အခန်း (၁၅၁-၁၅၂)
Vol. 16 Ch. 151-152
🫧 Chapter 151
"ပြီးခဲ့တဲ့ အခေါက်ကလား"
ထိုအခါ ရဲယိုရှီးသည် သူ့ လက်ရှိအလုပ်များကို ရပ်တန့်လိုက်ကာ ထန်ထျန်းကျဲ ကို လှည့်ကြည့်လိုက်တော့သည်။
တစ်ခါတလေ၌ ထန်ထျန်းကျဲသည် သရဲများကို ဆွဲဆောင်နိုင်သည့် ခန္ဓာကိုယ်မျိုး ရှိနေသလားဟု သူ သံသယဝင်မိသည်ပင်။
'အရင်တုန်းက သရဲတစ်အိမ်လုံးကို ကခုန်ခိုင်းအောင် ဆွဲဆောင်လာတာက ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် အဲဒါက သူကိုယ်တိုင် သင်္ချိုင်းကုန်းကို သွားပြီး ပြဿနာရှာခဲ့တာကိုး'
ပြီးခဲ့တဲ့ အကြိမ်က မရဏလောကမှအံ့ဖွယ်နေ့ရက်များ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီးနောက် ထန်ထျန်းကျဲ သည် ဆင်းရဲနွမ်းပါးသော ကျောင်းသားတစ်ဦးကို တစ်ဦးချင်း ထောက်ပံ့ရန် အလွန်တက်ကြွစွာကူညီခဲ့သည်။
ရလဒ်အနေဖြင့် တစ်ကြိမ်တွင် သူ ထိုဆင်းရဲသောကျောင်း သားလေးကို တောင်ပေါ်တွင် သွားရောက်ကြည့်ရှုခဲ့၏။
သို့သော် အပြန်တွင်မူ သူ့ကိုယ်ပေါ်၌ သရဲတစ်ကောင်ထပ်မံ ကပ်ပါလာခဲ့လေသည်။
ရဲယိုရှီး၏ ဆက်သွယ်မေးမြန်းမှုမှတစ်ဆင့် ထိုသရဲ၏ ပါးစပ်မှတောင်ပေါ်ရှိ ကလေးသူငယ်လူကုန်ကူးသည့် နေရာတစ်ခုအကြောင်းကို သူတို့ သိရှိခဲ့ရသည်။
ထို့ကြောင့်သူတို့နှစ်ဦး ရဲတိုင်ခဲ့ပြီး ထိုကိစ္စကို အမြန်ဆုံးဖြေရှင်းနိုင်ခဲ့သည်။
ဤကိစ္စကြောင့်ပင် ထန်ထျန်းကျဲသည် ယခုကဲ့သို့ စိတ်ဝင် စားမှုမျိုးရရှိလာခြင်း ဖြစ်သည်။
"မင်းက ငါ့ကို ဘာလို့ အဲဒီလို ကြည့်နေတာလဲ"
ထန်ထျန်းကျဲသည် သူ့ အကြည့်ကြောင့် အနေရခက်သွားကာ အခြားနေရာသို့ မျက်လုံးလွှဲလိုက်သည်။
"ငါ တစ်ခုခု လုပ်ချင်နေတာကိုတော့ဝန်ခံပါတယ်၊ မင်းလည်း သိတဲ့အတိုင်း ငါက အရင်က ဘာအလုပ်မှ သေသေချာချာမလုပ်ခဲ့ဖူးဘူးလေ၊ အရင်အကြိမ်က ကိစ္စပြီးကတည်းက သေသေချာချာ အလုပ်လုပ်ရတဲ့ ခံစားချက်က မဆိုးဘူးလို့ ငါ ထင်လာတယ်၊"
ယခုမှသာ မိမိကိုယ်ကို အသိအမှတ်ပြုမှု အပိုင်းမှာပဲဖြစ်ဖြစ်၊ လူမှုရေး အသိုင်းအဝိုင်းပိုင်းမှာပဲဖြစ်ဖြစ် ထန်ထျန်းကျဲသည် ထိုကိစ္စမှ သူ၏တည်ရှိမှု တန်ဖိုးကို ခံစားခဲ့ရသည်။
သို့သော် ဤအရာအားလုံးမှာ ယိုယိုလေး၏ကျေးဇူးကြောင့်မှန်း သူ သိပါသည်။
သူ့ အကောင်းဆုံးလုပ်နိုင်စွမ်းဆိုသည်မှာအောက်ခြေသိမ်း အလုပ်သမားလေး တစ်ယောက်မျှသာ လုပ်နိုင်စွမ်းရှိခြင်းဖြစ်သည်ကို သူသိသည်မဟုတ်ပါလော။
……
"ဒီကိစ္စကို လောလောဆယ် မစဉ်းစားနဲ့ဦး၊ မင်း အခုတလော အပြင်ထွက်တာ လျှော့ဦး"
စိတ်မချသောကြောင့် ရဲယိုရှီးသည် ထန်ထန်းကျဲကို မှာကြားလိုက်ပြီး အချက်အလက်များကို ဖိုင်အိတ်ထဲသို့ ခွဲထည့်ရန် လှည့်ထွက်သွားတော့သည်။
"ဟုတ်တယ် မနေ့က ဗေဒင်ဆရာကလည်း အဲဒီလိုပဲ ပြောတာပဲ" ဟု ထန်ထျန်းကျဲ တီးတိုးရေရွတ်လိုက်သည်။
"ဟမ်... မင်းက ဗေဒင်တောင် သွားမေးသေးတာလား"
"အင်း၊ သူက ဆရာကြီး တစ်ယောက်လို့တောင် ထင်ရတယ်၊ အခု ဗေဒင်ဟောတာက စိတ်ခံစားချက်နဲ့ ရေစက်အပေါ်မှာပဲ မူတည်တယ်လို့ ကြားတယ်၊ လူအများကြီးက သူ့ကို ဗေဒင်ဟောခိုင်းချင်ကြပေမဲ့ အမြဲတမ်းတော့ အဆင်မပြေဘူးတဲ့"
"မင်းပြောတာ ကျန်းမိသားစုက တစ်ယောက်ကိုပြောတာလား"
"မင်း သိတယ်လား"
