အခန်း (၁၆၇-၁၆၈)
Vol. 17 Ch. 167-168
🫧 Chapter 167
'ဝုန်း'
ပင်လယ်ပြင် အထက်မှနေ၍ ကျန်းလင်ဖန်တီးထားသော တံပိုးမိုးများက ရွှမ်းခနဲမြည်သံများနှင့်အတူ ပင်လယ်ရေအောက် နက်ရှိုင်းရာသို့ ဓားသွားများအလား စိုက်ဝင်သွားကြသည်။
ထိုအခါ ပင်လယ်ပြင်ပေါ်တွင် ရေပူဖောင်းများစွာက 'ပလုံ ပလုံ'နှင့် ပေါ်ထွက်လာ၏။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျန်းလင် ရုတ်တရက် သတိပေးလိုက်သည်။
"သတိထား"
နောက်တစ်စက္ကန့်တွင် ပင်လယ်ထဲမှ အနက်ရောင်ပုံရိပ် ဆယ်ဂဏန်းခန့် ရုတ်တရက် ခုန်ထွက်လာကြတော့သည်။
ထိုအခါ နွားခေါင်းနှင့် မြင်းခေါင်းတို့လည်း ချက်ချင်းပင် လက်နက်များကို ဆွဲကာ ပြေးဝင်သွားကြသည်။
"မင်းတို့ ကောင်တွေ အကုန်လုံး အထဲပြန်ဝင်သွားကြစမ်း"
ထို့ပြင် သူတို့၏လက်နက်များဖြစ်သော တူငယ်လေးနှင့် ခက်ရင်းခွတို့က တစ်ချက်ရိုက်တိုင်း တစ်ကောင် ထိမှန်လေသည်။
ကျန်းလင်လည်း လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်ခေါ်တံပိုးက သူ့ လက်ထဲသို့ ပြန်လည် ရောက်ရှိလာပြီး တိုက်ပွဲထဲသို့ ဝင်ရောက်သွားတော့သည်။
"ဟင်း... မင်းတို့ဘာသာ ဖြည်းဖြည်းချင်းတိုက်နေကြတော့..."
ရိုက်ချခံလိုက်ရသော မိစ္ဆာသရဲတစ်ကောင်က တိတ်တဆိတ် ထွက်ပြေးရန် ပြင်လိုက်စဉ် ဧရာမဇွန်းကြီးတစ်ချောင်းက မျက်နှာချင်းဆိုင်မှ ပျံသန်းလာသည်ကိုမြင်လိုက်ရသည်။
'ဟုတ်တယ်၊ သူ အမြင်မမှားပါဘူး၊ ဇွန်း... ဇွန်းကြီးက ဘယ်လိုလုပ်ပြီးရောက်လာတာလဲ'
'ဒီမှာက တိုက်ပွဲမြေပြင်နော်၊ နည်းနည်းလောက် အလေးအနက်ထားလို့ မရဘူးလား'
ပင်လယ်ကမ်းစပ်တွင် ကျန့်အန်းမင်းသားလက်ထဲရှိ ဇွန်းကြီးမှာ အလိုအလျောက် ပျံသန်းသွားခဲ့ပြီ ဖြစ်သည်။
ထိုဇွန်းကြီးမှာ တစ်ဇွန်းခပ်လိုက်တိုင်း မိစ္ဆာသရဲ တစ်ကောင် ပါလာ၏။
ထို့နောက်၎င်းသည် ဧရာမ ပန်းကန်လုံးကြီးထဲသို့ ထည့်လိုက်သည်။
ပန်းကန်လုံးထဲတွင် အပြာရောင် မီးတောက်များက တဟုန်း ဟုန်းတောက်လောင်နေပြီး ခဏအကြာတွင် အထဲရှိ သရဲများမှာ အလုံးလေးများဖြစ်သွားကာ ပန်းကန်လုံးထဲမှာ တုန်ရီနေတဲ့ ကောက်ညှင်းလုံးများဖြစ်သွားတော့သည်။
ကျန်းလင် ဘေးမှဖြတ်သွားစဉ် ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ မေးလိုက်မိသည်။
"စားတော့မလို့လား"
ထိုအခါ ကျန့်အန်းမင်းသား သူ့ကို ပြုံးပြရင်း "အတူတူ စားမလား" ဟု မေးလိုက်သည်။
ကျန်းလင် ခဏလောက် ကြောင်သွားပြီး "...ဘယ်လို စားမှာလဲ"
"ချက်စားမလား ပေါင်းစားမလား"
"......"
ထိုအရာကိုတော့ ကျန်းလင် တကယ်ပဲ မစဉ်းစားဖူးပါချေ။
သို့သော် ကျန့်အန်းမင်းသားကတော့ အတော်လေးကျွမ်း ကျင်ပုံရသည်။
'ကြည့်လေ၊ ဝိညာဉ်လက်နက်တွေက ပန်းကန်လုံးနဲ့ ဇွန်း တွဲရက်ကြီးကိုး'
'ပြီးတော့ မီးတောက်တွေပါ တစ်ခါတည်း ပါသေးတယ်'
နွားခေါင်းနှင့် မြင်းခေါင်း : "..."
