အခန်း (၁၇၅-၁၇၆)
Vol. 18 Ch. 175-176
🫧 Chapter 175
ငရဲပြည်သို့ ပြန်ရောက်ပြီး မကြာမီ ငရဲမင်းကြီးက အစည်းအဝေး တစ်ခု ခေါ်ယူလိုက်၏။
ယခုဖြစ်ရပ်နှင့် ပတ်သက်၍ အကြမ်းဖျင်းရှင်းပြပြီးနောက် ဆက်လက်လုပ်ဆောင်ရမည့် ရှင်းလင်းရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအကြောင်းကိုလည်း ပြောကြားခဲ့သည်။
တပ်ဖွဲ့အသီးသီးက အချင်းချင်းပူးပေါင်းဆောင်ရွက်ကြရမည်မှာ သေချာလှ၏။
ရှင်းလင်းရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ပြောရလျှင် မြောက်ဘက် နယ်မြေက အလုပ်အများဆုံးဖြစ်မည်မှာ သေချာသည်။
သို့သော် သူတို့၌ စက္ကူရုပ်ပညာရပ်ရှိသောကြောင့် အရေအတွက်ပိုင်းတွင်တော့ သိပ်ပြီးအခက်အခဲ မရှိနိုင်ပါချေ။
……
ထူးခြားချက်တစ်ခုအနေဖြင့်ပြောရလျှင် ထိုအချိန်က အရှေ့၊ အနောက်နှင့် တောင်ဘက်မှ ငရဲမင်း သုံးပါး မိမိတို့ နယ်မြေ အသီးသီးသို့ ပြန်ရောက်သွားချိန်တွင် တောင်ဘက် ငရဲမင်းကြီးက ကိုယ်တိုင် ဝင်မပါလိုက်ရပါချေ။
နယ်မြေအတွင်းရှိ သရဲတစ္ဆေ အများစုကို ဝိညာဉ်တမန်တော်များကသာ ကိုယ်တိုင်ရှင်းလင်းပစ်ခဲ့ကြ၏။
အဓိက အကြောင်းရင်းကို ပြောရလျှင် နန်မင် တောင်ဘက် နယ်မြေသို့ ပြန်ရောက်ပြီး ဝင်ရောက်တိုက်ခိုက်ရန် ပြင်လိုက်စဉ် သတင်းကြား၍ရောက်လာသော ဝိညာဉ်တမန်တော်များက သူ့ကို ရိုသေလေးစားစွာဖြင့် အနောက်သို့ ပြန်လည် 'ဖိတ်ခေါ်' သွားကြသောကြောင့် ဖြစ်သည်။
"ဒီလောက် သရဲအသေးအမွှားလေးတွေအတွက် ငရဲမင်းကြီး ကိုယ်တိုင် ဝင်ပါစရာ မလိုပါဘူး"
ဝိညာဉ်တမန်တော်များက ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်ကြ၏။
"အရာအားလုံးကို ကျွန်တော်တို့ဆီသာ လွှဲထားလိုက်ပါ၊ အေးဆေး စိတ်ချနေလို့ ရပါတယ်"
ထိုဟန်ပန်၊ ထိုလေသံများက ယုံကြည်မှုအပြည့် ရှိနေကြသည်။
ထို့ကြောင့် နန်မင်လည်း ဆက်လက် အတင်းအကြပ်မလုပ်တော့ချေ။
ထို့ကြောင့် သူသည် ငရဲမင်းနန်းဆောင်သို့ တိုက်ရိုက် ပြန်သွားကာ ဓားမကြီးကိုထုတ်၍ သုတ်သင်ရှင်းလင်းနေလိုက်တော့ သည်။
ဓားမကြီးတွင် ကိုယ်ပိုင်သန့်စင်သည့် လုပ်ဆောင်ချက် ပါဝင်သော်လည်း၊ သူကတော့ ကိုယ်တိုင်သုတ်သင်ရသည်ကို အကျင့်ပါနေပြီဖြစ်၏။
သူ့အတွက်တော့ ဤသည်က အခမ်းအနားတစ်ခုကဲ့သို့ပင်။
သို့သော် ဓားသုတ်နေရင်းနှင့် တစ်ခုခုကို မေ့နေသကဲ့သို့ နန်မင် ရုတ်တရက် ခံစားလိုက်ရသည်။
သေချာ ပြန်စဉ်းစားကြည့်သော်လည်း ပြဿနာအားလုံး ပြေလည်သွားပြီ ဖြစ်ရာ၊ ဘာကိစ္စမှမရှိနိုင်တော့ဟု တွေးလိုက်၏။
သူ ခေါင်းမော့ကြည့်လိုက်ချိန်မှသာ ကျုံးခွေ့ ငရဲမင်းနန်းဆောင်ဘက်သို့ လျှောက်လာသည်ကို တွေ့လိုက်ရတော့ သည်။
ထိုချိန်မှသာနန်မင် ဓားသုတ်နေသည့် လက်များရပ်တန့်သွားပြီး တစ်ခုခုကို ရုတ်တရက် သတိရသွား၏။
မြောက်ဘက် နယ်မြေ၏မြင်ကွင်းက ခေါင်းထဲတွင် ဖြတ်ကနဲ ပေါ်လာတော့သည်။
သူ ထိုင်ခုံမှ ထရပ်လိုက်စဉ်မှာပင် ကျုံးခွေ့ က ငရဲမင်းနန်းဆောင်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာပြီဖြစ်သည်။
ကျုံးခွေ့ ကိုယ်ပေါ်တွင် တိုက်ပွဲမှ ကျန်ရစ်ခဲ့သော အရာများ ရှိနေဆဲပင်။
ကျုံးခွေ့ သည် ငရဲမင်းပြန်ရောက်နေပြီဆိုသည့် သတင်းကို ကြားသည်နှင့် အပြေးအလွှားလာခဲ့ခြင်းဖြစ်ပြီး အရိုအသေပေးကာ မေးလိုက်၏။
"ငရဲမင်းကြီး၊ မြောက်ဘက် နယ်မြေရဲ့ အခြေအနေ ဘယ်လိုရှိလဲ သိပါရစေ"
နန်မင် "ငါ ရုတ်တရက် ကိစ္စလေးတစ်ခု သွားလုပ်စရာ ရှိတာ သတိရလာလို့"
ထိုသို့ပြောရင်း သူသည် ဓားမကြီးကိုသိမ်းကာ မျက်တောင်တစ်ခတ်အတွင်း ငရဲမင်းနန်းဆောင်ထဲမှ ပျောက်ကွယ်သွားတော့သည်။
သူ၏အနောက်တွင်တော့ ကျုံးခွေ့ မှာ တစ်ခွန်းမှပင် လှမ်းမခေါ်လိုက်ရဘဲ အရိုအသေပေးထားသည့် ပုံစံအတိုင်း ကျန်ရစ်ခဲ့တော့၏။
"..."
