← Chapters

ဒါ ဘယ်သူ့တပည့်လဲ

Vol. 27 Ch. 269

ဒါ ဘယ်သူ့တပည့်လဲ

Vol. 27 Ch. 269

အတိုင်းအဆမဲ့ကျယ်ပြောလှသော ပင်လယ်ပြင်ထက်တွင် ချူဖုန်းသည် ရတနာသင်္ဘော၏ ဦးပိုင်း၌ ရပ်နေရင်း ပတ်ဝန်းကျင်ရှိ ထိုးတက်နေသော လှိုင်းလုံးကြီးများကို အေးအေးလူလူပင် ကြည့်နေသည်။

တစ်နာရီမပြည့်မီအချိန်မှာပင် ချူဖုန်းသည် လီအနည်းငယ်အကွာ၌ ကျန်းတစ်ထောင်ကျော် ရှည်လျားသော သတ္တဝါကြီးတစ်ကောင်ကို လှမ်းမြင်လိုက်ရ၏။ ထိုအကောင်ကြီးသည် ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ဧရာမခေါင်းကြီးကို ပြူထွက်လာစေသည်။

ဟပြဲကြီးဖြစ်နေသော ထိုအကောင်၏ ပါးစပ်ဝတွင် ခန့်ညားထည်ဝါသော အမျိုးသားတစ်ဦး ရပ်နေသည်။ လက်တစ်ဖက်က ဓားတစ်လက်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ဝိုင်အိုးကို ကိုင်ထား၏။

ထိုအမျိုးသားသည် သတ္တဝါကြီး၏ ပါးစပ်မပိတ်နိုင်စေရန် ပါးစပ်ကို ဓားဖြင့် ထောက်ကန်ထားပြီး ရံဖန်ရံခါတွင် သူသည် အဖိုးတန်ဝိုင်ကို တစ်ငုံချင်းစီ မော့သောက်နေကာ တစ်ငုံသောက်လေတိုင်း သူ့မျက်ဝန်းများက ပို၍ ရီဝေလာလေသည်။

ထိုမြင်ကွင်းကြောင့် ချူဖုန်း တစ်ခဏ မှင်သက်သွားရ၏။ သူ လက်ခုပ်တီးပြီး အော်ဟစ်ဂုဏ်ပြုချင်စိတ်ပင် ပေါက်သွားတော့သည်။"ဒီကောင့်ရဲ့ အမူအရာကတော့ အမှတ်ပြည့်ပဲဟေ့"

သတ္တဝါကြီး ခေါင်းထောင်လာသည်နှင့် ကျင့်ကြံသူများလည်း ပတ်ဝန်းကျင်၌ စတင်စုဝေးလာကြသည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ တိုက်ခိုက်ရန် ပြင်ဆင်နေကြစဉ် သတ္တဝါကြီး၏ ပါးစပ်အတွင်း ရပ်နေသော ထိုအမျိုးသား၏ ရေရွတ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

"မြောက်ဘက်နက်ရှိုင်းရာအရပ်တွင် ခွန် အမည်ရှိသော ငါးတစ်ကောင်ရှိ၏။ ထိုခွန်သည် အလွန်တရာ ကြီးမားလှသဖြင့် အလျားမှာ လီပေါင်း မည်မျှထောင်ချီရှိသည်ကို မသိနိုင်ပေ..."

ထိုအသံ ထွက်ပေါ်လာသည်နှင့် ခန့်ညားသော ကျင့်ကြံသူထံမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။

သတ္တဝါကြီးထံမှ နတ်ဆိုးစွမ်းအင်များ လျင်မြန်စွာ လျော့ပါးသွားသည်ကို သာမန်မျက်စိဖြင့်ပင် အထင်အရှား မြင်နေရသည်။ တိုက်ခိုက်ရန် ပြင်နေကြသော ကျင့်ကြံသူများလည်း ရပ်တန့်သွားကြပြီး အခြေအနေကိုသာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြ၏။

ထိုအမျိုးသားသည် ဝိုင်သောက်ရင်း ဆက်လက်ရွတ်ဆိုနေသည်။ သူသည် ပို၍ စိတ်လှုပ်ရှားတက်ကြွလာပြီး နောက်ဆုံးတွင် သတ္တဝါကြီး၏ အစွယ်များထံမှ ဓားကို ဖယ်ထုတ်လိုက်ကာ ပါးစပ်ထဲသို့ ဝိုင်တစ်ငုံ လောင်းထည့်ပေးလိုက်လေသည်။

