← Chapters

အခန်း (၁၄၁-၁၄၂)

Vol. 13 Ch. 141-142

အခန်း (၁၄၁-၁၄၂)

Vol. 13 Ch. 141-142

စာဖတ်သူများခင်ဗျာ...

အလုပ်တစ်ဖက်နဲ့ ရေးရတာဖြစ်တဲ့အတွက် အမှားပါခဲ့ရင် သီးခံပြီးဖတ်ရှုပေကြပါလို့ တောင်းပန်ပါ​ရစေ​ခင်ဗျာ။

.(သွေးနဂါးလုံချန်)

ဘာသာပြန်သူ -

အနှောင်အဖွဲ့ကင်းမဲ့သူ

[(စာစဉ် - ၁၃)အပိုင်း ၁၄၁]

"ချူယွန်ယောင် နဲ့ လက်ထပ်တော့မှာလား ..." လုံချန် လည်း အနည်းငယ် အံ့အားသင့်သွားမိသည်။

“ဒီ ချူယွန်ယောင်က အသက် ဆယ့်ရှစ်နှစ်ပဲ ရှိသေးပေမယ့် အစိမ်းရောင်ဂိုဏ်းခွဲရဲ့ ထိပ်သီးနံပါတ်တစ်ပါရမီရှင်မဟုတ်လား။ သူက အကြီးအကဲ လဲ့လန်ကို လက်ထပ်ချင်နေတာလား ...”

လုံချန်က ခန်းမအရှင်လဲ့ယွမ်များ စကားမှားပြောမိသလားဟု ထင်နေခဲ့သည်။

“ဟုတ်တယ်၊ လဲ့လန်ပဲ။ ချူယွန်ယောင် က လဲ့လန်ကို အတော်လေး စိတ်ဝင်စားနေတာ လူတိုင်း သိကြတယ်။ မင်းက လင်းဝူမိသားစုထဲ အသစ်ရောက်လာခါစဆိုတော့ မသိတာ ပုံမှန်ပါပဲ ...”

“အသက် ဆယ့်ရှစ်နှစ်ပဲရှိသေးတဲ့ လူငယ်က လဲ့လန်ကို စိတ်ဝင်စားနေတယ်ဆိုတာ... တကယ်တော့စိတ်ဝင်စားစရာ ကောင်းသား ...” လုံချန်က ပြုံးလိုက်ပါသည်။ သို့သော်လည်း အကြီးအကဲလဲ့လန်၏ တည်ငြိမ်ရင့်ကျက်သောပုံစံနှင့် ဆွဲဆောင်မှုရှိသော အလှတရားကို တွေးမိလိုက်သည့်အခါ မည်သူမဆို စွဲလမ်းသွားနိုင်သည်မှာ သိပ်တော့မထူးဆန်းလှပေ။ အကယ်၍ သူ့ဘေးနားတွင် လင်းရှီသာ ရှိမနေပါက လုံချန် ကိုယ်တိုင်လည်း လဲ့လန်ကို ပိုင်ဆိုင်ခွင့်ရရန် ကြိုးစားမိပေလိမ့်မည်။

“ဟူး... လန်အာက လက်ထပ်ပြီးရင် အစိမ်းရောင်ဧကရာဇ်ခန်းမထဲ ကို ဝင်ရတော့မှာပဲ။ ဒါပေမဲ့ ချူယွန်ယောင် သာ အတွင်းစည်းဂိုဏ်းခွဲ ကို ဝင်နိုင်ရင် လန်အာရဲ့ အဆင့်အတန်းလည်း ပိုမြင့်လာမှာပဲ ...” ခန်းမအရှင်လဲ့ယွမ်က နောင်တရစွာ သက်ပြင်းချလိုက်ပါသည်။

“ဒီလောက် ဆွဲဆောင်မှုရှိတဲ့ ပန်းလေးတစ်ပွင့်ကို ဝက်တစ်ကောင်ဆီ လက်ဆောင်ပေးပစ်တော့မှာလား ...” လုံချန် စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။သို့သော် အပြင်ပန်းတွင် စိတ်မဝင်စားသည့်အလား တိတ်ဆိတ်နေ၏။ ခန်းမအရှင်လဲ့ယွမ် က လုံချန်၏ပုံစံကို မြင်သောအခါ ချက်ချင်း ပြောလိုက်သည် ...

“ဘာပဲဖြစ်ဖြစ်၊ မင်း အခု ထွက်သွားတာနဲ့ အဲ့ဒီ သားရဲဝိညာဉ်ပုလဲကို အမြန်ဆုံး ​ပေါင်းစပ်သင့်တယ် ...”

“ခန်းမအရှင်လဲ့ ! ငါနဲ့ ချူယွန်ယောင် က ဘယ်လိုမျိုး အလုပ် အတူတူတွဲလုပ်ရမှာလဲ ...” လုံချန်က အဓိကအချက်ကို မမေ့ခဲ့ပေ။

“အတွင်းစည်းဝင်ခွင့်ရွေးချယ်ပွဲက အပြင်စည်းဝင်ခွင့်ရွေးချယ်ပွဲနဲ့ ဆင်တူတယ်။ နှစ်ဆင့် ရှိတယ်၊ ပထမအဆင့်က နှစ်ယောက်တစ်ဖွဲ့ ပြိုင်ရတယ်။ မင်းနဲ့ ချူယွန်ယောင်က အစိမ်းရောင်ဂိုဏ်းခွဲက ဖြစ်နေတော့ တစ်ဖွဲ့တည်း ကျနိုင်တယ်။ အတွင်းစည်းတပည့်ရွေးချယ်ပွဲရဲ့ အသေးစိတ်ကိစ္စတွေကိုတော့ နောက်မှ အသေးစိတ် ပြောပြမယ်။ အခု ပြောရင် ဒီကြားထဲမှာ စည်းမျဉ်းတွေ ပြောင်းလဲသွားနိုင်ချေရှိလို့ မသေချာဘူး ...”

လုံချန်က ခေါင်းညိတ်ပြလိုက်ပြီး ခန်းမအရှင်လဲ့ယွမ်ကို နှုတ်ဆက်ကာ သူ့ကိုယ်ပိုင်ခြံဝန်းသို့ပြန်လာခဲ့လိုက်သည်။

အခန်းထဲကို ပြန်ရောက်သည့်အခါ လင်းရှီ က အပြင်ထွက်လာသည်။ သူမလေးက လေထဲတွင် ပျံသန်းနေရင်း အတော်လေး ပျော်ရွှင်နေပုံရ၏။ အခန်းတွင်း ပတ်ပတ်လည်ကို ပျံသန်းနေရင်း သီချင်းသံတိုးတိုးပင် ငြီးနေလေသည်။

“ရှီအာ၊ ဘာကြောင့် ဒီလောက် ပျော်နေရတာလဲ ...”

