အခန်း (၁၅၃-၁၅၄)
Vol. 16 Ch. 153-154
🫧 Chapter 153
'ဝိညာဉ်တမန်တော်တွေ အလုပ်လုပ်နေတာလား'
ဤသို့တွေးခြင်းထက် သရဲတစ္ဆေတွေ ပြဿနာရှာနေသည်ဟူ၍သာ ဟုန်ယာ က ပိုယုံကြည်ချင်လေသည်။
ထို့နောက် သူမ လက်ထဲတွင် ဝိညာဉ်ခေါ်တံပိုးချက်ချင်း ပေါ်လာကာ လက်ကိုမြှောက်၍ သရဲချီအငွေ့အသက်ဖြင့်ပြုလုပ်ထားသော အတားအဆီးကို ရိုက်ခွဲပြီး အထဲသို့ ပြေးဝင်သွားတော့သည်။
'ဝုန်း'
ချက်ချင်းပင် အခန်းတစ်ခုလုံးကို ဖုံးအုပ်ထားသော အတားအဆီးမှာ ကွဲကြေသွား၏။
ထိုအခါမှသာ ငရဲပြည်၏ ယင်ချီအငွေ့အသက်များက အတွင်းမှ ပြန့်လွင့်လာသည်။
သို့သော် ခဏအကြာတွင် ထိုသရဲအငွေ့အသက် အတားအ ဆီးမှာ တစ်ဖန် ပြန်လည် စုစည်းလာပြီး ယခင်ကထက်ပင် ပိုမိုကျစ်လျစ်ခိုင်မာလာလေ၏။
ထိုအရာသည် တိုက်ပွဲဝင်ရန် အသင့်ပြင်ထားပုံရပြီး အငွေ့အ သက် အနည်းငယ်ကိုမျှ အပြင်သို့ မထွက်သွားစေချင်ပုံရ၏။
ဟုန်ယာဝင်လာသည့် ထိုအချိန်လေးအတွင်းမှာပင် သရဲတစ်ကောင်က ချောင်းမြောင်းတိုက်ခိုက်မည်ကို ကာကွယ်ရန် ခံစစ်အနေအထားကို ပြင်ဆင်ထားပြီး ဖြစ်နေသည်။
ဟုန်ယာက အခန်းထဲရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ သူမမျက်နှာမှာ ပြောင်းလဲသွားတော့သည်။
ဤသည်မှာ သေချာပေါက် မိန်းကလေး တစ်ယောက်၏ အခန်းပင်။
စာရေးစားပွဲရှေ့တွင် 'ထိတ်လန့်ချောက်ချားဖွယ်ရာ' မန်ဂ၏ စာရေးဆရာမသည် တစ်စုံတစ်ခုကို အလျင်အမြန်ရေးဆွဲနေ၏။
ပြင်းထန်သော သရဲအငွေ့အသက်များက သူမ၏ ကိုယ်ပေါ်တွင် တွယ်ကပ်နေပြီး၊ သူမရှေ့ရှိ စာရေးစားပွဲပေါ်မှနေ၍ မရေမတွက်နိုင်သော ယင်ချီအငွေ့အသက်များက ထွက်ပေါ်နေသည်။
အခန်းတစ်ခုလုံးမှာ ငရဲပြည်၏ယင်အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေလေပြီ။
ထို့ပြင် ပုံစံမပေါ်သေးသော အနက်ရောင် မြူခိုးအစုအဝေးများက အခန်းထဲတွင် လွင့်မျောကာ အထက်အောက် ကစဉ့်ကလျား ပြေးလွှားနေကြ၏။
'ဒီနေရာကို သူတို့ရဲ့ ကစားကွင်းအဖြစ် သတ်မှတ်ထားသလိုပဲ'
ထို့ကြောင့် ဟုန်ယာ က အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
"သရဲတစ္ဆေတွေ... ရိုင်းစိုင်းမနေကြစမ်းနဲ့"
ဤသရဲကတခြားသရဲများနှင့်မတူပဲ အငွေ့အသက်ကို လုံးဝ ဖုံးကွယ်ထားခြင်း မရှိဘဲ သရဲအငွေ့အသက်များ၏ မူလရင်းမြစ်ကို အခန်းထဲတွင် တိုက်ရိုက်ပင် ဖော်ပြထားသည်။
ထို့နောက်ဟုန်ယာသည် ခြေထောက်ကို ဆောင့်လိုက်ကာ ခန္ဓာကိုယ်အထက်ပိုင်းကို ရှေ့သို့ ကိုင်းလျက် လေးကြိုးမှ လွတ်ထွက်သွားသော မြှားတစ်စင်းကဲ့သို့ ပြေးထွက်သွားပြီး၊ မိန်းကလေး၏ကလောင်တံ ကိုင်ထားသော လက်ကို တုတ်ဖြင့် တစ်ချက် ရိုက်ချလိုက်တော့သည်။
ထိုအခါပန်းချီဆွဲသည့် ကလောင်တံလေးမှာ လွင့်ထွက်သွားသော်လည်း မြေကြီးပေါ်သို့ ကျမသွားဘဲ လေထဲတွင် လွင့်မျောကာ ဟုန်ယာ နှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်နေလေ၏။
ဝိညာဉ်လက်နက် (ကလောင်တံ) ထဲတွင် ရှုအန်းက အံ့သြဝမ်းသာစွာဖြင့် ပြောလိုက်သည်။
'ဝိညာဉ်တမန်တော်ကြီးပဲ'
သူ့တစ်ကိုယ်လုံးမှာ ချက်ချင်းလန်းဆန်းသွားပြီး ကိုယ်ပေါ်ရှိ စုတ်ပြဲသွားမတတ် နာကျင်မှုများပင် ယခုအချိန်တွင် ခံနိုင်ရည် ရှိသွားသလို ခံစားလိုက်ရသည်။
'နောက်ဆုံးတော့ ဒီနေရာကနေ ထွက်သွားနိုင်တော့မှာလား'
