အခန်း (၁၄၉-၁၅၀)
Vol. 13 Ch. 149-150
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ
(သွေးနဂါးလုံချန်)
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
[(စာစဉ် - ၁၃)အပိုင်း ၁၄၉]
တံခါး ကန်ဖွင့်လိုက်သည့် လူငယ်က မျက်နှာပေါ်တွင် မောက်မာမှုအပြည့်ပါ။ ၎င်းက အခြားသူ မဟုတ်ပေ၊ ရွှေဂိုဏ်းခွဲ၏ နာမည်ကျော် မင်းသားငယ် ဂျင်ရှန်းအန် ပင်ဖြစ်သည်။
အမှန်စင်စစ် “ရွှေဂိုဏ်းခွဲ၏မင်းသားငယ်” ဟူသော ဂုဏ်ပုဒ်က သူ၏ပါရမီအရည်အချင်းကြောင့် ရွှေဂိုဏ်းခွဲကနေ ပေးအပ်ထားသော ဘွဲ့အမည်ဖြစ်သည်။
“မင်းတို့ နှစ်ယောက်ရဲ့ ရဲစွမ်းသတ္တိ က ငါ ဂျင်ရှန်းအန် ရဲ့ နာမည်ကို လုံးဝ ဂရုမစိုက်ဘူးဆိုတာ သိသာတယ် ...” လုံချန်၏မရင်းနှီးသော မျက်နှာ အပြင် လဲ့လန် ကလည်း ကျောပေးထိုင်နေသောကြောင့် ဂျင်ရှန်းအန်က မည်သူမှန်း မသိခဲ့ပေ။ သို့သော်လည်း လုံချန်၏ပုံပန်းသွင်ပြင်ကို ကြည့်၍ သာမန်လူတစ်ယောက်ဟု ယူဆလိုက်သည်။ သူ၏ သတ်ဖြတ်လိုစိတ်ကို တိုက်ရိုက်ထုတ်ဖော်လိုက်သည်။ စကား ပြောပြီးသည်နှင့် ဓားပါးပါးလေးနှင့်တူသောအကြည့်စူးစူးတစ်ချက်က လုံချန်အပေါ်သို့ကျရောက်လာခဲ့သည်။
လုံချန် လည်း အလွန်အန္တရာယ်များသော အငွေ့အသက်ကို ခံစားလိုက်ရသည်။ ဂျင်ရှန်းအန်က ထက်မြိနေသော ဓားတစ်ချောင်းအလား ခံစားရသည်။ နှစ်ဖက်စလုံးက ရုပ်ခန္ဓာကျင့်စဉ်ချင်း အရမ်းကြီးကွာဟမှု မရှိသော်လည်း ဂျင်ရှန်းအန်၏ အငွေ့အသက်က သူ့အား ဖိချေလုမတတ်ဖြစ်နေသည်။ ရုတ်တရက် သူ့မျက်နှာပြင်ပေါ်မှာ သွေးစက်တစ်စက် စီးကျလာသည်ကို ခံစားမိလိုက်သည်နှင့် လုံချန်က စိတ်ထဲတွင် တုန်လှုပ်သွားမိသည်။
ဂျင်ရှန်းအန် အတွက်တော့ လုံချန်မှာသာ ခွန်အားနှင့် နောက်ခံတစ်ခုခု ရှိနေပါက သူ့အား ရန်စစော်ကားနေလျှင်ပင်ဘာမှပြန်ပြောမည်မဟုတ်ချေ။ သို့ရာတွင် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်က သူ့ကို စိန်ခေါ်နေခဲ့သည်။ ဤသကောင့်သားက ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲနေပုံရ၏။
ထို့ကြောင့် တုံ့ဆိုင်းခြင်းမရှိဘဲ အခန်းတံခါးကို ကန်ဖွင့်လိုက်တာဖြစ်သည်။ တစ်ချိန်တည်းမှာပဲ ဂျင်ရှန်းအန်၏ ရွှေခန္ဓာကျင့်စဉ်မှ ဖိအားက လုံချန်ဆီသို့ တိုးဝင်လာခဲ့သည်။
“ငါ့ ရှေ့မှာ သာမန်အတိုင်း ရပ်နေရုံနဲ့ ငါ့ကို ဒဏ်ရာရစေနိုင်တယ်။ ဒါက ဆန်းကြယ်အဆင့်မြင့် ရုပ်ခန္ဓာကျင့်စဉ်တစ်ခုရဲ့ စွမ်းအားလား ” လုံချန် က အံ့အားသင့်သွားသော်လည်း ကြောက်ရွံ့သွားခြင်းတော့မရှိပေ။ အကယ်၍ သူတစ်ယောက်တည်းသာ ရှိနေလျှင် ဂျင်ရှန်းအန် ကို စိန်ခေါ်တိုက်ခိုက်မှာ သေချာသလောက်ပင်။ သို့ရာတွင် အကြီးအကဲချုပ်လဲ့လန် ရှိနေသည့်အတွက် သူ လှုပ်ရှားစရာမလိုဟု ယူဆလိုက်သည်။
သေချာပါသည်။ လဲ့လန်က မတ်တပ်ထရပ်လာပြီး နောက်လှည့်ကြည့်လိုက်သည်။ ချိုမြိန်သောအပြုံးမျက်နှာလေးနှင့် နတ်ဆိုးဆန်ဆန် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်က ဂျင်ရှန်းအန် ရှေ့တွင် ရပ်နေသည်။
အသက်ရှူမှားစေလောက်သော အလှတရားကို မြင်လိုက်ရသည့်အတွက် ဂျင်ရှန်းအန် ပင် ချောင်း တဟွတ်ဟွတ်ဆိုးသွားရသည်၊ စကားပြောရန် ပြင်လိုက်စဉ် သူ့ရှေ့က အလှတရားကို ကြည့်နေရင်း အတော်လေး ရင်းနှီးနေသလို ခံစားမိခဲ့သည်။ အနီးကပ် စူးစိုက်ကြည့်လိုက်မှသာ သူ၏မိတ်ဆွေကြီး ချူယွန်ရှီ ကြိုက်နှစ်သက်နေသော အမျိုးသမီး ဖြစ်မှန်း သိလိုက်ရတော့သည်။ ထို့နောက် ဘေးနားရှိ လုံချန်ကို လှည့်ကြည့်လိုက်၏ ။
“ဒါဆို ဒီ ကောင်က ချူယွန်ရှီ ပြောခဲ့တဲ့ လုံချန် လား”
ဂျင်ရှန်းအန် က ဉာဏ်ကောင်းသူဖြစ်ရာ ဖြစ်ပျက်နေသည့်အရာများကို ချက်ချင်း နားလည်လိုက်၏။ သူ့စိတ်ထဲတွင် လုံချန်ကို သင်ခန်းစာတစ်ခု ပေးပြီး နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ် ကို ပြန်ယူသွားရန် စဉ်းစားထားသည်။ သို့ရာတွင် အစိမ်းရောင်နေမင်းဌာနခွဲ၏ အကြီးအကဲချုပ် လဲ့လန် က သူ့ရှေ့တွင် ပိတ်ရပ်ထားသောကြောင့် မဖြစ်နိုင်တော့ပေ။
မည်သို့ပင်ဖြစ်စေ နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ် ကိစ္စကို ထည့်မတွက်လျှင်ပင် သူ့မိတ်ဆွေရင်းဖြစ်သည့် ချူယွန်ရှီ နှင့် သက်ဆိုင်နေသော ကိစ္စဖြစ်နေလေရာ အလွယ်တကူ လွှတ်ပေးရန်မဖြစ်နိုင်ပါ။
“အော် .... ငါ့မှာတော့ ဘယ်သူများလဲလို့ တွေးနေတာ။ အရှက်မရှိတဲ့ စုံတွဲတစ်တွဲ ဖြစ်နေတာကိုး။ ဒီနေ့ ဒီနေရာကို လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ။ အရှက်ကို ဖုံးကွယ်ဖို့အတွက် ပုန်းအောင်းဖို့ နေရာ ရှာနေတာလား ” ဂျင်ရှန်းအန်၏ မျက်နှာအမူအရာက ယဉ်ကျေးပုံပေါ်သော်လည်း ပြောလိုက်သည့် စကားလုံးကတော့ ကြားရသူအတွက် ခံနိုင်ရည်မရှိလောက်ပေ။
အမှန်ပင်၊ သူ့စကားကို ကြားလိုက်သည်နှင့် လဲ့လန်၏မျက်နှာက မည်းမှောင်သွားခဲ့သည်။ ထို့နောက် သူမက အပြုံးတစ်ခုနှင့်အတူပြန်ပြောလိုက်သည် ...“ရွှေဂိုဏ်းခွဲရဲ့ မင်းသားငယ်လို့ နာမည်ကျော်ကြားတဲ့ ပါရမီရှင် ဂျင်ရှန်းအန် က ဒီလို ပညာမဲ့တဲ့ စကားတွေ ပြောလိမ့်မယ်လို့ မထင်ထားမိတာ အမှန်ပဲ။ မင်းသားငယ် ဂျင် ! ပြောနေတဲ့စကားတွေက နင့်ရဲ့ အဆင့်အတန်း နဲ့ မလိုက်ဖက်ဘူး။ အခု မြင်ရတာ တကယ်ပဲ မျက်စိ ပွင့်သွားစေတယ်”
စကားပြိုင်ပြောရလျှင် လဲ့လန်က လုံချန်နှင့် မယှဉ်နိုင်သော်လည်း ဂျင်ရှန်းအန်က သူတို့နှစ်ယောက်ကို အရင်ဦးဆုံး နှိမ်ပြောလိုက်တာဖြစ်သည်။ အကြီးအကဲတစ်ယောက်အနေဖြင့် လဲ့လန် က အလွယ်တကူ ဖိနှိပ်ခံမည်မဟုတ်ချေ။
“ဘာပြောလိုက်တယ် ...”
