← Chapters

အလောင်းအစား

Vol. 22 Ch. 306

အလောင်းအစား

Vol. 22 Ch. 306

အခန်း (၃၀၆) အလောင်းအစား

လုန်လီက မဟူရာမှော်ရုံနယ်မြေဆီသို့ ကြည့်ရှုနေသော်လည်း အထဲတွင် ဘာဖြစ်နေသည်ကို မခန့်မှန်းနိုင် ဖြစ်နေရသည်။

ယခုအခြေအနေရောက်လာမှတော့ ပဉ္စမထပ်မှ နဝမထပ်အထိ အထက်ပိုင်းအထပ်များတွင် သားရဲများနှင့် သတ္တဝါဆိုးများ၏ တိုက်ခိုက်မှုကို မခံရစရာ အကြောင်းမရှိပေ။

အထက်ပိုင်းအထပ် (၂)ထပ် ၊ (၃)ထပ်တွင် ထင်မှတ်မထားသည့် ထူးခြားမှုတစ်စုံတစ်ရာ ဖြစ်နိုင်သည့်တိုင် အထက်ပိုင်း (၅)ထပ်လုံးတွင်တော့ ထိုသို့ မဖြစ်နိုင်လောက်ပေ။

လုန်လီက သက်ပြင်းချလိုက်ရင်း…

"ပဉ္စမထပ်ကနေ နဝမထပ်အတွင်းက အပြင်ပြန်ရောက်လာတဲ့သူတွေကို မေးကြည့်သင့်တာ ၊ ခက်တာက ကျုပ်တို့ နဂါးမျိုးနွယ်တွေ တစ်ယောက်မှ ထွက်မလာသေးတာပဲ"

လျိုကျင်းက...

"ကျုပ်တို့ ခွန်လွန်တောင်ကလည်း ဘယ်သူမှ ထွက်မလာသေးဘူး"

မုတ်ဆိတ်မွေးများရှိသည့် သက်လတ်ပိုင်းလူရွယ်တစ်ယောက်က…

"ကျုပ်တို့ နတ်လူသားမျိုးနွယ်တွေလည်း သိပ်များများ ထွက်မလာကြသေးပါဘူး"

သူတို့ (၃) ယောက် စကားပြောခြင်းအား ရပ်တန့်လိုက်၏။

သူတို့က အပိုကြွားဝါနေခြင်းဖြစ်ပြီး တကယ်တမ်းသိချင်လျှင် ထိုအထပ်များမှ အပြင်သို့ထွက်လာသည့် အခြားမျိုးနွယ်များကို သွားရောက် မေးမြန်းနိုင်သည်ပဲ ဖြစ်သည်။

***

"ဒဒဒီကိစ္စက ပဉ္စမထပ်က ထူးဆန်းတဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေနိုင်တယ်"

မြောင်ယွဲ့က မဟူရာမှော်ရုံနယ်မြေကိုကြည့်ရင်း သိမ်မွေ့စွာဆိုသည်။

ကျူးချင်ကလည်း ခေါင်းညိတ်လိုက်၏။

ပဉ္စမထပ်မှ နဝမထပ်အထိ အထပ်မြင့်ပိုင်းတွင် တစ်စုံတစ်ခု ဖြစ်နေဟန် ရှိသည်။

သာမန်အခြေအနေဆိုလျှင် ဤသို့မဖြစ်သင့်ပေ။ ထိုအထပ်များမှာပင် သားရဲများနှင့်သတ္တဝါဆိုးများ ရောက်ရှိနေရမည် ဖြစ်သည်။

ယခုကဲ့သို့ အခြေအနေများ မူမမှန်ဖြစ်နေခြင်းမှာ အကြောင်းပြချက်တစ်ခုခု ရှိရမည်ဖြစ်ပြီး ပဉ္စမထပ်မှ ထူးခြားဖြစ်စဉ်များနှင့် ဆက်စပ်နေနိုင်သည်။

တစ်စုံတစ်ယောက်က ပဉ္စမထပ်တစ်ခုလုံးကို ရှင်းပစ်နေဟန်ရှိသည်။ သို့သော် ဘာတွေဖြစ်နေသည်လဲ မည်သူမှ အတိအကျ မသိနိုင်ကြပေ။

