← Chapters

အခန်း (၃၅၇-၃၅၈)

Vol. 36 Ch. 357-358

အခန်း (၃၅၇-၃၅၈)

Vol. 36 Ch. 357-358

အခန်း (၃၅၇) - စနစ်ဆုလာဘ်၊ မဟာရှေးဟောင်း ဝိညာဉ်မျိုးစေ့(၁)

ဝူယွမ်က သူ၏စွမ်းအားများကို ပြန်လည်ရုပ်သိမ်းလိုက်သည်နှင့်အမျှ အပြင်ဘက်ရှိ အရာအားလုံးသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေသည်။

တောင်ထွတ်တစ်ခုလုံးကို လွှမ်းခြုံထားသော ကြီးမားလှသည့် မြေဆွဲအားကြီး ပျောက်ကွယ်သွားပြီး အစွမ်းထက်ပုဂ္ဂိုလ်ကြီးများသည်လည်း ကျောက်တိုင်စေတီ၏ အောက်ခြေသို့ ရောက်ရှိလာကြသည်။

ကူရွှေ့သည် စေတီအပြင်ဘက်တွင် ရပ်နေရင်း အံ့အားသင့်မှုနှင့် တွေဝေမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် သူ ရေရွတ်လိုက်သည်။

“အဲဒီစွမ်းအားက”

တောင်ကြီးတစ်လုံး ဖိချလိုက်သကဲ့သို့ ပြင်းထန်လှသော ထိုမြေဆွဲအားကြီးကို ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော သူ၏စွမ်းအားဖြင့်ပင် ခုခံနိုင်စွမ်းမရှိခဲ့ပေ။

“ဝူယွမ်များလား” ကူရွှော့သည် ၎င်းကို ယုံကြည်ရန် ခက်ခဲနေသော်လည်း လက်ရှိအချိန်တွင် စေတီအတွင်း၌ ဝူယွမ်တစ်ယောက်တည်းသာ ရှိနေသည်။ ဤရုတ်ရုတ်သဲသဲဖြစ်မှုမှာ သူ့မှလွဲ၍ အခြားမည်သူမျှ ဖန်တီးနိုင်စွမ်း မရှိပေ။

ဤအချိန်တွင် အခြားမျိုးနွယ်စုကြီးငါးခုမှ အကြီးအကဲများကလည်း သူ့အနီးသို့ ရောက်ရှိလာကြပြီး အပြစ်တင်လိုသော လေသံအနည်းငယ်ဖြင့် မေးမြန်းလာကြသည်။ “အကြီးအကဲ ကူရွှေ့၊ ဘာတွေဖြစ်ကုန်တာလဲ”

“ငါလည်း မသိဘူးလေ” ကူရွှေ့က သူ၏ အပြစ်ကင်းစင်မှုကို ပြသရန် လက်နှစ်ဖက်ကိုဖြန့်ကာ တုံ့ပြန်လိုက်သည်။

“ဒါ ဝူယွမ်ရဲ လက်ချက်ပဲ ဖြစ်ရမယ်၊ သူ့လို ဇာစ်မြစ်မသေချာတဲ့သူတစ်ယောက်ကို ရှေးဟောင်းကမ္ဘာဦးစေတီထဲ ဝင်ခွင့်မပေးသင့်ခဲ့ဘူး”

“ရှေးဟောင်းကမ္ဘာဦးစေတီက ငါတို့ မျိုးနွယ်စုကြီးငါးခုအတွက် အရမ်းကို အရေးပါတယ်၊ အစွမ်းထက်တဲ့လူအတော်များများ ပျိုးထောင်ပေးခဲ့တာလည်း အဲ့အရာကပဲ၊ ငါတို့ မျိုးနွယ်စုကြီးငါးခု ထျန်းဖုန်း ပင်လယ်နယ်မြေမှာ အခိုင်အမာ ရပ်တည်နိုင်တာကလည်း ရှေးဟောင်းကမ္ဘာဦးစေတီရဲ့ အခန်းကဏ္ဍက မပါမဖြစ်လို့ ပြောလို့ရတယ်၊ ကူရွှေ့၊ ရှေးဟောင်းကမ္ဘာဦးစေတီကို တစ်ခုခုဖြစ်သွားခဲ့ရင် မင်းရဲ့ကူမိသားစု အပြစ်ကနေ ကင်းလွတ်ခွင့်ရမှာ မဟုတ်ဘူး” ဝေမိသားစု၏ အကြီးအကဲက ရန်လိုသောဟန်ဖြင့် ပြင်းထန်စွာ ပြောဆိုလိုက်သည်။

“ငါတို့အားလုံး ရှေးဟောင်းကမ္ဘာဦးစေတီထဲ ဝင်ဖူးကြပါတယ်၊ အဋ္ဌမထပ်ကလွဲရင် ကျန်တဲ့နေရာအားလုံးကို စူးစမ်းလေ့လာပြီးသားပါ၊ အခုက စွမ်းအားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာရုံသက်သက်ပါ၊ အဲဒါက ဝူယွမ်ဆီကနေ လာတာဖြစ်ဖို့များတယ်၊ ရှေးဟောင်းကမ္ဘာဦးစေတီနဲ့ သိပ်ကြီးကြီးမားမား သက်ဆိုင်မှုမရှိပါဘူး၊ မလိုအပ်ဘဲ မထိတ်လန့်ကြပါနဲ့၊ ဝူယွမ်ထွက်လာမှ သူ့ကို မေးကြည့်ရင် သိရမှာပါ”

“ဝူယွမ် အဆင့်ချိုးဖောက်ဝင်ရောက်သွားတာ ဖြစ်နိုင်တယ်လို့ ငါသံသယရှိတယ်” ရှန်ထူမိသားစု၏ အကြီးအကဲက အကဲခတ်ကာ မှတ်ချက်ပြုလိုက်သည်။

