အခန်း (၂၄၉-၂၅၀)
Vol. 25 Ch. 249-250
အခန်း(၂၄၉) - ထူးဆန်းသော မြေခွေးမလေး ယွဲ့ရီ (၂)
ထိုသစ်ရွက်သည် ကျဆင်းနေရာမှ ရုတ်တရက် အလွန်သေးငယ်ပြီး သတိထားမိရန် ခက်ခဲလုနီးပါးဖြစ်သော နှောင့်နှေးမှုတစ်ခုကို ပြသလာခဲ့၏။
ခဏတာ အချိန်ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားခဲ့သည်။
ဤသည်မှာ အချိန်အမျိုးအစား ကျွမ်းကျင်မှုဖြစ်သော ‘အချိန်အက်ကွဲကြောင်း (အဖြူရောင်)’ ၏ စွမ်းရည်ပင်ဖြစ်သည်။
“အရမ်းကောင်းတယ်၊ သမီးတို့ နှစ်ယောက်လုံး အရမ်းတော်တာပဲ”
လင်းထျန်းလုံက ရှေ့သို့ လှမ်းသွားပြီး သူ၏သမီးနှစ်ဦးလုံးကို နှာခေါင်းဖြင့် ညင်သာစွာ ပွတ်သီးပွတ်သပ်လုပ်လိုက်ပြီး ချီးကျူးစကားများ ပြောဆိုလိုက်၏။
“ဒီခံစားချက်ကို မှတ်ထား၊ ဒါပေမဲ့ သမီးတို့ရဲ့ စွမ်းရည်အတိုင်းအတာအတွင်းမှာပဲ လုပ်ဆောင်ကြ၊ အထူးသဖြင့် ရှောင်လန်၊ အချိန်စွမ်းအားက စွမ်းအင်အများကြီး ကုန်ဆုံးစေတယ်” သူ၏ အတွေးများက သူတို့၏ စိတ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
“အကယ်၍ အစစ်အမှန်အန္တရာယ်နဲ့ ကြုံတွေ့ရရင် မတုံ့ဆိုင်းနေနဲ့၊ သမီးတို့ကိုယ်သမီးတို့ ကာကွယ်ဖို့ ချက်ချင်းအသုံးပြုလိုက်”
“သိပါပြီ ဖေဖေ” ကလေးမလေးနှစ်ဦးက သူ၏ ဧရာမရှေ့ခြေထောက်များကို ဘယ်ညာ ဖက်ထားရင်း တစ်သံတည်း ဖြေကြားလိုက်ကြသည်။
ထိုအချိန်တွင် လင်းထျန်းလုံ၏ဗိုက်ထဲမှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ သူတို့ကို ကာကွယ်ရန် သူ၏စွမ်းရည်များကို ပြင်းထန်စွာ အသုံးပြုခဲ့ရပြီး အသွားအပြန် ခရီးသွားခြင်းများနှင့် ပေါင်းစပ်လိုက်သောအခါ သူ အနည်းငယ်ပင်ပန်းပြီး ဗိုက်ဆာလာခဲ့သည်။
သူ၏သမီးနှစ်ဦးကို ကြည့်လိုက်သည့်အချိန်တွင် သူတို့ကလည်း တောက်ပသောမျက်လုံးများဖြင့် သူ့ကို ပြန်ကြည့်နေကြရာ သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။
“လာ၊ ဖေဖေက အောင်ပွဲခံဖို့ အရသာရှိတာတစ်ခုခု လုပ်ကျွေးမယ်”
သူက သမီးငယ်နှစ်ဦးကို မိခင်သစ်ပင်၏ ပင်မခန်းမဆောင်အနီးရှိ တိတ်ဆိတ်သော နေရာတစ်ခုသို့ ခေါ်သွားပြီး ‘အသိစိတ်နေရာလွတ်’ ထဲတွင် သူ အမဲလိုက်သိမ်းဆည်းထားသော အကောင်းဆုံး အရည်အသွေးရှိသည့် နှင်းတောင်ဆိတ် အသား၊ ဝံပုလွေအသိုက်အနီးတွင် စုဆောင်းထားသော မွှေးကြိုင်သည့် လရောင်မှိုများနှင့် မြက်ချိုမြစ် အနည်းငယ်ကို ထုတ်ယူလိုက်သည်။
‘အဆင့်မြင့် စိတ်ထိန်းချုပ်ခြင်း’ စွမ်းရည်သည် ဤအချိန်တွင် အတိကျဆုံး ဟင်းချက်ကိရိယာ ဖြစ်လာခဲ့သည်။
မမြင်ရသော စွမ်းအားက နှင်းတောင်ဆိတ်သားကို အရွယ်အစားတူညီသော အလွှာပါးလေးများအဖြစ် လှီးဖြတ်ကာ အမြှေးပါးများကို ဖယ်ရှားလိုက်ပြီး လရောင်မှိုများနှင့် မြက်ချိုမြစ်များကိုလည်း သန့်စင်အောင် ဆေးကြောလိုက်သည်။
သူက ‘ငွေပြာမိုးကြိုးလက်သည်း’ ကို ထုတ်လွှတ်ပြီး အလွန်အမင်း ဖိနှိပ်ထားသော လျှပ်စစ်မီးပွားလေးများကို ဂရုတစိုက်ထိန်းချုပ်ကာ အသားပြားများနှင့် ဟင်းသီးဟင်းရွက်များကို လေထဲမှတစ်ဆင့် ဖြည်းညင်းစွာ ကင်လိုက်ပြီး မီးမကျွမ်းစေရန် သေချာလုပ်ဆောင်ပေးနေခဲ့သည်။
