ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကြားမှ တာအိုကို သိမြင်ခြင်း
Vol. 27 Ch. 263
ယဇ်ပလ္လင်တစ်ခုလုံး သင်္ချိုင်းအလား တိတ်ဆိတ်ခြောက်ကပ်နေသည်။
လူတိုင်း၏ အကြည့်တို့သည် ဖုန်းလင်လုံထံသို့ စုပြုံကျရောက်လာ၏။
သူမသည် ဤအဖွဲ့၏ ကျောရိုးမဏ္ဍိုင် ဖြစ်သည်။ ယခုကဲ့သို့ အရေးကြီးသော အချိန်တွင် ဆုံးဖြတ်ချက်ချရန်မှာ သူမ၏ တာဝန်သာ ဖြစ်ပေသည်။
ဖုန်းလင်လုံသည် သူမ တည်ငြိမ်မှုကို လျင်မြန်စွာ ပြန်လည်စုစည်းလိုက်၏။ “ငါ့ အကြံပြုချက်ကတော့ လောလောဆယ် စောင့်ကြည့်ဖို့ပါပဲ။ ပုန်းအောင်းနေတဲ့ ရန်သူက လှုပ်ရှားလာပြီဆိုမှ ပြန်တိုက်ကြတာပေါ့”
ယန်မင် ခေါင်းညိတ်လိုက်သည်။
“ဒါပဲ လုပ်နိုင်တော့တာပဲ။ မဟုတ်လို့ကတော့ ကျွန်မတို့ ဝိညာဉ်စွမ်းအားတွေ ကုန်သွားရင် လည်စင်းပေးထားရတဲ့ အသားတုံးတွေလို ဖြစ်သွားမှာ”
ကျန်သူများကလည်း ကန့်ကွက်ခြင်း မရှိကြပေ။ လူတိုင်း လက်နက်များကို တင်းတင်းကြုတ်ကြုတ် ဆုပ်ကိုင်ထားရင်း ယဇ်ပလ္လင်အနီးတွင် ဖြည်းဖြည်းချင်း လှည့်ပတ်နေကြသည်။
တစ်ခဏ အခြေအနေကြည့်ရန် ဆုံးဖြတ်ထားကြသော်လည်း အတားအဆီး၏ အားနည်းချက်ကိုမူ ရှာဖွေလိုကြသေးသည်။
သို့သော် ဖုန်းမူမှာ ထိုနေရာ၌ပင် တင်ပျဉ်ခွေထိုင်ကာ တာအိုကျမ်းကို ရွတ်ဖတ်နေပြီး ဤနေရာ၌ အသေးစားကံကြမ္မာကျမ်းကို သိမြင်နားလည်နိုင်ရန် ကြိုးစားနေ၏။
ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်ကတည်းက သူအားကိုးနိုင်သည့် တစ်ဦးတည်းသောသူမှာ ကိုယ်ကိုယ်တိုင်သာ။ ယခုအချိန်တွင် ရှေ့ဆက်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ အသေးစားကံကြမ္မာကျမ်း ကို သိမြင်နားလည်ရန်သာ ရှိတော့၏။
အချိန်တို့သည် တစ်စက္ကန့်ချင်း ကုန်ဆုံးသွားသည်နှင့်အမျှ ယခင်က တည်ငြိမ်နေသော ယဇ်ပလ္လင်သည် တုန်ခါလာတော့သည်။
ကြောက်မက်ဖွယ်ကောင်းပြီး ယုတ်မာလှသော အသံတစ်သံ ဂူအတွင်း ဟိန်းထွက်လာ၏။
“ဟိဟိဟိ... အရသာရှိတဲ့ ပူဇော်ပစ္စည်းတွေ ထပ်ရောက်လာပြန်ပြီပေါ့။ မင်းတို့ အသားတွေနဲ့ ဝိညာဉ်တွေကို ဝါးမျိုပြီးရင် ဒီကမ္ဘာကြီးကို ငါတစ်ဖုန်းပြန်ပြီး အုပ်စိုးတော့မယ်။ အဲဒီအချိန်ကျရင် မြင့်မြတ်နယ်မြေက နတ်ဘုရားဧကရာဇ်တောင် ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
“ဘယ်သူလဲ”
ယိုတာ့နူ ဂူထဲသို့ အော်ဟစ်မေးမြန်းလိုက်သည်။