"နည်းနည်းပါးပါး ကြားဖူးတာပါ၊ နာမည်ကြီး ကုမ္ပဏီကြီး တော်တော်များများက သူ့ဆီမှာ ဗေဒင်တွက်ပြီး အန္တရာယ်တချို့ကို ရှောင်ရှားနိုင်ခဲ့တယ်လို့ ကြားတယ်"
၎င်းတို့နှစ်ဦးပြောနေသည်မှာ ယခုအခါ နာမည်တဖြည်း ဖြည်းကြီးလာပြီး အထက်တန်းလွှာများကြားတွင် သိရှိလာကြသော ကျန်းရှန်အကြောင်းပင်။
အစပိုင်းတွင်မူ လမ်းဘေး၌ ဗေဒင်ဟောသည့် နေရာလေး တစ်ခုသာ ဖွင့်ထားသည်ဟု ကြားခဲ့ရသော်လည်း နောက်ပိုင်းတွင် အထင်ကရ ပုဂ္ဂိုလ်များစွာကပါ လာရောက် ဗေဒင်မေးလာကြသည်။
ထို့ကြောင့်ထိုဗေဒင်ကို ယုံကြည်ရနိုင်မှုမှာအလွန် မြင့်မားသည်။
ထို့နောက် ရဲယိုရှီးသည် အနည်းငယ် သိချင်စိတ်ဖြင့် "မင်းတို့ ဘာတွေ ပြောဖြစ်ခဲ့ကြလဲ" ဟု မေးလိုက်သည်။
ထန်ထျန်းကျဲကမူ တည်ငြိမ်သော မျက်နှာထားဖြင့် "သူက ငါ့ကို 'ရေ' နဲ့ 'ဆွေမျိုးသားချင်း ပတ်သက်မှု' အားလုံးကို သတိထားဖို့ ပြောတယ်"
"ပြီးတော့ရော"
"ပြီးတော့ ငါက သူ့ကို ဘာရေလဲ၊ ရေချိုလား၊ ပင်လယ်ရေလား၊ ရိုးရိုးရေကျက်အေးလား၊ ရေခဲရေလား ဆိုပြီး မေးလိုက်တယ်..."
"ငါ မေးပြီးသွားတော့ သူက ငါ့ကို စကားမပြောတော့ဘူး"
ထိုသို့ပြောပြီးနောက် ထန်ထျန်းကျဲ၏ မျက်နှာမှာ ထူးဆန်းနေလေ၏။
သူသည် သူ မေးသော မေးခွန်းများမှာ အမှားအယွင်း မရှိဟု သူကိုယ်တိုင် ထင်မြင်နေသည်။
"ဒီရေရဲ့ အတိုင်းအတာက အရမ်းကျယ်ပြန့်လွန်းတော့ ဆီးသွားတာကိုတောင် သတိထားရတော့မယ့် သဘောလား"
"......"
ထိုစကားကိုကြားသော် ရဲယိုရှီးသည် ခဏမျှ တိတ်ဆိတ်သွားပြီး နောက်တစ်ခါ စကားပြောသောအခါ ဤအကြောင်းအရာကို တိုက်ရိုက်ပင်ကျော်သွားတော့သည်။
"မင်း အခုတလော မင်းအိမ်ကလူတွေနဲ့ ဆက်သွယ်သေးလား"
"အင်း" ထန်ထျန်းကျဲ သည် ခေါင်းညိတ်လိုက်သည်။
"သူပြောတဲ့ ဆွေမျိုးသားချင်း ပတ်သက်မှုဆိုတာ ဘယ်လိုမျိုးကို ဆိုလိုတာလဲဆိုတာပဲ မသိတာ၊ တွေ့ဆုံတာကို ပြောတာလား၊ ဒါမှမဟုတ် ဖုန်းဆက်တာကို ပြောတာလား..."
……
ထိုဆွေမျိုးသားချင်း ပတ်သက်မှုမှာ မည်သည့်အရာကို ဆိုလိုသနည်း။
များမကြာ နောက်တစ်နေ့တွင် ရဲယိုရှီး သိလိုက်ရလေပြီ။
သူသည် ထန်ထျန်းကျဲ၏ ရင်ခွင်ထဲ၌ တွယ်ကပ်နေသော သရဲကလေးကို ကြည့်ကာ တစ်ခဏမျှ သူ့အမူအရာများမှာ တောင့်တင်းသွားတော့သည်။
"မင်း အရင်က လူ့အသက်ကို ထိခိုက်အောင် (ကိုယ်ဝန်ဖျက်ချရအောင်) လုပ်ဖူးတာလား"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ထန်ထျန်းကျဲ သည် သူ့ထက်ပင် ပို၍ လန့်သွားလေသည်။
"ငါက ရှုပ်ရှုပ်ယှက်ယှက် နေတတ်ပေမဲ့၊ အဲဒီလို လူ့အသက် (ကိုယ်ဝန်ရတဲ့ကိစ္စ)ကိုတော့ လုံးဝ မလုပ်ဖူးဘူး"
အမှန်တကယ်တော့ သူတို့လို အသိုင်းအဝိုင်းမျိုးတွင် အများအားဖြင့် ကိစ္စရပ်များကို အလေးအနက် မထားတတ်ကြသော်လည်း ကိုယ်ဝန်ရလာလျှင် မည်မျှ ဒုက္ခများမည်ကိုမူ ငယ်ငယ်ကတည်းက သိထားကြသည်။
ထန်ထျန်းကျဲ ကိုယ်တိုင်လည်း တာဝန်မယူတတ်သော ဖခင်ကြောင့် အခက်အခဲများ တွေ့ခဲ့ဖူးသဖြင့် ဤကိစ္စမျိုးတွင် လုံးဝအမှားမခံပါချေ။
ရဲယိုရှီး: "ဒါဆို မနေ့က မင်း ပြန်ရောက်ပြီး ဘာတွေ လုပ်ခဲ့လဲ ဆိုတာ သေချာပြောပြစမ်း"
ထန်ထျန်းကျဲ သည် စဉ်းစားလိုက်ပြီး "ဘာမှ ထူးထူးခြားခြားတော့ မဖြစ်ခဲ့ပါဘူး..."