'ဟေး ဟေး၊ ဘယ်လိုလုပ်ပြီး စားမယ့်အကြောင်းတွေ ဆွေးနွေးနေကြတာလဲ ?'
သူတို့သည် ကျန့်အန်းမင်းသားနှင့် ကျန်းလင်တို့ သရဲများကို ဖမ်းပြီး ပန်းကန်လုံးထဲသို့ ထည့်နေသည်ကိုကြည့်ရင်း၊ တစ်ဖက်ကလည်း ဘယ်လို စားမလဲဆိုတာကို ဆွေးနွေးနေသည်ကို ကြားလိုက်ရသဖြင့် မျက်နှာအမူအရာများမှာလည်း ထူးဆန်းလာတော့သည်။
ထို့နောက် သူတို့လည်း ရိုက်နှက်ပြီးမေ့မြောသွားသော သရဲတစ်ကောင်ကိုဆွဲကာ ထိုပန်းကန်လုံးထဲသို့ ထည့်လိုက်ကြသည်။
နွားခေါင်းနှင့် မြင်းခေါင်း: "အရသာရှိလား"
"...."
ထိုအခါ ပန်းကန်လုံးထဲ မရောက်သေးသော မိစ္ဆာသရဲများ အားလုံးက ထိုဘက်သို့ ပြိုင်တူကြည့်လိုက်ကြ၏။
မျက်လုံးကြီးများ ပြူးကျယ်သွားပြီး ထိုဝိညာဉ်တမန်တော်များကို မယုံနိုင်သလိုကြည့်နေကြသည်။
"ဟေး ဟေး မိစ္ဆာတွေကို နည်းနည်းလောက် လေးစားမှုပေးလို့ မရဘူးလား"
"ဘာစားမှာလဲ အခုက တိုက်ပွဲဝင်နေတာလေ"
"မင်းတို့ကောင်တွေ တကယ်ပဲ အလေးအနက်ထားရဲ့လား"
……
[ လန်းတယ်ဟ ဒီဝိညာဉ်တမန်တော်ကြီးက ဘယ်သူများလဲ အဲဒီနေရာမှာရှိနေတဲ့ ဝိညာဉ်တမန်တော် အားလုံးကို သူ့အကြိုက်လိုက်လုပ်အောင် တစ်ယောက်တည်းနဲ့ ဆွဲဆောင် သွားတယ်နော်]
[ဝိညာဉ်တမန်တော်ကြီး: မင်း ဒီပန်းကန်လုံးကိုကြည့်လိုက်၊ ကြီးလည်း ကြီးတယ်၊ ဝိုင်းလည်း ဝိုင်းတယ်၊ ထမင်းစားဖို့ အရမ်း သင့်တော်တယ် မဟုတ်လား]
[မိစ္ဆာ: .... နေဦး၊ မင်းတို့ကောင်တွေ တစ်ခုခုတော့လွဲနေပြီ]
[အပေါ်ကလူတွေ နင်တို့က ဘယ် Screen ကဟာကို ကြည့်နေတာလဲ]
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် မှတ်ချက်များ၏ အခြေအနေက ရုတ်တရက် ပြောင်းလဲသွားတော့သည်။
အခြား မျက်နှာပြင်များကို ကြည့်နေကြသော ပရိသတ်များမှာလည်း ထိုဘက်သို့ အသီးသီးကူးလာကြ၏။
'သူတို့ ကြည့်နေတာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုတည်း မဟုတ်ဘူးလား'
'ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး အစားအသောက် အကြောင်းတွေ ဆွေးနွေးနေကြတာလဲ'
[ခုနက Streamer ရဲ့ သူငယ်ချင်း ဧရာမသရဲကြီးနဲ့ တိုက်နေတာကို ကြည့်နေတာ၊ နင်တို့က အစားအသောက်ချန်နယ်ကို ပြောင်းသွားတာလား]
[ငါလည်း အဲဒီလို ပန်းကန်လုံးမျိုးလိုချင်တယ်၊ ကိုယ့်ဘာသာ ချက်ပြုတ်တဲ့ လုပ်ဆောင်ချက်ပါ ပါသေးတယ်]
[Streamer ကြီး ကျွန်တော့်ကို ကြည့်ပါဦး၊ ကျွန်တော့်ဆီမှာ ဟင်းချက်နည်းတွေရှိတယ်: သရဲပေါင်း၊ သရဲချက်၊ သရဲကျောက်ကပ်စပ်စပ်လေး... ရှလွတ် ✋🤤🤚]
[နင်တို့တွေ နည်းနည်းလောက် အလေးအနက်ထားကြပါဦး အရမ်းကို လေးနက်တဲ့ ကိစ္စကြီးပါနော် ငါ တစ်ခွန်းပဲ မေးမယ်: အဲဒီ သရဲက စားလို့ကောင်းလား]
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲက ပရိသတ်တွေ နောက် ဆုံးတော့ အဖြေကို မရလိုက်ကြပါချေ။
ထိုအစား အပြင်ဘက်ကမှောင်မည်းနေတဲ့ ကောင်းကင်ကြီးကို ကြည့်ပြီး သူတို့ရဲ့စိတ်အခြေအနေက ရုတ်တရက် ပြောင်း လဲသွားခဲ့ကြသည်လေ။
[ဒီ...ဒီ သရဲက...မွှေးလား]
[တကယ်ရော စားလို့ ရရဲ့လား]
