အခန်း (၇၅၁-၇၅၂)
Vol. 76 Ch. 751-752
အခန်း (၇၅၁) အင်းဆက်ကောင်
"ဟိုအလယ်က နန်းတော်ကတော့ တော်ဝင်နန်းတော် ဖြစ်မှာပဲ။ အင်း... အခုချိန်က ညဘက်သာ ဖြစ်လိုက်ရင် သိပ်ကောင်းမှာပဲ။ အရိပ်အသွင်ပြောင်းခြင်း နဲ့ဆိုရင် အထဲကို ခိုးဝင်ရတာ အများကြီး ပိုလွယ်မှာ၊ ကံဆိုးတာက အဲဒီပညာရပ်က ညဘက်မှပဲ ထိရောက်တာလေ" လုံချန်းက တော်ဝင်နန်းတော်ရှိရာဘက်ကို ကြည့်ရင်း ပြောလိုက်သည်။
"ညအထိ စောင့်လို့ရတာပဲ" ရွှင်းက ဆိုသည်။
"ဟုတ်တယ်... ညဘက်ဆိုရင်တော့ အဲဒီလူက နန်းတော်ထဲမှာ ရှိမှာ သေချာတယ်။ နေ့ဘက်ကတော့ မပြောတတ်ဘူး။ ထားပါတော့လေ... တတ်နိုင်သမျှ အမြန်ဆုံး ဖြစ်အောင် လုပ်ရမှာပဲ။ နေ့ဘက်ဝင်ရတာလည်း သိပ်တော့ မခက်ခဲပါဘူး" လုံချန်းက ခေါင်းခါရင်း ရေရွတ်လိုက်၏။
"အရမ်း မလောပါနဲ့။ အချိန်ဓားက နာရီပိုင်းအတွင်းမှာ ထွက်ပြေးမသွားပါဘူး။ စိတ်ရှည်စမ်းပါ" ရွှင်းက လုံချန်း၏ ခေါင်းကို ပုတ်ရင်း ချော့လိုက်သည်။
"ဟေ့... ငါက ကလေးမဟုတ်ဘူးနော်" လုံချန်းက ခပ်ပြုံးပြုံးဖြင့် သူမ၏လက်ကို သူ့ခေါင်းပေါ်မှ ဖယ်လိုက်သည်။
"ဟုတ်ပါပြီ... ဟုတ်ပါပြီ။ နင်က ကလေးမဟုတ်ပါဘူး။ ငါ တကယ် ယုံပါတယ်နော်" ရွှင်းက ရွဲ့သလိုလိုဖြင့် ဆိုလိုက်၏။
"ရွှင်း... ငါ တစ်ခုလောက် မေးလို့ရမလား" လုံချန်းက ရုတ်တရက် မေးလိုက်သည်။
"မေးလေ... အခု ဘာဖြစ်ပြန်တာလဲ" ရွှင်းက လုံချန်း မေးခွန်းကို သိချင်စိတ်ဖြင့် ခွင့်ပြုလိုက်သည်။
"ဒါတွေက ဘယ်လိုဖြစ်လာတာလဲ"
"ဘာက ဘယ်လိုဖြစ်တာလဲ" ရွှင်းက သူ မည်သည်ကို ဆိုလိုမှန်း မသိသဖြင့် ပြန်မေးသည်။
"ငါ ဒီကို ဘယ်လိုရောက်လာတာလဲဆိုတာ အမြဲ တွေးမိနေလို့။ လွန်ခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် လူတစ်ယောက်ကို သတ်ဖို့ တွေးမိတာတောင် အပြစ်လို့ ထင်ခဲ့တာ။ အခုကျတော့ လူတွေကို အသီးအရွက်တွေလိုပဲ ဘာခံစားချက်မှ မရှိဘဲ လှီးဖြတ်နေနိုင်ပြီ။ အရင်က အိမ်ပြင်ထွက်ဖို့တောင် ပျင်းခဲ့တဲ့လူက အခုတော့ တစ်ကမ္ဘာလုံးကို မနားတမ်း လှည့်ပတ်သွားလာနေတယ်။ ငါ့ရဲ့ ချစ်သူကိုပဲ ဇနီးအဖြစ် ထားမယ်လို့ တွေးခဲ့ပေမဲ့ အခုတော့ ဇနီးတွေ အများကြီး ရှိနေပြီ။ ငါ ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ဒါတွေအားလုံးက တကယ်ကို မယုံနိုင်စရာပဲ" လုံချန်းက သက်ပြင်းချရင်း ဆိုသည်။
