အခန်း (၃၇၁-၃၇၂)
Vol. 38 Ch. 371-372
အခန်း ၃၇၁ - ကမ္ဘာလောက၏ အာရုံစိုက်မှုနှင့် ပုန်းကွယ်ဆုတ်ခွာခြင်း
"ကဲ... ဒီသရဲမျက်နှာဖုံးရှင်ရဲ့ သရုပ်မှန်က ဘယ်သူပဲဖြစ်နေပါစေ၊ သူက ငါတို့ ရွှမ်ခုန်းဘုရားကျောင်းကို ဆန့်ကျင်ဖို့ အခိုင်အမာ ဆုံးဖြတ်ထားမှတော့ ငါတို့အနေနဲ့ ဒီအတိုင်း လက်ပိုက်ကြည့်နေလို့ မဖြစ်တော့ဘူး"
"မဟုတ်ရင် ရွှမ်ခုန်းဘုရားကျောင်းရဲ့ ဩဇာအာဏာတွေ လုံးဝပျောက်ကွယ်သွားလိမ့်မယ်။ အဲ့လိုသာဆို နောင်ကျရင် ရှီးကျိုးကို ထိန်းချုပ်ဖို့ဆိုတာ ပိုပြီးတော့တောင် ခက်သွားလိမ့်မယ်လေ"
ကျောက်စိမ်းပြားအတွင်းမှ ဝိညာဉ်စွမ်းအင်လှိုင်းများ အဆုံးအစမရှိ အငြင်းပွားနေကြစဉ် ပထမဆုံး စကားစခဲ့သူက နောက်ဆုံးတွင် ဝင်ရောက်ဟန့်တားလိုက်လေသည်။
ထိုစကားများ ထွက်ပေါ်လာသည်နှင့် အခြားသော ဝိညာဉ်လှိုင်းများအားလုံး တိတ်ဆိတ်သွားကြ၏။
ကျောင်းထိုင်ဆရာတော်၏ စကားများက မှန်ကန်ကြောင်း သူတို့အားလုံး နားလည်သဘောပေါက်ကြသည်။
သရဲမျက်နှာဖုံးရှင် မည်သူမည်ဝါဖြစ်ကြောင်းကို အဆုံးအစမရှိ ငြင်းခုံနေခြင်းမှာ အဓိပ္ပာယ်မရှိလှပေ။
ထိုသူသည် ရွှမ်ခုန်းဘုရားကျောင်းအား ဤမျှလောက်အထိ ရန်စထားပြီးဖြစ်ရာ ချက်ချင်းလုပ်ဆောင်ရမည့်တာဝန်မှာ သူ့ကို ဖမ်းဆီးပြီး လူပုံအလယ်တွင် ကွပ်မျက်ပြရန်ပင် ဖြစ်သည်။
ထိုသို့မဟုတ်ဘဲ ရှီးကျိုးပြည်နယ်တစ်ခွင်တွင် သူ၏စွမ်းအားများကို ဆက်လက်ကြွားဝါခွင့် ပြုထားမည်ဆိုပါက ရွှမ်ခုန်းဘုရားကျောင်း၏ ဩဇာအာဏာအတွက် သေရာပါ ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်သွားပေလိမ့်မည်။
နောင်တစ်ချိန်တွင် ရှီးကျိုးပြည်နယ်ကို အုပ်ချုပ်ရန်မဆိုထားနှင့်၊ ကမ္ဘာလောကကို စိုးမိုးရန်ဟူသော ရည်မှန်းချက်မှာပင် အလှမ်းဝေးသွားပေလိမ့်မည်။
"ကျောင်းထိုင်ဆရာတော်ပြောတာ မှန်ပါတယ်။ အဲ့ဒီလူ ဘယ်သူပဲဖြစ်ဖြစ် အရေးမကြီးဘူး။ သူ့ကို ဖမ်းမိလိုက်တာနဲ့ အားလုံး ရှင်းသွားလိမ့်မယ်"
"အမှန်ပဲ။ အဲ့ဒီလူက မာနထောင်လွှားပြီး ရွှမ်ခုန်းဘုရားကျောင်းကို နည်းနည်းလေးတောင် ဂရုမစိုက်တာ အသိသာကြီးလေ။ သူ့ကို ဖမ်းဖို့ ချုံခိုတိုက်ခိုက်တာက သိပ်ပြီး မခက်လောက်ပါဘူး"
"သူ့ကို ဖမ်းမိတာနဲ့ လွယ်လွယ်ကူကူတော့ သေခွင့်ပေးလို့ မဖြစ်ဘူးနော်။ အကြီးအကဲ ခူးရုံရဲ့ ဝိညာဉ် ငြိမ်းချမ်းစေဖို့အတွက် သူ့ရဲ့ ဝိညာဉ်ကို ဆွဲထုတ်ပြီး မီးအိမ်အဖြစ် သန့်စင်ပစ်ရမယ်။ ဒါမှ သူ နေ့ရောညပါ ဆင်းရဲဒုက္ခခံစားရမှာ"
...
အစွမ်းထက်သော ဝိညာဉ်လှိုင်းများက ကျောက်စိမ်းပြားအတွင်း၌ ကြံစည်မှုများ ပြုလုပ်နေကြစဉ်...
နယ်မြေအသီးသီးမှ အင်အားစုများစွာသည်လည်း ရှီးကျိုးပြည်နယ်ရှိ ဖြစ်ရပ်များနှင့်ပတ်သက်သော သတင်းများကို လက်ခံရရှိနေကြလေပြီပင်။
လျှို့ဝှက်နယ်မြေကြီးလေးခု ပေါ်ထွက်လာခြင်းသည်ပင်လျှင် ကြီးမားလှသော အရေးပါမှုတစ်ခုဖြစ်ပြီး လူအများ၏ အာရုံစိုက်မှုကို ကျယ်ကျယ်ပြန့်ပြန့် ရရှိနေခဲ့သည်။
အရပ်ရပ်မှ အစွမ်းထက်သည့် အင်အားစုများသည် ထိုနယ်မြေများ၏ လှုပ်ရှားမှုများကို အဆက်မပြတ် စောင့်ကြည့်ရန် ကင်းထောက်များကို စေလွှတ်ထားပြီး ဖြစ်၏။
ကြီးမြတ်သော လျှို့ဝှက်နယ်မြေများကပင် ပြိုင်ဘက်များ၏ လှုပ်ရှားမှုများကို အပြည့်အဝ နားလည်နိုင်ရန် အချင်းချင်း ကင်းထောက်များ စေလွှတ်ထားကြသေးသည်။
ရှီးကျိုးပြည်နယ်တွင် လုချင်း ဖန်တီးခဲ့သော ရုတ်ရုတ်သဲသဲအခြေအနေများ၏ ပမာဏအရ မည်သူမျှ ဤကိစ္စကို လျှို့ဝှက်ထားနိုင်စွမ်း မရှိခဲ့ပေ။
ထိုနေ့မှာပင် သတင်းပို့ခိုများ၊ သတင်းပို့လင်းယုန်များနှင့် ဆက်သွယ်ရေးအဆောင်များသည် ကောင်းကင်ယံတွင် ပျံသန်းသွားကြပြီး ကမ္ဘာပေါ်ရှိ ထိပ်တန်းအင်အားစုတိုင်းနီးပါး ရှီးကျိုးပြည်နယ်မှ ဖြစ်ရပ်များကို သိရှိသွားကြလေတော့သည်။
အရှေ့ပိုင်းပြည်နယ်ရှိ စိမ်းလန်းပြီး ရှုခင်းလှပသော တောင်ထွတ်တစ်ခုပေါ်တွင်...
