အခန်း (၁၅၃-၁၅၄)
Vol. 16 Ch. 153-154
အခန်း (၁၅၃) ပြင်ပနယ်မြေရဲ့ အကြံအစည်၊ နတ်ဘုရားတောင် လောကသို့ ဆင်းသက်လာခြင်း
ခုံးဝူတောက် မသိခဲ့သည့်အရာမှာ သူသည် သူ၏ ရုပ်ခန္ဓာကိုယ် နတ်ဘုရားစွမ်းရည်ဖြစ်သော အသင်္ချေနတ်ဆိုးနတ်ဘုရားအသွင်များကို အသုံးပြုခဲ့သောအခါ အဝေးရှိ မှောင်မိုက်သော ပြင်ပနယ်မြေမှ အမည်မသိ ကျွမ်းကျင်သူအများအပြားသည် ဤစွမ်းအားကို အာရုံခံမိနေပြီ ဖြစ်ကြောင်းပင်။
"ဒီအရှိန်အဝါက... နတ်ဆိုးနတ်ဘုရား စွမ်းအားလား..."
"ကောင်းကင်ဘုံတွေနဲ့ အသင်္ချေနယ်မြေတွေမှာ နတ်ဆိုးနတ်ဘုရားစွမ်းအား ဘယ်လိုလုပ်ပြီး ရှိနေနိုင်မှာလဲ..."
"ဝါးမြိုခြင်းတားမြစ်နယ်မြေရဲ့ သူတော်စင်နန်းတော် သခင်တွေက အဲ့ဒီတုန်းက မသေခဲ့ဘဲနဲ့ လောကကို ပြန်ရောက်လာတာများလား..."
"ကောင်းကင်ဘုံတွေနဲ့ အသင်္ချေနယ်မြေတွေအားလုံးကို ကြည့်မယ်ဆိုရင် နတ်ဆိုးနတ်ဘုရားရဲ့စွမ်းအားကို အမိန့်ပေးနိုင်တဲ့ အဲ့ဒီသူတော်စင်နန်းတော်သခင်တွေသာ ငါတို့ရဲ့ပြင်ပနယ်မြေက သီးသန့်ဖြစ်တဲ့ နတ်ဆိုးနတ်ဘုရားစွမ်းအားကို အသုံးပြုနိုင်တာလေ..."
"မဖြစ်နိုင်ဘူး... ကောင်းကင်ဘုံတွေနဲ့အသင်္ချေနယ်မြေတွေရဲ့ တားမြစ်နယ်မြေဆယ့်ခြောက်ခုက အချိန်လေဟာနယ် တားမြစ်နယ်မြေတစ်ခုတည်းအဖြစ် ကျုံ့သွားခဲ့တာ ကြာပြီ... ကြီးမားတဲ့ ထိတ်လန့်ဖွယ်ရာတစ်ခုကို ခံစားခဲ့ရတဲ့ ဝါးမြိုခြင်း တားမြစ်နယ်မြေကို မဆိုထားနဲ့... တခြားတားမြစ်နယ်မြေတွေအားလုံးက လေထဲမှာ ပျောက်ကွယ်သွားခဲ့ပြီလေ..."
"ဖြစ်နိုင်တာတော့ ဒီကိစ္စကို ငါတို့ အထင်လွဲသွားတာ ဖြစ်မယ်... ထပ်တွေးနေစရာ မလိုတော့ဘူး..."
ထိုအချိန်မှာပင် အက်ရှပြီး ရှေးကျသော အသံတစ်သံက ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။
"မြေအောက်ကမ္ဘာတိုင်းပြည်ရဲ့ အစီအစဉ် ကျရှုံးသွားတယ်လို့ ငါ ကြားတယ်... သူတို့က အချိန်လေဟာနယ် တားမြစ်နယ်မြေကို စောင့်ကြည့်ဖို့ နေလနတ်ဘုရားအင်ပါယာကို အောင်မြင်အောင် မထိန်းချုပ်နိုင်ခဲ့ဘူးတဲ့..."
"ဒီလို အရေးမပါတဲ့ ကိစ္စတွေထက် အချိန်လေဟာနယ် တားမြစ်နယ်မြေကို ပိုထိရောက်ပြီး လုံခြုံအောင် ဘယ်လို စောင့်ကြည့်ရမလဲဆိုတာကို ငါတို့ အာရုံစိုက်သင့်တယ်..."
ထိုအသံ ကျဆင်းသွားသည်နှင့် အမည်မသိ အသံတချို့သည် အခြားတစ်ခုခုကို အကြံအစည် ထုတ်နေသည့်အလား လျင်မြန်စွာ တိတ်ဆိတ်သွားလေ၏။
..........
ကောင်းကင်ဘုံ တာအိုနယ်မြေ...
တစ်လကြာ တိတ်ဆိတ်ငြိမ်သက်မှုသည် နောက်ဆုံးတွင် ကျိုးပဲ့ပျက်စီးသွားခဲ့သည်။
တိတ်ဆိတ်နေသော လောကကြီးသည် ရုတ်တရက် တုန်ယင်လာခဲ့ပေ၏။
မှော်အက္ခရာများ ပြောင်းပြန်ဆူပွက်လာပြီး ကောင်းကင်အလင်းတန်းများ ကျဆင်းလာသည်။
တာအိုနယ်မြေတစ်ခုလုံးသည် ရှေးဟောင်း စွမ်းအားများ ပြန်လည်နိုးထလာပြီး ကောင်းကင်ယံကို ဖုံးလွှမ်းနေသည့် သဘာဝလွန်ဖြစ်စဉ်များ မရေမတွက်နိုင်အောင် ထွက်ပေါ်လာကာ နှစ်ရက်တိတိ ကြာမြင့်ခဲ့သည်။
နှစ်ရက်အကြာတွင်...
ဝုန်း...
ဧရာမ ပေါက်ကွဲသံကြီးတစ်သံက ကောင်းကင်နှင့်မြေကြီးတွင် ပဲ့တင်ထပ်သွားသည်။
မိုးကုတ်စက်ဝိုင်းအစွန်းရှိ မြေပြင်သည် ပြိုလဲကျသွားပြီး အောက်ခြေမရှိသော ချောက်နက်အက်ကွဲကြောင်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဝီ...
