← Chapters

အခန်း (၃၇၃-၃၇၄)

Vol. 38 Ch. 373-374

အခန်း (၃၇၃-၃၇၄)

Vol. 38 Ch. 373-374

အခန်း ၃၇၃ - မြေကမ္ဘာတုန်ဟည်းသွားစေသော တိုက်ခိုက်မှု

ရွှေရောင်လှေငယ်ဖြင့် လုချင်းတစ်ယောက် ရှေ့သို့ အဟုန်ပြင်းစွာ ပျံသန်းသွားသောအခါ မကြာမီမှာပင် လင်းတောင်တန်း၏ အစွန်အဖျားသို့ ရောက်ရှိသွားတော့၏။

လမ်းခရီးရှိ မြို့ငယ်လေးတစ်မြို့၏ လမ်းမများပေါ်တွင် ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေသော တာအိုကျင့်ကြံသူ ယန်မင်းသည် ရုတ်တရက် တစ်ခုခုကို ခံစားလိုက်ရလေသည်။ သူက ကောင်းကင်သို့ မော့ကြည့်လိုက်ရာ သူ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားလေတော့သည်။

"အဲဒီရွှေရောင်အလင်းတန်းက.... အဲဒါ လျှို့ဝှက်ဆန်းကြယ်တဲ့ သိုင်းပညာရှင်ပဲ။ သူ ဘာလုပ်မလို့လဲ"

ရွှေရောင်အလင်းတန်း ဦးတည်သွားနေသော လမ်းကြောင်းကို ကြည့်ရင်း တာအိုကျင့်ကြံသူ ယန်မင်း၏ ရင်ထဲတွင် ချမ်းစိမ့်သွားလေသည်။

သူသည် လမ်းမပေါ်တွင် ဆက်မနေတော့ဘဲ သူ၏စွမ်းအင်များကို မြှင့်တင်ကာ ရွေ့လျားမှုသိုင်းပညာကို အသုံးပြု၍ ကောင်းကင်သို့ ပျံတက်သွားလိုက်ရာ ပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများထံမှ အံ့သြတကြီး အာမေဍိတ်သံများ ထွက်ပေါ်လာစေခဲ့သည်။

သို့သော် တာအိုကျင့်ကြံသူ ယန်မင်းတစ်ယောက် ကောင်းကင်သို့ ရောက်ရှိသွားချိန်တွင်တော့ ရွှေရောင်အလင်းတန်းသည် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားလေပြီဖြစ်ရာ နောက်ဆုံးမြင်လိုက်ရသည့် လင်းတောင်တန်းဆီသို့ ဦးတည်နေသော လမ်းကြောင်းအတိုင်းသာ သူ ဆက်လက်လိုက်ပါသွားရလေတော့သည်။

အောက်ဘက်တွင် သူ၏ လှုပ်ရှားမှုများကို သတိပြုမိမည့်လူများစွာ ရှိနေမည်ကို လုချင်း ကောင်းစွာ သိထားပေသည်။

သို့သော် သူ ဂရုမစိုက်ခဲ့ပေ။ အမှန်တကယ်တော့ ဤအရာသည် သူ၏ အစီအစဉ်ထဲမှ တစ်စိတ်တစ်ပိုင်းပင် ဖြစ်၏။

မည်သို့ပင်ဆိုစေ သူလုပ်မည့်အရာကို မြင်တွေ့ရမည့်သူ ပိုများလေ၊ ပိုကောင်းလေပင်။

ရွှေရောင်လှေငယ်၏ အရှိန်ဖြင့် လုချင်းသည် လင်းတောင်တန်းအထက်သို့ လျင်မြန်စွာ ရောက်ရှိလာပြီး အောက်ဘက်ရှိ အခမ်းနားဆုံးနှင့် အမြင့်မားဆုံးသော တောင်ထွတ်ကို စိုက်ကြည့်လိုက်လေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က သူ ဤနေရာသို့ လာရောက်ခဲ့ပြီးနောက်ပိုင်း ဤနယ်မြေသည် သိသိသာသာကို ပြောင်းလဲသွားခဲ့ကြောင်း သူ အာရုံခံမိလိုက်၏။

သွေးနှင့် ချီစွမ်းအင်များက ကောင်းကင်ဆီသို့ ထိုးတက်နေပြီး စုရုံးနေကြသော အစွမ်းထက်ပုဂ္ဂိုလ်များ ပိုများလာရုံသာမက ဤဒေသ၏ မြေကမ္ဘာသွေးကြောများကလည်း ယခင်ကထက် ပိုမိုသေချာစွာ ချိန်ညှိထားပုံရလေသည်။

ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကလည်း မှန်မှန်လည်ပတ်ကာ စုစည်းနေကြသည်။

ရွှမ်ခုန်းဘုရားကျောင်းသည် ဤနေရာတွင် ရိုးရိုးရှင်းရှင်း ပုန်းအောင်းနေခဲ့ခြင်း မဟုတ်ကြောင်း ထင်ရှားလှပေ၏။

ယင်းအစား သူတို့သည် အခွင့်အရေးကို အသုံးချကာ ဤအနီးတစ်ဝိုက်တွင် အတော်လေး ကြောက်မက်ဖွယ်ကောင်းသော ဝင်္ကပါတစ်ခုကို ခင်းကျင်းထားခဲ့ခြင်း ဖြစ်သည်။

သို့သော် အလောတကြီး စီစဉ်ထားသော ဝင်္ကပါတစ်ခုက သူတို့ကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု သူတို့ တကယ်ပဲ ထင်နေကြသည်လော။

လုချင်း၏ အကြည့်များက အေးစက်သွားလေ၏။

ပြီးနောက်၌ သူ၏လက်ကို ဝှေ့ယမ်းလျက် မန္တန်တစ်ခုကို ဖန်တီးလိုက်ရာ သူ၏လည်ပင်းမှ လက်မအရွယ်အစားရှိ ဒယ်အိုးငယ်လေးတစ်ခု ပျံသန်းထွက်ပေါ်လာပြီး သူ၏ရှေ့တွင် လွင့်မျောနေလေသည်။

"ယန်ချန်ပေ့... စဖို့ အချိန်ကျပြီ"

လုချင်းက လီဟော်ဒယ်အိုးကို ထုတ်ယူလိုက်ချိန်တွင် လင်းတောင်တန်း၏ အောက်ဘက်ရှိ လူများသည်လည်း ကောင်းကင်ယံမှ ပုံမှန်မဟုတ်သော အခြေအနေကို သတိပြုမိသွားကြလေသည်။

"အားလုံးပဲ အပေါ်ကို ကြည့်လိုက်ကြစမ်း၊ အပေါ်ကဟာက ဘာကြီးလဲ"

"ရွှေရောင်လှေတစ်စင်း ပြီးတော့ သရဲမျက်နှာဖုံးတပ်ထားတဲ့ လူတစ်ယောက်လည်း ရှိတယ်... အဲဒါ မိစ္ဆာကောင်ပဲ"

"မိစ္ဆာကောင် ပေါ်လာပြီ၊ မြန်မြန်... အကြီးအကဲချုပ်တွေကို အသိပေးကြ"

လုချင်း၏ ခြေအောက်ရှိ ရွှေရောင်လှေငယ်မှာ အလွန်သိသာထင်ရှားလွန်းလှပေ၏။

အထူးသဖြင့် မကြာသေးမီက သူသည် ဤလှေကိုပင် အသုံးပြု၍ ရွှမ်ခုန်းဘုရားကျောင်း၏ တပည့်များကို လိုက်လံသတ်ဖြတ်ခဲ့သဖြင့် ၎င်းသည် သူ၏ အသိအမှတ်ပြုခံရသော အမှတ်အသားတစ်ခု ဖြစ်လာခဲ့သည်။

ထို့ကြောင့် အောက်ဘက်ရှိ ရွှမ်ခုန်းဘုရားကျောင်းမှ တပည့်များက ကောင်းကင်မှ ပုံမှန်မဟုတ်သော မြင်ကွင်းကို မြင်လိုက်ရသောအခါ၌ ချက်ချင်းပင် ထိတ်လန့်သွားကြလေသည်။

မည်သို့ပင်ဆိုစေ လုချင်း၏ မကြာသေးမီက လုပ်ရပ်များမှာ အလွန်ရဲတင်းလွန်းလှပြီး ရွှမ်ခုန်းဘုရားကျောင်း တစ်ခုလုံးကို ဖိနှိပ်ကာ လင်းတောင်တန်းအတွင်း၌ ပုန်းအောင်းနေစေရန် ဖိအားပေးနိုင်ခဲ့သည် မဟုတ်ပါလော။

