← Chapters

အခန်း (၄၅၅-၄၅၆)

Vol. 42 Ch. 455-456

အခန်း (၄၅၅-၄၅၆)

Vol. 42 Ch. 455-456

အပိုင်း (၄၅၅)

ထိုသို့ဖြင့် အရက်အိုးများ တစ်လုံးပြီးတစ်လုံး ရောက်ရှိလာကာ ပန်းချီဆရာကြီးမှာလည်း မရပ်တန့်နိုင်တော့ဘဲ တစ်ကျိုက်ပြီးတစ်ကျိုက် အားရပါးရ သောက်နေလေတော့သည်။

​ လင်းပိုင်ဖန်က ပြုံးလျက် - “ဆရာကြီး... ဒီအရက်က ဘာလို့ ဒီလောက် မွှေးနေရတာလဲဆိုတာ သိလား” ဟု မေးလိုက်သည်။

​ “ဘာလို့လဲ...” ပန်းချီဆရာကြီးက အရက်သောက်ခြင်းကို မရပ်တန့်ဘဲ ပြန်မေးလိုက်သည်။

​ “ဘာလို့လဲဆိုတော့... ဒီအရက်ထဲမှာ ဆရာကြီးရဲ့ ဥယျာဥ်ထဲက ပန်းပွင့်ဖတ်တွေ ပါနေလို့ပေါ့။ တစ်နည်းပြောရရင် ဆရာကြီးရဲ့ ဥယျာဥ်ပန်းခြံထဲက ပန်းတွေကို သုံးပြီး ချက်ထားတဲ့ အရက်မို့လို့ သဘာဝအတိုင်း မွှေးရနံ့နဲ့ ပြည့်စုံနေတာပေါ့ဗျာ”

​ ပန်းချီဆရာကြီး အရက်သောက်နေရင်း ခဏတာ မှင်သက်သွားပြီး - “... မင်း ခုနက ဘာပြောလိုက်တာလဲ။ ငါ့ရဲ့ ပန်းတစ်ရာဥယျာဥ်ထဲက ပန်းတွေနဲ့ ဒီအရက်ကို ချက်ထားတယ်လို့ ပြောလိုက်တာလား”

​ လင်းပိုင်ဖန်က ခေါင်းငြိမ့်ပြပြီး - “မှန်တာပေါ့” ဟု ဆိုလိုက်သည်။

​ ပန်းချီဆရာကြီး၏ ရင်ထဲတွင် ဒေါသများ တဟုန်းဟုန်း တောက်လောင်လာကာ - “မင်း... ငါ့ရဲ့ ပန်းတွေကို သုံးပြီး ဘယ်လိုလုပ် အရက်ချက်ရက်ရတာလဲ”

​ လင်းပိုင်ဖန်က မကျေမချမ်း ဖြစ်ဟန်ဖြင့် - “အရက်မချက်လို့ ဘာလုပ်ရမှာလဲဗျာ... ခြေထောက်စိမ်ဖို့ သုံးရမှာလား”

​ ပန်းချီဆရာကြီးမှာ ဆွံ့အသွားတော့သည်။ သေချာပြန်စဉ်းစားကြည့်လျှင်လည်း... သူပြောတာက တစ်ဖက်ကကြည့်ရင်... ကျိုးကြောင်းဆီလျော်မှု ရှိနေသလိုလိုပင်။

​ မဟုတ်သေးပါဘူး... သူက ငါ့ကို လှည့်စားဖို့ ကြံနေတာပဲ။ ဒီပန်းတွေက ကြည့်ရှုခံစားဖို့ပဲ၊ အရက်ချက်ဖို့ မဟုတ်ဘူး။

​ “ဆရာကြီး... ကျွန်တော်က ဒီပန်းတွေကို သုံးပြီး အရက်ချက်တာကို ဆရာကြီးမှာ ကန့်ကွက်စရာ ရှိလို့လား” ဟု လင်းပိုင်ဖန်က ပြုံးလျက် မေးလိုက်သည်။

