အခန်း (၃၇၉-၃၈၀)
Vol. 38 Ch. 379-380
အခန်း ၃၇၉ - နေထိုင်ခြင်း၊ လင်းကျိယွဲ့၏ အံ့အားသင့်မှု
"ကျုံးကျိုးမှာ ဒီလောက်တောင် အများကြီး ဖြစ်ပျက်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"
လုချင်းက ခံစားချက်အချို့ဖြင့် သက်ပြင်းချလိုက်သည်။ ကျုံးကျိုးသည် ချန်ကျိုးနှင့် အလွန်ဝေးကွာပြီး ဝေ့မိသားစုကဲ့သို့သော မိသားစုတစ်ခုအတွက်ပင် ကျုံးကျိုး၌ အဆက်အသွယ်များ တည်ဆောက်ရန် ခက်ခဲလေသည်။ ထို့ကြောင့် ထိုဒေသမှ သတင်းအချက်အလက်များ ရရှိရန် သဘာဝကျကျပင် နှောင့်နှေးမှုများ ရှိနေခဲ့၏။
"ဒါပေမယ့် မြင့်မြတ်သောတောင်တော်က ဒါကို ဖြေရှင်းဖို့ တကယ်ပဲ နည်းလမ်းမရှိဘူးလား"
မြင့်မြတ်သောတောင်တော်၏ တာဝန်မှာ ကမ္ဘာလောက၏ ပြည်နယ်အသီးသီးကြား ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်ဖြစ်ကြောင်း လုချင်း သိထားသည်။ ယုတ္တိအရဆိုလျှင် ကျုံးကျိုး၌ ဤမျှ ကြီးမားသော ပရမ်းပတာဖြစ်မှုများ ရှိနေချိန်တွင် မြင့်မြတ်သောတောင်တော်က မျက်ကွယ်ပြုမထားသင့်ပေ။ သခင်မြတ်သုံးပါး၏ ကျင့်ကြံခြင်းအဆင့်အရဆိုလျှင် ဤအရှုပ်အထွေးများကို နှိမ်နှင်းနိုင်စွမ်း သေချာပေါက် ရှိပေလိမ့်မည်။
"အဲဒါကပဲ ကျွန်တော့်ကို စဉ်းစားရခက်စေတာလေ။ ကျုံးကျိုးမှာ အရှုပ်အထွေးတွေ ဖြစ်နေပေမယ့်လည်း မြင့်မြတ်သောတောင်တော်ဘက်ကတော့ ခုထိကို ဘာလှုပ်ရှားမှုမှ မရှိသေးဘူး။ သခင်မြတ်သုံးပါးထဲက ဘယ်သူမှလည်း ထွက်မလာကြဘူးလေ။ ကျွန်တော့်ဆရာတောင် သူတို့ကို တွေ့ဖို့ တောင်ပေါ်တက်သွားပေမယ့် ဘယ်သူနဲ့မှ တွေ့ခွင့်မရခဲ့ဘူး။ အဲ့ဒါကြောင့် ကျွန်တော့်ဆရာက တစ်ခုခု မှားနေပြီလို့ ခံစားမိလိုက်လို့ ထျန်းကျီမျှော်စင်ကို ဂိုဏ်းကြီးတွေကြားက အငြင်းပွားမှုတွေမှာ လုံးဝ မပါဝင်ရဘူးလို့ တင်းကျပ်တဲ့ အမိန့်ထုတ်ခဲ့တယ်လေ။ ပြီးတော့ သူက ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို လောလောဆယ် ရှောင်ရှားဖို့ ကျွန်တော်တို့ကို ပြည်နယ်အနှံ့ ခရီးထွက်ခိုင်းလိုက်တာ"
"မြင့်မြတ်သောတောင်တော်က ဘာမှ မလုပ်ဘူးလား" လုချင်းမှာ ခဏတာမျှ မှင်သက်သွားလေသည်။
သို့သော် သခင်မြတ်သုံးပါးထဲမှ တတိယသခင်၏ ရုပ်သေးရုပ်ပွားတော်နှင့် တိုက်ခိုက်စဉ်က သူရရှိခဲ့သော အချက်အလက်များကို သူ ပြန်၍အမှတ်ရသွား၏။ တတိယသခင်၏ စစ်မှန်သောကိုယ်ပွားသည် အခြေခံတည်အဆင့်၏ အထွတ်အထိပ်အဆင့်တွင် ရှိသည်။ ကျန်သော သခင်နှစ်ပါးသည်လည်း ထိုအဆင့်တွင်သာ ရှိနိုင်လောက်သည်။
ယခုအခါ၌ စတုတ္ထအကြိမ်မြောက် တာအိုစည်းချက်များ ထွက်ပေါ်လာပြီဖြစ်ရာ နောက်တစ်ကြိမ် ပဲ့တင်ထပ်ရန် အချိန်သိပ်မလိုတော့ပေ။ သခင်မြတ်သုံးပါးသည် ကမ္ဘာလောက၏ စည်းမျဉ်းများကို တွေးတောဆင်ခြင်နေပြီး ထိုစည်းမျဉ်းများ၏ ပြောင်းလဲတိုးတက်မှုသည် သူတို့ အဆင့်တက်နိုင်မည့် အမှတ်သို့ ရောက်ရှိလာရန် စောင့်ဆိုင်းနေသောကြောင့် ကျုံးကျိုးရှိ အရှုပ်အထွေးများကို ဂရုစိုက်ရန် အချိန်မရဖြစ်နေသည်များလော။
လုချင်းသည် ဤဖြစ်နိုင်ချေကို တွေးတောကြည့်ရာ အတော်လေး ဖြစ်နိုင်ခြေရှိသည်ဟု ယူဆလိုက်၏။
