အခန်း (၁၄၃-၁၄၄)
Vol. 13 Ch. 143-144
.(သွေးနဂါးလုံချန်)
ဘာသာပြန်သူ -
အနှောင်အဖွဲ့ကင်းမဲ့သူ
[(စာစဉ် - ၁၃)အပိုင်း ၁၄၃]
ချူယွန်ရှီက ပြောပြီးသည်နှင့် သူ့ဆီကနေ သေဆုံးခြင်းအငွေ့အသက်များ ပျံ့လွင့်လာပြီးနောက် ပြင်းထန်သော တိုက်ခိုက်မှုက လုံချန်ဆီသို့ ချက်ချင်း တိုးဝင်လာပါတော့သည်။
“ဒီငတုံးကောင်က စကားကို သေချာနားမထောင်ဘဲ ငါ့ကို သတ်ဖို့ပဲ လုပ်နေတာလား ...”
လုံချန်၏ နှလုံးသားထဲတွင် တုန်လှုပ်သွားခြင်း မရှိခဲ့ပေ။ ချူယွန်ရှီ၏ ကြောက်မက်ဖွယ်တိုက်ခိုက်မှုကို မြင်နေသော်လည်း အေးဆေးတည်ငြိမ်နေပါသည်။
လက်ရှိတွင် သူက လဲ့လန်အတွက် အသုံးဝင်နေသောကြောင့် သူမက ချူယွန်ရှီ၏ အသေသတ်တိုက်ကွက်ကို ခွင့်ပြုလိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် လုံချန်က တင်ပြင်ခွေထိုင်ချပြီး ဒဏ်ရာကို ကုသနေလိုက်တော့သည်။ မူလအစပြန်သွားခြင်းကျင့်စဉ် က ဆန်းကြယ်အလယ်အလတ်အဆင့် ကျင့်စဉ်ဖြစ်ရာ သူ့ဒဏ်ရာကို လျင်မြန်စွာ ပြန်ကောင်းလာစေသည်။
ဤအချိန်တွင် လုံချန် ထင်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ ချူယွန်ရှီက လုံချန်ဆီသို့ ပြေးဝင်လာသည်အချိန်တွင် အခန်းထဲကနေ အဖြူရောင်အရိပ်တစ်ခု ပျံထွက်လာပြီး သူ့ရှေ့တွင် လျင်မြန်စွာ ပိတ်ရပ်လိုက်သည်။ ထို့နောက် လက်တစ်ဖက် ဆန့်ထုတ်ကာ ချူယွန်ရှီကို လက်ဝါး တစ်ချက် ရိုက်ချလိုက်ပါသည်။ လက်ဝါးရိုက်ချက်တွင် ပြင်းထန်သောစွမ်းအားများ ပါဝင်နေပြီး ချူယွန်ရှီကို နောက်ပြန်လွင့်သွားစေခဲ့သည်။
လုံချန် အနေဖြင့်လည်း အကြီးအကဲလဲ့လန် တိုက်ခိုက်သည့်မြင်ကွင်းကို ပထမဆုံး မြင်တွေ့ခဲ့ရသည်။ ကောင်းကင်ယွမ်ပြီးပြည့်စုံခြင်းအဆင့် ပညာရှင်၏ခွန်အားက အမှန်တကယ်ပင် ကြောက်စရာကောင်းလှသည်။ သာမန် လက်ဝါးတစ်ချက်ကပင် အစိမ်းရောင်ဂိုဏ်းခွဲ၏ နံပါတ်တစ်ပါရမီရှင် ဆိုသူကို လွင့်ပျံထွက်သွားအောင် ရိုက်ချနိုင်လေသည်။
“အစ်မလန် ! မင်း သူ့အတွက် ငါ့ကို တကယ်ပဲ တိုက်ခိုက်နေတာလား ...” ချူယွန်ရှီ၏မျက်လုံးထဲတွင် သွေးရောင်လွှမ်းလာပြီး မျက်နှာပေါ်မှာလည်း ရက်စက်ကြမ်းကြုတ်သောအမူအရာများ ရှိနေခဲ့သည်။
“ယွန်ရှီ၊ အရမ်းကြီး တွေးမနေနဲ့ ...” လဲ့လန်က နောက်လှည့်ကြည့်လိုက်ပြီး လုံချန်၏ အခြေအနေကို မြင်သောအခါ နှလုံးသားထဲတွင် နာကျင်သွားပုံပေါ်သည်။ သူမက ဝမ်းနည်းပူဆွေးနေသည့် အမူအရာဖြင့် ဟန်ဆောင်ပြီး ချူယွန်ရှီကို ပြောလိုက်လေသည်။
“နင် မြင်သွားပြီဆိုရင် ငါ နင့်ကို မဖုံးကွယ်တော့ဘူး။ အရင်က ငါ ဘယ်တော့မှ သဘောမတူခဲ့တာ အကြောင်းရှိတယ်။ ငါ့ နှလုံးသားထဲမှာ တစ်ယောက်တစ်ယောက် ရှိနေလို့ပဲ...” လဲ့လန်၏ မျက်နှာပြောင်တိုက်သော စကားကြောင့် လုံချန် သည် သွေးအန်ချင်လောက်အောင် ဖြစ်သွားခဲ့သည်။
သူ ဒေါသတကြီး ကျိန်ဆဲရန် ပြင်နေစဉ် မမျှော်လင့်ဘဲ လဲ့လန်က အခြေအနေကို သိနေသည့်အလား ခေါင်းလှည့်လာပြီး ချူယွန်ရှီ မြင်နိုင်သည့် နေရာကနေ လုံချန်၏ပခုံးပေါ် လက်တင်လိုက်သည်။ လုံချန် လည်း ရုတ်တရက် ကြောင်အမ်းသွားပြီး ဘာပြောရမှန်းပင်မသိတော့ပေ။
“မင်း ပြောနေတာ သူ့ကိုလား ...” ချူယွန်ရှီ က လုံချန်ကို စူးစူးရဲရဲစိုက်ကြည့်ရင်း အကောင်လိုက် မျိုချပစ်ချင်နေပုံပါ။
လုံချန်ကလည်း ရုတ်တရက်ကြီး မမျှော်လင့်ဘဲ ကြောက်မက်ဖွယ်ရန်သူ တစ်ယောက် ရှိလာသည့်အတွက် ဒေါသတကြီး ဖြစ်နေခဲ့သည်။ သူ့ နှလုံးသားထဲမှ ဒေါသနှင့် လူသတ်လိုစိတ်က ချူယွန်ရှီ ထက် မနည်းချေ။ သို့သော်လည်း လဲ့လန်က သူ့ထက် အားကောင်းနေသောကြောင့် ကောင်းကင်ယွမ်ပြီးပြည့်စုံခြင်းအဆင့်၏ ဖိအားအောက်တွင် စကားတစ်လုံးမှ မထွက်နိုင်ပေ။
“ငါ သူ့ကို သိတယ်။ သူက အတွင်းစည်းတပည့်ရွေးချယ်ပွဲမှာ ပါဝင်မယ်လို့ ကြားတယ်။ ဟုတ်တယ်မဟုတ်လား။ ကောင်းပြီ...ကောင်းပြီ ...ကောင်းပြီ”
ချူယွန်ရှီ၏ နှလုံးသားက အေးစက်လာသည်။ အစောပိုင်းက မြင်ကွင်းကို ပြန်တွေးမိလိုက်သည့်အခါ “ကောင်းပြီ” ဆိုသော စကားကို သုံးခါ တိတိထပ်ပြောလိုက်သည်။ သူက လုံချန်ကို စူးစိုက်ကြည့်ရင်း ပြုံးလိုက်သည် “အခု ငါ မင်းနဲ့ မယှဉ်နိုင်သေးဘူး။ ဒါပေမဲ့ မင်း သူ့အတွက် ငါ့ကို ဆန့်ကျင်ဖို့ ဆုံးဖြတ်ခဲ့ရင် အတွင်းစည်းတပည့်ရွေးချယ်ပွဲ နေ့မှာ ဒီကောင် သေရမယ်ဆိုတာ သိထားပါ ...”