​ ဘာကြောင့်ရယ်မသိ၊ ပန်းချီဆရာကြီးသည် လင်းပိုင်ဖန်၏ မျက်လုံးများထဲတွင် အန္တရာယ်အရိပ်အယောင်အချို့ကို မြင်လိုက်ရသည်။ သူသည် လင်းပိုင်ဖန်၏ ဘေးရှိ ကောင်းကင်အဆင့်နှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် ခေါင်းခါပြလိုက်ကာ - “ကန့်ကွက်စရာ မရှိပါဘူး... တကယ်ကို ကောင်းကောင်းချက်နိုင်တာပဲလို့ပဲ ချီးကျူးချင်ပါတယ်။ ပန်းတွေရဲ့ တန်ဖိုးကို အပြည့်အဝ ဖော်ဆောင်နိုင်တာပဲ”

​ “ချက်တာ ကောင်းတယ်ဆိုမှတော့ ဆရာကြီး နောက်ထပ် တစ်ခွက်လောက် ထပ်သောက်ပါဦး” လင်းပိုင်ဖန်က ပျော်ရွှင်စွာဖြင့် အရက်ထပ်ငှဲ့ပေးလိုက်သည်။

​ “ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး” ပန်းချီဆရာကြီးမှာ မျက်ရည်များ ဝဲလျက် အရက်ကို မော့သောက်လိုက်ရတော့သည်။

​ အရက်အိုး ကုန်သွားသောအခါ ပန်းချီဆရာကြီးမှာ ကြေကွဲဝမ်းနည်းစွာဖြင့် ထွက်ခွာသွားခဲ့သည်။ သူ ပြန်ရောက်ရောက်ချင်း ပထမဆုံးလုပ်သည့် အလုပ်မှာ ပန်းတစ်ရာဥယျာဥ်ပန်းခြံထဲရှိ တန်ဖိုးကြီးပန်းများကို တစ်ညလုံး အိပ်ရေးပျက်ခံကာ အခြားတစ်နေရာသို့ ရွှေ့ခိုင်းပြီး လင်းပိုင်ဖန် ထပ်မံ၍ မဖျက်ဆီးနိုင်အောင် သေချာဝှက်ထားလိုက်ခြင်းပင် ဖြစ်သည်။

​ ပန်းချီဆရာကြီး ထွက်သွားပြီးနောက် ‘လှံနတ်ဘုရား’ က နားမလည်နိုင်စွာဖြင့် - “ဆရာ... ကျွန်တော် ခံစားနေရတာက ဆရာက သူ့ကို တမင်သက်သက် ရန်စနေသလိုပဲ” ဟု မေးလိုက်သည်။

​ ဓားအဘိုးအိုကလည်း ဇဝေဇဝါဖြင့် ကြည့်နေသည်။

​ လင်းပိုင်ဖန်က ပြုံးလျက် ခေါင်းငြိမ့်ပြကာ - “မင်းတို့ ခံစားရတာ မမှားဘူး”

​ “ဘာလို့လဲ ဆရာ” ကောင်းကင်အဆင့် နှစ်ဦးစလုံးက ပြိုင်တူ မေးလိုက်ကြသည်။

​ “တကယ်တော့ ပန်းချီပညာကနေတစ်ဆင့် ဉာဏ်အလင်းရခဲ့တယ်ဆိုတာက ပန်းချီဆရာကြီးက အရည်အချင်း တကယ်ရှိလို့ပဲ။ ကံမကောင်းတာက အရည်အချင်းရှိတဲ့သူတွေဟာ မာနကြီးပြီး ခေါင်းမာတတ်ကြတယ်။ အဲဒီအချက်က သူတို့ရဲ့ အမြင်ကို ကျဉ်းမြောင်းစေပြီး သူတို့ရဲ့ အနာဂတ်ကို ကန့်သတ်ထားသလို ဖြစ်နေစေတယ်။”

​ “သူ့ရဲ့ ခေါင်းမာတဲ့ အစွဲအလမ်းတွေကို ရိုက်ချိုးနိုင်မှသာ ရှေ့မှာရှိတဲ့ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်မှာ။ ဒါကြောင့် ငါက စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တာပဲ။ တကယ်လို့ အောင်မြင်ခဲ့ရင် သူ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်။ မအောင်မြင်ရင်တော့ ဒီဘဝမှာ သူ ရောက်နိုင်သလောက်က ဒီအဆင့်အထိပဲပေါ့”

​......

