အခန်း (၁၇၃-၁၇၄)
Vol. 18 Ch. 173-174
🫧 Chapter 173
[ဟင် ကင်မရာက ဘာလို့ရုတ်တရက်ကြီး ကောင်းကင်ဘက် လှည့်သွားတာလဲ ငါတို့ မမြင်ရတဲ့ တိုက်ပွဲတွေ ထပ်စနေပြီလား]
[မဟုတ်ဘူး၊ အောက်ဘက်က မြင်ကွင်းတွေကို တိုက်ရိုက်လွှင့်လို့ မရတော့လို့လည်းဖြစ်နိုင်တယ် အသက်ရှင်ဖို့က ပိုအရေးကြီးတယ်လေ]
[ဟုတ်တယ်၊ အသက်ရှင်ဖို့က ပိုအရေးကြီးတယ်]
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ပရိသတ်များမှာ ယခုဆိုလျှင် အတော်လေးနားလည်တတ်ကျွမ်းနေပြီဟု မိမိကိုယ်ကိုယ် ယူဆနေကြ၏။
ရုတ်တရက် တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင်
'ဗြောက်'
'ဗြောက် ဗြောက်'
မြောက်ဘက် နယ်မြေ ငရဲမင်းနန်းဆောင် အပျက်အစီးများထက်တွင် မီးရှူးမီးပန်းများက တစ်ပွင့်ပြီးတစ်ပွင့် ရုတ်တ ရက်ထွက်ပေါ်လာတော့သည်။
ခရမ်းရောင်၊ အနီရောင်၊ အပြာရောင်စသည်တို့ကအသီးသီး ပွင့်လန်းလာကြ၏။
မီးရောင်များက အရပ်လေးမျက်နှာရှိ ငရဲမင်းများ၏မျက်နှာ များနှင့် အဝတ်အစားများပေါ်တွင် ထင်ဟပ်နေကာ ထူးခြား သောအလှတရား တစ်မျိုးကိုဖြစ်ပေါ်စေသည်။
အပျက်အစီးများပေါ်တွင် အရပ်လေးမျက်နှာရှိ ငရဲမင်းများ အားလုံး တိတ်ဆိတ်သွားကြသည်။
သူတို့လည်း ကောင်းကင်ယံကို မော့ကြည့်နေကြပြီး မျက်လုံးများထဲတွင် အတိတ်ကို လွမ်းဆွတ်နေသည့် အရိပ်အယောင်များရှိနေ၏။
"အနိုင်ရသွားပြီဆိုတော့ အောင်ပွဲခံရမယ် မဟုတ်လား" ဟု နန်မင် တိုးတိုးလေး ရေရွတ်လိုက်သည်။
နန်မင်သည် အရပ်လေးမျက်နှာရှိ ငရဲမင်းများ၏ခေါင်း ဆောင်ဖြစ်သည်။
ယခုလည်း ဟုတ်သလို၊ အရင်ကလည်း ဟုတ်ခဲ့၏။
သူ၏မွေးရာပါ ပါရမီနှင့် ကံကြမ္မာကို အခြားငရဲမင်း သုံးပါးကယှဉ်နိုင်စွမ်း မရှိပါချေ။
အသက်ရှင်စဉ်ကပင် သူသည် ကောင်းကင်ဘုံ၏အချစ် တော်ဖြစ်ခဲ့ပြီး လူအများ၏အာရုံစိုက်ခြင်းကို ခံခဲ့ရသူဖြစ် သည်။
သို့သော် ထိုအရှင်သခင်ကြီး ရှေ့တွင်တော့ အကြိမ်ကြိမ် အရေးနိမ့်ခဲ့ရသည်။
နန်မင်၏ 'ရက်စက်မှု' မှာလည်း ထိုအချိန်ကာလအတွင်း ဖြစ်တည်လာခဲ့ခြင်းဖြစ်၏။
သူ မည်သို့မျှမှ စဉ်းစား၍ မရခဲ့ပေ။ 'ဘာလို့ အမြဲတမ်းမနိုင်ရတာလဲ'
ထိုအခါသူက စွမ်းအားကိုလိုချင်ပြီး ပိုမိုအစွမ်းထက်လာရန် အလွန်ဆာလောင်နေခဲ့သည်။
တစ်နေ့သ၌ နန်မင် ဒေါသထွက်နေစဉ် ဧရာမသရဲကြီး တစ်ကောင်ကို ခုတ်သတ်လိုက်ချိန်တွင် သူ့ရှေ့၌ ထိုအရှင်သခင်ကြီးက ရုတ်တရက် ပေါ်လာကာပြောခဲ့သည်။
"အနိုင်ရသွားပြီပဲ အောင်ပွဲ မခံတော့ဘူးလား မီးရှူးမီးပန်းလေး ဘာလေးဖောက်လိုက်ရင်ကော ငါ လူ့ပြည်မှာ ဒီလို အောင်ပွဲခံတာ မြင်ဖူးတယ်"
သူ့စကားဆုံးသည်နှင့် ကောင်းကင်ယံထက်တွင် မီးရှူးမီးပန်းများက တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လန်းလာကာ ညအမှောင်ကို လင်းထိန်သွားစေတော့သည်။
နန်မင် နားမလည်စွာဖြင့် "ဒါက ဘာကြည့်ကောင်းလို့လဲ" ဟု မေးလိုက်၏။
"ဒါဆို တခြားဟာ ပြောင်းလိုက်ရမလား"
အရှင်သခင်ကြီးက ပြုံးကာ "မင်း ဘာကြိုက်လဲ ကြောင်လား ခြင်္သေ့လား ဒါမှမဟုတ် အစားအသောက်ကောင်းတွေလား" ဟု ပြန်မေးသည်။
သူ စကားပြောနေစဉ်မှာပင် ကောင်းကင်ထက်ရှိ မီးရှူးမီးပန်း ပုံစံများက ကြောင်လေးများ၊ ခြင်္သေ့များ၊ အစားအသောက် အမျိုးမျိုးအဖြစ် ပြောင်းလဲသွားတော့သည်။
နန်မင် မျက်လုံးပြူးသွားပြီး "အဲဒါက အဓိက မဟုတ်ဘူးလေ မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက်နေရတာလဲ တကယ်ပဲ မင်းက လူသားရော ဟုတ်ရဲ့လား"
နန်မင်သည် တစ်ဖက်လူကို အပေါ်အောက် အကဲခတ်ကြည့်လိုက်၏။
တစ်ဖက်လူက သူတို့ရှေ့တွင် အမြဲတမ်း စွမ်းရည်အနည်း ငယ်ရှိသော လူသားတစ်ဦးအဖြစ်သာ နေထိုင်ပြခဲ့ခြင်း ဖြစ်၏။
သူသည် တစ်ဖက်လူစွမ်းအားများက လူသားတို့၏နယ်ပယ်ကို လုံးဝ ကျော်လွန်နေပြီဟု သူ မကြာခဏ သံသယဝင်မိသည်။
"ဟင်"
