← Chapters

အနီရောင်လွင်ပြင်သို့ ခရီးဆက်ခြင်း ( ၁ )

Vol. 11 Ch. 166

အနီရောင်လွင်ပြင်သို့ ခရီးဆက်ခြင်း ( ၁ )

Vol. 11 Ch. 166

အချိန်အတော်ကြာပြီးနောက် သတ္တမမြောက်သခင်ကြီး အကြည့်လွှဲသွားသည်။

“ လာ၊ ဆက်ကြတာပေါ့ ”

အစေခံက ခေါင်းညိတ်ပြလိုက်သည်။ စစ်တုရင်ခုံကို ပြင်ဆင်ပြီးနောက် သူ ချီတုံချတုံဖြစ်နေပြီး မဝံ့မရဲ ပြောလိုက်သည်။

“ အမှတ်ခုနစ်သခင်ကြီး၊ တတိယမင်းသားနဲ့ အဲဒီကလေးက …”

အမှတ်ခုနစ်သခင်ကြီးက အစေခံကို လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ အဲဒီကလေးကို မင်း အတော်လေး စိတ်ဝင်စားနေတာပဲ ”

အစေခံ ခေါင်းငုံ့သွားပြီး ဘာမှမပြောတော့ပေ။

“ ကောက်ကျစ်စဉ်းလဲတာက အငယ်ဆုံးကောင်ရဲ့ စရိုက်ပဲ။ သူက အပြင်ပန်းမှာ နွေးထွေးကြင်နာသလိုမျိုး ဖြစ်နေပေမဲ့ တကယ်တမ်းက ဘာခံစားချက်မှမရှိဘူး။ အဲဒါကြောင့်လဲ သူက တခြားလူတွေနဲ့ ကွဲထွက်နေပြီး ငါ့တပည့်ဖြစ်လာတာပဲ။ အဲဒီအချက်ကြောင့်လဲ ငါ သူ့ကို အထင်ကြီးတာ ”

“ ကလေးကတော့ အငယ်ဆုံးကောင်ရဲ့ အတွေးတွေကို ဖောက်မြင်နေတာပဲဖြစ်ဖြစ်၊ အဲဒီကနေ တစ်ခုခုကို သိသွားတာပဲဖြစ်ဖြစ် ဘယ်လိုလုပ်မလဲဆိုတာ သူ့ဉာဏ်ပညာပေါ် မူတည်တယ်။ ဒီလောကပျက်ကြီးထဲမှာ အရူးတွေက ကြာကြာအသက်ရှည်နိုင်မှာ မဟုတ်ဘူး ”

ဆိပ်ကမ်းနံပါတ်ခုနစ်ဆယ့်ကိုး၌ ရွှီချင်းသည် စဉ်းစားတွေးတောနေဟန်ဖြင့် မှော်လှေ၏ ကုန်းပတ်ပေါ်တွင် ထိုင်နေသည်။ နေမင်းကြီး မြင့်တက်လာပြီး အာရုဏ်ဦးရောင်ခြည်တန်းများ ညအမှောင်ထုကို ဖြိုခွင်းကာ ရွှီချင်းအပေါ် ကျရောက်သွားသည်နှင့် သူ့အကြည့်က လေးနက်လာသည်။

“ ပထမတစ်ချက်က လွန်ခဲ့တဲ့နှစ်သုံးဆယ်လောက်က ရေသူမမျိုးနွယ်ရဲ့ ကျွန်းမှာ ပြိုင်ပွဲကြီးတစ်ခု ကျင်းပခဲ့တယ်။ အဲဒါပြီးတော့ ရေသူမမျိုးနွယ်က မဟာမိတ်ဖြစ်လာပြီး နှစ်ဖက်ကြား ဆက်ဆံရေးက သံသယတွေနဲ့ ဖြစ်လာတယ်။ ဒါပေမဲ့ ဆဋ္ဌမမြောက်တောင်ထိပ်က ဆိုင်ထဲမှာတုန်းက ရေသူထီးလူငယ်က ဒုတိယမင်းသမီးကို မြင်တော့ ကြောက်လန့်တုန်ရီနေတယ်။ ဒါက ဒုတိယမင်းသမီးက လွန်ခဲ့တဲ့နှစ်သုံးဆယ်က ပြိုင်ပွဲမှာ ရေသူမတွေအများကြီးကို သတ်ခဲ့တယ်ဆိုတဲ့ သဘောပဲ ”

