← Chapters

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

🫧 Chapter 169

သစ်တော၏အတားအဆီး အတွင်း၌

အတွင်းမှ လှုပ်ရှားမှုများက ပြင်ပသို့ ထိခိုက်မှုမရှိနိုင်ကြောင်း သေချာသွားသောအခါ ယန်လော်ထုတ်လွှတ်ထားသော အပြာရောင် မီးတောက်များမှာ ရုတ်တရက် အဟုန်ပြင်းစွာ တောက်လောင်လာတော့သည်။

သစ်တောထဲမှ သရဲတစ္ဆေများ၏ ငိုကြွေးအော်ဟစ်သံများ ထွက်ပေါ်လာပြီး ဒေါသတကြီး အော်ဟစ်နေသည်နှင့်လည်း တူသလို၊ နာကျင်စွာ အော်ဟစ်နေသည်နှင့်လည်း တူလှ၏။

"အဖေကို သတ်ရင် ကောင်းကင်ဘုံက ဒဏ်ခတ်တာခံရမယ်"

များမကြာမီပင် အစောပိုင်းက ထွက်ပေါ်လာခဲ့သော အသံက ငိုကြွေးသံများကြားတွင် ရောနှောကာ ရုန်းကန်အော်ဟစ်နေ၏။

"ကောင်းကင်ဘုံက ဒဏ်ခတ်မယ် နင့်ရဲ့ကလေးက သေသွားပြီလေ၊ ဘယ် ကောင်းကင်ဘုံက လာဒဏ်ခတ်မှာလဲ"

ယန်လော်သည် အောက်ဘက်တွင် ရုန်းကန်နေသော သရဲပုံရိပ်များကို ကြည့်နေ၏။

ဤသို့လုပ်ရုံဖြင့် အတွင်းရှိအရာများကို သေအောင် မီးရှို့၍ မရကြောင်း သူမ သိထားပြီး အလွန်ဆုံးမှ ခဏတာ နာကျင်သွားအောင်သာ လုပ်နိုင်မည်ဖြစ်သည်။

"အရင်တုန်းက ငါ တွေးဖူးတယ် နင်သာ နန်းတွင်းပုရောဟိတ် မဟုတ်ခဲ့ရင်၊ အဲဒီလောက် အစွမ်းအစတွေ မရှိခဲ့ရင်၊ နင့်သမီးအရင်းကို မီးဖိုထဲ ကိုယ်တိုင်ကိုယ်ကျ ပစ်ထည့်ရက်ပါ့မလားလို့"

သူမ မျက်နှာထားမှာ အေးစက်ပြီးတည်ငြိမ်နေ၏။

ထို့ပြင်တောက်လောင်နေသော မီးရောင်များက သူမ၏ မျက်နှာပေါ်တွင် အရိပ်များထင်ဟပ်နေသည်။

ဤသည်က သူမ အရင်က ထိုမီးဖိုထဲမှ 'သေရာမှ ပြန်လည် ရှင်သန်' လာပြီးနောက်ပိုင်း အစွဲအလမ်းအကြီးဆုံး ဖြစ်ခဲ့ရသည့် အရာပင်။

သို့သော် ယခုတော့ သူမ လက်ကိုမြှောက်လိုက်ရာ သစ်တောတစ်ခုလုံးကို ဖုံးအုပ်ထားသော အတားအဆီး၏အပေါ်ဘက်တွင် ရွှေရောင် အလင်းတန်းများ ပေါ်လာတော့သည်။

နောက်ဆုံးတွင် ထိုအလင်းတန်းများက '封 (ချိတ်ပိတ်သည်)' ဆိုသည့် စာလုံးများအဖြစ် ပြောင်းလဲသွား၏။

"အဲဒီလို မလုပ်ရက်ပါဘူး... အဖေက သမီးကို အချစ်ဆုံးပဲလေ..."

"အဖေလည်း အကြပ်ရိုက်လို့ပါ ဧကရာဇ်ကလည်း တောင်းဆိုတယ်၊ ပြည်သူတွေကလည်း တောင်းပန်ကြလို့ပါ"

သစ်တောထဲတွင် သရဲများ၏ငိုကြွေးသံများက ဆူညံနေကာ ထိုအသံမှာလည်း ပိုမိုရူးသွပ်လာပြီးပိုမို ရှုပ်ထွေးလာ၏။

"ဒါက ကောင်းကင်ဘုံရဲ့အလိုဆန္ဒပါ ကောင်းကင်ဘုံရဲ့ အလိုဆန္ဒပါ"

……

'ဖူး'

ယန်လော်၏ပါးစပ်မှ သွေးတစ်ပွက် အန်ကျလာတော့သည်။

သို့သော်သူမသည် သွေးများကို အေးတိအေးစက်ဖြင့် သုတ်ဖယ်လိုက်ပြီး သစ်တောကို ဖုံးအုပ်ထားသော မမြင်ရသည့် အတားအဆီးပေါ်တွင် ရွှေရောင် '封' စာလုံး အနည်းငယ် ထပ်မံ ပေါ်လာစေသည်။

'封' စာလုံး တစ်လုံး ပိုများလာတိုင်း မီးတောက်များထဲမှ ငိုကြွေးသံများကလည်း ပိုကျယ်လောင်လာ၏။

သူမကတော့ ဤအရာအားလုံးကို တည်ငြိမ်စွာကြည့်ရင်း ပါးစပ်နားက သွေးများကို သုတ်ဖယ်နေလိုက်သည်။

အရင်ကဆိုလျှင် ထိုအဖြေများက သူမအတွက် အရမ်း အရေးကြီးခဲ့ပေမည်။

သို့သော် ယခုတော့ အရေးမကြီးတော့ချေ။

သူမ၏အသက်ကို ထိုပုဂ္ဂိုလ်ကြီး ကယ်တင်ပေးခဲ့ခြင်းဖြစ် သည်။

မီးတောက်များက တဟုန်းဟုန်း တောက်လောင်နေဆဲဖြစ်ကာ သစ်တောကို ဖုံးအုပ်ထားသော အတားအဆီးမှာလည်း တဖြည်းဖြည်း '封' စာလုံး အမြောက်အမြားဖြင့် ဖုံးလွှမ်းသွားတော့သည်။

