← Chapters

အခန်း (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

အခန်း (၁၈၃-၁၈၄)

Vol. 19 Ch. 183-184

🫧 Chapter 183

"နင် ငါတို့နဲ့အတူ မြို့ထဲ မလိုက်တော့ဘူးလား"

သစ်ကိုင်းပေါ်တွင် တိတ်ဆိတ်စွာနားနေသော ငှက်ကလေးကို ကြည့်ရင်း ချူရှီ ရုတ်တရက် ပြာယာခတ်သွားတော့၏။

ဤရက်ပိုင်းများ အတွင်း၌ ငှက်ကလေးက တစ်လျှောက်လုံး အဖော်ပြုပေးခဲ့ပြီး အတူတူ အချိန်တွေကုန်ဆုံးခဲ့ကြသည်။

သူတို့ကိုလည်း အကြိမ်ကြိမ် ကူညီပေးခဲ့သေး၏။

သူမက ထိုငှက်ကလေး၏အဖော်ပြုပေးမှုကို အကျင့်ပါနေခဲ့ပြီ ဖြစ်သည်။

"နောက်ကျရင် ငါ နင့်ကို အစာရှာဖို့၊ အသိုက်ဆောက်ဖို့ ကူညီပေးလို့ ရပါတယ်"

"ငါတို့ အတူတူ ဆော့ကြ၊ အတူတူ ဟင်းခင်းတွေ စိုက်ကြလို့ ရတယ်လေ တကယ်ပြောတာပါ"

ချူရှီသည် ကျန်းလင် ကို ကြည့်ကာ မျှော်လင့်ချက် အပြည့်ဖြင့် ပြောလိုက်၏။

သို့သော် သူမ ဘယ်လိုပဲ ပြောပြော၊ ကျန်းလင်ကတော့ သူမကို တိတ်ဆိတ်စွာ ကြည့်နေရုံသာရှိသည်။

တာဝန် တစ်ခုကို ပြီးမြောက်သွားသကဲ့သို့လည်း ရှိသလို၊ လုံးဝ ထွက်ခွာရန် ဆုံးဖြတ်ထားသကဲ့သို့လည်းရှိနေ၏။

"ငါလည်း အစာရှာဖို့ ကူညီပေးနိုင်ပါတယ်"

ချူမိခင်လည်း ရှေ့သို့ တိုးလာသည်။

ဤရက်ပိုင်း အတူတူဖြတ်သန်းပြီးနောက် သူမလည်း ဤငှက်ကလေးကို မိသားစုဝင် တစ်ယောက်လို သဘောထားနေမိပြီ ဖြစ်၏။

ထို့ပြင် သူက မိသားစု၏အသက်ကိုလည်း ကယ်တင်ပေးခဲ့သေးသည် မဟုတ်ပါလော။

"ပြောင်းရွှေ့ရတာ သူတို့ရဲ့ပင်ကိုယ် ဗီဇလေ၊ ငါတို့အတွက် သူ အချိန်တွေ အများကြီးနှောင့်နှေးခဲ့ရပြီ"

ချူဖခင်က အနောက်ဆုံးမှနေ၍ သက်ပြင်းချကာပြောလိုက်၏။

ယခု အခြေအနေကို ကြည့်ရသည်မှာ ငှက်များစောစီးစွာ ပြောင်းရွှေ့သွားခြင်းက တစ်ခုခုကို ကြိုတင်ခံစားသိရှိသွားသောကြောင့် ဖြစ်ပုံရသည်။

ဖြစ်နိုင်သည်မှာ၊ ထိုနေရာတွင် နောက်ပိုင်း စစ်ပွဲများဖြစ်လာနိုင်သေး၏။

ထိုမြင်းစီး ဓားပြများက အလွန်ကိုရဲတင်းလွန်းနေပြီး ရိုးရိုး ဓားပြတိုက်ရုံ သက်သက်နှင့် မတူပါချေ။

ဒီငှက်ကလေး အခုပြောင်းရွှေ့မယ်ဆိုရင်၊ ပုံမှန် ပြောင်းရွှေ့တဲ့ အချိန်တွေနဲ့တွက်ကြည့်ရင် အချိန်မီသေးမှာပါ။

သူ အနည်းငယ် နှမြောမိရုံသာဖြစ်၏။

ဤသို့ လူ့သဘောကို နားလည်တဲ့ ငှက်ကလေးမျိုးနဲ့ တွေ့ရဖို့က အလွန်ရှားပါးလှသည်လေ။

ဤတစ်ကြိမ်ခွဲခွာပြီးနောက် နောက်ထပ် ပြန်ဆုံနိုင်ပါဦးမလား ဆိုသည်ကိုတော့ မသိတော့ချေ။

မည်သို့ပင်ဖြစ်စေ အရပ်မျက်နှာ အသီးသီးကွဲကွာသွားတော့မည် မဟုတ်လော။

နောက်ပိုင်း မည်သည့်အရာများ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပါချေ။

'စစ်ပွဲတွေ ဖြစ်လာဦးမလား၊ သူတို့ကရော နောက်ထပ် ပြောင်းရွှေ့ရဦးမလား'

'ငှက်ကလေးကရော နောက်နှစ် ဒီနေရာကို ပြန်ရောက်လာပါဦးမလား'

……

"ကျေးဇူးတင်ပါတယ်၊ နောက်နှစ် ငါတို့ ပြန်ဆုံတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်"

ချူဖခင်က သစ်ပင်အောက်တွင် ရပ်ကာ ကျန်းလင်ကို ပြောလိုက်၏။

ဤသည်က သူ့ မျှော်လင့်ချက်လည်း ဖြစ်သည်။

အားလုံးဘေးကင်းရန်ကင်း ရှိကြဖို့ မျှော်လင့်ပါတယ်။

ပြောပြီးနောက် ချူဖခင်က သမီးဖြစ်သူ၏ခေါင်းကို ပွတ်သပ်ကာပြောလိုက်၏

"နျန်နျန်၊ သူ့ကို ကောင်းကောင်း နှုတ်ဆက်လိုက်ပါ"

"အင်း..."

