← Chapters

အခန်း (၄၄၉-၄၅၀)

Vol. 42 Ch. 449-450

အခန်း (၄၄၉-၄၅၀)

Vol. 42 Ch. 449-450

အပိုင်း (၄၄၉)

​ထိုသို့ဖြင့် သုံးရက်ကြာပြီးနောက် လင်းပိုင်ဖန်နှင့် အဖွဲ့သည် ဟွာကျိုးစီရင်စုသို့ ဆိုက်ရောက်လာခဲ့သည်။ ဒေသခံ မြို့စားမင်းသည် အခြားအရာရှိများ၊ ပြည်သူလူထုများနှင့်အတူ လင်းပိုင်ဖန်ကို ကြိုဆိုရန် ထွက်လာကြသည်။

​ “အရှင်မင်းကြီး... သက်တော်ရာကျော် ရှည်ပါစေ”

​ “ကြင်ယာတော်များလည်း... ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာတော်မူကြပါစေ”

​ လင်းပိုင်ဖန်သည် ငယ်ရွယ်သော မြို့စားမင်းကို ကြည့်ကာ ပြုံးလိုက်ပြီး - “မောင်မင်းက လျိုရှောက်ချိုင် ဖြစ်ရမယ်။ ငါကိုယ်တော် မှတ်မိသေးတယ်... လွန်ခဲ့တဲ့ သုံးနှစ်က ငါကိုယ်တော် ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ နန်းတွင်းစာမေးပွဲမှာ မောင်မင်းပါဝင်ခဲ့ပြီး အဆင့် ၁၀ အတွင်းမှာတောင် ပါခဲ့တယ် မဟုတ်လား။ တကယ်ကို အမှတ်ရစရာပဲ”

​ မြို့စားမင်းသည် အလွန်အမင်း ဝမ်းသာပီတိဖြစ်သွားပြီး မျက်ရည်များပင် ဝဲလျက် ဦးညွှတ်ကာ - “သုံးနှစ်တောင် ကြာခဲ့ပေမဲ့ အရှင်မင်းကြီးက ဒီကျွန်တော်မျိုးကို မှတ်မိနေလိမ့်မယ်လို့ မထင်ထားခဲ့မိပါဘူး”

​ လင်းပိုင်ဖန်က ပြုံးလျက် - “ဒါပေါ့... ငါကိုယ်တော် မှတ်မိတာပေါ့။ မဟာရှနိုင်ငံအတွက် အမှုထမ်းခဲ့တဲ့ သစ္စာရှိအမတ်တိုင်းကို ငါကိုယ်တော် အမြဲ အမှတ်ရနေမှာပါ။ အခုလိုပဲ ဆက်ပြီး ကြိုးစားပါ။ မောင်မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် နောင်မှာ ဒီထက်မက ရာထူးတိုးလာဦးမှာပါ”

​ မြို့စားမင်းမှာ စိတ်လှုပ်ရှားလွန်းသဖြင့် - “အရှင်မင်းကြီးရဲ့ ဂရုဏာတော်ကို ကျေးဇူးတင်လှပါတယ်။ ဒီက ကျွန်တော်မျိုးရဲ့ အသက်ကို ပဓာနမထားဘဲ အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကို ပြန်လည်ပေးဆပ်ပါ့မယ်” ဟု သစ္စာဆိုလေတော့သည်။

​ “ဒီတစ်ခေါက် ခရီးစဉ်မှာ မဟာရှရဲ့ လှပတဲ့ ရှုခင်းတွေနဲ့ ဒေသန္တရ ဓလေ့ထုံးစံတွေ၊ အရသာရှိတဲ့ အစားအစာတွေကို ခံစားဖို့တင်မကဘဲ နေရာအနှံ့အပြားမှာ ရှိတဲ့ တည်ဆောက်ရေး လုပ်ငန်းတွေကိုလည်း ငါကိုယ်တော် ကိုယ်တိုင် ကြည့်ရှုချင်တယ်” ဟု လင်းပိုင်ဖန်က ဆိုလိုက်သည်။

​ “မှန်လှပါ အရှင်မင်းကြီး... ဒီဘက်က ကြွတော်မူပါ၊ ကျွန်တော်မျိုး လမ်းပြပါရစေ” ဟု မြို့စားမင်းက အလွန်ပင် ရိုသေကိုင်းရှိုင်းစွာဖြင့် ဖိတ်မန္တက ပြုလိုက်သည်။

​ ထို့နောက်တွင် လင်းပိုင်ဖန်သည် ခရီးစဉ်ကို စတင်ခဲ့သည်။ သူသည် ဒေသခံ ရှုခင်းအလှများကို ခံစားရင်း ကောင်းနိုးရာရာ စားသောက်ဖွယ်ရာများကို မြည်းစမ်းကာ မြို့ရွာတည်ဆောက်ရေး အခြေအနေများကိုပါ စစ်ဆေးခဲ့သည်။ စည်ကားသိုက်မြိုက်ပြီး အနှစ်သာရရှိသော ခရီးစဉ်တစ်ခုပင် ဖြစ်ပေတော့သည်။

​ လင်းပိုင်ဖန် ရောက်ရှိနေကြောင်း ကြားသိရသောအခါ ဒေသခံပြည်သူများမှာလည်း စုပြုံတိုးဝှေ့ကာ လာရောက်ကြည့်ရှုကြသည်။ မြို့သုံးမြို့ကို ဆက်တိုက် စစ်ဆေးပြီးနောက် လင်းပိုင်ဖန်မှာ အတော်ပင် စိတ်ကျေနပ်မှု ရှိနေခဲ့သည်။

