← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 19 Ch. 187-188

🫧 Chapter 187

ဤအချိန်မှစ၍ ဥငယ်လေးတစ်လုံးသည် ၎င်း၏တောက်ပမှုများကို ဆုံးရှုံးသွားခဲ့တော့သည်။

ကျန်းလင် စာဖတ်နေသည့်အချိန်တွင် အရောင်ခုနစ်မျိုးရှိသော ဥငယ်လေးသည် တိတ်တဆိတ် လှည့်ပတ်လိုက်သည်။

ထို့နောက် အိတ်ကပ်ထဲမှနေ၍ သတိထားကာ တိုးထွက်လာခဲ့သည်။

သို့သော်သူခေါင်းကို မော့ကြည့်လိုက်သည်နှင့်တပြိုင်နက် ကျန်းလင်၏ကြည့်ရှုနေသော အကြည့်များနှင့် ဆုံတွေ့သွားတော့၏။

ဥငယ်လေးသည်လည်း ချက်ချင်းပင် တောင့်တင်းသွားခဲ့ပြီး 'ငါ့ကို မမြင်ပါစေနှင့် ငါ့ကို မမြင်ပါစေနှင့်' ဟုသာ တွေးတောနေမိ၏။

ကျန်းလင်သည် တစ်ချက်သာ ကြည့်လိုက်ပြီးနောက် ဆက် လက်၍ အာရုံမစိုက်တော့ဘဲ လက်ထဲရှိ စာအုပ်ကိုသာ ဆက်လက် ဖတ်ရှုနေခဲ့သည်။

စာအုပ်တစ်အုပ်ကို ဖတ်ပြီးသွားသောအခါ နောက်ထပ် စာအုပ်တစ်အုပ်ကို ထပ်မံ ဖတ်ရှုလေသည်။

ထိုအခါ 'ပြဿနာမရှိနိုင်ပေ' ဟု ၎င်းက တွေးတောလိုက်သည်။

အရောင်ခုနစ်မျိုးဥငယ်လေးသည် ခန္ဓာကိုယ်ကို အနည်းငယ် စောင်းငဲ့လိုက်ပြီး သခင်ဖြစ်သူ၏ တုံ့ပြန်မှုကို အာရုံစိုက်ရင်း စာကြည့်စားပွဲပေါ်သို့ ရဲရဲတင်းတင်း ပျံတက်သွားရန် ကြိုးစားလိုက်၏။

'ထပ်မံ၍ ကြည့်လိုက်၏'

သို့သော်သခင်ဖြစ်သူသည် ၎င်းဘက်သို့ လှည့်ကြည့်လာခြင်း မရှိပေ။

ဥငယ်လေးသည် သခင်ဖြစ်သူ၏ လက်ထဲရှိ စာအုပ်ကို စိုက်ကြည့်နေပြီးနောက် စာကြည့်စားပွဲ၏တစ်ဖက်မှ အခြားတစ်ဖက်သို့ မတော်တဆ လိမ့်သွားသကဲ့သို့ ဟန်ဆောင်လိုက်သည်။

ထိုသို့ပြုလုပ်ရင်း သခင်ဖြစ်သူ၏ လက်ထဲရှိ စာအုပ်မျက်နှာ ဖုံးကို အလျင်အမြန် တစ်ချက် ကြည့်ရှုလိုက်၏။

'သခင်ဖြစ်သူသည် နောက်ဆုံးတွင် မည်သည့်စာအုပ်ကို ယူဆောင်လာခဲ့သနည်း' ဟူသည့်အချက်ကို ၎င်းက သိရှိချင်နေခြင်း ဖြစ်၏။

'၎င်းသည် ဟင်းချက်နည်းစာအုပ်လော သို့မဟုတ် အခြားသော အရာတစ်ခုခုလော' ဆိုသည်ကို သိချင်နေခြင်း ဖြစ်သည်။

'အကယ်၍ သခင်ဖြစ်သူက ထိုမိစ္ဆာ၏စကားကို နားထောင်ခဲ့မည်ဆိုပါက ငါ အနေဖြင့် ဒုက္ခရောက်ရတော့မည် ဖြစ်၏' ဟု တွေးလိုက်သည်။

ပထမဆုံးအကြိမ် ကြည့်လိုက်ချိန်တွင် အလွန်မြန်ဆန်စွာ လိမ့်သွားသောကြောင့် ဥငယ်လေးသည် မျက်နှာဖုံးပေါ်ရှိ စာသားများကို ရှင်းလင်းစွာ မမြင်တွေ့ခဲ့ရပေသည်။

ထို့ကြောင့် ၎င်းသည် အခြားတစ်ဖက်မှနေ၍ မူလနေရာသို့ ထပ်မံ လိမ့်ကာ ပြန်လာခဲ့၏။

ဤတစ်ကြိမ်တွင်တော့ လိမ့်လာသည့် အရှိန်ကို လျှော့ချထားခဲ့၏။

သို့သောိလည်း'ဂလုံ ဂလုံ' ဟူသော အသံများ ထွက်ပေါ်လာသည်။

ဤတစ်ကြိမ်တွင်တော့ ဥငယ်လေးသည်လည်း ရှင်းလင်းစွာ မြင်တွေ့သွားခဲ့ပြီ ဖြစ်သည်။

ထို့နောက် ၎င်းသည် အကြီးအကျယ် တုန်လှုပ်သွားခဲ့ပြီး အထိတ်တလန့် ဖြစ်သွားတော့သည်။

'အဘယ်ကြောင့်ဆိုသော် သူသည် စာမဖတ်တတ်ကြောင်းကို ရုတ်တရက် သဘောပေါက်သွားသောကြောင့် ဖြစ်သည်'

'သူသည် စာမတတ်သူ တစ်ယောက် ဖြစ်နေခဲ့သည်‌လော'

'အဘယ်ကြောင့် ဥတစ်လုံးက စာမတတ်ရသနည်း'

'အဘယ်ကြောင့် ဥတစ်လုံး နားမလည်နိုင်သည့် အရာများ တည်ရှိနေရသနည်း'

တစ်ခဏအတွင်းမှာပင် ဥငယ်လေး၏ အခြေအနေတစ်ခုလုံးသည် ဆိုးရွားသွားခဲ့တော့သည်။

ဥ၏ကိုယ်ထည်ပေါ်ရှိ အရောင်သည်လည်း အဖြူရောင်မှ မှိုင်းညို့နေသော အပြာရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

'အားလုံး ပြီးဆုံးသွားခဲ့ပြီ' ဟု တွေးလိုက်မိပြီး ၎င်းအနေဖြင့် အစားခံရရန်အတွက် နောက်ထပ် အကြောင်းပြချက်တစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

