← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 13 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 13 Ch. 145-146

.(သွေးနဂါးလုံချန်)

ဘာသာပြန်သူ -

အနှောင်အဖွဲ့ကင်းမဲ့သူ

[(စာစဉ် - ၁၃)အပိုင်း ၁၄၅]

မိုးသောက်ကုန်သည်အဖွဲ့ခွဲက ဤတစ်​ကြိမ် လေလံပွဲကို လင်းဝူအရှေ့ပိုင်းဒေသတွင် ကျင်းပခဲ့သည်။ ယွမ်လင်းဒေသမှ မိုးသောက်ကုန်သည်အဖွဲ့၏ ဌာနခွဲအားလုံး ပူးပေါင်း ကျင်းပကြခြင်းလည်းဖြစ်သည်။

သဘာဝအတိုင်း မန်နေဂျာ ဇောင်တျန်းဖန်၏ လင်းဝူဌာနခွဲ လည်း ပါဝင်ခဲ့သည်။ ဤအခိုက်အတန့်တွင် လုံချန် သည် မိုးကြိုးမီးလျှံကျောက်တုံး နှင့်ပတ်သက်သော ကိစ္စကို သတိရပြီး အနည်းငယ် ကြောက်လန့်မိသည်။ သို့ရာတွင် သူ့ဘေးနား၌ လဲ့လန် ရှိနေသောကြောင့် သိပ်တော့ စိတ်ထဲမထားခဲ့ပေ။

သူ့နောက်ကွယ်တွင် လင်းဝူတော်ဝင်မိသားစု ရှိနေပြီဖြစ်သောကြောင့် ကောင်းကင်ကြီး ပြိုကျလျှင်ပင် လင်းဝူမိသားစုက အရာအားလုံး ကာပေးထားပါလိမ့်မည်။

လေလံပွဲ ကျင်းပသည့် နေရာက အလွန်တရာကြီးမားကျယ်ပြန့်လှသည်။ သူတို့ ရောက်လာသည့်ပချိန်တွင် ရင်ပြင်ကျယ်ကြီးထဲ၌ လူပေါင်း သောင်းချီ စုဝေးနေပြီကို မြင်လိုက်ရသည်။

ရင်ပြင်အလယ်​ဗဟိုတွင် အလင်းရောင် တလက်လက်တောက်ပနေသော ကျောက်သားစင်မြင့်တစ်ခု ရှိနေ၏။ ကျောက်သားစင်မြင့်ကို နတ်ဝိညာဉ်ကျောက်တုံးများဖြင့် တည်ဆောက်ထားပုံရသည်။ မိုးသောက်ကုန်သည်အဖွဲ့ချုပ်က ဤတစ်ကြိမ်လေလံပွဲကို ခမ်းနားကြီးကျယ်စွာ ကျင်းပရန်ရည်ရွယ်ထားမှန်းသိသာပါသည်။

ရင်ပြင်ကျယ်အထက်တွင် အခန်း ၂၀၀ နီးပါး ရှိလေသည်။ ခဏကြာပြီးနောက်တွင် လုံချန်နှင့် လဲ့လန်တို့နှစ်ယောက်လည်း အထူးခန်းတစ်ခန်းထဲသို့ ဝင်ခဲ့ကြသည်။ အခန်းက သိပ်ပြီးကျယ်ဝန်းခြင်းမရှိသော်လည်း အပြင်အဆင်က အတော်လေးစုံလင်ကာ သေသပ်လှပသည်။ သို့သော် လဲ့လန်၏အဆင့်အတန်းနှင့် အဆင့်မြင့်အခန်းတစ်ခန်း ရရန် မခက်ခဲနိုင်ပေ။

လုံချန်အတွက်တော့ ယခုလိုကျဉ်းမြောင်းသည့်အခန်းလေးထဲတွင် သူ့ဇနီးလောင်းဟု လူပြောများနေသော အမျိုးသမီးတစ်ဦးနှင့် ဘေးချင်းကပ် ထိုင်နေရသောကြောင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်။

လဲ့လန် ဆီမှ ဆွဲဆောင်မှုရှိရှိ ရနံ့ က သူ့နှာခေါင်းထဲ အဆက်မပြတ် တိုးဝင်နေခဲ့သည်။ အကယ်၍ အရင်က ပြဿနာတစ်စုံတစ်ရာ မရှိခဲ့လျှင် လက်ရှိအ​ခြေအနေကြောင့် သေချာပေါက် ပျော်ရွှင်နေပါလိမ့်မည်။ သို့ရာတွင် လဲ့လန်၏ လှည့်စားမှုကြောင့် ကြောက်မက်ဖွယ်ရန်သူတစ်ဦး ရှိလာသည့်အတွက် ဘေးနားတွင် အလှတရားရှိနေသည့်တိုင်အောင် စိတ်ဝင်စားမှု လျော့နည်းသွားပါတော့သည်။

လုံချန်၏ ဂရုမစိုက်သလိုပုံစံက လဲ့လန်ကို အထင်မှားသွားစေသည်။ “နင်က ဘာကြောင့် ဒီလောက် စိုးရိမ်နေတာလဲ...”

လဲ့လန်က စိတ်ဝင်စားစွာ စိုက်ကြည့်နေရင်း ခန္ဓာကိုယ်ကို ဆန့်လိုက်သည်။ ပါးလွှာသော အနက်ရောင်ဝတ်ရုံအောက်မှ ဖြူဖွေးချောမွတ်သောအသားအရေ အနည်းငယ်ပေါ်လာပြီး မြင်ရတာ အတော်လေးကို ဆွဲဆောင်နေပါသည်။

“ငါ နင့်အတွက် သတ်မှတ်ပေးထားတဲ့ ရည်မှန်းချက်တွေ အောင်မြင်ရင် ငါ့တစ်ကိုယ်လုံး နင့် အပိုင်ပဲ။ ဟီးဟီး...” လဲ့လန် က ဆွဲဆောင်မှုရှိစွာ ရယ်လိုက်သည်။ လုံချန်က သူမကို လုံးဝ ဂရုမစိုက်ဘဲ ရင်ပြင်အလယ်မှ ကျောက်သားစင်မြင့် ဆီသို့ လှည့်ကြည့်လိုက်သည်။ ထိုနေရာက ရင်ပြင်တစ်ခုလုံး၏ အတောက်ပဆုံး နေရာ ဖြစ်သည့်အပြင် လေလံပွဲ၏ အဓိကနေရာလည်း ဖြစ်လေသည်။

ဤအချိန်တွင် ကျောက်သားစင်မြင့် ထက်သို့ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်သော အမျိုးသမီးတစ်ဦး လျှောက်လာခဲ့သည်။ အမျိုးသမီး၏ လှပသော မျက်လုံးအကြည့်များက ပတ်ဝန်းကျင်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ချိုသာသော အသံ ထွက်လာသည်။

“ အားလုံးပဲ .... မိုးသောက်ကုန်သည်များအဖွဲ့ရဲ့ လေလံပွဲကနေ ကြိုဆိုပါတယ်။ ဒီ ပွဲအတွက် ငါတို့တွေ အချိန် ၂ လ နီးပါးလောက် ပြင်ဆင်ခဲ့ကြတယ်။ ငါတို့ ပြင်ဆင်ထားတဲ့ ရတနာပစ္စည်းတွေက ဧည့်သည်တော် အားလုံးကို ကျေနပ်စေမှာ သေချာပါတယ်။ ကောင်းပြီ၊ အခု လေလံပွဲ စတင်ပြီလို့ ကြေညာလိုက်ပါတယ်။...... ဒီနေရာမှာ တစ်ခုကြိုပြောချင်တာက လေလံပွဲ စည်းမျဉ်းက အမြင့်ဆုံး ဈေးပေးနိုင်တဲ့သူ အနိုင်ရမယ် ဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမဲ့ တန်ဖိုး ညီမျှတဲ့ ပစ္စည်းတစ်ခုခု ထုတ်ပေးနိုင်ရင် ငါတို့ မိုးသောက်ကုသည်များအဖွဲ့က ကြိုဆိုပါတယ်။ ဒါပေမဲ့ ပစ္စည်းရဲ့ တန်ဖိုးကို ငါတို့ကိုယ်တိုင်ပဲဆုံးဖြတ်မှာ ဖြစ်တယ် ...”

