အခန်း (၃၅၅-၃၅၆)
Vol. 36 Ch. 355-356
အခန်း (၃၅၅) - အဆင့်ချိုးဖောက်ခြင်းနှင့် နတ်ဘုရားတောင်တန်း ခန္ဓာကိုယ်(၁)
“ဆန်းကြယ်ရှင်ခြင်းအဆင့်ကို အခုလေးတင် ချိုးဖောက်ဝင်ရောက်ထားတာကို ဝင်စားခြင်းအဆင့် ကျင့်ကြံသူကိုတောင် ရင်ဆိုင်နိုင်ပြီလား” ရှန်ထူကျွယ်က မိမိနားကိုပင် မယုံနိုင်အောင် ဖြစ်သွားရသည်။
‘ဒါက ဘယ်လို ဟာသမျိုးလဲ' ဆန်းကြယ်ရှင်ခြင်းအဆင့်မျှဖြင့် ဝင်စားခြင်းအဆင့် ကျင့်ကြံသူကို တုန်လှုပ်စေချင်နေသည်လော။
သူတို့နှစ်ခုကြားတွင် ဆန်းကြယ်သေခြင်းအဆင့် ဟသော ကြီးမားလှသည့် နယ်ပယ်ကြီးတစ်ခုလုံး ခြားနားနေသေးသည် မဟုတ်ပါလော။
ဝင်စားခြင်းအဆင့်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို ရှန်ထူကျွယ် မသိရှိသော်လည်း ဆန်းကြယ်သေခြင်းအဆင့်အကြောင်းကိုမူ သူ ကောင်းကောင်းသိထားသည်။
သူတို့ ရှန်ထူမိသားစု၏ ဘိုးဘေးအိုကြီးသည် ဆန်းကြယ်သေခြင်းအဆင့် အထွတ်အထိပ်တွင်ရှိသော အစွမ်းထက်ပုဂ္ဂိုလ်ကြီးဖြစ်သည်။ မိမိ၏ ဘိုးဘေးအိုကြီးနှင့် ရင်ဆိုင်ရချိန်တိုင်း ရှန်ထူကျွယ်သည် ပုရွက်ဆိတ်တစ်ကောင်ပမာ အားနည်းလှကြောင်း ခံစားရတတ်သည်။
ဘိုးဘေးအိုကြီး၏ အရှိန်အဝါနှင့် ဖိအားများကိုသာ အစွမ်းကုန် ထုတ်လွှတ်လိုက်မည်ဆိုပါက သူ့ကို မြေကြီးထဲသို့ပင် အရှင်လတ်လတ် မြှုပ်နှံပစ်နိုင်လောက်ပေသည်။
သူ၏ ဘိုးဘေးအိုကြီးထက်ပင် ပိုမိုမြင့်မားသော ဒဏ္ဍာရီလာ ဝင်စားခြင်းအဆင့်ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ပေ။
“မင်း မယုံဘူးပေါ့လေ” ဝူယွမ်က ရှန်ထူကျွယ်အား ပြုံးလျက်ကြည့်ကာ မေးလိုက်သည်။
ရှန်ထူကျွယ်က ထုံပေပေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ‘အစ်ကိုကြီးရယ်၊ ကြွားမယ်ဆိုရင်တောင် မြေပြင်နဲ့ နည်းနည်းတော့ ထိပါဦး၊ ဆန်းကြယ်သေခြင်းအဆင့်လောက်ဆိုရင်တောင် အနိုင်နိုင် လက်ခံပေးလို့ ရသေးတယ်'
“မင်းက တကယ့်ကို ရိုးသားတဲ့ ကလေးပဲ၊ ဝင်စားခြင်းအဆင့်ကျင့်ကြံသူရဲ့ ဖိအားကို မြည်းစမ်းကြည့်ချင်လား” ဝူယွမ်က အပြုံးတစ်ခုဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။
“ဝင်စားခြင်းအဆင့် ဖိအားကို မင်းတကယ် ထုတ်လွှတ်နိုင်တယ်ဆိုရင်တော့ ငါ စမ်းကြည့်ဖို့ ဝန်မလေးပါဘူး” ရှန်ထူကျွယ်က ချက်ချင်း တုံ့ပြန်လိုက်သည်။ ဝူယွမ်၏ စကားများမှာ အလွန်အမင်း ချဲ့ကားလွန်းနေသဖြင့် ယုံကြည်ရန် ခက်ခဲနေဆဲဖြစ်သည်။
“မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
ဝူယွမ်က တခစ်ခစ်ရယ်မောလိုက်ပြီးနောက် သူ၏ ဧကရာဇ်သွေးကြောများ ဆူပွက်လာကာ မဟာပြည့်စုံခြင်းအဆင့် မဟာတောင်တန်းခန္ဓာကိုယ်ကိုလည်း အသက်သွင်းလိုက်ပြီး နတ်ဆင်ဖိနှိပ်ခြင်း အကျဉ်းထောင် စွမ်းအားများပါ လှည့်ပတ်စီးဆင်းလာသည်။
အဓိက ကျင့်စဉ်ကြီးသုံးခုနှင့် ပင်ကိုစွမ်းရည်တို့ ပေါင်းစပ်သွားသောအခါ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးတစ်ခု ဖြစ်ပေါ်လာပြီး ရှန်ထူကျွယ်အား လွှမ်းခြုံသွားလေသည်။
ဝူယွမ်၏ လက်ရှိစွမ်းအားဖြင့် သာမန်တိုက်ခိုက်မှုများက ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူများကို ယှဉ်ပြိုင်နိုင်စွမ်းရှိသော်လည်း ဝင်စားခြင်းအဆင့်သို့ ရောက်ရှိရန်မှာမူ နည်းလမ်းပေါင်းစုံကို တစ်ပြိုင်နက်တည်း အသုံးပြုရန် လိုအပ်ပေသည်။
ဝင်စားခြင်းအဆင့် အစွမ်းထက်သူများသည် သံယောဇဉ်ကင်းလွတ်သော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။