ဂျင်ရှန်းအန် ထံမှ လူသတ်ချင်စိတ်များနှင့် ဒေါသထွက်လာတော့သည်။ သို့သော်လည်း သူ့ခွန်အားက လဲ့လန် ကို မယှဉ်နိုင်မှန်း သိနေသည်။ ထို့အပြင် ဤနေရာတွင် တိုက်ခိုက်ပါက မိုးသောက်ကုန်သည်အဖွဲ့နှင့် ပြဿနာတက်သွားနိုင်၏။ ထို့ကြောင့် သူ့ဒေါသ ကို အတင်းမျိုသိပ်ပြီး လဲ့လန်ကို မကြည့်ဘဲ လုံချန်အား လှည့်ကြည့်ပြီး လှောင်ပြောင်လိုက်ပါသည်။
“ငါ အကြီးအကဲလဲ့လန် ရဲ့ ဆွဲဆောင်မှုနဲ့ ပတ်သက်လို့ အကြိမ်ကြိမ် ကြားမိတယ်။ ဒီလို မျက်နှာပြောင်တဲ့ မိန်းမကို ကြိုက်တဲ့လူ ရှိတာ ရယ်စရာတော့ ကောင်းသား...”
“ဟုတ်လား ...”
လုံချန်က ရုတ်တရက် စကားဖြတ်ပြောလိုက်သည် “မင်းပြောတဲ့ စကားက ကိုယ့်လက်ထဲကိုမရောက်လိုက်တဲ့ အစာအတွက် တခြားသူကို ဝမ်းမြောက်ဝမ်းသာ မြှောက်ပင့်ပြောနေတဲ့ မြေခွေးလိုပုံစံ နဲ့ ဆင်တယ်။ ချူယွန်ရှီ လည်း အဲ့လိုပဲနေမှာပါ”
“မင်း ... ဘာပြောလိုက်တယ် ...” အစကတော့ လုံချန် က လဲ့လန်၏ အကာအကွယ်ကြောင့် ပြောရဲဆိုရဲဖြစ်နေသည်ဟု ထင်ထားခဲ့တာဖြစ်သည်။ သို့ရာတွင် လုံချန် ကိုယ်တိုင်က သူ့ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေကြောင်း မြင်လိုက်လေရာ ဂျင်ရှန်းအန် ဆီမှ လူသတ်ချင်စိတ်များ ချက်ချင်း ပျံ့လွင့်လာသည်။
ယခုလေးတင် ဂျင်ရှန်းအန် ပြောသွားသည့် စကားလုံးများက လဲ့လန်၏ဂုဏ်သိက္ခာကို တော်တော်လေး ထိခိုက်စေခဲ့သည်။ အစကတည်းက အပြင်စည်းဂိုဏ်းခွဲ (၉)ခု တွင် သူမ၏နာမည်က သိပ်မကောင်းလှပေ။ သူမ၏တာအိုနှလုံးသားက မည်မျှပင် ခိုင်မာနေပါစေ အဆုံးသတ်တွင် မိန်းမသား တစ်ယောက်သာဖြစ်သည်။ ထို့ကြောင့် ဂျင်ရှန်းအန်၏ လှောင်ပြောင်စကားများက လဲ့လန်၏နှလုံးသားကို ဆုတ်ဖြဲပစ်နေသည့်အတိုင်း နာကျင်စေသည်။ သို့ရာတွင် မမျှော်လင့်ဘဲ လုံချန်က ကိုယ်စားဝင်ပြောလိုက်သည့်အတွက် အစောပိုင်းကခံစားနေရသည့် နာကျင်မှု အားလုံး ပျောက်ကွယ်သွားပြီး တစ်ခစ်ခစ်ရယ်မောမိလေသည်။
လဲ့လန် က လုံချန်ကို ကျေးဇူးတင်သည့် အကြည့် တစ်ချက် ပေးလိုက်သည်။ သူမ၏မျက်လုံးထဲမှာ ရှုပ်ထွေးမှုအနည်းငယ်တော့ ရှိနေသေးသည်။
“ငါ ရှင်းရှင်းလင်းလင်း ပြောထားပြီးပြီ။ မင်းသားငယ်ဂျင် က ဒီလိုရိုးရှင်းတဲ့ ကိစ္စကို နားလည်နိုင်မယ် ထင်တယ်။ ဒါက ဝက်တွေတောင်မှ နားလည်နိုင်မှာပါ” လုံချန်က အေးစက်စွာ ပြုံးရင်း ထပ်ပြောလိုက်ပါသည်။
“အဟွတ်.... အဟွတ်.... ” လဲ့လန်က ပါးစပ်အုပ်ပြီးချောင်းဆိုးရင်း မိန်းမ ဆန်ဆန် ရယ်မောလိုက်သည်။
သူတို့နှစ်ယောက်၏ ပြောင်တိပြောင်ချော်တုံ့ပြန်မှု က ရွှေဂိုဏ်းခွဲ၏မင်းသားငယ်ဖြစ်သော ဂျင်ရှန်းအန် အတွက်တော့ အကြီးမားဆုံး စော်ကားမှုပင်။ ဂျင်ရှန်းအန် က လက်သီးကို တင်းတင်း ဆုပ်ထားပြီး မျက်လုံးများ နီရဲလာသည်။
“လုံချန် ! မင်းက မြန်မြန် သေချင်နေတာလား ...”
