အခန်း (၁၄၇-၁၄၈)
Vol. 15 Ch. 147-148
အခန်း (၁၄၇) - အစိုးရအဖွဲ့၏ တုန်လှုပ်မှု
နေဦး... အကယ်၍ အဆတစ်ရာ အရှိန်မြှင့်လေ့ကျင့်ရေးကွင်းကိုသာ လျှို့ဝှက်နယ်မြေထဲမှာ ထည့်သွင်းလိုက်မယ်ဆိုရင် ကျောင်းသားတွေက တာ့ချန်းမှတ်တမ်းကို အုပ်စုလိုက် သင်ယူနိုင်ကြလိမ့်မယ်။ ပြီးရင် အဲဒီနယ်မြေထဲမှာပဲ သတ္တဝါတွေကို အမဲလိုက်ရင်း ပိုက်ဆံရှာလို့ရတာပေါ့။ အဲဒီအချိန်ကျရင် လူတွေက နာကျင်မှုကို ပိုပြီး ပူဇော်လာကြမှာဆိုတော့ ဘုရင်ဝက်ဝံကိုလည်း အဲဒီမှာပဲ ရေရှည်ထားထားရမယ်။ ပြဿနာက ဒီနာကျင်မှုကို ဘယ်လိုထိန်းချုပ်မလဲဆိုတာပဲ။ တိရစ္ဆာန်တွေကို မွေးထားပြီးတော့ လူတွေရဲ့ နာကျင်မှုကို အဲဒီတိရစ္ဆာန်တွေဆီ လွှဲပြောင်းပေးလို့ ရမလား။
ကျောင်းအုပ်ရှန်၏ အကြံပြုချက်ကြောင့် စူးချီ၏ စိတ်ထဲတွင် အတွေးသစ်များစွာ ပေါ်ထွက်လာသည်။ သို့သော် ထိုအရာအားလုံးမှာ ဖြစ်နိုင်ခြေရှိသော ခန့်မှန်းချက်များသာ ဖြစ်သဖြင့် ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ကြည့်ရန် လိုအပ်သည်။
ကျောင်းအုပ်ရှန်က ဤမျှ ကောင်းမွန်သော အကြံဉာဏ်များ ပေးနိုင်သည်ဆိုလျှင် အစိုးရ၏ အကြံပေးပညာရှင်အဖွဲ့နှင့် တိုက်ရိုက်ဆွေးနွေးကြည့်လျှင် ပိုမကောင်းပေဘူးလား။ အစိုးရ၏ အမြင်များကို နားထောင်ရင်း မိမိ၏ အချက်အလက်အချို့ကိုလည်း သူတို့ကို အသိပေး၍ ရနိုင်သည်။ အစိုးရအနေဖြင့် ကမ္ဘာကြီး ရင်ဆိုင်နေရသော အခြေအနေကို သိရှိထားနိုင်သော်လည်း တာ့ချန်းမှတ်တမ်းနှင့် ဘုရင်ဝက်ဝံ၏ စွမ်းရည်များကိုမူ သိရှိဦးမည်မဟုတ်ပေ။ သူတို့၏ ရှုထောင့်မှဆိုလျှင် ပိုမိုကောင်းမွန်သော အကြံဉာဏ်များ ပေးနိုင်ကောင်း ပေးနိုင်လိမ့်မည်။ ထို့အပြင် သူတို့ကို အကူအညီတောင်းခြင်းမှာလည်း မိမိအတွက် အကျိုးရှိသော ကိစ္စတစ်ခု ဖြစ်သည်။
ထိုသို့ တွေးတောပြီးနောက် စူးချီသည် မဆိုင်းမတွဘဲ ဆုံးဖြတ်ချက်ချလိုက်သည်။ သူသည် ရဲရှူးယောင်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"အတွင်းရေးမှူးရဲ... စစ်တပ်နဲ့ သက်ဆိုင်ရာ အရာရှိတွေကို ဆက်သွယ်ပေးပါ။ ကျွန်တော် လျှို့ဝှက်နယ်မြေရှိတဲ့နေရာကို သွားချင်တယ်။ ဒီကျင့်စဉ်သစ်နဲ့ ပတ်သက်ပြီး သူတို့နဲ့ ဆွေးနွေးစရာရှိတယ်။ ဒီတစ်ခေါက် ကျင့်စဉ်ကတော့ အခြေခံမလိုဘဲ လူတိုင်းသင်ယူနိုင်တဲ့ အဆင့်မြင့်ကျင့်စဉ်ဖြစ်ပြီး အစိုးရရဲ့ လိုအပ်ချက်တွေကို လုံးဝဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ အာမခံပါတယ်။ ဒါပေမဲ့ ဒီကျင့်စဉ်မှာ ပြဿနာအချို့ ရှိနေလို့ သူတို့ရဲ့ အကြံဉာဏ်တွေကို တောင်းချင်တာ။ အကြံပေးပညာရှင်အဖွဲ့လည်း ပါဝင်နိုင်ရင် အကောင်းဆုံးပဲ"