လုန်စီးစီးက…

"ပဉ္စမထပ်ရဲ့ ဗဟိုမဏ္ဍိုင်မှာ ဘာလှုပ်ရှားမှုမှ မရှိဘူး ၊ ဒီတော့ ဘာကိုမှ မမြင်ရဘူး"

ပဉ္စမထပ်တွင် ပြဿနာရှိနေသော်ငြား ပြဿနာ၏ အဓိကအကြောင်းရင်းကို မသိနိုင်ကြပေ။ ယခုအချိန်ထိ ပဉ္စမထပ်၏ ဗဟိုမဏ္ဍိုင်တွင် သားရဲတစ်ကောင်တစ်လေ၏ အရိပ်အယောင်ပင် တွေ့မြင်ရခြင်း မရှိသေးပေ။

လုန်ယွိသည်လည်း ပဉ္စမထပ်သို့ လှမ်းကြည့်နေသည့်တိုင် မည်သည့်အရာကိုမှ တွေ့မြင်နိုင်ခြင်း မရှိပေ။ ထို့နောက် သူမက တတိယထပ်နှင့် စတုတ္ထထပ်သို့ အကြည့်ရွှေ့လိုက်သည်။

ကျန်းလန်သည် ထိုအထပ် (၂)ထပ်တွင်သာ ရှိနိုင်သည် မဟုတ်ပါလား။ ဂိုဏ်းတူမောင်လေး မကြာခင် အပြင်သို့ထွက်လာပါရန် သူမ မျှော်လင့်မိသည်။

ကျန်းလန်က ဆယ်စုနှစ်များစွာ တံခါးပိတ်ကျင့်ကြံလေ့ရှိသူ ဖြစ်သည်။ ထို့ကြောင့် သားရဲများနှင့် သတ္တဝါဆိုးများအန္တရယ်မှ လွတ်အောင် အချိန်ကြာမြင့်စွာ ပုန်းအောင်းနိုင်ပေလိမ့်မည်။

သူမ၏ကျန်းလန်က စတုတ္ထထပ် ၊ ဝိညာဉ်မိစ္ဆာငရဲဘုံမှပင် အပေါ်သို့ ပြန်လည်ခုန်တက်နိုင်စွမ်း ရှိသူဖြစ်သည်။

သားရဲများနှင့် သတ္တဝါဆိုးများ အန္တရယ်မှ ရှောင်တိမ်းရန်အတွက် ဝိညာဉ်မိစ္ဆာငရဲဘုံအတွင်းသို့ သက်ဆင်းပုန်းအောင်းနေနိုင်သည်။

သို့တည်းမဟုတ် ထိုသတ္တဝါများအားလုံး ကျန်းလန်၏ ဓားချက်အောက်တွင် အသက်ပျောက်သွားသည်လည်း ဖြစ်နိုင်သည်။

"ရှောင်ယွိ... ကျန်းလန် ဒီနေ့ တောင့်ခံနိုင်မယ်လို့ ထင်သလား"

သူမ အနောက်ဘက်တွင်ရပ်နေသည့် လုန်ယွိကို မြောင်ယွဲ့က ရုတ်တရက် မေးလိုက်၏။

လုန်ယွိက...

"ဂိုဏ်းတူမောင်လေးက ကိုယ်ပိုင်အတွေးအခေါ်ကောင်းတဲ့သူပါ"

ကျန်းလန် တောင့်ခံနိုင်မည်ဟု သူမက တစ်ထစ်ချ မပြောခဲ့ပေ။

ထိုသို့ပြောလိုက်လျှင် ကျန်းလန်ကို ချည်နှောင်သလို ဖြစ်သွားမည်ကို စိုးရိမ်မိသည်။

ကျန်းလန် အပြင်သို့ထွက်လာလျှင် သူမက အပြေးသွားကြိုမည် ဖြစ်သည်။ သို့သော် ဂိုဏ်းတူမောင်လေး အပြင်ထွက်လာသည်ဖြစ်စေ ၊ ထွက်မလာသည်ဖြစ်စေ သူမအတွက် ကြီးမားသည့် ပြဿနာ မရှိပေ။

နဂါးဧကရီ "ရန်ကျင်း" က မြောင်ယွဲ့ကို လှမ်းကြည့်လိုက်ရင်း…

"ငါတို့ အလောင်းအစားလုပ်ကြမလား ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမရဲ့ခင်ပွန်းလောင်း ဘယ်အချိန်ထွက်လာမလဲဆိုတာ လောင်းကြရအောင်လေ ၊ ဘယ်လိုလဲ"