ချူရှီ ငိုသံပါကြီးဖြင့် ဖြေလိုက်ပြီး‌နောက်သူမ ခေါင်းငုံ့လိုက်ရာ မျက်လုံးအိမ်များဝေဝါးလာပြီး နှာခေါင်းများလည်း ကျိန်းစပ်လာတော့၏။

အဖေ ပြောတာတွေကို သူမ အကုန်နားလည်သည်ပင်။

'သူမက... မခွဲခွာချင်ရုံလေးပါ'

'ဒါက ဘယ်လို ခံစားချက်မျိုးလဲ'

'ရင်းနှီးတဲ့ မိသားစုဝင်တစ်ယောက်၊ ဒါမှမဟုတ် ယုံကြည်ရတဲ့ သူငယ်ချင်း တစ်ယောက် ထွက်သွားတော့မလိုမျိုး ခံစားရတယ်'

'နောက်နှစ်၊ နောက်နှစ် သူတို့ ပြန်ဆုံနိုင်ပါဦးမလား'

ဤတစ်ခေါက် ထွက်ပြေးရသည့် အတွေ့အကြုံအပြီးမှာတော့၊ ချူရှီ အနေနှင့်သေခြင်းရှင်ခြင်း၊ ခွဲခွာခြင်းများအပေါ် ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည် သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။

ရုတ်တရက် ချူရှီ နှာခေါင်းကို ရှုံ့လိုက်ပြီး မျက်ရည်များကို သုတ်လိုက်သည်။

သူမ ခေါင်းမော့လာချိန်တွင် မျက်နှာပေါ်၌ တောက်ပသော အပြုံးတစ်ခု ပေါ်လွင်နေ၏။

"တာ့တာနော်၊ ငှက်ကလေး"

သူမက ကျန်းလင်ကို လက်ပြ နှုတ်ဆက်လိုက်သည်။

အရင်နှစ် ဆောင်းဦးရာသီတွေတုန်းက နောက်ဖေး အမိုးအောက်ကနေ ကျန်းလင် ထွက်သွားတာကို ကြည့်ရင်း နှုတ်ဆက်ခဲ့သလိုမျိုးပင် နှုတ်ဆက်လိုက်ခြင်းဖြစ်၏။

"နောက်နှစ် ပြန်တွေ့ကြမယ်၊ အဲဒီအချိန်ကျရင် ငါ ဒီကို လာပြီး နင့်ကို ငါ့အိမ် အလည်လာဖို့ ခေါ်မယ်"

"ငါတို့ နေရာပြောင်းသွားပေမယ့် နင်ကတော့ ဒီနေရာကို သေချာပေါက် ရှာတွေ့နိုင်မှာပါ၊ ဟုတ်တယ် မဟုတ်လား"

"ကျီကျီ~"

တစ်ချိန်လုံး တိတ်ဆိတ်စွာ နေနေခဲ့သော ငှက်ကလေးက ရုတ်တရက် အော်လိုက်၏။

ထိုစကားများကို တုံ့ပြန်လိုက်သကဲ့သို့ပင် ကျန်းလင်က အတောင်ပံများကိုဖြန့်ကာ သစ်ကိုင်းပေါ်မှ ပျံတက်သွားတော့သည်။

"ကျီကျီ"

သူ လေထဲတွင် နှစ်ပတ်ခန့် ပတ်ပျံပြီးနောက် နောက်သို့ တစ်ချက်လေးမျှ ပြန်မလှည့်တော့ဘဲ အဝေးသို့ ပျံသန်းသွားတော့၏။

"နောက်နှစ် ငါ ဒီမှာ စောင့်နေမယ်နော်"

မြို့တံခါးဝတွင်

ချူရှီ အလိုအလျောက် ရှေ့သို့ ခြေလှမ်း နှစ်လှမ်းခန့်ပြေးလိုက်ပြီး အော်ဟစ်လိုက်သည်။

"ကျီ"

ထိုအခါ ငှက်အော်သံက အဝေးမှထွက်ပေါ်လာပြီး တဖြည်း ဖြည်း ပျောက်ကွယ်သွားတော့၏။

ထို့နောက် မှတ်ဉာဏ် မြင်ကွင်းများက နောက်ထပ် နှစ်နှစ်ခန့် ကျော်လွန်သွားပြန်သည်။

ချူရှီတို့ကို ယိုကျိုးမြို့ သို့ ပို့ဆောင်ပြီးနောက် ကျန်းလင် က တာဝန် ပြီးဆုံးသွားသကဲ့သို့ ဖြစ်သွားကာ နောက်ပိုင်း နှစ်နှစ်တာ ကာလအတွင်းတွင် အခြားငှက်များကဲ့သို့ပင် အသိုက်ဆောက်ခြင်း၊ မျိုးပွားခြင်း၊ သားသမီးများကို ပြုစုပျိုး ထောင်ခြင်းတို့ဖြင့် အချိန်ကုန်ဆုံးခဲ့သည်။

နောက်ဆုံးတွင် မြင်ကွင်းများ အားလုံးပျောက်ကွယ်သွားပြီး အမှောင်ထုထဲသို့ ပြန်လည် ရောက်ရှိသွားတော့၏။

ကျင့်ကြံရေးအခန်းထဲတွင် ဝိညာဉ်တမန်တော် ကျန်းလင် က ဤမျှဖြင့် ပြီးဆုံးသွားပြီဟု ထင်မှတ်လိုက်သည်။

သူ ဆက်လက်ကျင့်ကြံရန် ပြင်လိုက်စဉ် ဦးနှောက်ထဲတွင် နောက်ထပ် မြင်ကွင်းအချို့ လျင်မြန်စွာဖြတ်သန်းသွားသည်ကို ရုတ်တရက် သတိပြုမိလိုက်၏။

နှင်းများကျနေသော ညတစ်ညတွင်

နှင်းပွင့်များဝေဝေဆာဆာ ကျဆင်းနေပြီး ပတ်ဝန်းကျင် တစ်ခုလုံး ဖြူဖွေးနေ၏။

သူ နှင်းပြင်ထဲတွင် လဲလျောင်းနေပြီး၊ ကိုယ်ပေါ်ရှိ ဒဏ်ရာများမှ သွေးများကခဲနေပြီ ဖြစ်သည်။

