အခန်း (၄၅၇-၄၅၈)
Vol. 42 Ch. 457-458
အပိုင်း (၄၅၇)
“အရှင်မင်းကြီးကို... မိတ်ဆက်ပေးပါဦးမယ်”
မိုယုယန်၏ အသံကြောင့် မိန်းကလေးငယ်မှာ စိတ်ကူးယဉ်အိပ်မက်ထဲမှ လက်တွေ့လောကသို့ ပြန်လည်ရောက်ရှိလာတော့သည်။
“သူမရဲ့ အမည်က လီရှီဟွာပါ၊ အသက်က ၁၆ နှစ်ပဲ ရှိပါသေးတယ်။ သူမက အရွယ်နဲ့မမျှအောင် ပညာစုံရုံတင်မကဘဲ ပန်းချီပညာမှာလည်း ထူးချွန်လှပါတယ်။ ကျွန်းပေါ်က ပုံရိပ်ယောင်တွေကို ဖော်ထုတ်ပြီး ဒီကျွန်းပေါ်ကို အောင်အောင်မြင်မြင် ဆိုက်ကပ်နိုင်ခဲ့တာလည်း သူမရဲ့ ကျေးဇူးကြောင့်ပါပဲ”
“ဟုတ်လား...” လင်းပိုင်ဖန်က စိတ်ဝင်တစား ရေရွတ်လိုက်သည်။
“ကျွန်မ... ကျွန်မ... အရှင်မင်းကြီးကို ဂါရဝပြုပါတယ်၊ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ” လီရှီဟွာက စိတ်လှုပ်ရှားလွန်းသဖြင့် စကားများပင် ထစ်နေရှာသည်။
သူမ၏ ပါးပြင်လေးနှစ်ဖက်မှာလည်း ရှက်သွေးဖြန်းကာ နီမြန်းနေပြီး နဖူးပေါ်တွင်လည်း ချွေးစက်လေးများ စို့နေလေသည်။
လင်းပိုင်ဖန်က နွေးထွေးစွာ ပြုံးပြလိုက်ပြီး - “မကြောက်ပါနဲ့၊ ငါကိုယ်တော်က ကိုက်မစားတတ်ပါဘူး။ မိန်းကလေးမိုက မင်းမှာ ပန်းချီပါရမီ ရှိတယ်လို့ ပြောတယ်၊ ကျွန်းပေါ်က အစီရင်တွေကိုလည်း မြင်နိုင်တယ်ဆိုတော့ ငါကိုယ်တော့်အတွက် ပန်းချီတစ်ချက်လောက် ဆွဲပြနိုင်မလား”
“ခ... ခွင့်ပြုပါ အရှင်မင်းကြီး၊ အရှင်မင်းကြီးရဲ့ အမိန့်တော်ကို ကျွန်မ မငြင်း... မငြင်းဝံ့ပါဘူး” လီရှီဟွာက ထစ်အငေါ့ငေါ့ဖြင့်ပင် ပြန်လည်လျှောက်တင်လိုက်သည်။
လင်းပိုင်ဖန်က လူလွှတ်၍ စုတ်တံ၊ မှင်၊ စက္ကူနှင့် မင်ကျောက်တို့ကို ချက်ချင်း ပြင်ဆင်စေလိုက်သည်။
“စပါ...”