"တစ်ခါတလေ ဒါတွေက အိပ်မက်တစ်ခုများလား၊ ငါ နိုးလာရင် ပျောက်သွားမလားလို့ တွေးမိတယ်။ ဒါပေမဲ့ အဲဒီအတွေးက ငါ့ကို ကြောက်လန့်စေတယ်။ တကယ်လို့ ဒါက အိပ်မက်ဖြစ်ပြီး ငါ နိုးလာခဲ့ရင် နင်တို့အားလုံးကို ငါ ဆုံးရှုံးရလိမ့်မယ်။ ငါ တည်ဆောက်ခဲ့တဲ့ မိသားစုကိုလည်း ဆုံးရှုံးရလိမ့်မယ်။ ဒါပေမဲ့ ဒါက အိပ်မက်မဟုတ်ဘူးဆိုရင်တော့ ငါ့ရဲ့ စစ်မှန်တဲ့ ငါ့ကို ဆုံးရှုံးလိုက်ရပြီလား။ ဒါတွေအားလုံးကို မလိုချင်ခဲ့တဲ့ ငါအစစ်ကော ရှိသေးရဲ့လား။ ငါက အရင်က ငါ့ရဲ့ အခွံသက်သက်ပဲလား။ ငါ ဘာကြောင့်မှန်းမသိဘဲ အခြေအနေပေးတဲ့အတိုင်း လိုက်ပါနေခဲ့တယ်။ ဒီသွေးမျိုးဆက်တွေကော၊ အခြားအရာတွေကော... ဘယ်သူက အလိုရှိနေတာလဲ။ ဒါတွေကို ငါကိုယ်တိုင် ရွေးချယ်ခဲ့တာ သိပေမဲ့ တစ်ခါတလေကျရင် ဒါက ငါတကယ် လိုချင်တာ မဟုတ်ဘဲ တစ်ခုခုက ငါ့ကို နည်းမျိုးစုံနဲ့ ခိုင်းစေနေသလို ခံစားနေရတယ်" လုံချန်းက ရင်ဖွင့်လိုက်သည်။
"နင် ဆိုလိုတာက... ငါက နင့်ကို ငါ့အတွက် ဒါတွေလုပ်အောင် သွယ်ဝိုက်ပြီး ခိုင်းစေနေတယ်လို့ ပြောချင်တာလား။ နင် ကိုယ်တိုင်လည်း အစွမ်းအစတွေကို လိုချင်နေတာပဲလေ။ အနာဂတ်မှာ ရှင်သန်နိုင်ဖို့ နင့်မှာ အစွမ်းတွေ ရှိဖို့ လိုအပ်တာပဲ မဟုတ်လား" ရွှင်းက လုံချန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ မေးလိုက်သည်။
"မဟုတ်ပါဘူး... နင် ငါ့ကို ခိုင်းစေနေတယ်လို့ ပြောတာ မဟုတ်ပါဘူး။ နင်က ငါ့အတွက် ကောင်းစေချင်တာကို ငါယုံပါတယ်။ ဒါပေမဲ့ အနာဂတ်ဆိုတဲ့ အရာကြီးပေါ့... ငါ အစပိုင်းမှာ လုပ်ခဲ့တာတွေ အားလုံးက နင်ပြောတဲ့ အနာဂတ်က အန္တရာယ်တွေကို ရင်ဆိုင်ဖို့ အစွမ်းရှာခဲ့ရင်းနဲ့ ငါ့ကိုယ်ငါ ပျောက်ဆုံးသွားသလိုပဲ။ ဒါမှမဟုတ် အရင်က ငါက ငါအစစ် မဟုတ်ဘဲ အခု ငါကမှ ဖြစ်သင့်တဲ့ ပုံစံအစစ် ဖြစ်နေတာလား။ ငါက ငါ့ကိုယ်ငါ ပျောက်ဆုံးသွားတာ မဟုတ်ဘဲ ငါအစစ်ကို ပြန်ရှာတွေ့နေတာလား။ စိတ်ထဲမှာ အသုံးမကျတဲ့ အတွေးတွေ ရှုပ်ထွေးနေတာပဲ။ နင် ဘယ်လိုထင်လဲ"
"ငါ အရင်က ပြောသလိုပဲ... အသုံးမကျတာတွေ လျှောက်မတွေးနဲ့။ နင် လုပ်နေတာတွေ အားလုံးက မှန်ကန်ပါတယ်။ ဆက်ပြီး အစွမ်းထက်အောင် လုပ်ပါ၊ ကျန်တာတွေကို ငါ့ကိုပဲ လွှဲထားလိုက်။ အရာရာတိုင်း ဖြစ်သင့်တဲ့အတိုင်း ပြီးဆုံးသွားဖို့ ငါ တာဝန်ယူပါတယ်။ အခုတော့ အချိန်ဓား ရဖို့ကိုပဲ အာရုံစိုက်ပြီး ဘဝကို ပျော်ပျော်နေစမ်းပါ။ အတိတ်ကို မတွေးနဲ့၊ အနာဂတ်ကိုပဲ တွေး။ နင်က အခုတင် ရန်သူအားလုံးကို အလွယ်တကူ နှိမ်နင်းနိုင်လောက်အောင် အစွမ်းထက်နေပြီပဲ။ ဒါက မကောင်းတဲ့အရာ မဟုတ်ဘူး၊ ကောင်းတဲ့အရာ။ အစွမ်းရှိမှ အရာရာကို ရမှာလေ။ ခဏလေးပဲ သည်းခံလိုက်ပါ။ မကြာခင်မှာ အရာအားလုံး ပြီးဆုံးသွားတော့မှာပါ။ နင် ထာဝရ ငြိမ်းချမ်းမှုကို ရစေရမယ်လို့ ငါ ကတိပေးတယ်" ရွှင်းက အပြစ်ကင်းစင်သော အပြုံးဖြင့် နှစ်သိမ့်လိုက်သည်။
"အင်း... ဟုတ်ပါပြီ။ အတိတ်ကတော့ အတိတ်ပေါ့။ အခု ငါကမှ ငါအစစ်ပဲ။ သူ့ရဲ့ ပန်းတိုင်ရောက်ဖို့ ဘယ်သူ့ကိုမဆို သတ်ပစ်မယ့် သွေးအေးတဲ့ လူသတ်သမားပေါ့။ ဒါကို ငါ စိတ်ထဲကနေ အပြည့်အဝ လက်ခံပြီး လူသားဆန်တဲ့ စိတ်တွေကို စွန့်လွှတ်ရမယ့် အချိန် ရောက်ပြီ" လုံချန်းက ခေါင်းညိတ်ရင်း ရေရွတ်လိုက်သည်။
ဝိညာဉ်လင်းယုန်သည် မြို့ဝင်ပေါက်သို့ ရောက်ရှိလာသော်လည်း ထူးဆန်းသည်မှာ မည်သူကမျှ သူ့ကို တားဆီးခြင်း မရှိပေ။ ယခင်နိုင်ငံများ၏ တော်ဝင်မြို့တော်များဆိုလျှင် လုံခြုံရေးက ယခုထက် ပိုတင်းကျပ်သည် မဟုတ်လော။
"သူတို့ လုံခြုံရေးက တော်တော် ပေါ့လျော့တာပဲ။ ဒါက သူတို့နိုင်ငံက အားနည်းလွန်းလို့ ရန်သူတွေ လာတိုက်မှာ မစိုးရိမ်လို့လား" လုံချန်းက မျက်မှောင်ကြုတ်ရင်း ဆိုသည်။
ဝင်ပေါက်တွင် ကောင်းကင်အစောင့်များ မရှိပေ။ မြေပြင်တွင်သာ အစောင့်နှစ်ယောက် ရှိပြီး သူတို့က လုံချန်း လေထဲမှ မြို့ထဲသို့ ဝင်လာသည်ကို မြင်သည့်တိုင် ထ၍ မကြည့်ကြပေ။
လုံချန်းသည် ဝိညာဉ်လင်းယုန်ကို လူသူရှင်းသော လမ်းတစ်ခုတွင် ဆင်းသက်ခိုင်းပြီး လင်းယုန်အား ပြန်လွှတ်လိုက်သည်။ သူ ဤမြို့တွင် အနည်းဆုံး တစ်ရက်လောက်တော့ ကြာလိမ့်မည်ဟု တွေးထားသည်။ သူသည် တော်ဝင်နန်းတော်ဆီသို့ ခြေကျင် လျှောက်သွားခဲ့သည်။
လမ်းလျှောက်နေစဉ် လမ်းကြားတစ်ခုထဲတွင် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုလူ၏ ရှေ့တွင် အမျိုးသမီးတစ်ဦး၏ အလောင်းမှာ လဲလျောင်းနေ၏။ သူမ၏ အဝတ်အစားများမှာလည်း ဟိုနားဒီနား ဆုတ်ပြဲနေသည်။ သူမ သေသွားပြီလား သို့မဟုတ် သတိမေ့နေသည်လားဆိုတာ မသေချာသော်လည်း လုံချန်းကမူ သူမ သေသွားပြီဟု ခံစားနေရသည်။
"အဖြေတွေ ရဖို့အတွက် ဘယ်အင်းဆက်ကောင်ကို နင်းချေရမလဲလို့ တွေးနေတာ... အခုတော့ ငါ့အတွက် အင်းဆက်တစ်ကောင် ရှာတွေ့ပြီ ထင်တယ်" လုံချန်းက ထိုအမျိုးသမီး အလောင်းဘေးတွင် ဆေးလိပ်သောက်နေသည့် လူကို ကြည့်ကာ ရေရွတ်လိုက်သည်။