​ နောက်တစ်နေ့တွင် လင်းပိုင်ဖန်သည် သူ၏လူများနှင့်အတူ ကျွန်းပေါ်တွင် ဆက်လက် လည်ပတ်အပန်းဖြေနေခဲ့သည်။ ထို့နောက်တွင် ပန်းချီဆရာကြီး ပန်းများဝှက်ထားသည့် နေရာကို ‘မတော်တဆ’ တွေ့ရှိသွားကာ ပန်းအနည်းငယ်ကို ‘မတော်တဆ’ ဆွတ်ယူပြီး ပြန်လာခဲ့သည်။

​ ပန်းချီဆရာကြီး ထိုသတင်းကို ကြားသောအခါ ထိတ်လန့်သွားပြီး - “ဘာ... ငါ့ပန်းတွေကို သူတို့တွေ့သွားပြီး ယူသွားတယ် ဟုတ်လား။ မင်းတို့ ဘာလို့ မတားကြတာလဲ”

​ “သခင်ကြီး... ကျွန်တော်မျိုးတို့ တားလို့မရလို့ပါ” အိမ်ထိန်းက မဲ့ပြုံးဖြင့် ပြောလိုက်သည်။

​ “အသုံးမကျလိုက်တာ... မင်းတို့အားလုံး အသုံးကိုမကျဘူး။ ဒီလောက် ကိစ္စလေးကိုတောင် မလုပ်နိုင်ကြဘူးလား”

​ ပန်းချီဆရာကြီးမှာ ဒေါသတကြီးဖြင့် - “ဘာစောင့်နေတာလဲ... အခု ချက်ချင်း ငါ့ပန်းတွေကို သေချာသွားဝှက်ထားစမ်း”

​ “ဟုတ်ကဲ့ပါ သခင်ကြီး... အခုပဲ သွားလုပ်လိုက်ပါ့မယ်”

​ သူတို့သည် ပန်းများကို နောက်ထပ် ဝှက်ထားနိုင်မည့် နေရာတစ်ခုသို့ ရွှေ့လိုက်ကြသည်။ သို့သော် တတိယမြောက်နေ့တွင် လင်းပိုင်ဖန်က ထပ်မံတွေ့ရှိသွားပြန်ကာ ပန်းအချို့ကို ထပ်မံ ခူးယူပြီး ပြန်သွားခဲ့သည်။

​ ပန်းချီဆရာကြီးမှာ နောက်တစ်ကြိမ် ဒေါသထွက်ရပြန်သည် - “သူတို့က ဘယ်လိုလုပ် ထပ်တွေ့ရတာလဲ။ မင်းတို့ အဲဒီထက် ပိုလုံခြုံတဲ့နေရာမှာ မဝှက်နိုင်ကြတော့ဘူးလား။ နောက်တစ်ခါ ထပ်တွေ့ရင်တော့ မင်းတို့အားလုံး အပြစ်ပေးခံရမယ် မှတ်”

​ ထို့နောက် တစ်ညလုံး အလုပ်လုပ်ကာ ပန်းများကို နောက်ထပ်နေရာတစ်ခုသို့ ရွှေ့ကြပြန်သည်။ စတုတ္ထမြောက်နေ့တွင်လည်း လင်းပိုင်ဖန်က ထပ်တွေ့သွားပြန်သည်။

​ ပဉ္စမနေ့၊ ဆဋ္ဌမနေ့နှင့် သတ္တမမြောက်နေ့များတွင်လည်း သူတို့သည် ပန်းများကို နေ့စဉ် နေရာအမျိုးမျိုးသို့ ရွှေ့ပြောင်းကာ ပိုမိုလုံခြုံအောင် ဝှက်ခဲ့ကြသော်လည်း လင်းပိုင်ဖန်ကတော့ အချိန်တိုင်း တွေ့ရှိနေခဲ့သည်။

​ ပန်းချီဆရာကြီးမှာ လုံးဝကို ထုံထိုင်းသွားတော့သည်။ ပစ္စည်းရှာတာ ဒီလောက် တော်နေရအောင် မင်းက ရတနာရှာတဲ့ ကြွက်ကလေးများလား။