ရက်စက်ကြမ်းတမ်းသော သားရဲကြီးတစ်ကောင် ကဲ့သို့ မီးပွင့်မတတ်အကြည့်က လုံချန်ပေါ်မှာ ခဏ ကြာ ရပ်တန့်နေသည်။ ထို့နောက် လဲ့လန်ကို ကြည့်လိုက်ပြီး နှလုံးသားထဲတွင် နာကျင်နေသောပုံစံဖြင့် အံကြိတ်ပြီး နောက်လှည့်၍ ထွက်သွားခဲ့သည်။ ဤနေ့ ဖြစ်ပျက်ခဲ့သော အရာများက သူ့ကို ရူးသွပ်သွားစေပုံပင်။
အစိမ်းရောင်မိုးမခခြံဝန်းကနေ ချူယွန်ရှီ ထွက်သွားပြီးနောက် ခန်းမအရှင်လဲ့ယွမ်နှင့် ချူဖန်းချင် တို့နှစ်ယောက်သည် ရယ်ရယ်မောမော စကားပြောရင်း အရက်သောက်နေကြသည်။
“ညီအစ်ကိုလဲ့၊ မင်းရဲ့သမီးအလိမ္မာလေးက ငါ့သားကို တစ်ယောက်တည်း တွေ့ချင်နေတယ်လို့ ကြားတယ်။ ဘာကြောင့်လဲ ...”
ခန်းမအရှင်လဲ့ယွမ် လည်း အနည်းငယ်ရှုပ်ထွေးနေပုံရပြီး ခပ်ရှက်ရှက်ဖြင့် ရယ်လိုက်သည် “အဲ့ဒီ မိန်းကလေး ငါ မျှော်လင့်ထားတဲ့ အရာတွေ ဘယ်တော့မှ မလုပ်ဖူးဘူး။ ငါ ဘယ်လိုလုပ် သိနိုင်မှာလဲ ...”
“သူက ငါ့သားကို သူ့အခန်းထဲမှာ ပြချင်နေတာလား” ချူဖန်းချင်း က လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။ ချူဖန်းချင်၏အသက်အရွယ်ဖြင့် ပြောလိုက်သည့်စကားက သိပ်မသင့်တော်မှန်း သိနေသည်။
ခန်းမအရှင်လဲ့ယွမ်က မျက်နှာပျက်သွားပြီး စကားမပြောနိုင်ဘဲဖြစ်နေစဉ် ချူယွန်ရှီက အခန်းထဲ ဝင်လာသည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာက သည်းကြီးမည်းကြီး ရွာချတော့မည့်မိုး ကဲ့သို့ မည်းမှောင်နေလေသည်။
ဤအခြေအနေကြောင့် ခန်းမအရှင်လဲ့ယွမ် လည်း အားသင့်သွားရသည် “ယွန်ရှီ၊ လန်အာ ဘယ်မှာလဲ ...”
“မင်း ငါ့ကို မေးရဲသေးတယ်လား ...” ချူယွန်ရှီ က အေးစက်စက်ပြုံးလိုက်ပြီး ဘေးနားမှ ချူဖန်းချင် ကို လှည့်ကြည့်သည်။
“အဖေ၊ သွားကြရအောင်။ ဒီ မကောင်းတဲ့ အစိမ်းရောင်နေမင်းခန်းမ ကို ဘယ်တော့မှ ပြန်မလာတော့ဘူး ...”
အခန်းထဲမှ လူအိုကြီး နှစ်ယောက် အပြင် ကျန်အကြီးအကဲများလည်း ချက်ချင်း အံ့အားသင့်ကုန်ကြသည်။ ခန်းမအရှင်လဲ့ယွမ် က ချက်ချင်း ခန့်မှန်းမိလိုက်သည်။ လဲ့လန် က ချူယွန်ရှီ ကို တစ်ခုခု လှည့်စားလိုက်တာပင်။ သူက အလျင်စလို မေးလိုက်သည် “ယွန်ရှီ၊ လန်အာ ဘာပြောလိုက်လို့လဲ ...”
ချူယွန်ရှီက ခန်းမအရှင်လဲ့ယွမ် ကို စူးစိုက်ကြည့်လိုက်သည် “မင်းရဲ့ သမီးအလိမ္မာလေး ဘာလုပ်ခဲ့လဲ ဆိုတာ ဘာမှ မသိဘူးလို့ ပြောရဲသေးတယ်လား ...”
စကားပြောပြီးသည်နှင့် ခန်းမအရှင်လဲ့ယွမ် ပြန်ဖြေချိန် မရသေးခင်မှာ ချူယွန်ရှီက ထွက်သွားပြီ ဖြစ်သည်။ ဤမြင်ကွင်းကို မြင်လိုက်သော အစိမ်းရောင်ဧကရာဇ် ခန်းမအရှင် ချူဖန်းချင် လည်း တစ်ခုခု မူမမှန်ကြောင်း သိလိုက်ပါသည်။
တကယ်တမ်း သားဖြစ်သူ သာ ဇွဲကောင်းကောင်းဖြင့် အသည်းအသန်တောင်းဆိုနေခြင်းမဟုတ်လျှင် သူ့အနေဖြင့် ဤလက်ထပ်ပွဲကို သဘောတူလိုက်မည်မဟုတ်ချေ။ အထူးသဖြင့် အပြင်စည်းဂိုဏ်းခွဲများအနက် အောက်ဆုံးအဆင့်ဂိုဏ်းခွဲ၏ ခန်းမသခင်ကို ပြုံးပြနေမည်မဟုတ်ပါ။
သားဖြစ်သူ၏ စကားကို ကြားလိုက်သည့်အခါ လဲ့လန်က ချူယွန်ရှီကို လက်လျှော့သွားအောင် လုပ်ခဲ့ကြောင်း သိလိုက်သည်။
“ဒါက ပိုတောင်ကောင်းသေးတယ်။ လဲ့လန်က အရင်ကတည်းက နာမည်ပျက်ရှိပြီးသား။ တကယ်တမ်း ငါတို့မိသားစုထဲ ဝင်လာရင် မျက်နှာ ပျက်ရမှာ ...”