“မပြောပြဘူး။ ဟမ့် ...”

လုံချန် က နောက်ပြောင်လိုက်၏ “နတ်သမီးလို လှပတဲ့ အကြီးအကဲ လဲ့လန် လက်ထပ်တော့မှာမို့လို့လား ...”

လင်းရှီ လည်း အံ့အားသင့်သွားပုံပေါ်သည်။

“ဘယ်လို သိတာလဲ။ အဲ့ဒီ အနံ့အသက်မကောင်းတဲ့ မိန်းမက နင် သူမကို ကြိုက်လာအောင် ကြိုးစားနေတာ ငါ တွေ့နေတာပဲလေ။ အခု တခြားတစ်ယောက်နဲ့လက်ထပ်ရတော့မယ်.... ကောင်းလိုက်တာ ...”

“ဟမ်...” လုံချန်က လင်းရှီ၏ အတွေးများကို သိနှင့်နေပြီးသားပင်။

“ရှီအာ ... အတွင်းစည်းတပည့်ရွေးချယ်ပွဲမှာ ငါ့အတွက် အခွင့်အရေးရှိမယ်ထင်လား ..” လုံချန် ကမြေအောက်ခန်းထဲ၌ ထိုင်ချရင်း မေးလိုက်ပါသည်။

“ရှိတာပေါ့။ အချိန်လေး နည်းနည်း ကျန်သေးတယ်မဟုတ်လား။ နင် အခု မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်မှာ ရှိနေပြီ။ ကျင့်ကြံမှုနယ်ပယ်က အဆင့်နိမ့်မှာပဲရှိသေးတာ။ ကျင့်ကြံရတာ အရမ်းမြန်တယ်။ ဒီအချိန်မှာ နည်းနည်းလေး ထပ်ပြီးလေ့ကျင့်ရုံနဲ့ ကောင်းကင်ယွမ်အဆင့်ကို ချိုးဖျက်နိုင်တယ်လို့ ငါ ပြောခဲ့တယ်မဟုတ်လား ...”

လင်းရှီ ပြောသည့် စကားသံထဲမှ ယုံကြည်မှုအပြည့်ကို ကြားလိုက်​သည့်အခါ လုံချန်လည်း အတော်​လေး အံ့အားသင့်သွားရသည်။

“သူမ အတိတ်တုန်းက လူတွေ အားလုံးရဲ့အထက်မှာ ရပ်တည်ခဲ့တာထင်တယ်။ ငါတို့လို သာမန်အဆင့်နိမ့်ကျင့်ကြံသူတွေက ဒီအဆင့်ကို ရောက်ဖို့ ဘယ်လောက် ကြိုးစားရမယ်ဆိုတာ ဘယ်လို သိနိုင်မှာလဲ...”

ဝိညာဉ်မြက်ပင်ကို သန့်စင်ပြီးနောက်တွင် လင်းရှီ၏ မူလဝိညာဉ်စွမ်းအင်က အထွတ်အထိပ်သို့ ပြန်ရောက်လုနီးပါးအထိ ဖြစ်နေခဲ့သည်။ ပျော်ရွှင်မှုကြောင့် တစ်နေ့တာလုံး နေရာအနှံ့ ပျံသန်းနေလေသည်။

လုံချန်သည် လင်းရှီ၏ပျော်ရွှင်နေသောပုံစံကို ကြည့်၍ သူမ စိတ်ဆန္ဒအတိုင်း လုပ်ဆောင်ခွင့်ပေးထားလိုက်ပါသည်။ ထို့နောက် အချိန်ဆွဲမနေတော့ဘဲ စပြီးကျင့်ကြံလိုက်ပါသည်။

“ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေ နှစ်ကောင်ရဲ့ သွေးအဆီအနှစ်ကို သန့်စင်ဖို့ အချိန်ရောက်ပြီ။ ထပ်ပြီး အချိန်ဆွဲနေရင် စွမ်းအင်သိပ်သည်းမှု အားလျော့သွားနိုင်တယ် ...”

ချူယွန်ယောင် နှင့် အကြီးအကဲလဲ့လန် တို့၏လက်ထပ်ပွဲမတိုင်ခင် အချိန် ၅ ရက်လောက်ကျန်ရှိနေသေးသည်။ ဤအတောအတွင်း မည်သူမျှ လုံချန်အား လာရောက်နှောင့်ယှက်ခြင်းမရှိပေ။ ထို့ကြောင့် လုံချန် က ဆန်းကြယ်အဆင့် ၄ နတ်ဆိုးဝံပုလွေနှစ်ကောင်၏ သွေးအဆီအနှစ်ကို အပြည့်အဝသန့်စင်ရန် ဆုံးဖြတ်လိုက်သည်။

“ဆန်းကြယ်အဆင့် ၄ နတ်ဆိုး သားရဲနှစ်ကောင်ရဲ့ သွေးအဆီအနှစ်ကို သန့်စင်လိုက်တာတောင်မှ ငါ့သွေးချီစွမ်းက နည်းနည်းငယ်ပဲ တိုးတက်လာတယ်။ ကောင်းကင်ယွမ်အဆင့်ကို ရောက်ဖို့ဆိုရင် အဝေးကြီး ကျန်နေသေးတယ်...”

လုံချန် က လေပူတစ်ချက် မှုတ်ထုတ်လိုက်ရင်း အပြာရောင်နဂါးဝိညာဉ်ပုလဲကို ထုတ်လိုက်ပါသည်။ ၎င်းက သားရဲအသွင်ပြောင်းကျင့်ကြံသူများအတွက် အဓိကရတနာပစ္စည်း ဖြစ်လေသည်။ သို့ရာတွင် လုံချန်အတွက်တော့ အသုံးမဝင်ပေ။ သူက ရှေးဟောင်းဘိုးဘေးနဂါး၏အမွေဆက်ခံသူ ဖြစ်နေသောကြောင့် နဂါးမျိုးနွယ်နှင့်ပတ်သက်သည့် အရင်းအမြစ်များသာ လိုအပ်ခဲ့သည်။

“သာမန် သားရဲကျင့်ကြံသူတွေသာ ဆိုရင် အတွင်းစည်းတပည့်ရွေးချယ်ပွဲ မစခင် ဒီ သားရဲဝိညာဉ်ကို အပြည့်အဝ သန့်စင်ပြီး ဖြစ်ကြမှာပဲ။ လူအိုကြီးလဲ့ယွမ်သာ ငါ ဒါကို မသန့်စင်သေးဘူးဆိုရင် ငါ့ကို ဘယ်လို သတ်မလဲ မသိဘူး။ ဟူး ....၊ နတ်ဝိညာဉ်ကျောက်တုံး ၁ သိန်းနဲ့ လဲလှယ်နိုင်တဲ့ နည်းလမ်းတစ်ခု အမြန်ဆုံးရှာရမယ် ..."

