အခန်း (၁၈၁-၁၈၂)
Vol. 19 Ch. 181-182
🫧 Chapter 181
"အဖေ၊ ဘာလို့ အဖေ အပြင်ထွက်လာတိုင်း ဟို ငှက်ကြီးက လာပြီး နှုတ်ဆက်ရတာလဲဟင်"
ခြံဝင်း အပေါ်ဘက်တွင် ဝဲပျံနေသော ကျန်းလင်ကို ကြည့်ရင်း ချူရှီ မေးလိုက်၏။
"ဟုတ်လို့လား"
ချူဖခင် ဟင်းခင်းပေါင်းသင်နေရင်း ခေါင်းပင် မမော့ဘဲ ပြန်မေးလိုက်သည်။
တကယ်တမ်းတွင် တစ်အိမ်လုံး၌ ချူရှီ တစ်ယောက်တည်းကသာ ဤငှက်ကို အရေးတယူရှိနေခြင်း ဖြစ်၏။
ချူဖခင်၏ အမြင်တွင်တော့ တိရစ္ဆာန် အများစုက အမဲလိုက်ပြီး စားဖို့၊ သို့မဟုတ် ရောင်းဖို့သာ ဖြစ်သည်။
သို့သော် သမီးဖြစ်သူ၏ ဤဝါသနာလေးကို လင်မယား နှစ်ယောက်စလုံးက လွန်လွန်ကျူးကျူး ဝင်ရောက် စွက်ဖက်ခြင်း မရှိခဲ့ပါချေ။
တစ်ခါတစ်ရံတွင် သမီးဖြစ်သူအတွက် ထိုငှက်ကြီး၏ အသိုက်ကို အခြားငှက်များ လာလုခြင်း ရှိ၊ မရှိ သို့မဟုတ် မိုးသည်းထန်စွာ ရွာပါက အသိုက်ကို ထိခိုက်နိုင်ခြင်း ရှိ၊ မရှိ စသည်တို့ကို ကူညီကြည့်ရှုပေးတတ်ကြ၏။
"ဟုတ်ပါတယ်ဆို၊ ဒီရက်ပိုင်း အဖေ နောက်ဖေးဘက် ထွက်လာတိုင်း သူ အမြဲ ပျံထွက်လာတာပဲ"
ချူရှီ က လေးနက်စွာ ပြောလိုက်သည်။
"ဒီနေ့ အဖေ သုံးခေါက် ထွက်လာတယ်၊ သူ သုံးခေါက် ပျံထွက်လာတယ်"
သူမ အမြင်တွင်တော့ ဤသည်က နှုတ်ဆက်နေခြင်းပင် ဖြစ်၏။
"အဲလိုလား"
သမီးဖြစ်သူ၏ စကားကို ကြားသောအခါ ချူဖခင်လည်း အနည်းငယ် အံ့သြသွားတော့သည်။
သူ ဟင်းခင်းထဲမှ ကျန်နေသေးသော ပေါင်းပင်အနည်းငယ်ကို နှစ်ချက်သုံးချက်မျှ နှုတ်လိုက်ပြီး၊ ဟင်းခင်းထဲမှနေ၍ ခေါင်းမော့ကြည့်လိုက်၏။
ထိုအခါ အမှန်တကယ်ပင် ထိုငှက်ကြီးက ဟင်းခင်းအပေါ်ဘက်တွင် ပျံဝဲနေသည်။
တိရစ္ဆာန်များက လူသားများနှင့် မတူပါချေ၊ သူတို့၏ အပြု အမူ အများစုမှာ ရှင်သန်ရေး ပင်ကိုယ် ဗီဇအရသာပြုလုပ်လေ့ ရှိကြ၏။
"ဥပမာ - မျိုးပွားခြင်း၊ အသိုက်ဆောက်ခြင်း၊ ပြောင်းရွှေ့ခြင်း"
ဤတိရစ္ဆာန်များတွင် အသိဉာဏ် ရှိမရှိကိုတော့ ချူဖခင် မသိပါချေ၊ သို့သော် ရှင်သန်ရေး ပင်ကိုယ်ဗီဇ အချို့တွင် တိရစ္ဆာန်များက သူတို့၏အားသာချက်များ ရှိနေသည်မှာ အသေအချာပင်။
နှစ်ပေါင်းများစွာ အမဲလိုက်လာခဲ့သော အတွေ့အကြုံများအရ တိရစ္ဆာန်များ၏ သဘာဝနှင့် အလေ့အထ အချို့ကို သူ သတိထားမိခဲ့သည်။
ချူဖခင် ခဏမျှ ကြည့်ပြီးနောက် ရုတ်တရက် မေးလိုက်၏။
"နျန်နျန်၊ ဒီရက်ပိုင်း အခြား ငှက်တွေကို တွေ့သေးလား"
နျန်နျန်ဆိုသည်က ချူရှီ၏ အိမ်ခေါ်နာမည် ဖြစ်သည်။
"အခြား ငှက်တွေလား"
ချူရှီ သေချာ သတိမထားမိခဲ့ပါချေ။
သို့သော် သူမ စဉ်းစားကြည့်ပြီးနောက် အိမ်၏အခြား နေရာများသို့ ပြေးသွားကာ လိုက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်၏။
"အဖေ၊ ဒီဘက် ခေါင်မိုးအောက်က အသိုက်နှစ်ခုထဲမှာလည်း ငှက်တွေ မရှိတော့ဘူး"
"ကောင်းပြီ၊ အဖေ သိပြီ"
ထို့နောက်ချူဖခင် မျက်မှောင်ကြုတ်လိုက်ပြီးပြောလိုက်သည်။
"အိမ်ထဲ ဝင်ကြရအောင်"
"ဟုတ်ကဲ့ အဖေ"
သားအဖ နှစ်ယောက် အိမ်ထဲ ဝင်သွားပြီးနောက်၊ ချူဖခင် သည် နောက်ဖေးတံခါး အက်ကြောင်းမှနေ၍ အပြင်သို့ ချောင်းကြည့်လိုက်၏။
