← Chapters

အောက်ထပ်မှာဘာဖြစ်နေလဲ

Vol. 22 Ch. 307

အောက်ထပ်မှာဘာဖြစ်နေလဲ

Vol. 22 Ch. 307

အခန်း (၃၀၇) အောက်ထပ်မှာဘာဖြစ်နေလဲ

ဓားရောင်တစ်ချက်လက်သွားပြီး ဓားသွားက နတ်မိစ္ဆာမယ်၏ ခန္ဓာကိုယ်ကို ခုတ်ပိုင်းချလိုက်သည်။ နတ်မိစ္ဆာမယ်က ထိတ်လန့်တုန်လှုပ်စွာဖြင့် နောက်ဆုတ်ရန် ကြိုးစားလိုက်၏။

သို့သော်...

လုကျန်းကတော့ နောက်ဆုတ်ရန် ရည်ရွယ်ချက် အနည်းငယ်ပင် မရှိပေ။

သူ့ထံသို့ ဝင်ရောက်လာသည့် ဓားချက်များကို လုကျန်းက လုံးဝအရေးမစိုက်ဘဲ အဆက်မပြတ် ဓားကိုဝှေ့ယမ်းလိုက်ခိုက်လျှက် ရှိသည်။

"ဝှစ်"

"ဟူး"

နတ်မိစ္ဆာမယ်၏ ရေခဲဓားက လုကျန်း၏ ခန္ဓာကိုယ်ထက် ခုတ်ဖြတ်မိသွားစဉ် လုကျန်း၏ ဓားကလည်း သူမခန္ဓာကိုယ်ထက် ကျရောက်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားချက်ပေါင်းများစွာ သူမထံသို့ ကျရောက်လာ၏။ လုကျန်း၏ဓားချက်များက ပြင်းထန်သည်ထက် ပြင်းထန်လာသည်။

"ဝှစ်"

ဓားအလင်းရောင်လင်းလက်နေပြီး ဓားရိပ်က လျှင်မြန်လွန်းသည်။

နောက်ဆုံးတော့ လုကျန်းက ခြေလှမ်းတစ်လှမ်းတည်းဖြင့် နတ်မိစ္ဆာမယ်ကို ဖြတ်ကျော်သွားခဲ့သည်။

နတ်မိစ္ဆာမယ်ကတော့ ကြောက်ရွံ့တုန်လှုပ်မှု အပြည့်ဖြင့် လုကျန်းကို ငေးကြည့်နေလေသည်။

ဒီလူက ရူးသွပ်သွားပြီလား။

ထို့နောက် အလင်းတန်းများ ဖုံးလွှမ်းသွားပြီး သူမ မှော်ရုံနယ်မြေအတွင်းမှ ပျောက်ကွယ်သွားတော့၏။

"တစ်ယောက်တော့ သွားပြီ"

ဒဏ်ရာရထားသည့် နတ်မိစ္ဆာ (၂)ယောက်ကိုကြည့်ရင်း လုကျန်းက ဆိုသည်။

ထို့နောက် အဋ္ဌမထပ်တွင် ပြင်းထန်သည့် တိုက်ပွဲတစ်ပွဲ ဆက်လက်ဖြစ်ပွားလျှက် ရှိတော့သည်။

လုကျန်း၏ ခန္ဓာကိုယ်ထက် ဒဏ်ရာများ ပိုမိုများပြားလာသည်။ သို့သော် သူ၏တန်ခိုးစွမ်းအားက ပိုမိုမြင့်မားလာပြီး သူ၏ဓားဝိညာဉ်ကလည်း ပိုမိုအေးစက်လာသည်။

နတ်မိစ္ဆာ (၂) ယောက်မှာ လုကျန်း၏ဓားရိပ်များအတွင်း ကျရောက်သွားလေတော့သည်။

***

အပြင်ဘက်မှလူများက မဟူရာမှော်ရုံနယ်မြေဆီသို့ ကြည့်နေကြသည်။

ကြီးမားသည့် ဖိအားကြီးတစ်ခုက နဝမထပ်နှင့် အဋ္ဌမထပ် ဗဟိုမဏ္ဍိုင်နေရာများကို ဖြတ်ကျော်သွားကြောင်း သူတို့ သတိပြုမိကြသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် နဝမထပ်နှင့် အဋ္ဌမထပ်တို့တွင် တိုက်ပွဲများပြင်းထန်နေသည်ကို သိရှိနိုင်သည်။ သို့သော် ရက်စက်ကြိမ်းတမ်းသည့် သားရဲကြီးများနှင့် သတ္တဝါဆိုးကြီးများကတော့ ယခုတိုင် ထွက်ပေါ်လာခြင်း မရှိသေးပေ။

ထိုအချိန်...

