အခန်း (၁၈၅-၁၈၆)
Vol. 19 Ch. 185-186
🫧 Chapter 185
တခြားတစ်ဖက်တွင်
ကျန်းလင်က နိုင့်ဟယ်တံတားမှ ထွက်ခွာလာပြီးနောက် အဖွဲ့ (၁၈) ၏ နန်းဆောင်သို့ လျှောက်သွားလိုက်၏။
လမ်းတစ်လျှောက်တွင် သိကျွမ်းသော ဝိညာဉ်တမန်တော်များနှင့် ဆုံတွေ့ပါက စကားအနည်းငယ် ပြောဖြစ်သေးသည်။
ကျန်းလင်သည် သာမန် အဖြူရောင် ဝိညာဉ်တမန်တော် ဘဝမှ အဖွဲ့မှူးကြီးအဖြစ်သို့ တက်လှမ်းလာခြင်း ဖြစ်သည်။
၎င်းမှာအဖွဲ့ (၉) ၏အဖွဲ့မှူး ကျန်းအန်းမင်း၏ထောက်ခံချက်ကြောင့်ဟု ဆိုသော်လည်း သူ့ ဝိညာဉ်ဘုရင် အဆင့်နှင့် ဝိညာဉ်ဆိုင်ပိုင်ရှင်ကိစ္စတွင် စွမ်းဆောင်နိုင်ခဲ့မှုများကြောင့် မည်သူကမှ မကျေမနပ် မဖြစ်ကြချေ။
ဆန့်ကျင်ဘက်အနေဖြင့် လေးစားမှုများပင် ရှိနေကြသေး၏။
ဝိညာဉ်ဘုရင် အဆင့်သို့တက်လှမ်းရန်မှာ လုံလောက်သော အရင်းအမြစ်များ ရှိနေလျှင်တောင်မှ တက်ချင်တိုင်းတက်၍ ရနိုင်သည် မဟုတ်ပါချေ။
အချို့သော သရဲများမှာ တစ်သက်လုံး ကြိုးစားသော်လည်း တစ္ဆေစစ်သူကြီး အထွတ်အထိပ်အဆင့်ကို ကျော်လွန်ကာ ဝိညာဉ်ဘုရင် အဆင့်သို့ မရောက်နိုင်ကြပေ။
ထို့ကြောင့် သရဲဖြစ်လျှင်တောင်မှ တစ်ခါတစ်ရံတွင် ဝန်ခံရပေမည်။
၎င်းမှာအခွင့်အရေးနှင့် ကံကြမ္မာဆိုသည်မှာလည်း စွမ်းအား ၏အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်းဆိုသည်ကိုပင်။
ထို့ပြင် ကျန်းလင်သည် ဝိညာဉ်ဆိုင်ပိုင်ရှင် ကိစ္စတွင် စွမ်းဆောင်ခဲ့မှုများက အဖွဲ့မှူးကြီးရာထူးနှင့် လုံးဝ ထိုက်တန်နေပြီး၊ အသစ် တာဝန်ယူထားသော အလုပ်သင် အဖွဲ့မှူးကြီး တစ်ယောက်နှင့် လုံးဝ မတူပါချေ။
ဝိညာဉ်တမန်တော်များ အားလုံးတွေးနေကြသည်မှာ ဝိညာဉ်ဆိုင်ပိုင်ရှင်ကိစ္စ၏ နောက်ဆက်တွဲများ ပြီးဆုံးသွားပါက အဖွဲ့ (၁၈) သို့ အဖွဲ့ဝင်သစ်များ ဝင်ရောက်လာလိမ့်မည် ဟူ၍ပင်။
ကျန်းလင် ကိုယ်တိုင်လည်း ထိုသို့ တွေးထားခဲ့၏။
အဖွဲ့ (၁၈) တွင် ဝိညာဉ်တမန်တော် အယောက်နှစ်ဆယ်သာ ရှိသော်လည်း၊ အမြဲတမ်း အယောက်နှစ်ဆယ်သာ ရှိနေမည်တော့ မဟုတ်ပါချေ။
……
မသိမသာဖြင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ်တမန်တော်များ တဖြည်းဖြည်း နည်းပါးလာတော့၏။
အချိန်အတော်ကြာမှ ဝိညာဉ်တမန်တော် တစ်ဦးဖြတ်သွားသည်ကို တွေ့ရတော့သည်။
ရုတ်တရက် ကျန်းလင်သည် လမ်းချိုး တစ်ခုတွင် ခြေလှမ်းများကို ရပ်တန့်လိုက်၏။
ထို့နောက်တစ်ချိန်တည်းမှာပင် လက်ကို ဆန့်ထုတ်ကာ သူ၏ အနောက်ဘက်ရှိ လေဟာနယ်ကို သော့ခတ် ပိတ်လှောင်လိုက်တော့သည်။
အနောက်ဘက်တွင်
အရောင်အသွေးစုံလင်ပြီး လက်ဝါးခန့် အရွယ်အစားရှိသော ဥလေး တစ်လုံးက ကျန်းလင်၏နောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့၏။
ကျန်းလင် ရပ်တန့်သွားသည်ကို မြင်သောအခါ ၎င်းက အရေးပေါ် ဘရိတ်အုပ်လိုက်ပြီး နှစ်ပတ်ခန့် လိမ့်သွားပြီးမှသာ ရပ်တန့်သွားတော့သည်။
လှည့်ပြီး ပုန်းအောင်းရန် ပြင်လိုက်စဉ် ခေါင်းလှည့်လိုက်သည်နှင့် မျက်စိဖြင့် မမြင်ရသော အတားအဆီးတစ်ခုနှင့် ဝင်တိုက်မိသွားတော့၏။
'ဘုန်း'
'မိသွားပြီ'
'ပြေးလို့ မရတော့ဘူး'
ထိုဥလေးမှာ အနည်းငယ် ပြာယာခတ်သွားပြီး နေရာတွင်ပင် စိုးရိမ်တကြီး ခုန်ပေါက်နေတော့သည်။
ရုတ်တရက် ၎င်းက တစ်ခုခုကို စဉ်းစားမိသွားပုံရ၏။
ကျန်းလင် လှည့်ကြည့်လိုက်ချိန်တွင် ဥ၏ခန္ဓာကိုယ်က အပေါ်ပိုင်းမှ စတင်၍တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။
ပိုတိကျစွာ ပြောရလျှင် ဖောက်ထွင်းမြင်ရသည့် အသွင်သို့ ပြောင်းလဲသွားခြင်းပင်။
အဘယ်ကြောင့်ဆိုသော် အတားအဆီး အတွင်းတွင် တစ်ခုခု ရှိနေသေးကြောင်း ကျန်းလင် အာရုံခံသိရှိနေသောကြောင့် ဖြစ်၏။
"..."
