← Chapters

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

အခန်း (၁၆၁-၁၆၂)

Vol. 17 Ch. 161-162

🫧 Chapter 161

[Streamer ကြီး နောက်ဆုံးတော့ အနားယူဖို့ အချိန်ရသွားပြီပဲ]

[မြန်မြန်၊ မြောက်ဘက်က သူငယ်ချင်း မြန်မြန်ထွက်လာခဲ့တော့]

ကျန်းလင် ခေါင်းမော့ကြည့်လိုက်ချိန်တွင် ပရိသတ်များက အစောပိုင်းက ထိုသူငယ်ချင်းပြောခဲ့သော 'မြောက်ဘက်မှာ သရဲတစ္ဆေတွေ သောင်းကျန်းနေတယ်' ဆိုသည့် သတင်းကို အပေါ်ဆုံးသို့ ပြိုင်တူ တွန်းတင်ပေးနေကြ၏။

'ကမ္ဘာလောကကြီးက ပရိသတ်တွေအားလုံးဟာ မိသားစု တစ်ခုတည်းပါပဲ'

ပရိသတ်များ၏ စိတ်ကူးကတော့ Streamer ကြီးဆီမှာ နည်းလမ်းတစ်ခုခု ရှိမလား ကြည့်ချင်ရုံသက်သက်သာ ဖြစ်သည်။

မည်သို့ပင်ဆိုစေ ငရဲပြည်ကိစ္စများကို Streamer ကြီးက ပိုသိသည် မဟုတ်ပါလော။

သွားရောက် ကူညီပေးဖို့ကိုတော့ သူတို့ သိပ်မစဉ်းစားရဲကြချေ၊ Streamer ကြီးဘက်မှာလည်း အလုပ်များနေပြီလေ။

နောက်တစ်ချက်ကတော့ ဒီသတင်းအချက်အလက်က Streamer ကြီးအတွက် စဉ်းစားစရာ သဲလွန်စတစ်ခု ဖြစ်လာမလား ဆိုသည်ပင်။

ဘာပဲဖြစ်ဖြစ် Streamer ကြီးက အခုတလော ဝိညာဉ်ဆိုင်ပိုင်ရှင်ရဲ့ပွဲစား နဲ့ နောက်ကွယ်က ဘော့စ်ကြီးကို ဖမ်းဖို့ အလုပ်များနေတယ်ဆိုတာကို သူတို့ သိထားကြသည်မဟုတ်ပါလော။

[မြောက်ဘက်က သရဲတစ္ဆေတွေ]

အဆက်မပြတ်တက်လာနေသော ထိုမက်ဆေ့ချ်တစ်ကြောင်း တည်းကို ကြည့်ရင်း ကျန်းလင် အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။

[မြောက်ဘက်မှာလည်း မြောက်ဘက်က ဝိညာဉ်တမန်တော်တွေ ရှိပါတယ်၊ တောင်ဘက်မှာလည်း တောင်ဘက်က ဝိညာဉ်တမန်တော်တွေ ရှိပါတယ်]

[ကျွန်တော်က အရှေ့ဘက်ငရဲပြည်ကပါ၊ တခြား ငရဲပြည် နယ်မြေတွေဆီကို သွားပြီး ဝိညာဉ်တွေ၊ သရဲတွေကို သွားဖမ်းမယ်ဆိုရင် ပြဿနာတွေဖြစ်လာနိုင်ပါတယ်]

မြောက်ဘက်မှာလည်း အရှေ့ဘက်လိုပဲ ကိစ္စတချို့ဖြစ်နေလောက်ပြီဟု ကျန်းလင် ခန့်မှန်းမိလိုက်သည်။

အခုတလော ဝိညာဉ်ဆိုင်ပိုင်ရှင်များ၏ လှုပ်ရှားမှုများကအလွန်များပြားနေပြီး လူ့ပြည်ကိုလည်း အတော်လေး ထိခိုက်စေခဲ့သည်။

ထို့နောက်သူသည် လက်ထဲရှိ စာရွက်စာတမ်းများကို ချထားလိုက်ပြီး အနားယူရန်ပြင်လိုက်၏။

"ဒီလိုလုပ်ပါ မြောက်ဘက်ကို သွားဖို့က အဆင်မပြေဘူး၊ အဲဒီတော့ ဒီအခွင့်အရေးလေးကိုယူပြီး ပရိသတ်တွေအတွက် အထူးလက်ဆောင်လေး တစ်ခုလောက်ပေးလိုက်ပါမယ်"

ထိုအခါ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် မှတ်ချက်များက ဆက်တိုက် တက်လာပြန်သည်။

[ပ.. ပရိသတ်တွေအတွက် အထူးလက်ဆောင်]

[Streamer ကြီးကသဘောကောင်းလိုက်တာ]

ကျန်းလင် ၏စကားလည်း ထွက်လာသည်နှင့်မြောက်ဘက်က သူငယ်ချင်းကို ဂရုစိုက်ကြဖို့ ဝိုင်းပြောနေကြတဲ့ ပရိသတ်တွေအားလုံး ချက်ချင်းပဲ တက်ကြွလာကြတော့သည်။

'ဒီ အထူးလက်ဆောင်က တစ်အင်တာနက်လုံးမှာ ပြိုင်ဘက်ကင်းပဲလေ'

[Streamer ဒီလိုပြောလိုက်မှပဲ ကျွန်တော် စိတ်အေးသွားတော့တယ်]

[မင်းတို့ ဒီလိုပြောမှပဲ၊ ငါ့ရဲ့ ဆွေမျိုးမေ့သွားလောက်တဲ့ လမ်းလျှောက်ဟန်တွေတောင် ထွက်လာပြီ ]

……

ယခုတစ်ကြိမ်တွင် ကျန်းလင် ပေးသော အထူးလက်ဆောင်များက ယခင်အကြိမ်များထက် ပိုများပြားလှသည်။

တစ်ချက်က သူ့ရဲ့ အိတ်ကပ်လေး ဖောင်းလာလို့ ဖြစ်ပြီး၊ နောက်တစ်ချက်ကတော့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက ပရိသတ်တွေ အရင်ကထက် အများကြီး ပိုများလာ၍ ဖြစ်၏။

သူတွေးထားတာက အရမ်း ရိုးရှင်းပါသည်။

အခုအချိန်မှာ အထူးလက်ဆောင်တွေ ပိုပေးလိုက်ရင် ဝိညာဉ်ဆိုင်ပိုင်ရှင်များကြောင့် ဖြစ်လာမယ့် ထိခိုက်မှုတွေကို လျှော့ချနိုင်လိမ့်မယ်လို့ ထင်လို့ပါပဲ။

