← Chapters

အခန်း (၄၄၇-၄၄၈)

Vol. 42 Ch. 447-448

အခန်း (၄၄၇-၄၄၈)

Vol. 42 Ch. 447-448

အပိုင်း (၄၄၇)

ဤဖြစ်ရပ်သည် တစ်လောကလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားတော့သည်။

​ “ကြားပြီးပြီလား... ဗုဒ္ဓဂိုဏ်းက အဲဒီစီနီယာကြီး နောက်တစ်ကြိမ် လှုပ်ရှားလိုက်ပြန်ပြီတဲ့”

​ “မဟာဟုန်မင်းဆက်ရဲ့ ထိုက်ရွှေတောင်ပေါ်မှာ ဖြစ်ခဲ့တာ၊ တကယ့်ကို နတ်ဘုရားတစ်ပါးလိုပဲ။ ပေ ၃၀၀၀ လောက်ရှိတဲ့ ဧရာမလက်ဝါးရာကြီးက တောင်တစ်ခုလုံးကို ပြားချပ်သွားအောင် ရိုက်ချလိုက်တာဆိုပဲ”

​ “ဒီတစ်ခါ လက်ဝါးချက်က အရင်ထက်ပိုပြီး နက်ရှိုင်းလာတယ်၊ မြေအောက်ပေ ၃၀ အထိတောင် နက်သွားတာ။ အရင်တစ်ခါထက် ၁၀ ပေတောင် ပိုသာသွားတာပေါ့။ မြေအောက်က ကျောက်တုံးတွေတောင် မှုန့်မှုန့်ညက်ညက် ကြေကုန်ပြီးတော့ ဓာတ်သတ္တုတွေတောင် ထွက်လာတယ်လို့ ပြောကြတယ်”

​ “တကယ်ကြီးလား... ကြောက်စရာကြီးပါလားဗျာ”

​ ရလဒ်အနေဖြင့် လူအများအပြားမှာ အားကျမနာလိုစိတ်၊ ကြည်ညိုလေးစားစိတ်များဖြင့် သွားရောက်ကာ ကြည့်ရှုကြတော့သည်။

​ ‘ဒီပုဂ္ဂိုလ်ကြီးက တကယ်ကို အံ့မခန်းပါပဲ၊ ဒီလောက်တောင် အစွမ်းထက်နေတာကို အခုဆို ပိုပြီးတောင် တိုးတက်လာသေးတယ်’

​ ‘ဒါဆိုရင် အဲဒီဆရာကြီးက ဒဏ္ဍာရီထဲက ‘မဟာကောင်းကင်’ အဆင့်ကို ရောက်သွားပြီလား မသိဘူး’

​ ‘တစ်ခွန်းပဲ ပြောမယ်... တကယ်ကို အစွမ်းထက်လွန်းတယ်’

​ တာအိုဂိုဏ်း၊ မိစ္ဆာဂိုဏ်းနှင့် အင်ပါယာကြီး လေးခုမှ လူများသည်လည်း လာရောက်ကြည့်ရှုကြပြီး အလွန်အမင်း ချီးကျူးထောပနာ ပြုကြသည်။ သူတို့သည် ဗုဒ္ဓဂိုဏ်းထံသို့ စာလွှာများပေးပို့ပြီး ဗုဒ္ဓဂိုဏ်းမှ နောက်ထပ် ‘မဟာကောင်းကင်အဆင့်’ တစ်ပါး ပေါ်ထွက်တော့မည်ဖြစ်၍ ဂုဏ်ပြုကြောင်း ပြောကြားခဲ့ကြသည်။

………

​ ကျဲချန်ဆရာတော်သည် ရှေ့တွင်ရောက်နေသော စာလွှာခြောက်စောင်ကို ကြည့်ရင်း ခေါင်းနားပန်းကြီးသွားခဲ့သည်။

​ဒါတွေက ဂုဏ်ပြုစာတွေ မဟုတ်ပေ၊ ခြိမ်းခြောက်စာတွေပင် ဖြစ်သည်။ ဗုဒ္ဓဂိုဏ်းထဲမှာ မဟာကောင်းကင်အဆင့် သိုင်းပညာရှင်တစ်ဦးကို ဝှက်ထားတာ သူတို့သိတယ်၊ ဒါကြောင့် ငြင်းမနေနဲ့လို့ ပြောနေကြတာပင် ဖြစ်သည်။

​ ကျဲချန်ဆရာတော်မှာ သက်ပြင်းကိုသာ အကြိမ်ကြိမ် ချမိတော့သည်။

​ တကယ်သာ အဲဒီလို မဟာကောင်းကင်အဆင့်သာ ရှိနေခဲ့ရင် သူတို့ ဝမ်းမြောက်ဝမ်းသာ လက်ခံမှာပင်။ ဒါပေမဲ့ ပြဿနာက အဲဒီလိုလူ မရှိတာပဲ မဟုတ်ပါလား။ သူတို့က ဘာလို့ ဒီအပြစ်တွေကို ခံနေရတာပါလိမ့်။

