← Chapters

အခန်း (၃၅၁-၃၅၂)

Vol. 36 Ch. 351-352

အခန်း (၃၅၁-၃၅၂)

Vol. 36 Ch. 351-352

အခန်း (၃၅၁) - တစ်ချက်လေးတောင် မထိနိုင်သော ရှန်ထူကျွယ်(၁)

ရင်ပြင်၏ ဗဟိုထိုင်ခုံတန်းများဆီမှ ရှန်ထူကျွယ် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှန်ထူမိသားစုဝင်များအားလုံး နေရာမှ မတ်တတ်ရပ်လိုက်ကြသည်။ ရှေ့ဆုံးမှ ဆံဖြူအကြီးအကဲနှစ်ဦးကလည်း အလျင်အမြန် ရှေ့ထွက်လာကြသည်။

ထိုအထဲမှ တစ်ဦးမှာ ယခင်က ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ခဲ့သည့် ရှန်ထူတျောင်းဖြစ်ပြီး အခြားတစ်ဦးမှာ ရှန်ထူမိသားစုအတွင်း အဆင့်အတန်းအလွန်မြင့်မားသည့် အကြီးအကဲ ရှန်ထူမိုပင် ဖြစ်သည်။ သူ၏စွမ်းအားမှာလည်း ဆန်းကြယ်ရှင်ခြင်းအဆင့်၏ အထွတ်အထိပ်အဆင့်တွင် ရှိနေသည်။

ရှန်ထူတျောင်းက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။ “ဒီဝူယွမ်က နည်းနည်းတော့ ပြဿနာပေးနိုင်တယ်နော်”

ယခင်က အခြားမိသားစုကြီးလေးခုမှ အကြီးအကဲများနှင့် ပူးပေါင်းကာ ဝူယွမ်၏ မဟာရှေးဟောင်းဓားကို ပိတ်ဆို့ခဲ့သော်လည်း ထိုဓားထံမှ ထွက်ပေါ်လာသည့် လေပြင်းစွမ်းအားများက သူ၏ခန္ဓာကိုယ်ထဲတွင် ယခုတိုင် ကိန်းအောင်းနေဆဲဖြစ်သည်။

ထိုအချက်ကို ထောက်ရှုခြင်းအားဖြင့် ဝူယွမ်၏ စွမ်းအားက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ခန့်မှန်းနိုင်ပေသည်။ ထို့အပြင် ဝူယွမ်သည် ရှန်ထူကျွယ်နှင့် အဆင့်အတန်းတူညီသော ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်တွင် ရှိနေပြန်သည်။

ရှန်ထူကျွယ်အပေါ် ယုံကြည်မှုအချို့ရှိနေသော်လည်း ဤဝူယွမ်၏ အစွမ်းအစအမှန်ကိုမူ မည်သို့မျှ အကဲခတ်၍မရနိုင်ဟု သူ အမြဲတစေခံစားနေရသည်။

သူ သက်ပြင်းချလိုက်သည်နှင့် ဘေးနားရှိ အနက်ရောင်ဝတ်စုံနှင့် မိန်းမပျိုက ယုံကြည်မှုအပြည့်ဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။

“အကြီးအကဲတို့ စိုးရိမ်မနေပါနဲ့၊ အစ်ကိုကြီးရှန်ထူကျွယ်ရဲ့ စွမ်းအားနဲ့ဆိုရင် ဒီထျန်းဖုန်းပင်လယ်နယ်မြေက လူငယ်မျိုးဆက်တွေထဲမှာ ချန်ခွန်း လျှို့ဝှက်ဂူနဲ့ မိစ္ဆာလေ လျှို့ဝှက်ဂူက လူနှစ်ယောက် ဝင်မပါသရွေ့ ဘယ်သူမှ သူ့ရဲ့ပြိုင်ဘက်မဟုတ်ပါဘူး”

သူမသည် ခန္ဓာကိုယ်နှင့်အချိုးကျလှပစွာ ကပ်နေသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အရပ်မောင်းကောင်းကာ အလွန်လှပချောမောသည်။

သူမကား ရှန်ထူမိသားစု၏ အကျော်ကြားဆုံး သခင်မလေး ရှန်ထူရုံပင်ဖြစ်သည်။

အစ်ကိုဖြစ်သူအပေါ် အလွန်အမင်း ကြည်ညိုလေးစားလှပြီး ရှန်ထူကျွယ်အပေါ်ထားရှိသည့် ယုံကြည်မှုမှာ နားလည်ရခက်လောက်အောင် နက်ရှိုင်းလှကာ သူမသည် အမာခံပရိသတ်တစ်ဦးပမာ ဖြစ်နေတော့သည်။

ဝူယွမ်၏ ကြိုတင်စိန်ခေါ်မှုကို သဘောတူပြီးနောက် ရှန်ထူကျွယ်သည် အောက်သို့ဆင်းသက်လာကာ ရှေးဟောင်းကမ္ဘာဦးစေတီရှေ့သို့ ရောက်ရှိလာသည်။ ဝူယွမ်ကလည်း အနီးကပ်လိုက်ပါလာပြီး ပြိုင်ပွဲကွင်းပြင်အတွင်းသို့ ဆင်းသက်လိုက်သည်။

ထိုအချိန်တွင် ရှန်ထူကျွယ်၏ နောက်ကျောဘက်ရှိ မီတာတစ်ရာခန့်မြင့်မားသော ဧရာမစေတီကြီးကို သူ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ စေတီကြီးအတွင်းမှ ရှေးဟောင်းဆန်ကာ ခံ့ညားထည်ဝါသော စွမ်းအင်လှိုင်းများ လွင့်ပျံထွက်ပေါ်နေသည်။

ထိုစွမ်းအင်လှိုင်းများမှာ တခြားမဟုတ်၊ မဟာရှေးဟောင်းစွမ်းအင်များပင်။

ဝူယွမ်က တီးတိုး ရေရွတ်လိုက်သည်။ “ရှေးဟောင်းကမ္ဘာဦးစေတီ”

