အခန်း (၇၅၃-၇၅၄)
Vol. 76 Ch. 753-754
အခန်း (၇၅၃) နဂါး ပေါ်လာခြင်း
"မင်းပြောနေတဲ့ ကျိန်စာဆိုတာ ဘာကို ပြောတာလဲ" ဘုရင့်ညီတော်က မျက်မှောင်ကြုတ်ရင်း လုံချန်းကို မေးလိုက်သည်။
"ဟင်... အရှင်က ဓားပိုင်ရှင်အသစ် ဖြစ်လာတဲ့အခါ အဲဒီကျိန်စာအကြောင်း သတင်းအချက်အလက်တွေ မရလိုက်ဘူးလား" လုံချန်းက အံ့ဩသွားသည့် အမူအရာဖြင့် ပြန်မေး၏။
"ဘာသတင်းလဲ။ မင်း ဘာတွေ ပြောနေတာလဲ" ထိုလူက စိတ်မရှည်တော့သဖြင့် ပလ္လင်ကို လက်ဖြင့် ရိုက်ကာ အော်ဟစ်တော့သည်။
"အရှင်က အဲဒီဓားကို ကျွန်တော့်အဘိုးဆီကနေ ယူခဲ့တာ မဟုတ်လား" လုံချန်းက ထပ်မေးလိုက်သည်။
"ဟုတ်တယ်လေ" ထိုလူက စိုးရိမ်စိတ်ဖြင့် ပြန်ဖြေသည်။
"အဲဒီဓားက အခုထိ အရှင့်ဆီမှာ ရှိနေတုန်းပဲ မဟုတ်လား" လုံချန်းက မေးခွန်းကို ဆက်မေးနေ၏။
"အေး... ရှိတယ်"
"ဒါဆို ကျွန်တော် ထင်တာ မှန်တာပေါ့။ အရှင်က ဓားရဲ့ ပိုင်ရှင်အသစ် ဖြစ်သွားပြီပဲ။ ဓားက အရှင့်ဆီမှာ ကပ်ငြိသွားပြီဆိုတော့ ကျွန်တော် ကျိန်စာကနေ လွတ်မြောက်သွားပြီပေါ့" လုံချန်းက ပျော်ရွှင်သွားသည့် အမူအရာဖြင့် ရေရွတ်လိုက်သည်။
"ဒီကျိန်စာအကြောင်းကို ငါ့ကို အပြည့်အစုံ မပြောဘူးဆိုရင် မင်းကို ငါ အခုချက်ချင်း သတ်ပစ်မယ်။ ပြောစမ်း" ဘုရင့်ညီတော်က ဟိန်းဟောက်လိုက်၏။
"ဪ... အရှင်က တကယ်ပဲ မသိသေးတာကိုး။ ဓားက ကျွန်တော့်ဆီမှာ ရှိတုန်းကတော့ ကျွန်တော် အဲဒီသတင်းကို သိခဲ့ရတာပါ။ ဘာပဲဖြစ်ဖြစ်... အရှင် မသိသေးဘူးဆိုရင်လည်း ကျွန်တော် ပြောပြပါ့မယ်" လုံချန်းက ခေါင်းညိတ်ရင်း ဆိုလိုက်သည်။
"ဒီဓားရဲ့ နာမည်က ကျိန်စာသင့်ဓားတဲ့။ အင်မတန် အစွမ်းထက်တဲ့ ဓားဖြစ်ပေမဲ့ ကျိန်စာတစ်ခုနဲ့အတူ လာတာပါ။ ကျိန်စာသင့်တဲ့သူက ထင်ယောင်ထင်မှားတွေ စပြီး မြင်လာရတတ်တယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ တည်ရှိမှုကို ဒီကမ္ဘာကြီးပေါ်ကနေ ဖျက်ဆီးပစ်လိမ့်မယ်။ ဘယ်သူကမှ အဲဒီလူကို မမှတ်မိတော့ဘူး။ တစ်ခါတလေ ဆွေမျိုးအရင်းအချာတွေပဲ မှတ်မိနိုင်ပေမဲ့ အများအားဖြင့်တော့ ဘယ်သူမှ မမှတ်မိတော့ဘူး။ ပြီးတော့ ဒီကျိန်စာက အရှင့်ရဲ့ ခန္ဓာကိုယ်ကို တဖြည်းဖြည်း ပူလာစေလိမ့်မယ်။ တကယ်လို့ အေးစိမ့်နေတဲ့ နေရာမှာ မနေဘူးဆိုရင် အရှင် သေသွားလိမ့်မယ်" လုံချန်းက အလေးအနက် ဆိုလိုက်သည်။
