← Chapters

အခန်း (၃၇၇-၃၇၈)

Vol. 38 Ch. 377-378

အခန်း (၃၇၇-၃၇၈)

Vol. 38 Ch. 377-378

အခန်း ၃၇‌၇ - ချီသန့်စင်ခြင်းနယ်ပယ် ပြီးမြောက်ခြင်း၊ သမားတော်ကြီးချန် အဆင့်တက်ခြင်း

နံနက်စောစောအချိန်၊ လုမိသားစု၏ အနောက်ဘက်ရှိ ဝါးတောထဲတွင် လုချင်းသည် တင်ပျဉ်ခွေထိုင်နေလေသည်။ ပတ်ဝန်းကျင်အနီးတစ်ဝိုက်ရှိ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များသည် အမျှင်တန်းလေးများအဖြစ် စုပ်ယူခံရကာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားလေသည်။

အချိန်များ ကုန်လွန်သွားခဲ့ရာ လုချင်းတစ်ယောက် အနောက်ဘက်ပြည်နယ်မှ ပြန်ရောက်လာသည်မှာ တစ်လပင် ရှိနေခဲ့ပြီဖြစ်၏။

လွန်ခဲ့သည့် တစ်လတာကာလအတွင်း ကောင်းကင်နှင့် မြေကြီးရှိ ဝိညာဉ်စွမ်းအင်များသည် ဆက်လက်၍ တဖြည်းဖြည်း တိုးပွားလာခဲ့သည်။ ကျိုးလီရွာရှိ ဝိညာဉ်စွမ်းအင်များသည် ဝင်္ကပါ၏ ထိန်းညှိခြင်းနှင့် စုစည်းခြင်းများအောက်တွင် တစ်ချိန်က ကျုံးကျိုး၌ လုချင်း ကြုံတွေ့ခဲ့ရသော အဆင့်နှင့် နီးပါးမျှ သိပ်သည်းလာခဲ့ပြီဖြစ်သည်။

သေချာသည်မှာ အချိန်များစွာ ကုန်လွန်သွားပြီဖြစ်ရာ ကျုံးကျိုးရှိ ဝိညာဉ်စွမ်းအင်များကလည်း လုချင်းတို့ ထွက်ခွာလာပြီးနောက်ပိုင်း သိသိသာသာ ပို၍သိပ်သည်းလာမည်မှာ အမှန်ပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ကျိုးလီရွာရှိ လက်ရှိ ဝိညာဉ်စွမ်းအင်များသည် ယခုအခါ သူနှင့် သူ၏ဆရာဖြစ်သူတို့၏ ကျင့်ကြံခြင်းကို ထောက်ပံ့ပေးရန်အတွက် လုံလောက်နေပြီဖြစ်၏။

လုချင်း ကျင့်ကြံနေစဉ် သူ၏ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည် တဖြည်းဖြည်း ပိုပြီး သိပ်သည်းလာခဲ့သည်။ နောက်ဆုံးတွင် စွမ်းအင်များသည် မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားမည့် လက္ခဏာများပင် ပြသလာခဲ့လေသည်။

ရုတ်တရက် လုချင်း၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီး သူ၏ ပတ်ဝန်းကျင်ရှိ သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်အားလုံးကို တစ်ရှိုက်တည်းဖြင့် စုပ်ယူလိုက်လေသည်။ ထို့နောက် ပြီးပြည့်စုံခြင်း အရှိန်အဝါတစ်ခုသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာလေတော့၏။

"သခင်လေး... ချီသန့်စင်ခြင်းရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားလို့ ဂုဏ်ပြုပါတယ်" ယန်၏ ပုံရိပ်သည် လုချင်း၏ဘေးတွင် ထွက်ပေါ်လာကာ နွေးထွေးစွာ ဂုဏ်ပြုစကား ဆိုလာ၏။

ယန်သည် လုချင်း၏ လျင်မြန်လှသော ကျင့်ကြံခြင်းတိုးတက်မှုအပေါ် စိတ်ထဲမှ အလွန်အံ့သြမိနေသည်။ ချီသန့်စင်ခြင်းနယ်ပယ်အဆင့်သို့ အဆင့်တက်ခဲ့သည်မှာ မကြာသေးသော်လည်း ယခုမူ ချီသန့်စင်ခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ထပ်မံ၍ အဆင့်တက်သွားခဲ့ပြီပင်။ ယခုဆိုလျှင် သူသည် အခြေတည်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။

ကြိုတင်သိရှိထားခြင်းသာမရှိပါက လုချင်းသည် ရှေးခေတ် ကျင့်ကြံခြင်းလောကမှ အလွန်နှေးကွေးသော တိုးတက်မှုရှိသည်ဟု နာမည်ကြီးသော ကြယ်ငါးပွင့် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကို ကျင့်ကြံနေသည်ဟု ယုံကြည်ရန် ခက်ခဲပေလိမ့်မည်။

"ကျွန်တော့်ရဲ့ တိုးတက်မှုက နည်းနည်း နှေးနေသေးသလို ခံစားရတယ်" လုချင်းက ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။

ယန်မှာတော့ ဆွံ့အသွား‌ရ၏။

ယန်၏ တိတ်ဆိတ်သွားမှုကို ခံစားမိသော လုချင်းက ဆက်လက်၍ မရှင်းပြတော့ပေ။ သာမန် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက သူ၏ တိုးတက်မှုသည် အလွန်လျင်မြန်နေသည်ဆိုသည့် ယန်၏ အမြင်ကို သူ နားလည်ပါ၏။ သူ၏ ခိုင်မာသော အခြေခံအုတ်မြစ်နှင့် သူ၏ ဝိညာဉ်လက်နက်ဖြစ်သော သတ္တုဓာတ်ငါးမျိုး ဘူးသီးခြောက်၏ စွမ်းအားများဖြင့် ပေါင်းစပ်လိုက်သောအခါ ကြယ်ငါးပွင့် ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ပင်လျှင် သူ၏ ကျင့်ကြံမှုအရှိန်ကို မထိန်းချုပ်နိုင်တော့ပေ။