တာအိုဘုန်းကြီးအိုတစ်ပါးသည် စိမ်းပြာရောင်ကျောက်တုံးပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ တာအိုကျောင်းတော်ရှေ့၌ တရားဟောကြားနေလေ၏။
သူ၏ရှေ့တွင် တပည့်တစ်ဒါဇင်ခန့်သည် သတိကြီးစွာထားကာ စိတ်ဝင်တစား နားထောင်နေကြသည်။
ရုတ်တရက် အဘိုးအို၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ကောင်းကင်သို့ မော့ကြည့်လိုက်ရာ အထက်မှ ကျဆင်းလာသော အလင်းတန်းတစ်ခုကို ဖမ်းဆုပ်လိုက်လေသည်။
အလင်းတန်း ပျောက်ကွယ်သွားသောအခါ ကျောက်စိမ်းအဖြူရောင် အဆောင်ငယ်လေးတစ်ခု ပေါ်ထွက်လာလေသည်။
အဘိုးအိုသည် အဆောင်ကို သူ၏ဝိညာဉ်စွမ်းအားဖြင့် စစ်ဆေးလိုက်ပြီး ၎င်း၏အကြောင်းအရာများကို လျင်မြန်စွာ ဖတ်ရှုလိုက်ရာ သူ၏မျက်နှာပေါ်တွင် အံ့သြမှုအရိပ်အယောင်များ ပျံ့နှံ့သွားလေသည်။
"ဆရာ... ဘာတွေများ ဖြစ်လို့ပါလဲ"
နားထောင်နေသူများထဲမှ လူလတ်ပိုင်း တာအိုကျင့်ကြံသူတစ်ဦးက မေးလိုက်၏။
အကယ်၍ လုချင်းသာ ထိုနေရာတွင် ရှိနေမည်ဆိုပါက ထိုသူမှာ မြို့တော်မြတ်တွင် သူနှင့် အပြန်အလှန် စကားစမြည်ပြောဆိုခဲ့သော ယန်မင်းဖြစ်ကြောင်း မှတ်မိနေမည်မှာ အသေအချာပဲပင်။
"ရှီးကျိုးပြည်နယ်မှာ ပြဿနာတက်နေတယ်တဲ့" အဘိုးအိုက တုံ့ဆိုင်းမှုမရှိဘဲ ပြန်ဖြေလိုက်လေသည်။
"ရှီးကျိုးမှာ ပြဿနာတက်နေတယ်ဟုတ်လား ဆရာ။ အဲဒီကတုံး ဘုန်းကြီးတွေက ဘာပြဿနာတွေ ထပ်ရှာနေကြပြန်ပြီလဲ"
ထိုဘုန်းကြီးများထံမှ ပြဿနာတက်ခြင်းမှာ သဘာဝကျသည်ဟု ယူဆထားသည့်အလား ယန်မင်းက အံ့သြသည့်ဟန်မပြဘဲ မေးလိုက်သည်။
"ဒီတစ်ခါ ပြဿနာရှာတာ အဲဒီဘုန်းကြီးတွေ မဟုတ်ဘူး။ ရှီးကျိုးမှာ တခြားတစ်ယောက်ယောက်က ပြဿနာရှာနေတာ။ သတင်းတွေအရဆိုရင် အဲ့ဒီလူက ရွှမ်ခုန်းဘုရားကျောင်းကို တမင်ရည်ရွယ်ပြီးတော့ကို ပစ်မှတ်ထားနေတဲ့ပုံပဲ"
"လျှို့ဝှက်ဆန်းကြယ်တဲ့လူတစ်ယောက်က ရှီးကျိုးမှာ ပေါ်လာပြီးတော့ ပျံသန်းတဲ့လက်နက်ကို စီးနင်းရင်းနဲ့ ရွှမ်ခုန်းဘုရားကျောင်း တည်ဆောက်နေတဲ့ ရုပ်တုတွေနဲ့ ဘုရားကျောင်းအမျိုးမျိုးကို ဖျက်ဆီးပစ်နေတယ်တဲ့။ ဒါ့အပြင်ကိုမှ တာဝန်နဲ့ အပြင်ထွက်နေတဲ့ သူတို့ရဲ့တပည့်တွေကိုလည်း သတ်ဖြတ်နေတယ်တဲ့..."
အဘိုးအိုက ဆက်သွယ်ရေးအဆောင်မှ သူဖတ်ရှုခဲ့ရသည့် အကြောင်းအရာများကို အကြမ်းဖျင်း ရှင်းပြလိုက်လေသည်။
အခြားသော တာအိုကျင့်ကြံသူများမှာ သတင်းကြောင့် မှင်သက်သွားကြပြီး မျက်လုံးပြူးကာ စကားပင် မပြောနိုင်တော့ချေ။
"ဒီလောက်ရဲရဲတင်းတင်းနဲ့ လှုပ်ရှားရဲတဲ့သူ ရှိလိမ့်မယ်လို့ ထင်မထားမိဘူး။ ရွှမ်ခုန်းဘုရားကျောင်းကို ဒီလိုရန်စရဲလောက်အောင် ဘယ်သူကများ ရူးမိုက်နေတာလဲ။ အဲဒီ ရူးသွပ်နေတဲ့ ဘုန်းကြီးတွေကို အန္တရာယ်မရှိတဲ့ သက်သက်လွတ်စားသူတွေလို့ သူတို့က ထင်နေတာလား"
ယန်မင်း၏ မျက်နှာပေါ်တွင်လည်း အခြားသူများနည်းတူ မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လွင်နေလေသည်။
ထိုအစွန်းရောက် ဘုန်းကြီးများကို ရန်စရဲလောက်အောင် ရဲတင်းသူတစ်ဦး ရှိနေနိုင်သည်ကို သူ ယုံကြည်ရန် ခက်ခဲနေမိသည်။
သူတို့၏ချင်းယန်ဘုရားကျောင်းသည်ပင် ရွှမ်ခုန်းဘုရားကျောင်းနှင့် ကာလရှည်ကြာ ရန်ငြိုးများ ရှိခဲ့သော်လည်း ထိုသို့ ဗြောင်ကျကျ ရန်စဲရန်တော့ မဝံ့ရဲခဲ့ပေ။
"ငါတို့လည်း အခုထိတော့ မသိရသေးဘူး" အဘိုးအိုက ခေါင်းယမ်းကာ ပြောလိုက်၏။ "ဒီလူက သူဘယ်သူလဲဆိုတာ ဖုံးကွယ်ဖို့ သရဲမျက်နှာဖုံးကို တပ်ထားတယ်။ ပြီးတော့ သူ ဘယ်ကလာသလဲဆိုတာကိုလည်း ဘယ်သူမှ မသိကြဘူး"
"ဆရာ... တခြားလျှို့ဝှက်နယ်မြေ နှစ်ခုထဲက တစ်ယောက်ယောက်များ ဖြစ်နေနိုင်မလား"
ယန်မင်းက ပြောလိုက်၏။
"ပြောရခက်ပေမဲ့ ဖြစ်နိုင်ခြေတော့ နည်းတယ်။ ယွင်ရွှေ လျှို့ဝှက်နယ်မြေနဲ့ ဟန်ရွှေနန်းတော်က ရွှမ်ခုန်းဘုရားကျောင်းနဲ့ ကြီးကြီးမားမား ရန်ငြိုးမရှိဘူးလေ။ ဒါကြောင့် ဒီအချိန်မှာ အဲ့ဘုန်းကြီးတွေနဲ့ ပြဿနာရှာစရာ အကြောင်းမရှိဘူး" အဘိုးအိုက ပြန်ဖြေလေသည်။
