အခန်း (၁၅၁-၁၅၂)
Vol. 16 Ch. 151-152
အခန်း (၁၅၁) ရှောင်ယောင် မဟာမိတ်အဖွဲ့ ဖျက်သိမ်းသွားပြီးတော့ နောက်ဆုံးရိတ်သိမ်းမှု စတင်တော့မယ်
ပေယန်မြို့....
ဤအချိန်အခိုက်အတန့်တွင် မြို့စားအိမ်တော်သည် လုံးလုံးလျားလျား ပရမ်းပတာ ဖြစ်နေခဲ့၏။
"အဓိပ္ပာယ်မရှိတာ... အင်မော်တယ်သခင်က ဘယ်လို လူမျိုးလဲ..."
ပေယန် မြို့စားက ဟိန်းဟောက်လိုက်၏။
"သူက မင်းတို့အားလုံးကို သေဖို့ စွန့်ပစ်ပြီး သနားစရာကောင်းတဲ့ အခြေအနေနဲ့ တစ်ယောက်တည်း ဘယ်လိုလုပ်ပြီး ထွက်ပြေးနိုင်မှာလဲ..."
ဤစကားကို ကြားသောအခါ အောက်ဘက်ရှိ ခုံးဝူတောက် တမင်သက်သက် လွှတ်ပေးလိုက်သော ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူ အနည်းငယ်က မည်သည့်အားနည်းမှု့မျှ မပြသဘဲ ဒေါသတကြီး ပြန်လည်၍ ချေပလိုက်ကြသည်။
"တောက်... မင်းလို ဖားတတ်တဲ့ကောင်ကတော့... သူက အသုံးမကျတဲ့ ကောင်လေး တစ်ယောက်ပဲ... မင်းက သူ့ကို အင်မော်တယ်သခင်လို့ တကယ်ကြီး ခေါ်နေတာလား..."
"ငါတို့ ညီအစ်ကိုတွေက ငါတို့ရဲ့ တာအိုနှလုံးသားတွေနဲ့ ကျိန်ဆိုရဲတယ်... ငါတို့ ပြောတဲ့ စကားတိုင်းက အမှန်တွေချည်းပဲ... ငါတို့က ရှေ့တန်းမှာ တိုက်ခိုက်နေတုန်း အဲ့ဒီ အသုံးမကျတဲ့ ကောင်လေးက ငါတို့ကို စွန့်ပစ်ပြီး တစ်ယောက်တည်း ထွက်ပြေးသွားခဲ့တာ..."
"သောက်ချေးပဲ... တကယ်လို့ နတ်ဘုရားသားတော်အရှင် ဝူတောက်ကသာ သဘောထားမကြီးဘဲ ငါတို့ရဲ့အမှားတွေကို အပြစ်မယူခဲ့ဘူးဆိုရင် ငါတို့ညီအစ်ကိုတွေ အကြိမ်တစ်ထောင်လောက် သေနေလောက်ပြီ..."
"မင်းတို့..."
ပေယန်မြို့စား၏မျက်နှာသည် ပြာနှမ်းသွားပေ၏။
ဂုဏ်သိက္ခာရှိသော မြို့စားတစ်ဦးဖြစ်သည့် သူသည် လူပုံအလယ်တွင် ဖားယားတတ်သူတစ်ဦးအဖြစ် အမှန်တကယ် စော်ကားခံလိုက်ရသည်။
မကြာသေးမီက သူသည် တုန်လှုပ်ချောက်ချား အင်မော်တယ်အတွက် ကြိုးစားပမ်းစား အလုပ်လုပ်ပေးခဲ့ခြင်းမျှသာ မဟုတ်လော...
ထိုအရာသည် သစ္စာရှိမှု၏ပြယုဂ်တစ်ခု မဟုတ်လော...
သူက မည်သည်ကြောင့် ဖားယားတတ်သူတစ်ဦး ဖြစ်သွားသနည်း...
သို့သော် ထိုဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူအနည်းငယ်သည် သူ့ကို နောက်ထပ် ငြင်းခုံလိုစိတ် မရှိတော့ချေ။
"ဘာပဲဖြစ်ဖြစ်... ဒီပင်လယ်ဓားပြလှေပေါ်ကနေ ငါ ဆင်းရမယ်..."
"နတ်ဘုရားသားတော်အရှင် ဝူတောက်ရဲ့ ရန်သူဖြစ်ဖို့ ရဲတင်းတာက... အသက်ဆယ်ချောင်း ရှိနေရင်တောင် မလုံလောက်ဘူးလို့ ငါ ထင်တယ်..."
"တကယ်လို့ မင်းတို့တွေက အဲ့ဒီ အသုံးမကျတဲ့ ကောင်လေးရဲ့ လှည့်စားတာကို ဆက်ခံနေပြီးတော့ မြည်းတွေလို အသုံးချခံနေမယ်ဆိုရင် နတ်ဘုရားသားတော်အရှင် ဝူတောက်ရဲ့ ရှင်းလင်းတာကို သေချာပေါက် ခံရလိမ့်မယ်... မင်းတို့ရဲ့ နတ်ဘုရားစိတ်ဝိညာဉ်တွေ ဖျက်ဆီးခံရပြီးတော့ ဘယ်တော့မှ ပြန်လည်ဝင်စားခွင့် ရမှာ မဟုတ်ဘူး..."
ကောင်းမွန်သော စကားများသည် သေရမည့် တစ္ဆေတစ်ကောင်ကို ဖျောင်းဖျရန် ခက်ခဲလှသည်။
တုန်လှုပ်ချောက်ချား အင်မော်တယ် ၏ အစစ်အမှန်မျက်နှာကို ဖော်ထုတ်ပြီးနောက်...
ထိုဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူ အနည်းငယ်သည် နောက်ထပ်ဆက်မနေတော့ဘဲ သူတို့၏ သက်ဆိုင်ရာအင်အားစုများနှင့်အတူ ပေယန်မြို့မှ အလျင်အမြန် ထွက်ခွာသွားကြ၏။
ဤဆူညံပွက်လောရိုက်မှုများ အပြီးတွင်...
ရှောင်ယောင်မဟာမိတ်အဖွဲ့သို့ ပူးပေါင်းခဲ့သော အင်အားစု အသီးသီး၏ အရှင်သခင်များသည် အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏ နှလုံးသားများမှာ ယိမ်းယိုင်နေကြလေပြီ။
ရှောင်ယောင်မဟာမိတ်အဖွဲ့ကို သူတို့ ကောင်းကင်ဘုံတာအိုနယ်မြေ၏ ဒဏ္ဍာရီ ဖြစ်သော တုန်လှုပ်ချောက်ချား အင်မော်တယ်က တည်ထောင်ခဲ့ခြင်း ဖြစ်သော်လည်း....
