အခန်း (၇၅၉-၇၆၀)
Vol. 76 Ch. 759-760
အခန်း (၇၅၉) ဖီးနစ်အဖွဲ့အစည်းနှင့် ရင်ဆိုင်ခြင်း
“နေဦး... အဲဒီဝတ်စုံ။ နဂါးစစ်သည်တော် အယုတ်တမာ... မင်း ဘယ်လိုသတ္တိနဲ့ ငါတို့မြို့ထဲကို ခြေလှမ်းကျရဲတာလဲ”
လုံချန်းသည် အစောင့်လေးဦးကို သုတ်သင်ပြီး မြို့အတွင်းသို့ လှမ်းဝင်လိုက်စဉ်မှာပင် ကောင်းကင်ယံ၌ မည်းမှောင်သော တိမ်တိုက်တို့ ဖုံးလွှမ်းသွားသည်ကို တွေ့လိုက်ရ၏။ အဝေးတစ်နေရာမှ ဒေါသတကြီး ဟိန်းဟောက်သံကိုလည်း ကြားလိုက်ရလေသည်။
သူသည် ထိုအသံလာရာသို့ လှည့်ကြည့်လိုက်ရာ အပြာရောင် ဆံပင်နှင့် အမျိုးသားတစ်ဦး မိမိထံသို့ ပြေးဝင်လာသည်ကို မြင်တွေ့ရ၏။ ထိုသူ၏ နောက်ကျောဘက်တွင်မူ လက်အတွင်း၌ လျှပ်စစ်မိုးကြိုးတို့ကို ဆုပ်ကိုင်ထားသော ဘီလူးကြီးတစ်ကောင်၏ ဝိညာဉ်အရိပ်မှာ ခန့်ညားစွာ ရှိနေပေသည်။
“ဒီမြို့မှာ ဖီးနစ်အဖွဲ့ဝင် တစ်ယောက် ရှိနေတာလား။ သူ ဒီမှာ ဘာလုပ်နေတာလဲ။ သူတို့ဆိုတာ တောင်ဘက်နယ်စပ် ဒါမှမဟုတ် တော်ဝင်မြို့တော်မှာပဲ ရှိနေရမှာ မဟုတ်လား” လုံချန်းသည် ထိုသူအား ကြည့်ရင်း ဝေခွဲမရ ဖြစ်နေမိသည်။
သူ တွေးတော၍ မဆုံးသေးမီမှာပင် ကောင်းကင်ယံ၌ တောက်ပသော အလင်းတန်းတစ်တန်း လက်ခနဲ ပေါ်လာပြီး လျှပ်စီးမိုးကြိုးတစ်တန်းသည် သူ၏ ဦးခေါင်းထက်သို့ တည့်တည့်မတ်မတ် ကျဆင်းလာတော့၏။
“ဝုန်း...”
မိုးကြိုးအရှိန်သည် လုံချန်း၏ အနားသို့ မဆိုက်ရောက်မီမှာပင် သူသည် နေရာပြောင်းခြင်းဖြင့် နေရာရွှေ့လိုက်သော်လည်း သူ၏ အသံမှာမူ မူလနေရာ၌ပင် ကျန်ရစ်ခဲ့လေသည်။
သူသည် အပြာရောင်ဆံပင်နှင့် လူ၏ နောက်ကျောဘက်၌ ရုတ်တရက် ပေါ်လာပြီး မီးလျှံရေခဲဓား ဖြင့် ခုတ်ပိုင်းရန် ပြင်လိုက်၏။ သို့သော် လုံချန်း ရပ်နေသည့် နေရာသို့ နောက်ထပ် မိုးကြိုးတစ်ချက် ထပ်မံ ကျဆင်းလာပြန်သဖြင့် သူသည် တိုက်ကွက်ကို မပြီးဆုံးနိုင်ဘဲ ထပ်မံ ရှောင်တိမ်းလိုက်ရပြန်သည်။
“မင်းရဲ့ လှည့်ကွက်တွေက ငါ့အပေါ်မှာ အလုပ်ဖြစ်လိမ့်မယ် ထင်နေသလား” အပြာရောင်ဆံပင်နှင့် လူက တိုးတိုးလေး ရေရွတ်၏။
“ငါဟာ ဖီးနစ်အဖွဲ့အစည်းရဲ့ ဒုတိယခေါင်းဆောင်ပဲ။ မင်းရဲ့ ဒီကလေးကစားစရာ လှည့်ကွက်တွေဟာ ငါ့ရဲ့ မိုးကြိုးဘီလူး စစ်ဝိညာဉ် ရှေ့မှာတော့ အရေးမပါလှဘူး။ အခု ဒူးထောက်ပြီး မင်းရဲ့ သေခြင်းတရားကို လက်ခံလိုက်စမ်း” ထိုသူသည် လုံချန်းအား လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်ကာ တဟားဟား ရယ်မောလေသည်။ သူ၏ ခရမ်းရောင် မျက်ဝန်းတို့သည်လည်း အရောင်တလက်လက် တောက်ပနေပေသည်။