မဟူရာမှော်ရုံနယ်မြေထိပ်တွင် ရောင်ဝါတစ်ခု ထွက်ပေါ်လာလေသည်။ ရောင်ဝါက အားနည်းဖျော့တော့လွန်းလှသဖြင့် လူအနည်းငယ်သာလျှင် သတိပြုမိလိုက်ကြသည်။

မော့ကျန်းသုန့်က ရောင်ဝါကြိုးမျှင်တန်းလေးကို တည်ငြိမ်စွာကြည့်ရင်း

"အဲဒီရောင်ဝါ ပေါ်ထွက်လာပြီ ၊ ဒါပေမဲ့ အဆုံးသတ်မှာ ဘယ်သူက ရအောင်ယူနိုင်မလဲဆိုတာ သိချင်မိတယ်"

***

"အဲဒါကဘာလဲ"

မဟူရာမှော်ရုံနယ်မြေထိပ်တွင် ထွက်ပေါ်လာသည့် ရောင်ဝါကြိုးမျှင်တန်းလေးကိုကြည့်ရင်း အဋ္ဌမမင်းသား ရေရွတ်လိုက်သည်။

ထိုရောင်ဝါကို ရှင်းရှင်းလင်းလင်း မတွေ့မြင်ရသော်လည်း ထူးခြားမှုတစ်စုံတစ်ရာ ရှိနေသည်ကို ခံစားမိသည်။ ထိုအရာထွက်ပေါ်လာသည်နှင့် မဟူရာမှော်ရုံနယ်မြေတွင် အပြောင်းအလဲများ စတင် ဖြစ်ပေါ်လာသည်။

ပဉ္စမထပ်ကတော့ ကြည့်နေသူများအားလုံးကို မတူညီသည့် ခံစားချက်များ ပေးစွမ်းသည်။ ထိုအထပ်တွင် တစ်စုံတစ်ရာ ပုန်းအောင်နေနိုင်ကောင်းသည်။

"ပဉ္စမထပ်မှာ ဘယ်လို တန်ခိုးစွမ်းအားမြင့်မားတဲ့သူတစ်ယောက် ရှိနေတာလဲ"

အဋ္ဌမမင်းသား မည်သို့ပင် တွေးတောကြည့်ပါစေ ပဉ္စမထပ်မှပုဂ္ဂိုလ်အကြောင်းကို စဉ်းစား၍ မရခဲ့ပေ။

အမှန်တော့ တန်ခိုးစွမ်းအား မြင့်မားလွန်းသူများက အဋ္ဌမထပ်နှင့် နဝမထပ်တွင် ပိုမိုများပြားမည် ဖြစ်သည်။

ဘေးမှ လွတ်နေသည့် ထိုင်ခုံငယ်ကိုကြည့်ရင်း အဋ္ဌမမပင်းသား သက်ပြင်းချလိုက်သည်။

သေရည်ဆိုင်ကို ကြည့်ရှုရန်ဟု အကြောင်းပြကာ ကောင်ငယ်လေး ပြန်သွားခဲ့သည်။ အမှန်တော့ သူ ပြန်မကြည့်လျှင်လည်း ဘာမှ ပြဿနာ မရှိပေ။

အနှီကောင်ငယ်လေးသည် ဇာမဏီကောင်မလေးကို တွေ့ချင်သဖြင့် ပြန်သွားခြင်း ဖြစ်နိုင်၏။

"အစ်ကို..."

"ဘန်း"

အဋ္ဌမမင်းသားက သူ၏ လှံရှည်ဖြင့် ရိုက်ထုတ်လိုက်လေရာ ယန်ရှီးယွင်မှာ အဝေးသို့ လွင့်ထွက်သွားရပြန်သည်။

ဤမိန်းကလေးက သူ့အနား ခဏခဏလာပြီး "အစ်ကို အစ်ကို" နှင့်ခေါ်နေသည်မှာ အတော်လေး အာရုံနောက်စရာပင်။

***

ကျူးချင်က...