[စားမိရင်ရော ဥပဒေနဲ့ ငြိမလား]
'သူတို့က စားချင်နေတာ မဟုတ်ပါဘူး၊ ဒီပြဿနာကို ဆွေးနွေးကြည့်ချင်ရုံ သက်သက်ပါ'
'သရဲက လူကို ဒုက္ခပေးနိုင်ရင်၊ လူကရော သရဲကို ဒုက္ခပေးလို့ ရမလား'
'သူတို့ သေချာ စဉ်းစားကြည့်ဖို့ လိုတယ်'
'ချန်မိသားစု စားသောက်ဆိုင်' တွင်
'ချန်မိသားစု ဟင်းရည်' ကို ချက်ပြုတ်ရန် ပြင်နေသော ချန်ကျားမင်သည် လက်ထဲရှိ ဟင်းရည်ခပ်ဇွန်းကို ကြည့်ရင်း စဉ်းစားခန်း ဝင်နေတော့သည်။
'ဒီ... ဒီလိုလုပ်လို့ ရနိုင်မလား'
"အင်း၊ စမ်းသပ်ကြည့်တဲ့ အခါကျရင်တော့ ဘိုးဘေးကြီး (အဖိုး) တွေ့သွားလို့ မဖြစ်ဘူး"
……
ပင်လယ်ပြင် အထက်ကောင်းကင်ယံတွင် နောက်ဆုံးတော့ ကျန်းလင် တို့ 'ပွဲတော် မတည်' လိုက်ရပါချေ။
ထွက်ပြေးလွတ်မြောက်လာသော မိစ္ဆာသရဲများ အားလုံးကို ဖမ်းမိပြီးနောက် သူတို့ကိုပြန်လည် ချိတ်ပိတ်လိုက်ကြသည်။
တပ်မှူးကြီးလေးဦးက တစ်ထောင့်စီ နေရာယူကာ ချိတ်ပိတ်မှုများကို လုပ်ဆောင်ကြ၏။
သို့သော် ပြန်လည် ချိတ်ပိတ်စရာသာ မလိုဘူးဆိုလျှင် ကျန့်အန်းမင်းသားက တကယ်ပဲ ပွဲတော်တည်ချင်နေသလားဟု ကျန်းလင် တွေးနေမိသည်။
'မဟုတ်ရင် ဘယ်လိုလုပ်ပြီး ဒီလောက်တောင်ကျွမ်းကျင်နေရတာလဲ'
'ဒီဝိညာဉ်လက်နက်ရဲ့ လုပ်ဆောင်ချက်တွေကရော ဘာလို့ ဒီလောက်တောင် စုံလင်နေရတာလဲ'
'ပန်းကန်လုံးရော၊ ဇွန်းရော၊ မီးပါ ပါသေးတယ်'
ချိတ်ပိတ်မှုများ ပြီးစီးသွားသောအခါ နွားခေါင်းနှင့် မြင်းခေါင်းတို့ကလည်း ထူးဆန်းသော အကြည့်များဖြင့် လှမ်းကြည့်လာကြသည်။
ကျန့်အန်းမင်းသားသည်လည်း လက်သီးဆုပ်ကာ ပါးစပ်ကို ကွယ်၍ နှစ်ချက်ခန့် ချောင်းဆိုးလိုက်၏။
"အဟမ်း အဟမ်း၊ တကယ်တော့ ငါက ဒီတိုင်းလျှောက်ပြောကြည့်တာပါ"
နွားခေါင်းနှင့် မြင်းခေါင်း: "......"
'မဟုတ်ဘူး မဟုတ်ဘူး၊ မင်းပုံစံက ဒီတိုင်းလျှောက်ပြောနေတဲ့ ပုံစံမျိုးမဟုတ်ဘူး'
'မင်း တကယ်ကို အဲဒီလိုတွေးခဲ့တာ'
သို့သော်လည်း နွားခေါင်းနှင့် မြင်းခေါင်းတို့သည် ကျန့်အန်းမင်းသား အသက်ရှင်စဉ်က အကြောင်းများကိုပြန်လည် စဉ်းစားမိသွားပြီး နောက်ဆုံးတွင် ဘာမှမပြောတော့ချေ။
'အသက်ရှင်တုန်းက ဆန်ပြုတ်ဝေပြီး ကုသိုလ်ယူခဲ့တယ်၊ သေပြီးသွားတော့လည်း အပူပေးလို့ရတဲ့ ပန်းကန်လုံးကြီးရယ်၊ ထမင်းစားဖို့ မရှိမဖြစ် လိုအပ်တဲ့ လက်နက်တွေရယ် ရလာတယ်'
'ဒါလည်း အပြစ်ဆိုစရာမရှိပါဘူးနော်'
ကျန့်အန်းမင်းသားက ဘေးတွင် ပင်လယ်ပြင်ကို ကြည့်နေဆဲဖြစ်သော ကျန်းလင်ကို လှည့်ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ၊ ဘာကိစ္စ ရှိသေးလို့လဲ"
ကျန်းလင်: "...ဘာမှမရှိပါဘူး"
'သူက ခုနက ခုန်ချသွားတဲ့ ဝိညာဉ်ဆိုင်ပိုင်ရှင်ရဲ့ပွဲစား သေသွားပြီလား၊ ဒါမှမဟုတ် ချိတ်ပိတ်ခံလိုက်ရသလား ဆိုတာကို သိချင်ရုံလေးပါ'
'ဝိညာဉ်ဆိုင်ပိုင်ရှင်ရဲ့ပွဲစားက နောက်ကျသွားပြီလို့ပြောခဲ့တယ် မဟုတ်လား'
'ကြည့်ရတာ သူတို့ ရောက်လာတာ သိပ်မနောက်ကျသေးဘူး ထင်တယ်'
ရုတ်တရက် အဖွဲ့ခေါင်းဆောင်ကြီး လေးဦးစလုံးအနောက် မြောက်ဘက်ဆီသို့ ပြိုင်တူလှမ်းကြည့်လိုက်ကြသည်။