ဝူယွမ်သည် ဝင်စားခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော လျှို့ဝှက်အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ရှန်ထူကျွယ်ထံမှ သူ ကြိုတင်သိရှိထားပြီးဖြစ်သဖြင့် ယခုကဲ့သို့ ရုတ်တရက်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာခြင်းအပေါ် သိပ်ပြီး အံ့အားသင့်နေခြင်း မရှိပေ။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ခုနက စွမ်းအားက ဆန်းကြယ်သေခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့တောင် နှိုင်းယှဉ်လို့ရတယ်၊ ဝူယွမ်က ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်မှာပဲ ရှိသေးတာကို” ဝေမိသားစု အကြီးအကဲက ၎င်းကို အဓိပ္ပာယ်မရှိသော စကားအဖြစ်သာယူဆကာ လုံးဝမယုံကြည်ပေ။

“ဒါက ရှေးဟောင်းကမ္ဘာဦးစေတီရဲ့ အဋ္ဌမထပ်ကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ရမယ်၊ ဝူယွမ်က အဋ္ဌမထပ်ကို ဝင်သွားပြီး ရှေးဟောင်းကမ္ဘာဦးစေတီရဲ့ စွမ်းအားကို အသက်သွင်းလိုက်တာနေမယ်၊ သူ ရှေးဟောင်းကမ္ဘာဦးစေတီကို မဖျက်ဆီးခင် အခုချက်ချင်း ဝူယွမ်ကို အတင်းဆွဲထုတ်သင့်တယ်လို့ ငါထင်တယ်၊”

“ဝိညာဉ်အိုကြီးဝေ၊ ရှေးဟောင်းကမ္ဘာဦးစေတီက ဘယ်လိုတည်ရှိမှုမျိုးလဲဆိုတာ မင်းမသိဘူးလား၊ ဆန်းကြယ်သေခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်တောင် မဆိုထားနဲ့၊ ဝင်စားခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်တောင် သူ့ကို ဖျက်ဆီးနိုင်ချင်မှ ဖျက်ဆီးနိုင်မှာ၊ ခုနက စွမ်းအားက ဝူယွမ်ဆီက လာတာမဟုတ်ဘူးလို့ မင်း မယုံကြည်ဘူးဆိုမှတော့ ဆန်းကြယ်ရှင်ခြင်းအဆင့်မှာပဲ ရှိသေးတဲ့ လူငယ်လေးတစ်ယောက်က ရှေးဟောင်းကမ္ဘာဦးစေတီကို ဘယ်လိုလုပ် ဖျက်ဆီးနိုင်မှာလဲ” ကူရွှေ့က ဒေါသတကြီးဖြင့် ပြန်လည်ချေပလိုက်သည်။

ဝူယွမ်သည် ရှေးဟောင်းကမ္ဘာဦးစေတီအတွင်း၌ သေချာပေါက် ကျင့်ကြံနေခြင်းဖြစ်သည်။ သူ့အား အတင်းအဓမ္မဆွဲထုတ်ခြင်းက ကောင်းကျိုးတစ်ခုကို ဖြစ်ပေါ်စေမည်မဟုတ်ပေ။

“ကဲ၊ အငြင်းပွားတာ ရပ်ကြတော့၊ ဝူယွမ် ထွက်လာတဲ့အထိ စောင့်ကြတာပေါ့” ရှန်ထူမိသားစု၏ အကြီးအကဲက ဝင်ရောက်ဖျန်ဖြေလိုက်ရသည်။

စေတီအတွင်း၌မူ ဝူယွမ်၏ခန္ဓာကိုယ်သည် စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး သူ၏အရေပြားပေါ်တွင် ခရမ်းရောင်နှင့် ရွှေရောင်အလင်းများ စိမ့်ဝင်ပျံ့နှံ့နေသည်။ ထိုအရောင်နှစ်ခု အပြန်အလှန် ယှက်နွှယ်နေမှုအောက်တွင် သူ၏အရေပြားသည် ရှေးဟောင်းဆန်သော အရောင်အဆင်းတစ်ခုကို ဖြည်းညင်းစွာ ထုတ်လွှင့်နေပြီး မဟာရှေးဟောင်းစွမ်းအားများကိုပါ သယ်ဆောင်ထားလေသည်။

ခန္ဓာကိုယ်သန့်စင်ခြင်းကျမ်း ဟွန်းအက္ခရာ၏ သိသာထင်ရှားသော အဆင့်ချိုးဖောက်ဝင်ရောက်မှုက ဝူယွမ်၏ ခန္ဓာကိုယ်စွမ်းအားကို အဆင့်သစ်တစ်ခုဆီသို့ ပို့ဆောင်ပေးလိုက်လေပြီ။

နတ်ဘုရားတောင်တန်း ခန္ဓာကိုယ်သည် မဟာတောင်တန်းခန္ဓာကိုယ်နှင့် ဆင်တူသော အကျိုးသက်ရောက်မှုရှိသော်လည်း စွမ်းအားတိုးပွားမှုမှာ မဟာတောင်တန်းခန္ဓာကိုယ်ထက် အဆတစ်ရာနီးပါး သာလွန်လှသည်။

ယခု သူထုတ်လွှတ်လိုက်သော မြေဆွဲအားနယ်မြေသည် လိုက်လျောညီထွေမှုရှိသော စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားပြီး တိကျသောဦးတည်ချက်ဖြင့် ဖိနှိပ်ခြင်းကို ပြုလုပ်နိုင်သည်။

ဆိုလိုသည်မှာ နယ်မြေ၏ စွမ်းအားအားလုံးကို နေရာတစ်နေရာတည်းတွင် စုစည်း၍ မြေဆွဲအားကို အဆပေါင်းများစွာ တိုးမြှင့်နိုင်ခြင်းပင်။

ဤအချိန်တွင် ရှေးဟောင်းကမ္ဘာဦးစေတီ၏ သတ္တမထပ်နှင့် အောက်ထပ်များရှိ မဟာရှေးဟောင်းစွမ်းအင်များမှာ အလွန်အမင်း ပါးလျသွားခဲ့ပြီဖြစ်ပြီး ၎င်းတို့အားလုံးကို ဝူယွမ်၊ ကျောက်လက်ဖွဲ့နှင့် ကမ္ဘာသစ်ပင်တို့က စုပ်ယူလိုက်ကြပြီဖြစ်သည်။