"နင် အဲဒီလိုပဲ ဆက်ပြီး အသက်ရှင်နေလိုက်ပါတော့"

ယန်လော်သည် အပေါ်ဘက်မှနေ၍ အတားအဆီးအပြင်ဘက်သို့ ထွက်လာပြီး အထဲကိုတစ်ချက်လေးမျှ လှည့်မကြည့်တော့ချေ။

သူမ လက်ကို ဆန့်ထုတ်လိုက်ရာ အတားအဆီးပေါ်ရှိ '封' စာလုံးများအားလုံး တစ်ပြိုင်နက်တည်း ရွှေရောင်အလင်း တန်းများတောက်ပသွားပြီး နောက်ဆုံး ချိတ်ပိတ်ခြင်း အဆင့်ကို လုပ်ဆောင်လိုက်တော့သည်။

အရှေ့ဘက် ငရဲပြည်က ချိတ်ပိတ်ခြင်း ပညာရပ်များတွင် ကျွမ်းကျင်ပြီး၊ မြောက်ဘက် ငရဲပြည်က တူရိယာများနှင့် စက္ကူရုပ် ပညာရပ်များတွင် ကျွမ်းကျင်သည်။

ချိတ်ပိတ်ခြင်း ပြီးဆုံးသွားသောအခါ ယန်လော်သည် မြောက်ဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ မျက်လုံးများထဲတွင် အပြာရောင် မီးတောက်များ တောက်လောင်နေသကဲ့သို့ပင် ဒေါပွမိကာ ဤတစ်ကြိမ်တော့ ထိုအရူးမ၏စက္ကူရုပ်များကို မီးကုန်ယမ်းကုန် မရှို့ပစ်ရလျှင် သူမ ကျေနပ်မည် မဟုတ်ချေဟုပင်တွေးမိလိုက်ရတော့သည်။

……

ဤဘက်တွင်

ကျန်းလင်သည် ခရိုင် (၁၈) ၏ဗဟိုသို့ ရောက်ရှိနေပြီဖြစ်ပြီး အဖွဲ့ဝင်များနှင့် အတူ လိုက်လံသတ်ဖြတ်မိန့်ကို အကောင်အ ထည်ဖော်နေပြီ ဖြစ်သည်။

အနက်ရောင် ဝိညာဉ်တမန်တော် အဖွဲ့၏အကူအညီရှိနေသဖြင့် လိုက်လံသတ်ဖြတ်မိန့်ကို အကောင်အထည်ဖော်ရန် သိပ်မခက်ခဲလှချေ။ လမ်းခုလတ်တွင် ကျန်းလင်သည် ရွှီရှို့စစ် နှင့်ပင် ဆုံတွေ့ခဲ့သေးသည်။

"ခရိုင် (၁၈) ကို လာကူညီဖို့ မင်း အကြံပြုခဲ့တာလို့ ငါ ကြားတယ်၊ ကျေးဇူးပဲနော်" ဟု ကျန်းလင် ပြောလိုက်သည်။

"ကျေးဇူးတင်စရာ မလိုပါဘူး၊ ခရိုင် (၁၈) မှာက အဖွဲ့ဝင် အနည်းဆုံးဆိုတော့ ငါ မပြောရင်တောင် တခြားအဖွဲ့တွေ လာကူညီကြမှာပါပဲ"

ရွှီရှို့စစ်သည် သံကြိုးများကို ပြန်ရုပ်သိမ်းရင်း ကျန်းလင်ကို ကျောခိုင်းကာ ပြောလိုက်၏။

"မင်းသာလျှင် တိတ်တဆိတ်နဲ့ ခေါင်းဆောင်ကြီးဖြစ်သွားတာ၊ အိမ်ပြန်ရောက်ရင် ငါ့ကို အဝစား ကျွေးရမယ်နော်"

ကျန်းလင် ပြုံးလိုက်ပြီး "ရတယ်လေ၊ သရဲဈေးတန်းက အကြီးဆုံး စားသောက်ဆိုင်ကို သွားကြမယ်၊ မရီးတို့ကိုပါ ခေါ်ခဲ့ပေါ့"

လူတွေ လာကူညီခြင်းက တစ်ပိုင်း။

သို့သော် ဤကဲ့သို့ အခြေအနေမျိုးတွင် ရွှီရှို့စစ်က သူ့ကို အရင်ဆုံးလာကူညီဖို့ စဉ်းစားပေးခြင်းက နောက်တစ်ပိုင်းပင်။

ရွှီရှို့စစ် လေချွန်လိုက်ပြီး "ဒါဆိုလည်း မြန်မြန်ရှင်းလိုက်ကြရအောင်၊ အိမ်ပြန်ပြီး အစားအသောက်ကောင်းတွေ စားရမယ်"

ပြောပြီးသည်နှင့် သရဲအုပ်စုထဲသို့ ချက်ချင်း ပြေးဝင်သွားတော့သည်။

ကျန်းလင်လည်း အနောက်မှ လိုက်သွားရန် ပြင်လိုက်စဉ် ငရဲမင်းကြီး ပါဝင်သော တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်တွင် သစ်တောအထက်ရှိ အတားအဆီးပျောက်ကွယ်သွားသည်ကို မျက်လုံးထောင့်မှ သတိထားမိလိုက်သည်။

သစ်တော၏အလယ်ဗဟိုတွင်တော့ ကြီးမားသော မီးလောင်ပြင် တစ်ခုကို တွေ့ရ၏။ နွေရာသီတွင် တောမီးလောင်ထားသည်နှင့်ပင် တူလှသည်။

ရုတ်တရက် တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်က လှုပ်ရှားသွားက တိုက်ရိုက်ထုတ်လွှင့်နေသည့် ကင်မရာ ဘောလုံးလေးက ငရဲမင်းကြီး အနောက်ကို လိုက်ပြီး မြောက်ဘက်ဆီကို ပျံသန်းသွားတော့သည်။

ကျန်းလင် : "..."