ကျင့်ကြံသူများအတွက် ကျင့်ကြံခြင်းအဆင့် တိုးတက်ရန်ထက် ပိုအရေးကြီးသောအရာ မရှိပေ။ လူတိုင်းတွင် တစ်ကိုယ်ကောင်းဆန်သော အစိတ်အပိုင်းတစ်ခု ရှိတတ်ကြသဖြင့် ထိုသခင်မြတ်သုံးပါးသည် ကမ္ဘာလောက၏ ကောင်းကျိုးကို အမှန်တကယ် မြတ်နိုးသူများဖြစ်စေကာမူ ဤမျှ ရှားပါးလှသော အခွင့်အရေးမျိုးနှင့် ကြုံတွေ့ရချိန်တွင်တော့ သူတို့၏ ကျင့်ကြံဆင့်တက်ရေးကိုသာ ဦးစားပေးပေလိမ့်မည်။ သေချာသည်မှာ ဤအရာအားလုံးသည် လုချင်း၏ ခန့်မှန်းချက်မျှသာ ဖြစ်သောကြောင့် သူ့နှုတ်မှ ထုတ်မပြောရန် ဆုံးဖြတ်လိုက်ပါ၏။
ယင်းအစား သူက ပြုံးလိုက်ကာ "အဲဒီလိုဆိုရင်တော့ အစ်ကိုကျိယွဲ့... ခင်ဗျား စိတ်မရှိရင်တော့ ကျွန်တော်တို့ဆီမှာ အချိန်အတိုင်းအတာတစ်ခုအထိ နေသွားလို့ရပါတယ်။ ဒီနေရာက သေးပေမယ့် ရှုခင်းတွေကတော့ အတော်လေးကို သာယာတယ်လေ။ စိတ်နဲ့ ဝိညာဉ်ကို ကျင့်ကြံဖို့ သင့်တော်တဲ့ နေရာတစ်ခုပါ"
"သခင်လေးလုကတော့ အရမ်းကို ယဉ်ကျေးလွန်းနေပါပြီ။ ရိုးရိုးသားသားပြောရရင် လမ်းမှာလာရင်းနဲ့ ကျွန်တော့်မှာ လမ်းမှားလာမိပြီလားလို့တောင် ထင်ခဲ့မိတာလေ။ ကျွန်တော် ဒီကို မလာဖြစ်တာ တော်တော်ကြာပြီ။ ဒါပေမယ့် ကျိုးလီရွာရဲ့ အပြောင်းအလဲတွေကတော့ တကယ်ကို အံ့မခန်းပဲ"
လင်းကျိယွဲ့က ဘေးပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်သည်။ ခြံဝင်းထဲတွင် အတန်ကြာ ထိုင်နေပြီးနောက် ရွာသည် ထူးခြားဆန်းကြယ်ကြောင်းကို သူ ပိုပိုပြီး ခံစားလာရ၏။ ဝိညာဉ်စွမ်းအင်များ သိပ်သည်းနေရုံမျှမက ခြေအောက်ရှိ မြေကြီးစွမ်းအင်များကလည်း သဟဇာတဖြစ်စွာ ဖွဲ့စည်းထားပြီး ပတ်ဝန်းကျင် လေထုထဲတွင် အသက်ဝင်မှုတစ်ခု လွင့်မျောနေလေသည်။ ဤနေရာတွင်သာ အချိန်ကြာမြင့်စွာ နေထိုင်ပါက ကျင့်ကြံခြင်းစွမ်းရည် မရှိသူများပင် သူတို့၏ သက်တမ်းကို တိုးမြှင့်နိုင်ပြီး ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ပေလိမ့်မည်။
"ဒီက ဝိညာဉ်စွမ်းအင်က နည်းနည်းလေး ပိုသိပ်သည်းနေရုံပါ။ ကျုံးကျိုးက နာမည်ကြီး တောင်တန်းတွေ၊ မြစ်တွေနဲ့တော့ ယှဉ်လို့မရပါဘူး" လုချင်းက နှိမ့်ချစွာ တုံ့ပြန်လိုက်၏။
"လုချင်းပြောတာမှန်တယ် ကျိယွဲ့။ မင်း သွားစရာ တခြားနေရာ မရှိဘူးဆိုရင် ဒီမှာ ခဏလောက် အခြေချနေလိုက်တာ မကောင်းဘူးလား။ ကျုပ် အများကြီးတော့ ကတိမပေးနိုင်ပေမယ့် ဒီဇီးပွင့်လက်ဖက်ရည်အတွက်ကတော့ အမြဲတမ်း လုံလောက်အောင် ရှိနေမှာပါ"
သမားတော်ကြီးက ဇီးပွင့်လက်ဖက်ရည်ကို ဖျော်ပြီးနောက် ခွက်တစ်ခွက်ကို လင်းကျိယွဲ့ရှေ့သို့ ချပေးလိုက်သည်။ လုချင်းနှင့် သမားတော်ကြီး နှစ်ဦးစလုံးက သူ့အား နေရန် တိုက်တွန်းနေသည်ကို မြင်သောအခါ၌ လင်းကျိယွဲ့ခင်မျာ စိတ်လှုပ်ရှားသွားတော့သည်။
ခဏတာ စဉ်းစားပြီးနောက် သူက ပြုံးကာ ခေါင်းညိတ်လိုက်၏။ "ဒါဆိုရင်တော့ ကျွန်တော် မျက်နှာပြောင်တိုက်ပြီး မင်းတို့ရဲ့ ကြင်နာတဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပါ့မယ်"
ထို့နောက် သူက ခွက်ကို ယူကာ တစ်ငုံ သောက်လိုက်သည်။ နောက်တစ်ခဏတွင်တော့ သူ၏ မျက်လုံးများမှာ အနည်းငယ် ပြူးကျယ်သွားကာ လက်ထဲရှိ လက်ဖက်ရည်ခွက်ကို အံ့သြစွာ ကြည့်လိုက်လေ၏။ "ဒီလက်ဖက်ရည်က..."