အထူးလက်ဆောင်များပေးပြီးသွားသည်နှင့် ကြားမရသည် မှာ ကြာပြီဖြစ်သော စနစ်၏အသိပေးသံ ထွက်ပေါ်လာမည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။

"ဒင်~ သတ်မှတ်ချိန်တိုင်း ပရိသတ်များအတွက် အထူးလက် ဆောင်များ ပေးအပ်ခြင်းဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအတွင်းရှိ ပရိသတ်များ၏စိတ်ဝင်စားမှုကို မြှင့်တင်နိုင်ခဲ့ပါသည်၊ Streamer အထူးလက်ဆောင်ဘူး ၁ခု ကို ဆုချီးမြှင့်ပါသည်"

'အထူးလက်ဆောင်ဘူး'

'ပရိသတ်တွေအတွက် အထူးလက်ဆောင်ရှိသလို၊ Streamer အတွက်လည်း အထူးလက်ဆောင် ရှိတယ်ပေါ့'

ကျန်းလင်သည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို တစ်ချက် ကြည့်လိုက်ရာ ပရိသတ်များက အခုလေးတင် ရရှိလိုက်သော အထူးလက်ဆောင်များအကြောင်းကို ဆူညံပွက်လောရိုက်အောင် ဆွေးနွေးနေကြဆဲဖြစ်သည်။

[ဝိညာဉ်တမန်တော်တွေအတွက်တော့ ဒီအရာတွေက ကစားစရာလေးတွေလောက်ပဲ ဖြစ်နိုင်တယ်]

[ဒါပေမယ့် ပရိသတ်တွေအတွက်တော့ ဒါတွေက အသက်ကယ်နိုင်တဲ့ အဖိုးတန်ရတနာတွေပဲ]

[ဘယ်လို အဆောင်လက်ဖွဲ့ကမှ ဒီအရာတွေလောက် အသုံးမဝင်ဘူးလေ]

ထိုသို့မြင်သောအခါ ကျန်းလင် သည် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာကို အခြားနေရာသို့ ရွှေ့လိုက်ကာ စနစ်မှအခုလေး တင် ပေးထားသော အထူးလက်ဆောင်ဘူးကို ကြည့်ရှုလိုက်၏။

ကြည့်လိုက်သော် စနစ်၏ ပစ္စည်းသိုလှောင်ခန်း ထဲတွင် ရောင်စုံ ဒီဇိုင်းဖြင့် သေသပ်လှပစွာ ထုပ်ပိုးထားသော လက်ဆောင်ဘူးလေး တစ်ဘူးက ငြိမ်သက်စွာ ရှိနေသည်။

ဤသည်က ကျန်းလင် လက်ဆောင်ဘူး ဖောက်ဖူးသည့် ပထမဆုံးအကြိမ်ပင်။

သူတောင်းစား ကျန်းလင် ဘဝမှာပဲဖြစ်ဖြစ်၊ ဝိညာဉ်တမန်တော် ကျန်းလင် ဘဝမှာပဲဖြစ်ဖြစ် ခုမှပင်ပထမဆုံးဖောက်ဖူးခြင်းဖြစ်၏။

ရွှီရှုကျစ် အဘိုးကြီးဆီက ကလေးတွေက ကျန်းလင် ကို ပစ္စည်းတွေ ပေးဖူးသော်လည်း ထိုအရာများက တိုက်ရိုက် ပေးခြင်းများသာဖြစ်၏။

'ဘယ်သူကမှ ပစ္စည်းပေးတာကို ဒီလို ထုပ်ပိုးမှုမျိုးနဲ့ မပေးဖူးပါဘူး'

'စနစ်ရဲ့ Streamer အထူးလက်ဆောင်က ဘာများ ဖြစ်မလဲ'

ကျန်းလင် တစ်ဖက်က စဉ်းစားရင်းနှင့်ပင် လက်ဆောင်ဘူးကို ဖွင့်လိုက်၏။

"ဒင်~ Streamer အထူးလက်ဆောင်ဘူးကို ဖွင့်လိုက်ပါပြီ၊ သက်တန့်ရောင် အိမ်မွေးတိရစ္ဆာန် ဥ ၁ လုံး ကို ရရှိပါသည်၊ Host အနေဖြင့် သေချာစွာ စစ်ဆေးလက်ခံပါ"

နောက်တစ်စက္ကန့်တွင် ကျန်းလင်၏မျက်စိရှေ့ရှိ စာရေးစားပွဲပေါ်တွင် အရောင်သွေး စုံလင်သော ဥတစ်လုံးပေါ်လာတော့သည်။

၎င်း၏ အရွယ်အစားမှာ လက်ဖဝါး တစ်ဖက်စာခန့် ရှိ၏။

ထိုအခါကျန်းလင် သည် စမ်းသပ်သည့်အနေဖြင့် လက်ညှိုးဖြင့် ထိုးကြည့်လိုက်သည်။

"......"

စနစ်၏ ဈေးဆိုင် တွင် အိမ်မွေးတိရစ္ဆာန် ဥများကို သူ တွေ့ဖူးသော်လည်း သူ့အမှတ် အများစုကို ယင်ချီ ဆေးလုံးများ ဝယ်ရန်အတွက်သာ အသုံးပြုလေ့ရှိသည်။

အိမ်မွေးတိရစ္ဆာန် ဆိုတာမျိုးကိုတော့ သူ အမှန်တကယ်ပင် စိတ်မဝင်စားခဲ့ပါချေ။

သို့သော် ဘေးအိမ်က နွားခေါင်းဝိညာဉ်တမန်တော်ကတော့ အိမ်မွေးတိရစ္ဆာန်တွေ အများကြီး မွေးထားသည်လေ။

တစ်ခါက ကျန်းလင် ဖြတ်သွားရင်း သူ့အနား၌ တိရစ္ဆာန် အုပ်စုကြီးတစ်စု ကပ်နေသည်ကို မြင်ဖူး၏။

ကျန်းလင်သည် သက်တန့်ရောင် ဥလေးကိုကိုင်ကာ အကဲခတ်ကြည့်လိုက်သည်။

'ဒါက..ဒါက သူ့ကို ဥဝပ်ခိုင်းတာလား'

'အိမ်မွေးတိရစ္ဆာန် ဥဆိုတာ စားလို့လည်း ရလောက်ပါတယ်နော်'

