← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

🫧 Chapter 159

[ကြည့်စရာ အကောင်းစားတွေရှိနေတာပဲ... Streamer ကို ဖရဲသီး ၆၆ လုံး လက်ဆောင်ပေးလိုက်မယ်၊ ပြီးတော့ စာလေးပါ တွဲရေးလိုက်တယ် "Streamer ကြီး ပင်ပန်းနေပြီ"]

[ခုနက အနီရောင် အလင်းတန်းက ဒီဘက်ကနေ ထွက်လာတာ မဟုတ်လား၊ ဘာတွေ ဖြစ်သွားတာလဲ]

[လောလောဆယ်တော့ ဘာပြဿနာမှ ကြီးကြီးမားမား မရှိလောက်တော့ဘူး၊ အဖွဲ့ဝင်တွေက တော်တော်လေးအားကိုးရတယ်၊ Streamer အနေနဲ့ စိတ်အေးလို့ ရပါပြီ]

[ငါ့သူငယ်ချင်းက အဲဒီဘက်မှာ နေတာ၊ ခုနက မိုးရွာတော့မယ် ထင်နေတာတဲ့၊ နောက်ဆုံးတော့ ဘာမှမလာဘဲ အလကား စောင့်လိုက်ရတယ်တဲ့]

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအတွင်း၌ ပရိသတ်များ၏ မှတ်ချက်များက ဆက်တိုက် တက်လာလေ၏။

အစောပိုင်းက ကိစ္စများမှာ အလွန်ရုတ်တရက် ဆန်လွန်းလှသည်။

Streamer က အခြား တာဝန်တစ်ခုကို သွားလုပ်မည်ဟု ပြောထားသော်လည်း သူတို့ သတိမထားမိခင်မှာပင် Streamer က သရဲတစ္ဆေ နှစ်ကောင်နှင့် တိုက်ခိုက်နေသည်ကို မြင်လိုက်ရ၏။

Streamer အလုပ်များနေချိန်တွင် သူတို့ကို ဂရုစိုက်မည် မဟုတ်သောကြောင့် ပရိသတ်များမှာ တိတ်တဆိတ်သာ... လက်ဆောင်များပေးကာ အားပေးနေကြရတော့သည်။

ထို့ပြင်အလေးအနက်ထားနေသော Streamer ၏ပုံစံမှာ အလွန်ဆွဲဆောင်မှုရှိပြီး အရှိန်အဝါ မှာကြီးမားလှသည်လေ။

သို့သော် ပရိသတ်အများစုက ကိစ္စတစ်ခုကို အတော်လေး စိတ်ဝင်စားနေကြ၏။

အစောပိုင်းက ဝိညာဉ်ဆိုင်ပိုင်ရှင် ပြောသွားသော စကားများက တစ်စုံတစ်ခုကိုကြိုတင် နိမိတ်ပြနေသကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။

[အဲဒီ 'ငါတို့ရဲ့ ဘုရင်ကြီး' ဆိုတာ ဘယ်သူလဲ သိတဲ့သူ ရှိလား]

ကြည့်ရတာ နောက်ကွယ်က ဘော့စ်ကြီးဖြစ်မယ် တပည့်လေးတွေကို ရှင်းပြီးရင် ဘော့စ်ကြီး ထွက်လာတော့မှာပေါ့]

[မျိုးရိုးနာမည်က 'ငါတို့'၊ နာမည်က 'ဘုရင်' တဲ့လား၊ ပိုင်တု မှာ ရှာကြည့်လိုက်ရမလား]

[အပေါ်ကလူ မင်း တကယ်ပြောနေတာလား၊ ကြည့်ရတာ အခုတလော အပြင်မထွက်တာ အကောင်းဆုံးပဲ]

ပရိသတ်များက နောက်ကွယ်မှ ဘော့စ်ကြီးကို ကူညီရှာဖွေပေးချင်သော်လည်း ဖြစ်နိုင်ချေမရှိမှန်း သိသာလှ၏။

ရှာရင်းရှာရင်းနှင့် အသက်စွန့်ရမည့် အခြေအနေမျိုးပင်ရောက်သွားနိုင်သည်မဟုတ်လော။

စဉ်းစားကြည့်ပြီးနောက် သူတို့ ကူညီနိုင်မည့် အကောင်းဆုံးအရာမှာ မိမိကိုယ်ကို ဂရုစိုက်ပြီး ဘော့စ်ကြီးဆီသို့ အတွေ့ အကြုံအမှတ်များသွားမပေးမိရန်ပင်ဖြစ်သည်။

(အတွေ့အကြုံအမှတ်= exp ဂိမ်းထဲ၌ပါသောအရာအား ဘန်းစကားဖြင့်ပြောခြင်းဖြစ်)

ထိုအချိန်မှာပင် တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်ပေါ်ရှိ ကျန်းလင်သည် လှုပ်ရှားလာခဲ့သည်။

ထို့နောက်သူသည် လှည့်ကာ ခုနက ဖွင့်ထားသော ငရဲပြည် လမ်းကြောင်းထဲသို့ ဝင်သွားလေ၏။

ဤဘက်တွင် သူ ကိုယ်တိုင်ပါဝင်ဖြေရှင်းရန် မလိုအပ်တော့သည့်ပုံပင်။

ငရဲပြည် လမ်းကြောင်း ပိတ်သွားချိန်တွင် အဝေး၌ နျဲ့ကျို အပါအဝင် ဝိညာဉ်တမန်တော်များက နောက်ဆုံး ရှာဖွေရေး အလုပ်များကို လုပ်ဆောင်နေကြဆဲ ဖြစ်သည်။

……

"ငါ ခုနက နှစ်ကောင်ရှင်းလိုက်တယ်၊ ဒီဘက်မှာတော့ မရှိလောက်တော့ဘူး"

"လွတ်နေတဲ့ ကောင်တွေရှိသေးလား ဆိုတာကို တစ်ဖက်မှာ သွားကြည့်ကြရအောင်"

ဝိညာဉ်တမန်တော် နှစ်ဦးသည် အတူတကွ အခြားတစ်ဖက်သို့ ပျံသန်းသွားကြ၏။

ဘေးဘက်တွင်မူ ဖွင့်ထားသော ပြတင်းပေါက်မှတစ်ဆင့် သပ်ရပ်လှပစွာ ပြင်ဆင်ထားသော ကလေးအခန်းလေးတစ်ခန်းကို မြင်တွေ့နိုင်လေသည်။