​ ကျဲချန်ဆရာတော်သည် တစ်ခါမှ မတွေ့ဖူးသေးသော ထိုစီနီယာကြီးအပေါ် အပြစ်တင်လိုစိတ် အနည်းငယ် ဖြစ်ပေါ်လာသည်။

​ ‘ဆရာကြီးရယ်... ခင်ဗျားကတော့ တကယ်ကို နောက်ပြောင်လွန်းတယ်’

​ ‘ကျွန်ုပ်တို့က နောက်ဆက်တွဲ ဂယက်တွေကို မနည်း ထိန်းချုပ်ထားရတာကို၊ ခင်ဗျားကတော့ သူများတွေ မသိမှာ စိုးလို့လားမသိဘူး၊ နောက်တစ်ခါ ထပ်ပေါ်လာပြန်ပြီ။ ကျွန်ုပ်တို့ ဗုဒ္ဓဂိုဏ်းကို ပျက်စီးသွားစေချင်နေတာများလား။’

​ ဗုဒ္ဓဂိုဏ်းက ကြီးမားကာ ထွန်းတောက်နေပေမဲ့ တခြားအင်အားစုတွေ အကုန်လုံးပေါင်းပြီး တိုက်ခိုက်လာတာကိုတော့ တောင့်ခံနိုင်မှာ မဟုတ်ပေ။

​ “ဆရာတော်ကျဲချန်... ကျွန်ုပ်တို့ အခု ဘာလုပ်ကြမလဲ” ဟု အငယ်တန်း ကိုယ်တော်တစ်ပါးက ပြာပြာသလဲ မေးလိုက်သည်။

​ ကျဲချန်ဆရာတော်က ထုံထိုင်းနေသော မျက်နှာဖြင့် ပြန်ဖြေလိုက်သည် - “မင်းက ကိုယ်တော့်ကိုမေးတော့ ကိုယ်တော်က ဘယ်သူ့ကို သွားမေးရမှာလဲ။ အခု လုပ်နိုင်တာကတော့ အစွမ်းကုန် ငြိမ်ငြိမ်လေးနေကြ၊ ပဋိပက္ခတွေကို ရှောင်ကြ၊ ပြီးတော့ အဲဒီဆရာကြီး ဘယ်မှာလဲဆိုတာကို တိတ်တဆိတ် ဆက်ရှာကြတာပေါ့”

​ “ အောမီထောဖော...”

……

​ ဤအချိန်တွင် ဧရာမလက်ဝါးကြီးကြောင့် ဗုဒ္ဓဂိုဏ်းသည် လူအများ၏ ဝေဖန်စရာ ပစ်မှတ် ဖြစ်လာပြန်သည်။

​ လင်းပိုင်ဖန်က ဤမြင်ကွင်းကို ကြည့်ရင်း ရယ်မောလိုက်လေသည်။

​ “ကဲ... ဗုဒ္ဓဂိုဏ်းက နောက်ဆိုရင် ငါ့ရှေ့မှာ ဘယ်လိုလုပ်ပြီး မာန်တက်နိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့”

​ သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး ပျက်စီးနေသော တုတ်တစ်ချောင်းကို ကိုင်လိုက်သည်။ ၎င်းမှာ မဟာယန်မင်းဆက်၏ ကောင်းကင်အဆင့် မုရုံချန်း ပိုင်ဆိုင်သည့် နတ်ဘုရားလက်နက်အဆင့်နီးပါးရှိသော ‘ရူယီကျင်ကူပန်’ ဖြစ်သည်။

​ “ဒီပစ္စည်းက မဆိုးဘူးပဲ၊ အိုးယဲ့ဇီ ဆီ ပေးပြီး နတ်ဘုရားလက်နက်တစ်ခုအဖြစ် ပြန်သွန်းခိုင်းရမယ်”

​ လင်းပိုင်ဖန်သည် လက်ကို အနည်းငယ် အားစိုက်လိုက်သည်နှင့် ထိုတုတ်ကြီးမှာ အလုံးလိုက် ဖြစ်သွားပြီး မည်သည့်သဲလွန်စမျှ မကျန်တော့အောင် လုံးဝ ပျက်စီးသွားတော့သည်။

……..

​ အခြားတစ်ဖက်တွင်မူ ကောင်းကင်အဆင့် သိုင်းပညာရှင်၏ နှောင့်ယှက်မှု မရှိတော့သောကြောင့် မဟာရှစစ်တပ်သည် မဟာဟုန်၏ မြို့တော်အထိ ချောမွေ့စွာ ချီတက်နိုင်ခဲ့သည်။

​ ထိုအချိန်တွင် မဟာဟုန်ဧကရာဇ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သို့သော် လင်းပိုင်ဖန်က ‘အင်ပါယာမြေပုံ’မှတစ်ဆင့် သူသည် မဟာဟုန်မှ ထွက်မသွားဘဲ မြို့တော်ရှိ လျှို့ဝှက်နေရာတစ်ခုတွင် ပုန်းအောင်းနေကြောင်း တွေ့လိုက်ရသည်။

