အခန်း (၄၅၃-၄၅၄)
Vol. 42 Ch. 453-454
အပိုင်း (၄၅၃)
ထိုအချိန်ကျမှသာ အဖိုးအိုသည် လင်းပိုင်ဖန်နှင့် အခြားသူများကို အသေအချာ အကဲခတ်ကြည့်မိတော့သည်။
သူ့ရှေ့မှ လူစုမှာ အလွန်ပင် ထူးခြားဆန်းပြားလှသည်ကို သူ သတိပြုမိသွားသည်။ စကားပြောနေသည့် လူငယ်လေးမှာ ရုပ်ရည်ချောမောရုံသာမက မြင့်မြတ်လှသော ဧကရာဇ် အရှိန်အဝါများ ကိန်းဝပ်နေသည်။ သူ၏ ဘေးပတ်လည်နှင့် နောက်ကွယ်တွင်မူ နတ်သမီးအလား လှပလွန်းသည့် မိန်းမလှလေးများစွာ ပါရှိနေသည်။ သာမန်လူတို့ အိမ်မက်ပင် မက်ဝံ့ခြင်းမရှိသော ထိုသို့သော အလှမျိုးကို ပိုင်ဆိုင်သည့် မိန်းမလှများကို သူက အများအပြား ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။
နောက်သို့ ထပ်မံကြည့်လိုက်သောအခါတွင်မူ အစွမ်းထက်လှသည့် သိုင်းပညာရှင်များစွာကို တွေ့လိုက်ရသည်။ ထိုအထဲမှ အဖိုးအိုနှစ်ဦး၏ အစွမ်းမှာမူ သူပင်လျှင် ခန့်မှန်း၍ မရနိုင်လောက်အောင် နက်ရှိုင်းလှသည်။ သူကိုယ်တိုင်မှာလည်း အစွမ်းထက်လှသူဖြစ်ရာ သူဖောက်ထွင်းမမြင်နိုင်သူဟူ၍ သူနှင့် အဆင့်တူညီသည့် ‘ ကောင်းကင်အဆင့် သိုင်းပညာရှင်’ များသာ ရှိပေသည်။ ထို့ကြောင့်ပင် ဤအဖိုးအိုနှစ်ဦးမှာ သူ့ကဲ့သို့ပင် ကောင်းကင်အဆင့် သိုင်းပညာရှင်ကြီးများ ဖြစ်ကြပြီး နတ်ဘုရား လက်နက်များကိုပင် ကိုင်ဆောင်ထားကြသူများ ဖြစ်နေကြသည် မဟုတ်ပါလား။
အဖိုးအိုမှာ အလွန်ပင် တုန်လှုပ်သွားပြီး ဤသူများမှာ မည်သူများပါလိမ့်ဟု တွေးတောနေမိတော့သည်။
“မင်းတို့က ဘယ်သူတွေလဲ...”
“မိတ်ဆက်ပေးပါရစေ”
လင်းပိုင်ဖန်က ပြုံးလျက် - “ကျွန်တော်ကတော့ မဟာရှနိုင်ငံရဲ့ လက်ရှိဧကရာဇ် လင်းပိုင်ဖန်ပါ။ ဒီလှပတဲ့ မိန်းကလေးတွေကတော့ ကျွန်တော့်ရဲ့ ချစ်လှစွာသော ကြင်ယာတော်တွေပေါ့။ ဒီအဖိုးအိုနှစ်ယောက်ကတော့ မဟာရှရဲ့ ကောင်းကင်အဆင့် သိုင်းပညာရှင်ကြီးတွေဖြစ်တဲ့ ‘ဓားအဖိုးအို’ နဲ့ ‘လှံနတ်ဘုရား’ တို့ပဲ ဖြစ်ပါတယ်”
“ပန်းချီဆရာကြီးက သူ့ရဲ့ပညာကို ဆက်ခံမယ့်သူ ရှာနေတယ်လို့ ကြားသိလိုက်ရပါတယ်။ ဒါက သိုင်းလောကအတွက် ဂုဏ်ယူစရာကိစ္စတစ်ခုပဲလေ။ ကျွန်တော်လည်း အားနေတာနဲ့ လူအုပ်ကြီးကို ခေါ်ပြီး ပျော်ပွဲရွှင်ပွဲ လာဆင်နွှဲတာပါ။ ဆရာကြီးအနေနဲ့ စိတ်မရှိဘူးလို့ မျှော်လင့်ပါတယ်”
“ပျော်ပွဲရွှင်ပွဲ လာဆင်နွှဲတာ ဟုတ်လား” ပန်းချီဆရာကြီး၏ နှုတ်ခမ်းအစုံမှာ လင်းပိုင်ဖန်၏ ရှင်းပြချက်ကြောင့် တွန့်သွားတော့သည်။
