အခန်း (၃၅၃-၃၅၄)
Vol. 36 Ch. 353-354
အခန်း (၃၅၃) - ဝင်စားခြင်းအဆင့် ကျင့်ကြံသူများကို ထိန်းချုပ်နိုင်သော ဝူယွမ်(၁)
ရှန်ထူကျွယ်သည် တိုက်ခိုက်လေလေ ပို၍ စိတ်ပျက်အားငယ်လာလေလေဖြစ်သည်။ ယခုအချိန်တွင် သူ၏ အစွမ်းထက်ဆုံး သိုင်းပညာရပ်များကို အသုံးပြုလျှင်ပင် ဝူယွမ်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက် လုံးဝမရှိတော့ပေ။
သူ လိုလားသည်မှာ ဝူယွမ်အား အနည်းငယ်မျှ ထိခိုက်မိစေရန်သာ။
မွေးဖွားလာချိန်မှစ၍ ယနေ့အထိ ရှန်ထူကျွယ်သည် ဤမျှလောက် နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုကို တစ်ခါမျှမကြုံဖူးခဲ့ပေ။
ဝူယွမ်သည် သူ့အား အသက်ရှူကျပ်စေပြီး အကူအညီမဲ့နေသကဲ့သို့ ဖိနှိပ်ထားနိုင်သော ခံစားချက်ကို ပေးစွမ်းနေသည်။
ထျန်းဖုန်း ပင်လယ်နယ်မြေ၏ အထွတ်အထိပ် ပါရမီရှင်နှစ်ဦးထံမှ ခံစားရသော ဖိအားမှာ ဝူယွမ်ပေးသော ဖိအား၏ ၁ ရာခိုင်နှုန်းမျှပင် မရှိပေ။
ဝူယွမ်နှင့် ရင်ဆိုင်ရသည်မှာ အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်တစ်ဦးနှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်ပြီး သူ၏ လှုပ်ရှားမှုတိုင်းကို တစ်ဖက်လူက ပြီးပြည့်စုံစွာ ထိန်းချုပ်ထားသည်။
ယခုအချိန်တွင် ရှန်ထူကျွယ်၏ စိတ်နှလုံးထဲ၌ ဝူယွမ်သည် သူ၏ရှန်ထူမိသားစုမှ ဘိုးဘေးအိုကြီးထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေလေပြီ။
“ငါ့အတွက် သူ့ကို ဖိနှိပ်လိုက်စမ်း”
ရှန်ထူကျွယ်၏ ပြတ်သားသော အသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏အကြည့်များမှာ ရုတ်ခြည်း စူးရှထက်မြက်သွားပြီး လက်ဖဝါးကို ရုတ်တရက် ရိုက်ချလိုက်သည်။
ချက်ချင်းပင် ကောင်းကင်ယံရှိ ဧရာမ စေတီနက်ကြီးသည် အံ့မခန်း အရှိန်အဟုန်ဖြင့် ဟိန်းဟောက်ကာ ဝူယွမ်အပေါ်သို့ တိုက်ရိုက်ဖိကျလာတော့သည်။
ဧရာမစေတီကြီး ကျဆင်းလာသည်နှင့်အမျှ ဤနယ်မြေတစ်ခုလုံးမှာ လိမ်ကောက်စပြုလာပြီး မြေကြီးမှာလည်း ရူးသွပ်စွာ ပြိုကျလာကာ ဧရာမ အက်ကွဲကြောင်းကြီးများ အလျင်အမြန် ပြန့်ကျဲသွားသည်။
“အပေါ်မှာ နေချင်သေးတာလား၊ အောက်ဆင်းခဲ့စမ်း”
ဝူယွမ်က ရုတ်တရက် မော့ကြည့်လိုက်ပြီး မဟာတောင်တန်း ခန္ဓာကိုယ်၏ မဟာပြည့်စုံခြင်းအဆင့်ကို အသက်သွင်းလိုက်သည်။
အစွမ်းထက်သော မြေဆွဲအားနယ်မြေသည် ရှန်ထူကျွယ်၏ အသူရာ မိစ္ဆာမြေ အကျဉ်းထောင်နှင့် ထပ်တူကျသွားပြီး ကြီးမားလှသော ဖိအားသည် ရှန်ထူကျွယ်အပေါ်သို့ ကျရောက်လာသည်။
သူနှင့် တစ္ဆေဧကရာဇ်ဝိညာဉ်ဖိနှိပ်စေတီတို့မှာ မြေကြီးပေါ်သို့ အတူတကွ ကျဆင်းသွားပြီး မြေကြီးထဲသို့ တိုက်ရိုက် ဖိချခံလိုက်ရသည်။
ကျယ်ပြောလှသော စိမ်းပြာရောင်ကျောက်ပြား ရင်ပြင်ကြီးမှာ ဤအချိန်တွင် ကြီးမားသော စွမ်းအားတစ်ခုဖြင့် အတင်းအဓမ္မ လိမ်ကောက်ခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။ မြေကြီးပေါ်တွင် မြေလှိုင်းများက စက်ဝိုင်းပုံသဏ္ဌာန် ပြန့်ထွက်သွားပြီး ရင်ပြင်တစ်ခုလုံးမှာ လုံးဝကြေမွပျက်စီးသွားလေသည်။