​ သူသည် တူကုရီဖန်း ပြန်အလာကို မျှော်လင့်ချက်လေးနှင့် စောင့်နေပုံရသည်။

​ လင်းပိုင်ဖန်သည် “ကြင်နာတတ်သူပီပီ” သူ့ကို မြေအောက်ကမ္ဘာမှာ တူကုရီဖန်းနှင့် ပြန်ဆုံနိုင်ရန်အတွက် ဓားချက်အချို့ လက်ဆောင် ပေးလိုက်လေသည်။

​ ထိုသို့ဖြင့် မဟာဟုန်မင်းဆက် တစ်ခုလုံးသည် လင်းပိုင်ဖန်၏ လက်ထဲသို့ ကျရောက်သွားတော့သည်။ သူသည် အင်ပါယာမြေပုံကို ဖွင့်လိုက်ရာ အချက်အလက်များက မျက်စိရှေ့တွင် ပေါ်လာတော့သည်။

​ အင်ပါယာ မြေပုံ ( စူပါအဆင့် )

နယ်မြေဧရိယာ: စတုရန်းလီ ၁၆ သန်း (စိုက်ပျိုးနိုင်သောမြေ ၉.၆ သန်း)

ပြည်တွင်းအရင်းမြစ်: ငွေတေး ၂.၈၂ ဘီလီယံ (ရွှေသတ္တုတွင်း ၁၀ ခု၊ ငွေတွင်း ၁၇ ခု၊ ကြေးတွင်း ၂၃ ခု၊ သံတွင်း ၃၅ ခု...)

လူဦးရေ: ၁၆၂ သန်း ( လူချမ်းသာ ၁%၊ သာမန်လူ ၃၆%၊ ဆင်းရဲသား ၆၃%)

စစ်အင်အား: ၆.၀၂ သန်း (ကောင်းကင်အဆင့် ၃ ဦး၊ ချီဖွဲ့တည်ခြင်းအဆင့် ၆၉ ဦး၊ ခန္ဓာကိုယ် လေ့ကျင့်ခြင်းအဆင့် သိုင်းပညာရှင် ၃၀,၀၀၀...)

စုစုပေါင်း နိုင်ငံတော်စွမ်းအား: ၂၂,၈၀၀ (အင်ပါယာအဆင့်)

​ ၎င်းတို့အထဲတွင် နယ်မြေဧရိယာမှာ စတုရန်းလီ ၁၆ သန်းအထိ ရှိလာပြီး အင်ပါယာ စတင်တည်ထောင်စဉ်ကထက် နှစ်ဆနီးပါး ရှိလာခဲ့သည်။ ပြည်တွင်းရင်းမြစ်နှင့် လူဦးရေမှာလည်း နှစ်ဆနီးပါး တိုးလာခဲ့သည်။

​ စစ်အင်အားမှာ များစွာ မတိုးလာခဲ့သော်လည်း ချီဖွဲ့တည်ခြင်းအဆင့် ၃ ဦး ထပ်တိုးလာသည်။ အဘယ်ကြောင့်ဆိုသော် လက်အောက်ငယ်သားများမှာ နတ်ဘုရားပညာရပ်များကို လေ့ကျင့်ပြီး ဆေးလုံးများ မှီဝဲခဲ့ခြင်းကြောင့် အဆင့်တက်လာခြင်း ဖြစ်သည်။ ထိုချီဖွဲ့တည်ခြင်းအဆင့် ၆၉ ဦးအနက် ထက်ဝက်မှာ ကြယ်တာရာချီအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

​ အခြားသူများစွာမှာလည်း အင်ပါယာချီအဆင့်သို့ ရောက်ရန် အလွန်နီးစပ်နေပြီး အချိန်မရွေး အဆင့်တက်နိုင်သည့် အခြေအနေမှာ ရှိနေကြသည်။

​ နိုင်ငံ၏ စုစုပေါင်းစွမ်းအားမှာ ၂၀,၀၀၀ ကျော်သွားပြီးနောက် နောက်ထပ် ၂,၀၀၀ ကျော် တိုးလာခဲ့သည်။ သံသယဖြစ်စရာမလိုဘဲ ဤအချက်အလက်မှာ အလွန် အထင်ကြီးစရာ ကောင်းလှသည်။ လောကကြီးတွင် ဤအချက်အလက်ကို ယှဉ်နိုင်သော အင်ပါယာ ၆ ခုထက် ပိုမရှိနိုင်ပေ။

​ “ဒင်! ကစားသမား၏ နိုင်ငံတော်စွမ်းအား တိုးတက်လာသောကြောင့် သင်၏ စွမ်းအားကိုလည်း တစ်ပြိုင်နက်တည်း မြှင့်တင်ပေးလိုက်ပါပြီ။ ‘အလိုဆန္ဒမဲ့ လွတ်မြောက်ခြင်း’ ပညာရပ်ကို ဆုလာဘ်အဖြစ် ပေးအပ်လိုက်သည်”

​ “အလိုဆန္ဒမဲ့ လွတ်မြောက်ခြင်း ဆိုသည်မှာ ကောင်းကင်၊ မြေပြင်၊ အရာခပ်သိမ်းနှင့် တစ်သားတည်း ဖြစ်သွားစေသော ဓားသိုင်းပညာရပ် ဖြစ်သည်။ သဘာဝအတိုင်း စီးမျောခြင်း၊ အခြေအနေကို အသုံးချခြင်း၊ စကြဝဠာနှင့် ယှဉ်တွဲတည်ရှိခြင်းနှင့် အရာအားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းခြင်း ဖြစ်သည်။ ၎င်းကို တတ်မြောက်ပြီးနောက် သင်သည် ကောင်းကင်ဘုံကိုယ်စား တာအိုတရားစီရင်နေသကဲ့သို့ ဖြစ်ပေလိမ့်မည်...”