သူတို့သည် အဆုံးမရှိသော တွင်းနက်ကြီးများပမာ ဤစွမ်းအင်များကို အဆက်မပြတ်ဆွဲယူနေကြသည်။

“ဒီအဋ္ဌမထပ်က” ဝူယွမ်သည် အဋ္ဌမထပ်ဆီသို့ သွားရာ လမ်းကြောင်းကို မော့ကြည့်လိုက်သည်။ ၎င်းမှာ အမှန်တကယ် လမ်းကြောင်းတစ်ခု မဟုတ်ဘဲ ရွှေရောင်အလင်းအမြှေးပါးတစ်ခုသာ ဖြစ်နေသည်။

အလင်းအမြှေးပါးနောက်ကွယ်မှ ထွက်ပေါ်လာသော ဝေဝါးဝါး ရှေးဟောင်းစွမ်းအင်လှိုင်းတစ်ခုကို သူ ခံစားလိုက်ရသည်။ ထိုစွမ်းအင်လှိုင်းအောက်တွင် ဝူယွမ်သည် သူ၏ဝိညာဉ်ပင်လျှင် အနည်းငယ်တုန်ခါသွားသည်ကို တွေ့ရှိလိုက်ရသည်။

“ဝင်စားခြင်းအဆင့်ထက်သာလွန်တဲ့ တည်ရှိမှုတစ်ခုပဲ” အဋ္ဌမထပ်တွင် ဝင်စားခြင်းအဆင့်ကို ကျော်လွန်သော စွမ်းအင်လှိုင်းတစ်ခု ရှိနေသည်။

“ဒါက မဟာရှေးဟောင်းနယ်မြေသခင်ကြီး ဖြစ်ရမယ်”

“အလင်းအမြှေးပါးက နည်းနည်းကွဲအက်နေသလိုပဲ” ဝူယွမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

အလင်းအမြှေးပါး၏အစွန်းတွင် သေးငယ်သော အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။

“အဲဒီမှာ တစ်ခုခုရှိနေတယ်” ရုတ်တရက် အက်ကွဲကြောင်းထံမှ ခရမ်းရွှေရောင်အလင်းတန်းတစ်ခု တဖျတ်ဖျတ်လက်သွားပြီးနောက် တစ်လက်မခန့်အရွယ်အစားရှိ ခရမ်းရွှေရောင် အလင်းတန်းတစ်ခုက ဝူယွမ်ဆီသို့ တည့်မတ်စွာ ရုတ်ခြည်း ပစ်လွှတ်ထွက်ပေါ်လာသည်။

ဝူယွမ်သည် အက်ကွဲကြောင်းကို မြင်တွေ့ကတည်းက သတိဝီရိယဖြင့် ရှိနေခဲ့သဖြင့် ခရမ်းရွှေရောင်အလင်းတန်း ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် သတိပြုမိလိုက်သည်။

သူ၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားပြီး အလျင်အမြန်နောက်ဆုတ်သွားစဉ် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းတစ်ခုကို လက်သီးဖြင့် ရုတ်တရက်ထိုးနှက်ကာ ခရမ်းရွှေရောင်အလင်းတန်းဆီသို့ ကြမ်းတမ်းစွာ ပစ်လွှတ်လိုက်သည်။

သို့သော်လည်း ခရမ်းရွှေရောင်အလင်းတန်းက ဝူယွမ်၏တိုက်ခိုက်မှုကို လျစ်လျူရှုကာ မျက်ခုံးနှစ်ခုကြားဆီသို့ ၀င်ရောက်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်ရန် အလွန်လိုလားနေပုံရသည်။

“ငါ့ခန္ဓာကိုယ်ထဲကို အတင်း၀င်ချင်နေတဲ့ ဒါက ဘာအရာလဲ” ဝူယွမ်၏ အာဏာရှင်သွေးများ ဆူပွက်လာပြီး ကျယ်ပြောကာ လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားတစ်ခုက ခရမ်းရွှေရောင်အလင်းတန်းကို ချက်ချင်း ပိတ်ဆို့တားဆီးလိုက်သည်။

ဝီ၊ ဝီ၊

ခရမ်းရွှေရောင်အလင်းတန်းနှင့် ဝူယွမ်၏ အာဏာရှင်သွေးစွမ်းအားတို့ ရုန်းကန်တိုက်ခိုက်ကြရာ သတ္တမထပ်ရှိလေဟာနယ်မှာ တုန်ခါသွားလေသည်။

၎င်းသည် ကမ္ဘာဦးခေတ် ရှေးဟောင်းနဂါးတစ်ကောင်ပမာ အလွန်ကြမ်းတမ်းစွာ ထိုးဖောက်ဝင်ရောက်လာပြီး ဝူယွမ်၏ဖိနှိပ်ထားမှုကို ချိုးဖောက်ရန် ကြိုးပမ်းနေလေသည်။

“ငြိမ်ငြိမ်နေစမ်း” ဝူယွမ်သည် ခရမ်းရွှေရောင်အလင်းတန်းကို ချိတ်ပိတ်ရန်အတွက် မိုးပြာဧကရာဇ်သွေးတစ်စက်ကို ညှစ်ထုတ်လိုက်သည်။

အာဏာရှင်သွေး၏ လွှမ်းခြုံခြင်းကိုခံရပြီးနောက် အလင်းတန်းသည် နောက်ဆုံးတွင် နာခံမှုရှိစွာ ငြိမ်ကျသွားတော့သည်။

“မင်းက ဘာလဲဆိုတာ ငါကြည့်ရသေးတာပေါ့” သူသည် အာဏာရှင်သွေးဖြင့် ရစ်ပတ်ထားသော အရာဝတ္ထုကို လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်သည်။ ခရမ်းရောင် သွေးအလင်းတန်းကို ဖြတ်သန်းကြည့်ရှုလိုက်ရာ အတွင်း၌ မည်သည့်အရာရှိနေကြောင်းကို သူ နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။

“အရေခွံအပိုင်းအစလေးတစ်ခုလား” အရာဝတ္ထုမှာ ခရမ်းရွှေရောင် ဖြစ်သော်လည်း ၎င်းသည် လက်သည်းခွံအရွယ်အစားရှိသာ အရေခွံအပိုင်းအစတစ်ခုဖြစ်ကြောင်း ရှင်းလင်းလှပြီး လက်ဗွေရာများနှင့် ဆင်တူသော ခရုပတ်ပုံစံများ ၎င်းပေါ်တွင် ရှိနေသည်။