စနစ်တွင် ဆိုင်းအင်၀င်ခြင်းမှတစ်ဆင့် ရရှိထားသော ဝူယွမ်၏ နည်းလမ်းများဖြင့်သာ ဤမျှကြီးမားသော နယ်ပယ်ကြီးနှစ်ခု၏ ကွာဟချက်ကို ပေါင်းကူးပေးနိုင်ခြင်းဖြစ်သည်။
“အား”
ရှန်ထူကျွယ်၏နှုတ်မှ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှာ ချက်ချင်းပင် ပျော့ခွေသွားကာ ချွေးများရွှဲနစ်လျက် ဒူးထောက်ကျသွားလေသည်။
ကြီးမားလှသော ဖိအားကြီးအောက်တွင် သူသည် ခေါင်းကိုပင် မော့မကြည့်နိုင်တော့ပေ။
“အစ်ကိုကြီး ရှန်ထူကျွယ်”
ခြံဝင်းအတွင်းရှိ ရှန်ထူရုံသည် ထိုအော်ဟစ်သံကို ကြားလိုက်ရသည်နှင့် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး အခန်းတွင်းသို့ ပြေးဝင်ရန် ပြင်လိုက်သည်။ သို့သော်လည်း တံခါးဝသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူမသည် ကြီးမားလှသော ဖိအားကြီးတစ်ခုနှင့် ထိတွေ့မိသွားသည်။
“အားးး” ရှည်လျားသော အော်သံတစ်ခု ရှန်ထူရုံ၏ နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာသည်။
သူမ၏ဒူးများ ခွေသွားပြီး တံခါးဝတွင် ဒူးထောက်လျက်သား ကျသွားလေသည်။
“ဒါက”
ကူယန်နှင့် ကူမုန်ချီတို့သည် ဘာတွေဖြစ်ပျက်နေမှန်း လုံးဝမသိကြဘဲ အလွန်အမင်း အံ့အားသင့် တွေဝေသွားကြသည်။ သူတို့သည် အထိတ်တလန့်ဖြစ်နေသော ကြက်မလေးများပမာ နေရာတွင်ပင် အမြစ်တွယ်နေသကဲ့သို့ ရပ်နေမိကြသည်။
အခန်းတွင်း၌မူ ရှန်ထူကျွယ်သည် သူ၏ ဘိုးဘေးအိုကြီးထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားနေရသည်။ သူ၏စိတ်နှလုံးထဲရှိ တုန်လှုပ်မှုမှာ ဒေါသတကြီး စီးဆင်းနေသော မြစ်ရေပြင်ပမာ လှိုင်းတံပိုးများထန်လျက်ရှိသည်။
“သူ တကယ်လုပ်နိုင်တာပဲ”
“သူ ကြွားနေတာမဟုတ်ဘူး”
ရှန်ထူကျွယ်သည် ၎င်းကို ယုံကြည်ရန်ပင် ခက်ခဲနေသည်။ ဤလူက တကယ်ပဲ သူ့လို ရွယ်တူတစ်ယောက် ဟုတ်ပါရဲ့လား။ သူက ဘယ်လိုလုပ်ပြီး ဘိုးဘေးအိုကြီးထက်တောင် ပိုပြီး အစွမ်းထက်နေရတာလဲ။
‘သူ ဘယ်လို လုပ်လိုက်တာလဲ'
ဝင်စားခြင်းအဆင့် ဖိအားထဲတွင်သာ တိုက်ခိုက်လိုသော ရည်ရွယ်ချက် ပါဝင်နေမည်ဆိုပါက ဆန်းကြယ်ရှင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို အရှင်လတ်လတ် ကြေမွသွားစေရန် လုံလောက်ပေသည်။
သို့သော်လည်း ဝူယွမ်သည် ရှန်ထူကျွယ်အပေါ် မည်သည့်ရန်လိုမှုမျှ မရှိသည်မှာ ထင်ရှားသည်။ ဤလူငယ်လေးအား သူ၏စွမ်းအားကို နားလည်စေရန်သာ ဆန္ဒရှိခြင်းဖြစ်သည်။ ရှန်ထူကျွယ်သည် အပေါ်ယံအရှိန်အဝါကိုသာ ခံစားလိုက်ရခြင်းဖြစ်သည်။
“ဘယ်လိုနေလဲ” ဝူယွမ်က ဖိအားများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး မေးလိုက်သည်။
ဤအချိန်တွင် ရှန်ထူကျွယ်၏တစ်ကိုယ်လုံးမှာ ချွေးများဖြင့် ရွှဲနစ်နေလေပြီ။
တိုတောင်းလှသော စက္ကန့်အနည်းငယ်အတွင်း သူသည် ကြီးမားလှသော တောင်တန်းကြီးတစ်သိန်းဖြင့် ဖိနှိပ်ခံထားရသကဲ့သို့ ခံစားလိုက်ရပြီး အသက်ရှူရန်ပင် မဝံ့မရဲ ဖြစ်ခဲ့ရသည်။
“ဟူးးး”
သူက လေပူတစ်ချက်ကို တိုက်ရိုက် မှုတ်ထုတ်လိုက်သည်။
“မင်းက ဘီလူးသရဲအိုကြီးတစ်ကောင် မဟုတ်ဘူးဆိုတာ သေချာရဲ့လား” ရှန်ထူကျွယ်က ခါးသီးစွာဖြင့် မေးလိုက်သည်။
အသက်နှစ်ဆယ်ကျော်အရွယ်လေးဖြင့် ဤမျှလောက်အဆင့်တစ်ခုအထိ ကျင့်ကြံနိုင်သည်ကို ယုံကြည်ရန် တကယ်ပင်ခက်ခဲလှသည်။ သူ၏ ဘိုးဘေးအိုကြီးပင်လျှင် ဆန်းကြယ်သေခြင်းအဆင့် အထွတ်အထိပ်သို့ရောက်ရန် နှစ်ပေါင်းနှစ်ရာကျော် အချိန်ယူခဲ့ရသည် မဟုတ်ပါလော။
“သေချာပေါက် မဟုတ်ဘူးပေါ့၊ ငါ့လောက်ငယ်ရွယ်ချောမောတဲ့ ဘီလူးသရဲအိုကြီးကို မင်းမြင်ဖူးလို့လား” ဝူယွမ်က ပြုံးကာ ပြန်လည်ချေပလိုက်သည်။
