အခန်း (၁၄၇-၁၄၈)
Vol. 13 Ch. 147-148
(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
[(စာစဉ် - ၁၃)အပိုင်း ၁၄၇]
လင်းရှီ က နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ် အကြောင်း ရှင်းပြနေချိန်မှာပဲ မိုးသောက်ကုန်သည်အဖွဲ့၏ လေလံတင်ဆက်သူအမျိုးသမီး က လေလံကြမ်းခင်းဈေး ကို ကြေညာလိုက်သည်။
“နတ်ဝိညာဉ်ကျောက်တုံး ၃၅,၀၀၀... “
“ဒါက အရင် မိုးကြိုးမီးလျှံကျောက်တုံး ၁၀ လုံးကို လေလံအောင်ခဲ့တဲ့ လေလံတန်ကြေးပဲ... “
ဝိညာဉ်ဆေးအမယ်ထဲတွင် မူလအဆင့်ထက် တန်ကြေးပိုမြင့်မားနေသော ဆေးအမယ် အမျိုးအစားများစွာ ရှိလေသည်။ ဥပမာ- ယခု လေလံတင်ထားသည့် နတ်ဆိုးစိတ်ဝိညာဉ်အနှစ် ကို ဝိညာဉ်ဆေးအမယ်တစ်မျိုး ဟူ၍ ယူဆနိုင်သည်။ ၎င်း၏အဆင့်က ဆန်းကြယ်အဆင့်နိမ့် ဝိညာဉ်ဆေးအမယ် သာ ရှိခဲ့သည်။ သို့ရာတွင် ကျင့်ကြံသူ၏ အစစ်အမှန်ချီစွမ်းအင်ကို ချက်ချင်း မြင့်တက်စေပြီး ဘေးထွက်ဆိုးကျိုးလည်း လုံးဝ မရှိသည့်အတွက် မူလအဆင့်ထက် တန်ကြေး ပိုမြင့်သွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အဆင့်မြင့်ကျင့်ကြံသူ အများအပြားက နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်ကို လေလံဆွဲပြီး သက်ဆိုင်ရာမျိုးဆက်များကို လက်ဆောင်ပေးအပ်ရန် စိတ်အားထက်သန်နေကြသည်။ ဤသည်မှာ ၎င်းတို့၏မျိုးဆက်များကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်ပေးနိုင်သည်မဟုတ်ပါလား။
ယခု လေလံပွဲတွင် သူတို့ ရခဲ့သည့်အရာဟူ၍ မိုးကြိုးမီးလျှံကျောက်တုံး ၁၀ လုံးသာ ဖြစ်နေသောကြောင့် လဲ့လန် ကိုယ်တိုင်ပင် စိတ်ထဲ ကျေနပ်နေခြင်းမရှိပေ။ သို့ရာတွင် လေလံပွဲ ပြီးဆုံးရန် နီးကပ်လာသည်နှင့်အမျှ ကျန်သော လေလံပစ္စည်းများကလည်း လုံချန်အတွက် သင့်တော်သည့်အရာ မရှိခဲ့ပါ။ လဲ့လန် က လုံချန်ကို ခေါ်၍ အစိမ်းရောင်နေမင်းဌာနခွဲသို့ ပြန်သွားရန် ပြင်ဆင်နေသည်။
ဤတစ်ကြိမ် လေလံတင်ရာတွင် နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ် ကို စိတ်ဝင်စားသူ အများအပြား ရှိနေကြသည်။ ရင်ပြင်ကျယ်ထဲရှိ ကျင့်ကြံသူအတော်များများက လေလံအပြိုင်ဆွဲနေကြပြီ ဖြစ်သည်။
လဲ့လန် ရုတ်တရက် စိတ်ဝင်စားသွားသည့် အကြောင်းအရင်းမှာ လေလံဆွဲသူများထဲတွင် သူတို့နှင့် ဘေးချင်းကပ် အခန်းထဲတွင် ရှိနေသော ဂျင်ရှန်းအန် လည်း ပါဝင်နေလို့ပင်။
“နတ်ဝိညာဉ်ကျောက်တုံး ၄၀,၀၀၀... “
ဘေးချင်းကပ် အခန်းထဲကနေ အေးစက်စက် အသံ ထွက်လာသည်။ အသံပိုင်ရှင်က အရာရာကို ဂရုမစိုက်သည့်လေသံအပြည့်ပါ။ ၎င်း၏ပုံစံက အတိတ်က လုံချန်နှင့် အနည်းငယ်ဆင်တူလေသည်။
“နတ်ဝိညာဉ်ကျောက်တုံး ၄၁,၀၀၀ ....”
“နတ်ဝိညာဉ်ကျောက်တုံး ၄၂,၀၀၀.... “
“နတ်ဝိညာဉ်ကျောက်တုံး ၄၅,၀၀၀..... “
လေလံတိုးမြှင့်သည် စျေးနှုန်းက ဆက်တိုက်ဆိုးလို မြင့်တက်နေသည်။
“နတ်ဝိညာဉ်ကျောက်တုံး ၅၅,၀၀၀... “
ဘေးအခန်းထဲရှိ ဂျင်ရှန်းအန် က အနည်းငယ် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး တစ်ခါတည်း လေလံတင်စျေး တိုးမြှင့်လိုက်တော့သည်။ အခြား လူတိုင်း ခဏတာ တုံ့ဆိုင်းသွားကြပြီး နောက်ဆုံးတွင် လက်လျှော့ဖို့သာ ဆုံးဖြတ်လိုက်ကြသည်။
“နတ်ဝိညာဉ်ကျောက်တုံး ၅၅,၀၀၀။ ပိုမြင့်တဲ့ ဈေး ရှိပါသေးသလား ...” သိမ်မွေ့ပြီး နားဝင်ချိုသော အသံက ရင်ပြင်ကျယ်ထဲ ပြန့်နှံ့သွားသည်။
“မရှိဘူး။ အခု ထုတ်ပေးလိုက်တော့။ ငါ ဂျင်ရှန်းအန် ဒီနတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်ကို လိုချင်တယ် ...” မောက်မာထောင်လွှားသော အသံက လူအုပ်ကို ကျေမနပ်ဖြစ်သွားစေသည်။
သို့သော် မျိုးရိုးအမည်ကို ထုတ်ဖော် ကြေညာလိုက်သည့် ရည်ရွယ်ချက်က သူ၏အဆင့်အတန်းကို သုံးပြီး နောက်ခံ အင်အားနည်းသော ကျင့်ကြံသူများကို နောက်ဆုတ်စေချင်မှန်း သိသာပါသည်။ ငွေကြေးရှိပြီး ဝယ်ယူချင်နေလျှင်ပင်် လက်လျှော့ရန် ဆုံးဖြတ်ရပါလိမ့်မည်။
“ဂျင်ရှန်းအန် က ယွမ်လင်းမြို့တော်မှာ နာမည်ကြီးတယ်။ တခြားတစ်ဖက်မှာ သူက မောက်မာပြီး ပြဿနာ ဖန်တီးရတာ ကြိုက်တယ်။ ဒါပေမဲ့ သူ့ခွန်အားက အရမ်းသန်မာပြီး အပြင်စည်းဂိုဏ်းခွဲ (၉)ခုစလုံးရဲ့ နံပါတ်တစ် ပါရမီရှင် လို့ ပြောကြတယ်။ အရေးအကြီးဆုံးအချက်က သူ့ရဲ့အဖေ က အပြင်စည်းဂိုဏ်းခွဲ အားလုံးထဲမှာ အသက်အငယ်ဆုံး နဲ့ အားအကောင်းဆုံး မဟာအကြီးအကဲ ဖြစ်နေတာပဲ ”
ဂျင်ရှန်းအန် လေလံဈေး ဖြတ်ချလိုက်သည့်အသံကိုကြားသောအခါ လဲ့လန် ပင် ဘာစကားမှမပြောနိုင်တော့ပေ။ သို့သော် သူမ၏အသံထဲတွင် ဂျင်ရှန်းအန် ကို သဘောမကျသော အရိပ်အယောင်အချို့ ပါနေသည်။ စကား ပြောပြီးနောက် လဲ့လန် က လုံချန်ဆီ လှမ်းကြည့်လိုက်သည်။ လက်ရှိအချိန်တွင် လုံချန်၏မျက်နှာအမူအရာက ခါတိုင်းထက် ပိုပြီးမည်းမှောင်နေသည်။ သူမ သက်ပြင်းချကာ စကားပြောရန် ပြင်လိုက်သည်။
ဤအချိန်တွင် လေလံတင်ဆက်သူအမျိုးသမီးက နောက်ဆုံးပိတ် ကြေညာခါနီးတွင် ရုတ်တရက် လေလံဆွဲသံ ထွက်လာသည်။
“ငါ နတ်ဝိညာဉ်ကျောက်တုံး ၆၀,၀၀၀ ပေးမယ် ” လုံချန်က အော်ဟစ်ပြီး ကမန်းကတန်း လေလံဝင်ဆွဲလိုက်သည်။
“ဘယ်သူလဲ ...”