“ကျေးဇူးတင်လှပါတယ် အရှင်မင်းကြီး”
လီရှီဟွာက စားပွဲအနီးသို့ ချဉ်းကပ်သွားသော်လည်း စိတ်လှုပ်ရှားမှုတို့က မပြေသေးဘဲ - “အရှင်မင်းကြီး... ဘာကို ဆွဲစေချင်ပါသလဲဘုရား”
လင်းပိုင်ဖန်က ခပ်ပေါ့ပေါ့ပင် - “ကြိုက်တာဆွဲပါ၊ မင်း စိတ်ပါလက်ပါ ရှိဖို့ပဲ အဓိကပါ”
“မှန်လှပါ၊ ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ်”
လီရှီဟွာသည် သူမ၏ တုန်ရင်နေသော ရင်အစုံကို ငြိမ်သက်သွားစေရန် အသက်ကို ပြင်းပြင်း ရှူလိုက်ပြီးနောက် စုတ်တံကို မြှောက်ကာ မှင်တို့ဖြင့် စက္ကူပေါ်တွင် ပုံကြမ်းကို ဂရုတစိုက် စတင်ရေးဆွဲလေတော့သည်။
အမွှေးတိုင်တစ်ဝက်ခန့် ကုန်ဆုံးသွားချိန်တွင် သူမက စုတ်တံကို ချလိုက်ပြီး - “အရှင်မင်းကြီး... ကျွန်မ ဆွဲလို့ ပြီးပါပြီ။ ပန်းချီက ရိုးရှင်းလွန်းနေရင် ခွင့်လွှတ်ပေးပါဦး”
“ကြည့်ပါရစေဦး” လင်းပိုင်ဖန်က စားပွဲနားသို့ လျှောက်သွားကာ ကြည့်လိုက်သောအခါ သစ်ကိုင်းပေါ်တွင် နားနေသည့် စာကလေးနှစ်ကောင်ကို တွေ့လိုက်ရသည်။
စုတ်ချက်များစွာ အသုံးမပြုထားသော်လည်း စာကလေးနှစ်ကောင်မှာ စက္ကူပေါ်မှ ယခုပင် ပျံတက်သွားတော့မည့်အလား အသက်ဝင်လှသည်။
“အရှင်မင်းကြီး... ကျွန်မရဲ့ ပန်းချီက ဘယ်လိုနေပါသလဲဟင်” မိန်းကလေးငယ်က စိုးရိမ်တကြီး မေးလိုက်သည်။
လင်းပိုင်ဖန်က ကျေနပ်စွာ ပြုံးလိုက်ပြီး - “စုတ်ချက်တွေက အနည်းငယ် နုနယ်နေသေးပေမဲ့ ပန်းချီကတော့ တကယ်ကို ကောင်းပါတယ်။ ငါကိုယ်တော် သဘောကျတယ်”
“အရှင်မင်းကြီး သဘောကျတယ်ဆိုရင်ပဲ ကျွန်မ ဝမ်းသာလှပါပြီ” လီရှီဟွာက သက်ပြင်းကို ခိုးချလိုက်မိသည်။
ထိုစဉ် လင်းပိုင်ဖန်က - “မိန်းကလေး ရှီဟွာ... မင်းမှာ တခြားဂိုဏ်းအဖွဲ့အစည်းတွေ မရှိသေးဘူးမလား။ ငါကိုယ်တော်ရဲ့ မဟာရှနန်းတော်မှာ နန်းတွင်း ပန်းချီဆရာအဖြစ် လာရောက် တာဝန်ထမ်းဆောင်ဖို့ စိတ်ဝင်စားလား”
မိန်းကလေးမှာ အံ့အားသင့်သွားပြီး - “ရှင်... အရှင်မင်းကြီးက ကျွန်မကို မဟာရှရဲ့ နန်းတွင်းပန်းချီဆရာအဖြစ် ဖိတ်ခေါ်နေတာလား”
မိုယုယန်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပြီး မိန်းကလေးကို နောက်သို့ ဆွဲပို့လိုက်ကာ - “အရှင်မင်းကြီး... ဒီကလေးမလေးကိုများ တစ်မျိုး စိတ်ကူးနေတာလား”