သို့သော် အချိန်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက်တွင်ပက် ဘာအကြံအစည်မှ ထွက်မလာပေ။ လုံချန်က အပြာရောင်နဂါးဝိညာဉ်ပုလဲကို လောလောဆယ်ပြန်သိမ်းထားလိုက်၏။ ထို့နောက် သိုလှောင်အိတ်ထဲကနေ မိုးကြိုးမီးလျှံကျောက်တုံးများ ထုတ်ယူလိုက်သည်။

“ငါ့မှာရှိတဲ့ မိုးကြိုးမီးလျှံကျောက်တုံး အကုန်လုံး နီးပါး သုံးပြီးပြီ။ အခု ငါ့ အကန့်အသတ်က သုံးဆယ်လောက်အထိ ရှိလောက်မယ်။ ဒီ ငါးရက်အတွင်းမှာ နောက်ထပ် သုံးလုံးလောက် ပေါင်းစည်းပြီးတော့ မိုးကြိုးမီးလျှံခန္ဓာကိုယ် ​ဒုတိယအဆင့်ကို ရောက်အောင် အဆင့်မြှင့်ကြည့်မယ် ...”

အဆင့် ၁ မိုးကြိုးမီးလျှံခန္ဓာကိုယ် တည်ဆောက်ရန်အတွက် မိုးကြိုးမီးလျှံကျောက်တုံး ၁၀ လုံးအထိပေါင်းစပ်ရန်လိုအပ်ပါသည်။ အဆင့် ၂ ကို မြှင့်တင်လိုပါက အကန့်အသတ်ထိရောက်အောင် ပေါင်းစပ်ရမည်ဖြစ်သည်။ အဆင့် ၂ မိုးကြိုးမီးလျှံခန္ဓာကိုယ်သည် ဆန်းကြယ်အဆင့်မြင့် ခန္ဓာကိုယ်ကျင့်စဉ်နှင့် နှိုင်းယှဉ်နိုင်သည်ဖြစ်ရာ သူသာ အဆင့်မြှင့်တင်နိုင်လျှင် လုံချန်အတွက် အတော်လေးကို ပြီးပြည့်စုံသွားပေမည်။

ဤသို့ဖြင့် အချိန်လ၄ ရက်ပင် ကုန်ဆုံးသွားပြီဖြစ်သည်။ လေးရက်ကြာ ကုန်ဆုံးသွားပြီး ၅ ရက်မြောက်နေ့တွင် လုံချန်သည် အဆုံးမဲ့ နာကျင်မှုဒုက္ခကနေ တစ်ဖန်လွတ်မြောက်လာခဲ့သည်။ မူလအစပြန်သွားခြင်းကျင့်စဉ်က သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား မပြတ်သန့်စင်ပေးနေသည့်အတွက် လုံချန်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်ပါသည်။

“စုစုပေါင်း မိုးကြိုးမီးလျှံကျောက်တုံး အလုံးသုံးဆယ်အထိ ပေါင်းစပ်ပြီးပြီ။ ပထမ ဆယ်လုံး ပေါင်းစပ်တဲ့ချိန်တုန်းကထက် ငါ့ ခန္ဓာကိုယ်အပြင် အားက သုံးဆလောက် ပိုအားကောင်းလာတယ်။ ဒါပေမဲ့ အဆင့် ၂ ကို မရောက်နိုင်သေးဘူး ...”

မူလအစပြန်သွားခြင်းကျင့်စဉ်ဖြင့် ခန္ဓာကိုယ်ဒဏ်ရာများကို အပြည့်အဝ ကုသပြီးနောက်တွင် လုံချန်က မတ်တပ်ထရပ်လိုက်ပြီး ခြေလက်များကို လှုပ်ရှားကြည့်လိုက်သည်။

“ခန္ဓာကိုယ် ပိုပြီးသန်မာလာတာနဲ့အမျှ မူလအစပြန်သွားခြင်းကျင့်စဉ်က အကျိုးသက်ရောက်မှု လျော့နည်းလာသလိုပဲ။ တကယ်လို့ ငါ့ခန္ဓာကိုယ်က ဆန်းကြယ်အဆင့်မြင့်ကျင့်စဉ် နဲ့ တူညီတဲ့အဆင့်ကို ရောက်သွားရင် မူလအစပြန်သွားခြင်းကျင့်စဉ်က အခုထက်ပိုပြီး အားနည်းသွားမှာ သေချာတယ် ...”

ထို့နောက် လုံချန်က မြေအောက်ခန်းကနေ အပေါ်ကို ပြန်တက်လာခဲ့လိုက်သည်။ အခန်းအပြင်ကို လှမ်းကြည့်လိုက်ရာ နံနက်ခင်းဖြစ်နေကြောင်း သိလိုက်ရသည်။ ရုတ်တရက် သူက ခန်းမအရှင်လဲ့ယွမ် ပြောခဲ့သည့်စကားကို အမှတ်ရသွား၏။ ၎င်းက....

“လက်ထပ်ပွဲ ဆွေးနွေးဖို့ရှိတာလား။ ငါ ဝင်ပါစရာ မလိုပါဘူး။ သူတို့ ဆွေးနွေးတာ ပြီးသွားရင် ချူယွန်ယောင်နဲ့ တွေ့ပြီး အစိမ်းရောင်ဂိုဏ်းခွဲရဲ့ နံပါတ် တစ် ပါရမီရှင်က ဘယ်လောက် အားကောင်းသလဲ ဆိုတာ ကြည့်လိုက်ရအောင် ...”

ပစ္စည်းပစ္စယများကို အားလုံး စနစ်တကျ သိမ်းဆည်းပြီးနောက် လုံချန်က အိပ်ရာပေါ်တွင် လဲလျောင်းနေရင်း ခေတ္တခဏအနားယူလိုက်သည်။ ထို့နောက် လင်းရှီကို နောက်ပြောင်ရင်း တစ်စုံတစ်ယောက် အကြောင်းကြားလာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

“ဟေ့၊ မကြာခင်မှာ အဲ့ဒီ မိန်းမလှက လက်ထပ်တော့မှာပဲ။ နင် မပျော်ဘူးလား ...” လင်းရှီက အိပ်ရာဘေးနားတွင် ပျံဝဲနေရင်း ချစ်စဖွယ် နှုတ်ခမ်းလေးကို စူပုတ်ထားသည်။ မျက်နှာသေးသေးလေးက မနာလိုမှု အပြည့်ပါ။

“ငါ သေချင်လောက်အောင် ဝမ်းနည်းနေတာပေါ့။ လင်းရှီ၊ ငါ​တို့တွေ သတို့သမီးကို ခိုးပြေးကြမလား ...” လုံချန်က ကုတင်ပေါ်တွင် ရုတ်တရက် ထထိုင်ရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

လင်းရှီ၏ မျက်နှာသေးသေးလေး မှုန်ကုန်လာသည်ကို မြင်သောအခါ သူက တဟားဟား ရယ်မောလိုက်ပြီး လက်နှစ်ဖက်ဆန့်ကာ သူမ၏မျက်နှာလေးကို ထိကိုင်ရန်ပြင်လိုက်သည်။

သို့သော် လင်းရှီက အော်ငေါက်လိုက်ပြီး သူ့လက်နှစ်ဖက်ကို တွန်းထုတ်လိုက်ကာ စူးစိုက်ကြည့်နေလေသည်။

“နင်.... လူဆိုးကောင်၊ ငါ့ကို မထိရဘူး ...”