"ကျွန်တော် ကျိန်စာကနေ လွတ်မြောက်တာ သုံးလပဲ ရှိသေးတာဆိုတော့ အဲဒီအချိန်မှာ ဓားက အရှင့်ကို ပိုင်ရှင်သစ်အဖြစ် ရွေးချယ်လိုက်တာ ဖြစ်မှာပါ။ ကျွန်တော် ခန့်မှန်းတာ မှန်မယ်ဆိုရင် အရှင် အခုချိန်ကစပြီး ထင်ယောင်ထင်မှားတွေ မြင်လာရတော့မှာ။ ကျွန်တော့်တုန်းကလည်း ဓားက ကျွန်တော့်ကို ရွေးချယ်ပြီး သုံးလအကြာမှာ အဲဒါတွေ စမြင်လာရတာလေ။ အရှင့်အတွက်လည်း အတူတူပဲ ဖြစ်မှာပါ" လုံချန်းက သက်ပြင်းချရင်း ဆိုလိုက်သည်။
"ဒါကြောင့်လည်း ကျွန်တော့်တုန်းက မိဘတွေ သေဆုံးတာကို ကြိုမြင်နေပြီး အနာဂတ်က ပြန်လာတယ်လို့ ထင်နေခဲ့တာပေါ့"
"ဒါပေမဲ့ မင်းပြောသလိုပဲ မင်းမိဘတွေက သေခဲ့တာ မဟုတ်လား" လီရီဟွီက မေးလိုက်သည်။
"ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒါက တိုက်ဆိုင်မှုတစ်ခုလို့ပဲ ကျွန်တော် ယူဆပါတယ်။ ဘာပဲဖြစ်ဖြစ်... အဲဒီနောက်ပိုင်းမှာ ကျွန်တော် ထင်ယောင်ထင်မှားတွေ အများကြီး ထပ်မြင်ခဲ့ရသေးတယ်။ တစ္ဆေတွေ၊ နဂါးတွေ၊ ဖီးနစ်ငှက်တွေနဲ့ အခြားအရာတွေ အများကြီးပဲ။ ကျွန်တော် ရူးတော့မလို ဖြစ်ခဲ့ရသလို ခန္ဓာကိုယ်ကလည်း အရမ်းပူလာလို့ အေးတဲ့နေရာကို ရှာပြီး ထွက်ပြေးခဲ့ရတယ်။ ဓားက အရှင့်ဆီ လုံးဝ ရောက်သွားပြီး ကျွန်တော့်ဆီက ကျိန်စာ လွတ်သွားတဲ့အထိ အဲဒီမှာပဲ နေခဲ့ရတာ"
လုံချန်း ပြောလေလေ လီရီဟွီ ပိုပြီး စိုးရိမ်လာလေလေ ဖြစ်နေသည်။
"ဘာပဲဖြစ်ဖြစ်... ကျွန်တော့် အတွေ့အကြုံအရဆိုရင်တော့ ထင်ယောင်ထင်မှားတွေ စမြင်ပြီး တစ်ရက်ကနေ တစ်ပတ်အတွင်းမှာ အရှင့်ခန္ဓာကိုယ်က စပူလာလိမ့်မယ်။ အေးတဲ့နေရာကို မသွားရင် အရှင် သေနိုင်တယ်။ အရှင့်ရဲ့ တည်ရှိမှုကတော့ ပထမဆုံး ထင်ယောင်ထင်မှား မြင်ပြီး တစ်ရက်အကြာမှာတင် ဖျက်ဆီးခံရမှာဆိုတော့ လူတိုင်းက အရှင့်ကို မေ့သွားကြလိမ့်မယ်" လုံချန်းက ပြောရင်း ကျေးဇူးတင်ကြောင်း ထပ်မံ ဦးညွှတ်လိုက်သည်။