​ သို့သော်လည်း စတုတ္ထမြောက်မြို့ရှိ လူနေအိမ်ခြေ အခြေအနေများကို စစ်ဆေးနေစဉ်အတွင်း မထင်မှတ်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။

​ ရုတ်တရက် အသားညိုညို အဘိုးအိုတစ်ဦးသည် လင်းပိုင်ဖန်၏ ရှေ့တွင် ဒူးထောက်လျက် အကျယ်အလောင် အော်ဟစ်ငိုယိုလာတော့သည် - “အရှင်မင်းကြီး... ဒီက ဆင်းရဲသား အဘိုးကြီးအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးတော်မူပါ၊ မဟုတ်ရင်တော့ ဒီအဘိုးကြီး တကယ် အသက်မရှင်နိုင်တော့ပါဘူး ဘုရား”

​ လူတိုင်း၏ မျက်နှာများ ချက်ချင်း ပျက်သွားကြသည်။

​ ဧကရာဇ်မင်းမြတ်၏ ခရီးစဉ်အတွင်း ယခုကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်ပွားခြင်းမှာ သေးငယ်သော ကိစ္စမဟုတ်ပေ။ တစ်စုံတစ်ယောက်က ရှေ့သို့တိုးကာ ထိုအဘိုးအိုကို ဆွဲထုတ်ရန် ပြင်လိုက်စဉ်မှာပင် လင်းပိုင်ဖန်က တားဆီးလိုက်ပြီး - “ကြီးမားတဲ့ မတရားမှုမျိုးသာ မရှိရင် ဘယ်သူက နဂါးလှေတော်ရဲ့ လမ်းကို ပိတ်ဆို့ရဲပါ့မလဲ။ အဘိုး... အဘိုးရဲ့ အခက်အခဲကို ပြောပြပါ။ ငါကိုယ်တော်က အဘိုးအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးပါ့မယ်” ဟု ဆိုလိုက်သည်။

​ “ကျေးဇူးကြီးလှပါတယ် အရှင်မင်းကြီး”

​ ထိုသူက တုန်တုန်ရင်ရင်ဖြင့် ပြောပြခဲ့သည် - “အရှင်မင်းကြီးကို လျှောက်တင်ရရင်... ကျွန်တော်မျိုး 'ဝမ်ကုန်းရှန်' ဟာ ဒေသခံ သတ္တုတွင်း အလုပ်သမား တစ်ယောက်ပါ။ ဘယ်တုန်းကမှ မငြည်းမညူဘဲ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်သမားခေါင်းဆောင် 'လျိုဆန်း' က ကျွန်တော်မျိုးရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူပြီး လုပ်အားခတွေကို ခိုးယူနေပါတယ် အရှင်မင်းကြီး”

​ “တစ်လကို ဝမ် ၃၀၀ ရရမှာကို သူက တစ်ခါပေးတိုင်း ဝမ် ၂၀၀ ကို ဖြတ်တောက်ယူပါတယ်။ ကျန်တဲ့ ဝမ် ၁၀၀ နဲ့ လူ ၆ ယောက်ရှိတဲ့ မိသားစုကို ကျွန်တော်မျိုး ဘယ်လို ကျွေးမွေးရပါ့မလဲ။ ကျွန်တော်မျိုးက ပြန်ပြီး ခုခံပြောဆိုချင်ပေမဲ့ သူက အာဏာကို အလွဲသုံးစားလုပ်ပြီး ဒေသခံ အရာရှိတွေနဲ့လည်း ပူးပေါင်းထားပါတယ် အရှင်မင်းကြီး။ တခြား နည်းလမ်းမရှိတော့လို့သာ အရှင်မင်းကြီးဆီမှာ တရားမျှတမှုကို တောင်းခံရခြင်း ဖြစ်ပါတယ်”

​ လင်းပိုင်ဖန်၏ မျက်ခုံးများ တွန့်ချိုးသွားကာ - “မောင်မင်းပြောတာတွေက အမှန်ပဲလား”

​ “ကျွန်တော်မျိုး ပြောတာ အကုန်လုံး အမှန်တွေချည်းပါပဲ”

​ အဘိုးအိုက အလောတကြီးပင် ထပ်ပြောလိုက်သည် - “ဒီမှာရှိတဲ့ အလုပ်သမားတိုင်းနီးပါး လုပ်အားခ ဖြတ်တောက်ခံနေရတာပါ။ ကျွန်တော်မျိုး ပြောတဲ့စကားထဲမှာ အလိမ်အညာ တစ်ခုခုပါခဲ့ရင် ကောင်းကင်ဘုံက ကျွန်တော်မျိုးကို အပြစ်ပေးပါစေ၊ အရှင်မင်းကြီး ပေးသမျှ အပြစ်ဒဏ်ကိုလည်း ခံယူပါ့မယ်”

​ ထိုနေရာရှိ လေထုမှာ ရုတ်တရက် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။

​ လင်းပိုင်ဖန် အလွန်အမင်း ဒေါသထွက်တော့မည်ကို လူတိုင်း ရိပ်မိလိုက်ကြသည်။

​ “အလုပ်သမားခေါင်းဆောင် လျိုဆန်းဆိုတာ ဘယ်သူလဲ... သူ့ကို ငါ့ရှေ့ ခေါ်ခဲ့စမ်း” လင်းပိုင်ဖန်က ဟိန်းထွက်နေသော အသံဖြင့် အမိန့်ပေးလိုက်သည်။

​ ခဏအကြာတွင် ထိပ်ပြောင်ပြောင်နှင့် အဆီပြန်နေသော လူတစ်ယောက် အလောတကြီး ပြေးလာကာ လင်းပိုင်ဖန်၏ ရှေ့တွင် ဒူးထောက်လိုက်သည် - “အရှင်မင်းကြီး... သူပြောတာတွေက အခြေအမြစ်မရှိတဲ့ စကားတွေပါ၊ မယုံကြည်ပါနဲ့ ဘုရား”