သူ၏ စိတ်စွမ်းအင်ဖြင့် စုံစမ်းကြည့်ရှုလိုက်သောအခါ ဤကြေးခွံအပိုင်းအစလေးမှာ သေးငယ်သော်လည်း ကျယ်ပြောနက်နဲသော မဟာရှေးဟောင်းစွမ်းအင်များ ပါဝင်နေကြောင်း ဝူယွမ် တွေ့ရှိလိုက်ရသည်။

“ဒါက မဟာရှေးဟောင်းနယ်မြေသခင်ကြီးရဲ့ မဟာရှေးဟောင်း အရေခွံဖြစ်ရမယ်၊” ဟွမ်က ထွက်ပေါ်လာပြီး ပြောလိုက်သည်။

“မဟာရှေးဟောင်းနယ်မြေသခင်ကြီးက ရှေးဟောင်းသခင်ရှစ်ပါးထဲမှာ ရုပ်ပိုင်းဆိုင်ရာ အစွမ်းအထက်ဆုံးသူပဲ၊ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ သန့်စင်တဲ့ မဟာရှေးဟောင်းစွမ်းအင်တွေ ပါဝင်နေတယ်၊ အဲဒါကို စုပ်ယူလိုက်ရင် အကျိုးရှိလိမ့်မယ်”

“မဟာရှေးဟောင်းနယ်မြေသခင်ကြီးရဲ့ အရေခွံဟုတ်လား” ဝူယွမ်သည် လက်သည်းခွံအရွယ်အစားရှိသော အရေခွံအပိုင်းအစကို လက်ချောင်းများဖြင့် ညှပ်ကိုင်ထားရင်း သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းနေသည်။

“ဒီလောက် သေးတာကို၊ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းက အရေခွံလဲ”

“ကြည့်ရတာတော့ ကွာကျလာတဲ့ အရေခွံဟောင်း ဖြစ်ရမယ်၊ ဒါပေမယ့် ဘယ်အစိတ်အပိုင်းကလဲဆိုတာတော့ ပြောဖို့ခက်တယ်” ဟွမ်က ပြန်လည်ဖြေကြားလိုက်သည်။

“ဒါပေမယ့် အဲဒါက အရေးမကြီးပါဘူး၊ မဟာရှေးဟောင်းအရေခွံက ရှားပါးတဲ့ ရတနာတစ်ခုပဲ၊ သူ့ကို သန့်စင်ကြည့်ပါလား”

“ဒီလောက် စွမ်းအင်နည်းနည်းလေးကို မလိုပါဘူး” ဝူယွမ်က ခဏစဉ်းစားပြီးနောက် တုံ့ပြန်လိုက်သည်။ မည်သည့်အစိတ်အပိုင်းမှ အရေခွံဖြစ်ကြောင်း မသိရသော်လည်း သူ၏ အလိုအလျောက်သိစိတ်က ခြေဖဝါးမှ အရေခွံဖြစ်မည်ဟု တွေးတောမိလိုက်သည်။

ထို့ကြောင့် သူသည် ၎င်းကို အသုံးမပြုတော့ရန် ဆုံးဖြတ်လိုက်ပြီး အခြားသူတစ်ဦးဦးအား စုပ်ယူခိုင်းရန်သာ တွေးလိုက်သည်။

ဝူယွမ်သည် အရေခွံအပိုင်းအစကို လတ်တလော သိမ်းဆည်းထားလိုက်သည်။

[စနစ်အသိပေးချက်]။ ။ရှေးဟောင်းကမ္ဘာဦးစေတီသို့ ရောက်ရှိပါပြီ၊ ဆိုင်းအင်လုပ်လိုပါသလား။ ဟူသည့် စနစ်၏ ကြာမြင့်စွာကတည်းက မကြားခဲ့ရသော အသံသည် ဤအချိန်တွင် ဝူယွမ်၏ စိတ်ထဲ၌ ထွက်ပေါ်လာလေသည်။

‘နောက်ဆုံးတော့ ရောက်လာပြီပဲ...’

ဝူယွမ်သည် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး ဆိုင်းအင်မလုပ်ခဲ့ရသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။

“ဆိုင်းအင်လုပ်မယ်”

[စနစ်အသိပေးချက်]။ ဆိုင်းအင်လုပ်ခြင်း အောင်မြင်ပါသည်၊ ဆုလာဘ်အဖြစ် မဟာရှေးဟောင်း ဝိညာဉ်မျိုးစေ့ကို ရရှိပါသည်။

[စနစ်အသိပေးချက်]။ ။မဟာရှေးဟောင်း ဝိညာဉ်မျိုးစေ့ - ကောင်းကင်နှင့် မြေကြီး အစပြုချိန်တွင် မွေးဖွားလာသော ကမ္ဘာဦး ဝိညာဉ်မျိုးစေ့တစ်ခုဖြစ်ပြီး အခြားစွမ်းအင်များကို အဆက်မပြတ် စုပ်ယူနိုင်ကာ မဟာရှေးဟောင်းစွမ်းအင်များကို ထုတ်လွှတ်ပေးနိုင်စွမ်းရှိသည်။

အခန်း (၃၅၈) - စနစ်ဆုလာဘ်၊ မဟာရှေးဟောင်း ဝိညာဉ်မျိုးစေ့(၂)

မဟာရှေးဟောင်းစွမ်းအားများကို လျင်မြန်စွာ စုစည်းနိုင်ရန် ကူညီပေးနိုင်ပြီး ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းလိုက်သောအခါ သွေးကြောစဉ်ဆက် ရှေးဟောင်းအသွင်ပြောင်းလဲခြင်းကို ဖြစ်ပေါ်စေကာ မဟာရှေးဟောင်းအဆင့်သို့ ရောက်ရှိစေပြီး ရုပ်ပိုင်းဆိုင်ရာကို သူတော်စင်အဆင့်သို့ ရောက်ရှိအောင် ကူညီပေးနိုင်သည်။