လင်းရှီ စိတ်ဆိုးနေသည်ကို မြင်သောအခါ လုံချန် ကချက်ချင်း တောင်းပန်လိုက်ပါသည်။

“မဒေါသထွက်နဲ့၊ ငါ နောက်ပြောင်တာ။ သူမက အသက်ကြီးပြီး မလှတော့ဘူးလေ။ ဘယ်သူက လိုချင်မှာလဲ။ ဒါ့အပြင် ငါတို့ရဲ့ လင်းရှီက ငယ်ငယ်ရွယ်ရွယ်နဲ့ ချောမောပြီးချစ်စရာ ကောင်းတယ်မဟုတ်ဘူးလား ...”

“ချစ်စရာ ကောင်းတာ ဘာဖြစ်လဲ...”

ချီးကျူးမြှောက်ပင့်သည့် စကားကို ကြားလိုက်ရာ လင်းရှီ၏မျက်နှာလေးက ကြည်လင်လာသော်လည်းမျက်နှာပေါ်တွင်မူ ဂရုမစိုက်သလိုပင်ဟန်ဆောင်နေလေသည်။

နှစ်ယောက်သား စကားများနေကြရင်း အချိန် တဖြည်းဖြည်း ကုန်ဆုံးသွား၏။ မကြာလိုက်ပေ။ နေ့လည်ခင်းအချိန်ပင်ရောက်လာတော့သည်။ ရုတ်တရက်ဆိုသလို လုံချန် သည် အပြင်ဖက်ကနေ တံခါးခေါက်သံ ကြားလိုက်ရသည်။

“လုံချန် ! အကြီးအကဲလဲ့က မင်းကို သူ့ဆီလာဖို့ ခေါ်ခိုင်းလိုက်တယ် ...”

“ငါ သူ့ဆီကို သွားရမှာလား။ သူမက အစိမ်းရောင်နေမင်းခန်းမ မှာ ချူယွန်ယောင်နဲ့ တွေ့နေရမှာမဟုတ်ဘူးလား ...”

"ငါလည်း မသိဘူး ..." ကန်လင် က ခေါင်းခါလိုက်သည် “အကြီးအကဲလဲ့ နေတဲ့ နေရာကို သွားလိုက်ရင် အခြေအနေကို သိရမှာပဲမဟုတ်လား။ ငါ့မှာ လုပ်စရာ နည်းနည်း ရှိသေးလို့ အရင်ပြန်နှင့်မယ် ...”

လုံချန် လည်း စိတ်ရှုပ်ထွေးနေပြီး လင်းရှီကို ပြောလိုက်သည် “လင်းရှီ၊ ငါတို့ သွားကြရအောင်။ အရင်ဆုံး အခြေအနေကို ကြည့်ရသေးတာပေါ့... ”

“ထူးဆန်းတယ်။ အဲ့ဒီ မိန်းမရူးက နင့်ကို ဘာလုပ်ချင်တာလဲ ...” လင်းရှီ မကျေမနပ်ဖြင့် ပြောနေလေသည်။

“ငါလည်း မသိဘူး။ နောက်မှ ပြောကြရအောင် ...”

“ငါ မသွားဘူး ..." လင်းရှီ က နတ်ဓားကို ထိန်းချုပ်ပြီး လုံချန်၏နားထဲကနေ ပျံထွက်သွားသည် “ငါ သူမကို မတွေ့ချင်ဘူး။ နင် တစ်ယောက်တည်း သွားလိုက်။ ငါ အိမ်မှာ စောင့်နေမယ်။ အားလုံး ပြီးရင် ချက်ချင်း ပြန်လာခဲ့ ...”

စကားပြောပြီးသည်နှင့် လင်းရှီ၏ပုံရိပ်လေးက ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။

လုံချန်လည်း ဘာမှမတတ်နိုင်တော့ပေ။ အခန်းတံခါးပိတ်၍ အကြီးအကဲ လဲ့လန် နေထိုင်သည့် အဓိကခြံဝန်း ဆီသို့ ထွက်လာခဲ့လိုက်သည်။

Translato#အနှောင်အဖွဲ့ကင်းမဲ့သူ

.(သွေးနဂါးလုံချန်)

ဘာသာပြန်သူ -

အနှောင်အဖွဲ့ကင်းမဲ့သူ

[(စာစဉ် - ၁၃)အပိုင်း ၁၄၂]

“ဒီမိန်းမ ဘယ်လို အကြောင်းကိစ္စရှိလို့ ဒီလောက်တောင် လျှို့ဝှက်နေရတာလဲ။ ငါ့ကို ဘာလုပ်ခိုင်းချင်တာလဲ ...” လင်းရှီ လိုက်မလာခဲ့သဖြင့် လုံချန်က အနည်းငယ်အားလျော့သွားသလို ခံစားလိုက်ရသည်။

အစိမ်းရောင်မိုးမခခြံဝန်း၏ အဓိကနယ်မြေတွင် သာယာလှပသော ခြံဝင်းငယ်လေး တစ်ခု ရှိနေသည်။ ၎င်းက အကြီးအကဲလဲ့လန် နေထိုင်သည့်နေရာပင်။

လုံချန် ရောက်လာသည့်အချိန်တွင် ခြံတံခါး ဖွင့်ထားသည်ကို တွေ့လိုက်ရသည်။ သူက ချက်ချင်း ဝင်မသွားသေးဘဲ တံခါးကို သတိကြီးစွာ ခေါက်လိုက်သည်။ အကြိမ်အနည်းငယ် ခေါ်ကြည့်လိုက်သော်လည်း တုံ့ပြန်သံ မကြားရပေ။

လုံချန်က အနည်းငယ်စိတ်ရှုပ်သွားပြီး အထဲကို တိုက်ရိုက်ဝင်လာလိုက်သည်။

“ဒီ မိန်းမ နေတဲ့နေရာက တကယ်ကောင်းတာပဲ။ သာယာလှပတဲ့ရှုခင်းတွေ၊ တေးငှက်သံတွေ၊ ပန်းရနံ့တွေ ... ဒါတွေအားလုံးက တော်တော်လေး နေချင်စဖွယ်ကောင်းတယ် ...”