​ “မောင်မင်းက ဘယ်သူလဲ” လင်းပိုင်ဖန်က မေးလိုက်သည်။

​ “အရှင်မင်းကြီး... သူက အလုပ်သမားခေါင်းဆောင် လျိုဆန်းပါ၊ ကျွန်တော်မျိုးရဲ့ လုပ်အားခတွေကို ခိုးယူတဲ့သူပါ။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ သူဖြတ်တောက်ယူခဲ့တဲ့ ငွေဟာ ငွေ ၄ တေးနီးပါး ရှိနေပါပြီ” ဟု ဝမ်ကုန်းရှန်က လင်းပိုင်ဖန်ကို အားကိုးလျက် နာကြည်းစွာ ပြောလိုက်သည်။

​ “အရှင်မင်းကြီး... သူ လျှောက်တင်နေတာတွေက အလကား အဓိပ္ပာယ်မရှိတဲ့ စကားတွေပါ”

​ အလုပ်သမားခေါင်းဆောင် လျိုဆန်းက စိုးရိမ်တကြီးဖြင့် - “ကျွန်တော်မျိုးက သူ့ရဲ့ လုပ်အားခတွေကို မခိုးယူပါဘူး။ သူက အလုပ်လုပ်ရာမှာ ပျင်းရိပြီး အမြဲတမ်း နောက်ကျမှလာပြီး၊ စောစောပြန်တာတွေ လုပ်နေလို့ စည်းကမ်းအတိုင်း လုပ်အားခကို ဖြတ်တောက်ခဲ့တာပါ။ ဒါမှလည်း သူ နောင်တရပြီး ပြင်ဆင်လာမယ်လို့ မျှော်လင့်ခဲ့တာပါ။ အခုတော့ သူက နောင်တမရတဲ့အပြင် ကျွန်တော်မျိုးကို အရင်ဦးအောင် လာပြီး စွပ်စွဲနေတာပါ။ အရှင်မင်းကြီး အနေနဲ့ ဒီကျွန်တော်မျိုးအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးပါဦး ဘုရား”

​ “အရှင်မင်းကြီး... သူကပဲ အရင် လိမ်ပြောနေတာပါ...”

​ ထိုသူနှစ်ဦးမှာ တစ်ယောက်တစ်လှည့် အပြန်အလှန် ငြင်းခုန်နေကြလေသည်။

​ လင်းပိုင်ဖန်က တည်ငြိမ်စွာဖြင့် - “မငြင်းကြနဲ့တော့... ဒီကိစ္စကို ငါကိုယ်တော် ကိုယ်တိုင် မျှမျှတတ ဆုံးဖြတ်ပေးမယ်” ဟု ဆိုလိုက်သည်။

​ ထို့နောက် လင်းပိုင်ဖန်သည် ထိုအမှုကို ကိုယ်တိုင် စစ်ဆေးခဲ့ရာတွင် နှစ်ဖက်စလုံး၌ အမှားရှိနေသည်ကို တွေ့ရှိခဲ့သည်။

​ ဝမ်ကုန်းရှန်သည် သူမြင်ရသလောက် မရိုးသားပေ။ သူသည် တကယ်ပင် ပျင်းရိတတ်ပြီး အလုပ်နောက်ကျခြင်း၊ စောစောပြန်ခြင်းများ ရှိခဲ့သည်။ ထို့ကြောင့် အလုပ်သမားခေါင်းဆောင်က စည်းကမ်းအတိုင်း လုပ်အားခ၏ တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်ခြင်းမှာ ကျိုးကြောင်းဆီလျော်မှု ရှိသည်။

​ သို့သော်လည်း အလုပ်သမားခေါင်းဆောင်သည် လုပ်အားခကို အလွန်အကျွံ ဖြတ်တောက်ခဲ့သည့်အပြင် ထိုငွေများကိုလည်း မိမိအိတ်ထဲသို့သာ ထည့်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အလုပ်သမားခေါင်းဆောင်မှာ ဒေသခံအရာရှိနှင့် အမျိုးတော်စပ်နေသဖြင့် ဝမ်ကုန်းရှန်မှာ မတရားမှုကို တိုင်ကြားရန် လမ်းစမရှိခဲ့ခြင်း ဖြစ်သည်။

​ နှစ်ဦးစလုံးတွင် အမှားရှိသော်လည်း အလုပ်သမားခေါင်းဆောင် လျိုဆန်း၏ အမှားမှာ ပိုကြီးမားသည်။ အဘယ်ကြောင့်ဆိုသော် သူသည် နိုင်ငံတော် ဘဏ္ဍာတိုက်မှ ထုတ်ပေးသော ငွေများကို ကိုယ်ကျိုးအတွက် ခိုးယူခဲ့သောကြောင့်ပင် ဖြစ်သည်။

​ ထို့ကြောင့် လင်းပိုင်ဖန်သည် အလုပ်သမားခေါင်းဆောင် လျိုဆန်းနှင့် ၎င်း၏ နောက်ကွယ်မှ အရာရှိများကို ပြင်းထန်စွာ အပြစ်ပေးကာ ဒေသခံ အုပ်ချုပ်ရေးယန္တရားကို ရှင်းလင်းလိုက်လေသည်။

​ လင်းပိုင်ဖန်သည် မြောက်ပိုင်းခရီးစဉ်ကို ဆက်လက်ထွက်ခွာရင်း ရောက်လေရာရာရှိ အကျင့်ပျက် ခြစားနေသော အရာရှိများကို နှိမ်နင်းခဲ့သည်။