ကျန်းလင်သည် မျက်စိရှေ့ရှိ လွတ်လပ်နေသော နေရာလွတ်ကို တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။
ဖောက်ထွင်းမြင်ရသည့် အသွင် ပြောင်းသွားသော ဥလေးကလည်း အသံတိတ် ရပ်တန့်နေပြီး၊ သူသာ မလှုပ်ရှားလျှင် အခြားသူများ သူ့ကို မမြင်နိုင်ဘူးဟု ယူဆနေပုံရ၏။
တစ်ခဏမျှ ပတ်ဝန်းကျင် တစ်ခုလုံး အလွန် တိတ်ဆိတ်သွားတော့သည်။
ထိုအချိန်တွင် ကင်းလှည့် ဝိညာဉ်တမန်တော်တစ်ဦးဖြတ် သန်းသွားစဉ် ကျန်းလင် ကို မြင်တွေ့သွားသဖြင့် နှုတ်ဆက်လိုက်၏။
"အဖွဲ့မှူးကြီး၊ ပစ္စည်းတစ်ခုခု ရှာနေတာလား ကူညီပေးရမလား"
မကြာသေးမီ အချိန်များက ကျန်းလင် အဖွဲ့ (၁၈) ၏ အဖွဲ့မှူးကြီးအဖြစ် တက်လှမ်းသွားခြင်းနှင့် စွမ်းဆောင်ရည်ကောင်း မွန်ခြင်းများကို ဝိညာဉ်တမန်တော်များက တိတ်တဆိတ် ပြောဆိုနေခဲ့ကြသည်။
ဝိညာဉ်တမန်တော် အများအပြားက ကျန်းလင် မည်သို့ လုပ်ဆောင်နိုင်ခဲ့သနည်းဟု ခန့်မှန်းနေကြ၏။
မည်သို့ပင်ဖြစ်စေ အစပိုင်းတွင် လူတိုင်းက သာမန်ဝိညာဉ်တမန်တော် အငယ်စားလေးများသာ ဖြစ်ခဲ့ကြသည် မဟုတ်လော။
ဤကင်းလှည့် ဝိညာဉ်တမန်တော်လည်း တစ္ဆေဈေးတွင် ရှိစဉ်က ကျန်းလင်၏အကြောင်းများကို အတော်များများကြားဖူးခဲ့၏။
(ဥပမာ - မိုးရွာသကဲ့သို့ တုတ်များဖြင့် ရိုက်နှက်ခြင်း၊ ဝိညာဉ်ဆိုင်ပိုင်ရှင်ကို ရှင်းလင်းခြင်း)
နောက်ထပ် ဥပမာ - အဖွဲ့ (၁၈) မှ အဖွဲ့ဝင်များ မည်သို့ ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့ကြသနည်း ဆိုသည်များပင်။
ကျန်းလင် ခေါင်းမော့ကာ တစ်ချက်ကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ပင် ဖြေလိုက်သည်။
"မလိုပါဘူး၊ ငါ မတ်တတ်ရပ် လေ့ကျင့်ခန်း လုပ်နေတာပါ"
"မတ်တတ်ရပ် လေ့ကျင့်ခန်း"
"တစ် နှစ် သုံး သစ်သားရုပ်ဆိုတာ ကြားဖူးလား အမြဲတမ်း လေ့ကျင့်ပေးရင် တည်ငြိမ်မှုနဲ့ ခံနိုင်ရည်ကို တိုးတက်စေနိုင်တယ်"
"..."
ကင်းလှည့် ဝိညာဉ်တမန်တော်က ရှေ့တစ်ဝက်ကို ကြားသောအခါ 'ဤအဖွဲ့မှူးကြီးက တကယ်ကို ကလေးဆန်သေးတာပဲ' ဟု တွေးလိုက်မိ၏။
နောက်တစ်ဝက်ကို ကြားလိုက်ရသောအခါ ချက်ချင်းပင် သဘောပေါက်သွားပြီး၊ သူ အမှန်တရားကို ရှာဖွေတွေ့ရှိသွားပြီဟု နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရတော့သည်။
'ဒါကြောင့် ဒီအဖွဲ့မှူးကြီးက သရဲအရိပ်တောင်မရှိတဲ့ နေရာမျိုးမှာ ရပ်နေတာကိုး၊ တကယ်တော့ တိတ်တဆိတ်ကျင့်ကြံနေတာပဲ'
'တကယ်ပဲ၊ အောင်မြင်မှုနဲ့ တောက်ပမှုတွေရဲ့ နောက်ကွယ်မှာ မရေမတွက်နိုင်တဲ့ သွေးချွေးတွေနဲ့ တည်ဆောက်ထားရတာပဲ'
'ဒီလောကမှာ ပါရမီရှင်တွေ၊ အခွင့်အရေးတွေက ဘယ် လောက်တောင် များနေလို့လဲ'
'ဇွဲလုံ့လနဲ့ မဆုတ်မနစ် ကြိုးစားအားထုတ်မှုကသာ အမြင့်ဆုံး အဆင့်ပဲ'
ကျန်းလင်သည် ထိုဥလေးကို စိုက်ကြည့်နေစဉ် မျက်နှာချင်း ဆိုင်ရှိ ကင်းလှည့် ဝိညာဉ်တမန်တော်ထံမှ စကားသံကို ရုတ်တရက် ကြားလိုက်ရ၏။
"အဖွဲ့မှူးကြီး စိတ်ချပါ၊ ကျွန်တော် အပြင်မှာ လျှောက်မပြောပါဘူး ဆက်ပြီးသာ လေ့ကျင့်ပါ"
"...."