အရင်တုန်းက သရဲဈေးတန်းတွင် ဝိညာဉ်တမန်တော်ကြီးကို တွေ့လျှင် သူက စိတ်လှုပ်ရှားပြီး ကြောက်လန့်နေခဲ့၏။
ယခင်က သူသည် ဖမ်းခေါ်သွားခံရမည်ကို အင်မတန်မှကြောက်ခဲ့သည်။
သို့သော် ယခုအချိန်၊ ဤနေရာတွင် ဝိညာဉ်တမန်တော်ကို တွေ့ရသည်ကတော့ သူ အင်မတန်ကို ရင်းနှီးနွေးထွေးသလို ခံစားနေရသည်။
သူ့မှာတော့ဟုန်ယာ၏ အနောက်ကို ချက်ချင်း လိုက်သွားချင်စိတ်တောင် ပေါ်နေပြီပင်။
'အဲဒီနေရာက လူ့ပြည်လောက် မစည်ကားပေမဲ့လည်းလုံလောက်တဲ့ လွတ်လပ်ခွင့်နဲ့ ရှင်သန်နေထိုင်ခွင့်တော့ ရှိတယ်လေ'
သို့သော်သူ့ကိုယ်တွင်းရှိ ရိုင်းစိုင်းကြမ်းတမ်းသော စွမ်းအားရှင် ရှုလျိုက ရယ်မောလိုက်သည်။
'ပြန်သွားမယ် ဟုတ်လား၊ မင်းက ပြန်သွားလို့ရသေးတယ်လို့ ထင်နေတာလား ပြန်သွားရင် သေဖို့ပဲ ရှိတယ်'
ရှုလျို(နံပါတ်ခြောက်)၊ ၎င်းသည် သူ့ကိုယ်သူ ပေးထားသော နာမည် ဖြစ်သည်။
သို့သော် ရှုအန်းကတော့ သူနှင့် မျိုးရိုးနာမည်တူသည်ကို လုံးဝလက်မခံခဲ့ချေ။
ရှုအန်း က ဒေါသတကြီးဖြင့် ပြန်ပြောလိုက်သည်။
'အဲဒါတွေ အကုန်လုံးက မင်းတို့ လုပ်ခဲ့တာလေ ငါ လုပ်ခဲ့တာ မဟုတ်ဘူး'
'ငါက မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှင်သန်နေတာလေ၊ ဝိညာဉ်တမန်တော်တွေက မင်းကို ယုံမယ်ထင်နေလား၊ ပြီးတော့ ဝိညာဉ်ဆိုင်ပိုင်ရှင်နဲ့ လက်မှတ်ထိုးထားတဲ့ စာချုပ်ထဲမှာ ရေးထားတာက မင်းရဲ့ နာမည်လေ'
ထိုစကားကြောင့်ရှုအန်း မှာ တိတ်ဆိတ်သွားတော့သည်။
'......'
'ပြန်သွားရင် သေရမှာလား'
cသူ မသေချင်သေးဘူး'
'ဒါဆိုလည်း တခြားနေရာ သွားတာပေါ့.'
'ဘာလို့ ထွက်ပြေးရမှာလဲ၊ ဝိညာဉ်တမန်တော်ရဲ့ စွမ်းအားက ဘယ်လောက်တောင် အရသာရှိလိုက်မလဲ'
ရှုလျို၏ အသံထဲတွင် သွေးဆာမှုနှင့် တပ်မက်မှုများ ပြည့်နှက်နေသည်။
သူါအမြင်တွင် ဝိညာဉ်တမန်တော်မှာ ရန်သူလည်း မဟုတ်၊ မုဆိုးလည်း မဟုတ်သကဲ့သို့ပင်။
'သားကောင်'
ထိုစကားကြောင့်ရှုအန်းမှာ လန့်သွားတော့သည်။
'နင် ဘာလုပ်ချင်လို့လဲ'
'ဒီကောင်က ဝိညာဉ်တမန်တော်ကြီးနဲ့များ တိုက်ခိုက်ချင်နေတာလား'
……
ထိုအသိစိတ်နှစ်ခု၏ အပြန်အလှန် စကားပြောဆိုမှုက မျက်တောင်တစ်ခတ် အတွင်းမှာပဲ ဖြစ်ပျက်သွားခြင်းပင်။
ထိုချိန်တွင်ဟုန်ယာသည် အခွင့်ကောင်းယူကာ 'ထိတ်လန့်ချောက်ချားဖွယ်ရာ' မန်ဂရေးဆရာမကို အခန်းထောင့် တစ်နေရာသို့ ရွှေ့ပြောင်းပေးလိုက်ပြီး၊ သူမ၏ ဝိညာဉ်အငွေ့အ သက်များဖြင့် ကာကွယ်ပေးထားလိုက်၏။
ထို့နောက်သူမသည် လေထဲတွင် လှုပ်ရှားနေဆဲဖြစ်သော ကလောင်တံကို ကြည့်လိုက်ပြီး ခန္ဓာကိုယ်ကို ကိုင်းကာ မျက်လုံးကို ကျဉ်းလိုက်ပြီးနောက်၊ ချက်ချင်းပင် ရှေ့သို့ ပြေးဝင်သွားတော့သည်။
'ဒီကောင်ကို မဖြေရှင်းဘဲနဲ့ ဒီလူသားကိုခေါ်ပြီး ဒီနေရာကနေ ထွက်သွားလို့ မရနိုင်ဘူး' ဟူ၍ သူမ၏အလိုအလျောက် သိစိတ်က သတိပေးနေသည်။
"ဟေး ဟေး ဟေး"
ထိုကလောင်တံမှာ ဘေးဘက်သို့ အနည်းငယ် ရွေ့သွားပြီး ရှုလျိုက ပြောလိုက်သည်။
"မင်းရဲ့ ပြိုင်ဘက်က ငါ မဟုတ်ဘူးနော်၊ ဝိညာဉ်တမန်တော်ကြီး"
၎င်းသည် အော်ဟစ်လိုက်ပြီး သူ့ကိုယ်သူ မုဆိုးနေရာတွင် ထားလိုက်လေပြီ။
ဟုန်ယာ မှာ ထိုစကား၏အဓိပ္ပာယ်ကို သဘောမပေါက်သေးခင်မှာပင် သူမ နောက်ကျောမှ ပြင်းထန်သော လေပြင်းတစ်ချက် တိုက်ခတ်လာ၏။
'ချွင်'
ထို့နောက် လက်နက်နှင့် တံပိုးတို့ကအရှိန်ပြင်းစွာဖြင့် ရိုက်ခတ်သွားတော့သည်။