မိစ္ဆာမြေ အကျဉ်းထောင်မှ ပြန့်ထွက်လာသော ကြောက်မက်ဖွယ်ကောင်းသည့် လှိုင်းဂယက်များကို လေးနက်စွာ စိုက်ကြည့်နေကြပြီး သတိကြီးသော လူအချို့မှာ ထိုတိုက်ခိုက်မှု၏ ရိုက်ခတ်ခြင်းကို ခံရမည်စိုးသဖြင့် အလျင်အမြန် နောက်ဆုတ်သွားကြသည်။
“ငါ သေချာမမြင်ရဘူး၊ ရှန်ထူကျွယ် နိုင်သွားတာလား၊”
“ဝူယွမ်က မြေကြီးထဲမှာ ဖိနှိပ်ခံလိုက်ရပုံပဲ”
“အရမ်းကို ကြောက်ဖို့ကောင်းတယ်၊ ရှန်ထူကျွယ်နဲ့ တိုက်ရတာပဲ၊ ဒီသိုင်းပညာက ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်က ကျင့်ကြံသူတစ်ယောက်အတွက်တောင် ပြဿနာဖြစ်နိုင်တယ်”
လူအများမှာ သူတို့နှစ်ဦး၏ ထိပ်တိုက်ရင်ဆိုင်မှုကို ကြည့်ကာ အံ့အားသင့်နေကြသည်။ ရှန်ထူမိသားစုဝင်များကလည်း ရှန်ထူကျွယ်၏ စေတီကြီး မြေကြီးထဲသို့ တိုက်ရိုက်ဖိကျသွားသည်ကို မြင်သောအခါ ရှန်ထူကျွယ်အသာစီးရသွားပြီဟု ယုံကြည်လိုက်ကြသည်။
သို့သော်လည်း ကူမိသားစုဝင်များကမူ စိုးရိမ်ပူပန်နေကြသည်။
ကူမုန်ချီက တီးတိုးရေရွတ်လိုက်သည်။ “ဒီအခြေအနေထိ ရောက်တာတောင် သူ ရှုံးသွားသေးတာလား”
“ဦးလေးရွှေ့ ဘယ်သူနိုင်သွားတာလဲ” ကူယွမ်ထျန်းက မေးလိုက်သည်။
ဤမြင်ကွင်းက သူ၏ယုံကြည်မှုကို ပျောက်ဆုံးသွားစေပြီး ပတ်ဝန်းကျင်ရှိ လူတိုင်းကလည်း ရှန်ထူကျွယ်က ဝူယွမ်ကို ဖိနှိပ်လိုက်ပြီဟု ထင်မှတ်နေကြသည်။
ဝူယွမ်သည် ယခင်က အသာစီးရကာ ရှန်ထူကျွယ်ကို အပြတ်အသတ် နှိမ်နှင်းနိုင်ခဲ့သည်မှာ ထင်ရှားလှပြီး ယခုကဲ့သို့ အခြေအနေ ရုတ်တရက် ပြောင်းလဲသွားခြင်းမှာ မြန်ဆန်လွန်းလှသည်။
သို့သော်လည်း အဖြေမှာ မကြာမီပေါ်ထွက်လာခဲ့သည်။
“ဝုန်း၊”
ပြင်းထန်သော အလင်းလှိုင်းတစ်ခုသည် တောက်ပနေသော နေမင်းကြီးပမာ မိစ္ဆာမြေ အကျဉ်းထောင်အတွင်းမှ ပြန့်ထွက်လာသည်။
ထိုပြင်းထန်သော အလင်းရောင်ထဲတွင် လူတိုင်းသည် ဖျက်ဆီးပစ်နိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများကို ခံစားလိုက်ကြရသည်။
အလင်းလှိုင်းက မီးခိုးနှင့် ဖုန်မှုန့်များကို ဖယ်ရှားလိုက်သောအခါ လူတို့၏စိတ်ကူးနှင့် လုံးဝကွဲပြားခြားနားသော မြင်ကွင်းတစ်ခုကို သူတို့ရှေ့မှောက်တွင်ပင် တွေ့လိုက်ရသည်။
မြေကြီးပေါ်တွင် ဧရာမချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်နေပြီး ရှန်ထူကျွယ်၏ စေတီကြီးမှာ မြေကြီးအောက်တွင် လုံးဝ နစ်မြုပ်နေသည်။
ဝူယွမ်နှင့် ရှန်ထူကျွယ်တို့နှစ်ဦးလုံး မြေကြီးပေါ်တွင် ရှိနေသော်လည်း ကွာခြားချက်မှာ ရှန်ထူကျွယ်က စေတီကြီးကိုမှီကာ ဒူးတစ်ဖက်ထောက်နေပြီး ဝူယွမ်ကမူ လက်တစ်ဖက်ဖြင့် ရှန်ထူကျွယ်၏ ဦးခေါင်းကို ကိုင်ထားကာ အခြားလက်တစ်ဖက်ကို နောက်ပစ်ထားလျက် အေးအေးလူလူ ရပ်နေသည်။
သူ၏ အဝတ်အစားများမှာလည်း လေထဲတွင်လွင့်ခါနေသည်။
တိတ်ဆိတ်ခြင်း။
ပြိုင်ဝင်းအတွင်းရှိ အသံများအားလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။ လူတိုင်းက ဤမြင်ကွင်းကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေကြသည်။
ရှန်ထူကျွယ်၏ နောက်ဆုံး ပေါက်ကွဲအားနှင့် ကောင်းကင်ယံမှ ကျဆင်းလာသော အစွမ်းထက်သည့် တစ္ဆေဧကရာဇ်ဝိညာဉ်ဖိနှိပ်စေတီကြီးတို့ကြောင့် ဝူယွမ်သည် အကျပ်အတည်းကြုံရမည်ဖြစ်သော်လည်း မျက်စိတစ်မှိတ်အတွင်းတွင် မည်သို့ ဤသို့ဖြစ်သွားရသနည်း။