နို့နံ့မစင်သေးသော ကလေးငယ်လေးတစ်ဦးက ဘေးကာရံထားသော ကုတင်အကြီးကြီးပေါ်တွင် မှောက်လျက်သား ရှိနေ၏။

ကလေးငယ်လေး၏ခေါင်းပေါ်တွင် နူးညံ့သော ဆံပင်လေးများ ရှိပြီး၊ မျက်လုံးနှစ်လုံးက စပျစ်သီးမည်းမည်းလေးများကဲ့သို့ ဖြစ်ကာ၊ ပါးပြင်လေးများက ဖြူဖွေးနုဖတ်နေပြီး မြင်ရုံနှင့်ပင် အလွန် အိစက်နေမည်မှာ သိသာလှသည်။

သူမကိုယ်ပေါ်တွင် ဒိုင်နိုဆော ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး မှောက်နေသော ကိုယ်နေဟန်ထားကြောင့် အင်္ကျီအနောက်ဘက်ရှိ အစိမ်းရောင် ဆူးတောင်တန်းလေးကို မြင်နေရသည်။

ထို့ပြင်ကလေးငယ်လေးသည် ပြတင်းပေါက် အပြင်ဘက်ကို ကြည့်ကာ တစ်စုံတစ်ခုကိုအတည်ပြုနေသကဲ့သို့ ရှိ၏။

ခဏအကြာတွင် သူမလေးသည် တဖြည်းဖြည်း ထထိုင်လိုက်ပြီး ကုတင်ပေါ်တွင် ထိုင်ကာ လက်ထဲတွင် တစ်ပိုင်းဖောက် ထွင်းမြင်ရသော အရာတစ်ခုကို ဖိထားလေသည်။

မြူခိုးများနှင့်လည်း တူသလို၊ ဂျယ်လီတုံးလေး တစ်ခုနှင့်လည်း တူလှ၏။

သို့သော် နျဲ့ကျိုသာ ဤနေရာတွင် ရှိနေမည်ဆိုလျှင် ထိုအရာမှာ ဝိညာဉ်အပိုင်းအစတစ်ခုဖြစ်ကြောင်း သူတို့ သိကြမည် ဖြစ်သည်။

"အီး ယာ"

ကလေးငယ်လေးသည် ထိုအရာလေးကို ပုတ်လိုက်ပြီး ဝမ်းသာနေသလို၊ စပ်စုချင်စိတ်လည်း ဖြစ်နေ၏။

ကစားစရာ အသစ်တစ်ခုကို ရှာတွေ့သွားသကဲ့သို့ပင်။

"ယား ယား"

သူမလေးသည် ထိုဝိညာဉ်အပိုင်းအစလေးကို လက်ထဲတွင် ဆုပ်နယ်နေပြီး မျက်နှာပေါ်တွင် အံ့သြဝမ်းသာသော အမူအရာလေး ပေါ်နေသည်။

ထိုဝိညာဉ်အပိုင်းအစလေးမှာ ဘာမှမသိနားမလည်တော့သလို ဖြစ်နေပြီး အဆုပ်အနယ် ခံရချိန်တွင် အလိုအလျောက် ထွက်ပြေးရန် ကြိုးစားနေ၏။

သို့သော် မကြာမီမှာပင် ကလေးငယ်လေး၏ လက်ထဲတွင် အမြီးစွန်းလေးက အဖမ်းခံလိုက်ရသည်။

'ယာ'

'မသွားရဘူး'

ထို့ပြင် ကလေးငယ်လေး၏မျက်ခုံးနှစ်ခုကြားတွင် အနီရောင်မှဲ့ရှင်လေး တစ်လုံး ရှိနေ၏။

ထိုအရာက သွေးကဲ့သို့ နီရဲနေသော်လည်း ထူးဆန်းသော အလှတရားတစ်ခုဖြင့် ပြည့်နှက်နေသည်လေ။

'....'

ထိုဝိညာဉ်အပိုင်းအစလေးမှာ ကြောင်တောင်တောင်ဖြစ်နေပြီး နားမလည်နိုင်အောင် ဖြစ်နေ၏။

၎င်းသည် အရာများစွာကို မေ့လျော့သွားခဲ့ပြီ ဖြစ်သော်လည်း ၎င်း၏မသိစိတ်ထဲတွင်မူ လူသားများက ၎င်းတို့ကိုတိုက် ရိုက်ထိတွေ့နိုင်ခြင်း မရှိဟု ထင်မှတ်ထားပုံရသည်။

ထိုသို့ တွေးနေစဉ်မှာပင် ခေါင်းပေါ်သို့ နူးညံ့သော ယုန်ဖြူလေး အရုပ်တစ်ခု ရောက်ရှိလာတော့သည်။

'အီး ယာ'

'လှတယ်'

ကလေးငယ်လေးသည် တခစ်ခစ် ရယ်မောလာပြီး ကုတင်ပေါ်တွင် ထိုင်လျက် လက်လေးကိုရွှင်မြူးစွာ ပုတ်နေတော့ သည်။

ထပ်မံကစားပြီးနောက်တွင် သပ်ရပ်စွာ ဝတ်ဆင်ထားသော အမျိုးသား တစ်ဦးက အိပ်ခန်းတံခါးဝမှ ဝင်လာလေသည်။

"ချင်းချင်း ဘာတွေကစားနေလို့ ဒီလောက်တောင် ပျော်နေရတာလဲ"

အမျိုးသား ဖြစ်သူက အခန်းထဲ ဝင်လာပြီး ကလေးငယ်လေး ဘာကစားနေသလဲဆိုတာကိုအရင်ကြည့်လိုက်ကာ ထို့နောက် ကလေးငယ်လေးကို ပွေ့ချီပြီး ချစ်မဝစွာဖြင့် ပါးချင်း ပွတ်သပ်လိုက်လေသည်။

"ချင်းချင်းက အရုပ် ကစားနေတာလား၊ ဒီနေ့ ဖေဖေ့ကို လွမ်းနေလား"

ကလေးငယ်လေးမှာ အစခံရသဖြင့် အလွန် ပျော်ရွှင်သွားပုံရပြီး တခစ်ခစ်ရယ်မောနေတော့သည်။

ထို့ပြင်သူ၏ရယ်မောနေသော ပါးစပ်လေးထဲတွင် ဆန်စေ့လေးများကဲ့သို့ သွားဖြူဖြူလေးများကို မပီပြင်စွာ မြင်တွေ့ရ၏။