"သေသေချာချာ ပြန်စဉ်းစားကြည့်ဦး"
ထန်ထျန်းကျဲ သည် ခေါင်းကို ကုတ်လိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် ပြောလေပေသည်။
"မနေ့ညက အိပ်နေတုန်း တစ်ယောက်ယောက်က ငါ့ကို 'အဖေ' လို့ ခေါ်လိုက်သလို ကြားလိုက်ရတယ်"
"......"
ရဲယိုရှီး သည် ဤငတုံးက သူ့အား သရဲနှိမ်နင်းရေး ရုံးခန်းဖွင့်ရန်ကိုယ်တိုင် လက်တွေ့ပြ၍ ဆွဲဆောင်နေသည်လားဟု သံသယဝင်မိ၏။
နှစ်ရက် သုံးရက်နေလျှင် သရဲတစ်ကောင်ကို ခေါ်ခေါ်လာတတ်သည်။
'သူ့လောက်တော့ ဘယ်သူမှ မဆိုးနိုင်တော့'
သို့မဟုတ် သူ၏သုတေသန ပြုလုပ်ရမည့် ပစ်မှတ်ကို ပြောင်းသင့်သလော။
ထန်ထျန်းကျဲသည် အနည်းငယ် အနေရခက်သွားကာ "အဲဒါက... တခြားလူက မင်းကို အဖေလို့ ခေါ်ရင် မင်းက ထူးမှာ မဟုတ်ဘူးလား မထူးဘူးလား " ဟု ပြန်ပြောလိုက်လေသည်။
ရဲယိုရှီး: "ဒါဆိုလည်း ဂုဏ်ယူပါတယ်၊ သားအဖနှစ်ယောက် ဘေးကင်းကြပါစေ၊ သားလေးတစ်ယောက် ရလာတဲ့အတွက်လည်း ဝမ်းသာပါတယ်"
ထန်ထျန်းကျဲ: "......"
စဉ်းစားပြီးနောက်သူ အတော်လေး စိတ်ညစ်သွားသည်။
အခုခေတ် သရဲများက ဘာကြောင့် ခေတ်နှင့်အညီ လိုက်နေကြရသနည်း။
'အဖေလို့ တစ်ခွန်းခေါ်လိုက်ရင်၊ မင်း ပြန်ထူးရဲသလား'
……
……
လူသွားလမ်းမထက်တစ်ခု၌
အနက်ရောင် ပိုက်ဆံအိတ် တစ်လုံးသည် အနီရောင် သုတ်ထားသော ခုံတန်းလျားပေါ်တွင် တိတ်ဆိတ်စွာ တည်ရှိနေ၏။
၎င်း၏ဇစ်မှာပွင့်နေပြီး အတွင်းမှ အနီရောင် မော်စီတုန်းရုပ်ပုံပါ ပိုက်ဆံစက္ကူ (ယွမ်ငွေ) ၏ထောင့်တစ်စွန်းကို မြင်နေရသည်။
ဤသည်မှာ တစ်စုံတစ်ယောက်က မတော်တဆ ချန်ရစ်ခဲ့သည့်ပုံပင်။
ထိုစဉ် လူငယ်တစ်ဦး ဖြတ်သွားပြီး ခြေနှစ်လှမ်းခန့် နောက် ဆုတ်ကာ ခုံတန်းလျားပေါ်သို့ လှမ်းကြည့်လိုက်လေသည်။
ထို့နောက်ထိုင်ခုံပေါ်ရှိအပေါ်ရှိ အခြေအနေကို ရှင်းရှင်းလင်း လင်း မြင်လိုက်ရသောအခါ သူ့ မျက်လုံးများက အရောင်များလင်းလက်သွားတော့သည်။
သူသည် ဘယ်ညာကို ကြည့်လိုက်ပြီးနောက် ပိုက်ဆံအိတ်ဇစ်ကို ကမန်းကတန်း ပိတ်ကာ မိမိ၏အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး ရှေ့သို့ အမြန် လျှောက်သွားလေ၏။
သို့သော်သူ၏ အနောက်ဘက် အမှောင်ထဲတွင်မူ မျက်လုံးတစ်စုံက စောင့်ကြည့်နေသည်ကိုသူသတိမထားမိချေ။
ထိုမျက်လုံးတစ်စုံက ပိုက်ဆံအိတ်ကို ကောက်သွားသည်ကို မြင်သောအခါ မျက်လုံးထဲတွင် လောဘရမ္မက်အပြည့်ဖြင့် ပြုံးလိုက်မိပြီး နောက်မှလိုက်သွားတော့သည်။
လမ်းတစ်လျှောက်လုံးတွင်
ထိုလူငယ်သည် လူသွားလမ်းမပေါ်မှ အမြန် ထွက်ခွာသွားပြီး ဘဏ်များကို ဖြတ်၊ ဇိမ်ခံပစ္စည်း အရောင်းဆိုင်များကို ဖြတ်သွားသည်ကို တွေ့လိုက်ရသည်။
ထို့နောက် ထောင့်တစ်ကွေ့သို့ ချိုးဝင်သွားရာ...