သူ၏ မျက်လုံးများတွင် ပြင်းပြသော ရည်မှန်းချက်ဆန္ဒများ တောက်လောင်နေပြီး ထိုစွမ်းအင်များက ခန္ဓာကိုယ်တစ်ခုလုံးကို စိတ်လှုပ်ရှားတက်ကြွစေသည်။

ထို့အပြင် ရင်ဘတ်ပေါ်ရှိ ကျောက်လက်ဖွဲ့ငယ်ထံမှလည်း စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ထွက်ပေါ်လာသည်။ ကမ္ဘာသစ်ပင်နှင့် ချိတ်ဆက်ထားသော ဟွမ်ယွမ် (ကျောက်တိုင်ဝိညာဉ်ငယ်၏ နာမည်) နှင့် ဟွမ်တို့ကလည်း ပြင်းထန်သော လိုလားတောင့်တမှုများကို ဝူယွမ်ထံသို့ ပေးပို့နေကြသည်။

သူတို့သည်လည်း မဟာရှေးဟောင်းစွမ်းအင်ကို လိုအပ်နေကြသည်။

ထိုတုံ့ပြန်မှုများကို ထောက်ရှုရလျှင် ဤမဟာရှေးဟောင်းစွမ်းအင်သည် ကမ္ဘာသစ်ပင်ကို နတ်ဆိုးစွမ်းအင်များထက်ပင် ပိုမိုရွှင်လန်းတက်ကြွစေပြီး ၎င်း၏ ကြီးထွားမှုနှင့် ဆင့်ကဲပြောင်းလဲမှုလုပ်ငန်းစဉ်ကို ပိုမိုအရှိန်မြှင့်တင်ပေးနိုင်ကြောင်း သိသာထင်ရှားလှသည်။

ကမ္ဘာသစ်ပင်အတွင်း ပြုစုပျိုးထောင်ခြင်းခံနေရသော ကျောက်လက်ဖွဲ့သည် ကြယ်ရောင်များ တလက်လက်တောက်ပလာပြီး တုန်ခါသံများကို ထုတ်လွှင့်နေသည်။ ကျောက်လက်ဖွဲ့၏ ဝိညာဉ်နိုးထလာစေရန် ဤစွမ်းအင်ကို လိုအပ်နေခြင်းဖြစ်သည်။

ဝူယွမ် နှုတ်ခမ်းသပ်လိုက်၏။ လူတိုင်းက တူညီသောအရာတစ်ခုကို လိုလားတောင့်တနေခြင်းမှာ ရှားပါးလှသဖြင့် သူကိုယ်တိုင်လည်း ထိုစေတီအတွင်းသို့ဝင်ရောက်ကာ ဆိုင်းအင်လုပ်လိုစိတ်များ ပြင်းပြလာသည်။

အကယ်၍ ရယူနိုင်စွမ်းမရှိခဲ့လျှင်တောင် အတင်းအဓမ္မ လုယူပစ်မည်ဟု ဆုံးဖြတ်ထားသည်။

ရှန်ထူကျွယ်က ဝူယွမ်၏ အကြည့်များကို ဖြတ်တောက်လိုက်ကာ အော်ဟစ်လိုက်သည်။ “ဟေ့ ကြည့်မနေနဲ့၊ အထဲဝင်ချင်ရင် ငါ့ကိုအရင်အနိုင်ယူရမယ်”

ဝူယွမ်က တုံ့ပြန်လာသည်။ “အို ဟုတ်သားပဲ၊ မင်းက လမ်းပိတ်နေသေးတာကိုး”

ထို့နောက် ဝူယွမ်သည် ရှန်ထူကျွယ်ကို အကဲခတ်ကြည့်လိုက်ရာ ကောလာဟလများထဲကအတိုငါး ကြောက်မက်ဖွယ်ကောင်းမနေဘဲ အတော်လေး သိမ်မွေ့နုနယ်နေသည်ကို တွေ့လိုက်ရသည်။ သံမဏိအသူရာ ဟူသော ဂုဏ်ပုဒ်နှင့် သူ၏ပုံပန်းသဏ္ဌာန်မှာ အနည်းငယ် ကွဲလွဲနေသယောင်ပင်။

ဝူယွမ်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။ “မင်းပုံစံက အသူရာနဲ့ မတူဘူး၊ ပန်းရောင်မယ်သီလရှင်လေး ဖြစ်သင့်တာ”

ရှန်ထူကျွယ်က တွေဝေစွာဖြင့် ပြန်မေးလိုက်သည်။ “ပန်းရောင်မယ်သီလရှင်၊ ဘာအဓိပ္ပာယ်လဲ”

ဝူယွမ်က ရိုးရိုးရှင်းရှင်းသာ လိမ်ပြောလိုက်သည်။ “မင်းက လှတယ်လို့ ပြောတာလေ”

ရှန်ထူကျွယ်က ဒေါသထွက်လုနီးပါးဖြစ်သွားသော်လည်း ချက်ချင်းပြန်လည်တည်ငြိမ်သွားကာ လှောင်ပြောင်လိုက်သည်။ “မင်း၊ ဟက်ဟက်၊ ငါ့ကို ဒေါသထွက်အောင် ဆွနေတာလား”

“မင်းရဲ့ စွမ်းအားကို ငါခံစားမိတယ်၊ တကယ်ကို အစွမ်းထက်တယ်၊ ဒီလောက်အထိ ငါ့ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်တဲ့သူ မရှိတာ ကြာပြီ၊ မင်းက ငါ့ရဲ့အာရုံစိုက်မှုကို အောင်မြင်စွာ ဖမ်းစားနိုင်ခဲ့ပြီ”

စကားပြောနေရင်းမှ မုန်တိုင်းတစ်ခုပမာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းအငွေ့အသက်များ ရှန်ထူကျွယ်၏ ခန္ဓာကိုယ်အတွင်းမှ ရုတ်ခြည်း ပေါက်ကွဲထွက်ပေါ်လာသည်။