[စနစ်အသိပေးချက်]။ ဆိုင်းအင်လုပ်ရန် နေရာ အသစ်ပြန်လည်သတ်မှတ်ပြီးပါပြီ၊ မိုးကြိုးခန်းမတွင် မှတ်ပုံတင်ပါ။

“မဟာရှေးဟောင်း ဝိညာဉ်မျိုးစေ့၊ တကယ်မိုက်တာပဲ၊ မျှော်လင့်ထားတဲ့အတိုင်း ‘မဟာရှေးဟောင်း’ ဆိုတဲ့ နာမည်ပါတဲ့ အရာမှန်သမျှ ရိုးရှင်းမနေဘူး” ဝူယွမ်က တီးတိုး ရေရွတ်လိုက်သည်။

သူသည် မဟာရှေးဟောင်း ဝိညာဉ်မျိုးစေ့ကို အလျင်စလို စစ်ဆေးခြင်းမပြုသေးပေ။ ရှေးဟောင်းကမ္ဘာဦးစေတီကို သိမ်းပိုက်ရဦးမည်ဖြစ်သည်။

မဟာရှေးဟောင်းနယ်မြေသခင်ကြီးသည် အဋ္ဌမထပ်တွင် အိပ်စက်အနားယူနေသည်။ ယခင် မီးသခင်နှင့် မတူညီသည်မှာ မီးသခင်သည် အိပ်စက်နေစဉ်အတွင်း ရေတွက်၍မရနိုင်သော ကမ္ဘာခြားနတ်ဆိုးများကို ဖိနှိပ်ထားရသဖြင့် ထိုနေရာမှ ထွက်ခွာ၍မရနိုင်ပေ။

မဟာရှေးဟောင်းနယ်မြေသခင်ကြီးတွင်မူ ထိုသို့သော ဖိအားမျိုးမရှိဘဲ သူ၏ ဒဏ်ရာများမှ ပြန်လည်သက်သာလာစေရန်သာ လိုအပ်သည်။ ဝူယွမ်သည် သူ့အား ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းသို့ ခေါ်ဆောင်သွားကာ ပြန်လည်ကုစားပေးလိုသည်။

မဟာရှေးဟောင်းစွမ်းအင်သည် ကျင့်ကြံခြင်းတွင် ကြီးမားသော အကျိုးသက်ရောက်မှု ရှိသော်လည်း ပြန်လည်သက်သာလာစေမှုအပိုင်းတွင်မူ ကမ္ဘာသစ်ပင်၏ အသက်စွမ်းအင်အနှစ်သာရအရည်က ပိုမို၍ အစွမ်းထက်လှသည်။

ဤအချိန်တွင် ကျောက်လက်ဖွဲ့သည် ဝူယွမ်၏ ဘေးသို့ လွင့်မျောလာပြီး ကျောက်လက်ဖွဲ့အတွင်းမှ အလင်းအရိပ်တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ အလင်းအရိပ်၏ ပုံပန်းသဏ္ဌာန်မှာ ရှင်းလင်းပြတ်သားခြင်း မရှိဘဲ ၎င်း၏ မျက်နှာသွင်ပြင်ကိုလည်း တိကျစွာ မမြင်နိုင်ပေ။

သို့သော်လည်း ၎င်းထံမှ ထုတ်လွှင့်နေသော ဝေဝါးဝါး အသက်စွမ်းအင် အရိပ်အယောင်များအရ ဤအလင်းအရိပ်ထဲတွင်လည်း အသက်စွမ်းအင် လှုပ်ရှားမှုများ ရှိနေကြောင်း ရှင်းလင်းစွာ သိရှိနိုင်သည်။

“မိတ်ဆွေဟောင်းကြီး၊ မင်း နောက်ဆုံးတော့နိုးထလာပြီပဲ” ဟွမ်က ဘေးမှနေ၍ နှုတ်ဆက်လိုက်သည်။

“ငါ ဒီလောက်တောင် ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားပြီး ဒီလောက်ကြာကြာ အိပ်စက်နေရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး” ဘိုးဘေးကျောက်လက်ဖွဲ့ ဝိညာဉ်၏ အလင်းအရိပ်သည် ကျောက်လက်ဖွဲ့၏ အထက်တွင် လွင့်မျောနေပြီး ၎င်း၏ ဩရှရှ တည်ငြိမ်သော အသံက ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

“မူလကျောက်လက်ဖွဲ့၊ မင်း ပြန်ကောင်းသွားပြီလား” ဝူယွမ်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

“ငါ့ရဲ့ အသိစိတ်လေးပဲ နိုးထလာတာပါ၊ ငါ့ရဲ့ စွမ်းအားတွေကတော့ ပြန်မပြည့်သေးဘူး” ဘိုးဘေးကျောက်လက်ဖွဲ့၏ ဝိညာဉ်က ခေါင်းယမ်းကာ ပြန်လည်ဖြေကြားလိုက်သည်။ သူ၏ စကားများထဲတွင် နောင်တရနေသော အရိပ်အယောင်အနည်းငယ်ကို ဝူယွမ် ကြားလိုက်ရသည်။

“မင်းက ကမ္ဘာသစ်ပင်ရဲ့ စွမ်းအားတွေကိုလည်း စုပ်ယူထားတယ် မဟုတ်လား” ဝူယွမ်က မေးလိုက်ရာ ဟွမ်က ဝင်ရောက်ရှင်းပြလိုက်လေသည်။

“ယန် ပြန်လည်သက်သာလာဖို့အတွက် စွမ်းအင် အမြောက်အမြား လိုအပ်တယ်၊ ကမ္ဘာသစ်ပင်ရဲ့စွမ်းအားက သူ့ကို ကူညီပေးနိုင်ပေမယ့် ကမ္ဘာသစ်ပင်ရဲ့ မူလစွမ်းအင်အများအပြားကို အသုံးပြုဖို့ လိုအပ်တယ်၊ ကမ္ဘာသစ်ပင်က ဒါကို သူ့အလိုလို ခုခံငြင်းဆန်နေတယ်၊ ဟွမ်ယွမ်နဲ့ ငါက ကမ္ဘာသစ်ပင်ရဲ့ မူလစွမ်းအင်ကို အတင်းအဓမ္မသုံးလို့ရပေမယ့် ယန်က အဲဒီလိုလုပ်ဖို့ ဆန္ဒမရှိဘူး၊ အခုချိန်မှာ ကမ္ဘာသစ်ပင်က ငါတို့လို ဝိညာဉ်ရတနာတွေအတွက် အကောင်းဆုံးခိုလှုံရာအိမ်ပဲ၊ သူ့ရဲ့ ကြီးထွားလာမှုက ငါတို့အတွက် အရမ်းကိုအရေးကြီးတယ်၊”