ကျန်းလင် မျက်လုံးပင့်ကြည့်လိုက်ရာ တစ်ဖက်လူ၏မျက်နှာပေါ်တွင် လေးနက်မှုများရှိနေပြီး၊ 'ငါ နားလည်ပါတယ်'၊ 'ဒါကြောင့်ကိုး' ဆိုသည့် စိတ်လှုပ်ရှား တက်ကြွမှုများပင် ပါဝင်နေသည်ကို တွေ့လိုက်ရသည်။
'ဟင်'
'ဘာလဲ'
'ငါ ခုနက စိတ်လှုပ်ရှားစရာ စကား တစ်ခုခုများပြောလိုက်မိလို့လား'
ကင်းလှည့် ဝိညာဉ်တမန်တော်က ကျန်းလင်၏ အကြည့်၊ အမူအရာကို မြင်သောအခါ ချက်ချင်းသဘောပေါက်သွားတော့၏။
'ဒါက သူ့ကို အလိုက်တသိနဲ့ မြန်မြန်ထွက်သွားဖို့၊ ကျင့်ကြံနေတာကို မနှောင့်ယှက်ဖို့ပြောနေတာပဲ'
"ဟုတ်ကဲ့ပါ အဖွဲ့မှူးကြီး၊ ကျွန်တော် အခုပဲ သွားပါတော့မယ်"
ကင်းလှည့် ဝိညာဉ်တမန်တော်က မျက်လုံးများကို ရှေ့သို့ တည့်တည့်ထားကာ တည်ကြည်စွာပြောလိုက်သည်။
'ဘာကြောင့် ကျင့်ကြံရေး အခန်းမှာ မကျင့်ကြံဘဲ ဒီနေရာမှာ လာကျင့်ကြံနေရတာလဲ ဆိုရင်တော့'
'အဲဒါ အဖွဲ့မှူးကြီးမှာ သူ့အကြောင်းပြချက်နဲ့သူ ရှိလို့ နေမှာပေါ့'
'ကျင့်ကြံရေးနည်းလမ်းရဲ့ ထူးခြားချက်ကြောင့် ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် ဒီနေရာက တစ်ခုခု ထူးခြားနေလို့များလား'
'သူ လျှောက်မေးလို့ မရဘူး'
'တစ်ခါတစ်ရံမှာ နည်းနည်းသိလေ ပိုကောင်းလေ ဆိုတာကို လူလည်တွေက သိကြတယ် '
သူကတော့ သူ့ကိုယ်သူ ဉာဏ်ကောင်းတဲ့ သရဲတစ်ကောင်လို့ ယူဆထား၏။
'ထို့ပြင် အဖွဲ့မှူးကြီးက သူ့ကို ကျင့်ကြံရေး နည်းလမ်းတစ်ခုတောင်ပြောပြလိုက်သေးတယ်လေ၊ သူ ရောင့်ရဲတင်းတိမ်တတ်ရမယ်'
'လေ့လာချင်တယ် ဆိုရင်တောင် အခု မလေ့လာရသေးဘူး၊ နောက်မှ ဖြည်းဖြည်းချင်း စမ်းကြည့်ရမယ်'
အခြားသူများ မသိသည့် ကိစ္စကို သူ တစ်ယောက်တည်းသာ သိသွားပြီဟု တွေးမိလိုက်သောအခါ ကင်းလှည့် ဝိညာဉ်တမန်တော် ထွက်ခွာသွားသော ခြေလှမ်းများမှာ အနည်းငယ် လေထဲ လွင့်နေသကဲ့သို့ ဖြစ်သွားပြီး၊ စိတ်လှုပ်ရှားမှုနှင့်အတူ ပျော်ရွှင်ကြည်နူးနေတော့၏။
'နောက်ပိုင်းကျရင် ငါလည်း အဖွဲ့မှူးကြီးကျန်းလိုမျိုး အစွမ်းထက်လာနိုင်တာပဲ'
……
ထိုကင်းလှည့် ဝိညာဉ်တမန်တော် ထွက်ခွာသွား သော် ပတ်ဝန်းကျင်က နောက်တစ်ကြိမ် ပြန်လည်တိတ်ဆိတ်သွား၏။
ကျန်းလင်ကလည်း ပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ 'ခုနက ဝိညာဉ်တမန်တော်က ငါ့ကို စကားပြောနေတာ သေချာပါတယ်နော်'
'ဒီတုံ့ပြန်မှုနဲ့ ပြန်ပြောတဲ့ စကားတွေက ဘာလို့ တစ်ခုခု လွဲနေသလို ခံစားရတာလဲ'
'ငါတို့ ပြောနေကြတာ ကိစ္စတစ်ခုတည်း ဟုတ်ရဲ့လား ငါက စကား နှစ်ခွန်းပဲ ပြောရသေးတာလေ' ဟုတွေးမိလိုက်၏။
သို့သော် ဤအရာက အရေးမကြီးပါချေ။
ထွက်သွားရင် ပြီးတာပါပဲ။
ထို့နောက် ကျန်းလင် အကြည့်များကို ရုတ်သိမ်းလိုက်ပြီး ဥလေးရှိရာ နေရာသို့ ဆက်လက် ကြည့်လိုက်၏။
လွန်ခဲ့သည့် အချိန်များက အလုပ်များနေသဖြင့် စနစ်က ပေးထားသော ဥလေးကို သူ မေ့နေခဲ့သည်။
'ဒီဟာက သူ့ဘာသာ သူ ထွက်ပြေးလာနိုင်မယ်လို့ မထင်ထားခဲ့ဘူး'
'ဒါက အသက်ရှင်နေတာလား၊ မရှင်ဘူးလား'
'သူ့ဘာသာ သူ အကောင်ပေါက်နိုင်မှာလား'
ကျန်းလင် ဤကိစ္စများနှင့် ပတ်သက်၍ သိပ်နားမလည်ပါချေ။