လင်းပိုင်ဖန်က ပြုံးလျက် - “ဟုတ်တယ်၊ ငါကိုယ်တော့်မှာ အဲဒီလို ရည်ရွယ်ချက် ရှိပါတယ်”
“ရှင့်မှာ အရှက်မရှိဘူးလား” မိုယုယန်က ဒေါသတကြီးဖြင့် - “သူမက ၁၆ နှစ်သမီးလေးပဲ ရှိသေးတာလေ၊ ရှင်က ဘယ်လိုတောင် ရက်စက်ရတာလဲ။ အနည်းဆုံးတော့ နောက်ထပ် နှစ်အနည်းငယ်လောက် စောင့်သင့်တာပေါ့”
လင်းပိုင်ဖန်က သူမကို ထူးဆန်းသလို ကြည့်ကာ - “မိုယုယန်... မင်းက ဘာတွေကို တွေးနေတာလဲ။ ငါက သူမရဲ့ ပန်းချီပါရမီကို နှမြောလို့ ငါ့အတွက် ပန်းချီဆွဲပေးဖို့ နန်းတော်ထဲ ခေါ်တာလေ။ ဒါက လူတိုင်း မရနိုင်တဲ့ ဂုဏ်ဒြပ်တစ်ခုပဲ”
“ရှင်က ကာမရာဂကြောင့် မဟုတ်ဘူးဆိုတာ သေချာလို့လား” မိုယုယန်က သံသယဖြင့် မေးလိုက်သည်။
“တကယ်လို့ ဟုတ်ခဲ့ရင်တောင် မင်းက ဘာလုပ်နိုင်မှာမို့လို့လဲ” လင်းပိုင်ဖန်က ပြန်လည် ချေပလိုက်သည်။
မိုယုယန်မှာ စကားမပြောနိုင်တော့ပေ။ တကယ်လို့ လင်းပိုင်ဖန်က ဇွတ်လုပ်မည်ဆိုလျှင် သူမအနေဖြင့် ဘာမှ မတတ်နိုင်သည်မှာ အမှန်ပင်။
လီရှီဟွာကို ပြန်ကြည့်လိုက်သောအခါ သူမက ကန့်ကွက်မည့်ပုံ မပေါ်ဘဲ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့နေလေသည်။ မိုယုယန်ကတော့ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိတော့သည်။ လောကတွင် လင်းပိုင်ဖန်၏ ဆွဲဆောင်မှုကို တောင့်ခံနိုင်သည့် အမျိုးသမီးမှာ တကယ်ကို ရှားပါးလှသည်။
“မိန်းကလေး ရှီဟွာ... မင်းမှာ ပန်းချီပါရမီ ရှိတယ်၊ ငါကိုယ်တော်ရဲ့ ပန်းချီဆရာ ဖြစ်ချင်ရဲ့လား” လင်းပိုင်ဖန်က ထပ်မေးလိုက်သည်။
“ကျွန်မ...” လီရှီဟွာက ဝေခွဲမရဖြစ်နေရှာသည်။
အမှန်အတိုင်းပြောရလျှင် ဤဖိတ်ခေါ်မှုမှာ သူမအတွက် အလွန် ဆွဲဆောင်မှု ရှိလှသည်။ ပန်းချီဆရာတစ်ဦးအတွက် အမြင့်ဆုံး ဂုဏ်ဒြပ် မဟုတ်ပါလား။ ၎င်းအပြင် မဟာရှရဲ့ နန်းတွင်းပန်းချီဆရာ ဖြစ်သွားလျှင် အရှင်မင်းကြီးကိုလည်း ခဏခဏ တွေ့ခွင့်ရမည် ဖြစ်သည်။
သို့သော် သူမသည် ပန်းချီဆရာကြီးထံတွင် ပညာသင်ယူရန် လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ အရှင်မင်းကြီးနောက်ကို လိုက်သွားလျှင် ဤအခွင့်အရေး ဆုံးရှုံးသွားလိမ့်မည်။