ဤအခိုက်အတန့်တွင် ကျန်းလင်ခေါင်းထဲ၌ အသက်ရှင်စဉ်က ရွာထဲတွင် အခြားကလေးများနှင့်အတူ ငှက်ဥ သွားနှိုက်ခဲ့ကြသည့် ပုံရိပ်များ ပေါ်လာ၏။

'အရသာကတော့ မဆိုးပါဘူး'

သို့သော် နောက်ဆုံးတွင် ကျန်းလင်သည် တစ်ချက်သာ ကြည့်လိုက်ပြီး အိမ်မွေးတိရစ္ဆာန် ဥကို ဘေးဘက်သို့ ချထားလိုက်သည်။

'ပြုတ်စားဖို့ပဲဖြစ်ဖြစ်၊ ဥဝပ်ဖို့ပဲဖြစ်ဖြစ်၊ အခုက အချိန်မဟုတ်သေးဘူးလေ'

သူသည် ဘေးဘက်ရှိ စာရွက်စာတမ်းများကို ယူကာဆက် လက် အလုပ်လုပ်နေလိုက်ပြီး နန်းဆောင်အတွင်း တစ်ဖန် တိတ်ဆိတ်သွားတော့သည်။

ထိုအချိန်တွင် ဘေးဘက်သို့ ချထားခံရသော အိမ်မွေးတိရစ္ဆာန် ဥလေးမှာ လှုပ်ရှားသွားပြီး ထောင့်တစ်နေရာသို့ သွားပုန်းချင်နေသည့်ပုံပင်။

သို့သော် ကျန်းလင် စာရွက်ယူလိုက်သည့် လှုပ်ရှားမှုနှင့်အတူ အိမ်မွေးတိရစ္ဆာန် ဥလေးမှာ ချက်ချင်းရပ်တန့်သွားပြန် သည်။

၎င်းမှာ ငြိမ်ငြိမ်လေးနေကာ ကိုယ့်ရဲ့ ဥလေး အခန်းကဏ္ဍကို သေချာ သရုပ်ဆောင်နေပြီး၊ မမွေးဖွားခင်မှာတင် အစားခံလိုက်ရမှာကို အလွန်ကြောက်လန့်နေပုံရ၏။

……

သိပ်မကြာခင်မှာပင် နန်းဆောင် (၁၈) ၏အပြင်ဘက်တွင် ကားတစ်စီး လာရပ်လေသည်။

ကားပေါ်တွင် သရဲယာဉ်မောင်းနှင့် မူလ ခရီးသည်များမှလွဲ၍ အခြား လိုက်ပါစီးနင်းလာသော လူသားများ သို့မဟုတ် သရဲတစ္ဆေများ အားလုံးဆင်းသွားကြပြီ ဖြစ်သည်။

သရဲယာဉ်မောင်း ယခု ပြန်လာခြင်းမှာ သူ၏တစ်နေ့တာ ကားမောင်းခဲ့ရသည့် အစီရင်ခံစာကို လာပို့ခြင်း ဖြစ်သည်။

သူသည် ကားနှင့် အလွန်ဝေးဝေး သွား၍မရသောကြောင့် နန်းဆောင် (၁၈) တံခါးဝတွင် စောင့်နေသော ဝိညာဉ်စစ်သည်တော်ကို အထဲသို့ ယူသွားခိုင်းလိုက်ရသည်။

'ဒီရက်ပိုင်းအတွင်း ခရိုင် (၁၈) ထဲမှာ နှစ်ပတ်လောက် ပတ်မောင်းနေတုန်းက ဝိညာဉ်ဆိုင်ပိုင်ရှင်ရဲ့ပွဲစား တွေရဲ့ သဲလွန်စကို သူ တကယ်ပဲ အကြိမ်အနည်းငယ်တွေ့ခဲ့ရသည်မဟုတ်ပါလော'

သို့သော် သခင်ကြီးက ထိပ်တိုက်ရင်ဆိုင်ဖို့ မလိုဘူးလို့ ပြောထားတဲ့အတွက် သရဲယာဉ်မောင်းက နေရာတွေကို မှတ်ထားပြီး ကားပေါ်က သရဲတစ်အုပ်ကို ခေါ်ကာ လစ်ပြေးခဲ့ခြင်း ဖြစ်သည်။

သို့သော် သခင်ကြီးနှင့် တပ်ဖွဲ့ (၁၈) တို့ အလုပ်များနေသည်ကို မြင်ရသောအခါ သရဲယာဉ်မောင်းသည် တစ်ခါတရံတွင် ပိုမိုကူညီပေးချင်စိတ် ပေါ်လာတတ်၏။

'သူတို့ ကားတစ်စီးလုံးက သရဲတွေနဲ့ ကားတစ်စီးဆိုတော့၊ ကျူးကဲလျန် တစ်ယောက်စာလောက်တော့ အသုံးဝင်လောက်မှာပါနော်'

"ဆုံးဖြတ်လိုက်ပြီ၊ ဒီနေ့ ငါတို့ရဲ့ ရည်မှန်းချက်က လမ်းကြုံစီးမယ့်သူ ဆယ်ယောက်ရဖို့ပဲ"

ထို့နောက်သရဲယာဉ်မောင်းသည် လီဗာကို နင်းကာ နန်းဆောင် (၁၈) မှ ထွက်ခွာလာပြီး စိတ်အားထက်သန်မှု အပြည့်နှင့်မောင်းနှင်လာတော့သည်။

"အားလုံးပဲ မျက်စိရှင်ရှင်ထားကြ"

နောက်ဆုံးစကားကိုတော့ သရဲယာဉ်မောင်းက ကားပေါ်ရှိ သရဲခရီးသည်များကို ပြောလိုက်ခြင်း ဖြစ်၏။

'တစ်ရက်တည်းနဲ့ ဆယ်ယောက်ရဖို့'

ခရီးသည်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့အတွက်တော့ ဒါက စိန်ခေါ်မှုတစ်ခုပါပဲ။

'ဘာလို့လဲဆိုတော့ လမ်းလွဲလာတဲ့ ဝိညာဉ်တွေ ဒါမှမဟုတ် မှားဝင်လာတဲ့ လူသားတွေနဲ့ အမြဲတမ်း ကြုံတွေ့ရလေ့ မရှိဘူးလေ'

သို့သော် သူတို့သည် သရဲယာဉ်မောင်း၏ ခံစားချက်ကို နားလည်နိုင်ကြသည်။

သခင်ကြီးက သူတို့ကို လူ့ပြည်နဲ့ ငရဲပြည်အကူးအပြောင်း လုပ်နိုင်တဲ့ ဖြတ်သန်းခွင့် လက်မှတ်ပေးခဲ့ပြီး လူ့ပြည်မှာ ဆက်လက် နေထိုင်ခွင့်ပေးခဲ့သည်မဟုတ်လော။

ထိုကြောင့်သူတို့လည်း ပိုပြီး ကူညီပေးချင်ကြပေသည်။

"......"