ယန်မင်းကလည်း သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်၏။ လျှို့ဝှက်နယ်မြေကြီးလေးခုအနက် ချင်းယန်ဘုရားကျောင်းနှင့် ရွှမ်ခုန်းဘုရားကျောင်းတို့သာ အနက်ရှိုင်းဆုံး ရန်ငြိုးများ ရှိကြသည်မှာ အမှန်ပင်။
အခြားနယ်မြေနှစ်ခုက ရွှမ်ခုန်းဘုရားကျောင်းကို သဘောမကျနိုင်သော်လည်း သူတို့အနေဖြင့် တကူးတက ပြဿနာသွားရှာစရာ အကြောင်းမရှိပေ။
"အဲဒီလိုဆိုရင်တော့ ရွှမ်ခုန်းဘုရားကျောင်းကို အမြင်မကြည်တဲ့ တခြားလျှို့ဝှက်အင်အားစုတစ်ခုခုပဲ ဖြစ်ရမယ်"
"အဲ့ဒီကတုံးဘုန်းကြီးတွေကို ဒီလိုရန်စဖို့ဆိုတာ အဲ့ဒီလူမှာ ထူးကဲတဲ့ စွမ်းအားတွေ ရှိနေရမယ်။ ပြီးတော့ ရွှမ်ခုန်းဘုရားကျောင်းအပေါ် သူ့ရန်ငြိုးကလည်း အတော်လေးကို နက်ရှိုင်းရလိမ့်မယ်"
ယန်မင်းက ထပ်မံ၍ ခန့်မှန်းလိုက်လေသည်။
အကြောင်းအရင်း မသိရသော်လည်း လုချင်း၏ မျက်နှာက သူ၏စိတ်ထဲတွင် ရုတ်တရက် ပေါ်လာလေ၏။
ကမ္ဘာပေါ်ရှိ အစွမ်းထက်ပုဂ္ဂိုလ်များထဲတွင် ရွှမ်ခုန်းဘုရားကျောင်းအပေါ် အနက်ရှိုင်းဆုံး ရန်ငြိုးရှိသူတစ်ဦး ရှိမည်ဆိုပါက သူ၏စိတ်ထဲတွင် ပထမဆုံးပေါ်လာသူမှာ ထိုလူငယ်လေးပင် ဖြစ်သည်။
မြို့တော်မြတ်တွင် သူမြင်တွေ့ခဲ့ရသော လုချင်း၏ မကြောက်မရွံ့သော စရိုက်လက္ခဏာများအရ ထိုရဲတင်းလှသော လူငယ်လေးသည် ဤသို့သော တုန်လှုပ်ဖွယ်လုပ်ရပ်မျိုးကို အမှန်တကယ် ကျူးလွန်နိုင်စွမ်း ရှိပေလိမ့်မည်။
ဒါပေမယ့် အဲဒါ တကယ်ပဲ သူ ဖြစ်နိုင်ပါ့မလား။
ယန်မင်းမှာ သေချာရေရာမှုမရှိပေ။
မည်သို့ပင်ဆိုစေ ဆရာဖြစ်သူက ရှီးကျိုးပြည်နယ်တွင် ပျက်စီးယိုယွင်းမှုများ ဖန်တီးနေသည့် ထိုလျှို့ဝှက်ဆန်းကြယ်သူသည် ရွှေရောင်ပျံသန်းရေးလက်နက်ကို အသုံးပြုနေသည်ဟု ယခုလေးတင် ပြောခဲ့သည် မဟုတ်ပါလော။
ကျင့်ကြံခြင်းလမ်းစဉ်သို့ ဝင်ရောက်ကာ နက်ရှိုင်းလှသော ဝိညာဉ်စွမ်းအင်များ ပိုင်ဆိုင်ထားသူများသာ ထိုသို့သော လက်နက်များကို အသုံးပြုနိုင်ပေသည်။
လုချင်းသည် အငြင်းပွားဖွယ်မရှိအောင် အစွမ်းထက်သော်လည်း မြို့တော်မြတ်တွင် ရှိစဉ်က သူသည် ကောင်းကင်ဘုံ၏ အတိဒုက္ခကို ကျော်ဖြတ်ကာ မွေးရာပါနယ်ပယ်သို့သာ ဝင်ရောက်နိုင်ခဲ့သေးသည်။
လုချင်းသည် ဝိညာဉ်စွမ်းအင်ထက် အတွင်းအားကိုသာ ကျင့်ကြံသည့် သိုင်းပညာလမ်းစဉ်ကို လိုက်စားနေကြောင်းကိုလည်း ယန်မင်း ရှင်းလင်းစွာ မှတ်မိနေသေးပါ၏။
ဆရာဖြစ်သူ ဖော်ပြခဲ့သည့်အချက်များနှင့် အတိအကျ ကိုက်ညီမှုတော့ မရှိလှပေ။
"ယန်မင်း... မင်း ဘာတွေတွေးနေတာလဲ"
ယန်မင်း အတွေးများနေသည်ကို မြင်သောအခါ အဘိုးအိုက မေးလိုက်သည်။
"အာ... ဘာမှမဟုတ်ပါဘူး" ယန်မင်းက သတိပြန်ဝင်လာကာ "ဆရာ... ရှီးကျိုးပြည်နယ်မှာ ဒီလောက်ကြီးမားတဲ့ ကိစ္စကြီး ဖြစ်နေပြီဆိုတော့ တပည့် အဲဒီကိုသွားပြီး အခြေအနေကို သွားကြည့်ချင်ပါတယ်"
အဘိုးအိုသည် ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။ "အဲဒါ ကောင်းတဲ့အကြံပဲ။ ရွှမ်ခုန်းဘုရားကျောင်းက ဒီလိုရန်စမှုကို သေချာပေါက် တုံ့ပြန်လိမ့်မယ်"
"မင်း အဲဒီကိုသွားရင် သူတို့ရဲ့ ပုန်းကွယ်နေတဲ့ စွမ်းအားတချို့ကို လေ့လာနိုင်ကောင်းလေ့လာနိုင်လိမ့်မယ်"
"ဒါပေမဲ့ ဒီခရီးမှာ မင်း အထူးသတိထားဖို့ လိုတယ်ဆိုတာကိုတော့ မှတ်ထားရမယ်။ မင်းရဲ့ လက္ခဏာကို ထုတ်ဖော်တာမျိုး ဒါမှမဟုတ် အာရုံစိုက်ခံရတာမျိုး မဖြစ်အောင် ရှောင်ကြဉ်ရမယ်"
"အဲဒီဘုန်းကြီးတွေက အခုချိန်မှာ ဒေါသထွက်နေကြတာ။ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့သူက ငါတို့ ချင်းယန်ဘုရားကျောင်းကလို့ သူတို့ ထင်ချင်လည်း ထင်နေလိမ့်မယ်"
"မင်းသာ ပြဿနာတစ်ခုခု ဖန်တီးမိပြီး သူတို့က မင်းအပေါ် ဒေါသတွေပုံချလာရင် မင်းကို ကာကွယ်ဖို့ဆိုတာ ငါတို့လက်လှမ်းမမီနိုင်တဲ့ ကိစ္စဖြစ်သွားလိမ့်မယ်"