“မင်းလို အောက်တန်းစား အစာလေးတစ်ခုက ငါ့နာမည်ကို သိဖို့ မထိုက်တန်ဘူး။ တစ်ခုပဲ မှတ်ထား။ ဒီပလ္လင်ပေါ်က အရှင်သခင်က နတ်ဆိုးပဲ”
နတ်ဆိုးဆိုသည့် စကားလုံးကို ကြားလိုက်ရသည့်အခါ လူတိုင်း မျက်နှာပျက်သွားကြသည်။
ဖုန်းလင်လုံ မသိစိတ်ဖြင့် လွှတ်ခနဲ ပြောလိုက်မိသည်။
“ကမ္ဘာခြားနတ်ဆိုး”
“ဟဲဟဲ”
နတ်ဆိုး အေးစက်စွာ ရယ်မောလိုက်၏။ “ဒီကောင်မလေးက အမြင်ရှိသားပဲ။ ဟုတ်တယ် ငါက မင်းတို့ခေါ်နေတဲ့ ကမ္ဘာခြားနတ်ဆိုးပဲ။ မင်းခန္ဓာကိုယ်ပေါ်က ကံတရားကို ငါတော်တော်သဘောကျတယ်။ မင်းကိုတော့ အဆုံးသတ်ကျမှ ငါဝါးမျိုပေးမယ်။ ဟိဟိဟိ...”
ထူးဆန်းခြောက်ခြားဖွယ် ရယ်သံကြီး ထွက်ပေါ်လာသည်နှင့်အမျှ ယဇ်ပလ္လင်ပေါ်မှ နီရဲသော သွေးများ ရုတ်တရက် အိုင်ထွန်းလာကာ သူတို့ခြေဖဝါးအောက်ရှိ အရိုးဖြူဖြူများကို မြုပ်သွားစေသည့်အပြင် လူတိုင်း၏ ခြေကျင်းဝတ်များအထိပါ ဖုံးလွှမ်းသွားသည်။
၎င်းကိုမြင်လျှင် ဖုန်းလင်လုံ သူမ သိုလှောင်လက်စွပ်ထဲမှ အဆောင်တစ်ခုကို ချက်ချင်း ထုတ်ယူလိုက်သည်။
ဤအဆောင်သည် မဟာယန်ဧကရာဇ်က သူမကို ချီးမြှင့်ထားသော ရတနာဖြစ်ပြီး ဧကရာဇ်၏ စွမ်းအား သုံးကြိမ်စာ ပါဝင်သည်။
သူမက ထိုအဆောင်ကို အသက်သွင်းကာ အော်ဟစ်လိုက်သည်။
“ဘိုးဘေး... ကျွန်မကို ကူညီပါဦး”
ချွင်
ဓားအလင်းတန်းတစ်ခုသည် အဆောင်မှ ထွက်ပေါ်လာပြီး စိမ်းပုပ်ရောင် အတားအဆီးကို ထိမှန်သွားသည်။
ယခင်က မဖောက်ထွင်းနိုင်လောက်အောင် ခိုင်မာသည့် အတားအဆီးမှာ ချက်ချင်းပင် အက်ကြောင်းများ ထင်သွား၏။
ကျန်သူများသည်လည်း ဤမြင်ကွင်းကို မြင်သောအခါ လွတ်ပြီဟု တွေးကာ မျက်နှာများ ဝင်းပသွားကြသည်။
“ကွဲစမ်း”
ဖုန်းလင်လုံ အဆောင်ကို တစ်ဖုန်း ပြန်လည် အသက်သွင်းလိုက်သည်။
ဓားအလင်းတန်း တစ်ခု လက်ခနဲ ပေါ်လာပြန်၏။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ စိမ်းပုပ်ရောင် အတားအဆီးသည် ချက်ချင်း အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားတော့သည်။
ထိုအခါ အဖွဲ့သားအားလုံး ယဇ်ပလ္လင်၏ အစွန်းဘက်သို့ ပျံသန်းထွက်ခွာရန် ကြိုးစားကြသည်။
ဘုန်း ဘုန်း ဘုန်း
သို့သော် ယဇ်ပလ္လင်အစွန်းသို့ ရောက်ကာနီးတွင် သူတို့အားလုံး မမြင်ရသော နံရံတစ်ခုနှင့် တိုက်မိကာ နောက်သို့ လွင့်စဉ်သွားကြသည်။ သူတို့ရှေ့ရှိ ဗလာကျင်းနေသော လေထုကို ကြည့်ရင်း လူတိုင်း၏ မျက်နှာသည် ဇဝေဇဝါဖြစ်သွား၏။
“ဟိဟိဟိ...”