ပတ်ဝန်းကျင်တွင် အနက်ရောင်ဝါးပင်များ ပြည့်နှက်နေလေသည်။ အေးစက်နေသော်လည်း အနက်ရောင်ဝါးပင်များ ထူထပ်စွာ ပေါက်ရောက်နေပေသည်။

ဝါးတော ကို ကျော်လာပြီးနောက်တွင် ဝါးအိမ်လေး အနည်းငယ်ကို တွေ့လိုက်ရသည်။ လုံချန်က ပတ်ပတ်လည်တွင် ရှာကြည့်လိုက်သော်လည်း အကြီးအကဲလဲ့လန်ကို မတွေ့ရပေ။ သူ ချက်ချင်း ဒေါသထွက်လာ၏။

“ဒီမိန်းမ ငါ့ကို လှည့်စားချင်နေတာပဲ ...”

နောက်ထပ် ခဏကြာရှာဖွေပြီးနောက်တွင် ဝါးအိမ်တစ်ခုထဲကနေ ခပ်တိုးတိုးအသံ တစ်သံ ကြားလိုက်ရသည်။ ဝါးအိမ်၏ တံခါးပင် အနည်းငယ်ဖွင့်ဟထားလေသည်။

“သူမ ရေချိုးနေတာလား။ လဲ့လင် လုပ်ခဲ့သလိုမျိုး ငါ့ကို တမင်လုပ်ပြနေတာလား ...”

လုံချန်က စိတ်ထဲမှာ မကောင်းသော အတွေးတချို့ ဝင်လာသည်။ သို့သော် အရင်ကလို တူညီသောအခြေအနေ နှစ်ခါထပ်မဖြစ်နိုင်ကြောင်း အလိုလိုသိနေသည်။

“ဒီမိန်းမက တကယ်ကို နတ်ဆိုးပဲ။ .သောက်ကျိုးနည်း နည်းလမ်းတွေ သုံးနေတာလား...”

လုံချန် က အထဲဝင်သွားသည့်အခါ အမှန်တကယ်ပင် လူတစ်ယောက် ရှိနေမှန်း ခံစားရသည်။ အကြီးအကဲလဲ့လန်၏အငွေ့အသက် ဖြစ်မှန်း သိသာပါသည်။

“အကြီးအကဲလဲ့လန် !ငါ့ကို ခေါ်လိုက်တာ ဘာကိစ္စရှိလို့လဲ ...”

လုံချန် က ခပ်ကျယ်ကျယ်ပြောလိုက်ပြီး အခန်းတံခါးကို ဆွဲဖွင့်လိုက်ရာ သူ့မျက်လုံးထဲတွင် တုန်လှုပ်မှုအပြည့် ဖြစ်သွားရသည်။

အကြီးအကဲလဲ့လန်က ရေချိုးခန်းထဲ၌ ရေချိုးနေခြင်းပင်။ တောင့်တင်းပြေပြစ်ပြီး ရှိုက်ဖိုကြီးငယ်အသွယ်သွယ်သော ခန္ဓာကိုယ်က ရေချိုးကန်ထဲမှာ ပျော့ပျောင်းစွာ လဲလျောင်းနေလေသည်။ မှုန်ဝါးဝါး မြင်နေရသည့် အလှတရားကြောင့် လုံချန် ပင် နှာခေါင်းသွေးယိုမတတ် ဖြစ်သွားခဲ့သည်။

“ဒီမိန်းမ တကယ် ရေချိုးနေတာပဲ ...”

လုံချန်က အကြီးအကဲလဲ့လန် ဘာကြံစည်နေမှန်း မသိပေ။ ဤအခြေအနေက လဲ့လင် နှင့်ပြဿနာဖြစ်တုန်းကလိုမျိုး မတူလို့ပင်။ ယခင်အဖြစ်အပျက်က အခန်းတံခါး ပိတ်မထားသောကြောင့် လုံချန် အနေဖြင့် မတော်တဆ ဝင်သွားမိတာဖြစ်သည်။ လက်ရှိအခြေအနေက အကြီးအကဲလဲ့လန် တမင်စီစဉ်ထားသော အရာပင်။

“ငါ့ရုပ်ရည်က တအားချောလွန်းလို့ ဒီလိုအရေးကြီးတဲ့အချိန်မှာ သူမရဲ့ခန္ဓာကိုယ်ကို လက်ဆောင်ပေးချင်နေတာများလား။ လင်းရှီ မရှိတာနဲ့ဆို ကွက်တိပဲ...”

လုံချန် က စိတ်ထဲမှာ အတွေးရိုင်းများ ဝင်လာပြီး ရေချိုးကန်ထဲမှ မှုန်ဝါးဝါးမြင်နေရသော အလှတရားကို စိုက်ကြည့်နေမိသည်။ ရုတ်တရက် သူ့ဝမ်းဗိုက်အောက်ပိုင်းကနေ အပူလှိုင်းတစ်ခု ထွက်လာသည်။တစ်ချိန်တည်းတွင် လုံချန်က တစ်စုံတစ်ခုကို ချက်ချင်း သတိရလိုက်၏။ ဤလောကတွင် အလကားရသော အရာဟူ၍ မရှိခဲ့ချေ။ ဤအခြေအနေကို သူ လက်ခံလိုက်ပါက နောက်ဆက်တွဲအကျိုးဆက်ကိုပါ တာဝန်ယူရပေမည်။

လုံချန်က အကြီးအကဲလဲ့လန် ၏ အကြံအစည်ကို အနည်းငယ်ရိပ်မိသွားသလိုပင်။ ဖြူဖွေးလှပနေသော ခန္ဓာကိုယ်ကို တစ်ချက် စူးစိုက်ကြည့်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်၏။ သို့ရာတွင် လဲ့လန်၏ခန္ဓာကိုယ်ထဲကနေ အားကောင်းသော အငွေ့အသက် တစ်ခု ရုတ်တရက်ပေါက်ကွဲထွက်လာပြီး အဝတ်စတစ်စက လုံချန်၏ခြေထောက်ကို ရစ်ပတ်လာပြီး အထဲ ဆွဲသွင်းလိုက်သည်။

“ချစ်ရတဲ့ အမျိုးသားလေး၊ နင် အခန်းထဲကိုတောင် ရောက်နေပြီ။ ဒီလို ထွက်သွားလို့ ဘယ်ဖြစ်မလဲ ...”