ငါအသေအချာ ဖန်တီးထားတဲ့ ပုံရိပ်ယောင်တွေကို ဖျက်ဆီးပစ်တာက ပျော်ပွဲရွှင်ပွဲ ဆင်နွှဲတာလား။ ပြီးတော့ စိတ်မရှိပါနဲ့လို့တောင် ပြောနေသေးတယ်၊ ရူးနေတာလား..။
ပန်းချီဆရာကြီးသည် နတ်ဘုရားလက်နက်များ ကိုင်ဆောင်ထားသည့် ကောင်းကင်အဆင့် သိုင်းပညာရှင် နှစ်ဦးကို ကြည့်လိုက်ပြီးနောက် ငြိမ်သက်စွာပင် ခေါင်းငုံ့လိုက်တော့သည်။
‘ကောင်းပြီလေ... ငါ စိတ်ရှိဖို့တောင် မဝံ့ပါဘူး’
“ကြည့်လို့တော့ ရပါတယ်၊ ဒါပေမဲ့ ပြဿနာတော့ မရှာကြနဲ့။ ပြီးတော့ ဒါက ငါ့အိမ်လေ၊ မင်းတို့က ဧည့်သည်တွေ ဖြစ်တာကြောင့် ငါ့ခွင့်ပြုချက်မရှိဘဲ လျှောက်မသွားကြနဲ့။ မတော်တဆ စိတ်မချမ်းသာစရာတွေ ဖြစ်လာရင် မကောင်းဘူးလေ” ဟု ပန်းချီဆရာကြီးက ဆိုလိုက်သည်။
“စိတ်ချပါ ဆရာကြီး၊ ကျွန်တော် ဘာလုပ်သင့်တယ်ဆိုတာကို သိပါတယ်” လင်းပိုင်ဖန်က အာမခံလိုက်သည်။
သို့သော်လည်း လင်းပိုင်ဖန်၏ စိတ်အားထက်သန်စွာ အာမခံနေမှုကို ကြည့်ပြီး ပန်းချီဆရာကြီးမှာမူ အားကိုး၍ မရနိုင်သလိုမျိုး ခံစားနေရဆဲပင်။
ပန်းချီဆရာကြီးက လက်ယမ်းပြလိုက်ပြီး - “သွားကြတော့... ငါ ဒီမှာ ရှင်းလင်းရေးလုပ်ရဦးမယ်။ နောက်ခါဆိုရင် နည်းနည်းလောက် ယဉ်ယဉ်ကျေးကျေး လုပ်လို့မရဘူးလား။ အကုန်လုံး ပျက်စီးကုန်ပြီ၊ ငါ အစကနေ ပြန်လုပ်ရတော့မယ်”
မဟာရှ၏ သင်္ဘောအုပ်စုသည် ပန်းချီနယ်မြေကျွန်းဆီသို့ ခန့်ညားထည်ဝါစွာ ဆိုက်ကပ်လာခဲ့သည်။
ကျွန်းပေါ်သို့ ရောက်ရှိပြီးနောက် လင်းပိုင်ဖန်သည် မိန်းမပျိုများကို ခေါ်ဆောင်ကာ ကျွန်းပတ်ကြည့်ရန် မစောင့်နိုင်တော့ပေ။ ထိုကျွန်းကလေးမှာ အမှန်ပင် စနစ်တကျ ပြင်ဆင်ထားပြီး ပန်းပေါင်းစုံ၊ သစ်ပင်ပေါင်းစုံတို့ဖြင့် အလှပြိုင်နေကြသည်။ လင်းပိုင်ဖန်နှင့် အခြားသူများမှာ ကျွန်းပေါ်တွင် အချိန်ကုန်မှန်းမသိ ပျော်ပါးနေကြရာ မှောင်လာမှပင် အနားယူရန် သင်္ဘောပေါ်သို့ ပြန်လာခဲ့ကြသည်။
……..
ထိုအချိန်တွင် ပန်းချီဆရာကြီးမှာလည်း ပြန်လည်ရောက်ရှိလာသည်။
သူသည် အတော်ပင် ပင်ပန်းနေပုံရပြီး မောကြီးပန်းကြီးဖြင့် - “ပင်ပန်းလိုက်တာကွာ။ ဒီပြဿနာတွေကြောင့် ငါ့ခန္ဓာကိုယ် တစ်စစီ ပြုတ်ထွက်တော့မတတ်ပဲ။ နောက်ထပ် နှစ်အနည်းငယ်လောက် ပိုနေရဦးမှာကို အခုတော့ အသက်တိုရတော့မယ်။ ဒီကလေးမလေးတွေကတော့...”