'သို့သော် ငါ ဤအတိုင်း ဆက်လက်နေထိုင်သွား၍ မဖြစ်နိုင်ပေ' ဟု တွေးတောလိုက်၏။

ဥငယ်လေးသည် ရုတ်တရက် ခေါင်းကို ခါယမ်းလိုက်ပြီး သခင်ဖြစ်သူအား လှမ်းကြည့်လိုက်၏။

ထို့နောက် 'ငါ့ကိုယ် ငါ ကယ်တင်သင့်တယ်' ဟု တွေးတောလိုက်မိသည်။

ထိုအချိန်တွင် ကျန်းလင်သည် "ဝိညာဉ်သားရဲများ မွေးမြူ ရေး လက်စွဲ" စာအုပ်ကို ဖတ်ရှုနေစဉ် ရုတ်တရက် မစင်ရောင်ကဲ့သို့ ဝါကြင်ကြင် ဥတစ်လုံးက သူ၏ အရှေ့သို့ ခုန်ပေါက်ကာ ရောက်ရှိလာခဲ့သည်။

ထို့အပြင် ၎င်းသည် ဘယ်ညာ ယိမ်းနွဲ့ကာဖြင့် လှုပ်ရှားနေလေသည်။

ကျန်းလင်သည်လည်း နားမလည်နိုင်စွာဖြင့် ကြည့်ရှုနေမိ၏။

သူသည် ဥငယ်လေးအား လက်ဖြင့် အသာအယာ ဖယ်ရှားလိုက်ပြီးနောက် စာကိုသာ ဆက်လက် ဖတ်ရှုနေခဲ့၏။

ထို့ကြောင့် ဥငယ်လေး၏ စစ်ဆင်ရေးသည် ကျရှုံးသွားခဲ့ပြီ ဖြစ်သည်။

'ဘေးအိမ်မှ အိမ်မွေးတိရစ္ဆာန်များ ပြောဆိုသည်ကို ငါကြားဖူးခဲ့သည်မှာ သက်ရှိအများစုသည် မစင်ကို မစားကြပေ' ဟု တွေးမိသည်။

'သို့သော်လည်း သက်ရှိအများစုသည် မစင်ကို အလိုမရှိကြသည်မှာလည်း အမှန်ပင် ဖြစ်လိမ့်မည်' ဟု တွေးလိုက်သည်။

'ထင်ရှားသည်မှာ ငါ၏ သခင်ဖြစ်သူသည် ထိုသို့သော မစင်ကို အလိုမရှိသည့် လူစားမျိုးပင် ဖြစ်၏'

'ထို့ကြောင့် နောက်ထပ် စစ်ဆင်ရေး တစ်ခုကိုသာ စတင်ရပေတော့မည်' ဟု ၎င်းက ဆုံးဖြတ်လိုက်၏။

ခဏမျှ စဉ်းစားပြီးနောက် ဥငယ်လေး၏ ကိုယ်ထည်ပေါ်တွင် အရောင်ခုနစ်မျိုး ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

အရောင်အမျိုးမျိုး ရောယှက်သွားပြီးနောက် ၎င်း၏ ကိုယ် ထည်ပေါ်တွင် မြူခိုးများ အလျင်အမြန် ပေါ်ထွက်လာခဲ့သည်။

ဤမြူခိုးများသည် ယခင်အကြိမ်ကထက် ပိုမိုကြီးမားကာ ပိုမို သိပ်သည်းလျက် ရှိနေသည်။

ခဏအကြာတွင် 'ဖူး' ဟူသော အသံတစ်ခု ထွက်ပေါ်လာ၏။

ထိုအခါလက်သီးဆုပ်ခန့် အရွယ်အစားရှိသော နူးညံ့သည့် တိမ်တိုက်ငယ်တစ်ခုသည် ဥ၏ထိပ်ပိုင်းမှနေ၍ လွင့်မျောကာ ထွက်ပေါ်လာခဲ့၏။

၎င်းသည် အသည်းနှလုံး ပုံသဏ္ဍာန်ဖြင့် ကျန်းလင် ရှိရာဆီသို့ ပေါ့ပါးစွာ လွင့်မျောသွားလေသည်။

ဥငယ်လေးသည်လည်း မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်ရှုနေမိသည်။

ယခင်က ၎င်းအပြင်သို့ ပြေးထွက်သွားစဉ်က ဝိညာဉ်တမန်တော် နှစ်ယောက် ပြောဆိုနေကြသည်ကို ကြားခဲ့ရဖူးပြီး ဤသည်မှာ ချစ်ခင်နှစ်သက်မှုကို ဖော်ပြသည့် နည်းလမ်းတစ်ခု ဖြစ်သည်ဟု ဆိုကြသည်။

'သခင်ဖြစ်သူ အနေဖြင့် ၎င်းကို မြင်တွေ့ပြီးနောက် သူ၏ ရည်ရွယ်ချက်ကို နားလည်နိုင်လိမ့်မည်' ဟုသူ မျှော်လင့်နေမိ၏။

ထိုအသည်းနှလုံးပုံ တိမ်တိုက်ငယ်လေးသည် လေထဲတွင် တဖြည်းဖြည်း လွင့်မျောလျက် ရှိနေ၏။

သို့သော် ကျန်းလင်၏အရှေ့သို့ မရောက်မီမှာပင် သူ၏ ခန္ဓာကိုယ်မှ အလိုအလျောက် ထွက်ပေါ်လာသော ဝိညာဉ် အငွေ့အသက်များကြောင့် လွင့်စင် ပျောက်ကွယ်သွားခဲ့ရသည်။

'ဖွတ်' ဟူသော အသံတစ်ချက်နှင့်အတူ အရာအားလုံး ပျောက်ကွယ်သွားတော့သည်။

ဥငယ်လေးသည်လည်း လုံးဝ ဆွံ့အသွားခဲ့ရသည်။

'ငါ့ရဲ့နှလုံးသားလေး'

နောက်ဆုံးတွင် ဥငယ်လေးသည်စိတ်ဓာတ်ကျသွားပြီး သု၏ ကိုယ်ပေါ်ရှိ အရောင်ခုနစ်မျိုးသည် ပြောင်းလဲသွားပြီး နောက်ဆုံးတွင်တော့ ကျောက်ဆင်းတုကဲ့သို့ မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့တော့၏။

အချိန်မည်မျှကြာသွားသည်ကို မသိရသော်လည်း ကျန်းလင်၏ လက်ထဲရှိ စာအုပ်သည် နောက်တစ်အုပ်သို့ ပြောင်း လဲသွားခဲ့ပြီ ဖြစ်သည်။

ထိုအချိန်မှသာ ဥငယ်လေးသည် တဖြည်းဖြည်း သက်ပြင်းချနိုင်တော့သည်။

'သို့ဖြစ်လေရာ သူ့အနေဖြင့် နောက်ဆုံးပေါ် အစွမ်းကုန် နည်းလမ်းကိုသာ အသုံးပြုရပေတော့မည်' ဟု တွေးလိုက်သည်။

နောက်တစ်ခဏတွင် တောက်ပနေသော ရွှေရောင်ဥတစ်လုံးသည် ကျန်းလင်၏ အရှေ့ရှိ စာအုပ်ပေါ်သို့ ခုန်တက်သွားခဲ့၏။