ထိုအခါသူ အိမ်ထဲ ဝင်သွားပြီးနောက် ထိုငှက်ကြီးက လေထဲတွင် နောက်တစ်ပတ် ထပ်ပျံဝဲကာ အသိုက်ထဲသို့ပြန်ဝင်သွားသည်ကို သူ တကယ်ပင် မြင်တွေ့လိုက်ရသည်။
……
ညဘက်တွင်
ချူဖခင်သည် ဇနီးဖြစ်သူကို ဤအကြောင်းပြောပြလိုက်၏။
"ငှက်တွေ အကုန်လုံး ပြောင်းရွှေ့သွားကြပြီ ထင်တယ်၊ ဒီနေ့ ရွာထဲနဲ့ ရွာနောက်ဘက် တောင်ပေါ်ကို ငါ သွားကြည့်တာ၊ အကုန်လုံး ထွက်သွားကြပြီ"
ချူမိခင်က ဤကိစ္စများကို သိပ်နားမလည်သဖြင့် "အဲဒါက ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
သူမ အမြင်တွင်တော့ ငှက်များက နှစ်စဉ် ပြောင်းရွှေ့နေကျ မဟုတ်ပါလော။
သို့သော် ခင်ပွန်းဖြစ်သူက ထုတ်ပြောလာသည်ဆိုတော့ တစ်ခုခုတော့ ရှိနေမည်ဟု ယူဆလိုက်၏။
ယခုအချိန်တွင် အိမ်ထဲ၌ မှိန်ဖျော့ဖျော့ ဆီမီးခွက်လေး တစ်လုံးထွန်းထားပြီး၊ ချူမိခင်က ထိုမီးရောင်ဖြင့် အပ်ချုပ်အလုပ်ကို လုပ်နေခြင်းဖြစ်သည်။
သမီးဖြစ်သူလည်း အိမ်ထောင်ပြုရမည့် အရွယ် ရောက်လာပြီ ဖြစ်ရာ သူမအတွက် တစ်ခုခုပြင်ဆင်ပေးရမည် မဟုတ်လော။
ခင်ပွန်းဖြစ်သူ၏စကားကို ကြားသောအခါ သူမ လက်ထဲမှ အလုပ်ကို ခဏရပ်လိုက်ပြီး မော့ကြည့်လိုက်၏။
ချူဖခင် ကုတင်စောင်းတွင် ထိုင်နေပြီး ကြမ်းတမ်းသော မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများရှိနေသည်။
"နည်းနည်းတော့ လွဲနေတယ်၊ အရင်နှစ်တွေက ပြောင်းရွှေ့တဲ့ အချိန် မရောက်သေးဘူး၊ အနည်းဆုံး နောက်ထပ်လဝက်လောက်နေမှ စပြောင်းကြတာ"
ချူမိခင် စဉ်းစားကြည့်ပြီးနောက် "ရှေ့က ချောင်ကျားရွာ ဘက်မှာ မြင်းစီး ဓားပြတွေ သောင်းကျန်းနေတာကြောင့်များလား ဒါကြောင့် တခြားနေရာကို ပြောင်းသွားကြတာလား"
"မနက်ဖြန် ငါ အပြင်ထွက်ပြီး သတင်း သွားစုံစမ်းကြည့်ဦးမယ်၊ ဒီနှစ်ရက် နင်တို့ သားအမိ အပြင်သိပ်မထွက်ကြနဲ့"
"ကောင်းပါပြီ၊ ရှင်ပြောသလို လုပ်ပါ့မယ်"
များမကြာမီပင် အိပ်ခန်းထဲမှ စကားပြောသံများ ပြီးဆုံးသွား၏။
နောက်ဖေးဘက်တွင်
အမိုးအောက်ရှိ ငှက်သိုက်ထဲမှ ကျန်းလင်သည် ခေါင်းလေး တစ်ချက်စောင်းလိုက်ပြီး ကိုယ်နေဟန်ထား ပြောင်းကာ ဆက်အိပ်သွားတော့သည်။
……
နောက်တစ်နေ့တွင် ချူဖခင်က အပြင်ထွက်၍ သတင်း စုံစမ်းခဲ့၏။
ညဘက် ရောက်မှသာပြန်လာခဲ့ပြီး မျက်နှာထားက သိပ်မကောင်းလှချေ။
ထိုချိန်သူက သတင်း နှစ်ခုယူဆောင်လာခဲ့သည်။
"မြင်းစီး ဓားပြတွေက နောက်ထပ် ရွာတစ်ရွာကို ထပ်လုသွားပြန်ပြီ၊ အစိုးရဘက်ကတော့ လှုပ်ရှားနေပြီတဲ့"
ချူမိခင် သူ့ကို ရေပေးရင်း မျက်နှာထားကို အကဲခတ်နေလိုက်၏။
"အစိုးရ ဝင်ပါပြီ ဆိုတော့လည်း တော်ပါသေးရဲ့"
"အင်း"
ချူဖခင် ခေါင်းညိတ်လိုက်ပြီး ရေကိုယူကာ အငမ်းမရ သောက်ချလိုက်သည်။
ထိုသို့ပြောသော်လည်း သူ့ စိတ်ထဲတွင်တော့ စိုးရိမ်နေဆဲ ဖြစ်၏။
ဤမြင်းစီး ဓားပြများ ရောက်လာပုံက အတော်လေး ထူးဆန်းနေသည်။
၎င်းမှာရုတ်တရက်ကြီး ပေါ်လာသကဲ့သို့ပင်။