ခုံးဝူတောက်နှင့် ရန်သူများ ဖြစ်လာစေခြင်းက သူတို့ကို အလွန်ကြောက်ရွံ့ပြီး စိတ်မသက်မသာ ဖြစ်စေဆဲပင်။
မည်သို့ပင်ဆိုစေကာမူ တစ်ဖက်လူသည် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော်အရှင်ပင်။
"အားလုံးပဲ... စိတ်မပူကြပါနဲ့..."
ပေယန်မြို့စားသည် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ နံပါတ်တစ် ဖားယားတတ်သူ အနေဖြင့် ကျယ်လောင်စွာ ပြောဆိုလိုက်၏။
"အင်မော်တယ်သခင်က ကောင်းကင်ဆေးဂိုဏ်း ကို ပြန်မရခဲ့ရင်တောင် ကိစ္စမရှိပါဘူး... အင်မော်တယ်သခင်မှာ နတ်ဘုရားသိုင်းဂိုဏ်း နဲ့ ကောင်းကင်တာအိုရဲ့ အကူအညီ ရှိသေးတယ်ဆိုတာ မမေ့ပါနဲ့..."
"နတ်ဘုရားသိုင်းဂိုဏ်းက ငါတို့ရဲ့ ကောင်းကင်ဘုံ တာအိုနယ်မြေ မှာ နံပါတ်တစ် အင်အားစုအနေနဲ့ နယ်မြေထဲမှာ လုံးဝကို ပြိုင်ဘက်ကင်းတယ်..."
"နတ်ဘုရားသိုင်းဂိုဏ်းရဲ့ အကူအညီ ရှိနေသရွေ့ ခုံးဝူတောက်တောင်မှ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး..."
"ဒုက္ခပါပဲ..."
သို့သော် ပေယန်မြို့စား၏စကား မဆုံးမီမှာပင် ထိတ်လန့်တကြားအသံတစ်သံက ခန်းမကြီး၏ အပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"သခင်တို့... ဒုက္ခပါပဲ..."
"နတ်ဘုရားသိုင်းဂိုဏ်း... နတ်ဘုရားသိုင်းဂိုဏ်း ဖျက်ဆီးခံလိုက်ရပြီ..."
ဤစကားများ ထွက်ပေါ်လာသည်နှင့်အမျှ ကျယ်ဝန်းသော ခန်းမကြီးသည် ချက်ချင်းပင် သုသာန်တစပြင်အလား တိတ်ဆိတ်ငြိမ်သက်ခြင်းသို့ ကျရောက်သွားပေ၏။
ပေယန်မြို့စားအပါအဝင် မရေမတွက်နိုင်သော ကျွမ်းကျင်သူများသည် ရွှံ့ရုပ်များကဲ့သို့ နေရာမှာ အေးခဲတောင့်တင်းသွားကြတော့သည်။
မည်သည့်အရာများ ဖြစ်ပျက်သွားသနည်း....
သူတို့၏ကောင်းကင်ဘုံ တာအိုနယ်မြေရှိ နံပါတ်တစ် သိုင်းတာအိုအင်အားစုသည် မည်သို့ ရုတ်တရက်ကြီး ဖျက်ဆီးခြင်း ခံလိုက်ရသနည်း...
လူတိုင်း အံ့အားသင့်နေကြစဉ်...
ထိုဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများ အစောပိုင်းက ပြောခဲ့သည့် စကားများကို သူတို့ အလျင်အမြန် ပြန်လည်၍ အမှတ်ရသွားကြ၏။
ဖြစ်နိုင်သည်မှာ...
ဤအတွေး သူတို့၏စိတ်ထဲတွင် ထွက်ပေါ်လာသည့် အချိန်အခိုက်အတန့်မှာပင်...
အစောင့်သည် အလွန်အမင်း ထိတ်လန့်စွာဖြင့် ထပ်ပြောလိုက်၏။
"ကောလာဟလတွေအရဆိုရင် နတ်ဘုရားသိုင်းဂိုဏ်းကို နတ်ဘုရားသားတော်အရှင် ဝူတောက် က ဖျက်ဆီးပစ်ခဲ့တာတဲ့..."
အစောင့်က သူ ရရှိထားသော သတင်းအချက်အလက်အားလုံးကို အလျင်စလို ပြောဆိုလိုက်တော့သည်။
လက်ရှိနေရာတွင်ရှိနေသော မရေမတွက်နိုင်သည့် ကျွမ်းကျင်သူများသည် နားထောင်လေလေ ပို၍စိတ်မသက်မသာ ဖြစ်လာလေလေပင်။
နောက်ဆုံးတွင် ငရဲကိုးထပ်သို့ ကျရောက်သွားသကဲ့သို့ သူတို့ လုံးလုံးလျားလျား ကျောချမ်းသွားသည်အထိ ဖြစ်သွားပေ၏။
ခုံးဝူတောက်သည် ခြေလှမ်းတစ်ဝက် သူတော်စင် ငါးဦးနှင့် နတ်ဘုရားဘုရင် စွမ်းအားရှင် ရှစ်ဦးတို့ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။
ထို့နောက် သူသည် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ လူများကို ဦးဆောင်ကာ အမွှေးတိုင် တစ်တိုင် လောင်ကျွမ်းချိန်စာတစ်ဝက်ခန့် အချိန်အတွင်း နတ်ဘုရားသိုင်းဂိုဏ်းကို လုံးလုံးလျားလျား အမြစ်ပြတ်သတ်ဖြတ်ခဲ့သည်။
ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် လူသောင်းနှင့်ချီ၍ရှိသည့်အနက် တစ်ယောက်မျှ အသက်ရှင်ရက်ကျန်ရစ်ခဲ့ခြင်း မရှိချေ။
ရှောင်ယောင် မဟာမိတ်အဖွဲ့သို့ ပူးပေါင်းပြီး သူ၏ ရန်သူဖြစ်ရန် ရဲတင်းသော မည်သူ့ကိုမဆို သူတို့၏ မျိုးဆက်ကိုးဆက်လုံး အမြစ်ပြတ်သတ်ဖြတ်ခံရမည်ဟုပင် သူ ကြေညာခဲ့သေးသည်။
"ဘုတ်..."
အေးစက်သော ချွေးတစ်ပေါက် ကျဆင်းလာသည်နှင့်အမျှ...