သို့သော် လုချင်း၏ ရည်မှန်းချက်သည် သူနှင့် အဆင့်တူသော သူများနှင့် ယှဉ်ပြိုင်ရန် တစ်ခါမျှ မဖြစ်ခဲ့ဖူးပေ။

တာအိုစည်းချက် နောက်ဆုံး ပဲ့တင်ထပ်ခဲ့သည့်အချိန်မှစ၍ တစ်လကျော် ကုန်လွန်ခဲ့ပြီဖြစ်၏။ ထို့ပြင် စည်းမျဉ်းများ၏ ပြောင်းလဲတိုးတက်မှုကလည်း တဖြည်းဖြည်းနှင့် ကန့်သတ်ချက်အသစ်တစ်ခုဆီသို့ ရောက်ရှိနေပြီပင်။

ထို့ကြောင့် ပဉ္စမအကြိမ်မြောက် တာအိုစည်းချက်များ ထွက်ပေါ်လာရန် အချိန်သိပ်မလိုတော့ဟု လုချင်း ခန့်မှန်းမိလေသည်။

အတိတ်က အတွေ့အကြုံများအရ တာအိုစည်းချက်များ ပဲ့တင်ထပ်တိုင်း စည်းမျဉ်းများကလည်း ပိုပိုပြီး သန့်စင်လာခဲ့သည်။ တိုးတက်မှုတိုင်းသည် ပို၍စွမ်းအားကြီးမားသော သက်ရှိများကို ထွက်ပေါ်လာခွင့် ပြုခဲ့၏။

လက်ရှိတွင် စည်းမျဉ်းများသည် ကျင့်ကြံသူများကို အခြေတည်အဆင့်သို့ ရောက်ရှိရန် ခွင့်ပြုထားသည်။ နောက်ထပ် ပဲ့တင်ထပ်ပြီးနောက်တွင် စည်းမျဉ်းများသည် ထပ်မံပြောင်းလဲတိုးတက်လာကာ ရွှေရောင်အမြုတေအဆင့် ကျွမ်းကျင်သူများကိုပင် ထွက်ပေါ်လာခွင့်ပြုရန် အလွန်ဖြစ်နိုင်ချေရှိ၏။

ထိုအချိန်ရောက်လျှင် မည်သူက အရင်ဦးဆုံး အဆင့်တက်နိုင်မည်ဆိုသည့်အချက်က ကမ္ဘာလောက၏ ချိန်ခွင်လျှာအပေါ် များစွာ သက်ရောက်မှု ရှိပေလိမ့်မည်။ လုချင်းသည် ရွှေရောင်အမြုတေအဆင့်သို့ ပထမဆုံး ဝင်ရောက်မည့်သူ ဖြစ်လိမ့်မည်ဟုတော့ ကိုယ့်ကိုကိုယ် မမျှော်လင့်ထားပေ။ ၎င်းမှာ လက်တွေ့မကျပေ။

သို့သော် အချိန်တန်လျှင် ရွှေရောင်အမြုတေအဆင့် ကျွမ်းကျင်သူများနှင့် တိုက်ရိုက်ရင်ဆိုင်နိုင်သည့် ယုံကြည်မှု ရှိရန်တော့ လိုအပ်ပါ၏။ ဤအရာကို ချီသန့်စင်ခြင်းအဆင့်တွင် လုံးဝ မလုပ်ဆောင်နိုင်ကြောင်း ရှင်းလင်းလှပေသည်။ ထို့ကြောင့် သူသည် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကို ယူဆောင်လာမည့် အဆင့်တက်ခြင်းတစ်ခု လိုအပ်နေ၏။

"ပဉ္စမအကြိမ်မြောက် တာအိုစည်းချက်တွေ ထွက်ပေါ်လာဖို့ နည်းနည်းလောက် နောက်ကျပါစေလို့ပဲ မျှော်လင့်ရတာပေါ့" လုချင်းက ရေရွတ်လိုက်သည်။

ယခုဆိုလျှင် သူသည် ချီသန့်စင်ခြင်းကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး သဘာဝလွန်စွမ်းရည်များကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်ရာ သူ၏ လက်ရှိနယ်ပယ်တွင် မည်သည့် အဟန့်အတားနှင့်မျှ မကြုံတွေ့ရတော့ပေ။ ကြိုတင်ပြင်ဆင်ရန် ရက်အနည်းငယ်လောက်သာ ထပ်ရပါက အခြေတည်အဆင့်သို့ ဝင်ရောက်ရန်မှာ သူ၏ လက်လှမ်းမီရာတွင် ရှိနေပြီဖြစ်၏။

ပဉ္စမအကြိမ်မြောက် တာအိုစည်းချက်များ ပဲ့တင်ထပ်ပြီးနောက်တွင် ကမ္ဘာလောကကြီးသည် ကြီးမားလှသော အပြောင်းအလဲတစ်ခုကို ကြုံတွေ့ရလိမ့်မည်ဟု သူ ကြိုတင်သိမြင်နေလေသည်။ အခြားအရာများထက် ရွှမ်ခုန်းဘုရားကျောင်းသည် သူတို့၏ ကိုယ်ပိုင်လှုပ်ရှားမှုများကို သေချာပေါက် ပြုလုပ်လာပေလိမ့်မည်။

ထို့ကြောင့် အနာဂတ်တွင် ကြုံတွေ့လာရမည့် အပြောင်းအလဲများကို ရင်ဆိုင်နိုင်ရန် သူ့ထံ၌ လုံလောက်သော အင်အား ရှိရန် လိုအပ်ပါ၏။

"ဟင်..."