'ဒီကင်မရာဘောလုံးလေးက အရမ်းပဲတက်ကြွလွန်းနေတာလား ဒါမှမဟုတ် အတင်းအဖျင်းနားထောင်ချင်လွန်းနေတာလား'

'ငရဲမင်းကြီးရဲ့ပုံစံကို ကြည့်ရတာ ငရဲပြည်ကို ပြန်မယ့်ပုံမပေါ်ဘူး'

'ဝိညာဉ်ဆိုင်ပိုင်ရှင်ကိစ္စရဲ့ ဇာစ်မြစ်ကိုများ ရှာတွေ့သွားလို့လား'

ကျန်းလင် ခဏလောက် နှုတ်ဆိတ်သွားသည်။

'ရှေ့ဆက်ဖြစ်မယ့် အကြောင်းအရာတွေကို တိုက်ရိုက်လွှင့်ပြလို့ ရ၊ မရ ငါမသေချာဘူး'

[ဒင်~ နေ့စဉ်တာဝန် ပြီးမြောက်သည့်အတွက် ဂုဏ်ယူပါ သည်၊ ယုံကြည်မှု အမှတ်တစ်ထောင် ရရှိပါသည် (၂/၃)]

[ဒင်~ နေ့စဉ် တာဝန် ပြီးမြောက်သည့်အတွက် ဂုဏ်ယူပါသည်၊ ငရဲပြည် ယဉ်ကျေးမှုကို ကြေညာခြင်း ချိတ်ပိတ်ခြင်း (၁/၃)]

[ဒင်~ နေ့စဉ် တာဝန် ပြီးမြောက်သည့်အတွက် ဂုဏ်ယူပါသည်၊ တိုက်ရိုက်ထုတ်လွှင့်မှု နှစ်နာရီပြည့်ပါပြီ]

"..."

စနစ်၏အသိပေးသံများကို ကြားရသောအခါ ကျန်းလင် သည် လောလောဆယ် ဆက်ပြီး တိုက်ရိုက် လွှင့်ထားရန် ဆုံးဖြတ်လိုက်ပြီး၊ အခြေအနေ ကြည့်ပြီးမှ ဆုံးဖြတ်ရန် ရည်ရွယ်လိုက်သည်။

ထို့နောက် သူ ရွှီရှို့စစ်နှင့်အတူ အပြင်ဘက်သို့ ဆက်လက် တိုက်ခိုက်သွားတော့သည်။

……

အရှေ့ဘက် နယ်မြေတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေချိန်တွင် အနောက်ဘက်နှင့် တောင်ဘက် နယ်မြေများတွင်လည်း လိုက်လံသတ်ဖြတ်ခြင်းနှင့် ချိတ်ပိတ်ခြင်းစစ်ဆင် ရေးများကို လုပ်ဆောင်နေကြသည်။

တောင်ဘက်နယ်မြေက သိုင်းကွက်များနှင့် ပညာရပ်အမျိုးမျိုးတွင် ကျွမ်းကျင်ပေသည်။

ကောင်းကင်ယံတွင် ဖြတ်သန်းသွားသော သိုင်းကွက် အမျိုးမျိုးကို မြင်တွေ့နိုင်၏။

သက်တန့်ရောင်စဉ်များလို တောက်ပနေသော ဓားချက်ားက မြေကြီးကိုခွဲခြမ်းလိုက်ပြီး ပုန်းအောင်းနေသော မိစ္ဆာသရဲများကိုပေါ်ထွက်လာစေသည်။

မိုးသည်းထန်စွာ ရွာချသကဲ့သို့ သရဲချီအငွေ့အသက်များက ပစ်ခတ်လာပြီး သရဲများကို ဇကာပေါက်ဖြစ်အောင် ထိုးစိုက်သွားသည်။ ကိုယ်ပေါ်တွင် သရဲချီအငွေ့အသက်များ ဖုံးလွှမ်းထားပြီး လက်သီးနှင့် ခြေထောက်များတွင် ဓားသွားများ ဖန်တီးကာ တိုက်ခိုက်ရင်း သရဲများ၏ခေါင်းကို ဖြတ်တောက်ပစ်သူများလည်း ရှိပေသည်။

မှားယွင်း ကြားလိုက်ခြင်း မဟုတ်ပါချေ။

ဤမှ ဝိညာဉ်တမန်တော်များအားလုံးက တစ်ယောက်စီတိုင်း အရမ်းကို ရဲရင့်ကြ၏။ မိစ္ဆာသရဲများကို မြင်သည်နှင့် ချက် ချင်းပြေးဝင်ပြီး တိုက်ခိုက်ကြတော့သည်။

မြေကြီးထဲ၊ တောင်တန်းများ၊ မြစ်ချောင်းများထဲတွင် ပုန်းနေလျှင်တောင် ဝိညာဉ်တမန်တော်များက အလိုရှိပါက တောင်များကိုခွဲပြီး သရဲများကို အတင်းဆွဲထုတ်ပြီး ရိုက်နှက်ကြသေးသည်။

"ဟားဟား၊ ငါ အခု သုံးဆယ့်တစ်ကောင်ကိုရိုက်ပြီး မေ့သွားအောင်လုပ်ထားပြီ၊ ပထမနေရာ ငါ ကြိုယူထားပြီနော်"

"သုံးဆယ့်တစ်ကောင် ဟင်း၊ ငါ ခုနက ဓားတစ်ချက်တည်းနဲ့ ဆယ်ဂဏန်းလောက် သတ်ပစ်လိုက်တာ"

တောင်ဘက် ငရဲပြည်မှ ဝိညာဉ်တမန်တော်များသည် သရဲများကို လိုက်လံသတ်ဖြတ်နေရင်း တစ်ယောက်ကို တစ်ယောက် ပြိုင်ဆိုင်ပြောဆိုနေကြသည်။

"မင်းက ဓားချက်မှ မဟုတ်တာ၊ ပါးစပ်နံ့နဲ့ ခြေနံ့ ပေါင်းထားတာလေ"

"သောက်ရူး ချကြည့်မလား"