​ မြို့တိုင်းမြို့တိုင်းတွင် အကျင့်ပျက် အရာရှိများကို အမြစ်ပြတ်အောင် ဖယ်ရှားကာ စံနမူနာအဖြစ် အပြစ်ပေးခဲ့သည်။ ပြဿနာရှိသော အလုပ်သမားခေါင်းဆောင်များကိုလည်း မညှာမတာ ကိုင်တွယ်ခဲ့သည်။

​ ပြည်သူလူထုမှာ အလွန်အမင်း ဝမ်းသာအားရ ဖြစ်ခဲ့ကြပြီး ဧကရာဇ်မင်းမြတ်၏ အမျှော်အမြင် ကြီးမားပုံကို ချီးမွမ်းကြတော့သည်။ ဤနည်းဖြင့် လင်းပိုင်ဖန်သည် ကျော်ကြားမှုကို ရရှိခဲ့ရုံသာမက မိမိလက်အောက်ရှိ အရာရှိများကိုလည်း ပြန်လည် စစ်ဆေးနိုင်ခဲ့သည်။

​ ဤအဖြစ်အပျက်များကို အကြောင်းပြလျက် လင်းပိုင်ဖန်သည် 'ယန်စန်း' နှင့် 'ချင်ဟွေ့' တို့ကို ဆင့်ခေါ်လိုက်သည်။

​ သူတို့နှစ်ဦးမှာ တုန်တုန်ရင်ရင်ဖြင့် - “အရှင်မင်းကြီးက ကျွန်တော်မျိုးတို့ကို ဆင့်ခေါ်ရတာ ဘာအကြောင်းကိစ္စများ ရှိလို့ပါလဲ ဘုရား” ဟု မေးမြန်းလိုက်ကြသည်။

​ လင်းပိုင်ဖန်က မျက်နှာသေဖြင့်ပင် - “ဒီရက်ပိုင်းအတွင်း ငါကိုယ်တော် ဘာတွေ လုပ်နေခဲ့လဲဆိုတာ မောင်မင်းတို့ သိကြမှာပေါ့” ဟု ဆိုလိုက်သည်။

​ “ကျွန်... ကျွန်တော်မျိုးတို့ သိပါတယ် ” ထိုသူနှစ်ဦး၏ မျက်နှာပေါ်တွင် ချွေးစေးများ ပျံလာတော့သည်။

​......

​ မကြာသေးမီက အရှင်မင်းမြတ်မှာ တကယ်ပင် ရက်စက်ခဲ့သည်။ ရောက်လေရာ မြို့တိုင်းတွင် လူပေါင်း ဒါဇင်နှင့်ချီကာ ကွပ်မျက်ခဲ့ပြီး ရာနှင့်ချီသော လူများကို အပြစ်ပေးခဲ့သည်။ ထိုသူများမှာ အများအားဖြင့် အရာရှိများသာ ဖြစ်သည်။

​ ဤအရာက နန်းတွင်းရှိ အရာရှိများကြားတွင် ထိတ်လန့်တုန်လှုပ်မှုကို ဖြစ်စေခဲ့ပြီး မိမိတို့အလှည့် မည်သည့်အချိန်တွင် ရောက်လာမည်ကို စိုးရိမ်နေကြရသည်။

​ လင်းပိုင်ဖန်က အသံကို မြှင့်လိုက်ပြီး - “ယန်စန်း... မောင်မင်းက နန်းတွင်း အရာရှိခန့်ထားရေးဌာနရဲ့ ဝန်ကြီးတစ်ယောက် ဖြစ်ပြီး အရာရှိအားလုံးကို ကြီးကြပ်ဖို့ တာဝန်ရှိတယ်။ ဒါပေမဲ့ မောင်မင်းခန့်အပ်ခဲ့တဲ့ သူတွေကို ကြည့်စမ်း... မောင်မင်းရဲ့ လက်အောက်မှာ အကျင့်ပျက် အရာရှိတွေ ဘယ်လောက်တောင် များနေပြီလဲ။ မောင်မင်း မျက်စိကန်းနေတာလား”

​ “ကျွန်တော်မျိုး အမှားကို ဝန်ခံပါတယ် ဘုရား။ အရှင်မင်းကြီး အနေနဲ့ ကျွန်တော်မျိုးကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးတော်မူပါ” ဟု ယန်စန်းက ချက်ချင်းပင် ဒူးထောက်လျက် တုန်တုန်ရင်ရင်ဖြင့် လျှောက်တင်လေသည်။

​ လင်းပိုင်ဖန်က ဆက်လက်၍ ဆူပူကြိမ်းမောင်းသည် - “ချင်ဟွေ့... ​မောင်မင်းက တရားရေးဌာနရဲ့ ဝန်ကြီးတစ်ယောက် ဖြစ်ပြီး နိုင်ငံရဲ့ ဥပဒေတွေကို တာဝန်ယူရတဲ့သူပဲ။ ဒါပေမဲ့ မောင်မင်းရဲ့ လက်အောက်က လူတွေက ကိုယ်ကျိုးအတွက် ဥပဒေကို ချိုးဖောက်နေကြတာကို မောင်မင်းက လစ်လျူရှုထားတာလား”

​ “အရှင်မင်းကြီး... ကျွန်တော်မျိုး အမှားကို သိပါပြီ၊ ဒီအမှားကို ပြန်လည် ပေးဆပ်ခွင့်ပြုပါ အရှင်မင်းကြီး” ဟု ချင်ဟွေ့ကလည်း ဒူးထောက်လိုက်သည်။

