← Chapters

ပျက်သုဉ်းခြင်းငရဲကြီးရှစ်ထပ်

Vol. 22 Ch. 305

ပျက်သုဉ်းခြင်းငရဲကြီးရှစ်ထပ်

Vol. 22 Ch. 305

အခန်း (၃၀၅) ပျက်သုဉ်းခြင်းငရဲကြီးရှစ်ထပ်

"ခွန်လွန်က ကျုပ်တို့အတွက် ဘာမှ စဉ်းစားမပေးဘူး"

ခန္ဓာကိုယ်ထက် အက်ကွဲကြောင်းများထင်နေသည့် သက်လတ်ပိုင်းလူရွယ်က ကျိုးကျုန်းထျန်းကို ကြည့်လိုက်ပြီး သူ၏တန်ခိုးစွမ်းအားများကို စတင် စုစည်းလိုက်သည်။

သူက…

"ဆိုတော့... ခွန်လွန်တောင်သခင်တစ်ပါးရဲ့ တန်ခိုးစွမ်းအားကို ကျုပ်အတွေ့အကြုံရချင်ပါတယ်"

ကျိုးကျုန်းထျန်းက ဘူးသီးခြောက်ထဲမှ သေရည်များကို အကုန်သောက်လိုက်ပြီးနောက် ဘူးသီးခြောက်ကို ထိုသူရှိရာသို့ ပစ်လွှတ်လိုက်သည်။

"ဘုန်း"

ကောင်းကင်ထက်တွင် ပြင်းထန်လှသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ဘူးသီးခြောက်က လူရွယ်ကို ရိုက်ချလိက်သည်။

လူရွယ် အနောက်သို့လွင့်ထွက်သွားသော်လည်း ဒဏ်ရာရရှိခြင်း မရှိပေ။ သူ၏မျက်နှာအမူအရာက တည်ငြိမ်နေ၏။

ကျိုးကျုန်းထျန်းက အရေးမစိုက်ဘဲ ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားသည်။ တန်ခိုးစွမ်းအားအလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး တောက်ပလင်းထိန်သွားသည်။

ချီလင်မျိုးနွယ်မှ သက်လတ်ပိုင်းလူရွယ်က ကျိုးကျုန်းထျန်းနောက်မှ လိုက်ပါသွား၏။

ထို့နောက် ကောင်းကင်ထက်တွင် နေရောင်ကဲ့သို့ တောက်ပလင်းထိန်သည့် အလင်းတန်း (၂)ခု ထွက်ပေါ်လာသည်။

အခြားသူများက တစ်ချက်မျှသာ ကြည့်လိုက်ပြီး မည်သည့်စကားမှ မပြောကြတော့ပေ။

သူတို့ တိုက်ခိုက်ကြသည်မှာ ပုံမှန်ပင် ဖြစ်သည်။ အစကတည်းက ကျင့်ကြံသူလောကမှလူအများက တိုက်ချင်ခိုက်ချင် ဖြစ်နေကြသည်ဟုဆိုလျှင် ပို၍ သင့်တော်ပေမည်။

***

မဟူရာမှော်ရုံနယ်မြေ ၊ ပဉ္စမထပ်။

ကျန်းလန်က စြင်္ကံလမ်းတစ်ခုအလယ်တွင် ရပ်နေလေသည်။

အချို့လူများက ဒေါသတကြီးဖြင့် စတုတ္ထထပ်သို့ ဦးတည်ထွက်ခွာသွားကြပြီး အချို့ကတော့ အဋ္ဌမထပ်သို့ ထွက်ခွာသွားကြသည်။

တစ်ဖက်လူက သူတို့ထက် တန်ခိုးစွမ်းအားမြင့်မားနေသည်ဖြစ်ရာ နှင်ထုတ်ခံရသည့်တိုင် သူတို့ဘာမှ မတတ်နိုင်ကြပေ။

သူတို့က အစစ်အမှန်အင်မော်တယ်ဖြစ်စေ ၊ လူသားအင်မော်တယ်ဖြစ်စေ တစ်ဖက်လူကို မည်သည့်နည်းနှင့်မှ မယှဉ်နိုင်ကြပေ။