'ရဲစခန်း'
အနောက်မှ လိုက်လာသောသရဲမှာ ကြောင်အသွားတော့ သည်။
'မဖြစ်နိုင်တာ'
'ငါက တမင်သက်သက်ပိုက်ဆံကို အဲဒီမှာ ချထားတာ၊ မင်းက လှည့်ထွက်ပြီး ရဲစခန်းကို သွားအပ်လိုက်တယ်ပေါ့'
' အဲဒီလောက်တောင် တက်ကြွနေရလား'
'မဟုတ်ဘူး မဟုတ်ဘူး၊ တခြား ကိစ္စရှိလို့လည်း ဖြစ်နိုင်တာပဲ'
……
ခဏအကြာတွင် ထိုလူငယ်သည် ရဲစခန်းထဲမှ ထွက်လာခဲ့၏။
သူ့ ကိုယ်ပေါ်တွင်မူ အနက်ရောင် ပိုက်ဆံအိတ်နှင့် မော်စီတုန်း ပိုက်ဆံများ၏ငရဲပြည် အငွေ့အသက်များ မရှိတော့ပါချေ။
"....."
ထိုအခါပိုက်ဆံပစ်ချခဲ့သော သရဲမှာ ကြောင်တောင်တောင် ဖြစ်သွားတော့သည်။
၎င်းသည် ထိုလူသားရှေ့သို့ ပြေးသွားပြီး မေးချင်စိတ်များပင် ဖြစ်ပေါ်လာတော့၏။
'ဘာကြောင့် ပိုက်ဆံကို မယူတာလဲ'
'အခုခေတ်မှာ ပိုက်ဆံက လူတွေကို မဆွဲဆောင်နိုင်တော့ဘူးလား'
'လူ့ပြည်မှာ ပိုက်ဆံက မမွှေးတော့ဘူးလား'
'ငါ တမင်သက်သက် ချထားခဲ့တဲ့ ပိုက်ဆံကို မင်း ကောက်သွားလိုက်ပါလား'
'ကျေးဇူးပြုပြီး ယူသုံးလိုက်ပါလား'
'မင်းက ရဲစခန်းကို သွားအပ်လိုက်တာ ဘာသဘောလဲ'
'ဘယ်သူ့ကို အထင်သေးနေတာလဲ'
"အား... အား... အား..."
ပိုက်ဆံပစ်ချသည့် သရဲမှာ ဒေါသထွက်ပြီး ရူးမတတ် ဖြစ်နေတော့သည်။
ထိုစဉ် နောက်ဘက်မှ လက်ဝါးစောင်းတစ်ချက်က ၎င်း၏ ခေါင်းပေါ်သို့ ကျရောက်လာ၏။
နျဲ့ကျို: "မင်း ဘာတွေ အော်နေတာလဲ ဒီမှာ လူတွေကို အနှောင့်အယှက် ပေးနေတာလား"
ထိုသရဲမှာ ချက်ချင်းပင် ကြောက်လန့်သွားပြီး "မဟုတ်... မဟုတ်ပါဘူး... အဲဒီလူသားက ကျွန်တော့် ပိုက်ဆံကို ကောက်သွားလို့ပါ..."ဟုပြန်ဖြေလိုက်သည်။
နျဲ့ကျို: "မင်းက အပြင်မှာ ပစ်မချထားရင် လူသားက မင်းပိုက်ဆံကို ဘယ်လိုလုပ်ကောက်နိုင်မှာလဲ"
ထို့နောက်သူသည် မလှမ်းမကမ်းရှိ ရဲစခန်းကို လှမ်းကြည့်လိုက်ပြီး စိတ်ထဲတွင် သဘောပေါက်သွားတော့သည်။
ပြီးနောက် ရယ်မောကာ ပြောလိုက်သည် "သူက သူ့အရည် အချင်းနဲ့သူ ကောက်သွားတာလေ၊ မင်းမှာ အရည်အချင်းရှိရင် သွားပြန်ယူလိုက်ပေါ့"
ပိုက်ဆံပစ်ချသည့်သရဲ : "......"
နျဲ့ကျို၏စကားများကသူ့ရင်ကို နာကျင်ရစေသည်လေ။
လူကိုလည်း မဖမ်းနိုင်ခဲ့၊ ပိုက်ဆံလည်း ပါသွားသေးသည်။
နျဲ့ကျို: "ကဲပါ၊ ဘာမှ ထပ်ပြောမနေနဲ့တော့၊ ငါနဲ့ လိုက်ခဲ့စမ်း"
ထို့နောက် သူသည် ကြီးမားလှသော လက်ကြီးဖြင့် ထိုသရဲကို တိုက်ရိုက်ပင် ဆွဲမကာပြောလိုက်တော့သည်။
"မြန်မြန်ကြည့်စမ်း၊ ဟွားချန်လမ်းကို ဘယ်ဘက်သွားရမလဲ၊ လမ်းမှားကို ပြရင်တော့ ငါမင်းကို ထိုးမှာနော်"
သရဲ: "....”