မကြာမီမှာပင် အသားနံ့နှင့် အပင်များ၏ ချိုမြိန်သောအနံ့တို့ ရောနှောနေသည့် ဆွဲဆောင်မှုရှိသော ရနံ့တစ်ခု ပျံ့နှံ့လာခဲ့သည်။
အပြင်ဘက်တွင် ကျွမ်းနေပြီး အတွင်းတွင် နူးညံ့ကာ အဆီများ ပွက်ပွက်ဆူနေသော အသားပြားများနှင့် နူးညံ့သော မှိုများကို သမီးငယ်နှစ်ဦးထံသို့ အသီးသီးကမ်းပေးလိုက်သည်။
“စားကြည့်၊ မပူစေနဲ့နော်”
ရှောင်ယင်းက ယူလိုက်ပြီးသည်နှင့် မစောင့်နိုင်တော့ဘဲ တစ်ကိုက် ကိုက်လိုက်ရာ သူမ၏မျက်လုံးများက ပျော်ရွှင်မှုကြောင့် ချက်ချင်း လခြမ်းကွေးပုံသဏ္ဍာန်လေးအဖြစ် ကျဉ်းမြောင်းသွားခဲ့သည်။
“အရသာရှိလိုက်တာ၊ ဖေဖေက အရမ်းတော်တာပဲ”
ရှောင်လန်က အနည်းငယ မြည်းစမ်းကြည့်ပြီး အစားအစာထဲတွင် ပါဝင်သော အားပျော့သည့် စွမ်းအင်များနှင့် အရသာများကို ဂရုတစိုက် အာရုံခံကာ လေးနက်စွာ ခေါင်းငြိမ့်လိုက်သည်။
“အင်း၊ အရမ်းအရသာရှိတယ်၊ ကျေးဇူးတင်ပါတယ် ဖေဖေ”
လင်းထျန်းလုံသည် သူမတို့ ပျော်ရွှင်စွာ စားသောက်နေသည်ကို ကြည့်ပြီး ဖခင်တစ်ဦးဖြစ်ရခြင်း၏ ကျေနပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူကလည်း အသားတုံးကြီးတစ်ခုကို ဆွဲဖြဲပြီး အားရပါးရ ဝါးစားလိုက်သည်။
ဤအချိန်တွင် ဘုရင်တစ်ပါး၏ဖိအား သို့မဟုတ် မျိုးနွယ်စု၏ ကြီးမားသောလုပ်ငန်းစဉ်များအားလုံးကို ယာယီ ဖယ်ထားလိုက်ပြီး ဖခင်တစ်ဦးနှင့် သမီးနှစ်ဦးတို့ ကြယ်ရောင်အောက်တွင် ရိုးရှင်းသော အရသာရှိသည့် အစားအစာကို ခံစားနေကြသည့် နွေးထွေးမှုသာ ရှိနေတော့သည်။
ညသည် ပိုမိုနက်ရှိုင်းလာပြီး ကြယ်တာရာအကာအကွယ်နှင့် ရေခဲပင်မသလင်းကျောက် ရူန်းစာလုံးများ၏ အလင်းရောင်က ဤစည်ပင်ဝပြောနေသော နယ်မြေကို ညင်သာစွာ လွှမ်းခြုံထားသည်။
ဝံပုလွေအသိုက်အတွင်းတွင် ဌာနအသီးသီးမှ အဖွဲ့ဝင်များထဲမှ အချို့မှာ အနားယူနေကြပြီး အချို့မှာမူတိတ်ဆိတ်သော လရောင်အောက်တွင် ကျင့်ကြံနေကြသည်။
တာ၀န်ကျ ဝံပုလွေများကလည်း ပုံမှန် ညပိုင်းကင်းလှည့်မှုများကို လုပ်ဆောင်နေကြသည်။ အရာအားလုံးက အလွန်တရာ စနစ်တကျရှိနေပြီး တည်ငြိမ်မှု၊ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
နံနက်ခင်းနေရောင်ခြည်က ကြယ်တာရာအကာအကွယ်ကို ဖြတ်သန်းကျဆင်းလာပြီး ဝံပုလွေအသိုက်၏ အသစ်ခင်းကျင်းထားသော ရေခဲပင်မသလင်းကျောက် ကြမ်းပြင်ပေါ်သို့ ရွှေရောင်အစက်အပြောက်လေးများအဖြစ် ကျဆင်းနေခဲ့သည်။
ငါးနှစ်၊ ခြောက်နှစ်အရွယ် မိန်းကလေးငယ် နှစ်ဦးသည် ပင်မခန်းမဆောင်ရှေ့တွင် အလုပ်များနေကြသည်။
“ရှောင်ယင်း၊ အဲဒီတောက်ပနေတဲ့ အသီးတွေကို အရှေ့ဘက်မှာ သွားထားလိုက်ပါ” ရှောင်လန်က အနီးအနားရှိ ကြည်လင်နေသော ဝိညာဉ်သစ်သီးပုံကြီးကို လက်ညှိုးထိုးပြလိုက်သည်။
ရွှေရောင်ဖျော့ဖျော့နှင့် ငွေဖြူရောင် ရောယှက်နေသော သူမ၏ဆံပင်များက နံနက်ခင်းအလင်းရောင်အောက်တွင် သိမ်မွေ့ကာ တောက်ပလင်းလက်နေခဲ့သည်။ အရာအားလုံးကို ပြီးပြည့်စုံအောင် စီစဉ်လိုသော သူမ၏စိတ်ဆန္ဒက မျက်ဝန်းများထဲတွင် အထင်းသား ပေါ်လွင်နေသည်။
