အခန်း (၁၇၉-၁၈၀)
Vol. 18 Ch. 179-180
🫧 Chapter 179
လက်ဆောင်များဝယ်ပြီးနောက် ကျန်ရှိနေသော အမှတ်များ အားလုံးကို ကျန်းလင် သရဲချီဆေးလုံးများအဖြစ် လဲလှယ်လိုက်၏။
ဝိညာဉ်ဘုရင် အဆင့်သို့ ရောက်ရှိပြီးနောက် နေ့စဉ်တာဝန် တစ်ခု ပြီးမြောက်တိုင်း အမှတ် ၅၀၀ ရရှိမည် ဖြစ်သည်။
တိုက်ပွဲမြေပြင်တွင် အဆင့်တက်ရန် ပိုမိုလွယ်ကူသည်ဟု ဆိုကြသည်။
အကြောင်းရင်း တစ်ခုကတော့ စိတ်နေစိတ်ထားနှင့် အသက်အန္တရာယ် ကြုံတွေ့ရချိန်တွင် ဖြစ်ပေါ်လာသော အသက်ရှင်သန်လိုသည့် ပင်ကိုယ်အသိစိတ်ကြောင့်ဖြစ်၏။
နောက်ထပ် အကြောင်းရင်း တစ်ခုကတော့ တိုက်ပွဲမြေပြင်တွင် သရဲချီအငွေ့အသက်များ ပြည့်နှက်နေပြီး၊ လုံးဝသဘာဝ ကျင့်ကြံရေး ကွင်းပြင်ကြီး တစ်ခုဖြစ်နေသောကြောင့်ပင်။
ယခင်က အနောက်ဘက် နယ်မြေမှ စစ်သူကြီးဝေ့ဝူသည်လည်း တိုက်ပွဲမြေပြင်တွင် တစ်ဟုန်ထိုး ဝိညာဉ်ဘုရင် အဆင့်သို့ တက်လှမ်းသွားခဲ့သည်ဟု ဆိုကြသည်။
အခြားသူများ တိုက်ပွဲမြေပြင်တွင် ဘာတွေရရှိခဲ့သလဲ ဆိုတာကိုတော့ ကျန်းလင် မသိပါချေ။
သို့သော် ပြီးခဲ့သည့် ဝိညာဉ်ဆိုင်ပိုင်ရှင်ကိစ္စတွင် သူကတော့ သရဲချီအငွေ့အသက်များနှင့် အမှတ်များ အများအပြား စုဆောင်းနိုင်ခဲ့၏။
ထို့ပြင် သူ၏ ခံစားချက်က လွဲနေတာလားတော့ မသိဘူး၊ နောက်ဆုံး တိုက်ပွဲကြီးတွင် စနစ်က ပုံမှန်ထက် ပို၍ရက်ရောနေသကဲ့သို့ ခံစားရသည်။
နေ့စဉ်တာဝန်များ ပြီးမြောက်ပြီးနောက် အသိပေးချက်များကလည်း ပုံမှန်ထက် ပိုတက်ကြွမြန်ဆန်နေခဲ့၏။
ထို့ကြောင့် ဤအလယ်အလတ်အဆင့် ကျင့်ကြံရေး အခန်းထဲတွင် ကျန်းလင်သည် ဝိညာဉ်ဘုရင် အလယ်အဆင့်သို့ အလွန် ချောမွေ့စွာတက်လှမ်းနိုင်ခဲ့သည်။
ရေပြည့်လျှင် မြောင်းလျှံသကဲ့သို့ အချိန်တန်လျှင် သဘာဝအတိုင်း အဆင့်တက်သွားခြင်းဖြစ်၏။
သူ့ခန္ဓာကိုယ်တွင်းရှိ သရဲချီအငွေ့အသက်များကလည်း တစ်ဆကျော်ခန့် တိုးလာခဲ့သည်။
သို့သော် သူမျက်လုံးဖွင့်လိုက်သည်နှင့် ကျန်းလင် ပထမဆုံး လုပ်လိုက်သည်မှာ ပတ်ဝန်းကျင်ကို ခေါင်းမော့ကြည့်လိုက်ခြင်း ဖြစ်၏။
'အင်း၊ ကျင့်ကြံရေး အခန်းက ဘာမှမဖြစ်ဘူးပဲ'
ကြည့်ရသည်မှာ အလယ်အလတ်အဆင့် ကျင့်ကြံရေး အခန်းကို ရွေးချယ်လိုက်ခြင်းက မှန်ကန်သွားပုံရသည်။
ကျင့်ကြံရေး အခန်း၏ ကျန်ရှိနေသေးသော အချိန်ကို ကြည့်ရင်း ကျန်းလင် နောက်ထပ် ခဏလောက် ဆက်လက်ကျင့် ကြံရန် ပြင်လိုက်၏။
ရုတ်တရက် သူ ကြောင်အသွားပြီး သူ့ဦးနှောက်ထဲတွင် ရင်းနှီးနေသကဲ့သို့ ရှိသော မြင်ကွင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတော့သည်။
အရင်က ဝိညာဉ်ဘုရင်အဆင့်သို့ တက်လှမ်းစဉ်က ဖုန်တက် နေသော မှတ်ဉာဏ်သေတ္တာလေး ဖွင့်ခံလိုက်ရသကဲ့သို့ပင်။
သို့သော် ကြည့်နေရင်းနှင့် တစ်ခုခုလွဲနေကြောင်း ကျန်းလင် ရုတ်တရက် သတိပြုမိသွား၏။
သူအောက်သို့ ငုံ့ကြည့်လိုက်လျှင် မြေကြီးဖြစ်ပြီး၊ အပေါ်သို့ မော့ကြည့်လိုက်လျှင် ဧရာမသစ်ပင်ကြီးများ ဖြစ်နေသည်။
ပတ်ဝန်းကျင်ရှိ မြက်ပင် သစ်ရွက်များပင်လျှင် သူ့အရပ်ထက် အဆပေါင်းများစွာ မြင့်မားနေ၏။
ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် သူက အလွန်သေးငယ်လွန်းနေသည်။