🫧 Chapter 152
"အရင်ဆုံး ဘယ်ဘက်ကို ဆယ်မီတာသွား၊ ပြီးတော့ ညာဘက်ကို ငါးမီတာ ဟေး ဟေး ဟေး၊ ဒီဘက် ဒီဘက်၊ လမ်းမှားနေပြီ"
"ဟုတ်တယ် ဟုတ်တယ်၊ အဲဒီနေရာကနေ ရှေ့ကို ဆယ်မီတာလောက် ဆက်လျှောက်သွားရင် ဟွားချန်လမ်းကို ရောက်ပြီ"
ပိုက်ဆံပစ်ချသည့်သရဲမှာ နျဲ့ကျို၏ ဆွဲခေါ်ခြင်းကို ခံထားရကာ လမ်းပြအဖြစ် လုပ်ဆောင်နေရသည်။
သို့သော် လမ်းပြနေရင်းနှင့်ပင်
နျဲ့ကျို ရပ်လိုက်သောအခါ ၎င်းသည် မျက်စိရှေ့ရှိ ကွင်းပြင်ကျယ်ကြီးကို ကြည့်ကာ နဖူးပေါ်တွင် ကြီးမားသော မေးခွန်း ထုတ်စရာ အမှတ်အသားကြီး တစ်ခု ပေါ်လာတော့သည်။
သရဲ: "ဒါ... ဒါက ဘယ်နေရာလဲ"
ထိုအခါနျဲ့ကျို ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏။
"မင်းက လမ်းပြနေတာလေ၊ ငါ့ကို ဒါဘယ်နေရာလဲလို့ လာမေးနေတာလား"
ထို့နောက်သူသည် လက်သီးကို မြှောက်ကာ ထိုသရဲကိုထိုးချလိုက်တော့သည်။
'ဘုန်း'
ခဏအကြာတွင်ပိုက်ဆံပစ်ချသည့်သရဲ၏ ခေါင်းပေါ်တွင် အဖုကြီးတစ်ခု ထွက်လာတော့သည်။
၎င်းသည် ခေါင်းကို ကိုင်ကာ တိတ်တဆိတ် မျက်ရည်ကျငိုကြွေးနေမိ၏။
"ဒီအတိုင်း သွားရမယ်လို့ ကျွန်တော် မှတ်မိနေတာပါ..."
နျဲ့ကျို: "ငါ မင်းကို နောက်တစ်ကြိမ် အခွင့်အရေးပေးမယ်"
ထိုအခါ ထိုသရဲသည် ဘယ်ဘက်ကို ကြည့်လိုက်ပြီးနောက် ကွင်းပြင်ထဲရှိ ရေပန်းကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"အဲဒီအထဲမှာ နေတဲ့ ကျွန်တော့် သူငယ်ချင်းတစ်ယောက် ရှိတယ်၊ သူ့ကို သွားမေးကြည့်မယ်"
"အင်း"
ထိုအခါ နျဲ့ကျို သည် ခေါင်းညိတ်လိုက်ပြီး ရေပန်းအပေါ်သို့ တိုက်ရိုက် ပျံတက်သွားကာ အထဲမှ သရဲကို ဆွဲထုတ်လိုက်တော့သည်။
ယခုဆိုလျှင် လက်တစ်ဖက်စီတွင် သရဲတစ်ကောင်စီ ရှိနေလေပြီ။
ကောင်းကောင်းမွန်မွန် ပုန်းနေသော ရေပန်းသရဲ: "......."
'ဒါ ဘာအခြေအနေကြီးလဲ၊ ငါက အေးအေးဆေးဆေး အနားယူနေတာ (အချောင်ခိုနေတာ) မဟုတ်ဘူးလား'
'ငါ့ရဲ့ အနားယူချိန်လေးရော'
'အနောက်က ဝိညာဉ်တမန်တော်ကြီးကရော ဘယ်လိုဖြစ်ရတာလဲ'
နျဲ့ကျို: "ဟွားချန်လမ်း ကို ဘယ်ဘက်သွားရမလဲ၊ လမ်းမှားပြရင် မင်းတို့နှစ်ကောင်လုံး အတူတူအထိုးခံရမယ်"
ရေပန်းသရဲ "..."
'သူ ဘာအမှားလုပ်မိလို့လဲ၊ သူက ဒီအတိုင်းလေး အေးအေး ဆေးဆေး အနားယူနေရုံလေးပဲလေ'
……
အမှန်တကယ်တော့ ကျန်းလင်သည် နျဲ့ကျို၏ လမ်းမျက်စိလည်တတ်သော စွမ်းရည်ကို အထင်သေးခဲ့မိကြောင်း သက်သေပြနေသည်။
ကြည့်ပါလေ၊ ပိုက်ဆံပစ်ချသည့်သရဲမှာ မူလက လမ်းကို သိသော်လည်း သူ့ကြောင့် လမ်းမှားသွားရပြီ မဟုတ်ပါလော။
အကယ်၍ ကျန်းလင်းသာ ဤနေရာတွင်ရှိနေလျှင် ဧကန်မလွဲ သက်ပြင်းချမိမည်မှာ သေချာသည်။
'လမ်းမျက်စိလည်တာကလည်း ကူးစက်တတ်တာကိုး'
ကားဝိညာဉ်နှင့် ပတ်သက်၍မူ...
အစပိုင်းတွင် နျဲ့ကျိုနှင့် သရဲယာဉ်မောင်းတို့သည် အလွန်ပင် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြသည်။
ငရဲပြည်မှ အတူတူထွက်လာကြပြီး၊ ခရီးစဉ်သို့ အတူတူသွားကြသည်။
ထို့နောက် ကားသည် နျဲ့ကျိုက ဝိညာဉ်များကို လမ်းပြခေါ်ဆောင်ခြင်း သို့မဟုတ် သရဲတစ္ဆေများကို ရှင်းလင်းခြင်းများ ပြုလုပ်အပြီးကို အပြင်မှ စောင့်နေပေးကာ နောက်ထပ် ခရီးစဉ်သို့ အတူတူ ဆက်သွားကြသည်။
အရာအားလုံးမှာ ချောမွေ့နေခဲ့သည်။
သို့သော် တစ်ကြိမ်တွင် နျဲ့ကျိုသည် ဝိညာဉ်တစ်ဦးကို ခေါ်ဆောင်ရန် အထပ်မြင့်အဆောက်အအုံတစ်ခုထဲသို့ ဝင်သွားခဲ့သည်။
သူ ပြန်ထွက်လာသောအခါ ကားမှာ ပျောက်ကွယ်နေလေပြီ။
ဘယ်ညာကြည့်လိုက်လျှင်လည်း အထပ်မြင့်အဆောက်အ အုံများသာ ရှိနေသည်။
နျဲ့ကျိုသည် နာရီဝက်ခန့် လှည့်ပတ်ရှာဖွေပြီးမှသာ ဝိညာဉ်ယာဉ်ကို ပြန်တွေ့တော့သည်။
ထိုအခါ သူသည် ဝိညာဉ်၏ နက်ရှိုင်းသော အတွင်းစိတ်မှနေ၍ မေးခွန်းထုတ်လိုက်မိ၏။
"မင်း ခုနက ဘယ်သွားနေတာလဲ"
'သရဲတစ္ဆေတွေနဲ့တောင် မတွေ့ရသေးဘူး၊ ဘာလို့ ကြိုပြီး လစ်သွားရတာလဲ'
"..."