ဤအချက်ကို တွေးမိသည်နှင့် ချူဖန်းချင်၏ စိတ် သဘောထားက လုံးဝ ပြောင်းလဲသွားသည်။ သူက အေးစက်စက် တစ်ချက်ရယ်လိုက်ပြီး ချူယွန်ရှီနောက်ကနေ လိုက်ပါသွား၏။ မကြာခင်မှာ သားအဖနှစ်ယောက်သား အစိမ်းရောင်နေမင်းခန်းမ ကနေ ထွက်သွားကြတော့သည်။
“လဲ့လန် ဘာတွေလျှောက်လုပ်နေတာလဲ ...”
သူကိုယ်တိုင်လည်း ဂိုဏ်းခွဲတစ်ခု၏ မဟာအကြီးအကဲ ဖြစ်နေသောကြောင့် ချူဖန်းချင် တို့နှစ်ယောက်၏ လုပ်ရပ်က ခန်းမအရှင်လဲ့ယွမ်ကို မထီမဲ့မြင်လုပ်ခဲ့သလို ခံစားရသည်။ ခန်းမအရှင်လဲ့ယွမ် က မျက်နှာထား ခပ်တင်းတင်းဖြစ်လာရင်း စားပွဲကို ဒေါသတကြီးထုချလိုက်ပြီး ထရပ်လိုက်သည်။
ခန်းမအရှင်လဲ့ယွမ် ဒေါသထွက်နေကြောင်း မြင်လိုက်သည့်အခါ ပတ်ဝန်းကျင်ရှိ အကြီးအကဲများလည်း ကြောက်ရွံ့သွားပြီး တိတ်ဆိတ်နေကြသည်။
“မဟာအကြီးအကဲလဲ့ ... ဘာဖြစ်နေတာလဲ။ အစိမ်းရောင်ဧကရာဇ်ခန်းမ က လက်ထပ်ဖို့ကမ်းလှမ်းတာကို သဘောမတူရင်တောင် အခြေအနေကို ဒီလောက် တင်းမာအောင် လုပ်စရာ မလိုပါဘူး ... မဟုတ်လား။ အစိမ်းရောင်ဧကရာဇ်ခန်းမ က အစိမ်းရောင်ဂိုဏ်းခွဲတစ်ခုလုံးမှာ နံပါတ်တစ် ခန်းမ ဖြစ်နေတယ်လေ။ အကြီးအကဲချုပ် လဲ့လန် က ဒီကိစ္စ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ဘာလို့ မသိတာလဲ ...”
ခန်းမအစောင့်အရှောက်များနှင့် အကြီးအကဲများလည်း စိတ်ရှုပ်ထွေးနေကြသည်။
.....
လုံချန် က ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့သော်လည်းမူလအစပြန်သွားခြင်းကျင့်စဉ်၏ ပြန်လည်ကုသခြင်းစွမ်းရာ်ကြောင့် အပြည့်အဝ သက်သာလာခဲ့သည်။
ဤအချိန်တွင် လဲ့လန်က သိုလှောင်အိတ်ထဲကနေ ဆန်းကြယ်အလယ်အလတ်အဆင့် ဒဏ်ရာကုသဆေး အချို့ ထုတ်ပေးခဲ့သည်။ မကြာခင်မှာ လုံချန်၏ ဒဏ်ရာက တဖြည်းဖြည်း ပြန်ကောင်းလာပါသည်။သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ လဲ့လန် က ဂရုမစိုက်သည့် မျက်နှာပေးနဲ့ ရပ်နေကြောင်း တွေ့လိုက်ရသည်။ လုံချန် က စကားမပြောဘဲ အေးစက်စွာ ရယ်မောလိုက်လေသည်။
“ငါတို့ကြားက မပြေနိုင်တဲ့ ရန်ငြိုး ရှိနေပြီ ထင်တယ် ...”
“ဟုတ်လား ...” လဲ့လန် က ဂရုမစိုက်စွာ ပြန်ပြောခဲ့သည်။
“နင်က ဒဏ်ရာ နည်းနည်းလေးပဲ ရတာပါ။ ငါ နင့်ကို လုံလောက်အောင် ပြပြီးသားမဟုတ်လား ..”
“မင်းရဲ့ခန္ဓာကိုယ်က ဒီလောက် တန်ဖိုးရှိလို့လား ...” လုံချန်က နာကျင်မှုကို အံကြိတ်ခံရင်း မတ်တပ်ထရပ်လိုက်သည်။
“ငါ့အခန်းထဲကို ခဏဝင်လိုက်ပါ။ နင့်ရဲ့ ဒဏ်ရာတွေ အရှင်းပျောက်သွားမှ ထွက်သွားလို့ရတယ် ...”
“မင်း ဘာပဲလုပ်လုပ် ငါ့ ဒေါသကို မဖြေရှင်းနိုင်ဘူး။ မင်း ဖြစ်ဖြစ်၊ ချူယွန်ရှီပဲ ဖြစ်ဖြစ်၊ ငါ သေချာပေါက် လက်စားချေမယ်။ လုပ်ရဲရင် အခုချက်ချင်း ငါ့ကို သတ်ပစ်လိုက်။ ငါ မင်းကို နင်းချေနိုင်မယ့် အချိန်ထိ စောင့်မနေစမ်းပါနဲ့...” လုံချန် က တစ်လှမ်းချင်း လျှောက်သွားရင်း နောက်ပြန်လှည့်ကြည့်ကာ အေးစက်စက်ပြုံးလိုက်သည်။
“ငါ မင်းကို နင်းချေမယ်တဲ့လား ...” လဲ့လန် က အံ့အားသင့်သွားသော်လည်း ချက်ချင်း ရယ်လိုက်သည်။ သူမက နောက်ပြောင်သလို ပြောလိုက်၏ “အခုလောလောဆယ် ဘာမှ မပြောပါနဲ့။ နင် ချူယွန်ရှီကို အနိုင်ရပြီးတော့ အတွင်းစည်းဂိုဏ်းထဲ ဝင်နိုင်ရင် ငါ့ကို ဘာပဲလုပ်ချင်လုပ်ချင် လုပ်လို့ရတယ် ...”