ထိုအချိန်မှာပင် အသက် ၅၀ ကျော် ၆၀ ခန့်ရှိမည့် အမျိုးသားတစ်ဦး ပြေးဝင်လာကာ - “သခင်ကြီး... ပြဿနာတက်ပြီ”
“ဘာဖြစ်တာလဲ” ပန်းချီဆရာကြီးက မျက်မှောင်ကြုတ်လိုက်သည်။
သူ၏ အိမ်တော်ထိန်းအဖြစ် ဆယ်စုနှစ်များစွာ သစ္စာရှိစွာ အလုပ်အကျွေးပြုလာသော ဤသူသည် ပုံမှန်အားဖြင့် အလွန်တည်ငြိမ်သူဖြစ်ပြီး မည်မျှပင် ကြီးမားသောကိစ္စနှင့် ကြုံရပါစေ တည်ငြိမ်မှုကို မပျက်စေသူဖြစ်သည်။ ယနေ့တွင် အဘယ်ကြောင့် ဤမျှအထိ ပျာယာခတ်နေရပါသနည်း။
“သခင်ကြီး... ဒီနေ့ တစ်စိမ်းတစ်စုက သခင်ကြီးရဲ့ ‘ပန်းတစ်ရာဥယျာဉ်’ ထဲကို ကျူးကျော်ဝင်ရောက်ပြီး အကြာကြီး နေသွားကြပါတယ်”
“ဘာ….” ပန်းချီဆရာကြီးမှာ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
ပန်းတစ်ရာဥယျာဉ်ဆိုသည်မှာ သူ၏ ကိုယ်ပိုင်နယ်မြေဖြစ်ပြီး ရှားပါးလှသော ပန်းများနှင့် သစ်ပင်များကို သူကိုယ်တိုင် ပြုစုပျိုးထောင်ထားသည့် နေရာဖြစ်သည်။ သူနှင့် ရင်းနှီးသူ အနည်းငယ်မှလွဲ၍ မည်သူမျှ ဝင်ရောက်ခွင့်မရှိသော နေရာလည်း ဖြစ်သည်။ ယခုမူ တစ်စုံတစ်ယောက်က ကျူးကျော်ကာ ဝင်ရောက်ဝံ့သည်လား။
“သူတို့က ဘယ်သူတွေလဲ။ ငါ သူတို့ကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်” ပန်းချီဆရာကြီးမှာ ဒေါသများ ပေါက်ကွဲနေတော့သည်။
“သခင်ကြီး... ကျွန်တော်လည်း မသိဘူး။ လူငယ်တစ်စုလို့ပဲ သိရပါတယ်။ အဲဒီထဲက အမျိုးသားက ရုပ်ရည်ချောမောပြီး အမျိုးသမီးတွေကလည်း အလွန်လှပကြတယ်၊ သူတို့ကို အစွမ်းထက်တဲ့ ကိုယ်ရံတော်တွေကလည်း ကာကွယ်ပေးထားကြတာ။ ကျွန်တော်တို့ သူတို့ကို မယှဉ်နိုင်ခဲ့ဘူး”
ပန်းချီဆရာကြီးသည် ချက်ချင်းပင် လင်းပိုင်ဖန်နှင့် သူ၏အဖွဲ့ကို ပြေးမြင်လိုက်မိသည်။ ဒီလောက်အထိ ရဲတင်းပြီး ရမ်းကားဝံ့သူဆိုလို့ သူတို့ပဲ ရှိပေသည်။
“ထားလိုက်တော့... သူတို့ဘာသာ ရှိပါစေတော့” ပန်းချီဆရာကြီးသည် ခွန်အားများကုန်ခမ်းသွားသလိုမျိုး ထိုင်ချလိုက်တော့သည်။ ထိုလူစုမှာ သူ ရန်စဝံ့သူများ မဟုတ်ကြချေ။
အိမ်တော်ထိန်းမှာမူ အံ့အားသင့်သွားတော့သည်။
သခင်ကြီးသည် ဤပန်းတစ်ရာဥယျာဉ်ကို မည်မျှအထိ တန်ဖိုးထားသည်ကို သူသိသည်။ ဤနေရာမှာ သခင်ကြီးအတွက် အထွတ်အမြတ်ထားရာ နေရာဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ဝင်သူမှန်သမျှ ပြင်းထန်စွာ အပြစ်ပေးခံရလေ့ရှိသည်။ ယခင်က တစ်စုံတစ်ယောက်မှာ အပြစ်ပေးခံရကာ အသက်ဆုံးရှုံးခဲ့သည်အထိပင်။ ယခုမူ သခင်ကြီးက အလျှော့ပေးလိုက်သည်တဲ့လား။
အိမ်တော်ထိန်းမှာ တုန်လှုပ်နေမိပြီး ဤသူမှာ တကယ်ပင် သူ၏သခင်ကြီး ဟုတ်ပါစဟု တွေးတောနေမိသည်။
ပန်းချီဆရာကြီးသည် အိမ်တော်ထိန်း၏ အတွေးကို သိနေသကဲ့သို့ပင် ချောင်းအနည်းငယ်ဟန့်ကာ သူ၏ စိတ်မသက်မသာဖြစ်မှုကို ဖုံးကွယ်လျက် - “တကယ်တော့ သူတို့က ငါ့ရဲ့ ဧည့်သည်တွေပါ။ ငါ့ဆီကနေ ဥယျာဉ်ထဲဝင်ဖို့ ခွင့်ပြုချက် ရထားပြီးသား။ မင်းကို အသိပေးဖို့ အချိန်မရလိုက်တာပါ”
“သြော်... ဒါကြောင့်ကိုး။ ဒါပေမဲ့ သခင်ကြီး... သူတို့က ဥယျာဉ်ထဲ ဝင်ရုံတင်မကဘူး၊ ပန်းအချို့ကိုလည်း ခူးသွားကြသေးတယ်” ဟု အိမ်တော်ထိန်းက နာကျင်စွာ ပြောလိုက်သည်။
ပန်းချီဆရာကြီးမှာ ရင်ဘတ်ထဲက စစ်ခနဲ နာကျင်သွားသော်လည်း အတင်းပြုံးလိုက်ကာ - “ခူးပါစေကွာ။ အဲဒီမှာ ပန်းတွေအများကြီး ရှိတာပဲ၊ အနည်းငယ် ခူးသွားတာ ဘာအရေးလဲ။ ငါက သဘောထားကျဉ်းမြောင်းတဲ့သူ မဟုတ်ပါဘူး... ဟား... ဟားဟား”
“ဒါပေမဲ့ သခင်ကြီး... သူတို့ခူးသွားတာက သခင်ကြီး အကြိုက်ဆုံးဖြစ်တဲ့ ‘ရဟန္တာတစ်ဆယ့်ရှစ်ပါး ရင်ပန်း’၊ ‘ခရမ်းရောင် ကျောက်စိမ်း မန္ဒလာပန်း’ နဲ့ ‘ပန်းနီမြတ်’ တွေပါ”
“ဘာ”
ပန်းချီဆရာကြီးမှာ ဒေါသတကြီး ခုန်ထလိုက်ကာ - “ငါ့အကြိုက်ဆုံး ပန်းတွေကို ခူးသွားဝံ့တယ်လား။ တကယ်ကို လွန်လွန်းလှတယ်။ တကယ်ကို လွန်လွန်းလှပြီ။ သူတို့... သူတို့က တကယ့် ရတနာကိုတော့ ရွေးတတ်သားပဲ”
အိမ်တော်ထိန်း - “???”