ရုတ်တရက် မရင်းနှီးသော အသံပိုင်ရှင်က ရွှေဂိုဏ်းခွဲ၏ မင်းသားငယ်ကို ဆန့်ကျင်ရဲသည့်အတွက် လူတိုင်း အံ့အားသင့်သွားကြသည်။ တစ်ချိန်တည်းမှာပင် လူတိုင်း၏ရင်ထဲမှာ စိတ်ဝင်စားမှု ပြည့်နှက်သွားခဲ့ကြသည်။
လေလံတင်ဆက်သူ အမျိုးသမီးလည်း လုံချန် ရှိနေသည့်အခန်းဖက်ကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
“ရွှေဂိုဏ်းခွဲရဲ့ မင်းသားငယ် နဲ့ ဘေးချင်းကပ်အခန်း က အစိမ်းရောင်နေမင်းဌာနခွဲရဲ့ အကြီးအကဲချုပ် လဲ့လန် ရှိနေတဲ့ အခန်းမဟုတ်လား။ အဲ့ဒီထဲမှာ ယောက်ျား တစ်ယောက် ရှိနေတယ်။ သူက ဂျင်ရှန်းအန် ဆီကနေ လုယူရဲတယ်ဆိုတော့ နောက်ခံ ကြီးကြီးမားမား ရှိနေလောက်တယ်”
အမှန်တကယ်တော့ သူမက ဂျင်ရှန်းအန်၏ မောက်မာထောင်လွှားမှုကို သဘောမကျသော်လည်း ၎င်း၏ အားကောင်းသော နောက်ခံကြောင့် မဆန့်ကျင်ရဲပေ။ ထို့ကြောင့် တစ်စုံတစ်ယောက်က နတ်ဝိညာဉ်ကျောက်တုံး ၅,၀၀၀ ရုတ်တရက် တိုးမြှင့်လိုက်သည့်အခါ ခဏတာ အံ့အားသင့်သွားပြီးနောက်ချက်ချင်း အသံကိုတမင်ကျယ်ကာ လူအများကြားအောင် ကြေညာလိုက်သည်။
“နတ်ဝိညာဉ်ကျောက်တုံး ၆၀,၀၀၀ ။ ဒီထက် ပိုမြင့်တဲ့ ဈေး ရှိသေးလား။ မရှိရင် နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ် ကို ဒီကျင့်ကြံသူဧည့်သည်တော်က ရမှာ ဖြစ်ပါတယ်”
လဲ့လန် သည်လည်း လုံချန်၏ လုပ်ရပ်ကြောင့် အံ့အားသင့်သွားခဲ့သည်။ “လုံချန် ! ဘာတွေလျှောက်လုပ်နေတာလဲ။ နင်က မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေပြီ။ ဒီ နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ် က နင့်အတွက် လုံးဝ အသုံးမဝင်ဘူး”
လုံချန်၏အကြည့်ထဲတွင် ပြတ်သားသောဆုံးဖြတ်ချက်များ ပြည့်နှက်နေသည်။ လဲ့လန် ပြောသည့် စကားကြောင့် စိတ်ပြောင်းမသွားခဲ့ပေ။ သူမ၏မျက်နှာပေါ်က စိုးရိမ်စိတ်ကို မြင်နေရသည့်တိုင်အောင် ဂရုမစိုက်ခဲ့ပါ။ နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ် က သူ့ကို ကောင်းကင်ယွမ်ကနဦးအဆင့် ရောက်အောင် ကူညီပေးနိုင်လျှင် တန်ကြေး မည်မျှပင်ပေးဆပ်ရသည်ဖြစ်စေ အရယူရန် စိတ်ပိုင်းဖြတ်ထား၏။
“ဘေးအခန်းက ဘယ်ညီအစ်ကိုများ ငါ့ကို မျက်နှာသာမပေးတာလဲ ...” ကပ်လျှက်အခန်းကနေ ရန်လိုမှုအပြည့် အသံ ထွက်လာသည်။ လေသံက အေးစက်ခက်ထန်လွန်းသည်။
လုံချန် လည်း သေချာပေါက် ခံစားမိသည်။ ဂျင်ရှန်းအန်၏လေသံက သူ့ကို ခြိမ်းခြောက်နေမှန်း အသိသာကြီးပါ။ သူလေသံက မိုးသောက်ကုန်သည်အဖွဲ့ကို လုံးဝ ဂရုမစိုက်ပုံမရပေ။
ဤအချိန်တွင် မိုးသောက်ကုန်သည်အဖွဲ့၏ ကြီးကြပ်ရေးမှူး ဖြစ်ဟန်တူသည့် ဆံပင်ဖြူ အဘိုးကြီး တစ်ယောက်က မျက်လုံးထဲမှာ အရောင်တစ်ချက် လက်သွားပြီး ထရပ်လိုက်သည်။ ထို့နောက် ဂျင်ရှန်းအန် ရှိနေသည့် အခန်းဆီသို့ တစ်ချက်လှမ်းကြည့်ကာ တည်ငြိမ်စွာပင် ပြောလိုက်သည် “မင်းသား ဂျင် ! ငါတို့ မိုးသောက်ကုန်သည်အဖွဲ့ရဲ့လေလံပွဲစည်းမျဉ်းတွေကို မချိုးဖောက်ပါနဲ့။ မဟုတ်ရင် မင်းရဲ့အဖေကို လှမ်းပြီးအကြောင်းကြားရလိမ့်မယ်။ အဖွဲ့အစည်းတိုင်းမှာ စည်းမျဉ်းတွေ ရှိတယ်။ မင်းသားဂျင် က အဆင့်အတန်း မြင့်ပေမဲ့ ငါတို့ရဲ့ အသက်မွေးဝမ်းကျောင်း လုပ်နေတဲ့ အလုပ်ကို မပျက်စီးပါစေနဲ့ ....”