လုံချန် က လက်သီးကို တင်းတင်း ဆုပ်လိုက်ပြီး နောက်ဆုံးမှ ပြန်လျော့လိုက်သည်။ လက်ရှိသူ့ခွန်အားက လဲ့လန်ကို မယှဉ်နိုင်သေးပါ။ သူ့ကို တမင်သက်သက် အသုံးချနေမှန်း သိနေသည့်တိုင်အောင် လုံချန်အနေဖြင့် တတ်နိုင်သည့်အရာ မရှိပေ။
“ငါ မင်းကို လိုချင်တယ်လို့ ထင်နေတာလား ...” လုံချန်က အေးစက်စက် ရယ်လိုက်သည် “ငါ့မှာ မင်းထက်သာတဲ့ မိန်းမလှတွေ အများကြီး ရှိတယ်။ မင်းလို အသက်ကြီးတဲ့ မိန်းမကို ဘာကြောင့် လိုချင်ရမှာလဲ ...”
“အသက်ကြီးတဲ့ မိန်းမ လား ...” လဲ့လန် က ဒေါသထွက်လုနီးပါးပင်။ ဤအချိန်တွင် လုံချန် က အဝေး ရောက်သွားခဲ့ပြီ ဖြစ်သည်။
လုံချန် ထွက်သွားသည်ကို ငေးကြည့်နေရင်း ဒဏ်ရာရနေသော်လည်း တည်ငြိမ်စွာရပ်နေသော ပုံရိပ်ကို စူးစိုက်ကြည့်နေမိသည်။
“ငါ သူ့ကို ဒီလိုမျိုး အသုံးချလိုက်တာ အရမ်း စည်းကျော်သွားပြီလား။ သူ ပိုပြီးသန်မာလာရင် တစ်နေ့ကျ ငါ့ကို လက်စားပြန်ချေမှာ သေချာတယ်...”
တစ်ချိန်တည်းတွင် ဟွမ်ဖေးယန်နှင့် သွေးဝိညာဉ်ဂိုဏ်းသခင် တို့ မည်သို့မည်ပုံ အဆုံးသတ်ခဲ့ရကြောင်း ပြန်တွေးမိသောအခါ လဲ့လန် တစ်ယောက်လည်း ကျောရိုးတစ်လျှောက် အေးစိမ့်သွားခဲ့သည်။
“ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ ချူယွန်ရှီကို လုံးဝ စိတ်လျှော့သွားအောင် လုပ်နိုင်ခဲ့ပြီ။ သူက ယဉ်ကျေးပုံရပေမဲ့ စိတ်ဓာတ်က ခက်ထန်ပြီး မောက်မာလွန်းအားကြီးတယ်။ တကယ်လို့သာ သူနဲ့ လက်ထပ်ရင် ငါ့ အနာဂတ်လဲ သေချာပေါက်ပျက်စီးသွားမှာပဲ။ ငါလဲ့လန် က တစ်သက်လုံး တစ်ယောက်ယောက်ကို အားကိုးပြီး နေရမှာတဲ့လား ....” ဤသည်မှာ လဲ့လန်၏စိတ်ထဲမှ အစီအစဉ်ပင်။
“ဒါပေမဲ့ ဒီလိုလုပ်လိုက်ရင် အစိမ်းရောင်နေမင်းခန်းမ နဲ့ အစိမ်းရောင်ဧကရာဇ်ခန်းမ ကြားက ဆက်ဆံရေးလည်း လုံးလုံးပျက်စီးသွားပြီ။ ဒါပေမဲ့ ချူယွန်ရှီ ငါ့ကို စိတ်ဝင်စားနေတဲ့ အချိန်ကတည်းက ဒီလိုဖြစ်လာမယ်ဆိုတာ သေချာနေပြီးသားပဲ ...”
မည်သို့ပင်ဖြစ်စေ လဲ့လန် ကိုယ်တိုင်လည်း တတ်နိုင်သည့်အရာမရှိခဲ့ပေ။ သို့သော် လုံချန် သည် ဤတိုတောင်းသော အချိန်ကာလအတွင်း မည်သို့မည်ပုံ တိုးတက်လာသည်ကို ပြန်တွေးမိသောအခါ အလိုလို ခေါင်းညိတ်လိုက်မိသည်။
“ဘာပဲဖြစ်ဖြစ် ငါ့ကံကြမ္မာကို သူ့ပေါ် လောင်းကြေးထပ်ရမှာပဲ။ သူက အမြဲတမ်း အံ့သြစရာတွေနဲ့ ပြည့်နှက်နေတဲ့ လူ တစ်ယောက်ပဲလေ။ ဖိအားပိုရရင် ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်လာမှာ သေချာတယ်။ ချူယွန်ရှီက ဒီနေ့ သူ့ကို သတ်ချင်ခဲ့တယ်။ သူ့အကျင့်စရိုက်အရဆိုရင် အဲ့ဒါကို ငြိမ်ခံနေမှာမဟုတ်လောက်ဘူး။ အတွင်းစည်းတပည့်ရွေးချယ်ပွဲမှာ လက်စားချေဖို့ ကြံစည်နေမှာ သေချာတယ် ...” လဲ့လန်ကိုယ်တိုင်လည်း လုံချန်၏အကျင့်စရိုက်ကို ကောင်းကောင်း သိနေပါသည်။
ထို့အပြင် ယခု ဖြစ်ပျက်ခဲ့သည့်ပြဿနာသည် ရုတ်တရက်ဆန်စွာ ဖြစ်သွားသော်လည်း အရာအားလုံးက လဲ့လန် မျှော်လင့်ထားသည့် အတိုင်းအတာထဲမှာ ရှိနေခဲ့သည်။ တစ်ချိန်တည်းတွင် သူမ လုပ်ဆောင်ခဲ့သောနည်းလမ်းက ချူယွန်ရှီ နှင့် လုံချန် တို့အပေါ်တွင် မည်မျှ ရက်စက်ခဲ့ကြောင်းလည်း ကောင်းကောင်းသိလေသည်။
“ဒါပေမဲ့ တကယ်လို့ သူသာ ကံကောင်းပြီး နဂါးစိမ်းကလန် ထဲကို ဝင်နိုင်ရင် ငါ ဘယ်လို...”
ဤအချက်ကို တွေးမိသည်နှင့် လဲ့လန်၏ မျက်နှာလှလှလေးက ရုတ်တရက် နီမြန်းလာခဲ့သည်။
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ
.(သွေးနဂါးလုံချန်)
ဘာသာပြန်သူ -
အနှောင်အဖွဲ့ကင်းမဲ့သူ
[(စာစဉ် - ၁၃)အပိုင်း ၁၄၄]
“စီနီယာအစ်ကိုကန်လင် ! ဘာကို ဆိုလိုတာလဲ ...” လုံချန်က သူ့ရှေ့ရောက်လာသည့် ကန်လင်ကို အံ့အားသင့်စွာ မေးလိုက်သည်။
“ဖုံးကွယ်စရာ မလိုတော့ဘူး။ လူတိုင်း သိနေကြပြီ ...” ကန်လင် က ခါးခါးသီးသီး ပြုံးလိုက်သည်။ ထို့နောက် သူက ဆက်ပြော၏ “ ဖြစ်ပျက်ခဲ့တာတွေ အားလုံးကို ငါတို့လည်း သိထားကြပြီးပြီ။ မင်းနဲ့ လဲ့လန် တို့နှစ်ယောက်က ဆက်ဆံရေးတစ်ခုရှိတယ်လို့ ချူယွန်ရှီ ရှေ့မှာ ဝန်ခံခဲ့ကြတယ်။ မကြာခင်မှာ ဒီကိစ္စက အစိမ်းရောင်ဂိုဏ်းခွဲ တစ်ခုလုံးကို ပြန့်နှံ့သွားမှာ သေချာသလောက်ပဲ။ ပြောရရင် ဒီသတင်းက အတွင်းစည်းတပည့်ရွေးချယ်ပွဲ မစခင် အကြီးမားဆုံး သတင်းတစ်ပုဒ် ဖြစ်လာမှာ...”