ကူမိသားစုဝင်များပင်လျှင် ဝမ်းသာအံ့ဩနေကြသော်ငြား သူတို့၏စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေကြသည်။
“ဒါ... “
“ဘယ်လိုလုပ် ဒါမျိုး ဖြစ်သွားတာလဲ”
“ခုနကတင် ရှန်ထူကျွယ်က အပေါ်မှာရောက်နေတာလေ”
“နောက်ဆုံးတော့ ဘယ်သူက ဘယ်သူ့ကို ဖိနှိပ်လိုက်တာလဲ၊
လူအများမှာ မေးခွန်းများ ပြည့်နှက်နေပြီး ယခုလေးတင် ဝူယွမ်အသုံးပြုသွားသော သိုင်းပညာကို သူတို့ မခွဲခြားနိုင်ကြပေ။
ဝူယွမ်သည် မြေဆွဲအားနယ်မြေကို အသုံးပြုကာ ရှန်ထူကျွယ်ကို ဖိနှိပ်ထားစဉ် ရှင်းအက္ခရာလျှို့ဝှက်ချက်ကို အသုံးပြုကာ လေထဲသို့ ပျံတက်သွားခဲ့သည်။ သို့သော်လည်း သူ၏အရှိန်မှာ မြန်ဆန်လွန်းလှသဖြင့် ထိုလူများ၏ မျက်လုံးများက အမီမလိုက်နိုင်ခဲ့ပေ။
ရှန်ထူကျွယ်၏ ချောမောသော မျက်နှာမှာ ဤအချိန်တွင် အလွန်တရာ မှုန်ကုပ်နေသည်။ သူ၏ဦးခေါင်းကို ဆုပ်ကိုင်ထားသော လက်ထံမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သူ ခံစားနေရပြီး အနည်းငယ်မျှ အင်အားသုံးလိုက်ရုံဖြင့် သူ၏ ဦးခေါင်းမှာ အနီရောင်ပန်းလေးတစ်ပွင့်ပမာ ပွင့်ထွက်သွားနိုင်သည်ကို သူ သိနေသည်။
“စိတ်မပျက်ပါနဲ့၊ ငါ့ကိုမနိုင်တာ ပုံမှန်ပါပဲ” ဝူယွမ်က ရှန်ထူကျွယ်၏ ခေါင်းကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။
မည်သို့ပင်ဆိုစေ သူက လူတိုင်းနှင့်မတူဘဲ အရာတော်တော်များများကို ကြိုသိထားသည်မဟုတ်ပါလော။
ရှန်ထူကျွယ်က ချက်ချင်းပင် သွေးတစ်ပွက် အန်ချလိုက်သည်။ သူ မူးမေ့လဲလုနီးပါး ဖြစ်သွားသည်။
“ကျွယ်အာ” ရှန်ထူမိသားစု အကြီးအကဲက စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်သည်။
“ကျွန်တော် ရှုံးပါပြီ” ရှန်ထူကျွယ်က စိတ်ပျက်အားငယ်စွာဖြင့် ဝန်ခံလိုက်သည်။
ထို့နောက် သူက မြေကြီးပေါ်မှ ယိုင်တိုင်တိုင်ဖြင့် မတ်တတ်ရပ်လိုက်သည်။
ဂျွတ်၊ ဂျွတ်။
ဤအချိန်တွင် မြေအောက်မှ ကွဲအက်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုအခါမှ လူများက ရှန်ထူကျွယ်၏စေတီကြီး ကွဲအက်သွားပြီဖြစ်ကြောင်း သတိပြုမိလိုက်ကြသည်။
မဟုတ်ပေ၊ ၎င်းမှာ တစ်စစီ ကြေမွသွားခြင်း ဖြစ်သည်။
“အို ဘုရားရေ၊ အဲဒီစေတီကြီးက တစ်စစီကွဲအက်သွားတာလား၊ ဒီနှစ်ယောက်ရဲ့ စွမ်းအားက ကြောက်ဖို့ကောင်းလွန်းတယ်”
“ကျစ်၊ ကောင်းကင်အဆင့် ဝိညာဉ်ရတနာကိုတောင် ခွဲပစ်နိုင်တဲ့ ခန္ဓာကိုယ်အင်အားက ဘယ်လိုမျိုးလဲ”
“တကယ်ကို ယုံကြည်နိုင်စရာ မရှိဘူး၊ ငါလည်း ဆန်းကြယ်ရှင်ခြင်းအဆင့်မှာပဲ ရှိတာ၊ ဒါပေမယ့် ငါက သူတို့နဲ့ လုံးဝကို အဆင့်မတူဘူးလို့ ခံစားရတယ်”
ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ကြုံလိုက်ရသူတိုင်း သက်ပြင်းချလိုက်ကြပြီး ထိုနှစ်ဦး၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကို အံ့ဩမှင်တက်နေကြသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အစ်ကိုကြီး ရှန်ထူကျွယ်က ဘယ်လိုလုပ်ရှုံးနိုင်မှာလဲ” ရှန်ထူမိသားစုအုပ်စုထဲတွင် ရှန်ထူရုံက သူမ၏လက်သီးများကို ဆုပ်ထားကာ မယုံကြည်နိုင်သော မျက်နှာထားဖြင့် ရှိနေသည်။