ချောက်နက်အက်ကွဲကြောင်းထဲမှ တောက်ပသော နတ်ဘုရား အလင်းတန်း သန်းရာနှင့်ချီ၍ တလိမ့်လိမ့်ထွက်ပေါ်လာသည်။
မရေမတွက်နိုင်သည့် လူများ၏ ထိတ်လန့်တကြားအကြည့်များကြားတွင် တာအိုအက္ခရာများဖြင့် ရစ်ပတ်ထားပြီး ကောင်းကင်တိုင်အောင် မြင့်မားပုံရသော ပုံရိပ်ယောင် နတ်ဘုရားတောင် တစ်လုံးသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ရုတ်တရက် ခမ်းနားကြီးကျယ်စွာ ထွက်ပေါ်လာခဲ့ပေ၏။
မိုးထိအောင် မြင့်မားသော နတ်ဘုရားတောင်ကြီးသည် ရတနာအလင်းရောင်များဖြင့် တောက်ပနေပြီး အဖြူရောင်မြူခိုးအမျှင်များက တောင်၏နံဘေးပတ်လည်တွင် လှည့်ပတ်နေကာ လှပပြီး သိမ်မွေ့နေပုံ ပေါ်လွင်စေခဲ့သည်။
အမည်မသိ စွမ်းအားများ ပြည့်နှက်နေသော အဖြူရောင်မြူခိုးများသည် နတ်ဘုရားတောင်ကို ဗဟိုပြုကာ မိုင်သောင်းနှင့်ချီ ကျယ်ဝန်းသော ဧရိယာကို လွှမ်းခြုံထားသည့် ဧရာမ ကောင်းကင်နှင့်မြေကြီး ကွန်ရက်ကြီးတစ်ခုအလားပင်။
အဖြူရောင်မြူခိုးများ၏ အကွာအဝေးအတွင်းတွင် အရာအားလုံးသည် လုံးလုံးလျားလျား ဝါးမြိုခြင်းခံလိုက်ရသည်။
မြူခိုးအတွင်းရှိ ကျင့်ကြံသူများဖြစ်စေ သစ်ပင်ပန်းမန်များ အင်းဆက်များနှင့် ငါးများ ဖြစ်စေ သူတို့အားလုံးသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု၏ တိုက်စားခြင်းကို ခံလိုက်ရပုံရသည်။ ထိုအရာများသည် အဖြူရောင် မီးခိုးငွေ့များအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားကာ ကျယ်ပြန့်သော အဖြူရောင် မြူခိုးများနှင့် လုံးလုံးလျားလျား ပေါင်းစပ်သွားတော့သည်။
ဤဧရိယာရှိ သက်ရှိအားလုံး လုံးလုံးလျားလျား ပျောက်ကွယ်သွားချိန်၌ ရှေးဟောင်းအရှိန်အဝါများ ထုတ်လွှတ်နေသည့် ထူးဆန်းသော ပုံစံရှိ အမည်မသိ စိတ်ဝိညာဉ်သစ်သားများနှင့် အင်မော်တယ်သစ်ပင်များ ပေါက်ရောက်လာပေ၏။
အဝေးမှကြည့်မည်ဆိုပါက အဖြူရောင်မြူခိုးများ ဖုံးလွှမ်းနေသော ဧရိယာသည် လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးကျသော လိုက်ဖက်မှုမရှိသည့် နယ်မြေတစ်ခု ချက်ချင်းဖြစ်လာခဲ့သည်။
"အဲ့ဒီ အမည်မသိနတ်ဘုရားတောင်က ရှေးဟောင်းမဟာတာအို အမှတ်အသားကို ဖုံးကွယ်ထားတာ သေချာတယ်..."
"ဒီမိုးလောက်မြင့်မားတဲ့ အခွင့်အရေးကို ငါ့အတွက် ရအောင်ယူမယ်..."
လျှို့ဝှက်ဆန်းကြယ်သော ဧရိယာနှင့် မဝေးလှသည့် ကျင့်ကြံသူတချို့သည် အစပြုလုပ်ဆောင်ရန် အခွင့်အရေးတစ်ခု ရရှိခဲ့သည်ဟု ခံစားလိုက်ရ၏။
သူတို့သည် နတ်ဘုရားသက်တံတစ်စင်းအဖြစ် ချက်ချင်းအသွင်ပြောင်းသွားပြီး အဖြူရောင် မြူခိုးများ ဖုံးလွှမ်းနေသော ဧရိယာဆီသို့ ဦးတည်သွားကြတော့သည်။
သို့သော် ဤကျင့်ကြံသူများသည် အဖြူရောင် မြူခိုး ဧရိယာထဲသို့ ဝင်ရောက်ပြီး မကြာမီမှာပင် ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခုခုကို မြင်တွေ့လိုက်ရသည့်အလား မျှော်လင့်ချက်မဲ့ပြီး စူးရှသောအသံဖြင့် ညည်းတွားလိုက်ကြ၏။
"သေစမ်း... ဒါက ဘာကောင်ကြီးလဲ..."
"မလာနဲ့... မလာနဲ့..."
အဖြူရောင်မြူခိုးများသည် ပြင်းထန်စွာ တလိမ့်လိမ့်ထလာပြီး တစ်စုံတစ်ယောက်သည် ထိုအထဲတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည့်အလားပင်။
သို့သော် မကြာမီမှာပင် အခြေအနေသည် ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားသည်။
ဝင်ရောက်သွားသူများသည် ကြီးမားသော ထိတ်လန့်ဖွယ်ရာတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး လုံးလုံးလျားလျား သေဆုံးသွားပြီဟု မရေမတွက်နိုင်သော ကျင့်ကြံသူများ ထင်နေကြစဉ်မှာပင်...
"ငါ့ကို ကယ်ကြပါဦး..."