ယန်မင်း၏ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားပြီး ရိုသေစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ "ဟုတ်ကဲ့... နားလည်ပါပြီ ဆရာ"
အဘိုးအိုက သူ၏ဝတ်ရုံထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူကာ ယန်မင်းအား ကမ်းပေးလိုက်သည်။ "ဒါကို မင်းနဲ့အတူ ယူသွားပါ။ တကယ်လို့ ပြဿနာကြုံလာရင် ဒါက မင်းကို အကာအကွယ်ပေးနိုင်လိမ့်မယ်"
"ဒါ့အပြင် ဘုရားကျောင်းကနေ လက်နက်နှစ်ခုကိုလည်း ရွေးပြီး ယူသွားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် မင်းရဲ့လုံခြုံရေးက အရေးအကြီးဆုံးပဲ"
"ကျေးဇူးတင်ပါတယ် ဆရာ" ယန်မင်းက ရိုသေလေးစားသော မျက်နှာထားဖြင့် ပစ္စည်းကို လှမ်းယူလိုက်လေသည်။
နာရီဝက်ခန့်အကြာတွင် တောင်ထွတ်ပေါ်မှ အလင်းတန်းတစ်ခု ပစ်ထွက်လာပြီး ရှီးကျိုးပြည်နယ်သို့ တည့်မတ်စွာ ဦးတည်သွားလေတော့၏။
အခြားသော လျှို့ဝှက်နယ်မြေကြီး နှစ်ခုတွင်လည်း အလားတူ မြင်ကွင်းမျိုးများ ဖြစ်ပေါ်နေခဲ့သည်။
ယွင်ရွှေ လျှို့ဝှက်နယ်မြေအတွင်းတွင် ဧရာမငှက်ကြီးအချို့သည် ကောင်းကင်သို့ ပျံတက်သွားကြသည်။
မြောက်ပိုင်းပြည်နယ်တွင်လည်း အခြားသော အလင်းတန်းများသည် ကောင်းကင်ယံသို့ တက်လှမ်းသွားကြ၏။
အားလုံး၏ ဦးတည်ရာမှာ ရှီးကျိုးပြည်နယ်ပင်။
ကမ္ဘာတစ်ဝှမ်းရှိ အခြားသော ထိပ်တန်းအင်အားစုများပင် စုံစမ်းထောက်လှမ်းရန်အတွက် တပည့်များ သို့မဟုတ် ကင်းထောက်များကို စေလွှတ်ခဲ့ကြသည်။
ဤဖြစ်ရပ်သည် အလွန်အရေးပါလွန်းလှပေသည်။
လျှို့ဝှက်နယ်မြေကြီးလေးခုအနက် တစ်ခုဖြစ်သော ရွှမ်ခုန်းဘုရားကျောင်းသည် မကြာသေးမီကမှ ပြန်၍ပေါ်ထွက်လာခဲ့သော်လည်း ယခုအခါ တစ်စုံတစ်ယောက်က သူတို့၏ ဂုဏ်သိက္ခာကို ဗြောင်ကျကျ နင်းချေရန် ရဲတင်းနေခဲ့သည်။
ရွှမ်ခုန်းဘုရားကျောင်းက မည်သို့တုံ့ပြန်မည်ကို လူတိုင်းက စိတ်အားထက်သန်စွာ စောင့်ကြည့်လိုကြပါ၏။
ထိုမျှမက နှစ်သောင်းနှင့်ချီသော သမိုင်းကြောင်းရှိသည့် ဤရှေးဟောင်းနယ်မြေသည် ဒဏ္ဍာရီများတွင် ဆိုထားသကဲ့သို့ ခန့်မှန်း၍မရနိုင်သော စွမ်းအားများကို အမှန်တကယ် ပိုင်ဆိုင်ထားခြင်း ရှိ ၊ မရှိကိုလည်း လူအများက သိချင်နေကြသည်။
အချိန်တိုအတွင်းမှာပင် အနီးကပ် စောင့်ကြည့်ခံနေရသော ရှီးကျိုးပြည်နယ်သည် တစ်ကမ္ဘာလုံး၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်လာခဲ့လေတော့သည်။
ရေတွက်၍မရနိုင်သော အင်အားစုများကလည်း ထိုပြည်နယ်တွင်းသို့ သူတို့လူများကို စေလွှတ်ခဲ့ကြ၏။
ရွှမ်ခုန်းဘုရားကျောင်းသည် ဤအခြေအနေကို ကောင်းစွာ သိရှိထားသော်လည်း ဘာမျှမလုပ်နိုင်ခဲ့ပေ။
အကြောင်းမှာတော့ ထိုလျှို့ဝှက်ဆန်းကြယ်သော သရဲမျက်နှာဖုံးရှင်၏ ပြင်းထန်သော သတ်ဖြတ်မှုများကြောင့် သူတို့ စေလွှတ်ထားသော တပည့်များအားလုံးသည် သတင်းကြားသည်နှင့်တစ်ပြိုင်နက် လင်းတောင်တန်းဆီသို့ အလောတကြီး ပြန်ပြီးဆုတ်ခွာလာခဲ့ကြသောကြောင့်ပင်။
ရွှမ်ခုန်းဘုရားကျောင်း၏ တပည့်များကို အစွမ်းထက်သော ခြိမ်းခြောက်မှုကြီးတစ်ခုက တက်ကြွစွာ လိုက်လံသတ်ဖြတ်နေချိန်တွင် မည်သူမျှ မိမိ၏ အသက်ကို စွန့်စားရန် ဆန္ဒမရှိကြသဖြင့် အပြင်ဘက်တွင် မည်သူမျှ မနေရဲကြတော့ပေ။
ဤအခြေအနေကြောင့် ရွှမ်ခုန်းဘုရားကျောင်းအနေဖြင့် ထိုအင်အားစုများ၏ ကင်းထောက်များကို ရှီးကျိုးပြည်နယ်အတွင်းသို့ အဟန့်အတားမရှိ ဝင်ရောက်ခွင့်ပြုရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
ရွှမ်ခုန်းဘုရားကျောင်းကို ဒေါသအထွက်စေဆုံးအရာမှာ ပထမနေ့တွင် သရဲမျက်နှာဖုံးရှင်က အကြမ်းဖက်သောင်းကျန်းပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားခြင်းပင် ဖြစ်သည်။
ရက်အတော်ကြာသည်အထိ သူ၏ အရိပ်အယောင်ကိုပင် မတွေ့ရဘဲ ရှီးကျိုးပြည်နယ်မှ ထွက်ခွာသွားသည့်ပုံပင် ပေါက်နေလေ၏။
ဤအချက်က သူ့ကို ချုံခိုတိုက်ခိုက်ရန် ရွှမ်ခုန်းဘုရားကျောင်း၏ အစီအစဉ်များကို အချည်းနှီး ဖြစ်သွားစေခဲ့လေသည်။
...
