← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

🫧 Chapter 163

"ဟင်"

ရုတ်တရက် အပေါ်သို့ တက်သွားနေသော ပုဂ္ဂိုလ်ကြီးသည် ရပ်တန့်သွားပြီး တောင်ဘက် ငရဲပြည်၏မှန်မျက်နှာပြင်ကို ကြည့်လိုက်သည်။

မှန်မျက်နှာပြင်ထဲရှိ တောင်ဘက် နယ်မြေတွင် နန်မင်သည် ဓားတစ်ချက်တည်းဖြင့် တောင်တန်းမြစ်ချောင်းများကို ခွဲခြမ်းလိုက်ပြီး၊ မျက်နှာချင်းဆိုင်ရှိကြီးမားသော သရဲကြီး၏ ခန္ဓာကိုယ်ကိုပါ ထက်ပိုင်းပိုင်းဖြတ်လိုက်တော့သည်။

ဖြတ်တောက်ခံရသော မျက်နှာပြင်မှာ အလွန်ချောမွေ့ပြောင် လက်နေကာ သေသေချာချာကြည့်လိုက်မည်ဆိုလျှင် ထက်ပိုင်း ပိုင်းခံလိုက်ရသောကြီးမားသည့် သရဲကြီး၏ မျက်နှာသွင်ပြင်မှာ နန်မင်နှင့် ထပ်တူထပ်မျှ တူညီနေသည်ကို အံ့သြဖွယ်တွေ့ရမည် ဖြစ်သည်။

မှန်ပေသည် နန်မင်၏အကြီးမားဆုံးရန်သူမှာ သူကိုယ်တိုင်ပင်ဖြစ်ပေသည်။

ယခု ခုတ်ပိုင်းခံလိုက်ရသောကြီးမားသည့် သရဲကြီးမှာ ယခင်က သူ့ ကိုယ်တွင်းမှ ခွဲထွက်လာခဲ့သော 'မကောင်းဆိုးဝါး' ပင် ဖြစ်၏။

ပိုမိုအစွမ်းထက်သော စွမ်းအားများကို တပ်မက်မှုကြောင့် ဖြစ်ပေါ်လာခဲ့သော 'မကောင်းဆိုးဝါး' ဖြစ်ပေသည်။

သို့သော် ယခုအချိန်တွင် သူသည် ယခင်က သူ့ကိုယ်သူထက် များစွာ ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး စွမ်းအားများ၏ အထွတ် အထိပ်တွင် ရပ်တည်နေလေပြီ။

ဤငရဲပြည်တွင် သူ မယှဉ်နိုင်သောသူ ရှိသေးသည်ဆိုလျှင် ထိုပုဂ္ဂိုလ်ကြီးတစ်ပါးတည်းသာ ရှိတော့မည်။

ဧရာမဓားကြီးသည် နန်မင်၏ အနောက်တွင် တိတ်ဆိတ်စွာ ရပ်တည်နေပြီး ၎င်းတောက်ပသော အလင်းရောင်များကို ရုပ်သိမ်းထား၏။

သို့သော်နန်မင်သည် မြေကြီးပေါ်ရှိ သရဲကြီးကိုလှည့်မကြည့်ဘဲ မြောက်ဘက်ဆီသို့သာ အဝေးမှလှမ်းကြည့်လိုက်သည်။

ကြည့်ရသည်မှာ နန်မင်သည် လေဟာနယ်ကို ဖြတ်ကျော်ပြီး မှန်မျက်နှာပြင် အခြားတစ်ဖက်ရှိ ပုဂ္ဂိုလ်ကြီးကို လှမ်းမြင်နေရသည်နှင့်တူသည်။

ကြည့်ရင်းပင်သူက မျက်ခုံးပင့်လိုက်ရာ ခန္ဓာကိုယ်အတွင်းရှိ တိုက်ခိုက်လိုစိတ်များမှာ နိုးကြားလာခဲ့ပြီး စိန်ခေါ်စကားတစ်ခွန်းကိုပြောဆိုလိုက်၏

"လာတိုက်လှည့်"

ထို့နောက် နောက်တစ်စက္ကန့်တွင် နန်မင်၏ ပုံရိပ်မှာ မှန်ပြင်ထဲမှ ပျောက်ကွယ်သွားတော့သည်။

"အရပ်လေးမျက်နှာမှာ အစွမ်းအထက်ဆုံးဆိုတဲ့ နာမည်နဲ့ တကယ် လိုက်ဖက်တဲ့ နန်မင်ပဲ"

မှန်ရှေ့တွင် ပုဂ္ဂိုလ်ကြီးက အံ့သြစွာချီးကျူးလိုက်သည်။

အရှေ့ဘက်နှင့် အနောက်ဘက်မှ ငရဲမင်းများ တိုက်ခိုက်နေဆဲ အချိန်တွင် နန်မင်ကမူ တိုက်ပွဲကို အဆုံးသတ်လိုက်ပြီ ဖြစ်၏။

တစ်ဖက်လူက သူ့ကိုရှာရန် မြောက်ဘက်သို့ လာနေပြီဖြစ်ကြောင်း ခန့်မှန်းမိသော်လည်း ပုဂ္ဂိုလ်ကြီးမှာ အလျင်စလို မရှိဘဲ အပေါ်ဘက်လှေကားထစ်များဆီသို့သာ ဆက်လက် လျှောက်လှမ်းသွားနေ၏။

ထို့ပြင်သူ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါများက အဆက်မပြတ် မြင့်တက်လာနေဆဲဖြစ်သည်မဟုတ်လော။

……

အရှေ့ဘက် ငရဲမင်းနန်းဆောင်

ယန်လော်သည် သူမကို သီးသန့်ရည်ရွယ်ထားသော ချိတ်ပိတ်ရာနေရာ ပွင့်သွားကြောင်း သိလိုက်ရချိန်တွင် ချက်ချင်း အပြင်သို့ထွက်မသွားခဲ့ချေ။

