ငါးဆယ်အထက် ပေါ်လာသူ ( ၂ )
Vol. 11 Ch. 165
အသွေးအသားများ ဖုံးလွှမ်းနေသည့် မျက်လုံးများ အောက်သို့ ပြုတ်ကျလာသည်။ မြေပြင်ပေါ်သို့ သူမ၏တစ်ကိုယ်လုံး ပြိုကျသွားပြီး အသက်ဝိညာဉ်ချုပ်ငြိမ်းသွားသည်။
ထိုမြင်ကွင်းကြောင့် ရွှီချင်းမှာ အလွန် အံ့အားသင့်သွားရပြီး မျက်လုံးများ မှေးသွားသည်။
သေအံ့မူးမူးဖြစ်နေသော ရေသူမအငယ်မှာ လုံးလုံးလျားလျား မှင်သက်နေသည်။
သူမ၏မျက်နှာပေါ်မှ အားနည်းသော အရိပ်အငွေ့များနေရာတွင် မြင်နေရသည်ကို မယုံကြည်နိုင်သည့်အလား ဝေခွဲရဖြစ်နေဟန်များက ချက်ချင်း အစားထိုးလာ၏။
အထူးသဖြင့် တတိယမင်းသားသည် နူးညံ့ကြင်နာခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်းမရှိဘဲ သူ့လက်ပေါ်မှ သွေးများကို သုတ်နေခြင်းပင် ဖြစ်သည်။
ရေသူမအငယ်မှာ စိတ်ရှုပ်ထွေးနောက်ကျိသွားရသည်။
တစ်ခါက ရင်ခွင်ထဲတွင် ခိုနားခဲ့ဖူးပြီး နှလုံးသားချင်းနီးစပ်ခဲ့ဖူးသည့် လူတစ်ယောက်က နူးညံ့ကြင်နာလေဟန်ဖြင့် အစ်မဖြစ်သူအား ယခုလို ရက်ရက်စက်စက် သတ်ပစ်လိမ့်မည်ဟု သူမ တွေးမကြည့်နိုင်ပေ။
သို့သော်လည်း ရှေ့မှ လူငယ်၏ မျက်နှာအမူအရာက ယခုအချိန်တိုင်အောင် ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေသေးသည်ဖြစ်ရာ ရေသူမအငယ်၏ရင်ထဲတွင် တစ်ခါမှ မကြုံဖူးသော ခံစားချက်များ ရိုက်ခတ်လာသည်။
“ သခင်လေးလီ …”
ရေသူမအငယ်၏ မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နှက်နေ၏။
တတိယမင်းသားက လက်နှစ်ဖက်ကို သုတ်လိုက်ပြီးနောက် ရေသူမအငယ်ကို နွေးထွေးစွာ ပြုံးပြလိုက်သည်။ ထို့နောက် ရွှီချင်းကို ကြည့်၍ ပုံမှန်အတိုင်း နွေးထွေးသောအမူအရာဖြင့် မေးမြန်းလိုက်သည်။
“ အားနာလိုက်တာ ညီလေးရာ၊ တခြားဘာပြောစရာ ရှိသေးလဲ ”
ရွှီချင်း၏ဆံပင်များ ထောင်ထသွားရပြီး နွေးထွေးကြင်နာစွာ ပြုံးနေသော တတိယမင်းသားကို လှမ်းကြည့်လိုက်သည်။ ထို့နောက် ကုန်းပတ်ပေါ်မှ အလောင်းထံ အကြည့်လွှဲလိုက်ပြီး ထိုမှတစ်ဆင့် ကြောက်ရွံ့တုန်လှုပ်နေသည့် ရေသူမအငယ်ကို ကြည့်လိုက်သည်။