လီရှီဟွာက အလေးအနက် စဉ်းစားပြီးနောက် - “အရှင်မင်းကြီး... ကျွန်မအပေါ် ထားရှိတဲ့ မေတ္တာအတွက် ကျေးဇူးတင်ပါတယ်။ တကယ်တော့ ကျွန်မလည်း အရှင်မင်းကြီးရဲ့ ပန်းချီဆရာ ဖြစ်ချင်ပါတယ်၊ ဒါပေမဲ့ ပန်းချီဆရာကြီးဆီက ပိုမြင့်တဲ့ ပညာရပ်တွေကို သင်ယူချင်ပါသေးတယ်။ ဒါကြောင့် အခွင့်အရေးကို ငြင်းပယ်လိုက်ရလို့ စိတ်မကောင်းပါဘူး အရှင်မင်းကြီး ”
လင်းပိုင်ဖန်က ပြုံးလျက် - “တကယ်တော့ ဒီနှစ်ခုက ဆန့်ကျင်မနေပါဘူး။ မင်းက ဆရာကြီးရဲ့ စမ်းသပ်ချက်ကို ဆက်ဖြေပေါ့၊ တကယ်လို့ ကျရှုံးခဲ့ရင် ငါကိုယ်တော်နဲ့အတူ ပြန်လိုက်ခဲ့။ တကယ်လို့ တပည့်ဖြစ်ခွင့်ရခဲ့ရင်လည်း... မင်းရော ဆရာကြီးရော နှစ်ယောက်လုံးကို ငါကိုယ်တော်နဲ့အတူ ခေါ်သွားမှာပဲလေ”
“ရှင်...” လီရှီဟွာမှာ ကြောင်အသွားပြီး သူ၏ စကားထဲတွင် တစ်ခုခု ထူးဆန်းနေသလို ခံစားလိုက်ရသည်။
“နေပါဦး... တကယ်လို့ ရှီဟွာက ဆရာကြီးရဲ့ တပည့်ဖြစ်သွားရင်တောင် ဆရာကြီးက ရှင်နဲ့အတူ လိုက်မယ်လို့ ထင်နေတာလား” မိုယုယန်က ဝင်မေးလိုက်သည်။
“သူ လိုက်မှာ သေချာတယ်၊ ငါတို့က ရင်းနှီးတဲ့ မိတ်ဆွေတွေပဲလေ။ ဒီရက်ပိုင်းတောင် ငါတို့အတူတူ မကြာခဏ အရက်သောက်ဖြစ်သေးတယ်” လင်းပိုင်ဖန်က ရယ်မောကာ ပြောလိုက်သည်။
လီရှီဟွာက ထပ်မံ စဉ်းစားလိုက်ပြီးနောက် ထပ်မံငြင်းဆန်နေခြင်းမှာ ရိုင်းရာကျမည်ဟု ယူဆကာ - “အရှင်မင်းကြီးက ကျွန်မကို မနှိမ်မချဘဲ ခေါ်ယူတာမို့ အမိန့်တော်ကို နာခံပါ့မယ်ဘုရား။ အရှင်မင်းကြီးရဲ့ ကျေးဇူးကို အထူးတင်ရှိပါတယ်”
“ကောင်းပြီ” လင်းပိုင်ဖန်၏ အပြုံးက ပို၍ တောက်ပသွားတော့သည်။
ထိုသို့ဖြင့် သုံးရက်ခန့် ကုန်လွန်သွားပြီး လူစုံသလောက် ဖြစ်လာသောအခါ ပန်းချီဆရာကြီးသည် ရောက်ရှိလာသူများထဲမှ သင့်တော်သည့် ဆက်ခံသူတစ်ဦးကို ရွေးချယ်ရန် တကယ့်စမ်းသပ်ချက်ကြီးကို စတင်ရန် ဆုံးဖြတ်လိုက်လေတော့သည်။
အပိုင်း (၄၅၈)
ထိုနေ့တွင် ပင်လယ်ပြင်ကြီး၏ ရာသီဥတုက သာယာကြည်လင်နေပြီး လေကလည်း ငြိမ်နေပေသည်။ စမ်းသပ်ပွဲ ကျင်းပရန်အတွက်မူ အလွန်ပင် သင့်တော်သော နေ့တစ်နေ့ ဖြစ်ပေသည်။
ပန်းချီဆရာကြီးက လူအားလုံးကို ကမ်းခြေတွင် စုဝေးစေပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။