အချိန် အနည်းငယ် ကြာသောအခါ ထောက်လှမ်းရေးဌာနမှ ဝိညာဉ်တမန်တော် တစ်ဦးက ကျုံးခွေ့ ထံသို့ သတင်းယူ ဆောင်လာခဲ့သည်။
ထိုအခါ ကျုံးခွေ့ သည် သတင်းအချက်အလက်များကို ကြည့်ရင်း ပြုံးလျက်သားနှင့် သတိလစ်တော့မတတ်ဖြစ်သွားရ၏။
'မြောက်ဘက် ငရဲမင်းနန်းဆောင်တစ်ခုလုံး ပြိုကျသွားပြီတဲ့လား'
'ပတ်ဝန်းကျင်တွင်လည်း တိုက်ရာခိုက်ရာအပျက်စီးပုံများ အများအပြား ရှိနေသေးသည်တဲ့လား'
'အဆောက်အအုံများစွာလည်း ပျက်စီးသွားသည် ဆိုပါလား'
'ငရဲမင်းကြီးက တိုက်ရိုက်ဝင်သွားပြီး သူများ နန်းဆောင်ကို ဖြိုချပစ်ခဲ့တာလား'
"ကြည့်ရတာ အနောက်ဘက်နယ်မြေကို တစ်ခေါက်လောက် သွားမှ ဖြစ်တော့မယ်"
ကျုံးခွေ့ စဉ်းစားနေရင်းရေရွတ်မိလိုက်သည်။
ယခုအချိန်တွင် နယ်မြေအသီးသီး၌ ရှင်းလင်းရေးနှင့် ပြန် လည်တည်ဆောက်ရေး လုပ်ငန်းများဖြင့် အလုပ်များနေကြ၏။
အချိန်အတန်ကြာ၍ အလုပ်များ ပြီးသွားချိန်တွင် မြောက်ဘက် နယ်မြေက လျော်ကြေးလာတောင်းမည် ဆိုပါက သူတို့မှာ လျော်စရာအလုံအလောက်ရှိမည် မဟုတ်ပါချေ။
ထို့ကြောင့် သူက ငရဲမင်းကြီးကို အနောက်ဘက်နယ်မြေသို့ အရင် 'ဖိတ်ခေါ်' ပြီး ပြည်သူ့ စီးပွားရေးပြဿနာကို ဖြေရှင်းခိုင်းရမည်လော။
ဤမျှ ကြီးမားသော ငရဲမင်းနန်းဆောင်ကြီးကို ဤအတိုင်း ဆက်ထားမည်ဆိုလျှင် ကုန်ကျစရိတ်များက ပြဿနာဖြစ် လာတော့မည်။
သူတို့ တောင်ဘက်နယ်မြေ၏ ငရဲမင်းက တခြားအရာမရှိလျှင်တောင် တိုက်ခိုက်ရေး စွမ်းရည်ကတော့ ပထမတန်းစား ဖြစ်သည်မှာ သေချာလှ၏။
လူ့ပြည်၌
အေးမြသော အရောင်များဖြင့် အလှဆင်ထားသည့် ဥရောပစတိုင် အိမ်လုံးချင်းလေးတစ်လုံးထဲတွင် ကျန်းရှန်သည် ကုတင်ပေါ်တွင် လှဲလျောင်းရင်း အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိနေပြီဖြစ်၏။
"ဘိုးဘေးကြီး၊ ဒီတစ်ခါ ဖြစ်ရပ်က အရမ်းကြီးကျယ်တာပဲ၊ သရဲတွေ အများကြီးထွက်လာတာကို ဝိညာဉ်တမန်တော်ကြီးတွေအကုန် ရှင်းလင်းပေးခဲ့တာလား"
ကျန်းရှန်သည် မကြာသေးမီက သူ၏ပညာသင်ယူမှု အခြေ အနေများကို ဘိုးဘေးကြီးထံ သတင်းပို့ပြီးနောက် ဤဖြစ်ရပ်အကြောင်းကို မနေနိုင်ဘဲ မေးလိုက်မိသည်။
ဘိုးဘေးကြီးသည် လေထဲတွင် လွင့်မျောနေရင်း သူ့ကို တစ်ချက် ကြည့်လိုက်၏။
"ဆိုတော့...မင်း ဘာမေးချင်တာလဲ"
ကျန်းရှန် ဟီးဟီးဟားဟား ရယ်မောလိုက်ပြီး "ဘိုးဘေးကြီး၊ ကျွန်တော် ဗေဒင်ဟောတာလေးလည်း တော်တော်လေး သင် ယူတတ်မြောက်နေပြီဆိုတော့၊ သရဲတွေကို ကာကွယ်တဲ့ ပညာရပ် နည်းနည်းလောက်ထပ်သင်ပေးပါလား"
"တကယ်လို့ ကျွန်တော်က ဗေဒင်ဟောတာတတ်သွားပြီးတော့မှ သရဲတစ္ဆေတွေရဲ့ ဒုက္ခပေးတာခံလိုက်ရရင် ဘိုးဘေးကြီး သင်ပေးရကျိုး မနပ်ဘဲ နေမှာပေါ့"
ပြောပြီးသည်နှင့် ကျန်းရှန် သည် ဘိုးဘေးကြီးကို မျှော်လင့် ချက်အပြည့်ဖြင့် ကြည့်နေလိုက်၏။
ယခုမူသူသည် ဗေဒင်ဟောသည့် နယ်ပယ်တွင် အတော်လေး နာမည်ရလာပြီဖြစ်သည်။
ဘိုးဘေးကြီး၏ပညာများကို လက်ခံရရှိထားသော အခြားသူများလည်း တဖြည်းဖြည်း အောင်မြင်မှုများရရှိလာကြပြီ ဖြစ်၏။
သို့သော် ကျန်းရှန် အာရုံစိုက်နေမိသည်မှာ မကြာသေးမီက အသိုင်းအဝိုင်းထဲတွင် သတင်းကြီးနေသော လူနှစ်ယောက် အကြောင်းပင်။