သတိဝင်သွားသော ကျွမ်းကျင်သူတစ်ဦးသည် သူ၏ဦးရေပြား ထုံကျဉ်သွားသည်ကို ခံစားလိုက်ရပြီး သူ၏လည်စေ့သည် မသိစိတ်အရ လှုပ်ရှားသွားကာ တံတွေးကို ပြင်းပြင်းမြိုချလိုက်ပြီး အလျင်အမြန် ရယ်မောလိုက်၏။
"အို... ငါ့ရဲ့ဝမ်ဖူကွေ့က မွေးတော့မယ်ဆိုတာ ငါ ရုတ်တရက် သတိရသွားတယ်... ငါ ပြန်သွားကြည့်ရမယ်..."
"ဒီ အင်မော်တယ်သခင်က... တကယ်ကို သန်မာအားကောင်းပြီးတော့ သူ့ရဲ့နောက်ကို လိုက်ဖို့ ထိုက်တန်ပါတယ်... ဒါပေမယ့် ငါ့ရဲ့ စွမ်းဆောင်ရည် မလုံလောက်ဘူးဆိုတာ ငါ ဝန်ခံတယ်... ဒါကြောင့် ငါက လူတိုင်းကို ဒုက္ခမပေးတာ ပိုကောင်းမယ်..."
"တောင်တွေက မြင့်ပြီး လမ်းတွေက ရှည်တယ်... ငါတို့ သင့်သင့်မြတ်မြတ် လမ်းခွဲကြတာပေါ့..."
ဤလူနှစ်ဦး၏ စကားသံများ ကျဆင်းသွားသည်နှင့် ကျွမ်းကျင်သူအများအပြားသည် အိပ်မက်မှ နိုးလာသကဲ့သို့ ဖြစ်သွားကြပြီး လူတချို့က သူတို့၏ ခေါင်းများကိုပင် ခပ်ပြင်းပြင်းရိုက်လိုက်ကြ၏။
"အိုး... ငါ့ရဲ့မှတ်ဉာဏ်ကို ကြည့်စမ်း... ငါ့အမေနဲ့ အဖေက လက်ထပ်တော့မှာ... သူတို့အတွက် အောင်ပွဲခံပေးဖို့ ငါ မြန်မြန်ပြန်သွားရမယ်..."
"ဟုတ်တယ်... အစောပိုင်းကတောင် ဖိတ်စာ တစ်စောင် ငါ ရလိုက်သေးတယ်... ဟားဟားဟား... အဘိုးကြီး ဝမ်... ငါ့ကို စောင့်ဦး..."
ဤအခိုက်အတန့်တွင် လက်ရှိနေရာ၌ရှိနေသော ကျွမ်းကျင်သူများအားလုံးသည် သူတို့တွင် ခြေထောက်လေးချောင်း ပိုရှိနေရန် ဆန္ဒရှိနေကြတော့သည်။
သူတို့၏ပုံရိပ်များသည် ပင်မခန်းမကြီးမှ အလျင်အမြန် ထွက်ခွာသွားကြပြီး လူတချို့သည် ဤနယ်မြေမှပင် တိုက်ရိုက်ထွက်ပြေးသွားကြ၏။
ထို့ထက်ပို၍ လိမ္မာပါးနပ်သော ကျွမ်းကျင်သူတချို့ကမူ ပို၍ပင် ပြီးပြည့်စုံသော အလုပ်ကို လုပ်ဆောင်ခဲ့ကြသည်။
ရှောင်ယောင် မဟာမိတ်အဖွဲ့သို့ သူတို့ ထောက်ပံ့ပေးထားသော အရင်းအမြစ် အားလုံးကို သူတို့၏အင်မော်တယ် သင်္ဘောများပေါ်သို့ ပြန်လည်၍ ရွှေ့ပြောင်းခဲ့သည်။
အင်မော်တယ်သင်္ဘောများ ပျံသန်းသည်မှာ နှေးကွေးလွန်းနေကြောင်းကိုပင် သူတို့ ခံစားလိုက်ရပေ၏။
အင်မော်တယ်သင်္ဘောများကို အရှိန်ကုန်မောင်းနှင်ကာ သူတို့အားလုံး ရူးသွပ်စွာ ပြေးလွှားနေကြတော့သည်။
မျက်စိတစ်မှိတ်အတွင်း....
မြို့စားအိမ်တော်ရှိ မူလလူများမှလွဲ၍ တခြားကျွမ်းကျင်သူများအားလုံး ထွက်ပြေးသွားကြလေပြီ။
တိုးတက်မှုလမ်းပေါ်တွင် ဝေဝါးစွာ ရှိနေခဲ့သော ရှောင်ယောင်မဟာမိတ်အဖွဲ့ သည် အဖွဲ့၏ ယခင် ဂုဏ်ကျက်သရေကို ပြန်လည်၍ မပြသနိုင်သေးချေ။
ခုံးဝူတောက်၏စကားတစ်ခွန်းတည်းဖြင့် ထိုအဖွဲ့သည် လုံးလုံးလျားလျား ပြိုကွဲပျက်စီးသွားတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ပေယန် မြို့စားသည် သူ၏စိတ်ထဲတွင် ဖရိုဖရဲ ဖြစ်မနေဘဲ မနေနိုင်တော့ချေ။
ရက်အတော်ကြာအောင် သူသည် တုန်လှုပ်ချောက်ချား အင်မော်တယ်အတွက် ဖားယားတတ်သူတစ်ဦးအဖြစ် ခက်ခက်ခဲခဲ ပြုမူခဲ့ပြီး သူ့အတွက် ကြိုးစားပမ်းစား အလုပ်လုပ်ပေးခဲ့သည်။
ဤသည်မှာ နောက်ပိုင်းတွင် ရှောင်ယောင် မဟာမိတ်အဖွဲ့ ၌ သူ ရာထူးကြီးတစ်ခု ရရှိပြီး အံ့အားသင့်ဖွယ်ကောင်းသော ဘဝကို ခံစားနိုင်ရန်အတွက်ပင်။
ယခုအချိန်တွင်မူ အံ့အားသင့်ဖွယ်ကောင်းသော ဘဝက မစတင်ရသေးမီမှာပင် အရာအားလုံး ရုတ်တရက်ဆန်စွာ ပျောက်ကွယ်သွားခဲ့လေပြီ။
"မြို့စားမင်း... အခု ငါတို့ ဘာလုပ်ကြမလဲ..." မြို့စားအိမ်တော်မှ အစောင့်တစ်ဦးက ကြောက်ရွံ့စွာဖြင့် မေးလိုက်သည်။
ဤမေးခွန်းက ပေယန်မြို့စားကို ရုတ်တရက် အသိပြန်ဝင်လာစေခဲ့သည်။
သူ၏ဘေးရှိ အစောင့်ကို သူက အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
ထို့နောက် မြို့စားအိမ်တော်တံဆိပ်ပြားကို အစောင့်၏လက်ထဲသို့ တိုက်ရိုက်ထိုးထည့်လိုက်၏။
"ဘာမြို့စားလဲ..."