ရာသီဥတုက အလွန် အေးခဲနေပြီး အရိုးထဲထိအောင်ပင် ချမ်းအေးနေ၏။

သို့သော် သူ့ခန္ဓာကိုယ်ကို အနည်းငယ်မျှ ရွှေ့ရန်ပင် ခွန်အား မရှိတော့ချေ။

သူ၏ထွက်သက်က များပြီး ဝင်သက်က နည်း‌လာနေချေပြီ။

'သူ သေရတော့မည် ထင်သည်'

'မဟုတ်ဘူး၊ သူ တကယ် သေရတော့မှာပဲ'

ဤဘဝတွင်တော့

သူက သိုင်းလောကသား တစ်ယောက်ဖြစ်ပြီး၊ အခြားသူနှင့် ယှဉ်ပြိုင်ရာတွင် အနိုင်ရတော့မည့် အချိန်၌ လုပ်ကြံခံလိုက်ရခြင်း ဖြစ်၏။

သူ ဒီနေရာအထိ ပြေးလာခဲ့သော်လည်း ရှေ့ဆက်သွားရန် ခွန်အား မရှိတော့ချေ။

သူ့မျက်ခွံများက ပိုပိုပြီးလေးလံလာကာ ဤလောကကြီး၏ နောက်ဆုံး မြင်ကွင်းကို ခက်ခက်ခဲခဲကြည့်နေလိုက်၏။

ရုတ်တရက် ဝေဝါးနေသော အမြင်အာရုံထဲတွင် ထူးခြား သော အရောင်တစ်မျိုးပေါ်ထွက်လာသည်။

အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးလေးဦးက လက်တစ်ဖက်ဖြင့် ထီးအဖြူများကို ကိုင်ဆောင်ထားပြီး၊ ကျန်လက်တစ်ဖက်ဖြင့် ဝေါယာဉ်၏ ထောင့်တစ်ထောင့်စီကို ထမ်းထားကြ၏။

သူတို့က အမြင့်မှနေ၍ နှင်းပြင်ပေါ်သို့ ပေါ့ပါးစွာဆင်းသက်လာကြပြီး အသံအနည်းငယ်မျှပင် မထွက်ပေါ်ခဲ့ပါချေ။

"သခင်မလေး၊ ရှေ့မှာ လူတစ်ယောက် လဲနေတယ်"

သူ့ကိုမြင်သော် ဝေါယာဉ်၏အရှေ့ဘက်၊ ညာဘက်ခြမ်းမှ အမျိုးသမီးက ပြောလိုက်၏။

"သေသွားပြီလား" ထိုအခါအထဲမှ အေးစက်စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။

ထီးအဖြူကို ကိုင်ဆောင်ထားသော အမျိုးသမီးကမြေကြီးပေါ်ရှိ ကျန်းလင်ကို တစ်ချက် ကြည့်ပြီး ပြန်ဖြေလိုက်၏။

"အသက်ရှူနေပါသေးတယ်"

"ကယ်လို့ ရနိုင်သေးလား"

ထိုအခါထဲမှ လူက ထပ်မေးသည်။

"သမားတော်ကြီးဟယ် ရှိနေရင်တော့ ရနိုင်ပါမယ်၊ မဟုတ်ရင်တော့ ခက်ပါတယ်"

"ဒါဆိုလည်း ထားလိုက်ပါတော့"

ထိုအခါအထဲမှ အသံက ခဏရပ်သွားပြီးနောက် ထပ်ပြောလိုက်၏။

"ထီးကို သူ့နားမှာ ထားခဲ့လိုက်ပါ၊ မျက်စိမကောင်းတဲ့ လူတွေ လာနင်းမိမှာ စိုးလို့"

"ဟုတ်ကဲ့ပါ၊ သခင်မလေး"

ထီးအဖြူတစ်လက်ကို ကျန်းလင် ဘေးတွင် ထားခဲ့လိုက်ပြီး လေနှင်းအချို့ကို ကာကွယ်ပေးလိုက်၏။

ထို့နောက်အမျိုးသမီး လေးဦးထဲမှ သုံးဦးသာ ထီးဆောင်းထားတော့သည်။

သူတို့က ဝေါယာဉ်ကို ထမ်းကာ သိုင်းပညာများ အသုံးပြု၍ ပေါ့ပါးစွာဖြင့် ရှေ့သို့ ဆက်လက် ပျံသန်းသွားကြတော့၏။

ဝေါယာဉ်အပေါ်သို့ ပျံတက်သွားချိန်တွင် လိုက်ကာများ ပွင့်ဟသွားပြီး ဖြူဝင်းသော မျက်နှာတစ်ခြမ်းကို မြင်လိုက်ရသည်။

ထိုမျက်နှာသွင်ပြင်က ချူရှီ၏မျက်နှာနှင့် အနည်းငယ်ဆင်တူနေ၏။

သို့သော် ဤမျက်နှာလေးက ပိုသေသပ်လှပနေသည်။

မြင့်မြတ်သော အရှိန်အဝါတစ်မျိုးလည်း ပါဝင်နေ၏။

နှင်းကျနေသော ညထဲတွင် စကားပြောသံများက လေအေးများနှင့်အတူ လွင့်ပျောက်သွားတော့သည်။

"သခင်မလေး၊ ဒါ သိုင်းလောက ပါပဲ"

"အင်း"

……

ရာသီဥတုက ပိုပိုပြီးအေးလာ၏။

မကြာမီမှာပင် ကျန်းလင် မျက်လုံးများမှိတ်သွားပြီး နောက် ထပ် ပြန်မပွင့်လာတော့ချေ။

ထိုထီးအဖြူလေးက သူ၏နောက်ဆုံး ခရီးစဉ်ကိုအဖော်ပြုပေးခဲ့သည်။

မြင်ကွင်းများ အားလုံး ပျောက်ကွယ်သွားကာ ဖုန်တက်နေသော မှတ်ဉာဏ်သေတ္တာလေး နောက်တစ်ကြိမ် ပြန်လည် ပိတ်သွားတော့သည်။

ကျန်းလင် မျက်လုံးဖွင့်လိုက်ရာ ကျင့်ကြံရေး အခန်း၏နံရံများကိုသာမြင်တွေ့ရတော့၏။

"ငှက်ကလေး၊ သိုင်းလောကသား... ထီးအဖြူ..."