“ဒီနေ့ဟာ ငါရဲ့ တပည့်အဖြစ် ရွေးချယ်မယ့်နေ့ပဲ။ သိုင်းလောကက မိတ်ဆွေတွေလည်း သိကြတဲ့အတိုင်း ငါဟာ ပန်းချီပညာနဲ့ပဲ လမ်းစဉ်ထဲကို ဝင်ရောက်ခဲ့ပြီး ကောင်းကင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာပဲ ဖြစ်တယ်။ ဒါပေမဲ့ တစ်လောကလုံးမှာ ငါတစ်ယောက်တည်းပဲ ပန်းချီနဲ့ ညဏ်အလင်းပွင့်ခဲ့တာဆိုတော့ အရမ်းကို အထီးကျန်လွန်းလှပါတယ်။ ဒါကြောင့် ငါ့ရဲ့ ပန်းချီပညာကို ဆက်ခံနိုင်မယ့် သင့်တော်တဲ့ တပည့်တစ်ဦးကို မွေးထုတ်ပေးချင်ပါတယ်”
“ဒါပေမဲ့ နှစ်ပေါင်းတစ်ရာတောင် ကုန်ဆုံးသွားခဲ့ပြီ။ ငါဟာ တစ်လောကလုံးကို လှည့်လည်ရှာဖွေခဲ့ပေမဲ့ သင့်တော်တဲ့ ဆက်ခံသူကို အခုထိ မတွေ့သေးဘူး။ ပန်းချီပညာနဲ့ လမ်းစဉ်ထဲ ဝင်ရောက်ဖို့ဆိုတာ တကယ်ကို ခက်ခဲလွန်းတယ်လို့ပဲ ပြောရမယ်။ ဒါဟာ ထူးခြားတဲ့ ပါရမီရှိရုံတင်မကဘဲ နေ့ညမပြတ် ကြိုးစားအားထုတ်ဖို့လည်း လိုအပ်တယ်”
“ဒါ့အပြင် ပန်းချီပညာကို သင်ယူတာက သိုင်းပညာ သင်တာနဲ့ မတူဘူး။ သိုင်းပညာက လေ့ကျင့်သလောက် တိုးတက်မှု ရှိပေမဲ့ ပန်းချီကတော့ လုံးဝကွဲပြားတယ်။ ညဏ်အလင်းမပွင့်ခင်အထိ ဘာတိုးတက်မှုမှ ရှိမှာမဟုတ်ဘဲ တစ်သက်လုံး အချိန်ကုန်သွားတာမျိုးလည်း ဖြစ်နိုင်တယ်။ ပါရမီ၊ ဝီရိယ၊ သည်းခံမှုနဲ့ ပန်းချီအပေါ် ထားတဲ့ ချစ်တဲ့စိတ်... ဒါတွေအားလုံးဟာ မရှိမဖြစ် လိုအပ်တာတွေပဲ။ ဒါကြောင့်လည်း လူတွေက ပန်းချီကို သိပ်မသင်ချင်ကြတာပေါ့။ ငါ့ရဲ့ ဒီထူးခြားတဲ့ ပညာရပ်တွေ ငါနဲ့အတူ မြေကြီးထဲ ပါသွားမှာကို ငါတကယ်ပဲ စိုးရိမ်မိတယ်”
ပန်းချီဆရာကြီးက သက်ပြင်းကို အကြိမ်ကြိမ် ချလိုက်မိသည်။
“ဆရာကြီး... အဲဒီလို မပြောပါနဲ့..”
“ဆရာကြီးက ပန်းချီပညာနဲ့ လမ်းစဉ်ထဲ ရောက်ခဲ့တာဆိုတော့ တခြားသော ကောင်းကင်အဆင့်တွေထက်တောင် ပိုပြီး အစွမ်းထက်ပါသေးတယ်။ သိုင်းလောက သမိုင်းမှာလည်း ဆရာကြီးရဲ့ အမည်က တောက်ပနေမှာ အသေအချာပါပဲ”
“ဒါ့အပြင် ကြည့်ပါဦး... ကျွန်တော်တို့အားလုံး ရောက်နေကြတာပဲ။ ကျွန်တော်တို့ထဲကမှ သင့်တော်တဲ့သူကို ရွေးချယ်နိုင်မှာပါ”
“ဆရာကြီး... ကောင်းကင်ဘုံက ဆရာကြီးကို စောင့်ရှောက်မှာပါ..”