ရေသူမအငယ်၏ခေါင်းက ပြင်းပြင်းထန်ထန် အဆိပ်မိထားပြီဖြစ်ပြီး အသက်ကြာကြာ မရှည်နိုင်တော့မည်မှာ သိသာသည်။
ရွှီချင်း ငြိမ်သက်နေပြီး ရင်ထဲတွင် အေးစိမ့်စိမ့်အငွေ့အသက်များ မြင့်တက်လာသည်။ တတိယမင်းသား၏ အပြုအမူများနှင့် စကားလုံးများက ရွှီချင်းကို ကျောရိုးထဲအထိ စိမ့်တက်သွားရသည်။ ထိုကဲ့သို့ လူတစ်ယောက်ကို သူ တစ်ခါမှ မမြင်ခဲ့ဖူးချေ။
ယင်းရလဒ်သည် သူ မျှော်လင့်မထားသောအရာ ဖြစ်သည်။ အမှန်စင်စစ် ချီရွှဲ့ထုံဂိုဏ်းမှ ထွက်ပြေးရန်ပင် သူ စီစဉ်ထားခဲ့၏။ သူက တတိယမင်းသား၏ နွေးထွေးကြင်နာသော မျက်နှာကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် လက်နှစ်ဖက်ကို ဆုပ်၍ တတိယမင်းသားကို အရိုအသေပေးကာ သတိကြီးစွာဖြင့် ထွက်လာခဲ့သည်။
အဝေးသို့ ရောက်သောအခါမှသာ လှေကုန်းပတ်ပေါ်တွင် ရပ်နေသည့် တတိယမင်းသားကို သူ လှည့်ကြည့်လိုက်ပြီး ရေသူမအကြီးကို နွေးထွေးသောအမူအရာဖြင့် သွေးအေးစွာ သတ်ခဲ့သည့်ပုံရိပ် သူ့ခေါင်းထဲ ပေါ်လာသည်။
ရွှီချင်း ငြိမ်သက်သွားပြီး တတိယမင်းသားက အလွန် အန္တရာယ်များသော လူတစ်ယောက်ဖြစ်သည်ဟု ခံစားလိုက်ရသည်။
တတိယမင်းသား၏ မျက်နှာ၌ ကြင်နာသောအပြုံးရှိနေသေးပြီး ရွှီချင်း ထွက်သွားသည်ကို သူ မြင်သောအခါမှသာ ကြမ်းခင်းပေါ်ရှိ ရေသူမအငယ်၏ခေါင်းကို လှည့်ကြည့်လိုက်သည်။ သူ့အကြည့်ထဲတွင် နွေးထွေးကြင်နာခြင်းများ၊ လေးနက်သော ချစ်ခြင်းများဖြင့် ပြည့်နှက်နေပြီး သူက ညင်သာစွာ ပြောလိုက်သည်။
“ အချစ်လေး၊ အချစ်လေးတို့နှစ်ယောက်က ကိုယ့်ကို ဆရာပေးထားတဲ့တာဝန်ကို အောင်မြင်အောင် လုပ်ပေးလိုက်ရုံတင်မကဘူး၊ အဲဒီကောင်လေးကိုပါ အကြွေးတင်သွားအောင် လုပ်ပေးလိုက်သေးတယ်။ သိပ်တော်တယ်၊ သိပ်တော်တယ်၊ အချစ်လေးတို့ကို ကိုယ်ပိုပြီးတော့ ချစ်သွားပြီ ”
တတိယမင်းသား၏ လေသံက နွေးထွေးကြင်နာရိပ်များ ယှက်သန်းနေပါသော်ငြား ရေသူမအငယ်၏ ခေါင်းမှာ သိသိသာသာ မျက်နှာပျက်သွားရပြီး ပို၍ တုန်လှုပ်ချောက်ချားသွားသည်။ သူမက စကားပြောရန်ပြင်လိုက်စဉ် တတိယမင်းသား၏ ခြေထောက်က အပေါ်သို့ မြှောက်သွားပြီး ခေါင်းပေါ် တက်နင်းလိုက်သည်။
ဖျစ် ဖျစ် ...