ထိုတောင်ကုန်းများကို အရင်က သူ အခြားသူများနှင့်အတူ အမဲလိုက် သွားဖူးသော်လည်း မည်သည့် မြင်းစီး ဓားပြအကြောင်းမှ မကြားခဲ့ရဖူးချေ။
လွန်ခဲ့သည့် နှစ်နှစ်အတွင်းမှ ပေါ်လာသည် ဆိုပါကလည်း သူတို့၏ လုပ်ရပ်များက အရမ်းကို ရဲတင်းလွန်းနေ၏။
ဤစကားဝိုင်းကို လင်မယား နှစ်ယောက် အိပ်ခန်းထဲတွင်သာ ပြောဆိုခဲ့ကြပြီးကလေး စိုးရိမ်မည်ကို စိုးရိမ်သောကြောင့် ချူရှီ ကိုတော့ အသိမပေးခဲ့ကြပေ။
သို့သော် ပြဿနာများက ဤမျှ မြန်ဆန်စွာရောက်လာလိမ့် မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပါချေ။
……
ထိုနေ့ညက
ငှက်သိုက်ထဲတွင် အိပ်မောကျနေသော ကျန်းလင် ရုတ်တ ရက် နိုးလာခဲ့၏။
ထို့နောက် သူ၏ခေါင်းလေး လှုပ်ရှားသွားပြီး မည်းနက်သော မျက်လုံးများက အလွန် စူးစိုက်ကာ တစ်ခုခုကို အာရုံစိုက် နားထောင်နေသကဲ့သို့ ရှိ၏။
ခဏအကြာတွင် သူသည် အတောင်ပံများကို ဖြန့်ကာ ငှက်သိုက်ထဲမှ ပျံထွက်သွားပြီး ပြတင်းပေါက်မှတစ်ဆင့် သစ်သားအိမ်လေးထဲသို့ ဝင်ရောက်သွားတော့သည်
"ကျီကျီ"
"ကျီကျီ"
ညသန်းခေါင်ယံ လူသားများ အိပ်မောကျနေချိန်အိပ်မက်ထဲတွင် ချူဖခင် က ကြည်လင်သော ငှက်အော်သံများကို သဲ့သဲ့လေး ကြားနေရ၏။
ထို့ပြင် အတောင်ပံခတ်သံများကိုလည်း ကြားနေရသည်။
ထိုအခါ ချူဖခင် အမှောင်ထဲတွင် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး လူးလဲထကာ မေးလိုက်၏။
"ဘယ်သူလဲ"
သူသည် တစ်ခဏတာမျှ သူခိုး ဝင်လာသည်ဟုပင် ထင်မှတ်သွားခဲ့၏။
သို့သော် နောက်တစ်စက္ကန့်တွင်
'ဒုန်း'
အမှောင်ထဲတွင် ပစ္စည်းတစ်ခုခု အောက်သို့ ပြုတ်ကျသွားသံ ထွက်ပေါ်လာသည်။
"ကျီကျီ"
ထို့ပြင် ငှက်အော်သံနှင့်အတူ အတောင်ပံ ခတ်သံများ ထပ်မံ ထွက်ပေါ်လာ၏。
ထိုအခါ ချူမိခင်လည်း နိုးလာခဲ့သည်။
သူမက ခင်ပွန်းဖြစ်သူ၏ အနားသို့ အလိုအလျောက် တိုးကပ်သွားပြီး၊ ကျန်လက်တစ်ဖက်ကတော့ ခုခံကာကွယ်ရန်လက် နက် တစ်ခုခု ရှိမရှိ တိတ်တဆိတ် စမ်းသပ် ရှာဖွေနေလိုက် ၏။
"မလန့်နဲ့၊ လူ မဟုတ်ဘူး ထင်တယ်"
ချူဖခင် ၏ အမြင်အာရုံက တဖြည်းဖြည်း ရှင်းလင်းလာပြီး၊ မှိန်ဖျော့ဖျော့ လရောင်အောက်တွင် ပျံသန်းနေသော အရိပ်တစ်ခုကို သဲ့သဲ့လေး မြင်လိုက်ရသည်။
ထို့ကြောင့်သူ ထလိုက်ပြီး ဆီမီးခွက်ကို စမ်းတဝါးဝါးဖြင့် ထွန်းညှိလိုက်၏။
အခန်းထဲ လင်းထိန်သွားသောအခါ လင်မယား နှစ်ယောက်လုံး ဘာဖြစ်နေလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။
ငှက်ကြီး တစ်ကောင်က ကျဉ်းမြောင်းသော အခန်းထဲတွင် ဟိုပျံဒီပျံ လုပ်နေပြီး၊ တစ်ခါတစ်ရံ အော်ဟစ်နေသည်ကို တွေ့လိုက်ရ၏။
ကြမ်းပြင်ပေါ်တွင်လည်း အောက်သို့ ပြုတ်ကျသွားသော ပစ္စည်းလေး အချို့လည်း ရှိနေသည်။
သူတို့ နိုးလာသည်ကို မြင်သောအခါ ကျန်းလင် က ရှေ့သို့ အနည်းငယ် တိုးလာပြီး ချူမိခင်၏ အင်္ကျီစကို နှုတ်သီးဖြင့် ကိုက်ကာ အပြင်သို့ ဆွဲလိုက်၏။
ထို့နောက် စိုးရိမ်တကြီးဖြင့် နှစ်ခါလောက် အော်လိုက်ပြန် သည်။
"ကျီကျီ"
"ဒါက ငါတို့ အိမ်နောက်ဖေးက ကောင်လေးလား"
ထိုသို့ပြုလုပ်နေမှုများကြောင့် ဟု ချူမိခင်က မေးလိုက်၏။