“ဒီမိန်းမယုတ် ကတော့ ...” လုံချန်က စိတ်ထဲမှာ ကျိန်ဆဲလိုက်သည်။ ၎င်းက လဲ့လန်၏ လုပ်ရပ်ဖြစ်မှန်း သိသာနေသည် မဟုတ်ပါလား “ကြည့်ရတာ ငါ့ နာမည်က အပြင်စည်းဂိုဏ်းခွဲ (၉)ခုစလုံးမှာ ပြန့်နှံ့သွားလောက်ပြီ ထင်တယ်။ ငါက ချူယွန်ရှီရဲ့ ချစ်သူကို ခိုးယူခဲ့တဲ့အတွက် သူ့ကို လုံးဝ မထီမဲ့မြင် ပြုလိုက်တာနဲ့အတူတူပဲ။ ဒီမိန်းမယုတ် လုပ်တာက ငါ့ကို အတွင်းစည်းတပည့်ရွေးချယ်ပွဲမှာ အတော်လေး ခက်ခဲစေတော့မှာပဲ ...”
လုံချန်က စိတ်ထဲရှိသည့်အတိုင်းဆိုလျှင် လဲ့လန်ကို ဖမ်း၍ တစ်ကိုယ်လုံးကို အပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေပါသည်။
ကန်လင်နှင့် ခဏတဖြုတ် စကားပြောဆိုပြီးနောက်တွင် လုံချန်က ကိုယ်ပိုင်ခြံဝန်းသို့ ပြန်လာခဲ့သည်။ မမျှော်လင့်ထားဘဲ လဲ့လင် က ဘေးချင်းကပ်ခြံဝင်းကနေ သူ့အား အေးစက်စက် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“နင်... လူဆိုးကောင် ....၊ ငါ့ အစ်မကို ဆံပင်မွှေးတစ်ပင်တောင် ထိလို့မရဘူး ...” ဒေါသတကြီးအော်ဟစ်ပြီးသည်နှင့် သူမ၏အခန်းတံခါးကို ဝုန်းခနဲမြည်အောင် စောင့်ပိတ်ချလိုက်သည်။
“ဟမ် ...” လုံချန်က သူ ဘယ်လိုခံစားနေရမှန်းပင် မပြောတတ်တော့ပေ “ဘာပဲဖြစ်ဖြစ်၊ မင်း လုပ်ချင်တာ လုပ်လိုက်။ ငါ ကြိုးစားပြီး ကျင့်ကြံလိုက်မယ်။ လဲ့လန် အတွက်ပဲ မဟုတ်ဘူး၊ ငါကိုယ်တိုင်အတွက်လည်း ပါတယ်။ ငါလုံချန်က အတွင်းစည်းတပည့်ရွေးချယ်ပွဲကို သေချာပေါက် အောင်မြင်ရမယ် ...”
“ဒါပေမဲ့ အပြင်စည်းဂိုဏ်းခွဲ (၉)ခု က တခြားပါရမီရှင်တွေနဲ့ ယှဉ်ရတာ အရမ်း ဖိအားများတယ်...” အခန်းတံခါး ဖွင့်လိုက်ရာ လင်းရှီ က သူ့ကို စောင့်နေကြောင်း မြင်တွေ့လိုက်ရသည်။
လင်းရှီ၏ စိုးရိမ်နေသော မျက်နှာလေးကို မြင်လိုက်သည့်အခါ လုံချန်က ရုတ်တရက် စိတ်တည်ငြိမ်လာခဲ့သည်။ သူ့ပုံစံက အပြင်လောကတွင် ဆယ်စုနှစ်တစ်ခုကြာလောက် လှည့်လည်သွားလာနေပြီး ယခုမှ အိမ်ပြန်ရောက်လာသော လူတစ်ယောက်လိုပင်။
“ပြန်လာပြီလား ...”
“ဟုတ်တယ် ...”
ဤသို့ဖြင့် လုံချန်က ကျန် ဆယ်ရက်တာကာလအတွင်း အပြင်းအထန် ကျင့်ကြံခဲ့သည်။
ဤအတောအတွင်း ကောင်းကင်စစ်သည်နယ်မြေထဲသို့ အချိန်နှစ်ရက်ကြာ သွားရောက်ခဲ့သေး၏။ လက်ရှိ သူ့ခွန်အားက ဆန်းကြယ်အဆင့် ၅ နတ်ဆိုး သားရဲမျကို ရင်ဆိုင်ရန်မလုံလောက်သေးပါ။ ထို့ကြောင့် ဆန်းကြယ်အဆင့် ၄ နတ်ဆိုးသားရဲများကိုသာ လိုက်လံသတ်ဖြတ်ခဲ့သည်။ ဤနှစ်ရက်တာအတွင်း လုံချန်က ဆန်းကြယ်အဆင့် ၄ နတ်ဆိုး သားရဲ လေးကောင်အထိ သတ်ဖြတ်နိုင်ခဲ့သည်။
အပြင်ဖက်တွင်မူ သူနှင့် လဲ့လန် တို့နှစ်ယောက်ကြားမှ ဆက်ဆံရေးအကြောင်း အပြင်စည်းဂိုဏ်းခွဲ (၉)ခု လုံးသို့ ပြန့်နှံ့နေခဲ့သည်။ သို့သော် လူတိုင်း မယုံခဲ့ကြဘဲ ရယ်စရာဟာသတစ်ခုကို ကြားလိုက်ရသလိုပင်။
လင်းရှီ လည်း လုံချန် ကြုံတွေ့ခဲ့သည့် အခြေအနေကို သိရှိသွားခဲ့၏။ တစ်ချိန်တည်းမှာပင် လဲ့လန်၏အကြံအစည်ကို တွေးမိလေလေ သူမကို အရင်ထက် ပိုပြီး ရွံရှာမုန်းတီးလာသည်။
နောက်ထပ် ရက်အနည်းငယ်ကြာ ကုန်ဆုံးသွားပြီးနောက်တွင် အတွင်းစည်းတပည့်ရွေးချယ်ပွဲက တဖြည်းဖြည်း နီးကပ်လာခဲ့သည်။
“ချူယွန်ရှီက အတွင်းစည်းတပည့်ရွေးချယ်ပွဲမှာ ငါ့ကို တိုက်ခိုက်မယ်ဆိုတာ တွေးနေစရာတောင်မလိုဘူး။ တခြား ပါရမီရှင်တွေ အများစုကလည်း ချူယွန်ရှီ နဲ့ အဆင့်တူတွေရှိနေတယ်။ ငါ့ ရည်မှန်းချက်က အတွင်းစည်း ဖြစ်ဖို့ပဲ။ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်း အဆင့်နဲ့ လုံးဝ မလုံလောက်ဘူး ...”