"ကြည့်ရတာ ပြဿနာက တကယ်ပဲ ပဉ္စမထပ်မှာ ဖြစ်နေတာပဲ"

ယခုအချိန်တွင် ပြဿနာက ပဉ္စမထပ်တွင် ရှိနေကြောင်းကို လူတိုင်း ရှင်းရှင်းလင်းလင်း သိမြင်နေခဲ့ပြီ ဖြစ်သည်။ ထိုနေရာမှ ဖိအားကြီးတစ်ခု ထွက်ပေါ်နေဟန် ရှိ၏။

သို့သော် ထိုအရာက ဘာဖြစ်ကြောင်း မည်သူမှ အတိအကျ မပြောနိုင်ပေ။

မဟူရာမှော်ရုံနယ်မြေကို ချိတ်ပိတ်ထားသည့် စည်းတံဆိပ်ကို ဖျက်စီးမပစ်သရွေ့ ပဉ္စမထပ်တွင် ဘာဖြစ်နေသည်ကို သူတို့ သိရှိနိုင်မည် မဟုတ်ပေ။

သို့ရာတွင် ချိတ်ပိတ်ထားသည့် စည်းတံဆိပ်ကို ဖျက်စီးလိုက်ပါက မှော်ရုံနယ်ထိပ်ဖျားတွင်ထွက်ပေါ်နေသည့် ရောင်ဝါသည်လည်း ပျောက်ကွယ်သွားမည် ဖြစ်သည်။

မည်သူမှ ထိုရောင်ဝါ ပျောက်ကွယ်သွားမည်ကို မလိုလားကြပေ။

မြောင်ယွဲ့က သိမ်မွေ့သည့်လေသံဖြင့်…

"နဝမထပ်နဲ့ အဋ္ဌမထပ် စပြီး ပြိုကျတော့မယ် ၊ ဒါဆို အောက်အဆင့်တွေလည်း မကြာခင် ပြိုကျတော့မှာပဲ"

ကျူးချင်း ခေါင်းညိတ်လိုက်သည်။

တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပေါ်လာပြီး အထပ်များကို ပြိုကျစေသည့် ဖိအားတစ်ခု ထွက်ပေါ်လာလျှင် မှော်ရုံနယ်မြေသည် တဖြည်းဖြည်း ပြိုကျလာမည် ဖြစ်သည်။

သို့ဆိုလျှင် ပဉ္စမထပ်သို့တိုင် ပြိုကျသည်နှင့် ထိုအထပ်တွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို ယေဘူယျ တွေ့မြင်ရမည် ဖြစ်သည်။

လူအများစုက မည်သည့်အရာများ ဖြစ်ပျက်နေမှန်း မသိရှိကြပေ။

အင်အားကြီးအုပ်စုတစ်ခုခုက ပဉ္စမထပ်တွင် လျှို့ဝှက်ချက်တစ်ခုကို ပြုလုပ်နေသည်ဟု အားလုံးက ထင်မှတ်နေကြသည်။

သို့သော် မည်သည့်အင်အားကြီးအုပ်စုက ပြုလုပ်နေကြောင်း မသိရှိနိုင်ကြပေ။

သို့ရာတွင် ခွန်လွန်တောင်ကတော့ ဖြစ်နိုင်ခြေအရှိဆုံး တရားခံ ဖြစ်လေသည်။ အကြောင်းမှာ ဤနေရာက ခွန်လွန်တောင်၏ နယ်မြေဖြစ်နေသည် မဟုတ်ပါလား။

အတန်ကြာတိတ်ဆိတ်နေသည့် နဂါးဧကရီ "ရန်ကျင်း" က မြောင်ယွဲ့ကို အဓိပ္ပါယ်ပါပါ တစ်ချက် လှမ်းကြည့်လိုက်ရင်း…