ထိုစဉ်တဖျပ်ဖျပ် ဆိုသည့် အသံတစ်ခု ထွက်ပေါ်လာပြီးနောက် သူ့ မြင်ကွင်းက တဖြည်းဖြည်း မြင့်တက်လာကာ ခြေထောက်များက သစ်ကိုင်းတစ်ကိုင်းပေါ်တွင် နားခိုမိလိုက်၏။
လေထဲတွင် ရွှံ့နံ့သင်းသင်းလေးရနေပြီး ပတ်ဝန်းကျင်တွင်လည်း ငှက်ကလေးများ၏တကျီကျီ အော်သံများကို ကြားနေရသည်။
ဤတစ်ကြိမ်တွင် သူက ငှက်တစ်ကောင် ဖြစ်နေကြောင်း ကျန်းလင် သဘောပေါက်သွားတော့၏။
သို့သော် ယခင် မှတ်ဉာဏ်များအရ သူ အသက်ရှင်စဉ်က လူသား တစ်ယောက်ဖြစ်ခဲ့သည်မှာ သေချာလှသည်။
ကျန်းအန်းမင်း ကလည်း ဤအချက်ကို သက်သေပြနိုင်၏။
'ဘာလို့ ရုတ်တရက်ကြီး ငှက်ကလေး တစ်ကောင်ဖြစ်သွားရတာလဲ'
ထိုအခါကျန်းလင်လည်း သံသယများနှင့်အတူ ဆက်လက် ကြည့်ရှုနေလိုက်သည်။
……
'ကျီကျီ'
'ကျီကျီ'
သစ်ကိုင်းပေါ်တွင် ငှက်ကလေး အချို့ကပျော်ရွှင်စွာ ခုန်ပေါက်နေကြပြီး နွေဦးရာသီ ရောက်ရှိလာခြင်းကို ကြိုဆိုနေကြသကဲ့သို့ ရှိနေကြသည်။
ထိုသစ်ရွက်များ ကြားရှိ ဟာနေသော နေရာများမှတစ်ဆင့် ကြည့်လိုက်လျှင် ရှေ့တွင် ခြံဝင်းလေးတစ်ခုနှင့် သစ်သားအိမ်လေး တစ်လုံး ရှိနေသည်ကို မြင်နိုင်သည်။
ခြံဝင်းကို သစ်သား ခြံစည်းရိုးများဖြင့် ကာရံထားပြီး အတွင်းတွင် အပိုင်း နှစ်ပိုင်း ခွဲခြားထား၏။
တစ်ခုက ဟင်းသီးဟင်းရွက် စိုက်ခင်းဖြစ်ပြီး အတွင်းတွင် စိမ်းလန်းသော ပျိုးပင်လေးများ အများအပြားပေါက် ရောက်နေပြီ ဖြစ်သည်။
နောက်တစ်ပိုင်းကတော့ ကြက်မွေးမြူရေးခြံ ဖြစ်၏။
ထိုအထဲတွင်လည်း အနက်ရောင်၊ အညိုနုရောင် ကြက်ကြီး အချို့ ရှိနေသည်။
ကြက်မကြီး တစ်ကောင်ကရှေ့တွင် အေးအေးလူလူလမ်း လျှောက်နေပြီး နောက်တွင် ကြက်ပေါက်စလေးများက တန်းစီကာ မိခင်နောက်သို့ တတောက်တောက် ပြေးလိုက်နေကြ ၏သည်။
ဤကြက်ပေါက်စလေးများ၏အရောင်များမှာ အနက်ရောင် ရှိသလို၊ အဝါရောင်တွင် အညိုနုရောင် အစက်အပြောက်လေးများ ပါဝင်နေသည်လည်းရှိသည်။
၎င်းပုံစံမှာ အဝါရောင် ကြက်ဥလေးကို အနည်းငယ်တူးသွားအောင် ကျော်ထားသကဲ့သို့ပင်ဖြစ်သည်။
ဤကြက်ပေါက်စ တန်းစီလေးမှာ ပြေးနေရင်းနှင့် တစ်ကောင်က ချော်လဲသွားသေး၏။
'ကျီကျီ'
ထိုအခါကျန်းလင် ဘေးနားမှ ငှက်တစ်ကောင်က အသံပြုလိုက်ပြီး အတော်လေးပျော်ရွှင်နေပုံရသည်။
လူသားများက ရယ်စရာတစ်ခုခုကို မြင်သောအခါ ထွက်ပေါ်လာသည့် အသံမျိုးနှင့်တော့ ကွာခြား၏။
ကျန်းလင် ဘေးသို့ ငဲ့ကြည့်လိုက်ရာ အထီး၊ အမ ငှက်ပျံ နှစ်ကောင်က လေထဲတွင် ပျံသန်းနေပြီး၊ ပျံသန်းရင်းနှင့် အချင်း ချင်း အသံပြုနေကြသည်ကိုမြင်လိုက်ရသည်။
'ကျီကျီ'
ထိုအခိုက်အတန့်တွင် သူတို့က အဖော်ရှာနေကြခြင်းဖြစ် ကြောင်း ကျန်းလင် အလိုအလျောက်သိလိုက်သည်လေ။
တစ်ကြိမ်တွင် ကျန်းလင် ရေပြင်အထက်မှ ဖြတ်ပျံသွားစဉ် သူ့ ပုံစံကို မြင်တွေ့ခဲ့ရဖူးသည်။
သူ့ကိုယ်ပေါ်ရှိ အမွေးများမှာ အဓိကအားဖြင့် အနက်နှင့် အဖြူရောင် နှစ်မျိုးသာ ရှိပြီး၊ ခေါင်း၊ ကျောနှင့် အမြီးပိုင်းတို့မှာ အခြေခံအားဖြင့် အနက်ရောင်များ ဖြစ်ကာ၊ ရင်ဘတ်နှင့် ဝမ်းဗိုက်ပိုင်းရှိ အမွေးနုများမှာ အဖြူရောင်ဖြစ်၏။
အတောင်ပံများက ရှည်လျား ချွန်ထက်ပြီး၊ နှုတ်သီးက အနည်းငယ် တိုကာ၊ အမြီးက ခွဲထားသော ကတ်ကြေးတစ်လက်နှင့် တူသည်။
မျက်လုံးများက မည်းနက် တောက်ပနေကာ ဘေးတွင် အဖော်ရှာနေသော ငှက်ပျံ နှစ်ကောင်၏ ပုံစံနှင့် အတူတူပင် ဖြစ်သည်။
ကျန်းလင် : "..."