“တကယ်ပါပဲ၊ အစ်ကိုကြီးဝူယွမ်လောက် ချောမောတဲ့သူမျိုး ငါတစ်ခါမှ မမြင်ဖူးပါဘူး၊” ရှန်ထူကျွယ်က အပြည့်အဝ သဘောတူညီကြောင်း ခေါင်းညိတ်ပြလိုက်သည်။
“ဒါပေါ့၊ ငါ့ရဲ့ စွမ်းအားက နည်းနည်းတော့သမားရိုးကျမဟုတ်ဘူး၊ ဒါပေမယ့် သိပ်အံ့ဩမနေပါနဲ့၊ ငါ့နောက်ကိုလိုက်ရင် မင်းလည်း အဲဒီလိုဖြစ်လာနိုင်ပါတယ်” ဝူယွမ်သည် သူ၏ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ သောက်လိုက်ရင်း ပြောလိုက်သည်။
“ငါလည်း လုပ်နိုင်တယ်လား” ရှန်ထူကျွယ်က အံ့အားသင့်စွာ မေးလိုက်သည်။
ဝူယွမ်၏ စကားများအပေါ် သူ များစွာသံသယမရှိတော့ပေ။ သူ၏ဘိုးဘေးအိုကြီးထက်ပင် သာလွန်သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက သူ့အား လှည့်စားရန် မလိုအပ်ပေ။
ထို့အပြင် ထိုကဲ့သို့သောစွမ်းအားဖြင့် သူ့ကို မည်သည့်အရာမဆို ခိုင်းစေလိုပါက အလွယ်တကူပြီးမြောက်နိုင်ပြီး သူ ငြင်းဆန်နိုင်စွမ်းရှိမည်မဟုတ်ပေ။
ဝူယွမ်သည် သိုင်းပြိုင်ပွဲများကဲ့သို့သော ကစားပွဲငယ်များတွင်ပင် သူတို့နှင့်အတူ ဝင်ရောက်ဆင်နွှဲခဲ့သည်။ တစ်ဖက်လူက သူ့အား စမ်းသပ်နေခြင်းဖြစ်ပြီး ယခု စမ်းသပ်မှုအောင်မြင်သွားပြီဖြစ်သဖြင့် တစ်ဖက်လူက သူ့ကို သဘောကျကာ မိမိ၏လက်အောက်တွင် ခေါ်ယူရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ရှန်ထူကျွယ် ခံစားမိလိုက်သည်။
“ငါ့အမြင်အရတော့ မင်းကအဆင်ပြေပါတယ်၊ ကျင့်ကြံတဲ့နေရာမှာ မပျင်းရိသရွေ့ အောင်မြင်ဖို့ဆိုတာ အချိန်တစ်ခုပါပဲ၊ ဒါဆို ငါ့နောက်ကိုလိုက်ဖို့ မင်း ဆန္ဒရှိလား” ဝူယွမ်က တည်ငြိမ်စွာ မေးလိုက်သည်။
ရှန်ထူကျွယ်၏ အခြေခံအုတ်မြစ်မှာ လင်းတုန်ထက် များစွာ နိမ့်ကျနေခြင်း မရှိပေ။ ဝါးမျိုခြင်းဘိုးဘေးအဆောင်ကဲ့သို့သော ကျင့်ကြံခြင်းတွင် လိမ်လည်လှည့်ဖြားနိုင်သည့် စွမ်းအားမြှင့်တင်မှုများကို ဖယ်ရှားလိုက်မည်ဆိုပါက ရှန်ထူကျွယ်သည် မူလဇာတ်လမ်းထဲမှ လင်းတုန်ထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းနေသေးသည်။
သူ လိုအပ်နေသည်မှာ ကောင်းမွန်သော ကံကြမ္မာကောင်းများသာ ဖြစ်သည်။ ဝူယွမ်က သူ့ကို ထောက်ပံ့ပေးနေသရွေ့ လင်းတုန်၏ ခြေလှမ်းများကို အမီလိုက်နိုင်ရန် ဖြစ်နိုင်သေးသည်။
“ကျွန်တော် ဆန္ဒရှိပါတယ်” ရှန်ထူကျွယ်သည် နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ ပြတ်သားစွာ ပြောလိုက်သည်။
သိုင်းပြိုင်ပွဲအပြီးတွင် သူသည် အပြင်ထွက်ကာ စွန့်စားရှာဖွေမှုများ ပြုလုပ်ရန် မူလကတည်းက စီစဉ်ထားခဲ့သည်။ ယခုအချိန်သည် အကောင်းဆုံးသောအခွင့်အရေးပင်။
ဝူယွမ်က သူ့အား တွန်းအားများဖြင့် ပြည့်နှက်သွားစေသည်။
“အရမ်းကောင်းတယ်၊ ဒါဆို မင်းမိသားစုကို အရင်သွားပြောထားလိုက်၊ ရှေးဟောင်းကမ္ဘာဦးစေတီထဲကနေ ငါထွက်လာရင် မင်းကို နေရာတစ်ခုကို ခေါ်သွားမယ်” ဝူယွမ်က မတ်တတ်ရပ်လိုက်ကာ ညွှန်ကြားလိုက်သည်။
“အစ်ကိုကြီးဝူယွမ်၊ ကျွန်တော့်ညီမ ရှန်ထူရုံကလည်း ပါရမီနည်းနည်းပါပါတယ်၊ မိသားစုထဲမှာဆိုရင် သူမရဲ့ ပါရမီက ကျွန်တော့်နောက် ဒုတိယပဲ၊ သူမကိုပါ ခေါ်သွားရင်ရော ဘယ်လိုနေမလဲ” ရှန်ထူကျွယ်က ခဏစဉ်းစားပြီးနောက် တောင်းဆိုလိုက်သည်။
“မင်းညီမအတွက်က နောက်မှပဲဆက်ပြောကြတာပေါ့၊ အခုလောလောဆယ် ငါ သိပ်မစီမံနိုင်သေးလို့ပါ” ဝူယွမ်က ယဉ်ကျေးစွာဖြင့် ငြင်းပယ်လိုက်သည်။
ရှန်ထူကျွယ်၏ ဆိုလိုရင်းကို သူ သဘာဝကျကျ နားလည်သော်လည်း သူ့တွင် ထိုမျှလောက် အချိန်များမပိုချေ။
နောက်တစ်နေ့နံနက်။