သို့သော် ဟုန်ယာသတိမထားမိသည်မှာ စာရေးစားပွဲပေါ်ရှိ ပုံဆွဲတက်ဘလက် ထဲမှနေ၍ ကြီးမားသော အရိပ်ကြီးတစ်ခုက တဖြည်းဖြည်း ပေါ်ထွက်လာရာ ယခုအခါ ကိုယ်တစ်ဝက်ခန့်ပင် ထွက်ပေါ်နေပြီဖြစ်၏။
ထိုပုံရိပ်မှာ မင်ကဲ့သို့နက်မှောင်နေသော မျက်လုံးများ၊ မျက်နှာပေါ်တွင် ရှည်လျားသော မုတ်ဆိတ်မွှေးများ၊ ကိုယ်ပေါ်တွင် ကြွက်သားများ အပြိုင်းပြိုင်းထနေပြီး ခွန်အားများကလည်း အင်မတန်ပြည့်ဝနေပုံရသော ဝိညာဉ်တစ်ကောင်ပင်ဖြစ်သည်လေ။
သူသည်သံကွင်းသုံးကွင်း တပ်ဆင်ထားသော ဓားမကြီးတစ်လက်ကို ကိုင်ဆောင်ထားပြီး သူ၏ အရှိန်အဝါမှာလည်း ဖိအားများကိုအဆမတန်ထွက်ပေါ်လာစေ၏။
ဟုန်ယာ သည် ဖိချလာသော အားကို ခံစားလိုက်ရပြီးနောက် သွားကို ကြိတ်ကာ ပါလာသောအားကို အသုံးပြု၍ ထိုဓားမကြီးကို ခါထုတ်လိုက်ပြီး အနောက်ဘက်သို့ ခုန်ဆုတ်လိုက်တော့သည်။
ဟုန်ယာက မိန်းကလေး၏ လက်ထဲမှ ကလောင်တံကို ရိုက်ချလိုက်သည့် စက္ကန့်ပိုင်းအလိုမှာပင် ပုံဆွဲတက်ဘလက်ပေါ်ရှိ ပန်းချီကားမှာ နောက်ဆုံးတစ်ချက် ဆွဲလိုက်ပြီးဖြစ်ကာ ပုံစံပေါ်သွားခဲ့လေပြီ။
သရဲပွဲစားသူဌေး၏ ကုန်ပစ္စည်းများထဲတွင် လက်ရှိ သိထားရသလောက် အမျိုးအစား နှစ်မျိုး ရှိ၏။
တစ်မျိုးမှာ သရဲတစ္ဆေများထံ ရောင်းချပြီး စွမ်းအားတိုးမြှင့်ရန် အသုံးပြုသည်။
နောက်တစ်မျိုးမှာ လူသားများထံ ရောင်းချပြီး စွမ်းအားများကို စုပ်ယူရန် အသုံးပြုသည်။
ယခု 'ဉာဏ်အလင်း'လက်နက် မှာမူ အဖြေပေးသည့် ဘောပင်ကဲ့သို့သော ဝိညာဏ်လက်နက်များနှင့် မတူဘဲ ပိုအဆင့် မြင့်လေသည်။
အဖြေပေးသည့် ဘောပင်က လူသားတစ်ဦးတည်းအပေါ်တွင်သာ သက်ရောက်မှု ရှိသည်။
သို့သော် 'ဝိညာဉ်ဉာဏ်ကွန့်မြူးမှု' ကတော့ လူသားများ၏ အရည်အချင်းနဲ့ ဖန်တီးမှုများမှသည် ပိုမိုများပြားသည့် လူသားများထံသို့ရောက်ရှိနိုင်၏။
၎င်း ရရှိနိုင်သော စွမ်းအားမှာလည်း အခြားသော သာမန် ဝိညာဏ်လက်နက်များထက် အဆပေါင်းများစွာ ပိုများပြားလှသည်။
ဤသည်မှာ အစောပိုင်းက ဆိုင်ထဲတွင် သရဲပွဲစားသူဌေးက 'ဉာဏ်အလင်း' ကဲ့သို့သော ဝိညာဏ်လက်နက်များကို ပိုမို ဖန်တီးချင်ရသည့် အကြောင်းရင်းပင် ဖြစ်သည်။
……
အခန်းထဲတွင်
ထို ကြီးမားသော သရဲကြီးမှာ ပုံဆွဲတက်ဘလက်ထဲမှ အပြည့်အဝ ထွက်ပေါ်လာရာ အရပ်အမြင့်မှာ သုံးမီတာခန့်ပင် ရှိသည်။
သူသည် ဟုန်ယာကို အပေါ်စီးမှ ငုံ့ကြည့်နေပြီး ၎င်း၏ ဖိအားမှာ အလွန်ပင်ပြင်းထန်လှ၏။
ထို့ပြင် ဓားမကြီး၏ အရှည်မှာလည်း တစ်မီတာခန့် ရှိပြီး ဝှေ့ယမ်းလိုက်တိုင်း သံကွင်းများ၏ 'ချွင် ချွင်' မြည်သံများပါ ထွက်ပေါ်လာသည်။
ဟုန်ယာ သည် သတိကြီးစွာဖြင့် ရင်ဆိုင်ရန် အသင့်ပြင်ထားပြီး သူမ ကိုယ်ပေါ်ရှိ ဝိညာဏ်ချီအငွေ့အသက်များလည်း အပြည့်အဝ ထွက်ပေါ်လာတော့သည်။
"အလယ်အလတ်အဆင့် တစ္ဆေတပ်သားအဆင့်၊ မဆိုးဘူး အရသာရှိမှာပဲ" ပြောနေရင်းပင်ရှုလျို မှာ ကျေနပ်စွာရယ်မောလိုက်တော့သည်။
'ဘုန်း'
'ချွင် ချွင်'
ထို့နောက် အဖြူရောင်အရိပ်နှင့် အစိမ်းရောင် သရဲတို့ အခန်းထဲတွင် တိုက်ခိုက်ကြရာ သရဲအငွေ့အသက်များ ရိုက်ခတ်မှုကြောင့် အခန်းထဲတွင် ယင်ချီ လေဆင်နှာမောင်းတစ်ခုပင် ဖြစ်ပေါ်လာတော့သည်။
စာရေးစားပွဲနှင့် စာအုပ်စင်ပေါ်ရှိ စာရွက်များ လွင့်စင်ကုန်ကာ ပစ္စည်းများစွာလည်း ပြုတ်ကျကုန်၏။
