အပျက်အစီးများ၏ အမှန်တရား
Vol. 27 Ch. 262
“ဒီဂူက အပျက်အစီးဟောင်းဆီ သွားတဲ့ အပေါက်ပဲ”
ဖုန်းလင်းလုံ ပြောပြောဆိုဆိုနှင့် လူတိုင်းကို လှည့်ကြည့်လိုက်သည်။
အဖွဲ့သားအားလုံးသည် အလိုအလျောက်ပင် သူတို့နတ်ဘုရားအာရုံ များကို ဂူအတွင်းသို့ ဖြန့်ကြက်ကြည့်လိုက်ကြ၏။
သို့သော် သူတို့၏ အာရုံထဲ၌ အဆုံးစွန်သော မှောင်မိုက်ခြင်းကိုသာ တွေ့ကြုံလိုက်သည်။
ပေအနည်းငယ်မျှ အရောက်တွင်ပင် သူတို့နတ်ဘုရားအာရုံကို လုံးဝပိတ်ဆို့ထားသည့် အစီအရင် တစ်ခုရှိနေကြောင်း တွေ့လိုက်ရသည်။
ဖုန်းမူ အပါအဝင် လူတိုင်းသည် ချက်ချင်းပင် မိမိတို့၏ နတ်ဘုရားအာရုံကို ပြန်လည်ရုပ်သိမ်းလိုက်ကြ၏။
တပည့်မတစ်ဦးက မေးလိုက်သည်။ “စီနီယာအစ်မ ချင်းဟယ်၊ ဒီဂူကို အရင်က စူးစမ်းဖူးတာလားဟင်”
ဖုန်းလင်းလုံက ပြန်ဖြေသည်။“အရင်က ငါတစ်ယောက်တည်း တစ်ခါဝင်ဖူးတယ်၊ ဒါပေမဲ့ အစီအရင်နားမှာ ရပ်တန့်သွားခဲ့တာ။ ဒါက အလယ်အလတ်အဆင့် ဓာတ်ကြီးငါးပါး ခံစစ်အစီအရင်ပဲ။ အစီအရင်အလံ ငါးခုစလုံးကို တစ်ပြိုင်တည်း မဖျက်ဆီးနိုင်ရင် သူက ပြန်ပြီးတိုက်ခိုက်လိမ့်မယ်။ တိုက်ခိုက်မှုက ပြင်းထန်လေလေ၊ တုံ့ပြန်မှုက ပိုကြောက်ဖို့ကောင်းလေလေပဲ”
သူမ၏ သတိပေးချက်ရှိသော်ငြား သူတို့မျက်နှာပေါ်တွင် တုံ့ဆိုင်းသည့်အရိပ်အယောင် မတွေ့ရပေ။
သူတို့အားလုံး တညီတညွတ်တည်း ပြန်ဖြေကြသည်။
“သွားကြရအောင် စီနီယာအစ်မချင်းဟယ်”
ဖုန်းမူအနေဖြင့် ထိုဂူထဲတွင် တစ်ခုခုလွဲနေသည်ဟု ခံစားနေရဆဲဖြစ်သော်လည်း အားလုံးက သဘောတူထားကြသဖြင့် စူးစမ်းရန်အတွက်သာ လိုက်ပါသွားရတော့သည်။
တကယ်လို့ တစ်ခုခုမှားယွင်းလာလျှင်လည်း သူ ချက်ချင်းပြန်ဆုတ်ရုံသာ။
“ကောင်းပြီလေ”
ထို့နောက် ဖုန်းလင်းလုံ ရှေ့ဆုံးမှ ဦးဆောင်ကာ ဂူထဲသို့ ဝင်သွားပြီး ကျန်သည့်သူများက အနောက်မှ ကပ်လိုက်လာကြသည်။
ဂူထဲသို့ ရောက်သည်နှင့် ဖုန်းလုံလင်သည် သူမ သိုလှောင်လက်စွပ်ထဲမှ ညလင်းပုလဲတစ်လုံးကို ထုတ်လိုက်ရာ အမှောင်ထုဖုံးလွှမ်းနေသော ဂူအတွင်းမှာ နေ့ခင်းအလား လင်းထိန်သွားသည်။
ဂူလမ်းမှာ အစပိုင်းတွင် ကျဉ်းမြောင်းသော်လည်း ခြေလှမ်းရာချီ လျှောက်ပြီးနောက် ရုတ်တရက် ကျယ်ဝန်းသွား၏။