ရှောင်ယင်းက ခပ်သွက်သွက် ခေါင်းငြိမ့်လိုက်ရာ သူမ၏ ခရမ်းရောင်ဖျော့ဖျော့ မြင်းမြီးဆံပင်လေး ယိမ်းခါသွားကာ သူမ စောနကလေးကမှ တတ်မြောက်ထားသည့် ဟင်းလင်းပြင်စွမ်းရည်အသစ်ဖြစ်သော ‘ကြေးမုံပန်း ရေလမင်း’ ကို အသုံးပြုလိုက်သည်။
သူမ၏ပုံရိပ်က ဖျတ်ခနဲ ပေါ်လာလိုက် ပျောက်သွားလိုက်ဖြစ်နေပြီး သစ်သီးများကို သတ်မှတ်ထားသောနေရာသို့ တိကျစွာ ပို့ဆောင်ပေးနေသည်။
အနာဂတ်တွင် ဝံပုလွေဖေဖေကို အစွမ်းကုန်ကာကွယ်ပေးနိုင်မည့် သူရဲကောင်းတစ်ဦးဖြစ်လာရန်ဆိုသည့် သူမ၏ရည်မှန်းချက်က နှလုံးသားထဲတွင် တောက်လောင်နေသည်။
သူမက အောင်ပွဲခံ အခမ်းအနားနေရာကို ပြင်ဆင်ရန် ရေပြာကြေးခွံအစောင့်အရှောက်များကို လမ်းညွှန်ပေးနေသော ဧရာမ ငွေဖြူရောင်ဝံပုလွေကြီးကို လှမ်းကြည့်လိုက်သည်။
“ဝံပုလွေဖေဖေက ငါတို့အတွက် အများကြီးလုပ်ပေးခဲ့တာပဲ၊ ဝိညာဉ်ရသစ်သီးတွေကနေ သွေးမျိုးဆက် လှုံ့ဆော်ပေးမှုတွေအထိ၊ ငါတို့ရဲ့ တိုးတက်မှုတိုင်းက သူ့ရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ ခွဲခြားထားလို့မရဘူး”
“အဲဒီတုန်းကသာ ဝံပုလွေဖေဖေကသာ ငါတို့ကို ကောက်မလာခဲ့ရင်…..”
ရှောင်လန်က စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ခေါင်းအနည်းငယ် ခါယမ်းလိုက်သဖြင့် သူမ၏ ရွှေအိုရောင်ဆံပင်များက လှိုင်းထသွားခဲ့သည်။
“ငါတို့လို ကလေးငယ်လေး နှစ်ယောက်က ဖြတ်သွားဖြတ်လာ မိစ္ဆာသားရဲကောင် တစ်ကောင်ကောင်ရဲ့ သွားရည်စာ ဖြစ်သွားခဲ့တာ ကြာပြီပေါ့၊ ဒီနေ့ ဒီလိုအခြေအနေမျိုး ရောက်လာမှာမဟုတ်ဘူး”
မိန်းမငယ်လေးနှစ်ဦးသည် အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြပြီး ဝံပုလွေအသိုက်တည်ဆောက်မှု ပြီးစီးခြင်းအတွက် အသေးစား အောင်ပွဲအခမ်းအနားကို ပြင်ဆင်ရာတွင် ပိုမိုကြိုးစားပမ်းစား ကူညီပေးကြလေသည်။
လင်းထျန်းလုံသည် သမီးငယ်နှစ်ဦး၏ ခံစားချက်များကို သဘာဝအတိုင်း ခံစားမိပြီး သူ၏ ရေခဲပြာရောင် မျက်ဝန်းများထဲတွင် နူးညံ့မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ယင်းဖုန်း၏ပုံရိပ်က အလင်းရောင်ထဲသို့ ပေါင်းစပ်သွားသည့်အလား သူ၏ဘေးတွင် တိတ်ဆိတ်စွာ ပေါ်လာခဲ့သည်။
“အရှင်မင်းကြီး၊ အနောက်မြောက်ဘက်မှာ ကင်းလှည့်အမဲလိုက်တပ်ရင်းက အမည်မသိ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်” ယင်းဖုန်း၏ စိတ်အာရုံဆက်သွယ်မှုက တည်ငြိမ်စွာ ရောက်ရှိလာခဲ့သည်။
“ရန်သူက အရမ်းသတိကြီးတယ်၊ ထိခိုက်ဒဏ်ရာရတာမျိုး မရှိစေဘဲ တစ်ချက်တည်းတိုက်ခိုက်ပြီး ချက်ချင်း ဆုတ်ခွာသွားတယ်၊ ဒါပေမဲ့... အဲဒါက ဝိညာဉ်နက်တောင်ကြောက လုပ်တဲ့ပုံစံနဲ့ မတူဘူး”
ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် လင်းထျန်းလုံ၏ ‘အဆင့်မြင့် စိတ်အာရုံဆက်သွယ်ခြင်း’ ကလည်း အနောက်မြောက်ဘက်မှ လာသော ဖျော့တော့သော်လည်း အလွန်တရာသန့်စင်သည့် စိတ်ပိုင်းဆိုင်ရာ တုန်ခါမှု အကြွင်းအကျန်တစ်ခုကို ဖမ်းယူရရှိခဲ့သည်။