"ရှင် ပြန်လာတာ လက်ဆေးပြီးပြီလား၊ လက်မဆေးဘဲနဲ့ ချင့်ချင့် ကို မဖက်ရဘူးနော်"

အိပ်ခန်း အပြင်ဘက်မှနေ၍ လူမဝင်လာသေးခင်အမျိုးသမီး တစ်ဦး၏ အသံက အရင်ထွက်ပေါ်လာသည်။

ရှဝမ်ကျယ်သည် ချစ်စရာသမီးလေးကို စ,နောက်နေရင်းနှင့် ဇနီးဖြစ်သူအား ပြန်ပြောလိုက်၏

"သေချာပေါက် ဆေးပြီးပြီပေါ့"

"ချင်းချင်းကလည်း ဖေဖေ့ကို ရွံမှာ မဟုတ်ပါဘူး၊ ဟုတ်တယ်မလား"

"ခစ် ခစ် ခစ်"

ကလေးငယ်လေးသည် ပါးစပ်လေးဟကာ ရယ်မောနေပြီး မျက်လုံးလေးများက လခြမ်းကွေးလေးများကဲ့သို့ ဖြစ်နေ၏။

ကုတင်ပေါ်ရှိ ဝိညာဉ်အပိုင်းအစလေးမှာ နောက်ဆုံးတော့ ထွက်ပြေးရန် အခွင့်အရေးရသွားလေပြီ။

ထို့နောက်၎င်းသည် တိတ်ဆိတ်စွာ အနောက်သို့ ဆုတ်လိုက်ပြီး ကုတင်ဘေးရှိ အကာအရံမှ လွတ်ထွက်ကာ ပြတင်း ပေါက်အပြင်ဘက်သို့ ပျံသန်းသွားတော့သည်။

'အီး ယာ'

'ဂျယ်လီတုံးကြီး မပြေးနဲ့'

ရင်ခွင်ထဲတွင် ပွေ့ချီခံထားရသော ကလေးငယ်လေးက ထိုဘက်သို့ လှမ်း၍အသံပြုလိုက်၏။

'ဘုန်း'

ထိုအခါပြတင်းပေါက်နားသို့ ရောက်ခါစ ဝိညာဉ်အပိုင်းအစလေးမှာ တစ်စုံတစ်ခုနှင့် ဝင်တိုက်မိသွားသကဲ့သို့ ခံစားလိုက်ရသည်။

၎င်းသည် ဘေးဘက်သို့ အနည်းငယ် ရွေ့လိုက်ပြီး ထပ်မံ၍ ဝင်တိုက်မိပြန်၏။

၎င်းသည် မျက်စိရှေ့ရှိ လေဟာနယ်ကို သေသေချာချာ အကဲခတ်လိုက်ပြီး ပြတင်းပေါက် အပြင်ဘက်သို့လည်း ကြည့်လိုက်သည်။

ထို့နောက်သေးငယ်သော ဝိညာဉ်အပိုင်းအစလေးမှာ ကြီးမားလှသော သံသယများဖြင့် ပြည့်နှက်သွားတော့သည်။

၎င်းသည် အခန်းထဲတွင် တစ်ပတ်ပျံသန်းကြည့်သော်လည်း ဤအခန်းထဲမှ လုံးဝ ထွက်ခွာ၍မရနိုင်ပါချေ။

"ချင်းချင်း ဘာတွေ ကြည့်နေတာလဲ"

ကလေးငယ်ကို ပွေ့ချီထားသော ရှာဝမ်ကျဲ့က ထိုဘက်သို့ လှမ်းကြည့်လိုက်ရာ ပြတင်းပေါက် အပြင်ဘက် သစ်ကိုင်းပေါ်မှ ငှက်ကလေး တစ်ကောင်ပျံသန်းသွားသည်ကို အတိအကျ မြင်လိုက်ရ၏။

ထိုအခါ ရှဝမ်ကျယ်က ပြုံးလျက် "အဲဒါ ငှက်ကလေးလေ၊ ချင်းချင်းက ငှက်ကလေးနဲ့ သူငယ်ချင်း လုပ်ချင်လို့လား"

စကားပြောနေစဉ်မှာပင် ခုနက စကားပြောခဲ့သော အမျိုးသမီးက အခန်းထဲ ဝင်လာပြီး သူ့ ကို ထမင်းစားရန် လာခေါ်လေသည်။

"လာ... ချင်းချင်း ဖေဖေနဲ့ အတူတူ ထမင်းစားရအောင်၊ မေမေက ဘာဟင်းကောင်းတွေ ချက်ထားလဲ သွားကြည့်ကြစို့"

"အီး ယာ"

ကလေးငယ်လေးသည် အသံလေး ပြုလိုက်ပြီး ပြန်လည် တုံ့ပြန်လိုက်၏။

ထိုစဥ် ဝိညာဉ်အပိုင်းအစလေးမှာ ပျံသန်းလာပြီး အိပ်ခန်းတံခါးဝမှနေ၍ ဧည့်ခန်းကို ကြောင်တောင်တောင်လေး ကြည့်နေ၏။

ဧည့်ခန်းထဲတွင် မိသားစုသုံးယောက်မှာ ထမင်းစားစားပွဲတွင် ထိုင်နေကြသည်။

ဆိုဖာ မျက်နှာချင်းဆိုင်ရှိ ရုပ်မြင်သံကြားမှာ ပွင့်နေပြီး ၎င်းပေါ်တွင် နာမည်ကြီးအင်တာနက် ဝတ္ထုတစ်ပုဒ်ကို အခြေခံရိုက်ကူးထားသော တီဗီဇာတ်လမ်းတွဲ တစ်ခု ပြသနေ၏။

ထိုပြင့်တီဗီထဲမှ စကားပြောသံများနှင့် နောက်ခံတေးဂီတများက ဤအိမ်လေးကို ပိုမို စည်ကားသွားစေသည်။

တစ်ခါတရံတွင် ထိုမိသားစု သုံးယောက်၏ကျယ်လောင် သော ရယ်မောသံများကိုပင် ကြားနေရ၏။

ထိုဝိညာဉ်အပိုင်းအစလေးမှာ အစပိုင်းက အပြင်ထွက်ရန် နည်းလမ်းရှာနေသေးသော်လည်း တဖြည်းဖြည်းနှင့် မျက်နှာ ပြင်ကျယ်ပေါ်ရှိ မြင်ကွင်းများဆီသို့ အာရုံရောက်သွားတော့သည်။

