့လို့လဲ"

နောက်ထပ် ကွဲပြားသော ဝိညာဉ်လှိုင်းတစ်ခု ထွက်ပေါ်လာလေသည်။

ဘုန်းကြီးအို၏ လက်ထဲရှိ ကျောက်စိမ်းပြားသည် လူများစွာနှင့် ဆက်သွယ်နိုင်စွမ်းရှိကြောင်း ထင်ရှားလှပေသည်။

"ငါလည်း မသိဘူး" ဘုန်းကြီးအိုက ခေါင်းခါလိုက်သည်။ "ခူးရုံက သေချာပေါက် သေသွားခဲ့တယ်၊ သူက ဘာသတင်းအချက်အလက်မှလည်း ချန်မထားခဲ့ဘူး။

ပြီးတော့ သူ ကျဆုံးသွားတဲ့နေရာမှာ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေက လုံးဝရှုပ်ထွေးနေတော့ ဘာကိုမှ တွက်ချက်ရယူလို့ မရဘူးဖြစ်နေတယ်။

ရိုးရိုးသားသားပြောရရင် အဲဒီသရဲမျက်နှာဖုံးရှင်က ယောကျာ်းလား ၊ မိန်းမလားဆိုတာတောင် ငါ သေချာမပြောနိုင်ဘူး"

"ဆက်ပြီး ခန့်မှန်းနေစရာ မလိုပါဘူး။ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ခူးရုံကို သတ်နိုင်ဖို့ဆိုတာ အဲဒီသရဲမျက်နှာဖုံးရှင်က ငါတို့လို ရှေးလူအိုကြီးတစ်ယောက်ပဲ ဖြစ်ရမယ်။

တခြားလျှို့ဝှက်နယ်မြေတွေက လူအိုကြီး နည်းနည်းရယ်၊ မြင့်မြတ်သောတောင်တော်က မကောင်းဆိုးဝါးကြီးသုံးကောင်ကလွဲရင် တခြားဘယ်သူမှ မဖြစ်နိုင်ဘူး"

ကျောက်စိမ်းပြားမှ ဝိညာဉ်လှိုင်းတစ်ခုက အခိုင်အမာ ပြောဆိုလိုက်သည်။

"အမှန်ပဲ... အထူးသဖြင့် ချင်းယန်ဘုရားကျောင်းက တာအိုကျင့်ကြံသူတွေပေါ့။ သူတို့က ငါတို့ ရွှမ်ခုန်းဘုရားကျောင်းအပေါ် ရန်ငြိုးဖွဲ့ထားတာ ကြာလှပြီလေ"

"ဒါပေမဲ့ တခြားလျှို့ဝှက်နယ်မြေတွေကလည်း မကြာသေးခင်ကမှ ထွက်လာကြတာလေ သူတို့ရဲ့ကိုယ်ပိုင် နယ်မြေတွေကို ခိုင်မာအောင် လုပ်ဖို့ အလုပ်များနေကြတာကို။ ငါတို့ကို ဒုက္ခပေးဖို့ သူတို့မှာ အချိန်မရှိသင့်ဘူးလေ"

"ဒါဆိုရင် မြင့်မြတ်သောတောင်တော်ပဲ ဖြစ်ရမယ်။ အဲဒီ မကောင်းဆိုးဝါးကြီးသုံးကောင်က အမြဲတမ်း မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတတ်တာလေ။ သူတို့က အရမ်းကိုသံသယဖြစ်စရာကောင်းတယ်"

ထိုသို့ဖြင့် တစ်ခဏမျှအချိန်ထိ ကျောက်စိမ်းပြားမှ ဝိညာဉ်လှိုင်းများသည် အချင်းချင်း အငြင်းပွားလာကြလေတော့၏။

All Chapters