သူမသည် ငရဲမင်းနန်းဆောင်၏အပေါ်ဘက်သို့ ပျံသန်းသွားပြီး မျက်လုံးများထဲတွင် ရွှေရောင်အလင်းတန်းများ တောက်ပလာတော့သည်။

ဤအခိုက်အတန့်တွင် ငရဲပြည်မှဝန်ထမ်းများ အားလုံး၏ စိတ်အာရုံများမှာ သူမနှင့် အလိုအလျောက် ချိတ်ဆက်မိသွားတော့သည်။

ထို့နောက်ယန်လော်၏နှုတ်မှ ထွက်ပေါ်လာသော စကားလုံးများက အတိုင်းအဆမသိ ကြီးမားလှသော သြဇာအာဏာများနှင့်အတူ သူတို့၏ဦးနှောက်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။

"သတ်မှတ်နေရာတွေမှာ စောင့်ကြပ်နေတဲ့ ဝိညာဉ်တမန်တော်တွေကလွဲပြီး ကျန်တဲ့ဝိညာဉ်တမန်တော်အားလုံး အမိန့်နာခံကြ၊ အခုကစပြီး သောင်းကျန်းနေတဲ့ သရဲတစ္ဆေ အားလုံးကို ရှင်းလင်းဖို့ လိုက်လံသတ်ဖြတ်မိန့် ထုတ်ပြန်လိုက်တယ်"

"ပထမတန်းစား ဝိညာဉ်တမန်တော်တွေက နံပါတ်တစ် ကနေ ခြောက်အထိ အထူးချိတ်ပိတ်ထားတဲ့ နေရာတွေဆီ အခုချက်ချင်းသွားကြ"

"ကျန်တဲ့ ဝိညာဉ်တမန်တော်တွေက တပ်မှူးကြီးတွေရဲ့ စီစဉ်မှုအတိုင်းလိုက်နာကြ၊ တခြား ဝိညာဉ်တမန်တော်တွေကို ကူညီပေးတာဖြစ်ဖြစ်၊ တိုက်ရိုက်လိုက်လံ ရှင်းလင်းတာပဲဖြစ်ဖြစ် ကိုယ့်ဘာသာ ဆုံးဖြတ်ပြီးလုပ်ဆောင်ကြ"

……

"အမိန့်ခံယူပါတယ်"

"အမိန့်ခံယူပါတယ်"

မရေမတွက်နိုင်သော ဝိညာဉ်တမန်တော်များက အရပ်မျက် နှာအသီးသီးမှ ပြန်လည် ဖြေကြားလိုက်ကြပြီး ချက်ချင်းပင် လှုပ်ရှားလိုက်ကြတော့သည်။

ပထမအဆင့် ဝိညာဉ်တမန်တော်များထဲတွင် အထူးချိတ်ပိတ်ထားသော နေရာများကိုသိရှိသူ အလွန်နည်းပါးပြီး၊ အချို့မှာ ကြားဖူးရုံသာ ရှိကြ၏။

သို့သော် ယန်လော်၏စကားများ သူတို့ဦးနှောက်ထဲသို့ရောက် ရှိလာချိန်တွင် ထိုချိတ်ပိတ်ထားသောနေရာများကို ချက်ချင်း သိရှိသွားကြပြီး ကိစ္စ၏ကြီးလေးမှုကိုလည်း သဘောပေါက်သွားကြတော့သည်။

ထိုခံစားချက်မှာ အလွန်ထူးဆန်းလှပြီး ဦးနှောက်ထဲရှိသတင်း အချက်အလက်များကို မျက်တောင်တစ်ခတ်အတွင်း တစ်ပြိုင်နက်တည်း မျှဝေလိုက်သကဲ့သို့ပင်။

ကျန်းလင်သည် အမိန့်ကိုလက်ခံရရှိချိန်တွင် ဝိညာဉ်ဆိုင်ပိုင်ရှင် တစ်ယောက်ကို လိုက်လံ ဖမ်းဆီးနေဆဲ ဖြစ်သည်။

သူသည် ကားဝိညာဉ်နှင့် ကင်းလှည့်နေသော အလုပ်သင် ဝိညာဉ်တမန်တော်များ ပေးပို့လာသည့် အချက်အလက်များထဲမှနေ၍ ဝိညာဉ်ဆိုင်ပိုင်ရှင်ရဲ့ပွဲစားများ မကြာခဏသွားလေ့ရှိသော နေရာအချို့ကို ရှာဖွေတွေ့ရှိခဲ့၏။

ထို့ကြောင့်သူဤ တစ်ခေါက်ထွက်လာရာ တိုက်တိုက်ဆိုင်ဆိုင်ပင် သွားတိုးတော့သည်လေ။

ထိုဝိညာဉ်ဆိုင်ပိုင်ရှင်က သူ အရင်ရှင်းလင်းခဲ့သည့် ကောင်တွေထက် ပိုပြီးကောက်ကျစ်စဉ်းလဲသလို၊ ပိုပြီးလည်း အစွမ်းထက်ပုံရ၏။

ခဏတာ တိုက်ခိုက်မှုများအရ တစ်ဖက်လူ၏အဆင့်က မနိမ့်ကြောင်း သိသာလှသည်။

သို့သော် ထူးဆန်းသည်မှာ တစ်ဖက်လူက ဆက်တိုက်ထွက် ပြေးဖို့သာ ကြိုးစားနေပြီး သူနှင့် ထိပ်တိုက်ရင်ဆိုင်ရန် မလုပ်ခြင်းပင်။

ထို့ကြောင့်လိုက်လံဖမ်းဆီးနေစဉ်အတွင်း အဝေးရှိ မိစ္ဆာသရဲများချိတ်ပိတ်ထားသော နေရာအချို့မှ သရဲချီအငွေ့အသက်များ ရုတ်တရက်ကောင်းကင်သို့ ထိုးတက်လာသည်ကိုမြင်လိုက်ရသည်။

ကျန်းလင်ရင်ထဲတွင် ထိတ်လန့်သွားတော့သည်။ 'အဲဒီ နေရာတွေရဲ့ ချိတ်ပိတ်မှုတွေ ပွင့်သွားတာလား'