'အကောင်ပေါက်ဖို့ အကြောင်းပြောရမယ် ဆိုရင်တော့သူ ငှက်ပျံလေး ဘဝကမှတ်ဉာဏ်တွေထဲမှာတော့ ငှက်ဥ ဝပ်ခဲ့တဲ့ အတွေ့အကြုံ ရှိဖူးသားပဲ'
'စနစ်ကလည်း ဒီဥလေးကို ဘယ်လို သုံးရမလဲ ဆိုတာ မပြောပြထားဘူး၊ ဘာထူးခြားချက်တွေ ရှိလဲ မသိဘူး'
'ဒါမှမဟုတ် ဒီဥလေး သွက်လက်နေတာက အထဲက ပရိုတင်းဓာတ်တွေကို ပိုပြီးအရသာရှိလာအောင် လုပ်နေတာများလား'
'ဒီလို တွေးကြည့်လိုက်တော့ ဒီဥလေးက နည်းနည်းမွှေးလာသလိုပဲ'
သူ လက်ရှိဘဝ မသေခင်က မှတ်ဉာဏ် (သူတောင်းစား ကျန်းလင်) တွေ ပြန်လည် ရရှိလာပြီးကတည်းက၊ အစားအသောက်တွေအပေါ်မှာ သူ စွဲလမ်းမှု တစ်ခုခုရှိနေသည် ဆိုသည်ကို ကျန်းလင် သတိထားမိလာခဲ့၏။
အစားအသောက်ဆိုသည်က သရဲတွေအတွက် အချိန်တိုအတွင်းမှာတော့ မရှိမဖြစ် လိုအပ်တဲ့ အရာတော့ မဟုတ်ပါချေ။
သို့သော် ဗိုက်ဆာရသည့် ခံစားချက်က
'အမ်း သိပ်ပြီးနေလို့ မကောင်းဘူး မဟုတ်လား'
……
ကျန်းလင်၏ စူးစိုက်ကြည့်ရှုမှု အောက်တွင် ထိုဥလေးက အရင်ဆုံးသည်းမခံနိုင် ဖြစ်လာတော့၏။
ဥလေး၏ခန္ဓာကိုယ်က လှုပ်ယမ်းသွားပြီး အပေါ်ဘက်မှနေ၍ အနီရောင် အရိပ်အယောင်လေးက တဖြည်းဖြည်းပေါ်လာတော့သည်။
ခဏအကြာတွင် နီရဲနေသော ဥလေးတစ်လုံးက ကျန်းလင် ၏ မျက်စိရှေ့တွင် ပေါ်လာတော့၏။
"အရောင်တောင် ပြောင်းနိုင်သေးတာပဲ"
ကျန်းလင် စဉ်းစားကြည့်ပြီး မေးလိုက်သည်။
"အပြာရောင် ပြောင်းလို့ရလား"
ဥအနီလေးက လှုပ်ခါသွားပြီးနောက် တဖြည်းဖြည်း အပြာရောင်သို့ ပြောင်းလဲသွားတော့၏。
"ခရမ်းရောင်ကော"
ဥလေးက စကားနားထောင်စွာဖြင့် ခရမ်းရောင် ဥလေးအဖြစ် ပြောင်းလဲသွားပြန်သည်။
ကျန်းလင် က စနစ် ပြောခဲ့ဖူးသော စကားကို ပြန်တွေးမိလိုက်၏။
"သက်တံရောင် ဥ ဆိုတော့ သက်တံရောင်ကော ပြောင်းလို့ ရလား"
ဤတစ်ကြိမ်တွင်တော့ ဥလေး၏ကိုယ်ပေါ်ရှိ အရောင် အပြောင်းအလဲက အနည်းငယ် နှေးကွေးသွားသော်လည်း၊ တဖြည်းဖြည်းနှင့် သက်တံရောင် ဥလေးအဖြစ်သို့ အမှန်တကယ် ပြောင်းလဲသွားတော့သည်။
ထိုမြင်ကွင်းက ဆေးစပ်ပန်းကန်ပေါ်ရှိ အရောင်များ ရောနှော သွားသကဲ့သို့လည်း ရှိသလို၊ လိမ်ကောက်နေသော သက်တံ တစ်ခုနှင့်လည်း တူနေ၏။
ကျန်းလင် ဤဥလေး၏ လုပ်ဆောင်ချက်များကို ထပ်မံ စမ်းသပ်ရန် ပြင်လိုက်စဉ် မျက်စိရှေ့ရှိ ဥလေးက ရုတ်တရက် လှုပ်ယမ်းသွားတော့သည်။
ထို့နောက်ဥ၏ကိုယ်ပေါ်မှ မြူခိုးငွေ့များ ထွက်ပေါ်လာကာ 'ဖူး' ဆိုသည့် အသံတိုးတိုးလေးတစ်ခုက ထွက်ပေါ်လာတော့သည်။
ထို့နောက်တိမ်တိုက်လေး တစ်ခုနှင့် တူသော အရာငယ်လေး တစ်ခုက ဥလေး၏အပေါ်ဘက်မှ လွင့်ထွက်လာတော့၏။
ကျန်းလင် လက်လှမ်းကာ စမ်းသပ်ကြည့်လိုက်ရာ အထိအ တွေ့က နူးညံ့အိစက်နေသော်လည်း ခဏမျှသာကြာပြီးနောက် ပျောက်ကွယ်သွားတော့သည်။
ပြီးနောက်ကျန်းလင်က မျက်စိရှေ့ရှိ ဥလေးကို ကြည့်လိုက်၏။
ဥကိုကြည့်ရသည်မှာ တိုက်ခိုက်နိုင်စွမ်း သိပ်မရှိသကဲ့သို့ပင်။
သို့သော် ဥကအတော်အတန်တော့ စိတ်ဝင်စားဖို့ကောင်းပါသည်လေ။
ရုတ်တရက် ကျန်းလင် တစ်ခုခုကို တွေးမိသွားသကဲ့သို့ မျက်လုံးများ တောက်ပသွားတော့သည်။