ဂျင်ရှန်းအန် က ဒေါသတကြီး ကြိမ်းမောင်းပြီးမှ သူရောက်နေသည့်နေရာကို ပြန်ပြီး သတိပြုမိသွား၏။ ထို့နောက် သူ့ကိုယ်သူ အတင်းအကြပ် ထိန်းချုပ်လိုက်ရသည်။
ဂျင်ရှန်းအန်၏ အခြေအနေနှင့် အချိန်အခါကို နားလည်သည်းခံနိုင်စွမ်းကြောင့် လုံချန်က အနည်းငယ်စိုးရိမ်လာခဲ့သည်။ ရွှေဂိုဏ်းခွဲ၏မင်းသားငယ်က အပြင်ပန်းမှာ မောက်မာထောင်လွှားသော်လည်း တကယ်တမ်းတော့ ဉာဏ်ကောင်းသူပင်။ ၎င်းက ဉာဏ်ရည်အလွန်ထက်မြက်ပြီး အချိန်အခါကို စိတ်ရှည်ရှည်နှင့် သီးခံစောင့်ဆိုင်းတတ်သူမျိုးပါ။ တစ်နည်းအားဖြင့် လုံချန် အတွက် ဂျင်ရှန်းအန် ကဲ့သို့ ဉာဏ်များသောရန်သူတစ်ယောက်ရှိလာခြင်းက သေခြင်းအငွေ့အသက်ကို အလိုလိုခံစားမိစေခဲ့သည်။
“စကားများနေတာ တော်သင့်ပြီ။ မင်းသားငယ် ဂျင် !တခြားကိစ္စ မရှိရင် ထွက်သွားပါ။ ငါတို့ စုံတွဲ နှစ်ယောက် ပျော်ရွှင်နေချိန်မှာ လာပြီးနှောင့်ယှက်တာက မယဉ်ကျေးဘူးဆိုတာ မင်းလည်း သဘောပေါက်မှာပါ။ ဟုတ်တယ်မလား... “ လုံချန်က စကားတစ်ခွန်းမှ အကျောမခံပေ။
“ကောင်းတယ် ...၊ သိပ်ကောင်းတယ် ...” ဂျင်ရှန်းအန် က အေးစက်စက် ရယ်လိုက်ပြီး လဲ့လန်ကို တစ်ချက်ကြည့်ကာ လုံချန်ကို ခဏကြာအောင် စိုက်ကြည့်လိုက်သည်။ “တကယ့်ကို အရှက်မရှိတဲ့ စုံတွဲကောင်း တစ်တွဲ ပဲ။ မင်းတို့ တကယ် လိုက်ဖက်ပါပေတယ်။ မင်းက .... လုံချန် .... မဟုတ်လား။ မင်းလည်း အတွင်းစည်းဝင်ခွင့်ရွေးချယ်ပွဲမှာ ပါဝင်မယ်လို့ ကြားတယ်။ အစိမ်းရောင်နေမင်းဌာနခွဲကို အသက်ရှင်လျှက် ပြန်ရောက်နိုင်မယ်လို့ ငါမျှော်လင့်တယ်။ မဟုတ်ရင် ဒီ မိန်းမ က သူ တစ်ယောက်တည်းနေရတာ ပျင်းလာရင် တခြားလူ နဲ့ ပျော်ရွှင်နေမှာပဲ...”
“အဲ့ဒါ မင်းကိစ္စ မဟုတ်ပါဘူး။ ငါ သူမကို သေချာပေါက် စိတ်ကျေနပ်အောင် လုပ်ပေးနိုင်တယ် ” လုံချန်၏မျက်နှာအမူအရာက လုံးဝကိုသဘာဝကျနေသည်။
သူ့နားထဲမှ လင်းရှီ ကတော့ မကြားချင်တော့ပုံပါ။ လုံချန်က သူ့နားစည်ကနေ နာကျင်မှုကို ရုတ်တရက်ခံစားလိုက်ရသဖြင့် အံကြိတ်လိုက်မိသည်။
“သောက်ပြဿနာပဲ ။ ဒီ နတ်ဆိုးငယ်လေး ရှိနေတာကို ဘယ်လို မေ့သွားရတာလဲ ...”
တစ်ဖက်တွင် ဂျင်ရှန်းအန် က သူ့ခြိမ်းခြောက်မှု မထိရောက်သည်ကို မြင်သောအခါ သူ့ရင်ထဲမှ သတ်ဖြတ်ချင်စိတ်များ ပိုမြင့်တက်လာသည်။ သို့သော် ဂျင်ရှန်းအန် က အခြေအနေနှင့်အချိန်အခါကို ကြည့်တတ်သူဖြစ်ရာ သူ့ဒေါသကို ဖိနှိပ်ပြီး အေးစက်စက် ရယ်မောလိုက်သည်။
“ကောင်းပြီ ၊ မင်း သေမှာကို မကြောက်ရင် နောက်ထပ်တစ်ခု ပြောပြမယ်။ အတွင်းစည်းဝင်ခွင့် ရွေးချယ်ပွဲရဲ့ ပထမအဆင့်မှာ ငါက ချူယွန်ရှီ ရဲ့ တွဲဖက် ဖြစ်တယ်ဆိုတာပဲ။ ပြိုင်ပွဲဝင်တွေ အားလုံးထဲမှာ မင်းနဲ့ တစ်ဖွဲ့တည်း ဖြစ်ချင်တဲ့လူ ဘယ်သူမှမရှိဘူး မဟုတ်လား။ ဟားဟား...”
ဂျင်ရှန်းအန် က လှောင်ပြောင်ရယ်မောလိုက်ရင်း လုံချန်ကို တစ်ချက် ကြည့်လိုက်ပြီး လဲ့လန်ကိုကြည့်၍ ဆက်ပြောလိုက်ပြန်သည်။ “မိန်းမယုတ် ...၊ မင်း သဘောကျနေတဲ့ ဒီကောင်က မကြာခင် လူမြင်ကွင်းမှာ ငါ့ရှေ့ ဒူးထောက်ပြီး အသနားခံနေတာကို သေချာပေါက် မြင်ရလိမ့်မယ်။ ဒါပေမဲ့ အဲ့လိုလုပ်ရင် ငါ သူ့ကို လွှတ်ပေးနိုင်တယ်...” အဆက်မပြတ် လှောင်ပြောင်ရင်း ဂျင်ရှန်းအန် က အခန်းထဲကနေ ထွက်ခွာသွားလေတော့သည်။ သူ ထွက်သွားသည်နှင့် လုံချန်ကို ဖိနှိပ်ထားသော ကြောက်မက်ဖွယ်ဖိအားလည်း ပျောက်ကွယ်သွားခဲ့သည်။
ဂျင်ရှန်းအန်၏ ရွှေခန္ဓာကိုယ်ဖိအားကြောင့် လုံချန်၏ခန္ဓာကိုယ်ပေါ်တွင် အပ်ဖြင့်ထိုးဖောက်ထားသကဲ့သို့ ဒဏ်ရာအပေါက်ငယ်များစွာ ရှိနေခဲ့သည်။
“နင် အဆင်ပြေရဲ့လား ...”
လုံချန်၏မျက်နှာပေါ်မှ သွေးစက်များကို မြင်လိုက်သည့်အတွက် လဲ့လန် က စိုးရိမ်စွာ မေးလိုက်သည်။
“ဒါကို အာရုံထားမနေပါနဲ့ ...”
လုံချန်က ခေါင်းခါရင်း မျက်နှာပေါ်ကသွေးစက်များကို ဖြည်းဖြည်းချင်းပွတ်သပ်လိုက်ရာ ခဏအကြာတွင် အကုန်လုံး ပျောက်ကွယ်သွားလေတော့သည်။
“အခု ကျေနပ်ပြီလား ...”
လဲ့လန်က သူ့ကို မျက်လုံးလှန်ကြည့်လိုက်ပြီး စိတ်ပျက်အားလျော့စွာ ထိုင်ချလိုက်သည်။ သူမ၏မျက်လုံးထဲတွင်လည်း စိတ်ပျက်မှုများ အထင်းသားပင်။
“အစတုန်းက နင့်မှာ ဆန်းကြယ်အဆင့် ၆ သားရဲဝိညာဉ်ပုလဲ နဲ့ မိုးကြိုးမီးလျှံကျောက်တုံးတွေ ရှိတယ်။ ဂျင်ရှန်းအန် ကို ရန်မစမိရင် နင့်အတွက် အခွင့်အရေး နည်းနည်းတော့ ရှိနိုင်သေးတယ်။ ဒါပေမဲ့ အခုတော့ အရာအားလုံး ပြောင်းလဲသွားပြီ။ နင့်မှာ ဘာမှ မကျန်တော့ဘူး။ ကောင်းကင်ယွမ်ပြီးပြည့်စုံခြင်းအဆင့် တိုက်ပွဲဝင်ခွန်အား ရှိတဲ့ ချူယွန်ရှီ နဲ့ ဂျင်ရှန်းအန် ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ”
လုံချန်က အနည်းငယ် ရယ်မောလိုက်သော်လည်း တချို့အရာများက ရှင်းပြသည်ထက်စာလျှင် ဘာမှမဖြစ်သလို ငြိမ်နေလိုက်သည်က ပိုကောင်းမှန်း သိနေခဲ့သည်။ လူတိုင်းတွင် စကားဖြင့် ရှင်းပြ၍မရနိုင်သော ကိစ္စတချို့ ရှိတတ်ကြသည်မဟုတ်ပါလား။ လုပ်ရပ်ဖြင့်သာ သက်သေပြရမည်ဖြစ်သည်။
“နင့်ကိုကြည့်ရတာ အခုထိ ဖိအား မခံစားရသေးဘူး ထင်တယ်...” လဲ့လန်က စိတ်မသက်မသာ ခေါင်းခါလိုက်သည်။
“လုံချန် ! နင် စိတ်ဖိစီးမှု မဖြစ်အောင် ငါ မပြောပြခဲ့တဲ့ ကိစ္စတစ်ခု ရှိသေးတယ် ...”