ဤအချက်တစ်ခုတည်းကပင် ရွှမ်ခုန်းဘုရားကျောင်းမှ တပည့်များစွာ၏ နှလုံးသားထဲတွင် နက်ရှိုင်းသော ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေခဲ့လေသည်။

"မင်းတို့ ဘာလို့ ထိတ်လန့်နေကြတာလဲ"

ရွှမ်ခုန်းဘုရားကျောင်းမှ တပည့်များ ထိတ်လန့်တကြား ဖြစ်နေစဉ် မျက်နှာနီမြန်းသော ဘုန်းကြီးအိုတစ်ပါး၏ ပုံရိပ်က ရုတ်တရက် ပေါ်ထွက်လာပြီး အလန့်တကြားဖြစ်နေသော တပည့်များကို ဦးစွာ ဆူပူလိုက်ကာ ကောင်းကင်ဆီသို့ လေးနက်စွာ မော့ကြည့်လိုက်လေ၏။

ဤသို့သောအချိန်မျိုးတွင် လုချင်း ဗြောင်ကျကျ ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ရွှေရောင်လှေငယ်ပေါ်တွင် ရပ်နေသော လုချင်းကို မြင်သောအခါ သူ၏ရင်ထဲတွင် နာကျင်သွားလေသည်။

သာမန်တပည့်များက အကြီးအကဲချုပ်များ၏ ကိစ္စရပ်များကို မသိကြသော်လည်း ၎င်းသည် ခူးရုံ၏ လက်နက်ဖြစ်ကြောင်းကိုတော့ သူက ဘယ်လိုလုပ် မမှတ်မိဘဲ နေမည်နည်း။

"မင်းက ဘယ်သူလဲ... ပြီးတော့ ငါတို့ ရွှမ်ခုန်းဘုရားကျောင်းနဲ့ ဘာရန်ငြိုးတွေရှိလို့ ငါတို့ တပည့်တွေကို လိုက်လံသတ်ဖြတ်နေရတာလဲ"

မျက်နှာနီမြန်းသော ဘုန်းကြီးက လုချင်းအပေါ် အမုန်းတရားများဖြင့် ပြည့်နှက်နေသော်လည်း သူ၏ သရုပ်မှန်ကို သိရှိလိုနေဆဲပင်။

လွန်ခဲ့သော ရက်အနည်းငယ်က လုချင်း ပြသခဲ့သော သတိကြီးမှုအရ ယခုကဲ့သို့ ဗြောင်ကျကျ ပေါ်လာခြင်းသည် ပုံမှန်မဟုတ်သော အခြေအနေတစ်ခုကို ညွှန်ပြနေသည်မှာ သေချာလှပေ၏။

ထို့ကြောင့် သူ၏ ဝိညာဉ်အာရုံမှတစ်ဆင့် တိတ်တဆိတ် သတင်းပို့နေရင်း တစ်ဖက်တွင်လည်း လုချင်းကို နှောင့်နှေးစေရန် ရည်ရွယ်၍ စကားပြောရန် ကြိုးစားလိုက်လေသည်။

သို့သော် လုချင်းက အောက်ဘက်ရှိ ကတုံးဘုန်းကြီးများနှင့် စကားပြောရန် ရည်ရွယ်ချက် လုံးဝမရှိချေ။

အေးစက်သော အကြည့်ဖြင့် သူ၏လက်ထဲရှိ မန္တန်ကို အသက်သွင်းလိုက်ရာ သူ၏ရှေ့ရှိ လီဟော်ဒယ်အိုးသည် ဖြည်းညှင်းစွာ လည်ပတ်လာပြီး ကောင်းကင်နှင့် မြေကြီးမှ ဝိညာဉ်စွမ်းအင်များကို စုပ်ယူလာလေသည်။

ကြီးမားလှသော ဝိညာဉ်စွမ်းအင်ပမာဏသည် ဒယ်အိုးထဲသို့ စီးဝင်သွားသည်နှင့်အမျှ ၎င်းသည် အရွယ်အစား ကြီးမားလာပြီး ၎င်းအတွင်းရှိ ဖုံးကွယ်ထားသော စွမ်းအားများသည် တဖြည်းဖြည်း ပေါ်ထွက်လာလေတော့၏။

အောက်ဘက်ရှိ ရွှမ်ခုန်းဘုရားကျောင်းမှ တပည့်များသည်လည်း ထိုအပြောင်းအလဲကို ခံစားလိုက်ကြရသည်။

ထိုအခါမှသာ မျက်နှာနီမြန်းသော ဘုန်းကြီးက လုချင်း၏ရှေ့တွင် လွင့်မျောနေသော ဒယ်အိုးငယ်လေးကို သတိပြုမိသွားလေသည်။

လီဟော်ဒယ်အိုးမှ ထွက်ပေါ်လာသော ရောင်ဝါစွမ်းအင်ကြောင့် သူ၏ မျက်နှာအမူအရာမှာ သိသိသာသာကို ပြောင်းလဲသွားလေတော့၏။

"အဲဒါက... ဝိညာဉ်လက်နက်တစ်ခုလား"

မျက်နှာနီမြန်းသော ဘုန်းကြီးသည် လုချင်း၏ရှေ့ရှိ လီဟော်ဒယ်အိုးကို အစွမ်းကုန် စိုက်ကြည့်နေပြီး သူ၏မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေလေသည်။

သူ စိတ်ကူးထားသည့်အရာ အမှန်တကယ် ဟုတ်၊ မဟုတ်ကို အတည်ပြုချင်နေသည့်အလားပင်။

သို့သော် လီဟော်ဒယ်အိုးက ဆက်လက်ကြီးမားလာပြီး ၎င်း၏ရောင်ဝါစွမ်းအင်မှာလည်း ပို၍ကြောက်မက်ဖွယ် ကောင်းလာသည်နှင့်အမျှ ၎င်းသည် အမှန်တကယ်ပင် ဝိညာဉ်လက်နက်တစ်ခု၏ ရောင်ဝါဖြစ်ကြောင်းကို သူ လက်မခံဘဲ မနေနိုင်တော့ချေ။

သူတို့၏ စုပေါင်းအင်အားများနှင့် လျှို့ဝှက်နယ်မြေကို ဖိနှိပ်ရန် အသုံးပြုသည့် ဝိညာဉ်လက်နက်၏အကူအညီဖြင့်ပင် ဤလျှို့ဝှက်ဆန်းကြယ်သူအကြောင်း မည်သည့်အချက်အလက်ကိုမျှ တွက်ချက်မရနိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်တော့ပေ။

သရဲမျက်နှာဖုံးရှင်တွင်လည်း ဝိညာဉ်လက်နက်တစ်ခု ရှိနေခဲ့ခြင်းပင်။

ဤအချိန်တွင် မျက်နှာနီမြန်းသော ဘုန်းကြီးသည် လုချင်း၏ လှုပ်ရှားမှုများကို အဘယ်ကြောင့် ခြေရာခံမရခဲ့သည်ကို နောက်ဆုံးတွင် သဘောပေါက်သွားလေပြီဖြစ်၏။

ဝိညာဉ်လက်နက်အဆင့်ရှိ အရာများသည် သဘာဝနိယာမများကို ၎င်းတို့အတွင်း၌ ပိုင်ဆိုင်ထားပြီး အသုံးပြုသူ၏ တည်ရှိမှုကို သဘာဝအလျောက် ဖုံးကွယ်ထားနိုင်စွမ်းရှိရာ သာမန်နည်းလမ်းများဖြင့် ခြေရာခံရန် မဖြစ်နိုင်ချေ။

သရဲမျက်နှာဖုံးရှင်က ဝိညာဉ်လက်နက်ကို ကိုင်ဆောင်ထားကြောင်း သိလိုက်ရမှုကြောင့် သူ လုံးဝတုန်လှုပ်သွားလေတော့သည်။

ရှေးခေတ် ကျင့်ကြံခြင်းခေတ်ကာလတွင်ပင် အလွန်တန်ဖိုးကြီးလှသော ဝိညာဉ်လက်နက်တစ်ခုကို လုချင်း အသုံးပြုနိုင်သည်ကို အံ့သြနေသော်လည်း ဤအချိန်သည် ထိုအချက်အပေါ် အာရုံစိုက်နေရမည့်အချိန် မဟုတ်ကြောင်းကို မျက်နှာနီမြန်းသော ဘုန်းကြီး သိထားပါ၏။

ကောင်းကင်ယံရှိ ဒယ်အိုးငယ်သည် တဖြည်းဖြည်း ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါကို ထုတ်လွှတ်လာသည်ကို ကြည့်ရင်း သရဲမျက်နှာဖုံးရှင်၏ ရည်ရွယ်ချက်ကို သူ ချက်ချင်း သဘောပေါက်လိုက်တော့သည်။