ထိုစဉ် လျှို့ဝှက်ဂူတစ်ခုအတွင်းတွင် လုချင်း၏ မျက်နှာချင်းဆိုင်၌ ယန် ပေါ်လာလေသည်။
လုချင်းသည် တင်ပျဉ်ခွေထိုင်နေပြီး သူ၏ပေါင်ပေါ်တွင် ရှောင်လီလေးက ခွေကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေ၏။
သူတို့နှစ်ဦးကြားတွင် စစ်တုရင်ခုံတစ်ခုကို ချထားပြီး ကစားပွဲတွင်သာ အာရုံစိုက်နေကြသည်။
"သခင်လေး... ကျုပ်တို့ ဒီမှာ ဘယ်လောက်ကြာကြာနေရဦးမှာလဲ"
"မလောပါနဲ့။ နောက်ထပ် တစ်ရက်၊ နှစ်ရက်လောက် နေလို့လည်း ဘာမှမဖြစ်ပါဘူး"
လုချင်းက အနက်ရောင်ကျောက်စေ့တစ်လုံးကို ယူကာ စစ်တုရင်ခုံပေါ်တွင် ချလိုက်သည်။
"စိုးရိမ်စရာလည်းမလိုဘူး၊ ပြောရရင် စိုးရိမ်နေတာက ကျွန်တော်တို့အတွက် လိုကိုမလိုအပ်တာ။ အဲဒီဘုန်းကြီးတွေကတော့ ကျွန်တော့်ကို ရှာဖို့အတွက် ကမ္ဘာအနှံ့ကို ပိုက်စိပ်တိုက် ရှာနေလောက်ပြီ"
"သခင်လေးက သူတို့ရဲ့ အကြီးအကဲတွေနဲ့ တပည့်တွေကို အများကြီး သတ်ခဲ့ပြီး ဘုရားကျောင်းတွေနဲ့ ရုပ်တုတွေကိုလည်း အများကြီး ဖျက်ဆီးခဲ့တာကိုး။
သခင်လေးက ရွှမ်ခုန်းဘုရားကျောင်းရဲ့ ခေါင်းပေါ်ကို တက်နင်းထားသလို ဖြစ်နေတာဆိုတော့ သူတို့ စိုးရိမ်နေကြတာကလည်း သဘာဝကျပါတယ်"
ယန်က အဖြူရောင်ကျောက်စေ့တစ်လုံးကို ယူကာ ခုံပေါ်တွင် ချရင်း ရယ်မောလိုက်လေသည်။ "ဒါပေမဲ့ ကျုပ် သိချင်တာက သခင်လေးမှာ အပြင်က တပည့်တွေအားလုံးကို သတ်ပစ်ဖို့ အခွင့်အရေး ရှိနေရက်နဲ့ ဘာလို့ တချို့ကို လင်းတောင်တန်းဆီ ထွက်ပြေးခွင့် ပေးလိုက်ရတာလဲ"
"သာမန်တပည့်တွေကို သတ်ဖို့က လွယ်ပါတယ်" လုချင်းက နောက်ထပ် ကျောက်စေ့တစ်လုံးကို ချရင်း ပြန်ဖြေလိုက်၏။ "ဒါပေမဲ့ ရွှမ်ခုန်းဘုရားကျောင်းရဲ့ လှုပ်ရှားမှုတွေက တစ်ခုခု မှားယွင်းနေတယ်လို့ ကျွန်တော့်ရဲ့ အလိုအလျောက်သိစိတ်က သတိပေးနေတယ်လေ။
အဲ့ဒါကြောင့် ဘေးကင်းအောင်လို့ နောက်ထပ်ရက်နည်းနည်းလောက် စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တာ။
အဲဒီ သာမန်တပည့်တွေ အသက်ရှင်တာ၊ သေတာက အခြေအနေကြီးတစ်ခုလုံးကို မထိခိုက်စေနိုင်ဘူးလေ"
"သြော်... ဒီလိုကိုး" ယန်က တွေးတွေးဆဆဖြင့် ခေါင်းညိတ်လိုက်သည်။
အဘယ်ကြောင့် လုချင်းက သူ၏ တိုက်ခိုက်မှု အရှိန်အဟုန် အမြင့်ဆုံးအချိန်တွင် ရုတ်တရက် ပုန်းအောင်းရန် ရွေးချယ်ခဲ့သည်ကို သူ အံ့သြနေခဲ့မိပါ၏။
အမှန်တကယ်တော့ လုချင်း၏ အလိုအလျောက်သိစိတ်က သတိပေးချက်တစ်ခုကို အာရုံခံမိခဲ့ခြင်းကြောင့်ဖြစ်၏။
ထိုအခါ၌ ယန်သည် အံ့သြလေးစားမှုကို မခံစားဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
အမှန်ပင် ၊ ကုသိုလ်ကောင်းမှု အလင်းတန်း၏ ကောင်းချီးကို ရရှိထားသော၊ ကြီးမားလှသည့် ကံကြမ္မာကောင်းများကို ပိုင်ဆိုင်ထားသော ကံကောင်းခြင်း၏ သားတော်တစ်ဦးဖြစ်သည့်အတွက် ကောင်းကင်ဘုံ၏ နိယာမကပင် သူ့ကို ကူညီပေးနေသည့်အလား ဖြစ်နေလေ၏။
အန္တရာယ်တစ်ခုခု ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ကြိုတင်သတိပေးချက်တစ်ခုက ချက်ချင်း ပေါ်လာတတ်ပေသည်။
ရွှမ်ခုန်းဘုရားကျောင်းသည် ဤကဲ့သို့သော ရန်သူမျိုးကို ဖန်တီးမိခြင်းဖြင့် အမှန်တကယ်ပင် အိပ်မက်ဆိုးတစ်ခုထဲသို့ ခြေချမိသွားပြီ ဖြစ်သည်။
"ဒါပေမဲ့ သခင်လေး... ရွှမ်ခုန်းဘုရားကျောင်းက လင်းတောင်တန်းထဲမှာပဲ ဆက်ပြီး ပုန်းအောင်းနေမယ်ဆိုရင် သခင်လေးအနေနဲ့ သူတို့ကို ဘာမှလုပ်လို့ မရနိုင်တော့ဘူး မဟုတ်လား"
"အဲဒီလိုဆိုလည်း အဲဒီလိုပေါ့" လုချင်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ "ကျွန်တော် ဒီကိုလာတာ ရွှမ်ခုန်းဘုရားကျောင်း တစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက်နဲ့ လာတာမှ မဟုတ်တာ။
ကျွန်တော့်မှာ အဲဒီလောက်မှ စွမ်းအားမရှိသေးတာ။
ကျွန်တော် လိုချင်တာက ရှီးကျိုးပြည်နယ်ကို ထိန်းချုပ်မယ့် သူတို့ရဲ့အစီအစဉ်တွေကို နှောင့်ယှက်ပစ်ဖို့ပဲ။ ဒါမှ သူတို့အနေနဲ့ ပြည်နယ်တွေကို ဖြတ်ပြီး ကျိုးလီရွာကို ဒုက္ခပေးဖို့ မလာနိုင်တော့မှာ။ ဒီလောက်ဆိုရင်ကို လုံလောက်နေပါပြီ"
ရွှမ်ခုန်းဘုရားကျောင်းသည် သူတို့၏ လျှို့ဝှက်နယ်မြေကို အကာအကွယ်အဖြစ် အသုံးပြုနေသရွေ့ သူတို့ကို အပြီးတိုင် ရှင်းလင်းပစ်ရန်မှာ လက်တွေ့မကျကြောင်းကို လုချင်း အပြည့်အဝ သဘောပေါက်ထားလေသည်။
ထိုလျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်ကာ သူတို့ကို ချေမှုန်းနိုင်စွမ်း ရရှိလာမှသာလျှင် ထိုရည်မှန်းချက် အောင်မြင်နိုင်မည် ဖြစ်၏။
လက်ရှိအချိန်တွင်တော့ ရွှမ်ခုန်းဘုရားကျောင်းသည် လင်းတောင်တန်းအတွင်း၌ ပုန်းအောင်းနေရသည်ကို မြင်ရခြင်းဖြင့်ပင် လုချင်း ကျေနပ်နေပြီ ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူဖန်တီးခဲ့သော ရုတ်ရုတ်သဲသဲ အခြေအနေများကြောင့် ကျန်ကမ္ဘာ့အင်အားစုများသည် ရှီးကျိုးပြည်နယ်ရှိ အခြေအနေများကို ကောင်းစွာ သိရှိသွားလောက်ပြီပင်။
ကမ္ဘာတစ်ဝှမ်း၏ အာရုံစိုက်မှုကို ခံနေရချိန်တွင် ရွှမ်ခုန်းဘုရားကျောင်းက မည်သို့တုံ့ပြန်မည်ကိုလည်း လုချင်း သိချင်နေမိပါ၏။
သူတို့ ဆက်လက်ပြီး ပုန်းအောင်းနေမည်လော သို့မဟုတ် အခြားသော လှုပ်ရှားမှုများ ပြုလုပ်လာမည်လော။
ဤအခိုက်၌ လုချင်း၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတန်းတစ်ခု တောက်ပသွားလေတော့သည်။
...