ထို့နောက်သူ ဘေးနားရှိ သစ်ပင် တစ်ပင်ပေါ်သို့ ခုန်ကူးသွားပြီး ထိုသစ်သားအိမ်လေးကို ဆက်လက် ကြည့်ရှုနေလိုက်၏။
အချိန် အတန်ကြာသွားပြီးနောက် ရှေ့တံခါးမှ တံခါးဖွင့်သံနှင့်အတူ လူများ၏စကားပြောသံများ ထွက်ပေါ်လာသည်။
"အဖေ၊ အမေ၊ သမီး ကြက်လေးတွေကို အရင် သွားကြည့်လိုက်ဦးမယ်၊ သူတို့ သေချာပေါက် ဗိုက်ဆာနေလောက်ပြီ"
"ဒီကလေးကတော့ လောလိုက်တာ၊ သွား သွား"
"အစာတွေ အရမ်း အများကြီး မကျွေးနဲ့ဦးနော်"
"သိပါပြီ အမေရေ"
ထို့နောက် ခြေသံများ ထွက်ပေါ်လာ၏။
'ဂလောက်'
နောက်ဖေးတံခါး ပွင့်သွားကာ နဖူးပြောင်ပြောင်၊ မျက်နှာ ဝိုင်းဝိုင်းလေးနှင့် မိန်းကလေး တစ်ယောက်က လက်ထဲတွင် ဇလုံငယ် တစ်ခုကို ကိုင်ကာ ကြက်ခြံဆီသို့ ပြေးထွက်လာ၏။
"ကွတ် ကွတ် ကွတ် ကွတ်... ထမင်းစားရအောင်"
မိန်းကလေးက ကြက်အော်သံကို အတုခိုးရင်း ဇလုံထဲမှ အစာများကို ကြဲချလိုက်သည်။
"ကွတ် ကွတ် ကွတ်... လာစားကြတော့"
"ကွတ် ကွတ် ကွတ်"
ကြက်ကြီးများက အတောင်ပံများကို တဖျပ်ဖျပ် ခတ်ကာ အပြေးအလွှား လာကြပြီး အလုအယက် စားသောက်ကြတော့၏။
ထိုကြက်ပေါက်စလေးများမှာမူ ကြက်ကြီးများ၏ ကြားမှ တိုးဝှေ့ ဝင်ရောက်ကာ ခက်ခက်ခဲခဲ အစာရှာဖွေ စားသောက်နေကြရသည်။
"အို... နင်တို့ ကြက်လေးတွေအတွက် နည်းနည်း ချန်ထားပေးကြပါဦး"
အစာကျွေးနေသော မိန်းကလေးမှာ စိုးရိမ်သွားပြီး အခြား လွတ်နေသော နေရာတစ်ခုတွင် အစာအချို့ကို ထပ်မံကြဲချပေးလိုက်၏။
"ရှောင်ဟွာ၊ နျိုနျို၊ မြန်မြန် သွားစားကြ..."
သိသာထင်ရှားစွာပင် ဤမိန်းကလေးက ကြက်ပေါက်စလေး တစ်ကောင်ချင်းစီအတွက် နာမည်များပင် ပေးထားသေး၏။
'ဒါက အိမ်မွေးတိရစ္ဆာန် အဖြစ် မွေးထားတာလား၊ ဒါမှမဟုတ် နောက်ကျရင် စားတဲ့အခါ ပိုပြီး ခံစားချက် ပါအောင်လို့ စောင့်နေတာလား'
ထိုအခါ မှတ်ဉာဏ် မြင်ကွင်းများကို ကြည့်နေသော ကျန်းလင်က ထိုသို့ တွေးလိုက်မိ၏။
……
ငှက်တစ်ကောင်၏နေထိုင်မှု ဘဝပုံစံက အလွန် ရိုးရှင်းလှသည်။
စားသောက် အိပ်စက်ပြီး တိရစ္ဆာန်များ အလွန်အရေးထားလေ့ရှိသော အဖော်ရှာခြင်းနှင့် မျိုးပွားခြင်းများသာ ရှိ၏။
ငှက်တစ်ကောင် အနေဖြင့် ကျန်းလင်၏ဘဝကလည်း ဤသည်မှ မလွတ်ကင်းပါချေ။
သို့သော် အခြားငှက်များနှင့် မတူသည်မှာ သူ့တွင် အခြားသော တာဝန်တစ်ခု ရှိနေပုံရခြင်းပင်။
လာရောက် အဖော်ရှာသော ငှက်မ တစ်ကောင်ကို နောက်တစ်ကြိမ် ထပ်မံနှင်ထုတ်လိုက်ပြီးနောက်၊ ကျန်းလင်သည် နေရာကိုချိန်ညှိကာ မည်းနက်သော မျက်လုံးများဖြင့် ရှေ့ရှိသစ် သားအိမ်လေးကို ထပ်မံကြည့်ရှုနေလိုက်၏။
ဤနွေးထွေးသော ရာသီတွင် ကျန်းလင်၏ အချိန် အများစုမှာ ထို ခြံဝင်းလေးကို စောင့်ကြည့်ရင်းသာ ကုန်ဆုံးသွားခဲ့သည်။
ကျန်ရှိသော အချိန်များတွင်တော့ သူလည်း အခြား ငှက်များနည်းတူ အစာရှာခြင်း၊ အသိုက်ဆောက်ခြင်းများကိုပြု လုပ်၏။
ဤအချိန်အတောအတွင်း ကျန်းလင် သိရှိလာရသည်မှာ ဤနေရာက နိုင်ငံ နှစ်နိုင်ငံ နယ်စပ်တွင်ရှိသော ရွာလေးတစ်ရွာ ဖြစ်ကြောင်းကိုပင်ဖြစ်သည်။