ယခုအချိန်အထိ တာ့ချန်းမှတ်တမ်း၏ ထူးခြားသော စွမ်းဆောင်ရည်များကို စူးချီနှင့် ရှန်ကျစ်ရှားတို့ နှစ်ဦးသာ သိရှိထားကြခြင်း ဖြစ်သည်။ ဤဆွေးနွေးပွဲသည် အစိုးရကို အသိပေးရန်နှင့် သူတို့၏ အကြံဉာဏ်များကို နားထောင်ရန် အခွင့်ကောင်းတစ်ခုပင် ဖြစ်သည်။
ရဲရှူးယောင်က ခေါင်းညိတ်ပြကာ လိုအပ်သည်များကို စီစဉ်ရန် ထွက်သွားသည်။ ထိုအချိန်တွင် စူးချီသည် ကျောင်းအုပ်ရှန်ကို ကြည့်လိုက်ရာ သူမသည် စက္ကူနှင့် ကလောင်ကို ကိုင်ကာ တစ်ခုခုကို ရေးခြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမသည် ရေးဆွဲရင်း တစ်ယောက်တည်းလည်း ရေရွတ်နေသည်။
"ဟဲဟဲ... ငါ ဒီလိုမျိုး ကြော်ငြာမယ်။ အဆီတွေကို သူရဲကောင်းဗိမာန်ဆီ ပူဇော်ပါ၊ လှပကျော့ရှင်းတဲ့ ကိုယ်လုံးကို ပိုင်ဆိုင်ပါ။ ပြီးတော့ အမျိုးသားတို့ရဲ့ ပြောရခက်တဲ့ ပြဿနာတွေကိုလည်း တိတ်တဆိတ် ပူဇော်လိုက်ပါဦး။ ဟဲဟဲ... ငါကတော့ တကယ့်ကို ကြော်ငြာ ပါရမီရှင်ပဲ"
သူမ၏ စကားများကို ကြားရသောအခါ စူးချီမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။
"ကျောင်းအုပ်ကြီး... လျှို့ဝှက်နယ်မြေကို လိုက်မလား"
"အို... ကျွန်မ အခုလောလောဆယ် မလိုက်တော့ဘူး။ ကြော်ငြာဖို့ကိစ္စက ပိုအရေးကြီးတယ်"
ရှန်ကျစ်ရှားက အရေးမစိုက်သကဲ့သို့ လက်ခါပြလိုက်သည်။ သူမ၏ အမြင်တွင် တာ့ချန်းမှတ်တမ်း၏ အားသာချက်နှင့် အားနည်းချက်များကို သူမ သိရှိထားပြီး ဖြစ်သည်။ အမြဲတမ်း နာကျင်နေရမည့် အချက်ကို အသုံးပြု၍ ကျောင်းသားများ ကျောင်းထွက်သွားအောင် လုပ်နိုင်ပါက သူမအတွက် အကျိုးအမြတ်များစွာ ရရှိလာမည်ဖြစ်သည်။ ထိုအခါ သူမသည် တစ်ဆင့်တည်းဖြင့် ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။
တျရှနိုင်ငံ၏ အနာဂတ် ဧကရာဇ်မကြီး ဖြစ်လာမည့် ရှန်ကျစ်ရှားအနေဖြင့် အချိန်တစ်စက္ကန့်မျှပင် အလဟဿ အဖြစ်မခံနိုင်ပေ။ သူမသည် ကြော်ငြာများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရမည် ဖြစ်သည်။
"ဒီတစ်ခေါက်တော့ ကျွန်မ မလိုက်တော့ဘူး။ အတွင်းရေးမှူးရဲကိုပဲ ခေါ်သွားလိုက်ပါ။ ဆွေးနွေးပြီးရင်တော့ အစီအစဉ်အသေးစိတ်ကို ကျွန်မဆီ ပြန်ပြောပြပေါ့။ အဲဒီကျရင် ကျွန်မက ကုထုံးသင်တန်းနဲ့ ထူးချွန်သင်တန်းတွေကို ဘယ်လိုစီစဉ်ရမလဲဆိုတာ လေ့လာရမယ်"
...