ထိုသို့ တွေးမိပြီးနောက် ခရီးသည်များအားလုံး လက်သီးကို တင်းတင်းဆုပ်လိုက်ကြသည်။

ထို့နောက်အသီးသီး သူတို့၏ မျက်လုံးများကို ထုတ်ယူကာ သန့်ရှင်းသော ပိုးပုဝါဖြင့် အထပ်ထပ်အခါခါသုတ်ကြတော့သည်။

ထိုပုံစံ၊ ထိုလှုပ်ရှားမှုများက အလွန်လေးနက်ပြီး အသေးစိတ်ကျလှ၏။

ဖုန်မှုန့် တစ်စက်မျှ မကျန်တော့သည်အထိ သုတ်ပြီးမှသာ မျက်လုံးအိမ်ထဲသို့ ပြန်ထည့်လိုက်ကြသည်။

'ဒီတစ်ခါတော့ မျက်လုံးတွေ သေချာပေါက်အသက်ရှင်နေသလိုဖြစ်‌နေမှာပဲ'

ပြီးနောက်ခရီးသည်များမှာ ကားပေါ်ရှိ နေရာအနှံ့အပြားတွင် မှောက်လျက် နေရာယူထားကြပြီး လမ်းလွဲလာသော ဝိညာဉ် သို့မဟုတ် မှားဝင်လာသော လူသား တစ်ဦးတစ်ယောက်ကိုမျှ မလွတ်သွားစေရန် သေချာ ကြည့်ရှုနေကြတော့သည်။

'ပစ်မှတ် ဆယ်ယောက်၊ အားတင်းထား၊ ငါတို့ လုပ်နိုင်တယ်'

……

နန်းတော် တစ်ခုအတွင်း၌ ခမ်းနားထည်ဝါသောဝတ်ရုံကို ဆင်မြန်းထားသည့် ပုံရိပ်တစ်ခုက နန်းဆောင်တံခါးဝတွင် ရပ်ကာ ရှေ့သို့ ကြည့်နေ၏။

သူ၏့မျက်နှာသွင်ပြင်မှာ အလွန် သေသပ်ပြေပြစ်ပြီး အရှိန်အဝါမှာ မွန်မြတ်မြင့်မားလှသည်။

သူ၏လှုပ်ရှားမှုတိုင်းက လူများကို သူ့ခြေအောက်၌ အလိုအလျောက် ဒူးထောက်ခစားချင်စိတ် ပေါ်လာစေ၏။

ထိုသို့လုပ်မှသာလျှင် သူ၏ မြင့်မြတ်တဲ့ အဆင့်အတန်းနဲ့ ထိုက်တန်သလိုမျိုးပင်။

ဝိညာဉ်ဆိုင်ပိုင်ရှင်များက တခြားသူများအား သူ့ကို ဤသို့မိတ်ဆက်ကြသည်လေ။

'ငါတို့ရဲ့ ဘုရင်ကြီး'

ထို 'ငါတို့ရဲ့ ဘုရင်ကြီး' ဟုခေါ်သောပုဂ္ဂိုလ်၏ အနောက်တွင် မြောက်ဘက်ငရဲမင်းက တိတ်ဆိတ်စွာရပ်နေပြီး ချစ်ခင်မြတ်နိုးမှုများ ပြည့်နှက် နေသောမျက်လုံးများဖြင့်ကြည့်နေ၏။

"အားလုံး စီစဉ်ပြီးပါပြီ" မြောက်ဘက်ငရဲမင်း က ပြောလိုက်သည်။

ထိုအခါ ထိုပုဂ္ဂိုလ်သည် နှုတ်ခမ်းထောင့်တွင် ယုံကြည်မှုအပြည့်ရှိသော အပြုံးတစ်ခု ချိတ်ဆွဲထားကာ အရာအားလုံးက သူ့လက်ခုပ်ထဲတွင် ရှိနေသည့်အတိုင်းအနောက်သို့ လှည့်လာပြီး စကားတစ်ခွန်းကိုပြောလိုက်၏။

"ဒါဆိုရင်လည်း ပွဲတော်ကြီးကို စတင်လိုက်ကြရအောင်"

……

# မူရင်းစာရေးသူ

【မှိုလေး၏ ရှင်းလင်းချက်

1 သရဲယာဉ်မောင်း: 'သူတို့ ကားတစ်စီးလုံးက သရဲတွေနဲ့ ကားတစ်စီးဆိုတော့၊ ကျူးကဲလျန် တစ်ယောက်စာလောက်တော့ အသုံးဝင်လောက်မှာပါနော်' (အရည်အချင်းမရှိတဲ့ ဖိနပ်တိုက်သမားသုံးယောက်ပေါင်းရင် ကျူးကဲလျန့်/ကျူးကော်လျန့် တစ်ယောက်နဲ့ ညီမျှတယ် ဆိုသည့် စကားပုံကို ညွှန်းဆိုခြင်း ဖြစ်သည်)

2။ ဇာတ်လမ်းအကြောင်း နည်းနည်း ပြောပါမယ်၊ စာလုံးရေ တစ်သိန်း ပြည့်တဲ့အချိန်မှာ သရဲပွဲတော်ကိုရောက်ခဲ့ပါတယ်။

စာလုံးရေ နှစ်သိန်းပြည့်တဲ့အချိန်မှာ ဇာတ်လိုက်က တပ်မှူးကြီးဖြစ်လာပြီး အသက်ရှင်စဉ်က မှတ်ဉာဏ်တွေကိုပြန်သတိရလာပါတယ်။

စာလုံးရေ သုံးသိန်းပြည့်တဲ့အချိန်မှာတော့ ဝိညာဉ်ဆိုင်ပိုင်ရှင်ရဲ့ပွဲစား အခန်းဆက်ကိုစတင်ခဲ့ပါတယ်။

ဝိညာဉ်ဆိုင်ပိုင်ရှင်ရဲ့အခန်းဆက်က အရမ်းမရှည်ပါဘူး၊ ဒါပေမယ့် တချို့အကြောင်းအရာတွေကို ဆွဲထုတ်လာပါလိမ့်မယ်။