လမ်းတစ်လျှောက်တွင် ဖုန်းမူသည် ကျောက်နံရံများကို လေ့လာကြည့်ရာ ၎င်းမှာ သဘာဝအတိုင်းဖြစ်ပေါ်နေသော ထုံးကျောက်ဂူတစ်ခုဖြစ်ပြီး လူတို့တူးဖော်ထားသည့် အထောက်အထား မရှိပေ။
ထို့အပြင် လူရှိခဲ့သည့် ခြေရာလက်ရာမျိုးလည်း လုံးဝမတွေ့ပေ။
ပတ်ဝန်းကျင်က တိတ်ဆိတ်လွန်းလှသည်။
ဖုန်းမူအတွက် အပျက်အစီးဟောင်းများကို စူးစမ်းခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သော်လည်း ယွင်လန်ဂိုဏ်းရှိ တပည့်များထံမှ ပုံပြင်များစွာ ကြားဖူးထားသည်။
ကောင်းကင်ဇာစ်မြစ်ကျင့်ကြံသူတို့၏ နေအိမ်ဟောင်းများပင်လျှင် ဘေးအန္တရာယ်များဖြင့် ပြည့်နှက်နေတတ်သည်။ သို့သော် ယခုခရီးစဉ်မှာ ချောမွေ့လွန်းနေပြီး ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေ၏။
တစ်ခဏအကြာတွင်..
သူတို့ ဓာတ်ကြီးငါးပါးအစီအရင်၏ အစွန်းသို့ ရောက်ရှိလာကြသည်။
အစီအရင်က ရှေ့ဆက်မည့်လမ်းကို လုံးဝပိတ်ဆို့ထားသည်။
ရှေ့ဆက်သွားရန်အတွက် ၎င်းကို ဖျက်ဆီးရမည်သာ။
ဖုန်းလင်းလုံ ရပ်တန့်လိုက်ပြီး အမည်များ ခေါ်လိုက်သည်။
“ဖုန်းမူ၊ လီပင်း၊ ယန်မင်၊ ယိုတာ့နူ”
“ရှိပါတယ်” လေးယောက်စလုံးက တညီတညွတ်တည်း ပြန်ထူးကြ၏။
ဖုန်းလင်းလုံက ဆက်ပြောသည်။
“ငါတို့ငါးယောက်က သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ ဆိုတဲ့ ဓာတ်ငါးပါးကို ကိုယ်စားပြုတဲ့ ရတနာတစ်ခုစီ ကိုင်ထားကြမယ်။ အစီအရင်ထဲက အလံငါးခုကို လူတိုင်းအသေအချာ မြင်နိုင်အောင် ငါက ကောင်းကင်မျက်လုံး အဆောင်ကို သုံးပေးမယ်။ ငါ အချက်ပေးတာနဲ့ တစ်ပြိုင်တည်း တိုက်ခိုက်ကြရမယ်။ မှတ်ထားပါ တကယ်လို့ တစ်ယောက်ယောက်က တုံ့ဆိုင်းသွားလို့ အစီအစဉ်ပျက်သွားခဲ့ရင် ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး”
ယန်မင် ပြောလိုက်သည်။
“စိတ်မပူပါနဲ့ စီနီယာအစ်မ ချင်းဟယ်။ ဒါက ကျွန်မတို့အတွက် ပထမဆုံးအကြိမ် လေ့ကျင့်ရေးထွက်တာ မဟုတ်ဘူးလေ။ အစ်မကို စိတ်ပျက်အောင် မလုပ်ပါဘူး”
စကားလုံးများက သာမန်အတိုင်းပင် ဖြစ်သော်လည်း လူတိုင်းကမူ ထိုစကားထဲမှ သွယ်ဝိုက်သောအဓိပ္ပာယ်ကို နားလည်ကြ၏။
ဖုန်းမူ ပြုံးလိုက်သည်။