နာရီအနည်းငယ် ကြာပြီးနောက်။
ကျန်းမြို့၊ ဟွာရှန်း မီးရထားဘူတာ။
စတုရန်းမီတာ လေးထောင်ခန့် ကျယ်ဝန်းသော စောင့်ဆိုင်းခန်းကြီးမှာ ဗလာကျင်းနေသည်။ ရထားစင်္ကြံအဝင်ဝတွင်မူ စားပွဲရှည်ကြီး တစ်လုံးကို ချထားသည်။ ထိုစားပွဲ၏ တစ်ဖက်တွင် စူးချီ ရင်းနှီးပြီးသားသူများ ဖြစ်ကြသော ဗဟိုကာကွယ်ရေးဇုန်မှ တပ်မှူး လီယိ၊ ပညာရေးဝန်ကြီးအဖြစ် အသစ်ခန့်အပ်ခံရသော ကျန်းလိချွမ်းနှင့် စူးချီ ယခင်က တွေ့ဖူးသော အငြိမ်းစားအကြီးအကဲတို့ ထိုင်နေကြသည်။
နံရံပေါ်ရှိ ကြော်ငြာမျက်နှာပြင်များမှာလည်း ယခုအခါ အစည်းအဝေး မျက်နှာပြင်များ ဖြစ်ကုန်ကြပြီဖြစ်သည်။ မျက်နှာပြင်တစ်ခုစီ၏ နောက်ကွယ်တွင် နယ်ပယ်အသီးသီးမှ အကြံပေးပညာရှင်များ ရှိနေကြသည်။ အစိုးရ၏ အမြင်တွင် စူးချီမှာ ယခုအခါ ထူးခြားသော ပါရမီရှင်တစ်ဦး ဖြစ်နေပြီဖြစ်သည်။ သူက ကျင့်စဉ်သစ်အကြောင်း ဆွေးနွေးလိုသည်ဟု ဆိုလာသောအခါ အွန်လိုင်းနှင့် အပြင်လောကမှ အကြံပေးပညာရှင်အားလုံး နာရီပိုင်းအတွင်း ရောက်ရှိလာကြခြင်း ဖြစ်သည်။
အစည်းအဝေး မစတင်မီ စူးချီက ကျန်းလိချွမ်းကို စပ်စုကြည့်လိုက်သည်။
"ဝန်ကြီးကျန်း... ရာထူးတက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်ဗျာ"
နှုတ်ဆက်စကားများ ပြောပြီးနောက် စူးချီက ဆက်မေးလိုက်သည်။
"ဒါနဲ့... ဘာဖြစ်လို့ ဒီနေရာမှာ အစည်းအဝေး လုပ်ရတာလဲ"
ကျန်းလိချွမ်းက ပြန်လည်ရှင်းပြသည်။
"မင်း မသိသေးဘူးလား။ အစိုးရရဲ့ လျှို့ဝှက်နယ်မြေ အဝင်ဝတွေအားလုံးက ဒီလို လူသိနည်းတဲ့ ရထားဘူတာတွေမှာပဲ ရှိတာ။ ရလာတဲ့ စွမ်းအင်ကျောက်တုံးတွေကို လိုအပ်တဲ့နေရာတွေဆီ ရထားနဲ့ ချက်ချင်း ပို့ဆောင်ပေးလို့ရတာပေါ့။ အခုဆိုရင် ဒီကျောက်တုံးတွေက စွမ်းအင်ရင်းမြစ် အတော်များများကို အစားထိုးလိုက်ပြီလေ"
စူးချီ ဘာမှ ပြန်မပြောတော့ပေ။ သူသည် ထိုကဲ့သို့သော အကြောင်းအရာများကို မသိရှိခဲ့ပေ။ ပုံမှန်အားဖြင့် ကျောင်းသားများသည် တက္ကသိုလ် ဒုတိယနှစ်ရောက်မှသာ လျှို့ဝှက်နယ်မြေ ရှာဖွေရေးနှင့် စွမ်းအင်ကျောက်တုံးများအကြောင်းကို သင်ယူကြရခြင်း ဖြစ်သည်။ စူးချီမှာမူ ပထမနှစ်မှာတင် ဆရာဖြစ်နေသဖြင့် ထိုသင်ခန်းစာများကို လွတ်သွားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ စနစ်ကို မရရှိခဲ့ပါက သာမန်ကျောင်းသားတစ်ဦးကဲ့သို့ ဒုတိယနှစ်တွင် လျှို့ဝှက်နယ်မြေသို့ သွားရောက်ကာ ဘွဲ့ရလျှင် မျိုးရိုးကြီးမိသားစုတစ်ခုခုတွင် အလုပ်ဝင်ရင်း သာမန်ဘဝဖြင့်သာ နေထိုင်သွားရပေလိမ့်မည်။
ကျန်းလိချွမ်း၏ စကားကြောင့် စူးချီ၏ သံသယတစ်ခုလည်း ပြေလည်သွားသည်။ မြို့တိုင်းတွင် ရထားမရပ်သော ဘူတာများ အဘယ်ကြောင့် ရှိနေသနည်းဆိုသည့် အချက်ပင် ဖြစ်သည်။ ထိုဘူတာများကို အရင်းအမြစ်များ သယ်ယူပို့ဆောင်ရန်အတွက် အသုံးပြုနေခြင်း ဖြစ်သည်။
စကားပြောနေစဉ်မှာပင် လူစုံသွားကြပြီဖြစ်သည်။ အငြိမ်းစားအကြီးအကဲက ကြင်နာစွာ ပြုံးလျက် မေးလိုက်သည်။