"ကျွန်တော် သိသမျှ အကုန်ပြောပြပြီးပြီဆိုတော့ သွားခွင့်ပြုပါဦး"
လုံချန်း၏ မျက်လုံးများက မြူနှင်းရောင်ကဲ့သို့ ဖြူဖွေးသွားသော်လည်း အခန်းထဲရှိ မည်သူမျှ မမြင်လိုက်ကြပေ။ ဘုရင့်ညီတော်မှာ လုံချန်း စကားများက အမှန်လား၊ အမှားလား ဆိုသည်ကို တွေးတောနေဆဲ ဖြစ်သည်။ သူ လုံချန်းကို မလွှတ်ချင်သေးဘဲ တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ခန်းမဆောင်ကြီး၏ အမိုးက အလယ်ကနေ ကွဲထွက်သွားသည်ကို သူ မြင်လိုက်ရသည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော နဂါးကြီးတစ်ကောင်က ထိုအပေါက်ထဲကနေ အခန်းထဲသို့ ဝင်လာတော့သည်။
"ဝါး... နဂါးကြီး၊ နဂါးကြီးရှိနေတယ်ဟေ့။ ဒီကောင်ကို သတ်ကြစမ်း။ အခုချက်ချင်း သတ်ကြ" ဘုရင့်ညီတော်မှာ ကလေးတစ်ယောက်လို အော်ဟစ်ရင်း နောက်သို့ ဆုတ်ကာ ပလ္လင်ပေါ်ကနေ ပြုတ်ကျသွားတော့သည်။
နဂါးကြီးက ဘုရင့်ညီတော်ဆီသို့ ပျံသန်းလာသော်လည်း သူ့ကို ထိတွေ့တော့မည့် အချိန်မှာပင် ပျောက်ကွယ်သွားတော့သည်။
လီရီဟွီမှာ နဂါးကြီး ပျောက်သွားသည်ကို မြင်လိုက်ရပြီး မျက်နှာတစ်ခုလုံး ချွေးတွေ စိုရွှဲနေ၏။
"နဂါးကြီး ဘယ်ရောက်သွားတာလဲ။ မင်းတို့ အစုတ်အပဲ့တွေက ငါ့ကို မကာကွယ်ဘဲ ဘာလို့ မလှုပ်မယှက် ရပ်နေကြတာလဲ။ ကြောက်လွန်းလို့ တုန်နေကြတာလား။ ငါ့အစောင့်တွေက ဘာလို့ ဒီလောက် အသုံးမကျရတာလဲ။ ငါ့နောင်တော်ဆီ သွားပြီး နဂါးကြီး ပေါ်လာတဲ့အကြောင်း ပြောရမယ်" သူက ချွေးတွေကို သုတ်ရင်း ဆိုလိုက်သည်။
"ဒါ... ဒါပေမဲ့ အရှင်မင်းသား... ဟိုမှာ ဘာမှ မရှိပါဘူး" အစောင့်များက ကြောင်အမ်းအမ်းဖြင့် ပြန်ဖြေကြသည်။
"ဘာမှ မရှိဘူး ဟုတ်လား။ ဒါက ငါ ထင်ယောင်ထင်မှား မြင်နေရတာလို့ ပြောချင်တာလား။ ဒီကလေးက မဟုတ်ကဟုတ်ကတွေ လာပြောလို့ ငါ ရူးသွားပြီလို့ ထင်နေတာလား။ မင်းတို့တွေ အမိုးကြီး ကွဲထွက်သွားတာကို မမြင်ကြ..."