သတ္တဝါတစ်ကောင်က သူ၏ခန္ဓာကိုယ် တစ်ဝက်ကို ဆွဲဖြဲသွားခဲ့သော သူတော်စင်နန်းတော် သခင်တစ်ဦးသည် အဖြူရောင် မြူခိုးများထဲမှ ရုတ်တရက် ပြေးထွက်လာခဲ့သည်။
သူ၏ သွေးစွန်းနေသော လက်သည် အပြင်ဘက်သို့ မျှော်လင့်ချက်မဲ့သော အမူအယာဖြင့် ဆန့်ထုတ်ထားပေ၏။
သူ၏ နာကျင်ပြီး မျှော်လင့်ချက်မဲ့နေသော မျက်လုံးများသည် တစ်စုံတစ်ယောက်က သူ့ကို ကယ်တင်ရန် အသနားခံနေပုံရသည်။
ဝုန်း...
သို့သော် ဧရာမအနက်ရောင် ရေဘဝဲလက်တံကြီးတစ်ခုသည် အဖြူရောင်မြူခိုးများထဲမှ ရုတ်တရက် ထွက်ပေါ်လာပြီး သူတော်စင်နန်းတော်သခင်၏ ရင်ဘတ်ကို တိုက်ရိုက်ထိုးဖောက်သွားတော့သည်။
သူ၏ မျှော်လင့်ချက်မဲ့ပြီး စူးရှသော ညည်းတွားသံများကြားတွင် သူသည် အဖြူရောင် မြူခိုးများထဲသို့ ပြန်လည်ဆွဲသွင်းခံလိုက်ရပြီး အသံများအားလုံး လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။
သို့သော် အာရုံခံနိုင်စွမ်းကောင်းသော နားများရှိသူတချို့ကမူ ထိုအရာကို အမှန်တကယ် ကြားနိုင်ခဲ့ကြသည်။
ကြောက်မက်ဖွယ်ကောင်းသော ရေဘဝဲလက်တံ ထွက်ပေါ်လာသည့် တစ်ချိန်တည်းမှာပင် ထူးဆန်းသော ဝါးစားသံတစ်သံက အဖြူရောင် မြူခိုးများထဲမှ သဲ့သဲ့လေးထွက်ပေါ်လာပေ၏။
ရုတ်ချည်းဆိုသလိုပင် ဤမြင်ကွင်းကို မျက်မြင်တွေ့ရှိခဲ့ရသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည် မိုးကြိုးငါးချက် ပစ်ခတ်ခံလိုက်ရသကဲ့သို့ သူတို့၏ဦးရေပြားများ ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။ သူတို့သည် လုံးလုံးလျားလျား တွေဝေမိန်းမောသွားကာ နေရာမှာပင် အမြစ်တွယ်သွားကြ၏။
အစပြုလုပ်ဆောင်ရန် သတိထားရမည့် အတွေးများ ရှိနေသော ကျွမ်းကျင်သူအများအပြားသည် မသိစိတ်အရ နောက်ဆုတ်သွားကြပြီး အဖြူရောင်မြူခိုးများ ဖုံးလွှမ်းနေသော ဧရိယာမှ အလျင်အမြန် ဆုတ်ခွာသွားကြတော့သည်။
"အဲ့ဒီ နတ်ဘုရားတောင်က ရှေးဟောင်းမဟာတာအို အမှတ်အသား ပုန်းကွယ်နေတဲ့နေရာ ဖြစ်နိုင်တယ်မဟုတ်လား... အဲ့ဒီအထဲမှာ တခြား မကောင်းဆိုးဝါးတွေ ပုန်းနေပုံရတယ်..."
"ခုဏက အဲ့ဒီထူးဆန်းတဲ့ ရေဘဝဲလက်တံကြီး ဆွဲသွားတာကို ခံလိုက်ရတဲ့သူက သစ်သားတစ်ရာ သူတော်စင်နန်းတော်ရဲ့ သူတော်စင်နန်းတော် သခင်ပဲ.... သူ့ရဲ့ကျင့်ကြံခြင်းက နတ်ဘုရားဘုရင်နယ်ပယ်ကို ရောက်နေပြီ...သူက ဒီလိုမျိုး ရှင်းပြလို့မရနိုင်လောက်အောင် သေဆုံးသွားခဲ့ရတယ်..."
"လက်ရှိဧရိယာက အဖြူရောင်မြူခိုးတွေ ဖုံးလွှမ်းနေတဲ့ အကွာအဝေးပဲ ရှိသေးတယ်... ဗဟိုနတ်ဘုရားတောင်ကနေ အနည်းဆုံး မိုင်သောင်းနဲ့ချီပြီး ဝေးသေးတယ်... အဲ့ဒီ အမည်မသိ မကောင်းဆိုးဝါးတွေက နတ်ဘုရားတောင်ရဲ့ အစောင့်အရှောက်တွေဖြစ်ဖို့ အရမ်းများတယ်..."
"နတ်ဘုရားတောင်ထဲကိုဝင်ဖို့ မိုင်သောင်းနဲ့ချီတဲ့ အဖြူရောင်မြူခိုးတွေကို ဖြတ်သွားရမယ်... နတ်ဘုရားဘုရင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်တောင် ဝင်ဝင်ချင်း သေသွားတာ... ဘယ်သူက ဝင်နိုင်မှာလဲ..."
"ငါတို့ ဝင်လို့မရရင်လည်း ထားလိုက်တော့... တခြားတာအိုနယ်မြေတွေက ပါရမီရှင်တွေအများကြီးက ငါတို့ ကောင်းကင်ဘုံ တာအိုနယ်မြေသို့ ရောက်လာကြတယ် မဟုတ်လား... ပြပွဲကောင်းတစ်ခုကို ကြည့်ကြတာပေါ့..."
..........
ကောင်းကင်ပြာ ဓားတောင်...
ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒဖြင့် ဖွဲ့စည်းထားသည့် နတ်ဘုရားတိုင်လုံးကြီးတစ်ခုသည် ဟင်းလင်းပြင်၏ ကျယ်ပြန့်သော အစိတ်အပိုင်းကို ထိုးဖောက်ကာ မိုးကောင်းကင်သို့ မြင့်တက်သွားခဲ့၏။
ဤနေရာကို ဗဟိုပြု၍ မိုင်သောင်းနှင့်ချီ ပတ်လည်ရှိ ရှေးဟောင်းဓားများသည် ပဲ့တင်ထပ်ကာ တဝုန်းဝုန်းထလာခဲ့သည်။
အဖြူရောင်ဝတ်ရုံများ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် ဟင်းလင်းပြင်တွင် မတ်တတ်ရပ်နေပြီး သူ၏တစ်ကိုယ်လုံးတွင် ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
"ဓား... လာခဲ့စမ်း..."