လုံချန်းသည် အသက်ပင် ဝဝမရှူရသေးမီမှာပင် နောက်ထပ် မိုးကြိုးတစ်ချက် ကျဆင်းလာပြန်သဖြင့် ထပ်မံ၍ နေရာရွှေ့လိုက်ရပြန်၏။
“ဖီးနစ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် ဟုတ်လား။ အင်အားအကြီးဆုံးထဲမှာ ဒုတိယမြောက်ပေါ့။ ဒါကြောင့်လည်း မင်းက ဒီလောက် အစွမ်းထက်နေတာကိုး။ ဒါပေမဲ့ မင်း နိုင်ပြီလို့ ထင်နေရင်တော့ ငါ့ကို အထင်သေးလွန်းရာ ရောက်လိမ့်မယ် သူငယ်ချင်း” လုံချန်းသည် ကောင်းကင်ယံသို့ လက်ညှိုးညွှန်လျက် ဆိုလိုက်၏။
“မည်းမှောင်တဲ့ တိမ်တိုက်တွေကို ပြင်ဆင်ပေးတဲ့အတွက် ကျေးဇူးပဲ။ ဒါဟာ ငါ့အတွက်တော့ အလုပ်လုပ်ရတာ ပိုလွယ်သွားတာပေါ့” သူ၏ မျက်နှာထက်တွင် မဲ့ပြုံးတစ်ခု ပေါ်လာချေပြီ။
“မင်းက မိုးကြိုးကို နှစ်သက်တာလား။ ဒါဆိုရင်လည်း ငါတို့ မိုးကြိုးနဲ့ပဲ ကစားကြတာပေါ့!” လုံချန်းသည် ကောင်းကင်သို့ ချိန်ရွယ်ထားသော သူ၏ လက်သီးကို တင်းတင်းဆုပ်လိုက်၏။ သူ၏ နှုတ်ခမ်းလွှာတို့သည် အနည်းငယ် လှုပ်ရှားသွားပြီး စကားနှစ်လုံး ထွက်ပေါ်လာသည်။
“မိုးကြိုးဓားသွား”
လုံချန်းသည် သူ၏ လက်ကို နှိမ့်ချလိုက်ပြီး အပြာရောင်ဆံပင်နှင့် လူထံသို့ ချိန်ရွယ်လိုက်၏။ ကောင်းကင်ယံမှ မိုးကြိုးတစ်ချက် ကျဆင်းလာသော်လည်း ဤတစ်ကြိမ်တွင်မူ ပစ်မှတ်မှာ လုံချန်း မဟုတ်ချေ။ ၎င်းသည် လုံချန်း၏ သိုင်းကွက်ဖြင့် ဖန်တီးလိုက်သော မိုးကြိုးပင် ဖြစ်ပေသည်။
အပြာရောင်ဆံပင်နှင့် လူသည် မိမိထံသို့ ကျဆင်းလာသော မိုးကြိုးကို မြင်တွေ့ရသောအခါ မျက်နှာပျက်သွားပြီး ဘေးသို့ အသည်းအသန် ခုန်ရှောင်လိုက်ရ၏။
လုံချန်းသည် ထိုသူ ဆိုက်ရောက်လာမည့် နေရာ၌ အသင့်စောင့်နေချေပြီ။ သူသည် ဓားဖြင့် ခုတ်ပိုင်းလိုက်သော်လည်း ထိုသူ၏ မိုးကြိုးတစ်ချက် ထပ်မံ ကျဆင်းလာပြန်သဖြင့် လုံချန်းမှာ ထပ်မံ ရှောင်တိမ်းလိုက်ရပြန်သည်။
“မင်းက တော်တော် မြန်တာပဲ။ အံ့အားသင့်နေတဲ့ အချိန်မှာတောင် အာရုံမပျက်ဘူး။ ဒါကြောင့်လည်း ဒီရာထူးကို ရထားတာပေါ့” လုံချန်းသည် ထိုသူအား တည်ကြည်စွာ ကြည့်လျက် ဆို၏။