“ဘာလဲ ...” လဲ့လန်က စကားပြောရင်း မျက်နှာပျက်နေသောကြောင့် လုံချန်ကို စိုးရိမ်သွားစေသည်။
လဲ့လန်က အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး လုံချန်ကို ခဏစိုက်ကြည့်နေလိုက်သည်။ ခဏကြာမှ ဆက်ပြော၏ “နင့်ရဲ့ ညီမလေး အတွင်းစည်းဂိုဏ်းခွဲကို ဝင်ရောက်တာ နဲ့ ပတ်သက်နေတယ်”
ယန်လင်းချင် နှင့်ပတ်သက်သည့်အကြောင်း ကြားလိုက်ရာ လုံချန်က စိတ်ထဲမှာ မကောင်းသောခံစားချက် ရလိုက်သည်။ သူက စိတ်ကိုထိန်းပြီး မေးလိုက်သည် “လင်းချင်... သူမ ဘာဖြစ်လို့လဲ ...”
“နင် အတွင်းစည်းဂိုဏ်းခွဲတွေမှာ အခြေအနေတွေက ဘယ်လိုရှိလဲဆိုတာ မသိလောက်သေးဘူး။ အဲ့ဒီ လူ အများစုက မူလအစကတည်းက အတွင်းစည်းဂိုဏ်းရဲ့ အတော်ဆုံး ထိပ်သီးပါရမီရှင်တွေ ဖြစ်နေကြပြီ။ အတွင်းစည်းဂိုဏ်းခွဲတွေက လင်းဝူတော်ဝင်မြို့တော်ကို တောင်ပိုင်းဒေသ၊ အနောက်ဖက်ဒေသ၊ မြောက်ပိုင်းဒေသ နဲ့ အရှေ့ပိုင်းဒေသ တွေကို အသီးသီး ခွဲဝေအုပ်ချုပ်ကြတယ်။ အခု နှစ်ပိုင်းတွေမှာ အတွင်းဂိုဏ်းခွဲ (၄)ခု က အပြင်စည်းက လူသစ်တွေကို လက်ခံနေတယ်။ ငါ သိထားတာတွေအရ အပြင်စည်းက ဝင်လာတဲ့ မိန်းကလေးတပည့်တွေ မှာ သင့်တော်တဲ့ ရုပ်ရည်ရှိရင် အတွင်းစည်းက လူငယ်ပါရမီရှင်တွေရဲ့ ယှဉ်ပြိုင်မှု ပစ်မှတ် ဖြစ်လာတယ်။ ယောကျ်ားလေးတပည့်တွေကိုတော့ လင်းဝူမိသားစုရဲ့ အတွင်းစည်းဂိုဏ်းခွဲ (၄)ခု ကို တိုက်ရိုက် ပို့လေ့ ရှိတယ်။ ငါ ပြောတာ နားလည်လား ...”
လဲ့လန်၏ရှင်းပြချက်ကို နားထောင်နေရင်း လုံချန် သည် မျက်ခုံးကြောမျာ တွန့်ကွေးလာသည်။
“အပြင်စည်းဂိုဏ်းခွဲက ဝင်လာတဲ့ လူတွေကို အတွင်းစည်းဂိုဏ်းနဲ့ စိတ်ဝမ်းမကွဲအောင် တားဆီးဖို့ နည်းလမ်းတစ်ခု ပြင်ဆင်ထားတယ်လို့ ပြောနေတာလား။ အပြင်စည်းဂိုဏ်းခွဲက လူတွေကို မိသားစု ဖြစ်အောင်လုပ်ပြီး အတွင်းစည်းဂိုဏ်းခွဲနဲ့ ခိုင်မြဲတဲ့ ဆက်ဆံရေးရှိအောင် ချည်နှောင်ထားတာ ဖြစ်ရမယ်။ အဲ့ဒါ မှန်လား ”
“ဟုတ်ပါတယ်။ အဓိက က အမျိုးသမီးတပည့်တွေ အတွင်းစည်းဂိုဏ်းထဲ ဝင်လာရင် လက်ထပ်ပွဲဆိုတဲ့အရာနဲ့ ချည်နှောင်ခံရလိမ့်မယ်” လဲ့လန်က ခေါင်းညိတ်လိုက်သည်။
ဆိုလိုသည်မှာ လုံချန်သာ အတွင်းစည်းတပည့် ဖြစ်သွားလျှင် သူ၏အနာဂတ်ဇနီးလောင်းက အတွင်းစည်းဂိုဏ်း၏ ပါရမီရှင်အမျိုးသမီးတပည့်သာ ဖြစ်နေပေမည်။ လောကစည်းမျဉ်းအရ အမျိုးသားများအနေဖြင့် ဇနီးသည် တစ်ယောက်မက ယူနိုင်လေသည်။ အကယ်၍ လုံချန် သာ လုံလောက်အောင် သန်မာနေပါက ဇနီးသည်အမြောက်အများ ယူနိုင်သည်။
“ဒါဆို လင်းချင်က မလိုချင်ရင်တောင် ဘိုင်ကလန် ကို အတင်းအကျပ် လက်ထပ်ရမယ်လို့ ဆိုလိုတာမဟုတ်လား ” ဤဖြစ်နိုင်ချေအချက်ကို တွေးမိလိုက်သည်နှင့် လုံချန်က နဂိုထက်ပင် ပို၍မျက်မှောင်ကြုတ်သွားခဲ့သည်။
လဲ့လန် က ခေါင်းညိတ်ပြလိုက်သည် “ဟုတ်တယ်။ နင် ဘိုင်ထျန်းမို ကို မှတ်မိသေးတယ်မဟုတ်လား။ ယန်လင်းချင် မှာ ဆန်းကြယ်အရိပ်ခန္ဓာကိုယ် ရှိတယ်ဆိုတာ သူ ကြားလိုက်တော့ သွေးဝိညာဉ်ဂိုဏ်းကို အမြန် ပြေးလာတာပဲ။ သူ့ ရည်ရွယ်ချက် က ရှင်းပါတယ်၊ ယန်လင်းချင်း ကို အမြန်ဆုံး သန်မာလာအောင် ပြုစုပျိုးထောင်ပေးပြီးတာနဲ့ လက်ထပ်ဖို့ ရည်ရွယ်ထားတာပဲ...”