အရှင်သခင်ကြီးသည် ထိုစကားကို ကြားသောအခါ ဒေါသမထွက်သည့်အပြင် ရယ်မောလိုက်သေး၏။
"ငါ မင်းကို မပြောဖူးဘူးလား ငါ့ကို လူသားလို့ မသတ်မှတ်နိုင်ပါဘူး"
"လခွမ်း ငါ့ကို မင်း တစ်ခါမှ မပြောဖူးဘူးလေ"
နန်မင်မှာ ဒေါသကြောင့် ခုန်ပေါက်တော့မတတ် ဖြစ်သွားရသည်။
'သူ လူသားဘဝကတည်းက တစ်ဖက်လူကို ပြိုင်ဘက်အဖြစ် သတ်မှတ်ခဲ့တာ၊ အခုကျမှ တစ်ဖက်လူက လူသား လုံးဝ မဟုတ်ဘူးတဲ့လား'
ထိုစကားကြောင့် သူရူးချင်သလိုလိုဖြစ်သွား၏။
ထိုအခါ ထိုအရှင်သခင်ကြီး(မရဏမင်းအစစ်)က အေးအေး သက်သာပြောလိုက်လေသည်
"အို မင်းက အလောတကြီးနဲ့ အေးဆေးပေါ့"
ယခု ပစ္စုပ္ပန်
မီးရှုးမီးပန်းများကို နန်မင်ကြည့်နေစဉ်ပင် ပေ့ရွှယ် ဘေးမှ တိုးဝင်လာပြီး "မကြည့်ချင်ရင် ဖယ်နေ နေရာ လာမယူနဲ့" ဟု ပြောလိုက်၏။
"ဟုတ်တယ် ဟုတ်တယ်"
ယန်လော်လည်း ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိဘဲ ဝင်ပြောလိုက်သည်။
ဘေးတွင် ရှီးဟယ်က တိတ်ဆိတ်စွာ ကြည့်နေသည်။
"မင်းတို့တွေ ခိုး ခိုးပြီး လွမ်းနေကြတာလား"
ထိုအခါ နန်မင်ကြောင်အသွားပြီး ချက်ချင်းပင် ဝတ်ရုံလက်စများကို ပင့်တင်လိုက်ကာ "လာ ချကြမယ်" ဟု အော်လိုက်သည်။
"ဘယ်သူက မင်းနဲ့ ချချင်လို့လဲ"
"ရှူး... မီးရှူးမီးပန်းတွေကို ကြည့်လိုက်ပါဦး"
……
[ငရဲပြည်က မီးရှူးမီးပန်းတွေကို ငါ ပထမဆုံးအကြိမ်မြင်ဖူးတာပဲ]
[ငါလည်းပဲ၊ လူ့ပြည်ကဟာတွေနဲ့ သိပ်မကွာဘူးနော်]
[အရင်က နှစ်သစ်ကူးချိန်ဆို ငါတို့ဆီမှာလည်း မီးရှူးမီးပန်းတွေ ဖောက်တယ်၊ အရမ်းစည်ကားတာပဲ၊ လက်ကိုင်မီးပန်းတွေ၊ ဗြောက်အိုးတွေလည်း ရှိသေးတယ်]
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင်
တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာက ကောင်းကင်ယံသို့ ချိန်ရွယ်ထားသဖြင့် ပရိသတ်များမှာ ထိုမီးရှူးမီးပန်းများကိုသာ မြင်တွေ့နေရသည်။
သူတို့မှာ မုန်တိုင်းအပြီး သက်တံ့ကိုမြင်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး အကြောင်းပြချက် မရှိဘဲ ကြည်နူးသွားကြ၏။
ပန်းချီဆွဲရာတွင် ကျွမ်းကျင်သော သူအချို့မှာ အလိုအ လျောက်ပင် စုတ်တံကိုကိုင်ကာ ဤမြင်ကွင်းကို မှတ်တမ်းတင်ရန် ပြင်လိုက်ကြသည်။
သို့သော် သူတို့က ရုံးမှာ သို့မဟုတ် ဈေးဝယ်စင်တာမှာ ရောက်နေကြောင်း ရုတ်တရက် သတိပြုမိသွားကြ၏။
[ဝိညာဉ်တမန်တော်တွေကလည်း မီးရှူးမီးပန်းတွေကို သဘောကျကြတာပဲလား]
[ဒါနဲ့ ဒီနေ့ မီးရှူးမီးပန်းတွေ ဖောက်တဲ့သူက ဘယ်သူလဲ ဆိုတာ ငါတို့ မသိရသေးဘူးပေါ့]
အရပ်လေးမျက်နှာရှိ ငရဲမင်းများနှင့် ပရိသတ်များ အားလုံး မီးရှူးမီးပန်းများကို ကြည့်နေကြချိန်တွင်။
ဝိညာဉ်တမန်တော် တစ်ဦး အပြေးအလွှားဝင်လာကာ "ငရဲမင်းကြီး ဒုက္ခပါပဲ" ဟု အော်လိုက်သည်။
ငရဲမင်းနန်းဆောင်ကို ဝန်းရံထားသော အတားအဆီးမှာ ဘယ်အချိန်ကတည်းက ပျောက်ကွယ်သွားမှန်း မသိချေ။
အပြင်တွင် ပိတ်မိနေသော ဝိညာဉ်တမန်တော်များ အထဲသို့ ပြေးဝင်လာကြ၏။
"ငရဲမင်းကြီး..." မြောက်ဘက်ငရဲမင်းကို မြင်သောအခါ ထိုဝိညာဉ်တမန်တော်မှာ ငိုချင်စိတ်ပင် ပေါက်သွားတော့သည်။
သူတို့ အစွမ်းကုန် ကြိုးစားခဲ့ကြသည်လေ။
တကယ်ကို အစွမ်းကုန် ကြိုးစားခဲ့ကြပါ၏။
သူ့ ပါးစပ်ကို ကြည့်ပါဦး၊ မှုတ်ရလွန်း၍ အဖုများပင် ထွက်နေပြီပင်။
အရပ်လေးမျက်နှာရှိ ငရဲမင်းကြီးများလှမ်းကြည့်လိုက်မှ ယခု ဖြစ်ရပ်ကြီးက လုံးဝမပြီးဆုံးသေးကြောင်း သတိရသွားကြတော့သည်။
တကယ်တမ်းတွင် အရှေ့၊ အနောက်၊ တောင်၊ မြောက်နယ် မြေများထဲတွင် မြောက်ဘက် နယ်မြေ၏အခြေအနေက အဆိုးရွားဆုံးဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုအရှင်သခင်ကြီး၏ အလိုဆန္ဒသာဖြစ်မည်ဆိုလျှင် ပေ့ရွှယ်က နှစ်ဆပို၍အားထုတ်မည်မှာ သေချာသောကြောင့်ပင်။
"ငါ အရင် ပြန်တော့မယ်" ဟု ရှီးဟယ်က ပြောလိုက်၏။