ဝူယွမ်သည် ကူရွှေ့နောက်သို့ လိုက်ပါကာ ရှေးဟောင်းကမ္ဘာဦးစေတီဆီသို့ ထွက်ခွာလာခဲ့သည်။ ကျောက်တိုင်စေတီ၏ အောက်ခြေတွင်ရပ်လျက် ဤရှေးဟောင်းဆန်ကာ ကျယ်ပြောလှသောစေတီကြီးကို သူ မော့ကြည့်လိုက်သည်။
အချိန်ကာလတိုက်စားခြင်းများက ၎င်းအပေါ်တွင် ပြောက်ကျားဖြစ်နေသော ပုံစံများကို ချန်ရစ်ထားခဲ့သော်လည်း ထာဝရ တည်ရှိနေသည့်အလား ခိုင်မာစွာ ရပ်တည်နေဆဲဖြစ်သည်။
“ရှေးဟောင်းကမ္ဘာဦးစေတီမှာ အထပ်ရှစ်ထပ်ရှိပြီး မဟာရှေးဟောင်းစွမ်းအင်တွေ စိမ့်ဝင်ပျံ့နှံ့နေတယ်၊ မိတ်ဆွေလေး ဝူယွမ်၊ မင်း အဲဒီထဲကို ဝင်သွားရင် ပဉ္စမထပ်ကို ကျော်မသွားဖို့ သတိရပါ၊” ကူရွှေ့က ဝူယွမ်၏ဘေးတွင်ရပ်ကာ ကျောက်တိုင်စေတီကိုကြည့်ရင်း အကြံပေးလိုက်သည်။
“ရှေးဟောင်းကမ္ဘာဦးစေတီရဲ့ အထပ်တိုင်း မြင့်တက်သွားတာနဲ့အမျှ သူ့အထဲမှာရှိတဲ့ မဟာရှေးဟောင်းစွမ်းအင်တွေက အဆပေါင်းများစွာ ပိုပြီးသိပ်သည်းလာတယ်၊ ဒီစွမ်းအင်က ခန္ဓာကိုယ်ကို သန့်စင်ပေးတဲ့ အံ့သြဖွယ်အကျိုးသက်ရောက်မှု ရှိပေမယ့် အရမ်းကို လေးလံတယ်၊ မင်းရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် ပဉ္စမထပ်ကို ဝင်တာက မင်းရဲ့ ကန့်သတ်ချက် ဖြစ်လောက်တယ်၊ ရှန်ထူကျွယ်လည်း ဆဋ္ဌမထပ်ကို တစ်ခါမှမသွားဖူးဘူး၊ အပေါ်ကိုဆက်တက်သွားရင် အဲဒီကျယ်ပြန့်တဲ့ မဟာရှေးဟောင်းစွမ်းအင်တွေရဲ့ တိုက်စားတာကို မင်းခံရနိုင်တယ်” ကူရွှေ့က လေးနက်စွာ သတိပေးလိုက်သည်။
“အင်း၊ ဒါဆို အဋ္ဌမထပ်ကို ရောက်ဖို့ဆိုရင် ဆန်းကြယ်သေခြင်းအဆင့် စွမ်းအား လိုအပ်မှာပေါ့” ဝူယွမ်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။
“အဋ္ဌမထပ်လား၊ ဒီကနေ့အထိ ရှေးဟောင်းကမ္ဘာဦးစေတီရဲ့ အဋ္ဌမထပ်ကို ဘယ်သူမှမဝင်ဖူးသေးဘူး၊ ဆန်းကြယ်သေခြင်းအဆင့်မှာ ရှိတဲ့သူတွေတောင် မဝင်နိုင်ဘူး” ကူရွှေ့က ထူးဆန်းသော မျက်နှာအမူအရာဖြင့် ခေါင်းခါယမ်းလျက် ရှင်းပြလိုက်သည်။
“ငါတို့ မျိုးနွယ်စုကြီးငါးခုက ခေါင်းဆောင်တွေအားလုံး အဋ္ဌမထပ်ကို ဝင်ဖို့ကြိုးစားခဲ့ကြပေမယ့် ဘယ်သူမှ မအောင်မြင်ခဲ့ကြဘူး၊ သူတို့အားလုံးက ဆန်းကြယ်သေခြင်းအဆင့် အထွတ်အထိပ်မှာရှိတဲ့ အစွမ်းထက်တဲ့ သူတွေကြီးပဲ”
“ဒီကျောက်တိုင်စေတီက အလွန်ရှည်လျားတဲ့ အချိန်ကာလကတည်းက တည်ရှိနေခဲ့တာ၊ ငါတို့ မျိုးနွယ်စုကြီးငါးခုက လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်ကမှ သူ့ကို ရှာတွေ့ခဲ့ပြီးတော့ ပူးပေါင်းစောင့်ရှောက်ခဲ့ကြတယ်၊ အဲဒီနောက်မှာ သူ့ရဲ့ လျှို့ဝှက်ချက်တွေကို စူးစမ်းလေ့လာဖို့ ကြိုးစားခဲ့ပေမယ့် ကြီးမားတဲ့ မဟာရှေးဟောင်းစွမ်းအင်တွေ ပါဝင်နေတယ်ဆိုတာကလွဲပြီး ဘာမှမသိရဘူး”
“ကျွန်တော် တတ်နိုင်သလောက်ပဲ လုပ်ခဲ့ပါ့မယ်” ဝူယွမ်က ထိုစကားကိုကြားပြီးနောက် ခေါင်းညိတ်လက်ခံလိုက်သည်။
အခန်း (၃၅၆) - အဆင့်ချိုးဖောက်ခြင်းနှင့် နတ်ဘုရားတောင်တန်း ခန္ဓာကိုယ်(၂)
မဟာရှေးဟောင်းကျောက်တိုင်ကဲ့သို့ပင် ရှေးဟောင်းကမ္ဘာဦးစေတီသည် ဟိုးအရင်တည်ရှိနေခဲ့ပြီး ထိုနောက်မှ မျိုးနွယ်စုကြီးငါးခု ပေါ်ပေါက်လာခြင်းဖြစ်သည်။
“နှစ်စဉ် ရှေးဟောင်းကမ္ဘာဦးစေတီထဲကို ဝင်ဖို့ နေရာသုံးနေရာပဲ ရှိတယ်၊ မင်းက အခု တစ်နေရာကို သုံးလိုက်ပြီဆိုတော့ ငါ့ရဲ့ ကူမိသားစုမှာ နှစ်နေရာ ကျန်သေးတယ်၊ ဒါပေမယ့် ဝင်မယ့်သူတွေကို မဆုံးဖြတ်ရသေးလို့ ဒီတစ်ခါတော့ မင်းတစ်ယောက်တည်း ဝင်ရလိမ့်မယ်” ကူရွှေ့က ဆက်လက်ပြောပြလေသည်။
“သူတို့ကို မရွေးရသေးဘူးလား” ဝူယွမ်က သူ၏ စိတ်နှလုံးထဲတွင် သက်ပြင်းတစ်ချက် မချဘဲ မနေနိုင်တော့ပေ။