“ ဒုတိယတစ်ချက်က တောင်ထိပ်သခင်ကြီးခုနစ်ယောက်ရဲ့ တပည့်တွေက သူတို့ဆရာတွေရဲ့ သဘောထားကို ဆန့်ကျင်ရဲမှာ မဟုတ်ဘူး။ ဒုတိယမင်းသမီးက ရေသူမလူငယ်ကို ပြဿနာကောင်တစ်ခုလိုမျိုး သဘောထားတယ်။ ဒီတော့ ရေသူမတွေကို တတိယမင်းသား သတ်တာကလည်း နားလည်လို့ရတယ် ”

“ ဒါဆိုရင် တတိယမင်းသားက ရေသူမတွေကို ချီရွှဲ့ထုံဂိုဏ်းကို ဘာလို့ ဖိတ်ခေါ်ခဲ့တာလဲ။ သူတို့ကို ဂိုဏ်းကို ဖိတ်ခေါ်ပြီး ငါ့ရှေ့မှာ သတ်တယ်ဆိုတာက … ”

“ တတိယမင်းသားမှာ တခြားရည်ရွယ်ချက်တွေ ရှိလောက်တယ်။ ငါသာ တတိယမင်းသားဆိုရင် ဘာလုပ်မလဲ။ ဘယ်လိုအခြေအနေမျိုးဆိုရင် တခြားလူတွေရှေ့မှာ လူတစ်ယောက်ကို သတ်မှာလဲ ”

ရွှီချင်း၏မျက်လုံးများ မှေးသွားပြီး အချိန်အတော်ကြာပြီးနောက် သူ အဖြေရသွားသည်။

“ ငါလုပ်နိုင်မယ့် အခြေအနေတစ်ခုပဲ ရှိတယ်။ ရေသူမမျိုးနွယ်ကို ငွေညှစ်ဖို့ သက်သေရှာရမယ်။ သက်သေမရှိရင် ဖန်တီးလိုက်မယ်။ ပြီးတော့ သေတဲ့တန်ဖိုး မြင့်သွားအောင် လူတစ်ယောက်ရှေ့မှာ သတ်လိုက်မယ်။ ရေသူမမျိုးနွယ်ဆီကနေ ငွေညှစ်ရင်း အဲဒီလူကိုလည်း မျက်နှာသာပေးလိုက်တဲ့ သဘောလုပ်လိုက်မယ် ”

“ အဲဒီလူက တန်ဖိုးရှိတဲ့လူတစ်ယောက်တော့ ဖြစ်ဖို့လိုတယ် ”

ခေါင်းဆောင်က ပင်လယ်ဖွတ်ကျွန်းပေါ်မှဖြစ်ရပ်ကို သိနေသည့်အပြုံးဖြင့် ပြောသွားခဲ့သည့်မြင်ကွင်းအား သူ ပြန်လည်တွေးမိလိုက်သည်။ တတိယမင်းသားတွင်လည်း သူ မသိသည့် သတင်းရှာဖွေရေးနည်းလမ်းများ ရှိနေမည်မှာ သေချာသည်။

ခေါင်းဆောင်ပင် ထိုအကြောင်းကို သိနေလျှင် တတိယမင်းသားလည်း သိနေပေလိမ့်မည်။

ပင်လယ်ဖွတ်ကျွန်းပေါ်မှ သူ ထွက်လာခဲ့စဉ်အခါက သူ့အပေါ် ကျရောက်နေခဲ့သည့် အရှိန်အဝါများကို သူ ပြန်တွေးကြည့်လိုက်သည်။ ထိုအခါက ပင်လယ်ကြမ်းပြင်အောက်သို့ သူ ရောက်နေသည့်အတွက်ကြောင့် ထိုအရှိန်အဝါများ၏ ပိုင်ရှင်များကို သူ မမြင်ခဲ့ရပေ။ ယခုအချိန်၌ သူ့မျက်လုံးများ တဖိတ်ဖိတ်လက်နေပြီး ခန့်မှန်းချက်များ ရှိနေပြီဖြစ်သည်။