ယန်ဆိုသည်မှာ ဘိုးဘေးကျောက်လက်ဖွဲ့ ဝိညာဉ်၏ အမည်ဖြစ်သည်။

ယန် - “ကမ္ဘာသစ်ပင်ထဲမှာ ငါ ဖြည်းဖြည်းချင်း ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်၊ အချိန်ပိုကြာမယ်ဆိုရုံလေးပါ၊ ဘာမှ ထိခိုက်မှု မရှိပါဘူး၊”

မူလကျောက်လက်ဖွဲ့သည် ထျန်းရွှမ်တိုက်ကြီး၏ ဒုတိယမြောက် နတ်ဘုရားရတနာဖြစ်ပြီး မူလသန္ဓေသားလောင်း၏ နောက်တွင်သာရှိသဖြင့် ပြန်လည်ကောင်းမွန်လာစေရန် အမှန်တကယ်ပင် မလွယ်ကူလှပေ။ ကမ္ဘာသစ်ပင်၏ မူလစွမ်းအင်ကိုပင် လိုအပ်နေသေးသည်။

“ကောင်းပြီလေ” ဝူယွမ်က သက်ပြင်းချကာ တုံ့ပြန်လိုက်သည်။

သူလည်း မူလကျောက်လက်ဖွဲ့ကို မြန်မြန်ဆန်ဆန် ပြန်ကောင်းလာစေချင်သော်လည်း ကမ္ဘာသစ်ပင်ကို ထိခိုက်နစ်နာစေမည့် တန်ဖိုးပေးရမည်ဆိုပါက သူ လုံးဝပြုလုပ်မည်မဟုတ်ပေ။

ကမ္ဘာသစ်ပင်မှာ အရေးကြီးဆုံးဖြစ်ပြီး ကမ္ဘာသစ်ပင်၏ ကမ္ဘာခြားနတ်ဆိုးများကို ဖိနှိပ်ခြင်းနှင့် စုပ်ယူခြင်းစွမ်းရည်သည် ယန်ထက် များစွာ သာလွန်သော အခန်းကဏ္ဍတွင် ပါဝင်နိုင်သည်။ ထို့ကြောင့် ကမ္ဘာသစ်ပင်၏ ဖွံ့ဖြိုးတိုးတက်မှုကို မဖြစ်မနေ ဦးစားပေးရမည်ဖြစ်သည်။

ထို့အပြင် ကမ္ဘာသစ်ပင် ပိုမိုအားကောင်းလာသောအခါ ရှေးဟောင်းခေတ်က ဒဏ်ရာရရှိခဲ့သော ဝိညာဉ်များနှင့် ပုဂ္ဂိုလ်ကြီးများလည်း ပိုမိုလျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနိုင်မည် ဖြစ်သည်။

“ဒါပေမယ့် အဋ္ဌမထပ်မှာရှိတဲ့ မဟာရှေးဟောင်းစွမ်းအင်က မင်းကို စွမ်းအားအချို့ ပြန်လည်ရရှိဖို့ ကူညီပေးနိုင်မှာပါ” ဝူယွမ်သည် အဋ္ဌမထပ်ကို ကြည့်ကာ ပြောလိုက်လေ၏။

“အဲဒီမှာရှိတဲ့ မဟာရှေးဟောင်းစွမ်းအင်တွေက မဟာရှေးဟောင်းနယ်မြေသခင်ကြီးကို ကုသပေးနေတာ၊ ငါသာ အဲဒါကို စုပ်ယူလိုက်ရင် အဲဒီကောင်သေသွားလိမ့်မယ်” ယန်ကလည်း အဋ္ဌမထပ်ကို လှမ်းကြည့်ကာ သက်ပြင်းချလိုက်သည်။

ဘိုးဘေးကျောက်လက်ဖွဲ့ ဝိညာဉ်သည် အဋ္ဌမထပ်၏ အောက်ခြေသို့ လွင့်မျောသွားပြီး နို့နှစ်ရောင် အဖြူရောင်အလင်းတန်းတစ်ခုက အလင်းအမြှေးပါးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။

ဝူယွမ်သည် အဋ္ဌမထပ်ရှိမြင်ကွင်းကို တွေ့မြင်လိုက်ရသည်။ ၎င်းမှာ ခရမ်းရွှေရောင်အရေခွံနှင့် တူညီသော မဟာရှေးဟောင်းစွမ်းအင်များ ပါဝင်သည့် ခရမ်းရွှေရောင် အလင်းတန်းသမုဒ္ဒရာကြီးတစ်ခု ဖြစ်သည်။

ထိုအတွင်းရှိ မဟာရှေးဟောင်းစွမ်းအင်များမှာ အရည်အသွင်ပြောင်းလုနီးပါး သိပ်သည်းနေလေပြီ။

ထိုခရမ်းရွှေရောင် သမုဒ္ဒရာကြီး၏ အလယ်ဗဟိုတွင် မီတာတစ်ထောင်ခန့် ကြီးမားလှသော ဧရာမ ခန္ဓာကိုယ်ကြီးတစ်ခု တိတ်ဆိတ်ငြိမ်သက်စွာ လဲလျောင်းနေသည်။ ထိုဧရာမလူကြီး၏ အရေပြားမှာ ခရမ်းရွှေရောင်ဖြစ်ပြီး ၎င်းပေါ်တွင် နက်နဲသော ခရုပတ်ပုံစံအချို့ ထွက်ပေါ်နေသည်။