​ ပန်းချီဆရာကြီးသည် သူ ပင်ပင်ပန်းပန်း ပြုစုပျိုးထောင်ထားခဲ့သည့်၊ နုနယ်လှပလွန်းသော ပန်းကလေးများမှာ ယခုအခါ နွမ်းနယ်နေပြီး မလှပတော့သည်ကို ကြည့်ကာ ရင်ထဲမှာ သွေးထွက်မတတ် ခံစားနေရသည်။

​ “ငါ့ပန်းကလေးတို့... ငါ မင်းတို့ကို မကာကွယ်နိုင်ခဲ့ဘူး”

​ သူသည် လင်းပိုင်ဖန်၏ သင်္ဘောအုပ်စုရှိရာဘက်သို့ စိုက်ကြည့်ကာ နာကြည်းစွာဖြင့် - “လင်းပိုင်ဖန်... ဒါကို မှတ်ထားလိုက်။ ဒီရန်ငြိုးကို ငါ ဘယ်တော့မှ မမေ့ဘူး။ ဒီကိစ္စ မပြေလည်မချင်း ငါ အေးအေးဆေးဆေး မနေနိုင်ဘူး”

​ ထိုအချိန်မှာပင် အိမ်ထိန်းက အလောတကြီး ပြေးလာကာ - “သခင်ကြီး... မဟာရှဧကရာဇ်က သခင်ကြီးကို အရက်သောက်ဖို့ ဖိတ်ခေါ်နေပါတယ်”

​ ပန်းချီဆရာကြီးမှာ ပို၍ပင် ဒေါသထွက်သွားကာ - “သောက်ကျိုးနည်း။ ငါ့ပန်းတွေကို သုံးပြီး အရက်ချက်ရုံတင်မကဘူး၊ အခု ငါ့ကို အဲဒီအရက် လာသောက်ဖို့ ထပ်ဖိတ်ရဲသေးတယ်။ ဒီလောက် မျက်နှာပြောင်တဲ့လူမျိုး ငါ တစ်ခါမှ မတွေ့ဖူးဘူး။ ငါနဲ့ သူနဲ့က တစ်မိုးအောက်မှာ အတူမနေနိုင်ဘူး”

​ “သခင်ကြီး... သွားမှာလား။ သူတို့က အဖြေစောင့်နေကြတယ်”

​ ပန်းချီဆရာကြီး အံကြိတ်လျက် - “မင်းက ငါ့ကို မေးနေဖို့ လိုသေးလား။ အခု ချက်ချင်း သွားပြောလိုက်တော့... ငါသွားမယ်”

​ အိမ်ထိန်းမှာ အနည်းငယ် ကြောင်အသွားပြီး - “သခင်ကြီး... ကျွန်တော် သေချာမကြားလိုက်လို့ပါ။ ‘သွားမယ်’ လို့ ပြောခိုင်းတာလား၊ ဒါမှမဟုတ် ဆဲ ခိုင်းတာလား”

( တရုတ်စကားမှာ I will go နဲ့ Damn/fuck အသံထွက် ဆင်တဲ့ပုံပေါ်တယ်ထင်ပါတယ်)

​ ပန်းချီဆရာကြီးမှာ ဒေါသပေါက်ကွဲသွားတော့သည် - “ဒီလောက် ရိုးရှင်းတဲ့ မေးခွန်းကို မင်းက မေးနေရသေးလား။ ထွက်သွားစမ်း”

​ “မှန်လှပါ သခင်ကြီး” အိမ်ထိန်းမှာ ပျာယာခတ်ကာ ထွက်ပြေးသွားတော့သည်။

​ ပန်းချီဆရာကြီးသည် သူ၏ အဝတ်အစားများကို သေသေချာချာ ပြန်ညှိလိုက်ပြီး တည်ငြိမ်သော မျက်နှာပေးဖြင့် နဂါးလှေတော်ပေါ်ရှိ စားသောက်ပွဲသို့ သွားခဲ့သည်။

​ သူတို့က ငါ့ပန်းတွေကို အရက်ချက်ဖို့ သုံးခဲ့တာ ယုတ်မာပေမဲ့... အရက်ကတော့ တကယ်ကို မွှေးနေတုန်းပဲ၊ ငြင်းပယ်ဖို့ မသင့်တော်ဘူးလေ။