“မင်းက ငါ့လိုပဲ မိုးကြိုးကို ဘယ်လို ထိန်းချုပ်နိုင်တာလဲ။ မင်းမှာလည်း မိုးကြိုးဘီလူး စစ်ဝိညာဉ် ရှိနေတာလား” ထိုသူက ခက်ထန်သော လေသံဖြင့် မေးမြန်းလိုက်သည်။
“မဖြစ်နိုင်တာ။ မင်းရဲ့ နောက်ကျောမှာ ဘာစစ်ဝိညာဉ်အရိပ်မှ မရှိဘူး။ မင်းရဲ့ မိုးကြိုးထိန်းချုပ်နိုင်စွမ်းက ငါ့ထက် မြင့်မားဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ ဒီလို ချက်ချင်း နေရာရွှေ့နိုင်တဲ့ အစွမ်းကလည်း စစ်ဝိညာဉ် တစ်ခုခုကြောင့်ပဲ ဖြစ်ရမယ်။ ငါ တစ်ယောက်ယောက်အကြောင်း ကြားဖူးသားပဲ။ မင်းဟာ ပြီးခဲ့တဲ့ အခေါက်က နန်းတွင်းဆရာကြီးကို သတ်ခဲ့တဲ့သူ မဟုတ်လား”
“အဲဒီ အဘိုးကြီးလား... ဟုတ်တယ်လေ။ အဲဒီ အယုတ်တမာကို သတ်ရတာ တကယ့်ကို ပျော်စရာ ကောင်းပါတယ်။ မင်း ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး” လုံချန်းက ရယ်မောလျက် ပြန်ဖြေ၏။
“မပူပါနဲ့... ငါ မင်းကို ကျေးဇူးတင်မှာ မဟုတ်ဘူး။ ငါ မင်းကို သတ်ပြီး အကြွေးဆပ်ရမှာပေါ့။ ဒါဆိုရင် ကျေးဇူးတင်ဖို့ မလိုတော့ဘူးလေ။ မင်း ဒီနေ့ သေရမယ်” အပြာရောင်ဆံပင်နှင့် လူက ဆိုလိုက်၏။ သူ၏ ခရမ်းရောင် မျက်ဝန်းတို့သည် လုံချန်းအား အကဲခတ်နေပေသည်။
“မင်းရဲ့ ဒီမိုးကြိုးစုတ်လေးတွေနဲ့ ငါ့ကို သတ်နိုင်မယ်လို့ ထင်နေရင်တော့ မင်း တော်တော်လေး မှားသွားလိမ့်မယ်” လုံချန်းက မဲ့ပြုံး ပြုံးလိုက်၏။ သူ၏ မျက်ဝန်းတို့သည် မြူနှင်းရောင်ကဲ့သို့ ဖြူဖွေးသွားပြီး ထိုသူအား စိုက်ကြည့်လိုက်သည်။
သူသည် ထိုသူ့ထံသို့ နှေးကွေးသော ခြေလှမ်းတို့ဖြင့် တစ်လှမ်းချင်း လျှောက်လှမ်းသွားပေသည်။
“ကြည့်ကြသေးတာပေါ့” ထိုသူသည် ဟိန်းဟောက်လိုက်ပြီး ကောင်းကင်မှ မိုးကြိုးတစ်ချက်ကို ထပ်မံ စေလွှတ်လိုက်၏။ သူသည် တစ်ကြိမ်တည်းဖြင့် မရပ်တန့်ဘဲ လုံချန်း နေရာရွှေ့လိုက်သည်နှင့် ထပ်မံ တိုက်ခိုက်ရန် ပြင်ဆင်ထားသော်လည်း ထိုသို့ ဖြစ်မလာခဲ့ချေ။
လုံချန်းသည် နေရာရွှေ့ခြင်း မရှိဘဲ ထိုသူအား ထိတ်လန့်သွားစေမည့် အလုပ်တစ်ခုကို လုပ်ဆောင်လိုက်၏။ လုံချန်းသည် သူ ကိုင်ဆောင်ထားသော သံချေးတက် ဓားမည်းကြီးကို ဘေးသို့ လွှင့်ပစ်လိုက်သည်အား ထိုသူ မြင်တွေ့လိုက်ရသည်။ ထို့နောက် လုံချန်းသည် သူ၏ လက်ကို မြှောက်လိုက်ပြီး ကျဆင်းလာသော မိုးကြိုးကို လက်ဗလာဖြင့် ဖမ်းတားလိုက်လေ၏။ သူ၏ ခန္ဓာကိုယ်၌ ဒဏ်ရာတစ်စုံတစ်ရာ ရရှိသွားပုံ မပေါ်ချေ။