ထို့ပြင် ထိုလူထူးလူဆန်းကလည်း မည်သည့်အထပ်က ရုတ်တရက်ရောက်လာမှန်း သူတို့ မသိရှိပေ။

ပေဖန်းက ကျန်းလန်ကို လက်နှစ်ဖက်ဆုပ် နှုတ်ဆက်စကားဆိုသည်။

"ကျုပ် ထပ်ပြီး ကျေးဇူးတင်စကားဆိုပါရစေ တာအိုရောင်းရင်း"

ထို့နောက် ပေဖန်းက သူ့လူများကို ဦးဆောင်ပြီး ဆဋ္ဌမထပ်သို့ ထွက်ခွာသွားလေတော့သည်။

အင်အားစုတိုင်း ၊ ဂိုဏ်းတိုင်းမှ အင်မော်တယ်များမှာ အပြင်ဘက်သို့ တစ်ယောက်ပြီးတစ်ယောက် အပို့ခံနေရလေသည်။ ခွန်လွန်တောင်မှလူများသာ အန္တရယ်ကင်းနေခဲ့သည်။

ဆဋ္ဌမထပ်သို့သွားရာ ဥမင်အတွင်းသို့ ပေဖန်းတို့အဖွဲ့ဝင်ရောက်ပျောက်ကွယ်သွားသည်ကို ကျန်းလန် ကြည့်နေခဲ့၏။

ထို့နောက် ကျန်းလန်က ဆဋ္ဌမထပ်ဝင်ပေါက်နှင့် စတုတ္ထထပ်ဝင်ပေါက်ကို မန္တန်ပညာအသုံးပြုကာ စည်းတံဆိပ်ခတ်လိုက်သည်။

ထို့နောက် သားရဲကြီးများနှင့် သတ္တဝါဆိုးကြီးများရှိနေသည့် အမှောင်ထုဆီသို့ ထွက်လာခဲ့သည်။

သူ့အစီအစဉ် စတင်ရန် အချိန်ကျပေပြီ။ သူ့ကို မည်သူမှ အနှောက်အယှက်မပေးရန်သာ မျှော်လင့်မိသည်။

ကျန်းလန်က ပထမထပ်မှ စတုတ္ထထပ်အတွင်းရှိ သားရဲများကို တိုက်ခိုက်ရန် ဆန္ဒမရှိပေ။

အဘယ်ကြောင့်ဆိုသော်…

လူသားအင်မော်တယ်အဆင့်အောက်ရှိသည့် သားရဲများနှင့်သတ္တဝါဆိုးများကို သတ်ဖြတ်ခြင်းမှာ သူ့အတွက် အဓိပ္ပါယ်မရှိပေ။

အောက်ထပ်မှလူများက ထိုသားရဲများဖြင့် တိုက်ပွဲအတွေ့အကြုံရှာကြပေလိမ့်မည်။

"ဝှစ်"

သားရဲများကို ပိတ်လှောင်ထားသည့် အစီအရင်ဖြစ်သော အမှောင်ထုအနားသို့ ကျန်းလန်ချဉ်းကပ်သွားသည်။

ထို့နောက် အမှောင်ထုတံခါးကို ကျန်းလန် ဖွင့်လိုက်သည်။ ပဉ္စမထပ်မှ နဝမထပ်အထိ အမှောင်ထုတံခါးအားလုံးက ပဉ္စထပ်နှင့် ချိတ်ဆက်နေသည်။

ထို့ပြင် အမှောင်ထုတံခါးကို ဖွင့်လှစ်ရခြင်းကလည်း ထင်သလောက် မခက်ခဲပေ။

"ဝေါင်း"

ကြမ်းတမ်းရက်စက်လှသည့် သားရဲကြီးများနှင့် သတ္တဝါဆိုးများ ပဉ္စမထပ်သို့ တိုးဝှေ့ဝင်ရောက်လာကြပြီး ပဉ္စမထပ်တစ်ခုလုံး သားရဲဟိန်းသံများဖြင့် ဆူညံသွား၏။

သားရဲဒီရေလှိုင်းစတင်တော့မည့်အလား တန်ခိုးစွမ်းအားများက ချက်ချင်း မြင့်တက်လာသည်။

သားရဲဒီရေလှိုင်းသည် သူတို့ဖြတ်သန်းသွားလာရာလမ်းကြောင်းတစ်လျှောက် အရာအားလုံးကို ချေမွှဖျက်စီးသွားလေ့ရှိသည်။

ကျန်းလန် သားရဲများကို ဖြတ်ကျော်ပျံသန်းသွားပြီး ပဉ္စမထပ် ဗဟိုမဏ္ဍိုင်အနားတွင် မတ်တတ်ရပ်နေသည်။