ဤအကြောင်းများကို တွေးတောနေစဉ် လုချင်းသည် ရုတ်တရက် အနှောင့်အယှက်တစ်ခုကို ခံစားလိုက်ရသည်။

သူသည် တောင်ခါးပန်းရှိ ခြံဝင်းငယ်လေးဆီသို့ အံ့သြစွာ လှမ်းကြည့်လိုက်လေသည်။ "ဆရာ အဆင့်တက်သွားတာလား"

လွန်ခဲ့သည့် ရက်အနည်းငယ်က သူ၏ဆရာသည် ရက်အနည်းငယ်ခန့် တံခါးပိတ်ကျင့်ကြံမည်ဟု ပြောခဲ့ဖူးသည်။ ဤမျှ မြန်မြန်ဆန်ဆန် အဆင့်တက်သွားလိမ့်မည်ဟုတော့ သူ မမျှော်လင့်ထားခဲ့ပေ။ လုချင်း၏ ပတ်လည်တွင် လေပြေလေးတစ်ခု တိုက်ခတ်လာပြီး နောက်တစ်ခဏတွင်တော့ ဝါးတောထဲမှ သူ ပျောက်ကွယ်သွားလေသည်။

မကြာမီတွင် သူသည် တောင်ခါးပန်းရှိ ခြံဝင်းငယ်လေးသို့ ရောက်ရှိသွားတော့၏။

"ကိုကို ပြန်ရောက်လာပြီ"

ခြံဝင်းထဲတွင် ဝိညာဉ်စွမ်းအင်စားသုံးခြင်း သိုင်းပညာကို ကျင့်ကြံပြီးခါစဖြစ်သော ရှောင်ယန်လေးက လုချင်းကို ပျော်ရွှင်စွာ နှုတ်ဆက်လာ၏။

တစ်လကျော်ကြာ ကျင့်ကြံပြီးနောက်တွင် ရှောင်ယန်သည် ဝိညာဉ်စွမ်းအင်စားသုံးခြင်း သိုင်းပညာ၌ သိသိသာသာ တိုးတက်လာခဲ့သည်။ သူမ၏ ဝိညာဉ်စွမ်းအင်သည် ယခုအခါ၌ များပြားလှပြီး ချီသန့်စင်ခြင်းနယ်ပယ်အတွင်း၌ ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ကာ ချီသန့်စင်ခြင်းနယ်ပယ်၏ အနိမ့်ဆုံးအဆင့်သို့ နီးကပ်လာပြီပင်။

အဘယ်ကြောင့်ဆိုသော် ရှောင်ယန်သည် အံ့မခန်း ကျင့်ကြံခြင်းပါရမီကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။ ယန် မှတ်ချက်ချခဲ့သလိုပင် ရှေးခေတ် ကျင့်ကြံခြင်းလောကမှာဆိုလျှင်တောင်မှ သူမ၏ ပါရမီသည် မည်သည့် ထိပ်တန်းဂိုဏ်းတွင်မဆို အဓိကတပည့်တစ်ဦးအဖြစ် အရည်အချင်းပြည့်မီနိုင်သည့် စစ်မှန်သော ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးဖြစ်လေ၏။

"အင်း..."

လုချင်းက သူမ၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး အိမ်ဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။

သူ၏ဆရာသည် တရားထိုင်သည့် အခန်းထဲတွင် ရှိနေဆဲဖြစ်ပြီး အဆင့်တက်ပြီးနောက် ဖြစ်ပေါ်လာသော အပြောင်းအလဲများအား ခံစားနေရသည်ကို သူ အာရုံခံနိုင်လေသည်။ အနှောင့်အယှက် မဖြစ်စေလိုသဖြင့် လုချင်းသည် ခြံဝင်းထဲတွင်ပဲ တိတ်ဆိတ်စွာ ရပ်စောင့်နေရန် ဆုံးဖြတ်လိုက်တော့၏။‌

အတန်ကြာပြီးနောက်၌ တံခါးပွင့်လာသံကို သူ ကြားလိုက်ရပြီး မကြာမီတွင် သမားတော်ကြီးသည် တံခါးဝတွင် ထွက်ပေါ်လာလေသည်။

"အဘိုးချန်... တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီပေါ့" ရှောင်ယန်လေးက စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်သည်။

"အခုလေးတင်ပဲ" သမားတော်ကြီးက သူ၏မုတ်ဆိတ်ကို ပွတ်သပ်ရင်း ရွှင်လန်းသော မျက်နှာထားဖြင့် ပြန်ဖြေလေသည်။

"ဆရာ... အခြေတည်အဆင့်ကို ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်ဗျ" လုချင်းကလည်း ရိုးသားစွာဖြင့် ဂုဏ်ပြုစကား ဆိုလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ၏ စိတ်ထဲ၌ အံ့သြချီးကျူးမှုများကိုပါ အသစ်တစ်ဖန် ခံစားလိုက်ရသည်။ သူ၏ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းပါရမီသည် တကယ်ကို အံ့မခန်းပင်။

လုချင်းကိုယ်တိုင်မှာတော့ ကောင်းကင်ဘုံ၏ စမ်းသပ်မှုကို ခံနိုင်ရည်ရှိခဲ့သည့်အပြင် မူလဝိညာဉ်စွမ်းအင်များဖြင့် သူ၏အခြေခံအုတ်မြစ်ကို ခိုင်မာစေခဲ့ကာ သတ္တုဓာတ်ငါးမျိုး ဘူးသီးခြောက်ကို ဝိညာဉ်လက်နက်အဖြစ် ကိုင်ဆောင်ထားနိုင်ခြင်း စသည့် သူ၏ ထူးကဲသော ကျင့်ကြံမှုအရှိန်ကို မျှတစေမည့် အကြောင်းရင်းများ ရှိနေသော်လည်း သူ၏ဆရာမှာတော့ ထိုကဲ့သို့သော အရာများ မရှိခဲ့ပေ။