လုံချန်က မြေအောက်ကျင့်ကြံရေးအခန်းထဲတွင် တင်ပြင်ခွေထိုင်နေရင်း ဆန်းကြယ်အဆင့် ၄ နတ်ဆိုးသားရဲများ၏ သွေးအဆီအနှစ်များကို စုပ်ယူနေသည်။ သို့သော်လည်း အကျိုးသက်ရောက်မှုက အလွန် နည်းပါးလှသည်။ သွေးချီပြောင်းလဲခြင်းကျင့်စဉ်ကို အသုံးပြုပြီးနောက်မှာပင် ကောင်းကင်ယွမ်တစ်ပိုင်းအဆင့် နှင့်နီးကပ်လာရုံလောက်သာ ခံစားရသည်။ မည်သို့ပင်ဖြစ်စေ လုံချန်အနေဖြင့် အတွင်းစည်းတပည့်ရွေးချယ်ပွဲကို တော်တော်လေးမျှော်လင့်မိသည်။
အတွင်းစည်းတပည့်ရွေးချယ်ပွဲတွင် ပါဝင်နိုင်သူများကား သက်ဆိုင်ရာဂိုဏ်းခွဲများ၏ ထူးချွန်ထက်မြက်သောပါရမီရှင်များပင် ဖြစ်သည်။ အတွင်းစည်းဂိုဏ်းခွဲ ထဲ ဝင်ပြီးနောက်တွင်ပင် သေချာပေါက် နာမည်ကျော်ကြားနေပေလိမ့်မည်။ အမှန်တော့ ဤသည်မှာ အပြင်စည်းဂိုဏ်းခွဲ (၉)ခု ကြားမှ ယှဉ်ပြိုင်ပွဲပင်။ အပြင်ပန်းမှာ စည်းလုံးနေသော်လည်း အပြင်စည်းဂိုဏ်းခွဲများကြား အတွင်းပိုင်းပြိုင်ဆိုင်မှုများ မရေမတွက်နိုင်အောင် ရှိနေခဲ့သည်။ သို့သော် တပည့်များကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားကြသည်။ အဓိကကတော့ အတွင်းစည်းဝင်ခွင့်ရွေးချယ်ပွဲတွင် အင်အားပြသရန် အပြင် အပြင်စည်းဂိုဏ်းခွဲအချင်းချင်းကြား ဆက်ဆံရေးမပျက်ပြားစေရန် ဖြစ်သည်။
ဤအခိုက်အတန့်တွင် လူတိုင်း အတွင်းစည်းဝင်ခွင့်ရွေးချယ်ပွဲကို အထူးတလည် စောင့်မျှော်လင့်နေကြသည်မှာ အစိမ်းရောင်ဂိုဏ်းခွဲ ကြောင့်ပင်။
အခြားသော အပြင်စည်းဂိုဏ်းခွဲများ၏ ပါရမီရှင်များက အချင်းချင်း ဆက်ဆံရေး ကောင်းမွန်ကြသည်။ သို့ရာတွင် အစိမ်းရောင်ဂိုဏ်းခွဲ ဖက်မှာတော့ ချူယွန်ရှီ အပြင် လုံချန်ပါ ရှိနေခဲ့သည်။ အရေးကြီးဆုံးမှာ လုံချန်က မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ဖြင့် ဝင်ခွင့်ရွေးချယ်ခံရလို့ပင်။ ထို့အပြင် သူက ချူယွန်ရှီနှင့် မပြေနိုင်သော ရန်ငြိုး ရှိနေခဲ့ပြန်သည်။
ဤအချိန်တွင် လူတိုင်း အပြောများနေသည့်အရာမှာ လုံချန်နှင့် ချူယွန်ရှီ တို့နှစ်ယောက်က မိန်းမတစ်ယောက်အတွက်ကြောင့် အချင်းချင်း သတ်ဖြတ်လိုနေကြသည်ဟူသော သတင်းပါ။
တစ်ချိန်တည်းမှာပင် လူတိုင်းက လုံချန်ကို အလွန်လျှို့ဝှက်ဆန်းကြယ်သော လူတစ်ယောက်ဟုပင် ထင်နေကြသည်။ အပြင်စည်းတပည့် ဖြစ်သည်မှာ အချိန် ၂ လသာ ရှိသေးသော်လည်း ဤမျှအချိန်တိုတိုအတွင်းမှာပင် နဂါးသွေးကြောနယ်ပယ်ကနေ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်း အဆင့်အထိ တဟုန်ထိုးမြင့်တက်လာခဲ့သည်။
သူတို့အမြင်တွင် လုံချန်၏ ကျင့်ကြံခြင်းလမ်းစဉ်နှင့်အချစ်ရေးအောင်မြင်မှု နှစ်ခုစလုံးမှာ အံ့အားသင့်စရာပင်ဖြစ်သည်။ လူတိုင်း ထင်ထားကြသည်မှာ လဲ့လန် က ချူယွန်ရှီ ကို လက်ခံလိမ့်မည်ဟူ၍ပင်။ သို့ရာတွင် အနှီလုံချန်က အကြီးအကဲချုပ်လဲ့လန်၏ နှလုံးသားကို ခိုးယူသွားလေသည်။ ၎င်းက အရသာကောင်းမွန်သော ဂေါ်ဖီထုပ်ကို ဝက်စားသွားသလိုပင်။ လှပသည့် ပန်းလေးတစ်ပွင့်ကို နွားချေးပုံထဲ ထိုးစိုက်ထားသလို ဖြစ်နေသည်။
အဓိကကတော့ မကြာခင်မှာ ချစ်သူလုဖက် နှစ်ယောက်စလုံးက အစိမ်းရောင်ဂိုဏ်းခွဲကို ကိုယ်စားပြု ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ သေချာသည်မှာ လူတိုင်းအတွက် ပြပွဲကောင်းတစ်ခု ဖြစ်လာပေမည်။ ထို့ကြောင့် အားလုံးက ဤတစ်ကြိမ် အတွင်းစည်းဝင်ခွင့် ရွေးချယ်ပွဲကို မျှော်လင့်စောင့်စားနေကြခြင်းပင်။
ပထမလ၏ ပြိုင်ပွဲကျင်းပမည့်နေ့ မတိုင်ခင် အချိန် ၁၀ ရက်ခန့် လိုပါသေးသည်။ သို့ရာတွင် လူတိုင်း အချိန် ကြန့်ကြာနေသလို ခံစားရသည်။