“ဘာ...” လုံချန်၏မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ
.သွေးနဂါးလုံချန်
ဘာသာပြန်သူ - အနှောင်အဖွဲ့ကင်းမဲ့သူ
[(စာစဉ် - ၁၃) အပိုင်း ၁၅၀]
“ဘိုင်တျန်းမို လား... ” အေးစက်တည်ကြည်သော လူငယ်တစ်ဦး၏ပုံရိပ်က လုံချန်၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။ ယခင်ကတော့ လုံချန်သည် ဘိုင်တျန်းမို၏ သန်မာအားကောင်းလှသော ခွန်အားကို အမှန်တကယ် လေးစားခဲ့သည်။ သို့သော် လဲ့လန် ပြောသည့်စကားများကို နားထောင်ပြီးနောက် သူ့စိတ်ထဲတွင် လူသတ်ချင်စိတ်များ ပြည့်နှက်နေသည်။
“လင်းချင်က မလိုချင်ရင် ဘယ်သူမှ သူမကိုအတင်းအကြပ် မဖိအားပေးနိုင်ဘူး။ မင်းက ဘိုင်တျန်းမို ဖြစ်နေရင်တောင် မရဘူး” သူ့စိတ်ထဲတွင် ထိုသို့တွေးနေသော်လည်း ယန်လင်းချင်၏ သာမန်ခွန်အားဖြင့် ဘိုင်တျန်းမို လို အဆင့်မြင့်ပညာရှင်နှင့် နှိုင်းယှဉ်လျှင် လုံးဝ အားနည်းနေခဲ့သည်။ သူမတွင် ရွေးချယ်ခွင့် မရှိနိုင်ပေ။ တစ်ဖက်က အတင်းအကြပ်ဖိအားပေးလာခဲ့လျှင် တိတ်ဆိတ်စွာ ခေါင်းငုံ့နာခံရုံသာ။
အမှန်ဆိုရလျှင် လဲ့လန်က ထိုစကားကို ပြောလိုက်သည့်အချိန်ကတည်းက လုံချန်၏စိတ်ထဲမှာ အလွန်စိုးရိမ်ပူပန်နေခဲ့ပြီပဲဖြစ်သည်။ အတွင်းစည်းဂိုဏ်းထဲ ချက်ချင်းဝင်ချသွားပြီး ယန်လင်းချင်ကို ဆွဲခေါ်၍ တိတ်ဆိတ်အေးချမ်းသောတစ်နေရာတွင် ကောင်းကောင်း နေထိုင်စေချင်စိတ် ပင် ပေါ်လာခဲ့သည်။ သို့သော် ယခုအချိန်တွင် ယန်လင်းချင်ကို ကယ်တင်ရန်အသာထားဦး၊ အတွင်းစည်းဝင်ခွင့်ရွေးချယ်ပွဲကို ဖြတ်ကျော်ရန်ပင် မသေချာသေးပါ။
“နင် စိုးရိမ်နေမှန်း ငါ သိပါတယ်။ တကယ်လို့ ငါ့ညီမဆိုရင် ငါလည်း ဒီလို စိုးရိမ်နေမှာပဲ။ ဒါပေမဲ့ လုံချန်၊ နင် နားလည်ထားရမှာက ခွန်အားကသာ အရာရာဖြစ်တယ်။ နင့်လက်ရှိ အခြေအနေနဲ့ ဆိုရင် နင့်ညီမကို ဘာမှ မကူညီနိုင်ဘူး၊ ဆန့်ကျင်ဖက်အနေနဲ့ သူမကိုဆွဲချမိသလိုတောင် ဖြစ်သွားနိုင်သေးတယ်…” လဲ့လန် က သက်ပြင်းချရင်း စိတ်ပျက်လက်ပျက်လေသံဖြင့် ပြောလိုက်သည်။
“… ငါ ထင်ခဲ့တာက သားရဲဝိညာဉ်ပုလဲနဲ့ မိုးကြိုးမီးလျှံကျောက်တုံး နှစ်မျိုးစလုံးကို ပေါင်းစပ်နိုင်ခဲ့ရင် နင့်အနေနဲ့ အတွင်းစည်းဂိုဏ်း ဝင်ခွင့်ကို ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ထင်ခဲ့တာ။ အတွင်းစည်းအဖွဲ့ဝင် ဖြစ်လာရင် နင့်ခွန်အားက သေချာပေါက် အမြန်ဆုံး တိုးတက်လာမှာပဲ၊ အဲ့ဒီအချိန်မှ နင့်ညီမရဲ့ ပြဿနာအတွက် ဝင်ပါခွင့်တောင် ရလာမယ်။ ဒါပေမဲ့ နင်ကိုယ်တိုင် ဒီအခွင့်အရေးကို အလဟဿ ဖြုန်းတီးပစ်လိုက်ပြီ၊ ငါလည်း ဘာလုပ်ရမှန်း မသိတော့ဘူး။ ငါ အကောင်းဆုံး လုပ်ပေးနိုင်တာတော့ ဒီလောက်ပါပဲ၊ နောက်ဆုံးမှာ နင် ဘာဆက်လုပ်မလဲ ဆိုတာ ကိုယ်တိုင်ပဲ ရွေးချယ်ရမယ်…” ဤအချိန်တွင် လဲ့လန် က လက်လျှော့လိုက်ပြီဖြစ်သည်။
“သွားကြရအောင်။ ပြန်သွားပြီး ကောင်းကောင်း ပြင်ဆင်ထားပါ။ နောက်ငါးရက်ကြာရင် အတွင်းစည်းဂိုဏ်းခွဲ ဝင်ခွင့်ရွေးချယ်ပွဲ စတော့မယ် ”
“အဲ့ဒီအချိန်ရောက်ရင် ဘိုင်တျန်းမို က နင့်ရဲ့ညီမလေးကို ကောင်းကောင်းမွန်မွန်ဆက်ဆံလိမ့်မယ်လို့၊ ဒါမှမဟုတ် သူမက သူ့ကို တကယ်ချစ်မိသွားပါစေလို့ ဆုတောင်းရုံပဲတတ်နိုင်တယ်”
လုံချန် က စကားတစ်ခွန်းမှမပြောဘဲ အသက်ပြင်းပြင်းရှူကာ ခေါင်းမော့လိုက်သည်။
သူ ခေါင်းမော့လိုက်ချိန်တွင် လဲ့လန်က လုံချန်၏ မျက်လုံးထဲကနေ ပြင်းထန်သော အလင်းတန်းများ လက်နေသည်ကို မြင်လိုက်ရသည်။
လဲ့လန် ပင် ခဏတာ အံ့အားသင့်သွားပြီး တွေးလိုက်သည် “ဒီလို ဖိအားအောက်မှာ ရှိနေတာတောင် သူ ဒီလောက် ယုံကြည်မှု ရှိနေသေးတာလား”
သို့သော် သူမ နားမလည်နိုင်သည့်အတွက် ဆက်တွေးမနေတော့ဘဲ ရှေ့ကနေ ဦးဆောင်ကာ လျှောက်သွားလိုက်သည်။
လုံချန်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး လဲ့လန် ထွက်ခွာသွားသည်ကို ငေးကြောင်ကြည့်နေမိသည်။ သူမ၏ခန္ဓာကိုယ်အချိုးအစားက ပုရိသတိုင်း အတွက် လိုချင်တပ်မက်ဖွယ်ကောင်းသော်လည်း လုံချန်၏စိတ်ထဲမှာတော့ လဲ့လန်အကြောင်း မတွေးနိုင်ပေ။
“လင်းချင် ! ငါ တစ်ခါက ပြောခဲ့ဖူးပါတယ်။ ငါ ရှိနေသ၍ ဘယ်သူမှ မင်းကို အတင်းအကြပ် ဖိအားပေးလို့မရစေရဘူးလို့ ...”