ဤမြင်ကွင်းကြောင့် ကြည့်ရှုနေသူအားလုံး ဆွံ့အသွားကြ၏။ သူတို့ကို အံ့အားသင့်စေသည်မှာ ဝိုင်သောက်ပြီးနောက် သတ္တဝါကြီး၏ မျက်နှာအမူအရာမှာ မူးယစ်ရီဝေသွားခြင်းပင်။

အမျိုးသားသည် သတ္တဝါကြီး၏ ပါးစပ်ထဲမှ ခုန်ထွက်ကာ ခေါင်းပေါ်သို့ တက်လိုက်သည်။ ဝိုင်သောက်လိုက်၊ စာသားများ ရွတ်ဆိုလိုက်၊ သတ္တဝါကြီးကို ဝိုင်တိုက်လိုက်ဖြင့် သူ့ လှုပ်ရှားမှုတိုင်းမှာ အလွန်တရာ ကျော့ရှင်းလှပနေ၏။

သတ္တဝါကြီးသည် ဝိုင်သောက်လိုက်တိုင်း တိုးညင်းသာယာသော အသံကို ပြုလုပ်တတ်ပြီး ကျင့်ကြံသူ၏ ရွတ်ဆိုသံကို ပြန်လည်ထူးနေသည့်အလားပင်။

"... ဒီကောင်က ဘယ်သူ့တပည့်လဲ။ သတ္တိခဲပဲဟ"

သူတော်စင်ရွှေတောင်ပံ အံ့ဩသွားရသည်။

သူသည် သူတော်စင်တစ်ပိုင်း တစ်ဦးအနေဖြင့် လောကရှိ ထူးဆန်းအံ့ဩဖွယ်ရာများကို မြင်ဖူးသော်လည်း ဤကဲ့သို့ မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးချေ။

ဝမ်တောက်ကျောင်းတော်မှ ပါရမီရှင်များသည် မိမိထက် ကျင့်ကြံခြင်းအဆင့်မြင့်သူများကို စိန်ခေါ်ခြင်းမှာ ထုံးစံပင်။ သို့သော် ဤလူငယ်လေးမှာ လွတ်လပ်ပေါ့ပါးနေသူမျိုးကိုမူ မြင်ဖူးသည်မှာ ပထမဆုံးပင်။

"ရှို့ယွမ်က မင်းရဲ့တပည့်လည်း ဖြစ်နိုင်တာပဲလေ"

ချူဖုန်း ပြုံးရွှင်စွာ ပြောလိုက်သည်။

"ဟေ..."

ရွှေတောင်ပံအရှင်သခင်သည် ချူဖုန်းကို မယုံကြည်နိုင်သလို ကြည့်လိုက်၏။

“... မပြောနဲ့ဦး... အဲဒီကောင်လေးက အစ်ကိုကြီးရဲ့တပည့်လည်း ဖြစ်နေတာလား"

"မှန်တယ်။ သူက ငါ့တပည့် နျဲ့ရှို့ယွမ် ပဲ"

ချူဖုန်း ပြုံးရင်း ရှင်းပြသည်။ "ရှို့ယွမ်ရဲ့ ကံအခွင့်အလမ်းကို ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး။ ဒီခရီးစဉ်က တကယ်ကို တန်သွားပြီ"

သူတော်စင်ရွှေတောင်ပံ "..."

ချူဖုန်းသည် ထူးချွန်သော ဆရာတစ်ဦးဖြစ်ကြောင်း သူ သိထားပြီးသား ဖြစ်သော်လည်း ချူဖုန်းလက်အောက်တွင် ဤကဲ့သို့ ပါရမီရှင်မျိုး ရှိနေလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားမိပေ။

"နေပါဦး... နျဲ့ရှို့ယွမ်ဆိုတာ တိုက်ချင်ခိုက်ချင်စိတ်တွေ ကုန်ခန်းပြီး အမြဲတမ်း စိတ်ပျက်အားငယ်နေတဲ့ အရက်သမား မဟုတ်ဘူးလား။ အမြဲ ရှုံးနိမ့်နေတဲ့ပုံစံနဲ့လေ။ အခုတော့ အဲဒီခန့်ညားတဲ့လူငယ်က သူပါလို့ ပြောနေတာလား။ ကျုပ်တော့ ယုံရခက်နေတုန်းပဲ"

ချူဖုန်း သူ့ပခုံးကို ပုတ်ပေးလိုက်သည်။ "ရှို့ယွမ်က မင်းထက် ပိုချောနေတာကို လက်ခံဖို့ ခက်ခဲမယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ အမှန်တရားက အမှန်တရားပဲလေ"

သူတော်စင်ရွှေတောင်ပံ "..."