ဂျင်ရှန်းအန်၏ ဤတစ်ကြိမ်လုပ်ရပ်က စည်းကျော်သွားခဲ့ပြီဖြစ်သည်။ မိုးသောက်ကုန်သည်အဖွဲ့က ချက်ချင်း ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။
ဂျင်ရှန်းအန် လည်း အခြေအနေက တင်းမာလာသည်မှန်း သတိပြုမိသောအခါ မျက်နှာပျက်သွား၏။ မူလက နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်ကို သူ၏ ညီငယ်အား လက်ဆောင်ပေးရန် ရည်ရွယ်ထားခဲ့သည်။ သူ့အတွက်တော့ မလိုအပ်ခဲ့ပါ။ သို့ရာတွင် မမျှော်လင့်ထားဘဲ သူ့လုပ်ရပ်က မိုးသောက်ကုန်သည်အဖွဲ့ကို စော်ကားမိသလို ဖြစ်သွားခဲ့သည်။ သူက ရွှေဂိုဏ်းခွဲ၏ နောက်ခံကြောင့် မောက်မာထောင်လွှားသော်လည်း တုံးအမိုက်မဲနေသူတစ်ယောက်တော့မဟုတ်ခဲ့ပေ။ “ဒီ လူက ငါ့ကို မကြောက်ဘူးဆိုတာ သိသာတယ်။ ဒီ နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ် ကို သေချာပေါက် ရယူချင်နေတာ ထင်တယ်။ ငါ လေလံဈေးကို ဆက်ပြီးမြှင့်လိုက်ရင် မိုးသောက်ကုန်သည်အဖွဲ့နဲ့ ပြဿနာတက်ပြီး ဂုဏ်သိက္ခာ ဆုံးရှုံးနိုင်တယ်။ သူ့ကို ပေးလိုက်တာ ပိုကောင်းမယ်။ ဒါပေမဲ့ ငါ ဂျင်ရှန်းအန် ကို အတိုက်အခံလုပ်ပြီးမှတော့ မင်း ဘယ်လို အဆင်ပြေနေမလဲ ကြည့်ရသေးတာပေါ့”
ဤအချက်ကို သေသေချာချာ စဉ်းစားတွေးတောပြီးနောက်တွင် ဂျင်ရှန်းအန် က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည် “အကြီးအကဲ က ဒေါသထွက်စရာမလိုပါဘူး။ ငါ ဂျင်ရှန်းအန် က ဒီညီအစ်ကိုနဲ့ စကားပြောချင်ရုံပဲ။ မိုးသောက်ကုန်သည်အဖွဲ့ရဲ့ စည်းမျဉ်းတွေကို ဘယ်လိုလုပ်ပြီး ချိုးဖောက်ပါ့မလဲ။ မင်းတို့ အထင်လွဲနေတာပါ။ ကောင်းပြီ ၊ နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်ကို ဒီ ညီအစ်ကို အတွက် ငါ လက်လွှတ်ပေးလိုက်မယ် ”
ဂျင်ရှန်းအန်၏စကားအရ မိုးသောက်ကုန်သည်အဖွဲ့ကို မျက်နှာသာပေးလိုက်တာဖြစ်သည်။ သူက မလိုအပ်ဘဲ ပြဿနာမဖန်တီးလိုပေ။ တစ်ဖက်တွင် မိုးသောက်ကုန်သည်အဖွဲ့၏ ကြီးကြပ်ရေးမှူးကလည်း လင်းဝူမိသားစုနှင့် ပဋိပက္ခမဖြစ်ချင်ပါ။
“ကောင်းပြီ ၊ ငါ ချင်မျိုးရိုး ဒီကိစ္စကို အရမ်းအတွေးလွန်သွားတယ် ထင်တယ်။ တောင်းပန်ပါတယ် ၊ လေလံပွဲ ပြီးရင် ငါ ချင်မျိုးရိုး ကိုယ်တိုင် လာရောက်ပြီး မင်းသား ဂျင် ကို တောင်းပန်ပါမယ် ”
နှစ်ဖက်စလုံး နောက်တစ်လှမ်းစီ ဆုတ်ပေးလိုက်ကြသည့်အတွက် အခြေအနေက ပြေလည်သွားသည်။ တင်ဆက်သူအမျိုးသမီးက အခြေအနေငြိမ်သွားပုံ ပေါ်သည်ကို မြင်သောအခါ ချက်ချင်း ကြေညာလိုက်တော့သည် ။
“ဒါဆို နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်ကို နှင်းဆီပန်းပွင့် အခန်း ထဲက ကျင့်ကြံသူ ဆီ နတ်ဝိညာဉ်ကျောက်တုံး ၆၀,၀၀၀ နဲ့ ရောင်းချလိုက်တဲ့အကြောင်း ကြေညာပါတယ် ”
လဲ့လန် က ဖြစ်ပျက်နေသည့်အရာများကြောင့် ကြောင်အမ်းနေခဲ့သည်။ လုံချန်က သူမကို ရှိသည်ဟုပင် ဂရုမစိုက်ဘဲ လစ်လျူရှုထားသော ပုံစံ က စိတ်ထဲမှာ တစ်မျိုးတစ်မည် ခံစားရစေသည်။
ဤအချိန်တွင် မိုးသောက်ကုန်သည်အဖွဲ့က ခဏကြာ ရပ်တန့်နေပြီးနောက် နောက်ဆုံး ရောင်းချမည့်ပစ္စည်းကို လေလံတင်ရန် ပြင်ဆင်နေသည်။
လဲ့လန်၏အေးစက်စက်အကြည့် က လုံချန်အပေါ် တွင် စူးစိုက်ကြည့်နေခဲ့သည်။ “လုံချန် ! နင် တကယ်ပဲ သေချင်နေတာလား ”
“ဘာကြောင့် အဲ့လို ပြောရတာလဲ” လုံချန်က မသိသလိုပုံစံဖြင့် ပြန်မေးလိုက်သည်။ နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်ကို ရရှိပြီးနောက် လဲ့လန်၏ မကျေမနပ်မျက်နှာ ကို မြင်လိုက်သည့်အခါ ဒေါသထွက်နေမှန်း သိလိုက်သောကြောင့် အမြန်ပြန်ဖြေလိုက်သည်။
လုံချန်၏ အရူးတစ်ယောက်လိုပုံစံကြောင့် လဲ့လန်က တော်တော်လေး စိတ်ပျက်သွားမိသည်။ လူတိုင်းက လုံချန်ကို ရယ်စရာကောင်းသည်ဟု ထင်နေကြသည်။ လဲ့လန် ကတော့ သူ့အပေါ်မှာ မျှော်လင့်ချက် အနည်းငယ် ရှိနေသေး၏။ ထိုလူငယ်က အံ့အားသင့်ဖွယ် အဖြစ်အပျက်များကိုအဆက်မပြတ် ဖန်တီးပြခဲ့လို့ပင်။ သို့ရာတွင် လုံချန်က ယခုထိ တည်ငြိမ်ရင့်ကျက်မှု မရှိဘဲ အရူးတစ်ယောက်လို ပြုမူနေသောကြောင့် အလွန်အမင်း ယုံကြည်မှုလွန်ကဲနေမှန်း သိလိုက်သည်။ “နင် ချူယွန်ရှီ နဲ့ ရင်ဆိုင်ရမယ်ဆိုတာ သိနေတာတောင် ဂျင်ရှန်းအန်က ချူယွန်ရှီ ထက် ပိုပြီး သန်မာတယ်ဆိုတာ မသိဘူးလား။ သူနဲ့ ရန်သူတွေ မဖြစ်ဖြစ်အောင်လုပ်နေတာက နင် သေချင်နေတာ မဟုတ်လား”