စူးရှသော အော်ဟစ်သံတစ်သံက ကောင်းကင်ကို ထိုးဖောက်သွားပြီး ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော ဓားချီများက သူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့သည်။
နောက်တခဏတွင် အရပ်မျက်နှာအဘက်ဘက်မှ မရေမတွက်နိုင်သော ရှေးဟောင်းဓားများ စုစည်းလာပြီး သူ၏ခန္ဓာကိုယ်ကို ဝန်းရံထားသော တလိမ့်လိမ့်ထပြီး ကြမ်းတမ်းသည့် ဓားမြစ်ကြီးတစ်စင်းအဖြစ် ဖန်တီးလိုက်၏။
ဝုန်း... ဝုန်း... ဝုန်း...
ကောင်းကင်ကြီး ပြင်းထန်စွာ တုန်ယင်သွားပြီး ဓားချီအလင်းတန်းများက မိုးကောင်းကင်ယံကို လင်းထိန်သွားစေခဲ့သည်။
မိုင်ထောင်ပေါင်းများစွာ နံဘေးပတ်လည်ရှိ ဧရိယာတစ်ခုသည် တောက်ပသော ဓားချီအလင်းတန်းများကြောင့် တောက်ပသွားတော့သည်။
"အခုဆို အပူအပင်မဲ့ဓားသခင်ရဲ့ ကျင့်ကြံခြင်းက ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်ခုနစ်ကို ချိုးဖျက်သွားရုံတင်မကဘူး ကမ္ဘာဦးဓားအရိုးငါးခုလုံးကိုလည်း အသွင်ပြောင်းခြင်း ပြီးမြောက်သွားပြီ... သူ့ရဲ ခွန်အားက အရည်အသွေးပိုင်းဆိုင်ရာ တိုးတက်မှုကို မြင်တွေ့နေရပြီ..."
"ရှေးဟောင်းမဟာတာအို အမှတ်အသားက အပူအပင်မဲ့ဓားသခင်ရဲ့အရာ သေချာပေါက် ဖြစ်လာမှာပဲ..."
လွှမ်းမိုးလာသော ဓားချီရေစီးကြောင်းကြီးကို ခံစားရင်း အပူအပင်မဲ့ဓားသခင်၏ နောက်ကွယ်ရှိ မရေမတွက်နိုင်သော ကျွမ်းကျင်သူများတွင် လေးစားအားကျမှုများဖြင့် ပြည့်နှက်နေသည်။
ယခုချိန်၌ သူတို့၏အမြင်အရ မကြာသေးမီကမှ နာမည်ကြီးလာသော ခုံးဝူတောက်ပင်လျှင် လက်ရှိ အပူအပင်မဲ့ဓားသခင်နှင့် နှိုင်းယှဉ်ပါက မှေးမှိန်သွားပေလိမ့်မည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒသည် အပူအပင်မဲ့ဓားသခင်၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း ပြန်ဝင်သွားပေ၏။ ထို့နောက် သူက သူ၏နောက်ကွယ်ရှိ နောက်လိုက်များကို ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
"နတ်ဘုရားတောင်က ထွက်ပေါ်လာပြီ... သွားကြစို့... ငါတို့ ထွက်ခွာရမယ့် အချိန်ရောက်ပြီ..."
အလင်းတန်းတချို့ ကောင်းကင်သို့ မြင့်တက်သွားသည်။ အပူအပင်မဲ့ဓားသခင်သည် ကောင်းကင်ဓားဂိုဏ်းအစုအဖွဲ့ကို ဦးဆောင်ကာ နတ်ဘုရားတောင်ဆီသို့ အလျင်အမြန် ပြေးထွက်သွားတော့သည်။
"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်လား..."
"မင်းနဲ့ တွေ့ရမယ့် အချိန်ရောက်ပြီ..."
တလိမ့်လိမ့်ထနေသော တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒတစ်ခုက အပူအပင်မဲ့ဓားသခင်၏ မျက်လုံးများတွင် တောက်ပသွားပေ၏။
ခုံးဝူတောက်က ဓားတစ်ချက်တည်းဖြင့် နတ်ဘုရားသိုင်းဂိုဏ်းမှ ဆယ်နှင့်ချီသော ကျွမ်းကျင်သူများကို သတ်ဖြတ်ခဲ့သည့် လုပ်ရပ်အကြောင်း သူ သဘာဝကျကျ ကြားသိခဲ့ရသည်။
ခုံးဝူတောက်၏ ဓားတာအိုပါရမီက ဤမျှထိ သန်မာအားကောင်းလိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထားခဲ့ချေ။
ဓားတာအိုကို အလွန်အမင်း စွဲလမ်းနေသော ပါရမီရှင်တစ်ဦးအနေဖြင့် မည်သူ၏ဓားက ပို၍ထက်ရှသနည်းဆိုသည်ကို သူ သဘာဝကျကျ စမ်းသပ်ချင်နေခဲ့သည်။
ခုံးဝူတောက်လော သို့မဟုတ် သူ၏ကိုယ်ပိုင် ဓားလော...
အခန်း (၁၅၄) အဖွဲ့အစည်းအားလုံး ရောက်ရှိလာခြင်း....အသေအလဲ တိုက်ခိုက်ဖို့ မလိုအပ်ပါဘူး
ကောင်းကင်ဘုံတာအိုနယ်မြေ၏ အနောက်ဘက် ဒေသ၌...