"မင်း တစ်ခုခုကို သတိထားမိလို့လား ကျိယွဲ့" သမားတော်ကြီးက ပြုံးလိုက်သည်။
"ဒီဇီးပွင့်လက်ဖက်ရည်မှာ သက်စောင့်စွမ်းအင်နဲ့ ပဲ့တင်ထပ်မှုတွေ ပါနေသလိုပဲ။ ကျင့်ကြံခြင်းအတွက် အထောက်အကူ ဖြစ်စေနိုင်တာလား"
လင်းကျိယွဲ့က မသေချာစွာဖြင့် ပြောလိုက်သည်။ တစ်ငုံသာ သောက်ရသေးသော်လည်း သူ့အတွင်းရှိ ဝိညာဉ်စွမ်းအားများ အနည်းငယ် ပိုမြန်မြန် စီးဆင်းသွားသည်ကို သူ ခံစားလိုက်ရသည်။
မှန်ပေသည်။ လုချင်းနှင့် ခွဲခွာပြီးနောက် သိပ်မကြာမီမှာပင် လင်းကျိယွဲ့သည် ဝိညာဉ်စွမ်းအင်ကို သန့်စင်သည့်နည်းလမ်းကို နားလည်သဘောပေါက်ခဲ့ပြီး သူ၏ စစ်မှန်သောချီစွမ်းအင်များကို ဝိညာဉ်စွမ်းအားအဖြစ် စတင်ပြောင်းလဲနေပြီပင်။
"ဟားဟား... ဝိညာဉ်စွမ်းအင်တွေ ပြန်ပြီးနိုးထလာကတည်းက ခြံဝင်းထဲက ဒီဇီးပင်ကလည်း အပြောင်းအလဲတချို့ ဖြစ်သွားတဲ့ပုံပဲ။ မင်းရဲ့ ခန္ဓာကိုယ်အခြေအနေကို ကြည့်ရတာ မင်းက ချီစွမ်းအင်စစ်ကို ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲနေတဲ့အဆင့်မှာ ရှိနေတဲ့ပုံပဲ။ ဒီဇီးပွင့်လက်ဖက်ရည်က အဲဒီဖြစ်စဉ်ကို နည်းနည်းလောက် အရှိန်မြှင့်ပေးနိုင်လိမ့်မယ်" သမားတော်ကြီးက ရယ်မောလိုက်သည်။
သူ၏ လက်ရှိအဆင့်ဖြင့်ဆိုလျှင် လင်းကျိယွဲ့၏ ခန္ဓာကိုယ်အခြေအနေကို တစ်ချက်ကြည့်ရုံဖြင့် အလွယ်တကူ သိမြင်နိုင်ပေသည်။
"ဝိညာဉ်စွမ်းအင်တွေ ပြန်ပြီးနိုးထလာကတည်းက ကမ္ဘာပေါ်က ဝိညာဉ်ရတနာတွေလည်း ပိုပိုပြီး ပေါများလာပုံရတယ်"
အပေါ်ရှိ ဇီးပင်ကို ကြည့်ရင်း လင်းကျိယွဲ့က သိသာထင်ရှားသော အပြောင်းအလဲများကို မှတ်သားလိုက်သည်။ ၎င်းသည် ပိုမို ကြံ့ခိုင်လာရုံသာမက သူ အပြည့်အဝ နားမလည်နိုင်သော ထူးခြားသည့် ပဲ့တင်ထပ်မှုတစ်ခုကိုပါ ဆောင်ထားပုံရ၏။ ဤဇီးပင်သည် ဒဏ္ဍာရီလာ ဝိညာဉ်သစ်ပင်အဖြစ်သို့ ပြောင်းလဲသွားလောက်ပြီဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။
ထို့ကြောင့် လုချင်းနှင့် သမားတော်ကြီးတို့၏ တိုက်တွန်းမှုဖြင့် လင်းကျိယွဲ့သည် ကျိုးလီရွာတွင် ယာယီ အခြေချနေထိုင်ရန် ဆုံးဖြတ်လိုက်တော့၏။
မွန်းတည့်ချိန်တွင်တော့ ဝေ့ရှန်ဟိုင်နှင့် အခြားသူများသည် ထိုကိစ္စကို ကြားသိရပြီး လင်းကျိယွဲ့အား ဂါရဝပြုရန် လာရောက်ခဲ့ကြသည်။ အရင်က ဝမ်ချန်းယီက သူ၏တပည့်များကို ဦးဆောင်ကာ ဝေ့မိသားစုကို ဝိုင်းရံထားစဉ် လင်းကျိယွဲ့က အရေးကြီးသော အချိန်တွင် ဝင်ရောက်ဟန့်တားပေးခဲ့သည်။ နောက်ပိုင်းတွင် ကျိုးလီရွာသို့ လာရောက်ကာ သတင်းပေးပို့ခဲ့သူမှာလည်း လင်းကျိယွဲ့ပင်ဖြစ်၏။ ထိုသတင်းကြောင့် သမားတော်ကြီးနှင့် အခြားသူများ ခရိုင်မြို့သို့ သွားရောက်ကာ ဝေ့မိသားစု၏ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ဝေ့ရှန်ဟိုင်နှင့် သူ၏အဖွဲ့သည် ဤကျေးဇူးကို အမြဲတမ်း မှတ်ထားခဲ့ကြသည်။
ယခု လင်းကျိယွဲ့ ကျိုးလီရွာသို့ ရောက်နေကြောင်း ကြားသောအခါ၌ သူတို့ မည်သို့များ လာရောက် ဂါရဝမပြုဘဲ နေနိုင်မည်နည်း။
အထူးသဖြင့် လင်းကျိယွဲ့သည် ဤနေရာတွင် အချိန်အတိုင်းအတာတစ်ခုအထိ နေထိုင်မည်ဟု ကြားသောအခါ သူတို့က သူ၏ လိုအပ်ချက်များကို စီစဉ်ပေးရန် ချက်ချင်း ကမ်းလှမ်းခဲ့ကြလေသည်။