“စိတ်ချပါ စီနီယာအစ်ကိုတို့ အစ်မတို့။ ဆေးမီးလျှံတောင်ထွတ် ရဲ့ အပြင်စည်းတပည့်တွေထဲမှာ ကျွန်တော့်ရဲ့ မီးထိန်းချုပ်နိုင်စွမ်းက ဒုတိယလို့ပြောရင် ပထမလို့ ပြောရဲမဲ့သူ မရှိပါဘူး။ ကျွန်တော် ဝန်ပိုမဖြစ်အောင် လုပ်ပါ့မယ်”
“ကောင်းပြီ”
ထို့နောက် ဖုန်းလင်းလုံက သူမ သိုလှောင်လက်စွပ်ထဲမှ အဆင့်မြင့်အဆောင်တစ်ခုကို ထုတ်လိုက်၏။
သူမ လက်ချောင်းများဖြင့် လက်ဟန် တစ်ခုကို လျင်မြန်စွာ ဖော်ဆောင်ပြီး ဟစ်အော်လိုက်သည်။
“ကောင်းကင်မျက်လုံး ပွင့်စေ”
သူမ အသံအဆုံးတွင် လက်ထဲမှ အဆောင်မှာ အလင်းများ ဖြာထွက်လာပြီး ကြီးမားသော မျက်လုံးကြီးတစ်ခု လေထုထဲတွင် ပေါ်လာခဲ့သည်။
ကောင်းကင်မျက်လုံး ပေါ်လာသည်နှင့် လူတိုင်းသည် အစီအရင်အတွင်းရှိ အလံငါးခုကို ချက်ချင်း မြင်လိုက်ရ၏။
“တိုက်ခိုက်ဖို့ ပြင်ကြ”
ဖုန်းလင်းလုံက ပြောပြောဆိုဆိုနှင့် သူမ ခါးမှ ဓားကို ဆွဲထုတ်လိုက်သည်။
ချွမ်
ကြည်လင်ပြတ်သားသော အသံနှင့်အတူ သူမ သစ်သားအလံ ရှေ့တွင် နေရာယူလိုက်သည်။
ဖုန်းမူက အခြားသူများကို ဂရုမစိုက်ဘဲ သတ္တုအလံ ဆီသို့ လျှောက်သွားလိုက်၏။
တစ်ချိန်တည်းမှာပင် သူ ဝိညာဉ်မီးတောက် ကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် နတ်ဘုရားအာရုံကို အသုံးပြု၍ မီးလျှံနှင့် တိတ်တဆိတ် ဆက်သွယ်လိုက်၏။
အခြားသုံးဦးကလည်း မိမိတို့၏ သက်ဆိုင်ရာ ရတနာများကို အသီးသီး ထုတ်ဖော်လိုက်ကြသည်။
“အားလုံး အဆင်သင့်ဖြစ်ပြီလား” ဖုန်းလင်းလုံ အသေအချာ မေးလိုက်သည်။
“အဆင်သင့်ပါပဲ”
“သုံး... နှစ်... တစ် တိုက်ခိုက်”
ဖုန်းလင်းလုံ သူမ၏ ဓားကို အစီအရင်၏ သစ်သားအလံဆီသို့ တည့်တည့်လွှဲယမ်းလိုက်သည်။
ထိုအခိုက်အတန့်မှာပင် ဖုန်းမူက သူ့ဝိညာဉ်မီးတောက်ကို အရှိန်အဟုန်ပြင်းစွာ ထုတ်လွှတ်လိုက်ပြီး ကျန်သုံးဦးကလည်း တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြသည်။
ဘုန်း
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးက ဂူတစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေသည်။
သို့သော် ဂူပြိုကျခြင်း မရှိသလို အစီအရင်ကလည်း တုံ့ပြန်တိုက်ခိုက်ခြင်း မရှိပေ။
“ငါတို့ အောင်မြင်သွားပြီ”