မြောင်ယွဲ့ကလည်း အလောင်းအစားကို လက်ခံလိုက်သည်။

သူမက ရယ်မောလိုက်ရင်း…

"ကျန်းလန် နောက်ဆုံးအချိန်ရောက်မှ ထွက်လာမယ်ဆိုတာ ကျွန်မ အာမခံတယ် ၊ ဆိုတော့ အဲဒီဘက်က လောင်းကြေးထပ်မယ်"

လုန်စီးစီးက လုန်ယွိကိုကြည့်လိုက်ရင်း...

"ဒါဖြင့် ကျောက်စိမ်းရေကန်နတ်ဘုရားမကရော ဘယ်ဘက်က လောင်းကြေးထပ်ချင်လဲ"

ခွန်လွန်တောင်က ဂုဏ်တက်ချင်သည့်အတွက် "နောက်ဆုံးအချိန်ရောက်မှ ကျန်းလန်ထွက်လာမည်" ဆိုသည့်ဘက်မှ လောင်းကြေးထပ်ခြင်း ဖြစ်သည်။

တကယ်တာ့ တတိယထပ်တွင် နောက်ဆုံးအချိန်ထိ ကြာရှိနေရန်မှာ ခက်ခဲလွန်းသည်။ လုံး၀ မဖြစ်နိုင်ဟု ပြောလျှင် ပိုမိုမှန်ကန်ပေလိမ့်မည်။

လုန်ယွိက တိတ်ဆိနေငြိမ်သက်နေ၏။

မြောင်ယွဲ့က လုန်စီးစီးကို ကြည့်လိုက်ရင်း...

"ရှင်တို့ နဂါးမျိုးနွယ်တွေကတော့လေ… ၊ အငယ်တွေကို အနိုင်ကျင့်ရတာ သဘောကျတာလား ၊ အငယ်တွေက အလောင်းအစားမှာ ဘယ်လိုလုပ် ပါဝင်နိုင်မှာတဲ့လဲ"

ရန်ကျင်းက...

"ကောင်းပြီလေ… ဒါဖြင့် ကျန်းလန် နောက်ဆုံးအချိန်ထိ တောင့်ခံနိုင်မှာ မဟုတ်ဘူးဆိုတဲ့ဘက်က ငါတို့တွေ လောင်းကြေးထပ်မယ်"

လုန်စီးစီးက မြောင်ယွဲ့ကို ကြည့်လိုက်ရင်း…

"နဝမတောင်ထွတ်က တပည့်က အစကတည်းက နာမည်ကောင်း မရှိပါဘူးလေ ၊ သူ့ရဲ့အရည်အချင်းကလည်း သာမန်ပဲ ၊ ပြီးတော့ ကျင့်ကြံခြင်းအဆင့်ကလည်း သာမန်ပါပဲ ၊ အဲဒီလိုတပည့်တစ်ယောက်က နောက်ဆုံးအချိန်ထိ တောင့်ခံနိုင်မယ်လို့ ရှင်ဘာလို့ တွေးနိုင်ရတာလဲ"

မြောင်ယွဲ့က ပြုံးရုံသာပြုံးနေပြီး မည်သည့်စကားမှ မဆိုပေ။

ကျူးချင်ကလည်း စကားတစ်ခွန်းမှ ဝင်မပြောပေ။

မြောင်ယွဲ့ အဘယ့်ကြောင့် ကျန်းလန်အပေါ် ထိုမျှ ယုံကြည်ချက်ရှိနေရသည်လဲ သူမ နားမလည်ပေ။

သို့သော် မြောင်ယွဲ့က သူမ ယုံကြည်ချက်မရှိသည့် အလောင်းအစားမျိုးကို တစ်ခါမှ မပြုလုပ်ဖူးပေ။ ထို့ကြောင့် ကျန်းလန် အဆုံးထိ တောင့်ခံနိုင်ရန်မှာ သေချာသလောက် ရှိသည်။

ကျူးချင်းက လုန်ယွိကို လှည့်ကြည့်လိုက်သည်။ လုန်ယွိ၏ မျက်နှာက ပကတိတည်ငြိမ်နေပြီး စိုးရိမ်ပူပန်သည့် အရိပ်အယောင်များ ထင်ဟပ်နေခြင်း မရှိပေ။