သူက ဝိညာဉ်လက်နက်ကို သုံးပြီး ရွှမ်ခုန်းဘုရားကျောင်းကို တိုက်ခိုက်ဖို့ ရည်ရွယ်နေတာပဲ။

"တပည့်တွေအားလုံး ချက်ချင်း လူစုခွဲကြ ဒီနေရာကနေ ထွက်သွားကြ၊ တတ်နိုင်သမျှ ဝေးဝေးကို ပြေးကြ... မြန်မြန်လုပ်"

မျက်နှာနီမြန်းသော ဘုန်းကြီးက ဟိန်းဟောက်လိုက်ပြီး သူ၏အသံမှာ ပတ်ဝန်းကျင်တစ်ခွင် ပဲ့တင်ထပ်သွားလေသည်။

ပတ်ဝန်းကျင်ရှိ ရွှမ်ခုန်းဘုရားကျောင်းမှ တပည့်များသည် သူတို့၏ အကြီးအကဲချုပ်ကို ဤမျှ ထိတ်လန့်တကြားဖြစ်နေသည့် အခြေအနေမျိုး တစ်ခါမျှ မမြင်ဖူးခဲ့ကြသဖြင့် တစ်ခဏမျှ ကြောင်အသွားကြ၏။‌

သို့သော် သူတို့ လျင်မြန်စွာပင် သဘောပေါက်သွားကြသည်။

အထက်ရှိ ဒယ်အိုးထံမှ ဖြာထွက်လာသော ကြောက်မက်ဖွယ် ရောင်ဝါကို သူတို့လည်း ခံစားနိုင်ကြပေသည်။

သူတို့၏ နှလုံးသားများကိုပင် တုန်လှုပ်သွားစေသော ကြီးမားလှသည့် စွမ်းအားကို အာရုံခံမိပြီးနောက်၌ ၎င်းသည် မည်မျှအန္တရာယ်ကြီးကြောင်းကို အရူးတစ်ယောက်ပင် သိနိုင်ပါ၏။

ထို့ကြောင့် ခေတ္တမျှ ရပ်တန့်သွားပြီးနောက်တွင်တော့ ရွှမ်ခုန်းဘုရားကျောင်းမှ တပည့်များသည် အရပ်မျက်နှာအနှံ့နှံ့သို့ လူစုကွဲသွားကြပြီး အသီးသီး သူတို့၏ ရွေ့လျားမှုသိုင်းပညာများကို အသုံးပြုကာ ထွက်ပြေးကြလေတော့သည်။

တစ်ချိန်တည်းမှာပင် မျက်နှာနီမြန်းသော ဘုန်းကြီး၏ ပတ်လည်တွင် ရွှေရောင်အလင်းလွှာတစ်ခု ပေါ်လာလေ၏။

သူ၏လက်ထဲတွင် ဝင်္ကပါအလံတစ်ခု ပေါ်လာပြီး စိတ်ကူးလိုက်သည်နှင့် တောင်ထွတ်တစ်ခုလုံးကို ဝင်္ကပါအလင်းတန်းတစ်ခုက လွှမ်းခြုံသွားလေသည်။

"အခုမှ ထွက်ပြေးဖို့ ကြိုးစားနေတာလား။ နောက်ကျသွားပြီ"

လုချင်း၏ နေရာမှ ကြည့်လိုက်လျှင် မျက်နှာနီမြန်းသော ဘုန်းကြီး၏ ဝင်္ကပါအလင်းတန်းက တောင်ထွတ်အား အကာအကွယ်ပေးထားသည်ကို မြင်တွေ့နိုင်ပေသည်။

ရွှမ်ခုန်းဘုရားကျောင်းမှ တပည့်များသည် ပြိုလဲနေသော သစ်ပင်မှ ထွက်ပြေးနေကြသည့် မျောက်များကဲ့သို့ လူစုကွဲနေကြ၏။

ထိုစဉ် လုချင်း‌၏ အကြည့်များ အေးစက်သွားပြီး မျက်နှာပေါ်တွင် လှောင်ရိပ်သန်းသည့် အပြုံးတစ်ခုပေါ်လာတော့သည်။

သူ၏လက်ထဲရှိ မန္တန်ကို ပြောင်းလဲလိုက်သောအခါတွင်တော့ အမြင့်ဆုံးစွမ်းအားသို့ ရောက်ရှိနေပြီဖြစ်သော လီဟော်ဒယ်အိုးသည် ရုတ်တရက် သုံးကျန်းခန့်အထိ ကြီးမားသွားလေသည်။

ထို့နောက် လက်ဟန်တစ်ချက်ဖြင့် လုချင်းသည် ဒယ်အိုး၏ အဝကို အောက်သို့ လှည့်လိုက်တော့၏။

"သွားစမ်း"

ဝုန်း

လုချင်း၏ အမိန့်ပေးမှုနှင့်အတူ ကောင်းကင်ယံတွင် နဂါးတစ်ကောင်၏ ဟိန်းဟောက်သံကြီးတစ်ခု ပဲ့တင်ထပ်သွားလေသည်။

သို့ဖြစ်၍ လောင်ကျွမ်းနေသော တောင်တစ်လုံးကဲ့သို့ မီးတောက်များ တဟုန်းဟုန်း တောက်လောင်နေသည့် ဧရာမ လီဟော်ဒယ်အိုးကြီးသည် အောက်ဘက်ရှိ တောင်ထွတ်ဆီသို့ ပြင်းထန်စွာ ကျဆင်းသွားလေတော့၏။

...

အခန်း ၃၇၄ - ရှင်းလင်းသုတ်သင်ခြင်း၊ ဝိညာဉ်လက်နက်၏ စွမ်းအား

ဝုန်း

အချိန်အတော်ကြာ ပြင်ဆင်ပြီးနောက် ကြီးမားလှသော ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေသည့် လီဟော်ဒယ်အိုးသည် လုချင်း၏ အမိန့်ပေးမှုအောက်တွင် ဟိန်းဟောက်လိုက်လေသည်။

နှလုံးသားကိုပင် တုန်လှုပ်သွားစေနိုင်သော စွမ်းအားများ သယ်ဆောင်လာသည့် နဂါးဟိန်းဟောက်သံကြီးကဲ့သို့ အသံကြီးကို ထုတ်လွှတ်ကာ မျက်နှာနီမြန်းသော ဘုန်းကြီးအိုနှင့် အခြားသူများ ရပ်နေသည့် အောက်ဘက်ရှိ တောင်ထွတ်ဆီသို့ ပြင်းထန်စွာ ကျဆင်းလာလေတော့၏။

"ဒုက္ခပါပဲ"

တောင်တစ်လုံးကဲ့သို့ လေးလံလှပြီး အထက်မှ ဆင်းသက်လာသော ကြောက်မက်ဖွယ် ဖိအားကြီးကို အာရုံခံမိသောအခါ၌ မျက်နှာနီမြန်းသော ဘုန်းကြီးအို၏ မျက်နှာအမူအရာမှာ သိသိသာသာကို ပြောင်းလဲသွားပြီး သူ့မျက်လုံးအိမ်များမှာလည်း ချက်ချင်းပင် အပ်ပေါက်အရွယ်ခန့် သေးငယ်သွားလေသည်။

သို့သော် အခြားတပည့်များကို သတိပေးဖို့ရန်မှာ အခါနှောင်းသွားခဲချေပြီပင်။

သူ လုပ်နိုင်သမျှမှာ သူ၏လက်ထဲရှိ ဝင်္ကပါအလံထဲသို့ သူ၏ ဝိညာဉ်စွမ်းအားများကို အရူးအမူး ထည့်သွင်းရန်သာ ရှိတော့၏။

ဝိညာဉ်စွမ်းအားများ စီးဝင်သွားမှုနှင့်အတူ မျက်နှာနီမြန်းသော ဘုန်းကြီးအို ရပ်နေသည့် တောင်ထွတ်ပေါ်ရှိ ဝင်္ကပါသည် စူးရှတောက်ပသော အလင်းတန်းတစ်ခုနှင့်အတူ အသက်ဝင်လာပြီး တောင်တစ်ခုလုံးကို လွှမ်းခြုံထားသော အကာအကွယ်အတားအဆီးတစ်ခုကို ဖန်တီးလိုက်သည်။

ဤအကာအကွယ်ကို ဖန်တီးပြီးစီးသွားသော်လည်း မျက်နှာနီမြန်းသော ဘုန်းကြီးအိုသည် မည်သည့် လုံခြုံမှုမျိုးကိုမျှ မခံစားရသေးချေ။

သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းတစ်ခု ပစ်ထွက်လာပြီး သူ့ပတ်လည်တွင် အကာအကွယ်ဒိုင်းတစ်ခုကို ဖန်တီးလိုက်လေသည်။

ဤဖြစ်ရပ်များကို ပြန်ပြပြောပြရာတွင်တော့ ကြာမြင့်ပုံရသော်လည်း အရာအားလုံးသည် စက္ကန့်ပိုင်းအတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်းသာ။

လုချင်းက လီဟော်ဒယ်အိုးကို အောက်သို့ တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည့်အချိန်မှစ၍ မျက်နှာနီမြန်းသော ဘုန်းကြီးအိုက ဝင်္ကပါကို အသက်သွင်းလိုက်သည့်အချိန်အထိ အရာအားလုံးသည် အသက်တစ်ကြိမ်ရှူသည့်အချိန်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်လေသည်။

ဝင်္ကပါအကာအကွယ် လင်းလက်လာသည်နှင့်တစ်ပြိုင်နက် လီဟော်ဒယ်အိုးကြီးက ၎င်းကို ဝင်ဆောင့်မိသွားလေတော့၏။

ဝိညာဉ်လက်နက်တစ်ခု၏ စွမ်းအားမှာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။ လုချင်း၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်သည် ဒယ်အိုး၏ အပြည့်အဝစွမ်းအား တစ်ရာခိုင်နှုန်းကိုပင် ထုတ်လွှတ်ရန် မလုံလောက်သေးသော်လည်း အချိန်ယူပြင်ဆင်ထားသော ဤမြေကမ္ဘာတုန်ဟည်းသွားစေမည့် တိုက်ခိုက်မှုကြီးမှာ ရွှမ်ခုန်းဘုရားကျောင်း၏ အလောတကြီး ချထားသော ဝင်္ကပါက ခံနိုင်ရည်ရှိမည့် အတိုင်းအတာထက် ကျော်လွန်နေဆဲပင် ဖြစ်၏။

ထို့ကြောင့် မျက်နှာနီမြန်းသော ဘုန်းကြီးအို ဖန်တီးလိုက်သည့် ဝင်္ကပါအကာအကွယ်သည် စတင်လင်းလက်လာရုံသာ ရှိသေးချိန်တွင် မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျဆင်းလာသော လီဟော်ဒယ်အိုး၏ အောက်၌ ကြက်ဥခွံတစ်ခုကဲ့သို့ ကြေမွပျက်စီးသွားတော့လေ၏။

ထို့နောက်၌ ထိတ်လန့်တကြားဖြစ်နေသော ရွှမ်ခုန်းဘုရားကျောင်း တပည့်များစွာ၏ အကြည့်အောက်တွင်ပဲ ဒယ်အိုးကြီးသည် တောင်ထွတ်ကို ဝင်ဆောင့်မိသွားတော့သည်။

ဝုန်း

တောင်ငယ်တစ်လုံးခန့် ကြီးမားသော လီဟော်ဒယ်အိုးကြီး ပြုတ်ကျလာမှုကြောင့် မြေကြီးနှင့် တောင်တန်းများပင် တစ်ခဏအတွင်း တုန်ခါသွားလေတော့သည်။

၎င်း၏ ပြိုင်ဘက်ကင်းလောက်အောင် ခိုင်မာသော ကိုယ်ထည်သည် တိုက်မိသွားချိန်တွင် တောင်ပေါ်၌ ဧရာမ တွင်းကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ရိုက်ခတ်မှု၏ စွမ်းအားမှာ အလွန်လွှမ်းမိုးနိုင်လှပြီး ၎င်း၏လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို တိုက်စားသွားကာ ပေသုံးရာ ပတ်လည်အတွင်းရှိ အဆောက်အအုံများနှင့် သစ်ပင်များအားလုံးကို မြေပြန့်အဖြစ်သို့ ပြောင်းလဲပစ်လိုက်လေသည်။

ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ လီဟော်ဒယ်အိုးထဲမှ ယိုစိမ့်ထွက်လာသော ဝိညာဉ်မီးတောက်များဖြစ်ပြီး ၎င်းတို့သည် တောင်ထွတ်တစ်ခွင်သို့ ပျံ့နှံ့သွားကာ မီးပင်လယ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လိုက်လေသည်။

"အား"

"မလုပ်ပါနဲ့ တိုက်ရှန်အကြီးအကဲ... ကျွန်တော့်ကို ကယ်ပါဦး"

"ဒီမီးက ဘာကြီးလဲ။ ဘာလို့ မငြိမ်းသွားရတာလဲ"

...

လီဟော်ဒယ်အိုး၏ မြေကမ္ဘာတုန်ဟည်းသွားစေမည့် တိုက်ခိုက်မှုစွမ်းအားမှာ အလွန်ကြီးမားလှပါ၏။

ရွှမ်ခုန်းဘုရားကျောင်းမှ တပည့်များသည် ဝေးဝေးသို့ မထွက်ပြေးနိုင်ခဲ့ကြပေ။ နှေးကွေးသူအချို့မှာတော့ တိုက်မိသည့်အချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီး၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး သူတို့၏ ကိုယ်တွင်းအင်္ဂါများ ကြေမွကာ အပိုင်းပိုင်းအစစဖြစ်ပြီး ချက်ချင်းပင် သေဆုံးသွားကြတော့သည်။

ထိုလှိုင်းလုံးကြီးမှ သီသီလေး လွတ်မြောက်သွားသူများကလည်း အထက်မှ ကျဆင်းလာသော မီးတောက်များ၏ ဘေးမှ မလွတ်ကင်းခဲ့ကြပေ။

လီဟော်ဒယ်အိုးမှ မီးတောက်များသည် ဝိညာဉ်မီးတောက်များဖြစ်ပြီး ရုပ်ခန္ဓာကိုယ်ကိုသာမက ဝိညာဉ်ကိုပါ လောင်ကျွမ်းစေလေသည်။

လူတစ်ယောက်သည် ၎င်းနှင့် အနည်းငယ်မျှ ထိတွေ့မိသည်နှင့် အထူးသိုင်းပညာ သို့မဟုတ် အကာအကွယ်လက်နက်သာ မရှိပါက ပစ်မှတ် လုံးဝလောင်ကျွမ်းသွားသည်အထိ မီးတောက်များကို ငြှိမ်းသတ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ရွှမ်ခုန်းဘုရားကျောင်းမှ တပည့်များသည် အမြင့်ဆုံးအဆင့်အနေဖြင့် မွေးရာပါနယ်ပယ်တွင်သာ ရှိကြရာ ဤဝိညာဉ်လက်နက်၏ ကြောက်မက်ဖွယ် မီးတောက်များကို ခုခံနိုင်စွမ်း လုံးဝမရှိကြပေ။

သူတို့သည် ကိုယ့်ကိုကိုယ် ကာကွယ်ရန် စစ်မှန်သောစွမ်းအင် သို့မဟုတ် ဝိညာဉ်စွမ်းအင်များကို အသုံးပြုသည်ဖြစ်စေ၊ မြေပြင်ပေါ်တွင် လူးလှိမ့်နေသည်ဖြစ်စေ ဝိညာဉ်မီးတောက်များကို အနည်းငယ်မျှပင် ငြှိမ်းသတ်၍မရနိုင်ခဲ့ကြပေ။

အချိန်တိုအတွင်းမှာပင် တောင်ထွတ်တစ်ခုလုံးသည် ရွှမ်ခုန်းဘုရားကျောင်း တပည့်များ၏ အသည်းအသန် အော်ဟစ်သံများနှင့် ပြည့်နှက်သွားပြီး မျှော်လင့်ချက်မဲ့နေသော အသံများသာ ပဲ့တင်ထပ်နေလေတော့၏။

အောက်ဘက်ရှိ ငရဲကဲ့သို့သော မြင်ကွင်းကို ကြည့်ရင်း လုချင်းသည် ကောင်းကင်ယံတွင် လွင့်မျောနေပြီး သူ၏မျက်နှာအမူအရာမှာလည်း ပြောင်းလဲခြင်းမရှိခဲ့ပေ။

ယခင်က မြင့်မြတ်သောတောင်တော်တွင် ရွှမ်ခုန်းဘုရားကျောင်းမှ ကတုံးဘုန်းကြီးများသည် သူ၏ဆရာဖြစ်သူကို အတင်းအကျပ် ဘာသာပြောင်းရန် ကြိုးစားခဲ့ကြသည်။ ထို့နောက်တွင်လည်း သူ့ကို သတ်ဖြတ်ရန် ဝူကျန့်မျှော်စင်မှ လူသတ်သမားများကို အကြိမ်ကြိမ် စေလွှတ်ခဲ့ကြသည်။