၎င်းသည် တကယ့်ကို တောက်ပနေခြင်းပင် ဖြစ်သည်။

ထို့နောက် ဥငယ်လေးသည် ကျန်းလင်၏အရှေ့တွင် ခုန်ပေါက်နေပြီး 'သူ့ကို မြန်မြန်ကြည့်ပါ၊ ငါက တောက်ပနေသည်' ဟု ပြသနေလေသည်။

ကျန်းလင်သည် တိတ်ဆိတ်လျက် ရှိနေ၏။

ကျန်းလင်သည် သူ့ အရှေ့ရှိ ရွှေရောင်ဥငယ်လေးကို ကြည့်ရင်း နက်ရှိုင်းသော အတွေးများထဲသို့ နစ်မြုပ်သွားခဲ့၏။

'ဤဥငယ်လေးသည် ၎င်း၏မှန်ကန်သော အသုံးပြုပုံ နည်းလမ်းကို မိမိအား သတိပေးနေခြင်းလော' ဟု တွေးလိုက်သည်။

'ရွှေဥအဖြစ် အသုံးပြု၍ ရနိုင်မည်လော'

'အကယ်၍ ဤရွှေဥကို အကောင်ပေါက်စေမည် ဆိုပါက နောက်ထပ် ရွှေဥများစွာ ဥပေးနိုင်မည်လော'

'ဥမှ သားရဲဖြစ်လာပြီး သားရဲမှ ဥပြန်ဥမည် ဆိုပါက ဥများနှင့် သားရဲများသည် အဆုံးမရှိ များပြားလာနိုင်ပေသည်' ဟု တွေးလိုက်သည်။

'သို့သော် ခဏစောင့်ပါဦး'

အရေးကြီးသော အချိန်တွင် ကျန်းလင်၏အတွေးများသည် ရပ်တန့်သွားခဲ့သည်။

သူသည် ဝိညာဉ်သားရဲများ မွေးမြူရေး လက်စွဲစာအုပ်ရှိ အပိုဒ်ဆယ့်နှစ်ကို ပြန်လည် စဉ်းစားလိုက်၏။

သင့်လျော်သော ဖျော်ဖြေမှုနှင့် အဖော်ပြုပေးခြင်းသည် ဝိညာဉ်သားရဲများ၏ အသက်ရှင်သန်မှု နှုန်းကို တိုးမြင့်စေနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပေ၏။

ထို့အပြင် သခင်နှင့် ဝိညာဉ်သားရဲ အကြားရှိ ရင်းနှီးကျွမ်းဝင်မှုနှင့် သဘောကျမှုကိုလည်း တိုးပွားစေနိုင်သည်။

'ထို့ကြောင့် ဤဥငယ်လေးသည် ကစားချင်နေခြင်းလော' ဟု တွေးလိုက်သည်။

'သို့သော် ဥတစ်လုံးနှင့် မည်ကဲ့သို့ ကစားရမည်နည်း'

ကျန်းလင်သည် တိတ်ဆိတ်စွာဖြင့် လက်ကို ဆန့်ထုတ်လိုက်ပြီး ရွှေဥကို ကောက်ယူကာ ဘေးသို့ ချထားလိုက်သည်။

ခဏမျှ စဉ်းစားပြီးနောက် လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ကာ ရွှေဥကို ညင်သာစွာ ခေါက်ထုတ်လိုက်၏။

ထိုသို့ အခေါက်ခံလိုက်ရသဖြင့် ဥငယ်လေးသည် လွင့်ပျံသွားပြီး ခရိုင် (၁၈) နန်းဆောင်၏ တံခါးဝသို့ ရောက်ရှိသွားတော့၏။

'သူသည် လုံးဝ စွန့်ပစ်ခံလိုက်ရခြင်းလော'

'သခင်ဖြစ်သူသည် သူ့ကို စားရန်ပင် အလိုမရှိတော့သည်လော' ဟုပင် ၎င်းက တွေးတောမိသည်။

ဥငယ်လေး၏ကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး ကျောက်ဆင်းတုကဲ့သို့ အေးခဲသွားတော့သည်။

ဤအချိန်မှစ၍ ဥငယ်လေးတစ်လုံးသည် ၎င်း၏တောက်ပမှုများကို ဆုံးရှုံးသွားခဲ့တော့သည်။

ခရိုင် (၁၈) နန်းဆောင်၏ တံခါးဝတွင် တံခါးစောင့် သရဲများသည် နားမလည်နိုင်စွာဖြင့် ကြည့်ရှုနေကြ၏။

သူတို့သည် အရှေ့ရှိ ဥငယ်လေးကို တစ်လှည့် နန်းဆောင်အတွင်းသို့ တစ်လှည့် ကြည့်ရှုလိုက်ကြ၏။

ဝိညာဉ်တမန်တော် ဝတ်စုံကို ဝတ်ဆင်ထားပြီး စာကြည့်စားပွဲရှေ့တွင် မတ်မတ် ထိုင်နေသော အဖွဲ့မှူးကြီးကျန်းလင်သည် စာအုပ်တစ်အုပ်ကို လက်တွင် ကိုင်ဆောင်ထားကာ အလေးအနက် ဖတ်ရှုနေသည်ကိုသာ မြင်တွေ့လိုက်ရသည်။

အခန်းတစ်ခုလုံးသည်လည်း အလွန် တိတ်ဆိတ်လျက် ရှိနေသည်။

'သို့ဆိုလျှင် စောစောက မည်သည့်အရာများ ဖြစ်ပျက်သွားခဲ့သနည်း' ဟု တံခါးစောင့်များက တွေးလိုက်ကြသည်။

'သူတို့အနေဖြင့် တစ်ခုခု ပြုလုပ်ပေးသင့်သလော'

'ဥပမာအားဖြင့် ဤဥကို ကောက်ယူပေးရမည်လော သို့မဟုတ် ဤဥကို အဝေးသို့ လွှင့်ပစ်လိုက်ရမည်လော'

ခရိုင် (၁၈) နန်းဆောင်အတွင်း၌ နောက်ဆုံးတွင်တော့ ကျန်းလင်သည် စာအုပ်ကို ပိတ်လိုက်၏။

ငှားရမ်းလာခဲ့သော စာအုပ်လေးအုပ်စလုံးကို သူ ဖတ်ရှုပြီးစီးလုနီးပါး ဖြစ်နေပြီ ဖြစ်၏။

"ဥဘဝမှစတင်၍ မွေးရာပါ စွမ်းရည်များကို လေ့ကျင့်ပျိုးထောင်ခြင်း" စာအုပ်အရ ဥဘဝမှ စတင်ကာ လေ့ကျင့်ပျိုးထောင်မှုများကို အပြည့်အဝ ပြုလုပ်နိုင်ကြောင်း သိရှိရပေသည်။