သို့သော် ဤအရာအားလုံးမှာ အခန်းထောင့်ရှိ ထိုမိန်းကလေးကို ထိခိုက်မှု မရှိစေခဲ့ပါချေ။
လေပြင်းများပင် သူမဆီသို့ မတိုက်ခတ်နိုင်ခဲ့ပေ။
သူမသည် ကြမ်းပြင်ပေါ်တွင် ထိုင်နေပြီး မျက်လုံးများမှာ အာရုံစူးစိုက်မှု မရှိဘဲ ရှေ့သို့သာ ငေးမောကြည့်နေ၏။
သို့သော် ဖြည်းဖြည်းချင်း သူမ၏ဘေးဘက်သို့ တွဲလောင်း ကျနေသော လက်ချောင်းလေးများ လှုပ်ရှားလာတော့သည်။
……
'တွေ့လား၊ ငါ ပြောသားပဲ... ငါတို့က ဝိညာဉ်တမန်တော်တွေထက် ပိုသန်မာနေသရွေ့ သူတို့လည်း ငါတို့ကို ဘာမှ လုပ်လို့မရပါဘူးလို့' ရှုလျို ပြောလိုက်သည်။
ကလောင်တံလေးမှာ အခန်း၏ အပေါ်ဘက် လေဟာနယ်တွင် နေရာယူထားပြီး၊ မျက်စိရှေ့ရှိ တိုက်ပွဲကို အေးအေးလူ လူပင် ကြည့်ရှုနေလေ၏။
ရှုလျို ၏ အမြင်တွင် ပကတိ မုဆိုးဟူ၍ မရှိ၊ မည်သူ၏ လက်သီးက ပိုကြီးသနည်း၊ ထိုသူက မုဆိုး ဖြစ်လာမည်ပင်။
'ဝိညာဉ်တမန်တော်ကြီးက ရှုံးမှာ မဟုတ်ဘူး' ရှုအန်း က ပြတ်သားစွာ ပြောလိုက်သည်။
သူ့နှလုံးသားထဲတွင် ဝိညာဉ်တမန်တော်ကြီးဆိုသည်မှာ အမြဲတမ်း လေးစားရသလို ကြောက်လန့်ရသည့် တည်ရှိမှုမျိုး ဖြစ်သည်။
ထို့ပြင် လက်ရှိ အခြေအနေကို ကြည့်လျှင် ဟုန်ယာ မှာ ယာယီ ဖိနှိပ်ခံထားရခြင်းမျှသာ။
ထို ကြီးမားသော သရဲကြီးက ဆက်လက် တိုက်ခိုက်ချင်လျှင် ဝိညာဉ်ချီများကို ပိုမိုအသုံးပြုရလိမ့်မည်။
သရဲလက်နက်ကိုယ်ပေါ်တွင် သိုလှောင်ထားသော ယင်ချီ အတိုင်းအတာအရဆိုလျှင် အချိန်အကြာကြီး တောင့်ခံထားနိုင်မည် မဟုတ်ချေ။
'ဒါဆိုရင်ကော' ရှုလျို က လှောင်ပြောင်ရယ်မောကာပြောလိုက်၏။
နောက်တစ်စက္ကန့်တွင် စာရေးစားပွဲပေါ်ရှိ ပုံဆွဲတက်ဘလက်ထဲမှ ပိန်လှီသေးငယ်သော အပြာရောင် သရဲအရိပ်တစ်ခု တက်လာသည်ကို တွေ့လိုက်ရသည်။
၎င်း၏နဖူးပေါ်တွင် ချွန်ထက်သော ဦးချိုတစ်ခုပါရှိပြီး ခန္ဓာကိုယ်မှာ ငါးနှစ်၊ ခြောက်နှစ်အရွယ် ကလေးတစ်ယောက်နှင့် အရွယ်အစား တူညီသည်။
လက်နှင့် ခြေထောက်များတွင်လည်း တောရိုင်းတိရစ္ဆာန် တစ်ကောင်ကဲ့သို့ ချွန်ထက်သော လက်သည်း ခြေသည်းများ ရှိနေ၏။
၎င်းသည်သရဲကြီးနှင့် ဟုန်ယာတို့ တိုက်ခိုက်နေစဉ်အတွင်း ၎င်းသည် တိတ်တဆိတ် တက်လာခဲ့ပြီး အလွန် မြန်ဆန်စွာပင် သူမကိုတိုက်ခိုက်လိုက်လေသည်။
ထိုသရဲလေးသည် မျက်တောင်တစ်ခတ် အတွင်းမှာပင် တိုက်ပွဲကြားမှ ဖြတ်ပြေးကာ ထောင့်နားသို့ ရောက်ရှိသွား၏။
ထို့နောက် လက်သည်းဖြင့် မိန်းကလေးရှေ့ရှိ အကာအကွယ် အတားအဆီးကို ကုတ်ခြစ် ဖျက်ဆီးလိုက်တော့သည်။
အကာအကွယ် ပျက်စီးသွားသည်နှင့် သရဲလေးသည် ဟုန်ယာ၏ရင်ဘက်ကို ချက်ချင်းကုတ်ခြစ်လိုက်ပေသည်။
'ဘုန်း'
သို့သော် ပိန်လှီသေးငယ်သော အပြာရောင် သရဲလေးမှာခဏချင်း အနောက်သို့ လွင့်စင်သွားတော့သည်။
ဝိညာဉ်ခေါ်တံပိုး တစ်ချောင်းက ၎င်း၏ ကိုယ်ပေါ်သို့ စိုက်ဝင်သွားပြီး နံရံတွင် ကပ်လျက်သား သံမှိုရိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။
ဟုန်ယာလှည့်ကာ တံပိုးကို ပစ်ပေါက်လိုက်သည့် ထိုအခိုက် အတန့်မှာပင် သရဲကြီး၏လက်ထဲရှိ ဓားမကြီးကလည်း ခုတ်ချလာခဲ့သည်။
'ရွှမ်း စွပ်'
ထိုအခါ ဟုန်ယာ၏ဝတ်ရုံမှာ စုတ်ပြဲသွားပြီး ကျောပြင်ထဲသို့ ဓားမှာစိုက်ဝင်သွားတော့သည်။
🫧 Chapter 154
'ရွှမ်း စွပ်'