သူသည် အလေးအနက်ထားလာပြီဖြစ်ကာ ဝူယွမ်အား လေးစားထိုက်သော ပြိုင်ဘက်တစ်ဦးအဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည်။

ဝူယွမ်က - “မဖြစ်နိုင်တာ၊ မင်းရဲ့ စိတ်ကြွပစ်မှတ်ကို ရှာတွေ့ဖို့ ဒီလောက်တောင်လွယ်သလား၊ သိပ်စိတ်မလှုပ်ရှားပါနဲ့ဦး၊ ငါက လှုပ်တောင်မလှုပ်ရသေးဘူ၊”

“ဘာ စိတ်ကြွပစ်မှတ်လဲ” ရှန်ထူကျွယ်သည် တစ်ဖက်လူနှင့် စကားပြောရသည်မှာ ကမ္ဘာခြားနေသကဲ့သို့ ခံစားနေရပြီး ထူးဆန်းသော စကားများကိုသာ အမြဲပြောနေတတ်သည်ဟု တွေးမိသည်။

ဝူယွမ်ကတော့ ရယ်မောလျက်သာ။

“ဘာမှမဟုတ်ပါဘူး၊ နည်းနည်းလောက်တော့ တောင့်ခံထားဖို့ပြောတာပါ၊ အနည်းဆုံးတော့ ငါနဲ့ အကွက် ဆယ်ကျော်လောက်တော့ တိုက်ခိုက်ပါဦး၊ ချက်ချင်းကြီးတော့ အသတ်မခံလိုက်နဲ့ဦး”

ဤရှန်ထူကျွယ်မှာ အတော်လေး စိတ်ဝင်စားစရာကောင်းပေသည်။

“ဟားဟား၊ ငါ့ကို ချက်ချင်းသတ်မယ်၊ လူတိုင်းက ငါ ရှန်ထူကျွယ်ကို မောက်မာတယ်လို့ ပြောကြပေမယ့် ဒီနေ့တော့ ငါ့ထက်ပိုပြီး မောက်မာတဲ့သူနဲ့ တွေ့ရပြီထင်တယ်၊ ငါ့ကို ချက်ချင်းသတ်ချင်တယ်ဆိုရင် မင်းမှာ အဲဒီအစွမ်းအစရှိမရှိ ကြည့်ကြသေးတာပေါ့”

ရှန်ထူကျွယ်က အားရပါးရ ရယ်မောလိုက်သည်။ သူသည် ရှေးဟောင်းကမ္ဘာဦးစေတီရှေ့တွင် မတ်တတ်ရပ်ကာ စေတီတံခါးပေါက်ဆီသို့ ဦးတည်နေသော လမ်းကြောင်းကို လက်ညိုးထိုးပြပြီး လေထဲတွင် လက်တစ်ချောင်းကို ယမ်းပြလိုက်သည်။

“ငါရှိနေသရွေ့ ဒီလမ်းကို ဖြတ်သွားလို့မရဘူး”

ဝူယွမ်က လက်သီးကိုဆုပ်ကာ လေမှုတ်လိုက်ပြီး တုံ့ပြန်လိုက်သည်။ “ဖြတ်လျှောက်လို့မရတဲ့လမ်းကို လက်သီးနဲ့ ဖောက်ရမှာပေါ့၊ မင်းက အလယ်ကနေ လမ်းပိတ်နေရအောင် မိန်ရာသီဖွားပဲ ဖြစ်ရမယ်၊ မင်းကို ဘယ်လိုချိုးနှိမ်မလဲဆိုတာ စောင့်ကြည့်နေ”

“လာခဲ့စမ်း၊ ငါ အရမ်းစိတ်လှုပ်ရှားနေပြီ”

ရှန်ထူကျွယ်က ဖြူဖွေးသော သွားများကို ပေါ်လွင်သည်အထိ ပြုံးလိုက်သည်။ နောက်တစ်ခဏတွင် သူ၏ခန္ဓာကိုယ်ကို ရှေ့သို့ကိုင်းညွတ်လိုက်ကာ သားကောင်ကို ခုန်အုပ်မည့် ကျားသစ်တစ်ကောင်ပမာ ရုတ်တရက် ခုန်ထွက်သွားတော့သည်။

သူ၏လှုပ်ရှားမှုသည် ပြင်းထန်သော မိုးကြိုးသွားတစ်ခုပမာ လျင်မြန်လှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အရိပ်အယောင်ပေါင်းများစွာ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအငွေ့အသက်များနှင့်အတူ ဝူယွမ်ထံသို့ တည့်မတ်စွာ ဖိနှိပ်ဝင်ရောက်လာသည်။

“အတော်မြန်တဲ့ အရှိန်ပါလား”

ပြိုင်ဝင်းအပြင်ဘက်မှ ကူရွှေ့ အံ့ဩတုန်လှုပ်စွာ ရေရွတ်လိုက်သည်။ ရှန်ထူကျွယ်၏ အရှိန်မှာ အလွန်မြန်ဆန်လှသဖြင့် သူကိုယ်တိုင်ပင် လိုက်ကြည့်ရန် ခက်ခဲနေသည်။

ဝူယွမ်အတွက် စိုးရိမ်ပူပန်သွားသော်လည်း မျက်မှောင်တစ်ချက်ကြုတ်လိုက်ရုံ အချိန်အတွင်း ဝူယွမ်ကလည်း နောက်တွင် အရိပ်များစွာကို ချန်ရစ်ထားခဲ့ကာ သူ၏ လှုပ်ရှားမှုလမ်းကြောင်းကို လုံးဝခြေရာခံ၍မရအောင် ပြုလုပ်လိုက်သည်။

ရှင်းအက္ခရာလျှို့ဝှက်ချက်၏ အကူအညီဖြင့် ဝူယွမ်၏အရှိန်အဟုန်မှာ ဆန်းကြယ်ရှင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ နယ်ပယ်ကိုပင် ကျော်လွန်နေပြီဖြစ်သည်။