ထိုအခါ အနောက်မြောက်ဘက် ကောင်းကင်ယံတွင် ရွှေရောင် အလင်းတန်းများ တောက်ပနေသော ဧရာမ '封 (ချိတ်ပိတ်သည်) ဆိုသည့် စာလုံးကြီး တစ်လုံးပေါ်ထွက်လာ၏။
ထိုရွှေရောင် အလင်းတန်းအနီးရှိ အနည်းငယ် အားနည်းသော သရဲတစ္ဆေများမှာ ထိုအလင်းတန်း၏ရိုက်ခတ်မှုကြောင့် ချက်ချင်းပင် အမည်းရောင်အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုအခါ "အဲဒါ တရားသူကြီး ပဲ" ဟု ကျန့်အန်းမင်းသားက ပြောလိုက်၏။
ကျန်းလင်သည် တိုက်ရိုက်ထုတ်လွှင့်မှု၏ခွဲထားသော မျက်နှာပြင်များကို တစ်ချက် ကြည့်လိုက်သည်။
ထိုအထဲမှ မြင်ကွင်းတစ်ခုတွင် ထိုဘက်မှ အခြေအနေများကို အတိအကျမြင်နေရ၏။
တောင်ထွတ်တစ်ခု၏ရှေ့တွင် မျက်နှာထား တင်းမာနေပြီး အနီရောင် ဝတ်ရုံကို ဆင်မြန်းထားသော တရားသူကြီးတစ်ဦး ရပ်နေသည်ကို မြင်လိုက်ရသည်။
လက်တစ်ဖက်တွင် ဖြန့်ထားသော သေမင်းမှတ်တမ်းကို ကိုင်ထားပြီး၊ အခြားလက်တစ်ဖက်တွင် ဝိညာဉ်နုတ်ကလောင်တံ ကို ကိုင်ထား၏။
တရားသူကြီး၏ ရှေ့တွင် မရေမတွက်နိုင်သော အနက်ရောင် ပုံရိပ်များက ရွှေရောင် အလင်းတန်းများ ဖြာထွက်နေသည့် '封' စာလုံးကြီး၏အောက်တွင် ပိတ်မိနေကြသည်။
ထိုရွှေရောင် အလင်းတန်းများ ကျဆင်းလာသောအခါ အတားအဆီး တစ်ခုဖြစ်ပေါ်လာပြီး အထဲရှိ သရဲတစ္ဆေများမှာ လွတ်လမ်း မရှိတော့ချေ။
အနီရောင် ဝတ်ရုံရှင် တရားသူကြီးသည် မျက်စိရှေ့ရှိ သရဲတစ္ဆေများကို ကြည့်နေသော်လည်း မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ ရှိပုံမပေါ် တာဝန်အရလာပုံသာပေါ်၏။
ထို့နောက်သူသည်လက်ထဲရှိ ကလောင်တံက ကောင်းကင်နှင့် မြေကြီးကြားရှိ စွမ်းအားများကို ဆွဲငင်ကာ လေထဲတွင် တစ်ချက် ထောက်လိုက်ကာ ပါးစပ်မှ စကားတစ်ခွန်းထွက်ပေါ် လာသည်။
"ချိတ်ပိတ်"
မျက်တောင်တစ်ခတ်အတွင်းမှာပင်
ကောင်းကင်ယံရှိ ဧရာမ '封' စာလုံးကြီးမှာရွှေရောင် စွမ်းအား တစ်ခုအဖြစ် ပြောင်းလဲကာ ကျဆင်းလာတော့သည်။
ရွှေရောင် အလင်းတန်းထဲတွင် ပိတ်မိနေသော မိစ္ဆာသရဲများမှာ အဆက်မပြတ်ဖိညှစ်ခံရပြီး၊ ထပ်မံ ဖိညှစ်ခံရကာ နောက်ဆုံးတွင် ထိုရွှေရောင် '封' စာလုံးကြီးမှာ တောင်ထွတ်ပေါ်သို့ အပြည့်အဝဖုံးအုပ်သွားတော့သည်။
ပြီးနောက် တောင်ထွတ်ပေါ်တွင် အလင်းရောင်တစ်ချက် လက်သွားပြီးနောက် ချိတ်ပိတ်မှုများပါ သရဲတစ္ဆေများပါ အားလုံးပျောက်ကွယ်သွားတော့သည်။
'ချိတ်ပိတ်မှု အောင်မြင်သွားပြီ'
တောင်ထွတ်တစ်ခုလုံးမှာ ယခင်လိုပြန်လည် ငြိမ်သက်သွားပြီး လေပြင်းများကလည်း ဖြည်းညင်းစွာတိုက်ခတ်နေတော့ သည်။
အနီရောင်ဝတ်ရုံရှင် တရားသူကြီးသည်လည်း တောင်ဘေးတွင် မားမားမတ်မတ်ရပ်ကာကြည့်နေ၏။
ထိုအချိန်တွင် သူ၏အနီရောင်ဝတ်ရုံများက လေတိုက်သဖြင့် တဖျပ်ဖျပ် မြည်နေပြီးနောက် အတန်ကြာမှသာ တဖြည်း ဖြည်းငြိမ်သက်သွားတော့သည်။
🫧 Chapter 168
[ဒီစာအုပ်၊ ဒီစုတ်တံ ဒါတွေ တရားသူကြီးရဲ့ မရှိမဖြစ် ပစ္စည်းတွေပဲ]
[တရားသူကြီးရဲ့ လက်ထဲကဟာက သေမင်းမှတ်တမ်းများ ဖြစ်နေမလား]