သူမ၏ စိတ်နှလုံးထဲတွင် အစ်ကိုကြီးရှန်ထူကျွယ်သည် မည်သူမျှ အနိုင်မယူနိုင်သော စစ်နတ်ဘုရား အသူရာတစ်ပါးပမာ ဖြစ်သည်။
ဤအဖြစ်မှန်ကို လက်ခံရန် သူမအတွက် အလွန်ခက်ခဲနေသည်။
သို့သော်လည်း ၎င်းမှာ ပရိသတ်တစ်ဦး၏ အတွေးသာဖြစ်သည်။ ကာယကံရှင်ဖြစ်သော ရှန်ထူကျွယ်ကမူ လျင်မြန်စွာပင် လက်ခံလိုက်သည်။
ဤတိုက်ပွဲတွင် သူနှင့် ဝူယွမ်ကြား၌ ကြီးမားလွန်းသော ကွာဟချက်ရှိနေကြောင်း သူ သိမြင်ထားပြီး ရှုံးနိမ့်မည်မှာ သေချာသော်လည်း ဤမျှလောက် အပြတ်အသတ်ရှုံးနိမ့်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ရှန်ထူကျွယ်က ဝူယွမ်ကို ခေါင်းမာစွာဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။ “ငါ့ရဲ့ရှုံးနိမ့်မှုကို ငါ ရိုးသားစွာလက်ခံတယ်၊ မင်းရဲ့ ဆရာက ဘယ်သူလဲ၊ မင်း ဘယ်ကလာတာလဲ၊ ထျန်းဖုန်းပင်လယ်နယ်မြေမှာ မင်းနာမည်ကို ဘာလို့ ငါ တစ်ခါမှမကြားဖူးရတာလဲ ဆိုတာကို ငါ သိချင်တယ်”
“သိချင်လား၊ ဒီည ငါ့အခန်းကိုလာခဲ့လေ” ဝူယွမ်က သူ့အား ပြုံးပြကာ မေးခွန်းကို တိုက်ရိုက်မဖြေဆိုခဲ့ပေ။
စကားပြောပြီးနောက် ဝူယွမ်သည် လှည့်ကာ လမ်းလျှောက်ထွက်သွားပြီး ရှန်ထူကျွယ်ကို ပြိုင်ဝင်းအတွင်း တွေဝေစွာ ချန်ရစ်ထားခဲ့သည်။
“အကြီးအကဲ ကူရွှေ့၊ ကျွန်တော် နိုင်သွားပြီ၊ စေတီထဲကို ဘယ်တော့ဝင်လို့ရမလဲ” ဝူယွမ်သည် ကူမိသားစုအုပ်စုရှေ့သို့ ရောက်ရှိလာပြီး အေးတိအေးစက်ဖြင့် မေးလိုက်သည်။
ရှေးဟောင်းကမ္ဘာဦးစေတီထဲတွင် အစီအရင် အကာအကွယ်အလွှာတစ်ခု ရှိနေသေးသည်။ ၎င်းမှာ မျိုးနွယ်စုကြီးငါးခု၏ သိုင်းပညာဖြစ်ပြီး ဝင်ရောက်ခြင်းမပြုမီ အစီအရင်ကို ဖွင့်ပေးရန် လိုအပ်သည်။
ဝူယွမ်သည် အစီအရင်ကို အတင်းအဓမ္မ ဖျက်ဆီးနိုင်သော်လည်း ထိုသို့ပြုလုပ်ရန် မလိုအပ်ပေ။
“မင်း ဆန္ဒရှိရင် မနက်ဖြန် သွားလို့ရတယ်” ကူရွှေ့က အလွန်အမင်း ဝမ်းသာနေသည်မှာ ထင်ရှားပြီး ပြုံးကာ ချက်ချင်း ပြန်ဖြေလိုက်သည်။
“ကောင်းပြီ၊ ဒါဆို မနက်ဖြန်ပေါ့”
ဝူယွမ်က ခေါင်းညိတ်လိုက်သည်။ သဘာဝကျစွာပင် သူ မြန်မြန်ဝင်နိုင်လေ ပိုကောင်းလေဖြစ်သည်။
ရှေးဟောင်းကမ္ဘာဦးစေတီကိစ္စကို မြန်မြန်ဆန်ဆန် ဖြေရှင်းပြီးနောက် မိုးကြိုးဘိုးဘေးအဆောင်ကို သူ ဆက်လက်ရှာဖွေရဦးမည်ဖြစ်သည်။
“ဂုဏ်ယူပါတယ် အစ်ကိုကြီး ဝူယွမ်၊ ဒီနေ့အပြီးမှာ အစ်ကိုကြီးရဲ့ နာမည်က ထျန်းဖုန်း ပင်လယ်နယ်မြေ တစ်ခုလုံးကို ပျံ့နှံ့သွားလောက်တယ်” ကူမုန်ချီက ပြုံးကာ ပြောလိုက်သည်။
ဝူယွမ်က ချက်ချင်း တုံ့ပြန်လိုက်သည်။ “ကိစ္စမရှိပါဘူး၊ ဒါတွေက အချည်းနှီး နာမည်တွေပါပဲ”
... ကူမိသားစုသို့ ပြန်ရောက်သောအခါ ဤတစ်ကြိမ်တွင် ကူမိသားစုဝင်များက ဝူယွမ်ကို ပို၍ပင် လေးစားစွာ ဆက်ဆံကြသည်။
ယခင်က ဝူယွမ်ကို ကူယွမ်ထျန်းကဲ့သို့သော လူငယ်ပါရမီရှင်တစ်ဦးဟု သတ်မှတ်ထားခဲ့ကြသော်လည်း ရှန်ထူကျွယ်နှင့် တိုက်ပွဲအပြီးတွင် ဝူယွမ်ကို လူငယ်ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်၍ မရတော့ပေ။
အခန်း (၃၅၄) - ဝင်စားခြင်းအဆင့် ကျင့်ကြံသူများကို ထိန်းချုပ်နိုင်သော ဝူယွမ်(၂)