ရွှီး။

လေထုက ရုတ်တရက် ပေါက်ကွဲသွားသည်။ ရှန်ထူကျွယ်၏ လက်ချောင်းနှစ်ချောင်းမှာ အလွန်ထက်မြက်သော ဓားမြှောင်များပမာ မှိုင်းညို့ညို့ မီးခိုးရောင်အလင်းတန်းများကို သယ်ဆောင်လျက် လေထုကို ထိုးဖောက်ကာ ဝူယွမ် မကြာမီက ရှိနေခဲ့သော နေရာသို့ တည့်မတ်စွာ ထိုးနှက်လိုက်သည်။

ကံမကောင်းစွာဖြင့် သူ၏တိုက်ခိုက်မှုမှာ လေဟာနယ်ကိုသာ ထိမှန်သွားလေသည်။ ရှန်ထူကျွယ်သည် သူ၏အမြင်အာရုံအတွင်း၌ ဝူယွမ်အားအရိပ်အယောင်ကိုမျှပင် မမြင်ရတော့သဖြင့် ရုတ်တရက် ကြက်သီးမွေးညင်းများ ထသွားသည်။

“အိုး၊ လမ်းကြောင်းမှားသွားပြီ၊ မတိုက်ခင် သေချာချိန်ဦးလေ”

ဝူယွမ်က ရှန်ထူကျွယ်၏ပခုံးကို နောက်ကျောဘက်မှပုတ်ကာ ပြောလိုက်သည်။

သို့သော်လည်း ရှန်ထူကျွယ်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး လှံတံပမာ လက်ချောင်းများဖြင့် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားကာ နောက်ကျောဘက်သို့ လှံဖြင့်ထိုးနှက်သည့် ဟန်ပန်ဖြင့် တိုက်ခိုက်လိုက်သည်။

“အသူရာ လက်ချောင်းလှံသိုင်း”

သူ၏ လက်ချောင်းနှစ်ချောင်းက ဝူယွမ်၏မျက်လုံးများဆီသို့ တည့်မတ်စွာ ထိုးစိုက်လာသည်။

“ အတော်ကောင်းတဲ့ လက်ချောင်းတွေပဲ၊ တော်တော်လေး မာကျောတာပဲ၊” ဝူယွမ်၏ လက်ဝါးမှာ ရွှေရောင်လင်းလက်သွားပြီး ထိုလက်ချောင်းများကို ပိတ်ဆို့ကာကွယ်လိုက်သည်။

“ဒီလောက်တောင် အားကောင်းတဲ့ ခန္ဓာကိုယ်ကာကွယ်မှုပါလား၊” ရှန်ထူကျွယ် အလွန်တုန်လှုပ်သွားသည်။

ဝူယွမ်က သူ၏လက်ချောင်းလှံသိုင်းကို လက်ဗလာဖြင့် ရင်ဆိုင်ဝံ့ရုံသာမက အမှန်တကယ်ပင် အောင်မြင်စွာ ကာကွယ်နိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

“မင်းလည်း အစွမ်းထက်တဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းသိုင်းပညာကို ကျင့်ကြံထားပုံရတယ်၊ ဒါပေမယ့် ဒါက အစပဲရှိသေးတယ်”

ရှန်ထူကျွယ်က ပခုံးတွန့်လိုက်ကာ သူ၏လက်ဟန်သင်္ကေတများကို ပြောင်းလဲလိုက်ပြီး “အသူရာခန္ဓာကိုယ်” ဟု အသံနိမ့်နိမ့်ဖြင့် ရုတ်တရက် အော်ဟစ်လိုက်သည်။

သူ၏အသံ ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ် မီးခိုးရောင်အလင်းတန်းတစ်ခု ရှန်ထူကျွယ်၏ ခန္ဓာကိုယ်အတွင်းမှ ရုတ်ခြည်း ထွက်ပေါ်လာပြီး ပျံ့နှံ့နေသော မီးခိုးရောင်အလင်းတန်းများကြားတွင် သူ၏ခန္ဓာကိုယ်မှာ တစ်ဆခန့် ကြီးမားလာသည်။

သူ၏ အရေပြားတစ်ခုလုံးမှာ သံမဏိပမာ မှိုင်းညို့ညို့ အရောင်အဆင်းများဖြင့် လင်းလက်နေသည်။

အလင်းတန်းများ တဖျတ်ဖျတ်လက်နေစဉ် ဖော်ပြ၍မရနိုင်လောက်အောင် အစွမ်းထက်သော ခံစားချက်တစ်ခု စိမ့်ဝင်ပျံ့နှံ့လာပြီး ထူးဆန်းသော အသွင်အပြင်လက္ခဏာများကလည်း သူ၏အရေပြားပေါ်တွင် ပျံ့နှံ့လာသည်။

သူ၏နောက်ကျောဘက်တွင် ခက်ရင်းခွသုံးခုပါသော လက်နက်ကို ကိုင်ဆောင်ထားသည့် ဧရာမ မီးခိုးရောင်အရိပ်ကြီးတစ်ခုအဖြစ် ဖြစ်ပေါ်လာကာ အဝေးမှကြည့်လျှင် ငရဲပြည်မှ အသူရာတစ်ပါးပမာ အံ့မခန်း သတ်ဖြတ်ခြင်းအငွေ့အသက်များနှင့် ပြည့်နှက်နေသည်။

ရှန်ထူကျွယ်ကကြင်နာစွာ အကြံပေးလိုက်မိသည်။ “အခု မင်းရဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းပညာကိုလည်း ထုတ်ပြလိုက်တော့၊ အဲဒီလိုမှမဟုတ်ရင် မင်း မကာကွယ်နိုင်မှာကို ငါစိုးရိမ်တယ်”

အခန်း (၃၅၂) - တစ်ချက်လေးတောင် မထိနိုင်သော ရှန်ထူကျွယ်(၂)

“ငါ့လက်သီးတွေနဲ့ ထိုးဖောက်မှာလို့ ပြောပြီးသားပါ”