ဤတစ်ကြိမ်တွင် သူသည် ရှေးဟောင်းကမ္ဘာဦးစေတီကို ယူဆောင်သွားရန် စီစဉ်ထားသည်။ အကယ်၍ ကူမိသားစုမှ မည်သူ့ကိုမျှမလွှတ်ပါက သူတို့၏အခွင့်အရေးကို လက်လွတ်ဆုံးရှုံးရပေတော့မည်။
“မင်း အဆင်သင့်ဖြစ်ပြီလား၊ ရှေးဟောင်းကမ္ဘာဦးစေတီကို ငါ ဖွင့်လိုက်ရမလား” ကူရွှေ့က ဝူယွမ်ကို ကြည့်ကာ မေးလိုက်သည်။
“အင်း” ဝူယွမ်က ခေါင်းညိတ်ပြလိုက်သည်။
ကူရွှေ့က သူ၏လက်ဖဝါးကို ချက်ချင်း မြှောက်လိုက်ရာ ရွှေရောင်တံဆိပ်တစ်ခု သူ၏ လက်ထဲမှ လွင့်ပျံထွက်လာသည်။ ထို့နောက် ရွှေရောင်အလင်းတန်းများ ပစ်လွှတ်ထွက်ပေါ်လာပြီး ရှေးဟောင်းကမ္ဘာဦးစေတီ၏ တံခါးပေါက်ပေါ်သို့ ကျရောက်လင်းလက်သွားသည်။
ရွှေရောင်အလင်းတန်းများ တောက်ပလာသည်နှင့်အမျှ ရှေးဟောင်းကမ္ဘာဦးစေတီ၏ မျက်နှာပြင်သည် ရွှေရောင်အလင်းများဖြင့် ချက်ချင်း တဖျတ်ဖျတ် လင်းလက်လာသည်။
၎င်းသည် ဝေဝါးဝါး ရွှေရောင်အစီအရင်တစ်ခုကို ဖြစ်ပေါ်စေပြီး ကျောက်တိုင်စေတီတစ်ခုလုံးကို လွှမ်းခြုံထားသကဲ့သို့ ထင်ရသည်။
ကျောက်တိုင်စေတီကို ဖုံးလွှမ်းထားသော အစီအရင်ကို ဝူယွမ် စူးစမ်းကြည့်လိုက်သည်။ ဤအစီအရင်သည် ရှေးဟောင်းကမ္ဘာဦးစေတီနှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိဘဲ ဤစေတီကြီးမှာ သူတို့ပိုင်ဆိုင်ကြောင်း အခြားသူများကို သက်သေပြရန် မျိုးနွယ်စုကြီးငါးခုက ဖန်တီးထားခြင်းသာ ဖြစ်သည်။
ရွှေရောင်အစီအရင်က ကျောက်တိုင်စေတီကို လွှမ်းခြုံထားပြီးနောက် ရွှေရောင်အလင်းတန်းများ လှိုင်းထသွားကာ ရွှေရောင်တံခါးတစ်ချပ် ပေါ်ထွက်လာသည်။
ဝူယွမ်က ပျံသန်းဝင်ရောက်သွားပြီး တင်းကြပ်စွာ ပိတ်ထားသော ကျောက်တံခါးရှေ့သို့ ရောက်ရှိသွားသည်။ သူက တံခါးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်နှင့် သိပ်သည်းပြီး ရှေးဟောင်းဆန်သော အငွေ့အသက်တစ်ခု ပြန့်ကျဲလာသည်။
ထိုခဏတွင် ပတ်ဝန်းကျင်ရှိလေထုပင်လျှင် ရှေးဟောင်းအနံ့အသက်များဖြင့် စိမ့်ဝင်ပျံ့နှံ့နေသကဲ့သို့ ခံစားလိုက်ရသည်။
သူ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် တံခါးကြီးမှာ ချက်ချင်းပင် ပြန်ပိတ်သွားလေသည်။
“အရမ်းကို ဟာလာဟင်းလင်း ဖြစ်နေတာပဲ၊ ဝိညာဉ်သခင်မျှော်စင်နဲ့ ဆင်တူတဲ့ခံစားချက်မျိုးပဲ”
မှိန်ပျပျလင်းနေသော ကျောက်တိုင်စေတီအတွင်းသို့ ဖြည်းညင်းစွာ လျှောက်လှမ်းဝင်ရောက်သွားရာ အတွင်းပိုင်းနေရာမှာ တွေးထင်ထားသည်ထက် ပိုမိုကျယ်ပြောလှသည်။
လရောင်ပုလဲအချို့ကို စေတီအတွင်းတွင် မြှုပ်နှံထားပြီး နူးညံ့သောအလင်းရောင်များကို ထုတ်လွှင့်နေကာ ကျောက်တိုင်စေတီကို ပို၍ပင် ရှေးဟောင်းဆန်ကာ တိတ်ဆိတ်ငြိမ်သက်နေစေသည်။
မဟာရှေးဟောင်းစွမ်းအင်မှလွဲ၍ အခြားမည်သည့်အရာမျှမရှိပေ။
နီဝမ်နယ်ပယ်အတွင်းရှိ ကစဉ်ကလျားသန္ဓေသားအထက်တွင် ဝါးမျိုခြင်းရူန်းက တဖျတ်ဖျတ်လက်သွားပြီး ဝါးမျိုခြင်းစွမ်းအားများ ပြန့်ကျဲသွားသည်။
ဝူယွမ်၏အရှေ့တွင် ဝဲကတော့တစ်ခု ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်မှ များစွာသော မဟာရှေးဟောင်းစွမ်းအင်များကို အငမ်းမရဝါးမျိုလေတော့သည်။
မဟာရှေးဟောင်းစွမ်းအင်များ သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသည်နှင့် ဝူယွမ်သည် ခန္ဓာကိုယ်အတွင်း၌ ပူနွေးသော ခံစားချက်တစ်ခု ပြန့်နှံ့သွားသည်ကို ချက်ချင်း သိသိသာသာခံစားလိုက်ရသည်။ သူ၏ ကြွက်သားများနှင့် အရိုးများမှာ တဖြည်းဖြည်းပူနွေးလာနေလေသည်။