အလောင်းအစားပွဲတွင် လောင်းကြေးကိုတော့ မည်သူမှ စကားထဲ ထည့်မပြောကြပေ။ အလျော်အစားက အဘယ်မှာ အသုံးဝင်ပါသနည်း။

အဓိကက တစ်ဖက်လူ အလောင်းအစားရှုံးနိမ့်ပြီး မျက်နှာပျက်ရသည်ကို တွေ့မြင်လိုကြခြင်းပင် ဖြစ်သည်။

"အထပ်တိုင်းက သားရဲတွေနဲ့ သတ္တဝါဆိုးတွေ တစ်ခုခု ဖြစ်သွားတာနဲ့ မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲက ပြီးဆုံးသွားမှာ မဟုတ်လား"

ကျူးချင်က မြောင်ယွဲ့ကို မေးလိုက်သည်။

"ဟုတ်တယ်"

မြောင်ယွဲ့က အမြင့်ဆုံးဖြစ်သည့် နဝမထပ်နှင့် အဋ္ဌမထပ်ကိုကြည့်ပြီး ဆက်ပြောသည်။

"နဝမထပ်နဲ့အဋ္ဌမထပ်မှာ မှော်ရုံနယ်မြေအစီအရင်ကို ဖျက်စီးပစ်နိုင်တဲ့ စွမ်းအားတွေ ထည့်သွင်းထားတယ် ၊ သူတို့တွေ တာအိုဆွေးနွေးတဲ့အခါ တာအိုအနှစ်သာရထွက်ပေါ်လာတာနဲ့ မှော်ရုံနယ်မြေကို ဖျက်စီးပစ်နိုင်တဲ့ စွမ်းအားက ထွက်ပေါ်လာလိမ့်မယ်"

"တာအိုအနှစ်သာရထွက်ပေါ်လာနိုင်တဲ့ အမြန်ဆုံးနည်းလမ်းကတော့ ကျင့်ကြံသူတိုင်းရဲ့ သက်ဆိုင်ရာ တာအိုတရားတွေကို စီစစ်အတည်ပြုနိုင်ဖို့ပဲ ၊ အဲဒီအချိန်ရောက်ရင် မှော်ရုံနယ်မြေတစ်ထပ်ချင်း ဖျက်စီးခံရပြီး တဖြည်းဖြည်း ပဉ္စမထပ်လည်း ဖျက်စီးခံရလိမ့်မယ် ၊ ဒါဆိုရင် အဲဒီမှာ ဘာတွေ ဖြစ်နေလဲဆိုတာ တွေ့မြင်နိုင်မှာပါ"

***

မဟူရာမှော်ရုံနယ်မြေ ၊ နဝမထပ်။

နဝမထပ်တွင်တာ့ ကျင့်ကြံသူများ အငြင်းပွားလျှက် ရှိကြသည်။

မှော်ဝိညာဉ်တောင်မှ မှော်ဆရာလူငယ်က…

"နတ်လူသားမျိုးနွယ်တွေက မဟာတာအိုကို ကိုယ်စားပြုတာတဲ့လား ၊ မင်းတို့တွေရဲ့ အခြေခံတာအိုကျင့်စဉ်က ဘာမို့လို့လဲ ၊ ဟာသပဲကွာ… ဟဟ ၊ အဲဒီလိုဆိုရင် မင်းရဲ့ ကိုယ်ပိုင်တာအိုလမ်းစဉ်ကို ဘယ်လိုလျှောက်လှမ်းမလဲ သိချင်လိုက်တာ"

သူက ဆက်ပြောသည်။

"ကျင့်ကြံသူတွေဆိုတာက အသက်ရှည်ဖို့နဲ့ သေခြင်းရှင်ခြင်းသံသရာကို သိမြင်ဖို့ ကျင့်ကြံကြတာ ၊ ကျုပ်တို့က သာမန်လူသားတွေနဲ့မတူဘဲ သေခြင်းတရားကို အံတုရင်ဆိုင်နေကြတာ ၊ လောကဥပဒေသတွေအကြောင်း တစ်ဆင့်ချင်း နားလည်အောင် ကြိုးစားတာက တာအိုတရားအစစ်အမှန်ပဲ"

"အဲဒီလိုလား"