ဝူယွမ်၏ လက်သီးနှင့် ထိပ်တိုက်တွေ့သွားရာ သတ္တုချင်း ရိုက်ခတ်တစ်ခု ထွက်ပေါ်လာသည်။

မီးခိုးရောင်အလင်းတန်းများ တဖျပ်ဖျပ်လက်သွားပြီး ရှန်ထူကျွယ်သည် သူ၏လက်ကို ဝှေ့ယမ်းကာ ပြေးဝင်လာသည်။ အသူရာခန္ဓာကိုယ်၏ အကူအညီဖြင့် သူ၏ စွမ်းအားအားလုံးမှာ မြင့်တက်လာခဲ့သည်။

ကာကွယ်မှုစွမ်းရည်သာမက တိုက်ခိုက်မှုစွမ်းအားကလည်း နှစ်ဆခန့် တိုးလာသည်။ လေထုကို ဖြတ်သန်းသွားသော အသံများ ထွက်ပေါ်လာပြီး သူ၏ လက်သီးလေပြင်းများမှာ အမြောက်ဆန်များပမာ ဆယ်မီတာကျော်အထိ တိုက်ခိုက်လာလေသည်။

သို့သော်လည်း ဝူယွမ်၏ လှုပ်ရှားမှုများမှာ သွက်လက်ပေါ့ပါးလှသည်။ ပြိုင်ဘက်၏ လက်သီးများမှာ သူ၏ အင်္ကျီလက်စကိုပင် မထိနိုင်ချေ။

“ထုံပေလက်သီး”

ဝူယွမ်သည် ရှန်ထူကျွယ်၏ နောက်ကျောဘက်သို့ ရောက်ရှိနေပြီဖြစ်ကာ နောက်ကျောကို အလစ်ငိုက် တိုက်ခိုက်လိုက်သည်။ ထိုလက်သီးချက်ကြောင့် ရှန်ထူကျွယ်မှာ မီတာဆယ်ဂဏန်းကျော်အထိ လွင့်စင်သွားလေသည်။

“မင်း တစ်ချိန်လုံး ဒီလောက်မြန်နေမယ်လို့ ငါမယုံဘူး”

ရှန်ထူကျွယ် လှည့်ကြည့်လိုက်ရာ အစွမ်းထက်သော လက်သီးအလင်းတန်းများ ကျဆင်းလာသည်။

သူ၏လက်သီးများမှာ ပြင်းထန်လှပြီး ရင်ပြင်တစ်ခုလုံးတွင် လေပြင်းများ တိုက်ခတ်လာကာ အပြာရောင်ကျောက်ပြားကြမ်းပြင်မှာလည်း တစ်လက်မချင်းစီ ကွဲအက်သွားတော့သည်။

“ဖောင်း ဖောင်း ဖောင်း၊”

“ဖောင်း ဖောင်း ဖောင်း၊”

သို့သော်လည်း ဝူယွမ်မှာ သူ၏တိုက်ခိုက်မှုများကြောင့် လုံးဝ ထိခိုက်မှုမရှိပေ။ ရှင်းအက္ခရာလျှို့ဝှက်ချက်၏ အကူအညီဖြင့် သူသည် ချက်ချင်းနေရာရွှေ့ပြောင်းနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသကဲ့သို့ ရှန်ထူကျွယ်၏ တိုက်ခိုက်မှုများကို လွယ်ကူစွာ ရှောင်တိမ်းကာ အမြဲတမ်း နောက်ကျောဘက်တွင်သာ နေရာယူထားသည်။

သူသည် အစွမ်းကုန်မသုံးဘဲ ပထမအဆင့် သိုင်းပညာဖြစ်သော ထုံပေလက်သီးကိုသာ အသုံးပြုကာ ရှန်ထူကျွယ်၏ စိတ်ဓာတ်ကို ကစားနေခြင်းဖြစ်သည်။ ချက်ချင်းသတ်နိုင်စွမ်းရှိသော်လည်း မသတ်ဘဲ ကစားနေခြင်းသာ။

တကယ်တမ်းတွင်မူ ဝူယွမ်သည် ထိုမျှလောက် အားယားနေခြင်း မဟုတ်ပေ။

သိမ်မွေ့နုနယ်လှသော သံမဏိအသူရာ ရှန်ထူကျွယ်ကို သူ စမ်းသပ်နေခြင်းဖြစ်ပြီး သူ၏ အရည်အချင်းကို သဘောကျမိသောကြောင့် ဖြစ်သည်။

ခန္ဓာကိုယ်၊ ယွမ်စွမ်းအင် သို့မဟုတ် ဝိညာဉ်စွမ်းအင်၊ မည်သည့်အရာမဆို ရှန်ထူကျွယ်မှာ မဆိုးလှပေ။ ငယ်ရွယ်သော်လည်း သူ၏ အခြေခံအုတ်မြစ်မှာ အလွန်ခိုင်မာသည်။

ယွမ်ဂိုဏ်း၏ လူငယ်ဘုရင်သုံးပါးထက်ပင် သာလွန်ပြီး ဝူယွမ် မြင်ဖူးသမျှထဲတွင် ထူးချွန်သော လူငယ်ပါရမီရှင်တစ်ဦး ဖြစ်ပေသည်။

ထို့ကြောင့် ဝူယွမ်သည် သူ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကို စမ်းသပ်လိုခဲ့သည်။ ကစားခံနေရပြီး အနိုင်ရရန် မျှော်လင့်ချက် လုံးဝနီးပါးမရှိသော အခြေအနေမျိုးတွင် သူ မည်သို့ ရင်ဆိုင်ဖြေရှင်းမည်ကို သိလိုခြင်းဖြစ်သည်။

အကယ်၍ သူ ကောင်းကောင်းစွမ်းဆောင်နိုင်ပါက သူ၏ လက်အောက်တွင် ခေါ်ယူထားရန် ဝူယွမ် ဝန်လေးနေမည်မဟုတ်ပေ။ အနာဂတ်တွင် ကမ္ဘာခြားနတ်ဆိုးများကို အတူတကွ ပူးပေါင်းတိုက်ခိုက်နိုင်မည် မဟုတ်ပါလော။

“မြန်လွန်းတယ်၊ ငါ သူ့ကို ထိတောင်မထိနိုင်ဘူး၊”