သူသည် ထိုလူရှိရာသို့ လျှောက်သွားလိုက်၏။ သူ လမ်းကြားထဲသို့ ဝင်လိုက်သည်နှင့် ထိုလူက လှမ်းကြည့်လာသည်။
"ဟေ့ကောင်လေး... ဒီကနေ ထွက်သွားစမ်း။ ငါ သွားမှ ဒီမိန်းမကို မင်း သုံးချင်ရင် သုံး။ ငါ ဆေးလိပ်သောက်လို့ ပြီးတဲ့အထိ အပြင်မှာ စောင့်နေ" ထိုလူက လုံချန်းကို လက်ကာပြရင်း ပြောသည်။
သို့သော် လုံချန်းက နားမထောင်ဘဲ ရှေ့သို့ ဆက်လျှောက်လာ၏။
"ဟေ့... မင်းကို ထွက်သွားလို့ ပြောနေတယ်လေ။ မရပ်ဘူးဆိုရင်တော့ ဒီမိန်းမကို သုံးဖို့နေနေသာသာ သူ့ဘေးမှာ အလောင်း ဖြစ်သွားလိမ့်မယ်။ အခုပဲ ရွေးလိုက်တော့" ထိုလူက လုံချန်းကို စိုက်ကြည့်ရင်း ခြိမ်းခြောက်လိုက်သည်။
လုံချန်းကတော့ မရပ်သေးပေ။
"ဒီကောင်... မင်းက တကယ် အသေခံချင်နေတာပဲ" ထိုလူက ဆေးလိပ်ကို မြေကြီးပေါ် ချနင်းလိုက်ပြီး လုံချန်းထံသို့ လျှောက်လာသည်။ ထိုလူ၏ နောက်ကျောတွင် ကျီးကန်းပုံသဏ္ဌာန် အရိပ်တစ်ခု ပေါ်လာ၏။
"ဪ... မင်းက ဝိညာဉ်စစ်သည်ကိုး။ ဒါကြောင့်လည်း ဒီမှာ မင်း ထင်တိုင်းကြဲနေတာပေါ့။ ဒီလို အားနည်းတဲ့ နိုင်ငံမှာဆိုရင် ဝိညာဉ်စစ်သည်တွေက အခွင့်ထူးခံတွေပဲ မဟုတ်လား" လုံချန်းက ကျီးကန်းအရိပ်ကို ကြည့်ကာ ရေရွတ်လိုက်သည်။ သို့သော် ထိုလူ တိုက်ခိုက်ဖို့ အခွင့်အရေး မရခင်မှာပင် လုံချန်းက ပျောက်ကွယ်သွားတော့သည်။
ထိုလူမှာ လုံချန်း မည်သည့်နေရာ ရောက်သွားကြောင်းကို ကြောင်ကြည့်နေစဉ်မှာပင် သူ၏ လည်ပင်းနောက်ကျောအား လက်တစ်ဖက်က လာရောက် ဆုပ်ကိုင်ခြင်း ခံလိုက်ရသည်။
သူ မည်သို့မျှ မလုပ်နိုင်ခင်မှာပင် သူ၏ ခန္ဓာကိုယ်မှာ လေထဲသို့ မြောက်တက်သွားပြီး မြေပြင်ပေါ်သို့ မျက်နှာနှင့် အရှိန်ဖြင့် ဆောင့်ချခြင်း ခံလိုက်ရသည်။ သူ၏ နောက်ကျောက ကျီးကန်းအရိပ်မှာလည်း ချက်ချင်း ပျောက်ကွယ်သွားတော့၏။
"မ... မင်း ဘယ်သူလဲ။ ငါ့ကို လွှတ်စမ်း" ထိုလူမှာ ရုန်းကန်သော်လည်း မရသဖြင့် နာကျင်စွာ အော်ဟစ်တော့သည်။
"ငါက မင်းရဲ့ အသက်ကို ပိုင်တဲ့သူနဲ့... မင်းဆီကနေ ရိုးသားတဲ့ အဖြေတွေ ရအောင် ယူမယ့်သူပဲ" လုံချန်းက ခက်ထန်သော လေသံဖြင့် ဆိုလိုက်တော့သည်။
အခန်း (၇၅၂) ကျေးဇူးတင်ပါတယ်