"ခွန်လွန်တောင်က လောကရဲ့ကိစ္စတွေမှာ သိပ်မပါဘူးလို့ သတင်းကြားတယ် ၊ ဒါပေမဲ့ မင်းတို့တွေ တစ်ခုခုကိုတော့ စိတ်ဝင်စားတယ်ဆိုတာ ငါ သိနေတယ်"

မြောင်ယွဲ့ကလည်း အဓိပ္ပါယ်ပါပါပင် ပြန်မေးလိုက်သည်။

"ဘာလဲ… အဲဒီတစ်ခုခုဆိုတာကို နဂါးမျိုးနွယ်တွေကလည်း စိတ်ဝင်စားလို့လား"

ရန်ကျင်းက သိမ်မွေ့စွာဖြင့်…

"ငါတို့ နဂါးမျိုးနွယ်တွေ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြတယ် ၊ ထိုက်တန်တဲ့ အကျိုးရလဒ်တွေလည်း ရရှိခဲ့ပါတယ် ၊ ဒါပေမဲ့ အဲဒါတွေက မင်းတို့ခွန်လွန်တောင်က ရရှိထားတဲ့အရာတွေနဲ့တော့ လုံး၀ မတူဘူး ဖြစ်နေတယ်"

မြောင်ယွဲ့က မဟူရာမှော်ရုံနယ်မြေဆီသို့ လှမ်းကြည့်လိုက်ရင်း…

"အင်း… ခွန်လွန်တောင် အဓိကခန်းမဆောင်ကြီးကလည်း ပြင်ဆင်ရဦးမယ် ၊ ခွန်လွန်တောင် တောင်ထွတ်အသီးသီးက ခန်းမဆောင်တွေကလည်း ပြင်ဆင်ဖို့ လိုအပ်နေတယ် ၊ ပြီးတော့ ကျောက်စိမ်းရေကန်နတ်ဘုရားမကလည်း မကြာခင် အင်မော်တယ်ဖြစ်လာပြီး လက်ထပ်ပွဲကျင်းပရတော့မယ်ဆိုတော့… မင်္ဂလာပွဲရက်က နီးလာလေ ပြဿနာတွေနဲ့ ငွေကုန်ကြေးကျတွေက များလာလေပါပဲ"

ရန်ကျင်းက…

"ငါတို့ နဂါးမျိုးနွယ်က နဂါးမင်းသမီးလေးရဲ့ လက်ထပ်ပွဲကို ငါတို့ဘက်ကလည်း သေသေချာချာ ပံ့ပိုးပေးမှာပါ ၊ ငါတို့ပေးမယ့် မင်္ဂလာလက်ဖွဲ့က ခွန်လွန်တောင်ကို သေချာပေါက် စိတ်ကျေနပ်စေရပါမယ်"

မြောင်ယွဲ့က…

"ဒါဖြင့်လည်း မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲ ဆက်ကြည့်ကြတောပေါ့"

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရန်ကျင်းက …

"လုန်ယွိက ကျန်းလန်နဲ့ လက်ထပ်ပြီးရင် ခွန်လွန်တောင်ကလူ ဖြစ်သွားတော့မှာနော်"

မြောင်ယွဲ့က ခေါင်းညိတ်ရင်း…

"သေချာတာပေါ့"

ရန်ကျင်းနှင့် မြောင်ယွဲ့ စကားပြောနေပုံက အဆက်အစပ်မရှိသလို ခံစားရစေသည်။

သို့သော် ကျူးချင်ကတော့ သူတို့ပြောနေသည့်စကားများကို ကောင်းစွာနားလည်သည်။

မဟူရာမှော်ရုံနယ်မြေတွင် တစ်စုံတစ်ခု ထွက်ပေါ်လာခဲ့လျှင် နဂါးမျိုးနွယ်များက ထိုအရာကို လိုချင်သည်ဟု ခွန်လွန်တောင်ကို ကမ်းလှမ်းခြင်း ဖြစ်သည်။

နဂါးမျိုးနွယ်များ ထိုအရာကို လိုချင်ပါက ခွန်လွန်တောင်က ကူညီပေးမှ ရရှိနိုင်မည် ဖြစ်သည်။

မြောင်ယွဲ့က နဂါးမျိုးနွယ်များကို ကူညီပေးရန် မငြင်းဆန်သော်လည်း နဂါးမျိုးနွယ်များဘက်မှ လုံလောက်သည့် တန်ဖိုးတစ်ခု ပေးစေလိုသည်။