"ငါလည်း ပြန်ပြီ"
အရှေ့၊ အနောက်၊ တောင်ဘက် ငရဲမင်းသုံးပါးသည် အသီး သီးလှုပ်ရှားလိုက်ကြပြီး မိမိတို့နယ်မြေများဆီသို့ ပျံသန်းသွားကြတော့သည်။
မထွက်ခွာမီ
ယန်လော်သည် ပေ့ရွှယ်၏ ရှေ့သို့ သွားကာ ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်လိုက်သည်။
"အရင်တုန်းက အရှင်သခင်ကြီး နင့်ကိုမြောက်ဘက် ငရဲမင်း အဖြစ် ခန့်အပ်ခဲ့တဲ့ အကြောင်းရင်းကို နင် မှတ်မိသေးလား"
ပေ့ရွှယ်သည် မျက်လွှာချကာ "ငါ မှတ်မိပါတယ်" ဟု ပြန်ဖြေလိုက်သည်။
"ဒီကိစ္စတွေ ပြီးသွားရင် နင့်ကို သေချာ စာရင်းရှင်းမယ်"
"ကောင်းပြီ"
ပေ့ရွှယ်သည် နေရာတွင်ပင် ရပ်နေပြီး ငရဲမင်း သုံးပါးထွက်ခွာသွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။
တကယ်တော့ သူမ ဘယ်လိုအပြစ်ဖြေရမလဲ ဆိုတာကို တွေးထားပြီးသား ဖြစ်၏။
ထို 'လူလိမ်' ကြောင့် ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ဤကိစ္စတွင် သူမ၌ ရှောင်လွှဲ၍မရသော တာဝန်များ ရှိနေသည်။
သို့သော် သူမ နားမလည်သည်မှာ ထို 'လူလိမ်' က ဘယ်လိုလုပ်ပြီး ဤမျှ များပြားသော ကိစ္စများကိုသိနေရသနည်း။
ပြီးတော့ ထိုအရှင်သခင်ကြီးနှင့် ဘယ်လိုလုပ်ပြီး ထပ်တူကျကာ တူညီသော အငွေ့အသက်ကိုပိုင်ဆိုင်နေရသနည်း။
……
မြောက်ဘက် နယ်မြေတွင်
ကျောက်ဆောင်တစ်ခုပေါ်တွင် တစ်ကိုယ်လုံးဖြူဖွေးပြီး အမွေးပွပွ သတ္တဝါလေးတစ်ကောင် ရှိနေသည်။
ထိုသတ္တဝါလေးသည် ကျောက်တုံးပေါ်တွင်ထိုင်ကာ အဝေးသို့ အာရုံစိုက်ကြည့်နေ၏။
ဤသည်မှာမျက်လုံးများထဲတွင် မြင်ကွင်းအမျိုးမျိုးဖြတ် သန်းသွားပြီး ဤလေဟာနယ်ကိုဖြတ်၍ အခြားနေရာတစ်ခုကိုမြင်နေရသကဲ့သို့ပင်။
အံ့သြဖွယ်ကောင်းစွာပင် ထိုသတ္တဝါလေးက လူစကားကို ပြောဆိုလာသည်။
"အား ဘာလို့ ဒီလောက်တောင် အားနည်းနေရတာလဲ"
"ဝင်လေ ဝင်လေ"
"အရမ်း ပေါ့ဆလွန်းတယ် နန်မင်က အရမ်း အစွမ်းထက်တယ်ဆိုတာ မသိဘူးလား"
အမွေးပွလေးမှာ စိတ်လှုပ်ရှားစွာဖြင့် လက်သည်းများကို ဝှေ့ယမ်းနေစဉ် ရုတ်တရက် လေထဲသို့ ဆွဲမတင်ခံလိုက်ရတော့သည်။
သူအနောက်တွင် အဖြူရောင်ဝတ်ရုံကို ဆင်မြန်းထားသော အမျိုးသားတစ်ဦးက ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိဘဲ ပေါ်လာ၏။
သူ့ မျက်နှာသွင်ပြင်က တစ်ချက်ကြည့်ရုံဖြင့် အလွန်သာမန်ဟု ထင်ရသော်လည်း ထပ်ကြည့်လိုက်မည် ဆိုလျှင် အလွန် ကြည့်ကောင်းပြီး ခန့်ညားလှကြောင်း ခံစားရမည် ဖြစ်သည်။
အရှိန်အဝါကလည်း လောကီနှင့် ကင်းကွာနေသကဲ့သို့ ရှိ၏။
သို့သော် ခေါင်းတစ်ချက် လှည့်လိုက်သည်နှင့် သူ့ မျက်နှာသွင်ပြင်ကို ချက်ချင်းမေ့သွားမည် ဖြစ်သည်။
"သတ္တဝါလေး၊ မင်း ဒီမှာ လာပြီး ဒုက္ခမပေးပါနဲ့" ဟု အမျိုးသားက ပြောလိုက်သည်။
"ငါ့ကို လွှတ် ငါ့ကို လွှတ်ပေး"
အမွေးပွ သတ္တဝါလေးက ရုန်းကန်လိုက်ပြီး လက်သည်းများ ထုတ်ကာ "မင်းက ဘာလို့ ငါ့ကို လာချုပ်ကိုင်နေတာလဲ"
"ဟက်"
အမျိုးသားက ရုတ်တရက်ရယ်မောလိုက်ပြီး "ငရဲပြည်ရဲ့ ကိစ္စတွေကို ငါ ဝင်မပါဘူး၊ ဒါပေမယ့် ဒီလူ့ပြည်ရဲ့ ကိစ္စတွေကိုတော့ ငါ ဝင်ပါလို့ ရတယ်"
"အို ငါ့ကို လွှတ်စမ်းပါ"
အမွေးပွလေးက ဟိုလှည့်ဒီလှည့် ရုန်းကန်ကာ ကိုက်ရန် ပြင်လိုက်သည်။
သို့သော် ဘယ်လောက်ပင် ရုန်းကန်စေကာမူ အမျိုးသားကို အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်နိုင်ပါချေ။
"မင်း ဒီလို သောင်းကျန်းနေလို့ သက်ရှိတွေ အများကြီး ထိခိုက်ကုန်ပြီ၊ မြောက်ဘက် ငရဲမင်းကိုလည်း အပြစ်တင်ခံရအောင်လုပ်သေးတယ်၊ သူ ပြန်လာရင် မင်းကို အပြစ်ပေးလိမ့်မယ် သတိထားဦး"
ထိုအမျိုးသားက လက်တစ်ဖက်ကို နောက်ပစ်ထားပြီး ကျန်လက်တစ်ဖက်က အမွေးပွလေးကိုဆွဲမထား၏။
သူ့လေသံက အေးအေးဆေးဆေးပင် "လိမ်လိမ်မာမာလေး ငါနဲ့အတူ လိုက်ခဲ့၊ ငါ့ဆီမှာ အရင် နေသွားလိုက်"