ခေါင်းတစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသည်။
“ ဟူးးး နောက်ကျရင် မင်းတို့ရဲ့အယုအယလေးတွေကို ငါလွမ်းနေရတော့မှာ ”
တတိယမင်းသားက နောင်တရနေသည့်အမူအရာဖြင့် ဆိုသည်။ ဘေးပတ်ဝန်းကျင်ရှိ နောက်လိုက်များသည် တတိယမင်းသားကို မကြည့်ဝံ့ဘဲ ခေါင်းများ ငုံ့ထားကြပြီး ကုန်းပတ်ပေါ်ရှိ အသွေးအသားများကို အလျင်အမြန် ဆေးကြောလိုက်သည်။
မကြာခင် ကုန်းပတ်တစ်ခုလုံး ပြန်လည် သန့်ရှင်းသွားပြီဖြစ်ပြီး အစေအပါးတစ်ယောက်က ဖန်ပုလင်းတစ်ပုလင်းကို တတိယမင်းသားထံ ယူလာပြီး လေးစားစွာ ပြောလိုက်သည်။
“ မင်းသား၊ ရေသူမမျိုးနွယ်ရဲ့ တာအိုအစောင့်အရှောက်တွေကို ခိုးရာပါပစ္စည်းတွေနဲ့ ဖမ်းထားလိုက်ပါပြီ ”
“ သိပ်ကောင်းတယ် ”
တတိယမင်းသား ပြုံးလိုက်သည်။
“ ရေသူမမျိုးနွယ်ကို သတင်းစကားတစ်ခု သွားပို့လိုက်။ ငါတို့ဂိုဏ်းရဲ့ မှော်လှေပုံစံခိုးယူတဲ့ကိစ္စကို ငါ သူတို့ကို ကူညီပြီးဖြေရှင်းပေးလိုက်ပြီ၊ အဲဒီအတွက် အပြန်အလှန်အနေနဲ့ ရေသူမတော်ဝင်မိသားစုရဲ့ ရှေးဟောင်းမျက်ရည်တစ်စက်ကို မြန်မြန်လာပို့ဖို့ ပြောလိုက် ”
ပြောပြီးသည်နှင့် သူက ဖန်ပုလင်းကို ယူ၍ အားဖြည့်ရေစင်တစ်ကျိုက်စာ မော့သောက်လိုက်သည်။ ထိုပုလင်းကို သူက ပြန်ပေးလိုက်ပြီး ခြေလှမ်းကျဲကျဲဖြင့် လေထဲသို့ ပျံတက်သွားသည်။ သူ့တစ်ကိုယ်လုံး သက်တန့်တစ်ခုအသွင်ပြောင်း၍ သတ္တမမြောက်တောင်ထိပ်သို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။
မကြာခင် သတ္တမမြောက်တောင်ထိပ်ပေါ်တွင် သူ ပြန်ပေါ်လာသည်။
တောင်ထိပ်ရှိ ပင်မခန်းမဆောင်ထဲ၌ သတ္တမမြောက်သခင်ကြီးက ကျားခုံတစ်ခုံရှေ့တွင် ထိုင်နေပြီး အသည်းအသန် စဉ်းစားနေသည်။ သူ့ပြိုင်ဘက်က အစေခံ ဖြစ်သည်။
“ မင်း အကွက်ရွှေ့တာ မှားသွားပြီ ”
အချိန်အတော်ကြာပြီးနောက် သတ္တမမြောက်သခင်ကြီးက အစေခံကို တည်ကြည်စွာ မော့ကြည့်လိုက်သည်။ ထိုစကားကြောင့် အစေခံက ငုံ့ကြည့်၍ ကျားစေ့ကို ကောက်ယူလိုက်ပြီး တခြားအကွက်တွင် ထားလိုက်သည်။
“ မင်း ပြန်ရွှေ့လို့မရဘူးကွ။ မင်း ပြန်ရွှေ့လိုက်တာက ရှုံးတယ်ဆိုတာ မင်း သိတယ်မလား။ မင်း ရှုံးပြီ ”