“မဟာရှေးဟောင်းရူန်းတွေ” ဝူယွမ်က ထိုနက်နဲသော ခရုပတ်ပုံစံများမှာ မဟာရှေးဟောင်းရူန်းများဖြစ်ကြောင်း ချက်ချင်း ကောက်ချက်ချလိုက်သည်။

မဟာရှေးဟောင်းနယ်မြေသခင်ကြီးသည် မဟာရှေးဟောင်းရူန်းများကို သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်အတွင်းသို့ ကျင့်ကြံထည့်သွင်းထားခြင်း ဖြစ်သည်။

လက်ရှိတွင် သူသည် အိပ်စက်နေသော အခြေအနေ၌ ရှိနေသော်လည်း သူ၏ပတ်ဝန်းကျင်ရှိ လေဟာနယ်မှာ လိမ်ကောက်နေသည့် အရိပ်အယောင်များကို ပြသနေသည်။

အကယ်၍ ဤဧရာမလူကြီးသာ ထရပ်လိုက်မည်ဆိုပါက လေဟာနယ်တစ်ခုလုံး ပြိုကျပျက်စီးသွားလိမ့်မည်ကို ဝူယွမ် လုံးဝ သံသယမရှိပေ။

သူ၏ ခန္ဓာကိုယ်သည် အလွန်အမင်း အစွမ်းထက်လှပြီး ခန္ဓာကိုယ်စွမ်းအား၏ စစ်မှန်သော ပြယုဂ်တစ်ခုပင် ဖြစ်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်မှ ထုတ်လွှင့်နေသော စွမ်းအားသက်သက်ဖြင့်ပင် လေဟာနယ်ကို သက်ရောက်မှု ရှိစေနိုင်သည်။

“ဒီရှေးဟောင်းကမ္ဘာဦးစေတီထဲမှာ မဟာရှေးဟောင်းဘိုးဘေးအဆောင်ရဲ့ စွမ်းအင်လှိုင်း မရှိဘူး၊ သေချာပေါက် ပျောက်ဆုံးသွားတာဖြစ်ရမယ်” ယန်က သူ၏အကြည့်များကို ရွှေ့ကာ မှတ်ချက်ပြုလိုက်သည်။

“မင်း အဋ္ဌမထပ်ကို ဝင်လို့ရတယ် မဟုတ်လား” ဝူယွမ်က ကျောက်လက်ဖွဲ့ကို ကြည့်ကာ မေးလိုက်သည်။

“အင်း၊”

“မင်း ဘာလုပ်ချင်လို့လဲ” ယန်က ခေါင်းညိတ်ကာ ပြန်လည်မေးမြန်းလိုက်သည်။

“ငါ ကမ္ဘာသစ်ပင်ရဲ့ အကိုင်းအခက်တွေကို အဋ္ဌမထပ်အထိ ဆန့်ထုတ်ပြီး မဟာရှေးဟောင်းနယ်မြေသခင်ကြီးကို ကမ္ဘာသစ်ပင်ဆီပြောင်းရွှေ့ ကုသပေးချင်လို့ပါ၊ အသက်စွမ်းအင် အနှစ်သာရအရည်က သူ့ကို ဒီက မဟာရှေးဟောင်းစွမ်းအင်တွေထက် ပိုပြီး လွယ်လွယ်ကူကူ ပြန်ကောင်းလာစေနိုင်တယ်၊ အဲဒါဆို မင်း အဋ္ဌမထပ်မှာရှိတဲ့ မဟာရှေးဟောင်းစွမ်းအင်တွေကို စုပ်ယူလို့ရပြီပေါ့” ဝူယွမ်က သူ၏ အစီအစဉ်ကို ရှင်းပြလိုက်သည်။

“ဒါလည်း ဟုတ်တာပဲ” ယန်က သဘောတူလိုက်သည်။

အသက်စွမ်းအင် အနှစ်သာရအရည်က ဒဏ်ရာများ ကုသရာတွင် အရှိန်မြှင့်တင်ပေးနိုင်ပြီး မဟာရှေးဟောင်းစွမ်းအင်ကမူ စွမ်းအားများ ပြန်လည်ပြည့်ဖြိုးစေရန်အတွက် ပိုမိုသင့်လျော်သည်။

“လက်ရှိအချိန်မှာ မဟာရှေးဟောင်းနယ်မြေသခင်ကြီးက အိပ်စက်တဲ့ အခြေအနေမှာ ရှိနေပေမယ့် သူ ငါ့ရဲ့အရှိန်အဝါကို သိတယ်၊ ငါ သူ့ကို မူလကျောက်လက်ဖွဲ့ထဲ အရင်ပြောင်းရွှေ့လိုက်မယ်”

မူလကျောက်လက်ဖွဲ့သည် အလင်းအမြှေးပါးရှိ အက်ကွဲကြောင်းမှတစ်ဆင့် ပျံသန်းဝင်ရောက်သွားသည်။ နို့နှစ်ရောင်အလင်းတန်းများ ပြန့်ကျဲသွားကာ မဟာရှေးဟောင်းနယ်မြေသခင်ကြီးကို လွှမ်းခြုံလိုက်ပြီး ဧရာမ ခန္ဓာကိုယ်ကြီးကို ကျောက်လက်ဖွဲ့အတွင်းသို့ ခေါ်ဆောင်သွားရန် ပြင်ဆင်နေသည်။

မဟာရှေးဟောင်းနယ်မြေသခင်ကြီး ကျောက်လက်ဖွဲ့အတွင်းသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် အဋ္ဌမထပ်ရှိ အလင်းအမြှေးပါးမှာလည်း ပျောက်ကွယ်သွားလေသည်။

ဝူယွမ်သည်လည်း အဋ္ဌမထပ်အတွင်းသို့ ချက်ချင်း ပျံသန်းဝင်ရောက်သွားသည်။

“ဝါး၊ ဒီမဟာရှေးဟောင်းစွမ်းအင်တွေက သိပ်သည်းလွန်းတယ်” ရွှေရောင်သမုဒ္ဒရာအတွင်းသို့ ဝင်ရောက်သွားစဉ် ဝူယွမ်က အံ့ဩတကြီး မရေရွတ်ဘဲ မနေနိုင်တော့ပေ။