ကောင်းကင်ယံတစ်ခုလုံးသည် လှပသော ရွှေရောင် အလင်းတန်းများဖြင့် လွှမ်းခြုံခြင်းခံထားရလေ၏။
ဧရာမရွှေကြာပန်းများသည် လေထဲတွင် ယိမ်းနွဲ့နေပြီး တလက်လက် တောက်ပနေသော အလင်းမှုန်လေးများ သန်းရာနှင့်ချီ၍ ပြန့်ကျဲနေကြသည်။
မရေမတွက်နိုင်သော သက်ရှိများနှင့် ကျင့်ကြံသူများအားလုံးသည် ထိုနေရာတွင် ပလ္လင်ခွေ ထိုင်နေကြပြီး သူတို့၏မျက်နှာအမူအရာများမှာ ရေကဲ့သို့ တည်ငြိမ်နေကာ လောကီနယ်ပယ်၏ ပြဿနာများကို ကာလကြာရှည်စွာ မေ့ပျောက်သွားသည့်အလားပင်။
လူအုပ်၏ရှေ့ဆုံးတွင် နတ်ဘုရားနယ်ပယ် အရှိန်အဝါများ ထုတ်လွှတ်နေသည့် အဖြူရောင်ဝတ်စုံဝတ်ထားသည့် လှပသော အမျိုးသမီးတစ်ဦး ပလ္လင်ခွေထိုင်နေလေ၏။
သူမသည် ဟုန်ချန်သီလရှင်ကျောင်း၏ လက်ရှိ ပထမဆက်ခံသူဖြစ်သော ရှဲ့လင်းယွင်ပင်။
တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံလိုက်ရသည့်အလား ရှဲ့လင်းယွင်က သူမ၏လှပသော မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
"သခင်မလေးရှဲ့... သခင်မလေးက နတ်ဘုရားတောင်ကို သွားဖို့ စီစဉ်နေတာလား..."
ဟုန်ချန်သီလရှင်ကျောင်းမှ တခြားအမျိုးသမီး ကျင့်ကြံသူတစ်ဦးက ရှဲ့လင်းယွင်၏ အတွေးများကို ခန့်မှန်းမိပုံရပြီး ရုတ်တရက် ပြောဆိုလိုက်သည်။
"ဒါပေမယ့် ဂိုဏ်းချုပ်က ပြောတယ်... ဒီတစ်ကြိမ်မှာ ကောင်းကင်ဘုံ တာအိုနယ်မြေထဲကို ဝင်လာတဲ့ တခြားတာအိုနယ်မြေတွေက ပါရမီရှင်တွေ အများကြီး ရှိတယ်တဲ့..."
"ငါတို့ရဲ့ ဟုန်ချန်သီလရှင်ကျောင်းက အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတာမို့ တိုက်ခိုက်တာနဲ့ သတ်ဖြတ်တာမှာ မကျွမ်းကျင်ဘူး...တကယ်လို့ ငါတို့သာ ပါဝင်ပတ်သက်မိရင်... ငါ စိုးရိမ်တာက..."
အမျိုးသမီး၏စကား မဆုံးမီမှာပင်...
ရှဲ့လင်းယွင်က ခေါင်းကို ညင်သာစွာ ခါယမ်းပြီး စကားဖြတ်ပြောလိုက်၏။
"မကြာသေးခင်က ပြင်ပနယ်မြေက နတ်ဆိုးနတ်ဘုရားတွေရဲ့ အနှောင့်အယှက်ကို နင်တို့အားလုံး သိကြမယ်လို့ ငါ ယူဆတယ်..."
"ဒီပြင်ပနယ်မြေက နတ်ဆိုးနတ်ဘုရားတွေရဲ့ အသွင်အပြင်က တကယ်ကို ထူးဆန်းတယ်..."
"ဒီပြင်ပနယ်မြေက နတ်ဆိုးနတ်ဘုရားတွေက တခြားတာအိုနယ်မြေတွေကနေ အသွင်ပြောင်းလာတဲ့ ပါရမီရှင်တွေ ဖြစ်နိုင်ခြေ အရမ်းများတယ်လို့ ငါ သံသယရှိတယ်..."
"မင်းတို့ အားလုံး ဒီမှာ စောင့်နေကြ... ဒီကိစ္စကို ငါ သွားပြီးစုံစမ်းစစ်ဆေးရမယ်..."
ထိုသို့ပြောဆိုပြီးနောက်...
ရှဲ့လင်းယွင်၏ခန္ဓာကိုယ်သည် တောက်ပသော အလင်းရောင်များဖြင့် တလိမ့်လိမ့်ထလာပြီး မျက်စိတစ်မှိတ်အတွင်း သူမသည် မိုင်ထောင်ပေါင်းများစွာကို ကျော်ဖြတ်ကာ သူမ၏ ပုံရိပ်သည် မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားပေ၏။
သူတို့၏သခင်မလေး ရှဲ့လင်းယွင်၏ပုံရိပ် မိုးကုတ်စက်ဝိုင်းထဲသို့ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း...
ဟုန်ချန်သီလရှင်ကျောင်းမှ အမျိုးသမီး ကျင့်ကြံသူ အများအပြားသည် အချင်းချင်း ကြည့်လိုက်ကြပြီး ကူကယ်ရာမဲ့ကာ ခါးသီးသော အပြုံးတစ်ခုက သူမတို့၏ နှုတ်ခမ်းထောင့်များတွင် ထွက်ပေါ်လာခဲ့သည်။
အမှန်အားဖြင့် ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများ၏ အဆုံးမဲ့ နှစ်ကာလများ တလျှောက်လုံးတွင် ပြင်ပနယ်မြေမှ နတ်ဆိုးနတ်ဘုရားများသည် အမြဲတစေ ပြဿနာများ ဖြစ်ပေါ်စေခဲ့ပေ၏။
သူတို့သည် မရေမတွက်နိုင်သော သက်ရှိများထံသို့ ကြောက်မက်ဖွယ် ဘေးအန္တရာယ်တစ်ခုကိုပင် ယူဆောင်လာခဲ့ဖူးသည်။
ရှဲ့လင်းယွင်၏ မိသားစုသည်လည်း ပြင်ပနယ်မြေမှ နတ်ဆိုးနတ်ဘုရားများကြောင့် ဖျက်ဆီးခံခဲ့ရသည်ဟု ဆိုကြသည်။
ယခုအချိန်၌ ဤကောင်းကင်ဘုံ တာအိုနယ်မြေတွင် ပြင်ပနယ်မြေမှ နတ်ဆိုးနတ်ဘုရားများ၏ သဲလွန်စများကို နောက်တစ်ကြိမ် မြင်တွေ့လိုက်ရသဖြင့်....