ရှန်ထူကျွယ်သည် သူ၏ အရူးချီးပန်း တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ပြီး လေဟာနယ်ကို ထပ်မံထိုးနှက်ခြင်း မပြုတော့ပေ။

ဝူယွမ်၏ လှုပ်ရှားမှုနှင့် အရှိန်အဟုန်မှာ သူ့ထက် အဆပေါင်းများစွာ သာလွန်နေသည်။ ပြိုင်ဘက်ကို ထိရန်မဆိုထားနှင့် မည်သို့လှုပ်ရှားနေသည်ကိုပင် သူ ရှင်းလင်းစွာ မမြင်နိုင်ပေ။

သူ၏ နောက်ကျောတွင် လက်သီးချက်များကြောင့် နက်ရှိုင်းသော ချိုင့်ခွက်ဆယ်ခုခန့် ရှိနေပြီဖြစ်သည်။ ရှန်ထူကျွယ်သည် နာကျင်မှုကို ကြိတ်မှိတ်သည်းခံလိုက်၏။

ဤအခြေအနေမျိုးတွင် သူ့အတွက် အနိုင်ရရန် အခွင့်အရေး လုံးဝနီးပါး မရှိတော့ပေ။ သို့သော်လည်း ရှန်ထူကျွယ်သည် ဤမျှနှင့် အရှုံးပေးရန် ဆန္ဒမရှိပေ။ ဝူယွမ်မှာ သူနှင့် ရွယ်တူဖြစ်ပြီး တစ်ဖက်လူကို ထိတောင်မထိနိုင်ဘဲ အရှုံးမပေးနိုင်ပေ။

“ငါ အစွမ်းကုန် ကြိုးစားရတော့မယ်”

မှိုင်းညို့ညို့ အလင်းတန်းများ ကောင်းကင်နှင့်မြေကြီးကြားတွင် စိမ့်ဝင်ပျံ့နှံ့လာသည်။ ရှန်ထူကျွယ်သည် လက်ဖဝါးကို ဖြည်းညင်းစွာ ဆန့်တန်းလိုက်ပြီး မြေကြီးပေါ်သို့ ရိုက်ချလိုက်သည်။

ထိုအချိန်မှာပင် ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအငွေ့အသက်များ ပါဝင်သော ဩရှရှ အသံနိမ့်နိမ့်တစ်ခု သူ၏နှုတ်ခမ်းဖျားမှ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

“အသူရာ မိစ္ဆာမြေ အကျဉ်းထောင်”

ဤအချိန်တွင် ကောင်းကင်နှင့်မြေကြီးကြားရှိ ယွမ်စွမ်းအင်များပင်လျှင် ထူးကဲစွာ လေးလံလာသကဲ့သို့ ဖြစ်သွားပြီး လူတိုင်း စုပ်ယူရန် ခက်ခဲသွားသည်။

ဤနေရာသည် သတ်ဖြတ်ခြင်းအငွေ့အသက်များ ပြည့်နှက်နေသော နယ်မြေတစ်ခုပမာ ဖြစ်နေသည်။ ရှန်ထူကျွယ်၏ မျက်လုံးများထဲတွင် မှိုင်းညို့ညို့ အလင်းတန်းများ လှိုင်းထလာသည်။

ဤအချိန်တွင် ကြောက်မက်ဖွယ် မှိုင်းညို့ညို့ အလင်းတန်းများ၏ နောက်ခံနှင့်အတူ သူသည် ငရဲပြည်မှ တွားသွားထွက်လာသော အသူရာတစ်ပါးပမာ ဖြစ်နေပြီး သူ၏ အရှိန်အဝါမှာလည်း အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလာသည်။

“ဝူယွမ်၊ ဒါက ငါ့ရဲ့ နောက်ဆုံးအကွက်ပဲ၊ ဒီအကျဉ်းထောင်ကနေ မင်း ဖောက်ထွက်နိုင်ရင် ငါ အရှုံးပေးမယ်” ရှန်ထူကျွယ်၏ တဖျတ်ဖျတ်လက်နေသော မှိုင်းညို့ညို့ မျက်လုံးများက သတ်ဖြတ်လိုစိတ်များအပြည့်ဖြင့် ခပ်ဖျော့ဖျော့ ပြုံးနေသော ဝူယွမ်ကို စိုက်ကြည့်နေသည်။

ဝူယွမ်သည် သူ၏ပြောင်းလဲမှုကို စိတ်ဝင်တစား စောင့်ကြည့်နေပြီး ဤမှိုင်းညို့ညို့ အလင်းတန်းနယ်မြေအတွင်း၌ သူ့ကို ကောင်းကင်နှင့်မြေကြီးမှ ခွဲထုတ်လိုက်သော စွမ်းအားတစ်ခုရှိနေကာ ပြင်ပမှ ကောင်းကင်နှင့်မြေကြီး ယွမ်စွမ်းအင်များကို ဆွဲယူ၍မရနိုင်ကြောင်း ခံစားသိရှိနိုင်သည်။

ရှန်ထူကျွယ်မှာမူ ထိုသတ်ဖြတ်ခြင်းအငွေ့အသက်များကို စဉ်ဆက်မပြတ် စုပ်ယူနိုင်စွမ်းရှိသည်။

ဤနယ်မြေသည် ရန်သူကို အားနည်းစေပြီး မိမိကိုယ်ကို အားဖြည့်ပေးနိုင်သည်။

ရှန်ထူကျွယ်သည် လက်ဖဝါးများကို ဆုပ်ထားလိုက်ရာ သူ၏လက်ထဲတွင် မှိုင်းညို့ညို့ အလင်းတန်းများ ပျံ့နှံ့သွားပြီး မှောင်မိုက်သော ဓားရှည်နှစ်လက်အဖြစ် တိုက်ရိုက်ပြောင်းလဲသွားသည်။

ဓားများပေါ်တွင် မှိုင်းညို့ညို့ အလင်းတန်းများ တဖျတ်ဖျတ်လက်နေပြီး အလွန်အေးစက်သော စွမ်းအင်လှိုင်းများ လွင့်ပျံနေသည်။