ထို့အပြင် ထိုကဲ့သို့ ပျိုးထောင်ထားသော ဝိညာဉ်သားရဲများသည် ဥခွံထဲမှ ထွက်ပေါ်လာပြီးနောက် အခြားသော တူညီသည့် ဝိညာဉ်သားရဲများထက် ပိုမို အားသာချက်များ ရှိလာနိုင်ပြီး ကျင့်ကြံရာတွင်လည်း ပိုမို အစွမ်းထက်လာနိုင်ပေသည်။

ကျန်းလင်သည် ဤဥငယ်လေး အနေဖြင့် ထိုမျှလောက် အစွမ်းထက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

'သို့သော် ငါ သဘောပေါက်သွားသည့် အရာတစ်ခု ရှိသည်၊ ၎င်းမှာ သိုင်းပညာတတ်ကျွမ်းသော ဥတစ်လုံးဖြစ်လာနိုင်ခြေ ရှိနေခြင်းပင် ဖြစ်သည်' ဟု တွေးတောလိုက်သည်။

ကျန်းလင်သည် နန်းဆောင်အတွင်း တစ်ပတ်လှည့်လည် ရှာဖွေလိုက်ပြီး နောက်ဆုံးတွင်တော့ ထောင့်တစ်နေရာ၌ စိတ်ဓာတ်ကျနေသော ဥငယ်လေးကို တွေ့ရှိသွားခဲ့၏။

ဥ၏ကိုယ်ထည်တစ်ခုလုံးသည် မီးခိုးရောင်များ ဖုံးလွှမ်းနေပြီး ဆေးရောင်ကျွတ်နေသကဲ့သို့ ဖြစ်နေ၏။

ထိုမြင်ကွင်းကို ကြည့်ရင်း ကျန်းလင်သည် ဥကို မှားယွင်းစွာ ရှာတွေ့ခဲ့သည်ဟုပင် ထင်မှတ်သွားမိသည်။

ထိုအချိန်တွင် သန့်ရှင်းရေး သရဲတစ်ကောင်သည်လည်း ဘေးဘက် နံရံထဲမှ ထွက်ပေါ်လာခဲ့သည်။

'ဟူး ဟူး' ဟူသော အသံဖြင့် ၎င်းသည် ဥငယ်လေး၏ ကိုယ်ပေါ်သို့ လွင့်ပျံသွားကာ ဥတစ်ခုလုံးကို ရစ်ပတ်ပြီး သေချာစွာ သန့်ရှင်းရေး ပြုလုပ်ပေးလေသည်။

အချိန်အနည်းငယ် ကြာပြီးနောက် ဖုန်မှုန့်များ ကင်းစင်နေသည့် မီးခိုးရောင် ဥတစ်လုံးကို ကျန်းလင်ထံသို့ ပြန်လည် ပေးအပ်လိုက်၏။

သန့်ရှင်းရေးပြုလုပ်ပြီးနောက် သန့်ရှင်းရေးသရဲသည် အခြားနေရာသို့ ပြန်လည်လွင့်မျောသွားခဲ့၏။

ကျန်းလင်သည် ဥ၏ကိုယ်ပေါ်ရှိ အရောင်ကို ဂရုမစိုက်တော့ဘဲ ကောက်ယူကာ စာကြည့်စားပွဲပေါ်သို့ ပြန်လည် တင်ထားလိုက်သည်။

သူသည် "ဥဘဝမှစတင်၍ မွေးရာပါ စွမ်းရည်များကို လေ့ကျင့်ပျိုးထောင်ခြင်း" စာအုပ်ကို ဖွင့်လှစ်လိုက်သည်။

ထို့နောက် ဥငယ်လေးအား ဥဘဝမှစတင်၍လေ့ကျင့်ပျိုးထောင်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းပြလိုက်ပြီး နောက်ဆုံးတွင် အနှစ်ချုပ်ကာ ပြောဆိုလိုက်သည်။

"ဒီနေ့ကစပြီး မင်းကို သိုင်းပညာ သင်ပေးမယ်"

'ပျိုးထောင်မည်လော'

'သိုင်းပညာ သင်ယူရမည်လော'

စိတ်ဓာတ်ကျနေသော ဥငယ်လေးသည် ခေါင်းကို မော့ကြည့်လိုက်ပြီး ၎င်း၏ စိတ်ထဲတွင် အနည်းငယ် တွေဝေသွားခဲ့၏။

'သူ့ကဲ့သို့ ဥတစ်လုံး အနေဖြင့် မည်သည့် သိုင်းပညာကို သင်ယူရမည်နည်း' ဟု တွေးလိုက်၏။

ဥငယ်လေးသည် မည်သို့ ပြုလုပ်ရမည်ကို မသိအောင် ဖြစ်သွားခဲ့ရသည်။

သို့သော် သခင်ဖြစ်သူ၏ အလေးအနက်ဖြစ်နေသော မျက်နှာကို ကြည့်ရင်း ၎င်းရုတ်တရက် သဘောပေါက်သွားခဲ့သည်။

'သူ့အနေဖြင့် စွန့်ပစ်ခံရတော့မည် မဟုတ်သကဲ့သို့ အစားခံရတော့မည်လည်း မဟုတ်ပေ'

'သိုင်းပညာ သင်ယူရန်ဆိုသည်ကို သူ ပြုလုပ်နိုင်ပေသည်'

ဥငယ်လေးသည် ခေါင်းကို ဆက်တိုက် ညိတ်ပြလိုက်ပြီး စာကြည့်စားပွဲပေါ်တွင် ပျော်ရွှင်စွာ ခုန်ပေါက်နေလေ၏။

ဥ၏ကိုယ်ပေါ်ရှိ အရောင်သည်လည်း ဤအခိုက်အတန့်တွင် အသစ်တဖန် ပြောင်းလဲသွားပြီး တောက်ပသော အဝါရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

'သခင်ဖြစ်သူ ပြောသည့်အရာ အားလုံးကို နာခံမည်သာ ဖြစ်သည်‌လေ'

'သူ့ကဲ့သို့ ဥတစ်လုံး အနေဖြင့်လည်း အသက်ရှင်သန်ရန် လိုအပ်ပေသည်'

'သိုင်းပညာ သင်ယူရမည် ဖြစ်စေ၊ ပညာတတ် ဥတစ်လုံး ဖြစ်လာရန် ပြုလုပ်ရမည် ဖြစ်စေ မည်သည့် ပြဿနာမှ မရှိနိုင်ချေ' ဟု တွေးတောလိုက်သည်။

ကျန်းလင်သည် ခေါင်းညိတ်လိုက်ပြီး ၎င်း၏ စိတ်ထားမှာ မဆိုးလှကြောင်း တွေးတောလိုက်၏။

"ဒါဆိုရင် ငါတို့ အခြေခံအကျဆုံးဖြစ်တဲ့ မြင်းထိုင််ဟန်ကနေ စတင်ကြတာပေါ့"

'မြင်းထိုင်ဟန်လော'