"ဒီနေ့ကစပြီး... မင်းက ပေယန် မြို့စားအသစ်ပဲ..."
ထိုသို့ပြောပြီးနောက်တွေဝေနေသော အစောင့်၏ မျက်လုံးများရှေ့တွင်...
ပေယန် မြို့စားသည် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ နေရာမှ ချက်ချင်းပျောက်ကွယ်သွားတော့သည်။
အချိန်အတော်ကြာပြီးနောက် အစောင့်သည် နောက်ဆုံးတွင် အသိပြန်ဝင်လာခဲ့ပေ၏။
ဤလူယုတ်မာကြီးသည် အမှန်တကယ်ကို ရက်စက်လှသည်။
ခုံးဝူတောက်က သူနှင့် စာရင်းရှင်းရန် လာမည်ကို သူ အလွန် ကြောက်ရွံ့နေခဲ့သည်။ ထိုကြောင့် မြို့စားအိမ်တော်တံဆိပ်ပြားကို သူ့ထံသို့ တိုက်ရိုက်ပစ်ပေးခဲ့သည်။
..........
အချိန်အတော်ကြာပြီးနောက်....
အလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ပင်မခန်းမကြီးထဲသို့ တိုက်ရိုက်ဆင်းသက်လာခဲ့သည်။
မြူခိုး အလင်းရောင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ပုံရိပ်သည် ထွက်ပေါ်လာခဲ့ပေ၏။
"ချိုးလွမ်....ပေယန် မြို့စား... ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ငါတို့တွေ......"
သို့သော် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် သူ၏စကား မဆုံးမီမှာပင် သူ၏ရှေ့ရှိ ခန်းမကြီးကို ကြည့်ရင်း လုံးလုံးလျားလျား ဆွံ့အသွားတော့သည်။
သူ၏မျက်လုံးများဖြင့် မြင်နိုင်သမျှ အရာအားလုံးသည် ဗလာဟင်းလင်းဖြစ်နေပြီး ပုံရိပ်တစ်ခုကိုပင် မမြင်တွေ့ရချေ။
သူ့ကို သူတို့၏ ပကတိယုံကြည်မှုအဖြစ် သတ်မှတ်ထားသော သူ၏သစ္စာရှိနောက်လိုက်များ ဘယ်ရောက်သွားကြသနည်း....
ဂုဏ်ကျက်သရေရှိစွာ အမြင့်သို့တက်လှမ်းနေသော ရှောင်ယောင် မဟာမိတ်အဖွဲ့ ဘယ်မှာနည်း...
သူ အပြင်ထွက်နေတာ ဘယ်လောက်ကြာသွားပြီနည်း...
အရာအားလုံး မည်သို့ ပျောက်ကွယ်သွားရသနည်း...
"အဲ့ဒါက..."
တုန်လှုပ်ချောက်ချား အင်မော်တယ်၏ အကြည့်များသည် လက်ဖက်ရည် စားပွဲပေါ်သို့ ရုတ်တရက် ကျရောက်သွားရာ ထိုနေရာတွင် အထီးကျန်နေသော မြို့စားတံဆိပ်ပြားတစ်ခု ရှိနေသည်။
မြို့စား၏ အဆင့်အတန်းကို ကိုယ်စားပြုသော ပစ္စည်းပင်လျှင် စွန့်ပစ်ခံထားရသည်။
လူတိုင်း အလျင်စလို ထွက်သွားခဲ့ကြပုံ ရပေ၏။
.........
တစ်ချိန်တည်းမှာပင်...
အင်မော်တယ် သင်္ဘောအတွင်း၌...
ပလ္လင်ပေါ်တွင် ထိုင်နေသော ခုံးဝူတောက်သည် မျက်လုံးစုံမှိတ်ကာ အနားယူနေစဉ် စနစ်၏ အသံက ရုတ်တရက် သူ၏နားထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
"ဒင်... တုန်လှုပ်ချောက်ချား အင်မော်တယ် တည်ထောင်ခဲ့တဲ့ ရှောင်ယောင်မဟာမိတ်အဖွဲ့ လုံးဝဖျက်သိမ်းသွားပြီးတော့ ပစ်မှတ်ရဲ့ တက်လမ်းက ကြီးမားတဲ့ အပြောင်းအလဲတစ်ခုကို ကြုံတွေ့ခဲ့ရကြောင်း ထောက်လှမ်းတွေ့ရှိရပါတယ်... ပစ်မှတ်ရဲ့ ကောင်းကင်ကံကြမ္မာအမှတ် တွေကို ၃၀၀၀ မှတ် နှုတ်ယူလိုက်ပြီး ၇၀၀၀ မှတ် ကျန်ရှိနေပါတယ်..."
"သခင်က နှစ်ဆပြင်းထန်တဲ့ တိုက်ခိုက်မှုကို ဖြစ်ပေါ်စေခဲ့ပြီးတော့ ကောင်းကင်ကံကြမ္မာအမှတ် ၆၀၀၀ကို အောင်မြင်စွာ ရရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ်..."
စနစ်၏ကြေညာချက်ကို နားထောင်ရင်း ခုံးဝူတောက်က မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။
ဤရှောင်ယောင်မဟာမိတ်အဖွဲ့သည် သူ တွေးထားသည်ထက်ပင် ပို၍အမှိုက်ကျကြောင်း ထင်ရှားသည်။
သူ လှုပ်ရှားမှုပင် မလုပ်ရသေးဘဲ ရှောင်ယောင် မဟာမိတ်အဖွဲ့က အလိုအလျောက် ဖျက်သိမ်းသွားခဲ့လေပြီ။
"သိုးမွှေးတွေကို ဒီလောက်အကြိမ်ကြိမ် ရိတ်သိမ်းပြီးတာတောင် ကောင်းကင်ကံကြမ္မာအမှတ် ၇၀၀၀ ကျန်နေသေးတာပဲ..."
"ဒီတစ်ကြိမ် ရှေးဟောင်းမဟာတာအို အမှတ်အသားက တုန်လှုပ်ချောက်ချား အင်မော်တယ်နဲ့ ပတ်သက်နေဖို့ များတယ်..."
အကယ်၍ သူ မှားယွင်းမနေခဲ့ပါက...