နတ်လူသားမျိုးနွယ်လူငယ်က မှော်ဝိညာဉ်တောင်မှ မှော်ဆရာလူငယ်ကို သုံသုံမှုန်မှုန်ဖြင့်ကြည့်ရင်း ပြောလိုက်၏။

"ဒါဖြင့် ဘယ်သူ့ရဲ့ တာအိုတရားက ပိုမှန်လည်းဆိုတာ ကြည့်ရအောင် ၊ ပါးစပ်နဲ့ပြောနေရတာ ပျင်းစရာကောင်းတယ် ၊ မင်းတို့အကုန်လုံကို ချေးမှုန်းပစ်ပြီး ကျုပ်မှန်တယ်ဆိုတာ သက်သေပြမယ်"

"ဒါဖြင့် လာလေ"

သက်လတ်ပိုင်းလူရွယ်တစ်ယောက်က မတ်တတ်ရပ်ရင်း ပြောလိုက်သည်။

တာအိုဆွေးနွေးနေကြသူများအားလုံးလည်း မတ်တတ်ရပ်လိုက်ကြ၏။

နဂါးမျိုးနွယ် ၊ ဇာမဏီမျိုးနွယ် ၊ မြေအောက်နတ်မိစ္ဆာ ၊ အလယ်ပိုင်းလွင်ပြင်ဒေသမှ 'ပု' အိမ်တော် ၊ အရှေ့ဘက်စွန့်ပစ်နယ်မြေမှ ဘီလူးဝိညာဉ်မျိုးနွယ်များအားလုံး မတ်တတ်ထရပ်လိုက်ကြသည်။

ဘယ်သူကမှ အလျှော့ပေးလိုစိတ်မရှိကြပေ။

"ဟင်း ဟင်း တိုက်ချင်လို့စောင့်နေတာ ကြာပြီ"

"ဘာတွေဖြစ်မလဲ ကြည့်ကြတာပေါ့"

"ဟေ့… ဟို ခွန်လွန်တောင်ကတပည့် ၊ မင်းရော ကျုပ်တို့နဲ့ တိုက်ခိုက်ရဲသလား"

ပြောပြီးသည်နှင့် သူတို့က ထောင့်တစ်ထောင့်တွင်ထိုင်သည့် အသက် (၂၀)ဝန်းကျင် လူငယ်တစ်ယောက်ကို လှမ်းကြည့်လိုက်ကြသည်။

လူငယ်က အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသည့်အလား ပျင်းရိစွာ ပြုံးလိုက်ရင်းဖြင့် ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်၏။

"လောကမှာ မဟာတာအိုလမ်းစဉ်တွေ ထောင်နဲ့ချီပြီး ရှိပါတယ်ဗျာ ၊ တာအိုလမ်းစဉ်ငယ်တွေကတော့ ရေတွက်လို့တောင် မကုန်နိုင်ဘူး ၊ ဘယ်သူ့လမ်းစဉ်ကမှားတယ် ဘယ်သူလမ်းစဉ်ကမှန်တယ်လို့ ဘယ်လိုလုပ် ပြောနိုင်ပါ့မလဲ"

သူက ဆက်ပြောသည်။

"အချိန်ကြာလာတာနဲ့အမျှ ကိုယ့်လမ်းစဉ်ပဲမှန်တဲ့ တစ်ယူသန်တဲ့သူတွေ သူတို့အမှားကို နားလည်သွားကြပါလိမ့်မယ် ၊ ဒါပေမဲ့ ဒီနေ့တော့ ဘာစောင့်နေတော့မလဲ ၊ တိုက်ကြတာပေါ့"

ထိုသူက သတ္တမတောင်ထွတ်မှ "လန်ဝူ" ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်က မိုးကောင်းကင်အင်မော်တယ် ၊ အလယ်ဆင့် ဖြစ်၏။

မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲတွင် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံး မည်မျှဖြစ်ကြောင်း မည်သူမှ မသိခဲ့ကြပေ။

"ဘုန်း"

စကားသံအဆုံးသတ်သွားသည်နှင့် လန်ဝူက စတင်တိုက်ခိုက်လိုက်သည်။

သူ၏တိုက်ခိုက်မှုကြောင့် မိုးကောင်းကင်အင်မော်တယ် အယောက် (၂၀)ခန့်မှာ နောက်သို့ အနည်းငယ် ဆုတ်သွားကြရသည်။

