လက်ဝါးချင်းရိုက်၍ ကတိပြုခြင်း
Vol. 27 Ch. 264
ရွှမ်ကျိုး၊ တောင်ဘက်ပင်လယ်ဒေသ။
သင်္ဘောကြီးတစ်စင်းသည် လှိုင်းလုံးများကို ဖြတ်ကျော်ကာ မြောက်ဘက်သို့ ဦးတည်မောင်းနေသည်။
သင်္ဘောပတ်လည်ကုန်းပတ်ပေါ်တွင် ချူဖုန်း ငါးမျှားတံတစ်ချောင်းကို ကိုင်ဆောင်ကာ ငြိမ်သက်စွာ ငါးမျှားနေ၏။
သူ့ဘေးတွင် ချန်ကျင်းကျင်း နှင့် ပိုင်ကျင်းတို့ ရှိနေကြပြီး ထိုမိန်းကလေးငယ်နှစ်ဦးမှာ သူ့လက်ထဲမှ ငါးမျှားတံကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြသည်။
“ဆရာ... ချိတ်ကွေးမပါတဲ့ အပ်ဖြောင့်ကြီးနဲ့ ငါးမိမှာ သေချာလို့လား”
ပိုင်ကျင်း ဇဝေဇဝါမျက်နှာပေးဖြင့် မေးလိုက်သည်။
“စကားပုံရှိတယ်လေ... ‘ကျန်းထိုက်ကုန်း ငါးမျှားသလိုပေါ့၊ အစာဟပ်ချင်တဲ့ကောင်က အလိုလို လာဟပ်လိမ့်မယ်’ တဲ့။ အချိန်တန်ရင် ငါးက လာဟပ်မှာပါ”
ချူဖုန်း စကားဆုံးသည်နှင့် သူ့လက်ထဲမှ ငါးမျှားတံမှာ ရုတ်တရက် ပြင်းထန်စွာ လှုပ်ရှားသွားသည်။
“တွေ့လား ငါးက ငါးစာကို လာဟပ်ပြီ မဟုတ်လား”
ထိုသို့ပြောရင်း ချူဖုန်းက ငါးမျှားတံကို အားခနဲ ဆွဲတင်လိုက်ရာ ရေမှ ငွေဖြူရောင်ငါးကြီးတစ်ကောင် ကုန်းပတ်ပေါ်သို့ ဘုန်းခနဲ ကျလာတော့သည်။
“ငွေနဂါးငါးပဲ ဒါက ရှားပါး ငွေနဂါးငါးပဲ”
“ကြားဖူးတာတော့ ဒီငါးရဲ့ အသားက အရမ်းအရသာရှိရုံတင်မကဘူး၊ အားအင်ဖြစ်စေတယ်တဲ့၊ နှစ်တစ်ရာသက်တမ်းရှိတဲ့ ဝိညာဉ်သစ်ဥနဲ့တောင် အာနိသင်ချင်း တူတယ်လို့ကြားဖူးတယ်”
အနီးအနားရှိ သင်္ဘောသားတစ်ဦး ကုန်းပတ်ပေါ်မှ ငါးကြီးကိုကြည့်ကာ မအောင့်နိုင်ဘဲ ရေရွတ်မိသည်။
ချူဖုန်း ဤငါးမှာ မည်မျှရှားပါးသည်ကို ဂရုမစိုက်ပေ။ သူ့အမြင်တွင် သူတော်စင်အဆင့်ငါး မဟုတ်သရွေ့ သူ ဆွဲတင်နိုင်မည်သာ ဖြစ်သည်။
ထိုစဉ် သူ့စိတ်ထဲတွင် ရင်းနှီးသော အသံတစ်ခု ဟိန်းထွက်လာသည်။
“ပိုင်ရှင်၏ တပည့် ဖုန်းမူသည် တာအိုကျမ်း နှင့် အသေးစားကံကြမ္မာကျမ်းတို့ကို အခြေခံအဆင့်အထိ သိမြင်နားလည်သွားပါသည်။ ပိုင်ရှင်အား ဆုလာဘ်အဖြစ် အသေးစားကံကြမ္မာကျမ်း ပြီးပြည့်စုံခြင်းအဆင့်နှင့် တာအိုအနှစ်သာရ တစ်ခု ပေးအပ်လိုက်ပါပြီ”