ငရဲပြည်တွင် အလုပ်လုပ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီ ဖြစ်ရာ၊ ဝင်စားခြင်း သံသရာနှင့် ပတ်သက်၍ လည်း ကျန်းလင် အကြမ်းဖျင်းတော့ နားလည်ထားသည်။

ကြည့်ရသည်မှာ ထိုချူရှီဆိုသူသည် ဝေါယာဉ်ထဲမှ သခင်မလေး၏ဝင်စားသောဘဝ ဖြစ်ရမည်။

သူမက သူ့ကို တစ်ခေါက်ကူညီခဲ့သလို၊ သူကလည်း သူမကို တစ်ခေါက် ပြန်လည် ကူညီခဲ့ခြင်းဖြစ်၏။

အကြောင်းအကျိုး သံသရာဆိုသည်မှာ ဤသို့ပင်ဖြစ်သည်။

သို့သော်ကျန်းလင် အနည်းငယ် သံသယဝင်မိသည်မှာ

'ထိုငှက်နှင့် ထိုသိုင်းလောကသား အားလုံးက သူ အရင်ဘဝက ဝင်စားခဲ့တဲ့ ဘဝများလား'

'တကယ်လို့ ဟုတ်တယ် ဆိုရင်တော့... မုန့်ပေါ် ဟင်းရည်က ပြဿနာရှိနေပြီပဲ'

'အရင်က ဝိညာဉ်ဘုရင်အဆင့်မှာတုန်းက ပြန်ပေါ်လာခဲ့တဲ့ မှတ်ဉာဏ်တွေနဲ့ ပေါင်းလိုက်ရင်၊ အခုဆို ဝင်စားခဲ့တဲ့ ဘဝ သုံးခုရဲ့ မှတ်ဉာဏ်တွေ ရှိနေပြီလေ'

'သူတောင်းစားဘဝတုန်းကတော့ ထားလိုက်ပါတော့၊ အနည်း ဆုံးတော့ အဲဒါက သူ လက်ရှိဘဝ မသေခင်က မှတ်ဉာဏ်ပဲလေ'

'ဒါပေမယ့် ခုနက ဘဝနှစ်ခုက ဘယ်လို ဖြစ်ရတာလဲ'

……

'အရင်တစ်ခေါက်က မှတ်ဉာဏ်တွေက ဝိညာဉ်ဘုရင် အစောပိုင်း အဆင့်မှာ ပေါ်လာခဲ့တာ'

'ဒီတစ်ခေါက်ကတော့ ဝိညာဉ်ဘုရင် အလယ်အဆင့်မှာ'

'ဒါဆို သူ နောက်တစ်ခါ အဆင့်ထပ်တက်ရင်တိုင်း ဝင်စားခဲ့တဲ့ ဘဝသစ်တွေရဲ့မှတ်ဉာဏ်တွေ ပြန်ပေါ်လာဦးမှာလား'

"..."

တွေးရင်းပင်ကျန်းလင် စဉ်းစားခန်း ဝင်သွားတော့၏။

'တကယ်လို့ ဝင်စားခဲ့တဲ့ ဘဝ တစ်ခုရဲ့ မှတ်ဉာဏ် ပြန်ပေါ်လာတာကို မုန့်ပေါ် ဟင်းရည်ရဲ့ အားနည်းချက်လို့ ယူဆလို့ ရရင်'

'သူ့ရဲ့ မှတ်ဉာဏ်တွေ အားလုံးပြန်ပေါ်လာတဲ့ အချိန်ကျရင်၊ ဒီ မုန့်ပေါ် ဟင်းရည်ကချိူ့ယွင်းချက်ကြီးရှိနေတာ ဖြစ်မသွားဘူးလား'

🫧 Chapter 184

ကျင့်ကြံရေးအခန်းမှ ထွက်လာပြီးနောက် ကျန်းလင်၏ ခေါင်းထဲတွင် ယခင်ပြဿနာကို စဉ်းစားနေဆဲ ဖြစ်၏။

ထို့ကြောင့်သူသည် အလိုအလျောက်ပင် နိုင့်ဟယ်တံတားရှိရာ အရပ်သို့ လျှောက်သွားမိတော့သည်။

နိုင့်ဟယ်တံတားပေါ်တွင် ဝိညာဉ်များက တန်းစီကာ တဖြည်း ဖြည်း ရှေ့သို့တိုးနေကြပြီး အလွန်တိတ်ဆိတ် ငြိမ်သက်နေကြ၏။

မုန့်ပေါ် ၏ဟင်းရည်အိုး ရှေ့သို့ ရောက်သောအခါ ဝိညာဉ်များက ဘေးတွင် ချထားသော သံတူကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက်၊ မုန့်ပေါ်ဟင်းရည် တစ်ပန်းကန်ကို ကိုယ်တိုင် ကိုင်ဆောင်လိုက်ကြသည်။

ထို့နောက် တစ်ကျိုက်တည်းနှင့် ကုန်စင်အောင် သောက်ချလိုက်ကြ၏။

သောက်ပြီးနောက် ပန်းကန်အောက်ခြေကိုပါ မုန့်ပေါ် အား ပြသကြပြီး တစ်စက်မျှပင် မကျန်တော့ကြောင်း သေချာစေကြသည်။

သူတို့မှာ အလွန်လိမ္မာရေးခြားရှိပြီး တက်ကြွစွာ ပူးပေါင်းပါဝင်နေသည့် ပုံပေါက်နေတော့၏။

ဝိညာဉ်တစ်ဦး မုန့်ပေါ် ဟင်းရည်ကို သောက်ချလိုက်တိုင်း မုန့်ပေါ် ၏ မှတ်တမ်းစာအုပ်ပေါ်တွင် နာမည် တစ်ခုတိုးလာလေ့ ရှိသည်။