လီရီဟွီက သူပြောတာ မှန်ကြောင်း သက်သေပြရန် အမိုးကို လှမ်းကြည့်လိုက်သော်လည်း အမိုးက မည်သည်မျှ မဖြစ်ဘဲ ပုံမှန်အတိုင်း ရှိနေသည်ကို တွေ့ရသဖြင့် ဆွံ့အသွားတော့သည်။
"ဘ... ဘယ်လိုဖြစ်နိုင်မှာလဲ" သူက ငိုင်ကျသွားရှာသည်။
"ဟင်... ကြည့်ရတာ စနေပြီပဲ။ အရှင် ထင်ယောင်ထင်မှားတွေ စမြင်နေရပြီ။ ကျွန်တော် ခန့်မှန်းတဲ့ အချိန်အတိုင်းပဲ။ မနက်ဖြန်ဆိုရင်တော့ လူတိုင်း အရှင့်ကို မေ့သွားကြတော့မယ်" လုံချန်းက သက်ပြင်းချရင်း ဆိုလိုက်သည်။ သူသည် ထိုလူ ကြားနိုင်လောက်သည့် အသံဖြင့် တမင် ရည်ရွယ်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။
လီရီဟွီသည် နောက်ဆုံးတွင် လုံချန်းကို လုံးဝ ယုံကြည်သွားတော့သည်။ လုံချန်းတစ်ယောက်သာလျှင် သူ့ကို ဤဒုက္ခမှ ကယ်တင်နိုင်မည်ဟု သူ ခံစားနေရ၏။ သူ မရူးချင်သလို အေးစိမ့်နေသော နေရာတွင်လည်း မနေချင်ပေ။ အဆိုးဆုံးကတော့ လူများက သူ့အား မေ့သွားမည်ကို သူ အကြောက်ဆုံးပင်။
လီရီဟွီက ကိုယ့်ကိုယ်ကိုယ် အလွန် အထင်ကြီးသော သူ ဖြစ်သည်။ သူသည် လူများက သူ့ကို အမှတ်ရနေစေချင်သည်။ သူ့နိုင်ငံမှာတင် မကဘဲ တစ်ကမ္ဘာလုံးက သိစေချင်သူ ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် ငယ်စဉ်ကတည်းက စာရေးဆရာ၊ ပန်းချီဆရာ စသည်ဖြင့် နာမည်ကျော်အောင် လုပ်ခဲ့ခြင်း ဖြစ်သည်။ လူများက သူ့ကို မေ့သွားမယ်ဆိုသည့် အတွေးက သူ့အတွက်တော့ ငရဲကျသလိုပင်။
"မင်း၊ မင်း အသက်ရှင်လျက် ဒီကနေ ထွက်သွားချင်ရင် ဒီကျိန်စာကို ဖြည်နိုင်မယ့် နည်းလမ်းကို ပြောစမ်း။ ငါ အေးအေးဆေးဆေး မနေရဘူးဆိုရင် မင်းကိုလည်း အသက်ရှင်ခွင့် မပေးဘူး" သူက လုံချန်းကို စိုက်ကြည့်ရင်း ဟိန်းဟောက်လိုက်သည်။
"ဟင့်အင်း... ကျွန်တော် မပြောရဲဘူး။ ကျွန်တော် ပြောပြလိုက်ရင် ကျွန်တော့်အတွက် ဒုက္ခရောက်လိမ့်မယ်" လုံချန်းက တွန့်ဆုတ်နေသည့် အမူအရာဖြင့် နောက်သို့ ဆုတ်လိုက်သည်။
"မင်း မပြောရင် အခုချက်ချင်း သေရမယ်။ သေချာ စဉ်းစားစမ်း ကောင်လေး။ မင်း အသက်ကို လိုချင်လား၊ မလိုချင်ဘူးလား"