​ ထိုအတောအတွင်းမှာပင် စမ်းသပ်ချက်များကို အောင်မြင်ပြီး ကျွန်းပေါ်သို့ ရောက်ရှိလာသူများမှာ တစ်စတစ်စ ပိုမိုများပြားလာတော့သည်။အပိုင်း (၄၅၆)

​ဗုဒ္ဓဘာသာဂိုဏ်း၊ တာအိုဂိုဏ်း၊ မိစ္ဆာဂိုဏ်းနှင့် အခြားအင်အားစုအသီးသီးမှ ကိုယ်စားလှယ်များအပါအဝင် လူပေါင်းများစွာ ရောက်ရှိလာကြသည်။ သူတို့၏ အသက်အရွယ်များမှာလည်း ဆယ်ကျော်သက်အရွယ် လူငယ်လေးများမှစ၍ အသက် ၇၀၊ ၈၀ အရွယ် အဖိုးအိုများအထိ ကွာခြားလှသလို ကျား၊ မ ခွဲခြားမှုလည်း မရှိပေ။

​ အမှန်တကယ်တော့ ပန်းချီဆရာကြီးအနေဖြင့် ထိုသို့ အသက်အရွယ်၊ အဆင့်အတန်းမရွေး ဖိတ်ခေါ်နေရခြင်းမှာ သူ၏ပညာရပ်မှာ အလွန်ခက်ခဲနက်နဲလွန်းသောကြောင့်ပင် ဖြစ်သည်။ သင့်တော်မည့် ဆက်ခံသူတစ်ဦးကို ရှာဖွေရန် ခက်ခဲလှသဖြင့် သူသည် ဂိုဏ်းဂဏ၊ အဆင့်အတန်းနှင့် အသက်အရွယ်များကို ဘေးဖယ်ကာ အားလုံးအတွက် လမ်းဖွင့်ပေးထားရခြင်း ဖြစ်သည်။ ပထမအဆင့် စမ်းသပ်ချက်ကို အောင်မြင်ပြီး ကျွန်းပေါ်သို့ ရောက်လာသူတိုင်းသည် သူ၏ တပည့်ဖြစ်ခွင့်အတွက် အရည်အချင်း ပြည့်မီကြသည်။

​ လင်းပိုင်ဖန်ကို အံ့သြသွားစေသည့်အချက်မှာ မိုယုယန်ပင် ရောက်ရှိနေခြင်း ဖြစ်သည်။ သူမသည် နှစ်သစ်ကူးပြီးနောက် မဟာလော့နိုင်ငံသို့သွားကာ ပြဿနာအချို့ ဖန်တီးရန် စီစဉ်ထားသော်လည်း ဤပွဲအကြောင်း ကြားလိုက်ရသဖြင့် အပျော်အပါး မက်သူပီပီ လမ်းကြောင်းပြောင်းကာ ရောက်လာခဲ့ခြင်း ဖြစ်သည်။ မဟာလော့နိုင်ငံကို နောက်မှ ကိုင်တွယ်၍ ရသော်လည်း ပန်းချီဆရာကြီး၏ တပည့်ရွေးချယ်ပွဲမှာမူ ကြုံတောင့်ကြုံခဲ အခွင့်အရေး ဖြစ်သည်။

​ သူမသည် ကမ်းခြေတွင် ဆိုက်ကပ်ထားသည့် သင်္ဘောကြီးများကို လှည့်ပတ်ကြည့်ရှုနေစဉ် ဆန်းပြားခန့်ညားလှသော သင်္ဘောအုပ်စုတစ်ခုကို သတိပြုမိသွားသည်။

​ “မဟာရှဧကရာဇ် လင်းပိုင်ဖန်လည်း ဒီကို ရောက်နေတာလား” သူမက အံ့သြသံလေးဖြင့် ရေရွတ်လိုက်မိသည်။