“ဆက်လက်စောင့်ကြည့်နေပြီး ကင်းလှည့်မှု အကြိမ်အရေအတွက်ကို တိုးမြှင့်လိုက်” လင်းထျန်းလုံက အမိန့်ပေးလိုက်ပြီး သူ၏ အကြည့်များက အနောက်မြောက်ဘက်ဆီသို့ ရွှေ့လျားသွားခဲ့လေသည်။
မျိုးနွယ်စုကို အကြွင်းမဲ့ ကြီးမားလာစေလိုသော သူ၏ ရည်မှန်းချက်လမ်းကြောင်းတွင် ပြဿနာအသစ်များက ဘယ်သောအခါမှ စောင့်ဆိုင်းပေးလေ့မရှိပေ... ချက်ချင်းရောက်ရှိ လာတတ်လေသည်။
မိုင်တစ်ရာခန့် အကွာအဝေးရှိ ဥက္ကာပျံတောင်တန်း၏ အစွန်းတွင်ရှိသော မြူခိုးများဖုံးလွှမ်းနေသည့် ချိုင့်ဝှမ်းတစ်ခုတွင်….။
ကျော့ရှင်းလှပသော ငွေဖြူရောင်ပုံရိပ်တစ်ခုက အမြင့်ဆုံး ကျောက်ဆောင်ပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေပြီး နူးညံ့ပျော့ပျောင်းသော အမြီးရှည်ကိုးချောင်းက ညင်ညင်သာသာ ယိမ်းနွဲ့နေသည်။
သူမ၏ ခရမ်းရောင် သလင်းကျောက်မျက်ဝန်းများထဲတွင် ဂရုမစိုက်မှု အရိပ်အယောင်တစ်ခု ပါဝင်နေပြီး အောက်ဘက်ရှိ ပုံရိပ်ယောင်သူငယ်အိမ် မြေခွေးတစ်ကောင်၏ အစီရင်ခံစာကို နားထောင်နေခဲ့သည်။
“...သခင်မ ယွဲ့ရီ၊ သခင်မ အမိန့်ပေးတဲ့အတိုင်း အဲဒီ ဝံပုလွေနယ်မြေကို ကျွန်တော် စမ်းသပ်ကြည့်ခဲ့ပါတယ်၊ သူတို့ရဲ့ ခံစစ်က အရမ်းတင်းကျပ်တယ်"
“အပြင်ဘက် ကင်းလှည့်တပ်ကို အနှောင့်အယှက်ပေးဖို့ ကျွန်တော့်ရဲ့ စိတ်စွမ်းအားကို အသုံးပြုလိုက်တာနဲ့ အရိပ်ထဲမှာ ပုန်းကွယ်နေတဲ့ ဝံပုလွေအချို့က ချက်ချင်း ရှာတွေ့သွားလို့ ဆုတ်ခွာလာခဲ့ရပါတယ်”
“အို၊” ယွဲ့ရီက မျက်လုံးဖွင့်ကြည့်လိုက်ပြီး သူမ၏ အသံထဲတွင် မွေးရာပါ ဆွဆောင်မှုနှင့် အထင်သေးမှု အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။
“သူတို့က ခွန်အားပဲရှိပြီး ဦးနှောက်မရှိတဲ့ အရူးအုပ်စုသက်သက်တော့ မဟုတ်ဘူးပေါ့၊ ဒါပေမဲ့ ဝံပုလွေဆိုတာ ဝံပုလွေပါပဲ၊ သူတို့က ဘယ်တော့မှ ကြီးကျယ်တဲ့အရာတွေ ဖြစ်လာမှာမဟုတ်ဘူး”
“ကောင်းပြီလေ၊ သူတို့က ဝိညာဉ်နက်တောင်ကြောက အဲဒီနေရာကို သိမ်းပိုက်လိုက်ပြီဆိုမှတော့ အရှေ့ဘက်ကလာမယ့် ပြဿနာတွေကို ငါတို့အတွက် အရင်ဆုံး ကာကွယ်ခိုင်းထားလိုက်ကြတာပေါ့”
သူမက ဤကိစ္စအပေါ် စိတ်ဝင်စားမှု လျော့ကျသွားပြီး အနားယူရန် မျက်လုံးမှိတ်တော့မည့်ဆဲဆဲတွင် အခြား မြေခွေးမိစ္ဆာတစ်ကောင်က အလျင်စလို ဝင်ရောက်လာပြီး အစီရင်ခံလေသည်။
“သခင်မ ယွဲ့ရီ၊ အရှေ့ဘက်မှာ ကျွန်တော်တို့တွေ့ရှိခဲ့တဲ့ အမည်မသိ စွမ်းအားတစ်ခုကြောင့် စိတ်လွတ်သွားတဲ့ ‘ရူးသွပ်သားရဲ’ တွေက သူတို့ရဲ့ လှုပ်ရှားမှုနယ်ပယ်ကို ချဲ့ထွင်လာပြီး ကျွန်တော်တို့ရဲ့ နယ်မြေဘက်ကို ပျံ့နှံ့လာနေပါတယ်”
ယွဲ့ရီ၏မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
“အသိဉာဏ်မရှိဘဲ ဖျက်ဆီးဖို့ပဲ သိတဲ့ အဲဒီ ‘ရူးသွပ်သားရဲ’ တွေက တော်တော်လေး ဒုက္ခပေးတာပဲ၊ သူတို့ကို ဖြေရှင်းရတာ ငါတို့ရဲ့ ခွန်အားတွေကို အများကြီး ကုန်ဆုံးစေလိမ့်မယ်၊ အဲဒီ ဝံပုလွေအုပ်က အရည်အချင်း နည်းနည်းရှိနေမှတော့...”