လုံချန် သည် အချစ်ရေးတွင် အားသာနေသော်လည်း လက်တွေ့တိုက်ပွဲမှာတော့ ကြေကွဲဖွယ်ရာ အဆုံးသတ်ကို ရင်ဆိုင်ရနိုင်သည်။အကြောင်းအရင်းက ပြိုင်ပွဲဝင်များအနက် လုံချန်တစ်ယောက်တည်းသာလျှင် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ဖြစ်နေလို့ပါ။
ပြိုင်ပွဲဝင်အားလုံးက သူ့ကို အထူးသတိပြုမိလာကြသည်။ လူတိုင်း သူနှင့်ပတ်သက်သည့် အချက်အလက်များကိုပင် အစအဆုံး သိရှိနေကြပြီ ဖြစ်သည်။ အနှီလုံချန်က ဖီးနစ်ကလန်၏ တပည့်အသစ် ဖုန်းဝူထျန်း ကို အနိုင်ရခဲ့သော်လည်းပဲ အဆုံးသတ်မှာတော့ ပြိုင်ပွဲဝင်အားလုံးထဲတွင် အားအနည်းဆုံး ဖြစ်နေဆဲပါ။
ဤအတောအတွင်း လုံချန် အပြင်ထွက်လိုက်တိုင်း လင်းဝူမြို့တော်အနှံ့ အတွင်းစည်းဝင်ခွင့်ရွေးချယ်ပွဲ အကြောင်း ဆွေးနွေးနေကြသည်ကို တွေ့နေရသည်။ ခြွင်းချက်အနေဖြင့် လုံချန် အကြောင်း လူပြောအများဆုံးပင်။ လူတိုင်းက လုံချန်တစ်ယောက် ပြိုင်ပွဲကို ဖြတ်ကျော်နိုင်မည်ဟု မျှော်လင့်မထားကြပေ။ သူတို့ ဆွေးနွေးနေကြသည့် အကြောင်းအရင်းမှာ လုံချန် နှင့် ချူယွန်ရှီ တို့ ရင်ဆိုင်တိုက်ပွဲတွင် နောက်ဆုံးအနိုင်ရသူကား မည်သူဖြစ်သည်ဆိုတာပင်။
“ချူယွန်ရှီ က အစိမ်းရောင်ဂိုဏ်းခွဲရဲ့ နံပါတ်တစ်ပါရမီရှင် ဖြစ်နေတဲ့အပြင် ချူ မိသားစု ကလည်း အင်အားအရမ်းတောင့်တယ်။ လဲ့လန် က ဦးနှောက် ချောင်နေတာ မဟုတ်ရင် လုံချန် လို ဝက်တစ်ကောင်ကို ဘာကြောင့် ရွေးရတာလဲ ...”
လုံချန်သာ လူတိုင်း ပြောနေသည့်စကားကို ကြားရပါက သွေးအန်ချင်သွားလောက်ပါသည်။ ထို့ကြောင့် လောလောဆယ်မှာ ရတနာလဲလှယ်ရာခန်းမကိုပင် မသွားရဲပေ။ လူအုပ်က ပြောဆိုနေသည့် စကားဖြင့်ပင် သူ သေသွားနိုင်ချေများ၏။
“မျက်နှာပြောင်တိုက်တတ်တဲ့ မိန်းမယုတ် ...” လင်းရှီ က ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
“လုံချန် ! နင့် လက်ရှိ ခွန်အားနဲ့ သူတို့ကို ရင်ဆိုင်ရတာ တကယ် ခက်ခဲတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ငါ ဝိညာဉ်မြက်ပင်ကို အပြည့်အဝသန့်စင်ပြီးပြီ။ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်း အဆင့်တောင် မတားနိုင်တဲ့ တိုက်ခိုက်မှုကို ငါ ခံနိုင်တယ်။ အဲ့ဒီ ချူယွန်ရှီ သူတောင်းစကားက နင့်ကို ထိရဲရင် ငါ သူ့ ရဲ့အဖိုးမတန်တဲ့အသက်ကို နှုတ်ပစ်မယ် ...” လဲ့လန် နှင့် ချူယွန်ရှီ တို့နှစ်ယောက်စလုံးက လုံချန်ကို ဒုက္ခပေးခဲ့ကြောင်း တွေးမိလေလေ လင်းရှီက ဒေါသဖြစ်လာလေလေပင်။
လုံချန်က ဘာလုပ်လို့လုပ်ရမှန်း မသိတော့ပေ။
“ဟူး ...။ အတွင်းစည်းတပည့်အသစ်ရွေးချယ်ပွဲ မှာ အဆင့်ချိုးဖျက်နိုင်မယ်လို့ မျှော်လင့်ရမှာပဲ။ မဟုတ်ရင် မဖြစ်နိုင်ဘူး...”
လင်းဝူမိသားစု ထဲကို စဝင်လာကတည်းက လုံချန် သည် အဆင့် တစ်ဆင့်ချင်းစီ တက်လှမ်းလာခဲ့သည်။ သူ့တစ်လျှောက်လုံး ကြောက်ရွံ့မှု သို့မဟုတ် ထိတ်လန့်မှု တစ်ခါမှ မခံစားဖူးပေ။ သို့သော်လည်း အပြင်စည်းဂိုဏ်းခွဲ (၉)ခု ၏ ထိပ်တန်းပါရမီရှင်များနှင့် ရင်ဆိုင်တွေ့ရမည်ဖြစ်ရာ လက်ရှိသူ့ခွန်အားက နိမ့်ကျနေသည်မှာ သိသာပါသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါ ပိုပြီးကြိုးစားရဦးမှာပဲ။ လောလောတယ် ချူယွန်ရှီ ရဲ့ တိုက်ခိုက်မှုတစ်ချက်တောင် ခံနိုင်မှာမဟုတ်သလို ချက်ချင်းကြီးလည်း လက်စားချေနိုင်မှာ မဟုတ်ဘူး....”
လုံချန် အတွေးများနေစဉ် လဲ့လန် ရောက်လာသည်ကို တွေ့လိုက်သည်။ အမှန်တိုင်းဆိုရလျှင် လုံချန် က သူမကို လုံးဝ မတွေ့ချင်တော့ပေ။ သို့သော် လဲ့လန် က အခန်းအပြင်ဖက်တွင် ရပ်နေခဲ့သည်။
“လင်းရှီ၊ သူမ ဘယ်လိုလှည့်ကွက်တွေ သုံးဦးမလဲ... ကြည့်ရအောင်။ မရိုင်းပါနဲ့၊ သူမက အရမ်း အားကောင်းတယ်။ ငါ ပိုပြီးသန်မာလာရင် မင်း သူ့ကို တိုက်ခိုက်လို့ရတယ်။ ဘယ်လို ထင်လဲ ...”