ဝိညာဉ်တမန်တော် နှစ်ဦး အင်္ကျီလက်များပင့်တင်ကာ တိုက် ခိုက်ရန်ပြင်လိုက်စဉ် ဘေးမှ အသံတစ်ခုထွက်ပေါ်လာ၏။

"စီနီယာတို့၊ ခင်ဗျားတို့ ဆက်ပြီးငြင်းနေရင် တကယ်ပဲ ပထမနေရာ မရတော့ဘဲ နေလိမ့်မယ်၊ ကျုံးခွေ့ ကြီးက သရဲ အကောင် တစ်ရာကျော်လောက် ရှင်းလင်းပြီးပြီလို့ ငါ ကြားတယ်"

"အကောင် တစ်ရာကျော်"

စီနီယာနှစ်ဦး ပြိုင်တူလှည့်ကြည့်လိုက်ကြပြီး၊ တစ်ယောက်ကိုတစ်ယောက် မျက်စောင်းထိုးကာ အလုပ်ကို အမြန် ပြန်လုပ်ကြတော့သည်။

"မင်းနဲ့ အချိန်ဖြုန်းမနေတော့ဘူး၊ နောက်ဆုံးကျရင် ရလဒ်နဲ့ပဲ စကားပြောမယ်"

"ငါကရော လိုချင်လို့လား ငါ့အချိန်တွေ ဖြုန်းတီးပစ်တာ၊ ကျုံးခွေ့ ဆိုတဲ့ကောင်က ခိုးပြီး ရှေ့ရောက်သွားပြန်ပြီ"

စီနီယာနှစ်ဦး ထွက်သွားသည်ကို ကြည့်ရင်း အနောက်မှ ဝိညာဉ်တမန်တော်လေး သက်ပြင်းချနိုင်သွားတော့သည်။

'ဒီလိုသာ ဆက်ပြီး ငြင်းနေကြရင် ငါတို့အဖွဲ့ရဲ့ ရလဒ်က အောက်ဆုံးကနေ ရေတွက်ရတော့မှာပဲ'

အဝေးတစ်နေရာတွင်

ကျုံးခွေ့ သည် လဲကျနေသော ဧရာမသရဲကြီး တစ်ကောင်ပေါ်တွင် ရပ်ကာ မြောက်ဘက်ဆီသို့ လှမ်းကြည့်နေ၏။

"ငရဲမင်းကြီး မြောက်ဘက် နယ်မြေကိုတော့ ဖြိုမပစ်လောက်ပါဘူးနော်..." ဟု သူက သက်ပြင်းချရင်း ပြောလိုက်သည်။

ငရဲမင်းကြီး တစ်ခုခုဖြစ်သွားမည်ကိုတော့ သူ မစိုးရိမ်ပါချေ။

အဘယ်ကြောင့်ဆိုသော် ငရဲမင်းကြီး၏ စွမ်းအားက ထိုမျှ အစွမ်းထက်သောကြောင့် ဖြစ်၏။

သူ စိုးရိမ်နေသည်က မြောက်ဘက် နယ်မြေကိုပင်။

ဖျက်ဆီးနိုင်စွမ်းကိုပြောရလျှင် ငရဲမင်းကြီးက တောင်ဘက် ငရဲပြည်မှာ နံပါတ်တစ်သရဲကြီးဖြစ်၏။

တကယ်လို့များ မြောက်ဘက်နယ်မြေကို ဖြိုပစ်လိုက်လျှင် ပြန်လည် တည်ဆောက်ရေးနှင့် လျော်ကြေးငွေက နည်းသည့် ပမာဏမဟုတ်ပေ။

တောင်ဘက်ငရဲပြည်က အဘယ်ကြောင့် သိုင်းကွက်များနှင့် ပညာရပ်များတွင် ကျွမ်းကျင်ရသနည်း။

အပြင်ပန်းက ကြည့်လျှင် ထိုသိုင်းကွက်များ သုံးရသည်က အထာကျပြီး အဆင်လည်းပြေလှ၏။ သို့သော် အဓိက အကြောင်းရင်းကတော့

သူတို့၌ ပိုက်ဆံ မရှိတော့၍ဖြစ်သည်။

……

လွန်ခဲ့သည့် အချိန်အတော်ကြာက တောင်ဘက်ငရဲပြည်က ဝိညာဉ်တမန်တော်များသည်လည်း ဝိညာဉ်လက်နက်များကို သုံးခဲ့ကြသေး၏။

သို့သော် တောင်ဘက်ငရဲပြည်က ဝိညာဉ်တမန်တော်များ၏ ရိုင်းစိုင်းသော တိုက်ခိုက်ရေးပုံစံများကြောင့် ဝိညာဉ်လက် နက် အများစုက သုံးရင်း သုံးရင်းနှင့်ပျက်ကုန်ကြသည်။ ပျက်သွားလျှင် ပြင်ရမည်၊ အသစ်လဲရမည်.။

တကယ်လို့ တခြား ပစ္စည်းများပါ ပျက်စီးသွားလျှင်ဥပမာ ဤတစ်ခေါက် ငရဲမင်းကြီးက မြောက်ဘက် နယ်မြေကို ဖြိုပစ်လိုက်မည် ဆိုလျှင်၊ တောင်ဘက် ငရဲပြည်က ချက်ချင်း လူမွဲစာရင်း ခံရတော့မည်ဖြစ်၏။

ထို့ကြောင့် နောက်ပိုင်းတွင် တောင်ဘက်ငရဲပြည်က ဝိညာဉ်လက်နက်များ ဆက်သုံးနေသေးသော်လည်း၊ သိုင်းကွက်များနှင့် ပညာရပ်များဖြင့် ပိုပြီး နာမည်ကြီးလာခြင်းဖြစ်သည်။

ဤသို့ ပြန်တွေးကြည့်လျှင်... ဝိညာဉ်လက်နက်များကျွမ်း ကျင်စွာ အသုံးပြုနိုင်သော အနောက်ဘက်ငရဲပြည်က တော်တော်လေး ချမ်းသာကြောင်း သိသာလှသည်။

"..."