"သခင်လေးလု... ဘာလုပ်နေတာလဲ"
နောက်တစ်နေ့ နံနက်စောစောတွင် လုချင်းက လယ်ကွက်ကို ရေလောင်းရန် သိုင်းပညာတစ်ခုအား အသုံးပြုနေသည်ကို လင်းကျိယွဲ့ မြင်လိုက်ရာ မအောင့်နိုင်ဘဲ မေးလိုက်မိတော့၏။
အထူးသဖြင့် လုချင်း၏ သိုင်းပညာဖြင့် ဖန်တီးထားသော ဝိညာဉ်တိမ်တိုက်လေးက လယ်ကွက်အထက်တွင် လွင့်မျောနေသည်ကို မြင်သောအခါ၌ သူ အတော်လေးကို အံ့သြသွားလေသည်။
"လယ်ကွက်ကို ရေလောင်းနေတာပါဗျ။ ဝိညာဉ်စပါးတွေ ကောင်းကောင်း ကြီးထွားဖို့ဆိုရင် ပုံမှန် ရေလောင်းပေးရတယ်လေ။ ပြီးတော့ အကောင်းဆုံး အာနိသင်ရဖို့ ဝိညာဉ်မိုးရေနဲ့ လောင်းပေးရတာပါ။ သာမန် မိုးရေက သိပ်အကျိုးမရှိဘူးမို့လေ" လုချင်းက ဘာကိုမှ မဖုံးကွယ်ဘဲ ပြုံးကာ ရှင်းပြလိုက်သည်။
"ဒါက ဝိညာဉ်လယ်ကွက်လား။ ပြီးတော့ ဒီမှာ စိုက်ထားတာက မနေ့ညက ကျွန်တော်တို့ စားခဲ့တဲ့ ဝိညာဉ်ဆန်တွေပေါ့" လင်းကျိယွဲ့က ဝိညာဉ်လယ်ကွက်ထဲရှိ စိမ်းလန်းစိုပြည်နေသော စပါးပင်လေးများကို အံ့သြစွာ ကြည့်လိုက်သည်။ မနေ့က ညစာစားစဉ်တွင် မြည်းစမ်းခဲ့ရသော ဝိညာဉ်ဆန်၏ ထူးခြားသော အရသာနှင့် ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးကာ ကျင့်ကြံမှုကို တိုးတက်စေနိုင်သည့် အာနိသင်များကို သူ ပြန်၍အမှတ်ရသွားတော့၏။
"ဟုတ်တယ်။ ဒါက ကျွန်တော် စိုက်ထားတဲ့ ဒုတိယအသုတ် ဝိညာဉ်စပါးတွေလေ။ ဒါပေမယ့် ရိတ်သိမ်းဖို့ကတော့ နောက်ထပ် နှစ်လလောက် လိုပါသေးတယ်"
လုချင်း၏ လက်အနေအထား အနည်းငယ် ပြောင်းလဲသွားသည်နှင့်အမျှ လယ်ကွက်အထက်တွင် လွင့်မျောနေသော မှော်တိမ်တိုက်ကလည်း အခြားထောင့်တစ်နေရာသို့ တဖြည်းဖြည်း ရွေ့လျားသွားကာ သိမ်မွေ့သော ဝိညာဉ်မိုးရေစက်များကို ရွာသွန်းပေးလေသည်။
ဤမြင်ကွင်းက လင်းကျိယွဲ့ကို အံ့မခန်း ဖြစ်စေခဲ့သည်။
ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာမှုကြောင့် ကျင့်ကြံခြင်းလမ်းကြောင်းသည် လျှို့ဝှက်ချက် မဟုတ်တော့သော်လည်း...
ယခုအချိန်အထိ ကမ္ဘာပေါ်ရှိ အင်အားအကြီးဆုံး ပုဂ္ဂိုလ်အများစုသည် ဝိညာဉ်စွမ်းအင်များကို သန့်စင်ရန်နှင့် သူတို့၏ စစ်မှန်သောချီစွမ်းအင်များကို ဝိညာဉ်စွမ်းအားအဖြစ် ပြောင်းလဲရန် ကြိုးစားနေဆဲပင်။
လျှို့ဝှက်နယ်မြေကြီးလေးခုမှလွဲ၍ ကျုံးကျိုးရှိ ထိပ်တန်းဂိုဏ်းများသည်ပင် ကျင့်ကြံခြင်းလမ်းကြောင်း၏ အခြေခံများကိုသာ ရှာဖွေနေကြဆဲဖြစ်၏။ လင်းကျိယွဲ့သည် ကမ္ဘာလောက၏ လျှို့ဝှက်ချက်များစွာကို သိရှိပြီး အတွေ့အကြုံများစွာရှိသော ထျန်းကျီမျှော်စင်၏ အဓိကတပည့်တစ်ဦး ဖြစ်သော်လည်း စစ်မှန်သော မှော်ပညာကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
လုချင်းတစ်ယောက် တည်ငြိမ်စွာဖြင့် လယ်ကွက်ကို ရေလောင်းရန် သိုင်းပညာကို အသုံးပြုနေသည်ကို ကြည့်ရင်းနှင့် ကျိုးလီရွာသို့ ရောက်ရှိလာကတည်းက သူ ကြုံတွေ့ခဲ့ရသော အံ့သြဖွယ် မြင်ကွင်းအားလုံးကို ပြန်လည်အမှတ်ရရင်း လင်းကျိယွဲ့မှာ ကျင့်ကြံခြင်းလမ်းကြောင်း၏ တကယ့်အရှိတရားကို အမှန်တကယ်ပင် စတင်၍ခံစားလာရလေတော့၏။
...