ပန်းချီဆရာကြီးသည် စိတ်ကိုအတင်းတည်ငြိမ်အောင် ထိန်းလိုက်ပြီး သက်ပြင်းချကာ - “ရှေးလူကြီးတွေ ပြောသလိုပေါ့၊ ‘နတ်ဓားက သူရဲကောင်းနဲ့ ထိုက်တန်ပြီး လှပတဲ့ပန်းတစ်ပွင့်ဟာလည်း မိန်းမလှနဲ့ ထိုက်တန်တယ်’ တဲ့။ သူတို့က ပန်းကို တန်ဖိုးထားတတ်မှတော့ လက်ဆောင်ပေးလိုက်တာ ဘာဆန်းလဲ။ သူတို့ရဲ့ ဂရုစိုက်မှုအောက်မှာ ဒီပန်းတွေက ပိုပြီးလှလှပပ ရှင်သန်လာလိမ့်မယ်လို့ ငါ ယုံကြည်တယ်”
အိမ်တော်ထိန်းမှာ ကြောင်အသွားပြီး - “သခင်ကြီး... ဒါတွေက တကယ်ပဲ သခင်ကြီးရဲ့ ရင်ထဲက စကားတွေလား”
ပန်းချီဆရာကြီးက တုန်တုန်ယင်ယင်ဖြင့် ရယ်လိုက်ကာ - “ရင်ထဲကပေါ့ကွ။ တစ်ခါတလေ သဘောထားကြီးတာ ဘာမှားလို့လဲ”
“ဒါပေမဲ့ သခင်ကြီး... သူတို့က အဲဒီပန်းတွေကို လက်ဖက်ရည်လုပ်သောက်ဖို့ ခူးသွားတာလို့ ပြောပါတယ်”
ပန်းချီဆရာကြီး၏ ဒေါသမီးမှာ ပြန်လည် တောက်လောင်လာပြန်သည် - “F**k၊ ငါ့ရဲ့ အချစ်တော်ပန်းတွေကို လက်ဖက်ရည်လုပ်သောက်ဖို့ တဲ့လား၊ ငါ့ကို လုံးဝ မလေးစားတာပဲ။ ငါ အခုချက်ချင်း သူတို့ကို သွားအကဲခတ်ရမယ်”
ထိုသို့ဆိုကာ သူသည် လျှပ်စီးအလား ပျောက်ကွယ်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် လင်းပိုင်ဖန်၏ သင်္ဘောပေါ်သို့ ရောက်ရှိသွားသည်။ သူသည် လင်းပိုင်ဖန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်၊ ထို့နောက် နောက်က မိန်းမလှများကို ကြည့်လိုက်သည်၊ ထို့နောက် ကိုယ်ရံတော် သိုင်းသမားများကို ကြည့်လိုက်သည်၊ ပြီးတော့...