ချူဖခင် က ထိုငှက်၏ လှုပ်ရှားမှုများကို ကြည့်ရင်း ဘာကြောင့်မှန်း မသိဘဲ မကြာသေးမီက ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို ရုတ်တရက် ပြန်လည် သတိရသွားတော့သည်။
ထို့ကြောင့်သူ ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
"အရင် ထကြရအောင်၊ သူ ငါတို့ကို တစ်ခုခု ပြောချင်နေတာ နေမှာပါ"
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ထိုငှက်ကလေးက ချူမိခင် ၏ အင်္ကျီစကို လွှတ်လိုက်ပြီး အပြင်သို့ ပျံထွက်သွားသည်ကို တွေ့လိုက်ရသည်။
တခြားတစ်ဘက်တွင်
ကျန်းလင်က သစ်သားအိမ်လေး ၏ အခြား အိပ်ခန်း တစ်ခန်းထဲသို့ ဝင်သွားပြီး ချူရှီ၏ မျက်နှာပေါ်သို့ တိုက်ရိုက် ဆင်းသက်လိုက်၏။
"ကျီကျီ"
ထို့နောက် ခြေသည်းများဖြင့်ပင် မျက်နှာပေါ်တွင် နင်းလိုက်သေးသည်။
ရှင်းလင်းပြတ်သားပြီး ရိုးရှင်းသော၊ လူကို အမြန်ဆုံး နှိုးနိုင်မည့် နည်းလမ်းပင် ဖြစ်၏။
ချူဖခင်က မုဆိုး ဖြစ်ပြီး၊ ချူမိခင် လည်း လူကြီး ဖြစ်သည်။
သို့သော် ချူရှီကတော့ မတူပါချေ။
အနည်းဆုံးတော့ အိပ်မှုန်စုံမွှားနှင့် သူ့ကို လက်ဝါးဖြင့် ရိုက်ချလိုက်မည်တော့ မဟုတ်လောက်ပါလေ။
🫧 Chapter 182
"ကျီကျီ"
ကျန်းလင်၏ခြေသည်းများက ချူရှီ မျက်နှာပေါ်တွင် ဟိုနင်းဒီနင်း လုပ်နေ၏။
"အင်း... အင်း..."
ချူရှီသည် အိပ်မက်ထဲတွင် ခေါင်းကို ရမ်းလိုက်ပြီး မျက်နှာပေါ်ရှိ အရာကို ဖယ်ရှားရန် ကြိုးစားလိုက်သည်။ ထိုသို့ ခေါင်းရမ်းနေရင်းနှင့်ပင် သူမ နိုးလာခဲ့၏။
ချူရှီက ထထိုင်လိုက်ပြီး ကျန်းလင် ကို အိပ်မှုန်စုံမွှားဖြင့် ကြည့်လိုက်သည်။
"ငှက်ကြီးလား"
"ကျီကျီ"
ကျန်းလင်သည် ချူရှီ၏အင်္ကျီစကို နှုတ်သီးဖြင့် ကိုက်ကာ အပြင်ဘက်သို့ ဆွဲလိုက်၏။
"ဘယ်ကိုသွားကြမလို့လဲ"
ချူရှီ ငှက်ကလေး၏ဆွဲငင်ရာနောက်သို့ လိုက်ကာ ထရပ်လိုက်စဉ်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာသည်။
"နျန်နျန်၊ မြန်မြန် ထတော့" ဟု ချူဖခင်က ပြောလိုက်၏။
ချူရှီလည်း အပေါ်ဝတ်အင်္ကျီ တစ်ထည်ကို ကောက်စွပ်လိုက်ပြီး အိပ်ခန်းထဲမှထွက်လာခဲ့သည်။
"အဖေ၊ ငှက်ကြီးက သမီးတို့ကို တစ်နေရာရာကို ခေါ်သွားချင်နေပုံရတယ်"
နောက်ဆုံးတော့ လူသုံးယောက်လုံးကို နှိုးနိုင်သွားပြီ ဖြစ်ရာ ကျန်းလင်လည်း အိမ်အပြင်ဘက်သို့ အမြန် ပျံထွက်သွားတော့၏။
မီတာအနည်းငယ်ခန့် ပျံသန်းပြီးနောက် သူတို့ကို ပြန်စောင့်နေလိုက်သည်။
ချူဖခင်က အသုံးတည့်မည့် လက်နက်အချို့ကို ယူဆောင်လာခဲ့ပြီး "ငါတို့ နောက်ကနေ လိုက်သွားကြည့်ကြတာပေါ့"
ကျန်းလင် သူတို့ သုံးယောက်ကို ဦးဆောင်ကာ ရွာနောက်ဘက်ရှိ သစ်တောထဲသို့ ဝင်သွား၏။
ပုံမှန်အားဖြင့် ချူဖခင် အမဲလိုက်ထွက်လျှင်လည်း ဤဘက်သို့သာ သွားလေ့ရှိရာ အမှောင်ထဲတွင် စမ်းတဝါးဝါး သွားနေရခြင်းမျိုးတော့ မရှိပါချေ။
"အဖေ၊ ငှက်ကြီး သဘောကျတဲ့ အဖော်လေးများ ဒဏ်ရာရသွားလို့လား ဒါမှမဟုတ် သမီးတို့ကို အကူအညီ တစ်ခုခု တောင်းချင်လို့လား မသိဘူး"