"စူးချီလေး... မင်းရဲ့ ကျင့်စဉ်သစ်ကို ပြဖို့ ငါတို့ကို ခေါ်လိုက်တာလား။ ပြောပါဦး... မင်းရဲ့ ကျင့်စဉ်သစ်မှာ ဘယ်လို ထူးခြားချက်တွေ ရှိလို့လဲ"
အကြီးအကဲအနေဖြင့် စူးချီ၏ ကျင့်စဉ်အသစ်အပေါ် အလွန်အမင်း မျှော်လင့်ချက် ထားရှိခြင်းမရှိပေ။ သူ၏အမြင်တွင် ဤကျင့်စဉ်မှာလည်း ယခင်ကျင့်စဉ်များကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု ယူဆထားသည်။ သို့သော် စူးချီ၏ ပထမဆုံး စကားတစ်ခွန်းကပင် သူ့ကို မှင်တက်သွားစေသည်။
"တကယ်တော့... ဒီကျင့်စဉ်က ကျွန်တော်တို့နိုင်ငံကို တည်ထောင်ခဲ့တဲ့ မဟာဧကရာဇ်နဲ့ ပူးပေါင်းဖန်တီးထားတာပါ။ ဟုတ်ပါတယ်... ခင်ဗျားတို့ တွေးနေတဲ့ အဲဒီမဟာဧကရာဇ်ပါပဲ။ အတိအကျ ပြောရရင် ဒီကျင့်စဉ်က ကျွန်တော် ဖန်တီးတာမဟုတ်ဘဲ ရှေးဟောင်းကျမ်းစာ တစ်စောင်ကနေ ရခဲ့တာပါ။ ကျွန်တော် စမ်းသပ်ကြည့်တဲ့အခါမှာ ထူးဆန်းတဲ့ နာကျင်ခြင်း စွမ်းအားတွေကို ဆွဲဆောင်နိုင်ခဲ့တယ်။ အဲဒီမှာ ပြင်ပကမ္ဘာက ကြောက်မက်ဖွယ်ကောင်းတဲ့ မိစ္ဆာနတ်ဘုရားတစ်ပါး ရောက်လာခဲ့ပေမဲ့ မဟာဧကရာဇ်က သူ့ကို နှိမ်နင်းလိုက်ပါတယ်"
စူးချီသည် တာ့ချန်းမှတ်တမ်း၏ မြစ်ဖျားခံပုံနှင့် ဖြစ်ပေါ်ခဲ့သော ထူးခြားမှုများကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။ အကြီးအကဲမှာ ထိုစကားကို ကြားရသောအခါ အံ့အားသင့်သွားပြီး ကျန်းလိချွမ်းကို အချက်ပြလိုက်သည်။ ထိုအခါ စစ်သားတစ်စု ရောက်ရှိလာသည်။
"ကျန်းဖုန်း... မင်း တာ့ချန်းမှတ်တမ်းကို သင်ယူပြီးတော့ လက်သည်းတစ်ဖက်ကို ပူဇော်ကြည့်စမ်း"
အကြီးအကဲ၏ ညွှန်ကြားချက်အရ စစ်တပ်က ခွန်အားတိုင်းတာသည့် စက်တစ်ခုကို ချက်ချင်း ယူလာပေးသည်။ ကျန်းဖုန်း အမည်ရှိ စစ်သားသည် စူးချီ၏ သင်ကြားမှုကို နားထောင်ကာ ကျင့်စဉ်ကို သင်ယူလိုက်သည်။ တာ့ချန်းမှတ်တမ်း၏ သင်ယူမှုမှာ အလွန်လွယ်ကူသဖြင့် သူသည် ခဏအတွင်းမှာပင် တတ်မြောက်သွားသည်။
ခေတ္တအကြာတွင် ကျန်းဖုန်းသည် စက်ရှေ့၌ ရပ်ကာ အားကုန်သုံး၍ လက်သီးဖြင့် တစ်ချက် ထိုးလိုက်သည်။ စက်ပေါ်တွင် ခွန်အား လေးထောင်ကျင်းခန့် ပြနေသဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တတိယအဆင့်ခန့် ရှိသည်ဟု ခန့်မှန်းနိုင်သည်။ ထို့နောက် ကျန်းဖုန်းသည် စက်နှင့် အနည်းငယ် ဝေးရာသို့ သွားကာ စူးချီ သင်ကြားပေးသည့်အတိုင်း သူရဲကောင်းဗိမာန်နှင့် ဆက်သွယ်လိုက်သည်။
"ကျွန်ုပ် ကျန်းဖုန်း။ သူရဲကောင်းဗိမာန်ဆီ နာကျင်မှုကို ပူဇော်ပါတယ်။ ရှေးဦးသူရဲကောင်းများအနေနဲ့ ကျွန်ုပ်ကို တုံ့ပြန်ပေးပြီး ရှေ့ကစက်ကို တိုက်ခိုက်ပေးပါ"
နောက်တစ်ခိုက်တွင် ကျန်းဖုန်း၏ လက်မမှ လက်သည်းမှာ ခွာထွက်သွားတော့သည်။ ကျန်းဖုန်း၏ မျက်နှာမှာ နာကျင်မှုကြောင့် ပုံပျက်သွားသော်လည်း စစ်သားပီပီ အံကြိတ်ကာ အောင့်ထားလိုက်သည်။