...နတ်ဘုရားလက်နက် ကိုင်ဆောင်ထားသည့် ‘ဓားအဖိုးအို’ နှင့် ‘လှံနတ်ဘုရား’ တို့ကို ကြည့်လိုက်သည်။
သူ့ရင်ထဲက ဒေါသတွေမှာ ချက်ချင်းပင် လေလွင့် ပျောက်ကွယ်သွားတော့သည်။
သူသည် အလွန်ပင် တည်ငြိမ်သွားတော့သည်။ မဟုတ်ဘူး... သူ တည်ငြိမ်ရမည် ဖြစ်သည်။
ထိုအချိန်တွင် လင်းပိုင်ဖန်က သူ့ကို သတိပြုမိသွားပြီး လက်ယမ်းပြကာ - “ပန်းချီဆရာကြီး ရောက်လာပြီပဲ။ ကျွန်တော်တို့ ညစာ စားနေတာ၊ လာပြီး အတူတူ သောက်ပါဦးလား”
“ကောင်းပြီလေ” ပန်းချီဆရာကြီးက ခန့်ညားစွာ လျှောက်သွားလိုက်သည်။
အပိုင်း (၄၅၄)
ပန်းချီဆရာကြီးသည် လင်းပိုင်ဖန်၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။
ကျန်ရှိသော ထိုင်ခုံနှစ်နေရာမှာမူ ‘ဓားအဖိုးအို’ နှင့် ‘လှံနတ်ဘုရား’ တို့အတွက် ဖြစ်ပြီး သူတို့သည် ပန်းချီဆရာကြီးကို စောင့်ကြိုနေခဲ့ကြသယောင်ပင်။ ပန်းချီဆရာကြီးသည် စားပွဲပေါ်ရှိ ကောင်းနိုးရာရာ စားဖွယ်စုံကို ကြည့်ပြီး စိတ်ထဲမှ ကြုံးဝါးနေမိတော့သည်။
‘ငါ့ရဲ့ တန်ဖိုးထားရတဲ့ ပန်းတွေကို ခူးသွားမှတော့ ငါလည်း အဝစားပြီး အရှုံးကျေအောင် ပြန်လုပ်ရမယ်’
“ဒီထဲမှာ ဘယ်ဟင်းက ဈေးအကြီးဆုံး... အဟမ်း၊ ဆိုလိုတာက ဘယ်ဟင်းက အရသာအရှိဆုံးလဲ”
ပန်းချီဆရာကြီးမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး - “အားနာလိုက်တာ၊ ကျွန်တော်က ရိုးရှင်းတဲ့ ကျွန်းပေါ်က လူတစ်ယောက်ဆိုတော့ ဒီလောက် ခမ်းနားတဲ့ ဟင်းလျာတွေကို မမြင်ဖူးလို့ပါ။ စကားပြောတာ အလောတကြီး ဖြစ်သွားရင် ရိုင်းပျရာကျသလို ဖြစ်သွားမှာစိုးလို့ ခွင့်လွှတ်ပေးပါဦး”
လင်းပိုင်ဖန်က ရယ်မောလျက် - “ဆရာကြီးကလည်း နှိမ့်ချလွန်းနေပါပြီ။ အသက် ၂၀၀ နီးပါး နေလာခဲ့တဲ့ နတ်ဘုရားတစ်ပါးလို လူမျိုးက ဘာတွေကို မမြင်ဖူးဘဲ နေမလဲ၊ ဘယ်လို အရသာမျိုးကို မမြည်းစမ်းဖူးဘဲ ရှိမှာလဲဗျာ။ အခုလို ကြွရောက်လာတာကိုက ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါ”
“အရှင်မင်းကြီးကလည်း ချီးမွမ်းလွန်းနေပါပြီ... ဟားဟား” ပန်းချီဆရာကြီးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရယ်မောလိုက်သည်။
သူသည် သူတစ်ပါး၏ မြှောက်ပင့်မှုကို ခံယူနေကျ ဖြစ်သော်လည်း ‘မဟာရှနိုင်ငံ’ ၏ ဧကရာဇ်ကိုယ်တိုင်က ချီးကျူးစကား ဆိုလိုက်သဖြင့် အလွန်ပင် ကျေနပ်သွားမိသည်။
“ဒါပေမဲ့ ဒီဟင်းလျာတွေကတော့...”
လင်းပိုင်ဖန်က ပြုံးလျက် စားပွဲပေါ်ရှိ ဟင်းလျာများကို ညွှန်ပြကာ - “...တကယ်တော့ သာမန်ပါပဲ။ ဥပမာ ဒီငါးဆိုရင် ပင်လယ်ထဲက ခုလေးတင် ဖမ်းလာတာဆိုတော့ ဆရာကြီး မြည်းစမ်းနေတာက သူ့ရဲ့ လတ်ဆတ်မှု သက်သက်ပါပဲ”
ပန်းချီဆရာကြီးက ဟင်းလျာများကို ငုံ့ကြည့်လိုက်ရာ တကယ်ပင် သာမန်ဟင်းလျာများသာ ဖြစ်နေသဖြင့် စိတ်ပျက်သွားမိသည်။ ယနေ့ညတော့ သူ အမြတ်ထွက်မည့်ပုံ မပေါ်ချေ။