တစ်ချိန်တည်းမှာပင် ပဉ္စမထပ်သို့ရောက်လာကြသည့် မရေမတွက်နိုင်သော သားရဲများနှင့် သတ္တဝာဆိုးကြီးများ၏တန်ခိုးစွမ်းအားကို ကျန်းလန် အာရုံခံကြည့်လိုက်သည်။

လူသားအင်မော်တယ် ကနဦးအဆင့် ၊ အလယ်ဆင့် ၊ နောက်ဆုံးအဆင့် ၊ အောင်မြင်ထားသည့်အဆင့် တန်ခိုးစွမ်းအားပိုင်ဆိုင်ထားသူများ။

အစစ်အမှန်အင်မော်တယ် ကနဦးအဆင့် ၊ အလယ်ဆင့် ၊ နောက်ဆုံးအဆင့် ၊ အောင်မြင်ထားသည့်အဆင့် တန်ခိုးစွမ်းအားပိုင်ဆိုင်ထားသူများ။

မိုးကောင်းကင် အင်မော်တယ် ကနဦးအဆင့် ၊ အလယ်ဆင့် တန်ခိုးစွမ်းအားပိုင်ဆိုင်ထားသူများ။

သို့သော် မိုးကောင်းအင်အင်မော်တယ် ၊ နောက်ဆုံးအဆင့်နှင့် အောင်မြင်ထားသည့်အဆင့် သတ္တဝါဆိုးများတော့ ပါဝင်ခြင်း မရှိပေ။

ရှိလျှင်လည်း သူက ဤနေရာသို့ ဝင်ရောက်ခွင့်ပြုမည် မဟုတ်ပေ။

သားရဲကြီးများက လှိုင်းလုံးကြီးများပမာ မြင့်တက်လာပြီး ဖုတ်ကောင်များက ရက်စက်ယုတ်မာသံများဖြင့် ရယ်မောနေကြလျှက် ၊ ငိညာဉ်ဆိုးများကတော့ လေထဲတွင် ဝဲပျံနေကြ၏။

ကျန်းလန်က ပတ်ဝန်းကျင်အခြေအနေကို တစ်ချက်လေ့လာလိုက်သည်။

ခဏမျှ ကြာပြီးနောက် သူ မျက်လုံးများကို ဖြည်းညင်းစွာ မှေးမှိတ်လိုက်သည်။

အတန်ကြာသည့်အခါ သူ မျက်လုံးများကိုရုတ်တရက် ဖွင့်လိုက်သည်။

ယခုအခါ သူ့မျက်ဝန်းများထဲတွင် မီးတောက်များထွက်ပေါ်နေသည်ကို တွေ့မြင်ရမည် ဖြစ်၏။

ထို့နောက်...

ပဉ္စမထပ်တွင် သဘာဝလွန်ဆန်သော ခြောက်ခြားဖွယ်ရာ အသံတစ်သံက ပဲ့တင်ထပ်ထွက်ပေါ်လာလေသည်။

"ပျက်သုဉ်းခြင်းငရဲကြီးရှစ်ထပ်"

***

ညအချိန်...။

မဟူရာမှော်ရုံနယ်မြေ ၊ စတုတ္ထထပ်။

သားရဲဟိန်းသံများထွက်ပေါ်လာပြီး ကျင့်ကြံသူများ၏ သတိပေးအော်ဟစ်သံများလည်း အဆက်မပြတ်ထွက်ပေါ်လျှက် ရှိသည်။

ထို့နောက် တရိပ်ရိပ်တက်လာသည့် သားရဲအုပ်ကြီးကို တွေ့မြင်လိုက်ကြရသည်။

သားရဲကြီးများ၏ တောက်ပသည့်မျက်ဝန်းများက အမှောင်ထဲတွင် လင်းလက်လျှက်ရှိ၏။

မယုံကြည်နိုင်စရာကောင်းလောက်အောင် ပြင်းထန်လှသည့် သားရဲကြီးများ ၊ ဖုတ်ကောင်များနှင့် ဝိညာဉ်ဆိုးများ ထွက်ပေါ်လာကြသည်ကို ကျင်းထင်နှင့် အခြားသူများ ထိတ်လန့်စွာဖြင့် ကြည့်နေကြသည်။

ကျင်းထင်က...