​ “အာဏာရှိတယ်ဆိုတာ စိတ်ထင်သလို လုပ်ဖို့ မဟုတ်ဘူး။ ဧကရာဇ် တစ်ပါးတောင်မှ ပြည်သူတွေလိုပဲ ဥပဒေရဲ့ အောက်မှာ ရှိရမှာပဲ။ မောင်မင်းတို့က အမှားဝန်ခံရုံနဲ့ ဒီကိစ္စက ပြီးသွားမယ်လို့ ထင်နေတာလား။ ငါကိုယ်တော်ကရော မောင်မင်းတို့ကို အလွယ်တကူ လွှတ်ပေးမယ်လို့ ထင်နေတာလား” ဟု လင်းပိုင်ဖန်က ဒေါသတကြီး ဆိုလိုက်သည်။

​ “အရှင်မင်းကြီး...” ထိုသူနှစ်ဦးမှာ တုန်ရီလျက် မြေကြီးပေါ်သို့ ဦးတိုက်နေကြရာ သူတို့၏ နဖူးမှ သွေးများပင် ထွက်လာတော့သည်။

​ လင်းပိုင်ဖန်က သူတို့ကို တိတ်ဆိတ်စွာ ကြည့်နေပြီးမှ - “မောင်မင်းတို့ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့တာကို ထောက်ထားပြီး ငါကိုယ်တော် အခွင့်အရေးတစ်ခု ပေးမယ်”

​ လင်းပိုင်ဖန်သည် စာအုပ်ငယ်တစ်အုပ်ကို ထုတ်ကာ သူတို့ထံ ကမ်းပေးလိုက်သည်။

​ “ဒါကတော့ အပြစ်ရှိတဲ့ အရာရှိတွေရဲ့ စာရင်းပဲ။ အဲဒီစာရင်းထဲမှာ ပါတဲ့ ညွှန်ကြားချက်အတိုင်း သူတို့ကို ကိုင်တွယ်ပါ။ သူတို့က ပူးပေါင်းဆောင်ရွက်ပြီး ပြုပြင်ချင်တယ်ဆိုရင် ငါကိုယ်တော် အခွင့်အရေး ပေးမယ်။ တကယ်လို့ သူတို့က ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုရင်တော့ သူတို့ဟာ မဟာရှနိုင်ငံမှာ ဆက်ရှိနေဖို့ မလိုတော့ဘူး”

​ “အလားတူပဲ... မောင်မင်းတို့ ဒီတာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်ရင် အရင်က အမှားတွေကို ပြေပျောက်စေမယ်။ တကယ်လို့ မလုပ်နိုင်ရင် ဘာဖြစ်မလဲဆိုတာ မောင်မင်းတို့ သိမှာပါ”

​ “မှန်လှပါ အရှင်မင်းကြီး...” သူတို့နှစ်ဦးမှာ တုန်ယင်နေသော လက်များဖြင့် စာအုပ်ကို ယူလိုက်ကြသည်။

​ စာအုပ်ကို ဖွင့်ကြည့်လိုက်သောအခါ သူတို့၏ နှလုံးခုန်သံများ မြန်လာတော့သည်။ ထိုစာရင်းထဲတွင် သူတို့ ကောင်းကောင်းသိနေသော အမည်များဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်။

​ ထိုစာရင်း၏ ထိပ်ဆုံးတွင် ရှိနေသော အမည်မှာ အခြားသူမဟုတ်... လက်ရှိတွင် ဧကရာဇ်မင်းမြတ်၏ အနှစ်သက်ဆုံး ဖြစ်နေသော...

​ ... အခွန်ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့၏ ဝန်ကြီး 'ဟီရှန်း' ပင် ဖြစ်လေသည်။

အပိုင်း (၄၅၀)

ယန်စန်းနှင့် ချင်ဟွေ့တို့သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်မိကြသည်။ ယခုတစ်ကြိမ်တွင်တော့ အရှင်မင်းကြီးသည် တကယ်ပင် အတည်ကြီး လုပ်တော့မည်ဖြစ်ပြီး မဟာရှ၏ ကောင်းကင်တစ်ခုလုံးကိုပင် တုန်ခါသွားစေတော့မည် ဖြစ်သည်။

​ လင်းပိုင်ဖန်က ထိုသူနှစ်ဦးကို ပြုံးလျက် ကြည့်နေသည်။

​ အတိတ်ကာလတွင် နိုင်ငံတော်မတည်ငြိမ်သေးခြင်းနှင့် အရည်အချင်းရှိသူ ရှားပါးနေခြင်းတို့ကြောင့် သူတို့၏ အပြုအမူများကို သည်းခံခဲ့ရခြင်း ဖြစ်သည်။ ယခုအခါတွင်မူ အင်ပါယာကြီးမှာ စည်ပင်ထွန်းကားလာပြီး ထူးချွန်ထက်မြက်သူများဖြင့် ပြည့်နှက်နေကာ ပြည်သူများလည်း အေးချမ်းစွာ နေထိုင်နိုင်ပြီဖြစ်ရာ အိမ်သန့်ရှင်းရေးလုပ်ရမည့် (အကျင့်ပျက်ခြစားသူများကို ဖယ်ရှားရမည့်) အချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။

​ မဟုတ်ပါက ဤကပ်ပါးကောင်များကို လွှတ်ထားလျှင် နိုင်ငံတော်ကို ဝါးမြိုပစ်ကြပေလိမ့်မည်။

​ သို့သော်လည်း လင်းပိုင်ဖန်သည် သူတို့၏ ယခင်က သစ္စာရှိမှုကို ထောက်ထားသောအားဖြင့် ပြုပြင်ပြောင်းလဲရန် အခွင့်အရေးတစ်ခု ပေးခဲ့သည်။ အကယ်၍ သူတို့ကသာ ပူးပေါင်းဆောင်ရွက်လျှင် အရာအားလုံး အဆင်ပြေမည် ဖြစ်သော်လည်း၊ မဟုတ်လျှင်မူ...။