လူငယ်မျိုးဆက်များထဲမှ အခြားအစွမ်းထက်ဆုံး ပါရမီရှင်နှစ်ဦးပင်လျှင် ဝူယွမ်၏ ပြိုင်ဘက် ဖြစ်လာနိုင်မည်မဟုတ်ပေ။
ဝူယွမ်သည် သက်လတ်ပိုင်း အစွမ်းထက်ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်နိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။
ကူမိသားစု၏ ဆွေးနွေးပွဲခန်းမတွင် ကူရွှေ့၊ ကူယွမ်ထျန်း၊ ကူမုန်ချီနှင့် ကူမိသားစု၏ အခြားအမာခံအဖွဲ့ဝင်များ စုဝေးနေကြသည်။
“ရှောင်ယန်၊ မင်း ဒီတစ်ခါ မိသားစုအတွက် တကယ်ကို အစွမ်းထက်တဲ့ ပြင်ပအကူအညီတစ်ယောက်ကို ရှာတွေ့ခဲ့တာပဲ” ကူရွှေ့က သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ကာ ပြောလိုက်သည်။
“ဒီဝူယွမ်ရဲ့ စွမ်းအားက အရမ်းကို ကြောက်ဖို့ကောင်းတယ်၊ ငါကိုယ်တိုင်တောင် သူ့ကိုအနိုင်ယူနိုင်မယ်လို့ မယုံကြည်ဘူး၊ သူ့ကို ငါတို့ကူမိသားစုထဲကို ဆွဲသွင်းနိုင်ရင် ငါတို့ မိသားစုရဲ့အင်အားက သိသိသာသာ တိုးတက်လာလိမ့်မယ်”
“မင်းတို့နှစ်ယောက် ဝူယွမ်နဲ့ ပိုပြီး နက်နက်ရှိုင်းရှိုင်း ဆက်သွယ်ဖို့ ကြိုးစားကြည့်လို့ရတယ်”
“အာ... “
ကူမုန်ချီနှင့် ကူယန်တို့နှစ်ဦးလုံး အံ့အားသင့်သွားကြသည်။
အကြီးအကဲကူရွှေ့၏ စကားများမှာ သွယ်ဝိုက်ပြောဆိုခြင်း မဟုတ်တော့ဘဲ တိုက်ရိုက်ပြောဆိုခြင်းပင် ဖြစ်သည်။
ဝူယွမ်၏စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံပြီးနောက် သူ့ကို အပိုင်ရလိုစိတ်များ ပိုမိုပြင်းပြလာခဲ့သည်။
သူသည် ပျားရည်ထောင်ချောက် အသုံးပြုရန်ပင် ဝန်လေးနေမည် မဟုတ်ပေ။
သို့သော်လည်း ကူမုန်ချီနှင့် ကူယန်တို့သည် ချက်ချင်း ငြင်းဆိုခြင်းမပြုဘဲ အလေးအနက် စဉ်းစားလာကြသည်။
“အကြီးအကဲ၊ ရှန်ထူကျွယ် လာရောက်လည်ပတ်ပါတယ်၊ သူက သခင်လေးဝူယွမ်နဲ့ တွေ့ချင်တယ်လို့ ဆိုပါတယ်၊ သူ့ကို အဖော်ပြုလာတာကတော့ ရှန်ထူမိသားစုရဲ့ သခင်မလေး ရှန်ထူရုံပါ၊”
ထိုအချိန်တွင် လူတစ်ယောက် ဝင်လာပြီး သတင်းပို့လေသည်။
“သန်းခေါင်ယံကြီးမှာ ရှန်ထူကျွယ်က ဝူယွမ်နဲ့ လာတွေ့တယ်၊ ပြီးတော့ ရှန်ထူမိသားစုရဲ့ သခင်မလေးကိုပါ ခေါ်လာတယ်ဟုတ်လား၊”
ကူရွှေ့၏မျက်နှာမှာ ရုတ်ခြည်းအေးစက်သွားပြီး အန္တရာယ်ရှိသော ခံစားချက်တစ်ခု ပေါ်ထွက်လာသည်။
“အဲဒီ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ရှန်ထူမိသားစု၊ သူတို့က ငါတို့ ကူမိသားစုဆီကနေ လူကိုလုယူချင်နေတာပဲ”
“သွားကြစို့၊ အတူတူ သွားကြမယ်၊ မင်းတို့နှစ်ယောက်၊ အဲဒီ ရှန်ထူရုံကို အရှုံးမပေးနဲ့နော်” ကူရွှေ့က ကူမုန်ချီနှင့် ကူယန်ကို ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ အမျိုးသမီးနှစ်ဦးစလုံး၏ မျက်နှာများ နီရဲသွားကြသော်လည်း သူတို့၏ ပြိုင်ဘက်မှာ ရှန်ထူရုံဖြစ်ကြောင်း တွေးမိသောအခါ ချက်ချင်းပင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်သွားကြသည်။
မျိုးနွယ်စုကြီးငါးခုထဲတွင် သူတို့၏ ကူမိသားစုက လူငယ်မျိုးဆက်များ၏ ပန်းပွင့်သုံးပွင့်ထဲမှ နှစ်ပွင့်ကို ပိုင်ဆိုင်ထားသည်။
သူတို့က ရှန်ထူရုံ တစ်ယောက်တည်းကိုပင် မယှဉ်နိုင်တော့ဘူးလော။