သရဲယာဉ်မောင်း: "သခင်ကြီး... ကျွန်တော်တို့ တစ်ချိန်လုံး ဒီမှာပဲ ရှိနေခဲ့တာပါ"
၎င်းသည် ခုနက အပြင်ဘက်တွင် နာရီဝက်ကျော်ကြာအောင် စောင့်နေခဲ့ခြင်းဖြစ်သည်။
ကားပေါ်ရှိ ခရီးသည်များအားလုံးကလည်း အပြိုင်အဆိုင် ခေါင်းညိတ်ပြကြသည်။
'သူတို့ တကယ် လျှောက်မသွားခဲ့ကြပါ'
နျဲ့ကျို: "......"
'တကယ်ကြီးလား'
သူသည် ဝိညာဉ်ကို ခေါ်ဆောင်ပြီးနောက် မူလလမ်းအတိုင်း ပြန်ထွက်လာခဲ့သည် မဟုတ်ပါလော။
သူသည် အနောက်ဘက်ရှိ အထပ်မြင့်အဆောက်အအုံများကို တစ်လှည့်၊ ဝိညာဉ်ယာဉ် ရပ်နားထားသော မြေပြင်ကို တစ်လှည့် ကြည့်လိုက်သည်။
ထိုသို့ဖြစ်တိုင်း နျဲ့ကျို၏စိတ်ထဲတွင် နက်ရှိုင်းသော သံသယတစ်ခု ပေါ်လာတတ်သည်။
သူ အမြဲတမ်း တွေးထင်နေမိသည်မှာ...
'ဒီ အဆောက်အအုံတွေနဲ့မြေပြင်က အသက်ရှင်နေတာများလား'
'လှုပ်ရှားနေတဲ့ ဝင်္ကပါကြီးလိုမျိုး လမ်းကြောင်းတွေကို အမြဲတမ်း ပြောင်းလဲနေတာပဲ'
……
နောက်ထပ် တစ်ကြိမ်တွင်မူ
နျဲ့ကျို သည် ဝိညာဉ်ယာဉ်၏ခေါင်မိုးပေါ်တွင် ထိုင်ကာ လမ်းကြောင်းကိုကြည့်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်နေခဲ့သည်။
ထို့နောက်လမ်းတစ်ဝက်တွင် ရုတ်တရက် သရဲတစ္ဆေတစ်ကောင်၏အငွေ့အသက်ကို ခံစားလိုက်ရသည်။
ထို့ကြောင့် သူသည် ချက်ချင်းပင် လေထဲသို့ ပျံတက်သွားခဲ့ကာ ပြဿနာရှာနေသော ထိုသရဲကို သုံးချက်လောက်နှင့်ပင် ရှင်းလင်းပစ်လိုက်သည်။
ထို့နောက် သူ ဝိညာဉ်ယာဉ်ကို သတိရ၍ ပြန်သွားရန် ပြင်လိုက်သောအခါ ကားမှာပျောက်ဆုံးနေပြီဖြစ်ပြီး လမ်းကိုလည်း ရှာမတွေ့တော့ပါချေ။
ထို 'လှုပ်ရှားနေသော' အဆောက်အအုံများက သူ့ကို ထပ်မံ ပိတ်လှောင်လိုက်ပြန်ပြီ။
ထိုအခါ နျဲ့ကျို ခေါင်းကို ကုတ်ကာ နေရာမှာတင်တစ်ပတ် လည်ကြည့်လိုက်၏။
နောက်ဆုံးတွင် မျက်စိကျစရာကောင်းသော ဦးတည်ရာတစ်ခုကို ရွေးချယ်ကာ ပျံသန်းသွားတော့သည်။
ကားမောင်းနေရင်းနှင့် ဝိညာဉ်တမန်တော်ကြီး ပျောက်သွားသည်ကို သိလိုက်ရသော သရဲယာဉ်မောင်း : "......"