“ဒါပေမဲ့ ကျွန်တော့်ရဲ့ သင်္ဘောပေါ်မှာတော့ အလွန်ကောင်းမွန်တဲ့ အရက်အိုးအချို့ ပါလာပါတယ်။ ဒါတွေက တကယ့်ကို ဈေးကြီးပြီး ပြင်ပမှာ ဝယ်လို့မရနိုင်တဲ့ အရာတွေပါ။ ဒီညတော့ ဆရာကြီးကို အဲဒီအရက်တွေနဲ့ ဧည့်ခံပါရစေ” ဟု လင်းပိုင်ဖန်က ဆိုလိုက်သည်။
ပန်းချီဆရာကြီး၏ မျက်လုံးများမှာ အရောင်တောက်ပသွားပြီး - “ကောင်းတာပေါ့၊ ဒီညတော့ အရက်ပဲ သောက်ကြတာပေါ့”
“အရက်အိုးတွေ ယူလာခဲ့ကြစမ်း”
ချက်ချင်းပင် လူတစ်ယောက်က အရက်အိုးကို ယူလာကာ ရှိသမျှ လူတိုင်းကို လောင်းထည့်ပေးလိုက်ရာ အရက်ရနံ့များမှာ လေထဲတွင် ပျံ့လွင့်သွားတော့သည်။ ပန်းချီဆရာကြီးသည် အရက်ခွက်ကို မကာ အားရပါးရ မော့သောက်လိုက်သည်။
လင်းပိုင်ဖန်က ပြုံးလျက် မေးလိုက်သည် - “ဆရာကြီး၊ အရသာက ဘယ်လိုလဲ”
“အရက်ကောင်းပဲဟေ့”
ပန်းချီဆရာကြီးက ရင်ထဲရှိအတိုင်း - “ဒီအရက်က အရသာရှိပြီး ချိုမြိန်တယ်၊ လည်ချောင်းထဲမှာ အရည်ပျော်သွားပြီး တစ်ကိုယ်လုံးကို ချက်ချင်း နွေးသွားစေတာပဲ။ ကြာလေ ဆွဲလေပါပဲလား။ ပိုပြီး ထူးခြားတာက လက်ဖက်ရည်နံ့ သင်းသင်းလေး ပါနေတာပဲ၊ ဒါ ‘ရဟန္တာတစ်ဆယ့်ရှစ်ပါးပန်း’ ရဲ့ ရနံ့ပဲ ဖြစ်ရမယ်။ တကယ် သဘောကျတယ်... ဟားဟား”
“ဆရာကြီး သဘောကျတယ်ဆိုရင် များများသောက်ပါဦး” လင်းပိုင်ဖန်က ခွက်ထဲသို့ အရက်ထပ်ဖြည့်ရန် ညွှန်ကြားလိုက်သည်။
“ဒီခွက်က သေးလွန်းတယ်၊ ပိုကြီးတဲ့ တစ်ခုပေးပါ၊ ဒီညတော့ ငါ အားရပါးရ သောက်ဦးမယ်” ဟု ပန်းချီဆရာကြီးက ရဲရဲဝံ့ဝံ့ ဆိုလိုက်သည်။
“ကြားကြတယ်မဟုတ်လား၊ ပိုကြီးတဲ့ ပန်းကန်လုံး ယူလာခဲ့ကြစမ်း၊ အကြီးဆုံးကိုသာ ယူလာခဲ့” လင်းပိုင်ဖန်က အမိန့်ပေးလိုက်သည်။
ထို့ကြောင့် ပန်းချီဆရာကြီး၏ ရှေ့မှ အရက်ခွက်မှာ ပန်းကန်လုံးအကြီးကြီးဖြင့် အစားထိုးခံလိုက်ရသည်။ ပန်းချီဆရာကြီးကတော့ သူတို့အားလုံးကို အရက်ဖြင့် အလဲထိုးပစ်မည်ဟု တွေးကာ စိတ်ထဲမှ ခိုးပြုံးနေမိတော့သည်။
မကြာမီမှာပင် အရက်တစ်အိုးမှာ ကုန်လုနီးပါး ဖြစ်သွားခဲ့သည်။
“ဆရာကြီးက အရက် တကယ်သောက်နိုင်တာပဲ၊ နောက်တစ်အိုး ထပ်ယူခဲ့ဦး” ဟု လင်းပိုင်ဖန်က လှမ်းအော်လိုက်သည်။
ချက်ချင်းပင် နောက်ထပ် အရက်တစ်အိုး ရောက်ရှိလာပြန်သည်။ ပန်းချီဆရာကြီးက စပ်စုချင်စိတ်ဖြင့် - “ဒါက ဘာအရက်လဲ…”
လင်းပိုင်ဖန်က ပြုံးလျက် ပြန်ဖြေလိုက်သည် - “ဒါကတော့ ‘ရွှေအိုရောင်အရက်’ ပါ၊ မဟာရှ နန်းတွင်းရဲ့ အဖိုးတန် အဖျော်ယမကာပေါ့။ ဒီအရက်ကို ဖော်စပ်တဲ့ နည်းလမ်းက အလွန်ရှုပ်ထွေးပြီး ပါဝင်တဲ့ ပစ္စည်းတွေကလည်း အလွန်ရှားပါးပါတယ်။ သူ့ရဲ့ တန်ဖိုးက ရွှေနဲ့ အလေးချိန်တူတန်ဖိုးရှိလို့ ဒီနာမည် ပေးထားတာပါ”
ပန်းချီဆရာကြီးမှာ နောက်ထပ် တန်ဖိုးကြီးအရက်ကို တွေ့လိုက်ရသဖြင့် ထပ်မံ စိတ်လှုပ်ရှားသွားပြန်သည်။