လေလံတင်ဆက်သူအမျိုးသမီး၏ အင်အားက သိပ်အားမကောင်းသော်လည်း လူအုပ်ကို အရမ်းကြီးရွံ့မနေခဲ့ပေ။ ထို့အပြင် အသံက ချိုမြိန်ပြီး အလွန်တရာယဉ်ကျေးခဲ့သည်။ ရောက်လာသူတိုင်းကို သက်တောင့်သက်သာ ခံစားရစေသည်။ ဤအမျိုးသမီး၏ ချိုသာသောအသံနှင့် ဆွဲဆောင်မှုရှိသောအလှတရားက လေလံပွဲကို ဦးဆောင်ရန် အလွန်သင့်တော်ပါသည်။

ဤအတောအတွင်း လဲ့လန် က လုံချန်ကို နောက်ထပ် နောက်ပြောင်ရန် စဉ်းစားနေသော်လည်း လုံချန် က အာရုံမစိုက်တော့ပေ။

သူမက အောက်ဖက်ရှိ လူအုပ်ကို ကြည့်လိုက်ပြီး ပြောခဲ့သည်။ “ငါတို့ ဒီနေရာကို လာတာက အတွင်းစည်းတပည့်ရွေးချယ်ပွဲမှာ နင်နဲ့ သင့်တော်တဲ့ လက်နက်တစ်ခုခု ရှာဖို့ပဲ။ နင် လိုချင်တာ ရှိရင် ငါ့ကို ပြောပါ ...”

“ငါ့မှာ ကိုယ်ပိုင် ပိုက်ဆံ ရှိတယ်။ မင်းဘာသာပဲ အဆင်ပြေတာကြည့်လိုက်၊ ငါ့ကို ထည့်တွက်မနေပါနဲ့... ” လုံချန်က အေးစက်စက် ပြန်ပြောလိုက်၏။ လဲ့လန် ဆီကနေ နောက်ထပ် တစ်စုံတစ်ခု ယူလိုက်ပါက ကျေးဇူးအကြွေး တင်သွားပေမည်။ အမှန်တကယ်တော့ လုံချန် က သူမကို တစ်သက်မမေ့နိုင်အောင် သင်ခန်းစာတစ်ခုပေးရန် စီစဉ်ထားသောကြောင့်ပါ။ သို့ရာတွင် လက်ရှိသူ့ခွန်အားက လဲ့လန်ကို မယှဉ်နိုင်သေးမှန်း နားလည်ထား၏။ အနှီလဲ့လန်က သူ့ကို တမင်အသုံးချနေမှန်း သိနေသည့်တိုင်အောင် လက်ရှိ သူတတ်နိုင်သည့်အရာမရှိချေ။ အနာဂတ်၌ သူခွန်အား သန်မာလာသည့်တစ်နေ့ အရင်ဦးဆုံး လက်စားချေမည့်လူက လဲ့လန် ပင်။

လုံချန်၏ အေးစက်ပြီးပြတ်သားသောစကားကို ကြားလိုက်သည့်အခါ လဲ့လန်က အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ လုံချန်က လင်းဝူမိသားစုကနေ ထောက်ပံ့ရေးအမှတ် မည်မျှရခဲ့သည်ကို သူမကိုယ်တိုင် ရှင်းရှင်းလင်းလင်းသိနေလို့ပင်။ ထို့ကြောင့် လုံချန်၏ ပြောစကားကို ကြားလိုက်ရာ အနည်းငယ်ရယ်ချင်စိတ် ဖြစ်ပေါ်လာသည်။

“ငါ နင့်နဲ့ ငြင်းခုံဖို့ စိတ်ကူးမရှိဘူး။ ငါ ဒီလေလံပွဲကို လာတာ နင့်အတွက်ပဲ။ အရမ်း တွေးမနေနဲ့။ အနည်းဆုံးတော့ လူတွေအားလုံး နင့်ကို ငါ့ ယောက်ျား လို့ ထင်နေကြတာ။ နင်သာ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားရင် ငါပဲ မျက်နှာပျက်မှာ။ ဒါ့ကြောင့် နင့်အတွက် တစ်စုံတစ်ခု ဝယ်ပေးတာက ငါ့ဂုဏ်သိက္ခာ မထိခိုက်အောင်လည်း ပါတယ်...” လဲ့လန်က ပုံမှန်လေသံဖြင့် ပြောလိုက်သည်။

“ငါ မင်းကို ပြောပြီးပြီ။ ငါ လိုချင်တဲ့အရာကို ငါ့ ကိုယ်ပိုင် နည်းလမ်းနဲ့ ရယူနိုင်တယ် ...” လုံချန် အေးစက်စွာ ပြန်ဖြေသည်။

လုံချန်က အေးစက်ခက်ထန်နေသောကြောင့် လဲ့လန် ပင် အနည်ငယ် စိတ်မကောင်း ဖြစ်သွားရသည်။ သို့ရာတွင် သူမကိုယ်တိုင် အမှားလုပ်မိခဲ့သဖြင့် လုံချန်ကို စိတ်မဆိုးရက်တော့ပေ။

“နင်က တော်တော်လေး ကြွားဝါတတ်တာပဲ။ ဒီလို အဆင့်မြင့် လေလံပွဲမှာ နင် ဘယ်လို လုပ်မလဲဆိုတာ ငါ သိချင်မိတယ်”

လုံချန်၏ သိုလှောင်အိတ်ထဲ၌ နတ်ဝိညာဉ်ကျောက်တုံး မည်မျှရှိနိုင်မှန်း သူမ သိနေလို့ပင်။ ဤတစ်ကြိမ် လေလံပွဲက လင်းဝူအရှေ့ပိုင်းဒေသ၏ အဆင့်မြင့်ဆုံး ပွဲတစ်ခု ဖြစ်ခဲ့သည်။ ဤနေရာတွင် လေလံတင်သည့် ပစ္စည်းတိုင်းက အောက်ဆုံးအဆင့် လေလံစျေးပင် အနည်းဆုံး နတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀ ရှိလေသည်။ လုံချန်၏လက်ထဲမှာသာ နတ်ဝိညာဉ်ကျောက်တုံး အလုံအလောက် ရှိနေပါက အနောက်ဖက်ကနေ နေထွက်လာသည်ဟု ဆိုနိုင်သည်။

သူတို့နှစ်ယောက် စကားနိုင်လုနေကြရင်း အချိန်အနည်းငယ်ကြာသွား၏။ ဤအတောအတွင်း ပစ္စည်း နှစ်ခုကို လေလံတင်ရောင်းချခဲ့ပြီး ဖြစ်သည်။ ပထမဆုံး တစ်ခုက ဆန်းကြယ်အလယ်အလတ်အဆင့် နတ်လက်နက် ဖြစ်ပြီး ၎င်းကို နတ်ဝိညာဉ်ကျောက်တုံး (၅၀,၀၀၀) တန်ကြေးဖြင့် ရောင်းချခဲ့၏။ ဒုတိယမြောက် လေလံပစ္စည်းကိုတော့ နတ်ဝိညာဉ်ကျောက်တုံး (၃၀,၀၀၀)ဖြင့် ရောင်းချနိုင်ခဲ့သည်။

အမှန်စင်စစ် လေလံပွဲ၏ နောက်ဆုံး ရောင်းချသောပစ္စည်းများက အဓိကဖြစ်ပြီး လေလံကြေးလည်း ပိုများတတ်သည်။ လုံချန်က ဤအချက်ကို ကောင်းကောင်းသိနေသောကြောင့် မလှုပ်ရှားသေးဘဲ ငြိမ်နေခဲ့၏။