တုန်လှုပ်ချောက်ချား အင်မော်တယ်၏ နောက်ကွယ်ရှိ ကောင်းကင်တာအိုသည်လည်း ဤခရီးစဉ်တွင် ထွက်ပေါ်လာသင့်သည်။
ဤ တုန်လှုပ်ချောက်ချား အင်မော်တယ်သည် အမှန်တကယ်ကို ကြီးမြတ်သော လူတစ်ယောက် ဖြစ်ကြောင်း ပြောရပေမည်။
တစ်ဖက်လူသည် ရှေးဟောင်းမဟာတာအို အမှတ်အသားကို သူ၏လက်ထဲသို့ ပို့ဆောင်ပေးရုံသာမက...
သူက ကောင်းကင်တာအိုတစ်ပါးကိုလည်း အပိုဆုအဖြစ် ယူဆောင်လာပေးနိုင်ခဲ့သည်။
တုန်လှုပ်ချောက်ချား အင်မော်တယ်ကဲ့သို့ ထိပ်တန်း ရတနာရှာဖွေရေးကြွက် အနည်းငယ် ထပ်ရှိလာမည်ဆိုပါက အလွန်ကောင်းမွန်ပေလိမ့်မည်။
အခန်း (၁၅၂) ပြင်ပနယ်မြေက နတ်ဆိုးနတ်ဘုရား... ဒါက ငါ ခုံးဝူတောက်နဲ့ ဘာဆိုင်လို့လဲ
နတ်ဘုရားသိုင်းမြို့တော် တိုက်ပွဲမှတစ်ဆင့် ခုံးဝူတောက်သည် သူ၏ကြောက်မက်ဖွယ်ကောင်းသော နာမည်ဂုဏ်သတင်းကို လုံးလုံးလျားလျား တည်ဆောက်နိုင်ခဲ့သည်။
သူသည် ဓားတစ်ချက်တည်းဖြင့် စွမ်းအားကြီးမားသော ကျင့်ကြံသူအမြောက်အများကို သတ်ဖြတ်ခဲ့ပြီး လူတိုင်းကို ကြောက်ရွံ့သွားစေခဲ့သည်။
တခြားတာအိုနယ်မြေများမှ ထိပ်တန်းပါရမီရှင် များပင်လျှင် ဤကာလအတွင်း သတိထား၍ လျှောက်လှမ်းနေခဲ့ကြပြီး ခုံးဝူတောက်က သူတို့ကို ပစ်မှတ်ထားလာမည်ကို စိုးရိမ်သဖြင့် အလွန်အမင်း မောက်မာရဲခြင်းမရှိကြချေ။
သေချာသည်မှာ ဤအချိန်ကို အခွင့်ကောင်းယူ၍ ရူးသွပ်စွာ ကျင့်ကြံခဲ့ကြသော ထူးခြားသည့် ပါရမီရှင် အများအပြားလည်း ရှိခဲ့သည်။
ရှေးဟောင်းမဟာတာအို အမှတ်အသားသည် ထူးကဲလှ၏။
ခုံးဝူတောက်၏ခွန်အားက သူတို့ကို အလွန် သတိထားစေခဲ့သော်လည်း သူတို့၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မည့် အခွင့်အရေးတစ်ခုကို သူတို့ လက်လွတ်မခံချင်ကြပေ။
.........
လူသူကင်းမဲ့သော တောင်တန်းတစ်ခုတွင် တုန်လှုပ်ချောက်ချား အင်မော်တယ်သည် အထူးနတ်ဘုရားစွမ်းရည် တစ်ခုမှတစ်ဆင့် ကောင်းကင်ပြာကို နောက်တစ်ကြိမ် အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့သည်။
"ရှန်းအာ... ငါတို့ရဲ့ အချိန် ခန့်မှန်းချက် အရဆိုရင် ရှေးဟောင်းမဟာတာအို အမှတ်အသားက နောက်တစ်လလောက်မှာ ထွက်ပေါ်လာလိမ့်မယ်... ဒီအချိန်အတွင်း နင့်ရဲ့ကျင့်ကြံခြင်းကို မြန်မြန်မြှင့်တင်နိုင်ဖို့ နင် ကြိုးစားသင့်တယ်..."
"ရှောင်ယောင်မဟာမိတ်အဖွဲ့ရဲ့ ကိစ္စကို ငါ သိပြီးပြီ... အဲ့ဒီအချိန်ကျရင် သူတော်စင်နန်းတော် သခင်တွေကို မင်းကို ကူညီဖို့ တောင်းဆိုတဲ့ ကောင်းကင်တာအို အမိန့်တစ်ခုကို ငါ ထုတ်ပြန်ပေးမယ်..."
"ကောင်းကင်လမ်းကြောင်းအစ်မ... စိတ်မပူပါနဲ့... ငါ့ရဲ့ ကျင့်ကြံခြင်းက ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်သုံးကို ချိုးဖျက်ဝင်ရောက်သွားပါပြီ..."
တုန်လှုပ်ချောက်ချား အင်မော်တယ်က ယုံကြည်မှုရှိစွာ ပြောဆိုလိုက်၏။
"ဒီတစ်လအတွင်းမှာ ငါက ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်ရှစ် ဒါမှမဟုတ် အဆင့်ကိုးကိုတောင် ချိုးဖျက်ဝင်ရောက်နိုင်မယ်လို့ ယုံကြည်မှု ရှိပါတယ်..."
ဤရက်များအတွင်း တုန်လှုပ်ချောက်ချား အင်မော်တယ်သည် နေ့ရောညပါ ကျင့်ကြံနေခဲ့သည်။
ခုံးဝူတောက်၏ လက်ချက်ဖြင့် အကြိမ်ကြိမ် ရှုံးနိမ့်မှုများကို ခံစားခဲ့ရပြီးနောက် ခုံးဝူတောက်အပေါ် သူ၏ မုန်းတီးမှုသည် ပြင်းထန်လာခဲ့သည်မှာ ကာလကြာရှည်နေခဲ့လေပြီ။ သူသည် ခုံးဝူတောက်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်စိတ်များ အဆက်မပြတ် ဖြစ်ပေါ်နေခဲ့၏။
"ရှန်းအာ... ခုံးဝူတောက်ရဲ့ခွန်အားက အပြင်ပန်းမှာ မြင်ရသလိုမျိုး ရိုးရှင်းတာမျိုး မဟုတ်ဘူး..."
ကောင်းကင်ပြာက ရုတ်တရက် သတိပေးလိုက်သည်။
"ရှေးဟောင်းမဟာတာအို အမှတ်အသား ထွက်ပေါ်မလာခင်မှာ မင်း စိတ်လိုက်မာန်ပါ လုပ်လို့မဖြစ်ဘူး..."