နောက်ပိုင်းတွင် ထိုအရာသည်အလွန်အမင်း စွဲလမ်းနေသည့်အလား ငေးကြည့်နေပြီး အခြားမည်သည့် အတွေးမျှ မရှိတော့ပါချေ။

……

ညအချိန်သို့ ရောက်သောအခါ

အနက်ရောင် အရိပ်တစ်ခုက အဆောက်အအုံများကြားတွင် လှည့်လည်သွားလာနေ၏။

၎င်းသည် နေ့လယ်က ကျန်းလင် ဝိညာဉ်ဆိုင်ပိုင်ရှင်ရဲ့ပွဲစားကို ရှင်းလင်းခဲ့သည့် နေရာသို့ သွားကြည့်ပြီး၊ ထို့နောက် ကျန်းလင် ဆိုင်ခန်းကို ဖျက်ဆီးခဲ့သည့် နေရာသို့ ထပ်မံ လိုက်လံ ကြည့်ရှုလေသည်။

အပေါ်၊ အောက်၊ ဘယ်၊ ညာ တစ်ပတ်ပတ် ကြည့်ရှုပြီး တစ်စုံတစ်ခုကို ရှာဖွေနေပုံရ၏။

'....'

အနက်ရောင် အရိပ်မှာ ဘာမှမရှိတော့သော မြေပြင်ကို ကြည့်ကာ ကြောင်အသွားတော့သည်။

'ဘာလို့ ဘာမှ မကျန်ခဲ့ရတာလဲ'

ထိုဆိုင်ခန်း တစ်ခုလုံးနှင့် အတွင်းရှိ ပစ္စည်းများအားလုံးကို ကျန်းလင်က တစ်ခုမကျန် ထုပ်ပိုး သယ်ဆောင်သွားခဲ့လေပြီ။

ကျန်းလင် ပြန်ရောက်သွားလျှင် တစ်စုံတစ်ရာအသစ်ရှာဖွေတွေ့ရှိနိုင်မည်ဟု စဉ်းစားမိသောကြောင့် ဖြစ်သည်။

အသစ်ရှာဖွေတွေ့ရှိမှုမရှိလျှင်တောင်မှ ထိုအရာများကို လူ့ပြည်တွင် ချန်ထားရစ်ခဲ့၍ မဖြစ်နိုင်ပေ၊ အားလုံးကို မဖြစ်မနေ ထုပ်ပိုး သယ်ဆောင်သွားရမည်ဖြစ်သည်။

ထိုအနက်ရောင် အရိပ်မှာ အပေါ်ဘက် လေဟာနယ်တွင် နှစ်ပတ်ခန့် ထပ်မံလှည့်ပတ်ပြီးနောက် နောက်ဆုံးတွင် လက်ဗလာဖြင့်သာ ပြန်လှည့်သွားရတော့သည်။

……

တစ်ချိန်တည်းမှာပင်

အခြား ငရဲပြည်တစ်ခုမှ အနက်ရောင် ဝိညာဉ်တမန်တော် တစ်ဦးသည် ပစ်မှတ်ကိုလိုက်လံ ဖမ်းဆီးရင်း အရှေ့ဘက် ငရဲပြည်၏ နယ်စပ်သို့ ရောက်ရှိလာ၏။

ထိုအနက်ရောင် ဝိညာဉ်တမန်တော်သည် အရှေ့ဘက် ငရဲပြည်၏နယ်မြေကို တစ်ချက် ကြည့်လိုက်ပြီး၊ ပစ်မှတ်ထွက် ပြေးသွားသော လမ်းကြောင်းကိုပါ ထပ်မံ ကြည့်ရှုကာ အနည်းငယ် တွန့်ဆုတ်နေပြီးမှ အထဲသို့ဝင်ရောက်သွားတော့သည်။

'ပစ်မှတ်ကို အရင် ဖမ်းမိအောင်လုပ်မယ်၊ အကယ်၍ အရှေ့ဘက် ငရဲပြည်ကသိသွားရင် အဲဒီအချိန်ကျမှ ပြန်ရှင်းပြတော့မယ်' ဟု သူက တွေးလိုက်တော့သည်။

……

(မူရင်းစာရေးသူ၏မှတ်ချက်

① ရှုအန်း မှာ သေချင်စိတ် ရှိသော်လည်း ရှုလျို၏ အသက်ရှင်လိုစိတ်မှာ အလွန်ပြင်းထန်လှသည်။

ထို့ကြောင့် နောက်ဆုံး အခိုက်အတန့်တွင် အသက်ရှင်ကျန် ရစ်ရန် အစွမ်းကုန် ရုန်းကန်ခဲ့ခြင်းဖြစ်၏။

နောက်ဆုံးတွင် အသက်ရှင်ကျန်ရစ်ခဲ့သော ထိုဝိညာဉ်အပိုင်းအစလေးမှာ မည်သူနည်းဆိုလျှင်။ ၎င်းသည် အရာအားလုံးကို မေ့လျော့သွားခဲ့ပြီး အပြည့်အစုံလည်းမဟုတ်တော့ပါချေ။

နောင်တစ်ချိန်တွင် ကလေးငယ်လေး၏ 'ဂျယ်လီတုံးကြီး' ဖြစ်လာမည်ဖြစ်သည်။

ရှုအန်းလည်း မဟုတ်တော့သလို၊ ရှုလျိုလည်း မဟုတ်တော့ချေ။

၎င်းသည် ကလေးငယ်လေး၏အကူအညီဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ပြီး လူ့ပြည်တွင် ဆက်လက် နေထိုင်ခွင့်ရကာ ကလေးငယ်လေး မြင်တွေ့နိုင်သော ရှုခင်းများကို မြင်တွေ့နိုင်မည်ဖြစ်သည်။

ဤရှုထောင့်မှကြည့်လျှင် ဤဝိညာဉ်အပိုင်းအစလေးမှာ ကံကောင်းသည်ဟု ဆိုရပေမည်မဟုတ်လော။

② ကလေးငယ်လေး အကြောင်းထပ်ပြောရလျှင်

ယခင်မုန့်ပေါ်ဆေးရည်တိုက်သူ ရှရှောင်ချင်းသည် မေ့ဆေးဟင်းရည်ကို တကယ်ပင်မသောက်ခဲ့ပါချေ။