ထိုစကားများကို ကြားရသောအခါမှ ပန်းချီဆရာကြီးလည်း စိတ်သက်သာရာ ရသွားတော့သည်။ သိုင်းလောက မိတ်ဆွေများက အလွန်ပင် စိတ်ကောင်းရှိကြပေသည်။ ဟိုအရှက်မရှိတဲ့ ဖျက်ဆီးရေးသမား လူယုတ်မာ (လင်းပိုင်ဖန်) တစ်ယောက်ကလွဲလို့ပေါ့။
“ဒါကြောင့် နောင်တမရစေဖို့အတွက် ငါ အသက်မသေဆုံးခင်မှာ ငါ့ရဲ့ ပညာရပ်အားလုံးကို လက်ဆင့်ကမ်းပေးမယ့် နောက်ဆုံးပိတ် တပည့်တစ်ဦးကို ရွေးချယ်မယ်လို့ တစ်လောကလုံးကို ကြေညာလိုက်တယ်။ ဒါအတွက် စိန်ခေါ်မှုကြီး သုံးခုကို ပြင်ဆင်ထားတယ်။ ပထမဆုံး စမ်းသပ်ချက်ကတော့ ‘အမှန်တရားကို ရှာဖွေခြင်း ဆယ်လီခရီးစဉ် ပုံရိပ်ယောင်’ ပဲ”
ပန်းချီဆရာကြီးက အသံကိုမြှင့်၍ ဆက်ပြောသည် -
“ပန်းချီဆိုတာ မြင်တာကို ကူးရေးရုံတင် မဟုတ်ဘူး။ မင်းတို့ဆွဲတဲ့ ပန်းချီက ဘယ်လောက်ပဲ လှပနေပါစေ... အသက်ဝိညာဉ်မပါရင် အခွံသက်သက်ပဲ။ အဲဒီအရာရဲ့ အမှန်တရားနဲ့ ဝိညာဉ်ကို ရှာတွေ့မှသာ ပန်းချီပညာကို သင်ယူဖို့ အခြေခံရှိတယ်လို့ ပြောနိုင်မယ်”
“ပထမဆုံး စမ်းသပ်ချက်ကလည်း ဒါပါပဲ။ ငါဟာ ကျွန်းအပြင်ဘက်မှာ ကောင်းကင်နဲ့ မြေကြီးကို စက္ကူအဖြစ် အသုံးချပြီး ပုံရိပ်ယောင်တစ်ခု ဖန်တီးထားခဲ့တယ်။ အဲဒီ ပုံရိပ်ယောင်ကို ဖောက်ထွက်ပြီး လမ်းမှန်ကို ရှာတွေ့နိုင်တဲ့သူတွေပဲ နောက်ထပ်စမ်းသပ်ချက်ကို ဖြေဆိုခွင့်ရမှာ ဖြစ်တယ်။ အခု ဒီကို ရောက်နေတဲ့သူတွေက ပထမအဆင့်ကို အောင်မြင်ပြီးသားသူတွေဆိုတော့ စကားအရှည်မပြောတော့ဘူး။ ဒုတိယစမ်းသပ်ချက်ဖြစ်တဲ့ ‘အစစ်နဲ့ အတုကို ရောထွေးစေခြင်း’ ကို စတင်ကြရအောင်”
ပန်းချီဆရာကြီးက လက်ခုပ်တီးလိုက်သောအခါ ကျွန်းပေါ်ရှိ အစေခံများက စားပွဲများ၊ စုတ်တံ၊ မှင်၊ စက္ကူနှင့် မင်ကျောက်များကို ကမ်းခြေတွင် သပ်သပ်ရပ်ရပ် ခင်းကျင်းပေးကြလေသည်။
“ဒီ ‘အစစ်နဲ့ အတု ရောထွေးစေခြင်း’ စမ်းသပ်ချက်မှာ မင်းတို့အားလုံး ပန်းချီဆွဲရမယ်။ မင်းတို့ဆွဲလိုက်တဲ့ ပုံက လူအားလုံးကို အစစ်နဲ့အတု ခွဲမရအောင် လှည့်စားနိုင်တယ်ဆိုရင် မင်းတို့ အောင်ပြီပဲ။ ကဲ... စမ်းသပ်ပွဲ ဖြေဆိုမယ့်သူတွေ နေရာယူကြပါ”