တစ်ဆက်တည်း လုံချန်၏တစ်ကိုယ်လုံး အားပျက်သွားစေနိုင်လောက်သော အသံတစ်သံ တိုးဝင်လာသည်။ ထို့နောက် သူ တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ ရေချိုးကန်ထဲ ဆွဲချခံလိုက်ရတော့သည်။

ဤအချိန်တွင် အကြီးအကဲလဲ့လန်က သူ့ရှေ့မှာ ရှိနေလေသည်။ နီထွေးလှပသော သူမ၏နှုတ်ခမ်းအစုံက လုံချန်၏မျက်နှာရှေ့တည့်တည့်မှာ ကပ်နေပါသည်။ လုံချန်၏မျက်လုံးများ ရုတ်တရက်မှုန်ဝါးလာပြီး ရမက်ဆန္ဒများ ပြည့်နှက်လာတော့သည်။ နူးညံ့ပျော့ပျောင်းပြီး အိစက်လှပသော အလှတရားက လက်တစ်ကမ်းအကွာတွင် ရှိနေသည်မဟုတ်ပါလား။ စိတ်ပျက်စရာ တစ်ခုကတော့ အဓိကအရာများကို ​ဖြူဖွေးသောဝတ်ရုံစဖြင့် ဖုံးကွယ်ထားခြင်းပင်။ အမှန်တကယ်တော့ ဤအရာကပင် တစ်မျိုးတစ်ဖုံ စိတ်လှုပ်ရှားစရာ ကောင်းနေစေသည်။

“ဘယ်လိုလဲ ၊ ငါ့ခန္ဓာကိုယ်က ကြည့်လို့ကောင်းရဲ့လား ..” လဲ့လန်က ပန်းရနံ့ ထုတ်လွှတ်နေသကဲ့သို့ အသက်ရှုရင်း လုံချန်ကို ဆွဲဆောင်မှုရှိစွာ ကြည့်နေလေသည်။ သူမ၏မျက်လုံးထဲတွင် တစ်စုံတစ်ခုကို လုပ်ဆောင်ရန် အချက်ပြနေသလိုပင်။

“ကောင်းတာပေါ့။ ငါ့ကိုယ်ငါတောင် စိတ်မထိန်းနိုင်တော့သလိုပဲ ...”

ရှေ့မှ မြင်ကွင်းက သာမန်လူများ ခံနိုင်ရည် မရှိနိုင်သည့် ဆွဲဆောင်မှုများ ပြည့်နှက်နေ၏။ သို့ရာတွင် လုံချန်က အမျိုးသမီးတစ်ယောက်၏အလှတရားကြောင့် စိတ်လွတ်သွားသော လူစားမျိုး မဟုတ်ခဲ့ပေ။ လဲ့လန်၏ရမက်ချည်နှောင်မှုကို တွန်းထုတ်ပြီး ရေကန်ထဲက ခုန်ထွက်လိုက်သည်။ စိုရွဲနေသောဝတ်ရုံကို တစ်ချက်စမ်းလိုက်ရင်း နောက်လှည့်မကြည့်ဘဲ အခန်းထဲကနေ ပြေးထွက်လာခဲ့သည်။

သူ့နောက်ကနေ လဲ့လန်၏ရယ်သံလွင်လွင် ပျံ့လွင့်လာသည်။

“ဒီမိန်းမ ဘာလုပ်ချင်နေတာလဲ။ ဘာကြောင့် ဒီလို မျိုးတွေ လုပ်နေရတာလဲ ..”

မျက်စိရှေ့မှာပင် အကုန်ရှင်းရှင်းလင်းလင်းမြင်နေသည့်တိုင် လုံချန်က သူ့စိတ်ထဲတွင် တစ်ခုခု မူမမှန်ကြောင်း အလိုလိုသိနေပါသည်။

အမှန်ပင်၊ ရေချိုးခန်းထဲကနေ ထွက်လာသည့်အချိန်တွင် အစိမ်းရောင်ဝတ်စုံဝတ်လူငယ်တစ်ယောက်နှင့် မျက်နှာချင်းဆိုင်တွေ့လိုက်ရတော့သည်။

လူငယ်က လုံချန်ကို မြင်သောအခါ သူ့မျက်နှာထားက ချက်ချင်း ခက်ထန်သွားပြီး အေးစက်စက် ပြောလိုက်သည် “မင်းပဲ ထပ်လာပြန်ပြီ။ ဒီနေရာမှာ ဘာလုပ်နေတာလဲ ...” အစိမ်းရောင်ဝတ်လူငယ်က သူ့ကို သိနေဟန်တူ၏။

လုံချန်ကတော့ ၎င်းကို မသိခဲ့ပေ။

“မင်း ငါ့ကို သိနေတာလား ...”

လုံချန်၏ ခန္ဓာကိုယ်တစ်ခုလုံး ရေစိုရွှဲနေပြီး မိန်းမရနံ့နှင့် ပန်းရနံ့တို့ ရောနှောနေသည်။ မြင်ရသည်မှာ အတော်လေးကို စိတ်ရှုပ်ထွေးစရာ မြင်ကွင်း ဖြစ်နေခဲ့သည်။

“ငါ မင်းကို တွေ့ဖူးတယ်။ အရင်ရက်တုန်းက အစ်မလန်နဲ့ စကားပြောနေတာ တွေ့ခဲ့တယ် ...”

လုံချန်က အံ့အားသင့်သွားပြီး လူငယ်၏စကားသံကိုကြားမှ မှတ်မိလိုက်သည်။ အစိမ်းရောင်ဝတ်လူငယ်က အဝေးကနေ သူ့အား စိုက်ကြည့်နေခဲ့သည့် လူငယ်ပင်။

“ကောင်လေး၊ ငါ မင်းနဲ့ စကားပြောနေတာ။ အစ်မလန်ရဲ့ နေရာမှာ ဘာလုပ်နေတာလဲ။ အစ်မလန် ဘယ်မှာလဲ ...”

ဤအချိန်တွင် ရေချိုးခန်းထဲကနေ ချိုမြိန်သည့် အမျိုးသမီးအသံ တစ်သံ ထွက်လာသည်....

“လုံလန် ! ဘာလုပ်နေတာလဲ၊ အထဲကို ဝင်မလာသေးဘူးလား ...”

စကားသံဆုံးသည်နှင့် အကြီးအကဲလဲ့လန် က ခန္ဓာကိုယ်ကို မျက်နှာသုတ်ပဝါဖြင့် ပတ်ထားရင်း ထွက်လာသည်။ သို့သော် လုံချန် ရှေ့တွင် ရပ်နေသော အစိမ်းရောင်ဝတ်လူငယ်ကို မြင်လိုက်သည့်အခိုက် မျက်နှာ ပျက်သွားတော့သည်။

“ယွန်ရှီ၊ နင် ဘာလုပ်နေတာလဲ ..”