မိန်းကလေး၏နာမည်က ချူရှီ ဖြစ်ပြီး၊ အိမ်ခေါ်နာမည်မှာ နျန်နျန်ဖြစ်သည်။
အဖေ၊ အမေ အပါအဝင် မိသားစုသုံးယောက် ဤနေရာတွင် နေထိုင်ကြပြီး စိုက်ပျိုးရေးနှင့် အမဲလိုက်ခြင်းဖြင့် အသက် မွေးကြ၏။
သူတို့က နှစ်ရက်မှ ငါးရက်ခြား တစ်ခါဈေးသို့ သွားလေ့ရှိကြသည်။
တစ်ချက်က ရလာသော သားကောင်များကို ရောင်းချရန် ဖြစ်ပြီး၊ နောက်တစ်ချက်ကတော့ အိမ်အတွက် လိုအပ်သော နေ့စဉ်သုံး ပစ္စည်းများကို သွားရောက်ဝယ်ယူရန် ဖြစ်၏။
ဈေးမှ ပြန်လာတိုင်း ချူမိန်းကလေး၏ဖခင်က မိန်းကလေးအတွက် မုန့်အချို့ အမြဲတမ်းဝယ်လာပေးလေ့ရှိသည်။
ဤမိသားစုမှာ ရွာထဲတွင် လူချစ်လူခင်လည်း ပေါများပြီး၊ တစ်စုံတစ်ယောက်နှင့်ရန်ဖြစ် စကားများသည်ကို အခြေခံအားဖြင့် မကြားခဲ့ရဖူးချေ။
ဤအချိန်အတောအတွင်း ကျန်းလင် ကဲ့သို့ အမျိုးအစားတူ ငှက်အချို့လည်း ရွာထဲတွင် နေရာရှာကာ အိမ်ခေါင်မိုး အောက်များ၌ အသိုက်ဆောက်ကြ၏။
အမျိုးအစားတူ အသိုက်အများအပြားတွင် ငှက်ပေါက်စလေးများပင် ပေါက်ဖွားလာကြပြီး၊ အဖို အမ ငှက်နှစ်ကောင်က အတူတကွ အစာရှာဖွေကျွေးမွေးကြသည်။
ထို ငှက်ပေါက်စလေးများကလည်း နေ့ရက်များ ကုန်ဆုံးလာသည်နှင့်အမျှ တဖြည်းဖြည်း ကြီးထွားလာကြ၏။
ထို့နောက်တကျီကျီ အော်သံများက မရပ်မနား ထွက်ပေါ်နေတတ်သည်။
ဆောင်းဦးပေါက်၍ ရာသီဥတု တဖြည်းဖြည်းအေးလာပြီး အစာများ ရှားပါးလာသောအခါ ကျန်းလင် သည် အခြား ငှက်အုပ်ကြီးနှင့်အတူ ပိုမို နွေးထွေးသော အခြားနေရာ တစ်ခုသို့ ပြောင်းရွှေ့သွားပြီး၊ ဒုတိယနှစ် နွေဦးပေါက်မှသာ ပြန်လည် ပြောင်းရွှေ့လာခဲ့၏။
……
ဒုတိယနှစ် နွေဦးပေါက်တွင် ပြန်လည် ရောက်ရှိလာသော အခါ ကျန်းလင်သည် ထိုရွာလေးတွင်ပင် ဆက်လက်အခြေ ချခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ သူ အတော်လေးခိုင်ခံ့သော အသိုက်တစ်ခုကို တည်ဆောက်သင့်ပြီဟု သတိပြုမိသွား၏။
ထို့ကြောင့်သူ ယခင်က ထိုခြံဝင်းလေးရှိရာ သစ်သားအိမ်၏ အမိုးအောက်သို့ ပျံသန်းသွားလိုက်သည်။
နှစ်ရက် အချိန်ယူကာ အလင်းရောင်နှင့် အနေအထား အဆင် ပြေသော နေရာတစ်ခုကို ရှာဖွေပြီး အသိုက်စတင်တည် ဆောက်လိုက်၏။
အပြင်ဘက်မှ သင့်တော်သော ရွှံ့နှင့်မြက်ပင်စည်များကို ရှာဖွေလာပြီး တံတွေးဖြင့် ကပ်ကာပုံဖော်လိုက်သည်။
အထဲတွင်တော့ နူးညံ့သော မြက်ခြောက်များ၊ အမွေးအ တောင်များ၊ အဝတ်စုတ်များအစရှိသည်တို့ကို ခင်းကျင်းလိုက်၏။
ပြီးစီးသွားသော ငှက်သိုက်မှာ တစ်ချက်ကြည့်လိုက်ပါက အမိုးအောက်တွင် ကပ်ထားသော တစ်ဝက်သာ ကျန်တော့သည့် ပန်းကန်လုံး တစ်လုံးနှင့် တူနေတော့သည်။
"ကွတ် ကွတ် ကွတ်... ရှောင်ဟွာ၊ နျိုနျို၊ ထမင်းစားမယ်"
မကြာခင်အရပ် အနည်းငယ်ပိုရှည်လာသော ချူရှီက ဇလုံကို ကိုင်ကာ နောက်ဖေးပေါက်မှ ထွက်လာပြီး ကြက်ခြံဆီသို့ သွားလိုက်၏။
အရင်က ကြက်ပေါက်စလေးများမှာ ယခုအခါ ကြက်ဖကြီးများ၊ ကြက်မကြီးများဖြစ်နေကြပြီ ဖြစ်ရာ အသံကြားသည်နှင့် တစ်ကောင်ပြီး တစ်ကောင် အပြေးအလွှားလာကြတော့ သည်။