မည်သို့ပင်ဖြစ်စေ တစ်စုံတစ်ယောက်က လေလံပွဲတွင် ပါဝင်နိုင်ရန်အတွက် အနည်းဆုံး နတ်ဝိညာဉ်ကျောက်တုံး (၁၀,၀၀၀) ခန့် ပိုင်ဆိုင်ထားနိုင်မှသာ။သို့သော် မြေကမ္ဘာယွမ်ကနဦးအဆင့် ပညာရှင်တစ်ယောက်၏ တစ်သက်တာ စုဆောင်းမှု ကပင် နတ်ဝိညာဉ်ကျောက်တုံး (၁,၀၀,၀၀၀) လောက်သာ ရှိလေသည်။ လေလံပွဲတွင် ကျပန်း ရောင်းချသည့် ပစ္စည်း တစ်ခုက မြေကမ္ဘာယွမ်ကနဦးအဆင့် ပညာရှင်ကို မွဲတေသွားအောင် လုပ်ဆောင်နိုင်သည်။ ထို့ကြောင့် လဲ့လန်၏အမြင်တွင် လုံချန်က ကြွားဝါနေရုံသက်သက်ဟု ယုံကြည်နေသည်။

“လေလံစျေးကို အထင်မသေးပါနဲ့။ လေလံဆွဲပြီးမှ ပိုက်ဆံ မထုတ်နိုင်ရင် မိုးသောက်ကုန်သည်အဖွဲ့ကနေ ပြန်ထွက်နိုင်မှာမဟုတ်ဘူး။ ဒါက ဌာနခွဲ တစ်ခုပဲ ဖြစ်ပေမဲ့ ဒီနေရာမှာ ကောင်းကင်ယွမ်အဆင့် ပညာရှင်တွေ အများကြီး ရှိတယ်။ ဒီလိုအခြေအနေမှာ ငါ နင့်ကို ဘယ်လိုမှ မကယ်နိုင်ဘူး....” လုံချန် ဆက်ပြီး ခေါင်းမာနေသည်ကို မြင်လိုက်ရာ လဲ့လန် က သတိပေးလိုက်ပါသည်။

သို့သော် လုံချန်က ဘာစကားမှ ပြန်မပြောဘဲ လေလံပွဲ ကိုသာ ဆက်ကြည့်နေခဲ့သည်။

လဲ့လန် က သူ့တုံ့ပြန်မှုကို မြင်သောအခါ ခေါင်းခါလိုက်ပြီး စိတ်ထဲမှာ တွေးနေခဲ့သည် ။ “ဒီကောင်လေးက တကယ် ရင့်ကျက်မှု မရှိသေးဘူးပဲ။ အသက်ဒီလောက် ကြီးနေတာတောင် ဒေါသကို မထိန်းချုပ်နိုင်သေးဘူး။ ငါ ဒီနေရာကိုလာတာ သူ့ကို ကူညီဖို့အတွက်ပဲလေ။ ဒါပေမဲ့ ဒီလို ဆက်လုပ်နေရင် ငါတို့ ဒီနေရာကိုလာတာ အသုံးမဝင်တော့ဘူး။ တစ်ခုခု လုပ်မှရတော့မယ် ...” ခဏကြာစဉ်းစားနေပြီးနောက် လဲ့လန်၏မျက်လုံးများ အရောင်တောက်ပလာသည်။

“လုံချန် ! အခု နင့်မှာ ထောက်ပံ့ရေးအမှတ် ဘယ်လောက် ရှိလဲ ...”

“၃၆၁ မှတ် ရှိတယ်၊ ဘာဖြစ်လို့လဲ ...”

လဲ့လန်က မည်သည့်အတွက် မေးလာသည်ကို မသိသော်လည်း လုံချန်က အမှန်တိုင်း ပြန်ပြောလိုက်၏။

“နင့် ကိုယ်ပိုင် နည်းလမ်းနဲ့ ပစ္စည်းဝယ်ချင်ရင် ငါ မတားဘူး။ ဒါပေမဲ့ နင့်မှာ နတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်ရှိလဲ ဆိုတာ ငါ သိတယ်။ ဒီလို လုပ်ရင်မကောင်းဘူးလား။ နင့်မှာ ရှိတဲ့ ထောက်ပံ့ရေးအမှတ် ၁ မှတ်ကို နတ်ဝိညာဉ်ကျောက်တုံး ၁၀ လုံး နဲ့ ငါ့ဆီမှာ လဲလှယ်ပေးမယ်။ စုစုပေါင်း နတ်ဝိညာဉ်ကျောက်တုံး (၄,၀၀၀) ပေးမယ်။ ဘယ်လို ထင်လဲ ...”

လဲ့လန် ယခုပြောသည့်နည်းလမ်းအတိုင်းဆိုပါက သူမအပေါ် အကြွေးတင်နေမည်ဟု မခံစားရပေ။ လုံချန် က ခေါင်းညိတ်ကာ လဲ့လန်၏အကြံကို လက်ခံလိုက်သည်။

ဤအချိန်တွင် လေလံတင်ဆက်သူအမျိုးသမီး၏ ကြေညာသံ ထွက်ပေါ်လာပြန်သည်...

“ဧည့်သည်တော် အားလုံး ...၊ နောက်ထပ် လေလံတင်မယ့်ပစ္စည်းက ခုနစ်ရောင်ခြယ်သလင်းကျောက် ဖြစ်တယ်။ ဒီသလင်းကျောက်က သာမန် သလင်းကျောက်ထက် ဆယ်ဆ အရည်အသွေး ပိုကောင်းတယ်။ လက်နက်သခင် တစ်ယောက် ရှိရင် ဆန်းကြယ်အလယ်အလတ်အဆင့် နတ်လက်နက် ၂ လက် ဒါမှမဟုတ် ပိုတောင် ဖန်တီးနိုင်သေးတယ်။ အဆင့်မြင့်လက်နက်သခင် သာ ဆိုရင် ဆန်းကြယ်အဆင့်မြင့် နတ်လက်နက် ဖန်တီးလို့တောင် ရတယ်။ ဒီ ခုနစ်ရောင်ခြယ်သလင်းကျောက်တုံး အတွက် လေလံ စတင်ဈေးက နတ်ဝိညာဉ်ကျောက်တုံး (၁၀,၀၀၀) ပဲ။ လေလံဆွဲရင် တစ်ကြိမ်ကို နတ်ဝိညာဉ်ကျောက်တုံး (၅,၀၀) တင်ပေးရမှာဖြစ်တယ်...” လေလံတင်ဆက်သူ အမျိုးသမီး၏ ချိုသာသော ကြော်ညာသံနှင့်အတူ လေလံပွဲအတွင်း ပြင်းထန်သော လှိုင်းတစ်ခု ရိုက်ခတ်လာသလိုပင်။

“နတ်ဝိညာဉ်ကျောက်တုံး ၁၂,၀၀၀... ”

“နတ်ဝိညာဉ်ကျောက်တုံး ၁၃,၀၀၀... “

“နတ်ဝိညာဉ်ကျောက်တုံး ၁၅,၀၀၀.... “

“နတ်ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀.... “

ခုနစ်ရောင်ခြယ်သလင်းကျောက် က ဆန်းကြယ်အဆင့်မြင့် နတ်လက်နက် ဖန်တီးနိုင်သောကြောင့် အလွန်တန်ဖိုးရှိလှသည်။ လေလံအပြိုင်ဆွဲသံများ နှင့်အတူ လေထု ပူနွေးလာသည်။ လေလံဈေးနှုန်းကလည်း အဆက်မပြတ် မြင့်တက်နေ၏။ မကြာခင်မှာနတ်ဝိညာဉ်ကျောက်တုံး ၆၀,၀၀၀ နီးပါးအထိပင် ရောက်ရှိသွား​​ခဲ့သည်။