ချူဖုန်း နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားသည်။ ထိုကောင်လေးသည် သူထင်ထားသည်ထက်ပင် ပါရမီထူးပုံရ၏။
သုံးနှစ်အတွင်းမှာပင် အသေးစားကံကြမ္မာကျမ်းကို နားလည်သွားခဲ့၏။
ပိုင်ကျင်း မေးလိုက်သည်။
“ဆရာ... ဒီည ငါးချက်ပေးမှာလား”
ချူဖုန်းက သူမ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။“ပေါင်းစားမလား၊ ဆီပြန်ချက်စားမလား”
“သမီးက ချိုချဉ်ချက် စားချင်တာ။ ရမလားဟင်”
ပိုင်ကျင်း ချူဖုန်းကို မျှော်လင့်တကြီး ကြည့်နေသည်။ အစပိုင်းတွင် သူမသည် သူ့အင်အားကြောင့်သာ ကြောက်ရွံ့အားကျခဲ့ခြင်း ဖြစ်၏။
သို့သော် သူချက်ကျွေးသော ထမင်းတစ်နပ်ကို စားပြီးကတည်းက နေ့တိုင်း အရသာရှိသည့်အစားအစာများ စားရအောင် ဆရာ့နောက်ကို တစ်သက်လုံး လိုက်တော့မည်ဟု ဆုံးဖြတ်ခဲ့ခြင်းပင်။
“ရတာပေါ့”
ချူဖုန်း ချန်ကျင်းကျင်းဘက်သို့ လှည့်ကာ ပြောသည်။ “ကျင်းကျင်း မင်းကရော”
ချန်ကျင်းကျင်းက ခေါင်းလေးစောင်း၍ ပြောလိုက်၏။ “သမီးလည်း ချိုချဉ်ချက်ပဲ စားချင်တယ်။ ချဉ်ချဉ်ချိုချိုလေးနဲ့ အရမ်းကောင်းတာ”
“ကောင်းပြီလေ”
ချူဖုန်း ငါးကို နည်းလမ်းအမျိုးမျိုးဖြင့် ပြင်ဆင်ရန် အစက ကြံရွယ်ထားသော်လည်း တပည့်နှစ်ယောက်လုံးက ချိုချဉ်ချက်နေစားချင်နေ၍ ဆရာတစ်ယောက်အနေဖြင့် သူတို့ဆန္ဒအတိုင်းပင် အရိုးရှင်းဆုံး လုပ်ပေးလိုက်တော့မည်။
သူ့ သရုပ်မှန်ကို သိသွားလျှင် ဖုန်းမူ တစ်ယောက် မည်သို့သော မျက်နှာပေးမျိုး ဖြစ်သွားမည်နည်းဟု သိချင်သွား၏။
အဘယ်ကြောင့်ဆိုသော် ချူဖုန်းသည် ကျောက်စိမ်းဆွဲပြားအတွင်း၌ သူ့ပုံရိပ်ယောင်ကို ဖော်ပြနိုင်သော နတ်ဘုရားအာရုံ အနည်းငယ် ချန်ထားခဲ့သောကြောင့်ပင်။
မိုင်ပေါင်းထောင်ချီဝေးကွာသော တောင်ကုန်းပေါ်ရှိ ယဇ်ပလ္လင်ပျက်ကြီးတွင်မူ
ယွင်လန်ဂိုဏ်းမှ တပည့်အားလုံး သတိလစ်မေ့မြောနေကြပြီး ဖုန်းမူနှင့် ဖုန်းလင်းလုံသာ သတိရှိနေတော့သည်။
နတ်ဆိုးသွေးများကို ရုန်းကန်ခုခံနေစဉ်အတွင်း ဖုန်းလင်းလုံသည် သူမတစ်သက်တွင် တစ်ခါမျှ မခံစားဖူးသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခု သက်ဆင်းလာသည်ကို ရုတ်တရက် အာရုံခံမိလိုက်ရ၏။