ထိုအခါ အမွေးပွလေးက နှုတ်ခမ်းဆူကာ "အဲဒီ သက်ရှိတွေက ခဏတာ အစဦးဆုံး အခြေအနေကို ပြန်ရောက်သွားတာပါ၊ အလွန်ဆုံးမှ အချိန်ကျရင် ငါ့အမွေး နည်းနည်းထပ်နုတ်ခံလိုက်ရုံပေါ့"
"ပြီးတော့ သူ အပြစ်ပေးချင်လည်း ပေးပါစေပေါ့၊ ငါက သူ့ကို ကြောက်တာမှ မဟုတ်တာ"
အမွေးပွလေးက ထိုသို့ ပြောနေသော်လည်း ရုန်းကန်နေသော လှုပ်ရှားမှုများက တဖြည်းဖြည်း နှေးကွေးသွားတော့သည်။
၎င်းသည် နားရွက်များနှင့် ခြေလက်များ တွဲကျသွားပြီး အားငယ်နေသော ပုံစံလေးက စွန့်ပစ်ခံလိုက်ရသော အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်နှင့်ပင် တူနေတော့၏။
"သူက ဒီမြေနေရာကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ရတာ အကြိုက်ဆုံး မဟုတ်ဘူးလား၊ အခုကျတော့ ဘာလို့ ဂရုမစိုက်တော့တာလဲ"
"ငါ ဒီလောက်တောင် သောင်းကျန်းပြနေတာတောင် သူက ဘာလို့ ပေါ်မလာသေးတာလဲ ဒီလောက်ကြာနေပြီကို၊ သူ တကယ်ပဲ ပြန်မလာတော့ဘူးလား"
အဖြူရောင် အမွေးများကြားမှ မျက်ရည်တစ်ပေါက်က လိမ့်ဆင်းလာပြီး ကျောက်တုံးပေါ်သို့ တိတ်ဆိတ်စွာ ကျရောက်သွားတော့သည်။
"ထပ်စောင့်ကြည့်လိုက်ပါဦး၊ မကြာတော့ပါဘူး"
ပြီးနောက် ထိုအမျိုးသားက အဝေးသို့ တစ်ချက်ကြည့်လိုက်ပြီး အမွေးပွသတ္တဝါလေးကိုပွေ့ချီကာ နေရာတွင်ပင် ပျောက်ကွယ်သွားတော့သည်။
ထိုကျောက်ဆောင်ပေါ်တွင် ရုတ်တရက် မြက်ခင်းများပေါက် ရောက်လာပြီး ပန်းများလည်း တစ်ခဲနက် ပွင့်လန်းလာကြ၏။
ဤအရာများက မှော်ဝင်သတ္တဝါ အများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။
စဉ်းစားကြည့်ပါ၊ ယခုက ဆောင်းရာသီဖြစ်နေပြီလေ။
ဤမြောက်ပိုင်း ဒေသတွင် ပန်းများ ပွင့်လန်းနိုင်သေးမည်လော။
….
မြောက်ဘက် နယ်မြေတွင်
အခြား ငရဲမင်းသုံးပါးလုံး ထွက်ခွာသွားကြပြီ ဖြစ်သည်။
ပေ့ရွှယ်လည်း ငရဲပြည်မှ ထွက်လာပြီး လူ့ပြည်၏အထက် ကောင်းကင်ယံသို့ ရောက်ရှိလာ၏။
ထို့နောက် သူမကလက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ စက္ကူရုပ် တစ်ဆုပ်က အင်္ကျီလက်စွပ်ထဲမှ ပျံထွက်လာတော့သည်။
အပြစ်မဖြေမီ သူမက မြောက်ဘက် နယ်မြေ၏ကိစ္စများကို အရင်ဆုံး ရှင်းလင်းရမည် ဖြစ်သည်။
ပေ့ရွှယ်သည် ခါးမှ နှဲကိုထုတ်ယူကာ နှုတ်ခမ်းဝသို့ တေ့လိုက်ကာ အသက်ဝဝရှူလိုက်ပြီး ရုတ်တရက်မှုတ်လိုက်တော့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် နှဲ၏ထူးခြားလှသော၊ ပေါက်ကွဲထွက်မတတ် အသံကြီးက မြောက်ပိုင်းတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။
မြောက်ဘက် နယ်မြေရှိ ဝိညာဉ်တမန်တော်များ အားလုံး ပြိုင်တူကြောင်အသွားကြပြီး ဝိညာဉ်များပါ ပေါက်ကွဲထွက်တော့မည့်အလား ခံစားလိုက်ရ၏။
ကြက်သီးများပင် ထသွားပြီး ရင်ထဲတွင် လှိုင်းထန်သွားတော့သည်။
ဤအခိုက်အတန့်တွင် အခြားသော တေးဂီတသံများ အားလုံးပျောက်ကွယ်သွားတော့သည်။
နှဲ၏ စူးရှမြင့်မားသော အသံသာ ကျန်ရစ်နေတော့၏။
ထို့နောက်ပေ့ရွှယ် မျက်လုံးမှိတ်ကာ စတင် မှုတ်လေတော့ သည်။
အတိတ်က အရာအားလုံးက မျက်စိရှေ့တွင် ကွက်ကွက် ကွင်းကွင်းပေါ်လာ၏။
ထိုအရှင်သခင်ကြီး သူမကို ပြောခဲ့ဖူးသော စကားတိုင်းကို သူမ မှတ်မိနေသည်။
သူမ မြောက်ဘက် ငရဲမင်းအဖြစ် တာဝန်ယူစဉ်က သူပြောခဲ့သော စကားများကိုလည်း မှတ်မိနေသည်။
သူက "ပေ့ရွှယ်၊ မင်းက လူ့ပြည်ရဲ့ ဆင်းရဲဒုက္ခတွေ၊ လောကရဲ့ ဝမ်းနည်းစရာ ကိစ္စတွေကို ခံစားခဲ့ရဖူးတယ်၊ ဒီလေးယောက်ထဲမှာ မင်းက ပုရွက်ဆိတ်လေးတွေရဲ့ ဝမ်းနည်းမှုကို အနားလည်ဆုံးပဲ" ဟု ပြောခဲ့သည်။
"မင်း ငရဲမင်းနေရာကို တာဝန်ယူပြီး မြောက်ပိုင်းဒေသကို စောင့်ရှောက်ပေးနိုင်မလား"
သူ ဆန့်ထုတ်ပေးခဲ့သောလက်ကို သူမ မှတ်မိနေသလို၊ သူ ပြောခဲ့သော စကားများကိုလည်း မှတ်မိနေ၏။
သူမ ကိုယ်တိုင်၏အသံ၊ ကိုယ်တိုင်၏အဖြေကိုလည်း မှတ်မိနေသေးသည်။
သူမက "ကောင်းပါပြီ" ဟု ဖြေခဲ့သည်။