လုံချန် ကတော့ စိတ်ဝင်စားခြင်း အလျင်းမရှိပေ။ ဘေးနားရှိ လဲ့လန် က သူတို့နှင့် အခန်းချင်းကပ်လျှက်တွင် ရင်းနှီးသော လူ တစ်ယောက်ကို တွေ့လိုက်သည်။ ထိုလူက ငွေကြေးကြွယ်ဝပုံရ၏၊ အများနည်းတူ ခုနစ်ရောင်ခြယ်သလင်းကျောက်တုံးကို အပြိုင်လေလံဆွဲနေသည်။ ထိုလူက လေလံစျေး တစ်ခါမြှင့်တိုင်း နတ်ဝိညာဉ်ကျောက်တုံး ထောင်ချီ တိုးပြီး လေလံဆွဲခဲ့သည်။ နောက်ဆုံးတွင်တော့ ထိုလူက ခုနစ်ရောင်ခြယ်သလင်းကျောက်တုံးကို နတ်ဝိညာဉ်ကျောက်တုံး ၇၀,၀၀၀ နှင့် ဝယ်ယူလိုက်နိုင်သည်။

“သူ ဖြစ်နေတာလား။ သူလည်း ဒီ လေလံပွဲကို လာမယ်လို့ မထင်ခဲ့မိဘူး ...” လဲ့လန်က ထိုလူကို မြင်လိုက်သည့်အတွက် အံ့အားသင့်သွားခဲ့သည်။

“ဘယ်သူလဲ ...” လုံချန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

“အတွင်းစည်းဝင်ခွင့် ရွေးချယ်ပွဲရဲ့ နံပါတ်တစ်ပါရမီရှင်။ အပြင်စည်းဂိုဏ်းခွဲ(၉)ခု ရဲ့ လက်ရှိ နံပါတ်တစ် ပါရမီရှင် လို့ သတ်မှတ်ထားကြတယ်၊ သူ့နာမည်က ရွှေဂိုဏ်းခွဲရဲ့ နံပါတ်တစ် ထိပ်တန်းပါရမီရှင် ဂျင်ရှန်းအန် ။ သူ တိုက်ခိုက်တာကို တစ်ခါ တွေ့ဖူးတယ်။ သူ က တကယ့်ကို သာမန် မဟုတ်ဘူး။ သူ့ရဲ့ တိုက်ပွဲဝင်အားက ကောင်းကင်ယွမ်ပြီးပြည့်စုံခြင်း အဆင့် ကိုရောက်နေပြီ ...”

“ဂျင်ရှန်းအန် ၊ ကောင်းကင်ယွမ်ပြီးပြည့်စုံခြင်း အဆင့် ...” လုံချန်က စကားပင်ပြောနိုင်တော့သလိုဖြစ်သွား၏။ ထိုသကောင့်သားက ကောင်းကင်ဘုံကို လုံးဝဆန့်ကျင်နေသည်မဟုတ်ပါလား။ တစ်ချိန်တည်းတွင် သူကိုယ်တိုင် အဆက်မပြတ် တိုးတက်နေသော်လည်း သူ့ထက် ပိုတော်သူ အမြဲလိုလို ရှိနေကြောင်း နားလည်လိုက်သည်။ သူ့မျက်လုံးထဲတွင် အစိမ်းရောင်ဧကရာဇ်ခန်းမ၏ ချူယွန်ရှီ ကပင် သူယှဉ်ပြိုင်ရန် ခက်ခဲသော ပါရမီရှင် ဖြစ်နေခဲ့ပြီဖြစ်သည်။ ယခုလည်း အမှတ်မထင်တွေ့ခဲ့သော ရွှေဂိုဏ်းခွဲ၏ပါရမီရှင် ဂျင်ရှန်းအန် က ပို၍ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။ အကြောင်းမှာ ထိုလူငယ်၏ တိုက်ပွဲဝင်ခွန်အား က ကောင်းကင်ယွမ်ပြီးပြည့်စုံခြင်း အဆင့်မှာ ရှိနေခဲ့လို့ပင်။

“သူ့ရဲ့ အဓိကအားသာချက်က ဘာလဲ သိလား ...” လုံချန်က ဂျင်ရှန်းအန်ကို အတော်လေး စိတ်ဝင်စားနေသည်။ သူ့တွင် နဂါးဝိညာဉ်အသွင်ပြောင်းလဲခြင်းကျင့်စဉ်၊ မိုးကြိုးမီးလျှံခန္ဓာကိုယ် နှင့် အခြား ဆန်းကြယ်အဆင့်ကျင့်စဉ်များ ပိုင်ဆိုင်ထား၍သာ ​ပြိုင်ဖက်ကို အဆင့်ကျော်သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

“ဂျင်ရှန်းအန် အရမ်း သန်မာတဲ့အကြောင်းအရင်းက သူ ကျင့်ကြံတဲ့ ရွှေခန္ဓာကျင့်စဉ် ဆိုတဲ့ ဆန်းကြယ်အဆင့်မြင့်ခန္ဓာကိုယ်ကျင့်စဉ် ကြောင့်ပဲ။ ရွှေခန္ဓာက ရွှေဂိုဏ်းခွဲရဲ့ ထိပ်တန်းအဆင့် ခန္ဓာကိုယ်ကျင့်စဉ် ဖြစ်တယ်။ ဒါပေမဲ့ ရွှေဂိုဏ်းခွဲ မှာ ဒီကျင့်စဉ်ကို အောင်မြင်နိုင်တဲ့သူ မရှိသလောက်ပဲ။ ဂျင်ရှန်းအန် တစ်ယောက်ပဲ ကောင်းကင်ယွမ်ကနဦးအဆင့် မှာတင် အောင်မြင်ခဲ့တယ်။ ဒီအချက်ကို ကြည့်ရင် သူ့ရဲ့ပါရမီက တော်တော်လေးကြောက်စရာပဲ ဆိုတာ သိသာတယ် ...”

လုံချန်၏ အားသာချက်က သာမန်လူများထက် ပိုသန်မာသော ခန္ဓာကိုယ် ပင်။ ဂျင်ရှန်းအန် က ဆန်းကြယ်အဆင့်မြင့် ခန္ဓာကိုယ်ကျင့်စဉ်ကို ကျင့်ကြံထားသောကြောင့် လုံချန်ထက် တစ်ဆင့် သာနေခဲ့သည်။ အစစ်အမှန်ချီ နှင့်ပတ်သက်၍လည်း လုံချန်က ဂျင်ရှန်းအန် ထက် နိမ့်ကျနေသည်မှာ သိသာပါသည်။

လုံချန် က လဲ့လန်၏ရှင်းပြချက်ကို ကြားလိုက်ပြီးနောက် ဤနတ်ဆိုးဆန်သောပါရမီရှင်က မကြာခင် သူ ရင်ဆိုင်ရတော့မည်မှန်း သိလိုက်ရသည်။ ထို့အတူ လုံချန်က အတော်လေး စိတ်ဓာတ်ကျသွားမိသည်။

“ဘာလဲ၊ အတွင်းစည်းဂိုဏ်းခွဲဝင်ခွင့် ရွေးချယ်ပွဲက ဘယ်လောက် ရက်စက်ကြမ်းတမ်းသလဲ ဆိုတာ အခု နားလည်ပြီလား ...” လဲ့လန်က လုံချန်ကို ကြည့်ရင်း မျက်လုံးထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပေါ်လာသည်။

“ဘယ်သူ အနိုင်ရမယ်ဆိုတာ အခု ပြောဖို့ စောပါသေးတယ် ...” လုံချန် လည်း အတွင်းစည်းဂိုဏ်းခွဲဝင်ခွင့် ရွေးချယ်ပွဲက မည်မျှခက်ခဲမှန်း သိနေသည်။ မည်သို့ပင်ဖြစ်စေကာမူ ယန်လင်းချင် နှင့် သူကိုယ်တိုင် အတွက် အရာရာကို ကြောက်ရွံ့ထိတ်လန့်နေလို့မရပေ။ တစ်ဖက်ရန်သူက မိမိထက် အဆပေါင်းများစွာ သန်မာအားကောင်းနေလျှင်ပင် ခုခံနိုင်ရမည်ဖြစ်သည်။ အစွမ်းကုန် ထုတ်သုံး၍ ခုခံသင့်သည်။

“ခ်...ခ်.....” လဲ့လန်က ပါးစပ်အုပ်ရင်း ညင်ညင်သာသာလေး ရယ်မောလိုက်သည်။ “ဆက်ကြွားနေလိုက်....။ နောက်တစ်ခု ထပ်ပြောပြမယ်။ ဂျင်ရှန်းအန်နဲ့ ချူယွန်ရှီ က သူငယ်ချင်း ကောင်းတွေ ဖြစ်နေတယ်။ နင် သူနဲ့ တွေ့ရင် အသတ်မခံရဖို့သာ ဆုတောင်းထားတော့ ......”