သို့တိုင် သူ့ဆရာ၏ ကျင့်ကြံခြင်းတိုးတက်မှုသည် အလွန်မြန်ဆန်လှသည်။ ချီသန့်စင်ခြင်း၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်မှာ ကြာပြီဖြစ်ပြီး ယခုအခါ၌ အတားအဆီးကို ကျော်ဖြတ်ကာ အခြေတည်အဆင့်သို့ ဝင်ရောက်သွားပြီဖြစ်၏။ ဤကဲ့သို့သော ကျင့်ကြံမှုအရှိန်သည် အလွန် အံ့အားသင့်ဖွယ်ရာပင်။

ယန်ပင်လျှင် လုချင်း၏ စိတ်အာရုံထဲတွင် မအံ့သြဘဲ မနေနိုင်ခဲ့ပေ။ "သခင်လေး... သခင်လေးရဲ့ဆရာက ရှားပါးလှတဲ့ ဉာဏ်အလင်းပွင့်မှုနဲ့ သိမြင်နားလည်နိုင်စွမ်းတွေကို ပိုင်ဆိုင်ထားတယ်။ ပြိုင်ဘက်ကင်းတယ်လို့တောင် ပြောလို့ရတယ်"

"အားချင်း... ကြည့်ရတာတော့ မင်းရဲ့အမြင်အာရုံကနေ ဘယ်အရာမှ လွတ်ကင်းနိုင်မှာ မဟုတ်ဘူးထင်တယ်" သမားတော်ကြီးက ရယ်မောရင်း ပြောလိုက်၏။

"မကြာသေးခင်က ငါ ကျိဟောက်တို့ရဲ့ ခန္ဓာကိုယ်တွေကို ကုသပေးနေရင်းနဲ့... သူတို့ဆီမှာ ရိုက်နှိပ်ထားတဲ့ ထူးခြားတဲ့ သင်္ကေတတွေကနေ ခန္ဓာကိုယ်ရဲ့ သက်စောင့်စွမ်းအင် လည်ပတ်မှု လျှို့ဝှက်ချက်တွေကို ငါ နားလည်သဘောပေါက်သွားခဲ့တယ်လေ။ အဲဒီကနေတစ်ဆင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းရဲ့ အနှစ်သာရကို ငါ နည်းနည်းလောက် မြင်တွေ့ခဲ့ရတယ်။ အစကတော့ ဒီနားလည်မှုကို ခိုင်မာအောင်လို့ ရက်နည်းနည်းလောက် တံခါးပိတ်ကျင့်ကြံဖို့ပဲ ရည်ရွယ်ခဲ့တာ။ ဒါပေမယ့် မထင်မှတ်ဘဲ တိုက်ရိုက် အဆင့်တက်သွားခဲ့တယ်လေ"

"ဆရာ့ရဲ့ ကျင့်ကြံခြင်းပါရမီကတော့ တကယ်ကို လေးစားစရာပါဗျာ" လုချင်းက ရိုသေလေးစားစွာဖြင့် ဆိုလိုက်၏။

တစ်ချိန်တည်းမှာပင် သူ အံ့သြသွားလေသည်။ ဆရာဖြစ်သူ ပြောသော သင်္ကေတများ၏ သဘောသဘာဝကို သူ အတိအကျ သိသည်။ ၎င်းတို့သည် မိစ္ဆာကျင့်ကြံသူများက ဝေ့ကျိဟောက်နှင့် အခြားသူများအပေါ် ချန်ရစ်ခဲ့သော အမှတ်အသားများဖြစ်ပြီး မိစ္ဆာသိုင်းပညာတစ်မျိုး ဖြစ်သည်။ သို့သော် သူ၏ဆရာသည် ထိုသင်္ကေတများမှတစ်ဆင့် ခွန်အားယူကာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း၏ လျှို့ဝှက်ချက်များကို သိမြင်နားလည်ပြီး အဆင့်တက်နိုင်ခဲ့သည်။ ဤကဲ့သို့သော နားလည်နိုင်စွမ်းသည် စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပါ၏။

"ဒီအဘိုးကြီးကို မြှောက်မနေပါနဲ့ကွာ" သမားတော်ကြီးက နောက်ပြောင်သလို အပြစ်တင်လိုက်သည်။ "ကျင့်ကြံခြင်းပါရမီနဲ့ ပတ်သက်လာရင် ငါ့တပည့်ဖြစ်တဲ့ မင်းနဲ့ ယှဉ်နိုင်မယ့်သူ ဘယ်သူများရှိဦးမှာလဲ"

ဆရာနှင့်တပည့် နှစ်ဦးသား အပြန်အလှန် ချီးကျူးစကားများ ပြောနေစဉ် လုချင်းသည် ရုတ်တရက် သူ၏အထဲမှ သိမ်မွေ့သော အပြောင်းအလဲတစ်ခုကို ခံစားလိုက်ရသည်။ ကျိုးလီရွာအပြင်ဘက်တွင် ရစ်ဝဲနေသော တည်ရှိမှုတစ်ခုကို သူ အာရုံခံမိလိုက်၏။

ထိုတည်ရှိမှုက အတော်လေးကိုမှ ရင်းနှီးနေသလို ခံစားရလေသည်။

လုချင်း ပြုံးလိုက်ကာ "ဆရာ... ကျွန်တော်တို့ဆီကို ဧည့်သည်တစ်ယောက် ရောက်နေတဲ့ပုံပဲဗျ"

...