ချူရှီက ပုံပြင်စာအုပ်များထဲမှ အကြောင်းအရာများကို ပြန်တွေးကာ ခန့်မှန်းနေခြင်းဖြစ်၏။
ပုံပြင်စာအုပ်များထဲတွင် အသိဉာဏ်ရှိသော တိရစ္ဆာန်များက လူသားများကို ခေါ်ဆောင်ကာ အကူအညီ တောင်းလေ့ရှိကြသည်။
သူတို့ သုံးယောက် သစ်တောထဲသို့ ဝင်ရောက်လာပြီး မကြာမီမှာပင် ရွာထိပ်ဘက်ဆီမှ 'ဒေါက် ဒေါက်' ဆိုသည့် အသံများကို ရုတ်တရက် ကြားလိုက်ရ၏။
လူသံများနှင့် မြင်းခွာသံများက ရောနှောနေသည်။ မီးရောင်များ လင်းလက်နေသည်ကိုလည်း သဲ့သဲ့လေး မြင်နေရ၏။
"မြင်းစီး ဓားပြတွေလား"
"ရှူး... မြန်မြန်သွားကြမယ်"
လူသုံးယောက်လုံး၏မျက်နှာများက ပြင်းထန်စွာ ပြောင်းလဲသွားတော့သည်။
ယခုအခါ ကျန်းလင် လိုက်လံတိုက်တွန်းနေရန် မလိုတော့ဘဲ သူတို့ဘာသာ ခြေလှမ်းများကို အရှိန်တင်လိုက်ကြပြီး လူသူကင်းမဲ့သော လမ်းကြောင်းများဆီသို့သာ တတ်နိုင်သမျှ ရွေးချယ်သွားလာကြတော့၏။
အကယ်၍ ထိုသူများက တကယ့်မြင်းစီးဓားပြများသာ ဖြစ်နေခဲ့လျှင်သူတို့ နောက်ပြန်လှည့်သွားပါက အသေခံသလိုသာ ဖြစ်ပေမည်။
……
ထိုအချိန်တွင်
ရွာထဲရှိ လူအများစုမှာ အိပ်မောကျနေကြဆဲဖြစ်ပြီး အသံများကိုကြား၍ အိပ်မှုန်စုံမွှားဖြင့် ထလာချိန်တွင်တော့ အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏။
ထွက်ပြေးရန်ပင် အချိန်မမီတော့ရာ စုစည်း၍ ခုခံကာကွယ်ရန်ဆိုသည်မှာ ပိုလို့ပင်မဖြစ်နိုင်တော့ချေ။
မီးပွားများက ကောက်ရိုးပုံများကို ကူးစက်လောင်ကျွမ်းသွားပြီး မီးတောက်များမှာ မျက်တောင်တစ်ခတ်အတွင်းပြန့်နှံ့သွားတော့သည်။
လက်နက်များ ထိခိုက်သံ၊ ရွာသားများ၏ စူးရှသောအော် ဟစ်သံများနှင့်အတူ ဓားပြများ၏ရယ်မောသံများ အားလုံးက ရွာ၏ကောင်းကင်ယံထက်တွင် စုဆုံနေကြ၏။
ချူမိသားစု သုံးယောက်မှာ လမ်းခုလတ်တွင် နောက်သို့ တစ်ချက်သာ လှည့်ကြည့်လိုက်မိရာ မီးတောက်များကကောင်း ကင်တစ်ဖက်ခြမ်းကိုပင် လင်းထိန်နေစေသည်ကို မြင်လိုက်ရသည်။
ထို့နောက် သူတို့ လုံးဝနောက်လှည့်မကြည့်ရဲတော့ဘဲ ခေါင်းငုံ့ကာ ခရီးကိုသာအမြန်ဆက်နှင်ကြတော့၏။
……
အချိန် မည်မျှကြာသွားသည်မသိ၊ ရွာဘက်မှ အသံများက တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် လုံးဝငြိမ်သက်သွားတော့သည်။
အစပိုင်းက ကျန်းလင်က ရှေ့မှပျံသန်းကာ လမ်းပြပေးခဲ့သော်လည်း၊ နောက်ပိုင်းတွင်တော့ ချူဖခင်ကသာ လမ်းပြခေါ်ဆောင်သွားတော့၏။
ထိုအခါကျန်းလင်က ချူရှီ၏ပခုံးပေါ်သို့ ဆင်းသက်ကာ ခဏတာ အနားယူနေလိုက်သည်။
သူတို့ သုံးယောက်က ရှေ့သို့သာ တောက်လျှောက် လျှောက်လာခဲ့ကြပြီး လမ်းများ ကွေ့ကောက်နေသဖြင့် မည်မျှဝေးဝေး ရောက်လာပြီကိုပင် မသိကြတော့ချေ။
ကောင်းကင်ယံတွင် အလင်းရောင် သဲ့သဲ့လေးပေါ်ထွက်လာချိန်မှသာ ချူဖခင်က ခြေလှမ်းများကို ရပ်တန့်လိုက်တော့ သည်။
"ရပြီ၊ ဒီမှာပဲ ခဏ နားကြတာပေါ့"
သုံးယောက်လုံး နေရာအသီးသီးတွင် ထိုင်ချလိုက်ကြပြီး မည်သူကမှ စကားမဟကြချေ။