​ “တခြားကိစ္စမရှိတော့ဘူး... မောင်မင်းတို့ သွားနိုင်ပြီ။ နန်းတွင်းက ဝန်ကြီးချုပ်နှစ်ဦးက မောင်မင်းတို့နဲ့ ပူးပေါင်းဆောင်ရွက်လိမ့်မယ်”

​ လင်းပိုင်ဖန်က လက်ယမ်းလိုက်ပြီး “ငါကိုယ်တော် ခရီးစဉ်က ပြန်လာတဲ့အခါမှာ အသစ်စက်စက် ဖြစ်နေတဲ့ နန်းတွင်းအဖွဲ့အစည်းကို မြင်တွေ့ရဖို့ မျှော်လင့်တယ်” ဟု ဆိုလိုက်သည်။

​ “မှန်လှပါ အရှင်မင်းကြီး...” သူတို့နှစ်ဦးမှာ ချွေးစေးများ ပျံလျက် ထွက်ခွာသွားကြတော့သည်။

​........

​ မြို့တော်သို့ ပြန်ရောက်သည်နှင့် သူတို့သည် ချက်ချင်းပင် ပြတ်ပြတ်သားသား စတင်လှုပ်ရှားကြတော့သည်။ စာအုပ်ငယ်ထဲရှိ စာရင်းအတိုင်း လူများကို ဖမ်းဆီးစစ်ဆေးရာ လူအများအပြား ထောင်ထဲသို့ ရောက်သွားကြပြီး နန်းတွင်းတစ်ခုလုံးမှာလည်း သွေးချောင်းစီးကာ ရုတ်ရုတ်သည်းသည်း ဖြစ်သွားတော့သည်။

​ ထိုအချိန်တွင် ပြင်ပ၌ နွေဦးစိုက်ပျိုးရေးလုပ်ငန်းများကို ကြီးကြပ်နေသော ‘ဟီရှန်း’ မှာ အလောတကြီး ပြန်ရောက်လာပြီး အကျယ်အလောင်ပင် အော်ဟစ် မေးမြန်းတော့သည် - “ယန်စန်း... ချင်ဟွေ့... ဒါတွေက ဘာဖြစ်တာလဲ။ ငါ့လက်အောက်က လူတွေကို ဘာလို့ ဖမ်းနေကြတာလဲ။ သူတို့က ဘာအမှားလုပ်လို့လဲ။ ဒါမှမဟုတ် ငါကပဲ မင်းတို့ကို တစ်ခုခု စော်ကားမိလို့ ငါ့ကို တိုက်ခိုက်ချင်နေတာလား”

​ ယန်စန်းနှင့် ချင်ဟွေ့တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ယန်စန်းက ဦးညွှတ်လျက် - “ဝန်ကြီးဟီရှန်း... ကျွန်တော်တို့က ပုဂ္ဂိုလ်ရေးအရ အငြိုးအတေးနဲ့ လုပ်နေတာ မဟုတ်ပါဘူး။ အရာအားလုံးက အရှင်မင်းကြီးရဲ့ အမိန့်တော်အတိုင်းပါပဲ။ အရှင်မင်းကြီးက ကျွန်တော်တို့ကို ဒီလိုလုပ်ဖို့ အမိန့်ပေးခဲ့တာပါ။ စကားပုံရှိသလိုပဲ ‘ဧကရာဇ်ရဲ့ အမိန့်တော်ဟာ တောင်ကြီးတစ်လုံးလို လေးလံတာကြောင့်’ ကျွန်တော်တို့မှာ နာခံဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး”

​ “အရှင်မင်းကြီး ဟုတ်လား…”

​ ဟီရှန်းမှာ အံ့အားသင့်သွားလေသည်။ ဧကရာဇ်မင်းမြတ်က ဤကိစ္စထဲသို့ မည်သို့ ပါဝင်လာသနည်း။

​ ချင်ဟွေ့က လေးလေးပင်ပင်ဖြင့် - “ဝန်ကြီးဟီရှန်း... အရှင်မင်းကြီးရဲ့ မြောက်ပိုင်းခရီးစဉ်မှာ အကျင့်ပျက် အရာရှိတွေကို နှိမ်နင်းခဲ့တာကို သင်လည်း သိမှာပါ” ဟု ဆိုလိုက်သည်။

​ ဟီရှန်းက ခေါင်းငြိမ့်ကာ - “အဲဒီလောက် ကြီးမားတဲ့ ကိစ္စမျိုးကို ငါက ဘယ်လိုလုပ် မသိဘဲ နေမှာလဲ”

​ ချင်ဟွေ့က ဆက်ပြောသည် - “ဒီခရီးစဉ်အတွင်းမှာ အရှင်မင်းကြီးက အကျင့်ပျက်အရာရှိ အမြောက်အမြားကို ဖော်ထုတ်နိုင်ခဲ့တာကြောင့် အလွန်အမင်း ဒေါသထွက်နေပြီး ဒီအခွင့်အရေးကို အသုံးချပြီး နန်းတွင်းကို ရှင်းလင်းချင်နေတာ။ အရာရှိခန့်ထားရေးဌာနနဲ့ တရားရေးဌာနရဲ့ ဝန်ကြီးတွေအနေနဲ့ ကျွန်တော်တို့မှာ ရှောင်လွှဲလို့မရတဲ့ တာဝန်ရှိတယ်”