"အို... ဘုရားသခင်... ကျွန်တော် ဘာလို့ ဒီကို လာခဲ့မိပါလိမ့်။ ကောင်းပါပြီ... ကျွန်တော် ပြောပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့" လုံချန်းက နောင်တရနေသည့် မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။
"ဒီဓားကို တခြားတစ်ယောက်ကို ပေးလိုက်ပြီး စောင့်နေရုံပါပဲ။ အဲဒီဓားက အဲဒီလူကို ပိုင်ရှင်သစ်အဖြစ် ရွေးချယ်လိုက်ပြီဆိုရင် အရှင် ကျိန်စာကနေ လွတ်မြောက်သွားပါလိမ့်မယ်။ အဲဒီအချိန်အထိတော့ အရှင် ကျိန်စာကို ခံစားနေရဦးမှာပါ" လုံချန်းက ရှင်းပြလိုက်၏။
"ဪ... ဒါဆို ဓားက ပိုင်ရှင်သစ်ကို ရွေးဖို့ ဘယ်လောက် ကြာတတ်လဲ" လီရီဟွီက မျှော်လင့်ချက်ဖြင့် မေးသည်။
"ကျွန်တော်လည်း မသိဘူး။ ကျွန်တော့်ဆီကနေ အရှင့်ကို ရွေးဖို့ဆိုရင် နှစ်ပေါင်း ၂၀ နီးပါး ကြာခဲ့တာလေ။ အဲဒီလောက် ကြာနိုင်သလို ဒီထက်လည်း ပိုကြာနိုင်ပါတယ်"
"ဘာကွ၊ ဒါဆိုရင် ငါ တစ်သက်လုံး ဒီကျိန်စာကို ခံနေရမှာပေါ့။ ဒါထက် ပိုမြန်ပြီး သေချာပေါက် အလုပ်ဖြစ်မယ့် နည်းလမ်းကို ပြောစမ်း။ မဟုတ်ရင် မင်းကို အခုချက်ချင်း သတ်ပစ်မယ်" လီရီဟွီက လုံချန်းကို လက်ညှိုးထိုးရင်း ထပ်မံ ခြိမ်းခြောက်ပြန်သည်။
အစောင့်များကလည်း လုံချန်းကို လက်နက်များဖြင့် ဝိုင်းထားကြ၏။
"ငါ မင်းကို ၅ မိနစ် အချိန်ပေးမယ်။ နည်းလမ်း ရှာမပေးနိုင်ရင် မင်း သေပြီသာမှတ်" လီရီဟွီက ဆိုကာ ပလ္လင်ပေါ်တွင် ပြန်ထိုင်လိုက်သည်။
အခန်း (၇၅၄) စမ်းသပ်ချက်
"မဖြစ်ဘူး၊ မဖြစ်ဘူး။ တကယ်လို့ ကျွန်တော်က အရှင့်ကို ဒီဓားကို အရင်ပိုင်ရှင်ဆီ ပြန်ပေးလိုက်ရင် ဓားက သူ့ကို ချက်ချင်း ပြန်လက်ခံပြီး ကျိန်စာကလည်း ချက်ချင်း ပြေပျောက်သွားလိမ့်မယ်လို့ ပြောပြလိုက်ရင် အရှင်က ကျွန်တော့်ကို ပြန်ပေးမှာပေါ့။ ကျွန်တော် အဲဒီကျိန်စာကြီးကို ပြန်မလိုချင်တော့ဘူး" လုံချန်းက တုန်တုန်ယင်ယင်ဖြင့် နောက်သို့ ဆုတ်ရင်း ပြောလိုက်သည်။
"ကျွန်တော့်ကို သွားခွင့်ပြုပါ" သူသည် ထွက်ပြေးရန် လှည့်လိုက်သော်လည်း အစောင့်များက တံခါးဝတွင် ပိတ်ထားကြသည်။ "ကျွန်တော် ဓားကို ပြန်မယူချင်ဘူး။ သွားပါရစေ၊ ဒုက္ခတွေ ထပ်မခံချင်တော့ဘူး... ကျွန်တော် တော်တော်လေး ခံစားခဲ့ရပြီးပြီ"