ချူရှီ ရွာရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ရာ အဝေးမှနေ၍ လွင့်ပျံတက်လာသော မီးခိုးငွေ့များကိုမြင်တွေ့နေရသည်။
သို့သော် ထိုအရာများက ထမင်းချက်သည့် မီးခိုးငွေ့များ မဟုတ်တော့ပါချေ။
ဤအခိုက်အတန့်တွင် ချူရှီ အနည်းငယ် ငိုချင်လာမိ၏။
နောက်ပိုင်း ဘယ်လိုဆက်လုပ်ကြမလဲ ဆိုတာကို အဖေနှင့် အမေအားမေးရန် လှည့်ကြည့်လိုက်စဉ်၊ သူတို့ နှစ်ယောက် လုံးလည်း ရွာဘက်ဆီသို့ ကြည့်ကာ မျက်ဝန်းများ နီရဲနေကြ သည်ကို မြင်လိုက်ရသည်။
လေထုက တစ်ခဏတာမျှလေးလံသွားပြီး ပတ်ဝန်းကျင် တစ်ခုလုံး အလွန်တိတ်ဆိတ်သွားတော့၏။
"ကျီကျီ"
ထိုအချိန်တွင် ကျန်းလင်က ချူရှီ ပခုံးပေါ်မှ ရုတ်တရက် ခုန်ဆင်းလိုက်သည်။
သူက ချူမိခင်၏အနားသို့ ပျံသွားပြီး သူမ လက်ထဲရှိအထုပ်လေးကို နှုတ်သီးဖြင့် ထိုးဆိတ်လိုက်၏။
ချူမိခင် သတိဝင်လာပြီး မျက်ရည်များကို တိတ်တဆိတ် သုတ်ဖယ်လိုက်ကာ၊ နှုတ်ခမ်းကိုတွန့်၍ ခက်ခက်ခဲခဲ ပြုံးပြလိုက်သည်။
"ငါတို့ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ပြောရင်းနှင့် သူမက အထုပ်ကို ဖွင့်လိုက်ရာအထဲတွင် 'အစာခြောက်' များနှင့် အသားခြောက်အချို့ကို အံ့သြဖွယ် တွေ့လိုက်ရ၏
ဤ 'အစာခြောက်' ဆိုသည်မှာ ရိက္ခာခြောက် အမျိုးအစား တစ်ခု ဖြစ်သည်။
ဂျုံကြမ်းများကို လှော်ပြီးနောက် အဆင့်ဆင့် ပြုပြင်ကာ နေလှန်းထားသော မုန့်ကြွပ်များဖြစ်ကာ ဗိုက်ဆာလျှင် အချိန်မရွေး ထုတ်စားနိုင်ပေသည်။
"မင်း ဘာစားချင်လို့လဲ" ဟု ချူမိခင် က မေးလိုက်သည်။
သူမက ဤငှက်လေး အနံ့ရသွားပြီး အစာစားချင်နေသည်ဟု ထင်မှတ်သွားသဖြင့် ထိုသို့မေးလိုက်ခြင်း ဖြစ်၏။
သို့သော် သူမ ရှေ့ရှိ ငှက်လေးက သူမကို ကြည့်၍သာ အော်နေပြီး အထဲမှအစားအစာများကို လုံးဝမစားပါချေ။
ထိုသို့ မြင်သောအခါ ချူမိခင် အနည်းငယ် တွေဝေသွားတော့သည်။
သူမ သည်ငှက်များနှင့် တစ်ခါမှ အဆက်အသွယ် မလုပ်ဖူးခဲ့ပေ... 'ဒါက ဘာသဘောလဲ'
"အမေ၊ သူက သမီးတို့ကို အစာစားဖို့ ခေါ်နေတာလား မသိဘူး" ဟု ဘေးမှနေ၍ ချူရှီက ခန့်မှန်းလိုက်၏။
"ဟင်"
ချူမိခင် ကအသားခြောက် တစ်ခုကို စမ်းသပ်သည့် သဘောဖြင့် ကောက်ကိုင်လိုက်သည်။
"ကျီကျီ"
ကျန်းလင်က နှစ်ခါလောက် အော်လိုက်ပြီးနောက် ဘေးဘက်သို့ ပျံသန်းသွားကာ အစာ စတင်ရှာဖွေတော့၏။
ရှေ့ဆက်မည့် ခရီးအတွက် ခွန်အားများကို သေချာထိန်း သိမ်းထားရန် လိုအပ်သည် မဟုတ်လော။
ကျန်းလင်၏ လှုပ်ရှားမှုကို မြင်သောအခါ ချူမိခင်၏မျက် လုံးများထဲတွင် အံ့သြမှုများ ပေါ်လွင်သွားတော့သည်။
လွန်ခဲ့သည့် နှစ်များအတွင်း ဤငှက်လေးကို ဤမျှသေချာ ဂရုတစိုက် ကြည့်မိခြင်းမှာ ဒါ ပထမဆုံးအကြိမ်ပင် ဖြစ်၏။
အသိဉာဏ်ရှိသော တိရစ္ဆာန်များကို သူမ မမြင်ဖူးခဲ့သည်တော့ မဟုတ်ပေ၊သို့သော် လူသားများနှင့် ဤမျှ အပြန်အ လှန် နားလည်နိုင်စွမ်းရှိသည့် တိရစ္ဆာန်မျိုးကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
"ဒါက တကယ့်ကို ကောင်းတဲ့ငှက်လေးပဲ" ချူဖခင် လျှောက်လာပြီး အံ့သြချီးကျူးလိုက်၏။