ထိုနှစ်ယောက်မှာ ရဲ့ယိုရှီးနှင့်ထန်ထျန်ကျဲ တို့ ဖြစ်သည်။
ထိုလူနှစ်ယောက်က သရဲတစ္ဆေများကိုနှိမ်နင်းရာတွင်အတော် လေး ကျွမ်းကျင်ကြသည်ဟု ကောလာဟလထွက်နေပြီး ဘိုးဘေးကြီး၏ပညာများကို အမွေရထားသူများ ဖြစ်နိုင်ချေရှိသည်။
ကျန်းရှန်လည်း လောဘမကြီးပါချေ။
သူက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းလေးတော့ ရှိချင်ရုံသာဖြစ်၏။
Streamer ပေးသော ပရိသတ် လက်ဆောင်များက တစ်ခဏတာ ကာကွယ်ပေးနိုင်သော်လည်း တစ်သက်လုံးတော့ မကာကွယ်ပေးနိုင်ပါချေ။
"သရဲကာကွယ်တဲ့ ပညာ"
ဘိုးဘေးကြီး၏ မျက်နှာထားက အေးစက်သွားပြီး လှောင် ပြုံး ပြုံးလိုက်၏။
"ငါက မင်းကို ငါ့ကို ဘယ်လို ကာကွယ်ရမလဲဆိုတာ သင်ပေးရမှာလား မင်း သတ္တိတွေ ပိုလာပြီပေါ့"
"အရင်က သင်ပေးထားတာတွေ အကုန်လုံးကို ဆယ်ခေါက်စီ ပြန်ကျင့်စမ်း"
ကျန်းရှန် : " ဟင် "
ကျန်းရှန် သတိမဝင်လာသေးခင်မှာပင် ခန္ဓာကိုယ်က အလိုအ လျောက် လှုပ်ရှားလာကာကြေးပြားများကိုယူ၍ စတင် လေ့ကျင့်နေတော့၏။
သူ၏ခန္ဓာကိုယ်ကို လုံးဝ ရပ်တန့်၍မရတော့ချေ။
"ဘိုးဘေးကြီး၊ ကျွန်တော်က အဲဒီသဘောပြောတာ မဟုတ်ပါဘူး"
ဘိုးဘေးကြီး "အရင်က အလွတ်ကျက်ခိုင်းထားတာတွေ အကုန်လုံးကိုလည်း တစ်ခေါက်စီပြန်ရွတ်စမ်း"
"ဘိုးဘေးကြီး ကျွန်တော် &*&@&"
ကျန်းရှန် ရှင်းပြချင်သေးသော်လည်း ပါးစပ်ဟလိုက်သည် နှင့် အလိုအလျောက် အလွတ်ရွတ်နေတော့သည်။
သူချက်ချင်းပင်မျက်ရည်များ စီးကျလာကာတွေးလိုက်တော့သည်။
'ကျွန်တော်က ဘိုးဘေးကြီးကို ကာကွယ်ချင်လို့ မဟုတ်ပါဘူး၊ ဘိုးဘေးကြီးကို ပြန်ဆန့်ကျင်ဖို့ ရည်ရွယ်ချက် လုံးဝမရှိပါဘူး...'
'ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်ရုံလေးပါ'
ဘိုးဘေးကြီးက မျက်နှာထား တင်းမာစွာဖြင့် ဘေးမှ ကြည့်နေ၏.
"မင်းရဲ့ ဒီလောက်လေးရှိတဲ့ ပညာနဲ့တောင် အတော်လေး သင်ယူတတ်မြောက်နေပြီလို့ ထင်နေတာလား အဝေးကြီးလိုပါသေးတယ်"
"တစ်ခုမှတောင် သေချာ မတတ်သေးဘဲနဲ့ တခြားဟာတွေ သင်ချင်နေသေးတယ်၊ အိပ်မက် မက်နေလိုက် ဒီနေ့ ငါ ခိုင်းထားတာတွေ အကုန်မပြီးမချင်း အပြင်မထွက်နဲ့"
ကျန်းရှန် " &*&@"
ဘိုးဘေးကြီး အိပ်မက်ထဲမှ ထွက်သွားသည်ကိုကြည့်ရင်း ကျန်းရှန်၏ပါးစပ်က အလိုအလျောက် ရွတ်ဆိုနေပြီး၊ လက်ကလည်း အလိုအလျောက်ကြေးပြားများကို ယူကာ လေ့ကျင့်နေရတော့သည်။
ထိုအခါ 'တွက်ဆတာ လွဲသွားပြီ' ဟု သူ စိတ်ထဲမှ မနေနိုင်ဘဲ ရေရွတ်လိုက်မိ၏။
ကြည့်ရသည်မှာ ဘိုးဘေးကြီးထံမှ သရဲကာကွယ်သည့် နည်းလမ်းများကို သင်ယူရန် မဖြစ်နိုင်တော့ချေ။
ရဲ့ယိုရှီးနှင့် ထန်ထျန်ကျဲ တို့ကို သွားတွေ့ရန် အချိန်တစ်ခု ရှာရတော့မည်။
……
ငရဲပြည်တွင်
ဝိညာဉ်ဆိုင်ပိုင်ရှင်ကိစ္စ ပြီးဆုံးသွားပြီးနောက် ကျိယင်လည်း ကျန်းလင်ကို လာရှာခဲ့ဖူးသည်။
၎င်းမှာ ဤအကြောင်းအရာကို မေးမြန်းခဲ့ခြင်းဖြစ်၏။
"ဝိညာဉ်တမန်တော်တွေ ဘယ်လောက်ပဲ ကင်းလှည့်နေပါစေ၊ လူ့ပြည်မှာ ကျန်ရစ်နေတဲ့ မိစ္ဆာသရဲတွေ အမြဲတမ်း ရှိနေမှာပဲ၊ ဘာလို့ လူသားတွေကို ငါးဖမ်းနည်း (သရဲနှိမ်နင်းနည်း) မသင် ပေးရတာလဲ"