"တိုက်ရိုက်ထုတ်လွှင့်ဖို့ သင့်တော်တဲ့ နေရာတွေကိုထောက် လှမ်းမိပါတယ်၊ ကင်မရာတွေကို ခွဲဝေချထားမလား" စနစ်၏ အသံက ရုတ်တရက်ထွက်ပေါ်လာသည်။

စနစ်အတွက်တော့ ဤသည်က ငရဲပြည်၏ယဉ်ကျေးမှုကို ကျယ်ကျယ်ပြန့်ပြန့် ကြေညာနိုင်မည့် ကိစ္စတစ်ခုကိုရှာတွေ့လိုက်ခြင်းဖြစ်သဖြင့် အလိုအလျောက် သတိပေးလိုက်ခြင်း ဖြစ်၏။

ဤအရာက ကျန်းလင်အတွက်လည်း မကောင်းသော ကိစ္စတော့ မဟုတ်ပါချေ။

ဤကဲ့သို့သော အချိန်မျိုးတွင် သူက စွမ်းအားများပိုလိုအပ်နေသည် မဟုတ်ပါလော။

ထို့ကြောင့်သူသည် ဝိညာဉ်ဆိုင်ပိုင်ရှင်ကို လိုက်လံဖမ်းဆီးနေရင်းနှင့် စိတ်ထဲမှ ပြန်လည်ဖြေကြားလိုက်သည်။

'ရတယ်'

စကားသံဆုံးသည်နှင့် သူ့ အနောက်ဘက်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုကိရိယာများမှာ အများအပြားကွဲထွက်သွားပြီး နေရာအနှံ့သို့ ပျံသန်းသွားကြတော့သည်။

တစ်ချိန်တည်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏မြင် ကွင်းမှာလည်း မျက်နှာပြင်များစွာအဖြစ် ကွဲထွက်သွားပြီး တစ်ပြိုင်နက်တည်း ထုတ်လွှင့်လိုက်လေ၏။

ပတ်ဝန်းကျင်ရှိသရဲချီအငွေ့အသက် အပြင်းထန်ဆုံးနေရာများတွင် ထိုအငွေ့အသက်များမှာ အစစ်အမှန် အရာဝတ္ထုများကဲ့သို့ပင် စုစည်းခဲနေကာ သရဲမြင် မျက်လုံးမရှိသည့် သာမန် လူသားများစွာပင် သရဲတစ္ဆေများ သောင်းကျန်းနေသည်ကို မပီပြင်စွာမြင်တွေ့နေရလေပြီ။

အပြင်ဘက်တွင် ဗီဒီယိုအတိုများ ရိုက်ကူးနေကြသော လူအချို့မှာ အစပိုင်းက အသစ်အဆန်းဖြစ်နေပြီး ဤထူးဆန်း သောဖြစ်ရပ်ကို မှတ်တမ်းတင်ထားချင်ကြသေးသည်။

သို့သော် မကြာမီမှာပင် ဤအရာများက အသက်အန္တရာယ် ပေးနိုင်ကြောင်း သူတို့ အလျင်အမြန်သိရှိသွားကြ၏။

ထို့ကြောင့်လူတစ်စုမှာ ကင်မရာပစ္စည်းများကိုပင် ပစ်ချထားခဲ့ပြီး လွတ်ရာသို့ထွက်ပြေးကြတော့သည်။

"ကယ်ကြပါဦး"

"ကျောက်စိမ်းဧကရာဇ်မင်း၊ မိခင်မယ်တော်ကြီး၊ ဟာလေလုယာ၊ နတ်ဘုရားအပေါင်းတို့၊ ဘယ်သူပဲဖြစ်ဖြစ် အသက်ကို ကယ်နိုင်ရင် ရပါပြီ၊ ကလေးတွေကို ကယ်ကြပါဦး"

တစ်ချို့က ကျယ်လောင်စွာအော်ဟစ်နေကြပြီး၊ တစ်ချို့ကတော့ ပြေးရင်းနှင့် လေထဲတွင် မျက်ရည်များ စီးကျနေကြ၏။

ဤအခိုက်အတန့်တွင် သူတို့အလိုအလျောက် ခံစားမိလိုက်သည်မှာ ဤကမ္ဘာကြီးပြောင်းလဲတော့မည် ဆိုခြင်းပင်။

'ဘယ်သူပဲ ဖြစ်ဖြစ်၊ အသက်လေးတော့ ကယ်ပေးကြပါဦး'

ရုတ်တရက် သရဲတစ်ကောင်က လူသားများဆီသို့ ပြေးဝင်လာတော့သည်။

သို့သော် ထိုလူအုပ်စု အနားသို့ မရောက်ခင်မှာပင် ဘေ့စ်ဘော ရိုက်ခံလိုက်ရသကဲ့သို့ တုတ်ဖြင့် တစ်ချက် ရိုက်ထုတ်ခံလိုက်ရပြီး အဝေးသို့ လွင့်စင်သွားတော့သည်။

"မြန်မြန် သွားကြ" နောက်ဘက်မှ လေးနက်သော အသံတစ်ခု ထွက်ပေါ်လာကာ သူတို့အားပြေးရန်တိုက်တွန်းလိုက်၏။

ထိုလူအုပ်စုထဲမှ တစ်ယောက်က နောက်သို့ လှည့်ကြည့်လိုက်သောအခါ ဝေဝါးနေသော အဖြူရောင်ပုံရိပ်တစ်ခုက အဖြူရောင် လက်နက်ကိုကိုင်ဆောင်ကာ လေထဲတွင် မားမားမတ် မတ် ရပ်နေသည်ကို မြင်လိုက်ရသည်။

ထိုသူသည်လွတ်ထွက်လာသော သရဲများကို တားဆီးပေးထားလေသည်။

ထိုအဖြူရောင်ပုံရိပ်ကို နယ်နိမိတ်မျဉ်းအဖြစ် သတ်မှတ်ကာ ဤလေဟာနယ်ကို အပိုင်းနှစ်ပိုင်းပိုင်းခြားထားသကဲ့သို့ပင်မြင်နေရ၏။