“ဒါဟာ မင်း တတ်နိုင်သမျှ အကုန်ပဲလား” လုံချန်းက လှောင်ပြောင်သော အကြည့်ဖြင့် မေးမြန်းလိုက်သော်လည်း သူ၏ ခြေလှမ်းတို့သည် ရပ်တန့်ခြင်း မရှိပေ။
“သေစမ်း”
အပြာရောင်ဆံပင်နှင့် လူသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ၏ စစ်ဝိညာဉ်အရိပ်သည် ပိုမို ထင်ရှားလာပြီး တကယ့် မိုးကြိုးဘီလူးကြီး တစ်ကောင် ပေါ်ပေါက်လာသကဲ့သို့ ရှိပေသည်။ မိုးကြိုး နှစ်ချက်သည် လုံချန်း၏ ဦးခေါင်းထက်သို့ တစ်ပြိုင်နက်တည်း ကျဆင်းလာသလို နောက်ထပ် မိုးကြိုး နှစ်ချက်မှာလည်း ထပ်မံ ကျဆင်းလာပြန်၏။
အလင်းတန်းတို့သည် မျက်စိကျိန်းမတတ် တောက်ပနေပေသည်။ အပြာရောင်ဆံပင်နှင့် လူသည် မိုးကြိုး လေးချက်ကို တစ်ပြိုင်နက်တည်း စေလွှတ်ရန် သူ၏ စွမ်းအင်တို့ကို အကုန်အစင် သုံးလိုက်ရသဖြင့် ဒူးထောက်လျက် အမောတကော အသက်ရှူနေရရှာ၏။ ဤတိုက်ကွက်ကို လုံချန်း ရှောင်ကွင်းနိုင်မည် မဟုတ်ဘဲ ပြာအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်ဟု သူ ယုံကြည်နေပေသည်။
အလင်းတန်းတို့ ပျောက်ကွယ်သွားသောအခါ လုံချန်းသည် ထိုနေရာ၌ပင် တည်ငြိမ်စွာ ရပ်နေသည်ကို သူ မြင်တွေ့လိုက်ရပြန်၏။ သူ၏ ခန္ဓာကိုယ်၌ ခြစ်ရာတစ်ခုပင် မရှိချေ။
“ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒါဟာ အစစ် မဖြစ်နိုင်ဘူး” ထိုသူသည် ငိုင်ကျသွားတော့၏။
“မင်းပြောတာ မှန်တယ်... ဒါပေမဲ့ မင်းက အရမ်း နှေးလွန်းတယ်”
အသံသည် သူ၏ နားထဲ၌ ပဲ့တင်ထပ်သွားပြီးနောက် သူ၏ ဦးခေါင်းသည် မြေပြင်ပေါ်သို့ လိမ့်ကျသွားတော့၏။ သူ၏ ခန္ဓာကိုယ်သည်လည်း မကြာမီပင် လဲကျသွားတော့သည်။
သူ မသေဆုံးမီ နောက်ဆုံး မြင်လိုက်ရသည်မှာ လုံချန်း၏ ပုံရိပ်သည် ဝေဝါးသွားပြီး ပျောက်ကွယ်သွားခြင်း ဖြစ်ပေသည်။ သူသည် မည်သို့ သေဆုံးသွားရသည်ကိုပင် မသိလိုက်ဘဲ သေခြင်းတရား၏ အမှောင်ထုအတွင်းသို့ နစ်ဝင်သွားရရှာတော့၏။
မူလ လုံချန်းအစစ်သည် ထိုသူ၏ နောက်ကျောဘက်၌ ရပ်နေပြီး မည်းမှောင်သော တိမ်တိုက်တို့ ကွယ်ပျောက်သွားသည်ကို ကြည့်နေ၏။ သူ၏ ဖြူဖွေးသော မျက်ဝန်းတို့သည်လည်း ပုံမှန်အတိုင်း ပြန်လည် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