သို့သော် သူမသည် ပြတ်သားပြီး ပွင့်လင်းသော သူတစ်ဦး ဖြစ်သည်။

ထို့ပြင် သူမသည်အတိတ်ကို စွန့်လွှတ်ရန် ဆုံးဖြတ်ပြီးပြီ ဖြစ်သဖြင့် ထို 'ဝန်ထုပ်ဝန်ပိုး' များကိုသယ်ဆောင်ပြီး ရှေ့ဆက်မည် မဟုတ်ပေ၊ လန်းဆန်းပေါ့ပါးစွာဖြင့် ဘဝသစ်ကိုကြိုဆိုမည်ဖြစ်သည်။

ထို့ကြောင့် ဝင်စားပြီးနောက် သူမ၏မှတ်ဉာဏ်များကို ကိုယ် တိုင်ပိတ်လှောင်ထားခဲ့ခြင်း ဖြစ်သည်။

နောင်တစ်ချိန် အဆင်သင့်ဖြစ်ပြီ သို့မဟုတ် ထိုမှတ်ဉာဏ်များကိုလိုအပ်လာပြီဟု ခံစားရချိန်တွင် သူမကိုယ်တိုင် ပြန်လည် ဖွင့်ထုတ်မည်ဖြစ်သည်။

ဤဘဝတွင် သူမ၏အမည်မှာ ရှချင်းချင်းဖြစ်သည်။

သူမသည် ဤဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားမည် ဖြစ်ပြီး၊ မိုးကုတ်စက်ဝိုင်းမှ တိမ်တိုက်များကဲ့သို့ မိမိ၏ပုံစံကို မိမိကိုယ်တိုင် လွတ်လပ်စွာဖန်တီးဆုံးဖြတ်သွားမည် ဖြစ်သည်။

ဒါပါပဲ၊ မှိုကလေးကဆက်ပြီး စကားမများတော့ပါဘူး။)

🫧 Chapter 160

ငရဲမင်းနန်းဆောင်အတွင်း

ယန်လော်သည် စာရေးစားပွဲရှေ့တွင် ထိုင်ကာ လက်တစ်ဖက်ဖြင့် မေးစေ့ကို ထောက်ထား၏။

ထို့ပြင်သူမသည် မျက်လုံးနှစ်လုံးကို မှိတ်ထားပြီး မျက်မှောင်ကလည်းကြုတ်နေကာ မကောင်းသော အရာတစ်ခုကို အိပ်မက်မက်နေသည့်ပုံပင်။

အိပ်မက်ထဲတွင် မြင်ကွင်းပေါင်းများစွာက ဝေဝါးတစ်လှည့်၊ ရှင်းလင်းတစ်လှည့် ပေါ်ထွက်လာနေသည်။

ထို့နောက်သူမ အမြဲတမ်း တမင်သက်သက် မေ့ဖျောက်ထားခဲ့သော ခံစားချက်တစ်မျိုးက နောက်တစ်ကြိမ် ပြန်လည် နိုးကြားလာခဲ့၏။

ထိုအချိန်မှာပင် သူမ၏ ထိုမျက်လုံးအစုံက ရုတ်တရက် ပွင့်လာတော့သည်။

သူမ မျက်လုံးထဲရှိ သူငယ်အိမ်မှာ မင်ရည်ကဲ့သို့ မည်းနက်နေပြီး အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုကဲ့သို့ပင် လူကို ညှို့ယူဖမ်းစားနိုင်သော ထူးဆန်းသည့် စွမ်းအားတစ်မျိုး ကိန်းအောင်းနေ၏။

သန့်ရှင်းရေးလုပ်သည့် သရဲတစ်ကောင်သည် မျက်နှာချင်း ဆိုင်ရှိ တိုင်လုံးထဲမှ အခုလေးတင်ထွက်လာရာ ထိုမည်းနက်နေသော သူငယ်အိမ်တစ်စုံနှင့် တည့်တည့်ဆုံသွားတော့ သည်။

၎င်းသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ တစ်ကိုယ်လုံးတွင် အပြာရောင်မီးတောက်များ ရုတ်တရက် လောင်ကျွမ်းလာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုနေရာ၌ ပျောက်ကွယ်သွားတော့သည်။

၎င်း၏ အသိစိတ်ထဲတွင်မူ အစာရှာရန်ထွက်လာခြင်းသာဖြစ်သည်ဟူသောနေရာ၌ ရပ်တန့်သွားတော့၏။

ထိုစဥ်ယန်လော် မျက်လုံးအစုံက ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားပြီး မည်းနက်နေသော သူငယ်အိမ်မှာလည်း တဖြည်းဖြည်းနှင့် ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်

၎င်းမှာ အညိုရောင် အနည်းငယ်သန်းကာ အလင်းရောင်များဖြင့် တောက်ပနေ၏။

ထိုအခါမှသာ ယန်လော်သည် သတိပြန်ဝင်လာပြီး လက်ကိုမြှောက်ကာ နားထင်ကို ပွတ်သပ်လိုက်သည်။

ငရဲမင်းဖြစ်လာပြီးကတည်းက သူမ အိပ်မက်မမက်ခဲ့သည် မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

'ထို့ပြင် အလွန် ရှေးကျလှသော အိပ်မက်မျိုးပင်'

'ဒါက တစ်ခုခုကို ကြိုတင် နိမိတ်ပြနေတာလား'

"သခင်ကြီး၊ ခုနက အဖွဲ့ခေါင်းဆောင်ကြီး နှစ်ယောက် ရောက်လာခဲ့ပါတယ်"

ယန်လော် နိုးလာသည်ကို မြင်သောအခါ ငရဲမင်းနန်းဆောင် တံခါးဝတွင် စောင့်နေသော ဝိညာဉ်အစောင့်က စကားပြောလာ၏။

ဤသူမှာ ယန်လော်ကိုယ်တိုင် လက်ခံထားသော ဝိညာဉ်စစ်သည်တော်ဖြစ်ကြောင်း သိသာလှသည်။

အစောပိုင်းက ယန်လော်အနားယူနေစဉ် ရောက်လာသော တပ်မှူးကြီးများက သူတို့၏ စာရွက်စာတမ်းများကို တံခါးဝရှိ ဝိညာဉ်စစ်သည်တော်ထံသို့ အပ်နှံခဲ့ခြင်း ဖြစ်သည်။