နောက်ပိုင်းမှာတော့ နေ့စဉ်ဘဝအကြောင်းတွေကို အဓိကထားပြီး ရှေ့ဆက်သွားပါမယ်နော်)

🫧 Chapter 162

"ဒါဆိုရင်လည်း ပွဲတော်ကြီးကို စတင်လိုက်ကြရအောင်"

ထိုပုဂ္ဂိုလ်၏ စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် သူ့စကားကို တုံ့ပြန်သည့်အလား အရှေ့၊ အနောက်၊ တောင် အရပ်သုံးခုရှိ ငရဲမင်းနန်းဆောင်များတွင် တစ်ပြိုင် နက်တည်း ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာတော့သည်။

"ဘုန်း"

မြောက်ဘက် ငရဲပြည်မှ ဝိညာဉ်တမန်တော် တစ်ဦးသည် နယ်စပ်ကို ကျော်ဖြတ်လာသောကြောင့် ငရဲမင်းနန်းဆောင်သို့ စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်ခံရ၏။

သို့သော် နောက်တစ်စက္ကန့်တွင် ထိုဝိညာဉ်တမန်တော်မှာ ကြိုတင် သတိပေးချက် ဘာမှမရှိဘဲပေါက်ကွဲသွားတော့ သည်။

ဤပေါက်ကွဲမှုက ငရဲမင်းကြီးများကို မည်သည့် ထိခိုက်မှုမျှ မဖြစ်စေခဲ့သော်လည်း ဤအသံက အချက်ပြ သင်္ကေတတစ်ခုနှင့် တူလှသည်။

' ထိုအရာမှာ ပွဲတော်ကြီး စတင်ပြီဆိုသည့် အချက်ပြသင်္ကေ တပင်'

ရုတ်တရက်လူ့ပြည်ရှိ နေရာအနှံ့အပြားတွင် ချိတ်ပိတ်ထားသော နေရာများ ပွင့်ထွက်သွားတော့သည်။

တောင်ပေါ်တွင်၊ မြေရိုင်းပြင်တွင်၊ သစ်တောများထဲတွင် သရဲချီအငွေ့အသက်များက မြေကြီးအောက် နက်ရှိုင်းသော နေရာမှနေ၍ ကောင်းကင်သို့ ပန်းထွက်လာကြသည်။

နှစ်ရာပေါင်း၊ ထောင်ပေါင်းများစွာ ချိတ်ပိတ်ခံထားရသော မိစ္ဆာသရဲကြီးများက ဆူညံစွာ အော်ဟစ်ရင်း လူ့ပြည်သို့ ပြန်လည် ရောက်ရှိလာကြ၏။

သာယာနေသော ကောင်းကင်ကြီးမှာ ချက်ချင်းပင်ထူထပ် သော သရဲချီအငွေ့အသက်များဖြင့် ဖုံးလွှမ်းသွားပြီး အပြင်ဘက်သို့ အဆက်မပြတ် ပြန့်နှံ့နေတော့သည်။

မြေကြီးပေါ်ရှိ အလင်းရောင်များမှာလည်း ချက်ချင်း မှေးမှိန်သွားပြီး ရုံးဝန်ထမ်းများမှာ မလွှဲမရှောင်သာ အခန်းတွင်းရှိ မီးများကို ဖွင့်လိုက်ကြရသည်။

ဆူညံနေသော လေပြင်းများကလည်း ပြတင်းပေါက်ကန့်လန့် ကာများနှင့် တံခါးများကို ဝူးဝူး မြည်အောင် တိုက်ခတ်ကာနေတော့သည်။

……

အရှေ့ဘက် နယ်မြေ

"ဟားဟားဟားဟား... နောက်ဆုံးတော့ ငါ လွတ်ပြီကွ"

"လူ့ပြည်‌ရေငါ ပြန်လာပြီ"

မိစ္ဆာသရဲ အုပ်စုတစ်စုက နှစ်ပေါင်းများစွာ စုပုံလာခဲ့သော နာကြည်းချက်များကို ပေါက်ကွဲပစ်ရန်နှင့် ယနေ့တွင် ကမ္ဘာပျက်မတတ် သောင်းကျန်းရန် ပြင်ဆင်နေကြသည်။

ထိုချိတ်ပိတ်ထားသော နေရာဆိုသည်မှာ သရဲများနေလို့ကောင်းသော နေရာမျိုး လုံးဝမဟုတ်ကြောင်း သိထားရမည်။

သို့သော် သူတို့ လူနေအဆောက်အအုံများဆီသို့ မပြေးဝင်နိုင်ခင်မှာပင် အခြားပြင်းထန်လှသော သရဲချီအငွေ့အသက်များက အနီးအနားမှ လျင်မြန်စွာထွက်ပေါ်လာခဲ့သည်။

ထိုချိတ်ပိတ်နေရာမှ ထွက်ပေါက်ရှိ မိစ္ဆာသရဲများကို တိုက်ရိုက်ပင် ပိတ်ဆို့ထားလိုက်၏။

"ဘာအခြေအနေလဲ"

မိစ္ဆာသရဲများမှာ မလှမ်းမကမ်းမှ ထွက်လာသော ဝိညာဉ်တမန်တော်များကို ကြည့်ကာ အနည်းငယ် ကြောင်အသွားကြသည်။

ဤဝိညာဉ်တမန်တော်များ၏ အရှိန်အဝါကို ကြည့်ရုံဖြင့် ငရဲပြည်မှ ပထမအဆင့် ဝိညာဉ်တမန်တော်များဖြစ်ကြောင်း သိသာလှသည်။

'ဒါက ဘယ်လိုဖြစ်ရတာလဲ'

'သူတို့ကို အပြင်ထွက်ပြီး သောင်းကျန်းခိုင်းဖို့ လွှတ်ပေးတာ မဟုတ်ဘူးလား'

'ဒီအနေအထားက သိပ်မဟန်ပါလား'

"တောက်... ကြည့်ရတာ အဲဒီကောင်တွေရဲ့ လှုပ်ရှားမှုကို ငရဲပြည်က စောစောစီးစီး ရိပ်မိသွားပုံရတယ်"

မိစ္ဆာသရဲများက နှုတ်ခမ်းမဲ့ကာ‌ပြောလိုက်ကြ၏။

လွန်ခဲ့သည့် အချိန်အတန်ကြာကတည်းက သူတို့ဆီသို့ သရဲချီအငွေ့အသက်များ လာရောက် ဖြည့်တင်းပေးပြီး ချိတ်ပိတ်ထားမှုများကို ဖြေလျှော့ရန် ကူညီပေးသော အကောင်အချို့ မကြာခဏ ရောက်လာတတ်သည်။