ရှေ့ဘက်က သရဲတစ္ဆေများ သောင်းကျန်းနေသော နေရာ၊ နောက်ဘက်က လူ့ပြည်ပင်မဟုတ်လော။

" ညီအစ်ကို ဝူချန်၊ ငါ လာပြီ"

ထို့နောက်အဝေးဆီမှ အနက်ရောင်ပုံရိပ်တစ်ခုက အမြန် ရောက်ရှိလာပြန်၏။

လူမရောက်ခင် လက်ထဲရှိ သံကြိုးများက အရင်ပျံထွက်လာခဲ့ပြီဖြစ်ကာ သံကြိုးများက သရဲတစ္ဆေများကို ရစ်ပတ်လိုက်ပြီး 'ဂျလွင် ဂျလွင်' မြည်သံများ ထွက်ပေါ်လာတော့သည်။

……

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှခွဲထွက်လာသော မြင်ကွင်းများကိုကြည့်ရင်း ပရိသတ်များအားလုံး မျက်လုံးပြူးသွားကြပြီး သူတို့ရင်ထဲတွင် ကျိန်ဆဲမိသွားကြသည်။

ခေါင်းနပန်းကြီးသွားသည့် တစ်ချိန်တည်းမှာပင် ကိစ္စ၏ကြီးလေးမှုကိုလည်း သဘောပေါက်သွားကြလေပြီ။

[အမေရေ၊ ဒါက ထိတ်လန့်စရာတွေ ပြန်လည် အသက်ဝင်လာတာလား]

[လန့်လွန်းလို့ ငါ မြန်မြန် ဒူးထောက်ပြီး Streamer ကြီးကို ရှိခိုးလိုက်တယ်]

[လခွမ်း လခွမ်း၊ ငါ အခု ကော်ဖီဆိုင်မှာ ရောက်နေတာ၊ အပြင်ဘက် ကောင်းကင်ကြီးက မှောင်မည်းနေတာပဲ၊ ငါ မြန်မြန် အိမ်ပြန်ပြေးသင့်လား၊ ဒါမှမဟုတ် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက ဝိညာဉ်တမန်တော်ကြီးတွေကို ဆက်ကြည့်နေသင့်လား]

[အပေါ်ကလူ လျှောက်မပြေးနဲ့နော်၊ အဲဒီလို ပြေးရင် ပိုမြန်မြန် သေသွားနိုင်တယ်]

[ဟုတ်တယ် ဟုတ်တယ်၊ ဝိညာဉ်တမန်တော်တွေ မင်းတို့ ဧရိယာဘက်ကို ရောက်နေလောက်ပြီ]

[...]

ကော်ဖီဆိုင်တွင် ထိုင်နေသောထိုပရိသတ်သည် လက်ကိုင်ဖုန်းမှ ခေါင်းမော့လိုက်ပြီး မျက်နှာပျက်လျက်ညာဘက်သို့ ကြည့်လိုက်၏။

ကော်ဖီဆိုင်၏မှန်ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို ကြည့်လိုက်ရာ ညနေ ခြောက်နာရီ၊ ခုနစ်နာရီခန့်ကဲ့သို့ မှောင်မည်းနေသည်ကို မြင်ရသည်။

အရေးအကြီးဆုံးအချက်မှာ ထူးဆန်းသော မျက်နှာတစ်ခုက မှန်ပြတင်းပေါက်တွင် ကပ်လျက် သူ့ကို တိတ်ဆိတ်စွာကြည့်နေခြင်းပင်ဖြစ်၏။

ပရိသတ်: "......"

'ဒီကောင်က သရဲဆိုတာ ငါ မသိဘူး မထင်နဲ့'

'ဒီလောက်ကြာကြာ တိုက်ရိုက်ထုတ်လွှင့်မှုကြည့်လာတာ အလကားမှ မဟုတ်တာ'

ထိုအခါသူသည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှ ကံစမ်းမဲ ပေါက်ထားသော အနီရောင် စာအိတ်လေးကို တိတ်တဆိတ် ဆုပ်ကိုင်ထားလိုက်ပြီး သူ နည်းနည်း ပိုကြာကြာတောင့်ခံထားနိုင်ရန် ဆုတောင်းနေမိတော့သည်။

[ဒီနေ့ အပြင်ကို မထွက်လာခဲ့သင့်ဘူး]

[ဝိညာဉ်တမန်တော်တွေကို ဆင့်ခေါ်တယ်၊ Streamer ကို ဆင့်ခေါ်တယ်၊ ဓားကိုင်ပြီး သရဲတွေကို သတ်ပေးမယ့် ပရိသတ်တွေကို ဆင့်ခေါ်တယ်...]

[အပေါ်ကလူ မင်း တော်လောက်ပြီနော် ပါးစပ်ပိတ်ထား၊ ငါကြောက်တယ်!]

……

#မူရင်းရေးသူ၏မှတ်ချက်

【မှိုလေး၏ ရှင်းလင်းချက်:

ဒီတစ်ကြိမ် ပွင့်သွားတဲ့ ချိတ်ပိတ်ထားတဲ့ နေရာတွေကတော့

၁။ မိစ္ဆာသရဲကြီးများ ချိတ်ပိတ်ထားတဲ့ နေရာ

၂။ ငရဲပြည် သရဲတစ္ဆေများ ချိတ်ပိတ်ထားတဲ့ နေရာ

၃။ ငရဲမင်းကြီးတွေကို သီးသန့် ရည်ရွယ်ထားတဲ့ ချိတ်ပိတ်ထားတဲ့ နေရာ (ငရဲမင်းကြီးတွေရဲ့ ရန်သူတွေလို့လည်း ခေါ်ပါတယ်)