ထိုအချက်ကို နဂါးမျိုးနွယ်များကလည်း သဘောတူလေသည်။

သို့ပေသိ လုန်ယွိက ကျန်းလန်နှင့် လက်ထပ်ပြီးသွားလျှင် ခွန်လွန်တောင်မှ လူဖြစ်သွားမည် ဖြစ်ပြီး နဂါးမျိုးနွယ်ဘက်မှလူ မဟုတ်တော့ပေ။

ထို့ကြောင့် လုန်ယွိကို ခွန်လွန်တောင်သို့ ပေးအပ်သည့် တန်ဖိုးတစ်စိတ်တစ်ဒေသအဖြစ် ယူဆနိုင်မည် မဟုတ်ပေ။

လုန်ယွိမှာတော့ ရန်ကျင်းနှင့် မြောင်ယွဲ့ ပြောဆိုနေကြသည့်စကားများကို သေသေချာချာ နားမလည်ပေ။ သူက နားလည်ရန်လည်း မကြိုးစားပေ။

သူမက ဆရာဖြစ်သူ၏ နောက်ဘက်တွင်သာ တိတ်ဆိတ်စွာ မတ်တတ်ရပ်လျှက် ရှိလေသည်။

***

မဟူရာမှော်ရုံနယ်မြေ ၊ အဋ္ဌမထပ်။

"ဘုန်း"

အဋ္ဌမထပ်အပေါ်ပိုင်းနေရာတွင် အက်ကွဲကြောင်းများ ရုတ်တရက် ထွက်ပေါ်လာသည်။

လုကျန်းက နတ်မိစ္ဆာတစ်ယောက်၏ ခန္ဓာကိုယ်တွင်းသို့ စိုက်ဝင်သွားသည့် သူ၏ဓားကို ဆွဲနှုတ်လိုက်သည်။

သူ့ကိုကြည့်ရသည်မှာ အနည်းငယ် ပင်ပန်းနေဟန်ပင်။

သူက...

"ကျုပ်ပြောခဲ့သလိုပဲ မင်းတို့တွေကို အရင်ဆုံး အပြင်ကိုပို့ပစ်မယ် ၊ နတ်မိစ္ဆာတွေက အတော်လေး အားနည်းကြတာပဲ ကျစ် ကျစ် ၊ မင်းတို့တွေပြောတော့ မင်းတို့ခန္ဓာကိုယ်တွေက အရမ်းသန်မာတယ်ဆို"

သူက ဆက်ပြောသည်။

"နောက်တစ်ခါ အဋ္ဌမတောင်ထွတ်ကလူတွေကိုတွေ့ရင် ပိုပြီး ယဉ်ယဉ်ကျေးကျေး ဆက်ဆံပါ ၊ ကျုပ်တို့နဲ့ကျင့်ကြံခြင်းအဆင့်တူညီတဲ့ လူ (၅) ယောက် မရှိဘူးဆိုရင် ကျုပ်တို့ကိုလာမနှောက်ယှက်နဲ့ ၊ ဒါ မင်းတို့ ကောင်းဖို့အတွက် ပြောတာပါလေ"

မြေပြင်ထက်လဲကျနေသည့် နတ်မိစ္ဆာက လုကျန်းကို ဒေါသတကြီးဖြင့်ကြည့်လိုက်သည်။

"ခွန်လွန်တောင်ကလူတိုင်းကတော့ မင်းလို မဟုတ်နိုင်ဘူး"

သူစော်ကားအရှက်ခွဲခံရသည်ဟု ခံစားနေရသည်။

သူ့ကိုမြေပြင်ထက်ဖိနှိပ်ပြီး မျက်နှာကို ခြေထောက်ဖြင့်အနင်းခံရသည့်အလား အရှက်ကွဲခြင်းကို ခံစားနေရ၏။

လုကျန်းက ဓားဦးချွန်ဖြင့် နတ်မိစ္ဆာ၏လက်ပင်းကို ထိုးချိန်ထားရင်း…

"ဟားဟား… ကျုပ်က စွမ်းအားကြီးမားတယ်လို့ မင်းမထင်ဘူးလား"