‘ငါပြောနေတာ အဲ့တာမဟုတ်ဘူးလေ’

သို့သော် နောက်ဆုံးတွင် သူ အငြင်းမပွားရန် ဆုံးဖြတ်လိုက်၏။

အဘယ်ကြောင့်ဆိုသော် ရှင်းပြခြင်းသည် ငြင်းဆိုခြင်းတစ်မျိုးဖြစ်ပြီး၊ ငြင်းဆိုခြင်းသည် အမှန်တရားဖြစ်ကြောင်း ဝန်ခံခြင်းသာ ဖြစ်သောကြောင့်ပင်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။

နျဲ့ရှို့ယွမ်၏ ရွတ်ဆိုသံနှင့် ခွန်၏ အသံတို့သည် သဟဇာတဖြစ်စွာ ပေါင်းစည်းသွားစဉ် လူနှင့် သတ္တဝါ နှစ်ဦးလုံး၏ ပတ်ဝန်းကျင်ရှိ အလင်းရောင်များမှာ တဖြည်းဖြည်း တစ်ခုတည်း ဖြစ်သွားသည်။

ယခုအခါ နေဝင်ချိန်သို့ ရောက်နေပြီဖြစ်သည်။ ပင်လယ်နှင့် ကောင်းကင်မှာ တစ်သားတည်း ဖြစ်နေပြီး နေဝင်ရိုးရီ အလှတရားများအောက်တွင် မိုးကုပ်စက်ဝိုင်း၌ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေ၏။

ထိုအခိုက်အတန့်တွင် နျဲ့ရှို့ယွမ်၏ ရွတ်ဆိုသံ ဆုံးခန်းတိုင်သွားပြီး သူ့အရှိန်အဝါ စတင် ပြောင်းလဲလာသည်။

"သူ အဆင့်တက်သွားပြီ"

ကောင်းကင်မှ ကြည့်နေသော ကျင့်ကြံသူတစ်ဦး အော်ဟစ်လိုက်၏။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာလည်း မနာလိုမှုများ ပြည့်နှက်နေကြသည်။ သို့သော် မနာလိုခြင်းထက် ပိုသည်မှာ ထိတ်လန့်အံ့ဩခြင်းပင်။

တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက နီဗားနားရှင်သန်ခြင်းအဆင့် ပင်လယ်နတ်ဆိုးကြီး၏ ပါးစပ်ထဲတွင် ကျင့်ကြံနေခြင်းမှာ သမိုင်းတစ်လျှောက်တွင် တစ်ခါမျှ မကြားဖူးသော ဖြစ်ရပ်ပင်။

တစ်ချိန်တည်းမှာပင် ချူဖုန်း၏ စိတ်ထဲ၌ ရင်းနှီးသော အသံတစ်ခု ပဲ့တင်ထပ်လာသည်။

"ပိုင်ရှင် တပည့် နျဲ့ရှို့ယွမ်သည် တာအိုပေါင်းစည်းခြင်း တတိယအဆင့်သို့ တက်လှမ်းသွားပါပြီ။ သူ၏ မဟာလွတ်လပ်ခြင်းစိတ်ဆန္ဒ မှာ ပြည့်စုံသွားပါပြီ။ ပိုင်ရှင်အား ဆုလာဘ်အဖြစ် ကျင့်ကြံမှုသက်တမ်း နှစ် (၈၀) နှင့် မဟာတာအိုအနှစ်သာရငါးခု ပေးအပ်လိုက်ပါတယ်"

ထိုအသံကို ကြားရသောအခါ ချူဖုန်း တီးတိုး ရေရွတ်လိုက်၏။ "လွတ်လပ်ပေါ့ပါးတဲ့ ခရီးစဉ်ရယ်၊ ခွန်ရယ်... တကယ်ကို အချိတ်အဆက် မိတာပဲ"

သူတော်စင်ရွှေတောင်ပံ သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ဟိုနတ်ဆိုး နာမည်က ခွန်မှန်း အစ်ကိုကြီး ဘယ်လိုသိတာလဲ"

ချူဖုန်း မျက်လုံးလှန်ကြည့်လိုက်သည်။ "စာများများဖတ်ပါလို့ မင်းကို ခဏခဏ ပြောသားပဲ။ ဘာလို့ ဘယ်တော့မှ နားမထောင်တာလဲ"

“....”