လုံချန် လည်း နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်ကို အရယူရန် ဆုံးဖြတ်ပြီးနောက်တွင် ဖြစ်လာမည့် အကျိုးဆက်ကို ကောင်းကောင်း သိနေသည်။ သို့ရာတွင် နောင်ဖြစ်လာမည့်ပြဿနာအစား သူ့ကိုယ်သူ အတွက်သာ ဦးစားပေးခဲ့သည်။
“ငါသာ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်း အဆင့်လောက်နဲ့ အတွင်းစည်းဝင်ခွင့်ရွေးချယ်ပွဲမှာ ပါဝင်ရင် သေမှာ သေချာတယ်။ ဒါပေမဲ့ ကောင်းကင်ယွမ်ကနဦးအဆင့် ကို ရောက်ရင် ချူယွန်ရှီ ဒါမှမဟုတ် ဂျင်ရှန်းအန် နဲ့ တိုက်ခိုက်ရင်တောင် အခွင့်အရေး နည်းနည်း ရှိနိုင်မယ် ...” သို့သော်လည်း လုံချန်က သွေးချီပြောင်းလဲခြင်းကျင့်စဉ် အကြောင်းကို လဲ့လန် အား ထုတ်ဖော်ပြောပြရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဘာစကားမှပြန်မပြောဘဲ တိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်သည်။
လုံချန် နှုတ်ဆိတ်နေသောကြောင့် လဲ့လန် က ပိုပြီးဒေါသထွက်သွား၏။ ဒေါသ ကြောင့် သူမ၏ခန္ဓာကိုယ်လေးက တုန်လှုပ်သွားသည်။ စနေနှစ်ခိုင်က အဆက်မပြတ်ခါယမ်းနေသည်။ လဲ့လန်၏အကြည့်ထဲတွင် လုံချန်ကို စိတ်ပျက်လက်ပျက်ဖြစ်နေသော ခံစားချက်များ ပြည့်နှက်နေပါသည်။
“နင် ငါ့ကို အရမ်း စိတ်ပျက်စေတယ် ... လုံချန်။ အစတုန်းကတော့ နင်က အံ့သြစရာ လုပ်ပြနိုင်လိမ့်မယ်လို့ ငါ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ အခု ကြည့်ရသလောက်တော့ နင် ကံကောင်းလို့ပဲလို့ ထင်တယ်”
လဲ့လန် စိတ်ထဲမှာ အနှီလုံချန်က မည်သည်ကြောင့် ဂျင်ရှန်းအန် ကို ရန်စစော်ကားရဲသလဲ နားမလည်နိုင်ခဲ့ပေ။
လုံချန် က ဘာမှပြန်မပြောပါ၊ လဲ့လန်၏ အပြစ်တင်စကားကို အပြုံးလေးနှင့်ခံယူလိုက်သည်။
“ဘာကို ဆိုလိုတာလဲ။ ငါ မင်းနဲ့ ဘာမှ မဆိုင်ဘူး။ ငါလုံချန်က မင်းရဲ့လက်အောက်ခံ မဟုတ်ဘူး။ ဘာကြောင့် ငါ့အပေါ် စိတ်ပျက်နေရတာလဲ ”
“အကြီးအကဲ လဲ့လန်၊ ဒါကို ကောင်းကောင်း မှတ်ထားပါ...” လုံချန် ခေါင်းမော့ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ “ငါ လုံချန် က အမြဲတမ်း လုံချန် ပဲ ဖြစ်နေလိမ့်မယ်။ ငါ လုပ်ချင်တာကို လုပ်မယ်၊ ငါ့ အသက်ကို ငါ ကိုယ်တိုင် တာဝန်ယူမယ်။ ငါ့ကိစ္စကို ဝင်မပါချင်နဲ့။ ငါ အနိုင်ရတာဖြစ်ဖြစ် ... ရှုံးနိမ့်တာပဲဖြစ်ဖြစ် ဘာမှ မပြောနဲ့၊ မဝေဖန်နဲ့၊ လှောင်ရယ်မနေပါနဲ့။ ကြည့်ရုံပဲ ကြည့်နေ။ မင်း ကြည့်ရုံပဲ တတ်နိုင်တယ်”
လုံချန်၏အေးစက်စက် အကြည့် နှင့် ပြတ်သားလွန်းသော လေသံက လဲ့လန် ကို အံ့အားသင့်စေသည်။ အစပိုင်းတွင် ဒေါသထွက်နေသော်လည်း လုံချန်၏ ယုံကြည်မှု ပြည့်နှက်နေသော စကားကို ကြားလိုက်သည့်အခါ ရုတ်တရက် ဟွမ်ဖေယန်း ကို သတ်ခဲ့သည့်အခိုက်အတန့်၊ ဖုန်းဝူထျန်း ကို အနိုင်ရခဲ့သည့်အချိန်၊ သွေးဝိညာဉ်ဂိုဏ်းသခင် ကို အလွယ်တကူ သတ်ဖြတ်ခဲ့သော လုံချန် က သူ့ရှေ့မှာ ပြန်ရောက်လာသကဲ့သို့ ခံစားရသည်။
“မင်း ငါ့ကို ချူယွန်ရှီ ဆီကနေ အကာအကွယ်အနေနဲ့ အသုံးချခဲ့တဲ့ အချိန်ကတည်းက ငါ့ကို အကြွေး တစ်ခု တင်နေပြီ။ မင်းဟာ ငါ့ရဲ့ အထက်လူကြီး ဖြစ်နေပေမယ်လို့ ငါ့ အပေါ်မှာ ထိန်းချုပ်ပိုင်ခွင့် မရှိဘူး ...” လုံချန်၏အေးစက်စက်နိုင်လှသော လေသံထဲတွင် ဆန့်ကျင်နိုင်စွမ်းမရှိသော အင်အားတစ်ခု ပါဝင်နေသည်။
ဤအချိန်တွင် မိုးသောက်ကုန်သည်အဖွဲ့၏ ဝန်ထမ်းတစ်ဦးက နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်ကို ပို့ပေးလာခဲ့သည်။
လဲ့လန်က လုံချန်ပြောသည့်စကားများကို နှလုံးသားထဲမှာ မှတ်ထားလိုက်ပြီး သူ့ကို စိုက်ကြည့်နေသည်။
“အခု နင့်မှာ နတ်ဝိညာဉ်ကျောက်တုံး ၆၀,၀၀၀ ရှိသလား... “
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ
(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
[(စာစဉ် - ၁၃)အပိုင်း ၁၄၈]
အရောင်းဝန်ထမ်း၏ လက်ထဲတွင် အနက်ရောင် ဗန်း တစ်ခု ကိုင်ထားခဲ့သည်။ ဗန်းပေါ်တွင် ကြက်ဥ တစ်လုအရွယ်အစားခန့် ရှိသည့် အနီရောင်ကျောက်တုံး တစ်လုံး ရှိနေသည်။ ထိုအနီရောင် ကျောက်တုံးထဲ၌ အနက်ရောင် ချီစွမ်းအင်အမျှင်တန်း အနည်းငယ်ကို မြင်နေရ၏။ ၎င်းက နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်ပင်။ မျက်နှာပြင်ကနေ သန့်စင်သော အငွေ့အသက်များ ထုတ်လွှတ်နေခဲ့သည်။
“မဆိုးပါဘူး။ စွမ်းအင် က တော်တော်လေး သိပ်သည်းတယ်။ ဒီ နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ် က ဆန်းကြယ်အဆင့် ၉ ကို တက်လှမ်းပြီးခါစ နတ်ဆိုးသားရဲ ဖြစ်နိုင်တယ်၊ ဒါက အဆင့် ၈ မဟုတ်ဘူး” လင်းရှီ က ဝိညာဉ်အသိဖြင့် ဆက်သွယ်၍ ရှင်းပြခဲ့သည်။
ဆန်းကြယ်အဆင့် ၉ နတ်ဆိုးသားရဲတစ်ကောင်ကကောင်းကင်ယွမ်ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ ထက်ပင် ပိုအားကောင်းသော နတ်ဆိုးသားရဲဖြစ်သည်။ ယွမ်လင်း ဒေသတစ်ခုလုံး၌ပင် အလွန်ရှားပါးခဲ့သည်။ လက်ရှိ အစိမ်းရောင်ဂိုဏ်းခွဲ၏ မဟာအကြီးအကဲ တစ်ဖြစ်လည်း ခန်းမအရှင်လဲ့ယွမ် သည်ပင် ကောင်းကင်ယွမ်ပြီးပြည့်စုံခြင်းအဆင့် သာ ရှိနေခဲ့သည်။
သို့သော်လည်း ဤမျှကြောက်မက်ဖွယ်ကောင်းလှသော ဆန်းကြယ်အဆင့် ၉ နတ်ဆိုးသားရဲ သေဆုံးပြီးနောက် ကြွင်းကျန်ရစ်သော နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်က သိပ်သည်းဆ အလွန်နည်းပါးနေခဲ့သည်။ ဤသည်ကို ကြည့်လျှင် အချိန်မည်မျှကြာမြင့်ခဲ့ပြီမှန်း သိသာလေသည်။
“ဒါက ဧည့်သည်တော် လေလံအောင်ထားတဲ့ နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ် ဖြစ်တယ်၊ ပြီးတော့ ငါတို့ကြော်ညာထားတဲ့အတိုင်း နတ်ဝိညာဉ်ကျောက်တုံး ၆၀,၀၀၀ တန်ကြေး ရှိပါတယ် ”
ဝန်ထမ်း၏ သတိပေးစကားကို ကြားလိုက်သည့်အခါ လဲ့လန် က ဒေါသတကြီးဖြစ်လာခဲ့သည်။ သို့သော် လုံချန်က နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်ကို မည်သည့်အရာဖြင့် ဝယ်ယူမှန်း သိချင်နေသောကြောင့် ဘာမှမပြောသေးဘဲ အခြေအနေကို စောင့်ကြည့်နေသည်။
လုံချန် က သူမကို ခပ်ပြတ်ပြတ် ပြောဆိုထားပြီဖြစ်ရာ ငွေကို အကြေမချေနိုင်ပါက သေချာပေါက် အရှက်ကွဲပါလိမ့်မည်။ လဲ့လန် မြင်ချင်နေသည့်အရာမှာ လုံချန်အနေဖြင့် ပေးချေစရာ နတ်ဝိညာဉ်ကျောက်တုံး မလုံလောက်၍ ရှက်ရွံ့နေသည့်မြင်ကွင်းပင်။ ထိုအခြေအနေသာ ရောက်လာပါက သူမအနေဖြင့် အနေဖြင့် အနည်းငယ် စိတ်သက်သာရာ ရသွားမှာအမှန်ပါ။
“ဒီ အခြေအနေက ဘာဖြစ်နေတာလဲ ” လုံချန် တိတ်ဆိတ်နေသောကြောင့် အရောင်းဝန်ထမ်းက သူ့ကို စိုက်ကြည့်နေသည်။ လဲ့လန်ကလည်း အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ သူမက လုံချန် ပေးစရာမလုံလောက်၍ အရှက်ကွဲမည့်အချိန်ကို ကြည့်ရန် စောင့်ဆိုင်းနေခြင်းပင်။
“ငါ့ကို တောင်းပန်ပါ၊ မဟုတ်ရင် ငါ နင့်အတွက် ငွေမချေပေးနိုင်ဘူး ” လဲ့လန်က ယခုလို ကလေးဆန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
မမျှောင်လင့်ထားသည့်အရာမှာ လုံချန်က တစ်ချက်ပင် တုံ့ဆိုင်းခြင်းမရှိဘဲ အေးဆေးတည်ငြိမ်စွာဖြင့် သိုလှောင်အိတ်ထဲကနေ အပြာရောင်ဝိညာဉ်ပုလဲတစ်လုံး ထုတ်ယူလိုက်ခြင်းပင် ။ “မိုးသောက်ကုန်သည်အဖွဲ့က တန်ဖိုးညီမျှတဲ့ပစ္စည်း နဲ့ နတ်ဝိညာဉ်ကျောက်တုံးတွေ လဲလှယ်နိုင်တယ်ဆိုတဲ့စည်းမျဉ်း ရှိတယ်မဟုတ်လား။ ဒါကို တန်ဖိုး သတ်မှတ်ပြီး နတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက် တန်လဲ ပြောပါ။ ဒီဝိညာဉ်ပုလဲက ဆန်းကြယ်အဆင့် ၆ နတ်ဆိုးသားရဲဖြစ်တဲ့ အပြာရောင်နဂါးဝိညာဉ်ပုလဲ ပဲ “
မူလက ဝန်ထမ်း၏အမြင်တွင် လုံချန်က နတ်ဝိညာဉ်ကျောက်တုံး ၆၀,၀၀၀ ကို ထုတ်ပေးနိုင်မည်ဟု မထင်ခဲ့ပေ။ သို့သော်လည်း ဆန်းကြယ်အဆင့် ၆ နတ်ဆိုးဝိညာဉ်ပုလဲ ကို ထုတ်ပြလိုက်သည့်အခါ အံ့အားသင့်မှုကြောင့် သူ၏မျက်လုံးပင် ပြူးကျယ်သွားခဲ့သည်။