​ ဟီရှန်းက လက်နှစ်ဖက်ကို ဖြန့်လိုက်ပြီး - “ဒါပေမဲ့ ဒီလောက်အထိ အုတ်အော်သောင်းနင်းဖြစ်အောင် လုပ်ပြီး ငါ့လူတွေအားလုံးကို ဖမ်းဖို့ မလိုပါဘူး။ လုပ်ထုံးလုပ်နည်းအရပဲ ဟန်ပြလုပ်ပြီး နောက်နောင် မျက်နှာချင်းဆိုင်ရရင်လည်း အဆင်ပြေအောင် လမ်းစလေးတော့ ချန်ထားပေးသင့်တာပေါ့”

​ ယန်စန်းက သက်ပြင်းချကာ မဲ့ပြုံးဖြင့် - “ဝန်ကြီးဟီ... ကျွန်တော်တို့ကရော ဒီလိုလုပ်ချင်တယ် ထင်လို့လား။ ဒီတာဝန်က လူအများကြီးကို အငြိုးထားစေပေမဲ့ တကယ်လို့ မလုပ်နိုင်ခဲ့ရင် ရာထူးပြုတ်ရုံတင်မကဘဲ ခေါင်းပါ ပြုတ်သွားနိုင်တယ်။ ဒါကြောင့် ဆက်လုပ်ဖို့ကလွဲလို့ တခြားနည်းလမ်း မရှိဘူး”

​ ချင်ဟွေ့က နာကျင်သောအမူအရာဖြင့် - “ဒါ့အပြင် အရှင်မင်းကြီးက ဒီတစ်ခေါက်မှာ အပီအပြင်ကို ပြင်ဆင်လာခဲ့တာ။ ကျွန်တော်တို့ ပြန်ရောက်တဲ့အခါ အကျင့်ပျက် အရာရှိပေါင်း တစ်ထောင်ကျော်ပါတဲ့ စာရင်းကို ပေးခဲ့တယ်။ အဲဒီစာရင်းထဲမှာ ဝန်ကြီးယန်နဲ့ ကျွန်တော်တောင် ပါနေတာ။ ဝန်ကြီးဟီ... သင့်နာမည်ကလည်း အဲဒီစာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေတယ်”

​ “ဘာ.....!” ဟီရှန်းမှာ ထိတ်လန့်သွားပြီး မျက်နှာတစ်ခုလုံး ဖြူလျော်သွားတော့သည်။

​ မိမိနာမည်က စာရင်းထဲမှာ ပါနေရုံတင်မကဘဲ ထိပ်ဆုံးမှာပါ ရှိနေသည်ဆိုလျှင် မိမိ၏ လျှို့ဝှက်လုပ်ဆောင်မှုအားလုံးကို အရှင်မင်းကြီး သိနေပြီဟု ဆိုလိုခြင်းပေလော။

​ ဟီရှန်းမှာ လုံးဝကို ပျာယာခတ်သွားတော့သည်။ မိမိလျှို့ဝှက်စွာ လုပ်ဆောင်ခဲ့သည့် ကိစ္စများ၏ ကြီးလေးမှုကို သူကိုယ်တိုင် ကောင်းကောင်းသိနေသည်။ အကယ်၍သာ ဖော်ထုတ်ခံရလျှင် ခေါင်းပြတ်ရုံဖြင့် ပြီးမည့်ကိစ္စ မဟုတ်ပေ။

​ ဟီရှန်းမှာ စိုးရိမ်စိတ်များဖြင့် ပြည့်နှက်ကာ တောင်းပန်တိုးလျှိုးလေတော့သည် - “အမတ်မင်းတို့... ကျုပ် အခုမှ အမှားကို သိပါပြီ။ ကျုပ် ဘယ်တော့မှ အာဏာကို အလွဲသုံးစား မလုပ်သင့်ဘူး။ ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ ခင်မင်ရင်းနှီးမှုကို ထောက်ထားပြီး ကူညီပေးကြပါဦး”

​ ယန်စန်းနှင့် ချင်ဟွေ့တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး - “စိတ်ချပါ ဝန်ကြီးဟီ... အရှင်မင်းကြီးက သဘောထားကြီးပါတယ်။ အားလုံးရဲ့ ကြိုးစားအားထုတ်မှုနဲ့ စွမ်းဆောင်ရည်တွေကို ထောက်ထားပြီး အခွင့်အရေးတစ်ခု ပေးဖို့ ဆုံးဖြတ်ထားပါတယ်။ အားလုံးက ပူးပေါင်းဆောင်ရွက်ပြီး ပြုပြင်ပြောင်းလဲမယ်ဆိုရင် အရင်က အမှားတွေကို ပြန်မမေးတော့ပါဘူး” ဟု ဆိုလိုက်ကြသည်။

​ “ပူးပေါင်းပါ့မယ်... အသေအချာကို ပူးပေါင်းပါ့မယ်”

​ ဟီရှန်းက ချက်ချင်းပင် သဘောတူလိုက်သော်လည်း သူ၏ မျက်နှာမှာ ပြန်လည် ညှိုးငယ်သွားပြီး - “ပြဿနာတွေက အများကြီးပဲ။ ကျုပ် ပူးပေါင်းချင်ပေမဲ့ ဘယ်ကစပြီး ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူး ဖြစ်နေတယ်။ ကျေးဇူးပြုပြီး အမတ်မင်းတို့ကပဲ ကျုပ်ကို လမ်းပြပေးကြပါဦး။ ဒီကျေးဇူးကို အမြဲ အောက်မေ့နေပါ့မယ်”

​ “ဝန်ကြီးဟီ... ကျွန်တော်တို့ရဲ့ ခင်မင်မှုကို ထောက်ထားပြီး ကိန်းဂဏန်းတစ်ခု ပြောပြမယ်” ဟု ဆိုကာ ချင်ဟွေ့က ဟီရှန်း၏ နားနားသို့ ကပ်လျက် ဂဏန်းတစ်ခုကို တိုးတိုးလေး ပြောလိုက်သည်။