မိုးကောင်းကင်အင်မော်တယ်စွမ်းအားများ အဆက်မပြတ် မြင့်တက်လာ၏။

များစွာသော အင်အားစုများနှင့် ဂိုဏ်းများတွင် မိုးကောင်းကင်အင်မော်တယ် အနည်းနှင့်အများ ရှိကြသော်လည်း လူငယ်မိုးကောင်းကင်အင်မော်တယ်အဆင့်ဆိုသည်က ရှားပါးလှသည်။

ထို့ကြောင့် မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲတွင် မိုးကောင်းကင်အင်မော်တယ်အဆင့်ထက် အဆင့်မြင့်မားသူများ မပါရှိနိုင်ပေ။

မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲဆိုသည်က ပါရမီရှင် လူငယ်များ စုဝေးသည့် ပွဲဖြစ်လေ၏။

လန်ဝူက မှော်ဝင်ပစ္စည်းအသုံးပြုတိုက်ခိုက်ခြင်း မရှိပေ။ သူက တာအိုတန်ခိုးစွမ်းအားဖြင့်သာ ပြိုင်ဘက်များကို အနိုင်ယူမည် ဖြစ်သည်။

တန်ခိုးစွမ်းအားများ ပျံ့နှံ့သွားပြီးနောက် လန်ဝူက မြေအောက်နတ်ဆိုးများကို စတင်တိုက်ခိုက်လိုက်သည်။

"တောင်မြင့်မဟာ အင်မော်တယ်တန်ခိုးစွမ်းအား"

လန်ဝူက လက်ဟန်သင်္ကေတများ ဆက်တိုက်ပြုလုပ်လိုက်ပြီး ကြီးမားသည့် တောင်ကြီးတစ်တောင် ဖန်ဆင်းကာ မြေအောက်နတ်ဆိုးများကို ဖိနှိပ်ထားလိုက်သည်။

"ဘုန်း"

မြေအောက်နတ်ဆိုးများကလည်း သူတို့၏ ဓားများကို ဆွဲထုတ်လိုက်ကြပြီး တောင်မြင့်ကြီးကို ခုတ်ပိုင်းချလိုက်သည်။ သူတို့၏ ဓားသွားများမှ နက်မှောင်သည့် ချီစွမ်းအားအငွေ့အသက်များ ထွက်ပေါ်လျှက် ရှိသည်။

"ကလန်"

တန်ခိုးစွမ်းအားများ ရိုက်ခတ်မိသွားပြီး တောင်မြင့်ကြီး အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။

မြေအောက်နတ်မိစ္ဆာတစ်ယောက်က…

"မင်းရဲ့ တာအိုတန်ခိုးစွမ်းအားကပဲ မြန်နိုင်မလား ၊ ကျုပ်တို့ရဲ့ ဓားကပဲ မြန်နိုင်မလား ကြည့်ရအောင်"

လန်ဝူက ရယ်မောလိုက်သည်။

"လာလေ"

"ဘုန်း"

ထိုသို့ဖြင့်…

နဝမတောင်ထွတ်တွင် မိုးကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲများ ပြင်းထန်စွာ စတင်လေတော့၏။

***

နဝမထပ်ရှိ ပြင်းထန်သည့်တိုက်ပွဲများမှ ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားလှိုင်းလုံးများသည် အဋ္ဌမထပ်သို့ တိုက်ရိုက်ထိုးနှက်လာသည်။

ထိုအချိန် အဋ္ဌမထပ်တွင်လည်း မရေမတွက်နိုင်သည့် တန်ခိုးစွမ်းအားမုန်တိုင်းများ တိုက်ခတ်လျှက် ရှိသည်။

လုကျန်းသည် နတ်မိစ္ဆာ (၃)ယောက်နှင့် အပြင်းအထန် တိုက်ခိုက်နေပြီး ဒဏ်ရာလည်း ရရှိထားလေသည်။ ဓားအလင်းရောင်က နေရာတိုင်းမှ ထွက်ပေါ်နေသည်။

နတ်မိစ္ဆာများဘက်မှ အသာစီးရနေသော်လည်း လုကျန်း ရှုံးနိမ့်ရန်ကတော့ အဝေးကြီးလိုသေးသည်။

ထိုစဉ်…

"ဘုန်း"

