မင်းက ဘယ်သူလဲ ဘယ်လို ကံကောင်းမှုမျိုးနဲ့ တွေ့ခဲ့တာလဲ
Vol. 27 Ch. 267
တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွား၏။ အကြီးအကဲချန်၏ စကားကို ကြားပြီးနောက် လူတိုင်း တစ်ခဏ ငြိမ်သက်သွားပြီးမှ ရယ်သံများ ပေါက်ကွဲထွက်လာတော့သည်။
“ဟားဟားဟား...”
“အကြီးအကဲချန်.. သူက သူတော်စင်တစ်ပိုင်းချူရဲ့ တပည့်ဆိုတာကို ယုံမဲ့အစား ကျွန်တော်က ရှောင်ချန်း ဆိုတာကိုပဲ ယုံလိုက်ပါတော့”
“ညီနောင်ချန်၊ ဒီတစ်ခါတော့ မင်း အမြင်မှားသွားပြီ ထင်တယ်”
“...”
တစ်ယောက်တစ်ပေါက် ပြောသံများ ထွက်ပေါ်လာပြီး ဖုန်းမူသည် ချူဖုန်း၏ တပည့်ဖြစ်သည်ကို တစ်ယောက်မျှ မယုံကြပေ။
ထိုစဉ် အဝေးဆီမှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။
“စီနီယာအစ်ကို ချောင်နဲ့ စီနီယာအစ်မ စုန့် ရောက်လာပါပြီ”
ထိုအသံကို ကြားသည်နှင့် လူတိုင်း ဖုန်းမူတို့ထံမှ အကြည့်လွှဲလိုက်ကြပြီး စားသောက်ပွဲခန်းမ အဝင်ဝဆီသို့ ဝိုင်းကြည့်လိုက်ကြသည်။
တည်ကြည်သော မျက်နှာထားနှင့် မောက်မာသောအရှိန်အဝါရှိသည့် ရှည်လျားသည့် အရပ်ဖြင့် လူငယ်တစ်ဦး ရဲတင်းသော ခြေလှမ်းများဖြင့် ခန်းမထဲသို့ လှမ်းဝင်လာခဲ့၏။ သူ့ဘေးတွင် ခရမ်းရောင် နတ်မိမယ်ဝတ်စုံကို ဝတ်ဆင်ထားသော လှပသည့် အမျိုးသမီးတစ်ဦး ပါလာသည်။
သူတို့သည်ကား ယနေ့ည၏ အဓိကဇာတ်ဆောင်များဖြစ်သည့် ချောင်ရို့ချန် နှင့် စုန့်ကျောက်ယီတို့ပင်။
သူတို့နှစ်ဦးစလုံး အရှိန်အဝါကို တမင်တကာ ထုတ်မပြကြသော်လည်း ရောက်ရှိနေသည့် ယွင်လန်ဂိုဏ်းမှ အကြီးအကဲများမှာ သူတို့ကျင့်စဉ်အဆင့်ကို အာရုံခံမိသည်နှင့် သိသိသာသာ အံ့အားသင့်သွားကြ၏။
နှစ်အနည်းငယ်အတွင်းမှာပင် ချောင်ရို့ချန်သည် စိတ်ဝိညာဉ်ပြည့်အင့်ခြင်း အဆင့်သို့ ရောက်ရှိနေပြီး စုန့်ကျောက်ယီမှာမူ ကောင်းကင်ဇာစ်မြစ် အလယ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းမှာ ယွင်လန်ဂိုဏ်းရှိ သူတို့နှင့် ရွယ်တူများထက် အပြတ်အသတ် သာလွန်နေခြင်းပင်။
အကြီးအကဲဖုန်း ၎င်းကို မြင်လျှင် အကြီးအကဲချန်ဘက်သို့ လှည့်ကာ ပြောသည်။
“ညီနောင်ချန်၊ ဒါက သူတော်စင်တစ်ပိုင်းချူရဲ့ တပည့်ပီသတဲ့ အရှိန်အဝါမျိုးကွ။ ငါတို့လည်း စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်မှာပဲ ဆိုပေမဲ့ မင်းနဲ့ငါ ယှဉ်ပြိုင်ဖို့တောင် သတ္တိရှိမှာ မဟုတ်ဘူး”