ယခင်က ပြင်ပလောကမှ နတ်ဆိုးဆီမှ ထွက်ပေါ်နေသည့် ဖိနှိပ်သော အင်အားမျိုးနှင့် မတူဘဲ ဤအရှိန်အဝါမှာ နွေးထွေးပြီး နတ်ဘုရားဆန်လှသည်။
သူမ ထိုစွမ်းအားများ မြစ်ဖျားခံရာဆီသို့ မသိစိတ်ဖြင့် မော့ကြည့်လိုက်ရာ ယဇ်ပလ္လင်ပေါ်သို့ နတ်သားတစ်ပါးကဲ့သို့ ဆင်းသက်လာသော အမျိုးသားတစ်ဦးကို မြင်လိုက်ရ၏။
ထိုပုံရိပ် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ယဇ်ပလ္လင်ပေါ်ရှိ နတ်ဆိုးသွေးများသည် သဘာဝရန်သူနှင့် တွေ့လိုက်ရသကဲ့သို့ အနောက်သို့ ဆုတ်ခွာသွားကြတော့သည်။
“တပည့် ဖုန်းမူက ဆရာ့ကို ဂါရဝပြုပါတယ်”
ဖုန်းမူမှာ ဖုန်းလင်းလုံ၏ အံ့အားသင့်နေသော မျက်နှာထားကို သတိပင်မမူမိပေ။ သူ့ ဆရာ့ပုံရိပ်ကို မြင်သည်နှင့် သူ ချက်ချင်း ဒူးထောက်ကာ ဦးညွှတ်လိုက်တော့သည်။
“နေ...နေ....အဲဒါတွေ မလိုပါဘူး”
ချူဖုန်း၏ ပုံရိပ်ယောင်က တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်း နောက်ဆုံးတော့ အသေးစားကံကြမ္မာကျမ်းကို နားလည်သွားပြီပဲ။ ငါ့နာမည်ကို မှတ်ထားပါ ချူဖုန်း တဲ့။ ငါက ဝမ်တောက်ကျောင်းတော်ရဲ့ ဌာနမှူးဆယ်ဦးထဲက တစ်ဦးပဲ။ အခု မင်း အသေးစားကံကြမ္မာကျမ်းကို တတ်မြောက်ပြီဆိုတော့ ကျောင်းတော်ကိုလာပြီး ငါ့ဆီမှာ တရားဝင် တပည့်ခံလိုက်ပါ။ ဒီကျောက်စိမ်းဆွဲပြားထဲမှာ မင်းအတွက် ငါ့ရဲ့ ဓားစွမ်းအား သုံးခု ထည့်ပေးထားတယ်၊ အဲဒါက မင်းရဲ့အသက်ကို သုံးကြိမ်တိုင်တိုင် ကယ်တင်ပေးလိမ့်မယ်”
စကားဆုံးသည်နှင့် ပုံရိပ်သည် ယဇ်ပလ္လင်ပေါ်မှ ပျောက်ကွယ်သွားသည်။
‘ငါတို့ လွတ်ပြီ’
ထိုအတွေးသည် ဖုန်းမူနှင့် ဖုန်းလင်းလုံတို့ နှစ်ဦးစလုံး၏ စိတ်ထဲတွင် လျှပ်စီးကဲ့သို့ ဖြတ်ပြေးသွားသည်။
သို့သော် အလန့်တကြား အဖြစ်ဆုံးမှာ ကမ္ဘာခြားနတ်ဆိုးပင်။ သူသည် နတ်ဆိုးခန္ဓာကိုယ်ကို တည်ဆောက်တော့မည့် အရေးကြီးသော အချိန်တွင် သူတော်စင်တစ်ပိုင်းတစ်ဦးနှင့် တွေ့လိမ့်မည်ဟု အိမ်မက်ပင် မမက်ထားချေ။
ခုနက သူတော်စင်တစ်ပိုင်း ပြောသွားသော စကားများကို သူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။ အကယ်၍သူ နတ်ဆိုးခန္ဓာကိုယ်ကို အပြည့်အဝ တည်ဆောက်နိုင်ခဲ့ပါက သူတော်စင်တစ်ပိုင်းကို အနည်းငယ်မျှ ကြောက်ရွံ့မည်မဟုတ်ပေ။