[ဒီအကွက်က ငါ့ကို ကြက်သီးထသွားစေပြီ၊ အရမ်းခမ်းနားလွန်းပါရဲ့]
[ဒါက ဒဏ္ဍာရီထဲက ဧရာမမြင်ကွင်းကြီးပဲ၊ တိုက်ရိုက်ကို အပြတ်အသတ်ချေမှုန်းပစ်တာ]
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ပရိသတ်များက အံ့သြတကြီး အော်ဟစ်နေကြ၏။
တရားသူကြီး စတင်လှုပ်ရှားစဉ်ကတည်းက သူတို့ ခန့်မှန်းမိနေခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုစာအုပ်၊ ထိုစုတ်တံ နှင့် ဝိညာဉ်တမန်တော် ဆိုသည့် ဂုဏ်ပုဒ်တို့ပေါင်းစပ်လိုက်လျှင် ဒဏ္ဍာရီထဲမှ ငရဲပြည် ပုဂ္ဂိုလ်တစ်ဦးနှင့် အလွန်ကိုက်ညီနေသော ကြောင့် ဖြစ်၏။
သို့သော် ကျန့်အန်းမင်းသားက 'အဲဒါ တရားသူကြီးပဲ' ဟု နှုတ်မှဖွင့်ပြောလိုက်ချိန်မှသာ သူတို့ အတည်ပြုရဲတော့ သည်။
များစွာသောပရိသတ်များမှာ ရင်ဘတ်ဖိကာ အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။
ဤသည်က ဒဏ္ဍာရီထဲမှ တရားသူကြီးပင် ဖြစ်သည်လေ။
သူတို့သည် ငရဲမင်းကို မြင်ဖူးခဲ့ပြီ၊ အနက်ရောင်နှင့် အဖြူရောင် ဝိညာဉ်တမန်တော်၊ နွားခေါင်းနှင့် မြင်းခေါင်းတို့ကိုလည်း မြင်ဖူးခဲ့ပြီဖြစ်ပြီး ယခု တရားသူကြီးကိုပါ ထပ်မံမြင်တွေ့ခွင့်ရခဲ့ပြီ။
သူတို့မှာ 'လခွမ်း... ရုတ်တရက်ကြီး တန်သွားပြီဟု ခံစားလိုက်ရ၏'
ပရိသတ်များ၏တုံ့ပြန်မှု ပြင်းထန်နေခြင်းမှာ အပြစ်ဆိုဖွယ် မရှိပါချေ။
ဒဏ္ဍာရီထဲမှ တရားသူကြီးဆိုသည့် ရာထူးက သူတို့၏စိတ်ထဲတွင် နက်ရှိုင်းသော မှတ်သားမှုကို ကျန်ရစ်စေခဲ့သော ကြောင့် ဖြစ်၏။
ထို့ကြောင့် တရားသူကြီးကို ကြည့်သည့်အခါ သူတို့၏ မျက်လုံးများထဲတွင် လျှို့ဝှက်ဆန်းကြယ်မှုနှင့် မျှော်လင့်တောင့်တမှု အရိပ်အယောင်များ ပိုမိုပါဝင်နေတော့သည်။
ရှေးခေတ်မှစ၍ ယနေ့တိုင်အောင် ငရဲပြည်နှင့်ပတ်သက်သော ဇာတ်လမ်းတိုင်းတွင် တရားသူကြီးနှင့် အနက်ရောင်၊ အဖြူရောင် ဝိညာဉ်တမန်တော်များကဲ့သို့ ဇာတ်ကောင်များမပါလျှင် မပြီးပါချေ။
'ထိုတရားသူကြီးက သေမင်းမှတ်တမ်းနှင့် ဝိညာဉ်နုတ်ကလောင်တံကို ကိုင်ဆောင်ထားပြီး တစ်ချက်ခြစ်ဆွဲလိုက်ရုံဖြင့် လူတို့၏အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းက ထိုခဏလေးအတွင်းမှာပင် ဆုံးဖြတ်ပြီးသားဖြစ်သွား၏။
အင်တာနက်ပေါ်ရှိ ငရဲပြည်အကြောင်း ရေးသားထားသော ဝတ္ထုများစွာတွင် ဇာတ်လိုက်များသည် တရားသူကြီးအဖြစ်မှ စတင်ကာ သေမင်းမှတ်တမ်းကိုကိုင်ဆောင်ပြီး လူ့ပြည်တွင် 'ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ဆောင်ရွက်' ကြသည်။
ပရိသတ်အများစု၏စိတ်ကူးထဲတွင် တရားသူကြီးနှင့် သေမင်းမှတ်တမ်း ဆိုသည်မှာ 'တရားစီရင်ခြင်း' ကဲ့သို့သော တည်ရှိမှုမျိုး ဖြစ်၏။
Streamer ၏အဖြူရောင် ဝိညာဉ်တမန်တော် ဂုဏ်ပုဒ်ကို ယုံကြည်ထားပြီးသားဖြစ်သောကြောင့် တရားသူကြီး ပေါ်လာချိန်တွင် ပရိသတ်များက ချက်ချင်းယုံကြည်သွားကြခြင်း ဖြစ်သည်။
[တရားသူကြီးက အရမ်းမိုက်တာပဲဟေ့]
[ဒီနေ့ တရားသူကြီးကို မြင်တွေ့ခွင့်ရတာ တကယ်ကို မျက်စိပွင့်သွားတာပါပဲ]