ထိုနာမည်နှင့် ဆက်စပ်နေသည်ကတော့ ထိုသူ၏ယခုဘဝ မှတ်ဉာဏ်များပင်ဖြစ်၏။

ဟင်းရည်အိုး ဘေးတွင်တော့ မုန့်ပေါ် သည် အနားကွပ် အဖြူရောင်ပါရှိသော အနက်ရောင်ဝတ်ရုံကို ဆင်မြန်းထားပြီး ဆံပင်များကိုဖြစ်သလို ထုံးဖွဲ့ထားသည်။

သူမ၏မိတ်ကပ် အပြင်အဆင်က ရိုးရှင်းပြီး မျက်နှာသွင်ပြင်က ကြည်လင် သန့်စင်နေ၏။

ထို့ပြင် ခန္ဓာကိုယ်က ပိန်ပါးသွယ်လျသော်လည်း လှုပ်ရှားမှုတိုင်းတွင် ယောကျ်ားဆန်ဆန် ရဲရင့်ပြတ်သားသည့် အငွေ့အသက် တစ်မျိုး ပါဝင်နေတော့သည်။

သူမက သံတူကြီး အပေါ်တွင် ထိုင်နေရင်း နိုင့်ဟယ်တံတား အထက်တွင် ရပ်နေသော ကျန်းလင်ကို တစ်ချက်လှမ်းကြည့်လိုက်၏။

"အဖွဲ့မှူးကြီးကျန်း၊ ဘာကိစ္စရှိလို့လဲ"

ကျန်းလင်သည် တွေးတောနေမှုများထဲမှ သတိပြန်ဝင်လာပြီး လက်ရှိ မုန့်ပေါ် နှင့် သူမ ထိုင်နေသော သံတူကြီးကိုမော့ ကြည့်လိုက်သည်။

ဝင်စားခြင်းသံသရာ၏ မှတ်ဉာဏ်များအကြောင်း ပြောရလျှင် လူတိုင်းက မုန့်ပေါ် ဟင်းရည်ကို အရင်ဆုံးပြေးမြင်ကြမည်ဖြစ်၏။

သို့သော် သူ၏ ယခုအခြေအနေအရ'မုန့်ပေါ် ဟင်းရည်တွင် ချို့ယွင်းချက် တစ်ခုခု ရှိနေသလား' ဟု မုန့်ပေါ် ကို တိုက်ရိုက် သွားမေးမည် ဆိုလျှင် 'အထုခံရမလား၊ ထုရင်ရော ခံနိုင်ပါ့မလား' ဆိုသည်ကို ခဏထားဦး မုန့်ပေါ် ဟင်းရည်ကို အသုံးပြုလာခဲ့သည်က နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်ပြီး သမိုင်း ကြောင်းကလည်း ရှည်လျားလွန်းလှရာ သူ တည်ရှိနေခဲ့သည့် အချိန်ထက်ပင် ပို၍ကြာမြင့်လောက်ပေသည်။

ဤစကားကိုသာ ထုတ်မေးလိုက်မည်ဆိုပါက ဝိညာဉ်တမန်တော် တစ်ယောက် နှစ်ယောက်လောက်ကို ရန်စမိရုံတင် မကဘဲ၊ နောက်ဆက်တွဲ ပြဿနာများစွာ ဆက်တိုက် ဖြစ်ပေါ်လာနိုင်ချေ ရှိ၏။

ကျင့်ကြံရေးအခန်းမှ ထွက်လာပြီးကတည်းက ကျန်းလင် ဤပြဿနာကို ဆက်တိုက်စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။

ထို့ပြင်အကယ်၍ မုန့်ပေါ် ဟင်းရည်ရဲ့ ပြဿနာသာ ဆိုလျှင် ဤမျှ နှစ်ပေါင်းများစွာ ကြာသည်အထိ ဘယ်သူမှ မသိဘဲ နေမည် မဟုတ်ချေ။

အကယ်၍များ ဝိညာဉ်ဘုရင် အဆင့်သို့ရောက်ရှိသွားပြီးနောက် ယခင်ဘဝများ၏မှတ်ဉာဏ်များက တဖြည်းဖြည်း ပြန်လည် ပေါ်ပေါက်လာတတ်သည်ဟု ဆိုလျှင်လည်း ငရဲပြည်တွင် ဝိညာဉ်ဘုရင်အဆင့်နှင့် အထက် ဝိညာဉ်တမန်တော်များစွာ ရှိနေသော်လည်း ဤကိစ္စနှင့် ပတ်သက်၍ မည်သူကမှ ပြောဆိုသံကို သူ တစ်ခါမှ မကြားခဲ့ဖူးချေ။

ထိုအချက်များကို စဉ်းစားမိပြီးနောက် ကျန်းလင်က ခပ်အေးအေးပင် ပြန်ဖြေလိုက်၏။

"ဘာမှမရှိပါဘူး၊ ဒီအတိုင်း လမ်းလျှောက်ထွက်လာရင်း လျှောက်ကြည့်နေတာပါ"

မည်သို့ အကြောင်းရင်းကြောင့်ပင် ဖြစ်ဖြစ်၊ စပ်စုသည့်သူက သံတူနှင့် အရင် အထုခံရမယ်ဆိုသည်ကိုတော့ ကျန်းလင် သိထား၏။

မှတ်ဉာဏ်များ ပြန်လည်ရရှိလာခြင်းက သူ့အတွက်တော့ အဆိုးကြီး မဟုတ်ရာ၊ ကိုယ့်ဘာသာ အရင်ဆုံးထွက်ပြီး ပြဿနာ ရှာစရာမလိုအပ်ပါချေ။

ထို့ပြင်အရင်က သူ ဤကိစ္စနှင့် ပတ်သက်သော သတင်းများကို သေချာ သတိမထားမိခဲ့ခြင်းလည်း ဖြစ်နိုင်ရာ၊ နောက်မှ ဖြည်းဖြည်းချင်း စုံစမ်းကြည့်လို့ ရသေးသည် မဟုတ်လော။

ထိုသို့ တွေးလိုက်သောအခါ၊ သူ အမှန်တကယ်ပင် တစ်ခုခုကို စဉ်းစားရင်း ဤဘက်သို့ လျှောက်လာမိပြီး အကြောင်းမဲ့ လာကြည့်နေသလို ဖြစ်သွားတော့သည်။