​ လင်းပိုင်ဖန်သည် ထိုဓားသိုင်းကို လျင်မြန်စွာ စုပ်ယူလိုက်သည်။ သူသည် ဓားသိုင်းများစွာ တတ်မြောက်လာသည်နှင့်အမျှ သူ၏ ဓားပညာမှာ ဤလောကတွင် အနှိုင်းမဲ့ ဖြစ်လာခဲ့လေပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၅,၀၀၀ သို့ ပြန်သွားလျှင်ပင် ဓားပညာနယ်ပယ်၌ သူ့ကို ယှဉ်နိုင်မည့်သူကို ရှာရန် ခက်ခဲပေလိမ့်မည်။

​ “အခုဆိုရင် ငါဟာ လောကရဲ့ လက်ရှိ ‘မဟာကောင်းကင်အဆင့်’ ရှစ်ယောက်နဲ့ ယှဉ်နိုင်ပြီထင်တယ်” ဟု လင်းပိုင်ဖန်က ခန့်မှန်းလိုက်သည်။

​ အတိအကျ အဖြေမရှိသော်လည်း သူသည် အလွန်နီးစပ်နေပြီဟု ခံစားနေရသည်။ ၎င်းက သူ့ကို စိတ်ကြည်လင်စေခဲ့သည်။ သူသည် မဟာဟုန်မင်းဆက်ရှိ စစ်သူကြီးများထံသို့ အမိန့်ပေးလွှတ်ပြီး ပြည်သူများကို ငြိမ်ဝပ်ပိပြားအောင်လုပ်ရန်နှင့် မဟာဟုန်ကို အမြန်ဆုံး အခြေချသိမ်းသွင်းရန် ညွှန်ကြားလိုက်သည်။

​ ဆုလာဘ်များ အပြည့်အဝရရှိခဲ့သော လင်းပိုင်ဖန်နှင့် မတူဘဲ မဟာယန်ဧကရာဇ်မှာမူ စားမဝင် အိပ်မရ ဖြစ်နေခဲ့သည်။

​ “မဟာရှက မဟာဟုန်ကို သိမ်းလိုက်ပြီ၊ ဒါပေမဲ့ စီနီယာမုရုံကတော့ အခုထိ ဘာသတင်းမှ မရှိသေးဘူး။ တစ်ခုခု ဖြစ်သွားတာများလား”

​ သူသည် အလွန်အမင်း စိုးရိမ်နေမိသည်။ လက်တွေ့အရ ကောင်းကင်အဆင့် သိုင်းပညာရှင်တွေကို သတ်ဖို့ ခက်ခဲသော်လည်း မမျှော်လင့်ထားတာတွေ ဖြစ်လာမှာကို ကြောက်နေမိသည်။ ဥပမာ - မဟာဟုန်ရဲ့ ကောင်းကင်အဆင့်က မမျှော်လင့်ဘဲ ပျောက်ကွယ်သွားသလိုမျိုးပေါ့။ သူ့ရဲ့ မဟာယန် ကောင်းကင်အဆင့်မှာလည်း အဲဒီလိုမျိုး ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ...

​ “တောက်... ကိုယ့်ကိုယ်ကိုယ် မခြောက်လှန့်စမ်းပါနဲ့။ စီနီယာမုရုံက သေချာပေါက် အဆင်ပြေမှာပါ။ သူက ကောင်းကင်အဆင့် သိုင်းပညာရှင်ပဲ၊ ဒီလောက် အစွမ်းထက်တာကို ဘယ်သူက သတ်နိုင်မှာလဲ။ အရေးကြီးကိစ္စတစ်ခုခုကြောင့် ကြန့်ကြာနေတာ ဖြစ်မှာပါ... အေး... ဒါပဲ ဖြစ်ရမယ်၊ သံသယဝင်စရာ မလိုဘူး”

​ မဟာယန်ဧကရာဇ်သည် ဆိုးဆိုးရွားရွားတွေ မတွေးမိအောင် ကိုယ့်ကိုယ်ကိုယ် အားပေးနေမိသည်။ သို့သော် သူသည် မုရုံချန်း၏ သဲလွန်စကို ရှာဖွေရန်အတွက် သူ၏ လျှို့ဝှက်အဖွဲ့ကို တိတ်တဆိတ် စေလွှတ်လိုက်လေသည်။

အပိုင်း (၄၄၈)

သို့သော်လည်း ဤအရာအားလုံးမှာ မဟာယန်ဧကရာဇ်အတွက်တော့ အချည်းနှီးသော အားထုတ်မှုသာ ဖြစ်ပေလိမ့်မည်။