လုံချန်၏စိတ်ထဲမှာ ဗလာကျင်းသွားသလို ခံစားလိုက်ရသည်။ “သောက်ကျိုးနည်းပြီပေါ့။ ဒီ ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတာလဲ။ ပါရမီရှင်တွေ အားလုံးက ဘာ့ကြောင့် အတူတူ စုနေကြတာလဲ။ တစ်ယောက်ကို တိုက်ခိုက်ရင် တစ်ယောက်ထက် ပိုကောင်းတဲ့ သူတွေနဲ့ပါ ဆက်ပြီးရင်ဆိုင်ရမှာလား... ”

လုံချန်က ဘာစကားမှ ပြန်မပြောနိုင်လောက်အောင်ပင်။

အမှန်တော့ လဲ့လန် က ဤအချက်ကို ထောက်ပြရသည့် ရည်ရွယ်ချက်မှာ လုံချန်အား အတွင်းစည်းဝင်ခွင့် ရွေးချယ်ပွဲတွင် ရင်ဆိုင်ကြုံတွေ့ရမည့် အန္တရာယ်နှင့် အခက်အခဲများကို နားလည်အောင် လုပ်ဆောင်ရန်ပါ။ ယခု လုံချန်၏ပုံစံက အနည်းငယ်နားလည်သွားပုံပေါ်သည်။ သူမ၏စိတ်ထဲတွင် အတန်ငယ်သက်သာရာရသွားသည်။

ဤအချိန်တွင် လေလံတင်ဆက်သူအမျိုးသမီး၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

“အခု နောက်ထပ် လေလံပစ္စည်း ကို ကြေညာပါတော့မယ် ...။

အဲဒါက မိုးကြိုးမီးလျှံကျောက်တုံး ပါ.... ”

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

(သွေးနဂါးလုံချန်)

ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ

[(စာစဉ် - ၁၃)အပိုင်း ၁၄၆]

“နောက်ထပ် လေလံတင်မယ့်ပစ္စည်းက မိုးကြိုးမီးလျှံကျောက်တုံး လား....” ကြေညာသံကြောင့် လဲ့လန်၏ ချယ်ရီနှုတ်ခမ်းပါးလေးများ အနည်းငယ်ပွင့်အာသွားသည်။ တော်တော်လေး အံ့အားသင့်နေပုံပါ။

“မိုးသောက်ကုန်သည်အဖွဲ့က ဘယ်လို ရလာတာလဲ။ ယွမ်လင်းဒေသမှာ မိုးကြိုးမီးလျှံကျောက်တုံး အရမ်း ရှားပါးတယ်လေ။ သူတို့ ဒါကို တခြား နည်းလမ်းနဲ့ ရလာတာ ဖြစ်မယ် ...”

လုံချန် လည်း မိုးသောက်ကုန်သည်အဖွဲ့က မိုးကြိုးမီးလျှံကျောက်တုံး ကို လေလံတင်လိမ့်မည်ဟု မထင်ခဲ့ချေ။

ဤမတိုင်ခင်မှာ သူလည်း ဌာနခွဲ မန်နေဂျာဇောင်တျန်းဖန် ဆီကနေ မိုးကြိုးမီးလျှံကျောက်တုံး ၄၀ ကျော် ရခဲ့၏။ သို့သော် သူတို့လက်ထဲတွင် အများကြီး ရှိနေသေးကြောင်း သိသာပါသည်။

ကျင့်ကြံသူတစ်ယောက်က မည်မျှပင် သန်မာအားကောင်းပါစေ မိုးကြိုးမီးလျှံကျောက်တုံး အလုံး ၁၀၀ ဆိုလျှင် လုံလောက်နေပြီဖြစ်သည်။ သို့ရာတွင်ရာချီ ရှိနေပါက အဖွဲ့အစည်းတစ်ခု၏ အင်အား ကသေချာပေါက် မြင့်တက်လာ​နိုင်သည်။ မိုး​ကြိုးမီးလျှံကျောက်တုံးက အကျိုးကျေးဇူး မည်မျှရှိကြောင်း သိသာလေသည်။

လင်းရှီ လည်း အရင်က ပြောခဲ့ဖူး၏။ ၎င်းမှာ မိုးသောက်ကုန်သည်အဖွဲ့၏လက်ထဲတွင် မိုးကြိုးမီးလျှံကျောက်တုံး အများအပြားရှိနိုင်သည် ဆိုသည့်အချ​က်ပင်။ ဤသတင်းသာ အမှန်ဖြစ်နေပါက မိုးသောက်ကုန်သည်အဖွဲ့၏ အင်အားက လုံးဝ ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။

မိုးသောက်ကုန်သည်အဖွဲ့က မကြာမီအချိန်အတွင်းလင်းဝူတော်ဝင်မိသားစု နှင့် သားရဲဝိညာဉ်နန်းတော်ကိုပင် ပခုံးချင်းယှဉ်နိုင်လာချေများ၏။ အကယ်၍ ယွမ်လင်းဒေသတွင် မိုးကြိုးမီးလျှံကျောက်သတ္တုတွင်း ရှိနေသည့် သတင်းသာ ထွက်ပေါ်လာခဲ့လျှင် လင်းဝူမိသားစုကလည်း သေချာပေါက် အရယူရန်ကြိုးစားမည်မှာ မလွဲပေ။

“စုစုပေါင်း မိုးကြိုးမီးလျှံကျောက်တုံး ၁၀ လုံး ရှိတယ်။ လူတစ်ယောက်က အကုန်လုံးကို ပေါင်းစည်းနိုင်ရင် မိုးကြိုးမီးလျှံကျင့်ကြံသူ ဖြစ်လာပြီးတော့ မိုးကြိုးမီးလျှံခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်လိမ့်မယ်။ ဒါက ဆန်းကြယ်အလယ်အလတ်အဆင့် ခန္ဓာကိုယ် ကျင့်စဉ်နဲ့ ညီမျှတယ်၊ ဒါမှမဟုတ် ပိုပြီး အားကောင်းနိုင်တယ်။ ဒီတော့ အကျိုးသက်ရောက်မှုကို အားလုံး နားလည်ကြလိမ့်မယ်ထင်ပါတယ်။ ကောင်းပြီ၊ အပို ထပ်မပြောတော့ဘူး။ ဒီ မိုးကြိုးမီးလျှံကျောက်တုံး ၁၀ လုံးအတွက် လေလံအခေါ်စျေးက နတ်ဝိညာဉ်ကျောက်တုံး ၂၀,၀၀၀ လို့ သတ်မှတ်ထားတယ်။ တစ်ကြိမ် လေလံကြေးတိုးရင် နတ်ဝိညာဉ်ကျောက်တုံး ၁,၀၀၀ တိုးပေးရမယ် ”

မိုးကြိုးမီးလျှံကျောက်တုံး ပေါ်လာကတည်းက အခန်းထဲရှိ ဧည့်သည်တော် အားလုံး ဆူညံစွာ ဆွေးနွေးနေကြသည်။ မိုးကြိုးမီးလျှံကျောက်တုံး က ထိပ်တန်းအဆင့် ရတနာ မဟုတ်သော်လည်း ယွမ်လင်းဒေသတွင် ရှားပါးခဲ့သည်။ ထို့ကြောင့် လေလံဆွဲသူများကြားတွင် အတော်လေး ဆူညံပွက်လောရိုက်နေသည်။