သူမ၏နှလုံးသားထဲရှိ ဤအခက်အခဲကို သူမ မကျော်လွှားနိုင်သဖြင့် ထိုအရာကို သူမ စုံစမ်းစစ်ဆေးလိုခြင်း ဖြစ်နိုင်သည်။
.........
အမည်မသိ နတ်ဘုရားတောင် ထွက်ပေါ်လာခြင်းနှင့်အတူ...
ကောင်းကင်ဘုံ တာအိုနယ်မြေသည် စိတ်အားထက်သန်သော အခြေအနေအောက်တွင် လုံးလုံးလျားလျား ဖုံးလွှမ်းသွားခဲ့သည်။
ဤနေရာသို့ ဆင်းသက်လာကြသော တခြားတာအိုနယ်မြေများမှ ပါရမီရှင်များအားလုံးသည် နတ်ဘုရားတောင် တည်ရှိသောနေရာသို့ စုစည်းလာကြ၏။
ရှေးဟောင်းမဟာတာအို အမှတ်အသား၏ ဆွဲဆောင်မှုမှာ အမှန်တကယ်ကို အလွန်ကြီးမားလွန်းသည်။
ယှဉ်ပြိုင်မှုသည် အလွန်ပြင်းထန်မည်ဆိုလျှင်ပင် သူတို့သည် ထိုအရာကို လွယ်လင့်တကူ လက်လွတ်ခံမည် မဟုတ်ချေ။
ခုံးဝူတောက် စီးနင်းလာသော အင်မော်တယ် သင်္ဘောသည် တိမ်ပင်လယ်ကြီးကို ဖြတ်သန်းကာ အရှိန်အဟုန်ဖြင့် ပျံသန်းနေပေ၏။
အင်မော်တယ်သင်္ဘော၏ ပင်မခန်းမကြီး အတွင်း၌....
အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ပါရမီရှင် အများအပြား ဤနေရာတွင် စုဝေးနေကြသည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများသည် သူတို့၏ခန္ဓာကိုယ်များမှ ထွက်ပေါ်နေပြီး လှုပ်ရှားမှုတိုင်းတွင် ဥပဒေသလျှပ်စီးတန်းများ လင်းလက်သွားသည်။
လွန်ခဲ့သည့် လအနည်းခန့်အတွင်းတွင် သူတို့၏ ကျင့်ကြံခြင်းသည်လည်း ကြီးမားစွာ တိုးတက်လာပေ၏။
အချိန်လေဟာနယ် တားမြစ်နယ်မြေသို့ ယခုလေးတင်မှ ဝင်ရောက်လာကြသော မုချင်းလီနှင့် ဝူထျန်တို့ကဲ့သို့သော အစေခံများသည်ပင် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားကြလေပြီ။
ခုံးကျန်ယွဲ့နှင့် ခုံးရွှမ်ယန်တို့ကဲ့သို့ ဧကရာဇ်သားတော်များနှင့် သမီးတော်များအတွက်မူ သူတို့၏ ကျင့်ကြံခြင်းသည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်ရှစ်နှင့်အဆင့်ကိုးသို့ပင် ရောက်ရှိနေခဲ့သည်။
ထိုကဲ့သို့ ကျင့်ကြံဆင့်နယ်ပယ်သို့ ရောက်ရှိသွားခြင်းက သူတို့၏နတ်ဘုရားစွမ်းရည်များ အဖိုးတန် နည်းစနစ်များနှင့် ပေါင်းစပ်လိုက်သောအခါ နတ်ဘုရားဘုရင်နယ်ပယ် သို့မဟုတ် ခြေလှမ်းတစ်ဝက် သူတော်စင် ကျွမ်းကျင်သူ တစ်ဦးကို သတ်ဖြတ်ခြင်းမှာ သူတို့အတွက် အားစိုက်ရန် မလိုသလောက်နီးပါးပင်။
"နတ်ဘုရားသားတော်အရှင်... လူတွေအများက နတ်ဘုရားတောင်ဧရိယာကို စတင်ပြီး စူးစမ်းရှာဖွေနေကြပြီ..."
"ငါတို့လည်း လူတွေကို အရင်စူးစမ်းရှာဖွေခိုင်းပြီးတော့ သတင်းအချက်အလက်တချို့ စုဆောင်းသင့်သလား..."
ခုံးကျန်ယွဲ့က ရိုသေလေးစားစွာ မေးမြန်းလိုက်၏။
"မလိုပါဘူး..."
ခုံးဝူတောက်က သူ၏ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး ခပ်ဖျော့ဖျော့အပြုံးဖြင့် ပြောဆိုလိုက်သည်။
"အသေးစိတ် သတင်းအချက်အလက်တွေကို တစ်ယောက်ယောက်က ငါတို့ကို ပေးလိမ့်မယ်..."
ဤအရာကို ကြားလိုက်ရသောအခါ အောက်ဘက်ရှိ လူများသည် အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏မျက်နှာအမူအရာများတွင် ရှုပ်ထွေးမှုများ တွေဝေမှုများဖြင့် ပြည့်နှက်နေသည်။
ခုံးဝူတောက်သည် နောက်ထပ်မရှင်းပြခဲ့ချေ။
တောက်ပသော နတ်ဘုရားပုံစံများသည် သူ၏ မျက်လုံးများတွင် ဖြစ်ပေါ်နေပြီး သူ၏အကြည့်သည် အဆုံးမဲ့ ကောင်းကင်နှင့်မြေကြီးကို ချက်ချင်းထိုးဖောက်သွားတော့၏။
"မင်းကို ငါ ပြုစုပျိုးထောင်လာတာ အတော်ကြာပြီပဲ..."
ခုံးဝူတောက်က လှောင်ပြောင်လိုသည့်ဟန်ဖြင့် တွေးတောလိုက်သည်။
"နောက်ဆုံးတော့ မင်းက လုံလုံလောက်လောက် ကြီးပြင်းလာပြီး ငါ့ကို လက်ဆောင်ကြီးတစ်ခု ပေးတော့မယ်ပေါ့..."