အခန်း (၂၅၀) - ထူးဆန်းသော မြေခွေးမလေး ယွဲ့ရီ (၃)
သူမက ကျော့ရှင်းစွာ မတ်တတ်ရပ်လိုက်ပြီး သူမ၏ အမြီးရှည်ကိုးချောင်းက အနောက်ဘက်တွင် ဖြန့်ကြက်သွားခဲ့သည်။
လောကကြီးကို ခြယ်လှယ်လိုသော မိန်းမပျို၏ ရည်မှန်းချက်များက ပြုံးယောင်သန်းနေသော နှုတ်ခမ်းထောင့်တွင် ပုန်းကွယ်နေခဲ့လေသည်။
“ဒါဆိုရင် သူတို့ကို အဲဒီ ရူးသွပ်သားရဲတွေနဲ့ အရင်ဆုံး ထိပ်တိုက်တွေ့ခိုင်းလိုက်မယ်၊ အမိန့်ပေးလိုက်၊ အရှေ့ဘက်က ရူးသွပ်သားရဲအုပ်ကြီးကို ဝံပုလွေအသိုက်ဆီ ဦးတည်သွားအောင် မြှူဆွယ်လိုက်”
သူမ၏ နှုတ်ခမ်းထောင့်တွင် သေချာ တွက်ချက်ထားသော အပြုံးတစ်ခု ပုံပေါ်လာခဲ့သည်။ ဝံပုလွေအုပ်စု အနိုင်ရပါက သူတို့သည် သူမအတွက် ပြဿနာတစ်ခုကို ရှင်းလင်းပေးပြီးသား ဖြစ်သွားပေမည်။
အကယ်၍ သူတို့ ရှုံးနိမ့်သွားလျှင်လည်း ရူးသွပ်သားရဲများ၏ အားနည်းချက်များကို လေ့လာစောင့်ကြည့်ရန် အခွင့်အရေး ရရှိမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူမနှင့် သူမ၏ မျိုးနွယ်စုသည် ဘေးကင်းလုံခြုံစွာ ဘေးမှ ရပ်ကြည့်နေနိုင်မည်သာ ဖြစ်သည်...
ဝံပုလွေအသိုက်ရှိ အောင်ပွဲခံအခမ်းအနားက ယခုလေးတင် စတင်ခဲ့ပြီး လေထုမှာ အသက်ဝင်နေခဲ့သည်။
သွေးမိစ္ဆာသည် ‘သွေးအစွယ်တော် အစောင့်အရှောက်’ များကို သူတို့၏ အသစ်ရရှိထားသော ပူးပေါင်းတိုက်ခိုက်ရေး နည်းဗျူဟာများကို လေ့ကျင့်ပြသရန် ကွပ်ကဲနေခဲ့သည်။
အနီရောင်ရင့်ရင့် ပုံရိပ်ဆယ်ခုက တစ်သားတည်း ပြေးလွှားဝင်ရောက်တိုက်ခိုက်နေကြပြီး ‘စစ်မြည်ကြွေးသံ ပဲ့တင်ထပ်ခြင်း’ နှင့် လျင်မြန်သော ‘ဆုတ်ဖြဲသွေးလက်သည်း’ တို့၏ ကြမ်းကြုတ်သော အလင်းတန်းများ ရောယှက်နေကာ ကြည့်ရှုနေသော ဝံပုလွေအုပ်ကြီးထံမှ တိုးညှင်းသော ဟိန်းဟောက်သံများနှင့် အားပေးသံများကို ဆွဲဆောင်နိုင်ခဲ့သည်။
ထိပ်တန်းစစ်သူကြီးတစ်ဦးအဖြစ် ရပ်တည်လိုသော သွေးမိစ္ဆာ၏စိတ်ဆန္ဒများက လက်တွေ့တွင် အကောင်အထည်ပေါ်လာနေလေပြီ။
လင်းထျန်းလုံသည် ပင်မခန်းမဆောင်ရှေ့ရှိ မြင့်မားသော စင်မြင့်ပေါ်တွင် လဲလျောင်းနေပြီး အောက်ဘက်ရှိ သာယာပျော်ရွှင်ဖွယ်ကောင်းသော မြင်ကွင်းကို နူးညံ့သော အကြည့်များဖြင့် ကြည့်ရှုနေခဲ့သည်။
ရှောင်လန်နှင့် ရှောင်ယင်းတို့က သူ၏ ဧရာမရှေ့ခြေထောက်များပေါ်တွင် ဘယ်ညာ မှီတွယ်နေကြပြီး ပိုင်လင်းနှင့် အခြား မြေခွေးမလေးများက သူတို့၏ လူသားခန္ဓာကိုယ်နှင့် ကိုက်ညီစေရန် အထူးဖန်တီးပေးထားသော ဝိညာဉ်သစ်သီးဖျော်ရည်များကို သောက်သုံးနေကြသည်။
ရုတ်တရက် လင်းထျန်းလုံ၏ ဧရာမဝံပုလွေနားရွက်ကြီးများက လှုပ်ရှားသွားခဲ့သည်။
‘အဆင့်မြင့် စိတ်အာရုံဆက်သွယ်ခြင်း’ က အနောက်မြောက်ဘက်မှ ယခင်က ဖြစ်ရပ်နှင့် မတူညီဘဲ အရှေ့ဘက် ခံစစ်မျဉ်းမှ ရုန်းရင်းဆန်ခတ်ဖြစ်မှုနှင့် သတိပေးချက်တစ်ခုကို ဖမ်းယူရရှိခဲ့သည်။
၎င်းမှာ ဖျက်ဆီးလိုစိတ်များ ပြည့်နှက်နေသော ဖရိုဖရဲအကြမ်းဖက်လိုသည့် စိတ်ပိုင်းဆိုင်ရာ တုန်ခါမှုတစ်ခုဖြစ်ပြီး အရေအတွက်များစွာရှိကာ အလျင်အမြန် ချဉ်းကပ်လာနေသည်။