‘ ငါ သောက်ရမယ်၊ ဘယ်သူက ပိုသောက်နိုင်မလဲ ကြည့်ကြသေးတာပေါ့’
“အရက်ကိုယူလာခဲ့၊ ငါ ဒီရွှေအိုရောင်အရက်ကို မြည်းကြည့်ဦးမယ်”
တစ်စုံတစ်ယောက်က အိုးအဖုံးကို ဖွင့်ကာ ရွှေအိုရောင်အရက်များကို လောင်းထည့်ပေးလိုက်သည်။ ပန်းချီဆရာကြီးမှာ ပန်းကန်လုံးကို မကာ တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်တော့သည်။
“ဆရာကြီး၊ ဒီအရက်ကရော ဘယ်လိုလဲ”
“ဒါလည်း အရက်ကောင်းပဲ..” ပန်းချီဆရာကြီးက အားရပါးရ ရယ်မောလိုက်သည်။ “ဒီအရက်က လန်းဆန်းပြီး လူကို တက်ကြွစေတယ်၊ နွေရာသီမှာ သောက်ဖို့ အကောင်းဆုံးပဲ။ နောက်ပြီး ‘မန္ဒလာပန်း’ ရနံ့ သင်းသင်းလေးလည်း ပါသေးတယ်၊ ငါ တကယ် ကြိုက်တယ်ဟေ့”
“ဆရာကြီး ကြိုက်ရင် ထပ်သောက်ပါဦး” လင်းပိုင်ဖန်ကိုယ်တိုင် ထပ်ထည့်ပေးလိုက်သည်။
ပန်းချီဆရာကြီးမှာ ပုံမှန်နှင့်မတူဘဲ နှိမ့်ချစွာဖြင့် - “အရှင်မင်းကြီးလည်း သောက်ပါဦး၊ မိတ်ဆွေကြီး နှစ်ယောက်လည်း အတူတူ သောက်ကြပါဦးဗျ”
“ဆရာကြီးက အရမ်းအားနာတတ်တာပဲ” ဓားအဖိုးအိုနှင့် လှံနတ်ဘုရားတို့က ရယ်မောလျက် ဆိုလိုက်ကြသည်။
မကြာမီမှာပင် ထိုအရက်အိုးမှာလည်း ပြောင်သလင်းခါသွားပြီး အများစုမှာ ပန်းချီဆရာကြီး၏ ဗိုက်ထဲသို့ ရောက်ရှိသွားခဲ့သည်။ လင်းပိုင်ဖန်က တတိယအိုး၊ စတုတ္ထအိုး စသည်ဖြင့် အဖိုးတန်အရက်များကို ဆက်တိုက် ယူလာစေသည်။ ပန်းချီဆရာကြီးမှာလည်း အရက်ကို အလွန်နှစ်သက်သူ ဖြစ်ရာ တစ်ခွက်ပြီးတစ်ခွက်... မဟုတ်ပေ၊ တစ်လုံးပြီးတစ်လုံး ဟင်းကိုပင် ဂရုမစိုက်နိုင်ဘဲ သောက်နေတော့သည်။
အရက် ခုနစ်အိုး၊ ရှစ်အိုးခန့် ကုန်သွားသည့်အခါမှသာ ပန်းချီဆရာကြီး၏ စိတ်ထဲတွင် အတန်ငယ် အေးချမ်းသွားတော့သည်။
‘မင်းက ငါ့ရဲ့ အဖိုးတန်ပန်းတွေကို ဒီလောက်အများကြီး ခူးသွားတာ၊ ငါက မင်းရဲ့ ဝိုင်အိုးအနည်းငယ်ကို သောက်တာ ဘာများဖြစ်မှာလဲ’
ထိုအချိန်တွင် လင်းပိုင်ဖန်က သူ၏ နဖူးကို ရိုက်လိုက်ကာ - “အော်... အရက်သောက်တာနဲ့ပဲ အရေးကြီးတဲ့ ကိစ္စကို မေးဖို့ မေ့သွားတယ်။ ဆရာကြီး ရောက်လာတာ အရေးတကြီး ကိစ္စရှိလို့ မဟုတ်လား၊ အဲဒါ ဘာများလဲ၊ ကျွန်တော့်ကို ပြောပြလို့ ရမလား”
ပန်းချီဆရာကြီးသည် လင်းပိုင်ဖန်နှင့် ဘေးနားရှိ သိုင်းပညာရှင်ကြီး နှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီးမှ ဖြည်းဖြည်းချင်း ပြောလိုက်သည် - “အရေးကြီးတာတော့ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အိမ်တော်ထိန်း ပြောပြတာကတော့ ဒီနေ့ အရှင်မင်းကြီးတို့ ကျွန်တော့်ရဲ့ ‘ပန်းတစ်ရာဥယျာဉ်’ ထဲကို ဝင်ပြီး ပန်းအချို့ ခူးသွားတယ်ဆိုလို့ပါ”
လင်းပိုင်ဖန်က ခေါင်းညိတ်ပြလိုက်ပြီး - “ဟုတ်ပါတယ်၊ ဒါက အမှန်ပါပဲ။ ဆရာကြီး... ဘာပြဿနာရှိလို့လဲ..”