“ယန်၊ ငါတို့ အတူတူကျင့်ကြံကြရအောင်”

“လင်းတုန်ကိုပါ အပြင်ကို ခေါ်ထုတ်လိုက်ပါ”

ဝူယွမ်၏ လက်ရှိအဆင့်အတွက် မဟာရှေးဟောင်းစွမ်းအင်သည် အလွန်အကျိုးသက်ရောက်မှု ရှိသည်။ သူတို့သည် ယန်ကဲ့သို့ များပြားစွာ မလိုအပ်ပေ။

သူတို့၏ ခန္ဓာကိုယ်များ နောက်တစ်ဆင့်သို့ တက်လှမ်းရန်အတွက် အနည်းငယ်မျှသာ လိုအပ်သည်။

လင်းတုန်၏ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုအခြေအနေမှာ ဝူယွမ်နှင့်ဆင်တူပြီး သူသည်လည်း မဟာပြည့်စုံခြင်းအဆင့် ရွှေခေါင်းလောင်း ခန္ဓာကိုယ်တွင် ရှိနေသည်။

သူ ဘုရင်ခန္ဓာကိုယ်သို့ ချိုးဖောက်ဝင်ရောက်ရန်အတွက် မဟာရှေးဟောင်းစွမ်းအင် အနည်းငယ်ကို စုပ်ယူရန်သာ လိုအပ်သည်။

ထို့အပြင် ကောင်းကင်ပြာနဂါးပြောင်းလဲခြင်း ကျင့်စဉ်အတွက်လည်း ဤမဟာရှေးဟောင်းစွမ်းအင်သည် ချင်းကျီက ဝူယွမ်အားပေးအပ်ခဲ့သော ကောင်းကင်နဂါးစွမ်းအင်ထက်ပင် ပိုမိုအစွမ်းထက်ပြီး ဤသိုင်းပညာ၏ ကျင့်ကြံမှုအရှိန်ကို မြှင့်တင်ပေးနိုင်စွမ်းရှိသည်။

ယန်သည် မဟာရှေးဟောင်းနယ်မြေသခင်ကြီးကို ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းသို့ ခေါ်ဆောင်သွားပြီး သူ၏ခန္ဓာကိုယ်ကို ကမ္ဘာသစ်ပင်အတွင်း၌ အဘိုးအိုဖန်ထျန်းနှင့်အတူ နေရာချထားပေးလိုက်သည်။

ထို့နောက် ဝူယွမ်နှင့်အတူ အဋ္ဌမထပ်တွင် ကျင့်ကြံရန်အတွက် လင်းတုန်ကိုပါ ခေါ်ဆောင်လာခဲ့သည်။

“အစ်ကိုကြီး၊ ဒီစွမ်းအားက အရမ်းပြင်းထန်တယ်၊ ကျွန်တော့်ခန္ဓာကိုယ် ပေါက်ကွဲထွက်တော့မလို ခံစားနေရတယ်”

လင်းတုန်သည် ရှေးဟောင်းကျောက်တိုင်မှ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အဋ္ဌမထပ်ရှိ ရွှေရောင်သမုဒ္ဒရာ၏ ဖိအားကို ခံစားလိုက်ရသည်။

အဋ္ဌမထပ်ရှိ မဟာရှေးဟောင်းစွမ်းအင်သည် အရေအတွက်ရော အရည်အသွေးပါ အောက်အထပ်များထက် အဆပေါင်းများစွာ သာလွန်လှသည်။

ဤအရာသည် မဟာရှေးဟောင်းနယ်မြေသခင်ကြီး၏ ခန္ဓာကိုယ်စွမ်းအားနှင့် တူညီပြီး အတိုင်းအတာတစ်ခုအထိ မဟာရှေးဟောင်းစွမ်းအားဟု သတ်မှတ်၍ရလေသည်။

ဤမျှ ပြင်းထန်သော စွမ်းအားကို ဆန်းကြယ်သေခြင်းအဆင့် ကျင့်ကြံသူတစ်ဦး မဆိုထားနှင့် ဝင်စားခြင်းအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ခုခံရန် အလွန်ခက်ခဲပေလိမ့်မည်။

သို့သော်လည်း ဝူယွမ်ထံတွင် မူလကျောက်လက်ဖွဲ့ ရှိနေသည်။ မူလကျောက်လက်ဖွဲ့မှ ထုတ်လွှင့်နေသော နို့နှစ်ရောင် အဖြူရောင်အလင်းတန်းသည် မဟာရှေးဟောင်းစွမ်းအင်၏ဖိအားကို ခုခံရန် သူတို့ကိုကူညီပေးနိုင်သည်။

“မြန်မြန် ကျင့်ကြံလိုက်တော့၊ ဒါတွေအကုန်လုံးက အာဟာရဖြည့်အရည်တွေချည်းပဲ၊” ဝူယွမ်က ပြုံးကာ တိုက်တွန်းလိုက်သည်။

လင်းတုန်သည် သူ၏ ဝါးမျိုခြင်းစွမ်းအားကို ချက်ချင်း အသုံးပြုလိုက်ရာ ဧရာမ လေဝဲကတော့ကြီးတစ်ခု သူ၏ ခေါင်းပေါ်တွင် ပေါ်ထွက်လာသည်။ မဟာရှေးဟောင်းစွမ်းအင်များသည် ဝါးမျိုခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ ရူးသွပ်စွာ ဝင်ရောက်လာကြသည်။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများမှာ ပိုမိုသိပ်သည်းလာသည်။

မဟာပြည့်စုံခြင်းအဆင့် ရွှေခေါင်းလောင်း ခန္ဓာကိုယ်သည်လည်း ဘုရင်ခန္ဓာကိုယ်ဆီသို့ တက်လှမ်းနေလေပြီ။

ဝူယွမ်ကမူ သူ၏ ကောင်းကင်ပြာနဂါးပြောင်းလဲခြင်း ကျင့်စဉ်ကို စတင်ကျင့်ကြံလေတော့သည်။

သူသည် ကောင်းကင်ပြာနဂါး အလင်းပုံစံများကို စတင်စုစည်းနေလေပြီ။

All Chapters