"အကုန်လုံး တစ်ခုခုစားထားကြပါ၊ မဟုတ်ရင် ခဏနေ ခွန်အား ရှိမှာ မဟုတ်ဘူး၊ ဒီနေရာက လောလောဆယ်မလုံခြုံတော့ဘူး"
တစ်ညလုံး ခရီးနှင်လာခဲ့ရသဖြင့် မနေ့က စားထားသော ညစာများမှာလည်း ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
ခွန်အားနှင့် စိတ်ဓာတ်ခွန်အား နှစ်ခုထဲမှ တစ်ခုခုတော့ အားပြည့်နေမှသာ အဆင်ပြေမည်ဖြစ်၏။
သို့သော် ချူမိခင် လက်ထဲရှိ အထုပ်ကို မြင်သောအခါ ချူဖခင်လည်း အနည်းငယ် အံ့သြသွားမိသည်။
လွန်ခဲ့သည့် ရက်များက ဇနီးဖြစ်သူ တစ်ခုခု အလုပ်များနေသည်ကို သူ မြင်ခဲ့ရသော်လည်း ဤအရာများကို ပြင်ဆင်နေမည်ဟုတော့ မထင်မှတ်ထားခဲ့ပါချေ။
"မင်း ဒါတွေ ဘယ်လိုလုပ်ပြီး ယူလာဖြစ်တာလဲ" ဟု သူက မေးလိုက်၏။
ထိုအခါ ချူမိခင်က သူတို့ကို အစာ ခွဲဝေပေးရင်း ပြန်ဖြေလိုက်သည်။
"အရင်က ရှင် မြင်းစီး ဓားပြတွေအကြောင်း သွားစုံစမ်းပြီး ပြန်လာတုန်းက မျက်နှာထား မကောင်းတာကိုမြင်တော့၊ တစ်ခုခု ဖြစ်လာရင် အသင့်ဖြစ်အောင် နည်းနည်းပြင်ဆင်ထားလိုက်တာပါ"
"ဒီည ကိစ္စတွေက အရမ်းရုတ်တရက် ဆန်လွန်းတော့ ကျွန်မ စိတ်ထဲမလုံခြုံလို့ ရိက္ခာခြောက်အထုပ်လေးကို ကောက်ယူလာခဲ့တာ၊ တခြား ပစ္စည်းတွေကတော့ အိမ်မှာကျန်ခဲ့ပြီ"
ထိုနေရာသို့ ရောက်သောအခါ ချူမိခင် စကားရပ်သွားပြီး စကားလမ်းကြောင်းလွှဲလိုက်၏。
"နောက်ပိုင်း ကျွန်မတို့ ဘယ်ကို သွားကြမလဲ"
……
ချူရှီ တို့ မိသားစု နေထိုင်သော ရွာလေးမှာ မူလက ကျောင်းနိုင်ငံနှင့် လင်းနိုင်ငံတို့၏ နယ်စပ်ကြားတွင် တည်ရှိသည်။
သို့သော် လက်တွေ့တွင် သူတို့ဘက်က လင်းနိုင်ငံ ဘက်သို့ ပိုမို နီးကပ်နေသဖြင့် ပုံမှန်အားဖြင့် ပြဿနာတစ်ခုခု ဖြစ်ပေါ်ပါက လင်းနိုင်ငံ နယ်စပ်ရှိအစောင့်အရှောက်များက ဝင်ရောက်ကူညီပေးလေ့ရှိ၏။
အရင်က အစိုးရမင်းများလာရောက်၍ မြင်းစီး ဓားပြကိစ္စကို ဖြေရှင်းပေးမည်ဟု ပြောခဲ့သည်မှာလည်း လင်းနိုင်ငံ ဘက်မှ အစိုးရမင်းများပင်။
အစာဝါးစားနေရင်းနှင့်ပင် ချူဖခင် နောက်ပိုင်းသွားမည့် လမ်းကြောင်းကို ဆုံးဖြတ်လိုက်တော့၏။
"လင်းနိုင်ငံ အတွင်းပိုင်းကို ဆက်သွားကြတာပေါ့၊ ဟိုဘက် အခြေအနေ ဘယ်လိုရှိလဲ၊ ငါတို့ အခြေချနေထိုင်ဖို့ အဆင် ပြေမလား သွားကြည့်ကြတာပေါ့"
"ကောင်းပါပြီ၊ ရှင် သဘောပါပဲ"
ချူမိခင်က ခေါင်းညိတ်လိုက်သည်။
ချူမိခင်နှင့် ချူရှီ တို့မှာ ခရီးဝေး သွားဖူးသည့် အတွေ့အကြုံ သိပ်မရှိကြရာ ဤကဲ့သို့ အခြေအနေမျိုးတွင် ချူဖခင်၏ အစီအစဉ်အတိုင်းသာ အပြည့်အဝလိုက်နာကြရသည်လေ။
ထမင်းစားပြီးနောက် သုံးယောက်သား ခဏတာ အနားယူပြီး လင်းနိုင်ငံ ဘက်သို့ ဆက်လက် ထွက်ခွာလာခဲ့ကြ၏။
ဤနေရာနှင့် အနီးဆုံး မြို့မှာ လင်းနိုင်ငံ၏ ယိုကျိုးမြို့ပင် ဖြစ်သည်။
"ကျီကျီ"
ကျန်းလင်လည်း အစာရှာဖွေ စားသောက်ပြီးပြီ ဖြစ်ရာ၊ ထပျံကာ ချူရှီပခုံးပေါ်သို့ နားလိုက်ပြီး သူတို့နှင့်အတူ ခရီးဆက်ခဲ့တော့၏။
ချူရှီကပခုံးပေါ်ရှိ ကျန်းလင် ကို ပါးပြင်လေးဖြင့် ပွတ်သပ်လိုက်ပြီးပြောနေလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ငှက်ကလေးရယ်"