အခန်း ၃၈၀ - ပြင်ပကမ္ဘာမှ ဧည့်သည်၊ ငြိမ်းချမ်းခြင်း ကြာပန်း
လုချင်းက မှော်တိမ်တိုက်ကို ထိန်းချုပ်ကာ လယ်ကွက်တစ်ခုလုံးအပေါ် မိုးရွာချစေသည်ကို လင်းကျိယွဲ့က အကြည့်မလွှဲတမ်း စိုက်ကြည့်နေလေသည်။ လုချင်းက လက်တစ်ချက် ဝှေ့ယမ်းလိုက်သောအခါ တိမ်တိုက်သည် ပျောက်ကွယ်သွားပြီး အေးမြလန်းဆန်းသော ခံစားမှုတစ်ခုက လင်းကျိယွဲ့၏ မျက်နှာပေါ်သို့ ဖြတ်သန်းတိုက်ခတ်သွားလေသည်။
"သခင်လေးလု... အခုလေးတင် သုံးလိုက်တဲ့ သိုင်းပညာက ဒဏ္ဍာရီထဲက နတ်ဘုရားတွေရဲ့ သိုင်းပညာများလား" လင်းကျိယွဲ့က မအောင့်နိုင်ဘဲ မေးလိုက်လေသည်။
"နတ်ဘုရားတွေရဲ့ သိုင်းပညာတော့ မဟုတ်ပါဘူးဗျ။ ဒါက ရိုးရှင်းတဲ့ ဝိညာဉ်မိုးရွာသွန်းခြင်း သိုင်းပညာပါ" လုချင်းက ပြုံးကာ ပြန်ဖြေလိုက်သည်။
"ဝိညာဉ်မိုးရွာသွန်းခြင်း သိုင်းပညာလား"
"ဟုတ်တယ်။ အဲဒါက မိုးတိမ်ငယ်သိုင်းလို့ ခေါ်တဲ့ ရေဓာတ်အခြေခံ အခြေခံသိုင်းပညာတစ်ခုပါ။ သင်ယူရတာ မခက်ပါဘူး။ တကယ်လို့ ကျိယွဲ့ စိတ်ဝင်စားတယ်ဆိုရင် ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲက မွေးရာပါချီစွမ်းအင်တွေ အားလုံးကို ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲပြီးသွားတဲ့အခါကျ ကျွန်တော် သင်ပေးလို့ရပါတယ်" လုချင်းက တုံ့ဆိုင်းမှုမရှိဘဲ ကမ်းလှမ်းလိုက်လေသည်။
"အခြေခံသိုင်းပညာ..." လင်းကျိယွဲ့က ထိုစကားလုံးကို သေချာနားထောင်ကာ ဖမ်းယူလိုက်သည်။
"ကြည့်ရတာ ကျိယွဲ့က ကျင့်ကြံခြင်းလမ်းကြောင်းကို သိပ်ပြီး နားမလည်သေးဘူးထင်တယ်" လုချင်းက အနည်းငယ် ပြုံးကာ မှတ်ချက်ချလိုက်သည်။
"သခင်လေးလုကတော့ နောက်နေပြန်ပါပြီ။ လောကတစ်ခွင်လုံးမှာ လျှို့ဝှက်နယ်မြေကြီးလေးခုနဲ့ မြင့်မြတ်သောတောင်တော်ကလွဲရင် ဘယ်ဂိုဏ်းကများ ကျင့်ကြံခြင်းလမ်းကြောင်းကို သေချာနားလည်တယ်လို့ ပြောရဲမှာလဲ"
ထိုသို့ပြောရင်း လင်းကျိယွဲ့က လုချင်းကို သိမ်မွေ့စွာ တစ်ချက် လှမ်းကြည့်လိုက်သည်။
ဟုတ်သားပဲ။ ပြီးတော့ ဒီလူလည်း ရှိနေသေးတာပဲ။
မျှမျှတတ ပြောရလျှင် လျှို့ဝှက်နယ်မြေကြီးလေးခုနှင့် မြင့်မြတ်သောတောင်တော်တို့က ကျင့်ကြံခြင်းလမ်းကြောင်းဆိုင်ရာ အသိပညာများကို ပိုင်ဆိုင်ထားခြင်းမှာ မျှော်လင့်ထားပြီးသား ဖြစ်သည်။ သူတို့သည် ရှေးဟောင်းအင်အားစုများဖြစ်ပြီး လျှို့ဝှက်နယ်မြေကြီးလေးခုဆိုလျှင် နှစ်သောင်းနှင့်ချီသော သမိုင်းကြောင်းရှိသည်။ သို့သော် လုချင်း၏ ဇာစ်မြစ်မှာ ထျန်းကျီမျှော်စင်အတွင်းရှိ သူတို့အတွက် လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။
သူသည် ရွာလေးတစ်ရွာမှ လူငယ်တစ်ဦးမျှသာ ဖြစ်ပြီး သူ၏ဆရာသည်ပင် အနည်းငယ် ကျွမ်းကျင်မှုရှိသော နယ်လှည့်ကုသပေးသည့် သမားတော်တစ်ဦးသာ ဖြစ်သည်။ သို့တိုင်အောင် လုချင်းသည် ယခုအခါ ကမ္ဘာလောက၏ အထွတ်အထိပ်တွင် ရပ်တည်နေပြီး ကြီးမားလှသော စွမ်းအားများကို ပိုင်ဆိုင်ထားရုံသာမက လျှို့ဝှက်ဆန်းကြယ်သော သိုင်းပညာများကိုလည်း ပိုင်ဆိုင်ထားပါ၏။ သူသည် ကျင့်ကြံခြင်းလမ်းကြောင်းကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ရုံသာမက သူ၏ ကိုယ်ပိုင် ခြေလှမ်းများကိုပါ လှမ်းလျှောက်ကာ စစ်မှန်သော ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ကြောင်း ယခု၌ ထင်ရှားနေလေပြီပင်။