​ စီနီယာကြီး၏ သဲလွန်စကို စိုးရိမ်နေမည့်အစား မိမိနိုင်ငံ၏ အရေးကိုသာ ပို၍ စိုးရိမ်သင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် လင်းပိုင်ဖန်သည် မဟာဟုန်မင်းဆက်ရှိ မြွေ၊ ကင်းမြီးကောက်နှင့် သောင်းကျန်းနေသည့် ကြွက် စသည်တို့ကို သူ၏ နိုင်ငံထဲသို့ မောင်းသွင်းထားပြီး ဖြစ်သလို၊ နိုင်ငံတော်အင်အား ဆုတ်ယုတ်စေရန်အတွက်လည်း သဘာဝဘေးအန္တရာယ်နှင့် လူလုပ်ဘေးဒုက္ခအမျိုးမျိုးကို ဖန်တီးထားပြီး ဖြစ်သောကြောင့်ပင် ဖြစ်သည်။ မဟာဟုန်နယ်မြေကို အခြေချပြီးသည်နှင့် မဟာရှစစ်တပ်သည် မဟာယန်ကို တိုက်ခိုက်ရန် ချီတက်လာပေတော့မည်။

​ ဤအချိန်တွင် နှင်းများ အရည်ပျော်ကာ မြက်ခင်းများ စိမ်းလန်းစပြုလာပြီ ဖြစ်သည်။ ငှက်ငယ်လေးများ၏ တေးသံနှင့်အတူ သက်ရှိအရာအားလုံး နိုးထလာကြလေခဲ့ပြီ။

​ နွေဦးရာသီသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

​ ဧရာမ စက်ယန္တရားကြီးတစ်ခုကဲ့သို့ပင် မဟာရှ အင်ပါယာ တစ်ခုလုံးသည် အရှိန်အဟုန်ဖြင့် လည်ပတ် လှုပ်ရှားလာတော့သည်။ သန်းပေါင်းများစွာသော ပြည်သူပြည်သားတို့သည် လယ်ယာစိုက်ပျိုးခြင်း၊ လမ်းတံတားနှင့် အိမ်များ ဆောက်လုပ်ခြင်း၊ သတ္တုတူးဖော်ခြင်းနှင့် သင်္ဘောကျင်းများတွင် အလုပ်လုပ်ကိုင်ခြင်းတို့ဖြင့် အလုပ်များနေကြသည်။ နေရာအနှံ့အပြားတွင် အလွန်တက်ကြွစည်ကားနေသော မြင်ကွင်းများဖြင့် ပြည့်နှက်နေလေသည်။

​ လင်းပိုင်ဖန်သည်လည်း သူ၏ ချစ်လှစွာသော ကြင်ယာတော်များနှင့်အတူ မြောက်ပိုင်းသို့ ခရီးလှည့်လည်ခြင်းကို စတင်ခဲ့သည်။ သူတို့၏ ခရီးစဉ်မှာ မြို့တော်မှစတင်ကာ နဂါးလှေတော်ဖြင့် မြောက်ဘက်ရှိ ဆိပ်ကမ်းမြို့အထိ သွားရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် အခြားလမ်းကြောင်းတစ်ခုဖြင့် ပြန်လာမည် ဖြစ်သည်။ လမ်းခရီးတစ်လျှောက်တွင် ရှုခင်းအလှအပများကို ခံစားရင်း မဟာရှ၏ တိုးတက်မှုများကို ကြည့်ရှု စစ်ဆေးသွားမည်ဖြစ်ရာ စုစုပေါင်း သုံးလေးလခန့် ကြာမြင့်မည် ဖြစ်သည်။ အတိုချုပ်ပြောရလျှင် ဟန်ဒွမ်တောင်တန်းတောင်ဘက်ရှိ မဟာရှနယ်မြေတစ်ခုလုံးကို အနှံ့အပြား လေ့လာရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

​ သူတို့၏ ခရီးစဉ်မှာ အလွန်ခမ်းနားလှပြီး နဂါးလှေတော်အစီး ၅၀ အပါအဝင် လူဦးရေ ၂,၀၀၀ ကျော် လိုက်ပါလာကြသည်။ ထို့အပြင် မြစ်ကမ်းဘေးတစ်လျှောက်တွင်လည်း အထူးအစောင့်တပ်ဖွဲ့ဝင် ၃,၀၀၀ ကျော်က အကာအကွယ် ပေးထားသည်။ မူလက နန်းတွင်းအမတ်များက စစ်သည်တော် ၂ သိန်းဖြင့် လိုက်ပါစောင့်ရှောက်ရန် စီစဉ်ခဲ့သော်လည်း လင်းပိုင်ဖန်က ပြန်လွှတ်လိုက်သည်။

​ သူကိုယ်တိုင်ကပင် 'မဟာကောင်းကင်အဆင့်' သိုင်းပညာရှင်တစ်ဦး ဖြစ်နေသည်ကိုး။ အဘယ်ကြောင့် သူတစ်ပါး၏ အစောင့်အရှောက်ကို လိုအပ်မည်နည်း။