“မင်း ... မင်းတို့ ...ဒီအခြေအနေက ဘာလဲ ...”

လုံချန် က “လုံလန်” ဟု အခေါ်ခံလိုက်ရသည့်အတွက်ကြောင့် ခဏတာ ရှုပ်ထွေးသွားသည်။ သို့သော်လည်း “ယွန်ရှီ” ဆိုသော နာမည်ကို ကြားလိုက်ရာတွင်တော့ အကြီးအကဲလဲ့လန် ကို လက်ထပ်ခွင့်လာတောင်းသည့် အစိမ်းရောင်ဧကရာဇ်ခန်းမ၏ နံပါတ်တစ်ပါရမီရှင် “ချူယွန်ရှီ” မှန်း ချက်ချင်း နားလည်သွားသည်။ ထို့နောက် လက်ရှိအခြေအနေက သူဟာ အကြီးအကဲလဲ့လန်၏ တစ်ဖက်လှည့် အသုံးချခံနေရကြောင်းသတိပြုမိလိုက်တော့သည်။

တစ်ဖက်တွင် ချူယွန်ရှီ က ဝမ်းနည်းပူဆွေးစွာ ကြည့်နေလေသည်။ သူ့အမြင်တွင် လုံချန်က တစ်ကိုယ်လုံး ရေစိုရွှဲကာ သူ့ နတ်ဘုရားမ၏ ရေချိုးခန်းထဲကနေ ထွက်လာသည့်အ​ပြင်၊ လဲ့လန်က သူ့ကို “လုံလန်” ဟု ခေါ်ပြီး မျက်နှာသုတ်ပဝါဖြင့် ပတ်ထားရင်းနောက်က လိုက်ထွက်လာသည်မှာ...

“သူတို့တွေ အထဲမှာ ဘာလုပ်နေကြတာလဲ ...”

အစက စိတ်ကောင်းဝင်နေသည့် ချူယွန်ရှီ က လဲ့လန်ကို တွေ့ဆုံရန်အတွက် ရောက်လာခဲ့တာ ဖြစ်သည်။ ဒီအချိန်မှာ သူ့မျက်လုံးက ချက်ချင်း နီရဲသွားသည်။

လုံချန် လည်း ချူယွန်ရှီ၏ခန္ဓာကိုယ်ထဲကနေ ဒေါသနှင့် သတ်ဖြတ်ချင်စိတ် ပေါက်ကွဲထွက်လာမှန်း ခံစားမိသည်။ အစိမ်းရောင်ဂိုဏ်းခွဲ၏ နံပါတ်တစ် ပါရမီရှင် ဆိုသည့်အတိုင်း ကောင်းကင်ယွမ်ကနဦးအဆင့် ဖိအားက လုံချန်ကို လုံးဝ ဖိနှိပ်ထားသည်။

“မင်း... မင်း။ ဘာကြောင့်... ဘာကြောင့်လဲ ...”

သူက လဲ့လန်ကို ဂရုမစိုက်တော့ဘဲ နီရဲနေသောမျက်လုံးအစုံက လုံချန်ကို စူးစူးရဲရဲစိုက်ကြည့်နေသည်။

“ဒီ မိန်းမယုတ် က ငါ့ကို သတ်ချင်နေတာပဲ ...”

လုံချန် က ချူယွန်ရှီ၏လူသတ်လိုစိတ်အကြည့်ကနေ လဲ့လန်၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။ လဲ့လန် လည်း ယခုမှ အခြေအနေကို သတိပြုမိသွားပုံပင်။ ချက်ချင်း အလျင်စလိုအော်လိုက်သည်။

“ယွန်ရှီ၊ ရပ်လိုက်။ ငါပြောတာကို နားထောင်ပါ ..”

“မင်းရဲ့စကားကို ဘယ်သူက နားထောင်မှာလဲ ...”

လုံချန်က စိတ်ထဲတွင် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

တစ်ဖက်တွင် ချူယွန်ရှီကလည်း မကြားသည့်အလား လုံချန်ကို သတ်ဖြတ်ရန်သာ အာရုံ စိုက်နေသည်။

ဤမြင်ကွင်းကို မြင်လိုက်သည်နှင့် လဲ့လန်က ရေချိုးခန်းထဲသို့ အလျင်စလို ပြန်ဝင်သွားသည်။

“ဒီမိန်းမတော့ ... သူ့ရဲ့ မကောင်းတဲ့ အကြံအစည် အောင်မြင်သွားပြီဆိုတော့ အဝတ်အစား လဲဖို့ ပြင်နေတာ ဖြစ်မှာ ...”

“တောက် ...! ဒီ မိန်းမယုတ်၊ နောင်မှာ ငါ့လက်ထဲ ရောက်မလာစေနဲ့။ မဟုတ်ရင် မင်းရဲ့တင်ပါးကို နီရဲသွားအောင် ရိုက်ပစ်မယ် ...”

အစိမ်းရောင်ဂိုဏ်းခွဲ၏ နံပါတ်တစ် ပါရမီရှင် ဆိုသည့်အတိုင်း ချူယွန်ရှီ က သာမန်ပညာရှင်တစ်ယောက် မဟုတ်ခဲ့ပေ။ သူ့ဆီကနေ ထွက်လာသည့် အငွေ့အသက်တစ်ခုတည်းဖြင့်ပင် လုံချန်ကို ဖိနှိပ်ထားနိုင်သည်။

လုံချန်က ဘာမှစဉ်းစားမနေတော့ဘဲ နဂါးဝိညာဉ်အသွင်ပြောင်းခန္ဓာကိုယ်ကို ချက်ချင်း ထုတ်ဖော်ပြီး သူ့ကိုယ်သူကာကွယ်လိုက်သည်။ တစ်ချိန်တည်းမှာပင် နောက် အတော်ဝေးဝေးထိ ပြန်ဆုတ်ရင်း အော်ပြောလိုက်သည်။

“ချူယွန်ရှီ! အလျင်စလိုမလုပ်စမ်းနဲ့။ လဲ့လန်ရဲ့ မကောင်းတဲ့အကြံအစည်တွေကို မယုံနဲ့။ သူမက မင်းနဲ့ လက်ထပ်ချင်တာ မချင်ဘူး။ ဒါ့ကြောင့် ငါ့ကို ကြားခံ အဖြစ် အသုံးချနေတာ ...” လုံချန်က ဆက်တိုက် နောက်ပြန်ဆုတ်သွားရင်း ကမန်းကန်း ရှင်းပြနေသည်။

“ငါ အားလုံး မြင်ပြီးသား။ မင်း ဘယ်သူပဲဖြစ်ဖြစ်၊ ငါ့ ဇနီးလောင်းကို ထိတယ်ဆိုရင် သေရမယ် ...”