“နင့်ရဲ့ ပုံရိပ်ယောင် အစွမ်းကတော့ အရင်အတိုင်း ကြောက်စရာ ကောင်းတုန်းပဲ။ သူ တိုက်ခိုက်နေတဲ့ သူဟာ ပုံရိပ်ယောင်မှန်း သူ မသိလိုက်ရှာဘူး။ သူ တိုက်သမျှ အချည်းနှီး ဖြစ်သွားတာကို မြင်ရတဲ့ သူရဲ့ မျက်နှာကို ကြည့်ရတာ တကယ့်ကို ပျော်စရာ ကောင်းပါတယ်” ရွှင်းက ဆိုလိုက်၏။
“ဟုတ်တယ်... ဒါဟာ အမြင့်ဆုံး နိယာမ မဟုတ်ပေမဲ့ အဆင့်မြင့် နိယာမ တစ်ခုပါပဲ။ အစစ်နဲ့ အတုကို ခွဲခြားမရတဲ့ လူတွေကို လှည့်စားဖို့အတွက် တကယ့်ကို အသုံးဝင်တယ်” လုံချန်းသည် ရေရွတ်လျက် သူ၏ ခရီးကို ဆက်လက် လျှောက်လှမ်းသွားလေသည်။
အခန်း (၇၆၀) သူ ဤသို့ ပြုခဲ့လေသလော
မြို့တော်တစ်မြို့လုံးသည် ယခုအခါ တိတ်ဆိတ်ခြောက်ကပ်လျက် ရှိနေချေပြီ။ လမ်းမထက်၌ လူသူတစ်ဦးတစ်ယောက်မျှ မတွေ့ရတော့ချေ။
“မြို့သူမြို့သားတွေကတော့ ကြောက်လို့ ပုန်းနေကြတာ ထားပါတော့... အစောင့်တွေကရော ဘယ်ရောက်ကုန်ကြတာလဲ။ သူတို့တွေ ငါ့ကို လာပြီး မတိုက်ခိုက်ကြတာ ထူးဆန်းလှချေလား” လုံချန်းသည် ပတ်ဝန်းကျင်ကို ဝေခွဲမရစွာ ကြည့်ရှုရင်း ရေရွတ်လိုက်မိ၏။
“ဟုတ်သားပဲ... တကယ့်ကို ထူးဆန်းတာပဲနော်။ နင်က ဖီးနစ်အဖွဲ့အစည်းရဲ့ ဒုတိယမြောက် အင်အားအကြီးဆုံး ပုဂ္ဂိုလ်ကို သတ်လိုက်လို့ သူတို့တွေ ထိတ်လန့်သွားကြတာမှ မဟုတ်တာ။ သူတို့တွေ နင့်ကို လာမတိုက်တာဟာ တော်တော်လေးကို အူကြောင်ကြောင်နိုင်လွန်းတယ်” ရွှင်းက လုံချန်းကို ရွဲ့တဲ့တဲ့ လေသံဖြင့် ပြန်လည် တုံ့ပြန်လိုက်၏။
“ဟေ့... နင်ကလည်း ဒီလောက်အထိ ရွဲ့စရာ မလိုပါဘူး” လုံချန်းက ခါးသီးစွာ ပြုံးလျက် ဆိုသည်။
“ထားပါတော့လေ... အိမ်တိုင်းစေ့ လိုက်ကြည့်ပြီး အစောင့်တွေကို ရှာနေဖို့ ငါ့မှာ အချိန်မရှိဘူး။ ကျန်တာကိုတော့ စစ်တပ်လက်ထဲပဲ အပ်ခဲ့တော့မယ်။ သူတို့တွေဟာ စိတ်ဓာတ်တွေ ပျက်ပြားနေကြပြီဆိုတော့ ငါ့လူတွေအတွက် ကိုင်တွယ်ရတာ လွယ်ကူမှာပါ” သူသည် သက်ပြင်းတစ်ချက် ချလိုက်မိ၏။
သူသည် မြို့တော်ကို နောက်ဆုံးတစ်ကြိမ် လှည့်ကြည့်ပြီးနောက် ဝိညာဉ်ပလွေကို ထုတ်ယူ၍ မှုတ်လိုက်ရာ ဝိညာဉ်လင်းယုန်သည် ကောင်းကင်မှ ဆင်းသက်လာတော့သည်။ လုံချန်းသည် လင်းယုန်ပေါ်သို့ တက်လှမ်းကာ ထိုမြို့မှ ထွက်ခွာခဲ့လေပြီ။