ဝတ်ရုံမှာ ဓားချက်နှင့်အတူ ပခုံးမှနေ၍ အောက်ဘက်သို့ စုတ်ပြဲသွားကာ ပန်းထွက်လာသော သွေးများက ဓားမကြီးကို အနီရောင်ပင်ဆိုးခိုက်သကဲ့သို့ဖြစ်သွား၏။
ထိုစူးရှသော အနီရောင်သွေးများကြောင့် ထောင့်တစ်နေရာတွင် ကြောင်တောင်တောင် ထိုင်နေသော မိန်းကလေး၏ မျက်လုံးများက အရောင်လင်းလက်သွားပြီး သူငယ်အိမ်မှာ တဖြည်းဖြည်း ပြန်လည် အာရုံစူးစိုက်လာတော့သည်။
ဟုန်ယာသည်လည်း မိန်းကလေး၏ရှေ့သို့ ပျံသန်းရောက်ရှိလာကာ ကိုယ်တစ်ဝက်ကိုင်း၍ထိုင်ချလိုက်သည်။
သူမသည် အသက်ရှူပြင်းနေပြီး သူမကိုယ်ပေါ်ရှိ ဒဏ်ရာများကိုမူ လှည့်မကြည့်ခဲ့ချေ။
အကယ်၍ သူမကိုယ်ပေါ်ရှိ အဖြူရောင်ဝိညာဉ်တမန်တော် ဝတ်စုံကသာ ကာကွယ်မပေးထားခဲ့လျှင် ဤဓားချက်မှာ ဤမျှလောက် အတိမ်အနက်နှင့် ပြီးသွားမည် မဟုတ်ကြောင်း သူမ သိသည်။
'တောက် တောက်'
ဟုန်ယာ၏သွေးများက ပခုံးမှတစ်ဆင့်၊ လက်ချောင်းများကြားမှတစ်ဆင့်မြေကြီးပေါ်သို့ စီးကျနေ၏။
ခုနက ဓားချက်အပြင် ဟုန်ယာ ကိုယ်ပေါ်တွင် ကြီးမားသော သရဲကြီးနှင့် တိုက်ခိုက်စဉ်က ရရှိခဲ့သော အခြားဓားဒဏ်ရာများစွာလည်း ရှိနေသေးသည်။
သူမကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ ဆယ်ချက်ထက်မနည်းရှိနေလေပြီ။
ယခုအခါ သူမသည် တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးဆုံး ရှုံးသွားပြီဖြစ်ကြောင်း ကိုယ်တိုင်သိရှိထားသဖြင့် သူမ၏ ဦးနှောက်ကို အမြန်ဆုံးအလုပ်ပေးကာ စဉ်းစားလိုက်သည်။
'တခြား နည်းလမ်းများ ရှိသေးသလား'
'ဒီကနေ ထွက်သွားဖို့ နည်းလမ်း'
လူကိုတော့ သူမ မဖြစ်မနေ ကာကွယ်ရပေမည်။
ထိုအချိန်မှာပင် အဲယားကွန်း အပေါ်တွင် ရပ်တန့်နေသော ထိုကလောင်တံလေးမှာ ပြင်းထန်စွာ လှုပ်ခါလာတော့သည်။
ထိုထိတ်လန့်ချောက်ချားဖွယ်ရာ သွေးများကို မြင်လိုက်ရသဖြင့် အလန့်တကြား ဖြစ်သွားသွားသောရှုအန်းမှာ အော်ဟစ်လိုက်၏ 'ရပ်လိုက်စမ်း၊ ရပ်လိုက်စမ်း မင်း အယုတ်တမာကောင်'
"ယုတ်မာတယ် ဟုတ်လား၊ ဟားဟားဟားဟား"
ရှုလျို မှာ တားဆီးခံရလေလေ၊ ပို၍ပင် ရူးသွပ်လာလေလေ ဖြစ်လာသည်။
"ဒီလူသားက ဘယ်လိုပဲဖြစ်ဖြစ် သေရမှာပဲဟာကို ငါ့ကို တိုက်ရိုက် သတ်ခွင့်ပေးလိုက်တာက ပိုမကောင်းဘူးလား မင်းတို့အတွက်လည်း အားသက်သာတာပေါ့"
ထိုစကားကို ဟုန်ယာ ကြားအောင် ပြောနေခြင်းလား သို့မဟုတ် ရှုအန်း ကြားအောင် ပြောနေခြင်းလား မသိနိုင်ချေ။
ပုံဆွဲတက်ဘလက်ထဲတွင် ကျန်ရှိနေသော သရဲများကို ရှုအန်း က တားဆီးထားသဖြင့် အပြင်သို့ မထွက်နိုင်သော်လည်း အပြင်သို့ ရောက်ရှိနေပြီးသော သရဲနှင့်ပင် လုံလောက်နေပြီ ဖြစ်သည်။
ရှုလျို၏ညွှန်ကြားချက်နှင့်အတူကြီးမားသော သရဲကြီးသည် ဓားမကြီးကို ဆွဲကာ ဟုန်ယာ ဆီသို့ တစ်လှမ်းချင်း လျှောက်လာ၏။
သူလှမ်းလိုက်သော ခြေလှမ်းတိုင်းက မြေကြီးကိုပင် တုန်ခါသွားစေသည်။
ထို့ပြင်ဓားမကြီးသည် ဝိညာဉ်တမန်တော်၏ သွေးများကို စုပ်ယူလိုက်ပြီးနောက် ဓားကိုယ်ထည်ပေါ်တွင် ထူးဆန်းလှသော မိစ္ဆာပန်းကနုတ် အင်းကွက်များ ပေါ်ထွက်လာတော့သည်။
ထိုအခါ ဟုန်ယာ သည် နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး လက်တစ်ဖက်ကို ရှေ့သို့ကာကာ ခံစစ်အနေအထား ပြင်လိုက်သည်။
နောက်လက်တစ်ဖက်ကိုမူ အနောက်သို့ထားထားပြီး အဖြူရောင် အလုပ်မှတ်စုစာအုပ် တစ်အုပ်က သူမ၏ လက်ထဲတွင် ပေါ်လာ၏။