တုန်လှုပ်ချောက်ချား အင်မော်တယ်၏ ဝတ်ကျေတမ်းကျေအဖြေကို ကြည့်ရင်း ကောင်းကင်ပြာသည် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
သူမ၏စိတ်နှလုံးသားထဲတွင် ကံဆိုးမည့် ကြိုတင်ခံစားမှုတစ်ခု အမြဲတစေ ဝေဝါးစွာ ရှိနေခဲ့ပေ၏။
နောင်လာမည့် အဖြစ်အပျက်များသည် သူမ၏ မျှော်လင့်ချက်များထက် များစွာကျော်လွန်နေပုံ ရသည်။
..........
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပေ၏။
ဤတစ်လအတွင်း ကောင်းကင်ဘုံတာအိုနယ်မြေသည် ရှားပါးသော တိတ်ဆိတ်ငြိမ်သက်သည့် ကာလတစ်ခုသို့ ဝင်ရောက်သွားခဲ့သည်။
တခြားတာအိုနယ်မြေများမှ ပါရမီရှင်အများအပြားသည် တံခါးပိတ်ကျင့်ကြံနေကြပြီး အပြင်ဘက်တွင် မည်သူမျှ ပြဿနာ မရှာကြချေ။ သို့ရာတွင် လူတိုင်းတွင် မုန်တိုင်းကျရောက်တော့မည့် ခံစားချက်မျိုး ရှိနေကြပြီး အရာအားလုံးသည် မုန်တိုင်းမတိုင်မီ တိတ်ဆိတ်ငြိမ်သက်ခြင်းမျှသာ ဖြစ်သည်။
သို့သော် ဤတိတ်ဆိတ်ငြိမ်သက်သည့် ငုပ်လျှိုးနေသော ကာလအတွင်း မရေမတွက်နိုင်သော လူများကို တုန်လှုပ်သွားစေသည့် အရာတစ်ခု ရုတ်တရက် ဖြစ်ပွားခဲ့သည်။
အမည်မသိ နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ကိုး ကျွမ်းကျင်သူတစ်ဦး ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
သူသည် မရေမတွက်နိုင်သော ပါရမီရှင်များနှင့် ကျွမ်းကျင်သူများကို သားကောင်များအဖြစ် သတ်မှတ်ကာ ရူးသွပ်သော ကောင်းကင်ဘုံအမဲလိုက်ခြင်းကို စတင်ခဲ့သည်။
ဤအမည်မသိကျွမ်းကျင်သူမှ သတ်ဖြတ်လိုက်သော သက်ရှိများအတွက် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ အသက် မူလအစအားလုံးကို လုံးလုံးလျားလျား စုပ်ယူခြင်းခံလိုက်ရပြီး သူတို့၏တစ်ကိုယ်လုံးသည် အခွံလွတ်တစ်ခု ဖြစ်သွားသည်ဟု ဆိုကြ၏။
ထိုကဲ့သို့ ထူးဆန်းသည့် နည်းလမ်းက မရေမတွက်နိုင်သော ကျွမ်းကျင်သူများကို ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားစေခဲ့သည်။
တခြားတာအိုနယ်မြေများမှ ထိပ်တန်း ပါရမီရှင် အများအပြားက ထိုကဲ့သို့ နည်းလမ်းသည် ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများမှ လူများ လေ့ကျင့်သော ကျင့်စဉ်နှင့် မတူညီကြောင်း ဆိုကြသည်။
ထို့ပြင် ထိုအရာသည် ဒဏ္ဍာရီလာ ပြင်ပနယ်မြေ မှ နတ်ဆိုးနတ်ဘုရားများနှင့် အလွန်ဆင်တူနေသည်။
ထို့ကြောင့် ဤကိစ္စသည် ပို၍ပို၍ ထူးဆန်းလာခဲ့ပေ၏။
မရေမတွက်နိုင်သော ကျွမ်းကျင်သူများက ဤအမည်မသိ နတ်ဘုရားဘုရင်ကို ကောင်းကင်ဘုံ တာအိုနယ်မြေသို့ စိမ့်ဝင်လာသော ပြင်ပနယ်မြေ မှ နတ်ဆိုးနတ်ဘုရားတစ်ပါးအဖြစ် သတ်မှတ်လိုက်ကြတော့သည်။
အင်မော်တယ် သင်္ဘောအတွင်း၌ ပလ္လင်ခွေ ထိုင်နေသော ခုံးဝူတောက်၏နံဘေးပတ်လည်တွင် နက်ရှိုင်းသော အနက်ရောင် နတ်ဆိုးချီအမျှင်များ ဝန်းရံနေသည်။
ထိုအနက်ရောင်နတ်ဆိုးချီအတွင်း၌ ပါဝင်နေသော အာဏာရှင်ဆန်သည့် အန္တရာယ်သည် ချောက်နက်ကြီးထဲမှ နတ်ဆိုးနတ်ဘုရားတစ်ပါးနှင့် တူညီနေသည်။
ဝီ...
မမြင်နိုင်သော အရှိန်အဝါတစ်ရပ်က ခုံးဝူတောက်၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်နှင့် သူ့ကို ဝန်းရံနေသော နတ်ဆိုးချီ သည် ဝဲကတော့တစ်ခုကဲ့သို့ ချက်ချင်းလည်ပတ်သွားသည်။ ထိုအရာများသည် သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားကာ လုံးလုံးလျားလျား တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
"ကောင်းကင်ဝါးမြို နတ်မိစ္ဆာသွေးမှာ ဒီလို နတ်ဘုရားစွမ်းရည်မျိုး ရှိနေလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး..."