ယခုအချိန်တွင် သူ အလိုချင်ဆုံးမှာ ဤနေရာမှ ထွက်ပြေးရန်သာ။ သို့သော် သူ့ဝိညာဉ်မှာ ယဇ်ပလ္လင်နှင့် တစ်သားတည်း ပေါင်းစပ်ထား၏။
နတ်ဆိုးခန္ဓာကိုယ် မပြီးမချင်း ထွက်ခွာ၍ မရပေ။
‘နေပါဦး တကယ်လို့ ငါထွက်ပြေးသွားတဲ့ ပုံစံမျိုးဖန်တီးလိုက်ရင် သူတို့တွေ သတိလက်လွတ်ဖြစ်သွားပြီး ထွက်သွားလောက်တယ်’
ဤသို့တွေးကာ နတ်ဆိုးသည် ယဇ်ပလ္လင်အတွင်းရှိ နတ်ဆိုးသွေးအားလုံးကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။
တစ်ခဏချင်းမှာပင် လူတိုင်းကို ဝါးမျိုထားသော သွေးများမှာ အရိပ်အယောင်မျှ မကျန် ပျောက်ကွယ်သွားပြီး ယဇ်ပလ္လင်ပတ်လည်ရှိ သွေးရောင်အတားအဆီးများလည်း ကွဲကြေသွားသည်။
၎င်းမြင်လျှင် ဖုန်းလင်းလုံ ချက်ချင်း အော်ဟစ်လိုက်သည်။
“မောင်လေးမူ... နတ်ဆိုးက ထွက်ပြေးဖို့ ကြိုးစားနေတယ်”
ထိုသည်ကို ကြားသောအခါ ဖုန်းမူသည် သူ့လျှို့ဝှက်ချက် ပေါက်ကြားသွားသည်ကို ဂရုမစိုက်နိုင်တော့ပေ။ သူ ကျောက်စိမ်းဆွဲပြားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ သူ့နောက်ဆုံးလက်ကျန် ဝိညာဉ်စွမ်းအားကို သုံး၍ ယဇ်ပလ္လင်ဆီသို့ အော်ဟစ်လိုက်သည်။
“တိုက်ခိုက်စမ်း”
ချွင်
ဓားအလင်းတန်းတစ်ခုသည် ကျောက်စိမ်းဆွဲပြားထဲမှ ထွက်ပေါ်လာပြီး ယဇ်ပလ္လင်၏ အလယ်ဗဟိုတည့်တည့်သို့ သက်ဆင်းသွား၏။
ယဇ်ပလ္လင်အတွင်းရှိ ကမ္ဘာခြားနတ်ဆိုးက ထိုဓားကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“မလုပ်နဲ့”
သူ ပျက်စီးသွားသည့် အချိန်အထိ ထိုကောင်လေး သူပုန်းအောင်းနေသည့် နေရာကို မည်သို့ သိသွားသနည်းဆိုသည်ကို နားမလည်နိုင်ခဲ့ပေ။
အမှန်တကယ်တော့ ဖုန်းမူသည် နတ်ဆိုးက ယဇ်ပလ္လင်အောက်တွင် ပုန်းနေမှန်း မသိခဲ့ပေ။ သူသည် အာရုံခံစားမှုအတိုင်းသာ လုပ်ဆောင်ခဲ့ခြင်းပင်။ သူ့ရင်ထဲက အမြဲတမ်း စိုးရိမ်ပူပန်နေရသည့် ခံစားချက်မှာ ယဇ်ပလ္လင်အောက်ခြေမှ လာနေခြင်းဖြစ်သောကြောင့် ကံစမ်းပြီး တိုက်ခိုက်လိုက်ခြင်းသာ ဖြစ်သည်။
သို့သော် သူ ခန့်မှန်းချက် မှန်သွားခဲ့၏။
ဟူး...