သခင်ကြီးကျန်းလင်က သူ့ကို ဘာကြောင့် ဒီတမန်တော်ကြီးနှင့်တွဲဖက်ပေးရသလဲ ဆိုတာကို သူ သဘောပေါက်သွားလေပြီ။
သူ၏ဆယ်နှစ်တာ ကားမောင်းကျွမ်းကျင်မှုပင်လျှင် ဤတမန်တော်ကြီး၏ လမ်းမျက်စိလည်သည့် ကျွမ်းကျင်မှုကို လုံးဝမယှဉ်နိုင်ပါချေ။
'ဒီလမ်းမျက်စိလည်တဲ့ ကျွမ်းကျင်မှုက အနည်းဆုံးနှစ်ရာလောက်တော့ ရှိရမယ်'
……
တစ်ဦးနှင့်တစ်ဦး၏အခြေအနေကို သိရှိသွားပြီးနောက် နျဲ့ကျိုနှင့် ကားဝိညာဉ်တို့သည် ပူးပေါင်းဆောင်ရွက်မှု ဗျူဟာကို ပြောင်းလဲလိုက်ကြသည်။
ငရဲပြည်လမ်းကြောင်းမှ အတူတူ ထွက်လာပြီး ခရီးစဉ်ကို အတူတူ သွားကြမြဲ ဖြစ်သည်။
အကယ်၍ မတော်တဆ ကွဲကွာသွားပါက အခြေအနေပေါ် မူတည်၍ လုပ်ဆောင်ရန်ဖြစ်သည်။
ကိုယ့်အလုပ်ကိုယ် လုပ်မည် သို့မဟုတ် နောက်ထပ် ခရီးစဉ်တွင် ပြန်လည်ဆုံတွေ့ကြမည်။
အကြောင်းမှာ နျဲ့ကျိုကို လမ်းပြပေးရသည့်အပြင် ကားဝိညာဉ်ကိုယ်တိုင်ကလည်း နယ်မြေ (၁၈) အတွင်း လှည့်လည်သွားလာရမည့် တာဝန်ရှိနေသောကြောင့် ဖြစ်သည်။
ဤသို့ စီစဉ်ပြီးနောက်တွင်မူ သရဲနှစ်ကောင်တစ်ပြိုင်တည်းတွေ့နိုင်ခြေနှင့် ဖမ်းဆီးနိုင်ခြေက ပိုများလာသည်။
ကားဝိညာဉ်၏တာဝန်မှာ လှည့်လည်သွားလာရန် ဖြစ်သည်။
တစ်ခါတရံ နျဲ့ကျို လမ်းမျက်စိလည်သွားသောအခါ လည်ရင်းလည်ရင်းနှင့် ကားဝိညာဉ်နှင့် သွားတိုးတတ်သည်။
ထို့နောက် သူတို့သည် နောက်ခရီးစဉ်သို့ အတူတူသွားကြပြန်သည်။
ယခုအကြိမ်လည်း ထိုနည်းလည်းကောင်းပင်
နျဲ့ကျိုသည် လက်တစ်ဖက်တွင် ပိုက်ဆံပစ်ချခဲ့သည့်သရဲ၊ နောက်လက်တစ်ဖက်တွင် ရေစိုရွှဲနေသော ရေပန်းသရဲကို ဆွဲကာ ဟွားချန်လမ်းကို ရှေ့၊ နောက်၊ ဘယ်၊ ညာ လိုက်ရှာနေသည်။
ထိုသရဲနှစ်ကောင်၏ ခေါင်းပေါ်တွင်မူ အဖုကြီး နှစ်ခု သုံးခုစီ အသီးသီး ထွက်နေလေပြီ။
အခြားတစ်ဖက်တွင်မူ
ကားဝိညာဉ်သည် လမ်းဘေးတွင် လွင့်မျောနေသော ဝိညာဉ်တစ်ဦးကို တင်ခေါ်ပြီးနောက် လမ်းချိုးတစ်ခုကို အကွေ့တွင် သရဲနှစ်ကောင်ကို ဆွဲလာသော နျဲ့ကျိုကို မြင်လိုက်ရသည်။
"တမန်တော်ကြီး... ဒီဘက်မှာပါ" ထိုအခါသရဲယာဉ်မောင်းက အမြန် နှုတ်ဆက်လိုက်၏။
"လာပြီ"
နျဲ့ကျို သည် ကမန်းကတန်း ဝိညာဉ်ယာဉ်၏ ခေါင်မိုးပေါ်သို့ ပျံတက်သွားပြီး သူ့ လက်ထဲမှ သရဲနှစ်ကောင်ကို ဝိညာဉ်ဖမ်းအိတ်ထဲသို့ ပစ်ထည့်လိုက်တော့သည်။
'အလုပ်ပြီးသွားပြီ'
သရဲနှစ်ကောင်: "....."
'ဟေး ဟေး ဟေး'
'အခု လမ်းပြစရာမလိုတော့ဘူးဆိုရင် သရဲတွေကိုပြန်မလွှတ် ပေးဘူးလား'
အိတ်ထဲတွင်မူ
ရေပန်းသရဲသည် ပိုက်ဆံပစ်ချသည့်သရဲ၏လည်ပင်းကို ညှစ်ကာ 'အား အား အား' အော်ရင်း သူ့ကို လှုပ်ယမ်းနေတော့သည်။
"မင်းက တကယ် ငါ့ရဲ့ သူငယ်ချင်းကောင်းကြီးပဲ၊ ငါ့ကိုပါ လူကုန်ကူးခံရအောင် လုပ်တယ်"
ပိုက်ဆံပစ်ချသည့်သရဲမှာ လှုပ်ယမ်းခံနေရရင်းနှင့် ခက်ခက် ခဲခဲစကားပြောလိုက်ရသည်။
"ငါ... ငါ... ငါလည်း ဒီလိုဖြစ်မယ်လို့ ထင်မထားဘူးလေ အား... အား..."
"ဘာကို ထင်မထားတာလဲ၊ မင်းက ငါ့ကို ဒုက္ခရောက်အောင် လုပ်ချင်တာ"
"ငါ မဟုတ်ပါဘူး! မလှုပ်နဲ့တော့"
"ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုကို မင်း လျော်ကြေးပေးရင် မလှုပ်တော့ဘူး"
"ငါ့မှာ ပိုက်ဆံမှ မရှိတော့တာ"
"ငါ မယုံဘူး ငါ့ကို လျော်ကြေးပေး"
ထိုသရဲနှစ်ကောင်မှာ အိတ်ထဲတွင် လုံးထွေးသတ်ပုတ်နေကြတော့သည်။
ထိုအခါမှနျဲ့ကျိုသည် အပြင်ဘက်မှနေ၍ ဝိညာဉ်သိမ်းအိတ်ကို လက်ဖြင့် တစ်ချက် ရိုက်လိုက်သည်။
"တိတ်တိတ်နေကြစမ်း"
ထိုတစ်ချက် ရိုက်လိုက်မှုကြောင့် အိတ်ထဲရှိ သရဲနှစ်ကောင်စလုံးမှာ မူးဝေသွားတော့သည်။
ထို့ပြင်ကမ္ဘာကြီး တစ်ခုလုံးချာချာလည်နေသလို ခံစားလိုက်ရ၏။
"ပိုက်ဆံ... ငါ့ကို လျော်ပေး..."