ထို့ကြောင့်ငရဲပြည်ကို အငိုက်မိသွားအောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသည်။

သို့သော် ဤသို့ဖြစ်နေလျှင်တောင်မှ သူတို့က အလွယ်တကူ အဖမ်းခံရန် အစီအစဉ် မရှိချေ။

'အပြင်ဘက်ကို ဖောက်ထွက်နိုင်မလား ဆိုတာကတော့ ကိုယ့်အရည်အချင်းနဲ့ကိုယ်ပဲ'

'ဘယ်သူနိုင်မလဲ၊ ဘယ်သူရှုံးမလဲ ဆိုတာ မသေချာသေးဘူး'

'အဲဒီ ချိတ်ပိတ်ထားတဲ့ ငရဲလိုနေရာကိုတော့ သွားချင်တဲ့ကောင် သွားပါစေ'

မိစ္ဆာသရဲများက ဝိညာဉ်တမန်တော်များဆီသို့ ပြေးဝင်သွားသည့် အခိုက်အတန့်မှာပင် ပထမအဆင့် ဝိညာဉ်တမန်တော်များကလည်း အသီးသီး သူတို့၏ဝိညာဉ်လက်နက်များကို ထုတ်ယူလိုက်ကြတော့သည်။

သားရဲရုပ် ရစ်ပတ်ထားသော လှံရှည်များ၊ ဆူးများပါသော ကြိမ်တို့များ၊ အေးစက်စူးရှသော အလင်းရောင်များ တောက် ပနေသည့် ဓားမကြီးများစသည်ဖြင့် တစ်ချက် ခုတ်ချလိုက်ရုံဖြင့် လေဟာနယ်ကိုပင် ပိုင်းဖြတ်နိုင်စွမ်း ရှိသောလက်နက်များပင်ပါသေးသည်လေ။

……

အရှေ့ဘက် ငရဲမင်းနန်းဆောင်၌

ယန်လော်သည် မတ်တတ်ရပ်လိုက်ပြီး မြောက်ဘက် ငရဲပြည်မှ ဝိညာဉ်တမန်တော် ပေါက်ကွဲသွားသည့် နေရာသို့သွားကြည့်လိုက်သည်။

ပြီးလျှင်ထို‌ဝိညာဉ်တမန်တော် ပေါက်ကွဲသွားပြီးနောက် မြေကြီးပေါ်တွင် စက္ကူစလေးများသာ ကျန်ရစ်ခဲ့သည်ကို အံ့သြဖွယ် တွေ့လိုက်ရ၏။

ထိုအထဲတွင် အကြီးဆုံး စက္ကူစမှာ လက်ဖဝါးအရွယ်ခန့် ရှိပြီး ၎င်းပေါ်တွင် မြောက်ဘက် ငရဲပြည်၏တံဆိပ်တုံး ရိုက်နှိပ်ထားသည်။

ငရဲပြည်အထက်တန်းလွှာများ အားလုံး သိကြသည့်အတိုင်း မြောက်ဘက်ငရဲပြည်က တူရိယာများနှင့် စက္ကူရုပ် ပညာရပ်များတွင် ကျွမ်းကျင်ပြီး၊ အနောက်ဘက် ငရဲပြည်က ဝိညာဉ်လက်နက် အသုံးပြုရာတွင် ကျွမ်းကျင်သည်။

တောင်ဘက် ငရဲပြည်ကမူ သိုင်းပညာ အကွက်အမျိုးမျိုးတွင် ကျွမ်းကျင်ပြီး၊ အရှေ့ဘက် ငရဲပြည်ကတော့ ချိတ်ပိတ်ခြင်း ပညာရပ်များတွင် ကျွမ်းကျင်သည်။

ယန်လော်သည် ထိုစက္ကူစလေးကိုကြည့်ကာ မျက်မှောင် ကြုတ်လိုက်၏။

"အဲဒီ အရူးမက ဘာတွေ ထပ်လုပ်ချင်နေပြန်တာလဲ"

သို့သော် ထိုအချိန်မှာပင် သူမ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။

ထိုချိတ်ပိတ်ထားသော နေရာများ ပွင့်ထွက်သွားပြီးနောက် နောက်ထပ် ချိတ်ပိတ်ထားသော နေရာအချို့ ထပ်မံ ပွင့်သွားကြောင်း သူမ သိလိုက်ရသည်။

သူမက ပထမအဆင့်ဝိညာဉ်တမန်တော်များကို မိစ္ဆာသရဲများ၏ချိတ်ပိတ်ရာ နေရာများကို ကြိုတင် စောင့်ကြပ်ခိုင်းထားခဲ့သော်လည်း ထို 'အထူး' ချိတ်ပိတ်ထားသော နေရာများပါ ပွင့်သွားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

……

တောင်ဘက် ငရဲမင်းနန်းဆောင်

"ငရဲမင်းကြီး၊ အထူးချိတ်ပိတ်ထားတဲ့ နေရာတွေပါ ပွင့်သွားပါပြီ"

အရပ်ရှည်ပြီး ခန္ဓာကိုယ် ကြီးမားထွားကျိုင်းသော ကျုံးခွေ့ သည် အောက်ဘက်တွင် ရပ်ကာ အခုလေးတင် စုံစမ်းရရှိလာသော အခြေအနေများကို တင်ပြနေ၏။

အထူးချိတ်ပိတ်ထားသော နေရာများ ဆိုသည်မှာလွန်ခဲ့သော နှစ်သောင်းပေါင်းများစွာက ငရဲပြည်မှသရဲတစ္ဆေအချို့ကို ချိတ်ပိတ်ထားခဲ့သော နေရာများပင်။

ထိုသရဲတစ္ဆေများ၏အငြိုးအတေးများက အတိုင်းအတာ တစ်ခုအထိ စုပုံလာသောအခါ လုံးဝဖယ်ရှားပစ်ရန် အလွန် ခက်ခဲသွားတော့သည်။

ထိုအချိန်က ငရဲပြည်ကိုရှင်းလင်းပေးခဲ့သော နတ်ဘုရားများ၏ဒဏ္ဍာရီများပင် မပေါ်ပေါက်သေးချေ။