အင်မော်တယ်သင်္ဘောမှ မိုင်သောင်းနှင့်ချီ ကွာဝေးသော နေရာတွင်....
တုန်လှုပ်ချောက်ချား အင်မော်တယ်သည် နတ်ဘုရားတောင်တစ်လုံး၏ထိပ်တွင် မတ်တတ်ရပ်နေပေ၏။
သူသည် ခေါင်းကို မော့ထားပြီး ရင်ကော့ထားကာ သူ၏ အဖြူရောင်ဝတ်ရုံများက လေထဲတွင် လူးလွန့်နေပြီး အလွန်သာလွန်ထူးကဲကာ ခမ်းနားကြီးကျယ်ပုံရသည်။
ထို့ပြင် သူ၏နောက်ကွယ်တွင် စွမ်းအားကြီးမားသော သူတော်စင်နန်းတော်သခင် အုပ်စုတစ်စု စုဝေးနေကြသည်။
"သခင်... အခု နတ်ဘုရားတောင် ဧရိယာကို ငါတို့ သွားရမှာလား..."
သူတော်စင်နန်းတော် သခင်တစ်ဦးက ရုတ်တရက် ရှေ့သို့ထွက်လာပြီး သူ၏ နှုတ်ခမ်းများတွင် အတင်းအကြပ်ဟန်လုပ်ပြုံးထားသော အပြုံးမျိုးရှိနေကာ သူ၏လက်ကိုပူးဆုပ်ပြီး ပြောဆိုလိုက်၏။
"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်က မရောက်သေးပါဘူး... တကယ်လို့ အရှင့်ကို သူ မှတ်မိသွားရင် ဘေးအန္တရာယ်တွေ ကျရောက်လာမှာကို ကျွန်တော် စိုးရိမ်မိတယ်..."
ဤအရာကို ကြားလိုက်ရသောအခါ သူတော်စင်နန်းတော်သခင် အများအပြားက သဘောတူကြောင်း ပြောဆိုလိုက်ကြသည်။
"ဟုတ်တယ်... ဟုတ်တယ်... ဒီတစ်ကြိမ်မှာ နတ်ဘုရားတောင်ရဲ့အရှိန်အဟုန်က ကြီးမားတယ်... ပြီးတော့ နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ကလည်း သေချာပေါက် ရောက်လာလိမ့်မယ်... သူ့ကို ထိပ်တိုက်ရင်ဆိုင်တာက မသင့်တော်ဘူးလို့ ဒီလက်အောက်ငယ်သားက ယုံကြည်တယ်..."
"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက် ထွပ်ပေါ်လာပြီးမှ လှုပ်ရှားတာက ပိုပြီးလုံခြုံမယ်လို့ ဒီအဘိုးကြီးကလည်း ထင်တယ်..."
သူတော်စင်နန်းတော်သခင် အများအပြား၏ မျက်နှာများတွင် မြှောက်ပင့်ဖားယားသော အပြုံးများ ရှိနေသော်လည်း သူတို့မျက်လုံးများ၏ အနက်ရှိုင်းဆုံး နေရာတွင်မူ အဆုံးမဲ့ ကြောက်ရွံ့မှုများကို ဖုံးကွယ်ထားကြသည်။
ရှေ့ဆက်ရမည့်လမ်းသည် ငရဲ ချောက်နက်ကြီး တစ်ခု ဖြစ်နေသည့်အလား တုန်လှုပ်ချောက်ချား အင်မော်တယ်နှင့်အတူ သူတို့ မသွားချင်ကြချေ။
မည်သို့ပင်ဆိုစေကာမူ ဤ သူတော်စင်နန်းတော် သခင်များက တုန်လှုပ်ချောက်ချားအင်မော်တယ်၏ နောက်သို့လိုက်ရန် ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းမှာ သူ၏ ပါရမီကြောင့် လုံးဝ မဟုတ်ဘဲ အတင်းအကျပ် ခိုင်းစေခံရသောကြောင့်ပင်။
လွန်ခဲ့သော အချိန်တခဏက ကောင်းကင်ပြာသည် ကောင်းကင်ဘုံတာအိုနယ်မြေရှိ မရေမတွက်နိုင်သော သူတော်စင်နန်းတော်သခင်များကို ကောင်းကင်တာအို အမိန့်တော်တစ်ခု ထုတ်ပြန်ခဲ့သည်။
မည်သည့်တန်ကြေးနှင့်မဆို နတ်ဘုရားတောင်မှ ရှေးဟောင်းမဟာတာအို အမှတ်အသားကို အောင်မြင်စွာ ရယူနိုင်ရန် တုန်လှုပ်ချောက်ချား အင်မော်တယ်အား ကူညီရန် သူတို့ကို အမိန့်ပေးခဲ့၏။
ဤအရာက ဤသူတော်စင်နန်းတော်သခင်များကို အခက်တွေ့စေခဲ့သည်။
ခုံးဝူတောက်သည် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ လူများကို ဦးဆောင်ကာ နတ်ဘုရားသိုင်းဂိုဏ်းကို ချက်ချင်းအမြစ်ပြတ်သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်သည် မရေမတွက်နိုင်သော ကျွမ်းကျင်သူများ၏ စိတ်နှလုံးသားများကို ကြောက်ရွံ့သွားစေခဲ့သည်။
တုန်လှုပ်ချောက်ချား အင်မော်တယ်၏ နောက်သို့လိုက်ရန် ရဲတင်းသော မည်သူမဆို သူတို့၏ မျိုးဆက်ကိုးဆက်လုံး အမြစ်ပြတ်သတ်ဖြတ်ခြင်းခံရမည်ဟုပင် သူ ကြေညာခဲ့သေးသည် မဟုတ်လော....
ဤကဲ့သို့ အမိန့်မျိုး ထုတ်ပြန်သော ကောင်းကင်တာအိုသည် ကျိန်ဆဲခံရသင့်သည်။
ထိုအရာက သူတို့ကို သေရန် စေလွှတ်နေခြင်း မဟုတ်လော...