[ငါ မှန်ဘီလူး တစ်ခုယူလာပြီ၊ သေမင်းမှတ်တမ်းပေါ်က စာလုံးတွေကို ငါ မြင်ရနိုင်မလား]
[အပေါ်ကလူ မင်း ကိုယ့်သေတွင်း ကိုယ်မတူးဖို့ အကြံပေးပါရစေ၊ ဖတ်ပြီးသွားရင် ငါ့ဆီ သီးသန့်မက်ဆေ့ချ် ပို့ဖို့မမေ့နဲ့ဦး]
……
ပင်လယ်ကမ်းစပ်တွင်
နွားခေါင်းသည် တောင်ထွတ်ရှိရာဘက်သို့ လှမ်းကြည့်ရင်း ပြောလိုက်၏
"အထူးတန်းစား ဝိညာဉ်တမန်တော်နဲ့ တကယ်လိုက်ဖက်ပါပေတယ်၊ အဲဒီဘက်က အထူးချိတ်ပိတ်ထားတဲ့နေရာ မဟုတ်လား"
"အင်း၊ ငါ နောက်ထပ် ချိတ်ပိတ်ထားတဲ့နေရာကို သွားလိုက်ဦးမယ်"
ထို့နောက်ကျန့်အန်းမင်းသား လှည့်ထွက်သွားပြီး သူ့ ပန်းကန် လုံးနှင့် ဇွန်းကိုယူဆောင်ကာ ထွက်ခွာသွားတော့သည်။
ကျန်းလင်လည်း အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ပြီး ခရိုင် (၁၈) ၏အခြေအနေကို အရင်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ချိတ်ပိတ်ထားသောနေရာများသို့ ပထမတန်းစားနှင့် အထူး တန်းစား ဝိညာဉ်တမန်တော်များ အသီးသီးရောက်ရှိနေပြီဖြစ်ရာ ပြဿနာကြီးကြီးမားမား မဖြစ်နိုင်တော့ချေ။
ယခုအချိန်တွင် လူ့ပြည်နှင့် ငရဲပြည်မှာအပြင်ပန်းတွင် အခြေ အနေ အလွန် ဆိုးရွားနေသေးပုံပေါ်သော်လည်း စွမ်းအားကြီးသူများက ဝင်ရောက် ထိန်းချုပ်ထားပြီ ဖြစ်၏။
အစပိုင်းတွင် အနည်းငယ် ရှုပ်ထွေးသွားခဲ့သော်လည်း ယခုအခါ အရာအားလုံးက စနစ်တကျလည်ပတ်နေပြီ ဖြစ်သည်။
ကျန်းလင် ခရိုင် (၁၈) ၏ဗဟိုဆီသို့ အပြေးအလွှားသွားနေစဉ် တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်တွင် အခြားပုံရိပ်တစ်ခု ပေါ်လာသည်ကို ရုတ်တရက် မြင်လိုက်ရသည်။
ထိုပုံရိပ်မှာ အနီရောင်ဦးချိုချွန်ချွန်၊ လှပသေသပ်သော မျက်နှာလေး၊ ပုတ်ခတ်ပုတ်ခတ် လုပ်နေသော မျက်လုံးဝိုင်းဝိုင်းလေးများပင်။
သူမကား ငရဲမင်းကြီး မဟုတ်ပါလော။
'ငရဲမင်းကြီး ကိုယ်တိုင် အခြေအနေကို ဝင်ရောက်ထိန်းချုပ်တော့မည်လား'
'ဘာသရဲမို့လို့ ငရဲမင်းကြီး ကိုယ်တိုင် ဝင်ပါရလောက်အောင် ဖြစ်ရသလဲ'
ကျန်းလင်အနေဖြင့် ငရဲမင်းကြီး ကိုယ်တိုင်ဝင်ပါသည်ကို နောက်ဆုံးမြင်ခဲ့ရသည်မှာ ယခင်မုန့်ပေါ် ဖြစ်သူ ရှရှောင်ချင်း ၏တာဝန်တွင် ဖြစ်သည်။
သို့သော် ထိုအချိန်က ငရဲမင်းကြီးနှင့် ရင်ဆိုင်ခဲ့ရသည်မှာ အခြား ငရဲမင်းတစ်ပါးဖြစ်ခဲ့သည်။
သို့သော် ကျန်းလင် သတိပြုမိသွားသည့် အချက်မှာ သူမှလွဲ၍ အခြားဝိညာဉ်တမန်တော်များက တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာ ဘောလုံးလေးများကိုမမြင်နိုင်ကြခြင်းပင်။
တရားသူကြီးနှင့် ငရဲမင်းကြီးပင်လျှင် သတိမထားမိကြချေ။
ဒါက ဒီတိုက်ရိုက်ထုတ်လွှင့်မှု ကိရိယာမှာ 'ကိုယ်တိုင်သာ မြင်နိုင်သော' လုပ်ဆောင်ချက်ပါနေလို့များလား'
……
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းတွင်
ယန်လော်သည် ရှေ့ဘက်ရှိ သစ်တောဆီသို့ ပျံသန်းသွားနေ၏။
သူမ မျက်နှာထားမှာ တင်းမာနေပြီး ဒေါသအရိပ်အယောင်များလည်း မသိမသာထွက်ပေါ်နေသည်။
'ဘာလို့ အဲဒီကောင်ကို လွှတ်ပေးလိုက်ရတာလဲ...'