အဖွဲ့ထဲမှ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ပြီး လူတိုင်း အစီအရင်ကျော်လွန်ရာနေရာသို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။
သို့သော် အလံများ၏ နောက်ကွယ်မှာ ဘာရှိသည်ကို အသေအချာပင် မမြင်ရသေးမီ
ဖုန်းမူ၏ နှလုံးသားထဲတွင် ရုတ်တရက် အန္တရာယ်အချက်ပေးသံ မြည်လာသည်။ သူက အခြားသူများကို သတိပေးရန် ပါးစပ်ဟလိုက်စဉ်မှာပင် မှောင်မည်းနေသော ဂူအတွင်းမှ ထူးဆန်းသော အစိမ်းရောင် အလင်းစက်များ စတင်တောက်ပလာသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝပြောင်းလဲသွားသည်။ ဟာလာဟင်းလင်း ဖြစ်နေသော ဂူကြမ်းပြင်မှာ ယခုအခါ အလောင်းများနှင့် ဖြူဖွေးနေသော အရိုးစုများဖြင့် ပြည့်နှက်နေ၏။
သဘာဝထုံးကျောက်ဂူမှာ တောင်ပေါ်ယဇ်ပလ္လင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
လူတိုင်း ယခုအခါ ယဇ်ပလ္လင်၏ အလယ်ဗဟိုတွင် ရပ်နေကြခြင်းပင်။
ပတ်ပတ်လည်ရှိ မီးရှူးတိုင်များက ကျောက်နံရံများကို လင်းထိန်စေပြီး တဖျပ်ဖျပ်တောက်နေသော အလင်းအောက်တွင် နံရံဆေးရေးပန်းချီများကို အထင်အသား မြင်တွေ့ရသည်။
ပန်းချီများထဲတွင် သူတို့တစ်ခါမျှ မမြင်ဖူးသော ရွံရှာဖွယ်ကောင်းသည့် နတ်ဆိုးသတ္တဝါကြီးများကို သရုပ်ဖော်ထား၏။
ယွမ်လင်ဂိုဏ်း၏ အတွင်းစည်းတပည့်များ ဖြစ်ကြသော်လည်း ထိုမြင်ကွင်းကြောင့် အားလုံး တုန်လှုပ်သွားကြသည်။
“ မကောင်းတော့ဘူး... ခုနကဟာက လှည့်စားမှုအစီအရင်ပဲ။ ငါတို့တော့ ဒုက္ခကြီးလှလှ တွေ့ပြီ”
ယိုတာ့နူ ထိတ်လန့်တုန်လှုပ်သော မျက်နှာဖြင့် ပြောရင်း အလိုလို နောက်ဆုတ်လိုက်သည်။
ဂွပ်
သူ၏ခြေထောက်က အရိုးစုတစ်ခုကို နင်းမိပြီး ကျိုးသွားသဖြင့် လူတိုင်းမှာ လန့်ဖျပ်သွားပြီး ထိတ်လန့်မှုမှ သတိပြန်ဝင်လာကြသည်။
“ဒီမှာ ဆက်နေလို့ မဖြစ်ဘူး။ ဆုတ်ကြမယ်၊ အခုချက်ချင်း”
ဖုန်းလင်းလုံ ရတနာရှာရန် ဆက်နေမည့် ဆန္ဒမရှိဘဲ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။
သူမ ပြောလိုက်သည်နှင့် အစိမ်းရောင် အလင်းတန်းကာရံတစ်ခု ပေါ်လာပြီး ယဇ်ပလ္လင်တစ်ခုလုံးကို လွှမ်းခြုံသွားေလ၏။
ခဏချင်းမှာပင် ယဇ်ပလ္လင်ပေါ်ရှိ ကျင့်ကြံသူများသည် လှောင်အိမ်ထဲက ငှက်များကဲ့သို့ ပိတ်မိသွားကြတော့သည်။