သတ္တမမြောက်သခင်ကြီးက ပြောပြီးသည်နှင့် လက်ကိုဝှေ့ယမ်း၍ ကျားစေ့များကို ဖျက်လိုက်သည်။ ထို့နောက် သူ့အကြည့်က ရောက်ရှိလာသော တတိယမင်းသားပေါ် ရောက်သွားသည်။
“ ဆရာ့ကို နှုတ်ဆက်ပါတယ် ”
တတိယမင်းသား၏အမူအရာက အစောပိုင်းကနှင့် လုံးလုံးလျားလျား ပြောင်းလဲသွားသည်။ ယခုအချိန်၌ သူသည် အလွန်လေးစားသောအမူအရာဖြင့် မြေပြင်ပေါ်ဒူးထောက်၍ ဂါရဝပြုလိုက်သည်။
“ ဘာကိစ္စတုံး ”
သတ္တမမြောက်သခင်ကြီးက တည်ငြိမ်စွာ မေးမြန်းလိုက်သည်။
“ ဆရာ၊ ရေသူမမျိုးနွယ်ကို ကျနော် စစ်ဆေးကြည့်ပြီးပါပြီ။ ထင်မထားတဲ့ဟာလေးတစ်ခု ဖြစ်သွားပေမဲ့ အားလုံး အဆင်ပြေသွားခဲ့ပါတယ် ”
“ သူတို့က အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အတွက် သတ္တမမြောက်တောင်ထိပ်ရဲ့ မှော်လှေပုံစံကို ခိုးယူချင်နေတာပါ။ သူတို့ကို ကျနော် လက်ပူးလက်ကြပ်မိလိုက်လို့ ရေသူမမျိုးနွယ်က ကျနော်တို့ရဲ့ ရန်သူအဏ္ဏဝါရုပ်အလောင်းမျိုးနွယ်အတွက် အရိုးမျှော်စင်ကြီးတစ်ခု တိတ်တဆိတ် ဆောက်ပေးနေတာကို အတည်ပြုနိုင်ခဲ့ပါတယ် ”
“ ဒါက သက်သေပါ။ ပြီးတော့ ဂိုဏ်းထဲက ရေသူမမျိုးနွယ်ကို ကူညီခဲ့တဲ့ ဂိုဏ်းထောက်လေးယောက်ရဲ့ အမည်စာရင်းလည်း ရထားပါတယ် ”
တတိယမင်းသားက ကျောက်စိမ်းပေလွှာကို ထုတ်၍ လက်နှစ်ဖက်ဖြင့် ရိုသေစွာ ပေးလိုက်သည်။
သတ္တမမြောက်သခင်ကြီးက ကျောက်စိမ်းပေလွှာကို လှမ်းယူလိုက်ပြီး ဖတ်ကြည့်လိုက်သည်။ ထို့နောက် အောက်ရှိ သူ့တပည့်ကို အေးတိအေးစက်ဖြင့် ကြည့်လိုက်သည်။
တတိယမင်းသား၏ခန္ဓာကိုယ်မှာ တုန်ရီလာရပြီး ခပ်တိုးတိုးဖြင့် ပြောလိုက်သည်။
“ တပည့် တောင်းပန်ချင်တဲ့ကိစ္စလေးလည်း ရှိပါသေးတယ်ဆရာ၊ အဲဒီရေသူမမျိုးနွယ်ရဲ့သားက ချီရွှဲ့ထုံဂိုဏ်းက သာမန်လူတွေရဲ့ ကလေးတွေကို ညှဉ်းပန်းနှိပ်စက်ပြီး သတ်ပစ်ခဲ့ပါတယ်။ အဲဒီကိစ္စကို တပည့် အရင်က မှားယွင်းစွာ စီရင်ခဲ့ပါတယ်။ ဆရာ တပည့်ကို အပြစ်ပေးပါခင်ဗျာ ”
“ စည်းမျဉ်းက စည်းမျဉ်းပဲ။ ကျူးကူဂူထဲမှာ ခုနစ်ရက် တံခါးပိတ်ကျင့်ကြံလိုက် ”