ဓားအဖိုးအိုနှင့် လှံနတ်ဘုရားတို့ကပါ ဝိုင်းကြည့်လိုက်ကြသည်။
“ပြဿနာမရှိပါဘူး... ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော့်ရဲ့ အစေခံက အူကြောင်ကြောင်နိုင်လို့ပါ၊ သူ့ကိုယ်စား ကျွန်တော် အရှင့်ကို တောင်းပန်ပါတယ်” ပန်းချီဆရာကြီးက ရိုးသားစွာပင် ဆိုလိုက်သည်။
လင်းပိုင်ဖန်က သက်ပြင်းတစ်ချက်ချကာ - “ဒါဆိုရင်တော့ စိတ်အေးသွားပါပြီ။ ဆရာကြီး ကျွန်တော်တို့ကို အပြစ်တင်မလားလို့ စိတ်ပူနေတာပါ။ ဆရာကြီးက စိတ်မရှိဘူးဆိုရင်တော့ နောက်နေ့တွေလည်း ထပ်လာဦးမှာပါ၊ အဲဒီအခါကျရင်လည်း လိုလေသေးမရှိ ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်”
ပန်းချီဆရာကြီးမှာ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားတော့သည်။
‘မင်းက ထပ်လာဦးမယ် ဟုတ်လား’
မင်းသာ နောက်ထပ် အနည်းငယ်လောက် ထပ်လာရင် ငါ့ဥယျာဉ်ထဲက ပန်းတွေ အကုန် ပြောင်သွားတော့မှာပေါ့။
“လာဖို့ကတော့... အင်း…၊ ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ ပန်းတွေကိုတော့ မခူးဘဲ နေပေးရင် ပိုကောင်းမလားလို့ပါ”
“ဘာဖြစ်လို့လဲ…” လင်းပိုင်ဖန်က နားမလည်သလိုမျိုး မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ ကျွန်တော်က အလှအပကို မြတ်နိုးတဲ့သူမို့လို့ပါ။ ပိုလှတဲ့အရာတွေကို ပိုပြီး တန်ဖိုးထားတတ်လို့ပါ” ပန်းချီဆရာကြီးက ရှင်းပြလိုက်သည်။ “ပန်းဆိုတာ မြေကြီးပေါ်မှာ ရှင်သန်နေမှသာ သူ့ရဲ့ အလှပဆုံး ပုံရိပ်ကို ပြနိုင်တာပါ။ ခူးလိုက်ပြီဆိုတာနဲ့ သူ့ရဲ့ အသက်နဲ့ အလှအပတွေ ဆုံးရှုံးသွားရပြီလေ”
“ဒါဆိုရင်တော့ ဆရာကြီးနဲ့ ကျွန်တော်နဲ့က စိတ်သဘောထားချင်း တိုက်ဆိုင်နေပြီပေါ့” လင်းပိုင်ဖန်က ထောက်ခံလိုက်သည်။
ပန်းချီဆရာကြီးမှာ အံ့အားသင့်သွားပြီး - “အရှင်မင်းကြီးကလည်း အလှအပကို မြတ်နိုးတဲ့သူလား”
“မှန်တာပေါ့၊ ကျွန်တော်က လှပတဲ့ မိန်းကလေးတွေကို မြတ်နိုးတာလေ” လင်းပိုင်ဖန်က အတည်ပေါက် ပြောလိုက်သည်။
ပန်းချီဆရာကြီး - “...”
‘ငါတို့ ပြောနေတာ တူလို့လား’
“အဲဒါကြောင့်လည်း ကျွန်တော်က လှပတဲ့ ပန်းတွေကို မြင်ရင် မခူးဘဲ မနေနိုင်တာပေါ့။ ဒါက အကျင့်တစ်ခုလို ဖြစ်နေတာပါ။ ယောက်ျားတိုင်း မှားတတ်တဲ့ အမှားမျိုးလေးမို့လို့ ဆရာကြီးအနေနဲ့ စိတ်ထဲမထားပါနဲ့..” လင်းပိုင်ဖန်က အားနာဟန်ဖြင့် ဆိုလိုက်သည်။
ပန်းချီဆရာကြီး၏ နှုတ်ခမ်းများမှာ တွန့်သွားတော့သည် - “ကျွန်တော် စိတ်မရှိပါဘူး၊ ဒါပေမဲ့ နည်းနည်းလောက်တော့ ဆင်ခြင်ပေးစေချင်ပါတယ်၊ အကုန်လုံးတော့ ပြောင်အောင် မခူးပါနဲ့ဦး”
“စိတ်ချပါ ဆရာကြီး၊ ကျွန်တော် အမြစ်တွေကိုတော့ ချန်ထားခဲ့မှာပါ”
ပန်းချီဆရာကြီး - “...”
သူ့ရဲ့ ပန်းတစ်ရာဥယျာဉ်ကြီး ဒုက္ခထပ်ရောက်တော့မည့် အရေးကို တွေးပြီး သူ၏ စိတ်မှာ မတည်မငြိမ် ဖြစ်လာပြန်သည်။
“အရှင့်ဆီမှာ အရက်ကောင်းတွေ ရှိသေးလား”
လင်းပိုင်ဖန်က အံ့အားသင့်သွားပြီး - “ဆရာကြီး ထပ်သောက်ချင်သေးလို့လား”
ပန်းချီဆရာကြီးက အရသာကို ပြန်လည် မြည်းစမ်းနေသယောင် နှုတ်ခမ်းကို သပ်လိုက်ပြီး - “ဒီအရက်ကို ကျွန်တော် တကယ် သဘောကျသွားလို့ပါ၊ အဲဒါကြောင့် ထပ်သောက်ချင်မိတာ။ အရှင့်ဆီမှာ မရှိတော့ရင်လည်း ရပါတယ်”
“ရှိတာပေါ့ ဆရာကြီး၊ စိတ်ကြိုက်သာ သောက်ပါ” လင်းပိုင်ဖန်က လှမ်းအော်လိုက်သည်။
ပန်းချီဆရာကြီးမှာတော့ သူ၏ လှည့်ကွက် အောင်မြင်သွားသဖြင့် စိတ်ထဲမှ ခိုးပြုံးနေမိတော့သည်။