ဒီဇာတ်လမ်းကမ္ဘာမှာ ငရဲပြည်က တစ်ခုတည်းပဲ ရှိပါတယ်။

အရှေ့၊ အနောက်၊ တောင်၊ မြောက်လို့ပဲခွဲထားပြီး ပြည်တွင်း၊ ပြည်ပဆိုပြီး မခွဲထားပါဘူး။)

🫧 Chapter 164

အရှေ့ဘက် ငရဲပြည်တွင်

ငရဲမင်းကြီးက ဝိညာဉ်တမန်တော်များကို လွတ်လပ်စွာ ကူညီရန် သို့မဟုတ် လိုက်လံ သတ်ဖြတ်ရန် အမိန့်ပေးခဲ့သော် လည်း အရှေ့ဘက်ငရဲပြည်၏အစဉ်အလာအရ တစ်ကိုယ် တော်သွားလေ့ရှိသူ အနည်းငယ်မှလွဲ၍ တပ်မှူးကြီး အများစုမှာ အချင်းချင်းကူညီပေးရန် အဖွဲ့များ ဖွဲ့စည်းခဲ့ကြသည်။

ပိုက်ကွန်ကို ဖြန့်ကျက်ထားခြင်းက သရဲတစ္ဆေများကိုပိုမိုဖမ်း ဆီးနိုင်မည် ဖြစ်သော်လည်း အင်အားများလည်းပိုမို ပြန့်ကျဲသွားမည် ဖြစ်သည်။

ယခုကဲ့သို့အခြေအနေမျိုးတွင် ပူးပေါင်းဆောင်ရွက်ခြင်းက ထိခိုက်ဒဏ်ရာရမှုများကို ပိုမို လျှော့ချပေးနိုင်မည်မှာ သေချာလှသည်။

ထိုအခါမှသာ လူသားများအတွက်ပါ၊ ဝိညာဉ်တမန်တော်များအတွက်ပါ ထိခိုက်မှုများလျော့နည်းသွားမည်ပင်။

နွားခေါင်း ဝိညာဉ်တမန်တော်အဖွဲ့က မြင်းခေါင်း ဝိညာဉ်တမန်တော်အဖွဲ့များကို သွားရှာသည်။

အနက်ရောင် ဝိညာဉ်တမန်တော်အဖွဲ့က အဖြူရောင် ဝိညာဉ်တမန်တော်အဖွဲ့များကို သွားရှာသည်။

အခြားသော အဖွဲ့များကလည်း တတ်နိုင်သမျှ ပူးပေါင်းရန် ကြိုးစားကြ၏။

ရွှီရှို့စစ် ပါဝင်သောအဖွဲ့မှာ အနက်ရောင် ဝိညာဉ်တမန်တော် အဖွဲ့ (၁၀) ဖြစ်သည်။

ထိုအခါသူက အဖွဲ့ခေါင်းဆောင်ကြီးကို အကြံပြုလိုက်၏။

"ခေါင်းဆောင်ကြီး၊ အခု အဖွဲ့ (၁၈) က အသစ်ဖွဲ့ထားတာဆိုတော့ အဖွဲ့ဝင်လည်း နည်းတယ်၊ သူတို့ဆီမှာ အကူအညီ အလိုဆုံးဖြစ်နေမှာ သေချာတယ်"

ရွှီရှို့စစ် ပြီးခဲ့သည့်အကြိမ်က အားလပ်ချိန်ရ၍ အိမ်ပြန်သွားစဉ် ဇနီးဖြစ်သူက ကျန်းလင်လာရှာသွားကြောင်း ပြောပြခဲ့သည်။

သို့သော် ထိုအချိန်က သူ အရမ်းအလုပ်များနေသဖြင့် ကျန်းလင် ဆီသို့ သွားမတွေ့နိုင်ခဲ့ချေ။

ကျန်းလင် ခေါင်းဆောင်ကြီးဖြစ်သွားကြောင်း သူ အနည်း ငယ် ကြားသိခဲ့ရသော်လည်း ဂုဏ်ပြုစကားသွားမပြောနိုင်ခဲ့ပေ။

ယခုလို ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာသောအခါ ခရိုင် (၁၈) ဘက်တွင် အကူအညီ အလိုအပ်ဆုံးဖြစ်နေမည်မှာ သေချာလှသည်။

"အဖွဲ့ (၁၈) သူတို့ဘက်မှာ ဝိညာဉ်တမန်တော် အယောက်နှစ်ဆယ်ပဲရှိပြီး အရင်ဆုံးလက်တွေ့ လေ့ကျင့်ခိုင်းထားတာလို့ ငါ ကြားတယ်" ဟု အဖွဲ့ (၁၀) ၏အနက်ရောင် ဝိညာဉ်တမန်တော် ခေါင်းဆောင်ကြီးက ပြောလိုက်၏။

ခေါင်းဆောင်ကြီးများအတွက် လက်တွေ့ လေ့ကျင့်ခိုင်းခြင်းက သိပ်ပြီး မထူးဆန်းလှချေ။

အားလုံးက တပ်မှူးကြီးရာထူးကို ချက်ချင်းအသားကျနိုင်မည် မဟုတ်ပါချေ။

လေ့ကျင့်ပေးရန် လိုအပ်သည်မဟုတ်လော။

အဖွဲ့ (၁၀) ၏ ခေါင်းဆောင်ကြီးသည် အနည်းငယ် စဉ်းစားပြီးနောက် ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီ၊ ဒါဆို ခရိုင် (၁၈) ကို သွားကူညီကြမယ်၊ လောလောဆယ် တာဝန်မရှိတဲ့ အနက်ရောင် ဝိညာဉ်တမန်တော်တွေ အားလုံး ငါ့နောက်က လိုက်ခဲ့ကြ!"