ဝိညာဉ်တမန်တော် ဖြစ်လာကတည်းက လူသားများကို သရဲနှိမ်နင်းသည့် ပညာရပ်များ ကိုယ့်သဘောနှင့်ကိုယ် သင်ပေးခွင့် မရှိကြောင်း ကျိယင်ကို သတိပေးထားခဲ့သည်။
သေချာသည်မှာ အခြားဝိညာဉ်ပညာရပ်များလည်း သင်ပေး ၍မရပါချေ။
"တကယ်လို့ လူသားတွေမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိမယ်ဆိုရင် အန္တရာယ် ကြုံလာတဲ့အခါ ထိခိုက်သေဆုံးမှုတွေကိုလည်း လျှော့ချနိုင်မယ် မဟုတ်လား" ဟု ကျိယင်က မေးလိုက်သည်။
"မင်းပြောတာက တကယ်တော့ ဖြစ်နိုင်ချေတော့ အတိုင်းအ တာတစ်ခုအထိ ရှိပါတယ်"
ကျန်းလင်သည် ကျိယင် ကို ကြည့်ကာ လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း မေးလိုက်၏။
"ဒါပေမယ့် မင်း စဉ်းစားကြည့်ဖူးလား... တကယ်လို့ လူသားတွေက ဒီပညာရပ်တွေကို သုံးပြီး ငရဲပြည်ကို ပြန်တိုက်ခိုက်လာရင်၊ ဒါမှမဟုတ် သေမင်းမှတ်တမ်းကို ပြင်ဆင်ပြီး ကောင်းကင်ဘုံရဲ့ အလိုကိုဆန့်ကျင်ဖို့ ကြိုးစားလာရင် ဘယ်လိုလုပ်မလဲ"
"အရင်တုန်းက ပုံပြင်တွေက ဒီအတိုင်း လေထဲကနေပေါ်လာတယ်လို့ မင်း ထင်နေတာလား"
ကိစ္စတစ်ခုကို ကောင်းတဲ့ဘက် တစ်ခုတည်းကြည့်လို့ မရသလို၊ ဆိုးတဲ့ဘက် တစ်ခုတည်းကိုလည်း ကြည့်လို့ မရပါချေ။
လက်တွေ့ အခြေအနေများနှင့် ပေါင်းစပ်ပြီး ရှုမြင်သုံးသပ်ရန် လိုအပ်သည်။
ငရဲပြည် 'မော်ကွန်းတိုက်' ၏ မှတ်တမ်းများအရ ယခင်က နတ်ဆိုးမိစ္ဆာများ သောင်းကျန်းခဲ့ချိန်တွင် လူသားများကို သရဲနှိမ်နင်းသည့် ပညာရပ်များ သင်ကြားပေးခဲ့ဖူးသည်။
လူသားများထဲတွင် ပါရမီရှင် အများအပြားပေါ်ထွက်လာခဲ့ပြီး အခြားဝိညာဉ်ပညာရပ်များကိုပင် တီထွင်ဖန်တီးနိုင်ခဲ့ကြ၏။
သရဲနှိမ်နင်းခြင်း၊ သရဲကာကွယ်ခြင်း၊ သရဲထိန်းချုပ်ခြင်းများအစရှိသည်များဖန်တီးခဲ့ကြပြီးထိုမှတစ်ဆင့် မျိုးနွယ်စုကြီးများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ထို့နောက် ဒေသတစ်ခုလုံးရှိ မိစ္ဆာသရဲများကို ရှင်းလင်းပစ်နိုင်ခဲ့ကြ၏။
သို့သော် လူသားမျိုးနွယ်များ ပိုမိုအစွမ်းထက်လာသည်နှင့်အမျှ နောက်ပိုင်းတွင် လူသားများသည် ပညာရပ်များကို အသုံးပြု၍ သေသူကို ရှင်အောင်လုပ်ခြင်းများ ပေါ်ပေါက်လာခဲ့သည်။
ကံကြမ္မာကို ဆန့်ကျင်ပြင်ဆင်ပြီး ငရဲပြည်ကိုအုပ်စိုးရန်ကြိုး ပမ်းသည့် ကိစ္စများပင် ရှိလာခဲ့၏။
ထိုအချိန်မှစ၍ ငရဲပြည်သည် ဤကဲ့သို့သော ပညာရပ်များကို တတ်ကျွမ်းသည့် လူသားအရေအတွက်ကို သတိထား ထိန်းချုပ်လာခဲ့သည်။
ယခုအချိန်ထိ ဆိုလျှင်ထိုကဲ့သို့သော ပညာရပ်များကို တတ်ကျွမ်းသည့် မျိုးနွယ်စု အမွေအနှစ်များမှာ လုံးဝ နီးပါး ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။
ဤသည်မှာလည်း ကျန်းလင်အနေဖြင့် အမြဲတမ်း ပရိသတ် လက်ဆောင်များကိုသာ ပေးဝေပြီး ပညာရပ်များကို ကိုယ့်သဘောနှင့်ကိုယ် အမွေမပေးရခြင်း၏ အကြောင်းရင်း တစ်ခုပင်။
ဘိုးဘေးကြီး အမွေပေးသည့် ကိစ္စများကလည်း ယဉ်ကျေးမှုနှင့် နည်းပညာပိုင်းဆိုင်ရာ အမွေအနှစ်အချို့သာ ဖြစ်၏။
သို့သော် သရဲနှိမ်နင်းခြင်း၊ သရဲကာကွယ်ခြင်း ပညာရပ်များ အမွေပေးသည် ဟူ၍တော့ မရှိပါချေ။
"ပြီးတော့..."