​ ဂုဏ်သရေရှိလှသော ဧကရာဇ်တစ်ပါးက အဘယ်ကြောင့် ယခုကဲ့သို့ ဝေးလံခေါင်ဖျားသော ကျွန်းငယ်လေးသို့ မိုင်ထောင်ချီ ခရီးနှင်လာပြီး တပည့်ရွေးပွဲတွင် လာရောက် ပါဝင်နေရသနည်း ဆိုသည်ကို သူမ နားမလည်နိုင်အောင် ဖြစ်နေရှာသည်။ ၎င်းမှာ တာဝန်မဲ့ရာကျသည်ဟု ထင်ရသော်လည်း လင်းပိုင်ဖန်၏ စရိုက်ကို စဉ်းစားကြည့်လိုက်သော အခါတွင်မူ အရာအားလုံးက ဖြစ်နိုင်ချေ ရှိသွားပြန်သည်။ ဤလူသည် အမြဲတမ်း ခန့်မှန်းရခက်သည့် လုပ်ရပ်များကို လုပ်တတ်ပြီး သူ ဘာတွေးနေသည်၊ ဘာစီစဉ်နေသည်ကို မည်သူမျှ အရိပ်မိနိုင်ပေ။

​ “မမမို... ဘာကို ကြည့်နေတာလဲဟင်” ဟု ကြောက်ရွံ့အားနာသော အသံလေးတစ်ခုက မေးလိုက်သည်။

​ မိုယုယန် ငုံ့ကြည့်လိုက်သောအခါ အသက် ၁၅၊ ၁၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို တွေ့လိုက်ရသည်။ သူမသည် ရုပ်ရည်သန့်ပြန့်ကာ အသားအရေ ဖြူစင်သော်လည်း ဟောင်းနွမ်းနေသော အစိမ်းရောင် ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ခရီးပန်းနေသည့်ဟန်ဖြင့် နုနယ်အားနည်းပုံ ပေါ်နေသည်။ သို့သော် သူမတွင် ကျင့်ကြံခြင်းစွမ်းအား မရှိဘဲ ပင်ကိုယ်က အားနွဲ့သူဖြစ်သော်လည်း သူမ၏ မျက်ဝန်းများမှာမူ အလွန်ပင် ပြတ်သားခိုင်မာလှသည်။

​ ထိုမိန်းကလေးမှာ လီရှီဟွာဖြစ်ပြီး မိုယုယန်က ပင်လယ်ပြင်တွင် တွေ့ဆုံကာ ကယ်တင်ခဲ့သည့် ဆင်းရဲနွမ်းပါးသွားသော မိသားစုတစ်ခုမှ သမီးပျိုလေး ဖြစ်သည်။ ထိုစဉ်က သူမသည် ‘ပန်းချီနယ်မြေ’ သို့သွားကာ ပညာသင်ယူရန် လှေငယ်လေးတစ်စင်းဖြင့် ခရီးနှင်နေခြင်း ဖြစ်သည်။ ပြင်းထန်သော မုန်တိုင်းတစ်ခုကြောင့် သူမ၏အသက် ဘေးတွေ့လုနီးပါး ဖြစ်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ထိုလမ်းမှ ဖြတ်လာသော မိုယုယန်က ကယ်တင်နိုင်ခဲ့သည်။ သို့ဖြင့် သူတို့နှစ်ဦး ပန်းချီနယ်မြေကျွန်းသို့ အတူတူ ခရီးနှင်လာခဲ့ကြခြင်း ဖြစ်သည်။

​ ရက်အနည်းငယ် အတူနေထိုင်ပြီးနောက် ထိုမိန်းကလေးမှာ သိုင်းပညာမတတ်သော်လည်း ပညာတတ်တစ်ဦးဖြစ်ပြီး ဂီတ၊ စစ်တုရင်ကစားခြင်း၊ စာပေနှင့် ပန်းချီပညာတို့တွင် ထူးချွန်သည်ကို သိလိုက်ရသဖြင့် မိုယုယန်က သူမကို ညီမအရင်းကဲ့သို့ ဆက်ဆံခဲ့သည်။

​ မိုယုယန်က ပြုံးလျက် - “ဘာမှမဟုတ်ပါဘူး၊ အသိအချို့ကို တွေ့လိုက်လို့ပါ။ လာ... အတူတူသွားပြီး နှုတ်ဆက်ရအောင်” ဟု ဆိုလိုက်သည်။