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ဖုန်းမူ မောပန်းလွန်းသဖြင့် မြေပြင်ပေါ်သို့ ခွေကျသွားသည်။
သူ အမောမဖြေနိုင်သေးခင်မှာပင် မြေကြီးမှာ ပြင်းထန်စွာ တုန်ခါလာတော့၏။
ဖုန်းလင်းလုံ မျက်နှာ ပျက်သွားသည်။ “မကောင်းတော့ဘူး။ ဒီနေရာ ပြိုကျတော့မယ်”
ဖုန်းမူ မေးလိုက်သည်။
“စီနီယာအစ်မ၊ အစ်မဆီမှာ ဝိညာဉ်စွမ်းအား ကျန်သေးလား ကျွန်တော်ကတော့ အကုန်ကုန်သွားပြီ”
ဖုန်းလင်းလုံ ပြောလိုက်၏။ “ရပါတယ်။ ငါ့ဆီမှာ နေရာရွှေပြောင်းခြင်းအဆောင်အနည်းငယ် ကျန်သေးတယ်။ အားလုံးကို အပြင်ရောက်အောင် ခေါ်သွားနိုင်တယ်”
ထိုသို့ပြောရင်း သူမ သိုလှောင်လက်စွပ်ထဲမှ အဆောင်တစ်ခုကို ထုတ်လိုက်သည်။
ထို့နောက် လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် သတိလစ်နေသူအားလုံးကို သူမ အနားသို့ စုစည်းလိုက်သည်။
စကားဆုံးသည်နှင့် နေရာရွှေ့ပြောင်းခြင်းအဆောင်မှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုနေရာရှိ လူတိုင်းကို ဖုံးလွှမ်းသွား၏။
အလင်းတန်းများ ပျောက်ကွယ်သွားချိန်တွင် ဖုန်းမူတို့ ထိုတောင်ကုန်းဒေသမှ လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူ ချက်ချင်းပင် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ဝိညာဉ်စွမ်းအားများကို ပြန်လည်ဖြည့်တင်းလိုက်၏။
တစ်ခဏအကြာတွင် ဖုန်းမူ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ရာ စီနီယာအစ်မ ချင်းဟယ်က သူ့ကို စူးစမ်းသော အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဖုန်းမူ အမောပြေသွားသည်ကို မြင်သောအခါ ဖုန်းလင်းလုံ ခပ်ပါးပါးလေး ပြုံးပြလိုက်သည်။
“မောင်လေးမူ ဒီလို ကံကောင်းတဲ့ တွေ့ကြုံမှုမျိုး ရှိလိမ့်မယ်လို့ မထင်ထားဘူး”
ထိုအပြုံးသည် အလွန်တရာ တောက်ပပြီး ရင်သပ်ရှုမောဖွယ် ကောင်းလှသဖြင့် ဖုန်းမူမှာ မှင်သက်သွားမိသည်။
ခဏကြာမှ သူ သတိပြန်ဝင်လာပြီး ခေါင်းကို ကုတ်ကာ ဆိုလိုက်သည်။
“ကျွန်တော် အစ်မကို လျှို့ဝှက်ထားချင်လို့ မဟုတ်ပါဘူး”
ဖုန်းလင်းလုံ ပြောလိုက်သည်။
“ရှင်းပြနေဖို့ မလိုပါဘူး။ ဒါက မောင်လေးရဲ့ ကံတရားပဲ၊ အစ်မ ဝင်မစွက်ဖက်ပါဘူး။ တောင်းဆိုချင်တာ တစ်ခုပဲ ရှိတယ်။ နင်က တစ်ချိန်က ဖုန်း မိသားစုဝင် တစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာကို မှတ်ထားပေးပါ။ နောင်တစ်ချိန်မှာ မိသားစု ဘေးဒုက္ခနဲ့ ကြုံလာရင် အနည်းဆုံး တစ်ကြိမ်လောက်တော့ ကူညီပေးဖို့ မျှော်လင့်ပါတယ်”
စီနီယာအစ်မ ချင်းဟယ်က ဤမျှ သဘောထားကြီးလိမ့်မည်ဟု ဖုန်းမူ မထင်ထားခဲ့ပေ။ သူ လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ဂါရဝပြုလိုက်သည်။
“ကျွန်တော် ဖုန်းမူ အစ်မရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး။ ကျွန်တော့်ရဲ့ ကျင့်ဝတ်နဲ့ မဆန့်ကျင်သရွေ့ အစ်မ တောင်းဆိုသမျှကို လိုက်လျောပါ့မယ်”
“ကောင်းပြီလေ။ ဒါဆို ငါတို့ လက်ဝါးချင်းရိုက်ပြီး ကတိပြုကြတာပေါ့”
ဖုန်းလင်းလုံ သူမ လက်ဖဝါးကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
ဖုန်းမူလည်း တုံ့ဆိုင်းမနေဘဲ သူ့လက်ကို မြှောက်ကာ သူမ လက်နှင့် အသာအယာ ရိုက်လိုက်၏။
လက်ဖဝါးချင်း ထိတွေ့သွားသည့် ခဏမှာပင် သူတို့နှစ်ဦးစလုံး ကိုယ်ထဲသို့ လျှပ်စစ်စီးဝင်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် မသိစိတ်ဖြင့် လက်များကို ချက်ချင်း ပြန်ရုပ်လိုက်ကြသည်။
ထိုမြင်ကွင်းကို ယခုလေးတင် သတိရလာသော ယန်မင် ရှင်းရှင်းလင်းလင်းကြီး မြင်တွေ့လိုက်ရတော့၏။