ထို့နောက်ဟုန်ယာ က လေးနက်စွာ ပြောလိုက်သည် "သူမရဲ့ ဖန်တီးမှု လက်ရာတွေ မပြီးဆုံးမချင်း၊ မင်း အလိုကျ အဖြစ်ခံမှာ မဟုတ်ဘူး"
ရှုလျို : "ဒါဆိုလည်း လွယ်ပါတယ်၊ သူ့ရဲ့ အသက်ကို သုံးပြီး နောက်ဆုံး ဇာတ်သိမ်းကို ရေးဆွဲခိုင်းလိုက်မယ်၊ အဲဒါက သေချာပေါက် အရမ်းကို ကောင်းမွန်တဲ့ လက်ရာဖြစ်လာမှာ"
"မဟုတ်ဘူး မင်း နားမလည်ဘူး"
ဟုန်ယာ၏ မျက်နှာမှာ အေးစက်ခက်ထန်နေပြီး ပြတ်သားနေ၏။
"လူသားတွေရဲ့ အသက်ရှင်သန်မှုဆိုတာ အစကနေ အဆုံးထိ သူ့ချည်းသက်သက်ကိုက ဖန်တီးမှု လက်ရာတစ်ခုပဲ"
'လူသားတွေရဲ့ အသက်ရှင်သန်မှုက ဘယ်လောက်တောင် တန်ဖိုးရှိလိုက်သလဲ၊ လူ့ပြည်က ဘယ်လောက်တောင် ဖွံ့ဖြိုးတိုးတက်နေလိုက်သလဲ'
'ဝဝလင်လင် စားရတယ်၊ နွေးနွေးထွေးထွေး ဝတ်ရတယ်'
'ဘယ်သူမဆို၊ ဘယ်လို အဆင့်အတန်းကပဲဖြစ်ဖြစ် လွတ် လပ်စွာ ဖန်တီးနိုင်ကြပြီး ကိုယ်ပိုင်လောကလေးတစ်ခုကို ဖန်တီးနိုင်ကြတယ်'
'လူတိုင်း လွတ်လပ်တယ်၊ လူတိုင်းမှာ မျှော်မှန်းချက်တွေ ရှိခွင့်ရတယ်'
'ဒါဟာ ဘယ်လောက်တောင် ကောင်းမွန်တဲ့ ခေတ်ကြီးလဲ'
'လူသားတွေဟာ ဒီလိုခေတ်ကြီးထဲမှာ ရှင်သန်နေကြပြီး အခက်အခဲတွေပဲဖြစ်ဖြစ်၊ အောင်မြင်မှုတွေပဲဖြစ်ဖြစ် အားလုံးက ဘဝဆိုတဲ့ လက်ရာတစ်ခုရဲ့ အစိတ်အပိုင်းတွေချည်းပဲ'
'ဒါဟာ သူမ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ အံ့သြစရာ ကောင်းလှတဲ့ အရာတွေပဲ'
……
"ဒါဆိုရင်လည်း မင်း သေလိုက်တော့ မင်း သေသွားတဲ့အခါ သူမရဲ့ နောက်ဆုံးကျန်နေတဲ့ စွမ်းအင်တွေကို ငါ ယူသုံးလိုက်မယ်"
ရှုလျို၏ ရူးသွပ်သော ရယ်မောသံများနှင့်အတူကြီးမားသော သရဲကြီးသည် ဟုန်ယာ၏ ရှေ့သို့ ရောက်လာ၏။
ထို့နောက်သူ့လက်ထဲရှိ ဓားမကြီးကို မြှောက်လိုက်သည်။
၎င်းဓားမကြီးမှာ 'ဝီ ဝီ' ဟုပင် မြည်ဟည်းနေပြီး ဝိညာဉ်တမန်တော်၏ သွေးကို စုပ်ယူရန် မစောင့်နိုင်တော့သည့်ပုံပင်။
ဤအချိန်တွင် ဟုန်ယာသည် အနောက်ရှိ မိန်းကလေးကို ကာကွယ်ထားပြီး အနောက်ဘက်သို့ ထားထားသော လက်က အဖြူရောင် အလုပ်မှတ်စုစာအုပ်ပေါ်သို့ ဖိနှိပ်ထားလိုက်ပြီ ဖြစ်သည်။
ထိုအခါအလုပ်မှတ်စုစာအုပ်မှာ တဖြည်းဖြည်းနှင့် တောက်ပ သော အနီရောင်အဖြစ် ပြောင်းလဲသွားကာ အနီရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာတော့သည်။
ဤအချိန်မှာပင် ရှုအန်းသည် ရှုလျို၏ ထိန်းချုပ်မှုကို ဖောက်ထွက်ကာ သရဲကြီးဆီသို့ ပြေးဝင်သွားတော့သည်။
ထို့နောက်သရဲကြီးနှင့်အတူ သွေးကွက်များ စွန်းထင်းနေသော အဖြူရောင်နံရံဆီသို့ ပြင်းထန်စွာ ဝင်တိုက်လိုက်၏။
'ဘုန်း'
ထိုအခါ အခန်းတစ်ခုလုံးကို ဖုံးလွှမ်းထားပြီး တိုက်ပွဲဖြစ်ပွားစဉ်ကပင် အနည်းငယ်မျှ မထိခိုက်ခဲ့သော ယင်ချီအငွေ့အ သက် အတားအဆီးမှာ ကွဲကြေသွားတော့သည်။
ထိုနံရံမှာလည်း ကြီးမားသော အပေါက်ကြီး တစ်ပေါက် ဖြစ်သွား၏။
၎င်းအကျိုးဆက်များကြောင့်ကလောင်တံနှင့် သရဲကြီးမှာ အခန်းထဲမှ လွင့်ထွက်သွားပြီး ၂၂ ထပ်၏ အပေါ်ဘက် လေဟာပြင်သို့ ရောက်ရှိသွားတော့သည်။
အလင်းရောင်များကလည်း ကြီးမားသော အပေါက်ကြီးမှတစ်ဆင့် အခန်းထဲသို့ ဝင်ရောက်လာပြီး အတွင်းရှိ ပြင်းထန်လှသော ငရဲပြည်၏ ယင်ချီအငွေ့အသက်များကလည်း အလုအယက် အပြင်သို့ ထွက်ပေါ်လာကြသည်။
တစ်ချိန်တည်းမှာပင်