..........။
အစိမ်းရောင်မိုးမခခြံဝင်းသို့ ပြန်ရောက်လာသည့်အချိန်တွင် လုံချန်က တစ်ချိန်လုံးတိတ်ဆိတ်နေရာမှ လဲ့လန်ကို ကြည့်၍ အေးတိအေးစက်ပြောလိုက်သည်။
“အကြီးအကဲ လဲ့ ! ဒီငါးရက်အတွင်းမှာ ငါ အပြင်ကို ထွက်မလာမချင်း ဘယ်သူမှ မနှောင့်ယှက်ပါစေနဲ့”
လဲ့လန်၏ အမြင်တွင် ဆန်းကြယ်အဆင့် ၆ သားရဲဝိညာဉ်ပုလဲကို စွန့်လွှတ်လိုက်ကတည်းက လုံချန်အနေဖြင့် မျှော်လင့်ချက် နည်းပါးနေပြီဖြစ်သည်။ လုံချန် ပြောလိုက်သည့်အခါ သူမ တခြား ဘာမှ ထပ်မပြောတော့ပေ။ လုံချန်၏ နောက်ဆုံးအကြိမ်ရုန်းကန်မှုဟုသာ ယူဆလိုက်သည်။
“ကောင်းပြီ။ ဒီရက်ပိုင်းမှာ ကျန်တဲ့သူတွေ နင့်ကို မနှောင့်ယှက်ဖို့ ငါ ပြောထားပေးမယ် ” ထိုစကား ပြောပြီးနောက် လဲ့လန်က ကိုယ်ပိုင်ခြံဝန်း ဆီ ပြန်သွားပါတော့သည်။
မူလက လုံချန် သည် နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်ကို ရရှိခဲ့ပြီးနောက်တွင် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ ယန်လင်းချင်၏ ကိစ္စ ပေါ်လာသည့်အတွက် သူ့အပေါ် ဖိအား ပိုတိုးလာသလို ခံစားလိုက်ရသည်။
“လုံချန်! အရမ်းကြီးလည်း စိုးရိမ်မနေပါနဲ့။ ငါ ရှိနေပါသေးတယ်။ ညီမလေး လင်းချင်ကို သူတို့ စိတ်ရှိသလို လုပ်ခွင့်မပြုဘူး…” လုံချန်၏ ထူးထူးခြားခြား တည်ငြိမ်နေသော မျက်နှာထားကို မြင်လိုက်ရသည့်အခါ လင်းရှီက ချက်ချင်း နှစ်သိမ့်ပေးလိုက်သည်။
“ငါ အဆင်ပြေပါတယ်၊ လင်းရှီ ! မင်းလည်း ဂရုစိုက်ပါ။ ဘာပဲဖြစ်ဖြစ် ငါ သွေးချီပြောင်းလဲခြင်းကျင့်စဉ်ကို အသုံးချပြီး ဒီ နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်ကို သန့်စင်မယ်၊ ပြီးရင် ကောင်းကင်ယွမ်ကနဦးအဆင့် ရောက်အောင် ကြိုးစားတော့မယ်”
လုံချန် စိတ်ပင်ပန်းနေသည်ကို မြင်ရသဖြင့် လင်းရှီ သည်လည်း အလွန်အမင်းစိုးရိမ်နေခဲ့သည်။
“ငါ့ကို စိုးရိမ်မနေပါနဲ့။ ငါ တစ်ခုခု လုပ်ချင်တယ်၊ နောက်တစ်ခါ ပြန်တွေ့နဲ့အခါကျ သူတို့ ငါ့ကို အထင်အမြင်သေးတဲ့ အကြည့်တွေနဲ့ မကြည့်ရဲအောင် ...”
လူငယ်လေး၏မျက်နှာက အေးဆေးတည်ငြိမ်နေပြီး မြေအောက်ကျင့်ကြံရေးအခန်းဆီသို့ လျှောက်သွားနေရင်း သူ့လေသံထဲမှာ အရာရာကို အရှုံးမပေးလိုသော ခံစားချက်များ ပါဝင်နေခဲ့သည်။ လုံချန် သည် အနည်းငယ် စိတ်ဓာတ်ကျနေသည့်တိုင်အောင် လက်မလျှော့ဘဲ ထိပ်တိုက်ရင်ဆိုင်ရန် စီစဉ်နေသည်ကို မြင်လိုက်ရသောကြောင့် လင်းရှီ ပင် ဘာပြောရမှန်း မသိတော့ပေ။
ဤအချိန်တွင် လုံချန်က ကြမ်းပြင်ပေါ်၌ တင်ပြင်ခွေထိုင်ချလိုက်ပြီး နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်ကို ထုတ်လိုက်သည်။
“ဒီ အဆီအနှစ်သလင်းလုံးထဲမှာ သန့်စင်တဲ့ နတ်ဆိုးသွေးစွမ်းအင်တွေ အနည်းအကျဉ်း ကျန်နေသေးတယ်၊ ပြီးတော့ ဆန်းကြယ်အဆင့် ၅ နတ်ဆိုးသားရဲသွေးအဆီအနှစ် ထက် ပိုပြီးသန့်စင်တယ်။ ဒါက သွေးချီပြောင်းလဲခြင်းကျင့်စဉ်ကို အဆင့်မြှင့်ဖို့ အသင့်တော်ဆုံးပဲ ”
ဆန်းကြယ်အဆင့် ၄ နတ်ဆိုးသားရဲ အတော်များများကို သန့်စင်ပြီးနောက်တွင် လုံချန်၏ ကျင့်ကြံမှုအဆင့် က ကောင်းကင်ယွမ်ကနဦးအဆင့်နှင့် နီးကပ်လာခဲ့သည်။
“အခု အဆင့်ချိုးဖျက်နိုင်သင့်တယ်…”
လုံချန်က ပါးစပ်ဟကာ နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်သလင်းလုံးကို တန်းပြီးမျိုချလိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလို လုံချန်၏ခန္ဓာကိုယ်ထဲသို့ သန့်စင်လှသော စိတ်ဝိညာဉ်ချီနှင့် သွေးစွမ်းအင်များ စီးဝင်လာပါတော့သည်။
“သွေးပြောင်းခြင်းကျင့်စဉ် ကို သုံးမယ်... ”
သွေးပြောင်းလဲခြင်းကျင့်စဉ်၏ အဆက်မပြတ် သန့်စင်မှုအောက်တွင် လုံချန်က နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်သလင်းလုံးမှ သန့်စင်သော သွေးစွမ်းအင်ကို လျင်မြန်စွာ စုပ်ယူလိုက်သည်။ မကြာလိုက်ပေ၊သူ၏ မြေကမ္ဘာယွမ်အဆင့်မူလဒန်တျန်သည် သိပ်သည်းသော သွေးချီများ ပြည့်နှက်လာခဲ့သည်။
ဤအတောအတွင်း မူလဒန်တျန်တစ်ခုလုံးကို သွေးနီရောင်မိုးကြိုးတန်း မြောက်များစွာနှင့် နီရဲနေသော မီးတောက်မီးလျှံများ ဖုံးလွှမ်းထားခဲ့သည်။ တစ်ချိန်တည်းတွင် ကောင်းကင်ဘုံတာအို၏အငွေ့အသက် တစ်စွန်းတစ်စ ထွက်ပေါ်လာပြီး မူလဒန်တျန်သည် တဖြည်းဖြည်း အသွင်ပြောင်းလာပါတော့သည်။
“ကောင်းကင်ယွမ်အဆင့်နဲ့ မြေကမ္ဘာယွမ်အဆင့် ကြားမှာရှိတဲ့ ကွာဟချက်က အခုထိ တော်တော်လေး ကြီးမားနေသေးတယ်။ နောက်တစ်ဆင့်က အနီးစပ်ဆုံးဖြစ်နေပြီလို့ ထင်နေရပေမဲ့ တကယ်တမ်းကျ အဆင့်တက်နိုင်ဖို့ အလှမ်းဝေးနေသေးတယ်”
လုံချန် က ဤကြီးမားသော ကွာဟချက်ကို အမြန်ဆုံး ကျော်ဖြတ်ချင်သော်လည်း မဖြစ်နိုင်မှန်း သိနေသည်။ သို့သော် သူ့လက်ထဲတွင် နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ် ရှိနေပြီဖြစ်ရာ အခြေအနေက အရမ်းကြီး မခက်ခဲသင့်တော့ပေ။