ဤကမ္ဘာလောကတွင် ထိုငရဲပြည် သရဲတစ္ဆေများ၏ချိတ်ပိတ်ထားသော နေရာများနှင့် ချိတ်ပိတ်မှုများကို မည်သို့ ဖြေလျှော့ရမည်ကို သိရှိသော 'လူ' မှာ လက်ချိုးရေ၍ ရလောက်အောင် နည်းပါးလှသည်။

'ဘယ်သူက သတင်း ပေါက်ကြားသွားအောင် လုပ်တာလဲ'

'ဘာရည်ရွယ်ချက်နဲ့လဲ'

ထိုအရာကလည်း ယန်လော်၏မျက်နှာ အကြီးအကျယ် ပြောင်းလဲသွားရသည့် အကြောင်းရင်းများထဲမှ တစ်ခုပင် ဖြစ်သည်။

အကယ်၍ မြောက်ဘက်ငရဲမင်းသာ ဆိုလျှင် ထိုသို့လုပ် ဆောင်နိုင်စွမ်း အမှန်တကယ် ရှိပါသည်။

သို့သော် သူမက အဘယ်ကြောင့်ထိုသို့လုပ်ရသနည်း။

ထို ငရဲပြည် သရဲတစ္ဆေများကို ချိတ်ပိတ်ရန် အမိန့်ကို ထိုပုဂ္ဂိုလ်ကြီး သက်ရှိထင်ရှား ရှိစဉ်ကတည်းက ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိထားရမည်။

မြောက်ဘက်ငရဲမင်းဆိုသည့် ထိုအရူးမက ထိုပုဂ္ဂိုလ်ကြီးကို လုံးဝ သစ္စာဖောက်မည်မဟုတ်ပါချေ။

တောင်ဘက် နန်းဆောင်တွင် ကျုံးခွေ့ က လက်သီးဆုပ်အရိုသေပြုကာ ပြောလိုက်၏။

"ကျုံးခွေ့၊ တိုက်ပွဲဝင်ခွင့် တောင်းခံပါတယ်"

အခြေအနေ အမျိုးမျိုးဆက်တိုက်ဖြစ်ပေါ်နေပြီး လူ့ပြည်မှာ မကြာမီ ကမောက်ကမဖြစ်တော့မည် ဖြစ်သော်လည်း သူ့ မျက်နှာပေါ်တွင် အနည်းငယ်မျှ စိုးရိမ်ထိတ်လန့်မှုမရှိသည့်အပြင် အနည်းငယ်ပင်တက်ကြွနေသေး၏။

အနောက်ဘက်ရှိ လက်နက်ကလည်း တိုက်ပွဲဝင်လိုသဖြင့် တဝီဝီမြည်ဟည်းနေလေပြီ။

တောင်ဘက်ငရဲမင်း၏ ပါရမီနှင့် ကံဇာတာကြီးမားမှုက ယန်လော်ပင်လျှင် သွားရည်ကျရလောက်အောင် မနာလိုဖြစ်ရသည့် အဆင့်တွင်ရှိသည်။

အရေးကြီးဆုံးမှာ ဤဘက်တွင် ငရဲမင်းကြီးက အစွမ်းထက်ရုံသာမက လက်အောက်ရှိ ဝိညာဉ်တမန်တော်များကလည်း တစ်ယောက်ထက် တစ်ယောက်ပို၍အစွမ်းထက်နေကြခြင်းဖြစ်သည်။

ထိုတောင်ဘက်ငရဲပြည်ပါရမီရှင်တွေ စုဝေးနေတဲ့ နေရာတစ်ခုလိုပင် စည်ကားလှသည်မဟုတ်လော။

တောင်ဘက် ငရဲပြည်တစ်ခုလုံး၏ တစ်ဦးချင်းတိုက်ခိုက်ရေး စွမ်းရည်က အရပ်လေးမျက်နှာရှိ ငရဲမင်းနန်းဆောင်များအားလုံးတွင် နံပါတ်တစ်ဟုပြောလျှင်ပင် လွန်မည်မဟုတ်ချေ။

ထိုငရဲမင်းနန်းဆောင် အထက်ဘက်တွင်နန်မင် (တောင်ဘက် ငရဲမင်း)က မျက်လုံးကိုဖွင့်ကာ ပြောလိုက်၏။

"နောက်ထပ် ချိတ်ပိတ်ထားတဲ့ နေရာတစ်ခုလည်း ပွင့်သွားပြီ"

သို့သော် ထိုချိတ်ပိတ်ထားသောနေရာက သူ့ကို သီးသန့် ရည်ရွယ်ထားခြင်းဖြစ်ဟန်တူသည်။

'ဒီစိန်ခေါ်မှုကို သူ လက်ခံတယ်'

'ဒီချိတ်ပိတ်ထားတဲ့ နေရာကို သိနိုင်တယ်ဆိုတော့ အတော်လေး စွမ်းတဲ့သူပဲ'

ထို့နောက်နန်မင်သည် မတ်တတ်ရပ်လိုက်ပြီး နန်းဆောင် အပြင်ဘက်သို့ ပျံသန်းသွားတော့သည်။

မြေကြီးပေါ်ရှိ မြောက်ဘက်ငရဲပြည်၏တံဆိပ်တုံးပါသော စက္ကူစလေးမှာလည်း လေထဲတွင် နှစ်ပတ်ခန့်လည်သွားပြီးနောက် ပြာအဖြစ်သို့ပြောင်းလဲသွားတော့သည်။

"ကျုံးခွေ့ကို တိုက်ပွဲဝင်ခွင့်ပြုတယ်၊ ပြီးတော့ ဌာနအသီးသီးကိုဦးဆောင်ပြီး ချိတ်ပိတ်ထားတဲ့နေရာတွေကို ရှင်းလင်းဖို့ အမိန့်ပေးတယ်"

နန်မင်၏အသံက အဝေးဆီမှထွက်ပေါ်လာသော်လည်း သူ့ ပုံရိပ်မှာမူ ငရဲပြည်မှပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

"အမိန့်ကိုခံယူပါတယ်"

ကျုံးခွေ့ ပြန်လည်ဖြေကြားလိုက်သည်။

သူ့အနောက်ဘက်ရှိ လက်နက်မှာ မစောင့်နိုင်တော့ဘဲ အပြင်သို့ပျံထွက်လာပြီး ၎င်း၏သခင်နှင့်အတူ အချိန်မရွေးတိုက်ပွဲဝင်ရန် အသင့်ဖြစ်နေလေပြီ။

၎င်းရည်ရွယ်ချက်မှာ သခင်အတွက် အသက်ကိုပေးဆပ်ပြီး အခက်အခဲများကို ကျော်လွှားကာ အသက်၏နောက်ဆုံး အခိုက်အတန့်အထိ တိုက်ပွဲဝင်ရန်ဖြစ်သည်မဟုတ်လော။

ဤအရာက လက်နက်များအတွက်တော့ အမြင့်မားဆုံးဂုဏ်ပြုမှုတစ်ခုပင်ဖြစ်သည်မဟုတ်ပါလော။

……

"အနောက်ဘက် ငရဲပြည်ကလည်း ထွက်သွားကြပြီပဲ..."