လုံချန်း ထွက်ခွာသွားပြီး နာရီအနည်းငယ် အကြာတွင် ဆူနိုင်းစစ်တပ်ကြီးသည် မြို့အစွန်အဖျားသို့ ဆိုက်ရောက်လာကြ၏။ သို့သော် သူတို့ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် အားလုံးမှာ မှင်တက်သွားကြရတော့သည်။ မြို့အဝင်ဝ၌ အစောင့် လေးဦး၏ အလောင်းတို့သည် သွေးအိုင်အတွင်း လဲလျောင်းနေကြချေပြီ။
“ဘာမှ တွေးမနေကြနဲ့ဦး။ မြို့ကို တိုက်ခိုက်ပြီး သိမ်းပိုက်ကြစမ်း” စစ်သေနာပတိချုပ်သည် မိုးကြိုးပစ်သကဲ့သို့ ဟိန်းဟောက်ကာ အမိန့်ပေးလိုက်၏။
စစ်သည်တော်တို့သည် မြို့အတွင်းသို့ ပြေးဝင်သွားကြသော်လည်း သူတို့ မျှော်လင့်ထားသကဲ့သို့ ပြင်းထန်သော ခုခံမှုမျိုး မတွေ့ရချေ။ မြို့လမ်းမတို့သည် ခြောက်ကပ်နေပြီး အစောင့်အနည်းငယ်ကိုသာ ဟိုတစ်စ ဒီတစ်စ တွေ့ရတော့သည်။ ဆူနိုင်းစစ်တပ်သည် ထိုအစောင့်တို့ကို အလွယ်တကူပင် ချေမှုန်းလိုက်ကြလေ၏။
စစ်သေနာပတိချုပ်သည် နောက်ကျန်ရစ်ခဲ့ပြီး ဤနေရာ၌ မည်သည်များ ဖြစ်ပျက်ခဲ့သနည်းဟု တွေးတောနေမိသည်။ မြို့အဝင်ဝ၌ အလောင်းများ ရှိနေပြီး တစ်မြို့လုံးမှာလည်း အဘယ်ကြောင့် ဆိတ်သုဉ်းနေရသနည်း။ ထိုစဉ် သူ၏ မျက်စိသည် အဝေးတစ်နေရာမှ ခေါင်းမရှိသော အလောင်းတစ်လောင်းပေါ်သို့ ရောက်ရှိသွားပေသည်။
ထိုအလောင်း ဝတ်ဆင်ထားသော အဝတ်အစားတို့ကို မြင်လိုက်ရသောအခါ သေနာပတိချုပ်မှာ ပိုမို ထိတ်လန့်သွားရတော့၏။ ၎င်းမှာ ဖီးနစ်အဖွဲ့အစည်း၏ ဝတ်စုံပင် ဖြစ်ပေသည်။ သူသည် အလောင်းအနီးသို့ လျှောက်သွားကာ လိမ့်ကျနေသော ဦးခေါင်းကို အသာလှည့်၍ ကြည့်လိုက်မိသည်။
“နေဦး... ဒီမျက်နှာကို ငါ မှတ်မိတယ်။ ဒါဟာ ဖီးနစ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင်ပဲ။ ဖီးနစ်အဖွဲ့မှာ ဒုတိယမြောက် အင်အားအကြီးဆုံး ပုဂ္ဂိုလ်ကို ဘယ်သူက သတ်နိုင်တာလဲ”
သူ တွေးတောနေစဉ်မှာပင် လုံချန်း၏ မျက်နှာသည် သူ၏ အာရုံထဲ၌ ဖျတ်ခဲန ပေါ်လာတော့၏။ အင်အားကြီးသော ရန်သူတို့ကို အရိပ်ထဲမှ သူကိုယ်တိုင် ရှင်းလင်းပေးမည်ဟု လုံချန်း ပြောခဲ့သော စကားကို သူ ပြန်လည် သတိရမိလိုက်သည်။
“ဒါဟာ အဲဒီလူရဲ့ လက်ချက်လား။ သူဟာ တကယ်ပဲ ဒီလောက်အထိ အစွမ်းထက်နေတာလား။ ငါတို့ရှေ့က ကြိုသွားပြီး ရန်သူတွေကို ရှင်းလင်းပေးနေတာပေါ့... တကယ့်ကို လူစွမ်းကောင်း လုပ်ပြချင်တဲ့လူပဲ” သူသည် မျက်လုံးကို အသာဝဲကာ ရေရွတ်လိုက်မိ၏။