သူ ကြောင်တောင်တောင် ဖြစ်သွားသည်။ ‘စာဖတ်တာနဲ့ ဒါနဲ့ ဘာဆိုင်လို့လဲ’

ဝူး... ဝူး... ဝူး...

ခွန်သည် နျဲ့ရှို့ယွမ်၏ အရှိန်အဝါ ပြောင်းလဲသွားမှုကို ခံစားမိပုံရပြီး ဝမ်းသာအားရ အသံပြုလိုက်၏။

နျဲ့ရှို့ယွမ်က ခွန် ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးကာ ပြောလိုက်သည်။

"ငါနဲ့အတူ ဒီလောကကြီးမှာ လွတ်လပ်စွာ လှည့်လည်သွားလာချင်လား"

ဝူး... ဝူး... ဝူး...

ခွန်က ပျော်ရွှင်စွာ သဘောတူလိုက်သည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက ရေမျက်နှာပြင်ပေါ်သို့ ဆင်းသက်လာကြပြီး ဂုဏ်ပြုစကား ဆိုကြသည်။

"ဂုဏ်ယူပါတယ် မိတ်ဆွေ... ပင်လယ်နတ်ဆိုးကို ယဉ်ပါးအောင် လုပ်နိုင်တာ"

"မိတ်ဆွေရဲ့ ကျင့်ကြံမှုက တကယ်ကို ထူးခြားပါတယ်။ ဘယ်ဆရာသမားဆီမှာ ပညာသင်ခဲ့တာလဲဆိုတာ သိခွင့်ရှိမလား"

နျဲ့ရှို့ယွမ်က လက်ဆုပ်ကာ နှုတ်ဆက်ရင်း ပြန်ပြောလိုက်သည်။

"မိတ်ဆွေတို့က မြှောက်ပင့်လွန်းနေပါပြီ။ ကျွန်တော် နျဲ့ရှို့ယွမ်က ကံကောင်းလို့ ဒီအခွင့်အရေးကို ရခဲ့တာပါ။ ကျွန်တော့်ဆရာ သူတော်စင်တစ်ပိုင်းချူ ရေးသားပေးခဲ့တဲ့ စာသားတွေရဲ့ အကူအညီနဲ့ ခွန် ကို ယဉ်ပါးစေခဲ့တာပါ။ ကျွန်တော် နျဲ့ရှို့ယွမ် ရှိနေသရွေ့တော့ ခွန် ဟာ ဒီပင်လယ်ပြင်ကို ဘယ်တော့မှ ဒုက္ခပေးမှာမဟုတ်ဘူးလို့ စိတ်ချလက်ချ ယုံကြည်နိုင်ပါတယ်"

ထိုစကားများကို ကြားသည်နှင့် စုဝေးနေသော ကျင့်ကြံသူများမှာ စိတ်ထဲမှ တုန်လှုပ်သွားကြ၏။ အချို့မှာ သူ့ကို ချောင်းမြောင်းတိုက်ခိုက်ရန် ကြံစည်နေကြသော်လည်း နျဲ့ရှို့ယွမ်၏ နောက်ခံကို ကြားလိုက်ရသည့်အခါ ထိုအတွေးများကို ချက်ချင်းပင် လက်လျှော့လိုက်ကြသည်။

သူတော်စင်တစ်ပိုင်းချူ၏ နာမည်ဂုဏ်သတင်းမှာ အလွန်ကျော်ကြားသည်။ သူ့တပည့်တိုင်းသည် သူကိုယ်တိုင် ပေးအပ်ထားသော ဓားကျောက်စိမ်းကို ဆောင်ထားကြသည်။ ၎င်းမှာ သူတော်စင်တစ်ပိုင်းအဆင့်ရှိသူများပင် မခုခံနိုင်သော အရာဖြစ်ရာ သာမန်ကျင့်ကြံသူများအဖို့ ပြောနေစရာပင် မလိုတော့ချေ။