"မင်းကိုပြောပြမယ် ၊ ခွန်လွန်တောင်က ပါရမီရှင်အစစ်အမှန်ဆိုတာ ကျုပ်လိုလူမျိုး အယောက် (၁၀၀)ဆိုရင်တောင် အဲဒီလူကို ထိခိုက်အောင် မလုပ်နိုင်ဘူး ၊ ဘယ်လိုလဲ… မင်း အမြင်ရော ကျယ်လာပြီလား"

"ဟူး"

ထို့နောက် လုကျန်း၏ ဓားက နတ်မိစ္ဆာ၏ လည်ပင်းကို ထိုးစိုက်ချလိုက်သည်။

"မင်းတို့ဟာမင်းတို့ ဘာဖြစ်ဖြစ် သောက်ဂရုမစိုက်ဘူး ၊ မင်းတို့အကုန် မြန်မြန်သေသွား အေးတာပဲ"

သူက နတ်မိစ္ဆာများအားလုံးကို သတ်ဖြတ်ပစ်လိုက်ပြီး မှော်ရုံနယ်မြေအပြင်ဘက်သို့ ပို့ပစ်လိုက်သည်။

သို့မှသာ အဋ္ဌမထပ် ပြိုကျသည့်အခါ သူ၏ဂိုဏ်းတူညီငယ် ၊ ညီမငယ်များအတွက် အန္တရယ်များကို ရှင်းပြီးား ဖြစ်ပေလိမ့်မည်။

အဋ္ဌမထပ်သည်လည်း ပြိုကျပျက်စီးလုနီးနေပြီ ဖြစ်သည်။

အောက်ထပ်မှ ဂိုဏ်းတူညီငယ် ၊ ညီမငယ်များကို အလွယ်တကူ ရှာဖွေတွေ့ရှိပြီး အမြန်ဆုံး စုစည်းနိုင်ပါရန် သူ မျှော်လင့်မိသည်။

များစွာသော အင်အားကြီးအုပ်စုများနှင့် ဂိုဏ်းများမှ ကျင့်ကြံသူများစွာ စုစည်းမိလျှင် ပြင်းထန်သည့် ပရမ်းပတာ တိုက်ပွဲတစ်ခု ဖြစ်လာပြီး တကယ့် မှော်ဝင်တိမ်တိုက်တောင် စုဝေးပွဲ ဖြစ်လာပေလိမ့်မည်။

***

ညနေခင်းအချိန်။

"ဘုန်း"

နဝမထပ်နှင့် အဋ္ဌမထပ် ချိတ်ဆက်ထားသည့် အလွှာ ပြိုကျအက်ကွဲသွားသည်။

လုကျန်း၏ ဒဏ်ရာများက အပြည့်အ၀ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သည်။

နဝမထပ်ပြိုကျသွားပြီ ဖြစ်သောကြောင့် နဝမထပ်မှ အဋ္ဌမထပ်သို့ ဆင်းသက်လာကြသည့် မိုးကောင်းကင်အင်မော်တယ်များကြားတွင် လုကျန်းက လန်ဝူကို လိုက်လံ ရှာဖွေလိုက်သည်။

မိုးကောင်းကင်အင်မော်တယ်များကိုတော့ လုကျန်း တိုက်ခိုက်မည် မဟုတ်ပေ။ မတော်တဆဆိုလျှင်ပင် လွယ်လွယ်ဖြင့် ဒဏ်ရာရသွားနိုင်သည်။

လုကျန်း ဂိုဏ်းတူအစ်ကို လန်ဝူကိုရှာဖွေရန်ကြိုးစားနေစဉ် ရုတ်တရက် အောက်ဘက်မှ ဖိအားတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

"ထူးဆန်းလိုက်တာ ၊ ဒီ ဖိအားက လုံး၀ အားမနည်းဘူး ၊ ဒါပေမဲ့ ဘာလို့ အောက်ဘက်ကနေ ထွက်ပေါ်လာရတာလဲ ၊ တကယ်ဆိုရင် ဒီလိုဖိအားမျိုးက နဝမထပ်နဲ့ အဋ္ဌမထပ်လိုမျိုးနေရာကပဲ ထွက်ပေါ်လာရမှာ ၊ ဒါမှမဟုတ် အောက်ထပ်တွေမှာ ပြုလုပ်ထားတဲ့ အရံအတားတွေက အားနည်းချက်ရှိနေလို့များလား"