သွေးချီပြောင်းလဲခြင်းကျင့်စဉ်၏ ပြင်းထန်အားကောင်းသော စုပ်ယူမှုအောက်တွင် အဆီအနှစ်သလင်းလုံး ထဲမှ သန့်စင်လှသောစွမ်းအင်များ လုံချန်၏ သွေးနီရောင် နဂါးဝိညာဉ်သွေးကြောထဲသို့ တိုက်ရိုက်စီးဝင်လာပါတော့သည်။
နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်သလင်းလုံးက သက်တမ်းကြာမြင့်နေပြီဖြစ်သော်လည်း ၎င်းအတွင်းမှ စွမ်းအင်သိပ်သည်းဆမှာ သာမန်အဆင့် ၆ နတ်ဆိုးသားရဲသွေးအဆီအနှစ်ထက် များစွာသာလွန်နေခဲ့သည်။ သွေးပြောင်းလဲခြင်းကျင့်စဉ်၏ အဆက်မပြတ် သန့်စင်မှုကြောင့် နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်ကို သန့်စင်နေသည့်လုပ်ငန်းစဉ်က တဖြည်းဖြည်း အဆုံးသတ်နီးပါးသို့ပင် ရောက်လာခဲ့သည်။
“ငါ မကြာခင် အဆင့်တက်နိုင်တော့မယ် ”
လက်ရှိတွင် လုံချန်၏ မူလဒန်တျန် အတွင်းပိုင်း၌ မြေကမ္ဘာယွမ်အဆင့် ချီပင်လယ်၏ ပတ်ပတ်လည်ကို နဂါးဝိညာဉ်ချီစွမ်းအင်က ဖိနှိပ်ထားလေသည်။ နဂါးဝိညာဉ်ချီစွမ်းအင် က ရွှေရောင်မြစ်ကြီးတစ်စင်း ကဲ့သို့ အဆက်မပြတ် ပြန့်နှံ့နေကာ မြေကမ္ဘာယွမ်အဆင့်ချီပင်လယ်ကို အထပ်ထပ် လှည့်ပတ်နေခဲ့သည်။
“မှတ်တမ်းတွေအရတော့ ကောင်းကင်ယွမ်အဆင့် ကို တက်လှမ်းတဲ့အခါ မြေကမ္ဘာယွမ်အဆင့် မူလဒန်တျန်ကို ပထမဆုံး ဖျက်ဆီးပစ်ရမယ်။ ပြီးတော့ ကောင်းကင်ယွမ်အဆင့်ချီစွမ်းအင်တွေကို နဂါးသွေးကြော ၉ ခုဆီ ပို့လွှတ်ပြီးတော့ ကောင်းကင်ယွမ်အဆင့် မူလဒန်တျန်ကို ပြန်ပြီးတည်ဆောက်ရမယ်”
ဤအခိုက်အတန့်တွင် ကောင်းကင်ယွမ်ချီ အားလုံး နဂါးသွေးကြော ၉ ခုမှ ဖြန့်ကျက်လျက် မူလဒန်တျန်ထဲသို့ စိမ့်ဝင်ကာ မူလဒန်တျန်ကို အဆက်မပြတ် ဖိနှိပ် နေခဲ့သည်။ သိပ်သည်းလှသော သွေးချီစွမ်းအင်၏ ဖိအားအောက်တွင် မြေကမ္ဘာယွမ်အဆင့် မူလဒန်တျန် ဟာ “ဝုန်းခနဲ” ကွဲအက်သွားသည်။ ထို့နောက်တွင် သိပ်သည်းနေသော စွမ်းအင်များသည် ကောင်းကင်ယွမ်အဆင့် သွေးချီစွမ်းအင် အဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ထဲရှိ နဂါးသွေးကြော ၉ ခုသို့ ဖြန့်ကျက်ကာ စီးဝင်သွားပါတော့သည်။
ဤအချိန်တွင် လုံချန်၏ခန္ဓာကိုယ်တစ်ခုလုံးမှအရေပြားသည် မီးကျီးခဲ့ကဲ့သို့ ရဲရဲနီနေသဖြင့် ဘေးနားရှိ လင်းရှီ ပင် အံ့အားသင့်ကာ တုန်လှုပ်သွားခဲ့သည်။ လင်းရှီ က လှုပ်ရှားရန် ပြင်လိုက်ပြီးမှ သူမကိုယ်တိုင် ကောင်းကင်ယွမ်အဆင့်သို့ တက်လှမ်းခဲ့စဉ်က အလားတူ အခြေအနေမျိုး ဖြစ်ခဲ့မှန်း ရုတ်တရက် ပြန်သတိရလိုက်သည်။ ထိုမှသာ လုံချန် အဆင်ပြေနေကြောင်း သိသွားပြီး စိတ်ချလက်ချဖြစ်သွားတော့သည်။
လက်ရှိတွင် လုံချန်က နဂါးဝိညာဉ်အသွင်ပြောင်းခန္ဓာကိုယ်ကို ထုတ်ဖော်ထားခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးနဂါးအကြေးခွံများ၊ အရေပြား၊ ကြွက်သား အပါအဝင် ကိုယ်တွင်းအင်္ဂါများနှင့် နဂါးသွေးကြော ၉ ခုပင် ယခင်ထက် ပိုမို အားကောင်းလာခဲ့သည်။ လုံချန်၏ ခန္ဓာကိုယ်တစ်ခုလုံးက ကောင်းကင်ဘုံတာအိုအငွေ့အသက်များ ထွက်ပေါ်နေသည်။ ဤသည်မှာ သူ၏ကျင့်ကြံမှုအဆင့်က ကောင်းကင်ယွမ်ကနဦးအဆင့် သို့ နီးကပ်နေပြီမှန်း သိသာစေသည်။
“ဒီ သွေးနဂါးခန္ဓာကိုယ်က တကယ်ကို အားကောင်းတယ်။ ငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးချီစွမ်းအင်တွေက ကောင်းကင်ယွမ်အဆင့် ချီစွမ်းအင် ဖြစ်နေပြီ။ အရည်အသွေးက အရင်တုန်းကထက် ဆယ်ဆလောက် ပိုသိပ်သည်းတယ်။ ဒါပေမဲ့ ငါ ဒါကို ဆက်ပြီးထိန်းချုပ်နိုင်သေးတယ်”
လုံချန်က အခြေအနေကို တွက်ချက်ပြီးသည်နှင့် အလွန်ဝမ်းသာသွား၏။ လက်ရှိမှာ ကောင်းကင်ယွမ်အဆင့် တက်လှမ်းရန် အရေးအကြီးဆုံး အခိုက်အတန့် ဖြစ်နေသောကြောင့် သေချာလေး အာရုံစိုက်ထားလိုက်သည်။
ခဏကြာမှ “ဒီလောက်ဆို လုံလောက်ပြီ။ ကောင်းကင်ယွမ်အဆင့် အစစ်အမှန်ချီတွေ မူလဒန်တျန်ထဲမှာ သိပ်သည်းလာပြီ ”
ဤအချိန်တွင် ကောင်းကင်ယွမ်ချီစွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲရှိ မရေမတွက်နိုင်သော သွေးကြောများမှတစ်ဆင့်ကာ လုံချန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို အားဖြည့်ပေးနေခဲ့သည်။ ထို့နောက် နဂါးသွေးကြော ၉ ခုထဲ၌ စုစည်းကာ မူလဒန်တျန်ထဲသို့ ဝင်လာပါတော့သည်။ ဤသည်မှာ ပင်လယ်သမုဒ္ဒရာထဲသို့ မြစ်ပေါင်း အစင်းရာချီ စီးဆင်းဝင်ရောက်နေသကဲ့သို့ပင် ဖြစ်သည်။
အချိန်ကြာသွားပြီးနောက်တွင် လုံချန် ထိုင်နေသော နေရာမှ ဖုန်မှုန့်များ လေထဲ ပလူပျံတက်ကာ သွေးနီရောင်ချီအလင်းတန်းများ ဖြာထွက်လာပြီး တစ်ကိုယ်လုံး လွှမ်းခြုံသွားခဲ့သည်။
“အဓိက အချိန်ရောက်လာပြီပဲ”