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားရင်း ခုံးဝူတောက်၏နှုတ်ခမ်းထောင့်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤတစ်လအတွင်း သူသည် လင်းလုံကို ဖော်စပ်ခြင်းမှ ရရှိသော ပြိုင်ဘက်ကင်း အားဖြည့်ဆေး ကို စုပ်ယူကာ သူ၏ နယ်ပယ်ကို နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ခုနစ်သို့ အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။ ထိုမျှသာမက သူ၏ ရုပ်ခန္ဓာကိုယ်တိုးတက်မှုကို မြှင့်တင်ရန် သူ စုဆောင်းထားသော ကောင်းကင်ကံကြမ္မာအမှတ် အားလုံးကိုလည်း အသုံးပြုခဲ့ပေ၏။
သဘာဝကျကျပင် ခုံးဝူတောက်သည် စုဆောင်းထားသော ကောင်းကင်ဘုံများအမဲလိုက်ခြင်း အခွင့်အရေးအားလုံးကိုလည်း အသုံးပြုခဲ့သည်။
သူသည် ရှားပါးရတနာများ မရရှိခဲ့သော်လည်း မဟာတာအို အပိုင်းအစ အများအပြားကို ရရှိခဲ့သည်။
ဤမဟာတာအိုအပိုင်းအစများနှင့် အောင်မြင်စွာ ပေါင်းစပ်ခြင်းကို ပြီးမြောက်ပြီးနောက် မဟာတာအိုသုံးထောင်အပေါ် သူ၏ ထိန်းချုပ်မှုမှာ ပို၍ပင် အားကောင်းလာပေ၏။
[လက်ခံသူ .ခုံးဝူတောက်
နယ်ပယ်...နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ခုနစ် (ထူးကဲ နတ်ဘုရားဘုရင်)
ရုပ်ခန္ဓာကိုယ် ..ဟင်းလင်းပြင်ဖရိုဖရဲခန္ဓာကိုယ်.. ၁၅၀၀၀ / ၉၉၉၉၉၉
မူလအစအချိန်လေဟာနယ် နတ်ဘုရားသူငယ်အိမ်...၂၀၀၀၀ / ၉၉၉၉၉၉
ကောင်းကင်ဝါးမြို နတ်မိစ္ဆာသွေး... ၂၀၀၀၀ / ၉၉၉၉၉၉
မူလဘူတ တာအိုအရိုး...၂၀၀၀၀ / ၉၉၉၉၉၉
မဟာတာအို သုံးထောင် အမဲလိုက်ခြင်း တိုးတက်မှု....
ဓားမဟာတာအို...၃၆၈၀၀ / ၉၉၉၉၉၉
မီးမဟာတာအို...၁၅၆၃၀ / ၉၉၉၉၉၉
ဆေးပညာမဟာတာအို...၄၅၉၀ / ၉၉၉၉၉၉
ဟင်းလင်းပြင် မဟာတာအို...၁၄၇၅၀ / ၉၉၉၉၉၉
.........
အလယ်တွင် ချန်လှပ်ထားသည်.....
ကောင်းကင်ကံကြမ္မာအမှတ်...၂၅၅၀]
ဤကာလအတွင်း သူ စုဆောင်းထားသော သောင်းနှင့်ချီသည့် ကောင်းကင်ကံကြမ္မာအမှတ် များထဲမှ ထောင်ဂဏန်း အနည်းငယ်သာ ကျန်ရှိတော့သည်ကို မြင်လိုက်ရသောအခါ ခုံးဝူတောက်သည် အနည်းငယ် နှမြောသွားခဲ့၏။
သို့သော် သူ အကျိုးအမြတ် မရှိခဲ့သည်တော့ မဟုတ်ချေ။
သူ၏ ရုပ်ခန္ဓာကိုယ်တိုးတက်မှုကို မြှင့်တင်ပြီးနောက် ခုံးဝူတောက်သည် ကောင်းကင်ဝါးမြို နတ်မိစ္ဆာသွေး၏ ရုပ်ခန္ဓာကိုယ် နတ်ဘုရားစွမ်းရည်ဖြစ်သော အသင်္ချေနတ်ဆိုးနတ်ဘုရားအသွင်များကို အောင်မြင်စွာ နိုးထနိုင်ခဲ့သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ထိုအရာသည် ကောင်းကင်ဝါးမြို နတ်မိစ္ဆာသွေးအတွင်းရှိ နတ်ဆိုးနတ်ဘုရားစွမ်းအားကို ထုတ်လွှတ်လိုက်ခြင်းဖြစ်ပြီး နတ်ဆိုးလမ်းစဉ်စွမ်းအားကို ပြီးပြည့်စုံစွာ ထိန်းချုပ်ကာ နတ်ဆိုးနတ်ဘုရား ပုံစံအဖြစ် အသွင်ပြောင်းနိုင်စေခြင်းပင်။
"ကောင်းကင်ဝါးမြို နတ်မိစ္ဆာသွေးကို နိုးထစေတာက နတ်ဆိုးနတ်ဘုရားနဲ့ ကောင်းကင်နတ်ဘုရားပုံစံ နှစ်မျိုးလုံးကို နိုးထစေနိုင်တယ်လို့ ငါ ကြားဖူးတယ်..."
"ငါက ဒီလောက်ထိ လူကောင်းတစ်ယောက် ဖြစ်နေတာကို... အလင်းရောင်ကို ကိုယ်စားပြုတဲ့ ကောင်းကင်နတ်ဘုရားပုံစံကို ဘာလို့ အရင် မနိုးထခဲ့တာလဲ... ဘာလို့ နတ်ဆိုးနတ်ဘုရားပုံစံကို အရင် နိုးထခဲ့တာလဲ..."
ခုံးဝူတောက်သည် နတ်ဆိုးလမ်းစဉ်ကို အမှန်အားဖြင့် မုန်းတီးခြင်း မရှိခဲ့ချေ။
သူသည် အနက်ရောင်ကို သိပ်မကြိုက်ရုံမျှသာ ဖြစ်ပေ၏။
ထိုသို့မဟုတ်လျှင် သူသည် အဖြူရောင် အဝတ်အစားများကို ဝတ်ဆင်နေမည် မဟုတ်ဘဲ အနက်ရောင်ဝတ်ရုံကိုသာ ဝတ်ဆင်နေပေမည်။
ထို့ပြင် ဤ နတ်ဆိုးနတ်ဘုရား စွမ်းအားသည် အမှန်တကယ်ကို အနည်းငယ် ထူးဆန်းနေသည်။
ထိုအရာသည် သူ သိထားသည့်အတိုင်း ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများ မှ ကျင့်ကြံသူများ ကျင့်ကြံသော နတ်ဆိုးလမ်းစဉ်မျိုး မဟုတ်ချေ။
ထိုသို့မဟုတ်ဘဲ ထိုအရာသည် ပြင်ပနယ်မြေမှ လာဟန်ရှိသော ပို၍ထူးဆန်းသည့် နတ်ဆိုးလမ်းစဉ် အမျိုးအစားတစ်ခု ဖြစ်ပေ၏။
ဤစွမ်းအားသည် ထူးဆန်းလွန်းသောကြောင့် ခုံးဝူတောက်က အထူးအာရုံစိုက်ခဲ့ခြင်းလည်း ဖြစ်သည်။
ဤထူးဆန်းသော နတ်ဆိုးနတ်ဘုရားစွမ်းအားကို ပြုပြင်မွမ်းမံထားသော တိမ်တိုက်ကောင်းကင် ရုပ်သေးရုပ်ထံသို့ သူ ထည့်သွင်းပေးလိုက်သည်။