ထိုလူသည် လုံချန်း၏ လက်ထဲမှ လွတ်မြောက်ရန် အစွမ်းကုန် ရုန်းကန်နေသော်လည်း ရုန်းလေလေ ပို၍ အသက်ရှူကျပ်လေလေ ဖြစ်နေသည်။ လုံချန်းက သူ၏ ခန္ဓာကိုယ်ကို နင်းချေပစ်တော့မည့်အတိုင်း အင်အားကို တစ်ဖြည်းဖြည်း တိုးမြှင့်နေ၏။
"ငါ အရှုံးပေးပြီ။ အရှုံးပေးပါပြီ။ ငါ့ကို မသတ်ပါနဲ့တော့... ဘာလိုချင်လဲသာ ပြောပါ။ ငါ့ဆီက ဘာသိချင်လို့လဲ။ ဒီမိန်းမကို လိုချင်တာလား။ ယူသွားလေ၊ သူ သတိမေ့နေတုန်းပဲရှိသေးတာ။ ငါ့ကိုတော့ သွားခွင့်ပြုပါ... မင်းကို ငါ မနှောင့်ယှက်တော့ပါဘူး" ထိုလူက နာကျင်စွာဖြင့် အော်ဟစ်အသနားခံတော့သည်။
"ငါက ဒီမိန်းမကိုရော မင်းကိုရော စိတ်မဝင်စားဘူး။ ငါ သိချင်တာက လီရီဟွီ အကြောင်းပဲ" လုံချန်းက ခက်ထန်သော လေသံဖြင့် မေးလိုက်သည်။ ၎င်းမှာ သူ သိလိုသည့် အဓိက အချက်ပင် ဖြစ်သည်။
"မင်း ဆိုလိုတာက... ဘုရင့်ရဲ့ ညီတော်၊ ဘုရင်ခံမင်းသားကို ပြောတာလား" ထိုလူက ထိတ်လန့်တကြား မေးလိုက်၏။
"ဟုတ်တယ်။ ဘုရင့်ညီတော်အကြောင်း ငါ သိချင်တယ်။ သူ အခု ဘယ်မှာ ရှိနေမလဲ၊ ပြီးတော့ သူ့ရဲ့ တစ်နေ့တာ သွားလာမှုတွေကိုပါ ပြောပြစမ်း"
"သူ အခု ဘယ်မှာလဲဆိုတာ ငါ ဘယ်လို သိမှာလဲ။ ငါ သိသလောက်တော့ သူက အခုတလော နန်းတော်ထဲကနေ သိပ်မထွက်ဘူး၊ ဒါကြောင့် နန်းတော်ထဲမှာပဲ ရှိနေမှာပေါ့။ သူ့ကို တွေ့ချင်ရင် အထဲသွားတွေ့လေ။ ဒါမျိုးကို ဘယ်သူ့မေးမေး သိနိုင်တာပဲကို... ငါ့ကို ဒီလောက်အထိ ဒဏ်ရာရအောင် လုပ်စရာ မလိုပါဘူး" ထိုလူက ငိုသံပါကြီးဖြင့် ပြောရှာသည်။
"ဪ... အဲဒါက ဘာမှမဟုတ်ပါဘူး။ မင်းလို အင်းဆက်ကောင်တွေက ငါ ဘာလို့ ဒီသတင်းကို သိချင်ရတာလဲဆိုပြီး မေးခွန်းတွေ အများကြီး မေးနေမှာစိုးလို့၊ ပြီးတော့ ငါ့ကို သံသယဝင်မှာ စိုးလို့လေ။ ငါက သူ့ကို သတ်ဖို့ လာတာဆိုတော့ ခြေရာလက်ရာ အနည်းဆုံး ဖြစ်နေတာက ပိုကောင်းတာပေါ့" လုံချန်းက ဖြဖြဖြဖြ ပြုံးရင်း ဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ထိုလူ၏ မျက်နှာမှာ ဖြူလျော်သွားတော့သည်။ လုံချန်းက ဘုရင်ခံမင်းသားကို သတ်ဖို့ ပြောနေခြင်းကြောင့် သူ တုန်လှုပ်သွားခြင်း ဖြစ်သလို လုံချန်းက ဤလျှို့ဝှက်ချက်ကို ပြောပြနေခြင်းမှာ သူ့ကို သတ်ရန် ဆုံးဖြတ်ပြီးသား ဖြစ်ကြောင်း သူ နားလည်သွားသောကြောင့် ဖြစ်သည်။ ထိုလူမှာ အသည်းအသန် ပြန်လည်ရုန်းကန်သော်လည်း မည်သို့မျှ မတတ်နိုင်ပေ။