'တကယ်လို့ ငရဲမင်းကြီးက မြောက်ဘက် နယ်မြေကို တကယ်ပဲ ဖြိုပစ်လိုက်ရင်...' ဟု ကျုံးခွေ့ စဉ်းစားကြည့်မိသည်။

'အဲဒီအချိန်ကျရင် ငရဲမင်းကြီးကို အနောက်ဘက် နယ်မြေဆီ သွားပြီး ငွေတောင်းခိုင်းရမယ်...'

'ဒီငွေတွေက ထွက်ပဲ ထွက်နေပြီး ပြန်မဝင်လာလို့ ဘယ်ဖြစ်မလဲ'

……

"ဟတ်... ဟတ်ချိုး”

🫧 Chapter 170

"ဟတ်... ဟတ်ချိုး"

'ဝုန်း'

အနောက်ဘက် နယ်မြေ

ဝိညာဉ်တမန်တော်သုံးဦးသည် အမြောက်ကြီး တစ်လက်ကို တွန်းထုတ်လာပြီး အဝေးရှိ သရဲအုပ်စုကြီးဆီသို့ ချိန်ရွယ်လိုက်ကြသည်။

အမြောက်ပစ်တော့မည့် အချိန်လေးမှာပင် အလယ်တွင် ရှိနေသော ဝိညာဉ်တမန်တော်က ရုတ်တရက်နှာချေလိုက်၏။

ထိုအခါ အမြောက်ကြီးမှာ တခြားတစ်ဖက်ရှိ မြက်ခင်းပြင်ဆီသို့ လွင့်စင်သွားတော့သည်။

ထို့နောက် 'ဝုန်း' ဆိုသည့် အသံကျယ်ကြီးနှင့်အတူ သရဲချီအငွေ့အသက် ကျည်ဆန်မှာ ပေါက်ကွဲသွားကာ ကြီးမားလှသော သရဲချီအငွေ့အသက်များက အရပ်မျက်နှာ အနှံ့သို့ လွင့်စင်သွားပြီး မှိုပွင့်ပုံသဏ္ဍာန် မီးခိုးတိမ်တိုက်ကြီး တစ်ခုကို ဖန်တီးလိုက်တော့သည်။

ထိုမြက်ခင်းပြင်ကို ပြန်ကြည့်လိုက်သောအခါ ကြီးမားသော နေရာလွတ်ကြီး တစ်ခုဖြစ်သွားပြီ ဖြစ်၏။

"မင်း ဘာလုပ်တာလဲ ဒီသရဲချီကျည်ဆန်က အရမ်းတန်ဖိုးကြီးတယ်ဆိုတာ မသိဘူးလား"

အမြောက်၏ညာဘက်တွင် ရှိသော ဝိညာဉ်တမန်တော်က ပြောလိုက်သည်။

"ဟီးဟီးဟီး၊ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်..."

အလယ်မှ ဝိညာဉ်တမန်တော်မှာမူ ခေါင်းကုတ်ရင်း တောင်းပန်လိုက်၏။

ထို့နောက်အမြောက်ကြီးကို အနေအထား ပြန်ချိန်လိုက်ပြီး အဝေးမှ သရဲအုပ်စုဆီသို့ နောက်တစ်ကြိမ် ချိန်ရွယ်လိုက်ပြန်သည်။

"ပစ်"

'ဝုန်း'

ထိုပစ်ချက်နှင့်အတူ မြေကြီး တစ်ခုလုံးပင် တုန်ဟီးသွားတော့သည်။

အခြားတစ်ဖက်ရှိ ကောင်းကင်ယံတွင်

အဖြူရောင်ဝိညာဉ်တမန်တော် ငါးဦးက တစ်ထောင့်စီတွင် နေရာယူထားကြပြီး၊ လက်ထဲတွင် 'သေနတ်' နှင့် တူသော ဝိညာဉ်လက်နက်များကို ကိုင်ဆောင်ထားကြ၏။

သူတို့၏အောက်ဘက်တွင် ပွင့်ထွက်သွားသော ချိတ်ပိတ်နေရာ တစ်ခု ရှိနေသည်။

"အဆင်သင့် ဖြစ်ပြီလား"

ခေါင်းဆောင်ဖြစ်သူ အဖြူရောင် ဝိညာဉ်တမန်တော်က မေးလိုက်သည်။

ထိုအခါ ကျန်ဝိညာဉ်တမန်တော်လေးဦးက ခေါင်းညိတ်ပြလိုက်ပြီး လက်ထဲရှိ သေနတ်များကို အောက်ဘက်ရှိ ချိတ်ပိတ်နေရာဆီသို့ ပြိုင်တူ ချိန်ရွယ်လိုက်ကြ၏။

"ချိတ်ပိတ်"

နောက်တစ်စက္ကန့်တွင် ဝိညာဉ်တမန်တော်များ အားလုံး ပြိုင်တူ သေနတ်ပစ်လိုက်ကြသည်။

ထိုအခါ သေနတ်ပြောင်းများပေါ်တွင် သေသပ်လှပသော '封' စာလုံးလေးက လင်းလက်သွား၏။

'ဒိုင်း ဒိုင်း ဒိုင်း'

ရွှေရောင် 'ကျည်ဆန်' ငါးတောင့်သည် ချိတ်ပိတ်နေရာ၏ ဗဟိုတွင် ဆုံတွေ့သွားကြပြီး တဖြည်းဖြည်းနှင့် ပုံစံတစ်ခုအဖြစ် ပေါင်းစည်းသွားကာ ချိတ်ပိတ်နေရာ၏ထွက်ပေါက်ကို လျင်မြန်စွာဖုံးအုပ်သွားတော့သည်။

"ဒီလိုဆို ရပြီလား"

လက်ကောက်ဝတ်တွင် အနက်ရောင် လက်ပတ် ပတ်ထားသော အဖြူရောင် ဝိညာဉ်တမန်တော် တစ်ဦးက မေးလိုက်သည်။

"အင်း၊ ဒီလို အဆင့်ရှိတဲ့ ချိတ်ပိတ်နေရာမျိုးကို ချိတ်ပိတ်သေနတ် ငါးလက် ပေါင်းပြီးမှလုပ်လို့ရတာ"