အခန်း ၃၇‌၈ - လင်းကျိယွဲ့၏ အလည်အပတ်ခရီးနှင့် ကျုံးကျိုးရှိ အခြေအနေ အပြောင်းအလဲများ

"ဧည့်သည် ဟုတ်လား"

သမားတော်ကြီးသည် အစပိုင်းတွင် အံ့အားသင့်သွားလေသည်။

မကြာသေးမီကမှ အဆင့်တက်ထားခြင်း၏ ပျော်ရွှင်မှုတွင် နစ်မြောနေသဖြင့် ရွာအပြင်ဘက်မှ လှုပ်ရှားမှုများကို သူ သတိမထားမိခဲ့ပေ။ ထိုစကားကို ကြားသောအခါ၌ သူ၏ အာရုံများကို ဖြန့်ကြက်လိုက်တော့၏။ ထို့နောက်တွင် ထိုတည်ရှိမှုကို အာရုံခံမိလိုက်လေရာ သူ၏မျက်နှာထက်တွင်လည်း အပြုံးတစ်ခု ပေါ်လာတော့သည်။

"ဟုတ်သားပဲ။ ငါတို့ဆီကို ဧည့်သည်တစ်ယောက် ရောက်နေတာပဲ"

ကျိုးလီရွာအဝင်ဝတွင် လူငယ်တစ်ဦးသည် သူ၏ရှေ့မှ မြင်ကွင်းကို အံ့သြတကြီးဖြင့် ငေးကြည့်နေလေသည်။

ဤရွာသည် သူ ယခင်က နှစ်ကြိမ်တိုင်တိုင် လာရောက်ခဲ့ဖူးသော ရွာပင်ဖြစ်သည်ကို သူ မယုံနိုင်အောင် ဖြစ်နေမိ၏။ ဤနေရာမှာ မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး ဝိညာဉ်စွမ်းအင်များ သိပ်သည်းနေသည့်အပြင် တက်ကြွလှုပ်ရှားသော အသက်ဝင်မှုများကိုလည်း ထုတ်လွှင့်နေသေး၏။ ရွာအဝင်ဝရှိ သစ်ပင်ကြီးပင်လျှင် ထူးခြားပြီး အံ့မခန်း အရှိန်အဝါတစ်ခုကို ဆောင်ကာ ပြောင်းလဲနေပုံရသည်။

ထို့ထက်ပို၍ ရွာကို ကာကွယ်ပေးထားသော မမြင်ရနိုင်သော စွမ်းအားတစ်ခုကို သူ သဲ့သဲ့လေး ခံစားမိလေသည်။ အကယ်၍ သူ လမ်းမမှားကြောင်းကိုသာ သေချာခြင်းမရှိခဲ့လျှင် မသေမျိုးများ၏ ကောင်းချီးပေးခံရသော မြတ်မြင့်သောမြေတစ်ခုသို့ ရောက်ရှိသွားပြီလားဟုပင် သူ သံသယဝင်မိပေလိမ့်မည်။

ရွာကို ကာကွယ်ပေးထားသော အရှိန်အဝါကို ခံစားမိသဖြင့် လူငယ်သည် ယခင်ကကဲ့သို့ အထဲသို့ အလောတကြီး ဝင်မသွားဘဲ အဝင်ဝတွင်သာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။ ထိုသူနှစ်ဦး၏ စွမ်းရည်များဖြင့် သူရောက်ရှိလာခြင်းကို အလျင်အမြန် သတိပြုမိလိမ့်မည်ကို သူ သိထားသည်ပင်။

သူ မျှော်လင့်ထားသည့်အတိုင်း သစ်ပင်ကြီး၏ ထူးခြားသော အရှိန်အဝါကို ငေးကြည့်၍ မပြီးမီမှာပင် ရင်ထဲမှလာသော ရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။

"အဝေးကလာတဲ့ မိတ်ဆွေတစ်ယောက်ပဲ... ဝမ်းသာစရာပေါ့။ အစ်ကိုကျိယွဲ့... မင်းမှာ ကျွန်တော်တို့ရဲ့ ဝေးခေါင်တဲ့ ရွာငယ်လေးဆီ လာလည်ဖို့ အချိန်ရလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

မြူခိုးများ ကွဲဟသွားသောအခါ လုချင်းနှင့် သမားတော်ကြီးတို့ ထွက်ပေါ်လာလေသည်။ မှန်ပေသည်။ ရွာအဝင်ဝမှ လူငယ်မှာ ထျန်းကျီမျှော်စင်၏ တပည့်ဖြစ်သော လင်းကျိယွဲ့ပင် ဖြစ်နေလေ၏။

"သခင်လေးလု... သမားတော်ကြီးချန်... မတွေ့ရတာ ကြာပြီနော်။ ကျွန်တော် ဇီးပွင့်လက်ဖက်ရည် တစ်ခွက် နှစ်ခွက်လောက် သောက်ချင်လို့ ရောက်လာတာပါ" လင်းကျိယွဲ့က ပြုံးကာ နှုတ်ဆက်လိုက်သည်။

"ဟားဟား... ကျိယွဲ့... မင်း လက်ဖက်ရည်သောက်ချင်ရင်တော့ လွယ်လွယ်လေးပါ။ ဝင်ခဲ့လေ" သမားတော်ကြီးက ရယ်မောကာ ခေါ်လိုက်၏။

မကြာမီ သူတို့သုံးဦးသည် တောင်ခါးပန်းရှိ ခြံဝင်းငယ်လေးဆီသို့ ဦးတည်သွားကြလေသည်။

"အစ်ကိုကျိယွဲ့..." ရှောင်ယန်က လင်းကျိယွဲ့ကို မြင်သောအခါ၌ အနားသို့ ကပ်သွားကာ ယဉ်ကျေးစွာ ပြုံးရင်း နှုတ်ဆက်လေသည်။

"မတွေ့ရတာ ကြာပြီနော် ရှောင်ယန်လေး။ ညီမလေးက ပိုပိုပြီး လှလာပါလား။ ဟင်..."