တကယ်လို့ သူတောင် အန္တရာယ်ရှိတယ်လို့ ခံစားရရင် လူတွေ ဘယ်လောက်ရှိရှိ အပိုပဲ မဟုတ်ပါလား။ အရှိန်အဝါပြဖို့ လူနည်းနည်းရှိရင်ပဲ လုံလောက်လှပြီ ဖြစ်သည်။ လူတွေ အများကြီးခေါ်သွားခြင်းက ပြည်သူတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသလို ဘဏ္ဍာတိုက်ကိုလည်း ထိခိုက်စေသည်၊ ထို့အပြင် သူ၏ ခရီးသွားရသည့် စိတ်ခံစားမှုကိုလည်း ပျက်စီးစေနိုင်သည်။

စဉ်းစားကြည့်ပါဦး... သူက အေးအေးလူလူ အပန်းဖြေ ခရီးထွက်လာတာကို မြစ်ကမ်းနံဘေးမှာ လူတွေ ပြည့်နှက်နေပြီး ငှက်တစ်ကောင်တောင် ပျံသန်းလို့ မရအောင် ပိတ်ဆို့ထားရင် ခရီးသွားရတာ ဘယ်မှာ ပျော်စရာကောင်းတော့မှာလဲ။

​ ယခု မြောက်ပိုင်းခရီးစဉ်တွင် နန်းတွင်းရှိ ကြင်ယာတော်များအပြင် 'ယောင်ယောင်' နှင့် 'လျိုဝမ်ချင်း' တို့လည်း လိုက်ပါလာကြသည်။ ယောင်ယောင်ကတော့ ပျော်စရာရှိလို့ လိုက်လာခြင်းဖြစ်ပြီး လျိုဝမ်ချင်းကိုမူ သူမ၏ မိခင်က ထည့်ပေးလိုက်ခြင်း ဖြစ်သည်။

မူလက သူမသည် 'လေးရာသီချိုင့်ဝှမ်း' တွင်နေ၍ မိခင်ဖြစ်သူနှင့် ဆေးပင်များကို ပြုစုစောင့်ရှောက်ရန် စီစဉ်ထားသော်လည်း ယခုအခါ သူမမိခင်မှာ ကောင်းကောင်းမွန်မွန် သွားလာနိုင်ပြီဖြစ်၍ လင်းပိုင်ဖန်နှင့် သူမသမီးကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ လွှတ်လိုက်ခြင်းဖြစ်သည်။ ဤမျှ နားလည်ပေးတတ်သော ယောက္ခမမျိုးကို လင်းပိုင်ဖန်ကလည်း စိတ်ရင်းဖြင့် အသိအမှတ်ပြုမိသည်။

​ ယခုအချိန်တွင် လင်းပိုင်ဖန်နှင့် မိန်းမလှလေးများသည် နဂါးလှေတော်၏ ကုန်းပတ်ပေါ်တွင် ရပ်နေရင်း မြစ်ကြောင်းတစ်လျှောက် ရှုခင်းများကို ကြည့်ရှုနေကြသည်။ မိန်းမလှလေးများမှာ ပထမဆုံးအကြိမ် အပြင်ထွက်ခွင့်ရခြင်းဖြစ်၍ အလွန်လှပသော ရှုခင်းများကို ကြည့်ရင်း စိတ်လှုပ်ရှားစွာ စကားတွေ တရစပ် ပြောနေကြတော့သည်။

​ လင်းပိုင်ဖန်လည်း ပျော်ရွှင်နေမိသည်။ သူသည် သုံးနှစ်ပတ်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရပြီး တစ်နေ့လျှင် ပျမ်းမျှ အလုပ်ချိန် တစ်နာရီထက်မက အလုပ်လုပ်ခဲ့ရသည်။ (သူ့အထင်တွင်) သူသည် တကယ်ကို ပင်ပန်းနေပြီဖြစ်၍ ယခုခရီးစဉ်မှာ အပန်းဖြေရန် အခွင့်ကောင်းပင် ဖြစ်လေ၏။ တိုင်းပြည်၏ လှပသော တောင်တန်း၊ ရေမြေများနှင့် မိန်းမလှလေးများကို ကြည့်ရင်း သူ၏ စိတ်အခြေအနေမှာ အလွန်ပင် ကြည်လင်နေတော့သည်။

​ မြစ်ကမ်းဘေးတစ်လျှောက်တွင် ပြည်သူများစွာက ရပ်ကြည့်နေကြသည်။

​ “ဟိုမှာကြည့်စမ်း... သင်္ဘောအုပ်စုကြီးက တကယ့်ကို ကြီးမားတာပဲ”

​ “ဒီလောက်ကြီးတဲ့ နဂါးလှေကြီးကို ငါတစ်ခါမှ မမြင်ဖူးဘူး။ ဘယ် မှူးမတ်အရာရှိကြီးရဲ့ လှေဖြစ်မလဲ”

​ “သိပ်ပြီး အံ့သြမနေနဲ့... အဲဒါ ဧကရာဇ်မင်းမြတ်ရဲ့ နဂါးလှေတော်ပဲ။ အရှင်မင်းမြတ်က မြောက်ပိုင်းကို ခရီးလှည့်လည်နေတာ”