“ဘာပဲဖြစ်ဖြစ်... ဒါဟာ ငါတို့အတွက်တော့ အလုပ်လုပ်ရတာ ပိုလွယ်ကူသွားတာပေါ့” သူက မဲ့ပြုံး ပြုံးလိုက်သည်။ “မြို့ထဲမှာ လူသူကင်းမဲ့နေတာဟာလည်း ဒါကြောင့်ပဲ ဖြစ်ရမယ်။ ဖီးနစ်ဒုတိယခေါင်းဆောင် သေတာကို မြင်လိုက်ရတော့ မြို့ခံတွေ ကြောက်လန့်ပြီး ပုန်းနေကြတာပေါ့။ ငါ့ရှေ့မှာတင် နဂါးစစ်သည်တော် ခေါင်းဆောင်သာ အသတ်ခံလိုက်ရမယ်ဆိုရင် ငါကိုယ်တိုင်တောင် တုန်လှုပ်မိမှာပဲ” သူက သက်ပြင်းချကာ ဆိုလေသည်။
လုံချန်းသည် ဝိညာဉ်လင်းယုန်ကို စီးနင်းလျက် တော်ဝင်မြို့တော်သို့ မရောက်မီ နောက်ဆုံးမှတ်တိုင်ဖြစ်သော ဒုတိယမြောက် မြို့တော်ဆီသို့ ဦးတည်နေပေသည်။ သူသည် မီးလျှံရေခဲဓားပေါ်ရှိ သွေးစတို့ကို သုတ်သင်ကာ ဓားအိမ်အတွင်းသို့ ပြန်လည် ထည့်သွင်းလိုက်၏။ ထို့နောက် သံချေးတက်နေသော ဓားမည်းကြီးကိုလည်း သုတ်သင်ကာ မိမိ၏ ပေါင်ပေါ်၌ တင်လျက် ကျင့်ကြံခြင်းအား ဆက်လက် ပြုလုပ်နေတော့သည်။
“တော်ဝင်မြို့တော်ကိုရော နင် တစ်ယောက်တည်းပဲ အရင် တိုက်ခိုက်ဦးမှာလား” ရွှင်းက မေးလိုက်၏။
လုံချန်းသည် ကျင့်ကြံနေစဉ် အနှောင့်အယှက် ပေးခံရသဖြင့် စိတ်ပျက်သွားဟန်ဖြင့် ရွှင်းအား ကြည့်လိုက်သော်လည်း သူ၏ အစီအစဉ်ကိုမူ ပြောပြလိုက်ပါသည်။
“ငါဟာ အဲဒီလောက်အထိ အသိဉာဏ်မဲ့တဲ့သူ မဟုတ်ပါဘူး။ တော်ဝင်မြို့တော်ကို ငါ တစ်ယောက်တည်း အရင်တိုက်ရင် ငါ့ရဲ့ အစီအစဉ်တွေ ပျက်စီးကုန်မှာပေါ့။ စစ်တပ်ကြီးက စတင် တိုက်ခိုက်တဲ့ အချိန်ကျမှသာ ငါ ပါဝင်မှာပါ။ အခုတော့ နောက်ထပ် မြို့တစ်မြို့ကိုပဲ ရှင်းလင်းပြီး စစ်တပ်ကို စောင့်နေတော့မယ်” ထိုသို့ ဆိုကာ သူ ခေါင်းခါယမ်းလိုက်လေသည်။
“ကောင်းပြီလေ... နင် တတ်နိုင်တာထက် ပိုပြီးတော့ အတင်းအဓမ္မ မလုပ်မိဖို့တော့ သတိထားဦး။ ဝိညာဉ် စစ်သည်တော်တွေကို နင် အထင်သေးနေတုန်းပဲလို့ ငါ ထင်တယ်” ရွှင်းက သတိပေးလိုက်၏။
“ငါ့ကို ထျန်းရှန်နဲ့ လာမနှိုင်းနဲ့။ သူဟာ ဝိညာဉ်စစ်သည်တော် တစ်ယောက်နဲ့ မပြတ်နိုင်ခဲ့ပေမဲ့ ငါကတော့ မတူဘူး။ ငါ့မှာ သူ မရှိခဲ့တဲ့ နိယာမတွေ အများကြီး ရှိတယ်။ နင်ကိုယ်တိုင်ပဲ စဉ်းစားကြည့်စမ်း... အဲဒီတုန်းကသာ ထျန်းရှန်မှာ ဟင်းလင်းပြင်နိယာမ ရှိခဲ့ရင် သူ နိုင်မှာ မဟုတ်ဘူးလား”
ရွှင်းသည် ခေတ္တမျှ စကားစ ဆွံ့အသွားပြီးမှ ဆို၏။ “သူ့မှာ အဲဒီ နိယာမ ရှိရင်တော့ နိုင်မှာပေါ့။ ဒါပေမဲ့ ဒါဟာ ရန်သူကို အထင်သေးသင့်တယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူး။ ငါ ပြောတာဟာ နင့်ရဲ့ ကောင်းကျိုးအတွက်ပဲ”