“ဘန်းခနဲ” ပေါက်ကွဲသံ နှင့်အတူ ကောင်းကင်ယွမ်ချီစွမ်းအင်များ မူလဒန်တျန်ထဲသို့ ဝင်ရောက်လာပြီး ပြင်းထန်သောအရှိန်အဝါများ ထုတ်လွှတ်နေခဲ့သည်။
“ငါ နောက်ဆုံးတော့ ကောင်းကင်ယွမ်ကနဦးအဆင့် ကို ရောက်ခဲ့ပြီ ...” သွေးနဂါးခန္ဓာကိုယ်ကို ရုတ်သိမ်းပြီး လုံချန်က ထရပ်လိုက်သည်။ အဆင့်ချိုးဖျက်သွားပြီးနောက်တွင် သူ့ဆီကနေ သိပ်သည်းသောအငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။ ဒီအချိန်မှာ သူ့ လှုပ်ရှားမှု၊ အကြည့်တစ်ချက်စီက အစွမ်းထက်ကျင့်ကြံသူ၏ ကြန်အင်လက္ခဏာများ ရှိနေပေသည်။
“ကောင်းကင်ယွမ်ကနဦးအဆင့်။ အရင်တုန်းကထက် ဆယ်ဆ လောက် ပိုပြီးအားကောင်းလာတယ်။ ဒီလောက် သိပ်သည်းတဲ့ အစစ်အမှန်ချီစွမ်းအင်နဲ့ မိုးကြိုးမီးလျှံခန္ဓာကိုယ် အပြင် ငါ့မှာ ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး ပါ ရှိနေသေးတာ ၊ ချူယွန်ရှီကို ဘာကြောင့် ကြောက်ရမှာလဲ” လုံချန်က အဆင့်တက်ပြီးနောက် သူ့အစစ်အမှန်ခွန်များကို တွက်ချက်ရင်း နှိုင်းယှဉ်ပြီးနောက် တဟားဟားရယ်မောလိုက်သည်။
“ချူယွန်ရှီ ! မင်း စောင့်နေလိုက် ။ အတွင်းစည်းဝင်ခွင့်ရွေးချယ်ပွဲမှာ ငါလုံချန် မင်းကို အံ့အားသင့်စရာ တစ်ခု သေချာပေါက် ပေးမှာပါ …”
လုံချန် အနေဖြင့် ကောင်းကင်ယွမ်ကနဦးအဆင့် ကိုရောက်ရှိရန် အခက်အခဲ များစွာ ကြုံတွေ့ခဲ့ရသည်။ သူ့ခွန်အားက မကြာသေးမီကမှ လျင်မြန်စွာ တိုးတက်လာခဲ့သော်လည်း ဤအတောအတွင်း ကျင့်ကြံခြင်းလမ်းစဉ်၏ ခက်ခဲကြမ်းတမ်းမှုကို တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။
“ကျင့်ကြံတဲ့နေရာမှာ စိတ်ဓာတ် ခိုင်မာဖို့နဲ့ စိတ်ရှည်သည်းခံရမယ်၊ ဒါပေမဲ့ ငါ အရမ်း အလောတကြီး လုပ်လိုက်မိတယ်။ ဘာပဲဖြစ်ဖြစ် ပြိုင်ပွဲစဖို့ ရက်နည်းနည်းလောက် လိုသေးတာပဲ၊ အခုလောလောဆယ်တော့ ငါ့အခြေခံအုတ်မြစ်ကို အခြေခိုင်အောင်လုပ်ဖို့က အရေးကြီးတယ်”
“လုံချန် ...!”
လင်းရှီ က သူ့ပတ်ပတ်လည်တွင် ပျံဝဲကာ အပေါ်အောက် ကြည့်ရှုလိုက်ရင်း စိတ်လှုပ်ရှားစွာ အော်လိုက်သည် “နင် ကောင်းကင်ယွမ်အဆင့် ကို ရောက်သွားပြီ။ ငါပြောတာ မမှားဘူးမဟုတ်လား။ အဲ့ဒီ နတ်ဆိုးစိတ်ဝိညာဉ်အဆီအနှစ်က တကယ်ပဲ အသုံးဝင်ခဲ့တယ်”
ကောင်းကင်ယွမ်ကနဦးအဆင့် ကို တက်လှမ်းနိုင်ခဲ့သဖြင့် လုံချန်က စိတ်လက်ပေါ့ပါးလာပြီး ရင်ထဲမှ မသက်မသာဖြစ်နေမှုများ အနည်းငယ်ပြေလျော့သွားသည်။ လင်းရှီ၏ စိတ်လှုပ်ရှားနေသော မျက်နှာသေးသေးလေးကို မြင်လိုက်ရာ သူ့ဘေးနားတွင် တစ်ချိန်လုံး စိုးရိမ်စွာ ရပ်ကြည့်နေခဲ့မှန်း သိလိုက်ရသည်။ သူမလေး အလွန်စိုးရိမ်နေခဲ့မှန်း သိလိုက်ရသဖြင့် လုံချန်၏နှလုံးသားက နာကျင်လာသည်။ သူ့မျက်လုံးထဲတွင် ချစ်ခင်ကြင်နာမှုအပြည့်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည် “ရှီအာလေး ! မင်းက တကယ် အံ့သြစရာကောင်းတယ်။ ငါ မင်းကို ကောင်းကောင်း ဆုချရမယ်ထင်တယ်”
“ဘယ်လို ဆုချမှာလဲ။ နင် အရမ်း အလိုက်သိနေတာလား....၊ ဟီးဟီး ...”
“ငါ့ရဲ့ခန္ဓာကိုယ်ကို မင်းလက်ထဲ ပုံအပ်လိုက်ရင် ဘယ်လိုလဲ။ ဒီဆွဲဆောင်မှုရှိတဲ့အသားအရည်နဲ့ နူးညံ့အရေပြားတွေကို ကြည့်ပါ။ မင်း စိတ်ဝင်စားသလား” လုံချန်က နောက်ပြောင်လိုက်သည်။
“ဘယ်လိုလုပ် စိတ်ဝင်စားမှာလဲ။ နင် အရမ်းဆိုးရွားတဲ့ အယုတ်တမာကောင်၊ ငါ့ စိတ်ကြိုက် မဟုတ်ဘူး” လင်းရှီ က မျက်လုံး ပြူးကျယ်သွားပြီး ပြန်အော်လေသည်။
လုံချန်က တဟားဟား ရယ်လိုက်ရင်း နောက်ငါးရက်အကြာတွင် ကျင်းပတော့မည့် အတွင်းစည်းဝင်ခွင့်ရွေးချယ်ပွဲကို ကြိုပြီးမျှော်နေတော့သည်။
“ဒီတစ်ခါ ဘယ်လောက်ပဲ ပေးဆပ်ရပေးဆပ်ရ ငါ အောင်မြင်ရမယ်။ ငါ စောင့်နိုင်ပေမယ့် လင်းချင်က စောင့်နေလို့မရတော့ဘူး။ ဒါပေမဲ့ အဲ့ဒီမတိုင်ခင် ငါ လုပ်ရမယ့် အရာတစ်ခုရှိသေးတယ်” လုံချန် က အပြင်ထွက်မသွားသေးဘဲ မြေအောက်ခန်းထဲ၌ ပြန်ပြီးထိုင်ချလိုက်သည်။
“ဘာလုပ်နေတာလဲ ” လင်းရှီ က မေးလိုက်သည်။
လုံချန်က မိုးကြိုးမီးလျှံကျောက်တုံး အားလုံးကို ထုတ်ယူလိုက်သည်။ မန်နေဂျာဇောင်တျန်းဖန်ထံမှ ခိုးယူထားသော မိုးကြိုးမီးလျှံကျောက်တုံး ၄၇ လုံး အနက် သူ သုံးခဲ့သော အလုံး ၂၀ ကို နှုတ်လိုက်လျှင် ၁၈ လုံး ကျန်ရှိနေသေး၏။ မကြာသေးခင်က လေလံပွဲကနေ ရလာသော ၁၀ လုံးပါ ထည့်ပေါင်းလိုက်လျှင် စုစုပေါင်း မိုးကြိုးမီးလျှံကျောက်တုံး ၂၈ လုံး ရှိနေသေးသည်။
“ရှီအာလေး ! ဒီ မိုးကြိုးမီးလျှံကျောက်တုံး အရေအတွက်နဲ့ဆိုရင် ငါ မိုးကြိုးမီးလျှံခန္ဓာကိုယ် အဆင့် ၂ ကို ရောက်နိုင်မယ်ထင်လား ”
လုံချန် တွေးနေသည့်အရာမှာ သူသာ အဆင့်တက်နိုင်လျှင် အကယ်၍ သူ၏ အဆင့် ၂ မိုးကြိုးမီးလျှံခန္ဓာကိုယ်က ဂျင်ရှန်းအန်၏ရွှေခန္ဓာကိုယ်ကို ယှဉ်နိုင်မလားဆိုတာပင်။
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