သူတို့သည် ဝူယွမ်၏ ခြံဝင်းသို့ အတူတကွ ရောက်ရှိလာကြသည်။
သို့သော်လည်း အဝင်ဝသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူမ၏ ဖြူဖွေးသော ငန်းလည်ပင်းနှင့် သွယ်လျသော ညှပ်ရိုးတို့ကို ပေါ်လွင်စေသည့် အနက်ရောင် ဝတ်စုံကျပ်ကျပ်ကို ဝတ်ဆင်ထားသည့် ရှန်ထူရုံသည် အခန်းတွင်းမှ မနှစ်မြို့သော မျက်နှာထားဖြင့် ထွက်လာသည်ကို တွေ့လိုက်ရသည်။
“ဒီလောက် မြန်တာလား”
“သူမ အထဲမှာ ဘယ်လောက်ကြာကြာနေခဲ့တာလဲ”
ကူရွှေ့က သတင်းပို့ခဲ့သောတပည့်ကို ချက်ချင်းမေးလိုက်သည်။
“သူတို့ ရောက်ရောက်ချင်း ကျွန်တော် သတင်းလာပို့တာဆိုတော့ နှစ်မိနစ်၊ သုံးမိနစ်လောက်ပဲ ရှိပါဦးမယ်” တပည့်ဖြစ်သူက ရိုးသားစွာ သတင်းပို့လေသည်။
“ဒီလောက် အချိန်တိုလေးဆိုတော့ ဘာမှဖြစ်လောက်မှာ မဟုတ်ဘူး”
ကူမုန်ချီက သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။
သူမ စကားဆုံးသည်နှင့် အခြားသူများအားလုံးက သူမကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
သူမသည် သူတို့ကူမိသားစု၏ မာနကြီးသော နတ်သမီး၊ သိုင်းပြိုင်ပွဲ၏ ပထမဆုံးသော ရွှေပန်းပွင့် ဖြစ်နေသေးသည်လော။
‘မင်းက နည်းနည်းလေးတောင် ပိုပြီး စိတ်လောနေတာများလား'
“မင်းတို့နှစ်ယောက်ကို လွှဲထားလိုက်မယ်၊ မင်းတို့ ဝူယွမ်ကို အပိုင်ရစရာ မလိုပေမယ့် ရှန်ထူမိသားစုက ဝူယွမ်ကို ခေါ်သွားတာမျိုးတော့ အဖြစ်မခံနိုင်ဘူးနော်” ကူရွှေ့က ကူယန်နှင့် ကူမုန်ချီကို ပြောလိုက်သည်။
သူသည် ရှန်ထူရုံနှင့် သွားမတွေ့ပေ။ သူကဲ့သို့သော အကြီးအကဲတစ်ဦးအနေဖြင့် လူငယ်များကြားရှိ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ရန် မသင့်လျော်ပေ။
ကူရွှေ့ ထွက်သွားပြီးနောက် ကူယန်နှင့် ကူမုန်ချီတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ကူမုန်ချီက သူမ၏ ဂုဏ်ယူဖွယ်ကောင်းသော ရင်ဘတ်ကို ကော့ကာ ရှန်ထူရုံရှိရာသို့ လျှောက်သွားလိုက်သည်။
ကူယန်ကလည်း သူမ၏ ရှည်လျားသော ခြေတံများဖြင့် ကျက်သရေရှိစွာ လိုက်ပါသွားသည်။
“ညီမလေးရုံ၊ ငါတို့ ကူမိသားစုကိုလာတာ ဘာလို့ ငါတို့ကို အကြောင်းမကြားတာလဲ၊ ညီမသာဆို ချက်ချင်းကြိုဆိုမှာပေါ့” ကူမုန်ချီက သဘောထားကြီးစွာဖြင့် ပြောလိုက်သည်။
“ငါက နင်တို့အတွက် လာတာ မဟုတ်ဘူး၊ အစ်ကိုကြီးနဲ့အတူ သခင်လေး ဝူယွမ်ကို လာတွေ့တာ၊ ခဏနေရင် ပြန်တော့မှာ” ရှန်ထူရုံက အမျိုးသမီးနှစ်ဦးကို အနည်းငယ် ရန်လိုသော အကြည့်ဖြင့် ကြည့်ကာ တည်ငြိမ်ဟန်ဆောင်၍ ပြောလိုက်သည်။
ကူယန်က ချက်ချင်းပင် ဆက်မေးလိုက်သည်။ “အင်း၊ ဒါဆို နင်က ဘာလို့ အပြင်ရောက်နေတာလဲ”
သူမက ရှန်ထူရုံကို စူးစူးရဲရဲစိုက်ကြည့်နေသည်။
ဝူယွမ်ကို သူမက ခေါ်လာခြင်းဖြစ်၏။ ပျားရည်ထောင်ချောက် အသုံးပြုမည်ဆိုလျှင် သူမက အရင်ဆုံး အသုံးပြုသင့်သည်။ ထို့အပြင် ဝူယွမ်က သူမ၏လျှို့ဝှက်နေရာကို မြင်ဖူးပြီးဖြစ်သည်။
“ငါ... ငါက သူနဲ့မရင်းနှီးဘူးလေ၊ အစ်ကိုကြီးက သူနဲ့ စကားပြောနေတုန်း အပြင်မှာ လေကောင်းလေသန့်ထွက်ရှူနေတာပါ” ရှန်ထူရုံက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