“ ချီရွှဲ့ထုံဂိုဏ်းက ဒီကိစ္စကို ခွင့်ပြုထားတယ်ဆိုတော့ ရေသူမမျိုးနွယ်ကို တိုက်ခိုက်တော့မယ်ဆိုတဲ့ သဘောပဲ ”

“ ဘယ်လိုပဲဖြစ်ဖြစ် ငါ ခဏလောက် ရှောင်နေရမယ် ”

သူ၏ဝေဖန်သုံးသပ်ချက်က အပြည့်အဝ မှန်ကန်နေမလားကို သူ သေချာမသိပေ။ သူ အချိန်အတိုင်းအတာတစ်ခုအထိ ဂိုဏ်းမှထွက်သွားပြီး ထိုကိစ္စကို စောင့်ကြည့်ရန် စီစဉ်ထားသည်။ အရာအားလုံး တည်ငြိမ်နေပါက ဂိုဏ်းသို့ သူ စောစော ပြန်လာမည်ဖြစ်သည်။

သူက ချီစုစည်းခြင်းအဆင့်တစ်ဆယ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ နောင်တချိန်တွင် အခြေတည်အဆင့်သို့ သူ ရောက်သွားမည်ဆိုပါက တောင်ပေါ်သို့ တက်ခွင့်ရပြီး ချီရွှဲ့ထုံဂိုဏ်းမှ အကျိုးအမြတ်များကို ခံစားခွင့်ရှိမည်ဖြစ်သည်။

တစ်လကို ဝိညာဉ်ကျောက်တုံးငါးထောင် အနိမ့်ဆုံး ရရှိမည်ဖြစ်ပြီး ချီရွှဲ့ထုံဂိုဏ်း တည်မြဲနေသမျှကာလပတ်လုံး သူ ထိုသို့ ရရှိနေမည်ဖြစ်ပေရာ ထိုအချက်ကို သူ လိုချင်တပ်မက်နေသည်မှာ အတော်ကြာပြီဖြစ်သည်။ အမှန်တကယ်တော့ ထိုအချက်နှင့် ယှဉ်ပါက အသက်ရှင်ရပ်တည်ရေးက ပို၍ အရေးကြီးသည်။

ရွှီချင်းက တွေဝေတွန့်ဆုတ်မနေဘဲ ထွက်သွားပြီး စောင့်ကြည့်ရန် ရွေးချယ်လိုက်သည်။

ထိုအတောအတွင်း သူ့ရင်ထဲတွင် အမြစ်တွယ်နေခဲ့သော ကိစ္စကြီးတစ်ခုကို လုပ်ပစ်သင့်ကြောင်း တွေးလိုက်မိသည်။

သူ့မျက်လုံးများထဲ အေးစက်စက်ဝင်းလက်သွားပြီး သူ့အသွေးအသားများထဲရှိ ဆူးညှောက်ကို လုံးလုံးလျားလျား ဖယ်ရှားပစ်ချင်လာသည်။

ယင်းသည် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးပင် ဖြစ်သည်။

ထိုလူကိုသာ သူ မသတ်ရသေးလျှင် သူ ကောင်းကောင်းအိပ်ပျော်နိုင်ဦးမည် မဟုတ်ပေ။

ရွှီချင်းက အချိန်ဖြုန်းမနေတော့ဘဲ မှော်လှေကို သိမ်းဆည်း၍ လူဆိုးထိန်းဌာနသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

“ ကျင်းကန်းဂိုဏ်းကလည်း ဂိုဏ်းတစ်ဂိုဏ်းပဲ။ သူတို့က အတော်လေး အားနည်းသွားတယ်ဆိုပေမဲ့ ရွှေ့ပြောင်းတာကို ဖုံးကွယ်ဖို့ကျ သိပ်ခက်တယ်။ ချီရွှဲ့ထုံဂိုဏ်းအတွက်တော့ သူတို့နယ်နိမိတ်ထဲက ရွှေ့ပြောင်းတာတွေက လျှို့ဝှက်ချက် မဟုတ်ဘူး ”