လုချင်းအနေဖြင့် ဤမျှများပြားလှသော ကျင့်ကြံခြင်းဆိုင်ရာ အသိပညာများကို မည်သည့်နေရာမှ ရရှိခဲ့သနည်းဆိုသည်မှာ အားလုံးအတွက် ပဟေဠိတစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။
"ကျင့်ကြံခြင်းလမ်းကြောင်းကို အဆောင် ကျင့်ကြံခြင်း၊ မှော်ပညာ ကျင့်ကြံခြင်း၊ ခန္ဓာကိုယ် ကျင့်ကြံခြင်း စသဖြင့် ဂိုဏ်းခွဲအများကြီး ခွဲထားပါတယ်ဗျ..." လင်းကျိယွဲ့ စိတ်ဝင်စားနေသည်ကို မြင်သောအခါ လုချင်းက ကျင့်ကြံခြင်းလမ်းကြောင်းနှင့် ပတ်သက်သော အခြေခံအသိပညာအချို့ကို စတင်ရှင်းပြတော့၏။
ဤအရာများကို ကြားသောအခါ၌ လင်းကျိယွဲ့၏ စိတ်ဝင်စားမှုမှာ ချက်ချင်း မြင့်တက်လာပြီး အာရုံစိုက်ကာ နားထောင်လေသည်။ လက်ရှိခေတ်တွင် လျှို့ဝှက်နယ်မြေကြီးလေးခုနှင့် မြင့်မြတ်သောတောင်တော်မှလွဲ၍ အများစုသော အင်အားစုများနှင့် ဂိုဏ်းများသည် ကျင့်ကြံခြင်းလမ်းကြောင်း၏ အခြေခံများကိုသာ နားလည်ထားကြသည်။ လုချင်း သူ့ကို မျှဝေရန် လိုလားနေသော အသိပညာများမှာ ရှားပါးလှသော အခွင့်အရေးတစ်ခုပင်ဖြစ်၏။
လင်းကျိယွဲ့က နားထောင်နေစဉ် သူ၏ရင်တွင်း၌ စိတ်လှုပ်ရှားမှုများ ပွက်ပွက်ဆူလာသော်လည်း မြင်ကွင်းသည် အဆုံးမရှိ ကျယ်ပြောလှသော ကောင်းကင်ယံအထက်သို့ ပြောင်းလဲသွားလေသည်။
ကြမ်းတမ်းလှသော လေပြင်းများ တိုက်ခတ်နေသည့် အလွှာများကို ကျော်လွန်ကာ ကမ္ဘာလောက၏ နယ်နိမိတ်များကို ကျော်လွန်သောအခါ၌ ကျယ်ပြောပြီး လူသူကင်းမဲ့သော ကြယ်တာရာနယ်မြေကြီး ရှိနေလေသည်။ ဤကြယ်တာရာနယ်မြေကြီးသည် ကန္တာရဆန်လှ၏။ အဝေးမှ ကြယ်ရောင်များနှင့် ဧရာမ မည်းနက်သော ဥက္ကာပျံကြီးများမှလွဲ၍ အခြားဘာမှ မရှိသလောက်ပင်။ လုချင်းတို့ နေထိုင်ရာ ကမ္ဘာလောကကြီးသည် မှေးမှိန်သော အလင်းရောင်လေးတစ်ခုကို ထုတ်လွှင့်နေပြီး ကျယ်ပြောလှသော ကြယ်တာရာနယ်မြေကြီးထဲတွင် သတိပြုမိရန်ပင် ခက်ခဲလှသည်။
ရုတ်တရက် သူတို့၏ ကမ္ဘာလောကနှင့် မဝေးလှသော နေရာရှိ ဝိညာဉ်ရေးရာ အသက်ဝင်မှု ကင်းမဲ့နေသော အချင်း မိုင်ရာနှင့်ချီရှိသည့် ဧရာမ ဥက္ကာပျံကြီးတစ်ခုအထက်တွင် အာကာသလှိုင်းတစ်ခု ထွက်ပေါ်လာလေသည်။
နောက်တစ်ခဏတွင် အနည်းငယ် စုတ်ပြတ်နေသော ငွေရောင်လှေပျံတစ်စင်း ထွက်ပေါ်လာကာ ဥက္ကာပျံပေါ်သို့ ဆင်းသက်လာလေသည်။
အတန်ကြာပြီးနောက်၌ ပင်ပန်းနွမ်းနယ်နေပုံရသော လူရိပ်နှစ်ခုသည် လှေပျံထဲမှ ထွက်လာကြသည်။ သူတို့ထဲမှ တစ်ယောက်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ငွေရောင် လှေပျံသည် အလျင်အမြန် သေးငယ်သွားပြီး သူ၏ လက်ဖဝါးထဲသို့ ကျဆင်းသွားတော့၏။
"ဆရာတူအစ်ကို... အစ်ကို့ရဲ့ လှေပျံသာ မရှိရင် ကျွန်တော်တို့တွေ ထျန်းတောက်ဂိုဏ်းက လူတွေလက်ကနေ လွတ်လာမှာ မဟုတ်ဘူး" အဖြူဝတ်ရုံနှင့် လူငယ်တစ်ဦးက အတော်လေးကို စိတ်သက်သာရာရသွားသောလေသံဖြင့် ပြောလိုက်သည်။