သူ စကားဆုံးသည်နှင့် ဘေးမှ အခြားအကြီးအကဲတစ်ဦးကလည်း ပြောသည်။ “အံ့ဩစရာအကောင်းဆုံးက ဒီလူငယ်လေးချောင်က ကိုယ်တိုင် ကျင့်ကြံမှု မြန်ရုံတင်မကဘဲ တူမလေး စုန့်ကိုပါ သူ့နောက်ကနေ တိုးတက်အောင် ဆွဲခေါ်သွားနိုင်တာပဲ”
အကြီးအကဲချန်သည် ငတုံး မဟုတ်ပေ။ ဖုန်းမူသည် ထိုလူ၏ တပည့်ဟု ခေါ်ဆိုခံရရန် မထိုက်တန်ကြောင်း သူတို့ သွယ်ဝိုက်ပြောနေသည်ကို သူ ရှင်းရှင်းလင်းလင်း ကြားနိုင်၏။ သို့သော် သူသည် ဖုန်းမူနှင့် ပတ်သက်ပြီး သူ အမြင်မမှားခဲ့ကြောင်းကိုသာ ခိုင်ခိုင်မာမာ ယုံကြည်ထားဆဲပင်။
ဖုန်းမူ ဘာမှ ပြန်မပြောပေ။ ချောင်ရို့ချန် ရောက်လာသည်ကို မြင်သောအခါ သူသည် ဆရာပေးထားခဲ့သော ကျောက်စိမ်းပြားကို တိတ်တဆိတ် ထုတ်ယူကာ ခါးတွင် ချိတ်လိုက်၏။ တစ်ခါမျှ မဆုံဖူးသည့် ဤစီနီယာအစ်ကိုကြီးကို သူ မသိသော်လည်း ဆရာ့ဆန္ဒကို မည်သူမျှ ဆန့်ကျင်လိမ့်မည်မဟုတ်ကြောင်း သူ အခိုင်အမာ ယုံကြည်နေသည်။
စုန့်ကျောက်ယွမ် လှောင်ပြောင်လိုက်သည်။ “ဖုန်းမိသားစုရဲ့ အစေခံ၊ မင်းကိုယ်မင်း သူတော်စင်တစ်ပိုင်းချူရဲ့ တပည့်လို့ အခိုင်အမာ ပြောနေတယ် မဟုတ်လား။ အခု မင်းရဲ့ စီနီယာအစ်ကိုဆီ သွားပြီး နှုတ်မဆက်တော့ဘူးလား ဒါမှမဟုတ် ငါတို့ကပဲ ကူညီပေးရမလား”
ကျောက်စိမ်းဆွဲပြားကို ဆုပ်ကိုင်ထားရင်း ဖုန်းမူ မျက်နှာပေါ်တွင် ယခင်က မရှိခဲ့ဖူးသော ယုံကြည်ချက်များ ပေါ်ပေါက်လာသည်။
သူ ပြုံးလိုက်၏။
“ဘာလို့ မသွားရဲရမှာလဲ အခြေအနေတွေ ပြောင်းလဲသွားတဲ့အခါ ခင်ဗျား ထွက်မပြေးဖို့ပဲ မျှော်လင့်ပါတယ်။ မဟုတ်ရင် ဒီပွဲက သိပ်ပျော်စရာကောင်းမှာ မဟုတ်ဘူး”
“ဟမ့်”
စုန့်ကျောက်ယွမ် နှာခေါင်းရှုံ့လိုက်သည်။
“အရင်ထွက်ပြေးတဲ့သူက ခွေးပဲ”
“အဲဒီစကား ပြောလာမဲ့အချိန်ကို စောင့်နေတာ”
ထို့နောက် ဖုန်းမု ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။ သူ့လက်ကို ဆုပ်ကိုင်ထားသော လက်ကလေး တင်းသွားသည်ကို ခံစားလိုက်ရသဖြင့် မသိစိတ်ဖြင့် လှည့်ကြည့်မိသည်။
ဖုန်းလင်းလုံ သူ့ကို နားလည်မှုရှိသော အပြုံးလေးဖြင့် ကြည့်နေ၏။
သူတို့နှစ်ဦးသည် လူအများ၏ အကြည့်အောက်တွင် အတူတကွ ရှေ့သို့ လှမ်းတက်သွားကြသည်။
ဘေးမှ ကြည့်နေသူများ ထိုမြင်ကွင်းကို ကြည့်ကာ တိုးတိုးတိတ်တိတ် ဝေဖန်နေကြသည်။
“ဖုန်းမူက ဒီလောက်အထိ သတ္တိရှိလိမ့်မယ်လို့ မထင်ထားဘူး။ ဟို ချောင်မျိုးရိုးကသာ သူ့ကို ငြင်းလိုက်ရင် ဘာဖြစ်မလဲဆိုတာ သိသာနေတာပဲ”
“ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစမ်းပါ။ သူတော်စင်တစ်ပိုင်းချူက အစေခံတစ်ယောက်ကို ဘယ်လိုလုပ် တပည့်အဖြစ် လက်ခံမှာလဲ”
“...”