ကျန်းလင်၏ သရုပ်ပြသမှု အောက်တွင် ဥငယ်လေးသည် ချက်ချင်း သဘောပေါက်သွားပြီးနောက် အတူတကွ လိုက်လံ သင်ယူလေတော့၏။

ယနေ့မှစတင်၍ ၎င်း၏သိုင်းပညာ လမ်းစဉ်ကို စတင်လိုက်ပြီ ဖြစ်သည်။

ကျန်းလင်သည် ဘေးမှနေ၍ ကြည့်ရှုနေပြီး ဆရာတစ်ယောက်က မိမိ၏တပည့် ကိုယ်ဟန်အနေအထား မှန်ကန်မှု ရှိမရှိ စစ်ဆေးနေသကဲ့သို့ပင် ဖြစ်ပေသည်။

"သိုင်းပညာ သင်ယူတဲ့ နေရာမှာ အရေးအကြီးဆုံးက ဇွဲရှိဖို့ပဲ" ဟု ကျန်းလင်က ပြောလိုက်သည်။

ဥငယ်လေး၏ ကိုယ်ပေါ်ရှိ ရွှေရောင်အလင်းတန်းများသည် တစ်ချက်လက်သွားပြီး တုံ့ပြန်လိုက်သကဲ့သို့ပင် ဖြစ်၏။

အလေးအနက် ပြုလုပ်နေသော ဥငယ်လေးကို ကြည့်ရင်း ကျန်းလင်၏စိတ်ကူးထဲတွင် ဥတစ်လုံးက ဟိုဘက်ဒီဘက် ခုန်ပေါက်ကာ သရဲတစ္ဆေများကို တိုက်ခိုက်နေသည့် မြင်ကွင်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့၏။

'ထိုမြင်ကွင်းသည် အလွန်ပင် သွက်လက်ကြွရွနေမည်မှာ သေချာပေသည်။'

'အရောင်ခုနစ်မျိုး အလင်းတန်းများကိုပါ ယူဆောင်လာနိုင်မည်လော' ဟု သူက တွေးလိုက်သည်။

ခရိုင် (၁၈) နန်းဆောင်၏တံခါးဝတွင် တံခါးစောင့် သရဲများ သည်လည်း အတွင်းဘက်သို့ တိတ်တဆိတ်လှမ်းကြည့်လိုက်ကြသည်။

စာကြည့်စားပွဲပေါ်တွင် မလှုပ်မယှက် ရပ်တည်နေသော လိမ္မော်ဝါရောင် ဥတစ်လုံးကို မြင်တွေ့လိုက်ရ၏။

ဘေးဘက်တွင်မူ သူတို့၏ တပ်ဖွဲ့ (၁၈) အဖွဲ့မှူးကြီးသည် တစ်ဖက်မှနေ၍ အလေးအနက် ကြည့်ရှုလျက် ရှိနေ၏။

ထိုအခါ တံခါးစောင့် သရဲများသည် နားမလည်နိုင် ဖြစ်သွားကြပြန်သည်။

'၎င်းတို့သည် မည်သည့်အရာကို ပြုလုပ်နေကြခြင်းနည်း'

'သို့သော် နှစ်သစ်ကူးချိန် ရောက်ရှိလာတော့မည် ဖြစ်၏'

'ထို့‌ကြောင့်သူတို့အနေဖြင့် ခရိုင် (၁၈) နန်းဆောင်ကို အလှဆင်သင့်သလော' ဟု တွေးတောလိုက်ကြတော့သည်။

🫧 Chapter 188

ယနေ့တွင် ကျန်းလင်သည် အရောင်ခုနစ်မျိုးဥငယ်လေးအား အလုပ်တာဝန်များ ပေးအပ်ပြီးနောက် အပြင်သို့ ထွက်လာခဲ့၏။

ထို့နောက်သရဲဈေးတန်းဆီသို့ တောက်လျှောက် လျှောက်သွားလိုက်သည်။

ယနေ့သည် သူက ရွှီရှိူ့စစ်တို့ မိသားစုအား ထမင်းဖိတ်ကျွေးရမည့်နေ့ ဖြစ်၏။

ကျန်းလင် ရောက်ရှိသွားချိန်တွင် ရွှီရှိူ့စစ်တို့ မိသားစုရောက်မလာသေးပေ။

နှစ်သစ်ကူးချိန် နီးကပ်လာသည်နှင့်အမျှ သရဲဈေးတန်း၏ လေထုသည်လည်း ပိုမိုစည်ကားသက်ဝင်လာခဲ့သည်။

လမ်းတစ်လျှောက်ရှိ ဆိုင်ခန်းများသည် တံခါးများ အပြည့် အဝဖွင့်လှစ်ထားပြီး တံခါးဘေးတွင် အနီရောင် မီးပုံးများ ချိတ်ဆွဲထားကာ ဆိုင်ရှင်များ၏မျက်နှာပေါ်တွင်လည်း ကြည့်ကောင်းစေရန် ပါးနီများခြယ်သထားကြ၏။

ကြည့်ရသည်မှာ တမူထူးခြားသော စိတ်ဝင်စားဖွယ်ရာဖြစ်နေပေသည်။

"နှစ်သစ်ကူးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေ အကုန် လုံး ဒီမှာလာဝယ်ကြပါ"

"လာကြည့်ကြပါဦး၊ နောက်ဆုံးပေါ် အဝတ်အစားတွေ၊ ဆံထုံးအလှဆင် ပစ္စည်းတွေနဲ့ မိတ်ကပ်တွေ ရှိပါတယ်"

"ကိုးရာကိုးဆယ့်ရှစ်ကျပ် မလိုတော့ပါဘူး၊ ကိုးရာကိုးဆယ့်ရှစ်ကျပ် မလိုတော့ပါဘူး၊ နှစ်သစ်ကူး အထူးအစီအစဉ်အနေနဲ့ တစ်ခုဝယ် တစ်ခုလက်ဆောင်ပါ"

လမ်းမပေါ်တွင် သွားလာနေကြသော သရဲတစ္ဆေများသည် အုပ်စုလိုက် သွားလာနေကြခြင်း မဟုတ်လျှင် လက်ထဲတွင် နှစ်သစ်ကူး ဈေးဝယ်အိတ်ကြီးများကို ဆွဲကိုင်ထားကြ၏။

သိကျွမ်းသော သရဲများကိုမြင်တွေ့ရပါက အဝေးမှနေ၍ နှုတ်ဆက်ကြလေသည်။

"ဟေး၊ မင်း ဘယ်လိုဖြစ်ပြီး ပြန်ရောက်နေတာလဲ"

"ဒါက နှစ်သစ်ကူးဖို့ ပြန်လာတာလေ"

အခြား သရဲတစ်ကောင်သည်လည်း လက်ထဲတွင် ပစ္စည်းအိတ်ကြီး တစ်အိတ်ကို ဆွဲကိုင်ထားရင်း "တစ်နှစ်လုံး ပြန်မလာဖြစ်ဘူးလေ" ဟု ပြောလိုက်၏။