“လုံချန် ! အဲ့ဒီ သားရဲဝိညာဉ်ပုလဲ ....” လဲ့လန်၏ မျက်နှာအမူအရာက ရုတ်ချည်းပြောင်းလဲသွားပါတော့သည်။ သူမ၏အဖေ က လုံချန်ကို တန်ဖိုးထားသည့်အတွက် ဆန်းကြယ်အဆင့် ၆ သားရဲဝိညာဉ်ပုလဲကို လက်ဆောင်ပေးအပ်ခဲ့တာဖြစ်သည်။ ခန်းမအရှင်လဲ့ယွမ်၏ ရည်ရွယ်ချက်က အတွင်းစည်းဝင်ခွင့် ရွေးချယ်ပွဲမတိုင်ခင်မှာ လုံချန်အား ဆန်းကြယ်အဆင့် ၆ သားရဲဝိညာဉ်ပုလဲကို သုံးပြီး ကောင်းကင်ယွမ်ကနဦးအဆင့် တက်လှမ်းနိုင်စေရန်ပင်။ ထို့အပြင် ခန်းမအရှင်လဲ့ယွမ် က ဆန်းကြယ်အဆင့် ၆ သားရဲဝိညာဉ်ပုလဲအတွက် အခြား အကြီးအကဲ (၅)ယောက် နှင့် အသည်းအသန် ငြင်းခုံဆွေးနွေးခဲ့ရသည်။ ကံကောင်းထောက်မစွာပင်၊ လုံချန်က ကောင်းကင်ယွမ်ကနဦးအဆင့် ဖုန်းဝူထျန်း ကို အနိုင်ရခဲ့သောကြောင့် အကြီးအကဲများအားလုံး ကန့်ကွက်သူမရှိကြတော့ချေ။ သို့သော်လည်း လုံချန် က ခန်းမအရှင် လက်ဆောင်ပေးထားသည့် ဆန်းကြယ်အဆင့် ၆ နတ်ဆိုးဝိညာဉ်ပုလဲကို နတ်ဝိညာဉ်ကျောက်တုံးများဖြင့် လဲလှယ်ချင်နေခဲ့၏။
“သူက ဘယ်လောက်တောင် စိတ်ဓာတ်ပျက်စီးနေပြီလဲ “ လဲ့လန် တစ်ယောက်တော့ အမြင်အာရုံတစ်ခုလုံး မည်းမှောင်လာသလို ခံစားရပြီး ဒေါသကြောင့် မူးဝေပြီး လဲကျလုနီးပါးပင်။ သူမ တားဆီးရန် ပြင်နေချိန်မှာပဲ လုံချန်၏လှုပ်ရှားမှုက ပို၍မြန်ဆန်နေခဲ့သည်။ ဝိညာဉ်ပုလဲကို အရောင်းဝန်ထမ်း၏ လက်ထဲ တိုက်ရိုက် ထိုးထည့်လိုက်သည်။
“လုံချန်၊ နင် ဦးနှောက် ပျက်သွားတာလား” လဲ့လန် မျှော်လင့်ထားသည်မှာ လုံချန်က ဆန်းကြယ်အဆင့် ၆ ဝိညာဉ်ပုလဲကို သန့်စင်နိုင်လျှင် သူ့ခွန်အားက အဆမတန် မြင့်တက်လာပေမည်။ ဤအချိန်တစ်လျှောက်လုံး လုံချန် ဖန်တီးခဲ့သည့် အံ့သြဖွယ်ရာ အဖြစ်အပျက်များကို တွေးမိသည်နှင့် သူ့မှာ အခွင့်အရေး အနည်းငယ်ရှိနိုင်ကြောင်း ယုံကြည်ခဲ့သည်။ သို့သော်လည်း လုံချန် က အသုံးမဝင်သော နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ် တစ်ခုအတွက် ဂျင်ရှန်းအန်နှင့် ပဋိပက္ခ ဖြစ်ခဲ့သည့်အပြင် အဆိုးဆုံးမှာ အပြာရောင်နဂါးဝိညာဉ်ပုလဲကို နတ်ဝိညာဉ်ကျောက်တုံးများဖြင့် လဲလှယ်ပစ်လိုက်သည်။
“တကယ်ပဲ ....တကယ်ပဲ ... သူက လုံးဝပြုပြင်ပေးလို့မရတော့ဘူးပဲ...” လဲ့လန်က ဒေါသကြောင့် ခေါင်းတစ်ခုလုံး မူးဝေလာတော့သည်။
“ဘာမှားနေလို့လဲ။ ဒါက ငါ့ အပိုင်ပဲလေ။ ငါ ဘယ်လိုသုံးသုံး ... မရဘူးလား ” လုံချန် က သူမကို တည့်တည့်စိုက်ကြည့်ပြီး အေးစက်စက် ပြောလိုက်သည်။
အမှန်တော့ သူက အပြာရောင်နဂါးဝိညာဉ်ပုလဲကို အရင်ကတည်းက ရောင်းချချင်ခဲ့သည်။ အစပိုင်းတွင် တွန့်ဆုတ်နေခဲ့သော်လည်း လဲ့လန်က သူ့အား အသုံးချကာ သေခြင်း၊ရှင်ခြင်း အခြေအနေထဲသို့ တွန်းပို့ခဲ့သောကြောင့် လုံချန်၏စိတ်ထဲမှာ တွန့်ဆုတ်မှု လုံးဝ မရှိတော့ပေ။
“နင် ဘာပြောလိုက်တာလဲ။ နင့် ဦးနှောက်က ပျက်သွားပြီလား ” လဲ့လန်က ဒေါသထွက်လွန်းသောကြောင့် ဘာစကားမှမပြောနိုင်တော့ပါ။ အရူးကောင်လုံချန်က မည်သည့်အရာများ လျှောက်လုပ်နေမှန်းပင် လုံးဝ နားမလည်နိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ ဤအခြေအနေထိ ရောက်သွားပြီဖြစ်ရာ လဲ့လန် က လုံချန်၏ရည်ရွယ်ချက် ကို ဆက်မတွေးတော့ပါ။
“နင်က သေရေးရှင်ရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေမှာ အပြောင်အပျက်မလုပ်ချင်စမ်းပါနဲ့။ နင် ချူယွန်ရှီ နဲ့ ရင်ဆိုင်ရမယ့် ကိစ္စမှာ ငါ မှားတာ ဝန်ခံတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို စွန့်လွှတ်ပြီး ငါ့ကို ဒီလိုမျိုး ဆန့်ကျင်နေတာက မဖြစ်သင့်ဘူး။ လုံချန် ! ဒီလို ရှောင်ပြေးနေတာ နင့်ရဲ့ ပုံစံ မဟုတ်ဘူး ”
“ငါ ဘယ်လို ရှောင်ပြေးနေလို့လဲ” လုံချန်က ဂရုမစိုက်သည့်လေသံဖြင့် ပြန်ပြီးမေးခွန်းထုတ်လိုက်သည်။
“နင့်အတွက် အရေးအကြီးဆုံး အထောက်အပံ့ ဖြစ်တဲ့ အပြာရောင်နဂါးဝိညာဉ်ပုလဲကို ရောင်းပစ်တယ်၊ပြီးတော့ ဂျင်ရှန်းအန် ကို ရန်စလိုက်တာက ငါ့ကို လက်စားချေချင်တာမဟုတ်လား။ ဘာပဲဖြစ်ဖြစ်၊ ငါ နင်နဲ့ စကား မပြောတော့ဘူး။ နောက်ပိုင်းမှာ သူရောက်လာရင် ငါ နတ်ဝိညာဉ်ကျောက်တုံး ၆၀,၀၀၀ ပေးလိုက်မယ်။ နင် ငါ့ကို အကြွေး မတင်ချင်ဘူးဆိုရင် နောင်မှာ ထောက်ပံ့ရေးအမှတ်တွေ ရှာပြီး ပြန်ပေး ”