သူတို့ ပြောသံများကြောင့် လူတိုင်း၏ အာရုံသည် ရှေ့သို့ တိုးလာနေသော ထိုစုံတွဲဆီသို့ လျင်မြန်စွာ ရောက်ရှိသွား၏။
ချောင်ရို့ချန်နှင့် စုန့်ကျောက်ယီတို့ပင် သူတို့ကို သတိထားမိသွားကြသည်။
ချောင်ရို့ချန်က စုန့်ကျောက်ယီဘက်သို့ လှည့်ကာ ပြောသည်။ “ရှောင်ယီ၊ ဒါက ယွင်လန်ဂိုဏ်းက ငါတို့အတွက် စီစဉ်ထားတဲ့ ထူးခြားတဲ့ ကြိုဆိုပွဲလား”
စုန့်ကျောက်ယီ ခေါင်းခါပြသည်။ ရှေ့သို့ လာနေသော ထိုနှစ်ယောက်ကို သူမ မမှတ်မိပေ။ သူတို့သည် စုန့်မိသားစုမှ မဟုတ်ကြောင်းကိုလည်း သူမ သေချာနေ၏။
“စိတ်ဝင်စားစရာပဲ”
ချောင်ရို့ချန် နှုတ်ခမ်းများ အနည်းငယ် ကွေးညွှတ်သွားသည်။ သူတို့နှစ်ယောက် ဘာထုတ်ပြမလဲဆိုသည်ကို သူ စိတ်ဝင်စားသွား၏။
လေပြင်းတောင်ကြားထဲတွင် ကျင့်ကြံခဲ့သည့် နှစ်များမှာ ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှသည်။ အစပိုင်းတွင် လူမိုက်အချို့က သူ့ကို လာရောက် ရန်စခဲ့ကြသေးသည်။ သို့သော် သူ သတ်လိုက်သည့် လူဦးရေ များလာသည်နှင့်အမျှ မည်သူမှ ထပ်မလာရဲတော့ပေ။
“ဖုန်းမူ စီနီယာအစ်ကိုချောင်ကို ဂါရဝပြုပါတယ်”
ဖုန်းမူက ရှေ့သို့ လှမ်းလာပြီး လက်သီးဆုပ်ပြီး ဂါရဝပြု နှုတ်ဆက်လိုက်သည်။
ဤမြင်ကွင်းကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရ၏။ အထူးသဖြင့် ဇာတ်လမ်းအစအဆုံးကို မသိသော ယွင်လန်ဂိုဏ်း အကြီးအကဲ အချို့မှာ အတွင်းစည်းတပည့်တစ်ဦးက ဤသို့ ထွက်၍ နှုတ်ဆက်နေသည်ကို မြင်ရသဖြင့် အလွန်အမင်း မကျေမနပ် ဖြစ်သွားကြသည်။
“ဒါပဲလား”
ချောင်ရို့ချန်က ဇဝေဇဝါဖြင့် မေးသည်။ “လူငယ်တစ်ယောက်က ငါ့ကို အားကျတာ ရှက်စရာ မဟုတ်ပါဘူး၊ ဒါပေမဲ့ လူအများရှေ့မှာ ငါ့လမ်းကို ပိတ်နေစရာတော့ မလိုဘူးလေ”
ဖုန်းမူက တည်ငြိမ်အေးဆေးသော လေသံဖြင့် ပြောသည်။
“စီနီယာအစ်ကိုကြီး အထင်လွဲနေပါပြီ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော် ဆရာ့ရဲ့ စမ်းသပ်မှုကို အောင်မြင်ပြီး သောင်းပြောင်းပညာရပ်ဌာနကို ဝင်ခွင့်ရခဲ့ပါတယ်။ မြောက်ဘက်ကို သွားဖို့ ပြင်ဆင်နေပေမဲ့ စီနီယာအစ်ကို ယွင်လန်ဂိုဏ်းကို လာမယ်လို့ ကြားတာနဲ့ ဂါရဝပြုဖို့ လာခဲ့တာပါ”