'ပေ့ရွှယ်ဆိုတဲ့ အရူးမ၊ ငါ့ကို စောင့်နေစမ်း'
ယန်လော်သည် လက်သီးကို တင်းတင်းဆုပ်လိုက်ရာ အရိုးများပင် 'ဂွပ် ဂွပ်' မြည်သွားတော့သည်။
ယခုမူသူမ တမင်သက်သက် မေ့ဖျောက်ထားခဲ့သောမှတ် ဉာဏ်များက ယခုအခါ ပြန်လည် ပေါ်ထွက်လာပြန်လေပြီ။
အတိတ်က မြင်ကွင်းပေါင်းများစွာက မျက်စိရှေ့တွင် ထင်ရှားစွာပေါ်လာ၏။
"မင်း ရောက်လာပြီလား၊ ငါ့ရဲ့ ချစ်စရာ ကလေးလေး..."
သူမရောက်သွားသော် သစ်တော နက်နက်ထဲမှ အသံတစ်ခုက ထွက်ပေါ်လာ၏။
"အဖေ မင်းကို မတွေ့ရတာကြာပြီ၊ လာ... အဖေ သေချာ ကြည့်ပါရစေဦး"
ယန်လော်သည် သစ်တော၏အပေါ်ဘက်တွင် ခြေလှမ်း ရပ်တန့်လိုက်ပြီး ရေခဲကဲ့သို့ အေးစက်သော၊ မထီမဲ့မြင် ပြုသော မျက်လုံးများဖြင့် ကြည့်လိုက်၏။
"ဟုတ်တယ်၊ ငါ နင့်ဆီလာလည်တာ... ပြီးတော့ နင့်ကို နောက်တစ်ခါ ထပ်သတ်ဖို့"
……
[အဖေ... ကလေး... နောက်တစ်ခါ ထပ်သတ်ဖို့... ဒီအချိန်မှာ ငါ အတင်းအဖျင်းပြောလို့ သင့်တော်ပါ့မလား]
[လခွမ်း၊ ငါ သိတာတွေ များသွားပြီလား မသိဘူး]
[ငါ့ခေါင်းထဲမှာ ဇာတ်လမ်းတွေအများကြီးက ရုတ်တရက် ပေါ်လာပြီ... ငါ ခဏလောက် ရှောင်နေပေးဖို့ လိုမလား ]
[...]