အေးစက်စူးရှပြီး အာဏာပါသော မျက်နှာထားဖြင့် ဝိညာဉ်များကို ကိုယ်တိုင်အသိစိတ်ဝင်စေရန် ဖိအားပေးနေသော မုန့်ပေါ် မှာ

'ဒီ ဝိညာဉ် ခုနက ဘာပြောလိုက်တာလဲ'ဟုတွေးကာ သူမက အောက်ဘက်တွင် မုန့်ပေါ် ဟင်းရည် မသောက်ရသေးဘဲ နိုင့်ဟယ်တံတာမှနေ၍ အဆုံးအစမမြင်ရအောင် တန်းစီနေကြသော ဝိညာဉ်များကို တစ်ချက် ကြည့်လိုက်၏။

ထို့နောက် ဒီအတိုင်း လမ်းလျှောက် ထွက်လာရင်းလျှောက်ကြည့်နေတာပါ ဟု ခပ်တည်တည်ဖြင့် ပြောနေသော ကျန်းလင်ကို ထပ်ကြည့်လိုက်ပြန်သည်။

ထိုမျက်နှာထား၊ ထို လေသံများက 'အို၊ ငါက ဒီအတိုင်း လမ်းထွက်လျှောက်နေရုံလေးပါ' ဟု ပြောနေသကဲ့သို့ပင်။

မုန့်ပေါ် ပါးစပ် အနည်းငယ်ဟသွားပြီး အသက်ရှူပင် မှားသွားတော့၏။

"မင်းတို့တွေ ဒီရက်ပိုင်း အရမ်းအားနေကြတာလား"

ထိုအခါကျန်းလင်က ခေါင်းညိတ်လိုက်ကာဖြေလိုက်သည်

"ဒီရက်ပိုင်း အလုပ်တွေ သိပ်မများတော့ဘူး၊ အလုပ်များတဲ့ အချိန်တွေ ကျော်သွားပြီဆိုတော့ အဆင့်တောင် တစ်ဆင့် တက်သွားသေးတယ်"

မုန့်ပေါ် : "..."

မုန့်ပေါ် ၏အောက်ရှိ သံတူကြီးက အနည်းငယ် လှုပ်ရှားသွားပြီး၊ လေထဲသို့ ပျံတက်ကာ တစ်ချက်လောက် ထုချလိုက်ချင်စိတ်များပင် ပေါ်ပေါက်လာပုံရ၏။

ဝိညာဉ်ဆိုင်ပိုင်ရှင်ကိစ္စကို သူမလည်း သိထားပါသည်။

သို့သော် သူမ၏ရာထူးက လွတ်လပ်စွာ သွားလာခွင့်မရှိသဖြင့် ထိုအချိန်က ငရဲမင်းကြီး၏ ဖမ်းဝရမ်းတွင် ဝင်ရောက် မပါဝင်နိုင်ခဲ့ချေ။

ယခု ဝိညာဉ်ဆိုင်ပိုင်ရှင်ကိစ္စများ ပြီးဆုံးသွားပြီဖြစ်သော် လည်း၊ သူမ၏ နိုင့်ဟယ်တံတား ပေါ်ရှိ ဝိညာဉ်များကတော့ တောင်လိုပုံ၊ ပင်လယ်လို လျှံနေဆဲပင်။

တစ်ချက် ကြည့်လိုက်ရုံဖြင့် အနည်းငယ်မျှပင် လျော့ကျသွားသည့် အရိပ်အယောင် မရှိပါချေ။

'ဒါဆို ဒီဝိညာဉ်က ဘာလာလုပ်တာလဲ၊ အရမ်း အားနေလို့လား၊ ဒါမှမဟုတ် အလုပ်ကြိုးစားနေရတဲ့ တခြားသူတွေရဲ့ ပုံစံကို လာကြည့်ပြီး စိတ်ထဲမှာကျေနပ်နေချင်လို့လား'

……

မုန့်ပေါ် အသက်ဝဝ ရှူသွင်းလိုက်၏။

ထို့နောက် လှုပ်ရှားနေသော သံတူကြီး၏တဝီဝီ မြည်သံများကြားတွင် သူမက နောက်တစ်ကြိမ် စကားပြောလိုက်သည်။

"ငါက စကား အရမ်းနည်းတယ်၊ ပိုက်ဆံရမှ အလုပ်လုပ်တာ၊ မင်းမှာ ကိစ္စရှိရင် မြန်မြန်မေး၊ ကိစ္စမရှိရင် မြန်မြန် ထွက်သွားတော့"

ကျန်းလင် : " လမ်းတောင် လျှောက်ခွင့် မပေးတော့ဘူးလား"

ခဏမျှ ရပ်တန့်သွားပြီးနောက် မုန့်ပေါ် သံတူကို မ,မချီခင်မှာပင် သူက ထပ်ပြောလိုက်၏။

"ခင်ဗျား မုန့်ပေါ် ရာထူးကို တာဝန်ယူလာတဲ့ တစ်လျှောက်မှာ၊ မုန့်ပေါ် ဟင်းရည်ကို သောက်ပြီး ဘာမှမဖြစ်တဲ့ ခံနိုင်ရည်ရှိတဲ့ သူမျိုး ကြုံဖူးလား"

မုန့်ပေါ် ၏အောက်ရှိ သံတူကြီးက ရုတ်တရက် ငြိမ်သက်သွားပြီး၊ သူမက မျက်လုံးပင့်ကာ ကျန်းလင်ကို လေးနက်စွာ ကြည့်လိုက်သည်။

"ငွေ တစ်ထောင်"

"ရတယ်"

ငရဲငွေကြေးအနေဖြင့် ပြောရလျှင် ကျန်းလင်၏ လက်ရှိ ပိုက်ဆံအိတ်က အတော်လေးဖောင်းကားနေပြီဖြစ်၏။

အရင်က ပရိသတ် လက်ဆောင်များဝယ်ယူရန် အကြိမ်အနည်းငယ် အသုံးပြုခဲ့လျှင်တောင်မှ၊ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှရရှိသော လက်ဆောင် စုစုပေါင်းနှင့် ယှဉ်လိုက်ပါက အများကြီး သုံးစွဲလိုက်ရခြင်းမရှိပါချေ။