သူသည် သောင်းပြောင်းပညာရပ်ဌာန ဟု ပြောလိုက်သည့်အခါ မျက်ဝန်းများမှာ မျှော်လင့်ချက်တို့ဖြင့် တောက်ပနေခဲ့၏။
ဇာတ်လမ်း အစအဆုံးကို မသိကြသော ကြည့်ရှုသူများမှာ မျက်နှာထား အမျိုးမျိုး ဖြစ်သွားကြသည်။ အချို့က မနာလိုကြ၊ အချို့က အံ့ဩကြပြီး အချို့မှာမူ နားမလည်နိုင် ဖြစ်နေကြသည်။
ချောင်ရို့ချန်က ရယ်မောလိုက်သည်။ “ဒီလောက်တောင် တိုက်ဆိုင်တာလား ဒါပေမဲ့ မင်းကို ဂျူနီယာညီလေးအဖြစ် အလွယ်တကူတော့ အသိအမှတ် မပြုနိုင်ဘူး။ အဲဒီမတိုင်ခင် ငါ့မှာ မေးစရာ မေးခွန်းအချို့ ရှိတယ်”
၎င်းကို ကြားရသောအခါ လူတိုင်းက နားစွင့်လိုက်ကြသည်။ သူတော်စင်တစ်ပိုင်း တစ်ဦး၏ တပည့်မှာ မည်သူမဆို ဖြစ်နိုင်သည် မဟုတ်ပေ။
စုန့်ကျောက်ယွမ် ပြုံးစစဖြင့် ပွဲကြည့်ရန် အဆင်သင့် ဖြစ်နေ၏။
“ဒီကောင်က စကားလုံး အနည်းငယ်နဲ့ပဲ ငါ့ယောက်ဖကို ယုံကြည်အောင် လုပ်နိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား”
ဖုန်းမူ လက်သီးဆုပ်လျက် ပြောသည်။ “မေးပါ စီနီယာအစ်ကို”
“ဆရာနဲ့ စတွေ့တုန်းက မင်းရဲ့ အဆင့်အတန်းက ဘာလဲ”
ချောင်ရို့ချန်က သူတို့ဆရာ တပည့်ရွေးချယ်ပုံနှင့် အညီ တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။
သို့သော် ဖုန်းမူ၏ နောက်ခံကို သိကြသူများအတွက်မူ ဤမေးခွန်းမှာ သူ့ကို အရှက်ခွဲရန် မေးခြင်း ဖြစ်သည်ဟု ထင်ရသည်။
ဖုန်းလင်းလုံပင် ဖုန်းမူကို တည်ငြိမ်နေစေရန် အချက်ပြသည့်အနေဖြင့် သူ့လက်ကို တင်းတင်းဆုပ်ကိုင်လိုက်မိသည်။
ဖုန်းမူ အရှက်ရခြင်း သို့မဟုတ် ဒေါသထွက်ခြင်း အလျဉ်းမရှိပေ။
“အဲဒီအချိန်တုန်းက ကျွန်တော်ဟာ နိမ့်ကျတဲ့ အိမ်စေတစ်ယောက်ပါပဲ”
ထိုအဖြေကို ကြားလိုက်ရသည့်အခါ ချောင်ရို့ချန် မျက်လုံးများ ဝင်းပသွားသည်။ သူက စိတ်ဝင်တစားဖြင့် မေးသည်။
“မင်းမှာ ဘယ်လို ကံကောင်းမှုမျိုးတွေ ရှိခဲ့လဲ”
သူ့ မျက်နှာအမူအရာ ပြောင်းလဲသွားမှုကြောင့် ဖုန်းမူမှာ မှင်သက်သွားရပြီး ဘေးပတ်ဝန်းကျင်မှ လူအများလည်း နားမလည်နိုင် ဖြစ်သွားကြသည်။
ဖုန်းမူသည် ၎င်းကို ထုတ်မပြောရန် ကြံရွယ်ထားသော်လည်း ယခုအခါတွင်မူ ရွေးချယ်စရာ မရှိတော့ပေ။
“ဟုတ်ကဲ့၊ ရှိခဲ့ပါတယ်။ စီနီယာအစ်မချင်းဟယ် လူဆိုးတစ်ယောက်နဲ့ တိုက်ခိုက်ခဲ့တဲ့ အချိန်ကစပြီး...”