“ရန်သူ လာနေပြီ၊ အရှေ့ဘက် ခံစစ်မျဉ်းဆီကိုသွား၊ တိုက်ခိုက်ရေးတပ်ဖွဲ့အားလုံး တိုက်ပွဲဝင်ဖို့ပြင်ကြ” လင်းထျန်းလုံ၏ စိတ်အာရုံဆက်သွယ်မှုက မိုးကြိုးပစ်ချလိုက်သည့်အလား ဝံပုလွေအဖွဲ့ဝင်များအားလုံး၏ စိတ်ထဲတွင် ပေါက်ကွဲထွက်လာခဲ့သည်။
အောင်ပွဲခံအခမ်းအနား၏ ပျော်ရွှင်ဖွယ်လေထုထဲတွင် နစ်မြုပ်နေခဲ့သော ဝံပုလွေအသိုက်သည် ချက်ချင်းဆိုသလိုပင် စစ်ပွဲစက်ယန္တရားကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ၎င်း၏ အခြားမျက်နှာစာကို ပြသလိုက်သည်။
ထျန်းပင်းဦးဆောင်သော လုပ်ကြံသတ်ဖြတ်သူများက ရွှေရောင် ရေစီးကြောင်းကြီးတစ်ခုပမာ အရှေ့ဘက် ရေခဲတံတိုင်းဆီသို့ ပြေးဝင်သွားကြသည်။
ရန့်မြဲ့က ရှည်လျားစွာ ဟိန်းဟောက်လိုက်ရာ အစောင့်အရှောက်များက ခံစစ်မျဉ်းကို ကျောက်သားပမာ တစ်လွှာပြီးတစ်လွှာ အားဖြည့်ပေးလိုက်ကြသည်။
ယင်းဖုန်းနှင့် ကင်းလှည့်အမဲလိုက်တပ်ရင်းကမူ ချုံခိုတိုက်ခိုက်မှုအတွက် ပြင်ဆင်ရန် အရိပ်များထဲသို့ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားကြသည်။
လင်းထျန်းလုံ မတ်တတ်ရပ်လိုက်ရာ သူ၏ ငွေဖြူရောင်ခန္ဓာကိုယ်က နေရောင်အောက်တွင် အေးစက်စက် အလင်းရောင်များဖြင့် တောက်ပလင်းလက်နေခဲ့သည်။
“ရှောင်လန်၊ ရှောင်ယင်း၊ အကာအကွယ်ရဲ့ အလယ်ဗဟိုမှာပဲ နေပြီး သမီးတို့ကိုယ်သမီးတို့ သေချာကာကွယ်ထားကြ”
“သတိထားပါနော်၊ ဖေဖေ” မိန်းကလေးငယ် နှစ်ဦးက စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်ကြသည်။
လင်းထျန်းလုံက အရှေ့ဘက် ရေခဲတံတိုင်းပေါ်သို့ ခုန်တက်လိုက်သောအခါ ဖရိုဖရဲ မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။
ပုံသဏ္ဌာန် အမျိုးမျိုးရှိသော်လည်း သွေးနီရောင်မျက်လုံးများဖြင့် သွားရည်များကျနေကာ အသိဉာဏ် လုံးဝ ကင်းမဲ့နေသော မိစ္ဆာသားရဲကောင် ဒါဇင်ပေါင်းများစွာက ခံစစ်မျဉ်းကို အရူးအမူး ဝင်ရောက်တိုက်ခိုက်နေကြသည်။
သူတို့သည် နာကျင်မှုကို လျစ်လျူရှုထားပြီး အချင်းချင်းပင် ကိုက်ခဲနေကြကာ သူတို့၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ အတားအဆီးများကို ဖြိုခွဲပြီး မြင်မြင်သမျှ အရာအားလုံးကို ဖျက်ဆီးပစ်ရန်သာ ဖြစ်သည်။
“ဒါ ‘ရူးသွပ်သားရဲ’ တွေပဲ” အရှေ့ဘက် ခံစစ်မျဉ်းကို တာဝန်ယူထားသော မဟာနှင်းအစောင့်အရှောက်တပ်မှူးက အော်ဟစ်လိုက်သည်။
“သူတို့က တစ်ခုခုရဲ့ မြှူဆွယ်တာကို ခံရပြီး ဒီကို ရောက်လာကြပုံရတယ်”
လင်းထျန်းလုံ၏ ‘ငွေပြာဧကရာဇ်မျက်ဝန်း’ က သူတို့အပေါ်သို့ ဝေ့ဝဲသွားပြီး ဤမိစ္ဆာသားရဲကောင်များ၏ အခြေအနေမှာ အလွန်အမင်း ပုံမှန်မဟုတ်ကြောင်းကို ချက်ချင်း ရှာဖွေတွေ့ရှိလိုက်သည်။
သူတို့၏ ဝိညာဉ်များကို ညစ်ညမ်းသော စွမ်းအားတစ်ခုခုက လွှမ်းမိုးဖျက်ဆီးထားသည့်အလား ဖြစ်နေသည်။
“ခံစစ်မျဉ်းကိုကာကွယ်ဖို့ ဦးစားပေးပြီး မိခင်သစ်ပင်ကို တိုက်ခိုက်နေတာကို တားဆီးထားကြ”