ကျန်းလင်မေးပြီးနောက် မုန့်ပေါ် က အနည်းငယ် စဉ်းစားလိုက်ပြီး မေးလိုက်၏။

"ငရဲမင်းကြီးရော အကျုံးဝင်လား"

သူမ မုန့်ပေါ် အဖြစ် တာဝန်ယူခဲ့သည်မှာ အချိန်သိပ်မကြာသေးသော်လည်း ငရဲမင်းကြီးကတော့ တစ်ခါက အပြင်မှ ပြန်လာပြီးနောက် ရေဆာနေပုံရကာ ဟင်းရည်အိုးကို ပွေ့ချီပြီး နှစ်ကျိုက် သုံးကျိုက်လောက် သောက်ချလိုက်ဖူးသည်။

သောက်ပြီးနောက် ပါးစပ်ကိုသုတ်ကာ "အရသာက မတူဘူးပဲ..." ဟု ရေရွတ်လိုက်သေး၏။

ထိုကဲ့သို့ မုန့်ပေါ် ဟင်းရည်ကို ရေလိုမျိုးသောက်နိုင်သည် ဆို၍ ငရဲမင်းကြီးတစ်ပါးတည်းသာ ရှိလောက်မည်ထင် သည်။

'ငရဲမင်းကြီး'

ဤအဖြေက ကျန်းလင်၏ မျှော်လင့်ထားမှုနှင့် လုံးဝ လွဲချော်နေ၏။

သို့သော် ငရဲမင်းကြီးက မုန့်ပေါ် ဟင်းရည်ကို ခံနိုင်ရည် ရှိသည်ဆိုခြင်းကလည်း ပြဿနာတော့ မရှိပါချေ။

ငရဲမင်းကြီး အဆင့်သို့ရောက်ရှိသွားပါက မည်သို့သော စွမ်းအားများနှင့် အပြောင်းအလဲများကို ပိုင်ဆိုင်လာမည် ဆိုသည်ကို သူတို့ တွေးတော ခန့်မှန်းနိုင်စွမ်းမရှိကြပေ။

'ဒါပေမယ့်၊ ငရဲမင်းကြီးက မုန့်ပေါ် ဟင်းရည်ကို ဘာသွားလုပ်ဖို့ သောက်ရတာလဲ'

ကျန်းလင် ဆက်လက် အသေးစိတ် မတွေးတောတော့ဘဲ မေးလိုက်၏။

"ခံနိုင်ရည်ရှိတဲ့ ဝိညာဉ်မျိုးရောရှိလား"

"ဝိညာဉ်လား" မုန့်ပေါ် မျက်မှောင်ကြုတ်သွားကာဖြေလိုက်သည်

"မရှိဘူး၊ အနည်းဆုံးတော့ ငါ တာဝန်ယူထားတဲ့ အချိန်အတွင်းမှာတော့ တစ်ခါမှ မတွေ့ဖူးသေးဘူး"

"ဒါပေမယ့် မင်းပြောတဲ့ ဖြစ်နိုင်ချေက လုံးဝ သုညတော့ မဟုတ်ပါဘူး၊ ဒီလောကကြီးမှာ ထူးခြားတဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံရှိတဲ့ ဝိညာဉ်တွေလည်း မရှိတာမှမဟုတ်တာ"

ထို့နောက်သူမက ကျန်းလင်ကို ကြည့်ရင်း တစ်ခုခုကို ရည်ရွယ်ချက် ရှိရှိဖြင့် ပြောလိုက်၏။

သူမ၏ ရာထူးသီးသန့်ဖြစ်မှုကြောင့် ထိတွေ့ဆက်ဆံရသော လူများနှင့် ကိစ္စရပ်များက သေချာပေါက် ပိုမိုကျယ်ပြန့်ပေမည်။

လူသားများ၏ဝိညာဉ်များအပြင် အခြားသော ဝိညာဉ်များလည်း ရှိနေသေးသည်လေ။

"အင်း၊ ရပါပြီ"

ကျန်းလင် အဖြေရသွားသဖြင့် ဆက်လက် မမေးမြန်းတော့ချေ။

ဤသို့ ဖြစ်နိုင်ချေ ရှိနေသည် ဆိုမှတော့၊ သူ၏အခြေအနေကလည်း ဤအရာနှင့် ဆက်စပ်နေနိုင်သည် မဟုတ်လော။

'ဒီ ခံနိုင်ရည် ရှိမှုက အနည်းငယ် နှောင့်နှေးနေခဲ့တာလား'

' ဒါမှမဟုတ် သူ ပိုမိုအစွမ်းထက်လာတာနဲ့အမျှ တိုးတက် ပြောင်းလဲလာတာများလား'

' သေချာတာပေါ့၊ ဒါက ခန့်မှန်းချက် တစ်ခု သက်သက်သာ'

နောက်ပိုင်းတွင် ကျန်းလင်သည် ဤကိစ္စနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ဆက်လက် အာရုံစိုက်သွားမည်ဖြစ်သည်။

[ဒင် လျှော့ဈေးကတ် အသုံးပြုခြင်းအောင်မြင်ပါသည်၊ ယခုတစ်ကြိမ် ပေးချေရမည့် ပမာဏ ငွေ ၁၀၀၀၊ အမှန်တကယ် ပေးချေရမည့် ပမာဏ ငွေ ၈၀၀]

'ပိုက်ဆံအိတ် ဖောင်းနေတာက တစ်ပိုင်း လျှော့ဈေးကတ် သုံးရမှာက တစ်ပိုင်းလေ'

ဆင်းရဲကျင့် ပါနေခဲ့သူများအနေဖြင့် ရုတ်တရက် ပိုက်ဆံ ချမ်းသာလာသောအခါ အချို့က လက်ဖွာသွားတတ်ကြ၏။

သို့သော် အချို့ကတော့ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်ကြပြီး မသုံးသင့်သည်များကို အလဟဿ မသုံးစွဲကြချေ။

၎င်းတို့မှာသူတို့၏ ပိုက်ဆံအိတ်လေး ဖောင်းကားနေသည်ကို ကြည့်ပြီး ကျေနပ်နေချင်ကြခြင်းဖြစ်သည်။