အပြင်ထွက်ခင်မှာ လုံချန်က လင်းရှီ၏ မျက်နှာ မည်းမှောင်နေပြီး ရန်လိုမှုအပြည့်ကို မြင်လိုက်သဖြင့် အလျင်စလို သတိပေးလိုက်ရသည်။
“ဟမ့် ...။ ငါ ခွန်အား ပြန်ရလာရင် သူမကို သေချာပေါက် ရိုက်နှက်ပစ်မယ်...”
လုံချန်က အခန်းတံခါး ဖွင့်ပေးလိုက်၏။ အခန်းထဲဝင်လာပြီးနောက် လဲ့လန်က တင်းကြပ်နေသော အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည်ကို တွေ့ရသည်။ သူမ၏ ကောက်ကြောင်းအလှကို ထင်ရှားစွာမြင်နေရလေသည်။ သို့ရာတွင် အနက်ရောင်ဝတ်စုံက သူမ၏အလှအပကို ဖုံးကွယ်ထားလေသည်။
“အတွင်းစည်းဝင်ခွင့် ရွေးချယ်ပွဲက မကြာခင် စတော့မယ်။ နင့်မှာ သင့်တော်မယ့် လက်နက် မရှိသေးဘူး။ ယွမ်လင်းမြို့တော်ရဲ့ မိုးသောက်ကုန်သည်အဖွဲ့ခွဲက ဒီနေ့မှာ လေလံပွဲတစ်ခု ကျင်းပဖို့ရှိတယ်။ ခဏတဖြုတ် သွားကြည့်ကြမလား ...”
ပထမတော့ လုံချန်က လဲ့လန်၏စကားကို ငြင်းပယ်ပြီး ပြဿနာမတက်အောင် စဉ်းစားထားသည်။ သို့သော်လည်း လေလံပွဲအကြောင်း ကြားလိုက်သည့်အခါ ခဏမျှစဉ်းစားလိုက်ပြီး အခြေအနေကိုသွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် လဲ့လန်ဆီကနေ အနက်ရောင်ဝတ်ရုံတစ်ထည် ယူလိုက်ပြီး နောက်ကနေ လိုက်ပါသွားသည်။ သူတို့နှစ်ယောက်သား လင်းဝူမြို့တော်၏ အရှေ့ပိုင်းဒေသကို ဦးတည်သွားခဲ့ကြသည်။
“ဒီ ဆယ်ရက်အတွင်းမှာ အခြေအနေတွေက တော်တော်လေး ရှုပ်ထွေးခဲ့တယ်။ မင်းရဲ့ အချစ်ရေးက လူတိုင်း စားသောက်ပြီးတဲ့အချိန် နဲ့ အိပ်ယာမဝင်ခင်အချိန်တွေမှာ ပြောစရာအကြောင်း ဖြစ်သွားပြီ ...” လုံချန် က အေးစက်စက် ပြောလိုက်သည်။
“နင် စိတ်ညစ်ချင်ယောင်ဆောင်နေတာလား ဒါမှမဟုတ် ပျော်နေတာလား ...” လဲ့လန် က ခပ်ပြုံးပြုံး မေးလိုက်သည်။
“မင်း ငါ့ကို လာနောက်နေတာလား ...”
လဲ့လန် က ငြင်းပယ်လိုက်ခြင်း မရှိပေ။ ခဏကြာမှ သူမက ဆက်ပြော၏ “ဒါကို ဂရုမစိုက်နဲ့.... လုံချန်...” လဲ့လန်က ပြောလိုက်ရင်း မျက်ခုံးကြောများ အနည်းငယ် တွန့်ကွေးသွားသည်။
“အတွင်းစည်းဝင်ခွင့် ရွေးချယ်ပွဲမှာ အန္တရာယ်က နင် စိတ်မကူးနိုင်တဲ့ အဆင့်မှာ ရှိနေတယ်။ နင် ယုံချင်ယုံ ... မယုံချင်နေပါ၊ ငါ နင် သေသွားတာ မလိုချင်ဘူး ...”
“မင်း တကယ်ပဲ နွားအိုမြက်နုကြိုက် ဆိုသလို အသက်ကြီးတဲ့ နွားအိုမကြီးက မြက်နုနုကို စားချင်နေတာလား ...”
“အသက်ကြီးနေတဲ့ နွားအိုမကြီး ...” ဆိုသော စကားကို အကြိမ်ကြိမ် ကြားနေရသဖြင့် လဲ့လန် ကအတင်းအကြပ်ထိန်းချုပ်ထားသည့်တိုင်အောင်ဒေါသပေါက်ထွက်လုနီးပါးပင် ဖြစ်သွားသည်။ သို့ရာတွင် သူမကိုယ်တိုင်က အမှားလုပ်ခဲ့သူ ဖြစ်နေသောကြောင့် ဒေါသကို ပြန်ထိန်းထားလိုက်ရသည်။
လဲ့လန် က လုံချန်ကို မျက်လုံး လှန်ကြည့်လိုက်ပြီး ဆက်ပြောခဲ့သည် “နင် ဖြစ်ခဲ့တာတွေ အတွက် ငါတောင်းပန်ပါတယ်။ ချူယွန်ရှီ က ငါ မျှော်လင့်ထားတာထက် ပိုပြီးရက်စက်နေတယ်။ အခွင့်အရေး တစ်ခုခုသာ ရှိရင် သူ ဘယ်လိုအကျိုးဆက်ပဲ ကြုံရကြုံရ နင့်ကို သတ်ပစ်ဖို့ နည်းလမ်း ရှာထားမှာ သေချာတယ် ...”
“ဘာကို ဆိုလိုတာလဲ။ မင်း ပျော်ရွှင်နေတာမဟုတ်ဘူးလား ...” လုံချန်၏လေသံက အေးစက်သွားသည်။
“အဲ့လို မဆိုလိုပါဘူး ...” လဲ့လန် က စိုးရိမ်တကြီးဖြစ်သွားသည်။ “ငါ နင့်ကို အခုပြောနေတာ အတည်ပါ၊ ဒီတစ်ခါ တော်တော်လေး သတိထားရမယ်။ နင် အသက်ရှင်ဖို့ ကြိုးစားရမယ်။ ဒါ့အပြင် နင်က ချူယွန်ရှီ ထက် အသက် ငယ်သေးတယ်၊ နင် လင်းဝူမိသားစု ထဲကို ဝင်လာတာလည်း မကြာသေးဘူး။ ငါ ဒီလိုပြောတာက အနာဂတ်မှာ သူ့ကို ကျော်တက်ဖို့ အခွင့်အရေး မရှိဘူးလို့ ဆိုလိုတာမဟုတ်ဘူး ...”
“တော်သင့်ပြီ။ ငါလုံချန် သတ်ရမယ့်သူတွေကို ဘယ်တော့မှ ညှာတာမပေးတတ်ဘူး ...” လုံချန် က အေးစက်စက်ပြောလိုက်ပြီး ရှေ့ကိုသာ ဆက်လျှောက်သွားတော့သည်။
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