"မင်း အလုပ်က တော်တော်လေးအလုပ်များတာပဲ၊ ပြန်လာရခဲတော့ အချိန်တစ်ခုရှာပြီး တစ်ခွက်လောက် သောက်ကြမလား"

"ဒါ သိပ်ကောင်းတာပေါ့"

ကျန်းလင်သည်လည်း စားသောက်ဆိုင်တံခါးဝတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရန်မလိုလိုက်ဘဲ သရဲသုံးကောင် အတူတကွ လျှောက်လာသည်ကို မြင်တွေ့လိုက်ရသည်။

၎င်းတို့မှာ ရွှီရှိူ့စစ်၊ သူ့ဇနီး ရွှီကျောင်းနှင့် သားဖြစ်သူ ရွှီကုစစ်တို့ပင် ဖြစ်၏။

ရွှီရှိူ့စစ်၏ 'ရှိူ့စစ်' ဟူသောအမည်ကို သီးသန့်ကြည့်မည်ဆိုပါက ၎င်းသည် စားသုံး၍ရသော အပင်တစ်မျိုးဖြစ်ပြီး ၎င်း၏အစေ့မှာ အဝါနုရောင်ရှိကာ အခွံခွာပြီးနောက်တွင် အဝါရောင်ဆန်ဟု ခေါ်ဆိုလေ့ရှိကြသည်။

ရွှီကူစစ်၏အမည်နှင့် ပတ်သက်၍ ရွှီရှိူ့စစ်က ပြောဆိုဖူးသည်မှာ "ရိုးရှင်းပြီး နားလည်ရ လွယ်ကူတယ်၊ နည်းနည်းလေး ပိုပြီး ကြီးကျယ်ခမ်းနားအောင် စဉ်းစားကြည့်မယ်ဆိုရင် ကောက်ပဲသီးနှံ ငါးမျိုး အထွက်တိုးတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး မဟုတ်ဘူးလား" ဟူ၍ ဖြစ်၏။

ထိုအခါရွှီရှိူ့စစ်က အနီးသို့ လျှောက်လာရင်း "ဒီလောက်စောစော ရောက်နေတာလား" ဟု ပြုံးကာ မေးလိုက်သည်။

ကျန်းလင်မျက်နှာပေါ်တွင်လည်း အပြုံးရိပ်တစ်ခု ပေါ်လာခဲ့ပြီး "ရောက်တာ ခဏပဲ ရှိပါသေးတယ်" ဟု ပြန်ဖြေလိုက်၏။

သူသည် ရွှီကျောင်းနှင့် ရွှီကူစစ်တို့အားကြည့်ကာ "အစ်မမရီး၊ ကူစစ်လေး" ဟု နှုတ်ဆက်လိုက်သည်။

ရွှီကျောင်းကလည်း ပြုံးပြကာ ခေါင်းညိတ်ပြလေ၏။

ရွှီကုစစ်ကိုကြည့်ရသည်မှာ ဆယ်နှစ်ဝန်းကျင်ခန့်သာ ရှိသေးပြီး အရပ်ရှည်ကာ ပိန်သွယ်လျက်ရှိပြီး ဆံပင်များကို နောက်စေ့တွင် အထုံးသေးသေးလေးထုံးထားကာ မျက်ခုံးနှင့် မျက်လုံးများသည် ရွှီရှိူ့စစ်နှင့် အနည်းငယ်ဆင်တူလေသည်။

မျက်ခုံးထူထူနှင့် မျက်လုံးပြူးပြူး ရှိကာ ကြည့်ရသည်မှာ အလွန် တက်ကြွလန်းဆန်းနေပေသည်။

ယခုအခါ ရွှီကုစစ်သည်လည်း အလုပ်သင် ဝိညာဉ်တမန်တော် ဘဝမှ အတည်ပြုဝိညာဉ်တမန်တော် အဖြစ်သို့ ရောက်ရှိတော့မည် ဖြစ်သဖြင့် ကြည့်ရသည်မှာ ပိုမိုရင့်ကျက်လာသကဲ့သို့ ရှိပေ၏။

သူသည် ကျန်းလင်ကိုမြင်သောအခါ အလွန်ဝမ်းသာသွားပြီး "ဦးလေးကျန်း မင်္ဂလာပါ" ဟု နှုတ်ဆက်လိုက်သည်။

"အရင် ဝင်ထိုင်ကြရအောင်" ကျန်းလင် အားလုံးကို စားသောက်ဆိုင် အတွင်းသို့ဝင်ရန် ဖိတ်ခေါ်လိုက်၏။

ထိုအခါရွှီရှိူ့စစ် နောက်ပြောင်လိုက်ကာ "တကယ်ပဲ သရဲဈေးတန်းမှာ အကြီးဆုံးစားသောက်ဆိုင်ကြီးပဲ၊ မင်း ဒီတစ်ခေါက်တော့ ပိုက်ဆံတွေ အများကြီးကုန်တော့မှာပဲ" ဟု ပြောလေသည်။

ပြီးလျှင်သီးသန့်ခန်းအတွင်းသို့ ဝင်ရောက် ထိုင်လိုက်ကြပြီးနောက် ဟင်းလျာများကို စတင် မှာယူကြ၏။

ထို့နောက်ကျန်းလင်က ဟင်းလျာစာရင်းကို ရွှီကျောင်းထံသို့ ကမ်းပေးလိုက်ပြီး သူမကို အရင်မှာယူစေသည်။

ရွှီကျောင်း ပြုံးလိုက်ပြီး ငြင်းဆန်ခြင်းမရှိပေ။

သူမသည် ဟင်းလျာစာရင်းကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းလင်နှင့် ရွှီရှိူ့စစ်တို့ နှစ်သက်သော ဟင်းလျာ အချို့ကို အရင်မှာယူလိုက်၏။

ထို့နောက် သူမကိုယ်တိုင်အတွက် တစ်ပွဲရွေးချယ်လိုက်ပြီး ဟင်းလျာစာရင်းကို သားဖြစ်သူထံသို့ ကမ်းပေးလိုက်သည်။

ဟင်းလျာစာရင်းသည် သရဲတိုင်း၏လက်ထဲတွင် တစ်ပတ် လှည့်ပတ်သွားခဲ့၏။

ကျန်းလင်ထံသို့ ရောက်ရှိလာချိန်တွင် သူက တစ်ချက်ကြည့်လိုက်ရာ ၎င်းတို့ ရွေးချယ်ထားသော ဟင်းလျာ အများစုမှာ ဈေးနှုန်း သက်သာသော အရာများဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

သူသည် ဘာမျှမပြောဘဲ ဆိုင်၏နာမည်ကြီး ဟင်းလျာအချို့ကို ထပ်မံရွေးချယ်လိုက်ပြီးမှ စားပွဲထိုးထံသို့ ပေးအပ်လိုက်၏။