ထိုအချိန်တွင် ကျန်းဖုန်း၏ နောက်ကျောဘက်၌ စက်ဝိုင်းပုံစံ အလင်းတန့်တစ်ခု ပေါ်လာသည်။ အလင်းတန့်အလယ်တွင် ကြယ်တစ်လုံး ပေါ်ထွက်လာပြီး တံခါးတစ်ခုပမာ ပွင့်သွားကာ အတွင်းမှ လူရိပ်တစ်ခု လျင်မြန်စွာ ထွက်ပေါ်လာသည်။ လူတိုင်း၏ ရှေ့တွင် အရပ်ဝတ်ဝတ်ထားသော စစ်သားတစ်ဦးမှာ မြေပြင်တွင် ဝပ်နေပြီး သေနတ်တစ်လက်ဖြင့် အဝေးကို ချိန်ထားသည်ကို မြင်တွေ့လိုက်ရသည်။ သူ၏ မျက်လုံးတစ်ဖက်က မှန်ပြောင်းကို ကြည့်နေပြီး ကျန်တစ်ဖက်မှာမူ တင်းတင်းစေ့ထားသည်။ သူသည် လက်ဖြောင့်သေနတ်သမားတစ်ဦး ဖြစ်ပုံရသည်။
ထိုပုံရိပ် ပေါ်လာသည်နှင့် အငြိမ်းစားအကြီးအကဲမှာ ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အသံများပင် တုန်ယင်နေတော့သည်။
"ဒါ... ဒါက ကျွန်တော်တို့ စစ်တပ်ရဲ့ လက်ဖြောင့်သေနတ်ဘုရင် ကျန်းဖန်း မဟုတ်လား။ တာ့ချန်းမှတ်တမ်းက တကယ်ပဲ တျရှရဲ့ သူရဲကောင်းတွေကို ဆင့်ခေါ်နိုင်တာလား"
နောက်တစ်ခဏတွင် ကျယ်လောင်သော အသံကြီးနှင့်အတူ အဝေးမှ ခွန်အားတိုင်းတာသည့် စက်မှာ အပြင်းအထန် တုန်ခါသွားသည်။ မျက်နှာပြင်ပေါ်တွင် ဂဏန်းတစ်ခု ပေါ်လာသည်။
သုံးသောင်းခြောက်ထောင်ကျင်း။
လက်သည်းတစ်ဖက် ပူဇော်ရုံမျှဖြင့် သုံးသောင်းခြောက်ထောင်ကျင်းရှိသော တိုက်ခိုက်မှုကို တစ်ကြိမ် ရရှိလိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ မည်မျှအထိ အစွမ်းထက်သော ကျင့်စဉ်နည်း။ လျင်မြန်သော တိုးတက်မှုနှင့် ပြင်းထန်သော တိုက်ခိုက်မှုကြောင့် လူတိုင်းမှာ မှင်တက်သွားကြပါတော့သည်။
အခန်း (၁၄၈) - တျရှကို ဖရိုဖရဲဖြစ်အောင်လုပ်ခြင်း
စူးချီက အစိုးရအရာရှိများကို တာ့ချန်းမှတ်တမ်းအကြောင်း လက်တွေ့ပြသနေချိန်တွင် မိုင်ပေါင်းသောင်းချီဝေးကွာသော အနောက်နိုင်ငံများရှိ ဟက်ဒန်ကျွန်း၌ ဖြစ်သည်။ အပြာရောင်ကြယ်ပေါ်တွင် အကျော်ကြားဆုံးဖြစ်သော ယူဇီအရင်းရှင်အုပ်စု၏ ဌာနချုပ်ဖြစ်သည့် ရှန့်ကောင်းအဆောက်အအုံ၏ အထပ်မြင့်တွင် သမ္မတ ဒေးဗစ်ရိုမန်သည် မြို့ပြ၏ ညအလှကို ငေးမောကြည့်ရှုနေသည်။
သူ၏အောက်ခြေရှိ မြို့ပြကြီးမှာ စစ်တုရင်ခုံတစ်ခုပမာ ရှိနေပြီး လမ်းမပေါ်ရှိ မီးရောင်စုံများနှင့် မော်တော်ယာဉ်များမှာ သူ၏ထိန်းချုပ်မှုအောက်မှ နယ်ရုပ်များအလား ထင်မှတ်ရသည်။ ထိုနေရာတွင် ရပ်နေရင်း သူသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို စိတ်တိုင်းကျ မွှေနှောက်နိုင်သည့် နတ်ဘုရားတစ်ပါးကဲ့သို့ ခံစားနေရသည်။
ထိုစဉ် သူ၏နောက်ကျောဘက်၌ အလင်းဖျော့ဖျော့တစ်ခု လက်ခနဲဖြစ်သွားပြီး ကိုယ်လုံးကိုယ်ပေါက် လှပလှသော လူရိပ်တစ်ခု ပေါ်ထွက်လာသည်။ သူမ၏ ကိုယ်လုံးမှာ ဆွဲဆောင်မှုရှိသော်လည်း မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံးမှာမူ မှောင်အတိကျနေသည်။