ထို့နောက် သူ၏ အချိန်လေဟာနယ် တားမြစ်နယ်မြေကို ရန်လိုသော အင်အားစုများမှ ပါရမီရှင်တချို့ကို လိုက်လံ၍ အမဲလိုက်ခိုင်းခဲ့သည်။
ထို့နောက် ချက်ချင်းပင် ခုံးဝူတောက်၏ အကြည့်များသည် သူ၏ရှေ့ရှိ တိမ်တိုက်ကောင်းကင် ရုပ်သေးရုပ်ပေါ်သို့ ကျရောက်သွားပေ၏။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးချီတစ်ခုသည် ရုပ်သေးရုပ်၏ခန္ဓာကိုယ်၌ ပျံ့နှံ့နေပြီး ခေါင်းမှခြေဖျားအထိ အလွန်မကောင်းဆိုးဝါးဆန်သော ခံစားချက်ကို ပေးစွမ်းနေသည်။
ကျင့်ကြံသူများစွာ၏ မူလအစ ချီစွမ်းအင်များကို စုပ်ယူထားသောကြောင့် ဖြစ်နိုင်ပြီး ဤ ရုပ်သေးရုပ်၏ အရှိန်အဝါသည် ယခင် နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ကိုးမှ ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ်သို့ လုံးလုံးလျားလျား ဝင်ရောက်သွားခဲ့လေပြီ။
ထိုကဲ့သို့ မြန်ဆန်သည့် ကျင့်ကြံဆင့်ချိုးဖျက်မှုအရှိန်နှုန်းက ခုံးဝူတောက်ကို အလွန်အမင်း အံ့အားသင့်သွားစေခဲ့သည်။
ဤနတ်ဆိုးနတ်ဘုရားစွမ်းအားသည် သူ့အတွက် ထူးဆန်းသည်ဟု ခံစားရသော်လည်း အကယ်၍ ထိုအရာကို သူ ပြီးပြည့်စုံစွာ အသုံးပြုနိုင်ပါက သူ့အတွက် ကြီးမားသော အကူအညီတစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။
တခြားတစ်ခုခုကို တွေးမိသွားသည့်အလား စိတ်ကူးတစ်ခုက ရုတ်တရက် ခုံးဝူတောက်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
"ဒီရုပ်သေးရုပ်ကို ငါက ပြုပြင်မွမ်းမံထားပြီးတော့ ငါ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့ အပြည့်အဝ ထိန်းချုပ်ထားတယ်... အဲ့ဒီအရာက ငါ့ဆီမှာရှိတဲ့ ကောင်းကင်ဝါးမြို နတ်မိစ္ဆာသွေးရဲ့ စွမ်းအားကိုလည်း သယ်ဆောင်နိုင်တယ်..."
"အခုကစပြီး... ငါ့ရဲ့ အသင်္ချေနတ်ဆိုးနတ်ဘုရားအသွင်တွေအတွက် ကြားခံတစ်ခုအနေနဲ့ အဲ့ဒါကို တိုက်ရိုက်မသုံးဘဲ ငါ့ရဲ့ကိုယ်စား လှုပ်ရှားခိုင်းလိုက်ရင် မကောင်းဘူးလား..."
မည်သို့ပင်ဆိုစေကာမူ နတ်ဆိုးနတ်ဘုရား စွမ်းအားသည် အလွန်ထူးဆန်းလွန်းပေ၏။
အတွေ့အကြုံရှိသော ရှေးဟောင်းကျွမ်းကျင်သူများသည် ဤစွမ်းအားက ပြင်ပနယ်မြေမှ လာကြောင်းကို အနည်းငယ် အာရုံခံလိုက်ရုံဖြင့် သိနိုင်ကြသည်။
ပြင်ပနယ်မြေသည် သဘာဝအားဖြင့် ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများ၏ ကြီးမားသော ရန်သူတစ်ဦးဖြစ်ပြီး ကောင်းကင်ဘုံမှ မရေမတွက်နိုင်သော သက်ရှိများ၏ မုန်းတီးခြင်းနှင့် ရန်လိုခြင်းကို ခံရသည်။
သူ့ထံတွင် အချိန်လေဟာနယ် တားမြစ်နယ်မြေ ကို ကျောထောက်နောက်ခံအဖြစ် ရှိထားပြီး မည်သည့် ခြိမ်းခြောက်မှုကိုမျှ ကြောက်ရွံ့ရန် မလိုအပ်ချေ။ သို့ရာတွင် အကယ်၍ ပုန်းကွယ်နေသော ပုဂ္ဂိုလ်များက ဤအရာကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုပြီး ကြီးကြီးမားမား ပြဿနာရှာမည်ဆိုပါက အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဂုဏ်သိက္ခာကို အနည်းနှင့်အများ သက်ရောက်မှု ရှိစေပေလိမ့်မည်။
ထို့ကြောင့် သန့်ရှင်းပြီး ပြတ်သားသော အစီအမံတချို့ကို လုပ်ဆောင်ကာ ဤစွမ်းအားကို ထိုရုပ်သေးရုပ်အပေါ်သို့ ခွဲဝေပေးလိုက်ခြင်းက ပိုကောင်းပေမည်။
အနာဂတ်တွင် ဤရုပ်သေးရုပ်၏ ခွန်အားများ တိုးတက်လာပြီး မဟာဧကရာဇ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားချိန်၌ ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများတွင် သူ တစ်ယောက်ယောက်ကို မကြိုက်လျှင် မည်သည့် အကြောင်းပြချက်မျှ လိုအပ်မည် မဟုတ်ချေ။
သူတို့၏ မျိုးဆက်ကိုးဆက်လုံး အမြစ်ပြတ်သတ်ဖြတ်ရန် ဤရုပ်သေးရုပ်ကို သူ ခြယ်လှယ်လိုက်ရုံသာ ဖြစ်သည်။
တစ်စုံတစ်ယောက်က တမင်သက်သက် စုံစမ်းစစ်ဆေးမည်ဆိုလျှင်တောင် သူတို့သည် အဆုံးသတ်တွင် သူ့ဆီ ပြန်ရောက်လာမည် မဟုတ်ဘဲ တရားခံသည် ပြင်ပနယ်မြေမှ နတ်ဆိုးနတ်ဘုရား တစ်ပါးဖြစ်သည်ဟုသာ ယုံကြည်ကြပေမည်။
ပြင်ပနယ်မြေမှ နတ်ဆိုးနတ်ဘုရားများ သတ်ဖြတ်လိုက်သော လူများက လူကောင်း တစ်ယောက်ဖြစ်သည့် သူ ခုံးဝူတောက်နှင့် ဘာဆိုင်လို့လဲ...