သူနှင့် ရွှမ်ခုန်းဘုရားကျောင်းကြားရှိ ရန်ငြိုးမှာ အတည်တကျ ဖြစ်နေပြီဖြစ်ရာ သူတို့နှစ်ဦးထဲမှ တစ်ဦးသာ အသက်ရှင်ကျန်ရစ်နိုင်မည် ဖြစ်သည်။

သူတို့သည် သူ၏ ရန်သူများဖြစ်နေပြီဖြစ်ရာ သနားညှာတာနေစရာ အကြောင်းမရှိပေ။

လုချင်းသည် အောက်ဘက်ရှိ မီးပင်လယ်ထဲတွင် ရုန်းကန်အော်ဟစ်နေကြသော တပည့်များကို အေးစက်သော အကြည့်ဖြင့်သာ ကြည့်လိုက်၏။ သူ၏လက်ကို ဆန့်ထုတ်လိုက်ရာ တောင်ပေါ်ရှိ တွင်းကြီးထဲမှ တောက်လောင်နေဆဲဖြစ်သော လီဟော်ဒယ်အိုးသည် တဖြည်းဖြည်း မြင့်တက်လာလေသည်။

၎င်းသည် မြင့်တက်လာသည်နှင့်အမျှ အရွယ်အစား သေးငယ်သွားပြီး သူ့ထံသို့ ချဉ်းကပ်လာ၏။

သူ့ထံသို့ ရောက်ရှိလာချိန်တွင် ၎င်းသည် လက်မအရွယ်အစားခန့်သာ ရှိတော့ပြီး လုချင်း၏ လက်ထဲသို့ ဆင်းသက်သွားလေသည်။

"သခင်လေး... ကျုပ် သခင်လေးကို ဆက်ပြီး မကူညီနိုင်တော့ဘူး။ ရှေ့ဆက်ဂရုစိုက်ပါ"

ထိုအချိန်တွင် ယန်၏ အားနည်းသော အသံသည် လုချင်း၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့၏။

"စိတ်ချပါ ယန်ချန်ပေ့... ဖြည်းဖြည်းချင်းသာ အနားယူပါ"

လုချင်းက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး လီဟော်ဒယ်အိုးကို သိမ်းဆည်းလိုက်တော့၏။

ယန်၏ ပင်ပန်းနွမ်းနယ်မှုကို သူ ခံစားသိရှိနိုင်ပေသည်။

ဤသည်မှာ ဝိညာဉ်လက်နက်တစ်ခု၏ တန်ဖိုးကြီးမားသော အရည်အသွေးပင် ဖြစ်၏။

လက်နက်ဝိညာဉ်တစ်ခု ရှိနေခြင်းကြောင့် ၎င်းသည် ပိုင်ရှင်၏ ထိန်းချုပ်မှု မပါဘဲ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို ထုတ်လွှတ်နိုင်စွမ်း ရှိလေသည်။

အမှန်တကယ်တော့ ယန်၏အကူအညီသာ မပါခဲ့လျှင် လုချင်း၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်သက်သက်ဖြင့် လီဟော်ဒယ်အိုး၏ စွမ်းအားကို အပြည့်အဝဖော်ထုတ်ရန်မှာ မဖြစ်နိုင်ပေ။

ဝိညာဉ်စွမ်းအင် ပမာဏတစ်ခုတည်းကပင် သူ့ကို မျက်တောင်တစ်ခတ်အတွင်း ခန်းခြောက်သွားစေလိမ့်မည်ပင်။

သို့သော် ယခင်တိုက်ခိုက်မှုသည် အချိန်ကြာမြင့်စွာ လီဟော်ဒယ်အိုးအတွင်း စုဆောင်းထားခဲ့သော ဝိညာဉ်အငွေ့အသက်များအားလုံးကို ကုန်ခန်းသွားစေခဲ့ပါ၏။

ပြန်ပြီးသက်သာလာစေရန် အချိန်အနည်းငယ် မရရှိပါက ပြန်၍ကောင်းမွန်လာရန် ခက်ခဲပေလိမ့်မည်။

"ဟင်"

လီဟော်ဒယ်အိုးကို သိမ်းဆည်းလိုက်စဉ်မှာပင် လုချင်းသည် တစ်စုံတစ်ခုကို အာရုံခံမိပြီး အောက်သို့ ကြည့်လိုက်၏။

ထိုနေရာတွင် ဒယ်အိုး၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော တွင်းကြီးထဲမှ ဖြည်းညှင်းစွာ တွားသွားထွက်ပေါ်လာသည့် ပုံရိပ်တစ်ခုကို သူ မြင်လိုက်ရသည်။ ၎င်းမှာ မျက်နှာနီမြန်းသော ဘုန်းကြီးအိုပင် ဖြစ်၏။

သို့သော် ဤတစ်ကြိမ်တွင် ဘုန်းကြီးအိုသည် တည်ငြိမ်မှုမရှိတော့ချေ။ သူ၏ ပုံပန်းသဏ္ဌာန်မှာ အလွန်အမင်းကို သနားစရာကောင်းနေလေသည်။

သူ၏ ဝတ်ရုံမှာ စုတ်ပြတ်သတ်နေပြီး ခန္ဓာကိုယ်တစ်ဝက်မှာလည်း အသားများ ကွာကျသွားကာ မည်းတူးနေသော အရိုးများသာ ကျန်ရစ်တော့၏။

သူ၏ ကိုယ်တွင်းအင်္ဂါများ တုန်ခါနေသည်ကိုလည်း မှေးမှိန်စွာ မြင်တွေ့နိုင်ပြီး ယင်းက ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေလေသည်။

အကယ်၍ သူ၏ ကိုယ်တွင်းအင်္ဂါများကို ကာကွယ်ပေးထားသော ရွှေရောင်အလင်းလွှာသာ မရှိခဲ့ပါက သူသည်လည သေဆုံးသွားခဲ့လောက်ပြီပင်။

သို့သော် မျက်နှာနီမြန်းသော ဘုန်းကြီးအိုသည် သူ၏ဒဏ်ရာများကို ကုသရန် တစ်စက္ကန့်မျှပင် အချိန်မပေးနိုင်ခဲ့ချေ။

သူ၏ပတ်လည်ရှိ တပည့်များ၏ အားနည်းနေသော ငိုကြွေးသံများကိုပင် လျစ်လျူရှုကာ ကောင်းကင်ယံရှိ လုချင်းကို အလွန်အမင်း ထိတ်လန့်တကြား မော့ကြည့်နေလေ၏။

ယခင်တိုက်ခိုက်မှု၏ စွမ်းအားမှာ အတော်လေးကိုကြောက်မက်ဖွယ် ကောင်းလွန်းလှပေသည်။

အကယ်၍ ဝင်္ကပါက ပေးစွမ်းခဲ့သော တစ်စက္ကန့်မျှ အကာအကွယ်သာ မရှိခဲ့ပါက လီဟော်ဒယ်အိုး၏ တိုက်ရိုက်ထိမှန်ခြင်းကို ခံရမည့်ကံကြမ္မာမှ သူ လွတ်မြောက်နိုင်မည် မဟုတ်ချေ။

ယခုအချိန်ဆိုလျှင် သူ၏ ခန္ဓာကိုယ်မှာ မှုန့်မှုန့်ညက်ညက် ကြေမွသွားပြီး အလောင်းပင် ကျန်ရစ်မည် မဟုတ်တော့ပေ။

"လီဟော်ဒယ်အိုး.... ရှေးလီဟော်ဂိုဏ်းရဲ့ အကာအကွယ် ဝိညာဉ်လက်နက်မလား၊ အဲဒါ မင်းလက်ထဲမှာ ရှိနေတာလား။ မင်းက လီဟော်ဂိုဏ်းရဲ့ အမွေဆက်ခံသူလား"

မျက်နှာနီမြန်းသော ဘုန်းကြီးအို၏ အသံမှာ အက်ကွဲနေပြီး သူ၏လေသံတွင် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လွင်နေလေသည်။

လုချင်း ဆင့်ခေါ်လိုက်သော ဧရာမဒယ်အိုးကြီး၏ ပုံပန်းသဏ္ဌာန်နှင့် စွမ်းအားကို မြင်တွေ့ရပြီးနောက်၌ သူ၏ ဘုရားကျောင်းရှိ ရှေးဟောင်းမှတ်တမ်းများမှ အချို့သောအရာများကို နောက်ဆုံးတွင် သူ မှတ်မိသွားခဲ့ပါ၏။