"ဘာလို့ ငါ့ကို သတ်ချင်ရတာလဲ။ ငါ မင်းကို ဘာမှမလုပ်ရသေးပါဘူး။ ကျေးဇူးပြုပြီး မသတ်ပါနဲ့။ မင်း မေးတာတွေကိုလည်း ငါ ဖြေပေးပြီးပြီလေ။ ငါ ဘာမဆို လုပ်ပေးပါ့မယ်" ထိုလူမှာ အခြားနည်းလမ်း မရှိတော့သဖြင့် အသနားခံတော့သည်။
"ဪ... ငါ မင်းကို သတ်တော့မယ်ဆိုတာ သိနေတာပဲ။ မင်းက ထင်သလောက်တော့ မအဘူးပေါ့။ သတ်ရမယ့် အကြောင်းပြချက်လား။ ငါ့မှာ အကြောင်းပြချက် လိုလို့လား။ အပြစ်သားတစ်ယောက်က နောက်ထပ် အပြစ်တစ်ခု ထပ်လုပ်တယ်လို့ပဲ မှတ်ယူလိုက်ပေါ့" လုံချန်းက ရေရွတ်လိုက်ရင်း သူ၏ ရေခဲမီးလျှံဓားဖြင့် ချက်ချင်း ပိုင်းချလိုက်ရာ ထိုလူ၏ ဦးခေါင်းမှာ ပြတ်ထွက်သွားပြီး အနားတွင် လဲလျောင်းနေသော အမျိုးသမီး၏ အနီးသို့ လိမ့်သွားတော့သည်။
လုံချန်းသည် ထိုအမျိုးသမီးကို ခဏမျှ ကြည့်လိုက်သော်လည်း မည်သည်မျှ မလုပ်ပေ။ သူသည် သေဆုံးသွားသော အမျိုးသား၏ အလောင်းဘေးတွင် သတိမေ့နေသော အမျိုးသမီးကို ထားရစ်ခဲ့ကာ ထိုလမ်းကြားထဲမှ ထွက်ခွာလာခဲ့သည်။
သူသည် လမ်းကြားထဲမှ ထွက်လာပြီး လူအုပ်ကြီးထဲတွင် ရောနှောသွားခဲ့သည်။ လီရီဟွီမှာ တော်ဝင်နန်းတော်ထဲတွင် ရှိကြောင်း သူ သတင်းရရှိခဲ့ပြီ ဖြစ်သည်။ နန်းတော်၏ မည်သည့်နေရာတွင် ရှိကြောင်းကိုတော့ ထိုလူ သိနိုင်မည် မဟုတ်သဖြင့် လုံချန်းကိုယ်တိုင် ရှာဖွေရမည် ဖြစ်သည်။
လုံချန်းသည် တော်ဝင်နန်းတော်ဆီသို့ လျှောက်သွားလိုက်ရာ လုံခြုံရေး အလွန် တင်းကျပ်ထားသည်ကို တွေ့လိုက်ရသည်။
"အနည်းဆုံးတော့ အရေးကြီးတဲ့ နေရာတွေကို စောင့်ရှောက်ရမယ်ဆိုတာတော့ သူတို့ သိသားပဲ။ မြို့ဝင်ပေါက်က ပေါ့လျော့နေတဲ့ အစောင့်တွေကို ကြည့်ပြီး အရာရာကို လက်လျှော့လိုက်ပြီလို့ ငါ ထင်နေတာ" လုံချန်းက အစောင့်များကို ကြည့်ရင်း ရေရွတ်လိုက်သည်။
သူသည် အစောင့်များရှိရာသို့ လျှောက်သွားလိုက်၏။ သူသည် လှည့်စားခြင်းမျက်နှာဖုံးကို ဝတ်ဆင်ထားသဖြင့် လုံးဝ ခြားနားသော မျက်နှာတစ်ခု ဖြစ်နေသည်။ သူ့ကို ဖူချန်း အဖြစ်လည်းကောင်း၊ သူ၏ မျက်နှာအစစ်ကိုလည်းကောင်း မည်သူ့ကိုမျှ မမြင်စေလိုပေ။ မြင်သွားလျှင်ပင် သူ့အတွက် မည်သို့မျှ ထိခိုက်စရာ မရှိသော်လည်း အပြင်ကမ္ဘာမှာပင် သူ့ကိုယ်သူ ဖုံးကွယ်တတ်သည့် အလေ့အကျင့် ရအောင် သူ ကြိုးစားနေခြင်း ဖြစ်သည်။
သူသည် အစောင့်များအနားသို့ ရောက်သွား၏။
"ဟေ့... ရပ်စမ်း။ မင်း ဒီမှာ ဘာလုပ်တာလဲ။ ဘာကိစ္စ ရှိလို့လဲ" ငါးမီတာခန့် အကွာတွင် အစောင့်များက သူ့ကို တားဆီးလိုက်သည်။ အချို့အစောင့်များမှာ လုံချန်းကို သံသယဖြင့် ကြည့်ကာ ဓားရိုးအား ကိုင်ထားကြ၏။