သတ္တမမြောက်သခင်ကြီး၏ အမူအရာက ပျော့ပျောင်းသွားပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။
‘ ကျူးကူ ’ ဂူဆိုသည့်စကားကြောင့် တတိယမင်းသားမှာ ရင်ထဲ တုန်ရီသွားရသည်။ သူက ခေါင်းငုံ့ကာ ခေါင်းညိတ်ပြလိုက်ပြီး နှုတ်ဆက်ထွက်သွားသည်။
သူ့တပည့် ထွက်သွားသည်ကို ကြည့်နေပြီးနောက် သတ္တမမြောက်သခင်ကြီးက မတ်တတ်ရပ်လိုက်ပြီး တောင်ခြေရှိ ဆိပ်ကမ်းကို ကြည့်လိုက်သည်။ ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုးကို သူ ကြည့်ကာ အတွးနက်နေဟန်တူသည်။
ခဏအကြာ သူက ခေါင်းမော့၍ ပင်လယ်ပြင်ထဲရှိ အဝေးတစ်နေရာသို့ ကြည့်လိုက်သည်။
ဘေးရှိ အစေခံက ခပ်တိုးတိုးဖြင့် မေးမြန်းလိုက်သည်။
“ ရေသူမမျိုးနွယ်က မတုံးပါဘူး။ မှော်လှေပုံကြမ်းကို ခိုးယူဖို့ စည်းမျဉ်းကို ဖောက်ပြီး လူတွေစေလွှတ်တယ်ဆိုတာ မဖြစ်နိုင်လောက်ဘူး ”
“ အငယ်ကောင်က လောဘကြီးတယ်။ သူ လုပ်နေတာကို ငါ သိပေမဲ့ အရိုးမျှော်စင်သက်သေကို ဖျောက်ထားရလောက်အောင်တော့ လုပ်ရဲမှာ မဟုတ်ဘူး ”
သတ္တမမြောက်သခင်ကြီးက ဖြည်းညင်းစွာ ပြောသည်။
“ ဒီနှစ်တွေမှာ ရေသူမမျိုးနွယ်က ငါတို့ချီရွှဲ့ထုံဂိုဏ်းရဲ့ရန်သူ အဏ္ဏဝါရုပ်အလောင်းမျိုးနွယ်နဲ့ ရင်းနှီးနေခဲ့တာ။ သူတို့ရဲ့ ကောက်ကျစ်တဲ့ရည်ရွယ်ချက်တွေက သိသာပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက သူတို့မျိုးနွယ်ရဲ့ အကြပ်အတည်းကို ဖြေရှင်းပေးဖို့ ငါတို့ ဂိုဏ်းသားတွေရဲ့ အသက်တွေ စွန့်လွှတ်ပေးလိုက်ရတာ မတန်ဘူး ”
“ ဒီတော့ ငါတို့ အားလုံးကို ပြန်ယူရမှာပေါ့ ”
သတ္တမမြောက်သခင်ကြီး၏ မျက်လုံးများထဲတွင် အေးစက်စက်ဝင်းလက်သွားသည်။
#ခေါင်းစဉ်နှင့်ပတ်သက်၍ ရှင်းလင်းချက်
သတ္တမမြောက်သခင်ကြီးက သူ အထင်ကြီးတဲ့ လူငယ်ငါးဆယ်ကို အဖြူရောင်ဂိုဏ်းတံဆိပ်ပြားတွေ ပေးခဲ့ပါတယ်။ အဲဒီလူငယ်ငါးဆယ်က ချီရွှဲ့ထုံဂိုဏ်းရဲ့ သာမန်ဂိုဏ်းသားတွေ ဖြစ်လာပြီးတော့ ကောက်ကျစ်မှုတွေ ပြည့်နှက်နေတဲ့ တောင်ခြေမှာ နေထိုင်ကြရပါတယ်။ အဲဒီဝံပုလွေပေါက်လေး ငါးဆယ်ထဲမှာ လူတစ်ယောက်က ပေါ်လွင်ထင်ရှားနေခဲ့ပါတယ်။
အဲဒီလူကတော့ နူးညံ့ကြင်နာဟန်ရှိတဲ့ တတိယမင်းသားပါပဲ။