“ဘယ်လောက်တောင် အံ့သြဖို့ကောင်းတဲ့ စွမ်းအင်လဲ”
ဝူယွမ်၏ မျက်လုံးများ တောက်ပလာသည်။ သူ၏ အာဏာရှင်သွေးများပင်လျှင် စိတ်လှုပ်ရှားတက်ကြွလာပြီး နတ်ဆင်ဖိနှိပ်ခြင်း အကျဉ်းထောင် စွမ်းအားများက သူ့အလိုလို လှည့်ပတ်စီးဆင်းလာသည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ရေတွက်၍မရနိုင်သော အမှုန်အမွှားလေးများက ဤစွမ်းအင်ကို ရူးသွပ်စွာ စုပ်ယူနေကြပြီး ခန္ဓာကိုယ်သန့်စင်ခြင်းကျမ်း ဟွန်းအက္ခရာကလည်း ထိုနည်းတူပင် ပြုလုပ်နေသည်။
မဟာတောင်တန်းခန္ဓာကိုယ် မဟာပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်ပြီး နောက်ထပ် တိုးတက်မှု အရိပ်အယောင်မပြတော့သော သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သည် ယခုအခါတွင် သိသာထင်ရှားသော အရင်းအမြစ်တစ်ခုကို ရရှိနေပြီဖြစ်သည်။
“ငါ ဘုရင်ခန္ဓာကိုယ်ကို ချိုးဖောက်ဝင်ရောက်တော့မယ်လို့ ခံစားနေရတယ်” ဝူယွမ်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
မဟာတောင်တန်းခန္ဓာကိုယ်မှာ မွေးရာပါ ခန္ဓာကိုယ်တစ်ခုသာ ဖြစ်သည်။ ၎င်း၏အထက်တွင် ဘုရင်ခန္ဓာကိုယ်၊ သူတော်စင်ခန္ဓာကိုယ်နှင့် နောက်ဆုံးတွင် မသေမျိုးခန္ဓာကိုယ်ဟူ၍ အဆင့်ဆင့် ရှိသေးသည်။
ဝူယွမ်သည် မဟာတောင်တန်းခန္ဓာကိုယ်၏ စွမ်းအားကို ခံစားသိရှိပြီးဖြစ်သည်။ အကယ်၍ သူ ဘုရင်ခန္ဓာကိုယ်သို့ ရောက်ရှိသွားပါက ခန္ဓာကိုယ်သန့်စင်ခြင်းကျမ်း ဟွန်းအက္ခရာ တစ်ခုတည်းကိုသာ အားကိုး၍ ဝင်စားခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ရင်ဆိုင်နိုင်မည်မှာ သေချာသလောက်ရှိသည်။
“ဝူယွမ်၊ မဟာရှေးဟောင်းနယ်မြေသခင်ကြီးရဲ့ အရှိန်အဝါကို ငါခံစားမိတယ်၊ ဟွမ်က စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။
ဤအချိန်တွင် ကျောက်တိုင်မှ အလင်းတန်းနှစ်ခု ပစ်လွှတ်ထွက်ပေါ်လာသည်။ တစ်ခုမှာ ဟွမ်ဖြစ်ပြီး အခြားတစ်ခုမှာ ကျောက်လက်ဖွဲ့ဖြစ်သည်။
ကျောက်လက်ဖွဲ့ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းသည် အထက်သို့ ပျံတက်သွားပြီး ပထမထပ်မှ သတ္တမထပ်သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားလေသည်။
၎င်းသည် အလွန်အမင်း စိတ်လှုပ်ရှားနေပုံရသည်။ မဟာရှေးဟောင်းစွမ်းအင်သည် ၎င်းအပေါ်တွင် သိသာထင်ရှားသော ပြန်လည်ကုစားခြင်း အကျိုးသက်ရောက်မှုရှိပြီး ထိုအကျိုးသက်ရောက်မှုကို ကမ္ဘာသစ်ပင်ကပင် ပုံတူကူးယူနိုင်စွမ်းမရှိကြောင်း ထင်ရှားနေသည်။
“ဟာ၊ ငါ့ကိုလည်းစောင့်ပါဦး” ဝူယွမ်နှင့် ဟွမ်တို့က အလျင်အမြန် နောက်မှ လိုက်ပါသွားကြသည်။
“သခင်၊ ကမ္ဘာသစ်ပင်ကလည်း ဒီစွမ်းအင်ကိုသဘောကျတယ်” ဟွမ်ယွမ်က စိတ်ချင်းဆက်သွယ်ကာ သတင်းပို့လာသည်။ မဟာရှေးဟောင်းစွမ်းအင် အနည်းငယ်ကို စုပ်ယူလိုက်ရုံဖြင့် ကမ္ဘာသစ်ပင်ထံမှ စိတ်လှုပ်ရှားတက်ကြွသော တုံ့ပြန်မှုကို ရရှိကြောင်း ပြောပြခြင်းဖြစ်သည်။
“ဒီစွမ်းအင်က ကမ္ဘာသစ်ပင်ရဲ့ ကြီးထွားမှုကို ကမ္ဘာခြားနတ်ဆိုးစွမ်းအင်တွေထက်တောင် ပိုမြန်အောင် လုပ်ပေးတယ်၊ လက်ဖဝါးထဲကကောင်းကင်ပုလင်း ထဲက ရင့်ကျက်စေတဲ့ အရည်နဲ့တောင် နှိုင်းယှဉ်လို့ရတယ်၊”
“အို၊ အဲဒီလောက်တောင် အံ့သြဖို့ကောင်းတာလား” ဝူယွမ်က အံ့အားသင့်စွာဖြင့် တုံ့ပြန်လိုက်သည်။
ကမ္ဘာသစ်ပင်၏ အသက်စွမ်းအင် အနှစ်သာရအရည်သည် ဝူယွမ်မြင်ဖူးသမျှထဲတွင် အံ့သြဖွယ်အကောင်းဆုံး စွမ်းအင်တစ်ခုဖြစ်ပြီး အရာခပ်သိမ်းကို ကြီးထွားနိုင်စွမ်းရှိသည်ဟု ဆိုနိုင်ပေသည်။