သူသည် အမြွှာဓားများကို ကိုင်ဆောင်ထားပြီး သူ၏အကြည့်က ရုတ်တရက် အေးစက်သွားသည်။

သူ၏ မျက်လုံးများ အေးစက်သွားသည်နှင့်အမျှ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအငွေ့အသက်များက ဤမိစ္ဆာမြေ အကျဉ်းထောင်အတွင်းသို့ ချက်ချင်း တိုက်ခတ်သွားသည်။

လက်မောင်းတစ်ချက် လှုပ်ရှားလိုက်သည်နှင့် ရှန်ထူကျွယ်၏ အမြွှာဓားများမှာ ဒေါသတကြီး ခုတ်ချနေပြီဖြစ်သည်။

ချက်ချင်းပင် နားကွဲမတတ် လေခွင်းသံများ ထွက်ပေါ်လာပြီး ပေတစ်ရာခန့်ကြီးမားသော မှိုင်းညို့ညို့ ဓားအလင်းတန်းနှစ်ခု ချက်ချင်း ထွက်ပေါ်လာကာ အလွန်မြန်ဆန်သော အရှိန်အဟုန်ဖြင့် ဝူယွမ်ထံသို့ ကြမ်းတမ်းစွာ ခုတ်ပိုင်းဝင်ရောက်လာသည်။

ဝူယွမ်သည် သူ၏အရှိန် အနည်းငယ် လျှော့သွားကြောင်း ခံစားလိုက်ရသည်။

သို့သော်လည်း ရှင်းအက္ခရာလျှို့ဝှက်ချက်သည် အထက်ကောင်းကင်ဘုံကိုးထပ်မှ အောက်ငရဲဘုံကိုးထပ်အထိ ဖြတ်သန်းရောက်ရှိနိုင်သည်။

ဝူယွမ်သည် ထိုအဆင့်အထိ မကျင့်ကြံရသေးသော်လည်း ရှန်ထူကျွယ်၏ သေးငယ်သော နယ်မြေကန့်သတ်ချက်များက သူ၏ ရှင်းအက္ခရာလျှို့ဝှက်ချက်ကို မတားဆီးနိုင်ပေ။

ရှန်ထူကျွယ်၏ ဓားအလင်းတန်းများမှာ လေထဲတွင် ထူထပ်စွာ တွဲလောင်းကျနေခြင်းသာ ဖြစ်သည်။ ဓားကိုယ်ထည်ပေါ်တွင် မှိုင်းညို့ညို့အလင်းတန်းများ စုစည်းနေပြီး တစ္ဆေမျက်နှာများ ဖြစ်ပေါ်နေသကဲ့သို့ ထင်ရသည်။

ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအငွေ့အသက်နှင့် ထက်မြက်မှုတို့က ကောင်းကင်မှ ပျံ့နှံ့လာသည်။ ဤအခြေအနေတွင် ဝူယွမ်က သူ့ကို နောက်ကျောမှ ထပ်မံထိုးနှက်လိုပါက ဓားအလင်းတန်းများ၏ တိုက်ခိုက်ခြင်းကို ခံရမည်ဖြစ်သည်။

“အသူရာ ဓားအကျဉ်းထောင်”

ရှန်ထူကျွယ်က ဟိန်းဟောက်လိုက်ကာ ဝူယွမ်နောက်သို့ လိုက်လံခုတ်ပိုင်းတော့သည်။

ထိုဓားအလင်းတန်းများမှာ အစွမ်းထက်ပြီး ထက်ရှလှသည်။ ဆန်းကြယ်ရှင်ခြင်းအဆင့်၏ အထွတ်အထိပ်ကို ရောက်နေသော ကျင့်ကြံသူတစ်ဦးပင်လျှင် တစ်ချက်ထိမှန်ရုံဖြင့် ဝိညာဉ်လွင့်စင်သွားမည်ဖြစ်သည်။

ဤဓားအလင်းတန်းတစ်ခုစီတိုင်းသည် ယခင်က ရှန်ထူကျွယ် တိုက်ခိုက်ခဲ့သော ဓားအလင်းတန်းနှစ်ခုထက် ပိုမိုအားကောင်းပြီး ၎င်းတို့၏ အရေအတွက်မှာလည်း ဦးရေပြားထုံကျင်သွားစေလောက်အောင် များပြားလှသည်။

“အစ်ကိုကြီးရှန်ထူကျွယ်ရဲ့ ဒီအကွက်က အရင်က အဆင့်တူကျင့်ကြံသူတွေကို သတ်ဖူးတယ်၊ဝူယွမ်ရဲ့ လှုပ်ရှားမှုခြေကွက်က ကြောက်ဖို့ကောင်းပေမယ့် ဒီတစ်ခါတော့ သူ ဘယ်လိုရှောင်မလဲ ကြည့်ကြသေးတာပေါ့၊” ရှန်ထူကျွယ်၏ အစွမ်းပြနေမှုကို ကြည့်ရင်း ရှန်ထူရုံက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

“အစ်ကိုကြီး ဝူယွမ်က စတောင်မတိုက်ခိုက်ရသေးဘူး၊ သူ အရင်က သုံးဖူးတဲ့ အစွမ်းထက်တဲ့ မြေဝါရောင်ဓားကြီးကိုတောင် မသုံးရသေးဘူး၊ သူ ရှန်ထူကျွယ်ကို သေချာပေါက် အနိုင်ယူနိုင်တယ်”

သို့သော်လည်း ကူယန်က သူမ၏ လက်သီးငယ်များကို ဆုပ်ထားကာ ဝူယွမ်အပေါ် ယုံကြည်မှုအပြည့်ရှိနေသည်။ တိုက်ပွဲအတွင်း ဝူယွမ်၏ မျက်နှာအမူအရာကို သူမ အကဲခတ်ကြည့်ရာ ဝူယွမ်သည် လုံးဝ ထိတ်လန့်နေခြင်းမရှိပေ။