အခန်း ၃၇၂ - ရွှမ်ခုန်းဘုရားကျောင်း၏ ချုပ်တည်းမှုနှင့် ကောင်းကင်ယံမှ ရွှေရောင်အလင်းတန်း
"ရွှမ်ခုန်းဘုရားကျောင်းက တကယ်ပဲ လင်းတောင်တန်းထဲမှာပဲ ပုန်းနေရတာလား"
"အဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့သိုင်းပညာရှင်ရဲ့ စွမ်းအားက အဲဒီလောက်တောင် လွှမ်းမိုးနိုင်လွန်းလို့လား"
"လူတစ်ယောက်တည်းကတင် ကြီးမြတ်တဲ့ လျှို့ဝှက်နယ်မြေကြီးလေးခုထဲက တစ်ခုကို ဆုတ်ခွာသွားစေရလောက်တဲ့အထိ တကယ်ပဲ ဖိနှိပ်နိုင်ခဲ့တာလား"
ကမ္ဘာတစ်ဝှမ်းရှိ အင်အားစုအသီးသီးမှ တပည့်များနှင့် ကင်းထောက်များသည် အခြေအနေများကို စုံစမ်းရန် ရှီးကျိုးပြည်နယ်သို့ ရောက်ရှိလာကြသောအခါ၌ ရွှမ်ခုန်းဘုရားကျောင်းသည် သူတို့၏ ခံစစ်ကို ခိုင်မာစေရန် လင်းတောင်တန်းအတွင်းသို့ လုံးဝဆုတ်ခွာသွားကြောင်းကို တွေ့ရှိခဲ့ကြရသည်။ ဤရှာဖွေတွေ့ရှိမှုက လူတိုင်းကို မှင်သက်သွားစေပြီး ယုံကြည်ရန်ပင် ခက်ခဲနေကြလေသည်။
မည်သို့ပင်ဆိုစေကာမူ ၎င်းမှာ ရွှမ်ခုန်းဘုရားကျောင်းပင် ဖြစ်လေသည်
နှစ်သောင်းနှင့်ချီသော သမိုင်းကြောင်းရှိသည့် လျှို့ဝှက်နယ်မြေကြီးလေးခုအနက်မှ တစ်ခုဖြစ်ပြီး အရိပ်ထဲမှနေ၍ ကြီးမားသော လွှမ်းမိုးမှုကို အမြဲတမ်း ကျင့်သုံးခဲ့ကာ လျှို့ဝှက်ဆန်းကြယ်သော အနေအထားမှနေ၍ ကမ္ဘာလောက၏ အင်အားချိန်ခွင်လျှာကို တိတ်တဆိတ် ကြိုးကိုင်ခြယ်လှယ်နေခဲ့သော အဖွဲ့အစည်းကြီး ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူတစ်ဦးတည်းကြောင့် သူတို့သည် သီးခြားခွဲထွက်နေထိုင်ရန် ဖိအားပေးခံခဲ့ရလေပြီ။
ဒါဆိုလျှင် ရွှမ်ခုန်းဘုရားကျောင်းသည် နာမည်မျှသာဖြစ်နေခဲ့သလား... သို့တည်းမဟုတ် ထိုလျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းနေသလား။
တစ်ခဏမျှ မရေမတွက်နိုင်သော သိုင်းပညာရှင်များသည် ထူးဆန်းသော စိုးရိမ်မကင်းမှုများကို ခံစားလိုက်ရပြီး သူတို့၏ အကြည့်များအားလုံးသည် လင်းတောင်တန်းဆီသို့ စုစည်းသွားကြလေသည်။
ရွှမ်ခုန်းဘုရားကျောင်းသည် မည်သည့်ခုခံမှုမျှ မပြဘဲ သူတို့၏ တောင်တန်းရိပ်မြုံအတွင်း၌သာ အမှန်တကယ် ပုန်းအောင်းနေမည်လားဟု သူတို့ သိချင်နေမိကြသည်။
"အကြီးအကဲချုပ်... ကျွန်တော်တို့ တကယ်ပဲ ဒီတောင်တန်းတွေထဲမှာ ဒီလိုမျိုး ဆက်ပြီး ပုန်းအောင်းနေကြတော့မှာလားဗျ"
လင်းတောင်တန်းအတွင်းတွင် အနီရောင်သင်္ကန်းဝတ် ဘုန်းကြီးတစ်ပါးက မျက်နှာနီမြန်းသော ဘုန်းကြီးအိုတစ်ပါးကို မေးခွန်းထုတ်လိုက်လေသည်။
လုချင်းသည် အကြီးအကဲချုပ် ရွှမ်ယီအပါအဝင် အနီရောင်သင်္ကန်းဝတ် အကြီးအကဲတစ်စုကို သတ်ဖြတ်ခဲ့သော်လည်း ရွှမ်ခုန်းဘုရားကျောင်း၏ အချို့သောအကြီးအကဲများကတော့ အသက်ရှင်ကျန်ရစ်ခဲ့ပြီး အနီရောင်သင်္ကန်းဝတ် အကြီးအကဲအချို့မှာလည်း ကျန်ရှိနေသေးသည်။
"ငါတို့က တောင်ပေါ်မှာ မနေရင် တခြားဘယ်ကို သွားရမှာလဲ"
မျက်နှာနီမြန်းသော ဘုန်းကြီးအိုက အနီရောင်သင်္ကန်းဝတ် အကြီးအကဲကို စူးရှစွာ ကြည့်လိုက်လေသည်။
လျှို့ဝှက်ဆန်းကြယ်သည့် သရဲမျက်နှာဖုံးရှင်အကြောင်း ကြားသည်နှင့် တစ်ပြိုင်နက် ထိတ်လန့်တကြားဖြစ်ကာ မိမိတို့၏ တာဝန်ကျရာနေရာများကို စွန့်ခွာပြီး အလောတကြီး ပြန်ပြီးပြေးလာခဲ့ကြသော ဤတပည့်များသာ မရှိခဲ့လျှင်...
သူတို့၏ ချုံခိုတိုက်ခိုက်ရေး အစီအစဉ်သည် အကောင်အထည်မဖော်ရသေးမီမှာပင် အောင်မြင်သွားနိုင်ကောင်းအောင်မြင်သွားနိုင်ပါ၏။
သို့သော် သူ မကျေမနပ်ဖြစ်နေသော်လည်း မျက်နှာနီမြန်းသော ဘုန်းကြီးအိုသည် ယခုအချိန်သည် တပည့်များကို အပြစ်တင်ရမည့်အချိန် မဟုတ်ကြောင်း သိထားလေသည်။
"အဲဒီမိစ္ဆာကောင်က အရမ်းကို ရဲတင်းလွန်းတယ်။ အကြီးအကဲချုပ်တောင် သူ့ကို မတားဆီးနိုင်ဘူးလား"
"ကျွန်တော်တို့ ဒီအတိုင်း ဆက်နေနေမယ်ဆိုရင် ခုလေးတင်မှ အညံ့ခံထားတဲ့ ဂိုဏ်းတွေက ပြန်ပြီး ယိမ်းယိုင်လာကြလိမ့်မယ်လို့ ကျွန်တော် စိုးရိမ်မိတယ်" အနီရောင်သင်္ကန်းဝတ် အကြီးအကဲက စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။
"အဲဒီမိစ္ဆာကောင်က အရိပ်အယောင်တောင် မကျန်ဘဲ ပျောက်ကွယ်သွားပြီလေ။ သူ့ကို မြှားခေါ်ဖို့ မင်းဆီမှာ နည်းလမ်းတစ်ခုခု ရှိလို့လား" မျက်နှာနီမြန်းသော ဘုန်းကြီးအိုက ခံစားချက်ကင်းမဲ့စွာ ဖြင့်ပြန်တုံ့ပြန်လိုက်၏။
အနီရောင်သင်္ကန်းဝတ် အကြီးအကဲမှာ ဆွံ့အသွားပြီး ထပ်မံငြင်းခုံလိုသော်လည်း အကြီးအကဲချုပ်၏ တင်းမာနေသော မျက်နှာထားကို မြင်လိုက်ရသောအခါ မိမိကိုယ်ကို ထိန်းချုပ်လိုက်ပြီး စကားမဟရဲတော့ချေ။
လင်းတောင်တန်းဆီသို့ ခွင့်ပြုချက်မရှိဘဲ ပြန်လာခြင်းသည် အကြီးအကဲချုပ်အား အမျက်ထွက်စေခဲ့ပြီးဖြစ်ကြောင်းကို သူ ကောင်းစွာ သိထားလေ၏။