​ “တကယ်ကြီးလား... အားလုံးပဲ လာကြဦးဟေ့၊ အရှင်မင်းမြတ်ကို ဖူးမြော်ကြရအောင်”

​ လူတွေက သူတို့၏ သူငယ်ချင်း၊ ဆွေမျိုးများကို ခေါ်လာကြပြီး မြစ်ကမ်းဘေးတွင် ဖူးမြော်သူများ ပိုမိုများပြားလာသည်။ ကံမကောင်းစွာဖြင့် အစောင့်တပ်ဖွဲ့ဝင်များက အနီးကပ်မခံသော်လည်း ဤမျှနှင့်တင် သူတို့အတွက် စိတ်လှုပ်ရှားစရာ ကောင်းလှပြီ ဖြစ်သည်။

​ “အရှင်မင်းကြီး... လူတွေအားလုံးက အရှင်မင်းကြီးကို ကြည့်နေကြတယ်” ဟု ကြင်ယာတော် 'ရှန်း' က ပါးစပ်လေးကိုလက်ဖြင့်အုပ်ကာ ရယ်မောရင်း ပြောလိုက်သည်။

​ “ဒါပေါ့... အရှင်မင်းကြီးက တစ်လောကလုံးရဲ့ အရှင်သခင်ဖြစ်သလို ပြည်သူတွေရဲ့ ဦးသျှောင်လည်း ဖြစ်တာပဲ။ အားလုံးက အရှင်မင်းကြီးရဲ့ ဂုဏ်သရေရှိတဲ့ မျက်နှာတော်ကို ဖူးမြော်ချင်ကြတာ သဘာဝပါပဲ” ဟု ကြင်ယာတော် 'ယွဲ့' ကလည်း ဂုဏ်ယူဝင့်ကြွစွာ ရယ်မောရင်း ပြောလိုက်သည်။

​ “ဒါတင်မကသေးဘူး... အရှင်မင်းကြီး နန်းတက်ကတည်းက တိုင်းပြည်ကို ကြိုးစားပမ်းစား အုပ်ချုပ်ခဲ့လို့ ပြည်သူတွေရဲ့ လူမှုဘဝတွေ တိုးတက်လာပြီး သန်းနဲ့ချီတဲ့ ဆင်းရဲသားတွေကို ငတ်မွတ်ဘေးက ကယ်တင်နိုင်ခဲ့တယ်။ အရှင်မင်းကြီးက ဒီခေတ်ရဲ့ ပညာရှိမင်းတစ်ပါးပဲ။ ဘယ်မဟာရှနိုင်ငံသားကမှ အရှင်မင်းကြီးရဲ့ ကျေးဇူးကို မမေ့နိုင်ကြဘူး။ သူတို့ရဲ့ ကျေးဇူးရှင်ကို တွေ့ချင်ကြတာ မဆန်းပါဘူး” ဟု ကြင်ယာတော် 'ရှင်း' ကလည်း ဂုဏ်ယူစွာ ဆိုလိုက်သည်။

​ “ဟုတ်တယ်... မဟာရှနိုင်ငံသားတိုင်းက အရှင်မင်းကြီးကို ကိုယ်တိုင်တွေ့ချင်နေကြတာ” ဟု ပိုင်ဇူကလည်း ထောက်ခံလိုက်သည်။

​ လင်းပိုင်ဖန်ကတော့ ခပ်အေးအေးပင် ပြုံးနေလိုက်သည်။ ဤကဲ့သို့ မြှောက်ပင့်စကားများကို ကြားရလွန်း၍ သူ၏ နားထဲတွင် အသားပင် ကျနေချေပြီ။ သို့သော်လည်း မိမိ၏ အမျိုးသမီးများထံမှ ကြားရခြင်းမှာ... တကယ်ကို…

…. စိတ်ကျေနပ်စရာ ကောင်းလှပေသည်။

​ သို့သော် လင်းပိုင်ဖန်က နှိမ့်ချစွာ ပြန်ပြောလိုက်သည် - “ငါက မင်းတို့ပြောသလောက်လည်း မတော်ပါဘူး။ ငါလုပ်သင့်တယ် ထင်တာကိုပဲ လုပ်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ ငါငယ်ငယ်ကတည်းက အိပ်မက်တစ်ခု ရှိခဲ့တယ်”

​ “အရှင်မင်းကြီးရဲ့ အိပ်မက်က ဘာလဲဟင်” ဟု မိန်းမလှလေးများက စိတ်ဝင်တစား မေးလိုက်ကြသည်။

​ “ငါ့ရဲ့ အိပ်မက်ကတော့...”