“လုံချန်၊ ဒီ မိုးကြိုးမီးလျှံကျောက်တုံးတွေကို ဘယ်လို ထင်လဲ ...” လဲ့လန်က နောက်လှည့်ပြီး လုံချန်ကို ကြည့်လိုက်သည်။ သူမ၏အမြင်အရ လုံချန် သည် သားရဲကျင့်ကြံသူ ဖြစ်နေခဲ့သည်။ နောက်ထပ် ဆန်းကြယ်အလယ်အလတ်အဆင့် ခန္ဓာကိုယ်ကျင့်စဉ်ကို ကျင့်ကြံပါက လုံချန်၏ တိုက်ပွဲဝင်ခွန်အားဟာ သေချာပေါက်မြင့်တက်လာနိုင်သည်။ ထို့​အတူ မကြာခင် ကျင်းပတော့မည့် အတွင်းစည်းဝင်ခွင့် ရွေးချယ်ပွဲတွင် သူ့အတွက် အခွင့်အရေး ပိုရလာနိုင်သည်မဟုတ်ပါလား။

မိုးကြိုးမီးလျှံကျောက်တုံး၏ ထူးခြားချက်မှာ အခြားသော ခန္ဓာကိုယ်ကျင့်စဉ်များနှင့် မတူသည့်အချက်ပင်။ အခြား ပြင်ပကျင့်စဉ်များက အချိန်ယူပြီး ကျင့်ကြံရ၏။ မိုးကြိုးမီးလျှံကျောက်တုံးက ခန္ဓာကိုယ်နှင့် ပေါင်းစပ်လိုက်ရုံပင်။

အကယ်၍ လုံချန်က မိုးကြိုးမီးလျှံကျောက်တုံး အလုံး ၃၀ နှင့် ပေါင်းစပ်ထားမှန်း လဲ့လန် သာ သိခဲ့လျှင် အံ့အားသင့်ပြီး သေသွားနိုင်လောက်ပါသည်။ လုံချန်အတွက် မိုးကြိုးမီးလျှံကျောက်တုံး များများရှိလေလေ ပိုကောင်းလေလေဖြစ်သည်။ အကြောင်းမှာ သူ့ရည်ရွယ်ချက်က အဆင့် ၂ မိုးကြိုးမီးလျှံခန္ဓာကိုယ် သို့မဟုတ် အဆင့် ၃ အထိ ရောက်ရှိရန်ပင်။ သို့သော်လည်း ယခု ပြဿနာက လုံချန်၏လက်ထဲ၌ နတ်ဝိညာဉ်ကျောက်တုံး ၄,၀၀၀ လောက်သာ ရှိနေခဲ့၏။ လက်ရှိ သူ့ပိုင်ဆိုင်မှုက တကယ့်ကို ဆင်းရဲသားတစ်ယောက်လိုပင်။ နတ်ဝိညာဉ်ကျောက်တုံး ၄,၀၀၀ ဟူသော ပမာဏက မိုးကြိုးမီးလျှံကျောက်တုံး ၁၀ လုံး၏ လေလံစတင်စျေးသာရှိသည်မဟုတ်ပါလား။ လုံချန် လည်း သူ့ပိုင်ဆိုင်မှုက မိုးကြိုးမီးလျှံကျောက်တုံး ဝယ်ရန်အတွက်ပင် ဆင်းရဲလွန်းနေသဖြင့် ဘာမှပြန်မပြောနိုင်တော့ပေ။

လဲ့လန် လည်း ယခုအခါ အတော်လေး အခက်တွေ့နေခဲ့သည်။ သို့သော်လည်း ဒေါသ မထွက်ခဲ့ပါ။

သူတို့နှစ်ယောက် တုံ့ဆိုင်းနေသည့် အချိန်ခဏလေးအတွင်းမှာပင် လေလံစျေးက ဆက်ပြီးမြင့်တက်နေခဲ့သည်။

လဲ့လန်က တုံ့ဆိုင်းခြင်းမရှိဘဲ အများနည်းတူ လေလံဝင်ဆွဲလိုက်ပါတော့သည်။

“နတ်ဝိညာဉ်ကျောက်တုံး ၃၅,၀၀၀... "

လဲ့လန်၏ အေးစက်စက် အသံက ကျယ်ဝန်းသော ရင်ပြင်ကျယ်အနှံ့ ပြန့်နှံ့သွားသည်။

ဤအချိန်ထိ လေလံစျေးက နတ်ဝိညာဉ်ကျောက်တုံး ၃၁,၀၀၉ သာ ရောက်နေသေးသည်။ လဲ့လန် ကရုတ်တရက် ၃၅,၀၀၀ အထိ လေလံစျေးမြှင့်လိုက်သည့်အတွက် မည်သူမျှ လေလံမဆွဲတော့ပေ။ ဤသို့ဖြင့် မိုးကြိုးမီးလျှံကျောက်တုံး ၁၀ လုံးကို နတ်ဝိညာဉ်ကျောက်တုံး ၃၅,၀၀၀ ဖြင့် ဝယ်ယူနိုင်ခဲ့သည်။ ဤပမာဏက မိုးကြိုးမီးလျှံကျောက်တုံး ၁၀ လုံး၏ အစစ်အမှန်တန်ဖိုးထက် အနည်းငယ်ကျော်လွန်နေခဲ့သည်။ သာမန် ခန္ဓာကိုယ်ကျင့်စဉ်တစ်ခုက နတ်ဝိညာဉ်ကျောက်တုံး ၁,၀၀,၀၀၀ လောက် ကုန်ကျသည်။ ထို့အပြင် မိုးကြိုးမီးလျှံကျောက်တုံး ကဲ့သို့ ဘေးထွက်ဆိုးကျိုးလည်း မရှိချေ။

လဲ့လန်က မိုးကြိုးမီးလျှံကျောက်တုံးများကို လက်ခံပြီးသည်နှင့် လုံချန် အား လှည့်ကြည့်ရင်း ပြုံးပြလိုက်သည်။ သူမ၏အပြုံးက နောက်ပြောင်ကျီစယ်လိုဟန်အပြည့်ပါ။ “အရင်ဆုံး ကြိုပြောထားမယ်။ ဒါက နင် ဝယ်ချင်တဲ့ ပစ္စည်း ဖြစ်နေတာမဟုတ်လား။ ငါ့ကို အပြစ်မတင်နဲ့ ...”

"ဒီ မိန်းမနဲ့ ပတ်သက်ရင် သူမက တော်တော်လေး ဆွဲဆောင်မှု ရှိတာပဲ " လုံချန်က မဆီမဆိုင် တွေးနေမိသည်။ သို့သော် သူ့ရှေ့မှ အမျိုးသမီးက နှင်းဆီပန်းပွင့်တစ်ပွင့်နှင့်ဆင်တူလေသည်၊ ရနံ့ ပြင်းပြီး လှပသည်။ လူအများကို နီးကပ်လာအောင် ဆွဲဆောင်နိုင်၏။ ခြွင်းချက်မှာ ထိကိုင်မိပါက နှင်းဆီပန်း၏ ဆူးများဖြင့် ထိခိုက်နိုင်သည်။ လုံချန်က မိုးကြိုးမီးလျှံကျောက်တုံးကို လိုအပ်နေသော်လည်းပဲ မမြင်ရသော အန္တရာယ်ကိုတော့ ကြိုပြီးရှောင်တိမ်းချင်ပါသည်။

“ငါ မင်းကို ခွင့်လွှတ်ပေးဖို့ ဒါတွေကို လက်ခံချင်တယ်များ ထင်နေတာလား ...” လုံချန်က အေးတိအေးစက် ပြန်ပြောလိုက်၏။

လုံချန်က သူမနှင့် အကွာအဝေး စည်းခြားနေကြောင်း မြင်လိုက်ရာ လဲ့လန် တစ်ယောက် အနည်းငယ် ဒေါသထွက်သွားခဲ့သည်။ သူမက ဒေါသအသံဖြင့် ပြောလိုက်၏။ “ငါ နင့်အတွက် အသုံးဝင်မယ့်ပစ္စည်းတွေ ကူရှာပေးနေတာက ချူယွန်ရှီ ရဲ့ လက်ထဲမှာ နင် သေသွားမှာ စိုးလို့ပဲ။ ပြိုင်ပွဲစမယ့် ပထမဆုံးလ ရဲ့ ပထမနေ့အထိဆို အချိန် များများ မကျန်တော့ဘူး။ နင် ကိုယ့်ဒေါသကို မထိန်းနိုင်ဘဲ ငါလုပ်ပေးနေတဲ့အရာတွေကို လက်မခံရင် နင် အရူး ဖြစ်နေလို့ပဲ။ တကယ့်အရူးတစ်ယောက် ဖြစ်နေပြီ ”