လင်းကျိယွဲ့သည် ရှောင်ယန်ကို ပြန်တွေ့ရသဖြင့် တကယ်ပင် ဝမ်းသာနေခဲ့သည်။ သို့သော် သူမ၏ ပတ်ဝန်းကျင်ရှိ အရှိန်အဝါကို ခံစားမိသောအခါ၌ သူ၏မျက်လုံးများတွင် အံ့သြမှုတစ်ခု ဖြတ်ပြေးသွားလေသည်။

"သခင်လေးလု... ကျွန်တော်ပဲ အထင်များ လွဲနေတာလား။ ဒါမှမဟုတ် ရှောင်ယန်လေးက..."

လင်းကျိယွဲ့၏ အကြည့်ကို အကဲခတ်မိသော လုချင်းက ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။ "ရှောင်ယန်လေးက မကြာသေးခင်ကမှ ချီသန့်စင်ခြင်းမှာ တိုးတက်လာတာနဲ့ မွေးရာပါနယ်ပယ်ကို ရောက်သွားတာလေ"

"အာ..." လင်းကျိယွဲ့မှာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိပြီး ရှောင်ယန်ကို အံ့သြတကြီးဖြင့် စိုက်ကြည့်နေမိလေသည်။

မွေးရာပါနယ်ပယ်တဲ့လား။

ယင်းမှာ သိုင်းပညာရှင် အများအပြားသည် နေ့ရောညပါ လေ့ကျင့်ကာ အိပ်မက်မက်ကြသော်လည်း ရောက်ရှိရန် ခက်ခဲလှသော အဆင့်တစ်ခုဖြစ်သည်။ သို့တိုင်အောင် ဤနေရာတွင်တော့ ကလေးမလေးတစ်ယောက်က ထိုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီပင်။

သူ မှတ်မိသလောက်ဆိုလျှင် ရှောင်ယန်လေးသည် အသက် ခုနစ်နှစ်၊ ရှစ်နှစ်ခန့်သာ ရှိသေးသည်။ အသက်ဆယ်နှစ်ပင် မပြည့်သေးဘဲ မွေးရာပါနယ်ပယ်သို့ ရောက်ရှိသွားခြင်းမှာ...

လင်းကျိယွဲ့တစ်ယောက် သူ ဘယ်လောက်တောင် အံ့သြနေမိကြောင်းကို ဖော်ပြရန် စကားလုံးပင် ရှာမရတော့ပေ။

"အစ်ကိုကျိယွဲ့... အထင်မလွဲပါနဲ့ဗျ။ ရှောင်ယန်လေးရဲ့ ကျင့်ကြံခြင်းနည်းလမ်းက တော်တော်လေးကို ထူးခြားတယ်‌လေ။ အဲ့ဒါကြောင့် သူ့အတွက် မွေးရာပါနယ်ပယ်ကို ကျော်ဖြတ်ဖို့က တခြားသူတွေထက်စာရင် ပိုလွယ်ကူနေတာပေါ့။ သူ့ဆီမှာ နယ်ပယ်အဆင့်ပဲ ရှိတာပါဗျ။ သူ့ရဲ့ တကယ့်အစွမ်းအစကတော့ တခြားမွေးရာပါနယ်ပယ်က သိုင်းပညာရှင်တွေထက် အများကြီး နိမ့်ကျနေပါသေးတယ်" လင်းကျိယွဲ့၏ မျက်နှာပေါ်ရှိ အံ့သြမှုကို မြင်သောအခါ၌ လုချင်းက ရှင်းပြလိုက်သည်။

"ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မွေးရာပါနယ်ပယ်က မွေးရာပါနယ်ပယ်ပဲလေ" လင်းကျိယွဲ့က သက်ပြင်းရှည်ကြီး ချလိုက်ပြီးမှ တဖြည်းဖြည်း တည်ငြိမ်အောင် ကြိုးစားလိုက်ရသည်။

ရှောင်ယန်၏ အစွမ်းအစများ ထက်မြက်ခြင်းက သူ့ကို စိတ်မရှုပ်စေခဲ့ပေ။

ဘယ်သူကများ ကလေးမလေးတစ်ယောက်ကို သေရေးရှင်ရေး တိုက်ပွဲတွေမှာ ပါဝင်ဖို့ မျှော်လင့်ထားမှာလဲ။

မွေးရာပါနယ်ပယ်၏ အရေးအကြီးဆုံး အကျိုးကျေးဇူးမှာ ခန္ဓာကိုယ်နှင့် ဝိညာဉ်အပေါ် ပြောင်းလဲမှုများ ဖြစ်ပေါ်စေပြီး သက်တမ်းကို သိသိသာသာ တိုးမြှင့်ပေးခြင်းပင် ဖြစ်၏။

စွမ်းအားနှင့် ပတ်သက်လာလျှင် တစ်စုံတစ်ယောက်သည် မွေးရာပါနယ်ပယ်သို့ ရောက်ရှိသွားပါက အချိန်ကြာလာသည်နှင့်အမျှ ၎င်းသည် သဘာဝအတိုင်း တိုးတက်လာမည်သာ။ စစ်မှန်သော မွေးရာပါချီစွမ်းအင်များရှိနေသဖြင့် သူမ၏ အစွမ်းအစက နိမ့်ကျနေမည် မဟုတ်ပေ။

လုချင်းနှင့် သမားတော်ကြီး နှစ်ဦးစလုံးက ဆရာများအဖြစ် ရှိနေသဖြင့် ရှောင်ယန်၏ အနာဂတ် ကျင့်ကြံခြင်းအောင်မြင်မှုများသည် အကန့်အသတ်မဲ့ ဖြစ်လာမည်မှာ ထင်ရှားလှပါ၏။