နတ်ဆိုး၏ ရယ်သံက တစ်ဖုန်း ထွက်ပေါ်လာပြန်သည်။
“ကောင်မလေး... မင်း ငါ့ကို အံ့ဩအောင် လုပ်နိုင်သားပဲ။ ဒါပေမဲ့ ကံဆိုးတာက မင်းရဲ့အဆောင်ထဲက ဓားစွမ်းအားက မလုံလောက်ဘူး။ ငါပထမဆုံး ချထားတဲ့ အတားအဆီးကိုတော့ ချိုးဖျက်နိုင်ပေမဲ့ ဒုတိယတစ်ခုကိုတော့ မချိုးဖျက်နိုင်ဘူး။”
၎င်းကို ကြားလိုက်ရသောအခါ လူတိုင်း၏ ရင်ထဲတွင် အေးစိမ့်သွားသည်။
ဖုန်းလင်လုံတောင် ကမ္ဘာခြားနတ်ဆိုး ချထားသည့် ကန့်သတ်ချက်ကို မချိုးဖျက်နိုင်ပါက သူတို့အတွက် မျှော်လင့်ချက် မရှိတော့ပေ။
“တောက်။ ငါတို့တွေ ဒီနေ့ ဒီနေရာမှာပဲ သေကြရတော့မှာလား”
ယိုတာ့နူ အံကြိတ်လိုက်သည်။ “စီနီယာအစ်မ ချင်းဟယ်၊ ဒီနတ်ဆိုးအိုကြီးကို သူသေကိုယ်သေ တိုက်ကြရအောင်”
လီပင်း ပြောလိုက်၏။
“ဟုတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေရမှာအတူတူတော့ ဒီနတ်ဆိုး လိုချင်တာကို အလွယ်တကူ မပေးနိုင်ဘူး”
“ကောင်းပြီ”
ဖုန်းလင်လုံ ခက်ထန်စွာ ပြန်ထူးလိုက်ပြီး အတူတကွ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။ တိတ်ဆိတ်စွာ ကျင့်ကြံနေသည့် ဖုန်းမူ တစ်ယောက်သာ မပါဝင်ဘဲ ကျန်ရစ်သည်။
ဒုန်း
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သွေးနီရောင် အတားအဆီးတစ်ခုသည် ယဇ်ပလ္လင်ထိပ်တွင် ပေါ်လာသည်။
ထိုအတားအဆီးကို မြင်လိုက်ရသောအခါ အားလုံး၏ ရင်ထဲတွင် မျှော်လင့်ချက်များ ပျောက်ဆုံးကုန်သည်။
“အားးး”
ရုတ်တရက် ထွက်ပေါ်လာသော အော်သံကြောင့် လူတိုင်း လှည့်ကြည့်လိုက်ကြသည်။
ယိုတာ့နူ တစ်ကိုယ်လုံးကို နီရဲသော နတ်ဆိုးသွေးများက ဝါးမျိုထားသည်ကို မြင်လိုက်ရ၏။
ယိုတာ့နူ၏ အသက်ဓာတ် ပျောက်ကွယ်မသွားသေးသော်လည်း သူ ပြင်းထန်စွာ ရုန်းကန်နေရသည်။ သူ အကူအညီတောင်းရန် ပါးစပ်ဟလိုက်သည်နှင့် နတ်ဆိုးသွေးများက သူ့လည်ချောင်းထဲသို့ အတင်းတိုးဝင်သွားပြီး အသံမှာလည်း ပြတ်တောင်းပြတ်တောင်းသာ ထွက်ပေါ်တော့၏။