လူအုပ်ထဲမှ လူစုစုပေါင်း ၃၀ ခန့် ရှေ့သို့ ထွက်လာကြသည်။ ကျန်တဲ့သူတွေကတော့ အပျော်ကြည့်ဖို့ ရောက်လာကြသူများသာ ဖြစ်သည်။
“အခု မင်းတို့ကို ပန်းတစ်ပွင့် ဆွဲဖို့ အချိန်နှစ်နာရီ ပေးမယ်။ မင်းတို့ဆွဲတဲ့ ပန်းက လိပ်ပြာတွေ၊ ပျားတွေ ဒါမှမဟုတ် တခြား ပိုးမွှားတွေကို ဆွဲဆောင်နိုင်တယ်ဆိုရင် မင်းတို့ အောင်မြင်ပြီလို့ သတ်မှတ်မယ်”
ပန်းချီဆရာကြီးက အမွှေးတိုင်အရှည်တစ်ချောင်းကို ထွန်းခိုင်းလိုက်ပြီး -
“ပြိုင်ပွဲကို အခုပဲ စတင်လိုက်ပြီ”
ပြိုင်ပွဲဝင်များက ချက်ချင်းပင် စုတ်တံများကို ကိုင်ကာ သူတို့၏ အစွမ်းများကို ထုတ်ပြရန် ပြင်ဆင်ကြတော့သည်။ ဘေးမှ လူများက ငြိမ်သက်စွာ စောင့်ကြည့်နေကြသလို လင်းပိုင်ဖန်ကလည်း ထိုနည်းတူပင်။
သူက ပြုံးပြီး ခေါင်းခါလိုက်ကာ - “လူတိုင်းက သိုင်းပညာ အမွေအနှစ်အတွက် လာပြိုင်ကြတာကို ပန်းချီနဲ့ ဆုံးဖြတ်နေကြတာ... တကယ်ကို ထူးဆန်းလှပေတယ်။ ယောင်ယောင်... ဟိုဘက်က လည်ပင်းတုတ်တုတ်နဲ့ လူသန်ကြီးက မင်းတို့ မိစ္ဆာဂိုဏ်းက ပြိုင်ပွဲဝင် မဟုတ်လား”
လင်းပိုင်ဖန် ညွှန်ပြရာသို့ ကြည့်လိုက်သောအခါ အရပ်အမောင်း မြင့်မားလှသော လူကြီးတစ်ယောက်သည် သေးငယ်လှသော စုတ်တံလေးကို ကိုင်ကာ စက္ကူပေါ်တွင် အသည်းအသန် ပုံဆွဲနေသည်ကို တွေ့လိုက်ရသည်။
“သူက ကျွန်မတို့ မိစ္ဆာဂိုဏ်းက ‘ကျန်းမန်ရှန်’ (တံခါးစောင့်နတ်မင်း ကျန်း) ပါပဲ” ဟု ယောင်ယောင်က မိတ်ဆက်ပေးသည်။
“သူ့မျိုးရိုးက ကျန်း ဖြစ်ပြီး တံခါးစောင့်နတ်ပုံတွေကို ဆွဲရတာ ဝါသနာပါလွန်းလို့ အဲဒီလို ခေါ်ကြတာ။ ဒီလူက တခြားပညာတွေမှာတော့ အလယ်အလတ်ပဲ ရှိပေမဲ့ ပန်းချီမှာတော့ ထူးခြားတဲ့ ပါရမီရှိတယ်။ တစ်နေ့ကုန် ပန်းချီဆွဲလိုက်၊ ပန်းချီဆွဲဖို့ သွားလိုက်နဲ့ အချိန်ကုန်နေတတ်တာ။ သူဆွဲတဲ့ တံခါးစောင့်နတ်ပုံတွေက အရမ်းကို ကြောက်စရာကောင်းပြီး မိစ္ဆာတွေကိုတောင် ခြောက်လှန့်နိုင်စွမ်းရှိတယ်။ ဒါကြောင့် ပွဲလမ်းသဘင်တွေဆိုရင် သူ့ပန်းချီတွေက အရမ်းရောင်းရတာပေါ့”
လင်းပိုင်ဖန် စကားပင် မပြောနိုင်တော့ပေ။ မိစ္ဆာဂိုဏ်းက ထွက်လာတဲ့ ပန်းချီဆရာကတော့ ပုံမှန်လူနဲ့ တကယ်ကို မတူတာပဲ။