ဤအကြောင်းများကို စဉ်းစားပြီးနောက်၌ လင်းကျိယွဲ့သည် သူ၏အာရုံကို လုချင်းနှင့် သမားတော်ကြီးတို့ထံသို့ ပြန်လှည့်လိုက်တော့သည်။

ကျုံးကျိုးမှာတုန်းကလိုပင် သူတို့၏ တကယ့်အစွမ်းအစကို သူ မခွဲခြားနိုင်သေးပေ။ သူ၏ ကျင့်ကြံခြင်းတွင် မကြာသေးမီက တိုးတက်မှုများ ရှိခဲ့သော်လည်း သူသည် ထိုသူနှစ်ဦးနှင့် နှိုင်းယှဉ်ပါက များစွာ ကွာဟနေဆဲဖြစ်ကြောင်း သူ သိလေသည်။ ထိုစဉ် အနောက်ဘက်ပြည်နယ်ရှိ ဖြစ်ရပ်များနှင့် ပတ်သက်၍ လွန်ခဲ့သည့် တစ်လခန့်က သူကြားခဲ့ရသည့် အကြောင်းအရာတစ်ခုကို သူ မှတ်မိသွားသည်။ သူ၏ ရင်ထဲတွင် မသက်မသာဖြစ်မှုတစ်ခုက စွဲထင်နေဆဲဖြစ်၏။

ဤခဏတာ စကားစမြည်ပြောပြီးနောက်တွင် သူတို့အဖွဲ့သည် ခြံဝင်းအတွင်း နေရာယူလိုက်ကြ၏။ သမားတော်ကြီးကတော့ ဇီးပွင့်လက်ဖက်ရည်ကို စတင်ဖျော်စပ်လေသည်။

"အစ်ကိုကျိယွဲ့... ချန်ကျိုးကို ဘာကိစ္စများရှိလို့ လာတာလဲဗျ" လုချင်းက မေးလိုက်သည်။

သူ အနည်းငယ် နားမလည်ဖြစ်နေမိသည်။ ကျုံးကျိုးသည် ဤလောက၏ ဗဟိုချက်ဖြစ်ပြီး ယခုဆိုလျှင် တာအိုစည်းချက်များက စတုတ္ထအကြိမ်မြောက် ထွက်ပေါ်ခဲ့ပြီဖြစ်ရာ ထိုနေရာရှိ ဝိညာဉ်စွမ်းအင်များသည် ပို၍ပင် သိပ်သည်းလာပြီး ကျင့်ကြံသူများအတွက် အလွန်လိုလားဖွယ်ကောင်းသော ကျင့်ကြံရာမြေ ဖြစ်လာနေပေမည်။ အဘယ်ကြောင့် လင်းကျိယွဲ့က ယခုလိုအချိန်မျိုးတွင် ခရီးထွက်ရန် ရွေးချယ်ခဲ့သနည်း။

မထင်မှတ်ဘဲ လင်းကျိယွဲ့သည် ဤမေးခွန်းကို ကြားသောအခါ၌ သက်ပြင်းချလေတော့၏။

"ရိုးရိုးသားသား ပြောရရင် ကျွန်တော်က ထွက်ပြေးလာတာပါ" သူက ဝန်ခံလိုက်သည်။

လုချင်းမှာ အံ့အားသင့်သွား၏။ "ထွက်ပြေးလာတာ ဟုတ်လား... ခင်ဗျားတို့ ဂိုဏ်းမှာ ပြဿနာတစ်ခုခုဖြစ်နေလို့လား"

"မဟုတ်ပါဘူး သခင်လေးလု။ မင်း အထင်လွဲနေပြီ။ ထျန်းကျီမျှော်စင်မှာ ဘာပြဿနာမှ မရှိပါဘူး။ ကျုံးကျိုးက အခြေအနေတွေက အရမ်းရှုပ်ထွေးနေလို့ ကျွန်တော်က အဲ့ဒီအရှုပ်အထွေးတွေကနေ ရှောင်ထွက်လာတာပါဗျ" လင်းကျိယွဲ့က အလျင်အမြန် ရှင်းပြလိုက်သည်။

"သြော်...အဲ့လိုလား" လုချင်းက စိတ်သက်သာရာရသွားဟန်ဖြင့် ပြောလိုက်သည်။ ထျန်းကျီမျှော်စင်အပေါ် သူ အမြင်ကောင်းရှိသဖြင့် ထိုဂိုဏ်းအပေါ် မည်သည့် ကံဆိုးမှုမျိုးမှ မကျရောက်စေချင်ပေ။

"အစ်ကိုကျိယွဲ့... အခု ကျုံးကျိုးရဲ့အခြေအနေက အဲဒီလောက်တောင် ရှုပ်ထွေးနေလို့လားဗျ"

"ရှုပ်ထွေးရုံတင်မကပါဘူးဗျာ" လင်းကျိယွဲ့က သက်ပြင်းချလေသည်။ "မင်း မသိလောက်ဘူး။ မင်းတို့ ထွက်သွားပြီးကတည်းက ကျုံးကျိုးရဲ့ ဝိညာဉ်စွမ်းအင်တွေက တဖြည်းဖြည်းနဲ့ တိုးလာနေတာလေ။

တဖြည်းဖြည်းနဲ့ နက်ရှိုင်းတဲ့ အခြေခံရှိတဲ့ မွေးရာပါနယ်ပယ်က သိုင်းပညာရှင်တော်တော်များများက ဝိညာဉ်စွမ်းအင် သန့်စင်ခြင်းရဲ့ အနှစ်သာရကို နားလည်သဘောပေါက်လာကြပြီးတော့ ဝိညာဉ်စွမ်းအားတွေအဖြစ် ပြောင်းလဲကျင့်ကြံလာကြတာပေါ့။ ဒါပေမဲ့ အဲဒါလောက်နဲ့တော့ ကျုံးကျိုးက ကစဉ့်ကလျားဖြစ်မသွားပါဘူး။