"ပေ့ရွှယ်က အရှင်သခင်ကြီး နောက်ကို ထာဝရလိုက်ပါမယ်၊ နေ့ပဲဖြစ်ဖြစ် ညပဲဖြစ်ဖြစ်၊ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ၊ ခေတ်ကာလတွေ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ"
"အရှင်သခင်ကြီး လိုအပ်တဲ့ အချိန်တိုင်း ပေ့ရွှယ်က ရောက် လာမှာပါ"
ထိုအရှင်သခင်ကြီး အပေါ် ထားရှိခဲ့သော ကတိစကားကို သူမ အမြဲ မှတ်မိနေခဲ့သည်။
……
နှဲ၏တက်ကြွသော ဂီတသံများ ထွက်ပေါ်လာသည်နှင့်အမျှ ပေ့ရွှယ် ရှေ့မှ စက္ကူရုပ်တစ်ဆုပ်က စတင် လှုပ်ရှားလာပြီး သရဲအုပ်စုထဲသို့ ဝင်ရောက်သွားတော့သည်။
ထို့နောက်သူမရှင်းလင်းလိုက်သည်နှင့် သရဲတစ္ဆေ အမြောက် အမြား ပျောက်ကွယ်သွားတော့သည်။
ထိုအသံကို ကြားရသော ဝိညာဉ်တမန်တော်များ အားလုံးက သူတို့၏ခန္ဓာကိုယ်အတွင်းရှိ ကုန်ခမ်းလုနီးပါး ဖြစ်နေသော သရဲချီအငွေ့အသက်များ ပြန်လည် ပြည့်ဝလာသည်ကို ရုတ်တရက် ခံစားလိုက်ရတော့သည်။
အားဆေး ထိုးခံလိုက်ရသကဲ့သို့ ဝိညာဉ်တစ်ခုလုံး အားအင်များပြန်လည် ပြည့်ဝလာ၏။
စက္ကူရုပ် ပညာရပ်ကို ဆက်လက် အသုံးပြုနိုင်ရုံသာမက တိုက်ပွဲ ရှေ့တန်းသို့ ကိုယ်တိုင် ပြေးဝင် တိုက်ခိုက်ချင်စိတ်များပင် ပေါ်ပေါက်လာတော့သည်။
ဤသည်မှာ အိမ်တွင်းအောင်း ဝိညာဉ်တမန်တော်များစွာအတွက် အရင်က တစ်ခါမှ မကြုံဖူးသော အတွေ့အကြုံသစ် တစ်ခုပင် ဖြစ်သည်။
အရေးအကြီးဆုံးအချက်မှာ ထိုအခြေအနေမျိုးတွင် ဝိညာဉ်တမန်တော်များ သတိပြုမိသွားသည်က သူတို့ လက်ထဲမှ အသစ်ထွက်လာသော စက္ကူရုပ်များ၏ တိုက်ခိုက်နိုင်စွမ်းကပင် ပုံမှန်ထက် နှစ်ဆပိုများနေခြင်းပင်။
ထိုအရာနှင့် ပြောင်းပြန်အနေဖြင့် ၎င်းတို့၏ပြိုင်ဘက် မိစ္ဆာသရဲများမှာမူ ဖိနှိပ်ခံထားရသကဲ့သို့ စွမ်းအားနှင့် ခုခံနိုင်စွမ်းများ အလွန်အမင်း လျော့ကျသွားတော့သည်။
ထို့ကြောင့်အသီးသီး ထွက်ပြေးရန်သာ ပြင်နေကြ၏။
တစ်ခဏအတွင်းမှာပင် မြောက်ဘက် နယ်မြေ၏ရှုပ်ထွေးနေသော အခြေအနေက ပြောင်းပြန်လှန်သွားတော့သည်။
"ဒါ ငရဲမင်းကြီး လှုပ်ရှားလိုက်တာ မဟုတ်လား"
ဝိညာဉ်တမန်တော် အများအပြားက ကောင်းကင်ယံသို့ မော့ကြည့်ကြပြီး မျက်လုံးများထဲတွင် ကြည်ညိုလေးစားမှုများ ပြည့်နှက်နေ၏။
စက္ကူရုပ် ပညာရပ်ပဲဖြစ်ဖြစ်၊ တူရိယာပဲဖြစ်ဖြစ် ငရဲမင်းကြီးက သူတို့ မြောက်ဘက် နယ်မြေမှာ နံပါတ်တစ် ဝိညာဉ်ပင်မဟုတ်လော။
သရဲ အနည်းငယ် သို့မဟုတ် စက္ကူရုပ် အနည်းငယ်ကို လွှမ်းမိုးဖို့က မခက်ခဲပေ။
သို့သော် မြောက်ပိုင်း တစ်ခုလုံးရှိ သရဲများနှင့် စက္ကူရုပ်များကို လွှမ်းမိုးဖို့ဆိုတာကတော့ လွယ်ကူသောကိစ္စ မဟုတ်ပါချေ။
ထို့ထက်ပို၍ ငရဲမင်းကြီး၏ ဤတေးသွားက ကိုယ့်ဘက်ကို အားဖြည့်ပေးပြီး ရန်သူဘက်ကို အားနည်းသွားစေသည့် အကျိုးသက်ရောက်မှု နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ဖြစ်ပေါ်စေခဲ့သည်။
ဤကဲ့သို့သော စွမ်းအားမျိုးကို ယခု သူတို့အနေဖြင့် မီနိုင်ရန် ခက်ခဲလှပေသည်။
တစ်ဦးချင်း တိုက်ခိုက်ရေးမှာ အစွမ်းဆုံးက တောင်ဘက် နယ်မြေ ဖြစ်မည်မှာ သေချာသည်။
သို့သော် အုပ်စုလိုက် တိုက်ခိုက်ရေး၏ စုစုပေါင်း စွမ်းအားကို ပြောရလျှင်... သူတို့ မြောက်ဘက် နယ်မြေက ရှုံးမည်ဟု မသေချာပါချေ။
……
နှဲသံက မြောက်ပိုင်း တစ်ခုလုံးတွင် ပဲ့တင်ထပ်နေ၏။
လမ်းပေါ်ရှိ မိစ္ဆာသရဲများမှာ လျင်မြန်စွာ လျော့နည်းလာပြီး ကောင်းကင်ကြီးမှာလည်း တဖြည်းဖြည်း ပြန်လည်လင်းလက်လာတော့သည်။
ဤတိုက်ပွဲက မကြာမီပြီးဆုံးတော့မည် ဖြစ်သည်။
အဆောက်အအုံများ အတွင်းမှ လူသားအချို့က ရုတ်တရက် ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြ၏။
"နင်တို့ နှဲသံ ကြားလိုက်ရလား"
အဘယ်ကြောင့် ဤဂီတသံကို နားထောင်ရင်း မျက်ရည်ကျချင်စိတ် ပေါက်လာရသနည်း။