ဟင်းလျာများကို စောင့်ဆိုင်းနေစဉ် ကျန်းလင်နှင့် ရွှီရှိူ့စစ်တို့သည် အေးဆေးစွာ စကားစမြည်ပြောဆိုနေကြသည်။

ဤကဲ့သို့ ထမင်းစားဝိုင်းမျိုးတွင် ကျန်းလင်နှင့် ရွှီရှိူ့စစ်တို့ အကြောင်းကိုသာ သီးသန့် ပြောဆိုနေ၍ မရနိုင်ပေ။

ရွှီကျောင်းက မကြာသေးမီက နှစ်သစ်ကူး ဈေးဝယ်ခဲ့သည့် ကိစ္စများကို ထုတ်ဖော်ပြောဆိုလာပြီး ကျန်းလင်အားပြောလိုက်၏။

"လောလောဆယ် နှစ်သစ်ကူး ပစ္စည်းတွေ အကုန်လုံး နီးပါး ဝယ်ပြီးသွားပြီ၊ နောက်နှစ်ရက်လောက်နေရင် ကုစစ်လေးကို ယူလာပေးခိုင်းလိုက်မယ်၊ မင်းဘက်က ဘယ်အချိန်လောက် အဆင်ပြေမလဲ"

ကျန်းလင်သည် နှစ်သစ်ကူးနှင့် ပွဲတော်ရက်များတွင် ထိုကဲ့သို့သော အရာများကိုပြင်ဆင်လေ့ သိပ်မရှိပေ။

သူ တစ်ယောက်တည်း ဖြစ်သဖြင့် ပြင်ဆင်စရာ သိပ်မရှိချေ။

နှစ်သစ်ကူးချိန်တွင်လည်း သူတစ်ဦးတည်း အေးအေးဆေး ဆေးသာ နေထိုင်လေ့ရှိ၏။

အစပိုင်းက ရွှီရှိူ့စစ်သည် ကျန်းလင်အား သူ၏အိမ်သို့ လာရောက်၍ နှစ်သစ်ကူးရန် ခေါ်ဆောင်လိုခဲ့သည်။

နောက်ပိုင်းတွင် ကျန်းလင်က ထိုနေ့များ၌ အနှောင့်အယှက် မပေးလိုကြောင်းတွေ့ရှိရပြီး နှစ်သစ်ကူးပြီးမှသာ လာရောက်လေ့ရှိ၏။

ရွှီရှိူ့စစ်အတွက်မူ အနှောင့်အယှက်ဖြစ်ခြင်း မဖြစ်ခြင်းဟူသော ကိစ္စမျိုးမရှိပေ။

သို့သော် ကျန်းလင်က မလာသောအခါ သူလည်း အတင်းအ ကျပ်မတိုက်တွန်းတော့ချေ။

သူ့ ထိုညီအစ်ကိုသည် ပုံမှန်အားဖြင့် ကြည့်ရသည်မှာ အလွန် ကောင်းမွန်သော်လည်း အချိန်ကြာမြင့်စွာ ပေါင်းသင်းကြည့်ပါက ကျန်းလင်သည် တကယ်တမ်းတွင် နေ့စဉ်ဘဝကို ကောင်းစွာ ဖြတ်သန်းတတ်သူမဟုတ်ကြောင်း တွေ့ရှိရပေမည်။

ဥပမာအားဖြင့် ကျန်းလင်၏အိမ်ကို ကြည့်မည်ဆိုပါက အလုပ်နှင့် နေ့စဉ် လိုအပ်သော အရာများမှလွဲ၍ ဘာမျှမရှိချေ။

ဝင်သွားသည့် အချိန်တွင် မည်သို့ရှိသည်ဖြစ်စေ ထွက်ခွာလာချိန်တွင်လည်း ထိုအိမ်လေးသည် ထိုအတိုင်းပင်ရှိနေလေ၏။

'ဒါကို ဘယ်လို ပြောရမလဲကွာ' ဟု သူက တွေးတောမိသည်။

ဥပမာ သူ၏အိမ်တွင်ဆိုလျှင် ရွှီကျောင်းသည် ပုံမှန်အားဖြင့် ပန်းအနည်းငယ်ကို ရှာဖွေကာ ပန်းအိုးထဲတွင် ထိုးထားပြီး စားပွဲပေါ်တွင် အလှဆင်လေ့ ရှိသည်။

ပုံမှန်နေ့ရက်များတွင် သူတို့အိမ်၌ ပရိဘောဂများနှင့် အဝတ် အစားများကိုလည်း ထပ်မံဖြည့်တင်းလေ့ ရှိကြ၏။

'ဘာမှမဟုတ်ဘူးလို့ ပြောလို့ရပေမယ့် အနည်းဆုံးတော့ အသက်ဝင်တဲ့ နေ့စဉ်ဘဝရဲ့ အရသာလေးတော့ ရှိနေတယ် မဟုတ်လား' ဟု သူက ဆက်တွေးလိုက်သည်။

သို့သော် ကျန်းလင်ကမူ ထိုသို့မဟုတ်ပေ။

'သူက တကယ်ပဲ ဒီဟာတွေကို မလိုအပ်ဘူးလို့ ထင်နေတာလား၊ ဒါမှမဟုတ် သူ့ကို ဦးဆောင်ပြီးသွားလုပ်ပေးမယ့်သူ မရှိလို့များလား' ဟု ရွှီရှိူ့စစ်က အတွေးပွားနေမိ၏။

ပုံမှန်အားဖြင့် အလုပ်လုပ်ခြင်းမှလွဲ၍ အခြေခံအားဖြင့် ကျင့်ကြံခြင်းနှင့် ကျင့်ကြံခြင်းသာ ရှိလေသည်။

အိမ်ထဲရှိပရိဘောဂများသည် အခြေခံအားဖြင့် ထိုပစ္စည်း အနည်းငယ်သာ ရှိပြီး အဝတ်အစားများကလည်း ထိုအဝတ် အစား အနည်းငယ်သာ ဖြစ်၏။

နောက်ပိုင်းတွင် ရွှီကျောင်းသည် ရွှီရှိူ့စစ်၏စကားများကို ကြားရပြီးနောက် နှစ်စဉ် နှစ်သစ်ကူးချိန်တိုင်း နှစ်သစ်ကူး ပစ္စည်းများကို တစ်စုံပိုဝယ်ကာ ကူစစ်လေးကို ယူသွားခိုင်းရန်ပြောဆိုခဲ့သည်။

'ဘာပဲဖြစ်ဖြစ်ကွာ၊ နှစ်သစ်ကူးပွဲတော်ရဲ့ အရသာလေးတော့ ခံစားစေချင်တယ်လေ' ဟု ၎င်းက တွေးလိုက်သည်။

ကျန်းလင်သည် အစပိုင်းတွင် လက်မခံခဲ့သော်လည်း ကုစစ်လေးသည် လာရောက်တိုင်း ပစ္စည်းများကိုချထားပြီးနောက် ချက်ချင်းထွက်ပြေးလေ့ ရှိသည်။