သို့သော်လည်း သူမ၏ စိတ်ထဲတွင် အလွန်တရာ နေရခက်နေသည်။ ယခင်က သူတို့ လာရောက်စဉ် အကြီးအကဲများက ရှန်ထူကျွယ်ကို သူမကိုပါ ခေါ်သွားရန် အထူးတလည် မှာကြားခဲ့ပြီး သူမက ဝူယွမ်နှင့် အရင်ဆုံး ရင်းနှီးကျွမ်းဝင်နိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။ ရှန်ထူကျွယ်ကလည်း သဘောတူခဲ့သည်။
လူတိုင်းက ထိုအဓိပ္ပာယ်ကို နားလည်ကြသည်။ ဤထင်ရှားသော မိသားစုများမှ သခင်မလေးများသည် သူတို့ မိသားစု၏ အကျိုးစီးပွားကို စဉ်းစားရမည်ဖြစ်ပြီး ဝူယွမ်ကို အပိုင်ရရန် သူမကို အသုံးပြုလိုကြသည်မှာ သေချာသည်။
အစပိုင်းတွင် ရှန်ထူရုံက အနည်းငယ် ငြင်းဆန်ခဲ့သော်လည်း သူမ လေးစားအားကျရသော အစ်ကိုကြီးပင်လျှင် ဝူယွမ်ကို ရှုံးနိမ့်ခဲ့သည်ဖြစ်ရာ ဝူယွမ်သည် သူမနှင့် ထိုက်တန်သည်ဟု တွေးမိခဲ့သည်။
အကယ်၍ ဝူယွမ်ကို သမက်အဖြစ် ဆွဲဆောင်နိုင်ပါက သူမသည် မိသားစုအတွင်း ကြီးမားသော လေးစားမှုများ ရရှိမည်ဖြစ်ပြီး အနာဂတ်တွင် မိသားစု၏ အရေးပါသော အဖွဲ့ဝင်တစ်ဦး ဖြစ်လာမည်မှာ သေချာသည်။
သို့သော်လည်း သူမနှင့် အစ်ကိုကြီးတို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် ဝူယွမ်က သူမကို အလေးအနက်ပင် မကြည့်ဘဲ အစ်ကိုကြီးနှင့် သီးသန့် စကားပြောလိုသည်ဟုဆိုကာ သူမကို ချက်ချင်း အပြင်သို့ ထွက်ခိုင်းလိမ့်မည်ဟု သူမ တစ်ခါမှ မထင်မှတ်ထားခဲ့ပေ။
သူမအပေါ် ထားရှိသော စိတ်ဝင်စားမှုထက် အစ်ကိုကြီးအပေါ် ထားရှိသော စိတ်ဝင်စားမှုက ပိုမိုပြင်းပြနေသည်။
သခင်မလေးရှန်ထူ အနေဖြင့် ဤမျှလောက် လျစ်လျူရှုခံရခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
“ဪ၊ အစ်ကိုကြီး ဝူယွမ်နဲ့ သူတို့ ဆွေးနွေးစရာ ကိစ္စတွေ ရှိနေမှတော့ ခြံဝင်းထဲမှာပဲ ထိုင်ကြတာပေါ့” ကူမုန်ချီက သူတို့ကို နှုတ်ဆက်လိုက်သည်။
ထို့နောက် အမျိုးသမီးသုံးဦးသည် ဝူယွမ်၏ ခြံဝင်းအတွင်း၌ ထိုင်လိုက်ကြသည်။ ကူမုန်ချီက လက်ဖက်ရည်ဖျော်ရန် ဦးဆောင်လိုက်ပြီး မကြာမီတွင် သူတို့သုံးဦးသည် သိမ်မွေ့ပြီး သွယ်ဝိုက်သော စကားများကို စတင်ပြောဆိုလာကြသည်။
အခန်းတွင်း၌ ဝူယွမ်နှင့် ရှန်ထူကျွယ်တို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
“မင်း ငါ့ကိုလာခိုင်းတာ၊ ဘာကိစ္စ ရှိလို့လဲ” ရှန်ထူကျွယ်က မေးလိုက်သည်။
သူသည် “ဒီည ငါ့အခန်းကို လာခဲ့” ဆိုသော ဝူယွမ်၏ စကားကြောင့် လာခဲ့ခြင်းဖြစ်သည်။
“သိပ်ထူးထူးခြားခြားတော့ မဟုတ်ပါဘူး၊ ငါက မင်းနဲ့ မိတ်ဆွေဖွဲ့ချင်ရုံပါ” ဝူယွမ်က ပြုံးကာ ပြောလိုက်သည်။
သူက မိတ်ဆွေဖွဲ့ရုံမျှသာ ဖြစ်သည်။
“မိတ်ဆွေဖွဲ့ချင်တယ်လား”
ရှန်ထူကျွယ်သည် ဝူယွမ်၏ အဓိပ္ပာယ်ကို သိပ်နားမလည်ပေ။
“မင်းရဲ့ ခန္ဓာကိုယ်က ကောင်းကောင်းသန့်စင်ထားတာကို ငါမြင်တယ်၊ မင်းနဲ့ ရွယ်တူတွေထဲမှာ မင်းအဆင့်အထိ ကျင့်ကြံနိုင်တဲ့သူ ရှားတယ်၊ ဒါပေမယ့် ဒီအချိန်မှာ မင်းရဲ့ခန္ဓာကိုယ်ကို ထပ်ပြီး တိုးတက်ဖို့ ခက်ခဲလိမ့်မယ်၊ မင်းကို ကူညီနိုင်မယ့်နည်းလမ်း ငါ့မှာ ရှိတယ်” ဝူယွမ်က ပြောလိုက်သည်။