​ ထိုကိန်းဂဏန်းမှာ သူအလွဲသုံးစား လုပ်ထားသည်ဟု စွပ်စွဲခံထားရသော ငွေတေး ၁၃.၅ သန်းပင် ဖြစ်သည်။

​ ဟီရှန်းသည် ချက်ချင်းပင် နားလည်သွားပြီး အမတ်နှစ်ဦးကို ကျေးဇူးတင်ကာ သူ၏ ပိုင်ဆိုင်မှုများကို ကိုယ်တိုင် ပြန်လည်သိမ်းဆည်းရန် အိမ်သို့ အလောတကြီး ပြေးသွားတော့သည်။

​ နောက်ဆုံးတွင် အိမ်တော်ရှိ ပစ္စည်းအားလုံးကို ရှင်းလင်းပြီး ပိုင်ဆိုင်မှုအားလုံးကို တွက်ချက်ကြည့်သောအခါ စုစုပေါင်းတန်ဖိုးမှာ ငွေတေး ၁၂.၅ သန်းသာ ရှိနေသည်။

​ ၎င်းမှာ အမတ်နှစ်ဦး ပြောပြလိုက်သည့် ပမာဏထက် ငွေတေး ၁ သန်း လိုအပ်နေခြင်း ဖြစ်သည်။ သို့သော် ဤပိုင်ဆိုင်မှုများမှာ တရားဝင်ရော တရားမဝင်ပါ သူ၏ ရှိသမျှ ပစ္စည်းအားလုံး ဖြစ်နေသည်။ မည်သို့ကြောင့် ၁ သန်း လိုနေရသနည်း။

​ ဟီရှန်းမှာ လုံးဝကို စဉ်းစားမရ ဖြစ်နေသည်။ တွက်ချက်မှုများက မှားယွင်းနေခြင်းပေလော။

​ ထိုအချိန်တွင် သူ၏ အနီးတွင် ရပ်နေသော ဝဖြိုးလှသောအိမ်ထိန်းကို ကြည့်လိုက်မိရာမှ အတွေးတစ်ခု ရလာသည်။

​ “ပြောစမ်း... မင်း ငါ့အာဏာကို သုံးပြီး ငွေတွေ ခိုးယူခဲ့တာတွေ၊ လာဘ်စားခဲ့တာတွေ ရှိသလား”

​ “သခင်ကြီး... အဲဒီလိုမျိုး မရှိပါဘူး။ ကျွန်တော်မျိုးက အမြဲတမ်း ရိုးရိုးသားသားပဲ...” အိမ်ထိန်း၏ မျက်နှာပေါ်တွင် ချွေးများ စတင် ပျံလာသည်။

​ “လိမ်မနေနဲ့တော့”

​ ဟီရှန်းက ဟောက်လိုက်ကာ- “မင်း ဝတ်ထားတာတွေကို ကြည့်ဦး၊ မင်း လည်ပင်းက ရတနာတွေ၊ လက်ချောင်းက လက်စွပ်တွေ။ အဲဒါတွေက တန်ဖိုးနည်းတာတွေလား။ မင်းရဲ့ လစာနဲ့ဆိုရင် ဒါတွေကို ဘယ်လိုမှ မဝယ်နိုင်ဘူး။ ကဲ... အခု ချက်ချင်း ဝန်ခံစမ်း”

​ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်သော ဟီရှန်း၏ ကိုယ်အရှိန်အဝါမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။

​ သူက ဤကိုယ်အရှိန်အဝါကို ထုတ်ဖော်လိုက်သောအခါ အိမ်ထိန်းမှာ ကြောက်လွန်းသဖြင့် ဒူးထောက်ကျကာ ဦးတိုက်ရင်း - “သခင်ကြီးက အမြော်အမြင် ကြီးမားလှပါတယ်။ ကျွန်တော်မျိုး နည်းနည်းတော့ ယူမိပါတယ်၊ ဒါပေမဲ့ နည်းနည်းလေးပါပဲ...”

​ “နည်းနည်းလေး ဟုတ်လား”

​ ဟီရှန်းက ဒေါသတကြီး အော်ဟစ်လိုက်သည် - “စကားပုံရှိတယ် ‘ဝန်ကြီးချုပ်ရဲ့ အိမ်ရှေ့က အရာရှိငယ်တောင်မှ ကြောက်ရမယ်’ တဲ့။ မင်းက ငါ့နာမည်ကို အသုံးချနေတာဆိုတော့ မင်းရဲ့ လောဘကလည်း နည်းမှာ မဟုတ်ဘူး။ မင်း ယူထားသမျှ အကုန်လုံးကို အခု ချက်ချင်း အပ်စမ်း၊ မဟုတ်ရင်တော့ မင်းကို တစ်ချက်တည်းနဲ့ အသေရိုက်သတ်ပစ်မယ်”

​ “ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ သခင်ကြီး။ သခင်ကြီး ခိုင်းတဲ့အတိုင်း လုပ်ပါ့မယ်”

​ ထို့နောက်တွင် အိမ်ထိန်းသည် သူယူထားသမျှ ငွေအားလုံးကို ထုတ်ပေးခဲ့ရာ ထိုငွေပမာဏမှာ ငွေတေး ၈ သိန်းအထိ ရှိနေသဖြင့် အံ့အားသင့်ဖွယ် ကောင်းလှပေသည်။ ရာထူးမရှိသော အိမ်ထိန်းတစ်ဦးအတွက် ဤမျှလောက်သော ငွေပမာဏကို စားနိုင်ခြင်းမှာ တကယ်ပင် တုန်လှုပ်ဖွယ်ရာပင် ဖြစ်ပေတော့သည်။

All Chapters