"ဘာ..."
တုန်လှုပ်ချောက်ချား အင်မော်တယ်က ခေါင်းအနည်းငယ် လှည့်ကြည့်လိုက်ပြီး သူ၏အသံမှာ အေးစက်တင်းမာနေပေ၏။
"မင်းတို့က ဆန္ဒမရှိဘူးလား...ဒါဆို ကောင်းကင်ပြာကို ငါ ပြောပြရတော့မှာပေါ့..."
"သေချာပေါက် မဟုတ်ပါဘူး..."
တုန်လှုပ်ချောက်ချား အင်မော်တယ်၏စကား မဆုံးမီမှာပင် သူတော်စင်နန်းတော်သခင် အများအပြား၏မျက်နှာများ ဖြူရော်သွားပြီး အလျင်အမြန် ငြင်းဆိုလိုက်ကြ၏။
"ကျွန်တော်တို့က ရာခိုင်နှုန်းပြည့် ဆန္ဒရှိပါတယ်..."
"မင်းတို့အားလုံး စိတ်ပူစရာ မလိုပါဘူး..."
ဤအချိန်အခိုက်အတန့်တွင် တုန်လှုပ်ချောက်ချား အင်မော်တယ်က ယုံကြည်မှုရှိစွာ ပြောဆိုလိုက်၏။
"ငါက ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်ကိုးကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီ..."
"နတ်ဘုရားဘုရင်တစ်ပါးကို သတ်တာက ငါ့အတွက် အားစိုက်စရာ မလိုပါဘူး..."
"ခုံးဝူတောက်ကို ဖိနှိပ်နိုင်မယ်လို့ ငါ ယုံကြည်မှု ရှိနေတုန်းပဲ..."
ဤအရာကို ကြားလိုက်ရသောအခါ သူတော်စင်နန်းတော်သခင် အများအပြားမှာ အစပိုင်းတွင် အနည်းငယ် မှင်သက်သွားကြသည်။ ထို့နောက် သူတို့အားလုံး တုန်လှုပ်ချောက်ချား အင်မော်တယ်ကို စတင်၍ မြှောက်ပင့်ကြ၏။
"ဒါက သဘာဝကျတာပေါ့... သခင်က ဘယ်လို လူမျိုးလဲ... ခုံးဝူတောက်ကို ဖိနှိပ်တာက အားစိုက်စရာ မလိုဘူး မဟုတ်လား..."
"သခင်က ဒီနေရာမှာ ပြိုင်ဘက်ကင်းပါတယ်... သာမန် ခုံးဝူတောက်တစ်ယောက်က သခင့်ရဲ့ရှေ့မှာ လုံးဝအရေးမပါပါဘူး..."
တုန်လှုပ်ချောက်ချား အင်မော်တယ်သည် လူအုပ်၏ချီးကျူးမှုများကို အလွန်နှစ်သက်ခံစားနေပြီး သူသည် ခေါင်းမော့ရင်ကော့၍မနေဘဲ မနေနိုင်တော့ချေ။
သို့သော် သူ မသိခဲ့သည့်အရာမှာ...
ဤသူတော်စင်နန်းတော်သခင်များသည် သူတို့၏နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချား အင်မော်တယ်၏ မျိုးဆက်ဆယ့်ရှစ်ဆက်ကိုပင် ကျိန်ဆဲနေလေပြီ။
ခုံးဝူတောက်ကို ဖိနှိပ်မည်ဟု ဆိုသလော....
ခြေလှမ်းတစ်ဝက် သူတော်စင် ငါးယောက်နှင့် နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ကိုး ကျွမ်းကျင်သူ ရှစ်ယောက်ကို ဓားတစ်ချက်တည်းဖြင့် သတ်နိုင်သော ခုံးဝူတောက်ကို ဖိနှိပ်မည်ဟု ဆိုပေ၏။
ဤလူသည် အမှန်တကယ်ကို အရှက်မရှိလှပေ။
သူတို့အားလုံးသည် မရေမတွက်နိုင်သော နှစ်များစွာ အသက်ရှင်နေထိုင်ခဲ့သော အဘိုးကြီးများ ဖြစ်ကြသည်။ တုန်လှုပ်ချောက်ချား အင်မော်တယ်၏ လေလုံးထွားမှုများကြောင့် သူတို့ လှည့်စားခံရမည် မဟုတ်ချေ။
ခုံးဝူတောက်နှင့် ရန်သူဖြစ်ရန် ပြေးသွားခြင်းမှာ အသိဉာဏ်ကင်းမဲ့စွာ သေလမ်းကို သွားနေခြင်း မဟုတ်လော...
အကယ်၍ သူ သေချင်လျှင် အဆင်ပြေသော်လည်း သူက သူတို့ကိုပင် ဆွဲခေါ်သွားချင်နေပေ၏။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်တာအိုက တုန်လှုပ်ချောက်ချား အင်မော်တယ်ကို ကူညီရန်သာ ပြောခဲ့ခြင်းဖြစ်သည်။
သို့သော် အကယ်၍ တစ်ခုခု မှားယွင်းသွားလျှင်...
သို့မဟုတ် သူတို့က ခုံးဝူတောက်နှင့် တိုက်ရိုက် ရင်ဆိုင်ရလျှင်...
သူတို့သည် သေချာပေါက် ချက်ချင်းထွက်ပြေးကြမည် ဖြစ်ပြီး တုန်လှုပ်ချောက်ချား အင်မော်တယ်ကို အရင်ဆုံး ရောင်းစားရပေမည်။
တုန်လှုပ်ချောက်ချား အင်မော်တယ်က သူတို့ကို ရောင်းစားမည့် အခွင့်အရေးအား သူတို့ လုံးဝပေးမည် မဟုတ်ချေ။
သူတော်စင်နန်းတော်သခင် တစ်ယောက်သည် တစ်နှစ်လျှင် စိတ်ဝိညာဉ်ကျောက်တုံး လစာ မည်မျှထိ ရသနည်း...
ဤသည်က သူတို့၏အသက်ကို စွန့်ရလောက်အောင် လုံးဝမတန်ပေ။