သူသည် ရှန်ထူကျွယ်၏ ခန္ဓာကိုယ်ကျင့်စဉ်ပိုင်းဆိုင်ရာ အလားအလာကို အဓိကတန်ဖိုးထားခြင်းဖြစ်သည်။ သူ ကျင့်ကြံထားသော အသူရာခန္ဓာကိုယ်နှင့် အသူရာ မိစ္ဆာမြေ အကျဉ်းထောင် သိုင်းပညာတို့မှာ ခန္ဓာကိုယ်သန့်စင်ခြင်းကျမ်းကို ကျင့်ကြံရန်အတွက် အလွန်ကောင်းမွန်သော အခြေခံအုတ်မြစ်များ ဖြစ်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဝူယွမ်၏ မဟာရှေးဟောင်းဂိုဏ်းမှ ခန္ဓာကိုယ်သန့်စင်ခြင်းခန်းမတွင် ထိုနေရာကို စောင့်ရှောက်ရန် အစွမ်းထက်သော အဆင့်မြင့်ကျင့်ကြံသူတစ်ဦး လိုအပ်နေဆဲဖြစ်သည်။
လင်းတုန်ကို ထိုနေရာတွင် တာဝန်ထမ်းဆောင်ခိုင်းခြင်းမှာ အနည်းငယ် ပိုလွန်းသွားမည်ဖြစ်ပြီး လင်းတုန်မှာလည်း ရှေးဟောင်းကျောက်တိုင် နယ်မြေအတွင်း၌ အမြဲတမ်း နေထိုင်၍မရနိုင်ပေ။ သူနှင့်အတူ အပြင်သို့ ထွက်၍ စွန့်စားမှုများ ပြုလုပ်ရန်လည်း လိုအပ်သည်။
ရှန်ထူကျွယ်မှာ အလွန်သင့်လျော်သည်။
“မင်း ငါ့ကို ဘယ်လိုကူညီနိုင်မှာလဲ” ရှန်ထူကျွယ်၏ မျက်လုံးများ တောက်ပလာကာ ဝူယွမ်ကို ကြည့်လိုက်သည်။
သူသည် ရှေးဟောင်းကမ္ဘာဦးစေတီအတွင်း ကျင့်ကြံခြင်းမှ ကြီးမားသော တိုးတက်မှုများ ရရှိခဲ့သော်လည်း သူ၏ခန္ဓာကိုယ်မှာ ထပ်မံတိုးတက်ရန် ခက်ခဲနေပြီး ကန့်သတ်ချက်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်းကိုလည်း သူတွေ့ရှိထားသည်။
“နည်းလမ်းတွေကတော့ အများကြီးရှိတာပေါ့၊ မင်းကို ပိုပြီးအစွမ်းထက်တဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းပညာတွေ သင်ပေးတာမျိုး၊ မင်းရဲ့ ခန္ဓာကိုယ်ကို ကိုယ်တိုင်သန့်စင်ပေးတာမျိုး၊ ပြီးတော့ မင်းအတွက် ရှားပါးပြီး အစွမ်းထက်တဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း ပတ်ဝန်းကျင်တွေ ဖန်တီးပေးတာမျိုးတွေပေါ့၊ အခုလောလောဆယ် မင်းက ငါ့နောက်ကိုလိုက်ဖို့ ဆန္ဒရှိသရွေ့ သုံးနှစ်အတွင်းမှာ မင်းကို အနည်းဆုံး ဆန်းကြယ်သေခြင်းအဆင့် အထွတ်အထိပ်ကို ရောက်အောင် ငါ ကူညီပေးနိုင်တယ်” ဝူယွမ်က ကတိပေးလိုက်သည်။
“သုံးနှစ်”
ရှန်ထူကျွယ်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
ဆန်းကြယ်ရှင်ခြင်းအဆင့်မှ ဆန်းကြယ်သေခြင်းအဆင့်သို့ ကူးပြောင်းခြင်းသည် ကြီးမားလှသော အခက်အခဲတစ်ခု ဖြစ်သည်။
သူ့ကဲ့သို့သော ပါရမီရှင်တစ်ဦးပင်လျှင် ဆန်းကြယ်သေခြင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်ရန် အကြွင်းမဲ့ယုံကြည်ချက်မရှိပေ။
သို့သော်လည်း ဝူယွမ်က အလွန်ပေါ့ပေါ့တန်တန် ပြောဆိုနေသည်။
“မင်းကိုယ်တိုင်က ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်မှာပဲ ရှိသေးတာ၊ ငါ အဆင့်တက်နိုင်အောင် ကူညီပေးနိုင်မယ်ဆိုတာကို မင်း ဘယ်လိုယုံကြည်ချက်ရှိတာလဲ” ရှန်ထူကျွယ်က ပြန်လည်ချေပလိုက်သည်။
ဝူယွမ်က ချက်ချင်း ပြန်လည်တုံ့ပြန်လိုက်သည်။ “သိပ်အံ့ဩမနေပါနဲ့၊ အဆင့်အတန်းဆိုတာ ဘာကိုမှ ကိုယ်စားမပြုဘူး၊ ငါ ဆန်းကြယ်ရှင်ခြင်းအဆင့်ကို စပြီး ချိုးဖောက်ဝင်ရောက်တုန်းက ဝင်စားခြင်းအဆင့် ကျင့်ကြံသူတွေကိုတောင် ထိန်းချုပ်နိုင်ခဲ့တယ်၊ အဲဒါကလည်း တစ်ပြိုင်နက်တည်း သုံးယောက်ကိုနော်”