ကျန်းလင်သည် ကျိယင်ကို တည်ငြိမ်စွာကြည့်ရင်းဖြည်း ညင်းစွာ ပြောလိုက်၏။
"အခု လူ့ပြည်ကပိုပြီး ငြိမ်းချမ်းလာတယ်၊ လူသားတွေက မိစ္ဆာသရဲတွေနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ အခွင့်အရေးက အတော်လေး နည်းပါးပါတယ်"
"သရဲတစ္ဆေတွေ၊ ငရဲပြည်ရှိတယ် ဆိုတာကိုတောင် ပုံပြင်တွေထဲကနေပဲ သိကြတာလေ"
"ပညာရပ်တွေ သုံးရမယ့် အခွင့်အရေးက တကယ်တော့ သိပ်မများပါဘူး"
ကျန်းလင်၏စကားများကို ကြားပြီးနောက် ကျိယင်သည် ချက်ချင်းပြန်မဖြေဘဲ စဉ်းစားခန်းဝင်သွားတော့သည်။
ကျန်းလင်က ပြောလိုက်၏။
"မင်း အချိန်ရရင် 'မော်ကွန်းတိုက်' ကို သွားကြည့်လိုက်ပါ၊ အဲဒီမှာ ငရဲပြည်ရဲ့ သမိုင်းကြောင်းတချို့ကို မှတ်တမ်းတင်ထားတယ်"
မော်ကွန်းတိုက်ဆိုသည်မှာ လူ့ပြည်ရှိ စာကြည့်တိုက်နှင့် ဆင်တူသည်။
ကျိယင် ရိုသေစွာဖြင့် အရိုအသေ ပေးလိုက်၏။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ကြီး၊ ကျွန်တော် သေချာ ပေါက်သွားဖတ်ပါ့မယ်"
ကြည့်ရသည်မှာ ငရဲပြည်နှင့်ပတ်သက်၍ သူ လေ့လာသိရှိရမည့် အရာများစွာကျန်ရှိနေသေးပုံရ၏။
ကိုယ့်ကိုယ်ကိုယ် 'တကယ်ပဲ အတွေ့အကြုံ နုနယ်သေးတာပဲ' ဟု ကျိယင်တွေးလိုက်မိသည်။
စာများများ ဖတ်ခြင်းကအမှန်ပင်အသုံးဝင်သည်မဟုတ်ပါလော။
ကျိယင် ထွက်သွားသည်ကို ကြည့်ပြီးနောက် ကျန်းလင် လည်း သူ့ နေရာသို့ ပြန်သွားလိုက်သည်။
အမှန်တကယ်တော့ ခုနက သူ မပြောလိုက်ရသည့် အချက် တစ်ချက်ကျန်သေး၏။
ထိုအရာက ဝိညာဉ်ဆိုင်ပိုင်ရှင်ကိစ္စ အပြီးတွင် လူသားများကို သရဲနှိမ်နင်းသည့် ပညာရပ်များ ပြန်လည်သင်ကြားပေးရန် စဉ်းစားသင့်၊ မသင့် ဆိုသည်ကိုစဉ်းစားနေဆဲဖြစ်ကြောင်းပင်ဖြစ်သည်။
အသေးစိတ်ကိုတော့ ငရဲမင်းကြီး မည်သို့ တွေးသနည်း ဆိုသည်အပေါ် မူတည်နေသည်။
သူ ရောက်ရှိနေသော နေရာမှနေ၍မြင်နိုင်သည်က ဤမျှသာ ရှိ၏။
သို့သော် ငရဲမင်းကြီးရောက်ရှိနေသော နေရာမှ နေ၍ဆိုလျှင်တော့ မြင်တွေ့နိုင်သည်များ၊ ထည့်သွင်းစဉ်းစားရမည်များက ဤထက် ပိုမိုများပြားနေနိုင်ပေသည်။
🫧 Chapter 176
ကျိယင် ထွက်သွားပြီးနောက် ကျန်းလင်လည်း အဖွဲ့ (၁၈) မှ ထွက်ခွာလာကာ သရဲဈေးတန်းသို့ ဦးတည်သွားလိုက်သည်။
လတ်တလောတွင် အလုပ်များသိပ်မများလှသဖြင့် သူနှင့် ရွှီရှို့စစ် နှစ်ယောက်စလုံးတွင် အားလပ်ချိန်များ ရှိနေကြ၏။
ထို့ကြောင့် အတူတူ ထမင်းစားရန် အချိန်အခါကောင်းပင် ဖြစ်သည်။
အရင်က ရွှီရှို့စစ် တို့ကို သရဲဈေးတန်းရှိ အကြီးဆုံး စားသောက်ဆိုင်တွင် ကျွေးမည်ဟု ကတိပေးထားခဲ့ရာ ကြိုတင်၍ နေရာသွားယူထားရပေမည်။
အထူးသဖြင့် နှစ်သစ်ကူးချိန် နီးကပ်လာပြီဖြစ်ရာ လာရောက်စားသောက်မည့် သရဲများ ပိုမိုများပြားနေနိုင်၏။
ပြီးနောက် ကျန်းလင် သည် တစ္ဆေဈေးသို့သွားရင်းနှင့် တိုက် ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်သည်။
ပြီးခဲ့သည့် အချိန်များက အလွန်အလုပ်များနေခဲ့သဖြင့် ပရိသတ်များကို လျှောက်မပြပေးနိုင်သည်မှာ အတော် ကြာခဲ့ပြီဖြစ်၏။
တိုက်ရိုက်ထုတ်လွှင့်မှု ဖွင့်လိုက်သည်နှင့် ပရိသတ်များမှာ တက်ကြွစွာ ဝင်ရောက်လာကြတော့သည်။
[Streamer ကြီး ညချမ်းပါ]
[ဒီနေ့ ဘာတွေ တိုက်ရိုက်လွှင့်မှာလဲ ]
[ဒါက တစ္ဆေဈေး မဟုတ်လား၊ မလာရတာ တော်တော်ကြာပြီဆိုတော့ လွမ်းတောင် လွမ်းနေပြီ]
တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ လေထုက အလွန်ပေါ့ပါးလွတ်လပ်နေ၏။
ယခုအချိန်၌ပရိသတ်များ၏စိတ်အခြေအနေမှာလည်း အလွန်ကောင်းမွန်နေသည်။
'ကောင်းကင်နှင့် မြေကြီး ကမောက်ကမဖြစ်ခြင်း' ကြီးကို တစ်ကြိမ် ကြုံတွေ့ခဲ့ပြီးမှသာ ပုံမှန်နေ့စဉ်ဘဝ၏ တန်ဖိုးကို ပိုမို သိရှိလာကြတော့၏။
ယခု တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတွင် တစ္ဆေဈေးကိုပြန် လည်မြင်တွေ့လိုက်ရသောအခါ ပရိသတ်အချို့မှာ လုံးဝ စိတ်အေးသွားကြတော့သည်။
'ကြည့်ရတာ ဝိညာဉ်ဆိုင်ပိုင်ရှင်ကိစ္စက တကယ်ပဲ ပြီးဆုံးလုနီးပါး ဖြစ်သွားပြီထင်တယ်၊ မဟုတ်ရင် Streamer က သူတို့ကို တစ္ဆေဈေးကို လျှောက်ပြဖို့ အချိန်ရမှာ မဟုတ်ဘူး'
ပြီးခဲ့သည့်အကြိမ်က 'အရှင်သခင်ကြီး' ဆိုသူကြောင့် သူတို့မှာ အကြိမ်ကြိမ် အသက်အောင့်ထားခဲ့ရပြီး၊ ယခုအခါ ပရိသတ်အချို့မှာ ရေငုပ်သည့် နေရာတွင်ပင် တိုးတက်မှုများ ရှိလာကြပြီ ဖြစ်၏။
[အရင်တစ်ခေါက် လာတုန်းက ဆိုင်အသစ်ဖွင့်ပွဲ လုပ်နေတာ မှတ်မိသေးတယ်၊ တံခါးဝမှာ ကပြဖို့တောင် လေ့ကျင့်နေကြတာ ဟားဟားဟား]
[မင်းပြောမှပဲ ငါလည်း သတိရတော့တယ်၊ အရင်က အင်တာနက်ပေါ်မှာ ခေတ်စားသွားတဲ့ ကကွက်လေ ]
[သရဲကကြိုးလို့လည်း ခေါ်တယ်၊ လူသားတွေ ကလို့ မရတဲ့ အကမျိုးပေါ့]
……
ကျန်းလင်သည် မှတ်ချက်များကို ဖတ်ရှုရင်း ယနေ့ တိုက် ရိုက်ထုတ်လွှင့်မည့် အကြောင်းအရာကို အကြမ်းဖျင်းပြောပြလိုက်၏။
"ဒီနေ့ သိပ်ပြီး ထူးထူးခြားခြားတော့ မလုပ်ပါဘူး၊ တစ္ဆေဈေးကို လျှောက်ကြည့်ရင်းနဲ့ စားသောက်ဆိုင်မှာ နေရာကြိုသွားယူမလို့ပါ"
ထိုစကားကို ကြားသောအခါ ပရိသတ်များက စိတ်ဝင်တစား မေးလာကြသည်။
[Streamer က ထမင်းဝယ်ကျွေးမလို့လား]
[ငရဲပြည်မှာလည်း ကြိုတင်နေရာယူဖို့ လိုလို့လား]
ကျန်းလင် လမ်းလျှောက်ရင်း ပြန်ဖြေလိုက်၏။
"အင်း၊ သူငယ်ချင်းတွေကို ထမင်းကျွေးမလို့လေ"
စကားဆုံးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏အခြေအ နေမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။
ပရိသတ်များ
[ကျွန်တော် ကျွန်တော် ကျွန်တော် Streamer က ကျွန်တော့်ကို စာပြန်တယ်၊ ပျော်လိုက်တာ (*^▽^*)]
[Streamer ရဲ့သူငယ်ချင်း အဲဒီ အနက်ရောင် ဝိညာဉ်တမန်တော်လား]
[စကြဝဠာကိုအုပ်ချုပ်သူ ချန်ယန် ဝံပုလွေက Streamer အား မိုးမျှော်တိုက် ၁၀ခုကို လက်ဆောင်ပေးလိုက်ပြီး မှတ်ချက် ရေးသားထားသည် - ဒီတစ်ဝိုင်းလုံး ငါ ဒကာခံမယ်]
[ရှေးဟောင်း ဧကရာဇ်က Streamer အား မီးပုံးပျံ ၁၀ ခု လက်ဆောင် ပေးလိုက်ပြီး မှတ်ချက်ရေးသားထားသည် - အပေါ်ကလူ ဖယ်လိုက်၊ ဒီတစ်ဝိုင်း ငါ ကျွေးမယ်]
[ဟိုယီမော့ရှန်းရှောင်က Streamer အား ပြိုင်ကား ၁စီး လက်ဆောင် ပေးလိုက်ပြီး မှတ်ချက်ရေးသားထားသည် - အပေါ်ကလူတွေ နင်တို့ရဲ့ စွမ်းရည်တွေကို လက်မြန်တဲ့နေရာမှာ အကုန်သုံးထားကြတာလား]
[သူဌေးတွေက နှစ်တိုင်း ရှိပေမယ့်၊ ဒီနှစ်ကတော့ တကယ်ကိုပေါနေတာပဲ]
……
ယနေ့ သိပ်ပြီး ကိစ္စမရှိသဖြင့် ကျန်းလင်လည်း ပရိသတ်များနှင့် စကားအနည်းငယ် ပိုပြောဖြစ်ခဲ့၏။
ဤမျှ စကားပြန်ပြောသည့် အကြိမ်အရေအတွက်က အရင်က တစ်ခါမှမရှိခဲ့ဖူးချေ။
ထို့ကြောင့် ပရိသတ်များမှာလည်း အလွန်အမင်း စိတ်လှုပ် ရှားနေကြတော့သည်။