လုကျန်းတွေးလိုက်သည်။

အောက်ဘက်မှထွက်ပေါ်လာသည့် ဖိအားကို ခံစားလိုက်ရသူက လုကျန်းတစ်ယောက်တည်း မဟုတ်ပေ။

နဝမထပ်မှ အဋ္ဌမထပ်သို့ ဆင်းသက်လာသည့် မိုးကောင်းကင်အင်မော်တယ် အယောက် (၂၀)သည်လည်း ခံစားလိုက်ကြရလေသည်။

"ဟားဟား… အောက်ထပ်မှာ အံ့အားသင့်စရာတစ်ခုခု ရှိနေတာလား"

"အင်မတန်အားကောင်းတဲ့ ဖိအားတစ်ခုပဲ ၊ ကျုပ် မင်းကို ပြောသားပဲ ၊ ဘာထူးခြားမှုမှ မရှိရင် ဒီစုဝေးပွဲကြီးက ပျင်းစရာကြီးဖြစ်နေမယ်ဆိုတာလေ"

"တိုက်မယ်ကွာ… လာခဲ့ကြ ၊ ဒါမှ အထပ်တွေ တစ်ခုပြီးတစ်ခု ပြိုကျပြီး အောက်ထပ်ကို ရောက်မှာ"

မိုးကောင်းကင်အင်မော်တယ်များမှာ ရုတ်တရက် သူတို့စိတ်ဝင်စားသည့် တစ်စုံတစ်ခုကို တွေ့ရှိသွားခဲ့ကြသည်။

"ဘုန်း"

သူတို့အားလုံး၏ တန်ခိုးစွမ်းအားများကြောင့် အဋ္ဌမထပ်နှင့် သတ္တမထပ် အလျှင်အမြန်ပင် ပြိုကျသွားသည်။

လုကျန်းမှာ အဋ္ဌမထပ်မှ ဂိုဏ်းတူမောင်နှမများကို စုစည်းထားနိုင်ခဲ့၍သာ တော်သေးသည်ဟု ဆိုရမည်။

"ဖိအားက အတော်ပြင်းထန်တယ် ၊ အောက်ထပ်က ပုဂ္ဂိုလ်က ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ရှိလဲဆိုတာ မသေချာဘူး"

လုကျန်းက ဂိုဏ်းတူမောင်နှမများဘေးတွင် ရပ်နေရင်းဆိုသည်။

နဝမထပ်မှ ဆင်းလာကြသည့် မိုးကောင်းကင်အင်မော်တယ်များကြားတွင် လန်ဝူက တန်ခိုးစွမ်းအားအမြင့်မားဆုံး ဖြစ်သည်။

လန်ဝူက လုကျန်းကို လှမ်းကြည့်လိုက်၏။

အနှီလူငယ်ဓားသမားသည် အဋ္ဌမထပ်မှ နတ်မိစ္ဆာများကို ဓားချက်တစ်ချက်တည်းဖြင့် ရှင်းလင်းပစ်ခဲ့သူ ဖြစ်သည်။ လုကျန်းက ပါရမီရှင်တစ်ယောက်ဖြစ်ပြီး သူ၏ တိုက်ခိုက်မှုစွမ်းရည်ကလည်း ကြောက်မက်ဖွယ်ရာဖြစ်၏။

အားလုံသိကြသည့်အတိုင်း ၊ ခွန်လွန်တောင်တွင် အကြောင်းမရှိဘဲ လုကျန်းကို မည်သူမှ ပြဿနာသွားမရှာရဲကြပေ။

လန်ဝူက လုကျန်းကို လှမ်းကြည့်ရင်း…

"ဂိုဏ်းတူညီငယ် ၊ ညီမငယ်တွေကို ခေါ်ပြီး အောက်ဘက်ကို ဆက်သွားကြတာပေါ့ ၊ အခု အားလုံးက အဲဒီ ဖိအား ဘယ်နေရာကထွက်ပေါ်လာလဲဆိုတာ သိချင်နေကြတာလေ"

All Chapters