ထိုဝိညာဉ်စစ်သည်တော်က လျှို့ဝှက်ချက်များကို ပေါက်ကြားစေမည်ကို သူတို့ လုံးဝ မစိုးရိမ်ကြချေ။

ငရဲမင်းကြီးက ဤနေရာတွင် စောင့်ကြပ်ခိုင်းထားသူ ဖြစ်သဖြင့် သေချာပေါက် ယုံကြည်စိတ်ချရသူသာ ဖြစ်ရမည်။

ထို့ပြင် ဝိညာဉ်စစ်သည်တော်များသည် သစ္စာခံစာချုပ် ချုပ်ဆိုပြီးသည်နှင့် တစ်ပြိုင်နက် သစ္စာဖောက်လိုသော အသိစိတ် လုံးဝ ပေါ်လာမည် မဟုတ်တော့ချေ။

ငရဲမင်းကြီး၏ စာချုပ်ကို ဖျက်ဆီးနိုင်သော ဝိညာဉ်စစ်သည်တော်မှာ မွေးပင် မမွေးလာသေးဟု ဆိုရပေမည်။

"သူတို့က ဘာကိစ္စနဲ့ လာတာလဲ" ယန်လော် စာရေးစားပွဲရှေ့တွင် ထိုင်ကာ မေးလိုက်သည်။

"စာရွက်စာတမ်း နှစ်စောင် လာပေးသွားပါတယ်"

တံခါးဝရှိ ဝိညာဉ်စစ်သည်တော်ကပြောရင်းနှင့် နန်းဆောင်ထဲသို့ ဝင်လာကာ ဖိုင်များကို ဆက်သလိုက်၏။

ထို့ပြင်ခုနက သန့်ရှင်းရေးသရဲလေး၏အဖြစ်ကို သူတို့အားလုံး အာရုံခံမိကြသည်။

သူတို့သည်ငရဲမင်းကြီး၏ ဤစွမ်းအားမျိုးကို သူတို့ လုံးဝ ယှဉ်နိုင်မည် မဟုတ်ချေဟူ၍ပင်တွေးမိနေကြ၏။

ထိုဖိုင်များကို ပေးအပ်လိုက်သည်နှင့် အလိုအလျောက် ပွင့်သွားပြီး ယန်လော် ဖတ်ရှုရ လွယ်ကူစေရန် စာဖိုင်မှာ သူမ၏ ရှေ့တွင် လာရပ်နေတော့သည်။

"...'ငါတို့ရဲ့ ဘုရင်ကြီး' တဲ့လား ဒါက ဘယ်လို ကလေးဆန်တဲ့ အခေါ်အဝေါ်ကြီးလဲ"

ယန်လော် သည် ဖတ်နေရင်းနှင့်ပင်ဝေဖန်လိုက်၏။

စာရွက်စာတမ်းလာပေးသော ဝိညာဉ်စစ်သည်တော်မှာ အလုပ်ပြီးသည်နှင့် အလိုအလျောက်ပင် နောက်သို့ ဆုတ်သွားလေသည်။

မျက်စိကို အောက်စိုက်ထားကာ မလိုအပ်သည်များကို လုံးဝ နားမထောင်ရဲချေ။

တစ်မျက်နှာ ဖတ်ပြီးသွားသောအခါ နောက်ထပ် တစ်မျက်နှာက အလိုအလျောက် လွင့်လာ၏။

ဤစာရွက်စာတမ်း နှစ်စောင်စလုံးမှာ အခြေခံအားဖြင့် တူညီသော ကိစ္စတစ်ခုတည်းကိုသာ ပြောဆိုထားခြင်း ဖြစ်သည်။

သရဲဈေးတန်းမှ သရဲတစ္ဆေများ ပျောက်ဆုံးနေမှု အရေအ တွက်၊ ဝိညာဉ်ဆိုင်ပိုင်ရှင်၏သဲလွန်စများပင်ဖြစ်၏။

ထို့ပြင် ဝိညာဉ်ဆိုင်ပိုင်ရှင် ပြောသွားသော 'ငါတို့ရဲ့ ဘုရင်ကြီး' ဆိုသည့် အကြောင်းအရာများ ပါဝင်သည်။

ယန်လော်သည် လက်ချောင်းလေးများဖြင့် စားပွဲကို ခပ်ဖွဖွ ခေါက်နေရင်း သူမ စိတ်ထဲတွင် ယခင်က ပေါ်ထွက်ခဲ့ဖူးသော အစွမ်းထက် သရဲကြီးများ၏ပုံရိပ်များကို တစ်ခုချင်းပြန် လည် စဉ်းစားနေတော့သည်။

'ငါတို့ရဲ့ ဘုရင်ကြီး'

'အရင်တုန်းက ဒီလိုလူမျိုး ပေါ်လာဖူးလို့လား'

"ထားလိုက်ပါတော့၊ အဲဒီငတုံးတွေက သူတို့ဘာသာ လျှောက် ပေးထားတဲ့ နာမည်ပဲနေမှာပါ"

ယန်လော်၏ စိတ်ထဲတွင် 'ဘုရင်' ဟု ခေါ်ဆိုထိုက်သူမှာ တစ်ဦးတည်းသာ ရှိသည်။

ထိုသူမှာအမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်ပင်။

'အခြားသူတွေကတော့ လုံးဝ မတန်ဘူး'

……

'ငါတို့ရဲ့ ဘုရင်ကြီး ပြန်လည်ရောက်ရှိလာမယ့်နေ့'

'အရင်တုန်းက ချုပ်နှောင်ခံခဲ့ရတဲ့ သရဲကြီးလား'

'ဒါမှမဟုတ် အခုမှ အင်အားကြီးလာမယ့် သရဲကြီးလား'

မိနစ်အနည်းငယ် အတွင်းမှာပင် ယန်လော်၏ခေါင်းထဲတွင် ဖြစ်နိုင်ချေ အမြောက်အမြားပေါ်ထွက်လာခဲ့သည်။

သူမ၏အဆင့်အတန်းအရဆိုလျှင် သာမန် အိပ်မက်မျိုးလုံးဝ မမက်နိုင်တော့ချေ။

ထိုအိပ်မက်က သေချာပေါက် တစ်ခုခုကိုကြိုတင် နိမိတ်ပြနေခြင်းပင်။

သို့သော် မည်သည့်အခြေအနေမျိုးပဲ ဖြစ်နေပါစေ၊ အရင်ဆုံး ကြိုတင် ကာကွယ်ထားလိုက်ရင် ပြီးတာပဲ မဟုတ်လော။