ထို့နောက်တွင် ကျန်းလင်သည်လည်း မည်သည့်အရာကိုမျှ ထပ်မံ မပြောဆိုတော့ဘဲ တိတ်ဆိတ်စွာဖြင့်သာ မှတ်သားထားလိုက်၏။

လက်ဆောင်ပစ္စည်း သေးငယ်သော်လည်း မေတ္တာတရား ကြီးမားသည်ဆိုသည်မှာ ဤသို့ပင် ဖြစ်ပေလိမ့်မည်။

ရွှီကျောင်းက ယခုအချိန်တွင် ဤသို့ မေးမြန်းရခြင်းမှာလည်း မကြာသေးမီက ကျန်းလင် နေရာပြောင်းရွှေ့သွားကြောင်းကို ရွှီရှိူ့စစ် ပြောပြထားသောကြောင့် ဖြစ်၏။

ထို့အပြင် အဖွဲ့မှူးကြီး တစ်ယောက်လည်းဖြစ်လာသော ကြောင့် အဖွဲ့သားများနှင့် အလုပ်လွှဲပြောင်းမှုများကို မကြာခဏ ပြုလုပ်ရမည် ဖြစ်သည်။

ကျန်းလင်က ပြုံးကာ "အဆင်မပြေတာ ဘာမှမရှိပါဘူး၊ အချိန်ကျရင် ကုစစ်လေးလာတဲ့အခါ တံခါးဝက သရဲကို တစ်ခွန်းလောက် ပြောလိုက်ရင် ရပါပြီ" ဟု ပြောလိုက်၏။

"ဒါနဲ့ ကုစစ်လေးက မကြာခင် အတည်ပြု ဝိညာဉ်တမန်တော် ဖြစ်တော့မှာ မဟုတ်လား"

ကျန်းလင်သည် ကူစစ်လေးကိုကြည့်ကာ "နောက်ပိုင်း ဘာလုပ်မယ်ဆိုတာ သေချာသွားပြီလား" ဟု မေးလိုက်သည်။

အလုပ်သင် ဝိညာဉ်တမန်တော်များကို နေရာချထားမှုသည် အလုပ်သင်ဌာနမှ အဖွဲ့မှူးက အလုပ်သင် ဝိညာဉ်တမန်တော်များ၏ဘက်စုံ စွမ်းဆောင်ရည်နှင့် စွမ်းရည်များကို အခြေ ခံ၍ ၎င်းတို့အနေဖြင့် မည်သည့် အလုပ်များကိုလုပ်ဆောင်နိုင်ကြောင်း ဆုံးဖြတ်ပေးခြင်းဖြစ်၏။

ထို့နောက် အလုပ်သင် ဝိညာဉ်တမန်တော်များက ထိုအလုပ် များထဲမှနေ၍ ရွေးချယ်ကြရလေသည်။

တပ်ဖွဲ့ ၁၈ မှ လီရှောင်းသည်လည်း ထိုစဉ်က အကြောင်းရင်း အချို့ကြောင့် အလုပ်သင်ဌာန၏အဖွဲ့မှူးက အမည်းရောင်ဝိညာဉ်တမန်တော်အဖြစ် လုပ်ဆောင်ရန် မသင့်တော်ဟု ယူဆခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် အဖြူရောင်ဝိညာဉ်တမန်တော် ရာထူးသို့ နေရာချထားခံခဲ့ရ၏။

ရွှီကူစစ်က ဟီးဟီးဟု ရယ်မောလိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာဖြင့် "နှစ်သစ်ကူးပြီးရင် သေချာသွားမယ်လို့ပြောပါတယ်" ဟု ဖြေလိုက်သည်။

"ကျွန်တော် ချိတ်ပိတ်တဲ့အလုပ်ကို စမ်းလုပ်ကြည့်ချင်တယ်၊ အဲဒီလိုမှ မဟုတ်ရင်လည်း ထောက်ပံ့ရေးတပ်ဖွဲ့ပေါ့၊ ဒါပေမယ့် အဆင်ပြေနိုင်မလား ဆိုတာတော့ မသိသေးပါဘူး"

ထောက်ပံ့ရေးတပ်ဖွဲ့သည် နောက်တန်းတွင် အလုပ်လုပ်ရသည် မှန်သော်လည်း ပါဝင်သော အမျိုးအစားများမှာ မနည်းလှပေ။

စိုက်ပျိုးရေးဘက်ဆိုင်ရာ၊ ဆောက်လုပ်ရေးဘက်ဆိုင်ရာ၊ ပြုပြင်ထိန်းသိမ်းရေးဘက်ဆိုင်ရာ စသည်ဖြင့် ရှိကြ၏။

ဤအလုပ်အကိုင်များသည် သာမန်ဟု ထင်ရသော်လည်း မြေအောက်ကမ္ဘာတွင် ပါဝင်ပတ်သက်နေသော အခန်းကဏ္ဍသည် အလွန် ကြီးမားလှသည်။

ဥပမာအားဖြင့် စိုက်ပျိုးရေးဘက်တွင် ယနေ့ခေတ် သရဲဈေး တန်း၌ စားသောက်ဆိုင်များရှိလာနိုင်ခြင်းမှာ ဝိညာဉ်စွမ်း အင်ဖြင့် ပျိုးထောင်ထားသော မျိုးစေ့များနှင့် အပင်များရှိနေသောကြောင့်ဖြစ်၏။

အကယ်၍ စိုက်ပျိုးရေးအပိုင်းတွင် ဖွံ့ဖြိုးတိုးတက်မှုမရှိပါက ဤစားသောက်ဆိုင်များသည်လည်း ဆက်လက် ဖွင့်လှစ်နိုင်မည် မဟုတ်ဟု တွေးထင်ရပေသည်။

သက်ရှိတို့သည် အစားအစာကို အဓိကထားကြသကဲ့သို့ သရဲများသည်လည်း အစားအစာစားသောက်ချိန်တွင် စွမ်းအင်အချို့ကို စုပ်ယူနေကြခြင်း ဖြစ်သည်။

စားသောက်ရသည်ကို နှစ်သက်သူ အများစုအတွက်မူ စိုက် ပျိုးရေး၏တိုးတက်မှုသည် အလွန်ပင်ကောင်းမွန်လှပေ၏။

ထို့ကြောင့် ရွှီကုစစ်သည် ထောက်ပံ့ရေးတပ်ဖွဲ့သို့ သွားလိုခြင်းမှာ အဓိကအားဖြင့် စိုက်ပျိုးရေးတပ်ဖွဲ့သို့ သွားချင်သောကြောင့်ဖြစ်သည်။

အပင်များ ရှင်သန်ကြီးထွားလာသည်ကို ကြည့်ရှုရခြင်းသည် သူ့ အနေဖြင့် အလွန်စိတ်အေးချမ်းရသော အတွေ့အကြုံ တစ်ခုဖြစ်သည်မဟုတ်ပါလော။

All Chapters