ထိုနှဲသံမှာ ဝမ်းနည်းနေသကဲ့သို့လည်း ရှိပြီး၊ ကွယ်လွန်သွားသော မိတ်ဆွေဟောင်း တစ်ယောက်ကို လွမ်းဆွတ်နေသကဲ့ သို့လည်း ရှိနေခြင်းကပင်သူတို့အား မျက်ရည်ကျချင်စိတ် ပေါ်ပေါက်လာစေသည်လေ။
……
(မူရင်းစာရေးသူမှတ်ချက်- ရှင်းပြပါရစေ၊ ဒီအခန်းထဲက 'ပုရွက်ဆိတ်' ဆိုတဲ့ စကားလုံးက မြောက်ပိုင်းက လူသားတွေ အားလုံးက အားနည်းတဲ့သူတွေလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ငရဲမင်းကြီးတွေလည်း အရင်တုန်းက လူသားတွေပဲ ဖြစ်ခဲ့တာလေ။)
🫧 Chapter 174
[မြောက်ဘက်က နောက်ပိုင်း ဘယ်လိုဆက်ဖြစ်သွားလဲ မသိဘူး]
[အေးလေ၊ မီးရှူးမီးပန်းတွေကော ဆက်ဖောက်နေသေးလား]
[စက္ကူရုပ်တွေနဲ့ စက္ကူငှက်တွေကော ရှိနေသေးလား]
တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာက ယန်လော် နှင့်အတူ အရှေ့ဘက် ငရဲပြည်သို့ ပြန်လည်ထွက်ခွာလာခဲ့၏။
ထို့ကြောင့် ပရိသတ်များမှာ မြောက်ဘက် နယ်မြေ၏ အခြေ အနေကို ဆက်လက် မမြင်တွေ့ရတော့ဘဲ နောက်ဆက်တွဲကို ကိုယ့်ဘာသာသာ ခန့်မှန်းနေကြရတော့သည်။
ယန်လော်၏ လှုပ်ရှားမှုများကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားဖွယ် ကောင်းလှသော်လည်း၊ လူတို့၏သိချင်စိတ်ဆိုသည်မှာ ဤသို့ပင် ဖြစ်၏။
'မမြင်ရလေ ပိုပြီးမျှော်လင့်ချက် ကြီးမားလေပင်'
[ငါက မြောက်ဘက်မှာ နေတာ၊ ညီအစ်ကိုတို့ကို ပြောပြရရင် သာမန်မျက်စိနဲ့ မြင်နေရတဲ့ အနက်ရောင်အရိပ်တွေ တော်တော်လေး လျော့နည်းသွားပြီ၊ လုံးဝ မမြင်ရသလောက်ပဲ ဒါက ငါ သရဲကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ]
[ဒါနဲ့လေ ငါ နှဲသံကို ကြားလိုက်ရတယ်၊ ကြက်သီးတွေတောင် ထသွားပြီး တစ်ကိုယ်လုံး တစ်ခုခုလွဲနေသလို ခံစားရတယ်၊ အပြင်ထွက်ပြီး သရဲတွေနဲ့အတူတူ သီချင်းတောင် သွားဆိုချင်စိတ်တောင် ပေါက်လာတယ်]
[အပေါ်ကလူ မင်းတော့ တစ်ခုခု မှားနေပြီ]
[တကယ်တော့ ငါလည်း အသံသဲ့သဲ့လေး ကြားလိုက်ရတယ်၊ ဒါပေမယ့် သေချာ မသပီဘူး၊ အရမ်း ဝမ်းနည်းစရာကောင်းတဲ့ ခံစားချက်မျိုး ပေးတယ်]
[နှဲသံလည်း ထွက်လာရော သရဲတစ္ဆေတွေ အကုန်ထွက်ပြေးကုန်တာပဲ]
……
အရပ်လေးမျက်နှာမှ ငရဲမင်းကြီးများ တိုက်ပွဲဝင်လာသည် နှင့်အမျှ လူ့ပြည်တွင် သောင်းကျန်းနေသော မိစ္ဆာသရဲများမှာ လျင်မြန်စွာ ရှင်းလင်းခံလိုက်ရတော့သည်။
ပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်ယံမှာ တဖြည်း ဖြည်းပြန်လည် လင်းလက်လာပြီး တိမ်မည်းများ လွင့်စင်သွားကာ အဝေးဆီတွင် နေဝင်ဆည်းဆာ၏ရောင်နီများ ကျန်ရစ်နေဆဲ ဖြစ်၏။
လူများစွာမှာ အိပ်ခန်းထဲမှထွက်လာကြပြီး ပြတင်းပေါက် လိုက်ကာများကို လှန်ကာ အပြင်သို့ လှမ်းကြည့်လိုက်ကြသည်။
လမ်းမပေါ်တွင်လည်း လူသူကင်းမဲ့နေပြီး မြို့ပြကြီးမှာ တိတ်ဆိတ် ငြိမ်သက်နေ၏။
ကားအနည်းငယ်သာ လမ်းမပေါ်တွင် ရပ်နားထားကြသည်။
ကားပေါ်မှ မဆင်းလိုက်ရသော သူများက နေဝင်ဆည်းဆာ ရောင်နီအောက်ရှိ မြို့ပြကြီးကိုကြည့်ကာ ကားပေါ်မှဖြည်း ညင်းစွာ ဆင်းလာကြတော့သည်။
"ရှူး ရှူး... ဆီးအောင့်ထားရလွန်းလို့ သေတော့မယ်"
"လူရှိလား၊ တံခါးလေး ဖွင့်ပေးကြပါဦး၊ ငါ အပေါ့သွားချင်လို့ပါ"
"ဘာတံခါး သွားဖွင့်ရမှာလဲ၊ ရေသန့်ဘူး အလွတ်တစ်ဘူး ယူပြီး ကိုယ့်ဘာသာ ဖြေရှင်းလိုက်ပါလား၊ အပြင်မှာ မလုံခြုံသေးဘူးဆိုတာ မမြင်ဘူးလား"
"အပြင်မှာ ဘာမှမရှိတော့ဘူး၊ တကယ်ပြောတာပါ"
ကုမ္ပဏီများ၊ စတိုးဆိုင်များတွင် ပုန်းအောင်းနေခဲ့သော သူများလည်း တဖြည်းဖြည်း အပြင်သို့ထွက်လာကြတော့ သည်။
"ဘာမှမရှိတော့ဘူးလား"
"သူဌေး၊ ဆေးလိပ် တစ်ဗူးလောက် ပေးပါ"
"ရော့ ရော့၊ ဒီ ဆေးလိပ်ဗူး မင်းကို လက်ဆောင်ပေးလိုက်မယ်"
စတိုးဆိုင်ပိုင်ရှင်သည် အပြင်ဘက်သို့ ကြည့်ရင်း မျက်နှာပေါ်တွင် အပြုံးတစ်ခု တဖြည်းဖြည်း ပေါ်လာတော့၏။
"ကမ္ဘာကြီး ငြိမ်းချမ်းနေတာ တကယ်ကောင်းပါတယ်၊ ကောင်းပါတယ်..."