“ သွားပြီ ဒါ ထောင်ချောက်ပဲ စီနီယာအစ်မ၊ ဒီအပျက်အစီးဟောင်းအကြောင်းကို ဘယ်သူ့ဆီက ကြားခဲ့တာလဲ”
ယန်မင်က သူမတို့ ပတ်ပတ်လည်ရှိ တောက်ပနေသော အလင်းတန်းကို ကြည့်ရင်း စိုးရိမ်တကြီး မေးလိုက်သည်။
ဖုန်းလင်းလုံက တည်ငြိမ်နေဆဲပင်။
“အခုက အဲ့ဒီအကြောင်း ငြင်းခုံနေရမယ့်အချိန် မဟုတ်ဘူး။ အရေးကြီးဆုံးက ဒီကနေ ဘယ်လိုထွက်မလဲဆိုတာပဲ”
လီပင်းက ဝင်ပြောသည်။
“စီနီယာအစ်မ ချင်းဟယ် ပြောတာ မှန်တယ်။ အားလုံးပဲ ပညာတွေ ချန်မထားကြနဲ့တော့၊ ရှိသမျှ ခွန်အားအကုန်ထုတ်ပြီး ဒီအလင်းတန်းကို ဖျက်ဆီးကြရအောင်”
လူတိုင်း စိတ်ပျက်နေကြသော်လည်း ယခုမှာ အချင်းချင်း ရန်ဖြစ်နေရမည့် အချိန်မဟုတ်ပေ။ သူတို့ သဘောတူလိုက်ကြသည်။
“ငါတို့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး”
ကျင့်ကြံသူများက သူတို့စွမ်းအားအပြည့်ကို ထုတ်ဖော်လိုက်ပြီး အားအကောင်းဆုံး နည်းစနစ်များကို အသုံးပြု၍ တိုက်ခိုက်လိုက်ကြ၏။
ဘုန်း... ဘုန်း...
ယဇ်ပလ္လင်တစ်ခုလုံး တုန်ဟီးသွားသော ပေါက်ကွဲသံများနှင့်အတူ လူတိုင်း မျက်နှာမှာ ပို၍ ပို၍ ပျက်ယွင်းလာသည်။
သူတို့အားလုံး စုပေါင်းတိုက်ခိုက်လိုက်သော်လည်း ရှေ့မှ အစိမ်းရောင်အလင်းတန်းမှာ နည်းနည်းလေးတောင် မလှုပ်ရှားပေ။
ဤအတိုင်းသာ ဆက်သွားနေလျှင် ဘာမှထပ်မဖြစ်လာခင် သူတို့အားလုံး ယဇ်ပလ္လင်ပေါ်မှာ အရှင်လတ်လတ် ပိတ်မိပြီး သေသွားနိုင်ချေရှိသည်။
ပိုဆိုးသည်မှာ ထိုယဇ်ပလ္လင်က မည်သည့်အချိန်တွင် စတင်အလုပ်လုပ်မည်ကို သူတို့ မသိပေ။
နာရီဝက်ခန့် ကြာပြီးနောက် ယန်မင် တိုက်ခိုက်မှုကို ပထမဆုံး ရပ်လိုက်၏။ “စီနီယာအစ်မ၊ အလင်းတန်းကို တိုက်ခိုက်ပြီး အင်အားတွေ ဖြုန်းမနေကြနဲ့တော့။ ဂိုဏ်းကို အကူအညီတောင်းဖို့ အသံလွှင့်အဆောင် ကို သုံးကြည့်ကြရအောင်”
ထိုစကားကြောင့် လူတိုင်း တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ပြီး ဖုန်းလင်းလုံဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
သူမ စကားမပြောရသေးမီမှာပင် အဖွဲ့ထဲမှ မျှော်လင့်ချက်မဲ့နေသော အသံတစ်သံ ထွက်ပေါ်လာသည်။
“အလကားပဲ။ ကျွန်တော် ခုနကပဲ စမ်းကြည့်ပြီးပြီ။ ဘာအသံမှ အပြင်ကို မရောက်ဘူး”