ထို့နောက် လက်လှမ်းကာ ဥလေးကို အိတ်ကပ်ထဲသို့ ကောက်ထည့်လိုက်ပြီး "သွားမယ်၊ အဖွဲ့ (၁၈) နန်းဆောင်ကို ပြန်ရအောင်" ဟု ပြောလိုက်တော့၏။
🫧 Chapter 186
ကျန်းလင်၏ အိတ်ကပ်ထဲသို့ အထည့်ခံလိုက်ရသောအခါ သက်တံရောင် ဥလေးမှာ အနည်းငယ် ကြောင်အသွား၏။
ထို့ပြင် အနည်းငယ်လည်း ကြောက်လန့်နေမိသည်။
'အဖွဲ့ (၁၈) နန်းဆောင်ကို ပြန်မယ် ပြန်ပြီး ဘာလုပ်မလို့လဲ ကြိမ်တုတ်နဲ့ ရိုက်မလို့လား'
ယနေ့ သူမ ဖြတ်သွားခဲ့စဉ်က အိမ်မွေးတိရစ္ဆာန် မွေးထားသော ဘေးအိမ်မှ နွားခေါင်းဝိညာဉ်တမန်တော်က ထိုသို့ ခြိမ်းခြောက်နေသည်ကို သူမ ကြားခဲ့ရသည်လေ။
တစ်ခဏအတွင်းမှာပင် သက်တံရောင်ဥလေး၏ကိုယ်ပေါ်တွင် အစိမ်းနှင့် အပြာ နှစ်ရောင်စလုံး တစ်လှည့်စီ တောက်ပသွားတော့၏။
အိတ်ကပ်ထဲမှ ဥလေးက ဤမျှလောက်အထိ တွေးတောနေလိမ့်မည်ဟု ကျန်းလင် မသိခဲ့ပါချေ။
သို့သော် အဖွဲ့ (၁၈) သို့ မပြန်မီ သူက လမ်းချိုး တစ်ခုမှနေ၍ 'မော်ကွန်းတိုက်' သို့ အရင် ဝင်သွားခဲ့၏။
မော်ကွန်းတိုက်ဆိုသည်မှာ လူ့ပြည်ရှိ စာကြည့်တိုက်နှင့် ဆင်တူ၏။
စနစ်က သက်တံရောင် ဥလေးအတွက် အသုံးပြုပုံလမ်းညွှန် မပေးထားသဖြင့်၊ နည်းလမ်း တစ်ခုခု ရှိ၊ မရှိ ဤနေရာတွင် အရင်လာရှာကြည့်ရခြင်း ဖြစ်၏။
မော်ကွန်းတိုက်ကို အပြင်ဘက်မှ ကြည့်မည် ဆိုလျှင် ငါးထပ် အဆောက်အအုံ အရွယ်အစားခန့်သာ ရှိ၏။
သို့သော် အထဲသို့ ဝင်သွားသောအခါ ပိုမို ကျယ်ဝန်းသော နေရာလွတ်ကြီးကို မြင်တွေ့ရမည် ဖြစ်၏။
ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသော စာအုပ်စင်များက လေထဲတွင် တန်းစီနေကြပြီး စာအုပ် ပင်လယ်ကြီး တစ်ခုနှင့်ပင် တူနေတော့၏။
ဤအထဲတွင် ငရဲပြည်၏သမိုင်းကြောင်းများကို မှတ်တမ်းတင်ထားသော စာအုပ်များ အပြင် အချိန်ကာလတစ် လျှောက်လုံးမှ စုဆောင်းထားသော စာအုပ်များစွာလည်း ရှိနေသည်လေ။
ကျင့်ကြံရေး နည်းလမ်းများ၊ ဝိညာဉ်လက်နက်များ၊ အထွေထွေ ဗဟုသုတများ အစရှိသဖြင့် အမျိုးအစားစုံလင်လှ၏။
ထို့နောက် ကျန်းလင် တစ်ချက် ဝေ့ကြည့်လိုက်ရာ "လူသားများနှင့် ဆက်ဆံရေး နည်းလမ်းများ" ဆိုသည့် စာအုပ်တစ်အုပ်ကိုပင် တွေ့လိုက်ရသေး၏။
ထိုစာအုပ်၏ အချက်အလက်များကို ကြည့်ရသည်မှာ လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီကတည်းက ကျန်ရစ်ခဲ့သည့် အရာ ဖြစ်ပုံရ၏။
"အဖွဲ့မှူးကြီး"
ရုတ်တရက် ဘေးနားမှ ရင်းနှီးနေသော အသံတစ်ခုထွက်ပေါ်လာ၏။
ထို့ကြောင့်ကျန်းလင် လှည့်ကြည့်လိုက်ရာ ကျိယင် စာအုပ်စင် တစ်ခု၏ အနောက်မှ ထွက်လာသည်ကို တွေ့လိုက်ရပြီး၊ လက်ထဲတွင်လည်း "ငရဲပြည် ရာထူး ခွဲခြားသတ်မှတ်မှု" ဆိုသည့် စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထား၏။
အရင်တစ်ခေါက် ကျန်းလင်က မော်ကွန်းတိုက်ရှိ စာအုပ်များအကြောင်း ပြောပြပြီးနောက်၊ ကျိယင်လည်း အားလပ်ချိန်တိုင်း ဤနေရာသို့ လာကြည့်လေ့ရှိ၏။
သို့သော် ပထမဆုံး အကြိမ်ဝင်လာတုန်းက သူ အလွန် အံ့အားသင့်သွားခဲ့၏။
'ဒီ မော်ကွန်းတိုက်ထဲမှာ စာအုပ်တွေ ဒီလောက်တောင် အများကြီး ရှိနေတာလား'