"တကယ်ကို ကျေးဇူးတင်ပါတယ်"
……
ထို့နောက်တွင် ချူမိသားစု သုံးယောက်မှာ လေးငါးရက်ခန့် ခရီးဆက်လက် နှင်လာခဲ့ကြသည်။
ရိက္ခာခြောက်များ ကုန်သွားသောအခါ ချူဖခင်က အမဲလိုက်ရန် နည်းလမ်းရှာရတော့၏။
ထိုညက အပြင်ထွက်လာစဉ်က ကိုယ်ရံကာကွယ်ရန် အသုံးအ ဆောင် အချို့ကို သူ ယူဆောင်လာခဲ့သည်။
ထို့ပြင် ထိုပစ္စည်းများမပါလျှင်တောင်မှ ချူဖခင်၏ နှစ်ပေါင်းများစွာသော အတွေ့အကြုံများဖြင့် သားကောင် ရှာဖွေနိုင်စွမ်း ရှိပေသည်။
အရင်က အမဲလိုက် သင်ကာစ အချိန်များတွင် တောင်ပေါ်၌ မကြာခဏ အိပ်လေ့ရှိခဲ့၏။
ထို့ကြောင့် မီးမွှေးခြင်း၊ တောထဲတွင် အစားအစာများ ချက် ပြုတ်ပြင်ဆင်ခြင်း စသည်တို့မှာ သူ့အတွက် အခက်အခဲ မဟုတ်ပါချေ။
လမ်းတစ်လျှောက်တွင် မြင်းစီး ဓားပြများနှင့် ကြုံတွေ့မည်ကို စိုးရိမ်သဖြင့် လမ်းကြိုလမ်းကြားများကိုသာ ရွေးချယ် သွားလာခဲ့ကြရာ၊ ကြီးကြီးမားမား အခြေအနေတော့ မကြုံ တွေ့ခဲ့ရပေ။
တစ်ကြိမ်တည်းသော အခြေအနေကတော့ သစ်တောထဲတွင် တောဝက် တစ်ကောင်နှင့် ဆုံတွေ့ခဲ့ရခြင်းပင်။
ထိုတောဝက်ကြီးမှာ အစွယ်များ ပြူးထွက်နေပြီး၊ ရှည်လျား ချွန်ထက်ကာ ခန္ဓာကိုယ်ကြီးကလည်း ကြီးမား တုတ်ခိုင်လှ၏။
ချူဖခင် ပင်လျှင် ကြိုတင် ပြင်ဆင်မှုမရှိထားပါက လွယ်လွယ်ကူကူ ရင်ဆိုင်နိုင်မည် မဟုတ်ချေ။
သို့သော် ကျန်းလင်၏သတိပေးမှုကြောင့် ချူဖခင် တို့မှာ ကြိုတင် ရှောင်လွှဲနိုင်ခဲ့ကြသည်။
လေးရက်အကြာ နေ့လယ်ခင်းတစ်ခုတွင်
ချူမိသားစုသုံးယောက်မှာ နောက်ဆုံးတွင်တော့ လင်းနိုင်ငံ ယိုကျိုးမြို့၏ မြို့တံခါးဝသို့ ရောက်ရှိလာခဲ့ကြသည်။
မြို့တံခါးဝတွင် အဝင်အထွက် လုပ်နေသော လူများစွာ ရှိနေပြီး မြင်းလှည်းများလည်း ဖြတ်သန်းသွားလာနေကြသည်။
ထို့နောက်သူတို့သည် မြို့ထဲသို့ ဝင်ကာ အခြေချ နေထိုင်ရန် အဆင်ပြေ၊ မပြေ သွားရောက်စုံစမ်းရန် ပြင်ဆင်လိုက်ကြ ၏။
……
"ကျီကျီ"
ချူ မိသားစု မြို့ထဲသို့ ဝင်ရန် ပြင်နေဆဲမှာပင်၊ ချူရှီ၏ ပခုံးပေါ်တွင် တစ်ချိန်လုံး ရှိနေခဲ့သော ငှက်ကလေးက ရုတ်တ ရက် ခုန်ဆင်းသွားခဲ့သည်။
ထို့နောက်ဘေးနားရှိ သစ်ပင် တစ်ပင်ပေါ်သို့ ပျံတက်သွား၏။
"ငှက်ကလေး၊ နင် ဒီကို ဘာလာလုပ်တာလဲ"
ချူရှီလည်း အနောက်မှ လိုက်လာပြီး မေးလိုက်သည်။
"ဒီမြို့ထဲမှာများ အန္တရာယ် ရှိနေလို့ ဝင်လို့ မရတာလား"
သူမက ရဲရဲဝံ့ဝံ့ပင် ခန့်မှန်းလိုက်ပြီး မျက်နှာပေါ်တွင်လည်း ထိတ်လန့်နေသော အမူအရာများ ပေါ်လာကာ မြို့တံခါးနှင့် ဆန့်ကျင်ဘက်သို့ပင် အနည်းငယ် လျှောက်သွားလိုက်သေး ၏။
သို့သော် ကျန်းလင်က ခေါင်းလေးကို စောင်းကာ မည်းနက် သော မျက်လုံးများဖြင့် သူမကို တိတ်ဆိတ်စွာ ကြည့်နေရုံသာ ရှိပြီး၊ သူမ၏ ပခုံးပေါ်သို့ ထပ်မံ ခုန်ဆင်းလာခြင်း မရှိတော့ချေ။
ဤအခိုက်အတန့်တွင် ချူရှီ၏ စိတ်ထဲ၌ ထူးဆန်းသောခံစားချက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာတော့သည်။
'ငှက်ကြီးက ငါတို့ကိုနှုတ်ဆက်နေတာများလား’