"ချစ်လှစွာသော ဒေးဗစ်... မင်းရဲ့ မကြာသေးခင်က ကြိုးစားမှုတွေအတွက် ငါတို့ သခင်က သိပ်ကို သဘောကျနေတယ်။ ဒါကတော့ မင်းကို ပေးမယ်လို့ ကတိပြုထားတဲ့ နတ်ဘုရားအမြုတေ အပိုင်းအစပဲ။ ငါတို့သခင်က မင်းတို့ကမ္ဘာကို ကျူးကျော်ဖို့ ပိုပြီးတော့ ယုံကြည်ချက် ရှိလာပြီ"
ဒေးဗစ်ရိုမန်သည် လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လျက် ထိုကျောက်တုံးအပိုင်းအစကို လှမ်းယူလိုက်သည်။ နတ်ဘုရားအမြုတေ အပိုင်းအစ။ ထိုအရာကို လက်ထဲသို့ ရရှိလိုက်ချိန်တွင် ဒေးဗစ်၏ မျက်လုံးများထဲ၌ ရူးသွပ်သော လောဘဇောများ ယှက်သန်းသွားတော့သည်။
သူကဲ့သို့ သာမန်သေမျိုးတစ်ဦးသည် မဟာဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်တော့မည် မဟုတ်ပါလား။ မိမိတို့၏ စည်းစိမ်ဥစ္စာများကို ထာဝရ တည်မြဲအောင် လုပ်ဆောင်နိုင်တော့မည် ဖြစ်သည်။ ဤသည်မှာ ယူဇီအရင်းရှင်များ၏ သွေးထဲသားထဲအထိ စွဲမြဲနေသော ရည်မှန်းချက်ပင် ဖြစ်သည်။ ထို့ကြောင့်လည်း သူတို့သည် အနောက်နိုင်ငံကြီးကို လက်ဝါးကြီးအုပ်ကာ တစ်ကမ္ဘာလုံးကို ထိန်းချုပ်ရန် ကြိုးစားနေကြခြင်း ဖြစ်သည်။
သို့သော် ယူဇီမျိုးဗီဇမှာ ကျိန်စာသင့်နေသကဲ့သို့ ရှိနေပြီး မျိုးဆက်ပေါင်းများစွာ ကြိုးစားခဲ့ကြသော်လည်း မဟာဧကရာဇ်တစ်ဦးမျှ ပေါ်ထွက်မလာခဲ့ပေ။ ထို့ကြောင့် သူတို့သည် အာဏာရှိသူများ၏ အပြစ်ပေးခြင်းကို အမြဲတမ်း စိုးရိမ်နေခဲ့ရသည်။ သူတို့သည် ထာဝရအာဏာနှင့် အသက်ရှည်ခြင်းကို တောင့်တခဲ့ကြသည်။ ယခုမူ တစ်စုံတစ်ယောက်က ထိုအရာများကို ပေးအပ်နိုင်ပြီဖြစ်သည်။ ဤသည်မှာ ကုန်သွယ်မှုတစ်ခုသာ ဖြစ်ပြီး ယူဇီအရင်းရှင်များအတွက် ရောင်းလို့မရသော အရာဟူ၍ မရှိပေ။
ထို့ကြောင့် ချောက်နက်အတွင်းမှ ကိုယ်စားလှယ်တစ်ဦး ရောက်ရှိလာပြီး ကမ္ဘာကြီးကို ဖရိုဖရဲဖြစ်အောင် လုပ်ပေးပါက နတ်ဘုရားရာထူး ပေးမည်ဟု ကတိပြုသောအခါ သူသည် ချက်ချင်းပင် သဘောတူခဲ့ခြင်း ဖြစ်သည်။ လိပ်ပြာမလုံခြင်း? ထိုအရာကို ရောင်းချခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ တစ်ကမ္ဘာလုံးကို ရောင်းစားလိုက်ရလျှင်ပင် သူ ဂရုမစိုက်ပေ။ ကမ္ဘာသူကမ္ဘာသားများ၏ ဆင်းရဲဒုက္ခမှာ သူ၏ နတ်ဘုရားရာထူးနှင့် ယှဉ်လျှင် ဘာမျှ တန်ဖိုးမရှိပေ။
ဒေးဗစ်သည် ထိုအမြုတေကို တင်းတင်းဆုပ်ကိုင်ထားသော်လည်း ချက်ချင်း စုပ်ယူခြင်း မရှိသေးပေ။ ထိပ်တန်း စီးပွားရေးသမားတစ်ဦးအနေဖြင့် အရေးကြီးသော အရောင်းအဝယ်များတွင် ကိုယ်စားလှယ်နှင့်သာ စကားပြော၍ မရကြောင်း သူ နားလည်ထားသည်။ သူသည် ချောက်နက်၏ အစစ်အမှန်သခင်နှင့် တိုက်ရိုက် ဆက်သွယ်လိုနေခြင်း ဖြစ်သည်။
"ဒါက အပိုင်းအစပဲ ရှိသေးတာ မဟုတ်လား ဒိုင်စီ။ ငါလိုချင်တာက ပြည့်စုံတဲ့ နတ်ဘုရားအမြုတေပဲ" ဟု ဒေးဗစ်က စမ်းသပ်မေးမြန်းလိုက်သည်။
လူရိပ်မလေး ဒိုင်စီမှာမူ လေထဲတွင် ဝဲပျံနေရင်း ချက်ချင်း အဖြေမပေးပေ။ အတန်ကြာမှ သူမ၏ အသံမှာ အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာသည်။