'မရဏလောကမှအံ့ဖွယ်နေ့ရက်များ' တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ထူးခြားချက်ကြောင့် များသောအားဖြင့် Streamer က အလုပ်လုပ်နေပြီး၊ ပရိသတ်များက ကိုယ့်ဘာသာကိုယ် ကြည့်ကာ ကိုယ့်ဘာသာ ကိုယ် စကားပြောနေကြရခြင်းဖြစ် ၏။
ပုံမှန်အားဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ဆိုင်လေးခင်းကာ နေကြာစေ့ စားလိုက်၊ ဖရဲသီး စားလိုက် လုပ်ကြပြီး၊ မြေပဲဆန်လေး စားရင်း အချိုရည် သောက်ကာ ဇိမ်ကျနေတတ်ကြသည်။
ထို့ကြောင့် ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှု မှတ်ချက်များမှာ ပုံမှန်ထက် ပိုမိုအသက်ဝင်နေတော့၏။
မည်သူမှ ဈေးဆိုင် မခင်းကြတော့ဘဲ၊ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် အစပ်ခေါက်ဆွဲများပင် စတင်စားသောက်နေကြပြီး အလွန်စည်ကား သိုက်မြိုက်နေတော့သည်။
[ငါ ထင်တာပဲလားတော့ မသိဘူး၊ ဒီနေ့ တစ္ဆေဈေးက ပုံမှန်ထက် ပိုပြီးစည်ကားနေသလိုပဲ]
[အဲလိုလေးတော့ ရှိတယ်... ပျော်ပွဲရွှင်ပွဲလုပ်မယ့် ပုံစံမျိုးလေ]
[ငရဲပြည်မှာ မကြာခင် ပွဲတော်တစ်ခုခု ရှိလို့လား]
[မကြာခင် နှစ်သစ်ကူးတော့မယ် ထင်တယ် ငရဲပြည်မှာလည်း နှစ်သစ်ကူးရှိတာလား]
ကျန်းလင် စားသောက်ဆိုင်သို့ သွားရာလမ်းတစ်လျှောက်တွင် သရဲတစ္ဆေ အများအပြားတစ်ခုခုကို ဆွေးနွေးနေကြသည်ကို ပရိသတ်များ သတိထားမိလိုက်ကြ၏။
လမ်းဘေးရှိဆိုင်များကလည်း မီးပုံးများနှင့် စတစ်ကာ အမျိုးမျိုးကို စတင် ပြင်ဆင်နေကြပြီ ဖြစ်သည်။
သူတို့ ရင်းနှီးကျွမ်းဝင်သော အရာတစ်ခုကိုပင် တွေ့လိုက်ရသေး၏ ၎င်းမှာတံခါးဘေးနှစ်ဖက်တွင် ကပ်ရသော ဆုတောင်းစာရွက်များပင်။
'သရဲတစ္ဆေတွေကလည်း လူသားတွေလိုပဲ နှစ်သစ်ကူးပွဲတော် ကျင်းပကြတာလား'
ကျန်းလင်သည် တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာမှတစ်ဆင့် လိုက်ကြည့်ရင်း ခပ်အေးအေးဖြေလိုက်၏။
"အင်း၊ မကြာခင် နှစ်သစ်ကူးတော့မှာလေ"
သရဲတစ္ဆေများ၏သက်တမ်းက ရှည်လျားလာသည်နှင့်အမျှ ပွဲတော်များက သူတို့အတွက် သိပ်ပြီး အရေးမကြီးတော့ချေ။
သို့သော် သရဲတစ္ဆေ အများစုမှာ လူ့ပြည်တွင် နေထိုင်ခဲ့စဉ်က ဓလေ့ထုံးစံများကို ဆက်လက် ထိန်းသိမ်းထားကြဆဲ ဖြစ်၏။
'မိခင်များနေ့'၊ 'ကောက်ညှင်းထုပ်ပွဲတော်' ကဲ့သို့သော အခြား ပွဲတော်များကို မကျင်းပလျှင်တောင်မှ၊ နှစ်သစ်ကူးပွဲတော်ကိုတော့ ကျင်းပကြရပေမည်။
နှစ်သစ်ကူးပွဲတော်က သရဲတစ္ဆေများအတွက် သရဲပွဲတော် ပြီးလျှင် ဒုတိယအရေးအကြီးဆုံး ပွဲတော်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ လူ့ပြည်၏ဓလေ့ထုံးစံများအရ နှစ်သစ်ကူးပွဲတော် ဆိုသည်မှာ တစ်နှစ်တာလုံးတွင် အစည်ကားဆုံးနှင့် အပျော်ရွှင်ဆုံး အချိန်အခါဖြစ်သည်မဟုတ်လော။
၎င်းက မိသားစု ပြန်လည် ဆုံစည်းခြင်းကို ကိုယ်စားပြုသလို၊ 'အဟောင်းကို စွန့်ခွာပြီး အသစ်ကို ကြိုဆိုခြင်း' ကိုလည်း ကိုယ်စားပြုသည်။
သာမန်အချိန်များတွင် မစားရသောအစားအသောက်ကောင်း များကို စားနိုင်ပြီး၊ မဝတ်ရသော အဝတ်အစားသစ်များကို ဝတ်ဆင်နိုင်သည်ဟု အဓိပ္ပာယ်ရ၏။
ထိုနေ့တစ်နေ့တည်းတွင် ဘာကိုမှ ဂရုစိုက်စရာမလိုတော့ချေ။
ပညာရေး၊ အလုပ်အကိုင်၊ အချစ်ရေး၊ အိမ်ရာ အစရှိသောစိတ်ညစ်စရာ ကိစ္စ မှန်သမျှကို ခေတ္တခဏ မေ့ထားလိုက်နိုင်သည်။
ထိုနေ့တွင် တစ်နှစ်ပတ်လုံး အဝေးတွင် အလုပ်လုပ်နေရသော မိသားစုဝင်များလည်း ရှားရှားပါးပါး ပြန်လည် ရောက်ရှိလာကြမည် ဖြစ်၏။