တိုက်ပွဲက ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။
မဟာနှင်းအစောင့်အရှောက်များ၏ ‘ရေခဲဥက္ကာပျံ ကြွေကျခြင်း’ က သားရဲအုပ်ကြီးထဲသို့ အရှိန်ပြင်းစွာ ကျဆင်းလာပြီး ကြီးမားသော ဧရိယာတစ်ခုအထိ အေးခဲသွားစေသည်။
လုပ်ကြံသတ်ဖြတ်သူများက ထက်မြက်သော ဓားသွားများပမာ ထိုးဖောက်ဝင်ရောက်သွားပြီး ရူးသွပ်သားရဲများကို ခွဲထုတ်ပစ်လိုက်သည်။
ကင်းလှည့်အမဲလိုက်တပ်ရင်းကမူ ခံစစ်မျဉ်းကို ကျော်ဖြတ်ရန် ကြိုးစားနေသော တစ်ဦးချင်းစီကို တိကျစွာ ရွေးချယ် သတ်ဖြတ်နေကြသည်။
သို့သော်လည်း ဤရူးသွပ်သားရဲများသည် သေဆုံးခြင်းနှင့် ကြောက်ရွံ့မှုဆိုသည်ကို မသိရှိကြဘဲ သူတို့၏ ရူးသွပ်သော ဝင်ရောက်တိုက်ခိုက်မှုများက ခံစစ်မျဉ်းအပေါ် ကြီးမားသော ဖိအားကို ဖြစ်ပေါ်စေခဲ့သည်။
အလွန်အမင်း သန်စွမ်းသော ရူးသွပ်သားရဲ တစ်ကောင်က အားနည်းသော နေရာတစ်ခုကို ဖောက်ထွင်းတော့မည့်ဆဲဆဲတွင် ငွေဖြူရောင် ပုံရိပ်တစ်ခုက ထိုရူးသွပ်သားရဲ၏ဘေးတွင် တစ္ဆေတစ်ကောင်ပမာ ပေါ်လာခဲ့သည်။
ထိုငွေဖြူရောင်ပုံရိပ်မှာ လင်းထျန်းလုံပင် ဖြစ်သည်။
သူသည် စွမ်းအားကြီးမားသော မည်သည့်ကျွမ်းကျင်မှုကိုမျှ အသုံးမပြုဘဲ လက်သည်းတစ်ချက်ကိုသာ တိုက်ရိုက် ဝှေ့ယမ်းလိုက်သည်။
‘ရှေးဟောင်းကန္တာရတိုက်ပွဲခန္ဓာ’ ၏ ကြီးမားသော ခွန်အားများ ပါဝင်နေသည့် ဝံပုလွေလက်သည်းက လေထုကို ဆုတ်ဖြဲကာ တဝီဝီအသံမျညး ထွက်ပေါ်လာပြီး ရူးသွပ်သားရဲ၏ခေါင်းကို တိကျစွာ ရိုက်ချလိုက်သည်။
ဘုန်း၊
ဖရဲသီးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ရူးသွပ်သားရဲ၏ ခေါင်းမှာ ချက်ချင်း ပျက်စီးသွားခဲ့သည်။ ခေါင်းပြတ်နေသော အလောင်းက ကြီးမားသောအားကြောင့် လွင့်စင်သွားပြီး အနောက်ရှိ ရူးသွပ်သားရဲ အများအပြားကို ဝင်တိုက်မိကာ လဲကျသွားခဲ့လေသည်။
ဝေးကွာသော မြူခိုးများထဲရှိ ခရမ်းရောင်သလင်းကျောက် မြေခွေးမျက်ဝန်းတစ်စုံက ဤမြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်သည်။
ယွဲ့ရီသည် မူလက တိုက်ပွဲကိုသာ ကြည့်ရှုရန် ရည်ရွယ်ထားပြီး ဝံပုလွေအုပ်စု၏ ခွန်အားမည်မျှကို ရူးသွပ်သားရဲများက ကုန်ဆုံးသွားစေမည်ကို ကြည့်ချင်ခဲ့သည်။
သို့သော် လင်းထျန်းလုံ၏ ရိုးရှင်းပြီး အာဏာရှင်ဆန်ကာ သန့်ရှင်းလှပသော စွမ်းအားများ ပါဝင်သည့် တိုက်ခိုက်မှုကို မြင်တွေ့လိုက်ရသောအခါ သူမ၏ မြေခွေးမျက်ဝန်းများထဲရှိ ဂရုမစိုက်မှု အရိပ်အယောင်များ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
“စွမ်းအားအပေါ်မှာ အရမ်းအားကောင်းတဲ့ ထိန်းချုပ်မှုပဲ...” သူမက အထင်သေးမှု အချို့ကို ဖယ်ထားလိုက်ပြီး တစ်ဦးတည်း ရေရွတ်လိုက်သည်။
ဝံပုလွေမျိုးနွယ်စုများသည် အများအားဖြင့် ခွန်အားကြီးမားမှုကြောင့် လူသိများကြသော်လည်း စွမ်းအားကို ဤမျှ အလွန်တိကျသော အတိုင်းအတာအထိ အလွယ်တကူ ထိန်းချုပ်နိုင်ခြင်းက သာမန် ဝံပုလွေဘုရင်တစ်ပါး၏ စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်နေသည်။
တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေသည်။ လင်းထျန်းလုံသည် ခံစစ်မျဉ်းပေါ်တွင် တည်ငြိမ်သော စွမ်းအားတစ်ခုပမာ ရပ်နေပြီး သူ တစ်ချက်တိုက်ခိုက်လိုက်တိုင်း ရူးသွပ်သားရဲ တစ်ကောင် သေဆုံးသွားခဲ့သည်။
သူသည် ကြီးမားသော သတ်ဖြတ်မှုများကို မလုပ်ဆောင်ဘဲ အန္တရာယ်ဖြစ်ပေါ်နိုင်သည့် နေရာတိုင်းကိုသာ တိကျစွာ ပံ့ပိုးပေးကာ တည်ငြိမ်စွာ ကွပ်ကဲနေခဲ့သည်။ သူ၏လမ်းညွှန်မှုအောက်တွင် ဝံပုလွေအုပ်စု၏ ခံစစ်မျဉ်းမှာ ကျောက်ဆောင်တစ်ခုပမာ တည်ငြိမ်နေခဲ့လေ၏။
ယွဲ့ရီသည် ကြည့်လေလေ ပို၍အံ့ဩလာလေလေ ဖြစ်နေရလေသည်။
ဤငွေရောင်ဝံပုလွေဘုရင်သည် တစ်ကိုယ်ရည် တိုက်ခိုက်ရေးစွမ်းရည် သာမကဘဲ ထူးခြားသော တိုက်ပွဲအမြင်နှင့် ကွပ်ကဲမှု အနုပညာကိုပါ ပြသနေခဲ့သည်။ ဤသည်က
ဤသည်က ဝံပုလွေမျိုးနွယ်စုများအပေါ် သူမ၏ ‘ကိုယ်လက်အင်္ဂါသာ ဖွံ့ဖြိုးပြီး ဦးနှောက်မရှိဘူး’ ဟူသော ပုံသေတွေးခေါ်မှုကို လုံးဝ ပြောင်းလဲပစ်လိုက်သည်။
“ငါ မင်းကို အထင်သေးခဲ့မိပုံရတယ်...” သူမ၏ ခရမ်းရောင်သလင်းကျောက် မြေခွေးမျက်ဝန်းများထဲတွင် ထိုငွေဖြူရောင်ပုံရိပ်အပေါ် ပထမဆုံးအကြိမ်အဖြစ် ‘စိတ်ဝင်စားမှု’ ဟူသော မီးတောက်တစ်ခု လောင်ကျွမ်းလာခဲ့သည်။
“ဖြစ်နိုင်တာက... လူချင်းတွေ့ဖို့ တန်တယ်”
သူမ၏ ပုံရိပ်က မြူခိုးများထဲသို့ ဖြည်းညင်းစွာ ပေါင်းစပ်သွားပြီး သူမ၏စိတ်ထဲတွင် အစီအစဉ်သစ်တစ်ခု ပုံပေါ်နေပြီဖြစ်သည်။
ဤဝံပုလွေအုပ်စု၊ အထူးသဖြင့် ထိုငွေရောင် ဝံပုလွေဘုရင်သည် သူမ မျှော်လင့်ထားသည်ထက် များစွာ ပိုမို စိတ်ဝင်စားစရာကောင်းနေသည်။
လင်းထျန်းလုံ၏ တည်ရှိမှုအောက်တွင် ဝံပုလွေအသိုက်၏ အရှေ့ဘက်ခြမ်းရှိ တိုက်ပွဲမှာ မကြာမီ အဆုံးသတ်သွားခဲ့သည်။
ရူးသွပ်သားရဲများ အားလုံး သုတ်သင်ရှင်းလင်းခံလိုက်ရ၏။ ဝံပုလွေအုပ်စုမှာ ထိခိုက်မှု အချို့ရှိခဲ့သော်လည်း သူတို့၏ စိတ်ဓာတ်များမှာ မြင့်မားနေခဲ့သည်။
လင်းထျန်းလုံသည် မြို့ရိုးပေါ်တွင် ရပ်ကာ မြေပြင်ပေါ်ရှိ ရှုပ်ပွနေသည့်မြင်ကွင်းကို ကြည့်ရင်း သူ၏ ရေခဲပြာရောင်မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့သည်။
ဤရူးသွပ်သားရဲများသည် သံသယဖြစ်ဖွယ် အခြေအနေများအောက်တွင် ရောက်လာခဲ့ခြင်းဖြစ်ပြီး... ခုနက ဤနေရာကို လျှို့ဝှက်ကြည့်ရှုနေသော အကြည့်တစ်ခု ရှိနေသည်ဟု သူ တစ်ချိန်လုံး ခံစားနေရသည်။
ဝံပုလွေအသိုက်၏ အရှေ့ဘက်ရှိ တိုက်ပွဲက တဖြည်းဖြည်း ငြိမ်သက်သွားပြီး နောက်ဆုံး သတ်ဖြတ်မှုအသံများနှင့် စစ်မြေပြင် ရှင်းလင်းရေး အသံများသာ ကျန်ရှိတော့သည်။
လေထုထဲတွင် သွေးနံ့များ ပြင်းထန်စွာ ပျံ့နှံ့နေပြီး ယခင်က အောင်ပွဲခံအခမ်းအနား၏ ပျော်ရွှင်စရာလေထုနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။
လင်းထျန်းလုံသည် ရေခဲတံတိုင်းပေါ်တွင် ရပ်နေပြီး သူ၏ ငွေဖြူရောင်အမွေးအမျှင်များက လေထဲတွင် အနည်းငယ်လွင့်မျောနေကာ သူ၏ ရေခဲပြာရောင်မျက်ဝန်းများဖြင့် စစ်တလင်းကို တည်ငြိမ်စွာ စစ်ဆေးနေခဲ့သည်။