ခေါင်းဆောင်ဖြစ်သူ ဝိညာဉ်တမန်တော်က ရှင်းပြလိုက်၏။

"ဒါပေမယ့် ပိုပြီး ကျွမ်းကျင်တဲ့ ချိတ်ပိတ်မှုမျိုးလိုချင်ရင်တော့ နောက်ကျရင် အရှေ့ဘက်ငရဲပြည်က ဝိညာဉ်တမန်တော်တွေကို အကူအညီတောင်းရလိမ့်မယ်"

"အာ"

အနက်ရောင်လက်ပတ်နှင့် အဖြူရောင် ဝိညာဉ်တမန်တော် သည် လက်နှစ်ဖက်ကို ခေါင်းနောက်တွင် ပိုက်လိုက်ပြီး အဝေးရှိ မှိုပွင့်ပုံသဏ္ဍာန် မီးခိုးတိမ်တိုက်ကြီးကို ကြည့်လိုက်၏။

"ငါလည်း အဲဒီအမြောက်ကြီးကို သုံးချင်လိုက်တာ၊ အဲဒါကြီးကို သုံးရတာ ပိုပြီးအားရစရာပဲဟ"

"တော်ပြီ နောက်တစ်နေရာကို သွားရအောင်"

"အိုကေ၊ လာပြီ လာပြီ"

……

[ဒီဘက်က ဘယ်နေရာလဲ]

[ငါ ခုနက ရွှေရှုအဆောက်အအုံ ကို မြင်လိုက်တယ်၊ ဒါ မြောက်ဘက် ရောက်သွားတာလား မြောက်ဘက်က ညီအစ်ကိုတွေ ရှိလား]

[ရှိတယ်၊ ရှိတယ်၊ ခုနကပဲ အပြင်မှာ စက္ကူငှက်တစ်ကောင် ပျံသွားတာ တွေ့လိုက်တယ်၊ ဘာလုပ်ဖို့လဲတော့ မသိဘူး၊ သွားလည်း မမေးရဲဘူးလေ]

[ပျံတတ်တဲ့ စက္ကူငှက် အဲဒီလောက်တောင် မိုက်တာလား၊ မြောက်ဘက်မှာက ဘာတွေ ဖြစ်နေတာလဲ]

တိုက်ရိုက်ထုတ်လွှင့်မှု၏မြင်ကွင်း အများအပြားထဲမှ ယန်လော် ပါဝင်သောမြင်ကွင်းက မြောက်ဘက်သို့ တောက် လျှောက် သွားနေခြင်းဖြစ်သည်။

အမြန်နှုန်းက အရမ်းမြန်လွန်းသဖြင့် ပရိသတ်များမှာ အစပိုင်းက ဘာမှမမြင်ရချေ။

ယန်လော် မြောက်ဘက်သို့ရောက်ပြီး အရှိန်လျှော့လိုက်ချိန်မှသာ ပရိသတ်များက မြောက်ဘက်ရှိ အထင်ကရအဆောက် အအုံများကို မြင်တွေ့ရပြီး သေချာသွားခြင်းဖြစ်သည်။

[ဒါပေမယ့် ငရဲမင်းကြီးက ရုတ်တရက်ကြီး မြောက်ဘက်ကို ဘာလာလုပ်တာလဲ]

[Streamer တို့က တောင်ဘက်မှာ ရှိနေတုန်းပဲ မဟုတ်လား]

[နေဦး၊ မြောက်ဘက်က သရဲတွေ အခြေအနေက ဘာလို့ ဒီလောက်တောင် ဆိုးရွားနေရတာလဲ ဝိညာဉ်တမန်တော်တွေကော]

ပရိသတ်အချို့က မေးခွန်းထုတ်လာကြသည်။

အရင်က မြောက်ဘက်မှ ပရိသတ်များက သူတို့ဆီမှာ သရဲတွေ သောင်းကျန်းနေတယ်လို့ ပြောခဲ့ကြပေမယ့်၊ အခုမှသာ ဒီဘက်က အခြေအနေကို သူတို့ တကယ်မျက်မြင်ကိုယ်တွေ့ မြင်ရခြင်းဖြစ်သည်။

ကောင်းကင်နဲ့ မြေပြင်အနှံ့မှာ အနက်ရောင်ပုံရိပ်တွေ အများကြီး ပျံဝဲနေ၏။

လေထဲမှာလည်း သရဲတွေရဲ့ငိုကြွေးအော်ဟစ်သံတွေ ပြည့်နှက်နေကာ လမ်းမတွေပေါ်မှာ လူတစ်ယောက်မှ မရှိပါချေ။

တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာကနေ တစ်ဆင့် မြင့်မားတဲ့ အဆောက်အအုံတွေနဲ့ အိမ်တွေထဲမှ လူသားများက မှန်ပြတင်းပေါက်တွေကနေ အပြင်ကိုခိုးကြည့်နေကြပြီး သူတို့ရဲ့ မျက်လုံးတွေထဲမှာ လည်းကြောက်လန့်မှုတွေ ပြည့်နှက်နေ၏။

ထိုအခြေအနေကို ကြည့်ရသည်မှာ တောင်ဘက်ထက် နည်းနည်းလေးမှ မသာဘဲ ပိုဆိုးနေပုံပင်ရ၏။

'ဒါပေမယ့်၊ ဘာဖြစ်လို့ ဝိညာဉ်တမန်တော်တွေကို မတွေ့ရတာလဲ'

တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာ ရွေ့လျားသွားသည်နှင့်အမျှ ပရိသတ်များ ရုတ်တရက် မျက်လုံးပြူးသွားကြတော့သည်။

[ငါ အဖြူရောင် စက္ကူငှက် တစ်ကောင်ကို မြင်လိုက်သလိုပဲ၊ အကြီးကြီးပဲ၊ ပျံလည်း ပျံနေသေးတယ်]

[နင်တို့ ညာဘက်ကို တစ်ချက်လောက် ကြည့်လိုက်ပါဦး၊ ပါးစပ်မှာ သွေးရောင်တွေ ခြယ်ထားပြီး ဓားမကြီး ကိုင်ထားတဲ့ အရုပ်မကြီး တစ်ရုပ် ရှိနေတယ် မဟုတ်လား]