"တကယ့်ကို ကြမ်းတမ်းတဲ့ သားရဲတွေပဲ ၊ တန်ခိုးစွမ်းအားတွေလည်း မြင့်မားကြတယ် ၊ သူတို့နဲ့သာ ထိပ်တိုက်ရင်ဆိုင်ရရင် ကျုပ်တို့လွတ်လမ်းရှိမှာ မဟုတ်ဘူး ၊ ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားမိလို့ တော်သေးတယ် ပြောရမယ်"

လင်စီးယာလည်း တုန်လှုပ်လျှက်ရှိသည်။

"ဟုတ်တယ် ၊ နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးပြောတာထက်တောင် ကြောက်စရာကောင်းသေးတယ် ၊ ကျွန်မ သူ့စကားကို ယုံကြည်မိလို့ တော်သေးတာပေါ့"

သူမက ဆက်ပြောသည်။

"တကယ်တော့ ဂိုဏ်းတူမောင်လေးကျန်းလန်က သားရဲကောင်တွေဝင်လာတယ်လို့ပြောတုန်းက ကျွန်မ သိပ်မယုံချင်ဘူး ၊ ဒါပေမဲ့ ဂိုဏ်းတူမောင်လေးက နောက်ပြောင်ကျီစယ်တတ်တဲ့သူ မဟုတ်လို့သာ သူ့စကားကို လက်ခံခဲ့တာ"

ကျန်းလန်က သိုသိုသိပ်သိပ်ဖြင့် သီးသန့်ဆန်သူပင်။

ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်း သူက အလေးအနက်ရှိလွန်းသည်။

ရယ်စရာဟာသနောက်ပြောင်ပြောဆိုခြင်းများကတော့...

ကျန်းလန် တစ်ခါမှ ထိုသို့ပြောဆိုနေထိုင်သည်ကို သူမ မတွေ့မြင်ခဲ့ရဖူးပေ။

ထို့ကြောင့်ပင် ကျင်းထင် ၊ မုရှိုးနှင့် အခြားသူများက ကျန်းလန်၏စကားကို ယုံကြည်ခဲ့ကြပြီး သားရဲများကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့ကြသည်။

ယခု တကယ်တမ်းရင်ဆိုင်ကြရသည့်အခါ...

သူတို့ပြင်ဆင်ထားသည်များကပင် မလုံလောက်ကြောင်း သိလိုက်ရသည်။

ကျင်းထင်က အဝေးသို့ လှမ်းကြည့်ရင်း...

"တော်တော်များတာပဲ"

လင်စီးယာက...

"လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက တတိယတောင်ထွတ်က မှော်ရုံနယ်မြေမှာ သားရဲတွေကို ထိန်းချုပ်နိုင်တဲ့သူတစ်ယောက်နဲ့တွေ့ဆုံဖူးတာ သတိရမိတယ် ၊ အခုည ဒီနေရာမှာလည်း အင်အားကြီးအုပ်စုတွေအားလုံးက ကျင့်ကြံသူတွေစုဝေးနေကြတာ ၊ တစ်ယောက်ယောက်ကများ ဒီသားရဲတွေကို ထိန်းချုပ်နေတာလား မသိဘူး"

ယခင်အတိတ်အကြောင်းကို စဉ်းစားမိသည့်အခါ ထိုစဉ်က လုန်ယွိနှင့်ကျန်းလန် ပထမဆုံးဆုံတွေ့ခဲ့ကြသည့်အဖြစ်ကို သူမ ရုတ်တရက် အမှတ်ရလိုက်မိသည်။

ထိုစဉ်က "ကျန်းလန် သင်ပေးခဲ့သည့် မြူခိုးဖယ်ရှားခြင်းအစီအရင်ကြောင့်သာမဟုတ်လျှင် သူမ အသက်ရှင်နိုင်မည်မဟုတ်" ဟု လုန်ယွိက ပြောခဲ့ဖူးသည်။

ကြည့်ရသည်မှာ အရာအားလုံးက ကံတရားအတိုင်း ဖြစ်လာဟန်တူလေသည်။

မုရှိုးက...