"ငါတို့သခင်က ပြောတယ်။ ဒါက ပြဿနာမရှိပါဘူးတဲ့။ ဒါပေမဲ့ မင်းလုပ်ဆောင်ခဲ့တာတွေက မလုံလောက်သေးဘူး။ အခုချိန်မှာ ငါတို့ရဲ့ ကျူးကျော်မှုက တန့်နေသလို ဖြစ်နေတယ်"
ဒေးဗစ်သည် ထိုစကားကို ကြားသောအခါ ချောက်နက်သခင်၏ အသိစိတ်မှာ ဤနေရာတွင် ရှိနေကြောင်း သဘောပေါက်လိုက်သည်။ သူသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း ပြောလိုက်သည်။
"မလုံလောက်ဘူး ဟုတ်လား။ ငါတို့ ယူဇီအရင်းရှင်တွေရဲ့ စွမ်းအားနဲ့ ကမ္ဘာကြီးကို အတော်လေး အားနည်းအောင် လုပ်ထားပြီးပြီ။ အိုးမက်ဆီကိုနိုင်ငံကို ကြည့်လိုက်ဦး။ အဲဒီမှာ စစ်ဘုရင်တွေ အချင်းချင်း သတ်ဖြတ်နေကြသလို တင်ဂန်းနိုင်ငံမှာလည်း ငါတို့ ဖြန့်ဝေထားတဲ့ ယဉ်ကျေးမှုတော်လှန်ရေးတွေကြောင့် အကျင့်ပျက်ခြစားမှုတွေနဲ့ ပြည့်နေပြီ။ သူတို့တွေ ချောက်နက်ကို ဘယ်လိုမှ ပြန်မတိုက်နိုင်တော့ဘူး"
"အထူးသဖြင့် အိုးမက်ဆီကိုမှာဆိုရင် သူတို့ဆီမှာ သန့်ရှင်းတဲ့ သောက်ရေတောင် မရှိတော့ဘူး။ ငါတို့ ပေးပို့တဲ့ အထူးဖျော်ရည်တွေကိုပဲ သောက်နေကြရတာ။ အဲဒီဖျော်ရည် ပုလင်းတိုင်းမှာ ငါတို့က ချောက်နက်ရဲ့ အငွေ့အသက်တွေကို ထည့်ထားတယ်။ အဲဒါက သူတို့ကို ဒီဖျော်ရည်အပေါ်မှာပဲ စွဲလမ်းသွားအောင် လုပ်မှာပဲ။ ဒီလောက်အခြေအနေ ကောင်းနေတာတောင် ခင်ဗျားတို့ဘက်က ချောက်နက်ကာကွယ်ရေးကို မဖောက်နိုင်တာက ငါ့အပြစ်လား"
ဒိုင်စီသည် တိတ်ဆိတ်သွားပြန်သည်။ အတန်ကြာမှ သူမက ပြန်ပြောသည်။
"ကမ္ဘာကြီးက ဖရိုဖရဲ မဖြစ်သေးဘူး။ ချောက်နက်ကို တိုက်ခိုက်နေတဲ့ အင်အားစုတွေက အားကောင်းနေတုန်းပဲ။ ဒါကြောင့် မင်းရဲ့ ကြိုးစားမှုက မလုံလောက်သေးဘူးလို့ သခင်က ပြောတာပဲ"
ဒေးဗစ်သည် မျက်မှောင်ကြုတ်လိုက်သည်။ စီးပွားရေးသမားပီပီ သူသည် မိမိ၏ အရင်းအနှီးများကို ထပ်မံထုတ်ပြကာ ဈေးဆစ်ရန် ကြိုးစားလိုက်သည်။
"ဥရောပတိုက်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကလည်း ငါတို့ ဖန်တီးခဲ့တာပဲ။ အခုဆိုရင် သူတို့တွေ အသေအလဲ တိုက်နေကြပြီ။ အဲဒီမှာလည်း ခင်ဗျားတို့ ဘာမှ မလုပ်နိုင်သေးဘူး မဟုတ်လား။ အရှေ့ဘက်ကနေပြီးတော့ ဗိုင်းရပ်စ်တွေကို တစ်ကမ္ဘာလုံးကို ဖြန့်ခဲ့တာလည်း ငါတို့ပဲ။ အဲဒီအချိန်တုန်းက တစ်ကမ္ဘာလုံး ဖရိုဖရဲ ဖြစ်နေတာဟာ ခင်ဗျားတို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ။ ဒါပေမဲ့ ခင်ဗျားတို့ ဘာမှ မလုပ်နိုင်ခဲ့ဘူး"
ဒေးဗစ်က အရှိန်မပျက်ဘဲ ဆက်ပြောသည်။
"ငါတို့ ထိန်းချုပ်ထားတဲ့ နှံစားကုန်သည်ကြီး လေးဦးကလည်း အစားအသောက်တွေထဲမှာ ချောက်နက်ရဲ့ အနှစ်သာရတွေကို ထည့်ထားပြီးပြီ။ အဲဒီအစားအစာတွေက လူတွေကို ပိုပြီး အရသာတွေ့စေလိမ့်မယ်။ ငါတို့က ဈေးပေါတဲ့ အသားတွေနဲ့ ကောက်ပဲသီးနှံတွေကို သုံးပြီး လူသန်းပေါင်းများစွာကို ရောဂါတွေ ဖြစ်အောင် လုပ်ခဲ့တယ်။ သူတို့တွေရဲ့ ကျင့်ကြံခြင်း အခြေခံကို ဖျက်ဆီးပစ်ခဲ့တာ။ လူအများကြီးက သွေးကြွခွန်အားကို မကျင့်ကြံနိုင်တော့ဘူး။ ခင်ဗျားတို့ဘက်ကသာ မညံ့ဖျင်းဘူးဆိုရင် ဒီကမ္ဘာက ငါတို့လက်ထဲ ရောက်နေပြီ။ ငါ့အမြင်အရဆိုရင်တော့ အဲဒီသခင်ကြီးက ခင်ဗျားတို့အစား ငါ့ကိုပဲ ဒီကျူးကျော်မှုကို ဦးဆောင်ခိုင်းသင့်တယ်"