[ငါလည်း မြင်လိုက်တယ်၊ အရမ်း ကြောက်စရာ ကောင်းတာပဲ၊ သရဲကားတွေထဲက အရုပ်မကြီးတွေနဲ့ တူမနေဘူးလား]

[ဟိုဘက်ထောင့်မှာလည်း လူပုလေးတွေ တန်းစီပြီး လမ်းလျှောက်နေတယ်]

မြင်ကွင်းတွေက အလွန်ပင် ထိတ်လန့်စရာကောင်းနေသဖြင့် ပရိသတ်များမှာ ကြိုတင်ပြီး ကြောက်လန့်နေကြလေပြီ။

သို့သော် မကြာမီမှာပင် ကိစ္စများက သူတို့ ထင်ထားသလို မဟုတ်ကြောင်း သိလာကြသည်။

……

လေထဲတွင် ပျံသန်းနေသော ထိုတစ်မီတာကျော် ရှည်သည့် စက္ကူငှက်ကြီးသည် ခေါင်းငုံ့လိုက်တိုင်း အနက်ရောင်ပုံရိပ် တစ်ခုကို နှုတ်သီးဖြင့် ကိုက်ယူနေသည်ကို မြင်လိုက်ရသည်။

ဓားမကြီးကိုင်ထားသော ထိုအရုပ်မကြီးမှာ အရပ်ခြောက်မီတာ၊ ခုနစ်မီတာခန့် ရှိပြီး သာမန်အိမ်တစ်လုံးထက်ပင် မြင့်မားနေသေး၏။

ဓားမကြီးကို တစ်ချက်ဝှေ့ယမ်းလိုက်တိုင်း သရဲတစ္ဆေအများ အပြား လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

ထောင့်တစ်နေရာတွင် တန်းစီလမ်းလျှောက်နေသော လူပုလေးများမှာ အရပ်သုံးဆယ် စင်တီမီတာခန့်သာ ရှိသည်။

သို့သော် အားအလွန်ကြီးပြီး သရဲတစ်ကောင်ကို ဖမ်းမိသည်နှင့် ဆွဲမတင်ကာ ဘယ်ညာလွှဲပေါက်ပြီး အားရပါးရ ရိုက်နှက်နေကြတော့သည်။

ထိုပုံစံလေးများက ကြမ်းလည်း ကြမ်းသလို၊ ချစ်ဖို့လည်း ကောင်းလှ၏။

[ဟာကြူလီဆိုတာ ဒါလားဟ]

[o((⊙_⊙))o မြောက်ဘက်က မှော်ပညာတွေများ သင်ထားတာလား]

[ဒီလို စက္ကူငှက်တွေ၊ လူပုလေးတွေ တစ်ဒါဇင်လောက် ပေးပါ]

[ဟိုလေ နင်တို့ နည်းနည်း ကြောက်စရာ မကောင်းဘူးလို့ ထင်ဘူးလား]

ပရိသတ် အများစုက စိတ်လှုပ်ရှားနေကြသော်လည်း အနည်းငယ်သော ပရိသတ်များကတော့ ကြောင်တောင် တောင် ဖြစ်နေဆဲပင်။

ဤသို့ခံစားချက်က သရဲကားချန်နယ်မှရုတ်တရက်မှော်ပညာ ချန်နယ် သို့ရောက်သွားသကဲ့သို့ဖြစ်သည်မဟုတ်လော။

ထိုအချိန်တွင် ကင်မရာက ရှေ့သို့ အနည်းငယ် ထပ်တိုးသွားသည်။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ဂီတသံများ သဲ့သဲ့ ထွက်ပေါ်လာပြီး၊ တစ်ခါတစ်ရံ သာယာနာပျော်ဖွယ်ကောင်းသလို၊ တစ်ခါတစ်ရံလည်း မြင့်မားစူးရှနေ၏။

ထို့နောက် အိတ်ကြီးတစ်လုံးက တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲသို့ ရောက်လာသည်။

ထိုအိတ်ကြီးက အိမ်တစ်လုံးစာလောက် ကြီးမားပြီး၊ အိတ်ဝကို တစ်ဖက်သို့ဖွင့်ထား၏။

အိတ်ကြီး၏ ရှေ့တွင်တော့ သရဲတစ္ဆေ အုပ်စုတစ်စုက ဂီတသံနှင့်အတူ ဘယ်ညာ ယိမ်းနွဲ့နေကြသည်ကို အံ့သြဖွယ် မြင်တွေ့လိုက်ရသည်။

ယိမ်းနွဲ့ရင်း သူတို့ဘာသာ သူတို့ အဲဒီ အိတ်ကြီးထဲကိုဝင်သွားကြတော့သည်။

[ငါ အံ့သြသွားပြီ၊ နင်တို့ရော]

[ဒီလိုလည်း လုပ်လို့ ရတာပဲ... အားကျလိုက်တာ တောင်ဘက်မှာလည်း ဒီလိုအိတ်ကြီးမျိုး လိုအပ်တယ်]

[ဂီတသံကြောင့်ပဲ၊ ဂီတသံကြောင့် ဖြစ်ရမယ်]

……

မြောက်ဘက် ငရဲပြည်က တူရိယာများနှင့် စက္ကူရုပ် ပညာရပ်များတွင် ကျွမ်းကျင်သည်။

သာမန်အချိန်များတွင်လည်း လူအင်အား အပြည့်စုံဆုံးဖြစ် သည်။

သို့သော် တစ်ချိန်တည်းမှာပင် မြောက်ဘက်ငရဲပြည်မှ ဝိညာဉ်တမန်တော် အများစုမှာ အိမ်တွင်းအောင်း အိုတကု များဖြစ်ကြသည်။

တူရိယာတွေနဲ့ စက္ကူရုပ် ပညာရပ်တွေကို လေ့လာနေခြင်းမဟုတ်လျှင် ထိုနှစ်ခုကို သုံးပြီး အပြင်မထွက်ဘဲ မည်သို့ မည်ပုံ အပျင်းထူရမလဲ ဆိုသည်အား လေ့လာနေကြသည်ချည်းသာဖြစ်ကြ၏။

ခရိုင် (၁၈) တွင် ကျန်းလင်သည် တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲမှ စက္ကူရုပ် ပညာရပ်များနှင့် လိမ္မာရေးခြားရှိစွာ အိတ်ကြီးထဲ ဝင်သွားကြသော သရဲများကို ကြည့်လိုက်သည်။

ထို့နောက် သူ၏ ဝိညာဉ်ခေါ်တံပိုးကို ပြန်ကြည့်လိုက်၏။

"..."