လူများစွာ၏စိတ်ထဲတွင် ငယ်စဉ်က သူရဲကောင်း အိပ်မက်တစ်ခုစီ ရှိခဲ့ဖူးကြသည်။
ကမ္ဘာကြီးကမောက်ကမဖြစ်ပြီး သူရဲကောင်းများ ပေါ်ထွက်လာရန် မျှော်လင့်ခဲ့ကြ၏။
ကြီးပြင်းလာသောအခါမှသာ ဤလောကတွင် သူရဲကောင်းများ ဤမျှ မပေါများကြောင်း သိလာကြတော့သည်။
ကမ္ဘာကြီး ကမောက်ကမ ဖြစ်ရန် မလိုအပ်သလို၊ လူသားများကို ဖျက်ဆီးပစ်မည့် အဖြစ်အပျက်ကြီးများ မကြာခဏ ပေါ်ပေါက်လာရန်လည်း မလိုအပ်ပါချေ။
မိုးလင်းလာလျှင် အိပ်ရာထပြီး မနေ့က မပြီးသေးသော အလုပ်များကို ဆက်လုပ်မည်။
အချိန်တန်လျှင် ထမင်းဘူးဖွင့်ကာ သူများ ဟင်းခွက်ထဲမှ အနံ့ကို ရှူရင်း မိမိ၏ဟင်းကို စားမည်။
အလုပ်များနေသည့် ကြားမှ မနေ့ညက ဇာတ်လမ်းတွဲ သို့မဟုတ် ဂိမ်းအကြောင်းကို တိတ်တဆိတ် ပြန်တွေးမည်။
လာမည့် အနာဂတ်၏သာယာလှပမှုများကိုလည်း ကြုံသလို စိတ်ကူးယဉ်ကြည့်မည်။
ရိုးရိုးရှင်းရှင်းနှင့် နောက်ထပ် တစ်နေ့ကုန်ဆုံးသွားခြင်းကသာ တကယ့် ဘဝအစစ်အမှန် ဖြစ်တော့သည်။
"သူဌေး၊ ဆေးလိပ် လက်ဆောင် ပေးတုန်းပဲလား" ဟု လူတစ်ယောက်က အနားသို့ တိုးလာကာ မေးလိုက်၏။
"မပေးတော့ဘူး" ဆိုင်ပိုင်ရှင်က ချက်ချင်းမျက်နှာထား တင်းမာသွားတော့သည်။
ဆေးလိပ် တစ်ဗူး လက်ဆောင်ပေးခြင်းက ပျော်ရွှင်မှုဖြစ်သော်လည်း၊ နှစ်ဗူး ပေးလိုက်လျှင်တော့ ကိုယ့်အသားကိုယ် လှီးဖြတ်ရသလို ဖြစ်သွားမည် မဟုတ်လော။
ဘဝတွင် ဆန်၊ ဆီ၊ ဆား နှင့် ငွေကြေးတို့မှာ မရှိမဖြစ် လိုအပ်ပေသည်။
……
အပြင်ဘက်တွင် လူသံများ ပိုမိုများပြားလာသည်နှင့်အမျှ လူအများအပြားမှာ အပြင်သို့ ထွက်လာရန် ကြိုးစားလာကြသည်။
"ဒီမြူခိုးတွေ ပြည့်နေတဲ့ လေထုကလည်း မဆိုးပါဘူးလို့ ရုတ်တရက် ခံစားလိုက်ရတယ်"
"အနှစ်နှစ်ဆယ်ကျော်အတွင်းမှာ ဒီလို နေဝင်ဆည်းဆာကို သေချာကြည့်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ"
"ရုတ်တရက်ကြီး ဗိုက်ဆာလာတယ်၊ ဘယ်အိမ်က ထမင်း ချက်နေတာလဲ"
သူတို့သည် မိမိဘာသာ စကားပြောနေသကဲ့သို့လည်း ရှိပြီး၊ ဘေးနားရှိ လူများနှင့် စကားပြောနေသကဲ့သို့လည်း ရှိနေကြ၏။
ဘေးပတ်လည်တွင် သိကျွမ်းသူများ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပြောနေသည့် ကိစ္စက အရေးကြီးသည်ဖြစ်စေ၊ အရေးမကြီးသည်ဖြစ်စေ။
ဤအခိုက်အတန့်တွင် သူတို့သည် တစ်ခုခုကို ပြောချင်နေကြခြင်းသာ ဖြစ်သည်။
"ထမင်းစားမလား၊ ငါ ဒကာခံမယ်လေ"
လူငယ်တစ်ဦးက ဘေးရှိ လုပ်ဖော်ကိုင်ဖက် အမျိုးသမီးကို ကြည့်ကာ မေးလိုက်၏။
"ကျေးဇူးပါပဲ"
ထိုအခါအမျိုးသမီးက လှည့်ကြည့်ကာပြုံး၍ မေးလိုက်သည်။
"ဘာစားကြမလဲ"
"ဘာစားစား အဆင်ပြေပါတယ်"
……
သိပ်မကြာခင်မှာပင်
သက်ဆိုင်ရာမှလည်း အန္တရာယ်ကင်းရှင်းသွားပြီ ဖြစ်ကြောင်း အသိပေးချက် ထုတ်ပြန်လိုက်သော်လည်း အပြင်ထွက်လျှင်တော့ သတိထားရန်လိုအပ်သေးကြောင်း သတိပေးထား သည်။
လူပြတ်သော နေရာများသို့ တစ်ကိုယ်တည်း သွားခြင်းမျိုးကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန်လည်း ပါဝင်၏။
"အား... ဘာလို့ ဒီလိုဖြစ်ရတာလဲ"
စာကြည့်စားပွဲရှေ့တွင် အိမ်စာများ ရှေ့သို့ ပြန်လည် ရောက်ရှိသွားသောကလေးငယ်တစ်ယောက်မှာမနေနိုင်ဘဲ ညည်းတွား အော်ဟစ်လိုက်တော့သည်။
စာကြည့်စားပွဲကိုလည်း ဒုန်းဒုန်း မြည်အောင် ထုရိုက်နေသေး၏။
"မေမေရယ်၊ ခုနလေးတင် ကမ္ဘာကြီးပျက်တော့မလို့ ဖြစ်နေတာကို၊ ဘာလို့ အိမ်စာတွေ ရေးနေရဦးမှာလဲ"
"ဘာ ကမ္ဘာပျက်တာလဲ၊ ဝိညာဉ်တမန်တော်တွေ ရှိနေသရွေ့တော့ သားရဲ့အိမ်စာတွေက ကမ္ဘာပျက်မယ့်နေ့ကို ရောက်လာမှာ မဟုတ်ဘူး"
စာကြည့်ခန်း အပြင်ဘက်မှ ကလေး၏မိခင်က ပြန်ပြောလိုက်သည်။
"ဝူး ဝူး..."