အဖွဲ့ (၁၈) မှ အဖွဲ့ဝင်များအားလုံး၊ ဝိညာဉ်များကို ခေါ်ဆောင်နေသူပင်ဖြစ်ဖြစ်၊ သရဲတစ္ဆေ ပြဿနာများကို ဖြေရှင်းနေသူပင်ဖြစ်ဖြစ် သူတို့အားလုံး၏အလုပ်မှတ်စုစာအုပ်ပေါ်တွင် အနီရောင် အလင်းတန်းတစ်ခု လင်းလက်လာတော့သည်။
၎င်းမှာ အန္တရာယ် အချက်ပြသင်္ကေတ ဖြစ်သကဲ့သို့ ဝိညာဉ်တမန်တော် တစ်ဦးက အသက်အန္တရာယ်ကြုံတွေ့နေရချိန်တွင် ထုတ်လွှင့်လိုက်သော အကူအညီတောင်းခံသည့် အချက်ပြသင်္ကေတလည်း ဖြစ်သည်။
ထို့ကြောင့်အဖွဲ့ (၁၈) မှ အဖွဲ့ဝင်များအားလုံး ရန်ကွမ်းအိမ်ရာ ရှိရာ အရပ်ဆီသို့ ပြိုင်တူ လှမ်းကြည့်လိုက်ကြတော့သည်။
……
'မင်း ရူးနေပြီလား'
ကလောင်တံထဲမှ ရှုလျိုက ရှုအန်းကို ဒေါသတကြီး အော် ဟစ်လိုက်သည်။
ဤအချိန်တွင် မွေးရာပါ အန္တရာယ်သိစိတ်ကြောင့် ရှုလျို သည် ချက်ချင်းပင်ဆင့်ခေါ်မိန့်ကိုထုတ်ပြန်လိုက်တော့ သည်။
ထိုအခါ'ထိတ်လန့်ချောက်ချားဖွယ်ရာ' မန်ဂမှတစ်ဆင့် အပြင်သို့ ထွက်သွားသော သရဲတစ္ဆေများအားလုံးမှာ ရန်ကွမ်းအိမ်ရာ ဆီသို့ တပြိုင်နက်တည်း ပျံသန်းပြန်လာကြ၏။
'သရဲတစ်ကောင်၊ နှစ်ကောင်၊ဆယ်ဂဏန်း ရာဂဏန်းချီသော သရဲများ'မှာအရပ်မျက်နှာ အသီးသီးမှ ပြေးလာကြတော့ သည်။
ဤသည်မှာ 'ဉာဏ်အလင်း' လက်နက်နှင့် အခြား ဝိညာဉ်လက်နက်များ မတူညီသည့် အချက်ပင် ဖြစ်သည်။
'ဉာဏ်အလင်း' သည် လူသားတစ်ဦးတည်းမှတစ်ဆင့် စွမ်းအားများ ရယူနိုင်သော လမ်းကြောင်းပေါင်း မြောက်မြားစွာကို ဖန်တီးနိုင်သည်။
အရေးပေါ် အခြေအနေတွင် ဤသရဲတစ္ဆေများ ပြန်လည် သယ်ဆောင်လာသော စွမ်းအားများအားလုံးမှာ ၎င်း၏ စွမ်းအားများ ဖြစ်လာသည်လေ။
……
"ဒီဘက်မှာ"
ထိုစဉ် ဟွားချန်လမ်းတွင် ဝိညာဉ်ယာဉ် ခေါင်မိုးပေါ်တွင် ရှိနေသော နျဲ့ကျိုသည် ရုတ်တရက် မတ်တတ်ရပ်လိုက်၏။
သူ့လက်ထဲမှ အနီရောင် လင်းလက်နေသော အလုပ်မှတ်စုစာအုပ်မှာလည်း သူ့ ရင်ခွင်ထဲမှ အလိုအလျောက် ပျံထွက်လာခဲ့ပြီ ဖြစ်သည်။
ထို့ပြင်အနီရောင် အလင်းတန်းက ညွှန်ပြနေသော နေရာမှာ ဟုန်ယာ ရှိနေသော အရပ်ပင်။
ထို့ကြောင့်နျဲ့ကျို သည် အလုပ်မှတ်စုစာအုပ်ပေါ်သို့ လက်တစ်ဖက်ဖြင့် ဖိထားလိုက်ပြီး ခန္ဓာကိုယ်ကို အနည်းငယ် ကိုင်းကာ အမြောက်ဆံတစ်ခုကဲ့သို့တရကြမ်း ပျံသန်းထွက်ခွာသွားတော့သည်။
သူသည် အနီရောင် အလင်းတန်း ညွှန်ပြသော လမ်းကြောင်းအတိုင်း ရန်ကွမ်းအိမ်ရာ ဆီသို့ တိုက်ရိုက် ပြေးဝင်သွားပြီး အနည်းငယ်မျှပင် တွန့်ဆုတ်မနေခဲ့ချေ။
နျဲ့ကျိုထွက်ခွာသွားသည်ကိုမြင်သော် မောင်းနှင်နေသော ကားဝိညာဉ်မှာလည်း ရပ်တန့်သွားသည်။
သရဲယာဉ်မောင်းသည်လည်း ကားခေါင်းပိုင်းမှ ခေါင်းပြူထွက်လာပြီး ထိုအနီရောင် အလင်းတန်းကို ကြည့်ကာ ဘာတွေဖြစ်နေမှန်း မသိချေ။
'သူ သွားရမလား'
'အကယ်၍ အမြောက်စာ ဖြစ်သွားရင်ကော'
သရဲယာဉ်မောင်းသည် ခဏမျှ စဉ်းစားပြီးနောက် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ အန္တရာယ်ရှိလျှင် ပြန်ပြေးလည်း မနောက်ကျသေးပေ။
……
နျဲ့ကျို၏ လက်ဖဝါး ဖိချလိုက်သည့် အခိုက်အတန့်မှာပင် အဖွဲ့ (၁၈) မှ အခြား အဖွဲ့ဝင် အချို့ကလည်း သူတို့၏လက် ဗွေများကို ဖိနှိပ်လိုက်ကြသည်။
ဤသည်မှာ အခြား အဖွဲ့ဝင်များကို သူတို့သွားနေပြီဖြစ်ကြောင်း အသိပေးလိုက်ခြင်းပင်။
အဝေးတွင် ရောက်ရှိနေသူများအနေဖြင့် အခြေအနေအရ လာရောက်နိုင်သလို၊ လက်ရှိအလုပ်များကို ဆက်လက် လုပ်ဆောင်နေ၍လည်း ရသည်။