ထိုသို့ တွေးမိပြီးနောက် ယန်လော်သည် သရဲကလေးငယ်ကို ခေါ်ကာပြောလိုက်၏

"ပထမအဆင့် ဝိညာဉ်တမန်တော်တွေ အားလုံးကိုလာခဲ့ဖို့ သွားခေါ်လိုက်"(ပထမတန်းစားဝိညာဉ်တမန်တော်)

"ကောင်းပါပြီ၊ အခုချက်ချင်း သွားပြီး အခုချက်ချင်းပြန်လာခဲ့ပါမယ်"

အနီရောင် ရင်ဖုံးလေးကို ဝတ်ဆင်ထားပြီး ခေါင်းတွင် ဆံထုံးလေး နှစ်ဖက် ထုံးထားသော သရဲကလေးမှာ ငရဲမင်းနန်းဆောင်ထဲသို့ အလျင်အမြန်ဝင်လာပြီး ချက်ချင်းပြန်ထွက်သွားတော့သည်။

'ဒါက အလုပ်ကြီးပဲဟ ပွပေါက်ကြီးပဲ'

'ငရဲမင်းကြီးက ဆုချရင် အရမ်း ရက်ရောတာ'

……

[ဒီနေ့လည်း အချိန်ပို ဆင်းရတဲ့ နေ့တစ်နေ့ပဲ]

[Streamer ကြီး မနားတော့ဘူးလား]

[ငါ့ရဲ့ အနာဂတ်ကို မြင်နေရသလိုပဲ... အသက်ရှင်တုန်းက ကုမ္ပဏီမှာ ကျွန်ခံရတယ်၊ သေသွားတော့လည်း အချိန်ပိုတွေ ဆက်ဆင်းနေရတယ် ]

[ဟားဟားဟား အပေါ်ကလူကိုယ့်ကိုယ်ကိုယ် အရမ်းကြီး အထင်မကြီးပါနဲ့ဦး၊ မင်း ဝိညာဉ်တမန်တော် ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာတောင် သေချာသေးတာ မဟုတ်ဘူး]

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအတွင်း၌ ပရိသတ်များ ဝင်လာလိုက်၊ ထွက်သွားလိုက်နှင့် စည်ကားနေ၏။

အခုတလော Streamer က အလုပ်များနေသဖြင့် သူတို့ကို သိပ်ဂရုမစိုက်နိုင်ပေ။

သူတို့ကလည်း အခန်းထဲ ဝင်လာပြီးနောက် ကိုယ့်နေရာကိုယ်ယူ၊ နေကြာစေ့လေး ကိုက်ရင်း ဇာတ်လမ်းတွဲ ကြည့်နေသကဲ့သို့ပင်တက်ကြွနေကြ၏။

'မဟုတ်ဘူး '

'ဇာတ်လမ်းတွဲ ကြည့်တဲ့သူတွေတောင် သူတို့လောက် မတက်ကြွဘူး'

[ခုနကမှ အလုပ်ဆင်းလို့ ပြန်ရောက်တာ၊ တိုက်ရိုက်ထုတ်လွှင့်မှု ဖွင့်ကြည့်လိုက်တော့ Streamer ကြီး အလုပ်လုပ်နေတုန်းပဲ၊ ငါ ထပ်ပြီး အလုပ်လုပ်နိုင်သေးတယ်လို့ ရုတ်တရက် ခံစားလိုက်ရတယ်]

[ကျောင်းသားတစ်ယောက်အနေနဲ့ တကယ် ရှက်မိပါတယ်၊ Streamer ကြီးတောင် ဒီလောက် ကြိုးစားနေတာ၊ ငါက ဘာလို့ မကြိုးစားရမှာလဲ]

[အပေါ်က ကျောင်းသား၊ လေ့ကျင့်ခန်း စာအုပ်တွေ ထုတ်လိုက်ပြီလား]

[အင်း စာအုပ်တွေတော့ ထုတ်ပြီးပြီ၊ အိမ်သာအရင် သွားလိုက်ဦးမယ်]

လက်ရှိ အခြေအနေမှာ Streamer က သူ့အလုပ်သူ လုပ်နေပြီး၊ ပရိသတ်များကလည်း သူတို့ဘာသာ ပျော်ရွှင်နေကြ၏။

ပတ်ဝန်းကျင်အခြေအနေက အလွန်ကို သဟဇာတဖြစ်နေ သည်။

အင်တာနက်တစ်ခုလုံးတွင် ဤမျှလောက် သဟဇာတ ဖြစ်သည့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမျိုးရှိတော့မည် မထင်ချေ။

သေချာသည်ကတော့ သူတို့ တစ်ခါတရံတွင် မပေါ်လာသေးသော ဘော့စ်ကြီးအတွက် စိုးရိမ်ပူပန်မိကြသည်။

'သို့သော် စိုးရိမ်နေလို့ရော အသုံးဝင်မည်လား'

'အသုံးမဝင်ဘူးလေ'

'ဒါဆိုရင်လည်း ရေသန့်လေး တစ်ဘူးလောက် သောက်ပြီး စိတ်ကို ငြိမ်အောင်ထား၊ ပြီးရင် မှတ်ချက်တွေကို သွားဖတ်နေလိုက်တာက ပိုကောင်းပါတယ်'

'ဘာပဲဖြစ်ဖြစ် မှတ်ချက်တွေထဲက လူတွေက အားလုံး လူရည်ချွန်တွေချည်းပဲ'

'ကိုယ်တိုင် သွားရှာစရာ မလိုဘဲ မှတ်ချက်တွေကို ဖတ်ရုံနဲ့တင် အများကြီး လေ့လာနိုင်တယ်'

စာညံ့သူတွေနဲ့ ပျင်းရိသူတွေက ဒါကို တွေးမိလိုက်တဲ့အခါ သူတို့ရဲ့ ပါးနပ်မှုအတွက် ကိုယ့်ကိုယ်ကိုယ်တောင် Like ပေးချင်စိတ် ပေါ်လာကြသည်။

[ဆရာကြီးတွေ သွားကြပါ၊ နည်းလမ်းရှာကြပါ၊ ကျွန်တော်တို့လို လူညံ့လေးတွေရဲ့ ခံစားချက်ကို ထည့်တွက်နေစရာ မလိုပါဘူး]