ကလေးငယ်က ညည်းတွားရင်း "အိမ်စာတွေ မလုပ်ရအောင်ကမ္ဘာပျက်မယ့်နေ့က ဘယ်တော့များမှ ရောက်လာမှာလဲ" ဟု အော်ဟစ်လိုက်တော့သည်။
……
ငရဲပြည်တွင်
လူ့ပြည်ရှိ သရဲတစ္ဆေများကို ရှင်းလင်းမှုအများစု ပြီးစီးသွားပြီ ဖြစ်ရာ၊ နောက်ဆုံး လက်စသတ်ခြင်းနှင့် ပြန်လည်တည် ဆောက်ရေး လုပ်ငန်းများကိုသာ ထောက်ပံ့ရေးဌာနမှ ဆက်လက် တာဝန်ယူရတော့မည် ဖြစ်သည်။
ကျန်းလင်နှင့် အခြားဝိညာဉ်တမန်တော်များလည်း ငရဲပြည်သို့ပြန်လည် ရောက်ရှိလာကြပြီဖြစ်၏။
ဝိညာဉ်ဆိုင်ပိုင်ရှင် ကိစ္စမှာ ဤနေရာတွင်ပင် ပြီးဆုံးလုနီးပါး ဖြစ်သွားပြီဖြစ်သည်။
အကူအညီလာပေးရန် ခေါ်ယူခံခဲ့ရသော အလုပ်သင် ဝိညာဉ်တမန်တော် အယောက်နှစ်ဆယ်မှာလည်း သူတို့၏ယခင် ဌာနများဆီသို့ ပြန်သွားကြပြီး အခြားသောကိစ္စရပ်များကို စီစဉ်ကြတော့သည်။
အလုပ်သင် ဝိညာဉ်တမန်တော်များ၏အလုပ်မှာ များသော အားဖြင့် လိုအပ်သည့် နေရာများသို့ အစားထိုးဝင်ရောက်ရခြင်းပင်။
ကားဝိညာဉ်သည်လည်း ခရိုင် (၁၈) အတွင်းတွင် အမြဲတမ်း ပတ်မောင်းနေစရာ မလိုတော့ဘဲ၊ ပိုမိုများပြားသော နေရာများဆီသို့ သွားရောက် လည်ပတ်နိုင်တော့မည်ဖြစ်သည်။
ကားပေါ်ရှိ သရဲများမှာ သူတို့၏ခရီးစဉ်ကို တစ်ဖန် ပြန်လည် စတင်ကြပြီ ဖြစ်၏။
သူတို့သည် မတူညီသော လူများနှင့် ထပ်မံတွေ့ဆုံရနိုင်သလို၊ မတူညီသော ရှုခင်းများကိုလည်း မြင်တွေ့ရပေမည်။
ခရီးသွားနေရင်း သူတို့ တစ်ခုခုကို ပြန်လည်သတိရလာနိုင်ကောင်းပါသည်။
ဤသည်မှာလည်း သူတို့ ယနေ့တိုင် အသက်ရှင်တည်ရှိနေရခြင်း၏ မူလရည်ရွယ်ချက်ပင်။
သို့သော် ကားဝိညာဉ်ယာဉ်မောင်းက လမ်းခရီးတွင် မြင်တွေ့ရသမျှ ကိစ္စများကို ကျန်းလင်ထံသို့ သတင်းပို့ပေးမည်ဖြစ် သည်။
ကုန်ကုန်ပြောရလျှင် ဒေသအသီးသီး၏အခြေအနေများကို သွယ်ဝိုက်သော နည်းလမ်းဖြင့် စုဆောင်းပေးနေခြင်းဟု ဆိုနိုင်ပေသည်။
ကျန်းလင်လိုအပ်သည့် အချိန်တွင် ယာဉ်မောင်းက အချိန်မရွေးပြန်လာနိုင်၏။
အဖွဲ့ (၁၈) မှ အဖွဲ့ဝင်များလည်း ကိုယ်စီ တာဝန်များဆီသို့ ပြန်လည် ရောက်ရှိသွားကြပြီး ဝိညာဉ်များ ခေါ်ဆောင်သည့် အလုပ်ကို ဆက်လက် လုပ်ဆောင်နေကြသည်။
အလုပ်များက အရင်လိုမကြပ်တည်းတော့ချေ။
သို့သော် နျဲ့ကျိုက လမ်းပျောက်တတ်ဆဲဖြစ်ပြီး၊ ဟုန်ယာ က ဇာတ်လမ်းတွဲများနှင့် ဝတ္ထုများဖတ်ရသည်ကို နှစ်သက်ဆဲ ဖြစ်၏။
ကျိယင်လည်း သူ့ကိုယ်ပိုင်နည်းလမ်းဖြင့်သာ ဝိညာဉ်များနှင့် စကားပြောဆို ဆက်သွယ်ဆဲဖြစ်သည်။
လီရှောင်းကမူ မိစ္ဆာသရဲများကို သတ်ဖြတ်ရာတွင် အရင်လို ပြတ်သားနေဆဲ ဖြစ်သော်လည်း၊ ဝိညာဉ်များ၏လုံခြုံရေးကို အဓိကထားရမည်ကိုတော့ သင်ယူတတ်မြောက်သွားခဲ့ပြီ ဖြစ်၏။
အရာအားလုံး တဖြည်းဖြည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားတော့သည်။
……
သို့သော် ဤကိစ္စပြီးနောက် အဖွဲ့ (၁၈) မှ အဖွဲ့ဝင် အများစု၏ စွမ်းအားများမှာ တိုးတက်လာခဲ့ကြသည်။
ထိုအထဲတွင် နျဲ့ကျိုက စစ်သူကြီး အဆင့်သို့တက်လှမ်းသွားပြီး၊ ဟုန်ယာမှာ တစ္ဆေတပ်သား အလယ်အဆင့်မှ အထွတ် အထိပ်အဆင့်သို့ တက်လှမ်းသွား၏။
လီရှောင်းလည်း ဝိညာဉ်အထွတ်အထိပ်အဆင့်မှ မြေအောက်စစ်သည် အစောပိုင်း အဆင့်သို့ တက်လှမ်းသွားတော့သည်။
အလုပ်သင် ဝိညာဉ်တမန်တော် ငါးဦးလည်း စီနီယာများ နောက်သို့ လိုက်ပါရန် မလိုတော့ဘဲ မိမိကိုယ်တိုင် သီးခြား အလုပ်လုပ်နိုင်ပြီ ဖြစ်၏။
ကျန်းလင် ဤတစ်ခေါက် သရဲဈေးတန်းကို ဖြတ်သွားစဉ် အဖွဲ့ဝင်အချို့ အတူတူထမင်းစားကာ စကားပြောနေကြသည်ကို မြင်တွေ့ခဲ့ရသေးသည်။
ထိုနေ့က သရဲတစ္ဆေများ သောင်းကျန်းခဲ့သည့် ကိစ္စများနှင့် အနက်ရောင် ဝိညာဉ်တမန်တော်များ လာရောက်ကူညီပေးခဲ့သည့် ကိစ္စများကို ဆွေးနွေးနေကြခြင်းဖြစ်သည်။
သိသာထင်ရှားစွာပင် အဖွဲ့ဝင်များ အချင်းချင်းလည်း အရင်ကထက် ပိုမိုရင်းနှီးလာကြပြီဖြစ်၏။
ဤသည်က ဝိညာဉ်တမန်တော်များ အတွက်တော့ ဆိုးရွား သောကိစ္စတစ်ခု မဟုတ်ပါချေ။
မည်သို့ပင်ဖြစ်စေ ဝိညာဉ်တမန်တော်များ ဖြတ်သန်းရမည့် နှစ်ကာလများက အလွန်ရှည်လျားလွန်းလှသည် မဟုတ်ပါလော။