ယင်းအစား ရှန်ထူကျွယ်ကသာ အမြဲတမ်း ခံစစ်အနေအထားတွင် ရှိနေခဲ့သည်။

အကြီးအကဲများကမူ တင်းမာစွာဖြင့် တိတ်တဆိတ် စောင့်ကြည့်နေကြသည်။ သူတို့ပင်လျှင် ဝူယွမ်၏ တိုက်ခိုက်မှုလမ်းကြောင်းကို ခွဲခြားမသိမြင်နိုင်ကြပေ။

ဖောင်း ဖောင်း ဖောင်း ဖောင်း ဖောင်း၊

ဝူယွမ်၏ လက်သီးလေပြင်းများ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားသည်။

ချယ်အက္ခရာလျှို့ဝှက်ချက်နှင့် ပေါင်းစပ်လိုက်သောအခါ ဆယ်ဆမျှပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် ကောင်းကင်ယံရှိ ဓားအလင်းတန်းများအားလုံး သူ၏လက်သီးများကြောင့် ချက်ချင်းဆိုသလို တစ်စစီ ကြေမွပျက်စီးသွားလေသည်။

“အာ၊ ဒါက”

ပြိုင်ဝင်းအပြင်ဘက်ရှိ လူများအားလုံး တိတ်ဆိတ်သွားကြပြီး ဓားနှစ်လက်ကို ကိုင်ဆောင်ကာ ဝှေ့ယမ်းနေဆဲဖြစ်သော ရှန်ထူကျွယ်မှာလည်း ဆွံ့အသွားလေသည်။ မည်သို့သော လက်သီးမျိုးက ဤမျှလောက် အစွမ်းထက်ရသနည်း။

ဤလူကား မည်သို့သော ဘီလူးသရဲမျိုးဖြစ်နေသနည်း။

သူ၏အကန့်အသတ်ဖြစ်ပြီဟု သထင်မှတ်လိုက်တိုင်း၊ ထိုကန့်သတ်ချက်က သူ၏ သာမန်အခြေအနေမျှသာ ဖြစ်နေကြောင်းကို သင် တွေးတောင်တွေးကြည့်နိုင်မည် မဟုတ်ပေ။

“မင်းမှာ တခြားအကွက်တွေရှိသေးလား”

ဝူယွမ်က ရှန်ထူကျွယ်ကို စိတ်ဝင်တစားကြည့်ကာ မေးလိုက်သည်။ ဤအချိန်တွင် ရှန်ထူကျွယ်၏ အသူရာ မိစ္ဆာမြေ အကျဉ်းထောင်မှာ မကျိုးပေါက်သေးပေ။ ဝူယွမ်သည် သူ့ထံတွင် အခြားအကွက်များ ရှိမရှိကို ဆက်လက်သိရှိလိုသေးသည်။

ယခုအချိန်အထိ တိုက်ခိုက်ခဲ့ပြီးနောက် ရှန်ထူကျွယ်သည် ဝူယွမ်၏ အသိအမှတ်ပြုမှုကို ရရှိနေပြီဖြစ်သည်။

မဆိုးလှပေ။ သူသည် ဆက်လက်ပျိုးထောင်ပေးရန် တန်ဖိုးရှိသော ပါရမီရှင်တစ်ဦးပင် ဖြစ်သည်။

ရှန်ထူကျွယ်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ ဝူယွမ်တွင် သူ့ကို ချက်ချင်းသတ်နိုင်စွမ်းရှိကြောင်း သူ သိမြင်ထားပြီးဖြစ်သော်လည်း သူ့အား အဘယ်ကြောင့် ဤမျှအချိန်ကြာမြင့်စွာ တိုက်ခိုက်နေရသနည်းဆိုသည်ကို သူ နားမလည်နိုင်ချေ။

“တစ္ဆေဧကရာဇ်ဝိညာဉ်ဖိနှိပ်စေတီ”

ထူးခြားသော အေးစက်စက် အငွေ့အသက်များ ပါဝင်သည့် အသံနိမ့်နိမ့်တစ်ခု ရှန်ထူကျွယ်၏ နှုတ်မှ ထွက်ပေါ်လာသည်။

ထို့နောက် မှိုင်းညို့ညို့အလင်းတန်းများ ကောင်းကင်ယံသို့ ပစ်လွှတ်ထွက်ပေါ်လာပြီး ဧရာမအရာဝတ္ထုကြီးမှာ ပိုမိုရှင်းလင်းထင်ရှားလာသည်။

နောက်ဆုံးတွင် လူတိုင်း၏ မျက်မှောက်၌ပင် ကျန်းတစ်ရာခန့်ကြီးမားသော မှိုင်းညို့ညို့ ဧရာမစေတီကြီးတစ်ခုအဖြစ် တိုက်ရိုက်ပြောင်းလဲသွားသည်။

ဧရာမစေတီကြီးပေါ်တွင် အမည်း‌ရောင်အလင်းတန်းများ လှည့်ပတ်နေသည်။ စေတီကိုယ်ထည်ပေါ်တွင် တစ္ဆေမျက်နှာ ရူန်းသင်္ကေတများ ထွင်းထုထားပြီး သံကြိုးများဖြန့်ကျက်ထားကာ ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ်ကြီးမားသည့် အငွေ့အသက်များကို ထုတ်လွှင့်နေသည်။

“ငါ့နဲ့ ရွယ်တူတွေထဲမှာ မင်းက ဒီစေတီကိုမြင်ဖူးတဲ့ တတိယမြောက်လူပဲ၊ ဒါပေမယ့် မင်းက တခြားနှစ်ယောက်ထက် ပိုပြီးကြောက်ဖို့ကောင်းတယ်၊ ငါ မင်းကို မနိုင်နိုင်ဘူးဆိုတာ သိပေမယ့် မင်းကိုထိဖို့တော့ ငါ ကြိုးစားချင်သေးတယ်” ရှန်ထူကျွယ်က ခိုင်မာသော စိတ်ဓာတ်ဖြင့် ကြေညာလိုက်သည်။

All Chapters