အတူတူ ထမင်းစားကြမည်၊ အတူတူ နှစ်သစ်ကူးကြမည်၊ ရုပ်မြင်သံကြားမှ နှစ်သစ်ကူး အစီအစဉ်များကို ကြည့်ရှုကြမည်။
နှစ်သစ်ကူးပွဲတော် ဆိုသည်မှာ ကောင်းမြတ်သော အရာများ အားလုံး၏ ကိုယ်စားပြု ပွဲတော် တစ်ခု ဖြစ်ရပေမည်လေ။
သရဲ ဖြစ်သွားလျှင်တောင်မှ ဤအချိန်အခါသို့ ရောက်တိုင်း သရဲတစ္ဆေ များစွာက ယခင်က နှစ်သစ်ကူး အငွေ့အသက်များကို လွမ်းဆွတ်တမ်းတ မိကြ၏။
အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ သူတို့သည် ယခင်က မျက်နှာများနှင့် ယခင်က ကြည်နူးစရာများကို မေ့ပျောက်သွားနိုင်ကောင်း ပါသည်။
သို့သော် ထိုနွေးထွေးပြီး အေးချမ်းသော ခံစားချက်လေးကတော့ ဝိညာဉ်ထဲတွင် နက်ရှိုင်းစွာ စွဲထင်နေဆဲပင် ဖြစ်၏။
ထို့ကြောင့်
နှစ်စဉ် နှစ်သစ်ကူး အချိန်ရောက်တိုင်း ငရဲပြည်၏ လေထုကလည်း ပုံမှန်ထက် ပိုမို စည်ကား သိုက်မြိုက်နေတတ်ခြင်း ဖြစ်သည်။
……
ကျန်းလင် သည် ပရိသတ်များကို လျှောက်ပြနေစဉ် ရုတ်တရက် သရဲတစ်ကောင်က သူ့ကို လှမ်းခေါ်လိုက်၏。
"ဝိညာဉ်တမန်တော်ကြီး ကျန်းလင်၊ ခဏလောက် နေပါဦး"
ကျန်းလင် အသံလာရာသို့ လှည့်ကြည့်လိုက်ရာ စားသောက်ဆိုင်မှ စားဖိုမှူးကြီး ချန်စန်းဝေ ဖြစ်နေသည်ကို အံ့သြဖွယ် တွေ့လိုက်ရသည်။
……
ချန်စန်းဝေ သည် လတ်တလောတွင် အနည်းငယ် စိတ်ညစ်နေ၏။
သူသည် ယခင်က ဘိုးဘေးကြီးများကို ရှာဖွေသည့် လှိုင်းကို စတင် ဖန်တီးခဲ့သူ ဖြစ်ပြီး၊ လူ့ပြည်သို့ သွားရောက်ကာ မိမိ၏ ပညာရပ်များကို အမွေပေးခဲ့သည့် ပထမဆုံး ဘိုးဘေးကြီးလည်း ဖြစ်သည်။
သူ အမွေပေးခဲ့သည်ကတော့ သူ၏ သီးသန့် ဟင်းလျာ ဖြစ်သော 'ချန်မိသားစု ဟင်းရည်' ပင် ဖြစ်၏။
ယခု ချန်မိသားစု၏ နောက်ဆက်တွဲ မျိုးဆက်များတွင် ချန်ကျားမင် တစ်ယောက်တည်းသာ ကျန်ရှိတော့ရာ၊ သူသာ သွားရောက် အမွေမပေးလျှင် ထို နှစ်ပေါင်း ရာနှင့်ချီသော လက်ရာများမှာ ဤမျိုးဆက်တွင် ပြတ်တောက်သွားတော့မည် ဖြစ်သည်။
ကံကောင်းသည်မှာ ချန်ကျားမင် တွင် ထူးချွန်သော ပါရမီ မရှိသော်လည်း၊ ချက်ပြုတ်ရေး အခြေခံလေးတော့ ရှိနေသေးခြင်းပင်။
ထို့ပြင် ချန်ကျားမင် ကိုယ်တိုင်ကလည်း စားဖိုမှူး လမ်းကြောင်းကို ရွေးချယ်ထားသူ ဖြစ်ရာ ချက်ပြုတ်ရေး သင်ယူရသည်ကို ငြင်းဆန်ခြင်း မရှိပါချေ။
ချန်စန်းဝေ ၏ လမ်းညွှန်မှုများအောက်တွင် ချန်ကျားမင် ၏ ချက်ပြုတ်မှု စွမ်းရည်မှာ အတော်လေး တိုးတက်လာခဲ့ပြီ ဖြစ်၏။
'ချန်မိသားစု ဟင်းရည်' အမျိုးမျိုးကို သင်ယူတတ်မြောက်သွားရုံသာမက၊ အခြားသော ဟင်းလျာများကိုလည်း သင်ယူနိုင်ခဲ့သည်။
ချန်စန်းဝေ ၏ စွမ်းရည် တစ်ဝက်လောက်ကိုတောင် မမီသေးသော်လည်း၊ ချန်ကျားမင် သာ ဆက်လက် ကြိုးစား လေ့ကျင့်သွားမည် ဆိုလျှင် 'ချန်မိသားစု ဟင်းရည်' ၏ အမွေအနှစ်မှာ ပြတ်တောက်သွားမည် မဟုတ်တော့ချေ။
ဤကိစ္စနှင့် ပတ်သက်၍ ဘိုးဘေးကြီး ချန်စန်းဝေ အနေဖြင့် လောလောဆယ်တွင် ကျေနပ်နေဆဲ ဖြစ်၏။
သို့သော် မကြာသေးမီက ချန်စန်းဝေ သည် အနည်းငယ် စိတ်ညစ်နေခဲ့သည်။
သူ စိတ်ညစ်လွန်းသဖြင့် ရှာလကာရည် အရသာရှိသော ဟင်းလျာသစ် တစ်မျိုးကိုပင် ဖန်တီးမိသွားခဲ့၏။
ယခုအခါ သရဲဈေးတန်းတွင် မတွေ့ရသည်မှာ အတော်ကြာပြီ ဖြစ်သော ကျန်းလင် ကို ပြန်လည် မြင်တွေ့လိုက်ရသဖြင့် ချန်စန်းဝေ သည် အပြေးအလွှား သွားရောက် နှုတ်ဆက်လိုက်တော့သည်။
"ဝိညာဉ်တမန်တော်ကြီး ကျန်းလင်၊ ခဏလောက် နေပါဦး”