​ လီရှီဟွာက စပ်စုချင်စိတ်ဖြင့် - “မမမိုရဲ့ သူငယ်ချင်းတွေလားဟင်” ဟု မေးလိုက်သည်။

​ မိုယုယန်က ခဏတာ စဉ်းစားပြီးနောက် - “သူငယ်ချင်းလို့တော့ ခေါ်လို့မရသေးပါဘူး၊ ရင်းနှီးတဲ့ သူစိမ်းတွေလို့ပဲ ပြောရမလားပဲ။ ဒါပေမဲ့ သူတို့က မမအပေါ် ကျေးဇူးရှိခဲ့ဖူးတော့ အခုလို သူစိမ်းမြေမှာ တွေ့တုန်း သွားနှုတ်ဆက်တာက လူမှုရေးအရ မှန်ကန်တာပေါ့”

​ “ဒါဆိုရင်... မြန်မြန်သွားကြရအောင်လေ” ဟု လီရှီဟွာက ဆိုလိုက်သည်။

​ သူတို့နှစ်ဦး နဂါးလှေတော်အနီးသို့ ချဉ်းကပ်သွားပြီး သတင်းစကားပါးလိုက်ပြီးနောက်တွင်မှ လှေပေါ်တွင် လင်းပိုင်ဖန်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။

​ “မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ၊ မဟာလော့နိုင်ငံကို သွားပြီး ကလဲ့စားမချေဘူးလား” ဟု လင်းပိုင်ဖန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

​ “ကလဲ့စားချေဖို့က မလောသေးပါဘူး။ လမ်းမှာ ပန်းချီဆရာကြီးရဲ့ ကိစ္စကို ကြားတာနဲ့ စိတ်ဝင်စားလို့ အပျော်ဝင်လာတာပါ” ဟု မိုယုယန်က အကျဉ်းချုပ် ရှင်းပြလိုက်သည်။

​ လင်းပိုင်ဖန်သည် အခြွေအရံများဖြင့် ခရီးနှင်လာရုံသာမက ဘေးတွင်လည်း လှပသော မိဖုရားငယ်လေးများကို ခေါ်ဆောင်လာသည်ကို မြင်သောအခါ သူမ ဆွံ့အသွားတော့သည်။

​ ‘ဒီဧကရာဇ်ကတော့ ဘယ်သွားသွား ပျော်ပါးဖို့ သိတာပဲ။ ဒီလိုလူမျိုးလက်အောက်မှာ မဟာရှအင်ပါယာကြီး ထွန်းကားလာတာ တကယ့်ကို အံ့သြစရာပဲ’

​ “အရှင်မင်းကြီးကရော... ဘာလို့ ဒီကို ရောက်နေတာလဲ” မိုယုယန်က ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။

​ “ငါကိုယ်တော်က အမြဲတမ်း နိုင်ငံတော်ကိစ္စတွေကို မိုးလင်းမိုးချုပ် ပင်ပင်ပန်းပန်း ဆောင်ရွက်နေရတာဆိုတော့ စိတ်ရောကိုယ်ပါ အရမ်းနွမ်းနယ်နေပြီလေ။ ဒါကြောင့် စိတ်အပန်းဖြေရင်း ရင်ထဲက အပူတွေကို လျော့ပါးသွားအောင် ထွက်လာခဲ့တာပေါ့” ဟု လင်းပိုင်ဖန်က တည်တည်ကြည်ကြည်ဖြင့် ပြောလိုက်သည်။

​ မိုယုယန်၏ နှုတ်ခမ်းများ တွန့်သွားလေတော့သည်။

​ နိုင်ငံတော်ကိစ္စတွေကို ပင်ပင်ပန်းပန်း ဆောင်ရွက်နေရတယ် ဟုတ်လား…

မိုးလင်းမိုးချုပ် အလုပ်လုပ်နေရတယ် ဟုတ်လား…

စိတ်ရောကိုယ်ပါ နွမ်းနယ်နေတယ် ဟုတ်လား….