ဘာလို့လဲဆိုတော့ ဝိညာဉ်စွမ်းအင် သန့်စင်ခြင်းရဲ့ အနှစ်သာရကို နားလည်သဘောပေါက်သွားတဲ့ မွေးရာပါနယ်ပယ်က သိုင်းပညာရှင်တွေက ကျင့်ကြံဖို့ကိုပဲ အာရုံစိုက်နေကြပြီး နောက်ထပ် တိုးတက်ဖို့အတွက်ပဲ အချိန်ပေးနေကြလို့ တခြားကိစ္စတွေအတွက် အချိန်မရကြဘူးလေ။ ဒါပေမယ့် မကြာသေးခင်က တာအိုစည်းချက်တွေ ထပ်ပြီး ထွက်ပေါ်လာတယ်လေ။

အဲ့ဒါက ကျုံးကျိုးရဲ့ ဝိညာဉ်စွမ်းအင်တွေကို ပိုတိုးလာစေရုံတင်မကဘဲ နာမည်ကြီး တောင်တန်းတွေနဲ့ လူသူကင်းမဲ့တဲ့ နေရာတချို့မှာတောင် ထူးခြားတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်လာစေတော့တာပေါ့။ အဲဒီအထဲမှာ သဘာဝရတနာတချို့လည်း ပေါ်ထွက်လာပြီးတော့ ရှေးခေတ် လှိုဏ်ဂူတွေရဲ့ အရိပ်အယောင်တွေကိုတောင် တွေ့လာရတယ်လေ။ အဲ့သတင်းတွေ ပြန့်သွားတော့ ကျုံးကျိုးမှာ ကသောင်းကနင်း ဖြစ်သွားတော့တာပဲ။

ရှေးခေတ် ကျင့်ကြံခြင်းလောကရဲ့ လျှို့ဝှက်ချက်တွေက အခုတော့ လုံးဝကို ဖုံးကွယ်မထားနိုင်တော့ဘူးလေ။ ကျုံးကျိုးမှာရှိတဲ့ ဂိုဏ်းအများစုက ဒါကို သိနေကြပြီ။

ရှေးခေတ်တုန်းက မသေမျိုးဖြစ်လာနိုင်တဲ့ လမ်းကြောင်းတစ်ခု တကယ်ရှိခဲ့တယ်ဆိုတာကိုလည်း သူတို့ သိသွားကြပြီလေ။ ပြီးတော့ အဲ့ဒီရှေးခေတ် လှိုဏ်ဂူတွေ ထွက်ပေါ်လာတာက အဲ့ဒါကို သက်သေပြနေတာပဲ။

အဲ့ဒီလှိုဏ်ဂူတွေထဲမှာ ကျင့်ကြံခြင်းအတွက် နည်းလမ်းတွေနဲ့ ဝိညာဉ်လက်နက်တွေ ရှိနေနိုင်တယ်ဆိုတာကို သူတို့ သိသွားတော့ ကျုံးကျိုးက ဂိုဏ်းတွေလည်း ငြိမ်မနေနိုင်ကြတော့ဘူးပေါ့။ သူတို့က အဲ့ဒီအခွင့်အရေးတွေကို အရယူဖို့ တပည့်တွေကို ချက်ချင်း စေလွှတ်ကြတယ်လေ။ ဝိညာဉ်စွမ်းအားရဲ့ လျှို့ဝှက်ချက်တွေကို နားလည်သဘောပေါက်ပြီး ကျင့်ကြံနေတဲ့သူတွေတောင် နောက်ကျမကျန်ရစ်ချင်ကြဘူး။ သူတို့အားလုံး တံခါးပိတ်ကျင့်ကြံရာကနေတောင် ထွက်လာပြီး အဲ့ဒီရတနာတွေကို သိမ်းပိုက်ဖို့ အလုအယက် ကြိုးစားနေကြတော့တာပဲ။

အခု ကျုံးကျိုးမှာ အဲ့ဒီလှိုဏ်ဂူတွေထဲက ရတနာတွေကို လုယူဖို့ ဂိုဏ်းတွေကြားမှာ တိုက်ပွဲတွေတောင် ဖြစ်နေကြပြီ။ တချို့ဂိုဏ်းတွေကဆို သူတို့ပိုင်နက်ထဲက လှိုဏ်ဂူတွေကို ခွဲဝေယူဖို့နဲ့ တခြားသူတွေ ဝင်မလာနိုင်အောင်လို့ မဟာမိတ်တွေတောင် ဖွဲ့ထားကြတယ်လေ။

ထျန်းကျီမျှော်စင်ကိုတောင် မဟာမိတ်ဖွဲ့ဖို့ ဂိုဏ်းအသီးသီးက ချဉ်းကပ်လာကြတယ်။ ကျွန်တော်တို့ရဲ့ဆရာတောင်မှ အဲ့ဒီကိစ္စတွေကြောင့် စိတ်ရှုပ်နေရတာလေ။ နောက်ဆုံးတော့လည်း သူက ကျွန်တော်တို့ကို အခြေအနေတွေကနေ ရှောင်ရှားဖို့ ပြည်နယ်အနှံ့ ခရီးထွက်ဖို့ စေလွှတ်လိုက်တာပါပဲ"

ထိုသို့ဖြင့် လင်းကျိယွဲ့မှာ ကျုံးကျိုးရှိ မကြာသေးမီက ဖြစ်ရပ်များကို မနှေးမမြန် ပြန်၍ပြောပြလာတော့လေသည်။

...

All Chapters