"များများစားကြ၊ ဗိုက်ဝအောင် စားပြီးရင် ဥတွေ အများကြီး ဥပေးဖို့ မမေ့နဲ့ဦး"
ချူရှီ သည် ခြံစည်းရိုးထဲရှိ ဝဝဖြိုးဖြိုး ကြက်ကြီးများကို ကြည့်ရင်း မျက်လုံးများပိတ်သွားသည်အထိ ပြုံးရယ်နေတော့၏။
ကြက်စာ ကျွေးပြီးနောက် ချူရှီက ဘေးရှိ ကြက်တဲထဲသို့ ဝင်ကာ ကြက်ဥ သုံးလေးလုံးခန့် ကောက်ယူလိုက်သည်။
အိမ်ထဲသို့ ဝင်ရန် ပြင်လိုက်စဉ် မတော်တဆခေါင်းမော့ကြည့်လိုက်ရာ အမိုးအောက်ရှိ ငှက်သိုက်အသစ်ကိုမြင်လိုက်ရ၏။
ငှက်ခေါင်းလေး တစ်လုံးက ငှက်သိုက်ထဲမှ ထွက်နေပြီး၊ မည်းနက်သော မျက်လုံးများက အောက်ဘက်ရှိ သူမကို မျက်တောင်မခတ်တမ်း ကြည့်နေသည်မဟုတ်လော။
ချူရှီ ဝမ်းသာသွားပြီး အိမ်ထဲသို့ အပြေးအလွှား ဝင်သွားကာ ပြေးရင်းနှင့်လည်း
"အမေ၊ သမီးတို့ အိမ်မှာ ငှက်တွေ အသိုက်လာဆောက်ကြပြန်ပြီ ငှက် အကြီးကြီးပဲ" ဟု အော်ပြောလိုက်သည်။
ထိုအခါ အိမ်ထဲမှ မိခင်၏အသံ ထွက်ပေါ်လာ၏။
"ဒါ ကောင်းတဲ့ ကိစ္စပဲ၊ သွားပြီး လန့်မပြေးစေနဲ့ဦးနော်"
"ဟုတ်ကဲ့"
ချူရှီ ခေါင်းညိတ်လိုက်ပြီး "အမေ၊ နောက်ဆိုရင် အဲဒီအထဲမှာ ငှက်ပျံလေးတွေ မြင်ရတော့မှာပေါ့နော်"
"ဖြစ်နိုင်ပါတယ်" ဟု မိခင်လည်းက ပြန်ဖြေလိုက်ကာ တစ်ခုခုပြောလိုက်သည်။
"ဒါနဲ့ သွားပြီး သမီးအဖေ ပြန်လာပြီလား သွားကြည့်လိုက်ဦး"
"ဟုတ်ကဲ့၊ ရွာထိပ်ကို သွားကြည့်လိုက်ပါ့မယ်”
🫧 Chapter 180
ချူရှီတို့ မိသားစုက ကျန်းလင်ဆောက်ထားသော အသိုက်အသစ်ထဲတွင် ငှက်ပေါက်စလေးများကို မကြာခင်မြင်တွေ့ရတော့မည်ဟု ထင်မှတ်ထားခဲ့ကြ၏။
သို့သော် ကျန်းလင် အခြားငှက်အုပ်ကြီးနှင့်အတူထပ်မံ ပြောင်းရွှေ့သွားသည့် အချိန်အထိ ငှက်ပေါက်စလေးများကို လုံးဝမမြင်တွေ့ခဲ့ရချေ။
အခြား ငှက်မများလည်း ဝင်ရောက် နေထိုင်ခြင်းမရှိခဲ့ပေ။
အစမှအဆုံးတိုင်အောင် ထိုငှက်ကြီး တစ်ကောင်တည်းသာရှိနေခဲ့ခြင်းဖြစ်၏။
ချူရှီက ကျန်းလင်အတွက် အဖော်ရှာပေးရန်ပင် စဉ်းစားခဲ့ဖူးပြီး၊ အသိုက်အသစ်ကို ပိုမိုလှပစေရန် အပြင်ဘက်တွင် ပန်းလေးများ ထိုးစိုက်ပေးရန်ပင် တွေးခဲ့သေးသည်။
သို့သော် ချူဖခင်က တားမြစ်လိုက်၏။
လူသားများ၏ အနံ့အသက်များ စွဲကျန်ရစ်ခဲ့ပါက အခြားငှက်များ ပိုမိုလာရောက်နေထိုင်မည် မဟုတ်ဟု ဆိုသည်။
အဆိုးဆုံးမှာ ဤနေရာတွင် နေထိုင်နေသော မူလ ငှက်ပင်လျှင် ထွက်သွားနိုင်သည်ဟု သတိပေးခဲ့၏။
"ဒီငှက်က တခြားငှက်တွေကို ဝင်မနေစေချင်လို့ နေမှာပါ" ဟု ချူဖခင်က ခန့်မှန်းလိုက်သည်။
"ဘာဖြစ်လို့လဲဟင်" ချူရှီ နားမလည်စွာဖြင့် မေးလိုက်၏။
"ကိုယ့်ပိုင်နက်ကို သီးသန့်ထားချင်လို့လား ဒါမှမဟုတ် သူနဲ့ ထိုက်တန်တဲ့ အဖော်ကိုမတွေ့သေးလို့လား"
ချူဖခင် ခဏမျှ စဉ်းစားပြီးနောက်ဆက်ပြောလိုက်၏။
"တိရစ္ဆာန်တွေ အချင်းချင်းအဖော်ရှာတဲ့ အခါမှာလည်း ကိုယ်ပိုင် စံနှုန်းတွေရှိကြမှာပါ"
သူ အရင်က ငန်းရိုင်းတစ်စုံကို တွေ့ဖူးခဲ့သည်။
သို့သော် တစ်ကောင်က သေဆုံးသွားခဲ့ပြီဖြစ်၏။