ကျန်သူများက ကူညီရန် ပြင်သော်လည်း မိမိကိုယ်ကိုယ်ပင် မနည်းထိန်းထားရသည့် အခြေအနေဖြစ်နေဖြစ်နေသည်။
နတ်ဆိုးသွေးများသည် သူတို့ဆီသို့ လျင်မြန်စွာ စီးဝင်လာပြီး အင်အားတစ်ခုက သူတို့ကို သွေးကန်ထဲသို့ ဆွဲသွင်းနေ၏။
သူတို့သည် ဝိညာဉ်စွမ်းအားကို သုံး၍ ခုခံနေကြသော်လည်း တစ်ခဏအတွင်းမှာပင် လူတိုင်း နတ်ဆိုးသွေးထဲ၌ နစ်မြုပ်သွားကြပြီး ဝိညာဉ်စွမ်းအားများ တဖြည်းဖြည်း ဆုတ်ယုတ်လာသည်။
“ဟိဟိဟိ...”
နတ်ဆိုး၏ ရယ်သံက တစ်ဖုန်း ပျံ့လွင့်လာသည်။
“ရုန်းကန်စမ်း။ ခံစားစမ်း။ ကြောက်လန့်စမ်း။ မင်းတို့ ပိုကြောက်လေလေ၊ မင်းတို့ရဲ့ ဝိညာဉ်တွေက ပိုမြိန်လေလေပဲ။စိတ်ချပါ၊ မင်းတို့ကို မြန်မြန်မသေစေရဘူး။ ဒီလောကမှာ ရှိသမျှ အနက်ရှိုင်းဆုံး ကြောက်ရွံ့မှုတွေကို မင်းတို့ ခံစားသွားစေရမယ်”
ထိုအသံကို နားထောင်ရင်း သူတို့၏ စိတ်အစဉ်၌ ဒေါသများ ဖုံးလွှမ်းလာကာ သတိတရားများ စတင်ဝေဝါးလာသည်။
ဖုန်းမူ တစ်ဦးတည်းသာ သတိကပ်ထားနိုင်ပြီး ဆရာဖြစ်သူ သင်ကြားပေးခဲ့သော တာအိုကျမ်းကို စိတ်ထဲမှ တိုးတိုးလေး ရွတ်ဆိုနေသည်။
သို့သော်ငြားလည်း မျှော်လင့်ချက်မဲ့စေမည့် ထင်ယောင်ထင်မှားမှု ပေါင်းများစွာသည် သူ့စိတ်ထဲသို့ တိုးဝင်လာသည်။
ထိုအရာများအားလုံး အတုအယောင်ပါဟု မိမိကိုယ်ကိုယ် အဖုန်းဖုန်း သတိပေးနေသော်လည်း ခန္ဓာကိုယ်နှင့် ဝိညာဉ်တွင် ခံစားနေရသော နာကျင်မှုကြောင့် ခုခံရန်မှာ မဖြစ်နိုင်သလောက်ပင်။
အဆိုးဆုံးမှာ အသက်ရှူကျပ်ခြင်း ဝေဒနာပင် ဖြစ်သည်။ ၎င်းက သူ့အာရုံစူးစိုက်မှုကို လုံးဝ ပျက်စီးစေ၏။
အချိန်ကြာလာသည်နှင့်အမျှ ဖုန်းမု၏ သတိတရားများ စတင်မှေးမှိန်လာသည်။ သူ မသိစိတ်ဖြင့် တာအိုကျမ်းကို ထပ်ကာထပ်ကာ ရွတ်ဆိုနေမိသည်။
နောက်ဆုံး သတိကပ်နိုင်သည့် အချိန်လေးတွင် သူ လျှာဖျားကို ကိုက်လိုက်ပြီး မိမိကိုယ်ကိုယ် အတင်းသတိကပ်ကာ ရွတ်ဆိုခြင်းကို ပြန်စလိုက်သည်။