သို့သော်လည်း ဤကျယ်ပြောလှသော လောကကြီးထဲတွင် အံ့သြဖွယ်ရာများမှာ ဆုံးခန်းတိုင်အောင် မရှိနိုင်ကြောင်း ထင်ရှားနေသည်။
မဟာရှေးဟောင်းစွမ်းအင်သည် အသက်စွမ်းအင် အနှစ်သာရအရည်ထက် ပိုမိုအားကောင်းမည်ဟု မဆိုနိုင်သော်လည်း အသက်စွမ်းအင် အနှစ်သာရအရည်တွင် မရှိသော အကျိုးသက်ရောက်မှုများကိုမူ ပိုင်ဆိုင်ထားပေသည်။
ဝူယွမ်သည် အထက်သို့ ဆက်တိုက်ပြေးတက်သွားပြီး ပဉ္စမထပ်ကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်သွားသည်။ တစ်ချိန်တည်းမှာပင် မြင့်တက်လာသော ဖိအားကို သူခံစားလိုက်ရသည်။
ဆန်းကြယ်ရှင်ခြင်းအဆင့်မှ အစွမ်းထက်သူများမှာ အမှန်တကယ်ပင် ပဉ္စမထပ်အထိသာ ရောက်ရှိနိုင်မည်ဖြစ်သည်။
ဆဋ္ဌမထပ်သို့ ရောက်ရှိပြီးနောက် ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်တွင်ရှိသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးပင်လျှင် ၎င်းကို ခံနိုင်ရည်ရှိမည်မဟုတ်ဘဲ အများဆုံး တစ်မိနစ်ခန့်သာ တောင့်ခံနိုင်မည်ဖြစ်သည်။
သို့သော်လည်း ဝူယွမ်၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ ယုံကြည်နိုင်စရာမရှိလောက်အောင် အစွမ်းထက်သော အခြေအနေတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ပြီး ဝါးမျိုခြင်းစွမ်းအား၏ အကူအညီဖြင့် ဤဖိအားမှာ သူ့အပေါ် သက်ရောက်မှု မရှိတော့ဘဲ သူ၏ ခန္ဓာကိုယ်ကို ခိုင်ခံ့စေရန် အာဟာရတစ်ခုအဖြစ်သာ ဆောင်ရွက်ပေးတော့သည်။
ဝူယွမ် သတ္တမထပ်သို့ ရောက်ရှိသွားသောအခါ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ရှင်းလင်းစွာ ခံစားလိုက်ရပြီး ထိခိုက်မှုမရှိစေရန် နတ်ဆင်ဖိနှိပ်ခြင်း အကျဉ်းထောင် စွမ်းအားကို အသက်သွင်းလိုက်ရသည်။
ပတ်ဝန်းကျင်ရှိ မဟာရှေးဟောင်းစွမ်းအင်များမှာ ရွှေရောင်လွှမ်းကာ တောက်ပနေပြီဖြစ်သည်။ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ ရွှေရောင်အရည်များပြည့်နှက်နေသော ပင်လယ်ပြင်တစ်ခုထဲတွင် ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။
ကျောက်လက်ဖွဲ့သည် သတ္တမထပ်၏ လွတ်လပ်သော နေရာတွင် ရပ်တန့်နေပြီး နူးညံ့သော အဖြူရောင်အလင်းတန်းတစ်ခုကို ရုတ်တရက် ထုတ်လွှင့်လိုက်သည်။
ဤအဖြူရောင်အလင်းတန်းများသည် ၎င်း၏ပတ်ပတ်လည်တွင် လေဝဲကတော့တစ်ခုကို ဖြစ်ပေါ်လာစေသည်။
ထို့နောက် ထိုရွှေရောင်အရည်များနှင့်တူသော မဟာရှေးဟောင်းစွမ်းအင်များက လှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲသွားကာ ကျောက်လက်ဖွဲ့အတွင်းသို့ တိုက်ရိုက် အဆက်မပြတ်စီးဝင်သွားသည်ကို ဝူယွမ် မြင်တွေ့လိုက်ရသည်။
ဤမျှ များပြားလှသော မဟာရှေးဟောင်းစွမ်းအင်များကို ထည့်သွင်းလိုက်သည်နှင့်အမျှ လျှို့ဝှက်ဆန်းကြယ်သော ကျောက်လက်ဖွဲ့၏ မျက်နှာပြင်သည်လည်း အလင်းတန်းများဖြင့် တဖျတ်ဖျတ် လင်းလက်လာသည်။ အသက်စွမ်းအင် အရိပ်အယောင်တစ်ခု ဝေဝါးဝါး စီးဆင်းနေသကဲ့သို့ ထင်ရသည်။
“တကယ်ကို သက်သောင့်သက်သာရှိတဲ့ ခံစားချက်ပဲ” ဝူယွမ်သည်လည်း မဟာရှေးဟောင်းစွမ်းအင်အတွင်း၌ နစ်မြောသွားပြီး အကြိမ်အနည်းငယ် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။
သူ၏ မျက်နှာသည် ဤအချိန်တွင် ရွှေရောင်အလင်းများဖြင့် တောက်ပနေပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ၊ ကြွက်သားများနှင့် အရိုးများအားလုံးက အလွန်အမင်း လောဘကြီးပြီး ရွှင်လန်းသော အသံများကို ထုတ်လွှင့်နေကြောင်းကို သူ အလွန်ရှင်းလင်းစွာ ခံစားနိုင်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာသော မဟာရှေးဟောင်းစွမ်းအင်များသည် ၎င်းတို့အတွက် သေလောက်အောင် အားပြင်းသော ဆွဲဆောင်မှုတစ်ခု ဖြစ်နေသည်။