"အမိန့်ခံယူပါတယ်"

အနက်ရောင် ဝိညာဉ်တမန်တော် အုပ်စုကြီးမှာ ငရဲပြည် လမ်းကြောင်းထဲသို့ ဝင်ရောက်ကာ လူ့ပြည်သို့ ခမ်းနားစွာ ထွက်ခွာသွားကြတော့သည်။

'အဖွဲ့ (၁၈) ရဲ့ အဖွဲ့ဝင်တွေကို ဘယ်မှာ သွားရှာရမလဲ'

'သေချာပေါက် ခရိုင် (၁၈) ကို သွားရှာရမှာပေါ့'

တိုက်ခိုက်ရန် ဝါသနာပါသော အနက်ရောင် ဝိညာဉ်တမန်တော် အချို့မှာ အင်္ကျီလက်များပင် ပင့်တင်ကာ အလွန်စိတ်လှုပ်ရှားနေကြ၏။

'တခြားကိစ္စတွေမှာ သူတို့ ညံ့ချင်ညံ့မယ်၊ ဒါပေမယ့် တိုက် ခိုက်တဲ့ နေရာမှာတော့ ရှေ့တန်းကနေ သေချာပေါက်ပါဝင်ရမယ်လေ'

ငရဲပြည်လမ်းကြောင်းမှ ထွက်လာပြီးနောက် အနက်ရောင် ဝိညာဉ်တမန်တော် အဖွဲ့သည် နှစ်ယောက်တစ်တွဲ ခွဲကာ ခရိုင် (၁၈) တစ်လျှောက် အပြတ်ရှင်းလင်းသွားကြတော့သည်။

အဖော်ကွဲနေသော အဖြူရောင်ဝိညာဉ်တမန်တော်များ ရှိ၊ မရှိ လမ်းကြုံရှာဖွေပြီး အဖွဲ့ဖွဲ့ရန်လည်းရည်ရွယ်ထား၏။

စကားပုံတစ်ခု ရှိသည်မဟုတ်ပါလော။

'အနက်ရောင်နဲ့ အဖြူရောင်ဝိညာဉ်တမန်တော် အတူတူ အလုပ်လုပ်ရင် မပင်ပန်းဘူးတဲ့'

တစ်ယောက်က ဝိညာဉ်တွေကို သိမ်းဆည်းဖို့ တာဝန်ယူပြီး၊ နောက်တစ်ယောက်က မိစ္ဆာသရဲတွေကို နှိမ်နင်းဖို့ တာဝန်ယူခြင်းဖြစ်သည်လေ။

ထိုသို့တွေးနေစဉ်မှာပင် အနက်ရောင်ဝိညာဉ်တမန်တော် နှစ်ဦးသည် အဝေးမှ အဖြူရောင်ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရ၏။

ထိုအခါ သူတို့၏မျက်လုံးများ အရောင်လင်းသွားပြီး အင်္ကျီလက်များပင့်တင်ကာ ပြေးသွားကြတော့သည်။

"ညီအစ်ကို၊ မကြောက်နဲ့၊ သတ်တာဖြတ်တာတွေကို ငါတို့ဆီ လွှဲထားလိုက်"

ရှေ့ဘက်တွင် နျဲ့ကျိုသည် တုတ်တစ်ချက်တည်းဖြင့် မျက်စိရှေ့ရှိ သရဲသုံးကောင်ကို ရိုက်ခွဲလိုက်ပြီး အသံလာရာဘက်သို့ လှည့်ကြည့်ကာမေးလိုက်၏

နျဲ့ကျို: "မင်းတို့ ခုနက ဘာပြောလိုက်တာလဲ"

အနက်ရောင် ဝိညာဉ်တမန်တော်နှစ်ဦးမှာ ဒေါသတကြီး ပြေးလာပြီးနောက် အရေးပေါ် ဘရိတ်အုပ်လိုက်ရ၏။

"......"

'ဒီ အဖြူရောင်ဝိညာဉ်တမန်တော် ညီအစ်ကိုက ဘာလို့ ဒီလောက်တောင် ကြမ်းရမ်းနေရတာလဲ'

'သူတို့ အနက်ရောင် ဝိညာဉ်တမန်တော်တွေထက် လုံးဝမညံ့ဘူးပဲ! သရဲသုံးကောင်ကို ချက်ချင်းသတ်ပစ်လိုက်တယ်'

နျဲ့ကျို ငရဲမင်းကြီးထုတ်ပြန်ခဲ့သော အမိန့်ကို သတိရသွားပြီး ပြောလိုက်သည်။

"မင်းတို့က ကူညီဖို့လာတာမလား ကျေးဇူးပဲနော်၊ ဒါပေမယ့် တခြားနေရာကို သွားလိုက်ပါ၊ ဒီဘက်မှာ အကူအညီမလိုဘူး"

အနက်ရောင် ဝိညာဉ်တမန်တော် နှစ်ဦး: " ကောင်းပြီ "

ထို့နောက်သူတို့သည် နောက်လှည့်ကာ အခြားတစ်နေရာသို့ ပြေးသွားကြသည်။

သိပ်မဝေးခင်မှာပင် သရဲတစ္ဆေ အုပ်စုတစ်စု၏အလယ်တွင် ပိတ်မိနေသော ပုံရိပ်နှစ်ခုကို မြင်လိုက်ရ၏။

ချက်ချင်းပင် သူတို့၏ရင်ထဲတွင် ဝမ်းသာသွားကာတွေးလိုက်ကြသည်။

'ဒီတစ်ခါတော့ အကူအညီလိုလောက်ပြီပေါ့'

"အဖြူရောင်တမန်တော် ညီအစ်ကိုတို့၊ ငါတို့ ကာကွယ်ပေးဖို့ လာပြီ"

စကားပင် မဆုံးသေးခင် ထိုသရဲအုပ်စုကြားတွင် ရပ်နေသော အဖြူရောင် ဝိညာဉ်တမန်တော်တစ်ဦးက သူမ၏ လက်ထဲရှိ တောင်ဝှေးကို လှုပ်ရှားလိုက်သည်ကို မြင်လိုက်ရသည်။

နောက်တစ်စက္ကန့်တွင် ပတ်လည်ရှိ သရဲများအားလုံး ရုတ်တ ရက် ပေါ်လာသော အကျဉ်းထောင်တစ်ခုထဲတွင် ပိတ်မိသွားတော့သည်။

အချိန်တိုအတွင်းမှာပင် အကျဉ်းထောင်ထဲရှိ သရဲများမှာ အမည်းရောင် ရေများအဖြစ် ပြောင်းလဲသွား၏။

အကျဉ်းထောင် ပျောက်ကွယ်သွားသည်နှင့်အမျှ ထိုအမည်းရောင် ရေများလည်း ပျောက်ကွယ်သွားတော့သည်။

အနက်ရောင် ဝိညာဉ်တမန်တော် နှစ်ဦး: "......"