"ကတုံးအိုကြီး... ကျုပ်ရဲ့ လီဟော်ဒယ်အိုးရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလောက်အောင် ခင်ဗျားမှာ ဒီလောက်တောင် ကြံ့ခိုင်မှုရှိမယ်လို့ ကျုပ် မထင်ထားခဲ့ဘူး"

ဘုန်းကြီးအို၏ ကိုယ်တွင်းအင်္ဂါများကို ကာကွယ်ပေးထားသော ရွှေရောင်အလင်းတန်းကို လုချင်းက မျက်စိဖြင့် ကြည့်လိုက်ပြီး ဘုန်းကြီးအိုတွင် ရတနာတစ်ခုခု ပါလာမည်ကို သဘောပေါက်လိုက်လေသည်။

ထိုသို့မဟုတ်ပါက တိုက်ရိုက် မထိမှန်လျှင်တောင်မှ လီဟော်ဒယ်အိုး၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုမှ သူ အသက်ရှင်ကျန်ရစ်သင့်သည် မဟုတ်ပေ။

လုချင်းက စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး အခြေတည်အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူတစ်ဦး၏ ကြံ့ခိုင်မှုကို နားလည်လိုက်လေသည်။ သူတို့၏ အသက်ကို ကာကွယ်ပေးသော နည်းလမ်းများသည် အမှန်တကယ်ပင် အထင်ကြီးစရာကောင်းလှပေ၏။

"ဒီတော့ တကယ်ပဲ လီဟော်ဒယ်အိုးကို"

လုချင်း၏ စကားများကို ကြားသောအခါ၌ သူ၏ မှန်းဆချက် မှန်ကန်ကြောင်း မျက်နှာနီမြန်းသော ဘုန်းကြီးအို သိလိုက်ရပြီး သူ၏ မယုံကြည်နိုင်မှုမှာ ပို၍ပင် ပြင်းထန်လာတော့၏။

သူ၏ ဘုရားကျောင်းရှိ ရှေးဟောင်းမှတ်တမ်းများအရ ရှေးဟောင်း ကျင့်ကြံခြင်းဂိုဏ်းတစ်ခုဖြစ်သော လီဟော်ဂိုဏ်းသည် နောက်ဆုံး ကျင့်ကြံခြင်းခေတ်ကာလ မကုန်ဆုံးမီကတည်းက ဖျက်ဆီးခံခဲ့ရသည်။ ၎င်း၏ အကာအကွယ် ဝိညာဉ်လက်နက်ဖြစ်သော လီဟော်ဒယ်အိုးသည်လည်း အရိပ်အယောင်မျှပင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့လေ၏။

သို့သော် ယခုအခါ နှစ်သောင်းပေါင်းများစွာ ကြာမြင့်ပြီးနောက်၌ ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာချိန်တွင် လီဟော်ဒယ်အိုးကလည်း ပြန်၍ပေါ်ထွက်လာခဲ့ချေပြီပင်။

ထို့အပြင် ၎င်းကို အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ဦးက ကိုင်ဆောင်ထားလေ၏။

လီဟော်ဂိုဏ်း ဖျက်ဆီးခံရခြင်းဆိုသည်မှာ လျှို့ဝှက်နယ်မြေကြီးလေးခုကဲ့သို့ပင် ဟန်ပြတစ်ခုသာဖြစ်ပြီး ဂိုဏ်းသည် လျှို့ဝှက်နယ်မြေတစ်ခုအတွင်း၌ ပုန်းအောင်းကာ ဝိညာဉ်စွမ်းအင် ခန်းခြောက်နေသောကာလရှည်ကြီးကို ဖြတ်ကျော်အသက်ရှင်ခဲ့ပြီး ယခုအခါမှ ပေါ်ထွက်လာရန် ပြင်ဆင်နေခြင်းများလော။

ဒါပေမဲ့ လီဟော်ဂိုဏ်းက ဘာလို့ ရွှမ်ခုန်းဘုရားကျောင်းကို ရန်သူလို သဘောထားနေရတာလဲ။ ရှေးခေတ် ကျင့်ကြံခြင်းခေတ်ကာလမှာတောင် ဂိုဏ်းနှစ်ခုကြားမှာ ရန်ငြိုးရန်စကြီးကြီးမားမားမှ မရှိတာကို...

မရေမတွက်နိုင်သော အတွေးများနှင့် မှန်းဆချက်များသည် မျက်နှာနီမြန်းသော ဘုန်းကြီးအို၏စိတ်ထဲတွင် လည်ပတ်နေလေသည်။

သို့သော် နောက်တစ်ခဏတွင်တော့ သူ၏ရင်ထဲ၌ ပြင်းထန်သော အန္တရာယ်အငွေ့အသက်တစ်ခု ပေါ်ထွက်လာတော့၏။

ဤအခိုက်၌ နှစ်ကြိမ်နှစ်ခါတောင် မစဉ်းစားတော့ဘဲ မျက်နှာနီမြန်းသော ဘုန်းကြီးအိုသည် ရှောင်တိမ်းရန် ဘေးဘက်သို့ အလျင်အမြန် ရွှေ့လိုက်လေသည်။

သူ လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ထက်မြက်သော ဓားစွမ်းအင်တစ်ခုက သူ၏ဘေးတွင် ခုတ်ပိုင်းကျဆင်းလာပြီး သူ ခုလေးတင် ရပ်နေခဲ့သော မြေပြင်ပေါ်တွင် နက်ရှိုင်းသော အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေလေ၏။

သို့သော် သူ အသက်ရှူရန်ပင် အချိန်မရလိုက်မီမှာပဲ အထက်မှ ရေတွက်၍မရနိုင်သော ဓားစွမ်းအင်ခုတ်ချက်များ မိုးရွာချသကဲ့သို့ ကျဆင်းလာပြီး သူ့ဆီသို့ အချင်းချင်း ရောယှက်ကာ ပြေးဝင်လာကြလေတော့သည်။

"သူက ခုလေးတင် ဝိညာဉ်လက်နက်တစ်ခုကို အသက်သွင်းထားတာလေ... သူ့မှာ ဘယ်လိုလုပ် ဝိညာဉ်စွမ်းအင်တွေ ဒီလောက် အများကြီး ကျန်နေသေးရတာလဲ"

မိမိဆီသို့ ဦးတည်လာနေသော ဓားစွမ်းအင်များ၏ တိုက်ခိုက်မှုကို စိုက်ကြည့်ရင်း မျက်နှာနီမြန်းသော ဘုန်းကြီးအို၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့နေသော အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။

စောစောက သူသည် လီဟော်ဒယ်အိုးမှ ထွက်ပေါ်လာသော စွမ်းအင်များကို ခုခံရန် သူ၏ ခွန်အားအားလုံးကို အသုံးပြုခဲ့ပြီးပြီပင်ဖြစ်၏။

ယခုအခါ၌ ပြင်းထန်စွာ ဒဏ်ရာရနေပြီး သူ၏ အကာအကွယ်လက်နက်မှာလည်း ပျက်စီးကာ ဝိညာဉ်စွမ်းအင်များလည်း ကုန်ခန်းလုနီးပါး ဖြစ်နေပြီပင်။ လုချင်း၏ အဆက်မပြတ် ဓားတိုက်ခိုက်မှုများကို ကာကွယ်ရန် သူ့ထံ၌ ခွန်အားမကျန်တော့ချေ။

ထို့အပြင် သူသည် လုံးဝ ရှုပ်ထွေးသွားခဲ့လေပြီပင်။

လုချင်းသည် လီဟော်ဒယ်အိုးကို အသုံးပြုပြီးနောက်၌ မည်သို့ကြောင့် ဘာမှမဖြစ်သည့်အလား ပုံမှန်အတိုင်းဖြစ်နေကာ ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို စတင်နိုင်စွမ်း ရှိနေသေးသနည်း။ ယင်းက ယုတ္တိတန်မှုအားလုံးနှင့် ဆန့်ကျင်နေလေ၏။

မျက်နှာနီမြန်းသော ဘုန်းကြီးအိုသည် လုချင်း၏ ဓားစွမ်းအင်များကြောင့် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံရတော့မည့်ဆဲဆဲ...