[လူညံ့လေးတွေက ဘာဖြစ်လဲ၊ လူညံ့လေးတွေလည်း 66666 လို့ အော်ပေးနိုင်တာပဲ]

[999999 လုံးဝ မိုက်တယ်ဟေ့]

[Streamer က အရှေ့ဘက်မှာ မဟုတ်လား ငါက မြောက်ဘက်မှာ ဒီဘက်မှာ သရဲတစ္ဆေတွေ သောင်းကျန်းနေသလိုပဲ Streamer ကြီး ဒီဘက်ကို လာကူပေးဖို့ စဉ်းစားဦးမလား]

[လခွမ်း အပေါ်ကလူက သရဲမြင်ရတဲ့ မျက်လုံးရှိတာလား၊ တကယ့်ကို ကံကောင်းတဲ့ ကံဇာတာရှင်လေးပဲ]

……

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက ဆူညံပွက်လောရိုက်မှုတွေကို ကျန်းလင် သိပ်ပြီး အာရုံမစိုက်မိခဲ့ချေ။

ဝိညာဉ်ဆိုင်ပိုင်ရှင် ကို ရှင်းလင်းပြီးနောက် သူသည် အဖွဲ့ (၁၈) သို့ ပြန်လာခဲ့သည်။

ပထမဆုံးအနေဖြင့် သူ ယူဆောင်လာသော ဆိုင်ခန်းကို အတွင်းအပြင် အသေးစိတ် စစ်ဆေးလိုက်၏။

ထို့နောက် အထဲရှိ အသက်ဝင်နေသော ဝိညာဉ်လက်နက်များကို တစ်ခုချင်းစီ မေးမြန်းကာ တစ်စုံတစ်ခုသဲလွန်စများရနိုင်မလား ကြည့်ရှုလိုက်သည်။

သို့သော် အသက်ဝင်နေသော ဝိညာဉ်လက်နက် အများစုမှာ အချိန်ပြည့် အိပ်ပျော်နေတတ်ကြပြီး၊ နိုးနေလျှင်လည်း 'တာဝန်' ထမ်းဆောင်နေကြခြင်းသာဖြစ်သည်။

ဝိညာဉ်ဆိုင်ပိုင်ရှင်ရဲ့ပွဲစား၏ ကိစ္စများနှင့် ပတ်သက်၍ သူတို့လည်း သိပ်မသိကြချေ။

ထိုအထဲတွင် အာရုံခံစားမှု ကောင်းမွန်သော အသက်ဝင်နေသည့် ဝိညာဉ်လက်နက်တစ်ခု ပါလာခဲ့သည်။

၎င်းက တစ်ခါတရံဆိုင်ခန်းထဲတွင် ပင်လယ်လေနံ့ကို ရတတ် ပြီး၊ တစ်ခါတရံ မီးတောင်လို အနံ့မျိုးကို ရတတ်သည်ဟု ပြောပြသည်။

ထိုနေရာများမှာ ဝိညာဉ်ဆိုင်ပိုင်ရှင် သွားရောက်ခဲ့ဖူးသော နေရာများဖြစ်ရမည်။

သို့သော် ဤသည်က သိပ်ပြီးခိုင်မာသော သဲလွန်စ မဟုတ်သော်လည်း ကျန်းလင်ကမူ အရင်ဆုံးမှတ်သားထားလိုက်သည်။

အချိန်ရလျှင် ပင်လယ်ကမ်းစပ်နှင့် မီးတောင် အနီးတဝိုက်သို့ သွားရောက် စုံစမ်းရန် ပြင်ဆင်ထားလိုက်၏။

မေးမြန်းပြီးနောက် သူသည် ဆိုင်ခန်းကို ထုပ်ပိုးကာ ငရဲပြည်၏ ထောက်ပံ့ရေးတပ်ဖွဲ့သို့ ယူသွားလေသည်။

အဘယ်ကြောင့်ဆိုသော်ထိုနေရာတွင်ထိုအသက်ဝင်နေသော ဝိညာဉ်လက်နက်များထဲမှ သရဲများကို ခွဲထုတ်ပေးရန် နည်းလမ်း ရှိ၊ မရှိ သွားရောက် စုံစမ်းခြင်း ဖြစ်သည်။

ထောက်ပံ့ရေးတပ်ဖွဲ့မှ ပြန်ထွက်လာပြီးနောက် သူသည် ငရဲမင်းနန်းဆောင်သို့ ထပ်သွားကာ 'ငါတို့ရဲ့ ဘုရင်ကြီး' ဆိုသည့် သတင်းအချက်အလက်ကို ပေးပို့ခဲ့သည်။

……

ကျန်းလင် ဆိုင်ခန်းကိစ္စကို ဖြေရှင်းပြီးသောအခါ နောက်နေ့ အသစ်တစ်ရက်သို့ ကူးပြောင်းသွားပြီပင်။

အဖွဲ့ (၁၈) မှ အဖွဲ့ဝင်များသည် တပ်ဖွဲ့ရုံးခန်းသို့ လာရောက်ကာ တာဝန်များ လွှဲပြောင်းပေးအပ်ပြီးနောက် နောက်တစ်ဖန် ပြန်လည် ထွက်ခွာသွားကြပြန်သည်။

ယခုအချိန်တွင်

ကျန်းလင်သည် ကင်းလှည့်နေသော အလုပ်သင်ဝိညာဉ်တမန်တော်များ အသစ်ပေးပို့လာသည့် အချက်အလက်များနှင့် တပ်ဖွဲ့ဝင်များ၏ တာဝန် ပြီးမြောက်မှု အခြေအနေများကို ကြည့်ရှုနေသည်။

တစ်ခုက သတင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာရန် ဖြစ်ပြီး၊ နောက်တစ်ခုကတော့ တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်ကို အကဲဖြတ်ရန် ဖြစ်သည်။

သူ တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်ပေါ်ရှိ မှတ်ချက်များကို ပြန်ကြည့်မိချိန်တွင် နေ့တစ်ဝက်ခန့်ပင် ကုန်လွန်သွားခဲ့ပြီ ဖြစ်၏။

[Streamer ကြီး နောက်ဆုံးတော့ အနားယူဖို့ အချိန်ရသွားပြီပဲ]

[မြန်မြန်၊ မြောက်ဘက်က သူငယ်ချင်း မြန်မြန်ထွက်လာခဲ့တော့]

All Chapters