'ဒီအခြေအနေက သူတို့ ထင်ထားတာနဲ့ လွဲနေသလိုပဲ'

'အနက်ရောင် ဝိညာဉ်တမန်တော်တွေနဲ့ ယှဉ်ရင်အဖြူရောင် ဝိညာဉ်တမန်တော်တွေက ဝိညာဉ်တွေခေါ်ဆောင်တဲ့ နေရာမှာ ပိုတော်တယ်လို့ ပြောကြတာ မဟုတ်ဘူးလား'

'သရဲတွေကို နှိမ်နင်းတဲ့နေရာမှာ ငါတို့ အနက်ရောင် ဝိညာဉ်တမန်တော်တွေက ပိုတော်တာလေ'

ပြီးနောက်မျက်နှာချင်းဆိုင်မှ ဖူကျားနှင့် ကျိယင်တို့က လှည့်ကြည့်လာကြသည်။

ထို့နောက်ကျိယင်က မေးလိုက်၏။

"အကူအညီ လိုလို့လား"

အနက်ရောင် ဝိညာဉ်တမန်တော် နှစ်ဦးက အမြန်ခေါင်းရမ်းပြလိုက်သည်။

"လမ်းကြုံလို့ပါ၊ လမ်းကြုံလို့ပါ..."

ဖူကျား: "အကူအညီ လိုရင် ပြောပါနော်၊ ငါတို့ အရင် နောက်တစ်နေရာကို သွားလိုက်ဦးမယ်"

"ကောင်းပါပြီ၊ ကောင်းပါပြီ"

ဖူကျားနှင့် ကျိယင် တို့ ထွက်သွားသည်ကိုကြည့်ရင်း အနက်ရောင် ဝိညာဉ်တမန်တော် နှစ်ဦးမှာ သူတို့၏အသိဉာဏ်များ ပြောင်းပြန်လှန်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

'ဘယ်သူက ပြောတာလဲ၊ အဖြူရောင် ဝိညာဉ်တမန်တော်တွေ သရဲ မနှိမ်နင်းတတ်ဘူးလို့'

'ဆွဲထုတ်ပြီး ရိုက်သတ်ပစ်'

ထိုခံစားချက်က သူတို့ကိုယ်ပေါ်တွင် အခြားစွမ်းအားတစ်မျိုးအဖြစ် ပြောင်းလဲသွားပြီး သရဲတစ္ဆေများကို အရူးအမူးလိုက် လံရိုက်နှက်ကြတော့သည်။

'အကူအညီလိုအပ်တဲ့ အဖြူရောင် ဝိညာဉ်တမန်တော်ကို တွေ့မှပဲ ကြည့်လုပ်ကြတော့မယ်'

'တွေ့ဖို့တောင် မသေချာသေးဘူးလေ'

……

[ဝိညာဉ်တမန်တော်တွေ အစွမ်းထက်တယ်! နျဲ့ကျို ကြီး မိုက်တယ်ဟေ့]

[နျဲ့ကျို: မင်းတို့ ခုနက ဘာပြောလိုက်တာလဲ၊ ကူညီမယ် ၊ဘယ်သူက အကူအညီ လိုလို့လဲ]

[ဒီအနက်ရောင် ဝိညာဉ်တမန်တော် နှစ်ယောက်က ကူညီချင်လို့ပါ ဒါပေမယ့် အဖြူရောင်ဝိညာဉ်တမန်တော်တွေ အပေါ် အထင်လွဲနေတာလေး တစ်ခုပဲ ရှိတာပါ ]

[အနက်ရောင် ဝိညာဉ်တမန်တော်ကြီးတွေ ကြိုးစားကြပါ လာကူညီပေးတဲ့အတွက် ကျေးဇူးပါ!]

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ပရိသတ်များက မှတ် ချက်များကို အဆက်မပြတ် ရေးသားနေကြ၏။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသော ပရိသတ်များအားလုံး ယခုအချိန်တွင် လုံခြုံရာနေရာများတွင် သွားရောက် ပုန်းအောင်းနေကြလေပြီ။

တစ်ချက်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ နောက်တစ်ချက်က ဝိညာဉ်တမန်တော်တွေကို အလုပ်မရှုပ်စေဖို့ပါပဲ။

ထို့ပြင် သူတို့၏အနီးအနားရှိ ဆွေမျိုး သူငယ်ချင်းများကိုပါ အတူတူ ပုန်းအောင်းနေရန် တိုက်တွန်းထားကြသည်။

'ဒီအချိန်ကြီးမှာ အပြင်ကိုထွက်ပြေးနေရင် အသက်တိုချင်လို့ မဟုတ်ဘူးလား'

ပရိသတ်များမှာ ထောင့်တစ်နေရာတွင် ပုန်းအောင်းနေရင်း မှတ်ချက်များထဲတွင် တိတ်တဆိတ် အားပေးနေကြရုံသာ တတ်နိုင်တော့သည်။

ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏အပေါ်ဘက်တွင် သတင်းဌာနမှ အရေးပေါ် ကြေညာချက်များ တက်လာပြီး လူများကို အိမ်တွင်း၌သာ နေထိုင်ကြရန်နှင့် အပြင်မထွက်ကြရန် တိုက်တွန်းထား၏။

တိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်သော သူများက ဘာတွေ ဖြစ်နေမှန်း မသိကြသော်လည်း အများစုကတော့ နိုင်ငံ တော်၏ သတိပေးချက်ကို ယုံကြည်လိုက်နာရန် ရွေးချယ်ခဲ့ကြသည်။

[အဖြူရောင် နို့သကြားလုံးက Streamer ကို မိုးမျှော်တိုက် ၁ ခု လက်ဆောင် ပေးလိုက်ပါတယ်]

[ရှောင်ဝမ်က Streamer ကို မီးပုံးပျံ ၆ ခ လက်ဆောင် ပေးလိုက်ပါတယ်]

[ကျန်းယွမ်က Streamer ကို...]