"ဟားဟားဟား... ဒါကြောင့်ကိုး။ ပိုင်ရှင်အသစ် ရွေးဖို့က အချိန်ကြာတတ်ပေမဲ့ ပိုင်ရှင်ဟောင်းကိုတော့ ချက်ချင်း ပြန်လက်ခံတာပေါ့" လီရီဟွီက ဒုက္ခမှ လွတ်မြောက်မည့် လမ်းစကို ရှာတွေ့သွားသလို တဟားဟား ရယ်မောတော့သည်။
လုံချန်းမှာ ထွက်ပြေးဖို့ လမ်းမရှိတော့သဖြင့် လှည့်ပြန်လာခဲ့ရသည်။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ။ ကျိန်စာကြီးကို ပြန်မလိုချင်တော့ဘူး။ ကျွန်တော် အဲဒါကြီးကနေ လွတ်မြောက်ပြီးမှ အိမ်ပြန်လာနိုင်တာပါ။ အေးစိမ့်တဲ့ နေရာတွေကို ထပ်ပြီး မသွားချင်တော့ဘူး" လုံချန်းက ငိုမဲ့မဲ့ မျက်နှာဖြင့် အသနားခံနေသည်။
ထိုအချိန်မှာပင် လီရီဟွီ၏ ရှေ့တွင် ဟင်းလင်းပြင် တံခါးပေါက် တစ်ခု ရုတ်တရက် ပေါ်လာပြန်သည်။ လီရီဟွီမှာ မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်နေစဉ်မှာပင် ထိုတံခါးပေါက်ထဲကနေ ဖီးနစ်ငှက် တစ်ကောင် ထွက်လာတော့သည်။
ဖီးနစ်ငှက်က အပေါ်သို့ ပျံတက်ကာ စူးရှစွာ အော်ဟစ်ပြီးမှ အောက်သို့ ပြန်ဆင်းလာ၏။ ၎င်းက လီရီဟွီ ရှိရာသို့ တန်းတန်းမတ်မတ် ပျံသန်းလာသည်။
"အစောင့်တွေ၊ ငါ့ကို ကာကွယ်ကြစမ်း။ ဒီကြောက်စရာကောင်းတဲ့ သားရဲကြီးရန်ကနေ ငါ့ကို ကာကွယ်ကြ" လီရီဟွီမှာ ကလေးတစ်ယောက်လို အော်ဟစ်ရင်း အနားက အစောင့်တစ်ယောက်ဆီ ပြေးကပ်တော့သည်။ အစောင့်များကတော့ မည်သည်မျှ မမြင်ရသဖြင့် ကြောင်ကြည့်နေကြ၏။
"အရှင်မင်းသား... ဟိုမှာ ဘာမှမရှိပါဘူး။ အရှင် နောက်တစ်ခါ ထင်ယောင်ထင်မှား ဖြစ်နေပြန်ပြီ ထင်တယ်" အစောင့်က လီရီဟွီကို ပြောလိုက်သည်။
"ထ... ထင်ယောင်ထင်မှား ဟုတ်လား" လီရီဟွီက လှည့်ကြည့်လိုက်သောအခါ ဖီးနစ်ငှက်ကော၊ တံခါးပေါက်ကော ပျောက်ကွယ်သွားပြီ ဖြစ်သည်။
"အို... မဖြစ်တော့ဘူး။ ဒါမျိုးတွေ ဆက်မဖြစ်စေရဘူး။ ဒီထင်ယောင်ထင်မှားတွေ ရပ်တန့်ရမယ်။ မင်း ဘာပြောပြော ငါ ဂရုမစိုက်ဘူး။ မင်း ဒီဓားကို ယူပြီး ငါနဲ့ဝေးရာကို ထွက်သွားတော့။ ငါ နင့်ကို နောက်တစ်ခါ ထပ်တွေ့ရင်တော့ အသေပဲ" ထိုလူက ချွေးတွေကို သုတ်ရင်း လုံချန်းအား ဟိန်းဟောက်လိုက်သည်။
"မင်းတို့ နှစ်ယောက်... ငါ့အခန်းကို လိုက်ခဲ့။ ကျန်တဲ့လူတွေကတော့ ငါ ပြန်မလာမချင်း ဒီကောင့်ကို စောင့်ကြည့်ထား။ ထွက်ပြေးသွားလို့ကတော့ မင်းတို့အားလုံး မနက်ဖြန် နေထွက်တာကို မြင်ရမှာ မဟုတ်ဘူး" လီရီဟွီက ဆိုကာ ခန်းမထဲကနေ ထွက်သွားတော့သည်။