"အခြား ဂိုဏ်းတူမောင်နှမတွေလည်း ငါတို့နဲ့ လာပြီးပူးပေါင်းသင့်တယ် ၊ ဘာပဲ ဖြစ်ဖြစ် အခြေအနေပေါ် မူတည်ပါတယ်လေ ၊ ဒီလို သားရဲကြီးတွေနဲ့ ရင်ဆိုင်ရတော့လည်း တိုက်ပွဲအတွေ့အကြုံ ကောင်းကောင်းရတာပေါ့"

မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲဆိုသည်က ယခုကဲ့သို့ဖြစ်ကြောင်း သူတို့လည်း အတွေ့အကြုံရသွားပြီ ဖြစ်သည်။ ထူးချွန်သည့်တပည့်များသာ ပါဝင်ခွင့်ရသည်ဆိုသည့် စုဝေးပွဲစည်းကမ်းကို မအံ့သြမိတော့ပေ။

စုဝေးပွဲက အနည်းငယ် အန္တရယ်များသည် မဟုတ်ပါလား။

ကျင်းထင်က...

"ဂိုဏ်းတူညီလေးကျန်းလန်လည်း တစ်ယောက်တည်း ဘယ်လိုများ ရင်ဆိုင်မလဲမသိဘူး"

သူ ထိုအကြောင်းကို အမှန်တကယ်လည်း သိချင်နေမိသည်။

သို့သော် ကျန်းလန်က တစ်ကိုယ်တည်းလှုပ်ရှားတတ်သူဖြစ်လေရာ သူတို့နှင့် လာရောက်ပူးပေါင်းမည် မဟုတ်ကြောင်း နားလည်ထားသည်။

***

မဟူရာမှော်ရုံနယ်မြေအတွင်းမှ လူအများ ပြင်ပသို့ အဆက်မပြတ် ပြုတ်ကျလာကြသည်။ အထူးသဖြင့် ပထမထပ်မှ စတုတ္ထထပ်အတွင်းရှိ ကျင့်ကြံသူများ ဖြစ်ကြ၏။

"အစ်ကိုကြီးက တတိယထပ်မှာလား"

သေရည်ဆိုင်မှ ကောင်ငယ်လေးက အဋ္ဌမမင်းသားကို မေးလိုက်ခြင်းပင်။

သေရည်ဆိုင်ပိတ်ပြီဖြစ်သောကြောင့် ကောင်ငယ်လေးက ထိုင်ခုံတစ်ခုနှင့် မြေပဲတစ်ထုပ်ယူလာပြီး ပွဲလာကြည့်ခြင်း ဖြစ်သည်။

သူက အဋ္ဌမင်းသားကိုတွေ့သည်နှင့် ကျန်းလန်အကြောင်း မေးမြန်းလိုက်ခြင်း ဖြစ်၏။

လုန်မန်က…

"ဟုတ်တယ် ၊ အခုဆိုရင် ပထမထပ်ကနေ စတုတ္ထထပ်အတွင်းက ကျင့်ကြံသူတွေ အဆက်မပြတ် အပြင်ကို ရောက်လာကြပြီ ၊ အများစုက အကိုက်ခံထားရတဲ့ဒဏ်ရာတွေ ၊ လက်သည်းတွေနဲ့ အကုတ်ခံထားရပြီး တိုက်ခိုက်ခံထားရတဲ့ ဒဏ်ရာတွေ ရထားကြတယ်"

အဋ္ဌမမင်းသားက ကောင်ငယ်လေးကို ကြည့်လိုက်ရင်း…

"ကြည့်ရတာ အခု မှော်ရုံနယ်မြေထဲဝင်သွားတဲ့ သားရဲတွေနဲ့ သတ္တဝါဆိုးကြီးတွေက စတင်တိုက်ခိုက်နေကြပြီလေ ၊ ပဉ္စမထပ်နဲ့အထက်ပိုင်းထပ်တွေကတော့ တန်ခိုးစွမ်းအားမြင့်မားတဲ့ အင်မော်တယ်တွေရှိတာမို့လို့ လောလောဆယ် ပြဿနာ မရှိလောက်သေးဘူး"

ကောင်လေးက မြေပဲများစားနေရင်း ခေါင်းညိတ်ပြလိုက်သည်။

သူ့အတွက်တော့ မြေပဲစားနေရသည်က အကောင်းဆုံးပင်။ စုဝေးပွဲကို အစမှ မကြည့်ခဲ့ရသဖြင့် အသေးစိတ်ကိုလည်း သူ မသိရှိပေ။

အဋ္ဌမမင်သားက ကောင်ငယ်လေးထိုင်နေသည့် ထိုင်ခုံတစ်ခြမ်းကို လုထိုင်ပြီး မြေပဲများကိုလည်း ယူစားလိုက်သည်။

သူက…

"ဒါနဲ့ ဇာမဏီကောင်မလေးရော..."