လုံချန်က တစ်ချက် တိတ်ဆိတ်သွားသည်။ ချူယွန်ရှီက သူ့ထက် အများကြီးအသက်ကြီးသော လဲ့လန်ကို ကြိုက်နေသည်မှာ မဆန်းတော့ပေ။ ဤလူငယ်က အရာရာကို တစ်ဖက်စောင်းနင်း တွေးတတ်သည့် လူစားမျိုး ဖြစ်နေ၏။ တစ်ခါ ဆုံးဖြတ်ပြီးသည်နှင့် ပြန်မပြင်တော့ပေ။

“မိန်းမယုတ် လဲ့လန်က ဒါကို အသုံးချပြီး ငါ့ကို ပြဿနာထဲ ဆွဲသွင်းလိုက်တာပဲ။ သူမ အနည်းငယ် ဟန်ဆောင်လိုက်ရုံနဲ့ ငတုံးကောင် ချူယွန်ရှီက လုံးဝ လှည့်စားခံလိုက်ရတော့တာ ...”

“ပျက်သုဉ်းခြင်းလေပြင်းလက်ချောင်း ... သေလိုက်စမ်း... ” ဤအချိန်တွင် ချူယွန်ရှီက ကြောက်မက်ဖွယ် နည်းစနစ်ကို ထုတ်သုံးလိုက်သည်။ ပြင်းထန်သော လေမုန်တိုင်းကြီး ပေါ်လာပြီး ဖုန်မှုန့်နှင့် သဲများ ပလူပျံသွားသည်။ ထို့နောက် အလွန်တရာအားကောင်းလှသော လေပြင်းလှိုင်းတစ်ခုက လုံချန်ဆီသို့ ဦးတည်လာတော့သည်။

ဤ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်အချိန်တွင် လုံချန်က ရှင်းပြနေရန်အချိန် မရတော့ပါ။ အံကြိတ်ရင်း လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

“ကောင်းကင်လောင်ကျွမ်းခြင်းနတ်ဆိုးလက်သီး၊ မြေကမ္ဘာဖျက်ဆီးခြင်း နတ်ဆိုးမီးလျှံ .... ထွက်ပေါ်လာစေ... ”

နှစ်ဖက်တိုက်ခိုက်မှုက ပြင်းထန်စွာ ဆုံတွေ့သွား၏။ ချူယွန်ရှီ သာမန်ထုတ်သုံးလိုက်သည့် လေပြင်းလက်ချောင်းက မြေကမ္ဘာဖျက်ဆီးခြင်း နတ်ဆိုးမီးလျှံကို ချက်ချင်း ချေဖျက်ပစ်လိုက်သည်။ ထို့နောက် ပြင်းထန်သောအားလှိုင်းတစ်ခုက လုံချန်၏ ရင်ဘတ်တည့်တည့်ကို တိုက်ရိုက်ထိမှန်သည်။ လုံချန်က ခုခံချိန်ပင်မရလိုက်ပေ၊ ပါးစပ်ထဲကနေ သွေးအန်ထုတ်လျှက် နောက်ပြန်လွင့်ထွက်သွားခဲ့သည်။

ဤတစ်ကြိမ်ထက် ပြင်းပြင်းထန်ထန် ဒဏ်ရာမျိုး တစ်ခါမှ မရခဲ့ပေ။ မြေပေါ်မှာ လဲနေရင်း သူ့ခန္ဓာကိုယ်က တဆတ်ဆတ်တုန်နေသည်။ ချူယွန်ရှီ၏ သာမန်တိုက်ခိုက်မှု တစ်ချက်ဖြင့် တိုက်ခိုက်နိုင်စွမ်းများ လုံးဝပျောက်ကွယ်သွားသလိုပင်။

လုံချန်က အလျင်စလို ထရပ်လိုက်ပြီး ခန္ဓာကိုယ်မှနာကျင်မှုကို တောင့်ခံရင်း မူလအစပြန်သွားခြင်းကျင့်စဉ်ကို ထုတ်ဖော်လိုက်ပြီး ဒဏ်ရာ ပျောက်ကင်းအောင် ကုသနေလိုက်သည်။

လဲ့လန်က သူ့အား ကြားခံအဖြစ် အသုံးချနေသည့်အပြင် တစ်ခါမှ ပြင်းပြင်းထန်ထန် ဒဏ်ရာမရဖူးသောကြောင့် လုံချန် သည် တော်တော်လေး ​ဒေါသထွက်နေခဲ့သည်။

ချူယွန်ရှီက ယဉ်ကျေးပုံပေါ်သော်လည်း လူတိုင်းကို သူ့ထက် နိမ့်ကျသော အောက်တန်းစားဟု ထင်နေသည့် လူစားမျိုး ဖြစ်သည်။ လဲ့လန်ကို သူ့အပိုင်ဟု သတ်မှတ်ထားသောကြောင့် လုံချန်အား အသေသတ်ရန် ကြိုးစားနေခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပဲ လုံချန်က သူနှင့် ချူယွန်ရှီ တို့ ကြားတွင် ထာဝရ မပြေနိုင်တော့သော ရန်ငြိုးရှိသွားပြီဖြစ်ကြောင်း သိလိုက်သည်။

“ချူယွန်ရှီ ! ငါ မင်းကို အကြိမ်ကြိမ်ရှင်းပြခဲ့တယ်။ မင်းက နားမထောင်ဘဲ ငါ့ အသက်ကို လိုချင်နေတာလား။ ဒီ တိုက်ခိုက်မှု တစ်ချက်ကို ငါ မှတ်ထားမယ်။ ဒီနေ့ ငါ မသေရင် နောင်တစ်ချိန်မှာ မင်း သေချာပေါက် နောင်တရစေရမယ်...”

ဤအခြေအနေက နားလည်မှု လွဲမှားသွားခြင်း ဖြစ်သည့်တိုင်အောင် လုံချန်အနေဖြင့် ယခုလိုမျိုး တစ်ခါမှ ဒဏ်ရာမရခဲ့သောကြောင့် အလွန်ဒေါသထွက်နေသည်။

လုံချန် က မတ်တပ်ထရပ်လာပြီး ဒဏ်ရာကုသနေရင်း ဒေါသတကြီးပြောနေသည်ကို မြင်သောအခါ ချူယွန်ရှီက အေးစက်စက်ပြုံးပြီး ပြောလိုက်သည် ။

“ဒီ တစ်ချက်နဲ့ မင်း မသေသေးဘူးလား။ ကောင်းပြီ၊ နောက်တစ်ချက် ထပ်ပေးမယ်။ သေလိုက်စမ်း ...”

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

All Chapters