“မင်း ဘာတွေ တွေးနေတာလဲ ” ဤအမျိုးသမီး၏ တရစပ်ပြောသွားသော စကားများကြောင့် လုံချန်က ဘာမှ ပြန်မပြောနိုင်တော့ပေ။ “ငါ ရှင်းရှင်းပဲ ပြောမယ်။ ငါလုံချန်က ချူယွန်ရှီ ဒါမှမဟုတ် ဂျင်ရှန်းအန် ကို တစ်ခါမှ မကြောက်ခဲ့ဘူး။ ပြီးတော့ ငါ ဘာပဲလုပ်လုပ် အကြောင်းရင်း ရှိတယ်။ မင်း လို အသိဉာဏ်မဲ့တဲ့ မိန်းမက ဒီကိစ္စမှာ ဝင်ပါစရာ မလိုဘူး”
“အသိဉာဏ်မဲ့တဲ့ မိန်းမ ... ဟုတ်လား... ” လဲ့လန် ကသွေးအန်ချင်လောက်အောင် ဖြစ်သွားရသည်။
“နောက်ဆုံး တစ်ခွန်း ပြောလိုက်မယ်။ မေးချင်တာ ရှိရင် အတွင်းစည်းဝင်ခွင့် ရွေးချယ်ပွဲမှာ ငါ့ စွမ်းဆောင်ရည် ကိုပဲ ကြည့်နေလိုက်။ အဲ့ဒီအချိန်ကျရင် မင်း နားလည်သွားလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ငါ ဒီ သားရဲဝိညာဉ်ပုလဲ ကို ရောင်းရမယ်။ မင်း ငါ့ကို သတ်ပစ်ရင်တောင် မတားနိုင်စေရဘူး ”
အမှန်ပြောရလျှင် လဲ့လန် အနေဖြင့် ယခုလိုမျိုး ဒေါသပေါက်ကွဲနေသည်မှာ ပထမဆုံးအကြိမ် ဖြစ်ခဲ့သည်။ သူမ လုံချန်ကို မျှော်လင့်ချက် လုံးဝမရှိတော့သည့် လူတစ်ယောက်အလား စိတ်ပျက်စွာ ကြည့်လိုက်သည်။
လုံချန် က ဂရုမစိုက်သည့် မျက်နှာပေးဖြင့် ပြန်ပြီးစိုက်ကြည့်နေသည်။
သကောင့်သားက ခေါင်းငုံ့ပြီးနာခံလိုပုံမရကြောင်း မြင်လိုက်ရာ လဲ့လန် က ရိုက်သတ်ပစ်ချင်သော ဆန္ဒကို ခက်ခက်ခဲခဲ ဖိနှိပ်ထားလိုက်ရသည်။ ခဏကြာသွားပြီးနောက်မှသာ နှင်းဆီပန်းပွင့်အခန်းထဲရှိ အခြေအနေက တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။
လဲ့လန် က လုံချန်အား အေးစက်စွာ စိုက်ကြည့်ရင်း အံကြိတ်လိုက်ပြီး ဒေါသတကြီးပြောခဲ့သည် ။
“ငါ့ ရှေ့မှာ အိပ်မက် မက်နေတာလား... ဘာအဓိပ္ပာယ်လဲ။ မကြာခင်မှာ နင့်ရဲ့လုပ်ရပ်တွေ အတွက် နောင်တရမယ့် နေ့တစ်နေ့ ရှိလာမှာပါ။ အဲ့ဒီ နေ့ မကြာခင် ရောက်လာမှာ သေချာတယ် ”
“ဟုတ်လား ” လုံချန်က ပြုံးလိုက်သည်... “ဒါဆို စောင့်ကြည့်ကြရအောင်၊ အကြီးအကဲ လဲ့လန် ...” ဤတစ်ကြိမ်တွင် လုံချန် ရင်ဆိုင်ရသည့် ရန်သူများက အတိတ်တုန်းကထက် ပိုပြီးအားကောင်းနေခဲ့သည်။ ပြိုင်ပွဲဝင်အားလုံးပေါင်း အယောက် ၂၀ ရှိနေခဲ့သည်။ မည်သူမျှ လုံချန်တွင် အနိုင်ရရန် အခွင့်အရေးရှိမည်ဟု မပြောရဲကြပေ။ သူ့အတွက် အနည်းငယ် မျှော်လင့်ချက် ထားခဲ့သူဟူ၍ လဲ့လန် တစ်ယောက်တည်း သာ။ ယခုအချိန်တွင် လဲ့လန် ပင် သူ့အား လုံးဝ လက်လျှော့သွားခဲ့ပြီဖြစ်သည်။
“ကောင်းပြီ ၊ စောင့်ကြည့်ရသေးတာပေါ့...” လဲ့လန်က မျက်နှာထား ခပ်တင်းတင်းဖြင့် ခေါင်းခါလိုက်ပြီး လုံချန်ကို လုံးဝ လှည့်မကြည့်တော့ပေ။ ထိုင်ခုံပေါ်မှာ ထိုင်ချလိုက်ပြီး ဒေါသကြောင့် ပခုံးနှစ်ဖက်ပင် တုန်ယင်နေခဲ့သည်။
“နင်လုပ်တာ ကောင်းတယ်၊ နင် .... လူဆိုးကောင်။ အရမ်း ကောင်းတယ်၊ ဟီးဟီး...” လင်းရှီနတ်ဓားထဲကနေ ရယ်သံသဲ့သဲ့ ထွက်လာသည်။ လဲ့လန် ရှိနေသောကြောင့် လုံချန်က လင်းရှီနှင့် စကားပြန်မပြောရဲပေ၊ မသိမသာလေးတော့ ရယ်လိုက်မိသည်။
ဤအချိန်တွင် အရောင်းဝန်ထမ်းက ပြန်ရောက်လာ၏။ ဗန်းပေါ်တွင် သားရဲဝိညာဉ်ပုလဲနှင့် နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ် နှစ်ခုလုံး ရှိနေသည်။သိုလှောင်အိတ်တစ်လုံးပါ ရှိနေ၏၊ ၎င်း၏အကြည့် က လုံချန်ကို မထီမဲ့မြင် မလုပ်တော့ပေ။ အရိုအသေပေးလိုသော အကြည့်မျိုးဖြင့် ကြည့်နေလေသည်။
“မင်္ဂလာပါ ၊ လေးစားရတဲ့ ဧည့်သည်တော် ။ ငါတို့ မိုးသောက်ကုန်သည်အဖွဲ့ရဲ့ တန်ဖိုး သတ်မှတ်ချက်အရ ဒီသားရဲဝိညာဉ်ပုလဲက နတ်ဝိညာဉ်ကျောက်တုံး ၉၅,၀၀၀ တန်ကြေး ရှိတယ်။ နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ် အတွက် ၆၀,၀၀၀ ကို နုတ်လိုက်ရင် စုစုပေါင်း နတ်ဝိညာဉ်ကျောက်တုံး ၃၅,၀၀၀ ကျန်ပါတယ်။ ဧည့်သည်တော် ! စစ်ဆေးကြည့်ပါ”