"ဟုန်ယာက အိပ်တော့မယ်တဲ့လေ ၊ အဲဒါနဲ့ သူ့ကိုလည်း အနှောက်အယှက်မပေးချင်တာနဲ့ ထွက်လာတာ"

ကောင်ငယ်လေးက မြေပဲများစားရင်း သက်ပြင်းချကာ ပြောသည်။

ယခင်ကဆိုလျှင် ဟုန်ယာက စောစောစီးစီး အိပ်တတ်သူ မဟုတ်ပေ။ ယနေ့ ကောင်ငယ်လေးက သူမနှင့်အတူ စုဝေးပွဲ လာရောက်ကြည့်ရှုချင်ပါသည်ဆိုမှ သူမက စောစီးစွာ အိပ်သွားခဲ့သည်။

"သူက မင်းကို တမင်သက်သက် အခက်တွေ့အောင်လုပ်နေတာလို့ ကျုပ်ပြောပြီးပြီလေ ၊ မင်း သူ့ကို တကယ်သဘောကျတယ်ဆိုရင်… ရော့… ကျုပ်ရဲ့ လှံရှည်ကိုယူပြီး သူ့ကို ရိုက်ပစ်လိုက် ၊ ပြီးရင် ရေခဲပုစဉ်းရင်ကွဲတောအုပ်ထဲဆွဲခေါ်သွားပြီး နှစ်ရက်လောက် မြေကြီးထဲ မြှုပ်ထားလိုက် ၊ ဒီလိုလုပ်မှ မာနကြီးတဲ့ ဇာမဏီမျိုးနွယ်ကောင်မလေးတွေက သူတို့အဆင့် သူတို့သိမှာ"

အဋ္ဌမမင်းသားက အခိုင်အမာဆိုသည်။

သူက ပြောရင်ဖြင့် လက်ထဲမှ လှံရှည်ကို ကောင်ငယ်လေးထံ ကမ်းပေးလိုက်၏။

ကောင်ငယ်လေးကလည်း လုန်မန်၏လှံရှည်ကို လှမ်းယူလိုက်ပြီး နှစ်ကြိမ်ခန့် ဝှေ့ယမ်းကြည့်လိုက်သည်။

"ပေါ့လိုက်တာ"

လှံရှည်က သူ့အတွက် အတော်လေးပေါ့သည်ဟု ခံစားရသည်။

ထိုစဉ်…

"မောင်ငယ်လေး"

ကောင်ငယ်လေးဘေးမှ ရုတ်တရက် အသံတစ်သံထွက်ပေါ်လာသည်။ ချဉ်းကပ်လာသည့် မိန်းမပျိုက ယန်ရှီးယွင်ပင် ဖြစ်၏။

"ဘန်း"

ကောင်ငယ်လေးက လက်ထဲမှ လှံရှည်ကို ဝှေ့ယမ်းလိုက်ရာ သူ့ဘေူးနားရောက်လာသည့် ယန်ရှီးယွင်မှာ လွင်ထွက်သွားရသည်။

"ကောင်းတယ်... ဒီလိုပဲ ဖြစ်နေရမယ်"

အဌမမင်းသားက လက်ခုပ်လက်ဝါးတီးပြီး အားပေးလိုက်၏။

ကောင်ငယ်လေးက အံ့အားသင့်စွာဖြင့် လွင့်ထွက်သွားသည့် မိန်းကလေးကို လှမ်းကြည့်လိုက်ရင်း…

"အဲဒီ မိန်းကလေးက ဘယ်သူလဲ"

"သိဘူးလေ ၊ စောစောက မှော်ရုံနယ်မြေထဲက ပြုတ်ကျလာတာ"

အဝေးတစ်နေရာတွင်တော့...