"ကျွန်တော် ဘုရင်ခံမင်းသားနဲ့ တွေ့ချင်လို့ပါ" လုံချန်းက စိုးရိမ်ပူပန်မှု အလျဉ်းမရှိဘဲ ပြန်ဖြေလိုက်သည်။
"မင်းမှာ ဘာကိစ္စ ရှိလို့လဲ။ သူက ဘယ်သူ့ကိုမှ တွေ့လေ့မရှိဘူး" အစောင့်များက ခက်ထန်စွာ ပြန်ပြောသည်။
"သူ့ကို သွားပြောပေးပါ။ အနာဂတ်က လာတဲ့ ကောင်လေးအကြောင်း သူရေးထားတဲ့ လျှို့ဝှက်ဆန်းပြားစာအုပ်နဲ့ ပတ်သက်ပြီး တွေ့ချင်တဲ့သူ ရောက်နေတယ်လို့။ သူ ရေးထားတဲ့ အဲဒီကောင်လေးက ကျွန်တော်ပါပဲ၊ သူ့ကို တွေ့ချင်လို့ပါလို့ ပြောလိုက်ပါ" လုံချန်းက ဇာတ်လမ်းဆင်ကာ လိမ်ညာလိုက်သည်။
အစောင့်များက သူ မည်သည်ကို ဆိုလိုမှန်း မသိသဖြင့် သံသယဖြင့် ကြည့်နေကြသည်။
"သွားပြောလိုက်ပါ။ သူ နားလည်လိမ့်မယ်လို့ ကျွန်တော် ကတိပေးပါတယ်" လုံချန်းက ယုံကြည်မှုရှိသော အပြုံးဖြင့် ပြန်ပြောလိုက်၏။
အစောင့်များ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ "မင်း ဝင်ပြီး မင်းသားကို သွားပြောလိုက်ဦး။ သူက ဒီလောက်တောင် ယုံကြည်မှု ရှိနေမှတော့ အကြောင်းတစ်ခုခု ရှိမှာပေါ့" အစောင့်တစ်ယောက်က ဆိုသည်။
အစောင့်တစ်ယောက် နန်းတော်ထဲသို့ ဝင်သွားပြီး လုံချန်းက အပြင်တွင် စောင့်ဆိုင်းနေခဲ့သည်။ မိနစ်အနည်းငယ် ကြာသောအခါ အစောင့် ပြန်ထွက်လာ၏။
"မင်းသားက မင်းကို တွေ့ချင်တယ်တဲ့။ ငါ့နောက်ကို လိုက်ခဲ့" အစောင့်က ဆိုကာ နန်းတော်ထဲသို့ ဦးဆောင် ခေါ်သွားတော့သည်။ အစောင့်များက လမ်းဖယ်ပေးလိုက်ကြသည်။ လုံချန်းက မျက်နှာပေါ်တွင် လှောင်ပြုံးလေး တစ်ခုဖြင့် အစောင့်နောက်မှ ကပ်လိုက်သွားခဲ့သည်။
သူ့ကို ခန်းမဆောင်ကြီးတစ်ခန်းသို့ ခေါ်ဆောင်သွားရာ ထိုနေရာတွင် ပလ္လင်ပေါ်၌ ထိုင်နေသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုအခန်းထဲတွင် အစောင့်ပေါင်း ၂၀ ကျော်က ဝိုင်းရံထားကြ၏။ လုံချန်းသည် ခန်းမထဲသို့ ဝင်ကာ ထိုလူ၏ ရှေ့တွင် ရပ်လိုက်သည်။
"အရှင်က လီရီဟွီ လားခင်ဗျာ" လုံချန်းက ကြောင်အမ်းအမ်း အမူအရာဖြင့် မေးလိုက်သည်။ ဤလူက အဘယ်ကြောင့် ပလ္လင်ပေါ်တွင် ထိုင်နေမှန်း သူ နားမလည်ပေ။
"ဟုတ်တယ်... ငါပဲ။ ပြီးတော့ မင်းက ငါ ရေးထားတဲ့ ကောင်လေး ဆိုတာလား။ သူ့အဖေကို ကယ်ဖို့ အနာဂတ်ကနေ လာခဲ့ပါတယ်ဆိုတဲ့ ဒဏ္ဍာရီထဲက ကောင်လေးလား" ထိုလူက လုံချန်း၏ မျက်နှာအမူအရာမှတစ်ဆင့် သူ၏ ဝိညာဉ်ကို ထိုးဖောက်မြင်နိုင်ရန် ကြိုးစားရင်း မေးလိုက်သည်။