ထိုအချိန်မှာပင် အဝေးမှနေ၍ ရွှေရောင်အလင်းတန်းတစ်ခုသည် အံ့မခန်းအရှိန်ဖြင့် ပစ်ထွက်လာပြီး ဓားစွမ်းအင်များကို ကျော်တက်သွားကာ မျက်နှာနီမြန်းသော ဘုန်းကြီးအိုကို အကာအကွယ်ပေးထားသည့် တစ်ပိုင်းမြင်သာသော ရွှေရောင်ခေါင်းလောင်းတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

လုချင်း၏ ဓားစွမ်းအင်များသည် ရွှေခေါင်းလောင်းနှင့် ဝင်ဆောင့်မိသော်လည်း ၎င်း၏ အကာအကွယ်များကိုတော့ မဖောက်ထွင်းနိုင်ခဲ့ချေ။

၎င်းက ခေါင်းလောင်းကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့သော်လည်း နောက်ဆုံးတွင်တော့ ဖောက်ထွင်းဝင်ရောက်ကာ အတွင်းရှိ ဘုန်းကြီးကို သတ်ဖြတ်ရန် ပျက်ကွက်ခဲ့လေသည်။

"အကြီးအကဲ ကျင်းချုံး"

သူ့ကို လွှမ်းခြုံထားသော ရွှေခေါင်းလောင်းကို မြင်သောအခါ မျက်နှာနီမြန်းသော ဘုန်းကြီးအို၏ မျက်နှာသည် ဝမ်းမြောက်မှုများဖြင့် လင်းလက်သွားတော့၏။

"ဟင်"

လုချင်းကလည်း တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည်။ ပြီးနောက်၌ သူက အဝေးမှ မိုးကုပ်စက်ဝိုင်းဆီသို့ မော့ကြည့်လိုက်လေ၏။

ထိုအချိန်တွင် တောင်တန်းများ၏ နက်ရှိုင်းသောနေရာမှ အစွမ်းထက်သည့် ရောင်ဝါစွမ်းအင်များစွာ လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို သူ သတိပြုမိလိုက်တော့သည်။

ရွှမ်ခုန်းဘုရားကျောင်း၏ စစ်ကူများ ရောက်ရှိလာပြီဖြစ်ကြောင်း သူ လျင်မြန်စွာ တွေးလိုက်မိပါ၏။

နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ သူ၏ ခြေအောက်ရှိ ရွှေရောင်ပျံသန်းလှေသည် လင်းလက်သွားပြီး သူ့ကို အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ တောင်တန်း၏ အစွန်အဖျားဆီသို့ လျင်မြန်စွာ ပျံသန်းသွားစေလေသည်။

လုချင်း ထွက်ခွာသွားပြီးနောက် အသက်ရှူကြိမ် ဆယ်ကြိမ်ပင် မပြည့်သေးမီ ကြီးမားလှသော စွမ်းအားများကို ထုတ်လွှတ်နေသည့် ပုံရိပ်အချို့ ကောင်းကင်ယံတွင် ပေါ်ထွက်လာလေ၏။

သူတို့သည် မျက်နှာနီမြန်းသော ဘုန်းကြီးအိုကဲ့သို့ပင် မီးခိုးရောင်သင်္ကန်းများ ဝတ်ဆင်ထားသော ဘုန်းကြီးအိုများ ဖြစ်ကြလေသည်။

"ထွက်ပြေးဖို့ ကြိုးစားနေတာလား"

တုန်လှုပ်မှုနှင့် ဒေါသများ ပြည့်နှက်နေသော မျက်နှာများဖြင့် ဘုန်းကြီးများသည် လုချင်း ထွက်ပြေးသွားသည့် လမ်းကြောင်းကို မကြည့်မီ အောက်ဘက်ရှိ ပျက်စီးယိုယွင်းမှုများကို အကဲခတ်လိုက်ကြပြီး လိုက်လံဖမ်းဆီးရန် ပြင်ဆင်လိုက်ကြတော့၏။

"အကြီးအကဲ ကျင်းချုံး... နေပါဦး အဲဒီလူကို လိုက်မဖမ်းပါနဲ့"

ထိုမြင်ကွင်းကို မြင်သောအခါ ထိတ်လန့်သွားသော မျက်နှာနီမြန်းသည့် ဘုန်းကြီးအိုသည် သူ၏ ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ သူ၏ ဝိညာဉ်စွမ်းအင်ကို အလျင်အမြန် စုစည်းကာ အော်ဟစ်လိုက်လေသည်။

သူ၏စိုးရိမ်ပူပန်မှုကြောင့် ရတနာဖြင့် ကာကွယ်ထားသော ကိုယ်တွင်းအင်္ဂါများပင် ပေါက်ပြဲသွားပြီး သွေးများ အန်ကျလာလေ၏။

သူ၏ ပြင်းထန်သော တုံ့ပြန်မှုကို မြင်သောအခါ၌ အခြားဘုန်းကြီးအိုများသည် နားမလည်နိုင်ဖြစ်သွားသော်လည်း ရပ်တန့်လိုက်ကြပြီး သူ၏အနီးသို့ ဆင်းသက်လာကြသည်။

"အကြီးအကဲ ချီရှင်း... အခြေအနေ ဘယ်လိုလဲ။ ဘာလို့ အဲဒီ မိစ္ဆာကောင်ကို မလိုက်ခိုင်းတာလဲ" ဘုန်းကြီးတစ်ပါးက မေးလိုက်သည်။

"အဲဒီမိစ္ဆာကောင်က ဘယ်ကလာမှန်းလည်း မသိဘူး၊ ပြီးတော့ သူ့ဆီမှာ ဝိညာဉ်လက်နက်တစ်ခု ရှိနေတယ်။ ငါတို့သာ စည်းမဲ့ကမ်းမဲ့ လိုက်သွားရင် ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူသိမှာလဲ"

မျက်နှာနီမြန်းသော ဘုန်းကြီးအိုက အလျင်အမြန် ပြန်ဖြေလိုက်၏။

"ဝိညာဉ်လက်နက်တစ်ခုဟုတ်လား။ အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

အခြားဘုန်းကြီးများမှာ ချက်ချင်းပင် မှင်သက်သွားကြလေသည်။

"အဲ့ဒါ အမှန်ပဲ" မျက်နှာနီမြန်းသော ဘုန်းကြီးက အတည်ပြုပေးလိုက်သည်။ "ဘေးပတ်ပတ်လည်က ဝိညာဉ်မီးတောက်တွေကိုကြည့်လိုက်... ဒါတွေက အဲဒီလက်နက်ကနေ ထွက်လာတာတွေပဲ"

"အဲ့ဒီမီးတောက်တွေက အရာအားလုံးကို လောင်ကျွမ်းစေနိုင်လောက်အောင်အထိ အရမ်းကို စွမ်းအားကြီးတယ်။ အဲ့မီးတောက်တွေနဲ့ ထိတွေ့မိတဲ့ သက်ရှိမှန်သမျှ အခြေတည်အဆင့် ဒါမှမဟုတ် အဲဒီထက်သာ မြင့်မနေဘူးဆိုရင် အရှင်လတ်လတ် မီးမြိုက်ခံရရင်း သေဆုံးသွားကြလိမ့်မယ်"

ဘုန်းကြီးများသည် သူတို့ပတ်လည်ရှိ မီးတောက်များကို အကဲခတ်လိုက်ကြပြီးနောက်၌ သူတို့၏ မျက်နှာများ မည်းမှောင်သွားတော့သည်။

သူတို့၏ အတွေ့အကြုံရင့်ကျက်သော မျက်လုံးများဖြင့် ဤမီးတောက်များ၏ ကြောက်မက်ဖွယ်ကောင်းသော သဘာဝကို အလွယ်တကူ မြင်တွေ့နိုင်ကြပေသည်။

တင်းမာနေသော မျက်နှာဖြင့် ဘုန်းကြီးတစ်ပါးက မေးလိုက်၏။ "ဒီမီးတောက်တွေက ဒီလောက်တောင် အစွမ်းထက်တယ်ဆိုရင် ငါတို့ရဲ့ တပည့်တွေအားလုံး..."