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲက ပရိသတ်တွေက စကား ပြောသံများကို ကြားလိုက်ရသည်နှင့် တစ်ခုခုတော့ လွဲနေပြီဆိုတာ အလိုလိုသိလိုက်ကြ၏။
ဝတ္ထုတွေ ဖတ်၊ ဇာတ်လမ်းတွဲတွေ ကြည့်လာခဲ့တဲ့ နှစ်ပေါင်းများစွာ အတွေ့အကြုံတွေအရ ဤကိစ္စ၌ ဇာတ်လမ်းတစ်ပုဒ် သေချာပေါက်ရှိနေသည်။
'ဘာတွေများ ဖြစ်မလဲ'
ရုတ်တရက် အလှည့်အပြောင်းတွေတောင် ရှိလာနိုင်ပေသည်။
ငရဲမင်းကြီးရဲ့အတင်းအဖျင်းက စိတ်လှုပ်ရှားဖို့ ကောင်းသော်လည်း သူတို့က နှုတ်ပိတ်အသတ်ခံရမှာကို ပိုကြောက်ကြသည်လေ။
ပရိသတ်တွေ အနည်းငယ်မှာ ပြာယာခတ်သွားကြ၏။
မည်သို့ပင်ဖြစ်စေ ငရဲမင်းကြီးဆိုသည့် နာမည်ကိုတောင် ပေါ့ပေါ့ဆဆ မခေါ်ရဲကြပါချေ။
ဒီလောက်တောင် လျှို့ဝှက်ချက်တွေ ဖြစ်နေမှတော့
[ငါ အိမ်သာ သွားလိုက်ဦးမယ်၊ ညီအစ်ကိုတို့ ခဏနေမှ ငါ့ကို ပြန်ခေါ်ကြပါ]
[ကောင်းကင်နဲ့မြေကြီး သက်သေတည်ပါတယ်၊ ငါ ခုနက နှာချေလိုက်လို့ ဘာမှ မကြားလိုက်ရပါဘူး]
[ဟားဟားဟားဟား... နင်တို့တွေ ဘာတွေ ကြည့်နေကြတာလဲ]
အခြား မျက်နှာပြင်များကို ကြည့်နေသော ပရိသတ်များမှာ ရယ်ရမလို၊ အံ့သြရမလို ဖြစ်နေကြ၏။
သို့သော် ယန်လော် ရှိနေသော မျက်နှာပြင်ကို ကြည့်လိုက်သောအခါ ထိုရယ်မောသံများ ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။
[... မိုက်တယ် ၆၆၆ လို့ပဲ ပြောလိုက်ပါတော့မယ်]
[ရှေ့က ပရိသတ်တွေ ငါ့ကို ဒုက္ခပေးပြီ နောက်က ညီအစ်ကိုတွေ မြန်မြန်ပြေးကြ]
[ရှေ့မှာ အန္တရာယ် ရှိတယ်]
……
"..."
ကျန်းလင် ကိုယ်တိုင်လည်း အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
အဖွဲ့ခေါင်းဆောင်ကြီးမဖြစ်ခင်က ငရဲမင်းကြီးနဲ့ ထိတွေ့ဆက်ဆံရတာ အလွန် နည်းပါးခဲ့၏။
များသောအားဖြင့် အဝေးမှသာ တစ်ချက်လောက်မြင်ဖူးခဲ့ခြင်း ဖြစ်သည်။
ငရဲပြည်မှာ ငရဲမင်းကြီးရဲ့ ကိစ္စတွေကို ပြောရဲတသည့်သရဲဆိုသည်မှာ အလွန်ရှားပါးလှသည်။
ထို့ကြောင့် သူလည်း သိပ်မသိခဲ့ပါချေ။
သို့သော် ယခု မြင်ကွင်းက... ငရဲမင်းကြီးရဲ့ ဇာတ်ကြောင်းနဲ့ သက်ဆိုင်နေပုံရ၏။
တိုက်ရိုက်ထုတ်လွှင့်နေစဉ် အလုပ်လုပ်ရတာ ပြဿနာမရှိပါချေ။
သို့သော် ငရဲမင်းကြီးရဲ့ ဇာတ်ကြောင်းတွေကို တိုက်ရိုက် လွှင့်ပေးနေတယ်ဆိုသည်ကိုကို ငရဲမင်းကြီးသိသွားလျှင်... သို့မဟုတ် သိကုန်မည်မှာ သေချာသည်။
ထိုမြင်ကွင်းက အရမ်းကို 'သာယာ' လွန်း၍ ကျန်းလင် ဆက်မတွေးရဲတော့ချေ။
သူ သစ်တောဘက်မှ တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာကို ရွှေ့ရန် ပြင်လိုက်စဉ် ယန်လော်၏ပတ်ဝန်းကျင်ရှိ လေထုက ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းတွင်
ယန်လော်မျက်လုံးသူငယ်အိမ်များမှာ တဖြည်းဖြည်း အနက်ရောင် ဖုံးလွှမ်းသွားပြီး မင်ရည်ကဲ့သို့ မည်းနက်သွားကာ ထူးဆန်းသော စွမ်းအားများပြည့်နှက်သွားတော့သည်။
လေထဲတွင် လွင့်ခါနေသောဆံပင်များက တစ်ခဏမျှ ရပ်တန့်သွား၏။
နောက်တစ်စက္ကန့်တွင် အောက်ဘက်ရှိ သစ်တောမှာ စတင် လောင်ကျွမ်းလာတော့သည်။
ထို့ပြင် အပြာရောင်မီးတောက်များက လည်းထူးခြားသော အလှတရား တစ်မျိုးကို ဖန်တီးပေးနေသည်။
တစ်ချိန်တည်းမှာပင် သစ်တော၏အပြင်ဘက်တွင် အတား အဆီး တစ်ခုပေါ်လာ၏။
ထိုအတားအဆီးသည် အပြင်ဘက်မှ အကြည့်များကိုပိတ်ဆို့ထားလိုက်သလို၊ အတွင်းဘက်မှ စွမ်းအား အတက်အကျများကိုလည်း အပြင်သို့ မထွက်အောင် တားဆီးထားလိုက်သည်။
ထိုအခါမှသာကျန်းလင် နှင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ပရိသတ်များ အားလုံး သက်ပြင်းချနိုင်သွားကြတော့ သည်။
ဒီအချိန်က အတင်းအဖျင်းပြောရမယ့် အချိန်မဟုတ်ပါချေ၊ အသက်ကို ကာကွယ်ရမယ့် အချိန်မှာ သတိထားမှဖြစ်မည်မဟုတ်ပါလော။