တစ်ခဏအကြာတွင် သူသည် ရတနာတစ်ခုကို မည်သို့ မတော်တဆ တွေ့ရှိခဲ့ပုံနှင့် နောက်ပိုင်းတွင် မြစ်ကမ်းနံဘေး၌ ရွှေတောင်ပံလင်းယုန်ဘုရင်နှင့် မည်သို့ ဆုံတွေ့ခဲ့ပုံတို့ကို အသေးစိတ် ပြန်လည် ပြောပြလိုက်သည်။
သူ ပြောပြီးသွားသောအခါ လူအများ၏ အကြည့်တို့သည် မနာလိုမှုများဖြင့် ပြည့်နှက်သွား၏။ အားကျခြင်း မဟုတ်ဘဲ မနာလိုခြင်း ဖြစ်သည်။
‘အစေခံတစ်ယောက်က ဘယ်လိုလုပ် ဒီလိုကံကောင်းမှုမျိုး ရနိုင်ရတာလဲ’
ဖုန်းလင်းလုံ တစ်ဦးတည်းသာလျှင် သူ့ကို နွေးထွေးသော အပြုံးလေးဖြင့် ကြည့်နေသည်။
“မဆိုးပါဘူး”
ချောင်ရို့ချန် ဆိုသည်။
“မင်းရဲ့ နောက်ခံနဲ့ အခွင့်အရေးတွေက ငါတို့တပည့်မတွေထဲမှာ အထူးခြားဆုံး မဟုတ်ပေမဲ့ ဆရာ့ရဲ့ အသိအမှတ်ပြုမှုကို ရဖို့အတွက်တော့ လုံလောက်ပါတယ်”
သူ တစ်ခဏ ရပ်လိုက်သည်။
“ကဲ... အဆုံးသတ်နဲ့ အရေးကြီးဆုံး မေးခွန်းပဲ ဆရာ့ရဲ့ ဓားကျောက်စိမ်း ငါ့ကို ပြပါဦး”
ဖုန်းမူ မဆိုင်းမတွပင် ခါးမှ ကျောက်စိမ်းဆွဲပြားကို ဖြုတ်ကာ ကမ်းပေးလိုက်သည်။
“စစ်ဆေးကြည့်ပါ စီနီယာအစ်ကို”
ချောင်ရို့ချန် ကျောက်စိမ်းကို ယူလိုက်ပြီး သူ၏ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ရာ အတွင်း၌ ဆရာ ချန်ထားခဲ့သော ဓားအရှိန်အဝါ နှစ်ခုကို မြင်လိုက်ရသည်။
သူက ပြုံးလျက် ကျောက်စိမ်းကို ပြန်ပေးလိုက်သည်။
“ဂျူနီယာညီလေး... ငါ့ကိုယ်ငါ ပြန်ပြီး မိတ်ဆက်ပါရစေ ငါက မင်းရဲ့ ဒုတိယမြောက် စီနီယာအစ်ကိုကြီး ချောင်ရို့ချန်ပဲ”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်နေရာလုံး လုံးဝတိတ်ဆိတ်သွားတော့၏။