ဒေးဗစ် စကားဆုံးသည်နှင့် ဟင်းလင်းပြင်အတွင်း၌ တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။ ရုံးခန်းတစ်ခုလုံး မှောင်အတိကျသွားပြီး အမျိုးသမီး၏ ပုံရိပ်မှာ ကွယ်ပျောက်သွားသည်။ သူမ၏နေရာတွင် မည်သို့မျှ ဖော်ပြ၍မရသော တည်ရှိမှုတစ်ခု ရောက်ရှိလာသည်။
"လူငယ်လေး... မင်းရဲ့ အစီအစဉ်ကို ပြောပြစမ်း။ ငါ့ကို ကျေနပ်အောင် လုပ်နိုင်ရင်တော့ ကျန်ရှိတဲ့ အမြုတေတွေကို ငါပေးမယ်"
ချောက်နက်သခင် ကိုယ်တိုင် ရောက်ရှိလာခြင်း ဖြစ်သည်။ ဒေးဗစ်သည် စိတ်ထဲမှ ပြုံးလိုက်သော်လည်း အပြင်ပန်းတွင်မူ အလွန်ပင် ရိုသေသော လေသံဖြင့် ပြောလိုက်သည်။
"မဟာသခင်ကြီး... ကျွန်တော့်အမြင်အရဆိုရင် အရှေ့ဘက်က တျရှနိုင်ငံကို ခင်ဗျားတို့ အထင်သေးခဲ့ကြလို့ပဲ။ အခုဆိုရင် သူတို့ရဲ့ သွေးကြွတံတိုင်းက ခိုင်မာနေပြီး ကျင့်ကြံသူတွေ ပိုများလာတယ်။ အခြားနိုင်ငံတွေက ပြိုလဲလုနီးပါး ဖြစ်နေပေမဲ့ တျရှကတော့ သူတို့အတွက် ကျင့်ကြံသူတွေကို တိတ်တဆိတ် မွေးထုတ်ပေးနေတာ။ ဗိုင်းရပ်စ် ကူးစက်မှုကလည်း တျရှကြောင့်ပဲ မအောင်မြင်ခဲ့တာ။ ဒါကြောင့် ကျွန်တော်တို့က တျရှကိုပဲ အဓိက ပစ်မှတ်ထားရမယ်"
ချောက်နက်သခင်သည် ဒေးဗစ်၏ ခွဲခြမ်းစိတ်ဖြာမှုကို သဘောကျသွားပုံရသည်။
"ကောင်းပြီ... မင်းရဲ့ အစီအစဉ်ကို ဆက်ပြောပါဦး"
"မဟာသခင်ကြီး... တျရှနိုင်ငံရဲ့ ပြဿနာက သူတို့ဟာ အေးချမ်းလွန်းနေတာပဲ။ တစ်နိုင်ငံလုံးက လူတွေက စစ်ပွဲထဲကို ရောက်မနေကြသေးဘူး။ ဒါကြောင့် အပြင်ပန်းမှာ သူတို့က အားကောင်းနေပုံရပေမဲ့ အတွင်းပိုင်းမှာတော့ အားနည်းချက်တွေ အများကြီး ရှိနေတယ်။ ဘယ်နေရာကနေမဆို ဖောက်ထွက်လိုက်ရင် သူတို့တွေ ဖရိုဖရဲ ဖြစ်ကုန်ကြမှာပဲ။ ခင်ဗျားတို့ဘက်က ချောက်နက်အသစ်တွေကို ဖန်တီးပေးနိုင်မယ့် နည်းလမ်း ရှိသလား"
ချောက်နက်သခင်က ခေတ္တမျှ ဆိုင်းငံ့လိုက်ပြီးနောက် အသံတစ်သံ ပြုလုပ်လိုက်သည်။ ဒေးဗစ်က ဆက်ပြောသည်။
"သူတို့ရဲ့ စစ်ရေးစနစ်က အားကောင်းပေမဲ့ အဲဒါက လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံတွေအပေါ်မှာ မူတည်နေတာ။ သွေးကြွတံတိုင်းနဲ့ လမ်းကွန်ရက်တွေ မရောက်နိုင်တဲ့ နေရာတွေဟာ သူတို့ရဲ့ အားနည်းချက်တွေပဲ။ အဲဒီနေရာတွေမှာသာ ချောက်နက်အသစ်တစ်ခု ပေါ်လာရင် သူတို့ရဲ့ စနစ်တွေ ပျက်စီးပြီး လူတွေလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်လိမ့်မယ်။ အကယ်လို့ ချောက်နက်အသစ် ၁၀ ခုလောက်သာ တစ်ပြိုင်တည်း ပေါ်လာရင်တော့ တျရှနိုင်ငံတစ်ခုလုံး ပြိုလဲသွားမှာပဲ။ အဲဒီအချိန်ဟာ ကျွန်တော်တို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ မဟုတ်လား"