“ဒါကိုတော့ ငါ့ဘာသာပဲ ဆုံးဖြတ်ပါရစေ ရွှင်း။ ငါ ဘာလုပ်နေလဲဆိုတာ ငါ သိပါတယ်။ ငါ့ကိုယ်ငါ ယုံကြည်မှု ရှိတယ်။ ငါဟာ ငါလုပ်ချင်တဲ့အရာကိုပဲ လုပ်မှာ... ဒါဟာ ငါ့ရဲ့ ပင်ကိုယ်သဘာဝပဲဆိုတာ နင် သိထားသင့်တယ်”
“ဟုတ်ပါပြီ... ဘယ်သူ့စကားမှ နားမထောင်တဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ သဘာဝပေါ့။ ဘာပဲဖြစ်ဖြစ်... နင် ဆုံးဖြတ်တဲ့အခါ ငါ့စကားတွေကိုတော့ နားထဲ ထည့်ထားဦး။ ငါ ပြောတာတွေဟာ နင့်အတွက်ပဲ”
လုံချန်းသည် မျက်လုံးမှိတ်ကာ ကျင့်ကြံခြင်းကို ဆက်လက် ပြုလုပ်နေတော့၏။ ရွှင်းသည်လည်း ဆက်လက် မနှောင့်ယှက်တော့ဘဲ ပျင်းရိငြီးငွေ့ဖွယ် ကောင်းကင်ခရီးကိုသာ ငေးမောကြည့်နေရှာသည်။
တစ်ရက်ခန့် ကုန်လွန်သောအခါ လုံချန်းသည် ဒေစီယမ်မြို့တော်သို့ ဆိုက်ရောက်လာခဲ့ချေပြီ။ ထိုမြို့သည် တော်ဝင်မြို့တော်ပြီးလျှင် အက်ရှာ တိုင်းပြည်၌ အချမ်းသာဆုံး မြို့တစ်မြို့အဖြစ် ထင်ရှားပေသည်။ ကုန်သည်ကြီးများ အသင်းနှင့် လေလံရုံ အများအပြား ရှိသဖြင့် တော်ဝင်မိသားစုဝင်များပင် လာရောက်လည်ပတ်လေ့ ရှိကြသည်။
လုံချန်းသည် မျက်လုံးတို့ကို ဖွင့်ကြည့်လိုက်ရာ အဝေးတစ်နေရာမှ လှပထည်ဝါသော မြို့တော်ကြီးကို မြင်တွေ့လိုက်ရ၏။ သူသည် အညောင်းအညာ ဆန့်ကာ လက်အတွင်း၌ အချိန်ဓားကို ဆုပ်ကိုင်လျက် ထရပ်လိုက်သည်။
“ဒီဓားအတွက် ဓားအိမ်တစ်ခုတော့ တကယ် လိုအပ်နေပြီ။ ဓားကို လက်က ကိုင်ပြီး သွားနေရတာ တကယ်ကို ပင်ပန်းလွန်းတယ်။ ငါ့ရဲ့ သိုလှောင်လက်စွပ်ကို သတိရမိသား။ အိမ်ကို ပြန်ချင်လှပြီ”
ဝိညာဉ်လင်းယုန်သည် မြို့အနားသို့ ဆိုက်ရောက်လာသောအခါ အောက်သို့ ဆင်းသက်လေသည်။ မြို့အစောင့်တို့သည် ကောင်းကင်မှ ဆင်းသက်လာသော လုံချန်းအား မြင်တွေ့ရသောအခါ သတိကြီးစွာ ထားလိုက်ကြသည်ကို သူ မြင်တွေ့လိုက်ရ၏။
“မြို့တော်နဲ့ နီးလေလေ လုံခြုံရေးက ပိုကောင်းလေလေပဲ။ မင်းတို့ကို ငါ မချေမှုန်းခင်မှာ ဘယ်လောက်အထိ ပျော်စရာပေးနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့” သူ၏ နှုတ်ခမ်းထက်တွင် မဲ့ပြုံးတစ်ခု ပေါ်လာပြီးနောက် ဝိညာဉ်လင်းယုန်ပေါ်မှ ခုန်ချကာ မြို့အစောင့်တို့၏ ရှေ့မှောက်သို့ ဆင်းသက်လိုက်လေသည်။