ပထမဆုံး ဝင်လာတုန်းက သူ မူးမူးနောက်နောက်ပင် ဖြစ်သွားခဲ့ရသေး၏။
ကျိယင် အသက်ရှင်စဉ်က စာဖတ်ရသည်ကို မနှစ်သက်ခဲ့ပါချေ။
သေသွားပြီးနောက်မှ ကိုယ်တိုင် စာကြည့်တိုက်ထဲသို့ ဝင်ကာ စာဖတ်လိမ့်မည်ဟု သူမထင်မှတ်ထားခဲ့မိပေ။
တကယ်လို့များ သူ အသက်ရှင်စဉ်တုန်းက 'မင်း နောင်ကျရင် ကိုယ်တိုင် စာအုပ်ယူပြီး ဖတ်လိမ့်မယ်' လို့ တစ်ယောက် ယောက်က လာပြောခဲ့မယ် ဆိုလျှင် သူ လုံးဝ ယုံမည် မဟုတ်ပေ။
'စာဖတ်မယ်'
'စာဖတ်ပြီး ဘာလုပ်မှာလဲ'
'စာကိုအိပ်ဆေး အနေနဲ့ သုံးဖို့လား'
……
"အဖွဲ့မှူးကြီး၊ အဖွဲ့မှူးကြီးလည်း စာလာဖတ်တာလား" ကျိယင် အရင် နှုတ်ဆက်ကာမေးလိုက်၏။
"အင်း"
ကျန်းလင် ကျိယင် လက်ထဲရှိ စာအုပ်ကို တစ်ချက် ကြည့်လိုက်ပြီး "မင်း ဖတ်ချင်တဲ့ စာအုပ်ကို ရှာတွေ့ပြီလား"
ကျိယင် ခေါင်းကုတ်ကာ အနည်းငယ် ရှက်ကိုးရှက်ကန်း ပြုံးပြလိုက်သည်
"အဖွဲ့မှူးကြီး၊ ဒီ စာကြည့်တိုက်ကြီးက အရမ်း ကြီးလွန်းလို့ပါ"
သူ အကြိမ်ပေါင်းများစွာ လာခဲ့ပြီးပြီ ဖြစ်သော်လည်း အဖွဲ့မှူးကြီး ပြောခဲ့သော ငရဲပြည်၏ သမိုင်းကြောင်း မှတ်တမ်းများကို မတွေ့ခဲ့ရသေးချေ။
"မော်ကွန်းတိုက်မှာ စာအုပ်ရှာရင် ဒီလို ရှာရတယ်"
ကျန်းလင် ပြောပြောဆိုဆိုဖြင့် စာအုပ်စင် တစ်ခု၏ ရှေ့သို့ သွားကာ နှစ်ချက်ခန့် ခေါက်ပြလိုက်၏။
ထို့နောက် ကျိယင်ကို လာရန် လက်ဟန်ပြလိုက်ပြီး "မင်း ရှာချင်တဲ့ စာအုပ်နာမည်ကို ပြောလိုက်" ဟု ဆို၏။
ကျိယင်မှာ အနည်းငယ် တွေဝေသွားသော်လည်း နားထောင်စွာဖြင့် လျှောက်သွားလိုက်ပြီး
"ကျွန်တော် ငရဲပြည်ရဲ့ သမိုင်းကြောင်းနဲ့ ပတ်သက်တဲ့ စာအုပ် ရှာချင်လို့ပါ"
စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူ၏ ရှေ့ရှိ စာအုပ်စင်ပေါ်တွင် လူ့မျက်နှာ တစ်ခု ပေါ်လာပြီး၊ ပါးစပ်က ပိတ်လိုက် ဖွင့်လိုက်ဖြင့် ပြောလာတော့သည်။
"ငရဲပြည်ရဲ့ သမိုင်းကြောင်း မှတ်တမ်းတွေက အများကြီး ရှိတယ်၊ မင်း ဘယ်နှစ်ခုနှစ်ကဟာကိုရှာချင်တာလဲ"
"..."
ကျိယင် မှာ အံ့အားသင့်သွားတော့၏။
'သူ ဒီကို အကြိမ်ပေါင်းများစွာ လာခဲ့တာတောင် မသိဘူး'
'တကယ်ပဲ ဒီလိုမျိုး ရှာရတာလား'
သူ အနည်းငယ် ကြောင်အသွားပြီးနောက် နှေးကွေးစွာဖြင့် ပြန်ဖြေလိုက်၏။
"အကုန်လုံး ကြည့်လို့ ရမလား"
'လွန်ခဲ့တဲ့ နှစ်ဘယ်လောက်က ဟာလဲ'
ဤအရာကတော့ အမှန်တကယ်ပင်သူ၏ဗဟုသုတ လစ်ဟာချက်ပင်။
စုစုပေါင်း ဘယ်နှစ်နှစ် ရှိလဲ ဆိုတာကိုတောင် သူ မသိပေ။
ထိုအခါစာအုပ်စင်ပေါ်ရှိ လူ့မျက်နှာက ပြောလိုက်၏။
"ခဏစောင့်"
နောက်တစ်စက္ကန့်တွင် လေထဲတွင် လွင့်မျောနေသော ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသည့် စာအုပ်စင်များ စတင် လှုပ်ရှားလာတော့၏။
စာအုပ်စင်များက ဘေးဘက် သို့မဟုတ် အတွင်းပိုင်းများမှ ထွက်ပေါ်လာပြီး၊ ပတ်ဝန်းကျင်ရှိ စာအုပ်စင်များကလည်း နေရာဖယ်ပေးကာ နေရာလွတ်များ ပြုလုပ်ပေးကြသည်။
ထို့နောက်မကြာမီမှာပင် ကျိယင်၏ရှေ့တွင် စာအုပ်စင် ပေါင်းများစွာ ရပ်တန့်သွားတော့သည်။
"..."