"အရှင် မြင်တဲ့အတိုင်းပါပဲ... ကျွန်တော်က ဒဏ္ဍာရီ မဟုတ်ပါဘူး။ စာအုပ်ထဲမှာ အရှင်ပြောထားတဲ့ လူပါပဲ။ ကျွန်တော် ရုတ်တရက် ခရီးထွက်သွားခဲ့ရာကနေ အခုမှ ပြန်ရောက်လာတာပါ။ အဘိုးနဲ့ တွေ့တော့မှ ဒီစာအုပ်နဲ့ အရှင့်အကြောင်း သိခဲ့ရတာပါ" လုံချန်းက သက်ပြင်းချရင်း ဆိုလိုက်သည်။
"ဪ... မင်းက တကယ် ရှိခဲ့တယ်လို့ ပြောနေတာလား။ ဒါမှမဟုတ် ဟိုအရူးအဘိုးကြီးရဲ့ မြေးလို့ ပြောရမလား။ မင်းသာ တကယ် ရှိခဲ့မယ်ဆိုရင် မြို့ထဲကလူတွေ ဘာလို့ မင်းကို မမှတ်မိကြတာလဲ" ထိုလူက လှောင်ပြုံးဖြင့် မေးသည်။
"အဲဒါက အဲဒီဓားကြောင့်ပါ။ အဘိုးဆီကနေ အရှင် ယူသွားခဲ့တဲ့ အဲဒီဓားကြောင့်ပေါ့။ ကျွန်တော် အဲဒီဓားကို သုံးပြီး လူတွေရဲ့ စိတ်ထဲကနေ ကျွန်တော့်အကြောင်းတွေကို ဖျက်ဆီးပစ်ခဲ့တာလေ" လုံချန်းက စိုးရိမ်မှုမရှိဘဲ ပြန်ဖြေသည်။
"ဪ... အဲဒီဓားမှာ ဒီလို အစွမ်းရှိတာလား။ ငါကတော့ သန်မာတဲ့ ရတနာဓားတစ်လက်လို့ပဲ ထင်ခဲ့တာ၊ ဒီလို အစွမ်းတွေ ရှိလိမ့်မယ်လို့ မထင်ခဲ့ဘူး" ပလ္လင်ပေါ်က လူက အံ့ဩသလိုဖြင့် ဆိုသည်။
"ဒါက သူ့ရဲ့ စွမ်းအားထဲက အစိတ်အပိုင်းလေး တစ်ခုပါပဲ။ ဘာပဲဖြစ်ဖြစ်... အဲဒီဓားကို ယူပေးတဲ့အတွက် အရှင့်ကို လာပြီး ကျေးဇူးတင်တာပါ။ အခုတော့ ဓားက အရှင့်ဆီမှာ တည်ရှိသွားပြီဆိုတော့ ကျွန်တော်လည်း အဲဒီကျိန်စာကနေ လွတ်မြောက်သွားပါပြီ။ ကျေးဇူးတင်ပါတယ်... တကယ်ကို ကျေးဇူးတင်ပါတယ်" လုံချန်းက ကျေးဇူးတင်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းကို အနည်းငယ် ညွှတ်လိုက်သည်။
"အခု ကျေးဇူးတင်စကား ပြောပြီးပြီဆိုတော့ ကျွန်တော် သွားခွင့်ပြုပါဦး" ထိုသို့ ဆိုကာ သူသည် လှည့်ထွက်ရန် ပြင်လိုက်သည်။
"နေဦး" အသက်လတ်ပိုင်း အမျိုးသားက ပလ္လင်ပေါ်မှ ထရပ်ကာ ရုတ်တရက် အော်ပြောလိုက်သည်။
အစောင့်များက လုံချန်း ထွက်မသွားနိုင်ရန် တံခါးရှေ့တွင် ပိတ်ရပ်လိုက်ကြ၏။
"ဟင်... ဘာဖြစ်လို့လဲခင်ဗျာ" လုံချန်းက လှည့်ကြည့်ရင်း မေးသည်။ နောက်ထပ် မည်သို့ ဖြစ်လာမည်ကို သူ ကြိုသိနေသော်လည်း လုံးဝ မသိသလို ဟန်ဆောင်နေခြင်း ဖြစ်သည်။
"မင်းပြောတဲ့ ကျိန်စာဆိုတာ ဘာကို ပြောတာလဲ" ဘုရင့်ညီတော်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။