လုံချန်က ဘာစကားမှ ပြန်မပြောပေ။ အမှန်တော့ အတွင်းစည်းဝင်ခွင့် ရွေးချယ်ပွဲ နှင့် ပတ်သက်ပြီး လုံချန်က ယုံကြည်မှု အနည်းငယ်ရှိထားသည်။

“ကောင်းပြီ၊ ဒီ မိုးကြိုးမီးလျှံကျောက်တုံး ၁၀ လုံးကို ငါ ယူလိုက်မယ်။ လေလံပွဲ ပြီးတာနဲ့ နတ်ဝိညာဉ်ကျောက်တုံး ၃၅,၀၀၀ ကို ငါ ပြန်ပေးမယ် ”

လဲ့လန် ဒေါသတကြီး ပြောနေရာမှ ရပ်တန့်သွားသည်နှင့် လုံချန်က အေးစက်စွာ ပြောလိုက်ပါသည်။

“ဟူး ...”

"အခုလောလောဆယ်မှာတောင် ပိုက်ဆံ မရှိတာလေ၊သူက လေလံပွဲ ပြီးရင် ပြန်ပေးမယ်ဆိုတာ ဘယ်လို ယုတ္တိတန်မှာလဲ။ ဒီကောင်လေး... "

လဲ့လန် က ဤလူငယ်နှင့် ပတ်သက်ပြီး စိတ်ပျက်နေခဲ့သည်။ သို့သော် လေလံပွဲ ပြီးဆုံးသည်နှင့် လုံချန်က နတ်ဝိညာဉ်ကျောက်တုံး ၃၅,၀၀၀ အား မည်သို့မည်ပုံ ပြန်ပေးမည်ကို စိတ်ဝင်စားမိသည်။

လဲ့လန်က ခေါင်းညိတ်လိုက်သည်။ “ငါစောင့်နေမယ်။ အဲ့ဒီအချိန်ရောက်ရင် နင့်မှာ ပြန်ပေးစရာ မရှိလို့ ငါရယ်တဲ့အခါ အပြစ်မတင်နဲ့ပေါ့ ”

“ဘာပဲဖြစ်ဖြစ်ပါ ...”

လုံချန်က မိုးကြိုးမီးလျှံကျောက်တုံး ၁၀ လုံးကို သိုလှောင်အိတ်ထဲ ထည့်သိမ်းလိုက်၏။

လဲ့လန် က သူ့ကို တစ်ချက်စိုက်ကြည့်ပြီး ချိုမြိန်စွာ ပြုံးလိုက်သည်။ ပြုံးလိုက်သည်အခိုက် သူမ၏အလှက တုနှိုင်းမရသော အဆင့်တွင် ရောက်နေသကဲ့သို့ပင် ထင်ရလေသည်။

ခုနစ်ရောင်ခြယ်သလင်းကျောက်တုံး နှင့် မိုးကြိုးမီးလျှံကျောက်တုံးများ လေလံတင် ရောင်းချပြီးနောက်တွင် လေလံပွဲက တဖြည်းဖြည်း အဆုံးသတ်ကို ရောက်ရှိလာခဲ့သည်။

နောက်ထပ် ၂ နာရီခန့် ထပ်မံကြာမြင့်ခဲ့ပြီးနောက် နောက်ဆုံးတွင် အဓိကလေလံပစ္စည်းများ ပေါ်လာ ပါတော့သည်။ စုစုပေါင်း ၃ မျိုးပင် ရှိနေ၏။ ပထမဆုံး တစ်ခုက ဆန်းကြယ်အဆင့်မြင့် တိုက်ခိုက်ရေးကျင့်စဉ်ဖြစ်သည်၊ ၎င်းကို နတ်ဝိညာဉ်ကျောက်တုံး ၈၀,၀၀ ဖြင့် ရောင်းချခဲ့သည်။

ယေဘုယျအားဖြင့် နတ်ဝိညာဉ်ကျောက်တုံး ၈၀,၀၀၀ က ဆန်းကြယ်အဆင့်မြင့် ကျင့်စဉ်တစ်ခုကို ဝယ်ယူရန် မလုံလောက်ပါ။ တကယ်တမ်းတွင် ထိပ်တန်းအဆင့်မြင့် ဆန်းကြယ်အဆင့် ကျင့်စဉ်များကို နတ်ဝိညာဉ်ကျောက်တုံး ၁,၀၀၀,၀၀၀ သို့မဟုတ် သန်းချီ၍ ရောင်းချနိုင်သည်။ ထို့ကြောင့် ကျင့်စဉ် အဆင့်ချင်း တူညီနေလျှင်ပင် ကျင့်စဉ်၏ အစစ်အမှန်စွမ်းအား သို့မဟုတ် တန်ဖိုးကား ကွာခြားလေသည်။

နတ်ဝိညာဉ်ကျောက်တုံး ၈၀,၀၀၀ နှင့် ရောင်းချခဲ့သည့် ဆန်းကြယ်အဆင့်မြင့် ကျင့်စဉ်က သာမန် ဆန်းကြယ်အဆင့် ကျင့်စဉ်များ ထက် ပိုအားကောင်းနိုင်၏၊ သို့မဟုတ် အစစ်အမှန်စွမ်းအားလည်း နိမ့်ကျနိုင်သည်။

ယွမ်လင်းဒေသတွင် ကောင်းကင်ယွမ်အဆင့် ပညာရှင် နည်းပါး၏။ သို့ဖြစ်ရာ တစ်ယောက်ချင်းစီက အဆင့်အတန်း အလွန်မြင့်မားလှသည်။ မိုးသောက်ကုန်သည်အဖွဲ့ခွဲများမှ ကျင်းပသည့် လေလံပွဲတွင် ကောင်းကင်ယွမ်အဆင့် ပညာရှင်များက ချီးမြှောက်ခံ လူတန်းစားတစ်ရပ်ဖြစ်နေကြသည်။ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ပညာရှင်များကတော့ အောက်ဆုံး အဆင့်သာ ရှိခဲ့သည်။

နောက်ဆုံးရောင်းချခဲ့သည့် လေလံပစ္စည်း က ဆန်းကြယ်အဆင့်မြင့် ဝိညာဉ်ဆေးအမယ် ဖြစ်သည်။ ၎င်းအတွက် လေလံ စတင်ဈေးမှာ နတ်ဝိညာဉ်ကျောက်တုံး ၂,၀၀,၀၀၀ ရှိခဲ့၏။ သို့သော် လုံချန်အတွက် အသုံးမဝင်ပေ။ သူ့ မျက်လုံးအကြည့်က ဒုတိယမြောက် လေလံပစ္စည်း အပေါ်တွင် စွဲမြဲနေခဲ့သည်။

“နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ် ပဲ။ ဆန်းကြယ်အဆင့် ၈ နတ်ဆိုးသားရဲ ရဲ့ နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ် ဖြစ်တယ်။ တစ်စုံတစ်ယောက်က အင်အား လုံလောက်ရင် ဒါကို သန့်စင်နိုင်တယ်။ အပြည့်အဝ သန့်စင်ပြီးရင် အစစ်အမှန်ချီက မူလထက် နှစ်ဆပိုပြီးသိပ်သည်းလာမယ်။ ဒါပေမဲ့ သက်တမ်းက အရမ်းကြာသွားပြီဆိုတော့ ဒီ နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်ထဲ မှာ ကျန်ရှိနေတဲ့ စွမ်းအားက မြေကမ္ဘာယွမ်ကနဦးအဆင့် ကျင့်ကြံသူတွေကို အလယ်အလတ်အဆင့် ဒါမှမဟုတ် ကနဦးအဆင့်ကနေ ပြီးပြည့်စုံခြင်း အဆင့် ရောက်အောင် လုပ်ပေးနိုင်တယ် ...”