ထိုအခါ ကျိယင်မှာ ကြောင်အသွားတော့၏။
'ဒီလောက် များတဲ့ စာအုပ်တွေ၊ ငါ ဘယ်အချိန်အထိ ဖတ်ရမှာလဲ'
စာအုပ်စင်ပေါ်ရှိ လူ့မျက်နှာက နောက်တစ်ကြိမ် ပြောလိုက်ပြန်၏ "အားလုံး ဒီမှာ ရှိတယ်၊ မင်း ဖြည်းဖြည်းချင်း ဖတ်လို့ ရတယ်"
ကျိယင် : "... ကျေးဇူးတင်ပါတယ်"
ဘေးတွင်မူ ကျန်းလင်က ကြည့်ရင်း အနည်းငယ် ရယ်ချင်သွားပြီး အကြံပေးလိုက်၏။
"မင်း ငါ အရင်က ပြောခဲ့တဲ့ အကြောင်းအရာတွေကို သိချင်တယ် ဆိုရင် ၊ လူသားတွေကို ပညာရပ်တွေ သင်ပေးခဲ့တဲ့ အကြောင်းပေါ့ အဲ့ဘက်က နံပါတ်သုံး စာအုပ်စင်ကနေ အရင် စဖတ်လို့ ရတယ်"
ကျန်းလင်၏ အကြည့်များအတိုင်း ကျိယင် လိုက်ကြည့်လိုက်ပြီးနောက် သက်ပြင်းချနိုင်သွားတော့သည်။
"ကျေးဇူးတင်ပါတယ် အဖွဲ့မှူးကြီး၊ ကျွန်တော် အခုပဲ သွားဖတ်လိုက်ပါ့မယ်"
ကျိယင် စာသွားဖတ်ပြီးနောက် စာအုပ်စင်ပေါ်ရှိ လူ့မျက်နှာက ပျောက်ကွယ်မသွားပါချေ။
ထိုအစား ကျန်းလင်ဘက်သို့ လှည့်ကြည့်လာပြီး "အဖွဲ့မှူးကြီး ကျန်း၊ ဘာစာအုပ်များ လိုချင်ပါသလဲ"
ကျန်းလင် က စဉ်းစားကြည့်ပြီးပြောလိုက်သည်။
"မကြာသေးခင်က အိမ်မွေးတိရစ္ဆာန် ဥ တစ်လုံး ရထားလို့ပါ၊ မင်းဆီမှာ အကြံပေးစရာ တစ်ခုခု ရှိလား"
"အိမ်မွေးတိရစ္ဆာန် ဥ အဲဒါ ကောင်းတဲ့ ပစ္စည်းပဲ"
စာအုပ်စင်ပေါ်ရှိ လူ့မျက်နှာ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး၊ လေသံထဲတွင်လည်း ပြုံးစစလေသံတစ်ခု ပါဝင်လာတော့၏။
"ဒီစာအုပ်လေး ဖတ်ကြည့်ဖို့ အကြံပေးပါတယ်"
"ဥဘဝကနေ စပြီး ထူးကဲတဲ့ ဟင်းလျာ တစ်ခု ဖြစ်လာအောင် ဘယ်လို ပျိုးထောင်မလဲ"
"ဒီစာအုပ်လေးလည်း ကောင်းတယ် 'မှော်ဝင် တိရစ္ဆာန် ဥကို စားသုံးနိုင်တဲ့ နည်းလမ်းတစ်ရာ' "
"ပြီးတော့ ဒီဟာ..."
လူ့မျက်နှာက ပြောနေစဉ် စာအုပ်များက စာအုပ်စင်ပေါ်မှ တစ်အုပ်ပြီးတစ်အုပ် လွင့်ထွက်လာကြ၏။
ထို့နောက်၎င်းတို့သည် ကျန်းလင်၏ ရှေ့တွင် ညင်သာစွာ လွင့်မျောနေကြတော့သည်။
ကျန်းလင် အိတ်ကပ်ထဲတွင်တော့ လူ့မျက်နှာက စာအုပ်နာမည် တစ်ခုပြောလိုက်တိုင်း၊ သက်တံရောင် ဥလေးက တစ်ချက် တုန်သွားတော့၏။
ကိုယ်ပေါ်ရှိ အရောင်များကလည်း အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ်၊ ခရမ်းရောင် များကြားတွင် အဆက် မပြတ် ပြောင်းလဲနေတော့သည်။
'ဒါ ဘယ်လို မကောင်းဆိုးဝါးကြီးလဲ...'
'ငါ့လို ဥလေး တစ်လုံးကိုတောင် ဒီလို ရက်ရက်စက်စက် ဆက်ဆံရက်တယ်'
'ပြီးတော့ သခင်ကိုတောင် ဒီလိုစာအုပ်တွေ လာအကြံပေးနေသေးတယ်'
'သာမန်အချိန်မှာသာ ဆိုရင်၊ ငါ သေချာပေါက်ခုန်ထွက်ပြီး အဲဒီ မကောင်းဆိုးဝါးကို တစ်ချက်လောက်ထိုးလိုက်ပြီ'
'ဒါ ဥလေးကို အနိုင်ကျင့်နေတာ မဟုတ်ဘူးလား'
……
မော်ကွန်းတိုက် ထဲတွင် ကျန်းလင် ထိုစာအုပ်များကို ယူကြည့်လိုက်ပြီး "အဟမ်း၊ အသက်ရှင်နေတဲ့ အိမ်မွေးတိရစ္ဆာန် ဥတွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေရော မရှိဘူးလား"
စာအုပ် အကုန်လုံးက မှော်ဝင်တိရစ္ဆာန် ဥတွေကို ဘယ်လို ချက်ပြုတ်ရမလဲ ဆိုတာချည်းပဲ ဖြစ်နေသည်မဟုတ်လော။
သူက ဘက်ပေါင်းစုံကနေ လေ့လာကြည့်ချင်ခြင်းပင်။
ထိုစကားကို ကြားသောအခါ စာအုပ်စင်ပေါ်ရှိ လူ့မျက်နှာ၏ စိတ်ဝင်စားမှုက အနည်းငယ် လျော့ကျသွားပုံရ၏။
"အော်၊ မင်းက အရင်ဆုံး မွေးကြည့်ချင်တာလား"
"ဒါဆိုရင်တော့ ဒီ "မှော်ဝင် တိရစ္ဆာန် မွေးမြူရေး လက်စွဲ" ကို အကြံပေးတယ်၊ ပြီးတော့ "ဥဘဝကနေ စပြီး.."