အကယ်၍ သူ ထပ်ပြီးတော့သာအတင်းအကျပ် ပြောဆိုနေမည်ဆိုပါက အကျိုးဆက်များက ဆိုးရွားလာနိုင်ပေသည်။
အနီရောင်သင်္ကန်းဝတ် အကြီးအကဲ ငြိမ်သက်သွားသည်ကို မြင်သောအခါ၌ မျက်နှာနီမြန်းသော ဘုန်းကြီးအိုသည် သူ၏အကြည့်ကို ရုတ်သိမ်းလိုက်ပြီး ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်လေသည်။
ကျောင်းတော်မှ တပည့်များသည် လျှို့ဝှက်နယ်မြေ၏ အထီးကျန်မှုထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရသဖြင့် လက်တွေ့ကမ္ဘာမှ အတွေ့အကြုံများ ကင်းမဲ့နေကြပြီး အကျပ်အတည်းကြုံလာချိန်တွင် အများစုမှာ အသုံးမဝင်သလောက်ပင် ဖြစ်နေကြသည်။
ရွှမ်ယီတစ်ယောက် ထိုသရဲမျက်နှာဖုံးရှင်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်မှာ နှမြောစရာပင်။ အကယ်၍ သူသာ ဤနေရာတွင် ရှိနေမည်ဆိုပါက တပည့်များသည် ယခုလို ခေါင်းဖြတ်ခံထားရသော ယင်ကောင်များကဲ့သို့ ယောင်ချာချာဖြစ်နေကြမည် မဟုတ်ပေ။
မျက်နှာနီမြန်းသော ဘုန်းကြီးအိုက ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး နောက်ကြောင်းကို ပြန်တွေးရင်း အံ့သြနေမိ၏။ သူတို့က ချုံခိုတိုက်ခိုက်ရန် ပြင်ဆင်ပြီးခါစမှာပင် သရဲမျက်နှာဖုံးရှင်က လုံးဝကိုပျောက်ကွယ်သွားခဲ့သည်။
ယုတ္တိတန်တန် စဉ်းစားကြည့်ပါက သတင်းပေါက်ကြားသွားရန်လည်း အကြောင်းမရှိပေ။ သူတို့၏ အစီအစဉ်က ဘယ်အချိန်ကများ မှားယွင်းသွားခဲ့သနည်း။
ပြီးတော့ အဲဒီ သရဲမျက်နှာဖုံးရှင် ဘယ်ရောက်သွားတာလဲ။ သူ ရှီးကျိုးပြည်နယ်မှာ ပုန်းနေတုန်းပဲလား ဒါမှမဟုတ် ထွက်သွားပြီများလား။
မျက်နှာနီမြန်းသော ဘုန်းကြီးအို၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်လေးတစ်ခု ပေါ်လာလေသည်။
ဤအရာသည် ရွှမ်ခုန်းဘုရားကျောင်းအတွက် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသေးသော အကျပ်အတည်းတစ်ခုဖြစ်ပြီး သင့်လျော်စွာ မဖြေရှင်းနိုင်ပါက သူတို့၏ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့သော ဂုဏ်သိက္ခာကို ပျက်စီးသွားစေနိုင်ကြောင်း သူ အာရုံခံမိလေသည်။
သို့သော် ယခုအခါ ရန်သူက ပုန်းကွယ်နေပြီး မိမိတို့က ပေါ်ထွက်နေသဖြင့် ဤအကျပ်အတည်းကို မည်သို့ချိုးဖျက်ရမည်ကို သူ မသိတော့ချေ။
သူတို့သည် သရဲမျက်နှာဖုံးရှင်၏ တည်နေရာကို တွက်ချက်ရန် ကြိုးစားခဲ့ကြသော်လည်း လျှို့ဝှက်နယ်မြေမှ ဝိညာဉ်လက်နက်များကို အသုံးပြုခဲ့သည့်တိုင်အောင် ထိုသူနှင့်ပတ်သက်သော မည်သည့်အချက်အလက်ကိုမျှ သူတို့ မရရှိခဲ့ကြပေ။
သရဲမျက်နှာဖုံးရှင်သည် လိုအပ်သော ကြိုတင်ကာကွယ်မှုများ အားလုံးကို ပြုလုပ်ထားပြီး ကောင်းကင်ဘုံ၏ တွက်ချက်မှုများကို ဖုံးကွယ်နိုင်စွမ်းရှိသော လက်နက်တစ်ခုခုကို ပိုင်ဆိုင်ထားမည်မှာ ထင်ရှားလှပေ၏။
သူ့ကို ရှာမတွေ့နိုင်သည့်အပြင် အပြင်ထွက်ပါကလည်း ချုံခိုတိုက်ခိုက်ခံရနိုင်ခြေ ရှိနေသောကြောင့် မျက်နှာနီမြန်းသော ဘုန်းကြီးအိုအနေဖြင့် ယခုကဲ့သို့ ဆုတ်ခွာပုန်းအောင်းနေခြင်းထက် ပို၍ကောင်းမွန်သော ဗျူဟာကို မတွေ့နိုင်တော့ချေ။
...
နောက်ထပ် နှစ်ရက် ကုန်လွန်သွားခဲ့ပြီးနောက်တွင်တော့ သတင်းအချက်အလက်များ စုဆောင်းရန် ရှီးကျိုးပြည်နယ်သို့ ဝင်ရောက်လာသော အင်အားစုများမှာလည်း တိုးများလာခဲ့သည်။
အားလုံး အံ့သြသွားစေသည့်အချက်မှာ ရွှမ်ခုန်းဘုရားကျောင်းသည် လင်းတောင်တန်းအတွင်း၌သာ ဆက်လက်ပုန်းအောင်းနေရန် အမှန်တကယ် ရည်ရွယ်ထားပုံရပြီး ထွက်လာမည့် အရိပ်အယောင် လုံးဝမပြခြင်းပင်။
ရဲတင်းသော ကင်းထောက်အချို့သည် လင်းတောင်တန်း၏ အစွန်အဖျားအထိပင် သွားရောက်ခဲ့ကြသော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ပေ။
"အဲဒီဘုန်းကြီးအိုတွေက တကယ်ကြီး အဲ့လောက်တောင် ကြောက်သွားကြတာလား။ သူတို့က ဘယ်တုန်းက ဒီလောက်တောင် သည်းခံတတ်သွားကြတာလဲ"
လင်းတောင်တန်းအပြင်ဘက်ရှိ မြို့ငယ်လေးတစ်မြို့တွင် တာအိုကျင့်ကြံသူ ယန်မင်း ပေါ်လာပြီး သူ၏မျက်လုံးများထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်များဖြင့် တောင်တန်းများဆီသို့ လှမ်းကြည့်လိုက်လေသည်။
ရွှမ်ခုန်းဘုရားကျောင်း၏ ဆုတ်ခွာရန် ဆုံးဖြတ်ချက်မှာ သူ လုံးဝမမျှော်လင့်ထားသော အရာပင် ဖြစ်၏။
ရန်သူဟောင်းတစ်ဦးအနေဖြင့် ထိုဘုန်းကြီးများ မည်မျှ ကြီးစိုးလွှမ်းမိုးတတ်ကြောင်းကို သူ ကောင်းစွာ သိထားလေသည်။
အခြားသော လျှို့ဝှက်နယ်မြေကြီး သုံးခုနှင့် ဆက်ဆံရာတွင်ပင် ရွှမ်ခုန်းဘုရားကျောင်းသည် အမြဲတမ်း အင်အားပြင်းထန်သော ရပ်တည်ချက်ကိုသာ ထိန်းသိမ်းထားလေ့ရှိ၏။
သို့သော် ယခုအခါတွင်တော့ သူတို့သည် လင်းတောင်တန်းထဲတွင်သာ ပုန်းအောင်းနေကြပြီး အပြင်ဘက်မှ ကောလာဟလများကို အတားအဆီးမရှိ ပျံ့နှံ့ခွင့် ပြုထားကြလေသည်။