"ငါ့စကားလေးတောင် ဆုံးအောင်နားမထောင်နိုင်ကြဘူးလား"

ယန်ရှီးယွင် ခြေစောင့်လျှက် ရှိလေသည်။

ဒီလူများက သူမကို စကားပြောခွင့်ပင် မပေးတော့ဘူးလား။

***

နောက်တစ်နေ့နံနက်။

ပထမထပ်မှ စတုတ္ထထပ်အတွင်းရှိ ကျင့်ကြံသူအများစုမှာ သားရဲများနှင့် သတ္တဝါဆိုးများကြောင့် ဒဏ်ရာများရရှိကာ အပြင်သို့ ရောက်လာကြသော်လည်း ကျန်ရှိနေသူများကတော့ များစွာ အကျိုးအမြတ်ရရှိခဲ့ကြလေသည်။

ယခုနံနက်ခင်းတွင်တော့ အနိမ့်ပိုင်းအထပ်များမှ အခြေအနေက တည်ငြိမ်သွားပြီ ဖြစ်၏။

သို့သော် စုဝေးပွဲကို ကြည့်နေကြသူများက ထိုအထပ်များကို စိတ်ဝင်စားခြင်း မရှိပေ။ သူတို့က ပဉ္စမထပ်မှ နဝမထပ်အထိ အထပ်မြင့်များ၏ အခြေအနေကိုသာ စိတ်ဝင်စားနေကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုအထပ်များမှ အပြင်သို့ ထွက်လာသူ များစွာ မရှိသေးသောကြောင့်ပင်။ မှော်ရုံနယ်မြေမှ ဖယ်ရှားခံရသူ အနည်းငယ်မျှသာ ရှိနေသေးသည်။

ထို့ပြင် ပဉ္စမထပ်မှ နဝမထပ်ရှိ အထက်ပိုင်းအထပ်များ၏ ဗဟိုမဏ္ဍိုင်များတွင် တာအိုဆွေးနွေးပညာပြိုင်မှုများလည်း ပြုလုပ်လျှက် ရှိကြသည်။

ယှဉ်ပြိုင်မှုက တစ်ပွဲမဟုတ်ဘဲ များစွာသောယှဉ်ပြိုင်မှုများ ပြုလုပ်နေကြခြင်းပင်။

ဤသည်က ဘာအဓိပ္ပါယ်များပါလဲ။

မှော်ရုံနယ်မြေအတွင်းဝင်ရောက်သွားကြသည့် သားရဲများနှင့် သတ္တဝါဆိုးများက ထိုအထပ်များတွင် ယခုအချိန်ထိ မလှုပ်ရှားကြသေးဘူးလား။

ဤသည်က ပုံမှန်မဟုတ်ပေ။

နတ်မိစ္ဆာမျိုးနွယ်များ ၊ နတ်လူသားမျိုးနွယ်များနှင့် အင်အားကြီးအုပ်စုများမှ လူပေါင်းများစွာက မဟူရာမှော်ရုံနယ်မြေ၏ အထက်ပိုင်းအထပ်များဆီသို့ ကြည့်ရှုနေကြသော်လည်း ဘာဖြစ်နေသည်ကို နားမလည်နိုင်ကြပေ။

အတွင်းထဲတွင် ဖြစ်ပျက်နေသည်များကို အပြင်ဘက်မှ တိတိပပ သိရှိရန် မဖြစ်နိုင်ပေ။ သိရှိအောင် စုံစမ်းလိုလျှင်တော့ သူတို့အားလုံး ပူးပေါင်း ဆောင်ရွက်ရန်သာ ရှိသည်။

သို့သော်ထိုသို့ပြုလုပ်ခြင်းက မည်သူ့အတွက်မှ အကျိုးမရှိပေ။

ဒုတိယတောင်ထွတ်၏တောင်သခင်လျိုကျင်းက မျက်မှောင်ကြုတ်လိုက်ရင်း…

"ဒါ နည်းနည်းတော့ထူးဆန်းတယ်"

သူ့ဘေးတွင် နတ်လူသားမျိုးနွယ်မှ အကြီးအကဲများနှင့် နဂါးမျိုးနွယ်အကြီးအကဲ လုန်လီတို့ ရှိနေကြသည်။ မဟူရာမှော်ရုံနယ်မြေ ပတ်ပတ်လည်တွင်လည်း တန်ခိုးစွမ်းအားမြင့်မားသည့် အကြီးအကဲများစွာ ရှိနေကြသည်။

သို့ပေသိ အထက်ပိုင်းအထပ်များတွင် ဘာဖြစ်နေသည်ကို မည်သူမှ မသိရှိကြပေ။

တစ်ခုခုတော့ လွဲမှားနေသည်မှာ သေချာသလောက် ဖြစ်လေ၏။

All Chapters