"ထျန်းတောက်ဂိုဏ်းက ကျန့်ရီနဲ့ ဆုံလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ထျန်းတောက်ဂိုဏ်းရဲ့ အဓိကတပည့်တစ်ဦးအနေနဲ့ သူ့ရဲ့ဓားသိုင်းကျွမ်းကျင်မှုက တကယ်ကို ထူးခြားတယ်။ ဓားတစ်ချက်တည်းနဲ့တင် သူက ငါတို့နှစ်ယောက်လုံးကို ဒဏ်ရာရစေခဲ့တယ်လေ။ အထက်တန်းအဆင့် ရွှေရောင်အမြုတေက တကယ်ကို အံ့မခန်းပဲကွာ" မီးခိုးရောင်ဝတ်စုံနှင့် လူက ကြောက်ရွံ့မှုတစ်ခု ရောယှက်နေသော လေသံဖြင့် ပြောလိုက်သည်။ သူ၏ ရင်ဘတ်တွင် ဓားခုတ်ရာတစ်ခု ရှိနေပြီး သွေးများက သူ၏ဝတ်စုံကို စွန်းထင်းနေလေ၏။
"ဟင်း... ကျန့်ရီဆိုတော့ရော ဘာဖြစ်လဲ။ သူ ဘယ်လောက်ပဲ ကျွမ်းကျင်ပါစေ ဒီတစ်ကြိမ်တော့ သူ အရှုံးပေးရမှာပဲ။ ကျွန်တော်တို့က သူတို့ဆီကနေ ရတနာကို လုယူနိုင်ခဲ့ရုံတင်မကဘဲ သူတို့ရှေ့မှာတင် ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့တာလေ။ အဲဒီထျန်းတောက်ဂိုဏ်းက တပည့်တွေရဲ့မျက်နှာတွေကို အစ်ကို မြင်လိုက်လား။ တကယ်ကို တန်ဖိုးဖြတ်မရဘူးဗျာ" အဖြူဝတ်ရုံနှင့် လူငယ်က ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောရင်း ပြောလိုက်သည်။
"ဟုတ်သားပဲ... အဲဒီရတနာ"
မီးခိုးရောင်ဝတ်စုံနှင့် လူသည် သူ၏သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်ယူလိုက်ရာ ၎င်းကို ဖွင့်လိုက်သည်နှင့် ထူးခြားသော ရနံ့တစ်ခုက ချက်ချင်းပင် လွင့်ပျံ့လာတော့၏။ သေတ္တာထဲတွင် ကြည်လင်နေသော ကြာပန်းတစ်ပွင့် ရှိနေလေသည်။
သူတို့နှစ်ဦးသည် ရနံ့ကို ရှူရှိုက်လိုက်သည်နှင့် ချက်ချင်းပင် စိတ်အာရုံ ကြည်လင်လာမှုကို ခံစားလိုက်ရ၏။ ထျန်းတောက်ဂိုဏ်း၏ အဓိကတပည့် ကျန့်ရီကြောင့် ရရှိခဲ့သော ဒဏ်ရာများ စတင်သက်သာလာရုံသာမက သူတို့၏ ဝိညာဉ်စွမ်းအားများပင် အနည်းငယ် တိုးတက်လာခဲ့သေးသည်။
"ငြိမ်းချမ်းခြင်း ကြာပန်း..."
အဖြူဝတ်ရုံနှင့် လူငယ်က ကျောက်စိမ်းသေတ္တာထဲရှိ ကြည်လင်နေသော ပန်းပွင့်ကို စိုက်ကြည့်ရင်း ရေရွတ်လိုက်၏။ "ထျန်းတောက်ဂိုဏ်းက တပည့်တွေ ဒီလောက် ရှားပါးတဲ့ ရတနာမျိုးကို တွေ့လိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။ ဒီပန်းပွင့်မှာ စည်းမျဉ်းတွေရဲ့ စွမ်းအားတွေ ပါဝင်တယ်လို့ ဒဏ္ဍာရီတွေက ဆိုကြတယ်။ ပွင့်ဖတ်တစ်ဖတ်ကို စားရုံနဲ့တင် စိတ်ကို ကြည်လင်စေပြီး ဉာဏ်အလင်းပွင့်မှုနဲ့ ဝိညာဉ်စွမ်းအား နှစ်ခုလုံးကို ယာယီအားဖြင့် ဆယ်ဆ ဒါမှမဟုတ် အဲဒီထက်တောင် ပိုပြီး တိုးမြှင့်ပေးနိုင်တယ်တဲ့လေ။ ဒါက ထူးခြားတဲ့ ဝိညာဉ်ရေးရာ ရှားပါးပစ္စည်းတွေရဲ့ တန်ဖိုးကြီးစာရင်းမှာ အဆင့်သုံးဆယ်တောင် ချိတ်တယ်ဗျ"
မီးခိုးရောင်ဝတ်စုံနှင့် လူသည် ကြည်လင်နေသော ကြာပန်းကို တူညီသော အံ့သြမှုဖြင့် ကြည့်နေလေသည်။
ဤကဲ့သို့သော ဝိညာဉ်ရေးရာ ပစ္စည်းမျိုးသည် သန္ဓေသားဝိညာဉ်အဆင့် ကျင့်ကြံသူကိုပင် သွေးဆောင်နိုင်ပေလိမ့်မည်။ သူတို့လက်ထဲ ရောက်လာလိမ့်မည်ဟု တွေးလိုက်ရုံဖြင့် ထျန်းတောက်ဂိုဏ်းမှ တပည့်များ၏ စိတ်ပျက်မှုက အောင်ပွဲကို ပို၍ပင် ချိုမြိန်စေလေ၏။