ကျန်ရစ်သော ငန်းရိုင်းကသေဆုံးသွားသော အဖော်၏ ဘေးတွင် တိတ်ဆိတ်စွာ စောင့်ရှောက်နေပြီး အစာထွက်မရှာသလို၊ ထိုနေရာမှလည်း ခွာမသွားခဲ့ချေ။
နောက်ဆုံး သေဆုံးသွားသည့် အချိန်အထိပင် ဖြစ်သည်။
ထို့နောက် မည်သို့သော စိတ်ကူးမျိုး ဝင်လာသည်မသိ၊ သူက ထိုနေရာတွင် တွင်းတစ်ခုတူးကာ ငန်းရိုင်း နှစ်ကောင်စလုံးကို အတူတကွ မြှုပ်နှံပေးခဲ့၏။
ယခုပြန်တွေးကြည့်လျှင် တိရစ္ဆာန်များတွင်လည်း ကိုယ်ပိုင် အဖော်ရှာရာ၌ စံနှုန်းများ ရှိကြမည် ဖြစ်ပြီး၊ တစ်ကောင်နှင့် တစ်ကောင်လည်း ကွဲပြားကြမည် ဖြစ်သည်။
'သစ္စာရှိမှုလား၊ မပြောင်းလဲသော ချစ်ခြင်းမေတ္တာလား၊ အလှအပလား၊ ဒါမှမဟုတ် စွမ်းအားလား'
"ကိုယ်ပိုင် စံနှုန်းဟုတ်လား၊ ဒီ ငှက်ကြီးက ဘယ်လို ငှက်မျိုးကိုများ သဘောကျမလဲ မသိဘူးနော်" ဟု ချူရှီက တိုးတိုးလေး ရေရွတ်လိုက်၏။
ထို့နောက်ပိုင်းတွင် ချူရှီသည် အားလပ်ချိန်တိုင်း ခုံလေး တစ်လုံး ယူကာ နောက်ဖေး အမိုးအောက်တွင် ထိုင်ပြီး အပေါ်ရှိ ငှက်သိုက်ကိုကြည့်နေတတ်သည်။
တစ်ပတ် အကြာတွင်တော့ သူမ အိမ်ထဲသို့ အပြေးအလွှား ဝင်လာပြီး အော်ပြောလိုက်၏။
"အဖေ၊ သမီး သိပြီ၊ အဲဒီ ငှက်က အရမ်း အစွမ်းထက်လွန်းလို့ တခြား ငှက်တွေလာရင် အကုန်ပြန်အရိုက်ခံရတာကိုး"
"နျန်နျန်က အရမ်းတော်တာပဲ"
ချူဖခင် သူမ၏ခေါင်းကို ပွတ်သပ်ရင်း ပြုံးကာ ပြောလိုက်သည်။
"အဲဒီ ငှက်ကြီးက သူ့ထက်ပိုပြီး အစွမ်းထက်တဲ့ အဖော်ကို ရှာနေတာ နေမှာပါ"
"..."
နောက်ဖေး အမိုးအောက်တွင်
သူ ဆောက်ထားသော အသိုက်ကိုလာရောက် ချောင်းမြောင်းနေသည့် ငှက်မတစ်ကောင်ကို နောက်တစ်ကြိမ် ထပ်မံရိုက်ထုတ်လိုက်ပြီးနောက်၊ ကျန်းလင်သည် အိမ်ထဲမှ စကားသံများကို ကြားလိုက်ရပြီး ခေါင်းလေး စောင်းသွားတော့၏။
ထို့နောက် အတောင်ပံများကိုဖြန့်ကာ အစာရှာရန် ထွက်လာခဲ့တော့သည်။
'လူသားတွေက တကယ်ကို ထူးဆန်းတဲ့ သတ္တဝါတွေပဲ'
မှတ်ဉာဏ်မြင်ကွင်းများကို ကြည့်နေသော ဝိညာဉ်တမန်တော် ကျန်းလင်သည်ပင် ထိုအချိန်က ငှက်ကလေးကျန်းလင် ဤသို့ တွေးခဲ့မည်ဟု ရုတ်တရက်ခံစားလိုက်ရ၏။
……
နွေဦးကုန်ဆုံးပြီး ဆောင်းဦးရောက်လာခဲ့သည်။
တတိယနှစ် နွေဦးရာသီတွင် ကျန်းလင်ပြန်လည် ရောက်ရှိလာသောအခါ သူ အရင်ကဆောက်ထားခဲ့သော အသိုက်ကို အခြားငှက်များက နေရာယူထားသည်ကို ရုတ်တရက်တွေ့လိုက်ရ၏။
သူ လေထဲတွင် ပျံဝဲရင်း အသစ်တစ်ခုထပ်ဆောက်သင့်သလားဟု တွေးတောနေစဉ်၊ အရင်ကထက် အနည်းငယ် အရပ်ပိုရှည်လာသော ကောင်မလေးက အိမ်ထဲမှပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။
လက်ထဲတွင်လည်း ဝါးလုံးရှည် တစ်ချောင်းကိုကိုင်ဆောင်ထား၏။
နောက်ထပ် တစ်နှစ် ကြီးပြင်းလာပြီ ဖြစ်သဖြင့် ချူရှီ၏ ခွန်အားကလည်း အရင်ကထက်များစွာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။
သူမက ဝါးလုံးရှည်ဖြင့် ငှက်သိုက်ဘေးသို့ ခေါက်လိုက်ပြီး "ဟေ့ သွား သွား၊ ဒါက ဟို ငှက်ကြီးရဲ့အသိုက်ပဲ၊ ဖယ်ပေး လိုက်စမ်း" ဟု အော်ဟစ်လိုက်၏။