​ နန်းတော်ထဲမှာ တစ်ခါမှ အလုပ်မလုပ်ဘဲ စားသောက်ပျော်ပါးကာ အပျော်အပါးတွေနဲ့ပဲ အချိန်ကုန်နေခဲ့တာကို ငါမသိဘူးများ မှတ်နေလား။ ပြီးတော့ ရင်ထဲက အပူတွေကို လျော့ပါးသွားအောင် ထွက်လာတာတဲ့လား၊ ရှင်ကတော့ စိတ်ပြေလက်ပျောက်လွန်းလို့ ကိုယ့်နိုင်ငံကိုတောင် ပစ်ထားပြီး သူများအိမ်ရှေ့အထိ ရောက်လာတာပဲ…

ဤမျှ တာဝန်မဲ့သော ဧကရာဇ်မျိုးကို သူမ ပထမဆုံး မြင်ဖူးခြင်းပင် ဖြစ်သည်။

​ ဘာကြောင့်ရယ်မသိ၊ လင်းပိုင်ဖန်၏ ထိုသို့သော အမူအရာကို မြင်တိုင်း သူမ၏ စီနီယာကို သွားသတိရမိသည်။ သူမ၏ စီနီယာမှာ အဆင့်အတန်း မြင့်မားပြီး အစွမ်းထက်သူဖြစ်သော်လည်း တစ်ခါတလေတွင် ပုံမှန်မဟုတ်သော အပြုအမူများကြောင့် သူမကို ရယ်ရခက်၊ ငိုရခက် ဖြစ်စေခဲ့သည်။ သူတို့နှစ်ဦးမှာ အလွန်ကို တူလွန်းနေသည်။ သူတို့က လူတစ်ယောက်တည်းများ ဖြစ်နေမလား…။

မိုယုယန်၏ ရင်ထဲတွင် သံသယများ တစ်ကျော့ပြန် ပေါ်ပေါက်လာပြန်သည်။

​ “ဒါနဲ့... ဒီမိန်းကလေးက ဘယ်သူလဲ” လင်းပိုင်ဖန်က မိုယုယန်၏နောက်က အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးကို ကြည့်ကာ မေးလိုက်သည်။

​ သူမသည် ဝင်လာကတည်းက မိုယုယန်၏နောက်တွင် ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပုန်းနေကာ သူ့ကို သိချင်စိတ်၊ ရှက်ရွံ့စိတ်တို့ဖြင့် ခိုးကြည့်နေခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် လီရှီဟွာ၏ ရင်ထဲ၌ စိတ်လှုပ်ရှားမှုများကြောင့် ရင်ခုန်သံများ မြန်ဆန်နေပြီး ရင်ဘတ်ထဲမှ ခုန်ထွက်လုမတတ် ဖြစ်နေရသည်။

​ အဘယ်ကြောင့်ဆိုသော် မမမိုပြောသည့် ‘အသိ’ ဆိုသူမှာ သာမန်လူမဟုတ်ဘဲ သုံးနှစ်အတွင်းမှာပင် တိုင်းပြည်ငယ်လေးကို အင်ပါယာကြီးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သည့်၊ ကမ္ဘာပေါ်တွင် အသြဇာအရှိဆုံး သူများထဲမှ တစ်ဦးဖြစ်သည့် မဟာရှဧကရာဇ် လင်းပိုင်ဖန် ဖြစ်နေသောကြောင့်ပင် ဖြစ်လေ၏။

​ လွန်ခဲ့သည့် သုံးနှစ်လုံးလုံး သူမသည် လင်းပိုင်ဖန်၏ ဒဏ္ဍာရီဆန်လှသော သတင်းများကို နားထောင်ရင်း ကြီးပြင်းလာခဲ့ရသူ ဖြစ်သည်။ သူမ၏ ရင်ထဲတွင် ထိုသို့သော ဒဏ္ဍာရီလာ အမျိုးသားတစ်ဦးကို တွေ့ဆုံချင်စိတ်များ ပြင်းပြခဲ့ဖူးသည်။ ယခုမူ သူမ၏ အိမ်မက်က တကယ်ဖြစ်လာခဲ့လေပြီ။

​ သာ၍ အံ့သြဖို့ကောင်းသည်မှာ သူသည် သူမ ထင်ထားသည်ထက် ပို၍ ငယ်ရွယ်ချောမောကာ ခန့်ညားထည်ဝါလွန်းနေခြင်းပင် ဖြစ်သည်။ သူ၏ပုံစံမှာ ကိုယ်ရောင်ကိုယ်ဝါများ တောက်ပနေသကဲ့သို့ပင်။ မိန်းကလေးငယ်မှာ အိမ်မက်မက်နေသကဲ့သို့ ခေါင်းထဲတွင် မူးနောက်သွားရလေတော့သည်။

All Chapters