​ လင်းပိုင်ဖန်က ဟိန်းထွက်နေသော အသံဖြင့် ကြွေးကြော်လိုက်သည် - “...အဆောင်အယောင်ပေါင်း သောင်းခြောက်ထောင်ရှိတဲ့ ကြီးမားတဲ့ အိမ်ကြီးတစ်လုံးရှိဖို့၊ အဲဒီအိမ်ကြီးက လောကမှာရှိတဲ့ ပညာရှိအားလုံးကို ခိုလှုံခွင့်ပေးနိုင်ပြီး သူတို့အားလုံးရဲ့ မျက်နှာမှာ အပြုံးတွေကို မြင်တွေ့ရဖို့ပဲ။ လေတိုက်တိုက် မိုးရွာရွာ တောင်ကြီးတစ်လုံးလို တုန်လှုပ်မှုမရှိဘဲ တည်ငြိမ်နေရမယ်။ အို... အဲဒီလို အိမ်မျိုးကိုသာ ငါ့မျက်စိရှေ့မှာ မြင်တွေ့ရမယ်ဆိုရင် ငါ့ရဲ့ ပျက်စီးနေတဲ့ တဲအိုလေးထဲမှာပဲ အေးခဲပြီး သေသွားရရင်တောင် ငါကျေနပ်တယ်”

​ “အရှင်မင်းကြီး...” မိန်းမလှလေးများ၏ မျက်လုံးထဲတွင် အားကျကြည်ညိုရိပ်များဖြင့် ပြည့်နှက်သွားသဖြင့် လင်းပိုင်ဖန်၏ စိတ်ကိုပင် လွင့်မျောသွားစေလေသည်။

​ သို့သော် ယောင်ယောင်၏ အကြည့်ကတော့ တစ်မျိုးဖြစ်နေသည်။ ထို့ကြောင့် လင်းပိုင်ဖန်က ဇဝေဇဝါဖြင့် မေးလိုက်သည် - “ယောင်ယောင်... ငါပြောတာ တစ်ခုခု မှားနေလို့လား”

​ “မှားတော့ မမှားပါဘူး၊ ဒါပေမဲ့...”

​ ယောင်ယောင်က လင်းပိုင်ဖန် ဝတ်ထားသော တန်ဖိုးကြီးပိုးထည်များ၊ လှေပေါ်ရှိ ကောင်းနိုးရာရာ စားသောက်ဖွယ်ရာများနှင့် စပျစ်ရည်များ၊ ခမ်းနားထည်ဝါလှသော လှေခန်းမနှင့် မိန်းမလှလေးများကို ကြည့်ရင်း ကသိကအောက်ဖြင့် ပြောလိုက်သည် - “ဒီစကားကို မပြောခင် ရှင့်ရဲ့ ဝန်းကျင်အခြေအနေကို အရင်ကြည့်ပါဦး။ ဒီလောက် စည်းစိမ်ခံနေပြီးမှ အဲဒီလို စကားမျိုး ပြောတာကို ကြားရတာ တစ်မျိုးကြီးပဲ”

​ လင်းပိုင်ဖန် - “...”

​ မိန်းမလှလေးများက ခပ်တိုးတိုး ရယ်မောလိုက်ကြသည်။

​ ထိုအချိန်တွင် မည်သူက စလိုက်သည်မသိသော်လည်း နှုတ်ခွန်းဆက်သံများ စတင်ထွက်ပေါ်လာတော့သည်။

​ “အရှင်မင်းကြီး... သက်တော်ရာကျော် ရှည်ပါစေ”

​ “မဟာရှဧကရာဇ်... သက်တော်ရာကျော် ရှည်ပါစေ”

​ မြစ်ကမ်းနှစ်ဖက်စလုံးမှ အော်ဟစ်သံများသည် လှိုင်းလုံးကြီးများကဲ့သို့ တစ်လုံးထက်တစ်လုံး ပိုကျယ်လာပြီး နောက်ဆုံးတွင် ဒီရေလှိုင်းကြီးများကဲ့သို့ ဟိန်းထွက်လာတော့သည်။

​ ထိုအခိုက်အတန့်တွင် ပြည်သူ့မေတ္တာကို ရရှိခြင်းဆိုသည်မှာ မည်သို့ရှိကြောင်းကို လူတိုင်း နားလည်သွားကြသည်။ ပြည်သူတို့က ရွေးချယ် တင်မြှောက်ထားသော မင်းကောင်းမင်းမြတ်ဆိုသည်မှာ မည်သို့ရှိကြောင်း လူတိုင်း သိမြင်သွားကြသည်။ ပညာရှိပြီး ရဲစွမ်းသတ္တိရှိသော မင်းတစ်ပါးသာလျှင် ပြည်သူများ၏ ဤကဲ့သို့သော ချစ်ခင်မြတ်နိုးမှုကို ရရှိနိုင်ပေလိမ့်မည်။

​ လင်းပိုင်ဖန်သည် လှေခန်းမထဲမှ ထွက်လာပြီး မြစ်ကမ်းနှစ်ဖက်ရှိ ပြည်သူများကို လက်ဝေ့ယမ်းပြလိုက်သည် - “မောင်မင်းတို့ရဲ့ စေတနာတွေကို ငါကိုယ်တော် ခံစားရပါတယ်။ အခုတော့ မိုးချုပ်တော့မယ်... အားလုံးပဲ ပြန်ကြတော့... ပြန်လိုက်ကြတော့”

​ “မှန်လှပါ အရှင်မင်းကြီး...” လူအုပ်ကြီးသည် တဖြည်းဖြည်းနှင့် လူစုကွဲသွားကြသည်။

All Chapters