ချူရှီ၏ ကြောက်မက်ဖွယ် ကောင်းသော၊ ဇွဲမလျှော့သော မောင်းနှင်မှု အောက်တွင် အသိုက်ကိုလာရောက်နေရာယူထားသောငှက်မှာ နောက်ဆုံးတွင် ထွက်ပြေးသွားတော့သည်။
"တကယ် ဆိုးတာပဲ၊ သူများ အသိုက်ကိုလာလုဖို့ပဲ တွေးနေတယ်"
ချူရှီ ဒေါသတကြီး ပြောလိုက်၏။
"သမီးရယ်၊ အရင်က ငှက်ကြီးပြန်လာမလာ ဆိုတာတောင် သေချာသေးတာ မဟုတ်ဘူး" ဟု ချူမိခင်က မီးဖိုချောင်ထဲမှ ပြုံး၍ ပြောလိုက်သည်။
အိမ်ထဲမှလည်း မီးခိုးငွေ့များနှင့်အတူ ဟင်းချက်နေသော အနံ့များ ပျံ့လွင့်လာ၏။
"သူက ဒီလောက် အစွမ်းထက်တာ သေချာပေါက် ပြန်လာမှာပါ၊ ဒါက သူ့ရဲ့ ပိုင်နက်ပဲလေ"
ချူရှီ ဝါးလုံးကို ချထားလိုက်ပြီး ခါးထောက်ကာ ပြောလိုက်သည်။
သို့သော် ပြောပြီးပြီးချင်းမှာပင် သူမ အနည်းငယ် ယုံကြည်မှု ကင်းမဲ့သွားတော့၏။
"သူ တကယ် ပြန်လာမှာပါနော်"
ချူရှီသည် အပြင်ဘက်ရှိ သစ်တောဆီသို့ လှမ်းကြည့်လိုက်သည်။
'ငှက်တွေ ပြန်လာမယ့် ရာသီ ရောက်နေပြီ မဟုတ်လား'
'ကျီ'
ချူရှီ အိမ်ထဲသို့ ပြန်ဝင်ရန် ပြင်လိုက်စဉ် ရုတ်တရက် အပြင်ဘက်မှ ကြည်လင်သော ငှက်အော်သံတစ်ခုထွက်ပေါ်လာ၏။
ထိုအခါ သူမ အလိုအလျောက် လှည့်ကြည့်လိုက်မိသည်။
အဝေးမှနေ၍ ငှက်ကြီး တစ်ကောင်က တည့်မတ်စွာ ပျံသန်းလာပြီး ခိုင်ခံ့သော ငှက်သိုက်ထဲသို့ ဝင်ရောက်သွားသည်ကို မြင်လိုက်ရ၏။
မည်းနက် တောက်ပနေသော အမွေးအတောင်များနှင့် ကတ်။ကြေးပုံစံ အမြီးပိုင်းရှိသော ငှက်တစ်ကောင်။
"နင် ပြန်လာတာလား"
ချူရှီ ဝမ်းသာအားရဖြစ်သွားပြီး ပျော်ရွှင်လွန်းသဖြင့် ခုန်ပေါက်တော့မတတ် ဖြစ်သွားရ၏။
"အမေ၊ အမေ သူ ပြန်လာပြီ တကယ် ပြန်လာပြီ"
"သူ ဒီနှစ်တော့ သူနဲ့ သင့်တော်တဲ့ အဖော်ကိုရှာတွေ့နိုင်မလား မသိဘူးနော်"
အိမ်ထဲမှ ချူမိခင်က မေးလိုက်သည်။
"သမီးရော သမီး သဘောကျတဲ့သူ ရှိနေပြီလား"
"ဒီနေ့ ရွှီ မိသားစုက အောင်သွယ်လာပြောတဲ့သူကို သမီး ဘယ်လို သဘောရလဲ"
ပြောရင်းနှင့် ချူမိခင်သည် အိမ်ထဲမှ ထွက်လာကာ ညစ်ပတ်နေသော ရေများကို အပြင်သို့ သွန်ပစ်လိုက်၏။
လက်တစ်ဖက်က ဇလုံကို ပိုက်ထားပြီး၊ နောက်လက်တစ်ဖက်က ချူရှီ ၏ နဖူးကို အသာလေး ပုတ်လိုက်သည်။
"တစ်နေ့ တစ်နေ့ ငှက်အကြောင်းပဲ တွေးနေတယ်၊ နောက်ကျ အိမ်ထောင်ကျရင် ဘယ်လိုလုပ်မလဲ"
"အမေကလည်း သမီး ငယ်ပါသေးတယ်"
"အသက် ၁၂ နှစ် ရှိနေပြီလေ၊ ၁၅ နှစ် ဆိုရင် အိမ်ထောင်ပြုရတော့မယ်၊ မငယ်တော့ပါဘူး"
"မငယ်ပါဘူးဆို၊ ဘာပဲဖြစ်ဖြစ် သမီးက ငယ်သေးတယ်လို့ပဲ သတ်မှတ်တယ်"
……
စတုတ္ထနှစ်၊ ပဉ္စမနှစ်
ကျန်းလင်၏ ငှက်သိုက်လေးမှာ ပြုပြင်မွမ်းမံမှုများနှင့်အတူ အမိုးအောက်တွင် ကောင်းမွန်စွာတည်ရှိနေဆဲပင် ဖြစ်၏။
မည်သည့် ငှက်မှ လာရောက် နေထိုင်ရဲခြင်း မရှိတော့ပါချေ၊ အကြောင်းမှာ ချူရှီ သေချာပေါက် မောင်းထုတ်မည်ဖြစ်သောကြောင့်ပင်။
ဆဋ္ဌမနှစ်တွင် ကျန်းလင်သည် အခြား ငှက်အုပ်ကြီးနှင့်အတူ ဤရွာငယ်လေးသို့ နောက်တစ်ကြိမ်ပြန်လည်ရောက်ရှိလာခဲ့သည်။
အရင်က တက်ကြွ လှုပ်ရှားနေခဲ့သော မိန်းကလေးမှာ ယခုအခါ လှပကျော့ရှင်းသော အပျိုဖြန်းလေး တစ်ယောက်ဖြစ်နေပြီ ဖြစ်၏။