မြောက်ဘက်ငရဲမင်းနန်းဆောင်တွင် ပုဂ္ဂိုလ်ကြီးသည် လေထဲတွင် လှေကားထစ်များကို နင်းတက်နေသကဲ့သို့ တစ်လှမ်းချင်းစီ အပေါ်သို့တက်သွားနေ၏။

သူ့အနောက်ဘက်တွင်မူ ကမ္ဘာအရပ်ရပ်မှသရဲချီအငွေ့အ သက်အမြောက်အမြားက သူ့ထံသို့ စုဝေးရောက်ရှိလာနေ သည်။

လှေကားတစ်ထစ် တက်လှမ်းလိုက်တိုင်း သူ့ကိုယ်ပေါ်ရှိ စွမ်းအားများက တစ်ဆင့်ပိုမိုမြင့်မားလာသကဲ့သို့ဖိအားကလည်းတိုး၍လာ၏။

ယခုအချိန်တွင် သူ့ရှေ့၌ သရဲချီအငွေ့အသက်များဖြင့် ဖန်တီးထားသော မှန်ပြင်လေးချပ် ရှိနေသည်။

၎င်းတို့ပေါ်တွင် ပြသနေသော မြင်ကွင်းများမှာ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာရှိငရဲပြည် နယ်မြေများတွင် ဖြစ်ပျက်နေသည့် အရာများပင်ဖြစ်သည်။

"မင်းပြောကြည့်၊ သူတို့ ဒီလက်ဆောင်ကို သဘောကျပါ့မလား"

ထိုပုဂ္ဂိုလ်ကြီးက ‌ညင်သာစွာမေးလိုက်၏။

နေရာအနှံ့ရှိ မိစ္ဆာသရဲများ ချိတ်ပိတ်ထားရာနေရာများ၊ ထို့ပြင် လွန်ခဲ့သောနှစ်သောင်းပေါင်းများစွာက ချိတ်ပိတ်ထားခဲ့သည့် ငရဲပြည်မှ သရဲတစ္ဆေများက လူ့ပြည်နဲ့ ငရဲပြည်မှာ ကမောက်ကမဖြစ်အောင် လုပ်ဖို့ သက်သက်သာဖြစ်ပြီး၊ ပွဲတော်ကြီးအတွက် အစပျိုးပေးဖို့ကတော့ အသင့်တော်ဆုံးဖြစ်သည်ပင်။

သူ ပြောသည့် လက်ဆောင်ဆိုသည်ကတော့ ထိုငရဲမင်း သုံးပါးအတွက် ပေးမည့်လက်ဆောင်ကို ဆိုလိုခြင်းပင်။

ထိုအရာက ငရဲမင်း သုံးပါး အရင်တုန်းက အမှတ်ရဆုံးနဲ့ လုံးဝ လက်မခံနိုင်ဆုံး ဖြစ်ခဲ့သည့် ငရဲမင်းများအားလုံးတမင်သက်သက် မေ့ဖျောက်ထားခဲ့ပြီးသား အရာများသာဖြစ် သည်မဟုတ်ပါလော။

"သဘောကျမှာပါ၊ အရှင်ပေးတဲ့ လက်ဆောင်မှန်သမျှကို သူတို့ အားလုံးသဘောကျကြမှာပါ"

ထိုအခါ မြောက်ဘက်ငရဲမင်းကလည်း ပြန်လည် ဖြေကြားလိုက်တော့သည်။

သူမ၏ခန္ဓာကိုယ်မှာ သေးသွယ်ပိန်ပါးပြီး မျက်နှာမှာ ဆီးနှင်းကဲ့သို့ ဖြူလျော့နေကာ နှုတ်ခမ်းအရောင်မှာလည်း ဖြူစုတ်နေ၏။

ပုံသဏ္ဍန်ကမူ သူမ၏နူးညံ့သိမ်မွေ့သော မျက်နှာသွင်ပြင်ပေါ်တွင် ဖျားနာနေသည့် အသွင်အပြင်များပေါ်လွင်နေကာ သူမက အချိန်မရွေး လဲကျသွားနိုင်သည့်ပုံပင်။

သို့သော် သူမ မျက်လုံးများထဲရှိ ပြင်းပြသောဆန္ဒများကမူ အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်စွမ်း ရှိသည့်အလားတောက်ပနေ၏။

သူမသည် အဆက်မပြတ်စွမ်းအား ကြီးမားလာနေသော ထိုပုံရိပ်ကို မော့ကြည့်ကာတွေးလိုက်သည်

'သူ့ကို အချိန်နည်းနည်းထပ်ပေးလိုက်ရင်၊ အရင်တုန်းက သူ့ရဲ့နေရာကို ပြန်ရောက်သွားနိုင်လိမ့်မယ်...'

'အဲဒီအချိန်ကျရင် အဲဒီပုံရိပ်ကိုပြန်မြင်ရတော့မှာ...'

တွေးတောရင်းပင် ပေ့ရွှယ် ( မြောက်ဘက် ငရဲမင်း) သည် အနားရှိ နှဲကို ပွတ်သပ်နေလိုက်‌သည်။

ထိုနှဲမှာ အတော်လေးဟောင်းနွမ်းနေပုံရသော်လည်း အလွန် ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး အစွန်းများတွင် အလင်း ရောင်များပင်တောက်ပနေ၏။

'သူ့ကို ပြန်တွေ့ရဖို့အတွက်ဆိုရင်၊ သူ့ကို ပြန်တွေ့ရဖို့အတွက်ဆိုရင်...'

"ဟင်"

ထိုအချိန်မှာပင် အပေါ်သို့ တက်သွားနေသော ထိုပုဂ္ဂိုလ်ကြ သည် ရုတ်တရက်ရပ်တန့်သွားပြီး တောင်ဘက်ငရဲပြည်၏ မှန်ပြင်ကိုကြည့်လိုက်တော့သည်။

All Chapters