ဖုံးကွယ်ထားသော အကြံအစည်တစ်ခုခုများ ရှိနေတာကြောင့်လော သို့မဟုတ် ကောလာဟလထွက်နေသော သရဲမျက်နှာဖုံးရှင်ကပဲ အမှန်တကယ်ပင် ထိုမျှလောက်အထိ ကြောက်စရာကောင်းနေတာကြောင့်လော။
"ရွှမ်ခုန်းဘုရားကျောင်းက တကယ်ပဲ အပြင်ထွက်ဖို့ ရည်ရွယ်ချက် မရှိဘူးနဲ့တူတယ်"
အနီးအနားရှိ မြို့တစ်မြို့၏ တည်းခိုခန်းတစ်ခုအတွင်းတွင် လုချင်းသည် တရားထိုင်ခြင်းမှ နိုးလာပြီး မျက်လုံးများကို ဖွင့်လိုက်လေသည်။
အပြင်ဘက်မှ တီးတိုးစကားသံများကို ကြားလိုက်ရသောအခါ၌ သူ တိုးတိုးလေး ရေရွတ်လိုက်မိ၏။
လုချင်းသည် တစ်ချိန်လုံး ဂူထဲတွင်သာ ပုန်းအောင်းနေခဲ့ခြင်း မဟုတ်ပေ။
တောင်တန်းများထဲတွင် သတင်းအချက်အလက် ရှားပါးသဖြင့် မြို့ထဲတွင်နေထိုင်ခြင်းက ရွှမ်ခုန်းဘုရားကျောင်း၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ပို၍လွယ်ကူကြောင်း သူ တွေ့ရှိခဲ့သည်။
ရိုးရိုးသားသားပြောရလျှင် ရွှမ်ခုန်းဘုရားကျောင်း၏ အပြည့်အဝ ဆုတ်ခွာမှုကြောင့် သူ အံ့သြမိခဲ့သည်။
ယင်းက ယခင် ကျင့်ကြံခြင်းခေတ်ကာလများကတည်းက တည်ရှိခဲ့သော သူတို့၏ ခိုင်မာသည့် သမိုင်းကြောင်းနှင့် အခြားသော ဂိုဏ်းများစွာထက် သာလွန်သည့် ထူးခြားသော သည်းခံနိုင်စွမ်းနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်စွမ်းတို့ကို သက်သေပြနေခြင်းပင် ဖြစ်သည်။
"ဒါပေမဲ့ တောင်တွေထဲမှာ ပုန်းနေရုံနဲ့ ငါ သူတို့ကို မထိနိုင်ဘူးလို့ ထင်နေရင်တော့ သူတို့ မှားသွားပြီ"
လုချင်း၏ မျက်လုံးများထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု တောက်ပသွားလေသည်။ "ယန်ချန်ပေါ... အစီအစဉ်ကို ဆက်လုပ်ကြရအောင်"
"သခင်လေး... တကယ်ပဲ အဲ့ဒါကို လုပ်ချင်တာ သေချာပြီလား"
ယန်၏ အသံက လုချင်း၏စိတ်ထဲတွင် ပဲ့တင်ထပ်သွားလေသည်။ "ဒီလိုလုပ်လိုက်ရင် လီဟော်ဒယ်အိုးကို အချိန်တစ်ခုအထိ အသုံးမပြုနိုင်တော့ဘူးဆိုတာကို သတိရပါဦး"
"ပြဿနာမရှိပါဘူး။ ပြီးတာနဲ့ ချန်ပေ့အတွက် ဝိညာဉ်စွမ်းအင် စုဆောင်းတဲ့ အဆောင်တစ်ခု ဖန်တီးပေးပါ့မယ်။ ချန်ပေ့ရဲ့ ဝိညာဉ်စွမ်းအင်တွေ ပြန်ပြည့်လာဖို့ သိပ်ပြီးတော့အချိန်ကြာမှာ မဟုတ်ပါဘူး"
လုချင်းက ခိုင်မာပြတ်သားနေသည်ကို မြင်သောအခါ နောက်ဆုံးတွင် ယန်လည်း သဘောတူလိုက်တော့၏။ "သခင်လေး ဆုံးဖြတ်ပြီးပြီဆိုမှတော့ သခင်လေးရဲ့လမ်းညွှန်မှုအတိုင်း လုပ်ကြတာပေါ့"
"ဒါဆို သွားကြရအောင်"
ယန်က သဘောတူလိုက်သည်နှင့် လုချင်းသည် တည်းခိုခန်းမှ ချက်ချင်း ထွက်ခွာလိုက်တော့၏။ မြို့ပြင်သို့ရောက်သောအခါ၌ သူ၏မျက်နှာဖုံးကို တပ်ကာ ရွှေရောင်လှေငယ်လေးကို ဆင့်ခေါ်လိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်ရင်း လင်းတောင်တန်းဆီသို့ ဦးတည်သွားလေတော့သည်။
ရွှေရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်းသွားသဖြင့် ကောင်းကင်ယံကြီးမှာ တောက်ပသွားလေသည်။
လင်းတောင်တန်းသည် မြို့နှင့် သိပ်မဝေးလှသလို ထိုနယ်မြေသည် အင်အားစုအသီးသီးမှ ကင်းထောက်များနှင့် ပြည့်နှက်နေပြီဖြစ်ရာ မကြာမီမှာပင် ထိုအလင်းတန်းသည် လူအများ၏ အာရုံစိုက်မှုကို ကြီးမားစွာ ရရှိသွားလေတော့၏။
"အဲဒါ ဘာကြီးလဲ"
"ရွှေရောင်အလင်းတန်းတစ်ခုပဲ... အဲဒီအထဲမှာ လူတစ်ယောက် ရှိနေသလိုပဲ"
"အဲဒါ လျှို့ဝှက်ဆန်းကြယ်တဲ့ သိုင်းပညာရှင်ပဲ။ နောက်ဆုံးတော့ သူ ထွက်လာပြီ။ ပြီးတော့ လင်းတောင်တန်းဆီ ဦးတည်သွားနေတာလား"
"ရွှမ်ခုန်းဘုရားကျောင်းရဲ့ ဌာနချုပ်ကို သူ တစ်ယောက်တည်း သွားနေတာလား"
"မြန်မြန်... သူ့နောက်လိုက်ကြ။ ကိစ္စကြီးကြီးမားမားတစ်ခုခု ဖြစ်တော့မယ်လို့ ငါ ခံစားနေရတယ်"
...
သိုင်းပညာရှင်များ၏ ထက်မြက်သော အမြင်အာရုံကြောင့် ရွှေရောင်အလင်းတန်းအတွင်းမှ ပုံရိပ်ကို သူတို့ လှမ်းမြင်လိုက်ရလေသည်။
သူ၏ ရုပ်သွင်ကို ရှင်းလင်းစွာ မမြင်ရသော်လည်း ရွှေရောင်အလင်းတန်းဖြင့် လွှမ်းခြုံထားသော လျှို့ဝှက်ဆန်းကြယ်သည့် ပုံရိပ်တစ်ခု ရှိနေကြောင်းကိုတော့ သူတို့ သိနိုင်ပေသည်။
မကြာသေးမီက ထွက်ပေါ်ခဲ့သော ကောလာဟလများအရ ဤသူသည် ရွှမ်ခုန်းဘုရားကျောင်းကို လင်းတောင်တန်းအတွင်းသို့ ဆုတ်ခွာသွားစေရန် ဖိအားပေးခဲ့သော ထိုအစွမ်းထက်ပုဂ္ဂိုလ်ပင် ဖြစ်ရမည်ဟု သူတို့ လုံးဝသံသယမရှိကြပေ။
ရွှေရောင်အလင်းတန်းသည် လင်းတောင်တန်းဆီသို့ ဦးတည်သွားနေသည်ကို မြင်သောအခါ၌ ကြီးမားခမ်းနားသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာတော့မည်ကို ကင်းထောက်များကလည်း ချက်ချင်း သဘောပေါက်လိုက်ကြ၏။
သို့ဖြစ်၍ ကင်းထောက်အားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် လင်းတောင်တန်းဆီသို့ အရူးအမူးကို ပြေးသွားကြလေတော့သည်။
....