……
မော်ကွန်းတိုက်မှ ထွက်လာပြီးနောက် ကျန်းလင် အဖွဲ့ (၁၈) ၏နန်းဆောင်သို့ တိုက်ရိုက်ပြန်လာခဲ့၏။
မော်ကွန်းတိုက်မှ သူ စုစုပေါင်း စာအုပ်လေးအုပ် ယူလာခဲ့သည်။
၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
"မှော်ဝင်တိရစ္ဆာန် မွေးမြူရေး လက်စွဲ"
"ဥဘဝကနေ စပြီး ပင်ကိုယ်စွမ်းရည်တွေကို ပျိုးထောင်ခြင်း"
"ဥဘဝကနေ စပြီး ထူးကဲတဲ့ ဟင်းလျာ တစ်ခု ဖြစ်လာအောင် ဘယ်လို ပျိုးထောင်မလဲ"
"မှော်ဝင် တိရစ္ဆာန် ချက်ပြုတ်နည်း : အဆင့်မြင့် ဟင်းလျာတွေက များသောအားဖြင့် အရိုးရှင်းဆုံး ပြင်ဆင်မှုများသာ လိုအပ်သည်"
'အင်း ဟုတ်ပါသည်'
ကျန်းလင် ဘက်ပေါင်းစုံကနေ လေ့လာကြည့်ချင်ရုံ သက်သက်ပင်။
လောလောဆယ်တော့၊ သူ ဥကလေးကို စားရန်အစီအစဉ် မရှိသေးချေ။
မကြာသေးမီက လမ်း၌ သက်တံရောင် ဥလေး၏လုပ်ဆောင် ချက် အမျိုးမျိုးကိုမြင်တွေ့ခဲ့ရပြီးတဲ့နောက် ဤအရာလေးက အတော်လေး စိတ်ဝင်စားဖို့ ကောင်းသည်ဟု သူ ထင်မိ၏။
ထို့ကြောင့် မွေးကြည့်ခြင်းကလည်း မဆိုးပေ။
……
အရင်ကဆိုရင်တော့၊ ကျန်းလင် အိမ်မွေးတိရစ္ဆာန် မွေးသင့်၊ မမွေးသင့် ဆိုတာကို စဉ်းစားနေမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ပိုက်ဆံအိတ်က ပြောင်နေသည်မဟုတ်လော။
အိမ်မွေးတိရစ္ဆာန် မွေးရန် ပိုက်ဆံမရှိပေ။
သူကိုယ်တိုင်တောင် လေတိုက်လျှင်ပြိုမည့် သစ်သားအိမ်လေးထဲမှာ နေနေရသည်မဟုတ်လော။
သူ့ဘဝမှာ အိမ်မွေးတိရစ္ဆာန်ဆိုတာ ရှိလည်း အတူတူ၊ မရှိလည်း အတူတူပင်။
တစ်ကိုယ်တည်း နေလာခဲ့တာ ဒီလောက်ကြာပြီဆိုတော့ သူလည်း အကျင့်ပါနေပြီဖြစ်၏။
သို့သော် ခုနလေးတင် လမ်း၌ သက်တံရောင် ဥလေး၏ လုပ်ဆောင်ချက်များ ကို စမ်းသပ်ကြည့်နေတုန်း၌ သူ ရုတ်တရက် အဲဒီ စကားတစ်ခွန်းကို နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားခဲ့၏။
'အချိန်အခါ၊ နေရာဒေသ၊ လူသားတို့အားအကျိုးပြုမှု'
အရင်တုန်းက သူ အိမ်မွေးတိရစ္ဆာန် မွေးဖို့ မစဉ်းစားခဲ့ဖူးပေ။
သို့သော် ယခုမူ စနစ်က ဥလေး တစ်လုံးကို အလကား ပေးထား၏။
ပိုက်ဆံအိတ်ကလည်း ဖောင်းကားလာပြီ။
ထို့အပြင် ခုနက သူ အရင်ဘဝနှစ်ခုရဲ့ မှတ်ဉာဏ်တွေကို ပြန်ရခဲ့၏။
အဲဒီဥလေးကလည်း သူ့မျက်စိရှေ့မှာ ရုတ်တရက်ပေါ်လာသည်လေ။
ထိုဥလေးကို ကြည့်ရင်း သူ အလိုအလျောက် ငှက်ပျံလေး ဘဝတုန်းက အချိန်တွေကို သတိရသွားမိ၏။
နားထောင်ရသည်က နည်းနည်းတော့ ထူးဆန်းနေ သော် လည်း ထိုအရာက သူ့မှတ်ဉာဏ်များ အားလုံးထဲက နောက် ဆက်တွဲ မျိုးဆက်ကို ပျိုးထောင်ပေးဖူးတဲ့ တစ်ခုတည်းသော အတွေ့အကြုံပင်ဖြစ်၏။
ထိုအခါ ကျန်းလင် စဉ်းစားကြည့်သည်။
ထို့ကြောင့် ထိုကဲ့သို့ ဥလေး တစ်လုံးကို မွေးမြူကြည့်ရသည်ကလည်း မဆိုးလောက်ဘူးလို့ ထင်မိ၏။
ထို့ပြင်သိုင်းလောကသား ဘဝရဲ့မှတ်ဉာဏ်ထဲမှာ အဲဒီဘဝတုန်းက သူ သင်ယူခဲ့တဲ့ သိုင်းပညာသင်ခန်းစာတွေလည်း ပါလာသေးသည်။
ထိုသိုင်းပညာများကက သူ့အတွက်တော့ သိပ်အသုံးမဝင်လောက်တော့ချေ။
သို့သော် မျက်စိရှေ့၌ ဥလေး တစ်လုံးရှိနေသည်မှာအတိအ ကျပင် မဟုတ်လော။
'သိုင်းပညာရှင် ဥလေး'
ထိုနာမည်ကို နားထောင်ရသည်က မဆိုးဘူး ထင်သည်။
နောက်ဆုံးမှာ ကျရှုံးသွားလျှင်ပင်ကျန်းလင် က မည်သို့လုပ်ရမည်ကို ဘေးနားရှိ "ဥဘဝကနေ စပြီး ထူးကဲတဲ့ ဟင်းလျာ တစ်ခု ဖြစ်လာအောင် ဘယ်လို ပျိုးထောင်မလဲ" ဆိုသည့် စာအုပ်ကို လှန်ကြည့်လိုက်၏။
နောက်ဆုံး ကျရှုံးသွားလျှင်ပင် အခြေအနေအရ ကြည့်လုပ်ရုံမဟုတ်လော။
အခုဆို အချိန်အခါ၊ နေရာဒေသ၊ လူသားအကျိုးပြုမှု အားလုံး ပြည့်စုံနေပြီပင်။
ထို့ကြောင့် သူအကောင်စမ်းမွေးကြည့်မည်ဟု ဆုံးဖြတ်ချက်ချ လိုက်တော့သည်။