သူတို့၏ ဝိညာဉ်အာရုံခံနိုင်စွမ်းမှတစ်ဆင့် တောင်ပေါ်တွင် မျက်နှာနီမြန်းသော ဘုန်းကြီးအိုမှလွဲ၍ အခြားမည်သည့် သက်ရှိအရိပ်အယောင်ကိုမျှ မတွေ့ရချေ။

မျက်နှာနီမြန်းသော ဘုန်းကြီးအိုက သက်ပြင်းချလိုက်၏။ "သူတို့အားလုံး မီးပင်လယ်ထဲမှာ သေဆုံးသွားကြပြီ။ အဲဒီ မိစ္ဆာကောင်က အရမ်းမြန်မြန်ဆန်ဆန်ကို တိုက်ခိုက်ခဲ့တာလေ။ တပည့်တွေ လူစုမကွဲနိုင်သေးခင်မှာပဲ သူက ဝိညာဉ်လက်နက်နဲ့ မီးရှို့သတ်ပစ်လိုက်တာ"

ထိုအချိန်တိုလေးအတွင်းမှာပင် ဝိညာဉ်မီးတောက်များနှင့် ထိတွေ့မိသော ရွှမ်ခုန်းဘုရားကျောင်းမှ တပည့်များသည် မီးတောက်များ၏ ဒဏ်ကို မခံနိုင်ဘဲ မီးလောင်သေဆုံးသွားခဲ့ကြလေ၏။

"အားလုံး... သေသွားကြပြီလား"

ဘုန်းကြီးများ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူတို့၏ ရင်ထဲတွင် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်သွားတော့သည်။

သူတို့သည် ဘုရားကျောင်းမှ အတော်ဆုံး တပည့်ထက်ဝက်နီးပါးကို စေလွှတ်ခဲ့သော်လည်း အားလုံးသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆုံးရှုံးသွားခဲ့ရလေသည်။

"အဲ့ဒီမိစ္ဆာကောင်ကို လက်စားချေရမယ်၊ မဟုတ်ရင် ငါ ဘယ်တော့မှ ငြိမ်းချမ်းနိုင်မှာ မဟုတ်ဘူး"

ဘုန်းကြီးတစ်ပါးက ဒေါသတကြီး သွားကြိတ်ရင်း ကျိန်ဆဲလိုက်လေသည်။

"အကြီးအကဲ ချီရှင်း... မင်းက သူ့ကို တိုက်ခိုက်ခဲ့တာဆိုတော့ သူ့ရဲ့သရုပ်မှန်နဲ့ ပတ်သက်ပြီး တစ်ခုခုများ သိခဲ့ရလား။ သူက ဘာလို့ ဒီလောက်တောင် ရက်ရက်စက်စက်နဲ့ ငါတို့ရွှမ်ခုန်းဘုရားကျောင်းက တပည့်တွေကို သတ်ဖြတ်နေရတာလဲ" အခြားဘုန်းကြီးတစ်ပါးက မေးလိုက်၏။

"သူ ဘယ်သူလဲဆိုတာကိုတော့ ငါ မခွဲခြားနိုင်ခဲ့ဘူး။ ဒါပေမဲ့ သူကိုင်ဆောင်ထားတဲ့ ဝိညာဉ်လက်နက်ကိုတော့ ငါ မှတ်မိခဲ့တယ်။ အဲဒါက ကျင့်ကြံခြင်းခေတ်ကာလက ပျောက်ဆုံးသွားတဲ့ ရှေးဟောင်း လီဟော်ဂိုဏ်းရဲ့ အကာအကွယ်လက်နက်... လီဟော်ဒယ်အိုးပဲ"

...

မျက်နှာနီမြန်းသော ဘုန်းကြီးအိုက သူ၏ သံသယများကို အခြားသူများနှင့် မျှဝေနေစဉ်...

လင်းတောင်တန်း၏ အစွန်အဖျား ကောင်းကင်ယံအထက်တွင်တော့...

အဖြူရောင် တိမ်တိုက်တစ်ခုအတွင်း၌ မှေးမှိန်သော ရောင်ဝါစွမ်းအင်တစ်ခု ဖုံးကွယ်နေလေသည်။

"ဝိညာဉ်လက်နက်တစ်ခုကို ဒီလောက်တောင် ကျွမ်းကျွမ်းကျင်ကျင်နဲ့ ကိုင်ဆောင်နိုင်တဲ့ အဲ့ဒီသရဲမျက်နှာဖုံးရှင်က တကယ်ပဲ ဘယ်သူများပါလိမ့်"

တာအိုကျင့်ကြံသူ ယန်မင်းသည် လင်းတောင်တန်းအထက်ရှိ တောက်လောင်နေသော မီးပင်လယ်ကြီးဆီသို့ စိုက်ကြည့်နေပြီး သူ၏မျက်လုံးများတွင် တုန်လှုပ်မှုများ အပြည့်ဖြစ်နေလေသည်။

ရွှေရောင်အလင်းတန်းကို လိုက်လံရှာဖွေရင်း သူသည် လင်းတောင်တန်း၏ အပြင်ဘက်အစွန်အဖျားသို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာတွင် သူ့ကို လုံးဝ မှင်သက်သွားစေသော မြင်ကွင်းတစ်ခုကို သူ မြင်တွေ့ခဲ့ရ၏။

ကောင်းကင်ယံတွင် လွင့်မျောနေသော လျှို့ဝှက်ဆန်းကြယ်သည့် မျက်နှာဖုံးရှင်သည် အဆုံးအစမရှိသော စွမ်းအားများပါဝင်သည့် ဧရာမဒယ်အိုးကြီးတစ်ခုကို ကိုင်ဆောင်ကာ အမြင့်မားဆုံးသော တောင်ထွတ်ပေါ်သို့ ရိုက်ချလိုက်လေသည်။

ရွှမ်ခုန်းဘုရားကျောင်းမှ တပည့်များသည် ထိုလွှမ်းမိုးနိုင်လှသော တိုက်ခိုက်မှုအောက်တွင် ပိုးကောင်များကဲ့သို့ ကြေမွသွားခဲ့ကြပြီး လုံးဝအစွမ်းအစမဲ့စွာဖြင့် မီးတောက်များအတွင်းရှိ ပိုးဖလံများကဲ့သို့ သေဆုံးသွားခဲ့ကြရှာ၏။

ရွှမ်ခုန်းဘုရားကျောင်း၏ ပြယုဂ်ဖြစ်သော ခမ်းနားထည်ဝါလှသည့် တောင်ထွတ်သည်ပင်လျှင် တွင်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ပြင်းထန်သော မီးတောက်များအတွင်း မီးလောင်ကျွမ်းကာ မှတ်မိနိုင်စွမ်း မရှိသလောက်ပင် ဖြစ်သွားခဲ့ရသည်။

ထိုဒယ်အိုးမှ ထွက်ပေါ်လာသော ကြီးမားလှသည့် စွမ်းအားကို အာရုံခံမိပြီး လျှို့ဝှက်ဂိုဏ်းတစ်ခုမှ လာသူဖြစ်သည့် ယန်မင်းက ၎င်းသည် အစစ်အမှန် ဝိညာဉ်လက်နက်တစ်ခုဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်လေသည်။

ရွှမ်ခုန်းဘုရားကျောင်းသည် ဝိညာဉ်လက်နက်တစ်ခုကို ကိုင်ဆောင်ထားသော ကြောက်မက်ဖွယ်ကောင်းသည့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကို မရည်ရွယ်ဘဲ ရန်စမိခဲ့ခြင်းပင်။

ဤအချက်ကို သဘောပေါက်လိုက်သောအခါ၌ တာအိုကျင့်ကြံသူ ယန်မင်းသည် တုန်လှုပ်သွားသလို၊ တစ်ချိန်တည်းမှာပင် ထူးဆန်းစွာ စိတ်လှုပ်ရှားသွားလေသည်။

ဝိညာဉ်လက်နက် ပေါ်ထွက်လာခြင်းမှာ တုန်လှုပ်ဖွယ်ကောင်းလှပေ၏။

သူ၏ စိတ်လှုပ်ရှားမှုမှာမူ မိမိ၏ ရန်သူသည် ထိုမျှကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်နှင့် ရင်ဆိုင်နေရပြီး ရှေ့ဆက်၍ အခက်အခဲများစွာနှင့် ရင်ဆိုင်ရမည်ကို မြင်တွေ့ရသောကြောင့် ဖြစ်လေသည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော မျက်နှာဖုံးရှင်၏ သရုပ်မှန်ကိုလည်း သူ ပို၍ပင် သိချင်လာမိ၏။

ယင်းမှာ ဝိညာဉ်လက်နက်တစ်ခု ဖြစ်သည်။ သူ၏ ကိုယ်ပိုင်ဂိုဏ်းဖြစ်သော ချင်းယန်ဘုရားကျောင်းတွင်ပင် တစ်ခုတည်းသာ ရှိပြီး ၎င်းမှာလည်း လျှို့ဝှက်နယ်မြေအတွင်း၌သာ ချည်နှောင်ထားရကာ အပြင်သို့ ထွက်ခွာ၍မရနိုင်ချေ။

သို့ဖြစ်၍ အပြည့်အဝ အလုပ်လုပ်နိုင်သော ဝိညာဉ်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားသည့် ဤလျှို့ဝှက်ဆန်းကြယ်သော မျက်နှာဖုံးရှင်သည် မည်သူများနည်း။

...

All Chapters