လူဆိုးထိန်းဌာနအဖွဲ့ဝင်တစ်ယောက်ဖြစ်သည့်အတွက် ရွှီချင်းက ဌာနထဲမှ မှတ်တမ်းများကို ဖတ်ရှုခွင့်ရှိသည်။ ထိုမှတ်တမ်းများထဲတွင် ချီရွှဲ့ထုံဂိုဏ်းနယ်နိမိတ်အတွင်းရှိ အပြောင်းအလဲများစွာကို မှတ်တမ်းတင်ထားကြောင်း သူ သိသည်။

အသိဉာဏ်ဌာနကဲ့သို့ အသေးစိတ်မဟုတ်ပါသော်လည်း အသိဉာဏ်ဌာနကို သွားဖတ်သည်ထက် လူဆိုးထိန်းဌာနထဲရှိ မှတ်တမ်းများကို ဖတ်ရသည်က ရွှီချင်းထက် ပုလွယ်သည်။

လူဆိုးထိန်းဌာနကို သူ ရောက်လာပြီးနောက် ကျမ်းစာဆောင်သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

သူက အပြင်ဘက်လောကထက် လူဆိုးထိန်းဌာနထဲတွင် ပို၍ နာမည်ကြီးသည်။ ညဉ့်ငှက်အဖွဲ့ စစ်ဆေးရေးမှ ထူးချွန်ပြောင်မြောက်သော အရည်အချင်းများကြောင့် ဖြစ်စေ၊ ရာဇဝတ်ကောင်တစ်ယောက်ပြီးတစ်ယောက်၏ ခေါင်းများကို ယူဆောင်လာခြင်းကြောင့်ဖြစ်စေ ထိုသို့ နာမည်ကြီးနေရခြင်း ဖြစ်သည်။

ထို့ကြောင့် ကျမ်းစာဆောင်မှ ဂိုဏ်းသားက အလွန် ယဉ်ကျေးစွာဖြင့် ရွှီချင်းအား မှတ်တမ်းများကို တစ်ယောက်တည်း ဖတ်ရှုခွင့်ပေးလိုက်သည်။ မကြာခင် ချီရွှဲ့ထုံဂိုဏ်း အလေးအနက်မထားသော သတင်းတချို့မှ သူ သိချင်သည့်သဲလွန်စွာကို ရသွားသည်။

“ လီထူဂိုဏ်းထဲ ရောက်သွားတာပေါ့ ”

ရွှီချင်းက သူ့ရှေ့မှ မှတ်တမ်းကိုကြည့်၍ မျက်လုံးများ တဖြည်းဖြည်း မှေးသွားသည်။ လီထူဂိုဏ်းသားများအားလုံး အရူးများ ဖြစ်ကြသည်။ လီထူဂိုဏ်းကို တခြားအင်အားစုများက ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော အဖွဲ့အစည်းတစ်ခုအဖြစ် မြင်ထားကြပြီး သူတို့နှင့် ဝေးဝေးတွင်သာ နေတတ်ကြပြီး အဆက်အဆံ သိပ်မလုပ်ကြပေ။

“ ဒါ ငါ့ကြောင့်တော့ မဖြစ်နိုင်လောက်ဘူး။ အဲဒီတုန်းက ဒုတိယမင်းသမီးကို ပေးခဲ့ရတဲ့ လက်ဆောင်က ကြီးလွန်းလို့ သူတို့ အခြေမခိုင်တော့ဘဲ ချီရွှဲ့ထုံဂိုဏ်းပိုင်နက်ထဲ မနေရဲတော့တာ ဖြစ်မယ် ”

ရွှီချင်းက မေးကို ပွတ်သပ်၍ မှတ်တမ်းတင်ထားသော ကျင်းကန်းဂိုဏ်း၏ ခြေရာလက်ရာများကို မှတ်သားလိုက်သည်။ ထို့နောက် လူဆိုးထိန်းဌာနမှ သူ ထွက်လာခဲ့သည်။

All Chapters