သို့သော် အထက်တန်းအဆင့် ရွှေရောင်အမြုတေ ကျင့်ကြံသူတစ်ဦးအနေဖြင့် မီးခိုးရောင်ဝတ်စုံနှင့် လူသည် အလျင်အမြန် တည်ငြိမ်မှုရယူကာ ကျောက်စိမ်းသေတ္တာကို ပိတ်လိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်တော့၏။
"ဒီငြိမ်းချမ်းခြင်း ကြာပန်းကို တိုက်ရိုက် စားလိုက်ရင် နှမြောစရာကောင်းလိမ့်မယ်။ အကောင်းဆုံး အသုံးချနည်းက ဂိုဏ်းကို ပြန်ယူသွားပြီး ဆေးခန်းမဆောင်က အကြီးအကဲတွေကို ငြိမ်းချမ်းခြင်း ဝိညာဉ်ဆေးလုံးတွေအဖြစ် သန့်စင်ပေးဖို့ တောင်းဆိုတာပဲ။ ဒါတွေက ရွှေရောင်အမြုတေ ကျင့်ကြံသူတွေအတွက် အကောင်းဆုံး အထောက်အကူပြု ဆေးလုံးတွေလေ။ ဉာဏ်အလင်းပွင့်မှုကို တိုးမြှင့်ပေးရုံတင်မကဘူး၊ ငါတို့ရဲ့ ရွှေရောင်အမြုတေတွေကိုပါ သန့်စင်ပေးနိုင်တဲ့အပြင် အဆင့်ကိုလည်းတိုးမြှင့်ပေးနိုင်တယ်။ ဒီငြိမ်းချမ်းခြင်း ကြာပန်းတစ်ပွင့်လုံးနဲ့သာ ဆိုရင် ငါတို့ ငြိမ်းချမ်းခြင်း ဝိညာဉ်ဆေးလုံးတော်တော်များများကို သန့်စင်နိုင်လောက်တယ်။ အဲဒီအခါကျရင် ငါတို့ရဲ့ရွှေရောင်အမြုတေတွေကို အလယ်အလတ်အဆင့် ဒါမှမဟုတ် အထက်တန်းအဆင့်အထိတောင် တဖြည်းဖြည်းနဲ့ သန့်စင်လာနိုင်လိမ့်မယ်"
အဖြူဝတ်ရုံနှင့် လူငယ်က သဘောတူညီကြောင်း ခေါင်းညိတ်လိုက်ပြီး တူညီသော စိတ်လှုပ်ရှားမှုကို ခံစားနေရလေသည်။
သူတို့၏ လက်ရှိ အခြေခံများအရ ရွှေရောင်အမြုတေကို အလယ်အလတ်အဆင့်သို့ တိုးမြှင့်ရန်ပင် ခက်ခဲသော တိုက်ပွဲတစ်ခု ဖြစ်နေခဲ့ရာ အထက်တန်းအဆင့် ရွှေရောင်အမြုတေအထိ ရောက်ရှိရန်မှာ ဆိုဖွယ်ရာ မရှိပေ။ သို့သော် ဤငြိမ်းချမ်းခြင်း ကြာပန်းဖြင့် ယခုအခါ သူတို့တွင် မှေးမှိန်သော မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ရှိနေပြီဖြစ်၏။
ကျင့်ကြံခြင်းလောကတွင် အထက်တန်းအဆင့် ရွှေရောင်အမြုတေများသာလျှင် သန္ဓေသားဝိညာဉ်အဆင့်သို့ အဆင့်တက်နိုင်သည့် အလားအလာရှိသည်ဆိုသော တင်းကျပ်သည့် စည်းမျဉ်းတစ်ခုကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသည်။ အဆင့်နိမ့် ရွှေရောင်အမြုတေရှိသော ကျင့်ကြံသူများသည် သန္ဓေသားဝိညာဉ်အဆင့်သို့ အတင်းအဓမ္မ အဆင့်တက်ရန် ကြိုးစားပါက ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုနှင့် ကြုံတွေ့ရမည်သာ။
ယခင်က သာမန် ရွှေရောင်အမြုတေများသာ ရှိသော ဤဆရာတူအစ်ကိုနှင့် ညီတို့သည် အလယ်အလတ်အဆင့်အတွင်းရှိ စတုတ္ထအဆင့်သို့ ရောက်ရှိရန်သာ ရည်မှန်းထားခဲ့ကြသည်။ ယခု၌ သူတို့သည် အထက်တန်းအဆင့် ရွှေရောင်အမြုတေသို့ တက်လှမ်းရန် မျှော်လင့်ချက်များ ထားရှိလာကြပြီဖြစ်ရာ သူတို့၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရန် ခက်ခဲနေလေ၏။
ထျန်းတောက်ဂိုဏ်းမှ တပည့်များသည် သူတို့ကို ထူးကဲသော အခွင့်အရေးတစ်ခုကို အမှန်တကယ် လက်ဆောင်ပေးခဲ့ခြင်းပင်။
"ဒါနဲ့ ဆရာတူအစ်ကို... ကျွန်တော်တို့ အခု ဘယ်ရောက်နေတာလဲဗျ"
သူတို့နှစ်ဦး၏ စိတ်ခံစားမှုများ တည်ငြိမ်သွားရန် အချိန်အတန်ကြာ ယူလိုက်ရပြီး နောက်ဆုံးတွင် ပတ်ဝန်းကျင်ကို စတင် လေ့လာကြည့်ရှုလိုက်ကြလေတော့သည်။