"တကယ် မရှိတော့ပါဘူးဆို..."
……
……
လူ့ပြည်၊ နယ်မြေ (၁၈) တွင်
အဖြူရောင်ဝိညာဉ်တမန်တော် မိန်းကလေးတစ်ဦးသည် သရဲတစ္ဆေ ပြဿနာတစ်ခုကို ဖြေရှင်းပြီးခါစဖြစ်သည်။
ထို့နောက်သူမ၏ အလုပ်မှတ်စုစာအုပ်ပေါ်တွင် အသစ်ပေါ် လာသော ဝိညာဉ်ခေါ်ဆောင်ရမည့် အချက်အလက်များကို ကြည့်ကာ ဟုန်ယာသည် နောက်ထပ် ခရီးစဉ်သို့ ချက်ချင်း ထွက်ခွာသွားလေသည်။
"ဟွားချန်လမ်း ဘေးက ရန်ကွမ်းအိမ်ရာ"
ဟုန်ယာမှာ တစ်ချက်ကြည့်လိုက်သည်နှင့် ဘယ်နေရာဆိုတာကို သူမ သိလိုက်သည်။
ထိုအိမ်ရာသို့ သူမ အရင်က ရောက်ဖူးသည်။
တစ်ကြိမ်တည်းပင် မဟုတ်ပါချေ။
ဝိညာဉ်ခေါ်ဆောင်ရမည့်သူကို ရှာတွေ့ပြီးနောက် ဟုန်ယာ သည် အချိန်ကို ကြည့်လိုက်ရာ မိနစ်နှစ်ဆယ်ခန့် လိုသေးသည်ကိုတွေ့လိုက်ရ၏။
ထောက်လှမ်းလိုစိတ်ဖြင့် သူမသည် ပတ်ဝန်းကျင်ကို တစ်ပတ်လှည့်ကြည့်လိုက်သော်လည်း သရဲတစ္ဆေ အငွေ့အသက်များကို မတွေ့ရချေ။
ခဏမျှ စဉ်းစားပြီးနောက် ဂိမ်းဆော့နေသေးသော ခေါ်ဆောင်ခံရမည့်သူကို တစ်ချက်ကြည့်ကာ အခြားတစ်နေရာသို့ အရင်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက်ဟုန်ယာ သည် ထိုအခန်းထဲမှ ပျံထွက်လာပြီး နံရံအချို့ကို ဖြတ်ကျော်ကာ ၂၂ လွှာရှိ အခန်းတစ်ခန်းကို ရှာဖွေလိုက်သည်။
ရန်ကွမ်းအိမ်ရာအပေါ် ဟုန်ယာအထင်ကြီး စေသည့် အချက်မှာ ဤနေရာတွင် အလွန်နာမည်ကြီးသော မန်ဂရေးဆရာတစ်ဦး ရှိနေခြင်းပင်။
သူရေးဆွဲသော မန်ဂများမှာ ပန်းချီစတိုင်ရော ဇာတ်လမ်းပါ သူမ၏အကြိုက်နှင့် အတော်လေး ကိုက်ညီသည်။
ထိုအရာများက လူသားများအတွက်တော့ ထိတ်လန့်စရာကောင်းနိုင်သော်လည်း သူမ အမြင်တွင်မူအနည်းငယ် ရယ်စရာကောင်းနေသည်။
'ဝိညာဉ်တမန်တော်က သရဲမန်ဂတွေကို ဖတ်တယ်ပေါ့'
သူမကတော့ ထိုအရာကို ကြောက်စရာဟု မထင်ဘဲ အလွန်ရယ်စရာကောင်းသည်ဟုသာ ထင်သည်။
ဤခံစားချက်မှာ အရွယ်ရောက်ပြီးသူ လူသားတစ်ဦးက သုံးလေးနှစ်အရွယ် ကလေးလေးတစ်ယောက် မျက်နှာကို ရှုံ့မဲ့ကာ လူကို ခြောက်လှန့်နေသည်ကို ကြည့်နေရသကဲ့သို့ပင်။
ရုတ်တရက် ဟုန်ယာ မျက်နှာပေါ်တွင် သံသယအချို့ ပေါ်လာ၏။
"ဒါက..."
အဘယ်ကြောင့်ဆိုသော်သူမသည် ထိုမန်ဂရေးဆရာ၏ ကြမ်းပြင်အောက်သို့ ရောက်ရှိလာပြီး အထဲသို့ဝင်ရန် ပြင်လိုက်စဉ်မှာပင်အပေါ်ဘက်ရှိ ထိုအခန်းမှာ တစ်စုံတစ်ရာ၏ ဖုံးအုပ်ခြင်းကို ခံထားရကြောင်း သတိထားမိလိုက်သည်။
ဤအကာအကွယ် အတားအဆီးမှာ အားကောင်းပုံမရဘဲ ပြင်ပမှ အာရုံခံနိုင်မှုကို တားဆီးရန်သာ ရည်ရွယ်ထားပုံရသည်။
ဟုန်ယာ: 'ဝိညာဉ်တမန်တော်တွေ အလုပ်လုပ်နေတာလား'
……
(မူရင်းစာရေးသူ၏မှတ်ချက်
- ဟုန်ယာ
- အမျိုးသမီး
-အဖြူရောင်ဝိညာဉ်တမန်တော်
- အမှတ် ၁၈ အဖွဲ့ဝင်
-လူ့ပြည်မှမန်ဂ၊ ဝတ္ထု၊ တီဗီဇာတ်လမ်းတွဲအမျိုးမျိုးကို နှစ်သက်သည်)