အရင်ကလို ပွင့်လင်း ရိုးသားမှုမျိုး ရှိနေဆဲ ဖြစ်သော်လည်း၊ မိန်းမပျိုလေး တစ်ယောက်၏ရှက်သွေးဖြာမှုများ အနည်း ငယ် ပါဝင်လာပြီး အရင်ကလောက်တော့ ရဲတင်းမှုမရှိတော့ချေ။
ကောင်မလေး၏မျက်နှာက ဖြူဖွေးဝင်းမွတ်နေပြီး၊ ဝိုင်းစက်သော မျက်နှာလေးက အလွန်ချစ်စရာကောင်းနေသည်။
အောင်သွယ် အများအပြားက အိမ်သို့လာရောက် စကားပြောဆိုကြ၏။
အခြား ရွာများမှ အောင်သွယ်များပင် ပါဝင်သည်။
သို့သော် အခြားရွာများမှ အောင်သွယ်များလာရောက်သည့် အခါတိုင်း သတင်း အချို့ကိုပါ ယူဆောင်လာတတ်ကြ၏။
"နင်တို့လည်း ကြားပြီးလောက်ပြီ မဟုတ်လား ချောင်ကျားရွာဘက်က တောင်ကုန်းမှာ မြင်းစီး ဓားပြတွေ ပေါ်လာတယ်တဲ့၊ ငါတို့ဘက်လည်း နည်းနည်းသတိထားရတော့မယ်"
"ဒါပေမယ့် နင့်သမီး လီမိသားစုဆီ ပါသွားရင်တော့ သေချာ ပေါက် ချမ်းသာမှာပဲ၊ လီမိသားစုက သီးသန့် အစောင့်အ ရှောက်တွေတောင် ငှားထားတာကိုး"
"လီမိသားစုက ပြောတယ်၊ နင့်သမီးလို ပုံစံမျိုးကိုမှ လိုချင်တာတဲ့၊ ကြည့်ရတာ လူချစ်လူခင် ပေါများမယ့် ပုံလေးပဲဟိုရောက်ရင် သေချာပေါက်အလိုလိုက်ခံရမှာ၊ ကိုယ့်သမီးအရင်းလေးလိုကို ဂရုစိုက်ခံရမှာ"
ထိုအောင်သွယ်မှာ အရောင်အသွေး စုံလင်သော အဝတ်အ စားများကို ဝတ်ဆင်ထားပြီး၊ မျက်နှာကလည်း ပြည့်ဖြိုးနေ၏။
အနီရောင် ဆိုးထားသော နှုတ်ခမ်းက ပိတ်လိုက် ဖွင့်လိုက်နှင့်၊ သူမ ပါးစပ်မှထွက်လာသမျှ စကားတိုင်းက ပန်းပွင့်လေးများ ပွင့်လာသကဲ့သို့ပင် ချိုသာနေတော့သည်။
……
သစ်တောထဲတွင် ငှက်ကလေးများ၏ တကျီကျီ အော်သံများက တေးဂီတ တစ်ပုဒ်ကဲ့သို့ ပျံ့လွင့်နေ၏။
ဤနှစ်တွင် ငှက်များ၏ပြောင်းရွှေ့ချိန်က စောသွားခဲ့သည်။
လူသားများ အနေဖြင့် သေချာဂရုမစိုက်ပါက သတိပြုမိရန် ခက်ခဲလှ၏။
အဘယ်ကြောင့်ဆိုသော် ရွာသား အများစု၏အမြင်တွင် ငှက်များ ပျံသန်းနေခြင်း၊ အော်ဟစ်နေခြင်းတို့မှာ လျစ်လျူရှုစရာကောင်းသော အရာများသာ ဖြစ်သောကြောင့်ပင်။
'ဒီလိုပဲပေါ့'
'နားထောင်လို့ ကောင်းရုံလောက်ပါပဲ'
'ဘာလဲ၊ သူတို့ ပျံထွက်သွားရင်တောင် ပြန်ခေါ်ရဦးမှာလား'
'နှစ်တိုင်း ဒီလိုပဲ အသွားအပြန် လုပ်နေကြတာ မဟုတ်ဘူးလား'
ထို့ပြင် ထိုငှက်များက ကြက်၊ ဘဲ၊ ငါး၊ ဝက် များနှင့် မတူပါချေ၊ အခြေခံအားဖြင့် ငွေကြေးချမ်းသာသော သူများသာ အပျင်းပြေ မွေးမြူတတ်ကြ၏။
စားရန်အတွက် အသုံးပြုလျှင်တောင်မှ ဗိုက်ပြည့်အောင် မလုပ်နိုင်ပါချေ။
သို့သော် ဤတစ်ကြိမ်တွင်တော့ ကျန်းလင်သည် အခြား ငှက်အုပ်ကြီးနှင့်အတူ စောစီးစွာ ထွက်မသွားခဲ့ချေ။
သူ ကျန်ရစ်ခဲ့ခြင်းမျိုး မဟုတ်သလို၊ သူ စောစော မထွက်သွားချင်၍လည်း မဟုတ်ပေ။
ထိုအလိုအလျောက် သိစိတ်၊ ငှက်များ၏ပင်ကိုယ်ဗီဇ တခြား ငှက်တွေမှာရှိသမျှ အရာအားလုံး သူ့မှာလည်း ရှိနေခဲ့၏။
သူက ငှက်သိုက်ထဲတွင် တိတ်ဆိတ်စွာနေပြီး အောက်ဘက်သို့ ရံဖန်ရံခါ ငုံ့ကြည့်နေတတ်သည်။
ချူဖခင် ထွက်လာသည်ကို မြင်သောအခါ သူ အပြင်သို့ ပျံထွက်ပြီး နှစ်ပတ်လောက် ပတ်ပျံကာ အသံပြုတတ်လေ့ ရှိ၏။
"ကျီကျီ”