ကျန်းလင်ကတော့ ဒုတိယ အမျိုးအစားထဲတွင် ပါဝင်လောက်ပေမည်။

မုန့်ပေါ် က လက်ထဲရှိ ငွေစက္ကူများကို ဝှေ့ယမ်းပြလိုက်ပြီး ပါးစပ်ကို ဇစ်ဆွဲပိတ်လိုက်သည့် ဟန်ပန်မျိုး လုပ်ပြလိုက်၏။

"နောက်ပိုင်း အားနေရင် ဒီကိုလာပြီး စကားများများလာပြောလို့ ရပါတယ်"

ကျန်းလင် "အင်း၊ သက်ဆိုင်ရာ သတင်းအချက်အလက်တွေ ရှိရင်လည်း ကျွန်တော့်အတွက် သတိထားကြည့်ပေးထားပါဦး"

"သေချာတာပေါ့"

ကျန်းလင် ထွက်သွားသည်ကို ကြည့်ရင်း မုန့်ပေါ် ၏ မျက်နှာပေါ်မှ အပြုံးများ ရုတ်သိမ်းသွားပြီး အောက်ဘက်ရှိ ဝိညာဉ်များကို ကြည့်လိုက်၏။

"ခုနက ဘယ်သူ ကြားဖြတ်တန်းစီလိုက်တာလဲ"

"ကျွန်တော်... ကျွန်တော် မဟုတ်ပါဘူး"

ဟင်းရည်အိုး ရှေ့တွင် နံပါတ်ငါး နေရာ၌ တန်းစီနေသော ဝိညာဉ်က ချက်ချင်းလက်ထောင်ကာ ပြောလိုက်သည်။

"မုန့်ပေါ် ကြီး၊ အနောက်က တစ်ယောက်က ကျွန်တော်နဲ့ အတင်း နေရာလာလုချင်နေတာပါ၊ ကျွန်တော် ကြားဖြတ် တန်းစီတာ မဟုတ်ပါဘူး"

တိုင်ကြားခံလိုက်ရသော အနောက်မှ ဝိညာဉ်မှာ မုန့်ပေါ် ၏ အေးစက်သော အကြည့်များနှင့် အာဏာပါသော အရှိန်အဝါကို ရင်ဆိုင်လိုက်ရသောအခါ ချက်ချင်းပင် ကြောက်ရွံ့သွားတော့၏။

"မုန့် မုန့် မုန့်... မုန့်ပေါ် ကြီး၊ ကျွန်တော် ကြားဖြတ် တန်းစီချင်လို့ မဟုတ်ပါဘူး" သူက တိုးတိုးလေး ပြောလိုက်သည်။

"ကျွန်တော်က နည်းနည်းလောက် ထပ်စောင့်ချင်လို့ပါ"

မုန့်ပေါ် "... မင်းရဲ့ မိသားစုဝင်တွေ အတူတူလာမယ့် အချိန်ကိုစောင့်နေတာလား"

အမျိုးသား ဝိညာဉ် : "မဟုတ် မဟုတ်ပါဘူး၊ အဲလိုတော့ မဖြစ်နိုင်ပါဘူး၊ ကျွန်တော်က စောင့်ကြည့်ရင်များ တစ်ခုခုရမလားလို့ပါ..."

စကားဆုံးသည်နှင့် တစ်ပြိုင်နက် အမျိုးသား၏ကိုယ်ပေါ်ရှိ အဝတ်အစားများက ရုတ်တရက် ပြောင်းလဲသွားတော့သည်။

မူလက ပေကျံ ရှုပ်ပွနေသောပုံစံမှနေ၍ ချက်ချင်းပင် သန့်ရှင်းသပ်ရပ်သွားတော့၏။

ကိုယ်ပေါ်ရှိ စုတ်ပြဲနေသော အဝတ်အစားများကလည်း သပ်ရပ်သော အဖြူရောင် ဝတ်စုံတစ်စုံ အဖြစ်သို့ ပြောင်းလဲသွားသည်။

အမျိုးသား၏မျက်နှာပေါ်တွင် ချက်ချင်းပင် အပြုံးပန်းများ ဝေဆာသွားပြီး မျက်ဝန်းများကမူ အနည်းငယ် စိုစွတ်လာတော့၏။

"ကျွန်တော့်ကို ရှာတွေ့သွားပြီ၊ ကျွန်တော့်ကို ရှာတွေ့သွားပြီ၊ ကျွန်တော် အိမ်ပြန်ရပြီ"

မုန့်ပေါ် "ကောင်းပြီ... မင်းရဲ့ မူလ နေရာကို မြန်မြန် ပြန်သွားတော့၊ နောက်တစ်ခါ ဘယ်သူဖြစ်ဖြစ် ဒီလိုထပ်လုပ်ရင် အနောက်ဆုံးကို ပစ်ချပြီး အစကနေ ပြန်တန်းစီခိုင်းမယ်"

"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ် မုန့်ပေါ် ကြီး"

အမျိုးသားက အကြိမ်ကြိမ် ခေါင်းညိတ်ပြကာကျေးဇူးတင်လိုက်၏။

အနောက်ဘက်ရှိ ဝိညာဉ်စီတန်းကြီးထဲတွင်

မူလက အတုခိုးပြီးလုပ်ချင်နေကြသော ဝိညာဉ်များမှာ ထိုစကားကို ကြားသောအခါ အလိုအလျောက် အနောက်သို့ လှမ်းကြည့်လိုက်ကြသည်။

ထို့နောက် လမ်းအဆုံးတွင် ပျောက်ကွယ်နေသော၊ အဆုံးအစ မရှိသကဲ့သို့ ရှည်လျားလှသည့် တန်းစီကြီးကို မြင်လိုက်ရသောအခါချက်ချင်းပင်ည ငြိမ်ကျသွားကြတော့သည်။

အချို့သော ဝိညာဉ်များဆိုလျှင် လူအုပ်ကြီးကြားတွင် ပိတ်မိနေရသည့် ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်ကိုပင် ပြန်လည် သတိရသွားကြတော့၏။

"...”

All Chapters