“ငါ့အထင် သူက မှန်ထဲမှာ ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး ဆွဲတာဖြစ်မယ်။ ဒါကြောင့်လည်း အသက်ဝင်နေတာနေမှာ”
“ဟ... ရှင် ခန့်မှန်းတာ မှန်သွားပြီပဲ” ယောင်ယောင်က ရယ်မောလိုက်သည်။
“ပြီးတော့ ဟိုဘက်က ခေါင်းပြောင်ပြောင်နဲ့ လူက ဗုဒ္ဓဂိုဏ်းက ‘ဝမ်ရှင်း’လေ။ အဲဒီ ကိုရင်လေးက ငယ်ငယ်လေးကတည်းက ဗုဒ္ဓရုပ်ပွားတော်တွေကို ရွှေချလာတာဆိုတော့ မသိမသာနဲ့ ပန်းချီပညာမှာ တော်တော်လေး တိုးတက်လာတာ။ သူဆွဲတဲ့ ပန်းချီတွေက ဗုဒ္ဓရဲ့ တရားရိပ်တွေနဲ့ ကရုဏာတရားတွေ အပြည့်ပဲ”
လင်းပိုင်ဖန်က ခေါင်းငြိမ့်လိုက်ပြီး - “မထူးဆန်းပါဘူး... သူ့ကိုကြည့်ရတာ အရမ်းတောက်ပနေတယ်။ ငါကတော့ သူ့ရဲ့ တရားအသိတွေကြောင့် ဗုဒ္ဓရောင်ခြည် လွှတ်နေတယ်လို့ ထင်နေတာ။ တကယ်တော့ ရွှေတွေကြောင့်ကိုး။ ရွှေတွေကို တော်တော်လေး ခြစ်ယူထားပုံရတယ်၊ ငါ့မျက်စိတောင် ကျိန်းတယ်”
ယောင်ယောင်က ပါးစပ်လေးပိတ်ကာ ရယ်မောရင်း - “နည်းမှာ မဟုတ်ဘူး၊ အနည်းဆုံး ရွှေ ၇ ကျပ်သား၊ ၈ ကျပ်သားလောက်တော့ ရှိမှာ”
သူတို့က နောက်ထပ် တာအိုဘုန်းကြီးတစ်ပါးကို ညွှန်ပြကြပြန်သည်။
“သူကတော့ တာအိုဂိုဏ်းရဲ့ ကိုယ်စားလှယ် ‘ရွှမ်စုန့်’ (လျှို့ဝှက်ထင်းရှူး) လေ။ သူက အဆောင်လက်ဖွဲ့တွေ ရေးဆွဲရာကနေ အရှုပ်ထွေးဆုံး လက်ဖွဲ့တွေကိုတောင် စုတ်ချက်တစ်ချက်တည်းနဲ့ ဆွဲနိုင်တော့ ပန်းချီပညာက အလိုလို တတ်မြောက်သွားတာပေါ့”
ထို့နောက် ယောင်ယောင်က ဂိုဏ်းပေါင်းစုံမှ ကိုယ်စားလှယ်များကို တစ်ဦးချင်း မိတ်ဆက်ပေးလေသည်။ သို့သော် လင်းပိုင်ဖန်ကတော့ ခေါင်းကိုသာ ခါနေမိတော့သည်။ ဒီလို ထူးဆန်းတဲ့ ပန်းချီသမားတွေ ဘယ်ကနေ ရောက်လာကြတာပါလိမ့်။ တစ်ယောက်ချင်းစီက တကယ်ကို တစ်မူထူးခြားနေကြသည်။ အနုပညာ လိုက်စားတဲ့သူတွေကတော့ တကယ်ကို ပုံမှန် မဟုတ်ကြဘူးလို့ပဲ ပြောရပေမည်။
သူတို့နှင့် ယှဉ်လိုက်လျှင် သူအသစ်ခန့်လိုက်သော နန်းတွင်းပန်းချီဆရာမလေး လီရှီဟွာမှာ ပို၍ ပုံမှန်ရှိနေသေးသယောင် ရှိလေသည်။