"ဪ... သူက သူတော်စင်တစ်ပိုင်းချူ ရဲ့ တပည့်ကိုး။ ဒါကြောင့်လည်း ဒီလောက် ထူးချွန်နေတာ"

"မေးပါရစေ မိတ်ဆွေ... မိတ်ဆွေက သူတော်စင်တစ်ပိုင်းချူ ရဲ့ ဘယ်နှစ်ယောက်မြောက် တပည့်လဲ။ မိတ်ဆွေရဲ့ ကျင့်ကြံမှုက ပြိုင်ဘက်ကင်းဓားသမား နဲ့ ပြိုင်ဘက်ကင်းလက်သီးအရှင်တို့ထက်တောင် သာနေပုံရတယ်။ မိတ်ဆွေလို ကျင့်ကြံခြင်းအဆင့်မျိုးနဲ့သူတစ်ယောက်က ဘာလို့ ဒီလောက် နာမည်မရှိရတာလဲ"

ထိုစကားအဆုံးတွင် မကောင်းသောစိတ်များကို တစ်ခဏ ဖိနှိပ်ထားသော ကျင့်ကြံသူများမှာ မျက်လုံးများ ပြန်လည်တောက်ပလာ၏။

သူတော်စင်တစ်ပိုင်းချူ တွင် ဤကဲ့သို့ တပည့်မျိုး ရှိသည်ဟု သူတို့ တစ်ခါမျှ မကြားဖူးပေ။

ဆိုလိုသည်မှာ ဤကောင်လေးသည် အယောင်ဆောင် ဖြစ်နေနိုင်ချေ ရှိ၏။

နျဲ့ရှို့ယွမ် ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် ကောင်းကင်ထက်မှ ခန့်ညားထည်ဝါသော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

"ငါ့တပည့်ကို မေးခွန်းထုတ်ဖို့ မင်းတို့လို လေလွင့်ခွေးတွေမှာ ဘယ်တုန်းက အခွင့်အရေး ရသွားတာလဲ"

ကျင့်ကြံသူများက မသိစိတ်ဖြင့် အထက်သို့ မော့ကြည့်လိုက်ကြသည်။ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားစေနိုင်သော ဧရာမ ပုံရိပ်ကြီးတစ်ခု အထက်မှ ဆင်းသက်လာ၏။

ထိုပုံရိပ်သည် မြေပြင်သို့ မရောက်သေးမီမှာပင် ၎င်းထံမှ ထွက်ပေါ်လာသော ဖိအားများကြောင့် ကျင့်ကြံသူအားလုံး၏ ခြေထောက်များမှာ တုန်ယင်လာကြသည်။ ကျင့်ကြံမှုအားနည်းသူ အချို့မှာမူ ကြောက်လန့်တုန်ရီကာ ပင်လယ်ထဲသို့ ဗုန်းခနဲ ပြုတ်ကျသွားကြသည်။

ပင်လယ်၏ အရှင်သခင်ဟု ခေါ်နိုင်သော ခွန် ပင်လျှင် ထိုပုံရိပ်ကို မြင်ရသည့်အခါ သိသိသာသာ တုန်လှုပ်နေ၏။

သူတော်စင်တစ်ပိုင်း၏ ဖိအား၊

ဤအတွေးသည် လူတိုင်း၏ စိတ်ထဲ၌ လျှပ်စီးလက်သွားသလို ပေါ်လာသည်။ ချက်ချင်းပင် သူတို့အားလုံး တစ်ပြိုင်နက် အော်ဟစ်လိုက်ကြသည်။

"ကျွန်ုပ်တို့ သူတော်စင်တစ်ပိုင်းချူ ကို ဂါရဝပြုပါတယ်”

နျဲ့ရှို့ယွမ်ကလည်း ရိုသေစွာ ဦးညွှတ်လိုက်သည်။

“တပည့် ဆရာနဲ့ ဦးလေးရွှေတောင်ပံကို ဂါရဝပြုပါတယ်"

"နေ...နေ...အဲဒါတွေ လုပ်မနေနဲ့"

ချူဖုန်း အသံအဆုံးတွင် ထိတ်လန့်ဖွယ်ရာ ဖိအားများ ပျောက်ကွယ်သွားပြီး လူတိုင်း သက်ပြင်းကို အရှည်ကြီး ချနိုင်တော့သည်။

All Chapters