'သူ တခြား ဝိညာဉ်လက်နက် တစ်ခုခုများ စဉ်းစားသင့်ပြီလား'

'မြောက်ဘက်ငရဲပြည်မှာ ဝိညာဉ်တမန်တော် အလုံအ လောက် ရှိတယ်လို့ အမြဲကြားဖူးခဲ့တာ၊ အကြောင်းရင်းက ဒါကိုး'

……

သို့သော်ငြား

ပရိသတ်များ မြင်တွေ့နေရသည်က တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။

ကင်မရာ ရွေ့လျားသွားချိန်တွင် ပရိသတ်များ သတိမထားမိသော နေရာများ၌လည်း သရဲတစ္ဆေအများအပြား ဟိုပြေးဒီပြေး လုပ်နေကြသေးသည်။

မြောက်ဘက်နယ်မြေ၏ အခြေအနေက အခြား နေရာများထက် သိသိသာသာ ပိုမို ဆိုးရွားနေပြီး၊ ဤအချိန်တွင် အိမ်တွင်းအောင်းနေခဲ့သော ဝိညာဉ်တမန်တော်များမှာ အလွန် အလုပ်များနေကြလေပြီ။

စက္ကူရုပ် ပညာရပ်များကို သုံးရလွန်းသဖြင့် လက်များပင် တုန်နေကြ၏။

တူရိယာ သုံးသူများမှာလည်း မှုတ်ရလွန်းသဖြင့် ပါးစပ်များ ရောင်ကိုင်းနေပြီး၊ လက်များလည်း မလှုပ်နိုင်တော့ချေ။

တစ်ယောက်ချင်းစီတိုင်းက ဖြူလျော့နေပြီး ငိုမဲ့မဲ့မျက်နှာ များနှင့် မျက်လုံးတွေကလည်း ပြူးကျယ်နေပြီလေ။

"ဒီတစ်ခေါက် သရဲတွေက အရမ်းများလွန်းလို့၊ ငါတို့တို့ သိမ်းထားတဲ့ အဖိုးတန်ပစ္စည်းတွေကိုတောင် အကုန်ထုတ်သုံးနေရပြီကွာ စိတ်ညစ်တယ်"

"ငရဲမင်းကြီး၊ ဒီ... ဒီအရေအတွက်က အရမ်းများလွန်းတယ်"

ဝိညာဉ်တမန်တော် တစ်ဦးက လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ညည်းတွားလိုက်ပြီးနောက် စက္ကူပုံကြီးရှေ့တွင် မောပန်းစွာ လဲကျသွားတော့သည်။

သူ့ ခန္ဓာကိုယ်အတွင်း သိုလှောင်ထားသော သရဲချီအငွေ့အ သက်များမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။

ယခုလို လဲကျသွားခြင်းက ခန္ဓာကိုယ်၏အလိုအလျောက် ကာကွယ်မှု စနစ်တစ်ခုဖြစ်ပြီး၊ ခန္ဓာကိုယ်တွင်းရှိ သရဲချီအငွေ့အသက်များပြန်လည် ပြည့်ဝလာပါက သူ ဆက်လက် ကြိုးစားနိုင်ဦးမည်ဖြစ်သည်။

"ငရဲမင်းကြီး၊ ဒုက္ခပါပဲ..."

ဝိညာဉ်တမန်တော် တစ်ဦး ငရဲမင်းနန်းဆောင် အနီးသို့ ပြေးသွားစဉ် စွမ်းအား တစ်ခု၏ပြန်လည် ရိုက်ခတ်မှုကို ခံလိုက်ရပြီး လွင့်စင်သွားတော့သည်။

အနားသို့ လုံးဝကပ်၍မရချေ။

"ငရဲမင်းကြီး၊ ငရဲမင်းကြီး..."

ထိုဝိညာဉ်တမန်တော်က မမြင်ရသော အတားအဆီး၏ အပြင်ဘက်မှနေ၍ စိုးရိမ်တကြီးအော်ခေါ်နေသော်လည်း မည်သည့် တုံ့ပြန်မှုမျှမရရှိခဲ့ချေ။

ရုတ်တရက် ငရဲမင်းနန်းဆောင်၏အပေါ်ဘက်တွင် လက်သီးတစ်လုံးက ထိုမမြင်ရသော အတားအဆီးကို အားကုန်ထိုးချလိုက်၏။

'ဘုန်း'

ထိုအခါ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ပြန့်နှံ့သွားတော့ကာ မမြင်ရသော အတားအဆီးပေါ်တွင် အပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာ၏။

ယန်လော်သည် အထဲသို့ တိုက်ရိုက် ဝင်ရောက်သွားပြီး သူမ၏အသံက ငရဲမင်းနန်းဆောင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။

"ပေ့ရွှယ်၊ နင်က မြောက်ဘက် တစ်ခုလုံးကို နင့်အတွက် အသေခံခိုင်းမလို့လား"

……

ယန်လော်၏ အနောက်တွင် အတားအဆီးအပေါက်ကြီးမှာ လျင်မြန်စွာ ပြန်လည်ပိတ်ဆို့သွား၏။

ထိုစဉ်တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာ ဘောလုံးလေးမှာ နောက်ဆုံး အခိုက်အတန့်လေးတွင် အချိန်ကိုက် အထဲသို့ အတင်းတိုးဝင်သွားခဲ့သည်။

ကျန်းလင်: "..."

ဒီဘောလုံးလေးက တကယ်ကို အစွမ်းကုန်ကြိုးစားနေတာပဲ။

All Chapters