လေလံတင်ဆက်သူ အမျိုးသမီး၏ ချိုသာသော ရှင်းပြသံက ရင်ပြင်ကျယ်အနှံ့ ပြန့်နှံ့သွားသည်။

“နတ်ဆိုး စိတ်ဝိညာဉ်အဆီအနှစ် လား”

နတ်ဓားထဲရှိ လင်းရှီ လည်း အံ့အားသင့်နေပုံပါ။ ခဏကြာပြီးနောက် အသံတိုးတိုးလေး ပြောခဲ့သည်။

“လုံချန် ! ဖြစ်နိုင်ရင် ဒီ နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်ကို ရအောင်ယူပါ ...”

“ဒါက ဘာအသုံးဝင်နိုင်မလဲ။ တခြား မြေကမ္ဘာယွမ်အဆင့် ကျင့်ကြံသူတွေအတွက် အသုံးဝင်နိုင်ပေမဲ့ ငါ့အတွက်တော့ အသုံးမဝင်ဘူး ထင်တယ် ...”

“မဟုတ်သေးဘူး၊ နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ် ဆိုတာ သေဆုံးပြီးတာ နှစ် ရာနဲ့ချီနေပြီဖြစ်တဲ့ နတ်ဆိုးသားရဲရဲ့ နတ်ဆိုးနှလုံးသား ပဲ။ တခါတလေကျ အပြီးတိုင်ပျောက်ကွယ်မသွားဘဲနဲ့ စိတ်ဝိညာဉ်အဆီအနှစ် ဖြစ်တည်လာတယ်။ နတ်ဆိုးနှလုံးသား ရဲ့ စွမ်းအင် နဲ့ သွေးစွမ်းအင်က ရောနှောသွားတဲ့အခါဆန်းကြယ်တဲ့ ဝိညာဉ်စွမ်းအင်တစ်မျိုး ဖြစ်လာတယ်။ ကျင့်ကြံသူ ဖြစ်နေသရွေ့တော့ ဘယ်သူပဲ ဖြစ်ဖြစ် ဒီစွမ်းအင်ကို စုပ်ယူနိုင်တယ်။ တကယ်တမ်း လက်တွေ့ကျကျပြောရရင် နတ်ဆိုး စိတ်ဝိညာဉ်အဆီအနှစ် က နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး နဲ့ အာနိသင်တူတယ် ...”

“ဘယ်လို တူညီတာလဲ” လုံချန်က မေးလိုက်သည်။

“နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး က အချိန်တိုတိုအတွင်းမှာ အဆင့်ချိုးဖျက်စေနိုင်ပြီးတော့ မြေကမ္ဘာယွမ်အဆင့် ရောက်အောင် လုပ်ပေးတယ်။ ဘေးထွက်ဆိုးကျိုးလည်း မရှိဘူး။ နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ် ကလည်း အဲ့ဒီလို အကျိုးသက်ရောက်မှု ရှိတယ်။ ဒီမှာ လေလံတင်ထားတဲ့ နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်ရဲ့ စွမ်းအားက မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် နဲ့ ညီမျှတယ်။ ဒါ့ကြောင့် မြေကမ္ဘာယွမ်ကနဦးအဆင့် ရောက်နေတဲ့ ကျင့်ကြံသူတွေ သန့်စင်နိုင်တယ်၊ သူတို့ ကံကောင်းရင်တော့ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ကို တန်းပြီးရောက်နိုင်တယ် "

လင်းရှီ ပြောသည့်စကားများကို နားထောင်နေရင်း လုံချန်က လေလံစင်မြင့် ဆီသို့ လှမ်းကြည့်လိုက်သည်။ လင်းရှီက စိတ်ဝိညာဉ်ဖြင့် ဆက်သွယ်ပြောနေသောကြောင့် လုံချန်၏ အသိစိတ်ထဲကို တိုက်ရိုက် ရောက်နေသည်။ “သွေးချီပြောင်းလဲခြင်းကျင့်စဉ် ရဲ့ ကောင်းကင်ကိုဆန့်ကျင်တဲ့ စွမ်းအားက လတ်ဆတ်တဲ့ သွေးအဆီအနှစ်ကို နင့်ရဲ့ အစစ်အမှန်ချီစွမ်းအင် အဖြစ် ပြောင်းလဲပေးတာပဲ။ ဒါကြောင့် သွေးပြောင်းလဲခြင်းကျင့်စဉ် က တကယ့်ကို အံ့ဩစရာ ကောင်းတယ်။ တကယ်တော့ ဒီနတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ် က နင့်အတွက် ပိုပြီး အသုံးဝင်တယ်။ တခြားသူတွေသာ နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်ကို သန့်စင်ရင် နတ်ဆိုးနှလုံးသား ရဲ့ စွမ်းအင်ကိုပဲ စုပ်ယူနိုင်လိမ့်မယ်။ နင်ကတော့ မတူဘူး၊ နင်က နတ်ဆိုးနှလုံးသားထဲမှာပါတဲ့ သွေးချီစွမ်းအင်ကို စုပ်ယူနိုင်တယ်။ ဒါနဲ့ ငါခန့်မှန်းရသလောက်ဆို နင်က မကြာခင်မှာ ကောင်းကင်ယွမ်ကနဦးအဆင့် ကို ချိုးဖျက်နိုင်လိမ့်မယ်”

လုံချန် လည်း “ကောင်းကင်ယွမ်ကနဦးမြေအဆင့်” ဟူသော စကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ဤအဆင့်မှာ သူ မျှော်လင့်တောင့်တနေသောအရာ ဖြစ်သည် မဟုတ်ပါလား။ လက်ရှိသူ့ခွန်အားက ဆန်းကြယ်အဆင့် ၅ နတ်ဆိုး သားရဲကို သေချာပေါက် ရင်ဆိုင်နိုင်စွမ်းမရှိသေးပေ။ ကောင်းကင်ယွမ်ကနဦးအဆင့် ကို ချိုးဖျက်လိုပါက အဆင့် ၄ နတ်ဆိုးသားရဲ ရာနှင့်ချီသတ်ဖြတ်ရမှာပါ။

သို့သော်လည်း အတွင်းစည်းဂိုဏ်းခွဲ ဝင်ခွင့်ရွေးချယ်ပွဲက အချိန်နီးကပ်နေပြီဖြစ်သည်။ ဤအတောအတွင်း အကြီးအကဲချုပ်လဲ့လန် နှင့်ပတ်သက်သော ကောလဟာလသတင်းများကြောင့် သူ့အနေဖြင့် အပြင်ထွက်လေ့ကျင့်ရန် မဖြစ်နိုင်သလောက်ပင်။ ထို့ကြောင့် ကောင်းကင်ယွမ်ကနဦးအဆင့် တက်လှမ်းရန်မှာ ပြဿနာကြီးတစ်ခုလိုဖြစ်နေခဲ့သည်။

“သွေးချီပြောင်းလဲခြင်းကျင့်စဉ် နဲ့ တောင် အဆင့်တက်ဖို့ ခက်ခဲနေတယ် ထင်တယ်။ ဒါပေမဲ့ အပြင်အကူတွေကို ဆက်တိုက် သုံးတာက ငါ့အတွက် သိပ်မကောင်းဘူး” လုံချန်က စိတ်ထဲမှာ တွေးမိလိုက်သည်။

လင်းရှီ က အသေးစိတ် ရှင်းပြပြီးနောက် လုံချန် လည်း ကောင်းကောင်း သဘောပေါက်သွားသည်။ နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်က သူ့ အသက်ကို သေခြင်း၊ရှင်ခြင်း ဆုံးဖြတ်မည့် အဓိကအရာတစ်ခု ဖြစ်နေခဲ့သည်။ ထို့ကြောင့် အရယူရန် ဆုံးဖြတ်လိုက်သည်။

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

All Chapters