သူသည် အစောင့်နှစ်ယောက်အား ခေါ်သွားပြီး လုံချန်းကိုတော့ ကျန်သောအစောင့်များနှင့် ထားရစ်ခဲ့သည်။
'ဒါက တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ။ နင်က နန်းတော်ထဲ ခိုးဝင်ပြီး ဓားကို ခိုးမယ်လို့ ပြောခဲ့တာ မဟုတ်လား။ ဘာလို့ အခုလို နည်းလမ်းကို သုံးဖို့ ဆုံးဖြတ်လိုက်တာလဲ' ရွှင်းက လုံချန်းကို မေးလိုက်သည်။
'ဓားက ဘယ်မှာ သိမ်းထားလဲဆိုတာ ငါ မသိဘူးလေ။ အခုလို လုပ်လိုက်တာက ပိုလွယ်သွားတာပေါ့။ မဟုတ်ရင် ငါ ဒီအရူးနဲ့ တွေ့ဖို့ မလွယ်ဘူး။ ပြီးတော့ အခုက နေ့ဘက်ဆိုတော့ အရိပ်အသွင်ပြောင်းခြင်းက သုံးလို့မရဘူးလေ။ နောက်ပြီး... ကြောက်ရွံ့ခြင်းဆိုတာ အားကောင်းတဲ့ လက်နက်တစ်ခု ဖြစ်နိုင်မလားဆိုတာ ငါ စမ်းသပ်ချင်တာလည်း ပါတယ်' လုံချန်းက စိတ်ထဲကနေ ရွှမ်းကို ပြန်ဖြေလိုက်သည်။
သူသည် အချိန်ဓား ဆိုသည်က မည်သို့ ရှိမည်မှန်း တွေးပြီး ရင်ခုန်နေမိသည်။ မကြာမီမှာပင် သူသည် နတ်ဘုရားအဆင့် လက်နက်တစ်လက်ကို ကိုင်ဆောင်ရတော့မည် မဟုတ်လား။ ဒဏ္ဍာရီလာ အစွမ်းအထက်ဆုံး လက်နက်က သူ့လက်ထဲ ရောက်တော့မည် ဖြစ်သည်။
'အချိန်ဓား... ဒါကတင် ဒီစမ်းသပ်ချက်ရဲ့ ထိုက်တန်တဲ့ ဆုလာဘ်တစ်ခု ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါ အောင်မြင်သွားရင် ဒီထက်မက ရဦးမှာ သေချာတယ်။ ဓားက ဘယ်လိုပုံစံလဲ သိချင်လိုက်တာ။ ရွှင်းတောင် ငါ့ကို မပြောပြဘူး။ တကယ့်ကို မိုက်မယ့်ပုံပဲ' လုံချန်းက တံခါးဝကို လှမ်းကြည့်ရင်း တွေးနေမိသည်။
"ထွက်ပြေးဖို့ မစဉ်းစားနဲ့။ မင်းသာ ထွက်ပြေးဖို့ ကြိုးစားရင် နောင်တရသွားလိမ့်မယ်" လုံချန်းက တံခါးဘက်ကို ကြည့်နေသည်ကို မြင်သောအခါ အစောင့်များက အထင်လွဲပြီး သတိပေးလိုက်ကြသည်။
လုံချန်းကတော့ သက်ပြင်းချရင်း ခေါင်းညိတ်ပြလိုက်သည်။
'ငတုံးတွေ... ငါက ဘာလို့ ထွက်ပြေးရမှာလဲ။ ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး လက်နက်ကြီးက မိနစ်ပိုင်းအတွင်း ငါ့လက်ထဲ ရောက်တော့မှာလေ။ ဒါကို ထွက်ပြေးတဲ့လူဟာ တကယ့် ငတုံးပဲ ဖြစ်မှာပေါ့' လုံချန်းက ခေါင်းငုံ့ထားရင်း တွေးနေမိသည်။