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် လက်ဆောင်များ ဆက် တိုက်ဆိုသလို တက်လာနေ၏။

ပရိသတ်များက သူတို့၏နှလုံးခုန်နှုန်း မြန်ဆန်နေသည်ကို ခံစားနေရပြီး လက်ဖဝါးများတွင်လည်း ချွေးများ ထွက်နေကြသည်။

လူငယ်ပရိသတ်များစွာအတွက် အပြင်ဘက်ရှိ အမှောင်ထုကို ကြည့်ရင်း ကမ္ဘာပျက်မည့်နေ့ ရောက်လာသကဲ့သို့ ခံစားနေရသည်။

'အခုက နေ့ခင်းဘက်ကြီးနော်'

'ခုနလေးတင် နေထွက်နေသေးတာကို၊ အခုတော့ နေရောင်ကိုတောင် ရှာမတွေ့တော့ဘူး'

သို့သော် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကိုကြည့်ရင်းနှင့် တဖြည်းဖြည်း ပရိသတ်များ၏နှလုံးခုန်နှုန်းများ ပုံမှန် ပြန်ဖြစ်လာကြသည်။

လက်ဖဝါးမှာ ချွေးတွေ ထွက်နေတုန်း ဆိုပေမယ့် အရင်ကလောက်တော့ မကြောက်တော့ပါဘူး။

ရုတ်တရက်သိပ်ကြောက်စရာ မကောင်းတော့ပါဘူးလို့ ခံစားလိုက်ရတယ်.]

[ဝိညာဉ်တမန်တော်တွေ ရှိနေသေးတာပဲ မဟုတ်လား]

[တကယ်တော့ စဉ်းစားကြည့်ရင်၊ သရဲပွဲတော် တုန်းက အခြေအနေကလည်း အခုလိုမျိုးပဲ]

[ဟုတ်တယ်၊ နေ့ခင်းဘက်ကြီး ညဘက် ဖြစ်သွားတာပဲ မဟုတ်လား၊ နေကြတ်တာလည်း ဒီလိုမျိုးပဲလေ]

[ငရဲပြည်ကြီး ကြိုးစားပါ!

[အားလုံး ရှိနေကြသလို၊ ဝိညာဉ်တမန်တော်တွေလည်း ရှိနေတာကို မြင်ရတော့ ငါ စိတ်အေးသွားပြီ]

[ငါ အခု အမွှေးတိုင် သုံးတိုင် ထွန်းပြီး ရှိခိုးနေပြီ...]

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ မှတ်ချက်များကို ကြည့်ခြင်းအားဖြင့် ပရိသတ်များ၏စိတ်ပိုင်းဆိုင်ရာ အခြေအနေများ တဖြည်းဖြည်းတည်ငြိမ်လာကြောင်း တွေ့မြင်နိုင်သည်။

ထိုတိုက်ရိုက်ထုတ်လွှင့်မှု အခန်းက ပုံမှန်အချိန်တွေမှာ တိုက်ရိုက် လွှင့်နေတာတွေက အခုလို အချိန်မျိုးမှာ အတော်လေး အသုံးဝင်တယ်လို့ ဆိုရမယ်။

အနည်းဆုံးတော့ ဒီလို အရေးပေါ် အခြေအနေမျိုးမှာ သူတို့က ငရဲပြည်ရဲ့ စွမ်းအားတွေကိုယုံကြည်ပြီး အားကိုးဖို့ ဆန္ဒရှိနေကြတယ်။

အလန့်တကြားနဲ့ ကစဉ့်ကလျား ဖြစ်သွားတာမျိုး၊ ကမ္ဘာပျက်မယ့် သီအိုရီတွေ ဖြန့်တာမျိုး၊ အဓိကရုဏ်းတွေ ဖန်တီးတာမျိုး မလုပ်ကြဘူးလေ။

ပရိသတ်များ တဖြည်းဖြည်း စိတ်အေးချမ်းလာသည်နှင့်အမျှ အပြင်ဘက်ရှိ သရဲတစ္ဆေများ စုပ်ယူနိုင်မည့် မကောင်းမြင်စိတ် စွမ်းအင်များလည်း လျော့နည်းလာတော့သည်။

ကောင်းကင်ကြီး စတင်မှောင်မည်းသွားပြီး သာမန်လူတွေ သရဲတစ္ဆေတွေကို စတင် မြင်တွေ့ရချိန်မှာတုန်းက မကောင်းမြင်စိတ် စွမ်းအင်တွေက ပင်လယ်ပြင်ကြီးလိုပင် သရဲတစ္ဆေတွေ၏ ပါးစပ်ထဲကို တိုက်ရိုက် ရောက်သွားခဲ့တာဆိုတာ သိထားရမည်။

သို့သော် အခုတော့ အဲဒီမကောင်းမြင်စိတ် စွမ်းအင်တွေက တဖြည်းဖြည်း လျော့နည်းလာပြီး ချောင်းငယ်သာသာ လောက်သာကျန်တော့၏။

သရဲတစ္ဆေများ: "..."

'ဒါက သူတို့ အရင်တုန်းက လူ့ပြည်ကို ဒုက္ခပေးခဲ့တဲ့ အချိန်ကနဲ့ မတူပါလား'

'ချိတ်ပိတ်ခံထားရတဲ့ နှစ်တွေအတွင်းမှာ လူ့ပြည်မှာ ဘာတွေ ဖြစ်သွားခဲ့တာလဲ'

'သူတို့ ခေတ်နောက်ကျသွားပြီလား’

All Chapters