ဤအချိန်တွင် သူသည် တိမ်တိုက်များပေါ်တွင် လွင့်မျောနေသကဲ့သို့ မယုံနိုင်လောက်အောင် လန်းဆန်းတက်ကြွမှုကို ခံစားနေရသည်။
ဤနေရာရှိ မဟာရှေးဟောင်းစွမ်းအင်များက သူ၏ခန္ဓာကိုယ်ကို တောင့်တစေပြီး ဤမဟာရှေးဟောင်းစွမ်းအားများအားလုံးကို သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ထည့်သွင်းချင်စိတ်များ ပေါ်ပေါက်လာစေသည်။
သူနှင့် ကျောက်လက်ဖွဲ့တို့သည် ဝါးမျိုခြင်းနယ်ပယ်နှစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။ သူတို့ပတ်ဝန်းကျင်ရှိ သိပ်သည်းလှသော မဟာရှေးဟောင်းစွမ်းအင်များမှာ သူတို့နှစ်ဦးကို ဗဟိုပြု၍ အလျင်အမြန် စီးဝင်လာကြသည်။
သုံးရက်တာ အချိန်ကာလမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ ဝူယွမ်နှင့် ကျောက်လက်ဖွဲ့တို့၏ ရူးသွပ်စွာ ဝါးမျိုမှုအောက်တွင် သတ္တမထပ်ရှိ မဟာရှေးဟောင်းစွမ်းအင်များမှာ စတင်ပါးလျလာပြီး ရွှေရောင်အလင်းတန်းများမှာလည်း သိသိသာသာ မှေးမှိန်သွားလေပြီ။
“ငါ အဆင့်ချိုးဖောက်ဝင်ရောက်တော့မယ်လို့ ခံစားနေရတယ်” ဝူယွမ်က ထိုအရာ နီးကပ်လာပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။
သူ အပြည့်အဝ အာရုံစူးစိုက်လိုက်ပြီး ခန္ဓာကိုယ်သန့်စင်ခြင်းကျမ်း ဟွန်းအက္ခရာကို ကျင့်ကြံရန်အတွက် သူ၏အာရုံအားလုံးကို ခန္ဓာကိုယ်သန့်စင်ခြင်းကျမ်းအတွင်းသို့ မြှုပ်နှံလိုက်သည်။
“ဝုန်း ဝုန်း ဝုန်း၊”
သူ၏ အတွင်းအင်္ဂါများဆီမှ မြည်သံများ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်မှာ လျင်မြန်သော ဇီဝကမ္မဖြစ်စဉ်များကို ဖြတ်သန်းသွားသည်။ ရွှေရောင်အလင်းတန်းများ သူ၏အရေပြားမှ ပေါက်ကွဲထွက်ပေါ်လာသည်။
မဟာပြည့်စုံခြင်းအဆင့် မဟာတောင်တန်း ခန္ဓာကိုယ်သည် နောက်ဆုံးတွင် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားလေပြီ။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ဝူယွမ်၏ခန္ဓာကိုယ်တွင်းမှ ပေါက်ကွဲထွက်ပေါ်လာသည်။
ရှေးဟောင်းကမ္ဘာဦးစေတီကြီးပင်လျှင် တုန်ခါသွားလေသည်။ စေတီကြီးတုန်လှုပ်သွားပြီး အပြင်ဘက်ရှိ ကာကွယ်မှုအစီအရင်မှာ ဤစွမ်းအားကြောင့် အမှန်တကယ်ပင် တစ်စစီ ကြေမွပျက်စီးသွားခဲ့သည်။
တောင်ထွတ်တစ်ခုလုံး မြေကြီးထဲသို့ နစ်မြုပ်သွားလေသည်။ ကြီးမားလှသော မြေဆွဲအားကြီးတစ်ခုက တောင်ကြီးကို ဖိချလိုက်သကဲ့သို့ ထင်ရသည်။
တောင်ပေါ်ရှိ လူများမှာလည်း ဤမြေဆွဲအားကြောင့် ဖိနှိပ်ခံလိုက်ရသဖြင့် တောင်တန်းကြီးပေါ်မှ တစ်ယောက်ပြီးတစ်ယောက် ထွက်ပြေးတိမ်းရှောင်သွားကြလေသည်။
သိုင်းပြိုင်ပွဲကျွန်းပေါ်တွင် မျိုးနွယ်စုကြီးငါးခုမှ အစွမ်းထက်ပုဂ္ဂိုလ်များအားလုံး တောင်ထွတ်တွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများကို အာရုံခံမိလိုက်ကြသည်။
သို့သော်လည်း သူတို့ တောင်ပေါ်သို့ တက်ရန်ကြိုးစားသောအခါ အစွမ်းထက်သော မြေဆွဲအားတစ်ခုက သူတို့ကို တားဆီးပိတ်ဆို့ထားကြောင်း တွေ့ရှိလိုက်ရသည်။
စေတီတွင်း၌မူ ဝူယွမ်၏မျက်နှာတွင် ဝမ်းသာကြည်နူးမှုများ ပြည့်နှက်နေသည်။ သူ နောက်ဆုံးတော့ အဆင့်ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
ဘုရင်ခန္ဓာကိုယ်သို့ အဆင့်တက်လှမ်းသွားခြင်းပင်။
မဟာတောင်တန်းခန္ဓာကိုယ်၏ အဆင့်မြှင့်တင်ထားသော အမျိုးအစား၊ နတ်ဘုရားတောင်တန်းခန္ဓာကိုယ်။