မကြာမီ တံခါးပွင့်သံ ကြားလိုက်ရသဖြင့် လှမ်းကြည့်လိုက်ရာ လီရီဟွီ ပြန်ရောက်လာသည်ကို တွေ့ရသည်။ သူ့လက်ထဲတွင် ဓားတစ်လက် ပါလာ၏။ ထိုဓားမှာ တစ်လက်လုံး ရွှေရောင်တောက်နေပြီး ဓားသွားပေါ်တွင် စိန်ကဲ့သို့သော ကျောက်မျက်ရတနာများ စီခြယ်ထားသဖြင့် အလွန်တန်ဖိုးကြီးမည့်ပုံ ပေါ်သည်။
လုံချန်းသည် ထိုဓားကို ကြည့်ပြီး ဝမ်းသာသွားသည်။ အချိန်ဓားက တကယ့်ကို အံ့ဩစရာ ကောင်းသည်။ သူ စိတ်မပျက်မိသော်လည်း သူ၏ သရုပ်ဆောင်မှုကိုတော့ မမေ့ပေ။ သံသယ မဝင်အောင် ဆက်ပြီး သရုပ်ဆောင်ရဦးမည်။
"ရော့... မင်းရဲ့ ဓားကို ယူသွားတော့" လီရီဟွီက ဓားကို လုံချန်းအား ပေးရန် လက်ကမ်းလိုက်သော်လည်း လုံချန်းက ဓားအား မယူပေ။
"ကျွန်တော့်ကို ငတုံးလို့ ထင်နေတာလား" လုံချန်းက ထိုလူ၏ မျက်လုံးများကို စိုက်ကြည့်ကာ စိတ်ပျက်လက်ပျက် လေသံဖြင့် ပြန်ပြောလိုက်သည်။
သူက ဤကျိန်စာသင့်ဓားကို မယူလိုကြောင်း ဇာတ်လမ်း ဆက်ခင်းဖို့ ပြင်လိုက်သော်လည်း သူ တစ်ခွန်းမျှ ဆက်မပြောရ သေးခင်မှာပင် ထိုလူက တဟားဟား ရယ်မောလိုက်တော့သည်။
"ငါ အပိုတွေ စိုးရိမ်နေမိတာပဲ။ မင်းက အတုမဟုတ်ဘူးပဲ။ ဒါက ဓားအစစ် မဟုတ်ဘူးဆိုတာ မင်း သိနေတာပဲကိုး။ စိတ်မပူပါနဲ့... မင်းကို ငတုံးလို့ ငါ မထင်ပါဘူး။ မင်းက ဓားအတုကို ခွဲခြားနိုင်လားဆိုတာ စမ်းကြည့်ရုံပါ" လီရီဟွီ၏ စကားကြောင့် လုံချန်း ဆွံ့အသွားတော့သည်။
'ဟမ်... ငါ ဒါကို မစဉ်းစားမိဘူး။ သူ ကြောက်နေတာ မှန်ပေမဲ့ သတိမရှိတာတော့ မဟုတ်ဘူးပဲ။ ဓားအတုနဲ့ ငါ့ကို လာစမ်းတာပေါ့။ တကယ်ပဲ ကံကောင်းလို့သာ... ငါက ဇာတ်လမ်းခင်းဖို့ ဒေါသထွက်ပြလိုက်တာကို သူက ဓားအတုပြလို့ စိတ်ဆိုးတယ်လို့ အထင်လွဲသွားတာ။ မဟုတ်ရင်တော့ ငါ ဒီကလူတွေကို သတ်ပြီးမှ ထွက်ပြေးရတော့မှာ။ ဒါပေမဲ့ ဓားအစစ်ကိုတော့ ရမှာ မဟုတ်ဘူး' လုံချန်းက စိတ်ထဲကနေ သက်ပြင်းချရင်း အမူအရာ ပျက်မသွားအောင် ထိန်းထားလိုက်သည်။
လီရီဟွီက တံခါးဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။ "ဓားအစစ်ကို ယူလာခဲ့"
တံခါး ထပ်မံ ပွင့်လာပြီး အစောင့်တစ်ယောက် ဝင်လာသည်။ ထိုအစောင့်သည် အလွန်လေးလံပုံရသော ဓားတစ်လက်ကို လက်နှစ်ဖက်ဖြင့် မကာ သယ်လာတော့သည်။