များမကြာမီပင်ဝိညာဉ်တမန်တော်များ၏ သီးသန့် အငွေ့အ သက် အများအပြားမှာ နေရာအနှံ့မှ ထွက်ပေါ်လာပြီး တစ်နေရာတည်းဆီသို့ အပြိုင်အဆိုင် ပြေးလွှားသွားကြတော့ သည်။
အနီးအနားရှိ ဤကိစ္စနှင့် မသက်ဆိုင်သော သရဲတစ္ဆေများမှာမူ ခေါင်းပြူကြည့်ကြပြီးနောက် အမြန်တွင်းထဲသို့ ပြန်လည် ပုန်းအောင်းသွားကြ၏။
……
……
ခရိုင်/နယ်မြေ (၁၈) ၏ အခြားတစ်ဖက်တွင်
ကျန်းလင်သည် ဒူးတစ်ဖက်ထောက်ထားသော ကိုယ်နေဟန်ထားအတိုင်း ရှိနေပြီး သူ့ လက်ထဲမှ အနီရောင် လင်းလက်နေသော ဝိညာဉ်ခေါ်ဆောင်ရေး မှတ်စုစာအုပ်ကို သိမ်းဆည်းလိုက်သည်။
ဤအလုပ်မှတ်စုစာအုပ်မှာ ဝိညာဉ်များ၏အချက်အလက်များကို ပံ့ပိုးပေးသည့်အပြင်၊ တပ်ဖွဲ့တစ်ခုစီရှိ အဖွဲ့ဝင်များအားလုံးကို တစ်ပြိုင်နက်တည်း ချိတ်ဆက်ပေးနိုင်သော တစ်ခုတည်းသော ကိရိယာလည်း ဖြစ်သည်။
ပုံမှန်အချိန်များတွင် အားလုံးက ဝိညာဉ် အချက်အလက်များကို ကြည့်ရှုရန်သာ အသုံးပြုကြပြီး ဤဒုတိယအသုံးဝင်မှုကို မည်သူကမျှ သိပ်ဂရုမစိုက်ကြချေ။
သို့သော် တစ်ကြိမ် အသုံးပြုလိုက်သည်နှင့်အဖွဲ့ဝင်တစ်ဦး အသက်အန္တရာယ်နှင့် ကြုံတွေ့နေရပြီ ဖြစ်ကြောင်း ညွှန်ပြနေခြင်းပင်။
'ဒါက အနီရောင် သတိပေးချက်ပဲ'
'အကူအညီ တောင်းခံတဲ့ အချက်ပြသင်္ကေတလည်း ဖြစ်တယ်'
"ဘာလဲ... မင်းလူတွေကို သွားမကယ်တော့ဘူးလား"
မြေကြီးပေါ်တွင် ကျန်းလင်၏ ဒူးတစ်ဖက်ဖြင့် ရင်ဘတ်ကို ဖိခံထားရသော သရဲကလည်း ထိုအနီရောင် အလင်းတန်းကို မြင်လိုက်ရသည်။
၎င်း ကိုယ်ပေါ်ရှိ ဝတ်ရုံများမှာစုတ်ပြဲနေပြီး လက်နှစ်ဖက်စလုံး ပျောက်ဆုံးနေကာ ပခုံးတွင်လည်း သွေးများ ရွှဲနစ်နေသည်။
၎င်းမျက်နှာပေါ်တွင်မူ သရဲမျက်နှာဖုံး တစ်ခုကို တပ်ဆင်ထား၏။
ကျန်းလင်၏ ဝိညာဉ်ခေါ်တံပိုးကမူ ၎င်းလည်ပင်းကို ချိန်ရွယ်ထားလျက် ရှိသည်။
ခုတ်စင်ပေါ်ရောက်နေတဲ့ အသားကဲ့သို့ သူများပြုသမျှ နုရတော့မည့် အခြေအနေ ဖြစ်နေသော်လည်း ဝိညာဉ်ဆိုင်ပိုင်ရှင်မှာ အခြားကိစ္စများကို စိတ်ဝင်တစားဂရုစိုက်နေသေးသည်။
၎င်းက လှောင်ပြောင်သည့်ဟန်ဖြင့် "အဲဒါ အကူအညီတောင်းတဲ့ အချက်ပြသင်္ကေတမလား၊ သွားမကယ်ရင် သေသွားမှာပေါ့ ဘယ်လိုလုပ်မလဲ"
စကားဆုံးသည်နှင့် လည်ပင်းပေါ်ရှိ ဝိညာဉ်ခေါ်တံပိုးက အောက်သို့ ပိုမို ဖိချလာ၏။
ထိုအခါ ၎င်း၏အသံမှာ ချက်ချင်းပင် 'ဟူး ရှုးဟူး' ဟူသော လေထွက်သံအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဖူကျားနှင့် နျဲ့ကျို တို့လည်း သွားရောက်နေပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် ကျန်းလင် ခေတ္တမျှ စိတ်အေးသွားလေသည်။
တစ်ယောက်က ဝိညာဉ်တမန်တော် နှစ်ဆယ်ထဲတွင် အဆင့်အမြင့်ဆုံးဖြစ်ပြီး၊ နောက်တစ်ယောက်ကမူ တောင်ဝှေးထဲရှိ ထိုအစွမ်းထက်စွမ်းအင်များကို ပိုင်ဆိုင်ထားသည်မဟုတ်လော။
ဟိုဘက်ကိုတော့ သူတို့ဆီပဲ လွှဲထားလိုက်တော့မည်။
"မင်းတို့မှာ ဝိညာဉ်ဆိုင်ပိုင်ရှင် စုစုပေါင်းဘယ်နှယောက် ရှိသလဲ"
မေးနေစဉ်မှာပင် ကျန်းလင်သည် မြေကြီးပေါ်ရှိ ဆိုင်ရှင် ကို ကြည့်လိုက်ရာ သူ့ မျက်လုံးများထဲတွင် အေးစက်ခက်ထန်သော အလင်းရောင်များ ဖြတ်ပြေးသွား၏။
"မင်းတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ ဘယ်ကနေ ရောက်လာကြတာလဲ”