လုံချန်က နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ် ကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး သိုလှောင်အိတ်ကိုတစ်ချက်ကြည့်လိုက်သည်။ အမှန်တကယ်ပင် နတ်ဝိညာဉ်ကျောက်တုံး ၃၅,၀၀၀ ရှိနေ၏။
နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်သလင်းလုံးအတွက် ကျသင့်သည့် တန်ဖိုးအားလုံးကို ရှင်းပေးပြီးနောက် လုံချန်က နတ်ဝိညာဉ်ကျောက်တုံး ၃၅,၀၀၀ ကို လဲ့လန် ရှေ့မှ သစ်သား စားပွဲပေါ် ပစ်ချလိုက်သည်။ ထို့နောက် စိတ်မဝင်စားစွာ ပြောလိုက်၏ “ဒီမှာ မင်းကို ပြန်ပေးရမယ့် နတ်ဝိညာဉ်ကျောက်တုံး ၃၅,၀၀၀ ။ မိုးကြိုးမီးလျှံကျောက်တုံး ၁၀ လုံးရဲ့ တန်ကြေးနဲ့ ညီမျှတယ်။ မင်း ဘယ်လိုထင်လဲ၊ လေလံပွဲ မပြီးခင် ငါ မင်းကို ပိုက်ဆံ ပြန်ပေးမယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။ ငါ ကတိမပျက်ဘူးမဟုတ်လား”
သူ့ရှေ့စားပွဲပေါ်မှာ ရှိနေသည့် နတ်ဝိညာဉ်ကျောက်တုံး ၃၅,၀၀၀ က ဆန်းကြယ်အဆင့် ၆ အပြာရောင်နဂါးဝိညာဉ်ပုလဲ နှင့် လဲလှယ်ခဲ့တာဖြစ်သည်။ ဤအရာကို တွေးလေလေ လဲ့လန်တစ်ယောက် နှလုံးသားတစ်ခုလုံ မီးလောင်ကျွမ်းလာသလို ခံစားရပြီး လုံချန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
“နင်က တကယ် စိတ်အေးလက်အေးရှိနေတာပဲ။ အခု ပေါင်းစပဖို့ သားရဲဝိညာဉ် မရှိတော့ဘူး။ အတွင်းစည်းဝင်ခွင့် ရွေးချယ်ပွဲမှာ နင် ဘယ်လို သေမလဲ ... ငါ ပျော်ပျော်ကြီး ကြည့်နေမယ် ”
“ငါ သေတာမသေတာက ငါ့ ပြဿနာပဲ။ ချူယွန်ရှီ က မင်းကို မနှောင့်ယှက်တော့ဘူး မဟုတ်လား။ မင်းရဲ့ ရည်မှန်းချက်တွေ ပြီးပြီမဟုတ်လား ” လုံချန်၏ မျက်လုံးထဲတွင် လဲ့လန်က ရက်စက်ကြမ်းကြုတ်သော အမျိုးသမီးတစ်ယောက် မဟုတ်သော်လည်း အလွန်ဉာဏ်များလှသော အမျိုးသမီးပင်။ သူမ လိုချင်သောအရာကို ရပြီးသည်နှင့် သေချာပေါက် ချောင်ထိုးပစ်နိုင်ချေများ၏။ သို့သော် သူမက အတွင်းစည်းဝင်ခွင့် ရွေးချယ်ပွဲ မတိုင်ခင် အတောအတွင်း ကျင်းပသည့် လေလံပွဲကို ခေါ်ဆောင်လာခဲ့သည်။ ထို့ကြောင့် သူ့စိတ်ထဲ၌ လဲ့လန် အပေါ် သတ်ဖြတ်ချင်စိတ်များ အနည်းငယ်လျော့ပါးသွားသည်။
လုံချန်၏ စကားလုံးများက ယဉ်ကျေးသည်ဟု မဆိုသာသော်လည်း အမှန်တရားပင်။ လဲ့လန်က မှားနေသူ ဖြစ်သည့်အတွက် ဘာမှ ပြန်မပြောနိုင်ပေ။ သူမ တတ်နိုင်သည်မှာ လုံချန်ကို အေးစက်စွာ စိုက်ကြည့်နေခဲ့ရုံသာ။ “နင်က ဆန်းကြယ်အဆင့် ၆ သားရဲဝိညာဉ်ပုလဲကို ရောင်းပစ်လိုက်ပြီ။ ငါ အဖေ့ကို ဘယ်လို ပြန်ပြောရမလဲ”
လုံချန် က တစ်ချက်ရယ်မောလိုက်၏။ ထို့နောက် အပြုံးဖြင့် ပြောလိုက်ပါသည်။ “ဒါဆို အကြီးအကဲချုပ် လဲ့လန် ကို ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေ အသေးစိတ် ပြန်မပြောဖို့ ဒုက္ခပေးရတော့မှာပဲ ”
“နင် ....!” လဲ့လန် က နောက်ဆုံးတွင် နားလည်လိုက်ပါတော့သည်။ အတိတ်တစ်ချိန်က ရိုးသားပွင့်လင်းသည်ဟု ထင်ခဲ့သော ဆယ်ကျော်သက်အရွယ် လူငယ်လေးက လက်တွေ့တွင်မူ ဉာဏ်များသည့် ဝံပုလွေအိုကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်မဟုတ်ပါလား။
ဒေါသကြောင့် လဲ့လန်၏ရင်ဘတ်မှ တောင်ပို့ကြီးနှစ်လုံး မြင့်လိုက်တက်လိုက် ဖြစ်နေသည်ကို မြင်သောအခါ လုံချန်က တစ်ချက် စိုက်ကြည့်လိုက်ပြီး နောက်ပြောင်လိုက်သည်။ “အကြီးအကဲလဲ့... ! ဒေါသထွက်နေရင်တောင် မင်းရဲ့ခန္ဓာကိုယ်ကို ခဏခဏလှုပ်ယမ်းမနေသင့်ဘူးနော်။ မင်း အဲ့ဒါတွေ ပြုတ်ထွက်လာမှာ မကြောက်ဘူးလား”
လဲ့လန်က လုံချန် ဘယ်နေရာကို ကြည့်နေမှန်း မသိဘဲမနေပါ။ သူမက ပွင့်လင်းပြီး အရိုင်းဆန်စွာလှပနေသော်လည်း အမှန်စင်စစ် အပျိုစင်တစ်ယောက်သာ ဖြစ်နေသေး၏။ လုံချန် နောက်ပြောင်သည့်စကားကို ကြားလိုက်ချိန်တွင် ရှက်ရွံ့စိတ်ကြောင့် မျက်နှာလေးက နီရဲသွားတော့သည်။ ထို့အပြင် လုံချန်အား စိတ်ရှိသလို ထုရိုက်ပစ်ချင်စိတ်များ ပေါ်လာခဲ့သည်။
ဤအချိန်တွင် အခန်းတံခါးက ရုတ်တရက် ဝုန်းခနဲ ကန်ဖွင့်ခံလိုက်ရသည်။ ထို့နောက် အဖြူတစ်ဝက်ရွှေရောင်တစ်ဝက်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် မောက်မာထောင်လွှားမှုပြည့်နှက်နေသော လူငယ်တစ်ယောက် ဝင်လာသည်။