စာပိုဒ်တစ်ခုလုံးကို ရွတ်ဆိုပြီးသည်နှင့် သူ့စိတ်ထဲမှ ထင်ယောင်ထင်မှားမှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး အတွေးများ ကြည်လင်လာသည်။
သူ့စိတ်ထဲတွင် စွဲထင်နေသော ထိုနက်နဲသည့် တာအိုကျမ်းစာများက စတင်ပုံပေါ်လာ၏။
ဖုန်းမုသည် ထို တာအို စာသားများဆီသို့ မသိစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။
တောက်ပသော စာသားတန်းတစ်ခုသည် သူ့ရှေ့တွင် ကခုန်နေသည့်အလား မြင်နေရပြီး တစ်ချိန်တည်းမှာပင် ဆရာဖြစ်သူ၏ အသံသည် စိတ်ထဲတွင် ဟိန်းထွက်လာသည်။
“ကံကြမ္မာ၏ သယ်ဆောင်ရာသည် ချီဖြစ်၏။ ချီ၏ အမြစ်တွယ်ရာသည် ရှင်သန်ခြင်းဖြစ်၏။ အဆုံးမရှိသော ရှင်သန်ခြင်းသည် လှုပ်ရှားမှု ဖြစ်၏။ လောကနိယာမအရ သတ်မှတ်ထားခြင်းသည် ကံကြမ္မာ ပင် ဖြစ်၏။”
‘ဒါ အသေးစားကံကြမ္မာကျမ်းလား’
ဖုန်းမူ၏ နှလုံးသားသည် ဝမ်းသာအားရ ခုန်ပေါက်သွားသည်။ စာအုပ်ထဲက အတိုင်းပင် လူသားများသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြား ရောက်နေချိန်တွင် ကြီးမားသော စွမ်းဆောင်ရည်များကို ထုတ်ဖော်နိုင်စမြဲပင်။
သူ ခုနက မြင်တွေ့လိုက်ရသော စာလုံးများအတိုင်း အသေးစားကံကြမ္မာကျမ်း ကို စတင်ကျင့်ကြံလိုက်၏။
တစ်ခဏအကြာတွင် ဖုန်းမူ မျက်လုံးဖွင့်လိုက်သည်။ “ငါ အသေးစားကံကြမ္မာကျမ်းကို ကျင့်ကြံနိုင်ပြီ”
‘ဒါဆိုရင်... ဆရာ ချန်ထားခဲ့တဲ့ ကျောက်စိမ်းဆွဲပြားကို အခု ငါသုံးလို့ ရပြီပေါ့’
သူသည် ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို နှိပ်စက်နေသော ဝေဒနာကို အောင့်အည်းသည်းခံကာ သိုလှောင်လက်စွပ်ထဲမှ ကျောက်စိမ်းဆွဲပြားကို ထုတ်ယူပြီး ဝိညာဉ်အာရုံကို ထည့်သွင်းလိုက်သည်။
နောက်တစ်စက္ကန့်တွင် ကျောက်စိမ်းဆွဲပြားမှာ အလင်းများ ဖြာထွက်လာပြီး ဖုန်းမူ၏ ရှေ့မှောက်တွင် ပုံရိပ်တစ်ခု ပေါ်လာတော့သည်။