အပေါ်ဘက်မှ ကျယ်လောင်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။

တိုက်ခိုက်နေကြသည့် နတ်မိစ္ဆာ (၃)ယောက်နှင့် လုကျန်းမှာ ချက်ချင်းပင် တုန်လှုပ်သွားကြပြီး နောက်သို့ ခုန်ဆုတ်လိုက်ကြသည်။

လုကျန်းက သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုစားလိုက်ပြီး အပေါ်သို့ မော့ကြည့်လိုက်သည်။ ထို့နောက် သူ့ရှေ့မှ နတ်မိစ္ဆာမျိုးနွယ် ၊ အစစ်အမှန်အင်မော်တယ် (၃)ပါးကို ပြုံးပြလိုက်သည်။

"ကြည့်ရတာ အပေါ်ထပ်မှာလည်း တိုက်နေကြပုံရတယ် ၊ ကဲ… မင်းတို့အားလုံး ကျုပ်ကို တစ်ပြိုင်တည်း ဝင်တိုက်လိုက်ကြစမ်းပါ ၊ ဘာလဲ အပေါ်ထပ်က ကျုပ်ရဲ့ ဂိုဏ်းတူအစ်ကို ဆင်းလာပြီး မင်းတို့ကို တိုက်ခိုက်မှာ ကြောက်နေတာလား"

"မိုးကောင်းကင်အင်မော်တယ်တွေ တိုက်ခိုက်ပြီဆိုရင် မှော်ရုံနယ်မြေရဲ့ အရံအတားတွေကို ဖျက်စီးနိုင်တဲ့ တန်ခိုးစွမ်းအားထွက်ပေါ်လာမယ်လို့ ကျုပ်ကြားခဲ့ဖူးတယ် ၊ ဒါပေမဲ့…"

ဆင်နတ်မိစ္ဆာက အပေါ်ထပ်သို့မော့ကြည့်ရင်း အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ အဆုံးထိ တိုက်ကြတာပေါ့"

"အဲဒီလိုလား"

လုကျန်း ဓားကို တင်းတင်းဆုပ်ကိုင်ထားသည်။

သူ့မျက်ဝန်းများထဲတွင် ရူးသွပ်မှုများဖြင့် ပြည့်နက်နေ၏။

"ဒါဖြင့် ကျုပ်ရဲ့ဓားသိုင်းလမ်းစဉ်ကို အတည်ပြုဖို့အတွက် မင်းတို့ (၃)ယောက်ကို အရင်ဆုံး အပြင်ကို ပို့ပေးလိုက်မယ်"

ပြောပြီးသည်နှင့် လုကျန်းက သူ့ရှေ့မှ နတ်မိစ္ဆာမယ်ကို စတင်တိုက်ခိုက်လိုက်သည်။

နတ်မိစ္ဆာမယ်ကလည်း အရေးမစိုက်ပေ။

သူမပတ်ပတ်လည်တွင် ရေခဲကွန်ယက်တစ်ခု ဖြစ်ပေါ်လာပြီး သူမက လက်ထဲမှ ရေခဲဓားကို ဝှေ့ယမ်းလိုက်သည်။

"ဟူး…"

ရေခဲဓားက လုကျန်းကို ခုတ်ပိုင်းချလိုက်ပြီး သူ့ကို ဒဏ်ရာရသွားစေသည်။

နတ်မိစ္ဆာမယ်က လုကျန်း နောက်ဆုတ်ရှောင်တိမ်းသွားရန် မျှော်လင့်ထားခဲ့သည်။ သို့သော် လုကျန်းက သူမ၏ ဓားချက်ကို လုံး၀ မမရှောင်တိမ်းသောကြောင့် သူမ အံ့အားသင့်သွားရသည်။

လုကျန်းက ဓားချက်ကို မရှောင်တိမ်းသလို ကာကွယ်ခြင်းလည်း မပြုပေ။ သူ၏ဓားချက်များက ရန်သူဆီသို့သာ ရှင်းလင်းစွာ ကျရောက်လာသည်။

လုကျန်း၏ နှုတ်ခမ်းများက တွန့်ကွေးပြီး ပြုံးလျှက်ရှိသည်။

"မင်း ကျုပ်ကို ဓားနဲ့တစ်ချက်ခုတ်တယ်နော် ၊ အခု ကျုပ်အလှည့်ပဲ"

All Chapters